“စိုးရိမ်လိုက်ပုံက...”

အင်း... ဘာလိုလိုနဲ့ စင်္ကာပူကို ရောက်တာ ဆယ်နှစ်ပြည့်တော့မယ်။

ပီအာရ်မကျခင် အီးပီဘ၀က အတူနေခွင့်ရဘို့အတွက် မဒမ်ပေါက ကျောင်းတက်ရတယ်။ မဒမ်ပေါ ကျောင်းမပြီးခင်မှာတင် အလုပ်တဖက်နဲ့ ကျနော်ကလည်း NTU မှာ အချိန်ပိုင်းကျောင်းတက်တယ်။

အဲဒီတုန်းကဆိုရင် ကျနော်တို့အိမ်ဟာ စာအိမ်ကြီးပေါ့။ သူငယ်ချင်းတွေကလည်း အိမ်မှာအတူ စာလာလုပ်ကြ၊ တွက်ကြ၊ အဆိုင်းမင့် လုပ်ကြပေါ့လေ။ စာမေးပွဲနီးပြီဆိုရင် စာမေးပွဲပူ ပူနေကြတဲ့ အပူအိမ်ကြီးပေါ့။

အဲသည်ထဲမှာမှ ကျနော်က အလုပ်တဖက်၊ ကျောင်းတဖက် ဆိုတော့ ပိုပူရတယ်။ ဒါကို မဒမ်ပေါက မကြည့်ရက်လို့ ပြောရှာပါတယ်။

“ကိုကို...ချစ်လေးကျောင်းပြီးလို့ အလုပ်ရပြီ၊ ပီအာရ်လည်း ကျပြီဆိုရင် ကိုကို တလှည့်နားဦး၊ ချစ်အလုပ်လုပ်မယ်”....တဲ့။

အဲသလိုနဲ့ မဒမ်ပေါကျောင်းပြီးသွားတော့ အဲဒီ စကားလေး ထပ်ကြားရဦးမလားဆိုပြီး နားစွင့်နေတာ မဒမ်ပေါကလည်း အလုပ်ရပြီး၊ ပီအာရ်ကျပြီးကတည်းက ကျနော်တင်ခဲ့တဲ့ ပို့စ်တွေထဲကလို Double Thinker ဖြစ်သွားတယ်။ တခြားပြောချင်တာ မဟုတ်ပါဘူး... ရူးချင်ယောင်ဆောင်တာကို ပြောတာပါ။ ကျောင်းမပြီးခင်က ပြောခဲ့တဲ့ စကားကို ယောင်လို့မှ ထပ်မဟတော့ဘူးခင်ဗျ။ ရူးချင်ယောင်ဆောင်သွားရှာလေတယ်။

ကျနော်ကလည်း ဒီလိုတော့ ဘယ်အမေ့ခံနိုင်ပါ့မလဲ။ ကျနော့်အနေနဲ့ အလုပ်လုပ်လာတာ (မလေးရှားက ၂ နှစ်ခွဲပါ ထည့်တွက်ရင်) ၁၂ နှစ်လောက် ကြာလာပြီဆိုတော့ ခဏလောက် အလုပ်ကထွက်ပြီး နားချင်လာတယ်။ ဒါနဲ့ မဒမ်ပေါ နှုတ်ဆော့ခဲ့တာလေးကို အခွင့်ကြုံတိုင်း ရေနှူးပြီး မကြာခဏ ပြောပါများတော့ သူမခမြာလည်း မနေသာတော့ဘဲ “အင်း... ဒါဆိုလည်း သုံးလေးငါးလလောက် ခဏထွက်ပြီးတော့ နား။ ပြီးမှ... နောက်တလုပ်ပြန်ရှာတဲ့”။

သူ့ဆီက အဲသည်စကားရတာနဲ့ ကျနော့်မှာ ပျော်မယ်မှ မကြံရသေးဘူး... စီးပွားပျက်ကပ်ဆိုက်တာနဲ့ တိုးတော့တာပါဘဲ။ သိတယ်မို့လား.... အခုအချိန်မှာ အလုပ်ထွက်ပြီး နားတယ်ဆိုရင် နောက်တလုပ်ပြန်ရှာတဲ့အခါ အလုပ်ရဖို့ မသေချာတော့ဘူးလေ။ ခဏနားရုံမက နှစ်နဲ့ ချီပြီး နားရကိန်းရှိတယ်။ ဒါကို သိလျက်နဲ့ ဇွတ်အတင်း မျက်စိမှိတ်ပြီး အလုပ်က ထွက်လိုက်တယ်ဆိုရင်လည်း သားကျွေးမှု၊ မယားကျွေးမှုကို တာဝန်မသိတဲ့လူလို့ အထင်ခံရမှာကို စိုးရိမ်ရသေးတယ်လေ။

ဒီတော့..... မောင်ပေါတယောက် ကြံရာမရဖြစ်ပြီး တမျိုးလှည့်တွေးတယ်။

အင်း.... အခု စီးပွားပျက်တဲ့ ခေတ်ကာလကြီးမှာ ကုမ္ပဏီတွေက လူလျှော့နေကြတယ်။ ငါတို့ကုမ္ပဏီလည်း တနေ့ကျရင် လူလျှော့ရကိန်းရှိတယ်။ လူလျှော့တဲ့အထဲ ငါပါရင် ကောင်းမယ်လို့ မကြံကောင်းမစည်ကောင်း မျှော်လင့်မိပြန်တယ်။ (လူလျှော့လို့ ဖြုတ်တဲ့အထဲပါရင် ကိုယ့်ဆန္ဒနဲ့ကိုယ် အလုပ်ထွက်လိုက်တာမျိုးလို တာဝန်မသိရာ မရောက်ဘူး၊ ၀ိနည်းလွတ်တယ်လို့ ကျနော့်ဘာသာ လိုရာဆွဲ တွေးထားတယ်။း-)

နောက်ပြီးတော့ အဲသည်လို လူလျှော့တယ်ဆိုရင် လုပ်သက်တနှစ်ကို တလစာနှုန်း၊ သို့မဟုတ် လ၀က်စာနှုန်းနဲ့တွက်ပြီး အဲဒီအပေါ်မှာမှ အပိုတလစာ ဆောင်းပေးတာမျိုး ထုံးစံရှိတော့ ကျနော်က လုပ်သက်ဆယ်နှစ်ဆိုတော့ ဆယ့်တလ စာလောက် မြိုးမြိုးမြက်မြက်ကလေးရပြီး နားရမယ်ပေါ့။ ကိုယ့်ဘာသာစိတ်ထဲမှာ တွက်ရေးနဲ့ စက်သူဌေးလုပ်နေတာပေါ့။

အဲ...ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ မန်နေဂျာက တဌာနလုံးကို စာပို့တယ်။ စာထဲမှာ သောကြာနေ့ကျရင် အားလုံးရုံးတက်ကြဖို့နဲ့ အရေးတကြီး ထုတ်ပြန်ကြေညာစရာရှိတယ်လို့ ပြောထားတယ်။ အားလုံးကလည်း သတင်းကောင်းတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ လစာလျှော့တာသော်လည်းကောင်း လူလျှော့တာသော်လည်းကောင်း ဖြစ်မှာပဲ လို့ မျှော်လင့်ထားကြတယ်။

ကျနော်ကလည်း အဲသည်အကြောင်း မဒမ့်ကို အိမ်မှာ မျက်နှာသေလေးနဲ့ ပြောထားတယ်။ (စိတ်ထဲမှာတော့ ကျိတ်ဝမ်းသာနေတာပေါ့.....ဟိ။) မဒမ့်ကို ကျနော် ပြောပြနေတုန်း အနားမှာ သမီးလည်း ရှိနေတယ်။ သမီးရှိနေတဲ့ကိစ္စကိုတော့ သိပ်ပြီး အထူးတလည် အာရုံမထားမိပါဘူး။

ဟော...နောက်တနေ့မနက် ရုံးရောက်တော့ Network ထဲ ၀င်လို့မရတော့ဘူး။ ကျွန်တော့် Account ကို Disabled လုပ်ထားတာတွေ့ရတော့ သေချာပြီ။ ငါတော့ ပါပြီပေါ့လေ။ စိတ်ထဲမှာ ပီတိတွေ ဖြာနေတယ်။ ဒါပေမယ့် ဌာနထဲက အဖြုတ်ခံရတဲ့ နှစ်ယောက်ကို အောက်ထပ်က လာခေါ်သွားတော့ ကျနော်မပါဘူး။ ဟိုက်...တခုခုတော့ လွဲမှားနေပြီ။

အဲဒါနဲ့ ကွန်ပြူတာဌာနကို အကျိုးအကြောင်း ဖုန်းဆက်ကြည့်တော့မှ အဖြစ်အပျက်ကို ရေလည်တော့တယ်။ အဖြုတ်ခံရတဲ့သူတွေရဲ့ အကောင့်တွေကို ပိတ်ရာမှာ တခြားဌာနက ကျနော်နဲ့ နာမည်ခပ်ဆင်ဆင်တူတဲ့ အင်ဂျင်နီယာရဲ့ Account နဲ့ မှားပြီး ပိတ်မိတာပါ ဆိုတဲ့ ရှင်းပြချက်နဲ့အတူ တောင်းပန်စာ ရောက်လာတယ်။ အဲဒါနဲ့ ကျနော်လည်း ဒီတသုတ်မှာ ကံထူးသူ မောင်ရှင် မဖြစ်လိုက်ရတော့ဘူး။

ညနေရုံးဆင်းတော့.... ဧည့်သည်တယောက်ကို ထမင်းကျွေးဘို့ ချိန်းထားတာမို့ မြို့ထဲ သွားရတယ်။ တဖက်က ရုံးဆင်းလာမယ့် မဒမ်နဲ့လည်း အတူသွားဖို့ လမ်းမှာ ချိန်းထားရတာပေါ့။ မြို့ထဲရောက်တော့ ကျနော့်ဖုန်းက မြည်လာတယ်။ ကိုင်လိုက်တော့ အိမ်ကနေ သမီး လှမ်းဆက်တာ ဖြစ်နေတယ်။

ဖုန်းကိုင်လိုက်တော့ သမီးက....“ဖေဖေ ဒီနေ့ အလုပ်ပြုတ်သွားပြီလားဟင်”....တဲ့။ ချက်ချင်း တန်းမေးတော့တာပဲ။

ကျနော်ကလည်း စိတ်ထဲမှာ ....ဒီလိုတော့လည်း သမီးက ဘယ်ဆိုးလို့တုန်း၊ အရွယ်နဲ့မလိုက်အောင် ငါ့အတွက်တော့ ပူပန်ဖော်ရရှာသားပဲ... လို့ တွေးပြီး..... “ဖေဖေ အလုပ်မပြုတ်သေးပါဘူး သမီးရယ်” လို့ နှစ်သိမ့်တဲ့ အသံလေးနဲ့ ဖြေလိုက်တယ်။

အဲသည်မှာ သမီး ဆက်ပြောတာက....

“ဖေဖေ... အလုပ်မပြုတ်သေးဘူးဆိုရင် မီးကို ဂျူရောင်းပွိုင့် အောက်ထပ် Bee Cheng Hiang ဆိုင်က ၀က်သားကင် အချိုဝယ်လာ ပေးပါ”....တဲ့။

လက်စသတ်တော့..... ဒင်း စိုးရိမ်ပုံက ဒီလိုကိုး။
Read more

“ကျနော့်အတွင်းရေးမှူးမလေးကို အလုပ်ဖြုတ်ပစ်ရသည့်အကြောင်း”

ပြီးခဲ့တဲ့ နှစ်ပတ်က ကျနော့်ရဲ့ ၄၅ နှစ်ပြည့်မွေးနေ့။ အဲဒီနေ့ မနက်က စိတ်ထဲမှာ သိပ်တော့ မကြည်သာဘူး။ နံနက်စာစားဖို့ ထမင်းစားခန်းထဲ ၀င်သွားတော့ ကျနော့်စိတ်ထဲမှာ ကျနော့်ဇနီးက ကြည်ကြည်နူးနူးနဲ့ “ဟက်ပီး ဘာ့သ်ဒေး” လို့ ဆီးပြောလိမ့်မယ်၊ ပြီးတော့ ကျနော့်အတွက် လက်ဆောင်တခုလည်းပေးလိမ့်မယ်...လို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် “ဟက်ပီးဘာ့သ်ဒေး” နေနေသာသာ “ဂွဒ်မောနင်း” လို့တောင် နှုတ်ဆက်ဖော်မရဘူး။

ကျနော့်စိတ်ထဲမှာပဲ မှတ်ထားလိုက်ပါတယ်။ ဘယ်လို ဇနီးမျိုးလဲ သိရတာပေါ့။ အနည်းဆုံးတော့ ကျနော့်ကလေးတွေကတော့ မှတ်မိမှာပဲလို့ ဖြေတွေးတွေးမိတယ်။ ဒါနဲ့ ကလေးတွေ နံနက်စာစားဖို့ ၀င်လာကြတယ်။ ကလေးတွေကလည်း တခွန်းမှတောင် ဟ ဖော်မရဘူး။ ကျနော်လည်း နံနက်စာကို ခပ်သုတ်သုတ်စားပြီး ရုံးကို ထွက်လာခဲ့လိုက်တယ်။ ကျနော့်မှာ စိတ်အားလည်းငယ်၊ ၀မ်းကလည်းနည်းပေါ့။

ရုံးထဲ ၀င်လိုက်တော့ ကျနော့်အတွင်းရေးမှူးမလေး ဂျက်နက်က “ဂွတ်မောနင်း...ဘော့စ်။ ဟက်ပီးဘာ့သ်ဒေး” လို့ ဆီးနှုတ်ဆက်တယ်။ ဒီတော့မှ ကျနော်လည်း နည်းနည်း စိတ်သက်သာရာရသွားတယ်။ အနည်းဆုံး တယောက်ကတော့ ကျနော့်မွေးနေ့ကို မှတ်မိဖော်ရသေးတဲ့အတွက် မဆိုးလှသေးဘူးလို့ တွေးမိတယ်။ နေမွန်းတည့်ချိန်အထိ ကျနော် အလုပ်တွေကို ဖိလုပ်နေလိုက်တယ်။ မွန်းတည့်ကာနီးမှာ ဂျက်နက်က အခန်းတံခါးလာခေါက်တယ်။

သူမက... “ ဒီနေ့ အပြင်မှာ တော်တော် သာယာတယ်။ ဒီနေ့က ရှင့်မွေးနေ့လည်းဖြစ်တယ်။ ဒီတော့ ရှင်နဲ့ကျမ နှစ်ယောက်တည်း နေ့လည်စာ သွားစားရအောင်”...လို့ ပြောလာတယ်။

“အေး....ဒီနေ့ ကြားရသမျှထဲမှာတော့ အကောင်းဆုံးဘဲ၊ လာသွားကြစို့”.....လို့ ကျနော်က ပြန်ပြောလိုက်တယ်။

ကျနော်တို့ နေ့လည်စာအတူ သွားစားကြတယ်။ ခါတိုင်းသွားနေကျ နေရာတွေကို မသွားဘူး။ မြို့ပြင်က တိတ်ဆိတ်ပြီး သီးသန့်ကျတဲ့ နေရာလေးတနေရာမှာ သွားစားဖြစ်တယ်။ မာတီနီ နှစ်ခွက်စီသောက်ဖြစ်ကြပြီး အစားအသောက်ကိုလည်း တော်တော်လေး ခံတွင်းတွေ့တယ်။

ရုံးကို အပြန်လမ်းမှာ သူမက ပြောလာတယ်။

“ဘော့စ်....ရှင်သိတဲ့အတိုင်း ဒီနေ့က အင်မတန် လှပတဲ့ နေ့တနေ့။ ကျမတို့ ရုံးကို ပြန်သွားဖို့ရော လိုသေးလို့လား”

ကျနော့် ရင်ထဲမှာ ဒိတ်ကနဲ ဖြစ်သွားပြီး... “ဟာ....မလိုပါဘူး။ ဘာဖြစ်လို့လဲ” လို့ လှိုက်မောစွာ ပြန်မေးတဲ့အခါ သူမက....

“ဒါဖြင့် ကျမ အခန်းကို သွားကြရအောင်လေ။ အဲသည်ရောက်ရင် ရှင့်ကို ကျမ မာတီနီ တခွက် ထပ်ပြီး စပ်ပေးမှာပေါ့”

ဒီလိုနဲ့ ကျနော်တို့ သူမအခန်းကို သွားကြတယ်။ မာတီနီ တခွက်စီ ထပ်သောက်ကြပြီး စီးကရက်ကိုယ်စီ ရှိုက်ဖွာနေတုန်းမှာ သူမက...

“ ဘော့စ်.... ရှင် ဘယ်လိုမှ မအောက်မေ့ဘူးဆိုရင် ကျမလေ.. အိပ်ခန်းထဲခဏ၀င်ပြီး သက်တောင့်သက်သာရှိမယ့် ပေါ့ပေါ့ပါးပါးအ၀တ်အစားလေးတစုံလောက် လဲလိုက်ချင်တယ်၊ ဖြစ်တယ်မို့လား”

(ကျနော်....တိုး၍ တိုး၍ ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့်)...... “အိုကေ”

ဒါနဲ့ သူမလည်း အိပ်ခန်းထဲကို လှစ်ကနဲ ၀င်သွားတယ်။ ခြောက်မိနစ်လောက် ကြာတော့ အခန်းထဲက သူမ ပြန်ထွက်လာတယ်။ မွေးနေ့ကိတ်ကြီးတလုံးကို လက်နှစ်ဖက်နဲ့ မ ပြီးတော့ သယ်လာတယ်။ သူမ နောက်မှာက ကျနော့်မိန်းမနဲ့ ကလေးတွေ...။ အားလုံးဟာ ဟက်ပီးဘာ့သ်ဒေး သီချင်းကို သံပြိုင်အော်ပြီး သီဆိုလာကြတယ်။

အဲသည်အချိန်မှာ ကျနော်က ဆိုဖာပေါ်မှာ ထိုင်လို့......။ ကျနော့်ကိုယ်ပေါ်မှာ အ၀တ်အစားဆိုလို့ ဗလာ။ ခြေအိတ်ကလွဲပြီး ဘာဆိုဘာမှ ရှိမနေခဲ့ဘူး။

( အင်တာနက်ပေါ်က “Why I fired my secretary” ဆိုတဲ့ ဟာသ တခုကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတာပါ။ အချို့လည်း ဖတ်ဘူးပြီးသား ဖြစ်မှာပါ။ )
Read more

“သူလိုလူ…..”


photo-Reuters

ခွင့်လွှတ်ပါဂျူလီ….” ပို့စ်ကို ရေးသောအခါ စာဖတ်သူအချို့က ဂျူလီကို ခွင့်လွှတ်ဖို့ အမြင်တူကြသလို အချို့ကလည်း ခွင့်မလွှတ်သင့်ဟု မြင်ကြသည်။

တိုက်တိုက်ဆိုင်ဆိုင် မနေ့က သတင်းတပုဒ် ဖတ်လိုက်ရသည်။ ယင်းသတင်းကို ဖတ်ရတော့ ခွင့်လွှတ်ပါဂျူလီ….ပို့စ်ကို ပြန်သတိရမိသည်။

သတင်းအကျဉ်းက ဒီလို။ စင်္ကာပူတွင် အိမ်ထောင်သည် ကျောင်းဆရာမ တယောက်သည် အသက်မပြည့်သေးသည့် ကျောင်းသားနှင့် လိင်ဆက်ဆံမိသည်။ အသက်မပြည့်သူနှင့် လိင်ဆက်ဆံမိသည့်အတွက် ဥပဒေအရ ထောင်ဒဏ် ဆယ်လ ကျသည်။ ဤသတင်းမျှလောက်သည် စိတ်ဝင်စားဘွယ်မဟုတ်သေး။

ကျနော်စိတ်ဝင်စားသောသတင်းက…… “ခင်ပွန်းဖြစ်သူက သူ့ဇနီးကို ခွင့်လွှတ်သည်….ဆိုသော သတင်း”။

အဆိုပါ သတင်းထဲတွင် ထိုသူ၏ မိခင်ဖြစ်သူက ပြောပြသည်မှာ….“ ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့… သားက သူ့ဇနီးကို မကွာရှင်းပါဘူးတဲ့။ အခု ဒီအမှုတလျှောက်လုံးမှာလည်း သူ့ဇနီးဘေးက အမြဲ ဖေးမရပ်တည်ခဲ့ပါတယ်”…..တဲ့။

သူမက ဆက်ပြောသည်မှာ….“ ဇနီးက သစ္စာဖောက်တဲ့အတွက် သားအနေနဲ့ ရင်ကွဲပက်လက် ဖြစ်ရမယ်ဆိုတာ အမေတယောက်အနေနဲ့ ကျမခံစားသိရှိပါတယ်။ ဒါပေမယ့် ကျမရှေ့မှာတော့ ၀မ်းနည်းတာတို့ ငိုတာတို့တော့ သားက မလုပ်ပါဘူး။ သူက စိတ်ဓါတ်ကြံ့ခိုင်ပါတယ်”။

သတင်းထဲတွင် ကျနော်အကြိုက်ဆုံးနေရာကလေးမှာ…..

“She said that her daughter-in-law, whom she described as a quiet person, apologised to her after confessing to her son about the affair. 'My son had already forgiven her, so we did too,' she told the TNP. ”

အဘွားကြီးက သူ့ချွေးမဖြစ်သူဟာ ခပ်အေးအေး နေတတ်သူလို့ ဖော်ညွှန်းပြီး ဒီအဖြစ်အပျက်ဖြစ်ပြီးတဲ့အခါ ခင်ပွန်းဖြစ်သူထံ သူမအမှားကို ၀န်ခံပြီး ၀န်ချတောင်းပန်တယ်လို့ ပြောပြပါတယ်။ ……“သားက သူမကို ခွင့်လွှတ်ပါတယ်။ ကျမတို့လည်း သူမကို ခွင့်လွှတ်ပါတယ်”….တဲ့။

ဒီသတင်းကို ကြားရရင် တချို့ကလည်း ဒီလူကို နွားကျတယ်လို့ မြင်ကောင်းမြင်ပါလိမ့်မယ်။

ကျနော့်အမြင်ကတော့ ဒီလူရော၊ သူ့အမေရောဟာ အင်မတန် ခွင့်လွှတ်နိုင်စွမ်းရှိသူတွေပါလားလို့ မြင်မိပါတယ်။

ဒီလူရဲ့ လုပ်ရပ်အပေါ် စာဖတ်သူရော ဘယ်လို ထင်ပါသလဲ။

မူရင်းသတင်း.............. Hubby forgives wife
Read more

“ရူးချင်ယောင်ဆောင်သူများ......အပိုင်း(၂)”

(Natan Sharanski ရေးသားသော "The case for democracy" စာအုပ်မှ ကောက်နှုတ်ဘာသာပြန်သည်။)


အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းအတွင်း (fear society)ရှိ အတွေးအခေါ်အမှားများကို ဖော်ထုတ်ပေးနိုင်သည့် နိုင်ငံရေးနှင့်ဆိုင်သော ရယ်စရာအဖြစ်အပျက်များ၊ ဟာသများသည် ရူးချင်ယောင်ဆောင်သူများ (double thinkers) ဘ၀တွင် ရင်ဆိုင်ကြုံတွေ့နေရသော ကိုယ်တွင်းလွန်ဆွဲမှု(တင်းမာမှု)များကို အတန်အသင့် လျှော့ချပေးနိုင်သည်။

ထိုရယ်စရာအဖြစ်အပျက်များ၊ ဟာသများ လူထုအကြားသို့ ဆောင်ကြဉ်းပျံ့နှံ့ပုံနည်းလမ်းမှာမူ အဆိုပါလူ့အဖွဲ့အစည်းအတွင်းရှိ အကြောက်တရားလွှမ်းမိုးမှု အနည်းအများစံချိန်ပေါ်တွင် မူတည်သည်။ တခါတရံ အသိုင်းအ၀ိုင်းငယ်များကြားတွင် ပျံ့နှံ့သလို၊ ရံဖန်ရံခါတွင် ကျယ်ဝန်းသော လူ့အဖွဲ့အစည်းကြားထဲအထိ ပျံ့နှံ့တတ်သည်။ တခါတရံ တဆင့်စကား တဆင့်နားဖြင့် ပျံ့နှံ့လေ့ရှိပြီး ရံဖန်ရံခါတွင်မူကား ရေးသားချက်အသွင်မျိုးဖြင့် ပျံ့နှံ့တတ်သည်။

ယင်းနိုင်ငံရေးဟာသများ ပျံ့နှံ့သည့် အတိုင်းအတာပမာဏသည် အဆိုပါ လူ့အဖွဲ့အစည်းအတွင်း ရှိနေသည့် ရူးချင်ယောင်ဆောင်သူများ အရေအတွက် ပမာဏကို တိုင်းတာနိုင်သော အရာတခုဆိုလည်း မမှားနိုင်ပေ။

စာအုပ်များ၊ ကဗျာများ၊ ပြဇာတ်များ၊ အနုပညာများ နှင့် ဂီတများတွင် ထိပ်တန်းပညာရှင်အသီးသီးသည် ရူးချင်ယောင်ဆောင်သူများနှင့် အတိုက်အခံ (dissident) များအကြားတွင် တည်ရှိသော နယ်နိမိတ် စည်းမျဉ်းကို အချိန်ပြည့် စမ်းသပ်လျက်ရှိသည်။ အစိုးရ၏ ပေါ်လစီအပြောင်းအလဲတခုကြုံသည်နှင့် အဆိုပါ နယ်နိမိတ်စည်းမျဉ်းကို ချဲ့ထွင်ရန် ပညာရှင်အသီးသီးသည် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားတတ်ကြလေသည်။

ထိုသို့ အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းအတွင်း တိတ်တဆိတ် အတွင်းကျိတ်ပြောင်းလဲနေသော လက္ခဏာများနှင့် ဖြစ်စဉ်များကို အထူးကျွမ်းကျင်သူပညာရှင်အချို့အနေဖြင့် နားလည်သိမြင်နိုင်သော်လည်း အဆိုပါလူ့အဖွဲ့အစည်း၏ပြင်ပမှ လေ့လာသူများအဖို့မူကား ရူးချင်ယောင်ဆောင်သူများနှင့် အမှန်တကယ်ယုံကြည်သူများ(True believer) ကို ခွဲခြားသိမြင်ရန် ခဲယဉ်းပေသည်။ ပြင်ပမှ လေ့လာသူအနေဖြင့် ထိုအုပ်စု နှစ်ခုလုံးသည် အာဏာရအစိုးရ၏ မူဝါဒကို လက်ခံကျင့်သုံးနေသယောင်သာ မြင်တွေ့ရသည်။ အမှန်တကယ်တွင်မူကား အုပ်စုတခုကသာလျှင် အမှန်တကယ် လက်ခံကျင့်သုံးနေခြင်းဖြစ်သည်။ ထို့ကြောင့် ပြင်ပလေ့လာသူတဦး၏ အမြင်၌ အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းတွင် လူနှစ်မျိုးနှစ်စားသာ ပါဝင်သည်။ တမျိုးမှာ အစိုးရကို ထောက်ခံသူများနှင့် နောက်တမျိုးမှာ အတိုက်အခံများဖြစ်သည်။ အကယ်၍ အတိုက်အခံများအပေါ် ပေးသော အပြစ်ဒဏ်မှာ အင်မတန်ကြီးလေးပါက အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းတွင် အတိုက်အခံဟူ၍ လုံးဝ ရှိတော့မည် မဟုတ်ချေ။

၁၉၃၀ ခုနှစ်များဆီက ဆိုဗီယက်ပြည်ထောင်စုတွင် အတိုက်အခံလုံးဝမရှိချေ။ အနည်းဆုံး အနောက်တိုင်းနိုင်ငံများမှ သတိထားမိသော အတိုက်အခံဟူ၍ မရှိချေ။ သို့ဖြစ်လျှင် စတာလင်၏ စစ်ဖိနပ်အောက်တွင် နေထိုင်ကြရသော လူသန်းပေါင်း ၁၅၀ လုံးသည် အမှန်တကယ် ယုံကြည်သူများချည်းသာ ဖြစ်နေသောကြောင့်ပေလောဟု တွေးတောစရာ ဖြစ်လာပေသည်။

သို့တည်းမဟုတ် (ပို၍ ဖြစ်နိုင်ချေရှိသည်မှာ) အတိုက်အခံများ ပျောက်ကွယ်နေခြင်းသည် စတာလင်လက်ထက်က အတိုက်အခံနိုင်ငံရေးသမားများကို အကျဉ်းချုံး အပြစ်ဒဏ်စီရင်မှုများ ပြုလုပ်ခဲ့သောကြောင့်ဆိုင်လျှင် သာ၍ မဖြစ်နိုင်သလော။

အကြောက်တရားလွှမ်းမိုးသောလူအဖွဲ့အစည်းတွင် ရှိသော အတိုက်အခံ အရေအတွက်သည် ယင်းလူ့အဖွဲ့အစည်းတွင် အတိုက်အခံများကြုံတွေ့ရသော အန္တရာယ်ပမာဏကို ညွှန်းဆိုနေသည့် အချက်အလက်တခုဖြစ်သည်ဆိုလျှင် ပို၍ ယုတ္တိမရှိပြီလော။

ဥပမာပြဆိုရလျှင်....၁၉၇၀ ခုနှစ်များဆီ ရောက်လာသောအခါ ဆိုဗီယက်ပြည်ထောင်စုတွင် ရှိသည့် လူ့အဖွဲ့အစည်းသည် ၁၉၃၀ ခုနှစ်များဆီနှင့် နှိုင်းစာလျှင် အတန်ငယ် ဖိနှိပ်မှု လျော့နည်းသည့် လူ့အဖွဲ့အစည်းဖြစ်သည်။ ထိုအခါ အတိုက်အခံ ရာဂဏန်းမျှ စတင်ပေါ်ပေါက်လာခဲ့သည်။ အကယ်၍သာ မဟတ္တမဂန္ဓီသည် စတာလင် (သို့မဟုတ်) ဟစ်တာလာ အစိုးရကို ဆန့်ကျင်ခဲ့ရပါက သူ၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုသည် မစခင်ကတည်းက အဆုံးသတ်ခဲ့မည်သာဖြစ်သည်။ သူ့အတွက်ကံကောင်းသည်မှာ သူဆန့်ကျင်ရသည့် ဗြိတိသျှလူ့အဖွဲ့အစည်းသည် အရင်းရှင်ပင်ဖြစ်သော်ငြား ပိုမို လစ်ဘရယ်ကျသော၊ ဒီမိုကရေစီကျသော လူ့အဖွဲ့အစည်း ဖြစ်နေခြင်းပင်။

ကြောက်ရွံ့သော လူ့အဖွဲ့အစည်းတွင် နှိပ်ကွပ်မှုများ ပြင်းထန်လှပါက ပြင်ပမှ လှမ်းကြည့်အကဲခတ်သူအဖို့ အမှန်တကယ်ယုံကြည်သူများချည်းသာ ထိုလူ့အဖွဲ့အစည်းတွင်ရှိမည်ဟု မြင်ရပေမည်။ အမှန်တကယ်တွင်မူကား ထောင်ပေါင်းများစွာသော၊ သောင်းပေါင်းများစွာသော၊ သန်းပေါင်းများစွာသော ရူးချင်ယောင်ဆောင်သူများသည် ကြောက်ရွံ့မှုအောက်တွင် နေထိုင်လျက် ရှိကြပေသည်။ ထိုလူ့အဖွဲ့အစည်းတွင် ရူးချင်ယောင်ဆောင်သူ အရေအတွက်ပမာဏကို အတိအကျသိရန် မလွယ်ကူသော်လည်း သေချာသည့် အချက်တခုတော့ရှိသည်။ ယင်းမှာ ရူးချင်ယောင်ဆောင်သူများ အရေအတွက်သည် နေ့စဉ်နှင့်အမျှ ဒီရေအလား တိုးပွားလျက် ရှိခြင်းပင်။

ဤသို့ဖြစ်ရသည်မှာ ကြောက်ရွံ့သောလူ့အဖွဲ့အစည်းတွင် ထားရှိသော ကန့်သတ်ပိတ်ပင်မှုများသည် အမှန်တကယ်ယုံကြည်သူများကို အာဏာရအစိုးရနှင့် တဖြည်းဖြည်းဝေးကွာသွားစေပြီး ရူးချင်ယောင်ဆောင်သူများအဖြစ်သို့ ကူးပြောင်းလာစေရန် စေ့ဆော်သော အကြောင်းခြင်းရာများစွာကို ဖြစ်ပေါ်စေကြောင့်ပင်တည်း။

ထိုကဲ့သို့ အစိုးရနှင့် တကြိမ်တခါ ကွဲထွက်သွားပြီးပါက အသစ်စက်စက်ဖြစ်ပေါ်လာသော ရူးချင်ယောင်ဆောင်သူများသည် အစိုးရအပေါ်တွင် ယခင်က ကဲ့သို့ တဖန်ပြန်လည် သစ္စာစောင့်သိရန် အင်မတန်ခဲယဉ်းသွားပေသည်။ ဤသည်မှာ အစိုးရအနေဖြင့် ၄င်းတို့ကို အချိန်ပြည့် စည်းရုံးနေသည့်ကြားကပင် ဖြစ်သည်။ ဤအကြောင်းကို နောက်ပိုင်းတွင် ဖတ်ရှုရပါမည်။
Read more

“Ivory Tower”

ဆင်စွယ်နန်းက ကြိုနေမယ်...” ပို့စ်တွင်…..ဆင်စွယ်နန်းတော်….ဟု ကျနော်က သုံးနှုန်းလိုက်သောအခါ ကျနော့်ဆိုလိုရင်းကို တချို့ နားလည်ကြပုံမရ။ ရွှေနန်းတော်၊ မြနန်းတော်၊ စိန်နန်းတော်ကဲ့သို့ အသုံးအနှုန်းထင်မှတ်ကြဟန်တူသည်။

သူတို့အပြစ်မဟုတ်ပါ။ ကျနော့် ချွတ်ယွင်းချက်သာ ဖြစ်ပါသည်။ အောက်ခြေမှတ်စု ကျန်ခဲ့ခြင်းဖြစ်သည်။

အမှန်က Ivory Tower ကို ရည်ရွယ်ကာ ရေးလိုက်ခြင်းဖြစ်သည်။ ဆင်စွယ်ဘုံပြဿဒ်ဟု ပြန်ဆိုရမည်ထင်သည်။

ဝီကီပီဒီးယား လင့်ခ်တွင် Ivory Tower အသုံးအနှုန်းနှင့် ပတ်သက်၍ ဤသို့ဖွင့်ဆိုထားသည်။

From the 19th century it has been, originally ironically, used to designate a world or atmosphere where intellectuals engage in pursuits that are disconnected from the practical concerns of everyday life.

ဆိုလိုရင်းမှာ အပြင်က လက်တွေ့ဖြစ်ပျက်နေသည်များနှင့် ကင်းကွာနေသော ပညာရှင်၊ အာဏာရှင် လူတန်းစားအလွှာကို ရည်ညွှန်းလိုခြင်းဖြစ်သည်။

အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သောနိုင်ငံများတွင် အုပ်ချုပ်သူလူတန်းစားသည် ပြည်သူတို့၏ နေ့စဉ် လူနေမှုဒုက္ခများ၊ လူထုခံစားချက်များဖြင့် ကင်းကွာကာ ၄င်းတို့၏ စိတ်ကူးယဉ်ဘုံပျံနန်းတွင်သာ စံစား၍ မြေပေါ်သို့မဆင်းသက်ဘဲ ကောက်ချက်တလွဲများကို ဆွဲနေသည်အခါ “They are not willing to step out of their ivory tower” ဟု သုံးစွဲကြလေသည်။

ကျနော်၏ ဆင်စွယ်နန်းတော်သည် အဆိုပါ စိတ်ကူးယဉ်ပြဿဒ်ဘုံပျံနန်း ကို ရည်ညွှန်းလိုခြင်းဖြစ်ပါသည်။

“သာမန်ဂုဏ်ငယ်
ဆင်နက်စွယ်များကိုလည်း
နားဝယ်လက်မခံ
ညှီစော်နံသည်ဟု ရွံသတဲ့ဘုရား…..
ဆဒ္ဒန်ဘုန်းမော်
ဆင်မင်းကျော်၏
စွယ်တော်နှစ်ချောင်း
ခြောက်ရောင်မောင်းကိုသာ
နားတောင်းပွတ်၍ ဆင်ဝတ်တော်မူလိုသော….” စူဠသုဘဒ္ဒါမိဖုရား၏ ချဉ်ခြင်းမျိုးဖြင့် အမှန်တကယ်ဆင်စွယ်များဖြင့် တည်ဆောက်ထားသော နန်းတော်ကြီးကို ဆိုလိုခြင်း မဟုတ်ပါကြောင်း။
Read more

“ရူးချင်ယောင်ဆောင်သူများ.....အပိုင်း(၁)”

( Natan Sharanski ရေးသားသော The Case for Democracy" စာအုပ်မှ ကောက်နှုတ် ဘာသာပြန်သည်။ Double Thinkers ဆိုသော အင်္ဂလိပ်စကားလုံးကို နှစ်ခွတွေးသူ၊ ဒွိအမြင်ရှိသူဟု ပြန်ဆိုရမည်ဖြစ်သော်လည်း မိတ်ဆွေတယောက်ပြောပြသော ရူးချင်ယောင်ဆောင်သူများ ဆိုသည့် အသုံးအနှုန်းကို သဘောကျသဖြင့် ထိုအတိုင်း သုံးစွဲလိုက်ပါသည်။)

အမြင်မတူမှုကို ပိတ်ပင်တားဆီးထားသော နေရာတိုင်းတွင် လူ့အဖွဲ့အစည်းသည် အုပ်စု သုံးခု ကွဲထွက်သွားသည်။ အုပ်စုတခုမှာ လက်ရှိအာဏာပိုင် အဖွဲ့အစည်းအပေါ် သစ္စာရှိသော သူများပါဝင်သည်။ ထိုသူတို့သည် လက်ရှိအာဏာရအဖွဲ့အစည်း၏ ဆောင်ရွက်ချက်များကို သဘောရိုးလက်ခံယုံကြည်သည်။ ထိုသူများမှာ အမှန်တကယ် ယုံကြည်သူများ (True Believers) ဖြစ်သည်။

အခြားအုပ်စုတွင်မူ အပြစ်ပေးခံရနိုင်သည့် အန္တရာယ်ရှိသော်ငြား အာဏာရအဖွဲ့အစည်း၏ လမ်းစဉ်ကို ဆန့်ကျင်အံတုလိုသော အတိုက်အခံ(dissident)များ ပါဝင်သည်။

ဤအုပ်စုနှစ်ခုစလုံးတွင် ပါဝင်သော သူများအားလုံး၌ ၄င်းတို့၏ စိတ်တွင်းမှ အတွေးနှင့် ပြင်ပတွင် ထုတ်ဖော်ပြောကြားချက်များမှာ ကွာဟမှုမရှိ၊ တထပ်တည်းကျသည်။

သို့သော် တတိယအုပ်စုတွင် ပါဝင်သူများမှာ အထက်ပါ အုပ်စုနှစ်ခုနှင့်မတူဘဲ ၄င်းတို့ စိတ်တွင်းတွင် တွေးထင်သည့်အတိုင်း မပြောဆိုကြ။ ဤတတိယအုပ်စုတွင်ပါဝင်သူများသည် လက်ရှိအာဏာရပါတီ၏ အယူဝါဒကိုကား ယုံကြည်မှုမရှိတော့ချေ၊ သို့သော် ဆန့်ကျင်ဖက် အမြင်များကို လှစ်ဟထုတ်ဖော်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ကြောက်ရွံ့ကြသည်။ ၄င်းတို့ကား ရူးချင်ယောင် ဆောင်သူများ ( Double thinkers ) ပင် ဖြစ်တော့သည်။

စတာလင် သေတော့ ကျနော် ငါးနှစ်သားပဲ ရှိသေးသည်။ သူ့အသုဘနေ့တွင် ကျွန်တော်တို့မြို့၌ တပ်ဆင်ထားသော လော်စပီကာများမှ ၀မ်းနည်းကြေကွဲဖွယ် သီချင်းသံများကို ညံနေအောင် ဖွင့်ထားပြီး လမ်းတိုင်းတွင်လည်း ရဲဘော်စတာလင်၏ ပုံတူကားချပ်ကြီးများကို အစီအရီထောင်ထားသည်။ ကျနော့် ဖခင်က ကျနော့်အကို (၇ နှစ်သားအရွယ်) နှင့် ကျနော့်အား တအိမ်တည်းအတူနေ အခြားမိသားစုနှစ်စု မကြားနိုင်လောက်သည့် နေရာသို့ ခေါ်၍ စကားပြောသည်။

“ငါ့သားတို့...ဒီနေ့ဟာ မင်းတို့ အမြဲ သတိရနေရမယ့် နေ့ထူးနေ့မြတ်ကြီးဖြစ်တယ်” ဟု ဖခင်က ပြောသည်။

သူကဆက်လက်၍ ရှင်းပြသည်မှာ “ငါတို့ခေါင်းဆောင်ကြီး၊ ငါတို့ အာစရိ” စသဖြင့် လူတိုင်းက ရည်ညွှန်းခေါ်ဝေါ်နေကြသော ထိုပုဂ္ဂိုလ်သည် လူသန်းပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သူဖြစ်ပြီး ဂျူးလူမျိုးများကို နောက်ထပ် ထပ်မံချေမှုန်းရန် ကြံစည်နေသူလည်း ဖြစ်သည်။ ယခုအခါ ထို သားသတ်သမားမှာ သေဆုံးသွားပြီဖြစ်၍ ကျွန်ုပ်တို့အဖို့ ကံကောင်းသည်ဟု သူကပြောသည်။

အထက်ပါ ခြောက်ခြားစဖွယ် ဖွင့်ချမှုကြီးကို ပြုလုပ်ပြီးသောအခါ ဖခင်က ကျွန်တော်တို့အား မည်သူတဦးတယောက်ကိုမျှ ဤအကြောင်းများကို ပြန်လည်ပြောဆိုခြင်းမပြုရန်နှင့် အခြားကလေးသူငယ်များကဲ့သို့ပင် ပြုမူပြောဆိုရန် အလေးအနက်မှာကြား နှုတ်ပိတ်သည်။ ဤသို့ဖြင့် နုနယ်လှသေးသော ငါးနှစ်သားအရွယ်မှာပင် ကျွန်ုပ်သည် စတာလင်အား ချီးမွန်းထောပနာသော ဘုန်းတော်ဘွဲ့သီချင်းများကို ကျွန်ုပ်၏ အတန်းဖော် ကလေးများနှင့်အတူ သံပြိုင်သီဆိုရင်း၊ သေဆုံးသွားသော “သားသတ်သမား”အတွက် ဟန်ဆောင်ကြေကွဲမျက်ရည်များကို ကျပြရင်း ဆိုဗီယက် ပြည်ထောင်စု၏ “ရူးချင်ယောင်ဆောင်သူများ” လောကသို့ ကနဦး ၀င်ရောက်ခဲ့ပါသည်။

ကျွန်ုပ်ကဲ့သို့ပင် “ရူးချင်ယောင်ဆောင်သူများ၏ ကမ္ဘာလောက”အကြောင်း အလားတူ ဖြစ်ရပ်မျိုးကို ဆူဆန် အက်ဇာဒိ ( Sousan Azadi ) ကလည်း သူမ၏ “အီရန်နှင့် ဝေးရာ ၊ အယာတိုလာ (ဘာသာရေးခေါင်းဆောင်) များ လက်မှ အမျိုးသမီးတယောက်၏ ထွက်ပြေးလွတ်မြောက်မှု” စာအုပ်တွင် ပြောပြထားသည်။

ကျမသားကို ကျမ အသေအချာ မှာထားတယ်။ ကျောင်းမှာ ဆရာတွေက အိမ်ကအကြောင်းတွေကို မေးရင် ဘာတခုမှ မပြောပြရဘူး။ ကျမတို့အိမ်မှာ ဒီဟာရှိသလား၊ ဟိုဟာ ရှိသလား စသဖြင့် ဆရာကမေးလာရင် ဘာပဲမေးမေး အမြဲတမ်း မရှိဘူး လို့ပဲဖြေရမယ်..စသဖြင့်မှာထားတယ်။ တနေ့ကျတော့ သားက ကျောင်းက ပြန်လာပြီး ကျမကို ဂုဏ်ယူဝမ်းမြောက်စွာပြောတယ်။

“မေမေ၊ ဒီနေ့ ကျောင်းမှာ ကောင်းတာတခု သား လုပ်ခဲ့တယ်။ ဆရာက သားကို “ကိုရမ်ကျမ်းမြတ်” တအုပ်ပြပြီး သားတို့အိမ်မှာ ဒါမျိုးရှိသလားလို့မေးတော့ သားက “မရှိဘူး” လို့ ဖြေခဲ့တယ်”

သားက ကျမ ခိုင်းတဲ့အတိုင်း သူဖြေခဲ့ရလို့ သူ့မျက်နှာကလေးက အင်မတန် ဂုဏ်ယူဝင်းပနေချိန်မှာ ကျမဟာ ရင်နာနာနဲ့ပဲ သားကို အိမ်မှာသိမ်းထားတဲ့ (ကျမလက်ထပ်စဉ်က) ကိုရမ်ကျမ်းစာအုပ်ကို ထုတ်ပြရတယ်။ ပြီးတော့ သားကိုလည်း မျက်နှာထိ မျက်နှာထားနဲ့ ဆူရတယ်။ နောက်ကို အိမ်မှာ ကျမ်းမြတ်စာအုပ် မရှိဘူးလို့ ဘယ်တော့မှ မပြောရဘူးလို့ ပြင်းပြင်းထန်ထန် သတိပေးရတယ်။

“သား....မေမေတို့အိမ်မှာ ဘယ်တုန်းကမှ ဘုရားမရှိခိုးရင်တောင် လူတွေကိုတော့ မေမေတို့ အိမ်မှာ ဘုရားမှန်မှန်ရှိခိုးပါတယ် လို့ ပြောရမယ်” လို့ ကျမက သားကို မှာရတယ်။

တချိန်တည်းမှာပဲ ရှင်သန်မှုအတွက် သားကို အသက်ငယ်ငယ်လေး ကတည်းက လိမ်ညာပြောဘို့ သင်ကြားပေးနေရတဲ့ ကျမကိုယ်ကျမလည်း အင်မတန် နာကျည်းမုန်းတီးမိတာပေါ့ရှင်”......


၁၉၇၀ ခုနှစ်များဆီက မြောက်ကိုရီးယားမှ တိတ်တဆိတ်ခိုးထုတ်ယူလာသော စာတစောင်တွင် မြောက်ကိုရီယားနိုင်ငံသားတဦးက သူ့အနေဖြင့် ရူးချင်ယောင်ဆောင်ခြင်း၏ အနုပညာကို မည်သို့မည်ပုံ တတ်ကျွမ်းလာခဲ့သည်ကို ရှင်းပြထားသည်။

“ ခင်ဗျားစိတ်ထဲရှိတဲ့အတိုင်း ကျယ်ကျယ်လောင်လောင် ထုတ်ပြောလိုက်ရင် ခင်ဗျားအနေနဲ့ သေဖို့သာ ပြင်ပေတော့။ တကယ်လို့ တခုခုပြောစရာရှိတယ်ဆိုရင် မျက်လုံးနဲ့ စကားပြောရတာ ပိုမိုလွယ်ကူတယ်ဆိုတာကို ကျနော်နားလည်လာတယ်။ ကျနော်ဟာ ကျနော့်နှုတ်ခမ်းတွေနဲ့မြင်ပြီး ကျနော့် မျက်စိနဲ့ စကားပြောတတ်ဖို့ သိနားလည်လာခဲ့ပါတယ်။”

ရူးချင်ယောင်ဆောင်သူများသည် ၄င်းတို့၏ အတွေးနှင့် စကားလုံးများအကြား ကွာဟနေမှုအတွက် အမြဲတစေ တင်းမာမှု၊ လွန်ဆွဲမှု ဖြစ်နေကြရသည်။ ထိုသူများသည် အာဏာပိုင်များခွင့်မပြုသည့်အရာကို ပြောဆိုခြင်းမှ အမြဲတစေ ရှောင်ကြဉ်ကြသည်။ တချိန်တည်းမှာပင် သူတို့မယုံကြည်သော အရာတခုကို မပြောလိုဘဲ ရှောင်ကွင်းနိုင်ရန် တတ်နိုင်သမျှ ကြိုးစားအားထုတ်ကြသည်။

သို့သော် အကြောက်တရားလွှမ်းမိုးသော လူ့အဖွဲ့အစည်းများတွင် ရူးချင်ယောင်ဆောင်သူများအဖို့ ၄င်းတို့ မပြောချင်သည်များကို မပြောပဲ နေချင်တိုင်း နေနိုင်သည့် အခွင့်အရေးကို မရ။ ထိုလူ့အဖွဲ့အစည်းများသည် အောက်ခြေလူတန်းစား၏ သစ္စာရှိကြောင်း ဖွင့်ဆိုပြောကြားမှုကို အစဉ်မမြဲ ဖိအားပေး တောင်းဆို တတ်သောကြောင့်ပင်တည်း။

မူကြိုကျောင်းများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ အလုပ်ခွင်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူထုစည်းဝေးပွဲများနှင့် အခြားနေရာတိုင်းလိုပင် ရူးချင်ယောင်ဆောင်သူများအနေဖြင့် အစိုးရ၏ မူဝါဒကို ကြက်တူရွေးလို ရွတ်ပြနိုင်ရန်လိုအပ်ပြီး ယုံကြည်ချက်အမှန်များကိုမူ သိုဝှက်ထားရန် လိုပေသည်။ ဤကဲ့သို့ မိမိဘာသာ ဆင်ဆာပိတ်ပင်မှုသည် ရူးချင်ယောင်ဆောင်သူများ၏ နေ့စဉ်ဘ၀တွင် ခွဲခွာ၍မရအောင် ကြုံတွေ့နေရရာ တဖြည်းဖြည်းနှင့် အတွေးနှင့် အပြော အကြား တင်းမာမှု လွန်ဆွဲမှုမှာ သတိမထားမိလောက်အောင်ပင် အသားကျလာတော့သည်။

ရူးချင်ယောင်ဆောင်သူများအနေဖြင့် အမှန်တကယ် လွတ်လပ်လာသောအခါမှသာလျှင် ယခင်က မိမိတို့အနေဖြင့် မိမိဘာသာဆင်ဆာပိတ်ပင်မှုများကြောင့် အဘယ်မျှအထိ အတွေအခေါ်ပိုင်းဆိုင်ရာ ကျွန်ဘ၀ ကျရောက်ခဲ့ရသည်ဆိုသောအဖြစ်ကို သိမြင်နိုင်လာကြပေသည်။

(အပိုင်း ၂ ကို ဆက်လက်တင်ပြပါမည်။)
Read more

“ဆင်စွယ်နန်းက ကြိုနေမယ်”

ဘလော့ဂ်ဆိုတဲ့ ဟောသည် အဖြူရောင်ဆင်စွယ်နန်းတော်ကြီးထဲမှာ များက မင်းသမီးလေးတပါးအနေနဲ့ စံစားခဲ့တာ ကြာခဲ့ပါပြီကောရှင်။

ဒီနန်းတော်ကြီးထဲမှာ ဘာမဆို ကိုယ်လိုရာ ဖြစ်နိုင်တယ်ရှင့်။

အပြင်လောကမှာ စိတ်တိုတတ်သူ၊ စိတ်ယုတ်မာရှိသူ၊ ငြူစူတတ်သူ၊ အပျင်းထူတတ်သူ၊ လင်ယောက်ျားကို နိုင်စားတတ်သူ၊ ကျောက်ပေါက်မာနဲ့ ရုပ်ရည်မွဲသူလေးဖြစ်ပေမယ့်လည်း ဆင်စွယ်နန်းတော်ထဲမှာတော့ များက စိတ်ရှည်သူ၊ သဘောဖြူဖြောင့်သူ၊ အလုပ်ကြိုးစားသူ၊ လင်ယောက်ျားကို အူလှိုက်သည်းလှိုက်ချစ်တတ်သူ၊ ခြောက်ပြစ်ကင်းသဲလဲစင် မြင်သူတကာ ရင်သပ်ရှုမောရတဲ့ ဥမ္မာဒန္တီတမျှ ချောမောလှပသူလေးလည်း ဖြစ်နိုင်သေးတယ်ရှင့်။

များတို့လို နန်းတွင်းသူအချင်းချင်း အုပ်စုဖွဲ့ပြီး စကားလှလှလေးတွေပြောကြ၊ အပေါ်ယံလျှာဖျားလေးနဲ့ တယောက်ကိုတယောက် ချီးမွန်းကြ၊ မင်းသားမင်းသမီးလေးတွေအချင်းချင်းကြားမှာ အီစီကလီလုပ်ကြ၊ ဂျီတော့လို့ခေါ်တဲ့ နန်းမဆောင်ကြီးထဲမှာ မောင်းမမိဿံတွေနဲ့ အတင်းတုပ်ကြ၊ သန်းတုပ်ကြ…အင်မတန် ပျော်စရာကောင်းပြီး သာယာလှပလှတဲ့ ဆင်စွယ်နန်းတော်ကြီးပေါ့ရှင်။

အဲဒီလိုနဲ့ ပျော်ရွှင်စွာ နေလာလိုက်ကြတာ တနေ့မှာ ဆင်စွယ်နန်းတော်ထဲကို ဘယ်ကမှန်းမသိတဲ့ လူစိမ်းတွေ၊ လူရိုင်းတွေ မျက်စိလည် လမ်းမှားပြီး ၀င်ရောက်လာတဲ့ အချိန်အထိပေါ့။

အဲဒီ လူစိမ်းတွေဟာ ဆင်စွယ်နန်းတွင်းသူ နန်းတွင်းသားတွေရဲ့ ထီးဓလေ့နန်းဓလေ့တွေကိုလည်း မသိ၊ နန်းတွင်းမှာ ကျင့်ကြံအပ်တဲ့ ထီးဟန်နန်းဟန်တွေကိုလည်း နားမလည်၊ နန်းတွင်းသူတွေကိုလည်း မိန်းမသားမို့ မညှာတာ၊ ဆင်စွယ်နန်းတွင်းသုံး ယဉ်ကျေးတဲ့ ထီးသုံးနန်းသုံးစကားတွေကိုလည်း မသုံးစွဲကြဘဲ….. တောတွင်းက တက်လာတဲ့ အရိုင်းအစိုင်းတွေလိုပဲ ပြင်ပက အရပ်သားစကားကိုသုံးစွဲ၊ ပြင်ပလောကမှာ နေထိုင်သလိုပဲ တသွေမတိမ်း ပြုမူကျင့်ကြံကြတော့တာပါပဲရှင်။

ယဉ်ကျေးတဲ့ များတို့ နန်းတွင်းသူတွေဟာ အဲဒီ စရိုက်ကြမ်းတဲ့ တောသားတွေကြောင့် အများကြီး စိတ်အနှောက်အယှက်ဖြစ်ရတယ်ရှင့်။ များတို့ရဲ့ ရှေ့ကဖုံးလို့ နောက်ကပေါ်နေတာတွေ၊ များတို့ရဲ့ မရိုးသားမှုတွေကို အကြောင်းမဲ့ မညှာမတာ လိုက်လံဖော်ထုတ်တတ်သေးတယ်ရှင့်။

တော်ပါသေးရဲ့ရှင်။ များတို့လို နုနယ်တဲ့ မင်းသမီးလေးတွေကို ခုခံကာကွယ်ပေးမယ့် လူစွမ်းကောင်း မင်းညီမင်းသား မောင်မောင်များလည်း ရှိပေလို့ရှင့်။

တခါတလေများ ဆင်စွယ်နန်းတွင်းသား မင်းညီမင်းသား မောင်မောင်တို့နဲ့ အဲဒီလူရိုင်းတွေ တိုက်ပွဲက ပြင်းထန်လွန်းလို့ များတို့တွေ အနားကို မကပ်ဝံ့ဘူး။ ဒါပေမယ့် တိုက်ပွဲပြီးသွားရင် မင်းညီမင်းသားမောင်မောင်များကို များတို့က ထောက်ခံကြောင်းပြတဲ့အနေနဲ့ အပြေးသွားပြီး ပရောပရီ ကယုကယင် လုပ်ပေးရတာပေါ့ရှင်။ အဲ…အဲ….အစောပိုင်းကာလများကတော့ များတို့လည်း လူရိုင်းတွေကို မင်းညီမင်းသားအောက်မေ့ပြီး အရောဝင်ခဲ့ဘူးသေးတယ်ရှင့်။ နောင်တရပါ့ရှင်။

အဲဒီ တောတွင်းသားလူရိုင်းတွေကို တိုက်တဲ့နေရာမှာ အကြိမ်တိုင်းလိုလို မင်းညီမင်းသား မောင်မောင်တို့ အရေးနိမ့်နေလို့ ၀ိုင်းကူရတော့မယ်ဆိုလို့ရှိရင် နုနယ်တဲ့ များတို့တတွေနဲ့ ကြောက်တတ်တဲ့ နန်းတွင်းသား မောင်မောင်တချို့ကတော့ လွတ်ရာကျွတ်ရာကနေ အောက်လမ်းနည်းကို သုံးပြီး တိုက်ရတယ်ရှင့်။

သိတယ်မို့လား။ များတို့အနေနဲ့ ဆင်စွယ်နန်းတော်ထဲမှာ ဘာမဆို ခြောက်ပစ်ကင်းသဲလဲစင်အဖြစ် အရေခြုံထားရတာဆိုတော့ အပြစ်မကင်းတဲ့လုပ်ရပ်မျိုး၊ အောက်တန်းကျမယ့်လုပ်ရပ်မျိုးဆိုရင် များတို့ အမည်ရင်းနဲ့ ပေါ်ပေါ်ထင်ထင် လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ။ များတို့ နန်းတွင်းသူ မပီသဘူး ဖြစ်သွားမှာပေါ့။ ဒီတော့ နုနယ်သူ များတို့က အလွယ်တကူ ထမီခြုံလိုက်သလို… တချို့ နုနယ်တဲ့ မောင်မောင်များကလည်း ၀တ်လဲတော်ပုဆိုးကို လွှားကနဲ ခြုံလိုက်ရတာပေါ့ရှင်။ များအနေနဲ့ကတော့ ထမီခြုံလိုက်ရင် လင်းတကြီးဖြစ်သွားတဲ့ အောက်လမ်းနည်းကို အကြိုက်ဆုံးပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ အရင်ကလောက် ပျော်စရာမကောင်းတော့ပေမယ့် များအနေနဲ့ ဆင်စွယ်နန်းတော်ကြီးထဲကဘ၀ကို သာယာဆဲပါ။ မိန်းမူးဆဲပါ။ ဘယ်လောက်တောင်များလဲဆိုရင် ဆင်စွယ်နန်းတော်ထဲကဘ၀ကို တိမ်းညွတ်လွန်းလို့ များအိမ်က ယောက်ျားနဲ့တောင် ကတောက်ကဆ ဖြစ်ရတယ်ရှင့်။

အခု ဒီစာကို လာဖတ်တဲ့သူဟာ ဆင်စွယ်နန်းဓလေ့ကို အထင်ကြီးလက်ခံတဲ့ မောင်မောင်ဆိုရင် များက တပင်တိုင်ဆင်စွယ်နန်းတော်ရဲ့ မှန်ရွှေပြူ ပြူတင်းပေါက်ကနေ လက်ပြပြီး လှမ်းခေါ်လိုက်မယ်။

“အချစ်လားဟေ့ ၀င်ခဲ့လေကွယ်”

(၀န်ခံချက်။…………….။“အချစ်လားဟေ့ ၀င်ခဲ့လေကွယ်” စာသားမှာ သုမောင်၏ အချစ်ပွင့်ကလေးများ ၀တ္ထူစာအုပ်တွင်ပါသော ကဗျာဆရာ တောကျောင်းဘုန်းကြီးရဲ့ ကဗျာမှ ယူထားခြင်းဖြစ်ပါသည်။)
Read more

“တုံးပိတဲ့ဖား”

နအဖရဲ့ သားသမီးတွေ
ဗျူရိုကရက်ရဲ့ သားသမီးတွေ
သူဌေးသူကြွယ်ရဲ့ သားသမီးတွေ
ကျော်စောသူတွေရဲ့ သားသမီးတွေ
အဖေကြီးလုပ်သူရဲ့ အရှိန်အ၀ါကို
ကိုယ်ရေးကိုယ်တာအတွက် အသုံးချတဲ့အခါ
ပြောကြတဲ့ စကားရှိတယ်….

“အဖိုးကြီး ၀ိတ်နဲ့ ဖိလိုက်မယ်”…..တဲ့။

မတော်မတရားတာကို
မော်ကြွားတာပဲမို့
စော်ကားသလို ခံစားရတာက ပြည်သူတွေ။

ကိုယ်ကျိုးအတွက်
မျိုးရိုးရဲ့ အရှိန်အ၀ါ
အဘိုးရဲ့အရှိန်အ၀ါ
အဖေရဲ့ အရှိန်အ၀ါ
သာယာနေသမျှ
သင့်ဘ၀ဟာ
သနားစရာအတိ
တုံးပိတဲ့ ဖားပမာ။

အဖေကို ချစ်တယ်ဆိုရင်
ကိုယ်ထူကိုယ်ထ
ကိုယ့်ဘ၀ကိုယ်ကျောင်း
ကိုယ့်လမ်းကြောင်းကိုယ်ထွင်…

သင်အောင်မြင်တဲ့တနေ့
ဖခင်ရှေ့မှာ
ဂုဏ်ယူစွာပြောလိုက်စမ်းပါ….

ဖေဖေ့သားဟာ…
ဖေဖေ့သမီးဟာ…
ဖေဖေ့အရှိန်အ၀ါမပါဘဲ
ဒီကမ္ဘာလောကထဲမှာ
အောင်မြင်စွာ တသီးတခြားရပ်တည်နိုင်ပါတယ်…လို့။

သေချာတာကတော့
သင့်အဖေဟာ….
မနာလိုမဖြစ်ဘဲ
မျက်ရည်ဝဲအောင်
အမြဲဂုဏ်ယူနေပါလိမ့်မယ်။

ရေးသူ-ကိုပေါ။

(မိဘလောင်းရိပ်မှ မထွက်နိုင်သူအားလုံးအတွက် ရည်ညွှန်းပါတယ်။)
Read more

“ပြည်တော်ကအပြန်”

အားလပ်ရက်မှာ
မြန်မာပြည်ပြန်လည်…
ရာတန်သေးနုပ်
ထောင်တန်ထုပ်ကို
အုပ်လိုက်ကိုင်ကာဝယ်…ကိုင်ကာဝယ်။

ဆင်းရဲသားများ
သွားရည်ကျစဖွယ်
သန်းကြွယ်သူဋ္ဌေး
စတိုင်ပေးလို့
ဟန်ရေးပြကာထည်….ပြကာထည်။

နပ်မမှန်သူကြား
မော်ကြွားကြပုံနှယ်
နရသီဟ
ငိုချင်းချအောင်
သုံးဆောင်ဘိခြင်း
ထမင်းပွဲဟည်း
ကြီးမား စုံလင်တယ်…စုံလင်တယ်။

ပြည်သူ့ဒုက္ခ
မြင်လိုက်ရစဉ်ဝယ်
တကယ်ရင်ထဲ
ကြေကွဲသလို
မျက်နှာအိုကာရယ်…အိုကာရယ်။

မြန်ပြည်နှံ့ပြား
ဘုရားဖူးကာလည်
ကားရပ်နားခိုက်
ခြင်ကိုက်သည့်ဒဏ်
မခံနိုင်လို့
ပြန်စို့ပြောလှာတယ်….ပြောလှာတယ်။

ရန်ကုန်ကပြန်
ချန်ဂီလေဆိပ်ဝယ်
အင်မီဂိတ်မှာ
တံဆိပ်တုံးထု ၀င်ခွင့်ပြုမှ
စုသမျှသက်ပြင်း
ဟင်းကနဲချရ ရှာလေတယ်…ရှာလေတယ်။

အိမ်ပြန်အရောက်…
ဝမ်းမြောက်ပျော်ရွှင်
ဘလော့ဂ်ဝင်၍
ကင်မရာထုတ်
ပုံဒေါင်းလုပ်ကာ
တပုဒ်ကဗျာ
ရေးလိုက်ပါသော်….
ပြည်တော်ကိုသာ လွမ်းမိတယ်…လွမ်းမိတယ်။

ရေးသူ- ကိုပေါ။
Read more

“ရမ္ဘုိ(၅)”

နိုင်ငံရေးသမား
လူလည်များ
အနား မကပ်လင့်။

ပြည်ပအစိုးရ
အသုံးမကျ
ဆဲရ မောတယ်ရှင့်။

ပြည်တွင်းလှုပ်ရှားသူ
အို…လဒူ
ဉာဏ်ကူ စဉ်းစားချင့်။

နိုင်ငံရေးအကျဉ်းသား
လူမိုက်များ
အင်အားဖြုန်းနေထင့်။

ပွဲသိမ်းတိုက်ပွဲ
ဘယ်မှာလဲ
အမြဲ လက်မောင်းပင့်။

တိုက်ပွဲငယ်ဆို
တို့မလို
အားကို ချွေတာသင့်။

ကျမကတော့
ပြည်သူပေါ့…
ခုတော့ မထွက်ဝံ့။

..................ရေးသူ- ကိုပေါ
Read more

“ဂျီဝမ်းပွိုင့်တူး နီရူဒါ”

ငါ့တိုင်းပြည်မှာ..
သစ်မြစ်လေးတွေကိုတောင်
ငါချစ်တယ်...

ဒါကြောင့် မြန်မာဆိုင်မှာ
မျှစ်တပိဿာဝယ်ပြီး
ပဲပြုတ်နဲ့ ကြော်စားပစ်လိုက်တယ်။



နီရူဒါ= ချီလီကဗျာဆရာ ပါဘလို နီရူဒါ ( Pablo Neruda )
ဂျီဝမ်းပွိုင့်တူး = Generation 1.2 = ပြည်ပတွင် အလုပ်အကိုင်ဖြင့် ပြောင်းရွှေ့အခြေချနေထိုင်သူများ ( အနက်အဓိပ္ပါယ်ကို ၀ီရှီမီ ပို့စ် တွင် ဖတ်နိုင်ပါသည်။)
Read more

“ရလွတ်ပလွတ် ဗယ်လင်တိုင်း”

အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိတယောက် အခုတလော ရွစိတက်နေသည်။ ရွစိမတက်ဘဲ ခံနိုင်မည်လော။ ဗယ်လင်တိုင်းဒေး ခေါ် ချစ်သူများနေ့ ရောက်ကာနီးပြီကိုး။

ခြေသလုံးအိမ်တိုင်ကြီးခေါ်ဆိုရလောက်အောင် တုတ်ခိုင်သည့် ခြေသလုံးရှိသော ရှင်ဂွမ်းဂွိတယောက်ကို မြှားနတ်မောင် မျက်စိမှောက်နေသလော မပြောတတ်။ ရှင်ဂွမ်းဂွိမှာ လက်ဆုပ်လက်ကိုင် ချစ်သူမရှိသေး။

သူမခမြာ မနက်မိုးလင်းသည်နှင့် ဘလော့ဂ်တကာ...အဲလေ.. ရွာထဲမှ အိမ်တကာသို့ လှည့်လည်ကာ ချစ်သူခင်သူ ချစ်ကျွမ်းသူများကို ရှာဖွေရသည်။ အိမ်တကာလှည့်၍ နှုတ်ဆက်ရသည်။

“ဟယ်..... ကိုဗညားပိစိ ချက်ထားတဲ့ ဟင်းက စားချင်စရာလေး။ ဂွိဖြင့် သွားရည်များတောင် ယိုတယ်။ ရှလွတ်.....။ မမ ရှင်ဗွေးတုတ်တို့များ လင်ကံကောင်းလိုက်တာနော်”

ဟင်းချက်ဝါသနာပါသော ဗညားပိစိတို့ လင်မယားအိမ်သို့အရောက် ချက်ထားသော ဟင်းလျာများကို ဖွင့်ကြည့်ရင်း ပြောလိုက်သော ရှင်ဂွမ်းဂွိ၏ ပဋိသန္ဓာရ စကားပင်တည်း။ လင်တော်မောင် ချက်ပြုတ်လျှင် ယောင်းမ၊ ဓား၊ စလောင်းဖုံး၊ ငရုတ်ကျည်ပွေ့နှင့် အမှိုက်သရိုက်များကို ဒိုင်ခံသိမ်းဆည်းပေးရသော ရှင်ဗွေးတုတ်ကား မချိသွားဖြဲသာ ပြုံးနိုင်တော့၏။

တဖန်.... အသက်အရွယ်ထောက်နေပြီဖြစ်သော်ငြား ငယ်မူငယ်သွေးများကြွလျက်ရှိကာ ချစ်ခိုးများတဝေေ၀ဖြင့် အချစ်သီချင်းများကိုသာ သီဆိုဟစ်ကြွေးလေ့ရှိသော “ပန်းကန်ပြည်မှ အိုခြစ်ရာ” အိမ်သို့ရောက်သောအခါ.....

“မမတို့များ..... တချိန်လုံး သိင်္ဂါရ ရသတွေနဲ့ ထုံမွှန်းနေတော့တာပဲနော်။ အားကျလိုက်တာ။ ဂွိလဲ လင်လိုချင်...အဲလေ...အဲသည်လို အချစ်ရနံ့လေးတွေနဲ့ ထုံမွှန်းနေချင်လိုက်တာနော်....” ဟု ပြောကြားတတ်လေသည်။

တခါတလေတော့လည်း ရှင်ဂွမ်းဂွိသည် မိမိပြောသည့် စကား ဘယ်အဓိပ္ပါယ်သို့ ဆိုက်ရောက်သည်မသိ။ တပါးသူပြောစကားကို စွတ်ရွတ်ထောက်ခံကာ ပြောတတ်သေး၏။

တခါက.... အလွန်ညစ်ပတ်သဖြင့် ပွေး၊၀ဲ၊ ညှင်း၊ ဒက်များ ပေါင်တွင် ပရပွ ပေါက်လျက်ရှိသော ကာလသားခေါင်း ၀ဲကျော်၏ အိမ်ရှေ့သို့ ရောက်သောအခါ “ယားလိုက်တာနော်၊ အမေရယ်။ သေသာသေချင်တော့တယ်” ဟူသော ကိုဝဲကျော်၏ ညည်းညူသံကို အိမ်ရှေ့က ဖြတ်သွားရင်း နားစွန်နားဖျား ကြားသောအခါ.......ရှင်ဂွမ်းဂွိက......“အံမယ်လေး.. ကိုဝဲကျော်ကြီးတယောက်တည်း ဟုတ်ရပေါင်တော်။ ဂွိတို့လည်း အတူတူပါဘဲ” ဟု ဘုမသိဘမသိ အလိုက်သင့် ထောက်ခံပြောကြားသည် ဟူသတတ်။ ဤသို့သော ရှင်ဂွမ်းဂွိပင်တည်း။

တစုံတယောက်အိမ်သို့ သွားလည်လျှင် မိမိတွင် ပြောစရာစကားမရှိလျှင်လည်း “ဘာပြောရမှန်းတောင် မသိတော့ပါဘူးလို့သာ ပြောလိုက်ချင်တယ် အိမ်ရှင်ကြီးရယ်” ဟု မပြောတတ်သည်ကိုပင် စကားတခုသဖွယ် လုပ်ပြောတတ်သေး၏။ အနှီကဲ့သို့သော ရှင်ဂွမ်းဂွိပေတည်း။

သို့သော် ရှင်ဂွမ်းဂွိမှာ ရလွတ်ပလွတ်မှ နာမည်ကျော် ဆေးဆရာ ဦးတုတ်ကြီး သမီးဖြစ်သဖြင့် ပေါ့သေးသေး တော့မဟုတ်။ (ကီလို ၁၀၀ ခန့် ရှိသည်)။ ရှင်ဂွမ်းဂွိကို အကျွမ်းဝင်လိုသူ သကောင့်သားများလည်း နည်းနည်းနောနောမဟုတ်။

“မမဂွိရယ်။ မောင်လေးက....ဆရာ ဦးတုတ်ကြီးကို အဖေတယောက်လို လေးစားမိသူပါ။ ဒီတော့ မမကိုလည်း ဟိုလေ...ဟိဟိ...အစ်မတယောက်လို ချစ်ပါရစေလားညင်” ဆိုကာ သကာရည်လူးထားသော ထန်းလျက်လေသံဖြင့် ကြာပစ်နေသော မဟာပုရိသတို့လည်း တပုံတပင်။

မည်သို့ပင်ဖြစ်စေ ရှင်ဂွမ်းဂွိသည် အမျိုးမာန်တက်သူဖြစ်သည်။ တော်ရုံ ပုရိသ များကို စိတ်ကူးထဲပင် ထည့်ချင်သူမဟုတ်ပါ။ မိတ္တဗလ ဋီကာနှင့်အညီ ကြိုးရှည်ရှည်ဖြင့် လှန်ထားရုံလောက်သာ ရည်ရွယ်သူဖြစ်သည်။ သို့သော် ဗယ်လင်တိုင်းဒေးတွင် သူများနည်းတူ အချစ်ပွဲသဘင်ကို တူစုံမောင်မယ် ဆင်နွှဲချင်သည့် စိတ်ကလည်း မသေးလှ။

သို့နှင့် ရှင်ဂွမ်းဂွိသည် ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကတည်းက လင်မယားလုပ်တမ်း ကစားလာခဲ့သော မိမိက နိုင်စားရသူ သမိန်ပေါသွပ်အား ဥပါယ်တမျဉ်ဖြင့် အောက်ပါအတိုင်း ပြော၏။

“ဟဲ့...ပေါသွပ်။ မနက်ဖန်ကျရင် အရီးလေး ဂွက်ထော် ခြံထဲက နှင်းဆီပန်းအနီတွေ ငါ့ကို ခူးလာပေးပါလားဟင်၊ ငါ ဘုရားတင်ချင်လို့”

အရီးလေးဂွက်ထော်မှာ သူ့ခြံထဲမှ နှင်းဆီပန်းများကို အင်မတန် တွန့်တိုသူဖြစ်သည်။ ရောင်းလည်းမရောင်း၊ အလကားလည်း ခူးခွင့်မပြု။ ပန်းပွင့်ဟူသည် အပင်မှာပဲ တင့်တယ်သည်ဟု ယူဆထားသူဖြစ်လေသည်။ သူ၏ နှင်းဆီပန်းကို ရယူနိုင်ရန် တခုတည်းသော နည်းလမ်းတခုမှာ အရီးလေးအိပ်ချိန်တွင် ခြံထဲသို့ တိတ်တဆိတ် ၀င်ရောက် ခူးယူရန် နည်းလမ်းသာဖြစ်လေသည်။

သမိန်ပေါသွပ်မှာ သူငယ်ချင်းများနှင့်အတူ သေရည်သောက်ရန် ချိန်းထားသည့်အချိန် မိမိအား ငယ်နိုင်ဖြစ်သူ ရှင်ဂွမ်းဂွိက ဤသို့ဤနှယ် ခိုင်းလာသောအခါ စိတ်ညစ်သွားပေသည်။ ရှင်ဂွမ်းဂွိကိုသာမက ဖခင်ဖြစ်သူ ဆေးဆရာ ဦးတုတ်ကြီးကိုပါ ကြောက်ရသူပီပီ......

“ဂွိရေ....ဘာမှ မပူနဲ့။ ဂွိအတွက်ဆိုရင် ဘာမဆို ရစေရမယ်။ ယောက်ျားတံခွန်၊ လူရည်ချွန်လည်း၊ ဓါတ်တိုင်တမွတ်၊ ဖန်သီးဆွတ်က၊ မလွတ်စတမ်း၊ အချုပ်မြန်း၏ တဲ့။ ပေါသွပ် ကြံဆောင် ပေးပါ့မယ်”။

ဤသို့ဖြင့် ပေါသွပ်တယောက် “ပန်းကန်ရာဇ၀င် ဇာတ်လမ်းထဲက လူစွမ်းကောင်း တဦးနှယ်” ပန်းဆက်သမားဘ၀ကို နှလုံးမူပြီး အရီးလေးဂွက်ထော်ခြံမှ နှင်းဆီပန်းကို ခိုးယူရန် လူခြေအတိတ်ကို ခြံစည်းရိုးအရိပ်ကွယ်ကနေ တိတ်တဆိတ် စောင့်စားရချေသည်။

(ဤတွင် တခန်းရပ်....ကန့်လန့်ကာချ)

(ကားလိပ်ဖွင့်...... ညပန်းချီကားနောက်ခံ၊ လမထွက်၊ ကြယ်မလင်း၊ လမ်းမီးတိုင်မရှိ၊ ပိုးစုန်းကြူးမပျံ၊ ရန်ကုန်ရွှေမြို့တော်၏ ညရှုခင်းအလား ပိန်းပိန်းပိတ်သော အမဲနောက်ခံ၊ ပုရစ်အော်သံ သဲ့သဲ့ ကြားရ)

“ Cock A Doodle Doo!"

သိုးဆောင်းဘာသာ ၀မ်းစာနည်းရှာသော စာဖတ်ပရိသတ်အတွက် အောက်တွင် ဘာသာပြန်ပေးလိုက်ပါသည်။

“အောက် အီ အီး အွတ်”

“ဟယ်....ဘာလိုလိုနဲ့ သက်ကြီးခေါင်းချ ချိန်တောင် ရောက်ပါပေါ့လား။ ငါကြံစည်သည့်အရေးကိစ္စ ဒိဋ္ဌအောင်မြင်ဘို့ဆိုရင် အခုပင် ချိန်ခါသင့်ပါပေါ့လား။ အရီးလေးဂွက်ထော် အိပ်လောက်ပြီ။ အခုဘဲ နှင်းဆီပန်းကို ၀င်ခူးမှ တော်ချေရော့မယ်”

သမိန်ပေါသွပ်သည် သူ၏ အတွေးများကို အထက်ပါအတိုင်း စာရေးသူကြားအောင် ကျယ်လောင်စွာ တွေးပြီးသောအခါ ခြံစည်းရိုးခွေးတိုးပေါက်မှနေ၍ တိုးဝင်ကာ နှင်းဆီပင်များဆီသို့ တောက်တဲ့တကောင်ကဲ့သို့ တွားသွားလေသည်။

နှင်းဆီးပင်များအနီးသို့ရောက်သောအခါ ခါးကြားတွင် ၀ှက်ယူလာသော ဓါးမြှောင်ဖြင့် အလှဆုံးနှင်းဆီပန်းများကို ရွေးကာ ခူးဖြတ်ယူလေသည်။

ထို့နောက် ပန်းများကို ဘေးနားရှိ ငှက်ပျောပင်မှ ငှက်ပျောဖက်ဖြင့် ပတ်၍ စည်းနှောင်ကာ ပြန်လှည့်မည် အပြု....

“မွေးမေလေ့....အမလေး...သေပါပြီဗျား”......ပေါသွပ်ထံမှာ နာကျင်စွာ ထွက်ပေါ်လာသော အသံပေတည်း။ ပေါသွပ်၏ ပါးပြင်ကို နှင်းဆီပင်မှ ဆူးခက်သည် ခြစ်မိသဖြင့် သွေးစို့သွားသောကြောင့်တည်း။

ပေါသွပ်သည် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသော ပါးပြင်ကို လက်ဖြင့် အသာပွတ်၍ မိမိအား ဒုက္ခပေးသော ရှင်ဂွမ်းဂွိကို တိတ်တဆိတ် ကျိန်ဆဲ၏။ ထို့ပြင် အင်မတန် နာကျည်းလှသော အသံဖြင့်.....“ အို...မိန်းမအပေါင်းတို့.....အသင်တို့သည် အဘယ့်ကြောင့် မိန်းမများ ဖြစ်နေကြရပါသနည်း” ဟု ရေရွတ်လိုက်သည်။

ဤတွင်...

“ယောက်ျားများမဟုတ်၍ မိန်းမများ ဖြစ်နေရပါသည် ငါ့ရှင်....၀ူးထွားဟားဟား”
အသံနက်ကြီးဖြင့် ရယ်သံများ ပေါ်လာကြသည်။

ပေါသွပ်ဘေးတဖက်တချက်တွင် အရိပ်မည်းကြီးနှစ်ခု ခြံရံလျက်။ ပေါသွပ်တယောက် ခိုးထုပ်ခိုးထည်ဖြင့် လက်ပူးလက်ကြပ် အဖမ်းခံရချေပြီတကား။

တယောက်က မီးတုတ်ကို ထွန်းညှိလိုက်သောအခါ ပေါသွပ်သည် လူများကို သဲသဲကွဲကွဲမြင်ရချေပြီ။ ညာဘက်တွင် အရီးလေး ဂွက်ထော်၊ ဘယ်ဘက်တွင် ဆေးဆရာ ဦးတုတ်ကြီး။

“ဟဲ့...ပေါသွပ်....ငါ့နှင်းဆီပန်းကို နင်ဘာကြောင့် လာခိုးရသလဲ...ပြောစမ်း” .....အရီးလေး ဂွက်ထော်၏ အသံ။

ပေါသွပ်လည်း ကြောက်ကြောက်ရွံ့ရွံ့ဖြင့်...“ ဟို...ဟို....ရှင်ဂွမ်းဂွိက ခူးခိုင်းလို့ပါ”...ဟု ၀န်ခံလိုက်လေသည်။

“ဘာကွ....မင်းကများ ငါ့သမီးကို ရာရာစစ၊ အနူလက်နဲ့ ရွှေခွက်နှိုက်ချင်တာလား၊ စော်စော်ကားကား။ ကဲ...ရှင်ဂွက်ထော်...ဒီကောင့်ကို ဖမ်းပြီး သူကြီးလက်ကို အပ်ရမယ်”ဟု ဦးတုတ်ကြီးက ဒေါသတကြီး ပြောလေသည်။

သို့နှင့် သမိန်ပေါသွပ်ကို နှောင်ကြိုးများဖြင့် တည်းလေသည်။ သို့ဖြင့် အားလုံး အရီးလေးဂွက်ထော်ခြံထဲက ထွက်မည်အလုပ်..... ရှင်ဂွမ်းဂွိတယောက် ခြံစည်းရိုးမှောင်ရိပ်မှ ဗြုန်းကနဲ ထွက်လာကာ....

“ဖေဖေ...ဖေဖေ၊ သွပ်သွပ်ကို မဖမ်းပါနဲ့။ ဗယ်လင်တိုင်းဒေးအတွက် သမီးအခူးခိုင်းလိုက်တာပါ၊ သမီးတို့ ချစ်ခြင်းကို မခွဲပါနဲ့ ဒက်ဒီရယ်။ သွပ်သွပ်က အလန်းလေးပါ” ဟု မျက်ရည်လည်ရွဲဖြင့် တောင်းပန်လေသည်။

ဦးတုတ်ကြီးမှာ....ရုတ်တရက် ဘာပြောရမှန်းမသိ။ အတန်ကြာမှ....

“ကြည့်စမ်း....ငါ့သမီးလေးတော်လှ အောက်မေ့နေတာ။ ယောက်မကို မြင်းစီးထွက်တယ်။ အေးလေ... သမီးတကောင်၊ နွားတထောင်ဆိုတဲ့အတိုင်း ခက်ချေပေါ့။ အေးလေ...ဘာပဲဖြစ်ဖြစ် ငါကလည်း ရှင်ဂွက်ထော်နဲ့ ရည်ငံနေပြီဆိုတော့ မင်းတို့ လူငယ်တွေကိစ္စကို နားလည်ပေးရပေမပေါ့” ....ဟု ပြောလေသည်။ ထိုအခါမှ ပေါသွပ်လည်း ဦးတုတ်ကြီးတယောက် အရီးလေးဂွက်ထော်အိမ်သို့ အချိန်မတော် ရောက်နေရခြင်း အကြောင်းရင်းကို ဇာတ်ရည်လည်သွားလေသည်။

သို့နှင့် ဗယ်လင်တိုင်းဒေး ရောက်သောအခါ ရလွတ်ပလွတ်ရွာတွင် အတွဲနှစ်တွဲ ထပ်တိုးလေသည်။ ပေါသွပ်မူကား အသွားမတော် ခြေတလှမ်းကြောင့် မရည်ရွယ်ဘဲ ရည်းစားတယောက် ရလိုက်လေသည်။

(ဗယ်လင်တိုင်းဒေး အမှတ်တရ အဖြစ် ဤသို့လျှင် ပေါက်ကရ ဇာတ်လမ်းရှော်ကြီးကို ရေးသားလိုက်ပါသည်။ ဇာတ်ကောင်အမည်များနှင့် အချို့စာသားများမှာ ကာတွန်းမောင်ဝဏ္ဏ၏ သမိန်ပေါသွပ်ကာတွန်းများမှ နာမည်များ၊ အသုံးအနှုန်းများ ဖြစ်ကြောင်း ၀န်ခံပါသည်။ အရင်နှစ်က ရေးခဲ့တဲ့ ဗယ်လင်တိုင်းဒေး အမှတ်တရ ပို့စ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။)
Read more

“တို့ခေတ်တွင်မှ...”

ပြည်ထောင်စုနေ့ရောက်ခဲ့ပေပြီ။

ငါတို့ ပြည်ထောင်စုသား တိုင်းရင်းသား ညီအကိုမောင်နှမများအားလုံး ဥမကွဲသိုက်မပျက်ဖြင့် ကာက၀လ္လိယဇာတ် (လူဆင်းရဲဇာတ်)ကို မမောတမ်းကပြလျက်ရှိကြကုန်၏။

ငါ့တို့၏ ညီညွတ်ခြင်းသည်…..
ကြောက်ရွံ့ခြင်းကို အခြေခံသော ညီညွတ်ခြင်းပေတည်း။

ငါတို့၏ ညီညွတ်ခြင်းသည်….
မတရားမှုကို ပြန်မလှန်ဝံ့ဘဲ ခေါင်းငုံ့ခံနေကြသော ညီညွတ်ခြင်းပေတည်း။

ငါတို့၏ ညီညွတ်ခြင်းသည်….
လွတ်လပ်စွာ မပြောဝံ့၍ နှုတ်ပိတ်နေကြရသော ညီညွတ်ခြင်းပေတည်း။

ငါတို့၏ ညီညွတ်ခြင်းသည်….
လွတ်လပ်စွာ မပြုမူဝံ့၍ အိမ်တွင်းပုန်းကာ အမြီးကုပ်နေရသော ညီညွတ်ခြင်းပေတည်း။

ထို့ကြောင့်.....
ငါတို့၏ ညီညွတ်ခြင်းသည်….
ပညာဉာဏ်ဖြင့်ယှဉ်သော ညီညွတ်ခြင်းမျိုးမဟုတ်။

ငါတို့၏ ညီညွတ်ခြင်းသည်….
မိမိကိုယ်ကို ယုံကြည်သော၊ အချင်းချင်း အပြန်အလှန် ယုံကြည်မှုရှိသော ညီညွတ်ခြင်းမျိုးမဟုတ်။

ငါတို့၏ ညီညွတ်ခြင်းသည်….
လွတ်လပ်သော လူမျိုးတမျိုး၏ ညီညွတ်ခြင်းမျိုးမဟုတ်။

လွန်ခဲ့သော ၆၂ နှစ်က ငါတို့အဖိုးအဖွားတို့သည် လွတ်လပ်သော လူမျိုးတမျိုးဘ၀ကို တောင့်တသည်ဖြစ်၍ ဤနေ့ဤရက်တွင်….

ပညာဉာဏ်နှင့်ယှဉ်သော ညီညွတ်ခြင်းကို ပြခဲ့ကြသည်။

မိမိကိုယ်ကို ယုံကြည်သော၊ အချင်းချင်း အပြန်အလှန်ယုံကြည်မှုရှိသော ညီညွတ်ခြင်းကို ပြခဲ့ကြသည်။

လွတ်လပ်သော လူမျိုးတမျိုး၏ ညီညွတ်ခြင်းမျိုးကို ပြသခဲ့ကြသည်။

ငါတို့သည် ငါတို့ခေတ်တွင်မှ ညံ့ကြတော့မှာလားဟု မေးခွန်းထုတ်သင့်သည်။

ငါတို့သည် ငါတို့ လွတ်လပ်မှုအတွက်၊ ငါတို့ သားစဉ်မြေးဆက် လွတ်လပ်မှုအတွက်……

ပညာဉာဏ်နှင့်ယှဉ်သော၊
မိမိကိုယ်ကို ယုံကြည်သော၊
အချင်းချင်း အပြန်အလှန်ယုံကြည်မှုရှိသော၊ လွတ်လပ်သောလူမျိုးတမျိုး၏ ညီညွတ်မှုမျိုးကို ပြသရန် အချိန်ရောက်နေပေပြီ။

ငါတို့တိုင်းပြည် လွတ်မြောက်ရေးအတွက် သင့်မှာလည်း တာဝန်ရှိသည်။ ငါ့မှာလည်း တာဝန်ရှိသည်။ ငါတို့ နိုင်ငံသားအားလုံးတွင် တန်းတူရည်တူ တာဝန်ရှိသည်။ ကိုယ့်တာဝန်ကိုယ်ကျေရန် ကြိုးစားအားထုတ်ကြပါစို့။
Read more

“ပွဲကြည့်သူများ”

ကမ္ဘာကြီးမီးလောင်လို့တဲ့။

သတင်းဟာ တောမီးလို ပြန့်နှံ့သွားတယ်။ ငါတို့တတွေ လုပ်နေဆဲ အလုပ်တွေရပ်၊ ကစားတွေရပ်၊ အသွားအလာတွေရပ်ပြီး အားလုံးလိုလို သတင်းပြသတဲ့နေရာရှေ့မှာ စုရုံးရောက်ရှိလာကြတယ်။

လူတွေ၊ လူတွေ…. ကမ္ဘာပေါ်မှာ… အော်ကြဟစ်ကြ။ ပြေးကြလွှားကြ။ မချိမဆန့်နဲ့ အပူဒဏ်ကို ခံစားရင်း လဲကျသေဆုံးနေကြ။ တချို့လည်း မြေပြင်လွှာက ပူလွန်းလို့တဲ့။ ရင်ဝယ်ပိုက်ထားတဲ့ သားကိုတောင် မြေပေါ်ချပြီး တက်နင်းနေကြ။ အလိုအလျောက် ကင်မရာက ရိုက်ကူးပြနေတဲ့ ပုံရိပ်တွေလေ။

ကံထူးလှတဲ့ ငါတို့တတွေကတော့ အင်္ဂါဂြိုဟ်မှာ ရွှေ့ပြောင်းအခြေချခဲ့လို့ နှစ်ပေါင်းများစွာ အသားကျနေခဲ့ပေါ့။ ခရမ်းလွန်ရောင်ခြည်နဲ့ အခြား အန္တရာယ်ဓါတ်ရောင်ခြည်တွေကနေ ကာကွယ်တဲ့ အမိုးအကာအောက်မှာ စုရုံး၊ နောက်ဆုံးရ ကမ္ဘာ့သတင်းတွေကို Live ကြည့်နေကြ။

ကမ္ဘာဂြိုဟ်က လူတွေရဲ့ ပူမှုကိစ္စကို စာနာလို့ ငါတို့အားလုံးပါးစပ်က စုပ်သပ်သံတွေဆိုတာ “တကျွတ်ကျွတ်” မစဲနိုင်။

ငါတို့အားလုံးပါးစပ်က ပြောင်းဖူးပေါက်ပေါက်တို့ အာလူးကြော်တို့ကို “တကြွပ်ကြွပ်” ၀ါးစားသံတွေလည်း လှိုင်လို့ပေါ့။
Read more

“အတွင်းကြေ”

“အတွင်းကြေ”
(ရေးသူ----မောင်သူ)


မွန်းကြပ်ပိတ်လှောင်နေတဲ့
တိုင်းပြည်ရဲ့ ပျိုမြစ်ခြင်းတွေဟာ
မသာလှည်းပေါ် ဒရွတ်ဆွဲတင်ခံရ
ခိုးကြောင်ခိုးဝှက်
ပြီးတော့ ရွံ့တွံ့တွံ့အမူအယာတွေနဲ့
ပစ္စက္ခဒုက္ခနွံထဲ အတွင်းကြေ ကြေနေခဲ့ရ။

မိခင်တို့ရဲ့ မျက်ရည်တွေကို
အစမ်းသပ်ခံကစားပွဲထဲ သွန်းလောင်းထည့်နေသူတွေက
သံသရာစက်ဝန်းကို မျက်ကွယ်ပြုဖို့
လီဗီယာသန့်(Leviathan)ကို အကိုးအကားပြုနေကြတော့
အသိတရားတွေဟာ ခါးသီးခဲ့ကြရပေါ့။

ရူးမိုက်မှုတွေဟာ ပြန့်ကျဲနေဆဲ
ဝရုန်းသုန်းကားအနာဂတ်ကိုလည်း နင်းချေထား
အချိန်ရဲ့ သမိုင်းအကျဉ်းကို ပြန်ကြည့်တော့
၁၈ နှစ်လို့ ပြောသူကပြော
၄၄ နှစ်လို့ ပြောသူကပြော
ကျွန်ဘ၀မှာ ပျော်ဝင်ကြပုံကတော့ အတူတူ။

ပြန်တွေးကြည့်မိ
မည်းညစ်ညစ်လမ်းမပေါ်
အသက်ဝိညာဉ်တွေ အတုံးအရုံးလဲပြိုကြတဲ့နေ့စွဲတွေကို
ကျည်ဆံ၊ ရိုင်ဖယ်၊ ခလုတ်၊ လက်ညှိုး၊ ပစ်မှတ်၊ လားရာ
နေခြည်နွေးနွေးအောက်
လျှပ်တပြက်ခြေဆန့်
နှလုံးကိုဆုတ်ဖြဲ
ဦးခွံကို ခြေမွ
လည်မျိုကိုဖောက်ထွင်း
ကျိန်စာသင့်ဝိညာဉ်တွေဟာ ရုပ်ခန္ဓာများကို ချန်ထားခဲ့။

အစုလိုက်အပြုံလိုက်အရည်ဖျော်ပစ်
ဒါကိုငြိမ်းချမ်းမှုလို့
တရားမဲ့နတ္ထိဝါဒီတွေက ကမ္ဗည်းတပ်ခဲ့။
ဒီမိစ္ဆာတွေပဲလေ
သွေးနဲ့လိမ်းခြယ်ထားပြီး
မျက်ရည်တွေနဲ့ထောက်ကိုင်ထားတဲ့
အလံတော်ကို
အစိတ်စိတ်အမွှာမွှာဆွဲဖြဲပစ်ခဲ့ကြတာ။

ဂုဏ်ဒြပ်မြင့်မားသူတွေကတော့
ဓမ္မကိုလက်ကိုင်ထားနေဆဲ
အနိဋ္ဌာရုံလေထုထဲ
တစစီပြန့်ကျဲနေတဲ့
နစ်နာချက်တွေကို သယ်ဆောင်ရင်း
မျှော်လင့်ချက်အရုဏ်ဦးဆီ
တရွေ့ရွေ့ခရီးဆက်နေကြပေါ့။

ဂေါ့ဒေါ့(Godot)ကို စောင့်နေကြသလိုမဟုတ်
လူ့အရိုင်းအစိုင်းတွေကို စောင့်နေသလိုမဟုတ်၊
ပကတိပုံဆောင်ခဲကို
မိခင်တိုင်းပြည်ရဲ့ အိပ်ဆောင်ပုခက်ထဲ
ချော့မြူသိပ်ဖို့
ဒုက္ခိတမြေလွှာကို
လွတ်မြောက်ခြင်းမြက်ခင်းပြင်နဲ့ စပ်ယှက်ဖို့နဲ့
အငွေ့ပျံသွားကြရသူများရဲ့ သစ္စာတရားကို
မျှဝေခံစားနိုင်ကြဖို့လေ။

ရေးသူ-----မောင်သူ။

(လွန်ခဲ့သော ၂ နှစ်ကျော်ကာလ အိုးဝေစင်္ကာပူ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ဖူးသော မောင်သူ၏ အတွင်းကြေ ကဗျာကို ပြန်လည် မျှဝေပါသည်။)

Read more

“စီးပလေစေ..ချစ်သူရေ..”

ကျနော်သည် အတွေးခေါင်တတ်သူဖြစ်ပါသည်။ တလွဲတွေးစရာများ ကြုံလျှင် မပျက်မကွက် တလွဲတချော် တွေးတတ်သူဖြစ်သည်။

မြန်မာစကားတွင် “ကသုတ်ကယက်၊ သုတ်သုတ်လာ၊ သုတ်သုတ်စား၊ ခြေကုန်သုတ်” ဟူသော အသုံးအနှုန်းများရှိရာ မောင်သာရ၏ ၀တ္ထုစာအုပ် နာမည်ကို “စီးပလေစေ... မောင်မသုတ်နဲ့” ဟု မြင်လိုက်ရသောအခါ အောက်ပါအတိုင်း အတွေးချော်ပါလေတော့သည်။

ဧကန္တ...မောင်သာရ၏ ၀တ္ထုသည် မြင်းတကောင်အကြောင်းကို ရေးထားခြင်းဖြစ်ရပေမည်။ “သင်၏ ကျောကုန်းပေါ်တွင် သင်၏သခင် (မြင်းစီးသူ)က အဘယ်မျှပင် တက်စီးပါစေ (စီးပလေစေ)၊ သင်ကား(အမောင်ကား) ခြေကုန်မသုတ်ပါလင့်” ဟူ၍ ဆိုလိုခြင်း ဖြစ်မည်ဟု တလွဲတွေးပါလေတော့သည်။

နောက်တော့မှ....

“ခါးပုံကို မောင်ဖြုတ်လို့
ရော့... သုတ်တော့ပေး။
စီးပလေ မောင်မသုတ်နဲ့
တုတ်တုတ်ကျချွေး”

....ဆိုသော မြန်မာကဗျာလေးကို ဖတ်မိသည့်အခါတွင်မှ မိမိ၏ အတွေးချော်ပုံကို မိမိဘာသာ ရယ်မောရပေတော့သည်။

နောက်ထပ် အတွေးလွဲသော စကားတခုမှာ... “ဆိတ်ဆိတ်နေခြင်းသည် ထောင်တန်၏” ဆိုသော စကား။ ဤသည်ကို ကျနော် တလွဲတွေးခဲ့ပုံမှာ စကားမပြောပဲ ငြိမ်သက်နေခြင်းသည် ထောင်တန်းကျလောက်အောင် (ထောင်ထဲ ၀င်ရလောက်အောင်) အပြစ်ထိုက်တန်ပေသည်ဟု တလွဲတွေး၏။ သို့သော် “မိန်းကလေးများကို လက်သည်းဖြင့် လိုက်၍ ဆိတ်ဆိတ်နေခြင်းသည် အချုပ်ထောင်နဲ့သာ တန်သော အမှုဖြစ်သည်” ဟု တွေးတောမိသည်အထိ အတွေးမခေါင်သေးသည်မှာ တော်ပေသေး၏။

တဖန်...ယခုဤစာကိုရေးနေချိန်အထိ သဲသဲကွဲကွဲ မသိသေးသော စကားအချို့မှာ “လူမိုက်နောက်မှ အကြံရ” နှင့် “ခွေးဖြူတောမတိုး” ဆိုသော စကားများ ဖြစ်သည်။

“လူမိုက်နောက်မှ အကြံရ” ဟူသည် လူမိုက်ထက်နောက်ကျပြီးမှ အကြံရခြင်းကို ဆိုလိုခြင်းပေလော (သို့မဟုတ်) လူမိုက်ဟူသည် နောက်မှ အကြံရတတ်ပေသည်ဟု ဆိုလိုခြင်းလော၊ ကျွန်ုပ်မသဲကွဲသေးပါ။

“ခွေးဖြူတောမတိုး” ဟူသည် ခွေးတကောင်အနေဖြင့် ဖြူတောထဲသို့ မတိုးခြင်းလော၊ သို့တည်းမဟုတ် ခွေးဖြူတို့မည်သည် တောမတိုးဝံ့ဟု ဆိုလိုခြင်းလော ကျွန်ုပ်မသဲကွဲသေး။

ဤသို့ဖြစ်ရသည်မှာ မြန်မာစကား၏ အဖြတ်အတောက် အရေးပါပုံကြောင့် ဖြစ်ရချေမည်ဟု ကျနော်တွေးမိပါသည်။

ငယ်ငယ်က စာတပုဒ်ထဲတွင် ဖတ်ဖူးသည်မှာ.....“ဆရာမလာတို့တော့ပျော်သည်” ဆိုသော စာကြောင်းကို သုံးမျိုးသုံးစား ဖတ်၍ ရပုံဖြစ်သည်။

(က) “ဆရာ မလာ တို့(ဒို့)တော့ပျော်သည်”.... ဆရာဖြစ်သူ မလာသည့်အခါ ကျွန်ုပ်တို့ ပျော်သည်ဟု အဓိပ္ပါယ်ရသည်။

(ခ) “ဆရာမ,လာ တို့တော့ပျော်သည်”.... ဆရာမ ဖြစ်သူ လာသောအခါ ကျွန်ုပ်တို့ ပျော်သည်ဟု အဓိပ္ပါယ်ရသည်။

(ဂ) “ဆရာမ လာတို့တော့ ပျော်သည်”.... ဆရာမ ဖြစ်သူက လက်ဖြင့်လာရောက် တို့ထိသောအခါ ပျော်သည်ဟု အဓိပ္ပါယ်ရသည်။

အချို့သော မြန်မာဆိုရိုးစကားများကို ရှေ့နောက် ကပ်ထားပြီး တလွဲလော့ဂျစ်များဖြင့် လျှောက်တွေးသောအခါ ရယ်ရွှင်ဖွယ်အဓိပ္ပါယ်များ ဖြစ်လာသည်ကိုလည်း တွေ့ရသည်။

ပေါက်တတ်ကရ စဉ်းစားရသည်ကို ၀ါသနာပါသော ကျွန်ုပ်၏ ပေါက်ကရတွေးလုံးများကို အောက်တွင် ရှုပါ။


သူ့ဆန်စားရဲမှ။
ရဲသော်မသေ၊ သေသော်ငရဲမလား။

ထို့ကြောင့် သူဆန်စားပြီး သေသော် ငရဲမလား။


ဆိတ်ဆိတ်နေခြင်းဟာ ထောင်တန်တယ်။
ထောင်တန်တဲ့စကား ရယ်လျှင်ပေါ့၏။

ထို့ကြောင့် ဆိတ်ဆိတ်နေခြင်းသည် ရယ်လျှင်ပေါ့၏။


ဟောင်လွန်းသည့်ခွေး လူမလေး။
လူမလေး ခွေးမခန့်။

ထို့ကြောင့် ဟောင်လွန်းသည့်ခွေး ခွေးမခန့်။


ပထမအရွယ်မှာ ပညာရှာ။
ပညာရှာ ပမာသူဖုန်းစား။

ထို့ကြောင့် လူတိုင်းသည် ပထမအရွယ်မှာ သူဖုန်းစားပမာပင်တည်း။


ဖင်မနိုင်ပဲနှင့် ပဲကြီးဟင်းစားချင်သည်။
ပဲဟင်းကို ရှုတ်ချင်၏၊ နှုတ်ခမ်းမွှေးအနှုတ်ခံဝံ့ မခံဝံ့။

ထို့ကြောင့် ဖင်မနိုင်သူများ နှုတ်ခမ်းမွှေးအနှုတ်ခံဝံ့မခံဝံ့။
Read more

“မတူမတန်”

ကုက္ကိုဂွရွာအရောက် လမ်းဘေးထမင်းဆိုင်ကလေးဘေးမှာ အဝေးပြေးကားကို ထိုးရပ်လိုက်တော့(အိပ်ငိုက်ရင်းလိုက်ပါလာတဲ့) ကျနော့်စိတ်ထဲမှာ နည်းနည်းတော့ ထူးဆန်းသွားတယ်။ ပုံမှန်အတိုင်းဆိုရင် တောင်တွင်းကြီးရောက်မှ နေ့လည်စာ စားကြရမှာ မဟုတ်ပါလား။

ဒါပေမယ့် ဘာကြောင့်ဆိုတာ သိပ်ကြာကြာ မစဉ်းစားလိုက်ရပါဘူး။ ကားသမားက ကျနော့်ရှေ့ နှစ်ခုံကျော်မှာ ပါလာတဲ့ ဘုန်းကြီးသုံးပါးကို လှည့်ကြည့်လိုက်ပြီး…

အရှင်ဘုရားတို့ မွန်းမလွဲခင် ဆွမ်းဘုန်းပေးလို့ရအောင် တပည့်တော် ကုက္ကိုဂွမှာပဲ ရပ်လိုက်ပါတယ်။ ဘုန်းဘုန်းတို့ ကားပေါ်မှာ ပါလာတာကို သတိမထားလိုက်မိလို့ အောင်လံမှာ မရပ်ခဲ့လိုက်ရဘူးဘုရာ့။ အဲဒီအတွက် တပည့်တော် တောင်းပန်ပါတယ်ဘုရား။ အခု အရှင်ဘုရားတို့ ကားပေါ်ကဆင်းပြီး ဆွမ်းဘုန်းပေးလို့ ရပါပြီ။” လို့ လျှောက်ထားလိုက်တယ်။

တဆက်တည်းမှာပဲ တကားလုံးကြားအောင် ကားသမားက အသံမြှင့်လိုက်ပြီးတော့... “ခရီးသည်များခင်ဗျား။ ကုက္ကိုဂွမှာ အားလုံး နေ့လည်စာ သုံးဆောင်ကြပါမယ်။ နောက်ထပ် တနာရီကြာရင် ကားပြန်ထွက်ပါမယ်” လို့ အော်လိုက်တယ်။

ထွက်ပေါက်နဲ့ နီးတဲ့ ခရီးသည်တွေက ကားပေါ်က စပြီး ဆင်းကုန်ကြတယ်။ ကျနော်လည်း ထိုင်ခုံက ထပြီး ဆင်းတော့မယ်အလုပ်မှာ ဦးဇင်းတွေဆီက အသံထွက်လာတယ်။ ကားသမားကို လှမ်းပြောတဲ့ အသံတွေပါ။

ဒီမယ်…. ဒကာကြီး။ ကားပေါ်မှာ သံဃာတွေ ပါလာတာကို ဒကာကြီးအနေနဲ့ သတိမထားမိစရာလားဗျ။ ဖြစ်သင့်တာက အောင်လံမှာ ရပ်ပေးရမှာ။ အခုတော့ ကုက္ကိုဂွမှာ မတူမတန် ဘုန်းပေးရမယ်။ ဒကာကြီး လုပ်ပုံ လုံးဝမဟုတ်သေးဘူး

အဲသည်မှာ ကားသမားက တကြိမ်ထပ်ပြီး တောင်းပန်ပြန်ပါတယ်။

တပည့်တော် တကယ်ပဲ သတိမထားမိလိုက်လို့ပါဘုရား။ တပည့်တော်အမှားပါ။ အခု သတိထားမိတာနဲ့ ချက်ချင်းဆိုသလို ကုက္ကိုဂွမှာ ရပ်လိုက်တာပါ။ တောင်တွင်းကြီးအထိ ဆက်မောင်းရင် မွန်းလွဲသွားပြီး ဘုန်းဘုန်းတို့ ဆွမ်းမစားလိုက်ရမှာစိုးလို့ပါဘုရား

ဒါပေမယ့် ဦးဇင်းသုံးပါးက ကျေနပ်ပုံမပေါ်ဘူး။ အောင်လံမှာ ရပ်မပေးခဲ့ကတည်းက စိတ်အချဉ်ပေါက်နေဟန်တူရဲ့။ သူတို့ရဲ့ ဒေါသတွေဟာ ကားသမားအပေါ်မှာ စုပြုံပေါက်ကွဲနေကြဟန်ရှိတယ်။

ဒကာကြီး….ခင်ဗျားလုပ်ပုံမဟုတ်တာနဲ့ပဲ ကျုပ်တို့က မတူမတန် ဘုန်းပေးရမှာလားဗျ။ ဒီရွာက ထမင်းဆိုင်အခြေအနေကိုလည်း ကြည့်ဦး။ တကယ့်ကို မတူမတန်ဘုန်းပေးရမှာ။ ကျုပ်တို့တော့ ဒီမှာ မတူမတန် ဘုန်းမပေးနိုင်ဘူး

အဲဒီ မတူမတန်ဘုန်းမပေးနိုင်တဲ့ အကြောင်းကိုပဲ ဘုန်းကြီးသုံးပါးစလုံးက ထပ်ကာတလဲလဲ ပြောနေတော့ နောက်ဆုံးမှာ ကားသမားဟာ သည်းခံနိုင်စွမ်း ကုန်သွားတယ်ထင်ပါရဲ့။

အရှင်ဘုရားတို့ မကျေနပ်လည်း မတတ်နိုင်တော့ဘူးဘုရား။ တပည့်တော် အစွမ်းကုန် ရှင်းပြ တောင်းပန်ပြီးသွားပြီ။ ဆင်းမစားတာတော့ ကိုယ်တော်တို့ သဘော။ နောက်ပြီးတော့ တပည့်တော်က ဗုဒ္ဓဘာသာလည်းမဟုတ်ဘူးဘုရား။ တပည့်တော်က ခရစ်ယာန်” လို့ ဘုကလန့် ပြောပြီး ကားပေါ်ကနေ ဆင်းသွားတယ်။

အဲသည်အချိန်မှာပဲ ကျနော်လည်း ကားပေါ်က ဆင်းခဲ့တယ်။ ဒါတောင် နောက်ဖက်ဆီက ဦးဇင်းတပါးရဲ့ ဒေါသတကြီး အော်ပြောလိုက်သံကို ကြားလိုက်ရသေးတယ်။

ခင်ဗျားဘာသာ ဘယ်ဘာသာဝင်ဖြစ်ဖြစ် ကျုပ်တို့ စိတ်မ၀င်စားဘူး” တဲ့။

အဲသည်နေ့က ကုက္ကိုဂွထမင်းဆိုင်လေးမှာ ခရီးသည်တွေ ထမင်းစားကြတုန်း ဘုန်းကြီးသုံးပါးကတော့ ကားပေါ်မှာပဲ ထိုင်ကျန်ရစ်ခဲ့တာကို တွေ့ခဲ့ရတယ်။ ကျနော့်စိတ်ထဲမှာ အဲသည်ဘုန်းကြီးသုံးပါးကို စားစရာတခုခု ကပ်လှူချင်တဲ့ ဆန္ဒ လုံးဝ မဖြစ်ပေါ်ခဲ့ဘူးဆိုတာ ၀န်ခံပါတယ်။

ဗျာ....ကျနော်လား။ ကျနော်လည်း အဲဒီကုက္ကိုဂွထမင်းဆိုင်ကလေးမှာပဲ မတူမတန် နေ့လည်စာ သုံးဆောင်ခဲ့ရတာပေါ့ခင်ဗျာ။

(၀န်ခံချက်။..........။ရွာနာမည်ကို အတိအကျ မမှတ်မိတော့၍ ကုက္ကိုဂွဟု ရေးထားပါသည်။)
Read more

“ပ်ားကေလး ဂမ္ဘာရီ”

မြန်မာပြည်နဲ့ ကုလသမဂ္ဂအကြား ကူးချည်သန်းချည် ပျားပန်းခတ်မျှ အလုပ်ရှုပ်နေရှာသော မစ္စတာ ဂမ်ဘာရီတယောက်တော့ မြန်မာပြည်ကို ၇ ကြိမ်မြောက် လာလည်ကာ ပြန်သွားပြန်ချေပြီတမုံ့။

ဘာကြောင့်မှန်းတော့မသိ။ “ပန်းရည်ဘဏ်တိုက်” သီချင်းမှ သီချင်းစာသားကလေးများသည် ကျွန်ုပ်စိတ်ထဲသို့ အောက်ပါအတိုင်း မြူးကြွစွာ ခုန်ပေါက်ဝင်ရောက်လာလေတော့သည်။

အပြန်…. အပြန်….အပြန်လားဟေ့……
အသွား…အသွား…အသွားပါဗျိုး…
အပြန်…. အပြန်….အပြန်လားဟေ့……
အသွား…အသွား…အသွားပါဗျိုး…
ခေါက်တုန့်လူးလာ….ကူးကာသယ်ပို့ကြုံ…..

ချီလေတဲ့…ချီလေ…..
တောင်တန်းတွေ ကျော်ကာသန်း…ပျံသန်းကြပါကုန်…..
အိုဘယ့်ပျားငယ်…ပျားသူငယ်ရယ်…….
မိုးလေသာခိုက်….. သယ်ယူလိုက်ပါ့….ပန်းရည်ဘဏ်တိုက်ဖွင့်ကြပါလေကုန်….
Read more

“ယိုကျလာသော အတွေးစများ”

ယိုသူမရှက် မြင်သူရှက်” တဲ့။

ဧကန္တတော့ တစုံတယောက်သည် လူမြင်ကွင်းတွင် ချေးထိုင်ပါခဲ့ဟန် တူသည်။

ဘာပဲဖြစ်ဖြစ် ဤဆိုရိုးစကားကိုကြည့်လျှင် မြန်မာလူ့အသိုင်းအ၀ိုင်းသည် လူမြင်ကွင်းတွင် ချေးယိုခြင်းကို ရှက်စရာဟု ယေဘုယျသဘော ယူဆလက်ခံထားကြောင်း သိနိုင်ပေသည်။

ရှေးအခါက နာမည်ကြီး ရဟန်းစာဆိုတဦး (ဘယ်သူလဲ???) ငယ်စဉ်ဘ၀ ဆွမ်းခံကြွရင်း မအောင့်နိုင်သဖြင့် လမ်းတွင်ပင် ထိုင်၍ မစင်စွန့်သည်ဆို၏။ မစင်စွန့်စဉ်အတောအတွင်း သပိတ်ကို ဦးခေါင်းတွင် စွပ်ထားလိုက်သေးသည်ဟူ၏။ အကြောင်းကို မေးသောအခါ “ဖင်က ရှက်တာမဟုတ်ဘူး။ ရှက်တာက မျက်နှာ။ မျက်နှာကို ကွယ်ထားလိုက်ရင် ရှက်စရာမလိုတော့ဘူး” အကြောင်းပြသည် ဟူသတတ်။ (သူ့အကြောင်းပြချက်နဲ့ သူတော့ ဟုတ်လို့ပ။)

သို့သော် သူ့အကြောင်းပြချက် ခိုင်လုံသလောဟူသည်မှာ စဉ်းစားစရာ ဖြစ်လာပြန်သည်။ အဘယ့်ကြောင့်ဆိုသော် ပွင့်ဖြူမြို့နယ် ကျောင်းတော်ဘုရား ၀န်းကျင်တွင် လည်ပေါ်အိမ်သာ အများအပြားရှိသောကြောင့်ပင်။ လည်ပေါ်အိမ်သာဟူသည် ခေါင်မိုးမရှိသော အိမ်သာ။ အိမ်သာထဲတွင် လူဝင်ထိုင်လိုက်ပါက အောက်ပိုင်းလုံခြုံသော်လည်း ပုခုံး လည်ပင်းနှင့် ဦးခေါင်းတို့မှာ အိမ်သာ အပေါ်ပိုင်း လူမြင်ကွင်းတွင် ပြူထွက်နေပေသည်။ ရုတ်တရက်ကြည့်လိုက်လျှင် စိန်ဗေဒါကြီး ပတ်ဝိုင်းထဲဝင်၍ လက်စွမ်းပြနေသလိုလို။

ကျနော်တို့မှာ ထိုအိမ်သာမျိုးနှင့် အသားမကျလှသော်လည်း ကျောင်းတော်ရာသူ၊ ကျောင်းတော်ရာသားတို့အတွက်ကား သည်ကိစ္စသည် ဖြစ်ရိုးဖြစ်စဉ်မျှသာ။ နေ့စဉ်နှင့်အမျှ အိမ်သာတက်ရင်း ခေါင်းကလေးတွေ ကိုယ်စီဖော်က အိမ်သာတက်နေသူအချင်းချင်း နှုတ်ဆက်စကားဆိုခြင်း၊ အလာပ သလာပ စကားပြောခြင်း၊ အတင်းတုပ်ခြင်းတို့ကို ပြုကြလေသည်။ ဤနေရာတွင် အထက်ကပြောခဲ့သည့် ကိုရင်ကြီး၏ “မျက်နှာက ရှက်သည်” ဆိုသော စကားမှာ မမှန်ကြောင်းကို တွေ့ရသည်။ သို့ရာတွင် အောက်ပိုင်းလုံခြုံနေသဖြင့် မျက်နှာက မရှက်လေသလောဟု ထပ်မံတွေးတောစရာရှိပေ၏။

တဖန် တီဇက်အေ၏ ပို့စ်တခု၌ အာရှသားကျောင်းသားတယောက်သည် ဂျာမဏီပြည်တွင် အိမ်သာတက်နေစဉ် အိမ်ရှင့်သမီးသည် ရေချိုးခန်းထဲဝင်လာကာ ၀တ်လစ်စလစ်ဖြင့် ရေချိုးသည် ဟူ၏။ ထိုအာရှသားမှာ အိမ်သာအိုးပေါ်၌ ညှစ်လက်စမဆုံးခင် ရှောင်ကြဉ်မပုန်းနိုင်သေး၍ ထိုင်ရမလို ထိုင်ရမလိုဖြစ်နေစဉ် ထိုမိန်းကလေး၏ မောင်ဖြစ်သူလည်း ထပ်မံဝင်ရောက်လာပြန်ကာ ၀တ်လစ်စလစ်ဖြင့် ရေအတူချိုးကြသည် ဆိုပြန်၏။ ထိုနေရာတွင် “မျက်နှာက ရှက်သည်၊ အောက်ပိုင်းက ရှက်သည်” ဆိုသော စကားများ မှန်မမှန်ကိုလည်း စဉ်းစားစရာ ဖြစ်လာပြန်သည်။

ချေးယိုခြင်း၊ အ၀တ်အစားမဲ့ခြင်း စသောကိစ္စများမှာ ရှက်သင့်သော ကိစ္စ ဟုတ်မဟုတ်ဆိုသည်ကား လူတဦးတယောက် (သို့မဟုတ်) လူ့အဖွဲ့အစည်းတခု၏ သတ်မှတ်ချက်ဖြစ်သဖြင့် တနေရာနှင့်တနေရာ မတူကွဲပြားနိုင်သော်လည်း အထက်ပါ ဖြစ်ရပ်များအပေါ် အခြေခံ၍ ကျွန်ုပ်အနေဖြင့် အတွေးစများ တသီတတန်းကြီး အချောင်ရလိုက်သည်။ ရေးစရာတွေလည်း ရလိုက်သည်။ ထိုအတွေးစများကို နားလည်နိုင်ရန်အတွက် စာရှုသူမိတ်ဆွေတို့အနေဖြင့် “လူမြင်ကွင်းတွင် ချေးပါခြင်း” သည် ရှက်စရာအမှုကိစ္စတခုအဖြစ် (သဘောတူတူ၊ မတူတူ) ယာယီ အစမ်းလက်ခံထားကြပါစို့။ (လက်မခံရင် လူမြင်ကွင်းကို ဆွဲထုတ်ပြီး အတင်းပါခိုင်းမယ်… ညှင်းညှင်း)

ပထမဦးဆုံး ကိုရင်ကြီးပြောသလို “မျက်နှာက ရှက်သည်” ဆိုသည်မှာ အချို့လူများအတွက်မှန်သည်ထင်၏။ အချို့လူများ၏ သဘာဝမှာ မိမိအမည်ရင်းဖြင့် မလုပ်ရဲသော၊ ရှက်စရာကောင်းသည်ဟု ယူဆသော အလုပ်များကို အမည်ဝှက်ဖြင့်သာဆိုလျှင် ရဲရဲကြီး လုပ်ဝံ့ကြသည်။ တနည်းပြောရလျှင် ရှက်စရာကောင်းသော အမှုကို ပြုတော့မည်ဆိုလျှင် အမည်ဝှက်ကို ဆွဲယူကာ အမည်ဝှက်၏ နောက်ကွယ်မှ ပြုမူ၊ပြောဆို၊ ရေးသားခြင်းပေတည်း။ အမည်ဝှက်ဖြင့် ပြုမူခြင်းသည် ကောင်းသည့်အမှုကို ပြုလုပ်ခြင်းဖြစ်ပါက အလွန်တရာ မွန်မြတ်လှသော်လည်း ဆိုးရွားသောအမှုကို အမည်ဝှက်နောက်ကွယ်တွင် ခိုလှုံပြီး ပြုကျင့်ပါက “ကိုရင်ကြီးတပါး ခေါင်းမှာသပိတ်စွပ်၍ လမ်းမအလယ် လူမြင်ကွင်းတွင် ချေးထိုင်ပါသည့်နှယ်” အကြည့်ရဆိုးလှပေသည်။

ဒုတိယအချက်မှာ “လည်ပေါ်အိမ်သာတက်သကဲ့သို့” အဖြစ်အပျက်တည်း။ တချို့သော လူများသည် ရှက်စရာအမှုကို ပြုနေသော်လည်း ထိုသို့ပြုနေသည့်အဖြစ်ကို မျက်စိဖြင့်တပ်အပ် မမြင်ရသရွေ့ မသိကျိုးကျင်ပြုကာ မျက်နှာပြောင်တိုက် လုပ်ဝံ့တတ်ကြပေသည်။ ဤနေရာတွင် ထိုသူတို့၏ လက်သုံးစကားမှာ “သိသာသိစေ၊ မမြင်စေနဲ့” ဟူသတည်း။

နောက်ဆုံးအချက်မှာ….. “တစုံတယောက် အိမ်သာတက်နေတုန်း အခြားတယောက်က ၀တ်လစ်စလစ်ဖြင့် ရေ၀င်ချိုးခြင်း” ကဲ့သို့ အမှုပင်တည်း။ အချို့သူများသည် လူမြင်ကွင်းတွင် မျက်နှာပြောင်ဖြင့် ချေးပါရသည်ကို မရှက်တတ်သကဲ့သို့ပင် လောကတွင် အချို့သူများသည်လည်း မကောင်းမှုကို ဆိတ်ကွယ်ရာတွင်သာမက လူမြင်ကွင်းတွင်ပါ မရှက်မကြောက်ပြုတတ်ကြပေသည်။

ဤသည်မှာ ကျွန်ုပ်၏ ဦးနှောက်မှ ယိုကျလာသော အတွေးစက်များ…အဲလေ…အတွေးစများပင်တည်း။

(မှတ်ချက်။……….။ ဤသို့ ပေါက်ကရပို့စ်ကို ရေးရကောင်းလားဟု စာဖတ်သူများ မျက်မာန်တော်ရှကြပါက ကျနော်အကောင်းစားလေး ကိုပေါအား ခွင့်လွှတ်ကြပြီး အိမ်သာအကြောင်းများကို မကြာမကြာ တခမ်းတနားရေးဖွဲ့လေ့ရှိသော ကိုဘွိုင်းဇ် အမည်ရှိ ဘလော့ဂါကိုသာ အပြစ်တင်တော်မူကြပါကုန်လော့။ ဤပို့စ်ကို ရေးရန် စေ့ဆော်သော အကြောင်းရင်းခံမှာ ဒင်း ဖြစ်ပါသည်။ ပို့စ်ကိုရေးရခြင်း အကြောင်းရင်းကို မေးတတ်လွန်းလို့ သူမမေးခင် ကြိုဖြေထားရတာ။ မှတ်ပလား..လီယိုနာဒိုဒါကိုဘွိုင်းဇ်။)
Read more

“ကောက်စိုက်မ နဲ့ ပြိုင်ဘီး”

ကျနော် ကျောင်းပြီးချိန်မှာ အလုပ်မ၀င်မီစပ်ကြား မိဘတွေရှိရာ ပွင့်ဖြူမြို့ကို ခဏတဖြုတ် အလည် ပြန်သွားခဲ့တယ်။ ရန်ကုန်မပြန်ခင်တရက်မှာ ကျနော်ကြီးပြင်းခဲ့ရတဲ့ ဇာတိချက်ကြွေ မွေးရပ်ရွာကလေးကို အလွမ်းပြေ တခေါက်လောက် သွားလည်ဘို့ ပြင်ရတယ်။

ပွင့်ဖြူကနေ ကျနော့်ရွာကို စက်ဘီးနင်းပြီးသွားမယ်ဆိုရင် ငါးနာရီလောက်ကြာတယ်။ အိမ်က စက်ဘီးတွေကလည်း အစ်မတွေ ကျောင်းဖွင့်ရက်ဆိုတော့ တစီးမှ မအားဘူး။ ဒါနဲ့ ယောက်ဖ၀မ်းကွဲရဲ့ ပြိုင်ဘီးလေးကို ခဏငှားစီးရတယ်။

ပွင့်ဖြူမြို့ကနေ လယ်ကိုင်းဖက်ထွက်တဲ့ ကားလမ်းမကြီးအတိုင်းထွက်။ ပြီးတော့ ရေပေးမြောင်းမကြီးကိုရောက်တဲ့အခါ မြောင်းဘောင်ပေါ်ကို ချိုးကွေ့လိုက်ပြီး ကျောင်းတော်ရာဘုရားရှိတဲ့ဖက်ဆီကို စက်ဘီးနင်းရတယ်။

အဲသည်အခါကျမှ ပြိုင်ဘီးလေးရဲ့ အရသာကို သိတော့တယ်။ ပြိုင်ဘီးကို အဲဒီအချိန်မတိုင်မီက ကျနော်တခါမှ မစီးဘူးပါဘူး။ ရန်ကုန်မှာ သူများတွေ စီးနေတာတော့ တွေ့မိသားပေါ့။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် စက်ဘီးကလေးပါကလား။ ကုန်းတက်ဆိုရင် ဂီယာတမျိုး၊ မြေညီဆိုရင် ဂီယာတမျိုး။ သက်တောင့်သက်သာ ရှိလှပါတကား။ ဟော…. မျက်နှာချင်းဆိုင်ရှေ့တူရူက တိုက်ခတ်လာတဲ့ လေဆန်ကို သိပ်ပူစရာမလို။ ခါးကို ထောင့်ချိုးကွေးထားတာမို့လည်း လေရဲ့ ခုခံတားဆီးမှုကို သိပ်မခံစားရ။

သည်လိုနဲ့ ပြိုင်ဘီးလေးနင်းရတဲ့ အရသာကို ကြည်နူးပြီး ကုက္ကိုပင်၊ မယ်ဇလီပင်၊ ထနောင်းပင်နဲ့ ညောင်ပင်တွေ အစီအရီပေါက်နေတဲ့ ရေမြောင်းတလျှောက် နင်းလာလိုက်တာ “၀ဲဒေါင့်” ဆိုတဲ့ ရွာနားရောက်တော့ အရှိန်ကို နည်းနည်းလျှော့ချလိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ ရေမြောင်းဘေးကပ်လျက် ညောင်ပင်အောက်မှာ ကောက်စိုက်သမတွေ ထိုင်နေကြတယ်။ သူတို့လူအုပ်ကများတော့ စက်ဘီးသွားလမ်းပေါ်ကိုတောင် လူအုပ်က ရောက်နေတယ်။

ကျနော်စက်ဘီးနင်းလာတာ မြင်တာနဲ့ ချက်ချင်းဆိုသလို သူတို့အားလုံးရဲ့ အာရုံတွေဟာ ကျနော့်အပေါ်ကျရောက်လာပြီး နီးလာတာနဲ့အမျှ သူတို့အချင်းချင်း ပြောကြတဲ့ စကားသံတွေကိုလည်း ကျနော်တဖြည်းဖြည်းနဲ့ စပြီးကြားလာရတယ်။ သူတို့ကလည်း တိုးတိုးသက်သာ ပြောကြတာမျိုးမဟုတ်။ ကျနော်မကြားကြားအောင် အသံကို တမင်မြှင့်ပြီးပြောကြတာမျိုး။

ကြည့်စမ်းပါဦးဟယ်။ ကိုယ့်ဒုက္ခကိုယ်ရှာလို့”

အေးလေ… ကုန်းကုန်းကွကွကြီး စီးရတယ်လို့။

သူ့ကိုယ်သူ အဲလိုစီးလိုက်တာနဲ့ ရုပ်ရှင်မင်းသားနဲ့တူသွားရော မှတ်နေသလားမသိ

ငါတော့…. ကြည့်လို့ကို မရဘူး။ ဘာစိတ်ကူးနဲ့များ ဒီစက်ဘီးမျိုး စီးချင်ရလဲမသိဘူး

သောက်ရူးထတာပေါ့အေ....”

တယောက်တပေါက် ပြောနေကြတဲ့ အဲဒီအသံတွေကို မသိကျိုးကျင်ပြုပြီး ကျနော်လည်း သူတို့အနားက ဖြတ်ကျော်ဖို့ ကြိုးစားတယ်။ စက်ဘီးလမ်းပေါ်ထိုင်နေတဲ့ သူတို့နဲ့ လွတ်အောင် ကျနော်က လမ်းနည်းနည်းကြမ်းတဲ့ဘက်က ကွေ့ဝိုက်ရှောင်ပြီး နင်းရတယ်။ အဲသည်မှာ ညောင်မြစ်ကို တက်နင်းမိတာပါဘဲ။

ကျနော့်စက်ဘီး လဲကျမသွားပါဘူး။ ဒါပေမယ့် ညောင်မြစ်က ရှေ့ကကန့်လန့်ခံနေတာဆိုတော့ လမ်းမပေါ်မှာ အုတ်ခဲကို နင်းမိသလို စက်ဘီးရှေ့ဘီးနဲ့ နောက်ဘီးက ခုန်ပြီး တချက်ချင်းစီ ဒုတ်ကနဲ၊ ဒုတ်ကနဲ လမ်းပေါ်ကို ဆောင့်မိတာပေါ့။

အဲဒီအချိန်မှာ ကောက်စိုက်မ အုပ်စုဆီက သံပြိုင်နီးပါးထွက်လာတဲ့ အသံတွေကို ကြားဖြစ်အောင် ကြားလိုက်ရသေးတယ်။

ကောင်းတယ်၊ ၀မ်းသာတယ်၊ လုံးဝ မသနားဘူး။”………..တဲ့။
Read more

“ရေလယ်ခေါင် သောင်ထွန်း....”

လက်ဖက်စိုစား
သနပ်ခါးခြယ်
လွယ်အိတ်လွယ်
ဒါ...ကမ္ဘာမှာ မြန်မာပဲ လုပ်တာ
.............တဲ့။

၁၉၈၀-၉၅ ခုနှစ်များဆီတ၀ိုက်ထုတ်ဝေတဲ့ မြန်မာမဂ္ဂဇင်းတွေထဲက တခုမှာ ကဗျာဆရာတယောက်ရေးထားတဲ့ ကဗျာလေးပါ။

ဖတ်ကြည့်တော့ ဟုတ်သလိုလိုရှိသား။ ဒီလိုနဲ့ ကျနော့်ရင်ထဲမှာ ဒီကဗျာလေး နှစ်ပေါင်းများစွာ ကိန်းအောင်းလာခဲ့တာ ရာစီနား နဲ့တွေ့မှ ပွဲသိမ်းတော့တာကိုး။

ရာစီနားဆိုတာက စင်္ကာပူနိုင်ငံ ကော်မွန်းဝဲ့လ်သ် ဆိုတဲ့ ရပ်ကွက်မှာ ကျနော်တို့လင်မယား အိမ်ငှားနေတုန်းက အိမ်ရှင် မလေး (Malay) အမျိုးသမီး။ ရာစီနား သနပ်ခါးကြိုက်ပုံကတော့ တီဗီဖန်သားပြင်ပေါ်မှာ မြင်ရတဲ့ စိုးနန္ဒာထွန်းတို့၊ ထက်ထက်မိုးဦးတို့ ရှုံးသွားမယ်။

သိရသလောက် မလေးရှားက မလေးအမျိုးသမီးတွေလည်း သနပ်ခါးလိမ်းကြသဗျား။ ကျနော်တို့လိုပဲ ကျောက်ပျဉ်မှာ သွေးပြီး လိမ်းကြတာပေါ့။ အခုနောက်ပိုင်းမှာ သိပ်ခေတ်မစားတော့ပေမယ့် မလေးရှားရဲ့ တောဖက်ဒေသတွေ ချောင်ကျတဲ့နေရာတွေမှာ လိမ်းကြတုန်းခင်ဗျ။ ကျောက်ပျဉ်ကို စကားထာဝှက်ရင် “ရေလယ်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း”....တဲ့။

ကျနော်ငယ်ငယ်က အစ်မတွေကြားမှာ အငယ်ဆုံးမောင်လေးဆိုတော့ သနပ်ခါးတွေ မှုန်နေအောင်လိမ်းပေးခံရပြီး ကြက်တောင်စည်း၊ ဂါဝန်လေးနဲ့ မိန်းကလေးလို ပြင်ဆင်ပေးခံခဲ့ရတာကို ရေးရေးလေး မှတ်မိနေတယ်။

နောက်ပိုင်း အလယ်တန်းကျောင်းသားဘ၀မှာ သနပ်ခါးလိမ်းရမှာကို ရှက်လာတယ်။ ဒါပေမယ့် အထက်တန်းရောက်ပြန်တော့ မျက်နှာဝက်ခြံတွေပေါက်လာတာနဲ့ အိပ်ကာနီး တခါတလေ သနပ်ခါးလိမ်းတတ်သေးတယ်။

ဆယ်တန်းတုန်းက ကျနော့်သူငယ်ချင်း ကျော်ခင်ဆိုတဲ့အကောင် ကျောင်းလာတက်ရင် မျက်နှာပေါ်မှာ သနပ်ခါးတွေဆိုတာ ကျားနေတာပဲ။ သူ့ရဲ့ လင်ပန်းဝိုင်းလောက်ရှိတဲ့ မျက်နှာကြီးပေါ်မှာ ပါးကွက်ကြီးတွေသာမက နှာတံကလည်း အထင်းသား၊ နဖူးတည့်တည့်မှာလည်း ဗယာကြော်လောက် အရွယ်အစားရှိတဲ့ သနပ်ခါးအ၀ိုင်းတ၀ိုင်းပါသေးတယ်။ မျက်ခုံးမွှေးနှစ်ဖက်မှာလည်း သနပ်ခါးတွေဆိုတာ ကျွဲအမြီးမှာ ရွှံ့ကပ်သလို ပျစ်ခဲနေတာပဲ။

ဒီကောင်နဲ့က စက်မှုတက္ကသိုလ်မှာ ကျောင်းပြီးတဲ့အထိ မေဂျာတူ အတန်းတူ တက်ခဲ့ကြတာဆိုတော့ ဆယ်တန်းတုန်းက တတန်းတည်း အတူတက်ခဲ့တဲ့ ကောင်မလေးတွေက ကျနော်တို့နဲ့ အပြင်မှာ တခါတရံဆုံတွေ့ရင် “ကျော်ခင်တယောက် သနပ်ခါးလိမ်းတုန်းပဲလား” လို့ အမှတ်တရ မေးယူရလောက်အောင် သနပ်ခါးကြိုက်တဲ့ ပုဂ္ဂိုလ်ပါပဲ။

မြန်မာပြည်မှာ နေတုန်းကတော့ ကျနော့်မျက်စိထဲမှာ မိန်းကလေးတွေ သနပ်ခါးလိမ်းထားတာကို လှတယ်လို့ ခံစားမိတယ်။ မိန်းကလေးတွေဆီက သနပ်ခါးနံ့လေးသင်းနေတာကိုလည်း သဘောကျတယ်။

သီချင်းဆိုရင်လည်း “ရွှေဘိုသနပ်ခါးတုံးများ..ရန်ကုန်လိမ်းဖို့ယူ” တို့၊ “ညိုချောလေးရယ် ယဉ်ပါတယ်၊ ဘာကြောင့်များကွဲ့ ဖြူချင်တယ်၊ ညိုချောလေးရယ် ယဉ်ပါတယ်၊ ညိုလို့လှတဲ့ ညိုလှရယ်.....ညိုချောကို နံ့သာဖြူသတော့၊ မယ်ပပ မှိုင်လိမ့်မယ်....”တို့ စတဲ့ သီချင်းမျိုးလေးတွေကို ဆိုရ ညည်းရတာ အမော။

အခုတော့ အသက်အရွယ်တွေ ပြောင်းလဲခဲ့သလို အကြိုက်တရားတွေလည်း ပြောင်းလဲခဲ့ပြီ။ မိန်းကလေးတွေကို ပါးကွက်ကျားကြီးနဲ့ ဖြစ်စေ၊ သနပ်ခါးရေကျဲနဲ့ဖြစ်စေ မြင်ရတဲ့အခါ ကျနော့်မျက်စိထဲမှာ သိပ်လှတယ်လို့ မထင်တော့ဘူး။ ပကတိအသားအရေအတိုင်း မြင်တွေ့ရတာကို ပိုနှစ်သက်လာမိတယ်။ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေလွှမ်းမိုးတဲ့ ယဉ်ကျေးမှုအောက်မှာ အနေကြာတာမို့ ကျနော့်ရဲ့ အကြိုက်ပြောင်းသွားတာလည်း ဖြစ်နိုင်ပါ တယ်။

ဒီနေ့ဒီအချိန် ကျနော့်ရှေ့မှာ သနပ်ခါးတွေ မှုန်နေအောင်လိမ်းထားတဲ့ မိန်းကလေးတွေကို တွေ့ရင် ဘာကြောင့်ရယ်မသိ....ကွမ်းယာဆိုင်ထိုင်တဲ့ အမျိုးသမီးလေးတွေကို ပြေးသတိရမိတယ်။ ဖြစ်နိုင်တာက ကွမ်းယာဆိုင်မှာ ကွမ်းယာရောင်းတဲ့ မိန်းကလေးတွေ အများစုကလည်း ရေမိုးချိုးသန့်စင်ပြီး သနပ်ခါးကို မှုန်နေအောင် လိမ်းကြလို့ပဲ ထင်ပါရဲ့။

သနပ်ခါးနဲ့ ပတ်သက်လို့ ဂျူးရဲ့ ၀တ္ထုတို တပုဒ်ထဲမှာ ဖတ်ခဲ့ရဖူးတယ်။ သူ့ဇာတ်လိုက်ကောင်မလေးက တိုးရစ်ဂိုက် လုပ်တာလေ။ နိုင်ငံခြားသားတွေက မြန်မာမတွေ သနပ်ခါးလိမ်းတာကို မြင်တော့ “ဘာအတွက် လိမ်းတာလဲ” လို့ မေးသတဲ့။ သူ့ဇာတ်လိုက်မကလေးက “အလှအပအတွက် လိမ်းတာပေါ့” လို့ ပြန်ဖြေတဲ့အခါ နိုင်ငံခြားသားတွေက မသိမသာ နှာခေါင်းရှုံ့ကြသတဲ့။

ဖြစ်နိုင်ပါတယ်။ ကိုယ့်မျက်စိထဲမှာ လှနေပေမယ့် သူတို့မျက်စိထဲတော့ လှချင်မှ လှမှာကိုး။ နောက်တော့မှ ကောင်မလေးက ပါးနပ်သွားပြီး “ဘာအတွက် လိမ်းတာလဲ” လို့ မေးလာတဲ့အခါတိုင်း..

နင်တို့ဆီမှာ အသားလှအောင် Skin Care တွေ လိမ်းကြသလိုပဲ ဒီမှာ သနပ်ခါးကို လိမ်းကြတယ်။ မြန်မာပြည်က နေပူတော့ သနပ်ခါးက နေမလောင်အောင် ကာကွယ်ပေးတယ်။ အသားအရေကို ချောမွေ့စေတယ်။ လိမ်းထားရင် အေးအေးမြမြလေး နေလို့ကောင်းတယ်။ ၀က်ခြံတို့ တင်းတိတ်တို့ ပျောက်စေတယ်။ ဟောဒီမှာ စမ်းကြည့်ပါလား

.....ဆိုပြီး ပြောပြောဆိုဆို သနပ်ခါးသွေးထားတာကို လက်ဖျံပေါ်မှာ လိမ်းပေး၊ မွှေးခိုင်းကြည့်၊ အေးမြတဲ့အထိအတွေ့ကို လက်တွေ့ခံစားခိုင်းကြည့်မှ နိုင်ငံခြားသားတွေလည်း “သနပ်ခါးတုံးတွေ၊ ကျောက်ပျဉ်တွေ၊ သနပ်ခါးအခဲတွေ” ပါ မှာယူသွားတဲ့အထိ ဖြစ်တယ်လို့ဆိုတယ်။

စင်္ကာပူမှာလည်း မဒမ်ပေါရဲ့ မိတ်ဆွေ စလုံးမက သနပ်ခါးကျောက်ပျဉ် လိုချင်တယ်ဆိုလို့ တခါ လူကြုံနဲ့ မှာယူဘူးပါရဲ့။ အိမ်မှာ အစမ်းသွေးကြည့်လိုက်တော့ လားလား... ဘိလပ်မြေတွေ အလိပ်လိုက်ထွက်လာတယ်။ အင်း....သူဟာက ကျောက်ပျဉ်မဟုတ်...ဘိလပ်မြေပျဉ်...အင်္ဂတေပျဉ်ကြီး ဖြစ်နေတာကိုး။ မစမ်းဘဲနဲ့ ပေးလိုက်မိရင်တော့ မျက်နှာပျက်စရာပဲ။

အခုတော့ စင်္ကာပူက တီဗီကြော်ငြာတခုမှာ “သနပ်ခါး” ကို အင်္ဂလိပ်လို စာလုံးပေါင်းနဲ့ မိတ်ကပ်၊ အသားလှမိတ်ကပ်တွေ ကြော်ငြာတာ တွေ့လိုက်ရတယ်။ သနပ်ခါးယဉ်ကျေးမှုက ဒီဖက်ကို ထိုးဖောက်လာတာများလားလို့လည်း တွေးလိုက်မိတယ်။

ဘာပဲဖြစ်ဖြစ်လေ....ကျနော်ပြောချင်တာက အကြိုက်တရားဆိုတာ ပြောင်းလဲတတ်တယ်။ တရားသေမရှိဘူး။ နောက်ပြီးတော့ တယောက်နဲ့တယောက် အကြိုက်တရားဆိုတာလည်း မတူနိုင်ဘူးဆိုတာကိုပါ။
Read more

“ခွင့်လွှတ်ပါ ဂျူလီ”

ဂျူလီ ထိုသူနဲ့ ငြိနေပြီကြားတော့ ကျနော်တို့သူငယ်ချင်းတစုက အသည်းအသန်ဖျက်ဖို့ ကြိုးစားသည်။ ဘာကြောင့်လဲဆိုတော့ ထိုသူ့မှာ မိန်းမနဲ့ ကလေးရှိသည်။ ဂျူလီကလည်း ပြတ်သလိုလို၊ မပြတ်သလိုလို။

ကျောင်းအပြီးမှာ ကိုယ်စီကိုယ်ငှ အလုပ်တွေ စ၀င်ကြတော့ ဂျူလီတယောက် ထိုသူနှင့် ပြန်ဆက်နေပြန်ပြီဟူသော သတင်းကို ကြားရပြန်သည်။ သည်တော့ သူငယ်ချင်းအရင်းအချာတွေအားလုံး တရက်တွင် အင်းလျားမှာ စုပြီး ဂျူလီကို ပြင်းပြင်းထန်ထန် ဝေဖန်ကြ၊ ကြိမ်းမောင်းကြသေးသည်။ သို့သော် အမြတ်ထွက်သည်က ဂျူလီက ကျနော်တို့ကို ရှောင်တော့သည်။ သူ့လူနဲ့တော့ မပြတ်။ နောက်ဆုံးမတော့ ထိုသူက သူ့ပထမဇနီးနှင့် ကွာရှင်းလိုက်ကာ ဂျူလီနှင့် လက်ထပ်ယူလိုက်ကြသည်။

ကျနော်တို့ အများစုက ဂျူလီကို စိတ်ဆိုးသဖြင့် မခေါ်မပြောကြ။ အဆက်အသွယ် ဖြတ်ထားခဲ့ကြသည်။

အခု နှစ်တွေ ကြာခဲ့ပါပြီ။ ၁၃ နှစ်ခန့်ပင် ရှိပါပြီကော။

ထိုစဉ်က လုပ်ရပ်ကို အခုပြန်စဉ်းစားသောအခါ ကျနော်တို့၏ အမှားများကို ပြန်လည် မြင်ယောင်လာသည်။

ပထမဦးဆုံးအကြိမ် ထိုသူ့အကြောင်းကို ဂျူလီအား သတိပေးစကားပြောကြားခဲ့စဉ်ကတော့ ကျနော်တို့တွေ အမှားဟု မဆိုနိုင်။ ဒါက ရင်းနှီးသူမိတ်ဆွေအချင်းချင်း စေတနာဖြင့် သတိပေးခြင်းဖြစ်သည်။ ထောက်ပြခြင်းဟု ဆိုလိုက ဆိုနိုင်သည်။

နောက်ပိုင်းတွင် ကျနော်တို့သည် မိမိဖြစ်စေချင်သည့်အတိုင်း အသည်းအသန် ဖျက်ဖို့ ကြိုးစားသည်မှာ နည်းလမ်းမကျဟု ကျနော်ယခု စဉ်းစားမိသည်။ ကျနော်တို့သည် ဂျူလီ၏ ခံစားချက်၊ သူ့ဘ၀သူ လွတ်လပ်စွာ လျှောက်လှမ်းခွင့်တို့ကို အလေးမထားခဲ့။

သူတပါး ဘ၀ကို ကိုယ်ဖြစ်စေချင်သလို အတင်းအဓမ္မ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားမိခဲ့သည်။ စေတနာကို ဘယ်လိုပင်အကြောင်းပြသော်လည်း သည်နေရာမှာ စည်းတော့ ရှိသင့်ခဲ့သည်။ ရှက်စရာအကောင်းဆုံးအချက်မှာ ကျနော်တို့သည် ရင်းနှီးသောမိတ်ဆွေတယောက်အပေါ်တွင်ပင် တကယ်အလိုအပ်ဆုံးအချိန်၌ မိတ်ဆွေရင်းခြာများကသာ ပေးစွမ်းအပ်သော နားလည်မှု၊ စာနာမှု၊ ဖေးမမှုတို့ ပေးဖို့ ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။ ဂျူလီအား နားလည်ဖေးမဖို့ ပျက်ကွက်ခဲ့ကြသည်ပဲ။

ကျနော်တို့၏ အကြီးမားဆုံး မဟာအမှားမှာ ခွင့်မလွှတ်တတ်ခြင်းဖြစ်သည်။ ကျနော်တို့သည် ဂျူလီ၏ လုပ်ရပ်ကို ၀ိုင်းကြဉ်ရအောင် ကျနော်တို့ကိုယ်တိုင်ကရော ဘ၀မှာ တရံတဆစ်မှ အမှားမလုပ်ခဲ့ဘူးသူတွေလား။ သူတော်စင်တွေလား။ တစုံတယောက်အနေဖြင့် သူ့ဘ၀မှာ လူမှုရေးနှင့်ဆိုင်သော အမှားလုပ်ခဲ့သည်ဆိုလျှင်ပင် ကျနော်တို့သည် ထိုအမှားအတွက် မပြီးနိုင်မစီးနိုင် ဒဏ်ခတ်တတ်သူတွေလား။ မေတ္တာတရားနှင့် ဂရုဏာတရားသည် ကျနော်တို့၏ နှလုံးသားမှ ပျောက်ကွယ်မနေပေဘူးလား။

လောကကြီးမှာ လူသားတွေအဖို့ ဘ၀အမျိုးမျိုးအထွေထွေ၊ ဖြစ်ရပ်အဖုံဖုံကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။ အရာရာကို မိမိဘ၀၊ မိမိအနေအထား၊ မိမိတန်ဘိုးတွေနဲ့ တိုင်းတာနေသင့်ပါသလော။ လူတယောက်မှာ သူ့ဘ၀ကို သူ့စိတ်တိုင်းကျ ရွေးချယ်နေထိုင်ခွင့်ပင်လျှင် မရှိတော့ပြီလော။ တစုံတယောက်အား လူမှုရေးအမှားတခုအတွက် တသက်တာ ဒဏ်ခတ်ခြင်းမှာ တရားမျှတမှု ရှိပါ၏လော။

ကျနော်တို့ မှားယွင်းခဲ့ပါသည်။

နောက်တကြိမ် ဂျူလီတို့ စုံတွဲနှင့် ဆုံတွေ့ရလျှင် ကျနော်က စပြီး ပြုံးပြလိုက်ပါမည်။ ပြီးတော့ ကျနော့်အမှားအတွက် တောင်းပန်ပြီး ဂျူလီ၏မိတ်ဆွေဘ၀ကို ပြန်လည် ခံယူပါမည်။ ဂျူလီခွင့်လွှတ်တန်ကောင်းပါရဲ့။
Read more

“နိုင်သလောက်ပဲ လုပ်ကြပါဗျိုး”

ဇန်န၀ါရီလ ၁ ရက်နေ့မှာ မင်္ဂလာဆောင်သွားတဲ့ သူငယ်ချင်း (သော်နဲ့မော်)ရဲ့ အိမ်တက်အလှူကို မနေ့က သွားစားဖြစ်တယ်။ ဘုန်းတော်ကြီးတွေကို အာရုံဆွမ်းကပ်ပြီး လူတွေကိုတော့ ထုံးစံအတိုင်းနေ့လည်စာ ကျွေးတာပေါ့။

အဲသည်သူငယ်ချင်းမှာ ချစ်စရာကောင်းတဲ့ အချက်တချက်ရှိတယ်။ အခြားမဟုတ်။ မင်္ဂလာဆောင်တုန်းကလိုဘဲ၊ ရင်းနှီးသူ လူအနည်းအကျင်းကိုပဲ ရွေးပြီး ဖိတ်ကြားထားတာ။ ကျနော်တို့က (ထုံးစံအတိုင်း) အစောကြီးရောက်သွားတော့ အိမ်ရှင်သူငယ်ချင်းနဲ့အတူ ပထမဦးဆုံး စားကြရတဲ့သူတွေ။ ထမင်းဟင်းကလည်း အလျှံပယ်၊ အချိုပွဲတွေနဲ့ စကားစမြည်ပြောရင်း နေ့လည်စာစားဖြစ်ခဲ့တယ် ဆိုပါတော့။ (ငပိထောင်းက ရှယ်ပဲဗျိုး။)

စင်္ကာပူက အလှူအိမ်တွေမှာ နေ့လည်စာ သွားစားခဲ့သမျှ ပွဲတွေအနက် ကျနော်စိတ်တိုင်းအကျဆုံး ပွဲ ၂ ပွဲမှာ ဒီကနေ့ပွဲကလည်း တပွဲပါ။ ကျန်တပွဲကတော့ ကျနော့်ကျောင်းနေဖက် သူငယ်ချင်းစုံတွဲတတွဲ (ထက်နဲ့စန္ဒာ)ရဲ့ သမီးလေးမွေးနေ့ပွဲတုန်းပါ။ အဲဒီအတွက် သက်ဆိုင်ရာ သူငယ်ချင်းတွေဖြစ်တဲ့ (သော်၊မော်၊ထက်နဲ့စန္ဒာ)ကို ကျေးဇူးတင်တယ်လို့ ဒီနေရာကနေ ထပ်လောင်းပြောလိုက်ပါတယ်။

အဲဒီပွဲနှစ်ပွဲကို စိတ်တိုင်းကျသလောက် စိတ်တိုင်းမကျခဲ့ရတဲ့ အလှူပေါင်း မြောက်မြားစွာအတွက် ကျနော့်မှာ ရေးစရာလေးတွေ ပေါ်လာခဲ့ပါတယ်။

စင်္ကာပူရောက် မြန်မာလူမျိုးတွေဟာ အိမ်တက်အလှူပွဲတွေ၊ သားသမီးမွေးနေ့မင်္ဂလာအလှူပွဲတွေ လုပ်တတ်ကြပါတယ်။ များသောအားဖြင့် အိမ်မှာပဲ ကျင်းပကြတာပေါ့။

တချို့သောအလှူရှင်တွေဟာ အိမ်အနေအထားနဲ့ လုံးဝမမျှအောင် မိတ်ဆွေတွေကို အများကြီး ဖိတ်ထားတဲ့အခါ ကြွရောက်ချီးမြှင့်ကြတဲ့ ကိုရွှေဧည့်သည်အပေါင်းခမြာ စားရဘို့အရေး ကိုယ့်အလှည့်ရောက်အောင် အကြာကြီး စောင့်ကြရတော့တာပေါ့။ ကျနော်လို ဟင်းနံ့ကျွေးနံ့ရရင် ဗိုက်ဆာတတ်သူမျိုးဆိုရင် အင်မတန် ဒုက္ခရောက်ပါတယ်။

တချို့အိမ်တွေမှာဆိုရင် အိမ်အတွင်းမှာ မဆန့်လို့ အိမ်အပြင်ကို ဆိုဖာတွေ၊ ကုလားထိုင်တွေ၊ ဖင်ထိုင်ခုံအပုတွေ ထုတ်ပြီး ထိုင်စောင့်ရတယ်။ တချို့ “ဘူဖေး”လိုမျိုး ကျွေးတာဆိုရင်တော့ မစောင့်နိုင်ကြတဲ့ ဧည့်သည်တွေက ကော်ရစ်ဒါမှာ၊ ဖိနပ်ချွတ်မှာ မိုးတိုးမတ်တတ်သော်လည်းကောင်း၊ ခုံပုလေးတွေမှာထိုင်၍သော်လည်းကောင်း စားကြရတာလည်း ရှိတယ်။

ကျနော့်(တဦးတည်း)အမြင်အရဆိုရင် အဲဒီ မြင်ကွင်းတွေဟာ အင်မတန် အကျည်းတန်၊ အရုပ်ဆိုးတယ်။ (သဘောတူချင်မှ တူကြပါ။) မြန်မာလူမျိုးမဟုတ်တဲ့ ဘေးအိမ်တွေက မြင်ရင်လည်း ကိုယ့်လူမျိုးအပေါ် အထင်သေးစရာဖြစ်မယ်။

စားပွဲဝိုင်းမှာ ထိုင်စားခွင့်ရတဲ့သူတွေကလည်း နောက်လူတွေကို အားနာတဲ့အတွက် အေးအေးလူလူ မစားနိုင်ကြရှာဘူး။ တချို့ အလိုက်မသိ အကြာကြီး ထိုင်စားနေတဲ့ လူမျိုးတွေလည်း ရှိတော့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဧည့်သည်အများစုမှာ အချင်းချင်း စကားစမြည်လည်း ကောင်းကောင်း ပြောခွင့်မသာတော့ဘူး။

ဒါက နေရာအခက်အခဲကိုပဲ ပြောသေးတာ။ တချို့အလှူရှင်ကျတော့လည်း အလှူလုပ်နေပြီး ပေသီးခေါက်နေကြသေးသဗျ။ ကျွေးမွေးတဲ့နေရာမှာ နှမြောတွန့်တိုစိတ်က မပျောက်ချင်ဘူး။ စင်္ကာပူမှာ ဘုန်းဘောလအော ၀ယ်လို့ရတဲ့ ကြက်သားလိုဟာမျိုးကိုတောင် ဧည့်သည်တယောက် ကြက်သားသေးသေးတတုံးကျ တွက်ချက်ပြီး ကျွေးချင်ကြတာ။ တခါကဆို ကျနော့်မှာ ကြက်သားပေါင်တုံးသေးသေးလေးနဲ့ပဲ ပြည့်စုံလိုက်ရတယ်။ နောက်ထပ် ထပ်တောင်းတော့လည်း မလာတော့ဘူး။ ဘယ်လိုလဲဗျာ..... ဧည့်သည်တွေကို မီးဘေး၊ လေဘေးဒုက္ခသည်စခန်းမှာ ကျွေးသလို ကျွေးကြတော့မလို့လား။

အအေးဆိုလည်း ခွက်ခြင်နဲ့ တိုက်သလား အောက်မေ့ရတယ်။ အဲဒါကလည်း သိပ်တော့ မဖြစ်သင့်ဘူးဗျ။ တကယ်တော့ လူတွေအနေနဲ့ ရှားရှားပါးပါး အားလပ်ရက်ကလေးမှာ အချိန်ကို ဖဲ့ပြီး ခင်မင်မှုနဲ့ လာကြရတာ။ တချို့ဆိုရင် အခြေအနေအရပ်ရပ်ကြောင့် တက္ကစီ ငှားပြီး လာကြရတာ။ အလာကြီးလာပြီးကာမှ အစားအသောက်ကလည်း မလောက်မငှ၊ နေရာကလည်း မလောက်မငှ၊ မိတ်ဆွေသူငယ်ချင်းအချင်းချင်းလည်း အေးအေးလူလူ စကားပြောခွင့်မရဆိုတာကျတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်လေ။

တချို့ကျတော့လည်း နှမြောတွန့်တိုလို့ မဟုတ်ပေမယ့် လာဝိုင်းကူတဲ့ လူတွေရဲ့ စိတ်မထားတတ်မှုကြောင့်သော်လည်းကောင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သော်လည်းကောင်း အကွက်မစေ့ဘူး။ တချို့ဧည့်သည်တွေမှာ ဟင်းချိုမရလိုက်တာတို့၊ ဇွန်းမရှိတာတို့၊ အချိုပွဲ မစားလိုက်ရတာတို့တွေ ဖြစ်ကုန်တယ်။

တချို့ဧည့်သည်တွေမှာ ရှေ့က ရောက်နှင့်ပြီးတော့ အကြာကြီးစောင့်သော်လည်း နေရာမရနိုင်။ နောက်မှ ရောက်လာသူက ၀င်လာရင်းနဲ့ နေရာလွတ်မှာ အခန့်သား ၀င်ထိုင်သွားတာမျိုး။ အင်း....စောစောရောက်တဲ့ ဧည့်သည်ကို ခေါ်နှိပ်စက်တာနဲ့ တူမနေပေဘူးလား။

ဒါကြောင့်လည်း မွေးနေ့တွေ၊ အိမ်တက်တွေဆိုရင် ကျနော်က ကြိုမေးတတ်တယ်။ လူဘယ်နှစ်ယောက် ဖိတ်ထားသလဲပေါ့။ လူများတယ်ဆိုရင် ဘယ်လောက်ခင်ခင် မသွားတော့ဘူး။

ကျနော့်သဘောက အိမ်တက်တွေမှာ လူများများ ဖိတ်ချင်တယ်ဆိုရင်.....

(၁) စားပွဲ၊ ကုလားထိုင် အလုံအလောက် ငှားပါ။ မြန်မာတွေဟာ အခု စင်္ကာပူနေရာအနှံ့မှာ ရှိတဲ့အတွက် ကိုယ်နဲ့ တတိုက်တည်းမှာ ရှိတဲ့ မြန်မာတွေနဲ့ ရင်းနှီးရင် အကျိုးအကြောင်း ပြောပြငှားပါ။ ဒါမှမဟုတ် တနေရာရာက ပိုက်ဆံနဲ့ တနေ့တာအတွက် ငှားရမ်းပါ။

(၂) ကူလုပ်မဲ့ အိမ်သား များများစားစား မရှိရင်၊ ရင်းနှီးတဲ့ မိတ်ဆွေတွေထဲက အလှူနေ့ကျရင် လုပ်အားပေးဖို့ အကူအညီတောင်းပါ။

(၃) ကိုယ်ဘယ်လို ကျွေးချင်တာလဲဆိုတာ ဧည့်သည်တွေ မရောက်ခင်ကတည်းက (အလှူနေ့မတိုင်မီ တရက်ကတည်းက) အသေအချာ အစီအစဉ်ကို ဆွဲထားပြီး ကူညီမယ့်လူတွေကို သဘောပေါက်အောင် ပြောပြထားပါ။

(၄) ကျွေးတဲ့နေ့ကျရင် အိမ်ရှင်က အသေးစိတ် ၀င်မပါနဲ့တော့။ ဧည့်သည်တွေကို နှုတ်ဆက်နေရာချထားရမယ်။ ဧည့်ခံရမယ်။

(၅) အစားအသောက်ကို မှန်းထားတာထက် ပိုမှာယူပါ။ ပိုချက်ပါ။ ပိုရင် မိတ်ဆွေတွေကို ထုတ်ပိုးပြီး ဝေလိုက်လို့ရပါတယ်။ လိုနေရင်သာ မျက်နှာပူဖို့ ကောင်းတာပါ။

(၆) အရင်းနှီးဆုံး မိတ်ဆွေတွေကိုပဲ ရွေးဖိတ်ပါ။ သိပ်မရင်းနှီးတဲ့လူတွေကို သွားဖိတ်ပြီး ငြင်းရမှာ အားနာလို့လာရရင် လာရသူအဖို့လည်း မကောင်းသလို အိမ်ကြပ်တာပဲ အဖတ်တင်ပါမယ်။

(ရ) အိမ်က အရမ်းကျဉ်းတယ်ဆိုရင်ဖြင့် ဘုန်းကြီးကျောင်း သို့မဟုတ် အိမ်အနီးအပါးက အခမ်းအနားလုပ်လို့ရတဲ့နေရာ (void deck လိုမျိုး) မှာ အလှူကို လုပ်ပါ။ ကိုယ့်အိမ်က အခင်းအကျင်းနဲ့ ပရိဘောဂ ကို ကြွားချင်ရင် နောက်မှ မိတ်ဆွေတွေကို နည်းနည်းချင်း အလည်အပတ်ခေါ်ရင်း ကြွားပေါ့။

ကျနော်ဆိုလိုတာက အကုန်အကျများမှာစိုးလို့ဆိုရင်လည်း နိုင်သလောက်ပဲလုပ်ပါ၊ လူတရာကို မကောင်းတရောင်းကျွေးမယ့်အစား လူ ၅၀ ဆယ်ကို ကောင်းကောင်းမွန်မွန် ကျွေးလိုက်ပါ။

အဲ...... လူဘယ်နှစ်ယောက်ပဲဖြစ်ဖြစ်. နှမြောတတ်တယ်ဆိုရင်တော့ နာမည်ကောင်းလိုချင်မနေပါနဲ့တော့။ ဘုန်းကြီးလောက်ပဲ ပင့်ပြီး ဆွမ်းကပ်လိုက်တာဟာ အကောင်းဆုံးပါပဲ။

(အင်း.... ဒီပို့စ်ကို မနေနိုင်လွန်းလို့သာ ရေးလိုက်ရတာ။ စားပေါက်ပိတ်ကိန်းတော့ မြင်နေတယ်။)

ဘလော့ဖတ်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
အိမ်တက်အလှူ မင်္ဂလာယူ လာသူကိုလည်း ဧည့်ဝတ်ကျေ။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs