“တောင်ပုလုမြို့ ရာဇ၀င်”



----------------------------------------------------------------------------------------------
အသက်တရာ မနေရသော်လည်း အမှုတရာပွေရတတ်သည်ဆိုသည့် စကားအတိုင်း ဤလူ့ဘုံခန်းဝါ လူ့ပြည်ရွာကြီးတွင် ရံဖန်ရံခါ ရှားရှားပါးပါး ကြုံရလေ့ရှိတတ်သော စိတ်ဝင်စားဘွယ်အဖြစ်သနစ်များကို ကျန်ုပ်သည် ၀ါသနာအလျောက် လေ့လာ မှတ်တမ်းတင်လေ့ရှိရာ တောင်ပုလုမြို့တွင် ကျန်ုပ်နေထိုင်ခဲ့စဉ်အတွင်း ကိုယ်တိုင်တွေ့ကြုံခဲ့သော အောက်ပါ ဇာတ်လမ်းလျှော်ကြီးမှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ထင်မြင်ယူဆမိသည့်အတိုင်း နောင်လာနောက်သားတို့ ဖတ်ရှု အတုယူစိမ့်သောငှာ ဘလော့ဂ်ထက် အက္ခရာတင်ခဲ့ရပါသည်။ မယုံလျှင်လည်း ပုံပြင်ဟုသာ မှတ်ကြပါရန်။ (ပုံ- သဗ္ဗေသတ္တာကမ္မသကာ -စာရေးသူ)
...............................................................................................................
ချာရာဏသီတိုင်းပြည်၊ ကျိုင်းမတုံ့တတုံဒေသမှ ရိုးသားကြိုးစားရှာသော လူငယ်လေးနှစ်ဦးဖြစ်သည့် ဂျက်ကီသန့် နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်။ ၄င်းတို့နှစ်ဦးသည် မွေးရပ်ဇာတိမြေ၀ယ် သမာအာဇီဝနည်းဖြင့် အသက်မွေးဝမ်းကြောင်းရသည်မှာ ၀ါးလုံးခေါင်းအတွင်းသို့ နာဠာဂီရိအမည်ရှိသည့် ဆင်ပြောင်ကြီးအား အမြီးမှစ၍ အကောင်လိုက် ထည့်သွင်းရသည့်နှယ် တနေ့တခြား ခက်ခဲကျပ်တည်းကျဉ်းမြောင်း လာသည်ဖြစ်၍ မိမိတို့ရပ်ရွာကို စွန့်ကာ မြို့စားကြီး ဦးအာလူးနှင့် သားဖြစ်သူ အလကားကျော်စွာတို့ အုပ်ချုပ်မင်းလုပ်နေသော တောင်ပုလု မြို့ကို အလုပ်လုပ်ရန် ထွက်လာခဲ့လေသည်။

တောင်ပုလုမြို့ကြီးနှင့် ချာရာဏသီပြည်သည်ကား နတ်ဘုံနတ်နန်းနှင့် ငရဲခန်းတမျှ အကြီးအကျယ် ကွာခြားလွန်းလှပေစွ။ တောင်ပုလုမြို့သားတို့ နေထိုင်ရာ HDB တိုက်ခန်းတို့သည် ၀ိသကြုံနတ်သား စီမံအပ်ပေသော နတ်တို့နေထိုင်ရာ နတ်ဗိမာန်နှင့်မခြား အရောင်တဖိတ်ဖိတ် တလက်လက်။ တောင်ပုလုမြို့သားတို့ စီးနင်းရာ MRT ဆိုသော ရထားသည်လည်း သိကြားမင်းစီးနင်းရာ နတ်မြင်းတထောင်ကသည့် ဝေဇယန္တာနတ်ရထားကဲ့သို့ပင်တည်း။

နတ်ပြည်နတ်ရွာသို့ လူ့ပြည်နေရာအနှံ့မှ လူသားတို့ နတ်ဘ၀သို့ တဖွဲဖွဲ ကူးပြောင်းကာ ရောက်ရှိနေသည့်နည်းတူ ချာရာဏသီတိုင်းပြည်ဘေးပတ်ဝန်းကျင် နိုင်ငံနီးချုပ်စပ်မှ “ဘကုန်း၊ ယပက်လက်၊ အ၊ မ၊ ဖအုပ်ထုတ်” စသည့် ထူးဆန်းသော အက္ခရာ နာမည်အသီးသီးရှိသည့် တိုင်းတပါးသားတို့သည်လည်း တောင်ပုလုမြို့သို့ ၀င်လာမစဲ တသဲသဲနှင့် လာရောက်စုဆုံကြရာ တောင်ပုလုမြို့ကြီးသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် သောသောရုတ်ရုတ်၊ အုတ်အုတ်ကျက်ကျက်၊ ကြက်ပျံမကျ၊ ဓါတ်ဆီဈေး ပြန်မကျ၊ ဆန်ဈေး ပြန်မကျ၊ ကားခ ပြန်မကျ၊ အိမ်ငှားခ ပြန်မကျ စည်ကားလှပါပေသည်။

ဂျက်ကီသန့်နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်တို့သည် မူလကပင် ရိုးသားကြိုးစားသော လူငယ်များဖြစ်သည့်အားလျော်စွာ တောင်ပုလုသို့ ရောက်ပြီးမကြာမီမှာပင် အဋ္ဌာရသ ၁၈ ရပ်ကို သင်ကြားပေးရာ နိုင်ငံကျော် တက္ကသီလာကျောင်းတော်သာကြီးများမှ ပညာရင်နို့ကို အသီးသီး သောက်စို့ပြီးသကာလ ယခုအခါတွင် အလုပ်အကိုင်ကောင်းများကို ရရှိကြပြီးလျက် “လူကောင်းကိုယ့်မောင်၊ ရုံးလှဆောင်၊ ၀ အောင်စား၍၊ ခါးဝတ်တဲ့ပြင်၊ လက်ကပ်ခြေကပ် ပိုမိုမြတ်၍ အဖတ်တင်၊ အိမ်တွင်အများ၊ သံသေတ္တာနှင့် လုံစွာထား၊ ငွေသားလေးရွေး ရှိပါတယ်” ဆိုသကဲ့သို့ ငွေကြေးအတန်အသင့်ကို အသီးသီး စုဆောင်းရရှိပြီးဖြစ်လေသည်။ သို့သော် ဂျက်ကီသန့်မှာ ခြေဗွေပါသကဲ့သို့ ခရီးမကြာခဏထွက်တတ်ခြင်း၊ ကင်မရာ၊ အမ်ပီသရီး၊ နားကြပ် စသည့် နောက်ဆုံးပေါ် စက္ကောမယန္တယားကိရိယာတန်ဆာပလာများကို ၀ယ်ယူသုံးစွဲတတ်ခြင်း၊ ဘိုင်စကုပ် မလွတ်တမ်းကြည့်ခြင်း၊ အစားအသောက်ကို ခုံမင်ခြင်းတို့ကြောင်း ထင်သလောက် မစုမိသေးကြောင်း ၄င်းကိုယ်တိုင်၏ ဖွင့်ဟ ပြောဆိုမှုကြောင့် သိရှိရလေသည်။ (ထို့ကြောင့် ငွေကြေးကို မက်မော၍ လက်ထပ်လိုသော မိန်းမချောလေးများ နှစ်ကြိမ်ပြန်၍ စဉ်းစားကြပါရန်...)။

တနေ့သ၌ ညောင်ရမ်းဂွတိုဟူသော ငနဲသားတယောက်သည် ၄င်းတို့ နှစ်ဦးနှင့် တောင်ပုလုမြို့တွင် မထင်မှတ်ဘဲ ဆုံဆည်းမိလေသည်။ တွေ့သည်နှင့် တပြိုင်နက် “သူတော်ချင်းချင်း သတင်းလွေလွေ့ ပေါဖက်တွေ့” ဆိုသကဲ့သို့ အပေါဓါတ်ခံ ပါရမီရင့်သန်ပုံခြင်း တူညီကြသည်ဖြစ်ရကား ညောင်ရမ်းဂွတိုသည်လည်း ၄င်းတို့နှင့် ပေါဖော်ပေါဖက်တဦး ဖြစ်လာလေသည်။

ထို့သို့ အစစအရာရာ သာယာလှပကာ ပျော်ရွှင်ဘွယ်အတိ ပြည့်စုံနေသော ၄င်းတို့၏ ပေါကမ္ဘာကလေးထဲသို့ မည်သူမျှမမျှော်လင့်သော ကံကြမ္မာမုန်တိုင်းကြီးတခုသည် တနေ့သောအခါ ရုတ်တရက် မထင်မှတ်ဘဲ ချဉ်းနင်းတိုက်ခတ်ဝင်ရောက်လာလေသည်။

အဖြစ်အပျက်ကား ဤသို့တည်း။

ကံဆိုးမိုးမှောင်ကျခြင်း အဖြစ်သနစ်၏ မူလအကြောင်းရင်းခံမှာ တောင်ပုလုမြို့စားကြီး ဦးအာလူးနှင့် သူ၏ သားတော် အလကားကျော်စွာ တို့သည် တောင်ပုလုမြို့သားတို့ အား တင်းကြပ်စွာ ဖိနှိပ်အုပ်ချုပ်ခြင်းက စသည်။ တောင်ပုလုမြို့စား ဦးအာလူးသည် တောင်ပုလုမြို့တွင် သူသာလျှင် အတော်ဆုံး၊ သူသာလျှင် အမြော်အမြင်အရှိဆုံး၊ သူကလွဲ၍ တပါးသူသာ အုပ်ချုပ်ပါက တောင်ပုလုမြို့သည် အသူတရာနက်သော ချောက်ကမ်းပါးကြီးထဲသို့ ၀ုန်းကနဲ ပြုတ်ကျသွားတော့မည်ဟု အထင်ရောက်နေသူဖြစ်လေသည်။ သူထင်မှတ်သည့်အတိုင်း တောင်ပုလုမြို့သားတို့ စွဲထင်မှတ်စေရန်လည်း နေ့စဉ်နှင့်အမျှ ဘူတာတွင် တူမဒေးတဒေး ဟူသော ရွှေပေလွှာသတင်းစာများကို အခမဲ့ဖြန့်ဝေကာ ကြေညာမှိုင်းတိုက်ပေးစေ၏။ ၄င်း၏ အာဏာကို စိန်ခေါ်လာသူမှန်သမျှအား မွဲပြာကျ၊ နာလန်မထူနိုင်အောင် ချေမှုန်းတတ်သူ၊ နှစ်ရှည်လများ ချုပ်နှောင်တတ်သူလည်းဖြစ်၏။

ထိုသို့သော အနေအထားတွင် အောက်ပါ အဖြစ်အပျက်ကြီးသည် မလွှဲသာမရှောင်သာ ဖြစ်ပျက်ခဲ့ချေ၏။

တောင်ပုလုမြို့စားကြီး ဦးအာလူးသည်ကား ရှမ်းခေါက်ဆွဲကို အလွန်မုန်းသူဖြစ်သည်။ ရှမ်းခေါက်ဆွဲတွင် ပါဝင်သော ရှမ်းချဉ် စသည်တို့မှာ ကျန်းမာရေးနှင့် မကိုက်ညီဟု သူယူဆသည်။

သို့သော် ကျိုင်းမတုံ့တတုံ ဇာတိဖွား ဂျက်ကီသန့် နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်တို့မူကား “ရှမ်းခေါက်ဆွဲ” ဟု အသံကြားလိုက်ရသည်နှင့် အသွေးအသား၊ အကြောအချဉ်၊ ရိုးတွင်းချဉ်ဆီ၊ မြီးညှောင့်ရိုးပါမကျန် ခန္ဓာကိုယ်၏ နေရာအနှံ့မှာ တဆတ်ဆတ် တုန်တက်လာကာ နောက်ဆုံး ရှမ်းခေါက်ဆွဲကို အမှန်တကယ်စားသုံးလိုက်ရမှ နေသာထိုင်သာ ရှိသွားသည် ဟူ၏။

ထိုသို့ လူတဦးနှင့်တဦး အကြိုက်တရားချင်း မတူညီကြသောအခြေအနေတွင် ဦးအာလူးသည် ၄င်း၏ အာဏာကို အလွဲသုံးစားလုပ်ကာ တောင်ပုလုတွင် ရှမ်းခေါက်ဆွဲကို ရောင်းချခြင်း၊ ချက်ပြုတ်ခြင်း၊ စားသုံးခြင်းကို လုံးဝ ခွင့်မပြု။ ဤဥပဒေကို ချိုးဖောက်ပါက ချိုးဖောက်သူအား ခြေဖ၀ါးကို ကြက်မွှေးနှင့်ကလိကာ ဂလိထိုးသတ်စေဟု အမိန့်တော် ထုတ်ပြန်လိုက်သည်။

ဤ အမိန့်ထုတ်သည့်နေ့မျှစ၍ ဂျက်ကီသန့်နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်တို့နှစ်ဦးသည် ရှမ်းခေါက်ဆွဲကို အလွန်အမင်းအာသီသရှိကြသည်နှင့်အညီ “ဘိန်းစားဆေးပြတ်၊ ဆေးငတ်သည့်နှယ်၊ ရှမ်းခေါက်ဆွဲ၌ တပ်မက်ခြင်းတဏှာ ကြီးမားရှာသည့်အလျောက်” မျက်တွင်းဟောက်ပက်၊ အရိုးဂေါက်ဂက်နဲ့ မအိပ်နိုင် မစားနိုင် မှိုင်တွေခြင်းအဖြစ်သို့ တမုဟုတ်ခြင်း ရောက်ကြရှာ(ယောက်ျားရှာဟု မှားယွင်းမဖတ်ပါနှင့်)လေသည်။

ညောင်ရမ်းဂွတိုမူကား မူလ ချာရာဏသီပြည်တွင် ကြီးပြင်းခဲ့စဉ်က မကွေးတကွေးတိုင်းဒေသမှ လာသည်ဖြစ်သည့်အားလျော်စွာ ရှမ်းခေါက်ဆွဲအား မစားသုံးရသည့်အတွက် အထူးတလည် မထိခိုက်လှ။ သို့သော် မိမိခင်မင်သော ရောင်းရင်းနှစ်ဦး၏ ကြေကွဲစဘွယ် မရှုမလှ ဝေဒနာခံစားနေရသည့် အဖြစ်သနစ်ကို မရှုစားရက်သည့်အလျောက် “ယောင်္ကျားတို့ လုံ့လ မထုတ်ခင်ကလျှော့၊ အဲလေ...သေခါမှ လျှော့” ဟူသော ဆိုရိုးစကားအတိုင်း တောင်ပုလုမြို့စား၏ မတရားသော ဥပဒေကို မလျှော့သော လုံ့လဖြင့် ဆန့်ကျင် စိန်ခေါ်သွားမည်ဟု ဆုံးဖြတ်ချက် ချလိုက်လေသည်။

ထို့ကြောင့် တနေ့တွင် ညောင်ရမ်းဂွတိုသည် ၄င်း၏ အခြားရောင်းရင်းများဖြစ်ကြသော ရှင်ဂွမ်းဂွိ၊ ကိုပေတရာ၊ ဆေးဆရာဦးတုတ်ကြီး၊ ဗညားပိစိ စသူတို့နှင့် တိုင်ပင်ဆွေးနွေးကာ တောင်ပုလုမြို့စား၏ စံအိမ်တော်ရှေ့သို့ သွားရောက်ကြပြီး “ရှမ်းခေါက်ဆွဲစားရဘို့အရေး တို့အရေး”၊ “ပီကေ၀ါးရဘို့အရေး တို့အရေး” ဟူသော ကြွေးကြော်သံများကို လက်သီးလက်မောင်းတန်းကာ ကြွေးကြော်ကြလေသည်။

မကြာခင်မှာပင် တောင်ပုလုမြို့စား၏ မင်းချင်းများ ရောက်လာကာ ၄င်းတို့ ငါးဦးအား တရားမ၀င်စုဝေးမှုအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။

နောက်တနေ့ တောင်ပုလုမြို့ထုတ် သတင်းစာများဖြစ်သော တူမဒေးတဒေး၊ စထရိတ်မတိုင်းစ်တတိုင်းစ် သတင်းစာများတွင် ထိုအကြောင်းကို ဟိုးလေးတကြော် ရေးသားကြ၏။

“တရားမ၀င် စုဝေးခဲ့သူများအား ဥပဒေအား ချိုးဖောက်ခဲ့ခြင်း ရှိမရှိ မင်းချင်းများက ဆက်လက်စုံစမ်းနေခြင်း”
“အစွန်းရောက်သော လူတစုမှ ဆူပူလှုပ်ရှားမှု ဖြစ်အောင် ဖန်တီးခြင်း”
“တရားမ၀င် လူစုလူဝေးကြောင့် လမ်းသွားလမ်းလာများ အနှောက်အယှက်ဖြစ်ခြင်း”
........စသည့် သတင်းခေါင်းစဉ်စာလုံးမဲကြီးများနှင့်အတူ ထိုကိစ္စနှင့် ပတ်သက်သော တောင်ပုလုမြို့သားတို့၏ အမြင်များ ပါရှိလာလေသည်။ ထိုအမြင်များမှာ ဆန္ဒပြသူငါးဦးအား တောင်ပုလုမြို့သားများမှ ၀ိုင်းဝန်းပြစ်တင်ဝေဖန်ကြသော အမြင်များသာ ဖြစ်လေသည်။ ထောက်ခံသောအမြင်များကို ပြောဆိုမိသော တောင်ပုလုမြို့သားတို့အနေဖြင့်လည်း မိမိတို့၏ အတွေးအမြင်များကို သတင်းစာပေါ်တွင် ပုံနှိပ်စာလုံးအဖြစ် မြင်တွေ့ခွင့် မရလိုက်ကြရှာ။ ဤနည်းဖြင့် သတင်းစာဖတ်ရသူများအဖို့ တောင်ပုလုတမြို့လုံးက ဆန္ဒပြသူငါးဦးအား ၀ိုင်းဝန်းရှုတ်ချကြသည်ဟု မှတ်ထင်ယုံကြည်သွားကြချေတော့သည်။

ထိုမျှမက။ တောင်ပုလုမြို့စားကြီးဦးအာလူးကလည်း ကုန်သည်သူကြွယ်များနှင့် ညစာပွဲတော်တည်ခင်းရာတွင် မိန့်ခွန်းပြောကြားရာ၌ “တောင်ပုလုမြို့သည် နှပ်ချေးဖတ်မျှသာ ရှိသည်ဖြစ်၍ အခြားတိုင်းပြည်များနှင့်မတူကြောင်း၊ ဤသို့သာ ဆူပူဆန္ဒပြပွဲများ နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေပါက တိုင်းတပါးမှ ကုန်သည်သူကြွယ်ကြီးများသည် တောင်ပုလုသို့ လာရောက် ရောင်းဝယ်ဖောက်ကားကြတော့မည် မဟုတ်ဘဲ တိုင်းပြည်ဘဏ္ဍာများ ဆုံးရှုံးသောကြောင့် တိုင်းပြည်စီးပွားရေးပျက်ပြားကာ နောက်ဆုံးတွင် ချာရာဏသီပြည်အနေအထားသို့လည်းကောင်း၊ ပတ်ဝန်းကျင်နိုင်ငံများဖြစ်သော မလေးမရှားတရှားပြည်၊ ယိုးဒ မယားတယားပြည်၊ ဖိလစ် မပိုင့်တပိုင်ပြည်များကဲ့သို့လည်းကောင်း မတည်မငြိမ် မအေးမချမ်းဖြစ်ကာ ချာတူးလန်မင်းအစိုးရများ မင်းမူကြတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုသို့ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်သူများကို နောက်ထပ် ဥပဒေများ ပြဋ္ဌာန်ရေးဆွဲ၍ ယခင်ကထက်ပင် ပိုမို၍ ပြင်းပြင်းထန်ထန် အရေးယူသွားရမည်ဖြစ်ကြောင်း” လေးစားစဖွယ် တည်ငြိမ်ခန့်ညားစွာ မိန့်ကြားသွားသည်ကို တွေ့ရသည်။

ထူးဆန်းသည်မှာ ဂျက်ကီသန့်နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်တို့၏ ပေးစာများကိုလည်း သတင်းစာများ၏ ပေးစာကဏ္ဍတွင် တခမ်းတနားဖော်ပြကြခြင်းဖြစ်ပေသည်။

၎င်းတို့၏ စာများအရ “တောင်ပုလုမြို့ကြီးသည် တောင်ပုလုမြို့စားကြီး ဦးအာလူး၏ အုပ်ချုပ်မှုအောက်တွင် အင်မတန်မှ စည်ပင်ဝပြောကြောင်း၊ ထိုသို့သော စည်ပင်ဝပြောမှုအတွက် အနောက်တိုင်းမှ ဒီမိုမကရေ့တကရေစီ စနစ်ကို ပုံတူကူးချခြင်းကို လက်မခံသင့်ကြောင်း၊ လူအဖွဲ့အစည်းသာယာဝပြောမှုအတွက် လူတဦးချင်း၏ လွတ်လပ်ခွင့်ကို ရှေ့တန်းမတင်သင့်ကြောင်း၊ ရှမ်းခေါက်ဆွဲစားခွင့်မရှိပါက အီတာမလျံ့တလျံတိုင်းပြည်မှ အစားအသောက်ဖြစ်သော စပါဂက် မတီ့တတီအမည်ရှိ ခေါက်ဆွဲကို စားသောက်ပြီး အာသာပြေနိုင်ကြောင်း၊ ရှမ်းခေါက်ဆွဲကို မစားရမနေနိုင်သူများအနေဖြင့် ချာရာဏသီပြည်သို့ ပြန်လျှင်ပြန်၊ မပြန်လျှင်လည်း ရှမ်းခေါက်ဆွဲကို မပိတ်ပင်သော အခြားလွတ်လပ်သော နိုင်ငံများသို့ ထွက်ခွာသွားရန်” အကြံပေးရေးသားထားသည်ကို တွေ့ရလေသည်။

နောက်နှစ်ပတ်ခန့်ကြာသောအခါ အဆိုပါ သတင်းစာများတွင်ပင် ဆန္ဒပြသော ငါးယောက်သည် “၄င်းတို့အနေဖြင့် နိုင်ငံရေးသမားများ၏ စကားကို နားယောင်ကာ မလုပ်ဆောင်သင့်သော ဆူပူဆန္ဒပြခြင်းများကို ပြုလုပ်မိကြောင်း၊ ထို့အတွက် နောင်တရမဆုံးအောင်ဖြစ်ရကြောင်း၊ မိမိတို့လုပ်ရပ်အတွက် အနှောင့်အယှက်ဖြစ်သွားကြရှာသော လမ်းသွားလမ်းလာများကိုလည်း တောင်းပန်လိုကြောင်း၊ ထို့ပြင် မိမိတို့လုပ်ရပ်သည် မရည်ရွယ်ဘဲ တောင်ပုလုမြို့စားကြီး၏ မြူတမှုန်မျှပင် အစွန်းအထင်းမရှိသောဂုဏ်သိက္ခာကို ထိပါးစော်ကား မလေးမစားလုပ်သကဲ့သို့ ဖြစ်သွားပါက သနားခွင့်လွှတ်ပါရန် ခြွင်းချက်မရှိ တောင်းပန်ပါကြောင်း” ပါလာခဲ့လေသည်။

ဤသို့ဖြင့် အနှစ် နှစ်ဆယ်ခန့်ကြာသောအခါ တောင်ပုလုမြို့ကြီးတွင် ပီကေ မရောင်းရ၊ ရှမ်းခေါက်ဆွဲမရောင်းရ မချက်ရ၊ ထမင်းမရောင်းရ မချက်ရ၊ ရှမ်းခေါက်ဆွဲဓါတ်ပုံများကို ဘလော့ဂ်များပေါ်တွင် မဖော်ပြရ၊ လမ်းမလျှောက်ရ၊ နှပ်မညှစ်ရ၊ အီးအသံကျယ်ကျယ် မပေါက်ရ၊ နှာမချေရ၊ ချောင်းမဆိုးရ၊ ယားလျှင်မကုတ်ရ၊ မျက်စောင်းမထိုးရ၊ ကြာမပစ်ရ၊ အသက်ကို ၀၀ မရှုရ စသည့် ထူးဆန်းသော ဥပဒေများ တစထက် တစ များပြား၍ လာပေသည်။ သို့သော် တောင်ပုလုမြို့ကြီးကား သားတော် မြို့စားမင်းအလကားကျော်စွာ၏ အမြော်အမြင်ကြီးသော စီမံအုပ်ချုပ်မှုအောက်တွင် ကြက်ပျံမကျ စည်ကားလျက်ပင်။
Read more

“သနားတယ်ဆိုတာ လွယ်ပါတယ်”

ပြီးခဲ့တဲ့နှစ် ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာတုန်းက ပြည်ပရောက် မြန်မာတွေ အကြားမှာ နိုင်ငံရေး နိုးကြားမှုတွေ ဒီရေအလား တရှိန်တိုး ထိုးတက်၊ ပြီး သံဃာတော်တွေကို ကြည်ညိုတဲ့စိတ်ပါ ထပ်ဆောင်းလိုက်တော့ အလှူငွေတွေ ဆိုတာလည်း လှူဒါန်းလိုက်ကြတာ ဒလဟော။ တခါ နအဖက ပစ်ခတ်နှိမ်နင်းလို့ ရဟန်းရှင်လူပြည်သူတွေ သွေးမြေကျပြန် တော့လည်း ၀တ်ပြုဆုတောင်းပွဲတွေဆိုတာ ကမ္ဘာအနှံ့တခြိမ်းခြိမ်း။ အားရစရာကြီးပေါ့ဗျာ။

ဒါပေမယ့် ၀မ်းနည်းစရာက အဲဒီ အင်တိုက်အားတိုက် ထောက်ခံမှုတွေ၊ သဒ္ဒါတရား ထက်သန်မှုတွေက ထင်ထားတဲ့အတိုင်း တာရှည်မခံ။ တက်တုန်းက ၀ုန်းကနဲ တရှိန်တိုး တက်လာသလို ကျပြန်တော့လည်း ဗုန်းကနဲ ပြုတ်ကျသွားလိုက်တာ တလ၊ နှစ်လ၊ သုံးလလောက် အတွင်းမှာဘဲ တိတ်ဆိတ်ငြိမ်သက်သွေးအေးခြင်းကို ရောက်သွား လေသတည်းပေါ့။

ဟော…အခုလည်း နာဂစ်မုန်တိုင်းပြီးကာစမှာတော့ လှူဒါန်းသူတွေ၊ ကူညီသူတွေ၊ လုပ်အားပေးသူတွေနဲ့ သောသောအုပ်အုပ်၊ လှုပ်လှုပ်ရှားရှား။ အင်မတန် အားရစရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် အခု ရက်ကို လစားလာတဲ့ အခါမတော့ လေဘေးဒုက္ခသည်တွေအတွက် အလှူငွေတွေ၊ ထောက်ပံ့မှုတွေဟာ အရင်ကလို ဆက်မလာတော့ဘဲ သိသိသာသာ လျော့ကျသွားပါတော့တယ်။ ကျနော် သိရသလောက် အချို့သော အလှူခံဌာနတွေမှာ အလှူငွေ နောက်ထပ် ထပ်မံမလာသလောက်ကို နည်းပါးသွားပါပြီ။ ပြည်တွင်းမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရောက်လုပ်အား ပေးတဲ့ စေတနာရှင်တွေလည်း ခြေကုန်လက်ပမ်းကျပြီး ပြန်ဝင်လာကြချေပြီ။

အခုတော့ ပြည်ပရောက်မြန်မာတွေ အများဆုံးလုပ်နေကြတာက တီဗီပေါ်မှာလာနေတဲ့ သတင်းတွေကို ကြည့်ပြီး ဒုက္ခရောက်နေသူကို သနားမယ်၊ အင်တာနက်ပေါ်က ဓါတ်ပုံသတင်းတွေကို ကြည့်ပြီး ဒုက္ခရောက်နေသူတွေကို သနားမယ်။ တချို့က အဲသည်မှာ သဒ္ဒါထပ်ပေါက်လာတဲ့အတွက် ချွေးနည်းစာထဲကနေ နည်းနည်းပါးပါး ထပ်ပြီးလှူဒါန်းမယ်။ သည်လောက်ဘဲ။ (အဲအဲ…နည်းနည်းအဆဲသန်တဲ့လူကတော့ နအဖ ကို ထုံးစံအတိုင်း လှိမ့်ဆဲနေမယ်။ ) ဒါပါဘဲ။ ကြားဘူးတယ်မို့လား။ “သတိ၊ သက်သာ၊ အေးစေ၊ နေမြဲ” ဆိုတာလေ။ အခုအားလုံး “နေမြဲ” အနေအထားကို ပြန်ရောက်သွားပြီ။ နေမြဲ၊ စားမြဲ၊ ပျော်ဆဲ၊ မော်ဆဲ။

“သနားရုံကလွဲလို့ “ထား”ကရော သည်ထက်ပိုပြီး ဘာများတတ်နိုင်ဦးမှာမို့လဲ” လို့ ဆင်ခြေပေးချင်စရာပေါ့ဗျာ။

ဟုတ်ပါတယ်။ သနားကြပါ။ သနားကြပါ။ ဘယ်သူမှ မတားပါဘူး။ လွတ်လွတ်လပ်လပ်ကြီး သနားနိုင်ကြပါတယ်။ တိတ်တခိုးလေးလည်း သနားနိုင်ကြပါတယ်။ မခို့တရို့လေးလည်း သနားနိုင်ကြပါတယ်။ ဘယ်လိုဘဲ သနားသနား။ သနားလို့ရပါတယ်။

ဒါပေမယ့် ဆရာမောင်မိုးသူရဲ့ လေနဲ့ ပြောရရင် “သနားတယ်ဆိုတာ လွယ်ပါတယ်” ပေါ့ဗျာ။ သနားတယ်ဆိုတာ လွယ်ပါတယ်ဆိုရင် ခက်တာက ဘာလဲ။

ခက်တာက ကျနော်တို့တတွေရဲ့ စိတ်နေသဘောထားခံယူချက်ကို ပြောင်းလဲဘို့က ခက်နေတာ။ ဘယ်လိုစိတ်နေသဘောထား၊ ခံယူချက်လည်းဆိုတော့………အလုပ်တခုကို လုပ်ရင် အကျိုးရလဒ်ကို မျက်ဝါးထင်ထင် အချိန်သိပ်မဆိုင်းဘဲ မြင်ရမှ လုပ်ချင်တဲ့ စိတ်ဓါတ်။ လတ်တလော အကျိုးရလဒ်ကို မျှော်ကိုးပြီး လုပ်တယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်က တခုခုကို စိတ်ပါလက်ပါ လုပ်လိုက်ပြီးရင် အကျိုးရလဒ်၊ ဒါမှမဟုတ် အပြောင်းအလဲတခုကို ချက်ချင်းမမြင်ရရင် အားလျော့ချင်တဲ့ စိတ်ဓါတ်ကို ဆိုလိုချင်တာပါ။ ရေရှည်မကြိတ်နိုင်တဲ့ စိတ်ဓါတ်။ ကောက်ရိုးမီးလို စိတ်ဓါတ်မျိုးပေါ့ဗျာ။

လေမုန်တိုင်းလို သဘာဝဘေးဒဏ်တွေ၊ အေအိုင်ဒီအက်စ်၊ တီဘီနဲ့ ငှက်ဖျား လို ကူးစက်ရောဂါကြီးတွေ၊ ပညာရေး၊ စီးပွားရေး၊ လူမှုအဆင့်အတန်း ချွတ်ခြုံကျမှုတွေကနေ ကာကွယ်ဘို့၊ တိုက်ဖျက်ဘို့ ဆိုရင် လက်ရှိနိုင်ငံရေးစနစ်ကို ပြောင်းလဲမှ ရမယ်ဆိုတဲ့အချက်ကို ပထမ နားလည်လက်ခံသင့်ပါတယ်။ အခု လေမုန်တိုင်းတိုက်တော့ ခင်ဗျားတို့ ကျနော်တို့ ဘယ်လောက်များ ထိထိရောက်ရောက် ကူညီနိုင်လို့လဲ။ ဆင့်ပါးစပ်ကို နှမ်းပက်သလောက်ဘဲ တတ်နိုင်တာမို့လား။ ဒီတော့ အရေးပေါ်ကိစ္စတွေမှာ ပါဝင်လုပ်ဆောင်သင့်တာမှန်ပေမယ့် တဖက်မှာလည်း အရေးကြီးတဲ့ ကိစ္စတွေမှာ ရေရှည်ဇွဲကောင်းကောင်းနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြဘို့ လိုပါတယ်။

အခုလို တိုင်းပြည်အနေအထားမှာ အကျိုးရလဒ်ကို မျှော်ကိုးပြီးလုပ်တာထက် လုပ်သင့် လုပ်ထိုက်တာမို့ လုပ်တယ်ဆိုတဲ့ စိတ်ထားမျိုးမွေးနိုင်ဘို့ အင်မတန်လိုအပ်ပါတယ်။

ကျနော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ မူလတန်းဖတ်စာထဲက သရက်ပင်စိုက်တဲ့ အဖိုးအိုလိုပေါ့။ သူစိုက်နေတဲ့ သရက်ပင်ငယ် အသီးသီးတဲ့အချိန်မှာ သူ့အနေနဲ့ ဒီလောကကြီးထဲမှာ ရှိတော့မယ်မဟုတ်ဘူးဆိုတာ သူအသေအချာ သိသပေါ့။ ဒါပေမယ့် နောင်လာနောက်သား တွေ စားရပါစေတော့ ဆိုတဲ့ စိတ်စေတနာနဲ့ လက်ငင်းအကျိုးကို မမြင်ရသော်ငြား လုပ်သင့်လုပ်ထိုက်တာတခုကို စွဲစွဲမြဲမြဲ လုပ်နေတာမျိုး။

ကျနော်တို့က ပေးဆပ်ရတဲ့ အရင်းအနှီးနဲ့ ရရှိလာမယ့် အကျိုးစီးပွားကို ချိန်ထိုးပြီး နေရာတကာ စီးပွားတွက် တွက်နေကြတော့ ခက်နေကြတာပေါ့။ ဒီလိုသာ ဈေးတွက် တွက်ကြကြေး ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကလည်း ဘယ်ဆီမှာ မှန်းမသိသေးတဲ့ လွတ်လပ်ရေးအတွက် လက်ရှိအခွင့်အရေးတွေကို လက်လွတ်ခံပြီး ဘယ်နိုင်ငံရေးလုပ်တော့မလဲဗျာ။ ဟုတ်ဘူးလား။ သူ့တို့ခေတ်အခါကဆိုရင် ဘီအေ ဘွဲ့ရပြီးရင် ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ထိပ်တန်းအလုပ်မျိုးတွေ ရနိုင်တာကလား။ ဒါပေမယ့်လည်း ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က လူတွေ လတ်တလောအကျိုးကို မမျှော်ကိုးဘဲ လုပ်သင့်လုပ်ထိုက်တာ လုပ်ခဲ့ကြလို့ ကျနော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တယ်မဟုတ်လား။ ဆရာအောင်သင်းစကားနဲ့ ပြောရရင် အောင်ဆန်းတို့ မစားဘဲ စွန့်သွားလို့ နောက်လူတွေမှာ မစွန့်ဘဲနဲ့ စားနေရတယ် ဆိုတာလေ။

စောစောက စကားကို ပြန်ဆက်ရရင် ကျနော်တို့တတွေဟာ အခြေအနေ တစုံတရာ ပြောင်းလဲတော့မယ်ထင်တော့မှ ၀ုန်းကနဲ ကောက်ရိုးမီးလို ထတောက်ကြမယ့်အစား အစကတည်းက မိမိတို့ ရည်မှန်းတဲ့ပန်းတိုင်ကို ဘယ်လောက်ဘဲကြာကြာ သွားမယ် ဆိုတဲ့ သန္နိဋ္ဌာန်မျိုး ထားသင့်ပါတယ်။ ချက်ချင်းလက်ငင်း အကောင်အထည်ကို မမြင်ရလို့ စိတ်ဓါတ်ကျစရာလည်းမလိုဘူး။ အကျိုးရလဒ်ကို ရည်မျှော်ကိုးပြီး လုပ်နေတာထက်၊ လုပ်သင့်လုပ်ထိုက်တာမို့ လုပ်တယ်၊ မှန်ကန်တဲ့လုပ်ရပ်မို့ လုပ်တယ်ဆိုတဲ့ စိတ်ဓါတ်၊ ယုံကြည်ချက်အတွက် လုပ်တယ်ဆိုတဲ့ စိတ်ဓါတ်မျိုး မွေးမြူသင့်ကြပြီလို့ ယူဆပါတယ်။

အဲဒီ စိတ်ဓါတ်နဲ့လုပ်မယ်ဆိုရင် ကျနော်တို့ဟာ ပြည်တွင်းအင်အားစုတွေကို သူတို့လိုသမျှအကူအညီ ပြည်ပကနေ ပုံမှန်ထောက်ပံ့ပေးသွားနိုင်မယ်။ စဉ်းစားကြည့်ပါ။ စင်္ကာပူမှာ ရှိတဲ့ ဗမာမှန်သမျှသာ တလကို ၂ ဒေါ်လာလောက် လစဉ် စုဆောင်းပြီး ပြည်တွင်းကို ထောက်ပံ့နိုင်ရင် အလုပ်လုပ်သူ ဗမာ ၅ သောင်းဆိုရင် ဒေါ်လာ တသိန်း လစဉ် ပြည်တွင်းအင်အားစုတွေကို ထောက်ပံ့နိုင်မယ်။ ပြည်တွင်းမှာရှိတဲ့ လူငယ်မျိုးဆက်တွေ သတင်းအချက်အလက်တွေ၊ ဗဟုသုတတွေ အစစ မချို့ငဲ့ရလေအောင် မိမိတို့ မြို့ရွာတွေမှာ တနိုင်တပိုင် စာကြည့်တိုက်ကလေးတွေ တည်ထောင်ပေးမယ်။ စာဖတ်အသင်းလေးတွေ ဖွဲ့ပေးမယ်။ ကျနော်တို့က ဒီကနေ စာအုပ်စာတမ်းတွေ၊ စီဒီတွေ၊ ကွန်ပြူတာတွေ စတဲ့ လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေနဲ့ ပံ့ပိုးပေးသွားကြမယ်ဆိုရင် တချိန်မှာ မြန်မာပြည်အတွင်းမှာ လွတ်လပ်တဲ့အတွေးအခေါ်ရှိတဲ့ မျိုးဆက်သစ်လူငယ်တွေ များပြားလာပြီး အင်အားတောင့်တင်းလာမှာဖြစ်သလို နောင်တချိန် နိုင်ငံရေး အပြောင်းအလဲတရပ် ဖြစ်ပေါ်လာတဲ့အချိန်မှာ ပြည်တွင်းအင်အားစုများအနေနဲ့ ယခုထက်ပိုပြီး ထိထိရောက်ရောက် စီမံကွပ်ကဲနိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ ကျနော်တို့က လုပ်လို့ လွယ်ကူတဲ့ ကိစ္စလေးတွေမှာသာ လုပ်ဆောင်ကြရင်း တဒင်္ဂအကျိုးရလဒ်မှာ တိမ်းမူးသာယာမနေဘဲ ခက်ခဲသော်လည်း လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စ၊ ရေရှည်ကြိတ်ရမယ့် ကိစ္စတွေမှာလည်း လုပ်သင့်လုပ်ထိုက်တာမို့ လုပ်တယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ဆက်လက်စခန်းသွားကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read more

“သုံးပွင့်ဆိုင်အဖွဲ့ရဲ့ ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်”

ဒီဗီဘီက သတင်းလေးကို သတိပြုသင့်တယ်ထင်လို့ ကူးယူဖော်ပြလိုက်ပါတယ်။ (လင့်ခ်ပေါ်မှာဖြစ်စေ၊ ပုံပေါ်မှာဖြစ်စေ ကလစ်ခေါက်၍ ဖတ်ရှုနိုင်ပါတယ်။)


Read more

“အဆင့်မြင့်ဟိုတယ်နဲ့ အရေးပေါ်ထွက်ပေါက်”



ကျနော်တို့တွေ ဟိုတယ်တခုမှာ တည်းခိုဘို့ ၀င်ဝင်ချင်း စာရင်းသွင်းပြီး အခန်းသော့ယူတဲ့အခါ (အထူးသဖြင့် ဈေးကြီးတဲ့ အဆင့်မြင့်ဟိုတယ်ကြီးတွေမှာဆိုရင်) အရေးပေါ်ထွက်ပေါက် (Fire Exit) ဘယ်နားမှာ ရှိသလဲဆိုတာ စစ်ဆေးကြည့်ရှုမိကြဘို့ မေ့လျော့နေတတ်တယ်။ ကဲ...စာဖတ်သူတို့ထဲက ဘယ်နှစ်ဦးကများ တခုတ်တရ သတိထားပြီး စစ်ဆေးဘို့ကို သတိရတတ်ကြပါသလဲ။ အဲဒီဟိုတယ်မှာ အရေးပေါ်ထွက်ပေါက် ရှိမရှိ ကိုတောင် ခေါင်းထဲထည့်ပြီး စဉ်းစားမိကြမယ်မထင်ဘူး။

ဒါပေမယ့် ဟိုတယ်မီးလောင်ပြီဆိုရင်တော့ အဲဒီအရေးပေါ်ထွက်ပေါက် ရှိခြင်း၊ မရှိခြင်း ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီး အင်မတန်ခြားနားတဲ့ နောက်ဆက်တွဲ ရလဒ် နှစ်မျိုးနှစ်စား ထွက်လာနိုင်ပါတယ်။ တမျိုးက မီးလောင်ကျွမ်းပြီးသေဆုံးသွားရတဲ့အဖြစ်နဲ့ နောက်တမျိုးကတော့ အရေးပေါ်ထွက်ပေါက်ကနေ ထွက်ပြေးလွတ်မြောက်သွားရတဲ့ အဖြစ်ပါဘဲ။ ဒါကြောင့်မို့လည်း အရေးပေါ်ထွက်ပေါက်တွေဟာ အဆောက်အဦးတခုအတွင်းကို ခြေလှမ်းစပြီး ၀င်လိုက်တာနဲ့ ချက်ချင်းသတိထားမိလောက်စရာ အခင်းအကျင်း (သို့မဟုတ်) ပသာဒကို ဆွဲဆောင်မှု အရှိဆုံး အခင်းအကျင်းတွေ ဖြစ်မနေသော်လည်း အဆောက်အဦးတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတွေ ဖြစ်နေပါတော့တယ်။

ဒီလိုအနေအထားမှာမှ တစုံတယောက်ကနေပြီး “အဆောက်အဦးတခုအတွက် အရေးပေါ်ထွက်ပေါက် ရှိစရာမလိုဘူးဟေ့...”လို့ပြောလာရင် အဲဒီအဆိုကို ဘယ်သူမှ လက်ခံနိုင်ကြမယ် မဟုတ်ပါဘူး။ တကယ်လို့သာ ဗိသုကာ ပညာရှင်တယောက်က သူရေးဆွဲတဲ့ အဆောက်အဦးပုံကြမ်း (Blueprint)ထဲမှာ အရေးပေါ်ထွက်ပေါက်ကို တမင်ထည့်မဆွဲဘဲ ချန်ရစ်ထားခဲ့တယ်ဆိုရင်တော့ ဒီဖြစ်ရပ်ဟာ ခွင့်မလွှတ်နိုင်လောက်စရာ အလွန့်အလွန်ကို ဆိုးရွားလို့သွားပါပြီ။

ဒီမိုကရေစီစနစ်ဟာလည်း အရေးပေါ်ထွက်ပေါက်တွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ လူ့အဖွဲ့အစည်းအတွင်း သာမန် နိစ္စဓူဝ ကိစ္စတွေမှာတော့ ဒီမိုကရေစီရဲ့ အနှစ်သာရကို ထူးထူးခြားခြား ခံစားသိရှိနိုင်တာမျိုးမဟုတ်။ ဒါပေမယ့် အရေးပေါ် ကပ်ဘေးအခြေအနေတခု ကျရောက်လာလို့ လူတွေဟာ စတင်ပြီး စနစ်တကျ စုပေါင်းဆောင်ရွက်ရတော့မယ်ဆိုတဲ့အချိန်ကျရင်၊ နောက်ပြီး လူ့အဖွဲ့အစည်းအတွင်းကို စည်းကမ်းတကျရှိမှုနှင့် တည်ငြိမ်မှုတွေကို ပြန်လည် ဆောင်ကျဉ်းရတော့မယ့် အချိန်ကျရင်တော့ ဒီမိုကရေစီစနစ်ရဲ့ အရေးပါမှုဟာ စတင်ပြီး သိသာထင်ရှားလာပါတော့တယ်။

(ဥပမာ....နာဂစ် မုန်တိုင်းလို အရေးပေါ်အခြေအနေကြုံတဲ့အခါမှာ ဒီမိုကရေစီစနစ် ရှိမနေခြင်းအတွက် ဘယ်လောက်အထိ ဆိုးရွားတဲ့အခြေအနေကို ဆိုက်ရောက်သွားသလဲဆိုတာ လောလောလတ်လတ် အားလုံးမြင်တွေ့ခဲ့ကြရတဲ့ သာဓက တခုပါဘဲ။)

ဒီလို အရေးပေါ်အချိန်မျိုးမှာ အရေးပေါ်ထွက်ပေါက်ဟာ မီးလောင်စဉ်အတွင်း လူသားတွေကို လောင်မီးအမြိုက်ခံရမယ့်ဘေးက လွတ်ကင်းရာကို ဆောင်ကျဉ်းပေးနိုင်သလို၊ ဒီမိုကရေစီစနစ်ဟာလည်း နိုင်ငံသားတွေကို တည်ငြိမ်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေ၊ တည်ငြိမ်အေးချမ်းတဲ့ အပြောင်းအလဲတွေကို ဆောင်ကျဉ်းပေးနိုင်တာကို တွေ့ရပါတယ်။

ဒါပေမယ့် တချို့သော နိုင်ငံသားတွေအဖို့တော့ (ဥပမာ စင်္ကာပူ) ရုပ်ဝတ္ထုစည်းစိမ်ချမ်းသာကြွယ်ဝမှုကိုဘဲ အလောတကြီးအာရုံစိုက် စုဆောင်းနေကြပေမယ့် ဒီမိုကရေစီဆိုတဲ့ အရေးပေါ်ထွက်ပေါက်ကို လုံးလုံးလျားလျား မေ့လျော့ထားကြတာကို တွေ့ရပါတယ်။

မီးမလောင်တဲ့အချိန်မျိုးမှာ အရေးပေါ်ထွက်ပေါက်ကို ဘယ်သူမှ စိတ်ကူးထဲထည့်ပြီး တသသလုပ်နေကြမှာမဟုတ်သလိုဘဲ (နာဂစ်မုန်တိုင်းလို၊ စီးပွားပျက်ကပ်လို)လူ့အဖွဲ့အစည်းမှာ အရေးပေါ်စိန်ခေါ်မှုတရပ် မကြုံတွေ့ရသေးသရွေ့တော့ ဒီမိုကရေစီကို မရှိမဖြစ် လိုအပ်တယ်လို့ လက်ခံယူဆတဲ့လူလည်း နည်းပါးနေနိုင်ပါတယ်။

ဒါပေမယ့် ဒီလိုအမြင်မကျယ်မှုဟာ တချိန်ကျရင် ကျနော်တို့မထင်မှတ်ထားတဲ့နည်းနဲ့ ကျနော်တို့ကို ပြန်လည်ခြောက်လှန့်ပါလိမ့်မယ်။ အဲဒီတော့ နိုဘယ်ဆုရှင် စီးပွားရေးပညာရှင် “အမ္မာတီယာ ဆင်” (Amartya Sen) တခါကပြောခဲ့ဘူးတဲ့ သတိပေးစကားကို ကျနော်တို့အနေနဲ့ စတင် ဂရုပြုအလေးထားသင့်တယ်လို့ ထင်မြင်မိပါတယ်။

“တိုင်းပြည်တပြည်အနေနဲ့ ကံကောင်းထောက်မစွာ ကပ်ဘေးဆိုးကြီးတွေ မကြုံကြိုက်ရတဲ့အချိန်၊ အစစ အရာရာ အဆင်ပြေစွာ လည်ပတ်နေတဲ့အချိန်မျိုးမှာတော့ ဒီမိုကရေစီက ပေးစွမ်းနိုင်တဲ့ လုံခြုံမှုကို ဘယ်သူကမှ တသသ လုပ်နေကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စီးပွားရေးအပြောင်းအလဲတွေကြောင့်ဖြစ်စေ၊ ဒါမှမဟုတ် တခြား အခြေအနေ အရပ်ရပ်ကြောင့်ဖြစ်စေ၊ သို့တည်းမဟုတ် ပြုပြင်ပြောင်းလဲဘို့ မကြိုးစားဘဲ မှားယွင်းနေတဲ့ ပေါ်လစီတွေကြောင့်ဖြစ်စေ၊ အဲဒီအကြောင်းရင်းခံတွေကတဆင့် ဖြစ်ပေါ်လာနိုင်တဲ့ မလုံခြုံခြင်း အန္တရာယ်ဟာ သာမန်အားဖြင့် တိုးတက်ဖွံ့ဖြိုးနေတယ်လို့ ထင်ရတဲ့ တိုင်းပြည်တပြည်ရဲ့နောက်မှာ အမြဲတစေ ပုန်းခိုနိုင်တယ်” .........တဲ့။
The security provided by democracy may not be much missed when a country is lucky enough to be facing no serious calamity, when everything is running along smoothly. But the danger of insecurity, arising from changes in the economic or other circumstances or from the uncorrected mistakes of policy, can lurk behind what looks like a healthy state.
(Dr Chee Soon Juan ရေးသားသော “Your Future, My Faith, Our Freedom: A Democratic Blueprint for Singapore (2001)” စာအုပ်မှ ကောက်နှုတ်ချက်ကို ဆီလျော်အောင် ပြန်ဆိုသည်။)
Read more

“မွေးနေ့ဆုတောင်း”




မွေးနေ့ဆုမွန်......။လွတ်လပ်ပြီး ဒီမိုကရေစီစနစ်ထွန်းကားတဲ့ အမိမြန်မာနိုင်ငံမှာ ကျနော်တို့အားလုံး ချစ်မြတ်နိုး လေးစားကြည်ညိုတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တယောက်ကို သားငယ်၊ မြေးငယ်တို့နဲ့အတူတကွ ကျန်းမာပျော်ရွှင်လန်းစွာ အမြန်ဆုံး မြင်တွေ့ရစေ ကြောင်း မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
မွေးနေ့လက်ဆောင်.......။ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင်ကို စဉ်းစားတဲ့အခါ အကောင်းဆုံးလက်ဆောင်တခုကို စဉ်းစားမိတယ်။ အဲဒါကတော့ မြန်မာ့လွတ်လပ်ရေး၊ မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြိုးစား သွားခြင်းဟာ အကောင်းဆုံးမွေးနေ့လက်ဆောင်ဘဲ လို့ သဘောရတယ်။
သန္နိဋ္ဌာန်.......။ အသက်ရှင်သန်နေသရွေ့တော့ မြန်မာ့ဒီမိုကရေစီအရေးအတွက်၊ လူ့အခွင့်အရေး အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်တိုက်ပွဲဝင်သွားဘို့ ဆုံးဖြတ်လိုက်တယ်။

(ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်ပြည့် မွေးနေ့ အမှတ်တရ)
Read more

“ငှက်ပျောသီး၊ လှေကား၊ ရေခဲရေ၊ မျောက်များနှင့် ကျနော်တို့”

(အင်တာနက်ပေါ်က ဖတ်ဘူးတာလေးတခုကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။)


မောင်၊ ညီမလေးတို့ရေ....စမ်းသပ်ချက်တခုမှာ သိပ္ပံပညာရှင်များဟာ မျောက် ၅ ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထားလိုက်တယ်။

ပြီးတော့လှောင်အိမ်ရဲ့ အလယ်တည့်တည့်မှာ လှေကားတစင်းထောင်ထားပြီး လှေကားထိပ်မှာတော့ ငှက်ပျောတဖီးကို တင်ထားပေးသတဲ့ကွယ်။

တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို တက်ဘို့ကြိုးစားအခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို (မျောက်တွေ ကြောက်တဲ့) ရေခဲတမျှအေးစက်နေတဲ့ ရေအေးတွေနဲ့ နေမထိ ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။

ဟော....မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့ ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့လေးကောင်က ၀ိုင်းပြီး ထုကြ နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို ရပ်နားထားလိုက်တော့သတဲ့ကွယ်။

အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင် အားကောင်းလွန်းလှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။

ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို လှောင်အိမ်ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့ လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့ (မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီးကို ယူဘို့ ကြိုးစားတော့တာပေါ့။ ကျန်တဲ့လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ သူ့ကို ၀ိုင်း “သမ” ကြသတဲ့။ (ကွိကွိ...ကွကွ...ကွိကွ...ခွေးမသားမျောက်...ဆော်ပစ်....ကွစ်ကွစ်)

အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ ဘာကြောင့်ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့ ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ် တက်ဘို့ကိုလည်း ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။

ဒုတိယ မျောက်အသစ်ကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ စိတ်ဝင်စားဘို့ကောင်းတာက ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကို တွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာ ၀ါသနာပါပုံရတယ်ကွဲ့။)

အဲသလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟောင်းထဲက တကောင်နေရာမှာ အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စဆက်ဖြစ်တယ်။ စတုတ္ထမျောက်အသစ်တကောင်ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။ နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို နောက်ဆုံးလက်ကျန်မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။

********************************************************************

ကလေးတို့ရေ.....အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့ မျောက်ငါးကောင်စလုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့ကွယ်။ သူတို့ အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူးကွဲ့။ ဒါပေမယ့် သူတို့ထဲက တစ်ကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့ ကျန်တဲ့ လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့် အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ မသိကြရှာဘူးတဲ့ကွယ်။

ကဲ.....ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။

မောင်၊ညီမလေးတို့ရေ……အဲဒီ မျောက်ငါးကောင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို (ဟဲဟဲ….မမတို့ရဲ့ မြန်မာဘလော့ဂါလောကကြီးမှ အပဖြစ်တဲ့) လူ့အဖွဲ့အစည်း အတွင်းမှာရော တွေ့ဘူးကြုံဘူး ပါသလားကွယ်။

"Only two things are infinite: The universe and human stupidity. And I am not so sure about the former." -Albert Einstein

Read more

“မွေးနေ့အလှူ ဖိတ်ကြားလွှာ”

ဖိတ်စာပုံ အရွယ်အစားအမှန်အတွက် ပုံပေါ်တွင် ကလစ် ခေါက်၍ ဖတ်ရှုပါရန်။





Read more

“ပဋိပက္ခကို ချဉ်းကပ်ခြင်း”

ညောင်ရမ်းဂွတိုတယောက် ညကြီးသန်းခေါင် အိပ်လို့ကောင်းနေတုန်း ကျွက်စီကျွက်စီ အသံတွေကြောင့် အိပ်ယာက နိုးလာတယ်။

ဘုရားရေ။ ခေါင်းအုံးပေါ်တွင် တင်ထားသော ညာဘက်လက်က လက်ချောင်းတွေ အချင်းချင်း စကားများနေကြပါကလား။ ဘာတွေ ဖြစ်နေကြပါလိမ့်။ မျက်စိကို အသာမှေးကာ ချောင်းနားထောင်ကြည့်ဦးမှ။

“ကျုပ်တို့မှာတော့ နေ့မအားညမအား နှိပ်လိုက်ကြရတာ ဖတ်ဖတ်မောလို့။ ဟုတ်တယ်လေ။ ကီးဘုတ်ပေါ်မှာ ဘယ်အက္ခရာ၊ ဘယ်သရ ကိုဘဲ ရိုက်ရိုက် ကျုပ်တို့ဘဲ နေရာအနှံ့ပါရတာ။ ခင်ဗျားကတော့ ၀င်မပါသလောက်ဘဲ။ ဒါနဲ့များ အဆုံးသတ်ကြရင် ငါလုပ်တာကွ ဆိုပြီး လက်မထောင် ရင်ကော့ချင်ရသေးတယ်။ နာမည်ကောင်း ၀င်ယူချင်သေးတယ်။”

အံမယ်.....လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်း တို့က လက်မ ကို ၀ိုင်းဝန်းအပြစ်ဖို့နေကြတာဘဲ။

လက်မကလည်း မခံရေးချ မခံ။

“မင်းတို့ ငါ့ကို ဒီလို တဖက်သတ်မစွတ်စွဲနဲ့။ ငါက အက္ခရာတွေကို ရိုက်တာမှာသာ မပါပေမယ့် စကားလုံးတွေ တလုံးနဲ့ တလုံးအကြား စပေ့စ်ဘား (Space Bar) ပုတ်တိုင်း ငါဘဲ အလုပ် လုပ်ရတာ။ စာတကြောင်းမှာ စပေ့စ်ဘား ပုတ်ဘို့ ဘယ်နှစ်ကြိမ်လိုသလဲမင်းတို့ သိကြသလား။ မှတ်ထား၊ အင်္ဂလိပ်ဘာသာနဲ့ ရိုက်နှိပ်တဲ့ အခါမျိုးမှာဆိုရင် စာတကြောင်းမှာ စပေ့စ်ဘား ၁၀ ကြိမ်နီးပါး အနည်းဆုံး နှိပ်ရတယ်။ ကျန်တဲ့ လက်ချောင်းတွေရဲ့ ရိုက်နှိပ်ရတဲ့ အကြိမ်ရေထက် ၂.၈ ရာခိုင်နှုန်း ပိုများတယ်ဆိုတာကို အပြည်ပြည်ဆိုင်ရာ လက်နှိပ်စက်အသင်းကြီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါတယ်။ မင်းတို့ မသိရင် ၀ီကီ ပီဒီးယားမှာ ရှာကြည့်လိုက်ဦး။”

ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ လက်မက အဲသလို အထောက်အထား အကိုးအကားတွေနဲ့ နည်းနည်းဖြဲခြောက်လိုက်တော့ ကျန်တဲ့ လက်ချောင်းလေးချောင်းအနက် သုံးချောင်းက ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ၊ နည်းနည်းတော့ ငိုင်သွားတယ်။ လက်မက အဲသည်လိုဘဲ။ ပြောနေတဲ့ အကြောင်းအရာနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် ကျမ်းကိုး ကျမ်းကားတွေ၊ အချက်အလက်တွေကို ပါးစပ်ထဲရှိသလို လျှောက်ရွတ်ပြီးပြောတတ်တယ်။ တခါတလေ အဘိဓာန်မှာ မရှိတဲ့ အင်္ဂလိပ်စကားလုံးတွေကိုလည်း သူ့သဘောနဲ့သူ ခပ်တည်တည်ဘဲ အသစ်တီထွင် သုံးစွဲတတ်တယ်။

ဒါပေမယ့် လက်မအကြောင်း ချေးခါးအူမမကျန်သိတဲ့၊ ပေါက်ကရတွေ လာပြောနေရင် မဖွယ်မရာလုပ်ပြဘို့ ၀န်မလေးတဲ့ လက်ခလယ်က ပြန်ပက်တယ်။

“အို.....ခင်ဗျား ဘာဘဲပြောပြော။ လက်မခံဘူးဗျာ။ ခင်ဗျားလို အကိုးအကားနဲ့ ပြောကြေးဆိုရင် ကျုပ်တို့မှာလည်း ခင်ဗျားမကောင်းကြောင်း ကိုးကားစရာ စကားပုံတွေလည်း အပြည့်ဘဲ။ လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ မကောင်း လက်မ၊ ဆိုတာလေ။ ခင်ဗျားတို့ မကောင်းလို့ ဒီလိုအပြောခံရတာပေါ့။ လက်ခလယ်မကောင်း လက်ခလယ် လို့ ပြောတာ ခင်ဗျားကြားဘူးလို့လား။”

လက်ခလယ်ရဲ့ သဘောက နေရာအချိန်အခါကို သိပ်ကြည့်လေ့ရှိတာမဟုတ်ဘူး။ သူစိတ်ထဲမှာရှိတဲ့အတိုင်း ဘွင်းဘွင်းကြီးပြောချတတ်တဲ့ အကျင့်ရှိတယ်။ လက်ခလယ် လည်း အဲသလို ပြောချလိုက်ရော သူတပါးကိုသာ လက်ညှိုးထိုးစွတ်စွဲလေ့ရှိတဲ့...အဲလေ...အပြစ်ဖို့လေ့ရှိတဲ့ လက်ညှိုးက မျက်နှာကြီးမဲတက်လာပြီး ဒေါနဲ့မာန်နဲ့ ချေပတယ်။

“ဟေ့ကောင်၊ မင်း အဲသလို ၀ါးလုံးရှည်နဲ့ သိမ်းမရမ်းနဲ့။ လက်မ မကောင်းတာ လက်မကို သွားပြော။ ဘယ့်နှယ့် မဆီမဆိုင် လက်ညှိုးကို ဓားနဲ့ ချိုင်။ လက်မတွေ မကောင်းတာကတော့ အမှန်ဘဲ။ ဘာကြောင့်လည်းဆိုရင် ခြေမလက်မ ကဲ့သို့ မရှိမကောင်း ရှိမကောင်း လို့ လူတွေ ပြောတာ မကြာခဏ ငါကြားဘူးတယ်။ အဲ....ငါတို့ လက်ညှိုးကတော့ စာရိုက်ရင်လည်း သူတကာတွေ ကီးဘုတ်ခလုတ်တတန်းမှာ အက္ခရာတလုံးဘဲ တာဝန်ယူရပေမယ့် ငါတို့မှာက တတန်းမှာ တဘက်နှစ်လုံးစီ တာဝန်ယူပြီး ကိုင်တွယ်ရတော့ဆိုတော့ မင်းတို့ထက် နှစ်ဆပိုပြီး အလုပ်လုပ်ရတယ်။ ငါတို့မရှိရင် မြန်မာစာမှာ “လက်မ၊ အလင်္ကာ၊ မာလာ၊ အမည်၊ လက်ဘက်” စတဲ့ စကားလုံးတွေ ရိုက်လို့ ရမယ် မထင်နဲ့။ နောက်ပြီး ကျုပ်အလုပ်က မောက်စ်ကိုကိုင်ရင် ကလစ်ခေါက်ရတဲ့ အလုပ်လည်း ပါသေးတယ်”

လက်ညှိုးဟာ ဒေါမာန်ပါပါပြောနေရာမှ ဘေးဘီကို ခဏတဖြုတ် စွေစောင်းအကဲခတ်လိုက်ပြီး အားလုံးက ငြိမ်သက်နားထောင်နေတာကို တွေ့ရတော့ အားတက်သွားပြီး အောက်ပါအတိုင်း ဆက်လက် အသားယူကာ ပြောကြားပြန်တယ်။

“နောက်ပြီး လူတွေက လက်ညှိုးညွှန်ရာ ရေဖြစ်တယ် လို့ ပြောကြတော့ လက်ညှိုးဆိုတာ သြဇာတိက္ကမ ရှိတဲ့ အနက်အဓိပ္ပါယ်ကို ဆောင်တယ်ကွဲ့။”

ထိုအချိန်တွင် လက်ညှိုးဘက်မှ မျက်နှာလိုအားရ ၀င်ရောက်ထောက်ခံသူမှာ လက်သန်းဖြစ်သည်။ လက်သန်းဟာ အားသာပြီထင်ရတဲ့ဘက်မှာ အမြဲတစေ ၀င်ရောက် ပူးပေါင်းတတ်တယ်။ သိပ်ပြီး အကျင့်ကောင်းတဲ့ ကောင်တော့မဟုတ်။ မလွယ်ဘူး။ ဒီကောင်သာ လူဖြစ်ခဲ့မယ်ဆိုရင် နာမည်ကြီးဘလော့ဂ်တိုင်းမှာ လျှောက်လည်ပြီး ဟိုက ရေးသမျှပို့စ်တိုင်းမှာ “လက်သန်းလည်း ထောက်ခံပါတယ်” ဆိုတဲ့ အမြဲတစေ ဖန်တရာတေနေတဲ့စာသားကို (ရယ်နေတဲ့ သင်္ကေတလေးနဲ့အတူ) ပြီးလွယ်စီးလွယ် ရေးပြီး အသားလွတ် ထောက်ခံနေတတ်မယ့် ကောင်မျိုးပေါ့။ သိပ်ပြီး ကိုယ်ပိုင်အယူအဆ ရှိလှတာတော့မဟုတ်။ အခုလည်း ကြည့်လေ။ ပြောပုံက။

“ကိုလက်ညှိုးပြောတာမှန်တယ်။ စာရိုက်ရာမှာ ကိုလက်ညှိုးတာဝန်ပိုယူရသလို ကျနော့်မှာလည်း စာလုံးတွေကို ရိုက်ရတဲ့တာဝန်သာမက Shift ကီးကို နှိပ်တဲ့နေရာမှာ ပါရသေးတယ်။ အဆိုးဆုံးကတော့ စာတကြောင်းဆုံးတိုင်း Enter ကီးကို မငြီးမငြူ နှိပ်ပေးရခြင်းဘဲ။ ဒါပေမယ့် ကျနော်က ပိုလုပ်ရတယ်ဆိုပြီးတော့ တခါမှ မတွက်ကပ်ပါဘူး။ ကီးတတန်းကို အက္ခရာ တလုံးလောက်ဘဲ တာဝန်ယူနိုင်တဲ့ လက်သူကြွယ်တို့လို လူတွေကို...အဲလေ လက်ချောင်းတွေကို စိတ်ပျက်သွားအောင် ဖိမပြောပါဘူး။ သူတို့လည်း သူတို့တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းဖြည့်ဆီးပေးနေတာဘဲမဟုတ်လား။ ကိုယ်က သဘောထားကြီးကြီးနဲ့ နားလည်ပေးရမယ်လေ။”

လက်သန်းက အားနည်းသူကို စာနာသယောင်ယောင်၊ အားပေးသယောင်ယောင်နှင့် လက်တွေ့တွင် အပေါ်စီးလေသံဖြင့် ပြောချလိုက်သောအခါ ကာယကံရှင် လက်သူကြွယ်ဟာ လက်သန်းကို ကျေးဇူးမတင်ရုံမျှမက အနာပေါ်ဒုတ်ကျသလို ဆတ်ဆတ်ခါအောင် နာကျည်းသွားတယ်။ ပြီးတော့ လက်သန်းကို ကက်ကက်လန်အောင် ဒေါနဲ့မောနဲ့ ပြန်ရန်တွေ့တယ်။

“ဟေ့ကောင်..လက်သန်း။ ခွေးမသား။ မင်းက Shift နဲ့ Enter ကီးလေးတွေ တခါတလေ ပိုနှိပ်ရတာနဲ့များ စကားလုပ်ပြီး မပြောပါနဲ့ကွာ။ မင်းတို့ သောက်တလွဲ ရိုက်ထားတာတွေ မှားလို့ ပြန်ဖျက်ရပြီဆိုရင် ဟောဒီက လက်သူကြွယ်ဘဲ Backspace ခလုပ်ကို မမောတမ်း နှိပ်ရတာမို့လား။ ဒီကြားထဲ ငါ့သခင်က Insert နဲ့ Delete ကို နှိပ်ချင်ရင်လည်း ဟောဒီက လက်သူကြွယ်ကိုဘဲ အားကိုးတာကွ။”

အဲသလို လက်ချောင်းအချင်းချင်း ကိုယ့်ကိုယ်ကို အမွှန်းတင်၍ ကိုယ့်ကောင်းကြောင်း သူများမကောင်းကြောင်းများကို လူများ စီဘောက်စ်ထဲ၊ ကွန်မင့်ထဲ၊ ဘလော့ဂ်ပို့စ်ထဲ၊ ဖိုရမ်များထဲတွင် အပြန်အလှန် ငြင်းခုံကြသကဲ့သို့ အချင်းချင်း စွပ်စွဲပြောဆို ဆဲဆို၍ အားရကြသောအခါ နောက်ဆုံးတွင် “လက်ချောင်းတွင်ကျယ်” လုပ်လေ့ရှိသော လက်မ က ဤသို့လျှင် ဆရာကြီးလေသံဖြင့် ကောက်ချက်ဆွဲ၏။

“ဟေ့၊ ဟေ့၊ ဒို့ဘ၀တူ လက်ချောင်းတွေ အချင်းချင်း တဦးကို တဦး အပြစ်တင်မနေပါနဲ့ကွာ။ တကယ်တော့ ဒီပြဿနာရဲ့ ရင်းမြစ်က ငါတို့ သခင် ညောင်ရမ်းဂွတိုကွ။ သူအသုံးမကျလို့၊ သူ အလုပ်တာဝန်ကို ခွဲဝေပုံ နည်းလမ်းမကျလို့ ငါတို့ထဲမှာ အကျယ်အကျယ် မငြိမ်းဘွယ်ဖြစ်နေတာ။ ပြဿနာတခု ကြုံလာရင် ပြဿနာရင်းမြစ်ကို ရှာဖွေပြီး အမြစ်ကနေ ရှင်းပစ်တာကောင်းတယ်။ ဒီတော့ သူအိပ်ယာက နိုးလို့ ကွန်ပြူတာဖွင့်၊ ကီးဘုတ်ကို ကိုင်ပြီဆိုရင် ငါတို့ လက်ချောင်းတွေအားလုံး ကြွက်တက်ချင်ယောင်ဆောင်ကြမယ်။ သူနှိပ်တဲ့ ကီးတွေဆီကို အလွယ်တကူ သွားမနှိပ်ကြနဲ့။ မကောင်းဘူးလား။”

ထိုအခါ ကျန်လက်ချောင်းများကလည်း (ရွှေဝါရောင်တော်လှန်ရေးနဲ့ နာဂစ်မုန်တိုင်းအတွင်း ပြည်ပရောက် မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများအကြား အရေးပေါ် ညီညွတ်လိုက်ကြသကဲ့သို့) တညီတညွတ်တည်း သံပြိုင် .....

“ ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုကြီးလက်မ ပြောတာမှန်တယ်။ ပြဿနာရဲ့ ရင်းမြစ်က ငါတို့ကို ဗိုလ်ကျနေတဲ့ အာဏာရှင် ညောင်ရမ်းဂွတိုဘဲ။ သူခိုင်းတာကို မလုပ်တာဟာလည်း Civil Disobedience ဘဲ။ အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ်ပေါ့။ သူခိုင်းတာကို ငါတို့ အားလုံး သပိတ်မှောက်ကြမယ်။”

ထိုသို့လျှင် လက်ချောင်းအချင်းချင်း ငြင်းခုန် တိုင်ပင်နေကြသည်ကို အိပ်ချင်ယောင်ဆောင်ကာ နားထောင်နေသော ညောင်ရမ်းဂွတို ကြားသောအခါ သူ၏ လက်ချောင်းများကို အရမ်းပင် စိတ်ပျက်မိ၏။ စိတ်ထဲတွင်လည်း ကြုံးဝါးသေး၏။

“သိမယ်...သိမယ်။ ငါရေးတဲ့ လက်ချောင်းက ငါ့ကို ပြန်ခြောက်လို့။ ဟင်းဟင်း... ဒင်းတို့ ညောင်ရမ်းအကြောင်း သိစေရမယ်”

ပြောပြောဆိုဆို အိပ်ယာမှ ငေါက်ကနဲထကာ ကွန်ပြူတာခလုပ်ကို ခြေမနှင့် ဇတ်ကနဲ ထိုးကာ ဖွင့်၏။

***********************************************************

အိပ်ယာထဲတွင် အိပ်ပျော်နေသော ညောင်ရမ်းဂွတို၏ ဇနီး အစဉ်အရမ်းမိသည့် ရှင်ဂွမ်းဂွိသည် တချောက်ချောက် ကီးဘုတ် နှိပ်သံများကြောင့် အိပ်ယာမှ အိပ်စုံမှုန်မွှားဖြင့်ထလာ၏။ ရုတ်တရက် အိပ်ခန်းတွင်း မီးရောင်အောက်တွင် တွေ့မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ၏ မူလက အိပ်ချင်မပြေ၊ မှေးစင်းလျက်ရှိသော မျက်လုံးများသည် လင်းကွင်းပမာ တမဟုတ်ချင်း ပြူးကျယ်သွား၏။

အဘယ့်ကြောင့်ဆိုသော် လင်တော်မောင် ညောင်ရမ်းဂွတိုတယောက်သည် ကွန်ပြူတာရှေ့ ဆုံလည် ကုလားထိုင်ပေါ်တွင် အခန့်သားထိုင်၍ ကီးဘုတ်ကို ကြမ်းပြင်တွင်ချကာ ခလုပ်များကို ခြေထောက်နှစ်ဖက်ရှိ ခြေချောင်းများဖြင့် တလုံးချင်း ရိုက်နှိပ်နေသည်ကို တွေ့ရသောကြောင့် ပင်တည်း။
Read more

“ဂါလံသူခိုး”

ကျနော့်မိတ်ဆွေ တန်ခူး ရဲ့ ပေတံ ဆိုတဲ့ ကဗျာလေးကို ခံစားရင်း ဒီလို မှတ်ချက်ရေးပေးမိခဲ့တယ်။ (အနည်းငယ် စကားလုံးအထားအသို ပြန်ပြင်ထားပါတယ်။)

ပေတံမှာမှ အရင်က သုံးခဲ့တဲ့ “လက်မ၊ ပေ၊ ကိုက်၊ ဖာလုံ၊ မိုင်” စတဲ့ အင်ပီရီယယ်စနစ်နဲ့ အခုနောက်ပိုင်း ကမ္ဘာပေါ်မှာ အများစု စတင်လက်ခံသုံးစွဲလာကြတဲ့ “စင်တီမီတာ၊ မီတာ” စတဲ့ မက်ထရစ် စနစ်ဆိုပြီး ကွဲပြားပါသေးတယ်။ထုထည်(ကုဗ)တို့၊ အကွာအဝေးတို့၊ အလေးချိန်တို့ကို တိုင်းတာတဲ့ နေရာမှာ အင်ပီရီယယ်စနစ်ကို သုံးသုံး၊ မက်ထရစ်စနစ်ကို သုံးသုံး၊ စနစ်တကျ မှန်မှန်ကန်ကန် သုံးစွဲရင် ဒီကမ္ဘာပေါ်မှာတော့ အသုံးဝင် စိတ်ချရတဲ့ မှန်ကန်တဲ့ ထုထည်၊ အကွာအဝေး၊ အလေးချိန် တခုကို သူ့နည်းသူ့ဟန်နဲ့ တိုင်းတာနိုင်မှာပါဘဲ။
သို့သော် စနစ်တခုတည်းကို သုံးစွဲပေမယ့် တခါတလေ လူတွေမှာ ပေတံနှစ်ချောင်း ဖြစ်နေတတ်တာကို တွေ့ရတယ်။ သိသာထင်ရှားတဲ့ ဥပမာကို ပေးရရင် ရန်ကုန်မှာ ဓါတ်ဆီမှောင်ခိုရောင်းသူများ။ ကိုယ်ကနေ ဓါတ်ဆီ သွားရောင်းရင် ခြင်တဲ့ ဂါလံပုံးက နည်းနည်းကြီးတယ်။ ကိုယ်က သူ့ဆီက ပြန်ဝယ်ရင် ခြင်တဲ့ ဂါလံပုံးက နည်းနည်းသေးတယ်။ ဒါပေမယ့် နှစ်မျိုးစလုံးမှာ သုံးစွဲတဲ့ အခေါ်အဝေါ်ကျတော့ “ဂါလံပုံး” တဲ့။ အလားတူ ပိဿလေးကို သွေးထားတာနဲ့ သွေးမထားတာ၊ ဂိုက်တံ ကို နည်းနည်းပိုထားတဲ့ အတံနဲ့ လျှော့ထားတဲ့ ဂိုက်တံ။
ဒီအရွယ်အစား၊ အလေးချိန် စံချိန်စံညွှန်းမပြည့်မီတဲ့ ဂါလံပုံး၊ ဂိုက်တံ၊ ပိဿလေးတွေကြောင့် တကယ်တမ်း ထိခိုက်နစ်နာရတာက ၀ယ်ယူစားသုံးသူ အများပြည်သူ။
ဒီနေ့ခေတ်မှာ အင်တာနက်ကတဆင့် လူတိုင်း လွတ်လပ်စွာ ရေးသားခွင့်ရှိတဲ့အလျောက် မိမိတို့ရဲ့ အယူအဆတွေကို အများကို ဝေငှကြတယ်။ အဲဒီလို ဝေငှကြတဲ့နေရာမှာ တချို့က စောစောကပြောခဲ့တဲ့ မသမာတဲ့ ဈေးသည်တွေလိုဘဲ ကိုယ်လိုသလို တိုးလို့လျှော့လို့ရတဲ့ ဂိုက်တံကို သုံးကြတာ တွေ့ရတယ်။
ဥပမာ ဦးသန်းရွှေဟာ မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်ထားတဲ့အတွက် အပြင်းအထန် ရှုတ်ချနေပေမယ့် လီကွမ်းယူ မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်တာကိုကျ ချီးမွမ်းတာကို ကြုံရပြန်တယ်။ (နည်းနည်း လူလည်ပိုကျတဲ့သူကတော့ မသိချင်ယောင် ဆောင်နေလိုက်တာပေါ့)။
ဥပမာ မစုစုနွေး၊ ဦးအောင်ဖေ၊ တကိုယ်တော်ဆန္ဒပြသူ ဦးအုန်းသန်းတို့ကို မတရား စီရင်ချက်ချပြီး ထောင်ဒဏ်ပေးလိုက်တာကို မတရားဘူးလို့ ထုတ်ပြောရဲပေမယ့် ဒေါက်တာချီးကို မတရားထောင်ဒဏ်ပေးတဲ့ကိစ္စကျတော့ မသိသယောင် ဆိတ်ဆိတ်နေတတ်ကြတယ်။
အဲဒါကို “တယောက်နဲ့ တယောက် အမြင်ချင်းမတူနို်င်ဘူး။ သူ့ဘက်ကကြည့်လည်း အမှန်၊ ငါ့ဘက်က ကြည့်လည်းအမှန်” ဆိုပြီး ငါ့စကားနွားရ ဇွတ်ကန်ငြင်းချင်သူတွေလည်း ရှိတတ်တယ်။ တကယ်တမ်းကျတော့ သူ့တို့ဟာ ကိုယ့်ဖာသာ ဂိုက်တံကို ကိုယ်လိုသလို အလျှော့အတင်းလုပ်နေတယ်ဆိုတာ မေ့လျော့နေကြတယ်။ ကဲ….ဦးအုန်းသန်းတို့ ကိစ္စမှာ ဘယ်လိုပေတံနဲ့ တိုင်းပြီး မတရားတယ်ပြောသလဲ။ သူတို့ရဲ့ ကျိုးကြောင်းပြချက်ကို နားထောင်မယ်။ ဒေါက်တာချီးတို့မှာ အဲဒီ ကျိုးကြောင်းပြချက်နဲ့ဘဲ ဆက်လက် စိစစ်သလား။ ဒီလိုကျတော့လည်း မဟုတ်ပြန်ဘူး။
တကယ်တော့ ဒီလူတွေဟာ Double Standard တွေဘဲ။ ဂိုက်တံကို ကိုယ်လိုသလို လိုတိုးပိုလျှော့ လုပ်နေသူတွေဘဲ။ အရွယ်အစားမတူညီတဲ့ ဂါလံပုံးကို နှစ်ပုံးတပြိုက်နက် ဆောင်ထားတဲ့ ဓါတ်ဆီမှောင်ခိုရောင်းသမားနဲ့ ဘာမှ မထူးခြားဘူး။ ကိုယ့်အကျိုးစီးပွားအတွက် ကိုယ့်စံနှုန်းကို ဟိုနေရာတမျိုး ဒီနေရာတမျိုး လုပ်တတ်ကြတာဘဲ။ ဆီမှောင်ခိုသမားရဲ့ လုပ်ရပ်က သူ့ဆီမှာ လာရောက် ရောင်းဝယ်ဖောက်ကားသူ လူအနည်းငယ်အပေါ်မှာဘဲ အကျိုးသက်ရောက်မှုရှိတယ်။
ဒါပေမယ့် အင်တာနက်က ဂါလံခိုးသူတွေကတော့ သူတို့ရဲ့ စာတွေကို အင်တာနက်ပေါ်မှာ ရေးသားတာဖြစ်လို့ အကျိုးသက် ရောက်မှု စက်ဝန်းက ပိုကျယ်တယ်။ သိပ်မစဉ်းစားနိုင်သေးတဲ့ စာဖတ်သူတွေရဲ့ စိတ်ကို မှိုင်းတွေသွင်းပေးနေသလိုဘဲ။
အင်ပီရီယယ်စနစ်နဲ့ မက်ထရစ်စနစ် ကွာခြားတာ၊ ကိုယ်ကြိုက်ရာစနစ်ကိုယ်သုံးတာကို လက်ခံနိုင်သလို အယူအဆ သဘောတရားရေးရာမှာလည်း ကိုယ်ကြိုက်တဲ့ အယူအဆ၊ သဘောထားကို လွတ်လပ်စွာ လက်ကိုင်ထားတာမျိုးတော့ နားလည်လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်စံချိန်စံညွှန်းကိုဘဲ ဟိုနေရာတမျိုး ဒီနေရာတမျိုးလုပ်တာကိုတော့ (အလေးခိုးတာကို သည်းမခံချင်သလို) နည်းနည်းလေးမှ သည်းမခံချင်ဘူး။

အင်တာနက်စာမျက်နှာတွေပေါ်မှာ အဲသည်လို ဂိုက်ခိုးတဲ့သူတွေ နောက်ပိုင်းတွေ့လာရင် သူတို့ ဂိုက်တံကို ရိုက်ချိုးရမယ်။ အလေးခိုးတဲ့လူတွေ့လာရင် သူတို့ရဲ့ ပိဿလေးနဲ့ဘဲ သူတို့ရဲ့ဘေးကို အင့်ကနဲ နေအောင် ပြန်ပစ်ရမယ်။ ဂါလံခိုး တဲ့လူဆိုရင် နာနာပြန်ထိုး ပေးရမယ်..။
လူ့လောကကြီးမှာဖြစ်နေတဲ့ မကောင်းမှုအားလုံးကို ၀တ်ဖြူစင်ကြယ်နဲ့ မြင်းဖြူကြီးစီးပြီး လိုက်လံမခြေမှုန်းနိုင်တာမှန်ပေမယ့် ကိုယ့်လက်လှမ်းမီရာ ပတ်ဝန်းကျင်က သူတော်ကောင်း အရေခြုံတွေတော့ တတ်နိုင်သမျှ သွားရင်းလာရင်း သူတို့ရဲ့ ခြုံလွှာကို ဆွဲခွာပေးရမယ်။
Read more

“မြင်တာတွေရယ် ကြားတာတွေရယ်”

ကျနော့်အနေနဲ့ ချီးကျူးထိုက်သူတွေကို ချီးကျူးဂုဏ်ပြုဘို့ အကြွေးတင်နေတဲ့ ပို့စ်ကလေး တခုရှိပါတယ်။ အခုကျနော့်ပြောချင်တဲ့အကြောင်းအရာတခုရဲ့ နိဒါန်းမှာ သူတို့အကြောင်းနဲ့ စဖွင့်လိုက်ပါတယ်။

ကျနော်ချီးကျူးချင်တယ်ဆိုတာ ဘယ်သူတွေကိုလဲဆိုတော့ ပြီးခဲ့တဲ့ ဧပြီလ တနင်္ဂနွေ ၂၇ ရက်နေ့က စင်္ကာပူ မြန်မာသံရုံးမှာ ပြုလုပ်တဲ့ အခြေခံဥပဒေ အတည်ပြုရေး လူထုဆန္ဒခံယူပွဲကို လာရောက်ကန့်ကွက်မဲ ထည့်ခဲ့ကြတဲ့ စင်္ကာပူရောက်မြန်မာတွေပါဘဲ။

အဲဒီနေ့က သူတို့အားလုံး No လို့ ရှေ့ရောနောက်ပါ ရေးသားထားတဲ့ တီရှပ်အနီရောင်တွေ ဆင်တူဝတ်၊ နိုး လို့ ရေးထားတဲ့ အနီရောင် ဦးထုပ်တွေ ဆောင်းပြီးလာကြတာပါ။

အဲဒီနေ့က မဲပေးခွင့်ရဘို့ မသေချာပေမယ့် နေပူကျဲကျဲမှာ ဇွဲနဘဲ လာရပ်စောင့်ခဲ့တဲ့ မြန်မာတွေ ဖြစ်ပါတယ်။

အဲဒီနေ့က အဲဒီမြန်မာတွေဟာ တွက်ကပ်မနေဘဲ သုံးယောက်တတွဲ တန်းစီပါ ဆိုရင် နေပူဒဏ်ကို အံတုလို့ နေပူကျဲကျဲမှာ တန်းစီခဲ့ကြတယ်။

အဲဒီနေ့က အဲဒီမြန်မာတွေဟာ အားလုံးထိုင်ကြမယ် လို့သာ အချက်ပြလိုက်၊ အားလုံး တညီတညွတ်တည်း ထိုင်ချခဲ့ကြတယ်။ သူကတော့ နေရိပ်ထဲမှာမို့၊ ငါကတော့ နေပူထဲမှာမို့ ဆိုတဲ့ မကျေနပ်ခြင်း၊ ငြီးတွားခြင်း လုံးဝမရှိ။

အဲဒီနေ့က အဲဒီမြန်မာတွေဟာ အားလုံး မတ်တပ်ရပ်ကြမယ် လို့ အချက်ပြလိုက်တာနဲ့ တယောက်မကျန် မတ်တပ်ရပ်ခဲ့ကြတယ်။

အဲဒီနေ့က အဲဒီမြန်မာတွေဟာ အားလုံး နိုင်ငံတော်သီချင်း သံပြိုင်ဆိုမယ်လို့ အချက်ပေးလိုက်တာနဲ့ တညီတညွတ်တည်း ကမ္ဘာမကြေ ကို လှိုက်လှိုက်လှဲလှဲ သီဆိုခဲ့ကြတယ်။

အဲဒီနေ့က အဲဒီမြန်မာတွေထဲကဘဲ မျိုးချစ်မြန်မာလူငယ်များဟာ ဘယ်သူမှ မတိုက်တွန်းရဘဲနဲ့ ကိုယ့်အသိစိတ်နဲ့ကိုယ် ရေဘူး လိုက်ဝေတာတွေ၊ မုန့်လိုက်ဝေတာတွေ၊ သောက်ပြီး ရေဘူးခွံတွေကို လိုက်သိမ်းတာတွေ၊ အမှိုက်လိုက်သိမ်းတာတွေ လုပ်ခဲ့ကြတယ်။


၂၀၀၅ ခုလောက်က စလို့ စင်္ကာပူမှာ အရင်က ပြုလုပ်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲတွေ၊ အမျိုးသားအောင်ပွဲနေ့တွေ နဲ့ အခြား နေ့ကြီးရက်ကြီးတွေတိုင်းမှာ လူစုလူဝေးရှိတိုင်း လူတွေကို ကျနော်တို့ စည်းရုံး တိုက်တွန်းခဲ့တာရှိပါတယ်။ အဲဒါဟာ ဘာလဲဆိုရင် လူတဦးချင်းရဲ့ ပူးပေါင်းပါဝင်မှု (Participation) ပါဘဲ။

လူဟာ တဦးတယောက်ချင်း အိမ်မှာ နေကြတဲ့အခါ မကျေနပ်ချက်တွေ ရှိကောင်းရှိမှာဖြစ်ပေမယ့် မိမိဘာသာ သီးသန့်နေကြတဲ့အတွက် တခြားသူတွေရဲ့ ခံစားချက်ဟာ မိမိနဲ့ ထပ်တူထပ်မျှ ဖြစ်နေတာကို မသိနိုင်ကြပါဘူး။

အဲဒီလို မဟုတ်ဘဲ လူတွေ စုလာမိလို့ လူစုလူဝေးဖြစ်လာကြပြီဆိုရင် အဲသည် တူညီတဲ့ ခံစားချက်တွေကြောင့် နောက်တဆင့်တက်ပြီး လှုပ်ရှားမှုတခုကို အကောင်အထည်ဖော်တတ် ကြတယ်။ ဒီအခါမှာ လူတွေရဲ့ အင်အားဟာ တစထက်တစ ပိုပြီး ကြီးထွားလာတယ်။ မိမိတို့ လှုပ်ရှားမှုအပေါ်မှာလည်း ပိုမိုယုံကြည်လာကြပြီး လှုပ်ရှားမှုအရှိန်အဟုန် မြင့်တက်လာကြ တယ်။

ဒါကြောင့်လည်း အာဏာရှင်တွေဟာ လူစုလူဝေးကို အင်မတန်ကြောက်တာ။ လူငါးယောက် ထက် ပိုမစုရ ဆိုတဲ့ တားမြစ်ချက်ဟာ အာဏာပိုင်တွေရဲ့ အကြောက်တရားကနေ ဆင်းသက်လာတဲ့ ဥပဒေဖြစ်ပါတယ်။ ဆူပူမှုတွေ၊ မငြိမ်မသက်မှုတွေ ဖြစ်မှာစိုးလို့ ဆိုတဲ့အကြောင်းပြချက်ဟာ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဘို့ကြံရွယ်တဲ့ အာဏာပိုင်တွေရဲ့ မခိုင်လုံတဲ့ အကြောင်းပြချက်ပါ။

အာဏာရှင်တွေဟာ သတင်းမီဒီယာတွေကို ချုပ်ကိုင်ထားပြီး တဖက်သတ် ၀ါဒမှိုင်းလုံးတွေကို လူတွေရဲ့ စိတ်ထဲကို နေ့စဉ်သွင်းပေးနေမယ်ဆိုရင် လူတွေမှာ အခြားနှိုင်းယှဉ်သုံးသပ်စရာ သတင်းမှန်မရှိတဲ့အတွက် မှားယွင်းတဲ့အချက်အလက်တွေအပေါ်မှာဘဲ မူတည်ပြီး ကောက်ချက်မှားတွေ ဆွဲတတ်ပါတယ်။

လူတွေဟာ သတင်းအချက်အလက်တွေကို မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ အထိအတွေ့ စတဲ့ အာရုံခံစားမှု ကိရိယာတွေကတဆင့် ခံစားယူကြပါတယ်။

အမြင်အာရုံ ချို့ယွင်းနေတဲ့လူဟာ အလင်းအမှောင်၊ အရောင်စတဲ့ သတင်းအချက်အလက်တွေကို မသိနိုင်တဲ့အတွက် ပန်းချီကားတချပ်ပေါ်က မြင်ကွင်းကို ပြန်လည်ပြောပြတဲ့နေရာမှာ မှန်မှန်ကန်ကန်ပြောပြနိုင်ဘို့ ခဲယဉ်းပါတယ်။

နားမကြားတဲ့သူ အနေနဲ့လည်း အသံနဲ့ ပတ်သက်တဲ့ အတိုးအကျယ်၊ စူးရှမှု၊ ချိုသာမှု စတဲ့ အချက်အလက်တွေကို မရနိုင်တော့တဲ့ အတွက် သီချင်းတပုဒ်နဲ့ ပတ်သက်လို့ သူ့အမြင်ကို ထုတ်ဖော်ရာမှာ လွဲမှားနိုင်ပါတယ်။

အလားတူဘဲ လျှာပြတ်နေတဲ့လူတယောက်နေနဲ့ အရသာတွေကို မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်သလို နှာစေးထိပ်ခတ်နာ ဖြစ်နေတဲ့လူတယောက်အနေနဲ့ အနံ့မျိုးစုံကို ပြည့်စုံတိကျစွာ ဆုံးဖြတ်နိုင်ဘို့ မလွယ်ပါဘူး။

ဥပမာပေးရရင် အသက်တနှစ်အရွယ်မှာ အမြင်နဲ့ အကြား အာရုံကြောတွေ ထိခိုက်သွားတဲ့ ဟယ်လင်ကဲလား ဆိုတဲ့ အမျိုးသမီးတယောက်အကြောင်း။ သူမဟာ သူမကို မော့စ်ကုဒ်နဲ့ သင်ကြားပေးမယ့် ကယ်တင်ရှင်ဆရာမ အင်နီဆာလီဗန် ရောက်မလာခင်ကဆိုရင် သူမရဲ့ ဦးနှောက်ကလည်း ဖွံ့ထွားခွင့်မရတော့တဲ့ အခြေအနေတရပ်ကို ရောက်သွားတယ်။ လူတွေက သူမကို ကျပ်မပြည့်ဘူးလို့တောင် ထင်မှတ်ခဲ့ကြတာ။ နောက်မှသာ ဆရာမ အင်နီရဲ့ ကျေးဇူးနဲ့ ပြင်ပလောကအကြောင်းကို ဆရာမရဲ့ လက်ချောင်းတွေကတဆင့် မော့စ်ကုဒ်နဲ့ သိရှိခွင့်ရတော့တာပြီး ပိန်းပိတ်နေတဲ့ အမှောင်နဲ့ ကြီးမားလေးလံတဲ့ တိတ်ဆိတ်မှုအောက်က လွတ်မြောက်ခွင့်ရသွားတာကိုး။ နောက်ဆုံးမှာ ဘွဲ့ရသည်အထိ ပညာသင်ကြားနိုင်ပြီး လူ့အဖွဲ့အစည်း အကျိုးကို အများကြီးသယ်ပိုးသွားနိုင်ခဲ့တဲ့ လူတကာ လေးစားအတုယူရတဲ့ လျှမ်းလျှမ်းတောက် အမျိုးသမီးကြီးတဦးဘ၀ အထိ တက်လှမ်းနိုင်ခဲ့တယ်။

အဲသလိုပါဘဲ။ သတင်းနဲ့ မီဒီယာတွေကို အစိုးရတရပ်က တင်းကြပ်စွာ ချုပ်ကိုင်လိုက်ပြီး လူတွေရဲ့ မျက်စိ နဲ့ နား တွေကို ပိတ်ဆို့လိုက်မယ်ဆိုရင်၊ အစိုးရရဲ့ တဖက်သတ် ၀ါဒဖြန့် မှိုင်းတိုက်တာကို ကြိမ်ဖန်များစွာ ခံရမယ်ဆိုရင် လူတွေမှာ ပြည့်စုံလုံလောက်တဲ့ သတင်းအချက်အလက်မရရှိတဲ့အတွက် မှားယွင်းစွာ ကောက်ချက်ဆွဲလေ့ရှိကြပါတယ်။ မြင်းလှည်းဆွဲတဲ့ မြင်းလို မျက်စိမှာ အဖုံးအကာ အတပ်ခံရပြီး မြင်ကွင်းရဲ့ တစိတ်တဒေသကို အကန့်အသတ်နဲ့ ပေးမြင်ခံရတာနဲ့ အလားသဏ္ဍာန် တူနေပါတယ်။အကြားနဲ့ အမြင်ကို ပိတ်ပင်တားဆီးခြင်းခံရရင် စဉ်းစားဆင်ခြင်နိုင်စွမ်းကိုပါ ဖျက်ဆီးခံလိုက်ရသလိုပါဘဲ။

ဒါကြောင့် လူတိုင်းလူတိုင်းအနေနဲ့ သတင်းအချက်အလက်တွေကို ပြည့်စုံစွာ ရရှိနိုင်ရေးအတွက် သတင်းလွတ်လပ်ခွင့်နဲ့ သတင်းအချက်အလက်များအား လွတ်လပ်စွာ ရှာဖွေကြည့်ရှု ပိုင်ခွင့်တွေကို အခြေခံလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာ အောက်ပါအတိုင်း ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

Article 19.
Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်မှာ နယ်ခြားမဲ့ သတင်းထောက်များ (RSF) ရဲ့ အစီရင်ခံစာအရ သတင်းမီဒီယာလွတ်လပ်ခွင့် အဆင့်အတန်းမှာ နိုင်ငံပေါင်း ၁၆၉ နိုင်ငံအနက် စင်္ကာပူနိုင်ငံက အဆင့် ၁၄၁ နဲ့ မြန်မာနိုင်ငံက အဆင့် ၁၆၄ ချိတ်ပါတယ်။ သတင်းလွတ်လပ်ခွင့်မှာ မလေးရှားက ၁၂၄ နဲ့ ထိုင်းနိုင်ငံက ၁၃၅ ရှိတဲ့အတွက် မြန်မာနဲ့ စင်္ကာပူထက် သတင်းလွတ်လပ်ခွင့်မှာ သာပါတယ်။
ဒီလို မီဒီယာလွတ်လပ်ခွင့်နည်းပါးတဲ့ စင်္ကာပူနဲ့ မြန်မာနိုင်ငံမှာ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေဟာ အစိုးရရဲ့ အာဘော်၊ လက်ကိုင်ဒုတ်တွေ ဖြစ်နေတတ်ပါတယ်။ အစိုးရရဲ့ ကောင်းကြောင်းတွေကို အဆက်မပြတ် ဟိမ၀န္တာချီးမွမ်းခန်းဖွင့်နေပြီး အတိုက်အခံတွေကိုတော့ အမြဲတစေ ပုတ်ခတ်ရေးသားတတ်ပါတယ်။ သတင်းအမှန်တွေကို ထိန်ချန်ပြီး လူတွေကို အထင်မှားအောင် လုပ်ကြံရေးသားတတ်ပါတယ်။ မြန်မာအစိုးရရဲ့ သာလွန်တဲ့ ညံ့ဖျင်းချက်ကတော့ လိမ်တာတောင်မှ ပိပိရိရိ မလိမ်တတ်ခြင်းပါ။

အဲသည်လို သတင်းလွတ်လပ်ခွင့်မရှိတဲ့တိုင်းပြည်မျိုးမှာ မိမိရဲ့ မကျေနပ်ချက်ကို ထုတ်ဖော်ခွင့်ကလည်း ထုံးစံအတိုင်း အခွင့်အရေးမရှိပါဘူး။ မိမိရဲ့ မကျေနပ်ချက်ကို လူတွေရဲ့ အာရုံစိုက်မှုကို တိုက်ရိုက်ရစေချင်ရင် လမ်းမပေါ်ထွက် စုရုံးဆန္ဒပြတဲ့နည်းက အကောင်းဆုံးပါဘဲ။ ဘာကြောင့်လဲဆိုတော့ လူတွေ စုရုံးလိုက်ခြင်းအားဖြင့် လူအများရဲ့ စိတ်ဝင်စားမှုကို ဖိတ်ခေါ်နိုင်ပြီး မိမိတို့ရဲ့ ရည်ရွယ်ချက်ကို အာရုံစိုက်အောင် ပြုလုပ်နိုင်ခြင်းကြောင့်ပါဘဲ။ အဲဒီအချက်ကို အာဏာရှင်တွေက ကောင်းကောင်းသဘောပေါက်တဲ့အလျောက် ရဲခွင့်ပြုချက်မပါဘဲ အပြင်ဘက်မှာ ငါးယောက်ထက် ပိုပြီး မစုဝေးရဆိုတဲ့ မတရားတဲ့ ဥပဒေကို ချမှတ်ကျင့်သုံးကြပါတော့တယ်။ အဲဒီ ရဲခွင့်ပြုချက်ကလည်း အတိုက်အခံတွေ လျှောက်ထားတဲ့အခါ ဘယ်တော့မှ ချပေးရိုးထုံးစံမရှိပါဘူး။ တကယ်ကတော့ ဒီလို ငြိမ်းချမ်းစွာ စုဝေးပိုင်ခွင့်ကို လူအခွင့်အရေး ကြေညာစာတမ်းမှာ အခုလို ဖော်ပြထားပါတယ်။

Article 20.
(1) Everyone has the right to freedom of peaceful assembly and association.
(2) No one may be compelled to belong to an association.

စင်္ကာပူဟာ လူ့အခွင့်အရေးပဋိညာဉ်စာတမ်းကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံတခုဖြစ်ပါတယ်။ သို့ပါလျက် အထက်ပါ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်လာရင် မြန်မာစစ်အစိုးရလိုဘဲ လုံးဝ လေးစားလိုက်နာခြင်းမရှိတာကို တွေ့ရပါတယ်။ အဲဒီအတွက် တော်လှန်ရေးသမားတွေ အတွက် ရွေးချယ်စရာမရှိတော့ဘဲ Civil Disobedience ခေါ်တဲ့ အကြမ်းမဖက် ဆန္ဒပြတဲ့ နည်းကို ရွေးချယ်လာကြရတာဖြစ်ပါတယ်။ (ကျနော့်ပို့စ် အစပိုင်းမှာ ဖော်ပြခဲ့တဲ့ မြန်မာတွေဟာ ငြိမ်းချမ်းစွာ စုရုံးပိုင်ခွင့်ဆိုတဲ့ မိမိရဲ့ အခြေခံလူ့အခွင့်အရေးတရပ်ကို ကျင့်သုံးရာရောက်တဲ့အတွက် ချီးမွမ်းလိုခြင်းဖြစ်ပါတယ်။)

ရှေ့ပို့စ်ထဲမှာ အမည်မသိ မှတ်ချက်ဝင်ရေးသူ တဦးက အစိုးရတရပ်ကို မကြိုက်ရင် ရွေးကောက်ပွဲကျရင် တခြားပါတီကို မဲထည့်ခြင်းအားဖြင့် အလွယ်တကူ ပြောင်းလဲလိုက်ရုံပေါ့လို့ လွယ်လွယ်ကလေး ပြောသွားပါတယ်။ တကယ်ကတော့ အဲသည်လောက် မရိုးရှင်းပါဘူး။ ရွေးကောက်ပွဲကို လေးနှစ်တကြိမ်၊ ငါးနှစ်တကြိမ် ကျင်းပပေးရုံနဲ့ ဒီမိုကရေစီလို့ မခေါ်ဆိုနိုင်သလို အစိုးရတရပ်ကိုလည်း ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီ ရွေးကောက်ပွဲဟာ လွတ်လပ်သော ရွေးကောက်ပွဲဟုတ်မဟုတ်၊ တရားမျှတသော ရွေးကောက်ပွဲ ဟုတ်မဟုတ်၊ အတိုက်အခံတွေအပေါ်မှာ မျှတသော မဲဆွယ်ခွင့်ကာလ၊ မျှတသောအခြေအနေ ဖန်တီးပေးမပေး၊ လွတ်လပ်စွာ မဲဆွယ်ခွင့်၊ ရံပုံငွေကောက်ခွင့်၊ ပုံနှိပ်ခွင့် ပေးမပေး၊ မဲဆန္ဒနယ်တွေကို နယ်နိမိတ်မည်သို့မည်ပုံပိုင်းခြားသလဲ၊ ရွေးကောက်ပွဲ ကော်မရှင်ဟာ လုံးဝ ဘက်မလိုက်တဲ့ ကော်မရှင်လား ဆိုတဲ့ အချက်အလက်ပေါင်းများစွာ၊ မေးခွန်းပေါင်းများစွာ အပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။

နောက်ပို့စ်ထဲကျရင် စင်္ကာပူမှာရှိတဲ့ လူအများအပြား အသက် ၄၀ ကျော်တဲ့အထိ ဘာကြောင့် မဲမပေးဘူးသေးသလဲ ဆိုတာရယ်၊ စင်္ကာပူနိုင်ငံက ရွေးကောက်ပွဲတွေ အကြောင်းရယ်၊ စင်္ကာပူနိုင်ငံဟာ မြန်မာအများစု ထင်နေသလို ဒီမိုကရေစီနိုင်ငံအစစ် မဟုတ်ဘူးဆိုတာရယ်ကို အကျဉ်းချုပ် ပြောပြပါဦးမယ်။

အခုတော့ ပို့စ် တော်တော်လေးရှည်သွားပြီဖြစ်လို့ ဒီနေရာမှာ တဖြတ်နားလိုက်ဦးမယ်။
Read more

“ဖယောင်းတိုင် နဲ့ ဒေါက်တိုင်”



ပြီးခဲ့တဲ့ ကြသပေးတေး မနက်ပိုင်း ရုံးရောက်လို့ ကွန်ပြူတာဖွင့်၊ အီးမေးလ်စစ်လိုက်တော့ ဂျွန့်ဆီက အီးမေးလ်တစောင်ရောက်နေတာကို တွေ့ရတယ်။

ဂျွန်ဆိုတာ ဒေါက်တာချီးတို့ စင်္ကာပူ ဒီမိုကရက်ပါတီက အမှုဆောင်တယောက်ပေါ့။ အရင်နှစ်က စင်္ကာပူမှာလုပ်ခဲ့တဲ့ ဖိုရမ်တခုမှာ ကျနော် သူ့နဲ့ စတင်သိကျွမ်းတာပါ။ အင်တာနက်စာမျက်နှာပေါ်မှာတော့ သူ့ကို မြင်ဘူးနေတာ၊ သူရေးတဲ့ ဆောင်းပါးတွေကို ဖတ်ဖူးနေတာ ကြာပါပြီ။

သူ့မေးလ်ထဲမှာ ဂျွန်က ညဘက်ကျရင် လောလောဆယ် အကျဉ်းကျခံနေရတဲ့ ဒေါက်တာချီးရဲ့ညီမ မစ္စချီး အတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲတခု လုပ်မယ်။ နေရာက ချန်ဂီအမျိုးသမီး အကျဉ်းထောင်ရှေ့။ ည ၇ နာရီခွဲကနေ ၁၁ နာရီအထိ။ အဲဒီ ဆုတောင်းပွဲမှာ ကျနော်နဲ့ ကျနော့်မိတ်ဆွေတွေ လာနိုင်ရင် လာရောက်ပူးပေါင်းဘို့ ဖိတ်ခေါ်ထားပါတယ်။

အဲဒီအချိန်ထိ စင်္ကာပူမှာ ကျနော်တို့ လှုပ်ရှားခဲ့သမျှဟာ မြန်မာ့အရေးသက်သက် အတွက်ဘဲ။ စင်္ကာပူနိုင်ငံရေးမှာ ဒေါက်တာချီးတို့ ပါတီကို ကျနော်အားပေးထောက်ခံတာ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက သူတို့ မဲဆွယ်ပွဲတွေမှာ သွားနားထောင်တာ၊ သူရေးတဲ့စာအုပ်တွေ၊ လူ့အခွင့်အရေးတီရှပ်တွေ ရန်ပုံငွေအတွက် ရောင်းတဲ့အခါ ၀ယ်ယူအားပေးတာ၊ တခါတလေ အလှူငွေ ထည့်တာလောက်ကလွဲလို့ သူတို့နဲ့ အတူ လက်တွဲပြီး ထူးထူးခြားခြား လှုပ်ရှားမှုအနေနဲ့ မလုပ်ခဲ့ဖူးဘူး။

အရင်နှစ်ကတော့ ကွာလတီဟိုတယ်မှာ SG Human Rights အဖွဲ့က ဦးဆောင်လုပ်တဲ့ လူ့အခွင့်အရေးဖိုရမ်ကို သွားတက်တာ၊ နောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် မရူးဝါးအဖွဲ့က လုပ်ခဲ့တဲ့ Burma On My Mind ဆိုတဲ့ တံဆိပ်ကလေးတွေနဲ့ လက်ကမ်းစာစောင်လေးတွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့တာ၊ Speaker's corner မှာလုပ်တဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲတွေကို သွားနားထောင်တာတို့တော့ ရှိသပေါ့။

အဲဒီနေ့က ဂျွန်ရဲ့ စာကိုရတော့ ကျနော် သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျနော့်ဇနီးကလည်း ကျနော့်လိုဘဲ။ မျိုးမြင့်မောင်၊ ကိုဂျေမိုးနဲ့ ကိုလေး တို့ကို ပြောပြတော့လည်း မဆိုင်းမတွပါဘဲ။

အဲဒီလိုနဲ့ ညနေ ၇ နာရီ ၄၀ မိနစ် မှာ ကျနော်တို့ ငါးယောက်သား ချန်ဂီ အမျိုးသမီး အကျဉ်းထောင်ရှေ့ကို ရောက်သွားပါတော့တယ်။ ဟိုမှာ ကျနော်တို့အရင် ရောက်နှင့်နေတဲ့ လူတွေကိုလည်း တွေ့ရတယ်။

မီးထွန်းတော့ ဆီမီးခွက်လို ဖယောင်းတိုင်အ၀ိုင်းလေးတွေကို တခါသုံး ပလပ်စတစ်အကြည်သားခွက် ထဲကိုထည့်၊ ပြီးတော့ မီးဖိုချောင်သုံး နှုတ်သီးရှည် ဓါတ်ငွေ့မီးခြစ်နဲ့ ထွန်းညှိရတယ်။ အဲဒီ အိုင်ဒီယာက လှတယ်။ ဖယောင်းတိုင်အ၀ိုင်းဟာ ပလပ်စတစ်ခွက်ထဲရောက်နေတော့ မီးပုံးလိုဖြစ်သွားပြီး အမြင်လည်းဆန်းတယ်၊ လေတိုက်လည်း မငြိမ်းတော့ဘူး။ အဲဒီ ဖယောင်းတိုင်မီးတွေကို ထွန်းညှိပြီးတော့ အကျဉ်းထောင် အ၀င် ပလက်ဖောင်း တဖက်တချက်မှာ စီတန်းပြီး ချလိုက်ကြတယ်။ ပြီးတော့ လာတဲ့လူတွေ ခဏတဖြုတ် အချင်းချင်း စကားစမြည်ပြောကြတာပေါ့။


ဒေါက်တာချီးရဲ့ အမျိုးသမီး (တိုင်ဝမ်သူ) နဲ့ သူ့ကလေး သုံးယောက်ကိုလည်း တွေ့ရတယ်။ အင်မတန်ချစ်စရာ ကောင်းတဲ့ ကလေးတွေဘဲ။ သားအငယ်ဆုံးလေးက အဲသည်လို မီးထွန်းပွဲသွားရတာကို အရမ်းပျော်သတဲ့။ အကြီးဆုံးမလေးက အရမ်းသိတတ်တယ်။ အငယ်နှစ်ယောက်ကိုလည်း အရမ်းဂရုစိုက်တယ်။ ဒေါက်တာချီးအမျိုးသမီးကလည်း အမေရိကားက ပီအိတ်ခ်ျဒီဘွဲ့ရထားတဲ့ သူဘဲ။ သူတို့ချင်း အဲဒီမှာ ကျောင်းတက်ရင်း စတွေ့ခဲ့ကြတာတဲ့။ ဟိတ်ဟန်မရှိဘဲ အင်မတန် ခင်မင်ဘွယ်ကောင်းတဲ့ အမျိုးသမီး တယောက်ပါဘဲ။ သူမ ရံဖန်ရံခါ ရေးတတ်တဲ့ ဆောင်းပါးလေးတွေဟာ ကျနော့်မိတ်ဆွေ ဘလော့ဂါ “တန်ခူး” ရေးတဲ့ စာစုလေးတွေလိုဘဲ။ ရိုးရိုးလေးနဲ့ နှစ်လိုဘွယ်ကောင်းတယ်။ လူသားဆန်တဲ့ အတွေးအခေါ်လေးတွေ၊ နူးညံ့တဲ့ စိတ်ကူးလေးတွေကို ဆွဲဆောင်မှုရှိရှိ ပြေပြေပြစ်ပြစ်နဲ့ ရေးသားဖော်ပြတတ်တယ်။

နောက်ပြီး အဲဒီနေ့ကမှ အာမခံနဲ့ ပြန်လွတ်လာတဲ့ အမေရိကန်နိုင်ငံသားခံယူထားတဲ့ ဂိုပါလန်နဲ နဲ့လည်း တွေ့လိုက်ရတယ်။ သူက လီကွမ်းယူသားအဖနဲ့ ဒေါက်တာချီးမောင်နှမတို့ရဲ့ အမှုမှာ မတရားဘက်လိုက်တဲ့ စင်္ကာပူတရားရုံးနဲ့ တရားသူကြီးကို ဝေဖန်ပြီး အင်တာနက်ပေါ်ကနေ သူ့နာမည်၊ တည်းခိုတဲ့ ဟိုတယ်လိပ်စာတွေကို ဖော်ပြပြီး “သူ့ကို အသရေဖျက်မှုနဲ့ စွဲရဲရင်စွဲစမ်း” ဆိုပြီး လီကွမ်းယူတို့ သားအဖကို စိန်အခေါ်ကောင်းလို့ ပြည်သူ့ဝန်ထမ်းကို စော်ကားမှုနဲ့ စွဲချက်တင်ပြီး ရဲစခန်းမှာ ၃-၄ ညလောက် လိုက်အိပ်လိုက်ရတဲ့ ပုဂ္ဂိုလ်ပေါ့။ သူ့အမှုက အခုထိ ရုံးမတင်ရသေးဘူး။ ပတ်စ်ပို့ကိုတော့ သိမ်းထားလိုက်တယ်တဲ့။

အဲဒီနေ့က မပြန်ခင်မှာ ဒေါက်တာချီးတို့ မောင်နှမပုံ ဓါတ်ပုံကြီးတွေ ကိုင်ပြီး ဓါတ်ပုံစုရိုက်ဖြစ်တယ်။

နောက်တရက်ဖြစ်တဲ့ သောကြာနေ့ညကတော့ ကွင်းစ်တောင်း ရမန်အကျဉ်းထောင်ရှေ့မှာ ဒေါက်တာချီးအတွက် မီးသွားထွန်းကြတယ်။ အဲဒီညက အကျဉ်းထောင်ရှေ့ပင်မ၀င်ပေါက်နဲ့တည့်တည့် ပလက်ဖောင်းပေါ်မှာ မီးတွေကို စီတန်းထွန်း၊ ဓါတ်ပုံတွေ ကိုင်ပြီး စီတန်းထိုင် ဆန္ဒပြရုံမက ပြန်ကာနီးမှာ နာမည်ကျော် Protest Song ဖြစ်တဲ့ We Shall Overcome ကို သံပြိုင်သီဆိုခဲ့ကြတယ်။

မြန်မာ့အရေးမဟုတ်ဘဲ သူများအရေးမှာ ဘာကြောင့်သွားပတ်သက်ရသလဲ။ စင်္ကာပူ အစိုးရဟာ သူ့နိုင်ငံအရေးမှာ အတိုက်အခံတွေနဲ့ ပတ်သက်လာရင် ဘယ်တုန်းကမှ မညှာခဲ့တော့ အခုလို အတိုက်အခံတွေဘက်က သွားရောက်အားပေးတဲ့ အလုပ်ကို လုပ်ခြင်းဟာ အမြော်အမြင်ရှိတဲ့ လုပ်ရပ် ဟုတ်ပါ့မလား။....လို့ မေးချင်ကြမယ်ထင်ပါတယ်။

စင်္ကာပူမှာ ကျနော်တို့ လုပ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမတိုင်မီ အောချာ့ဒ် လမ်းမကြီးပေါ်မှာ အင်္ကျီအဖြူတွေ ၀တ်ပြီး စီတန်းလမ်းလျှောက်ခဲ့တာ၊ အာဆီယံထိပ်သီး အစည်းအဝေး အတွင်းမှာ အော့ချာ့ဒ်လမ်းမပေါ်မှာ အင်္ကျီအနီတွေဝတ်ပြီး စီတန်းဆန္ဒ ပြခဲ့ကြတာ၊ နာဂစ်မုန်တိုင်းမှာ သေဆုံးခဲ့တဲ့ မြန်မာတွေအတွက် မြန်မာသံရုံးရှေ့မှာ သွားရောက်ဖယောင်း တိုင်ထွန်း ဆုတောင်းပွဲလုပ်ခဲ့သမျှတွေဟာ စင်္ကာပူမှာ ရှိတဲ့ လူငါးယောက်ထက်ပိုပြီး မစုဝေးရဆိုတဲ့ ဥပဒေနဲ့ ငြိစွန်းနေပါတယ်။

အဲဒီအတွက် ရဲက ရဲဌာနချုပ်မှာ ခေါ်ယူပြီး စုံစမ်းစစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့သလို တန်ဂလင်းရဲစခန်းဟောင်းမှာလည်း ခေါ်ယူသတိပေး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ (ဒီအကြောင်းတွေကို “ရဲစခန်းမှာ” ဆိုတဲ့ ပို့စ်တွေမှာ ကျနော် ရေးပြခဲ့ဘူးပါတယ်။)

စင်္ကာပူအစိုးရက အရေးယူနိုင်တာလဲ မှန်ပါတယ်။ အနည်းဆုံး ရဲစခန်းကို ခေါ်ယူမေးမြန်း သတိပေးတာ၊ ဒါမှမဟုတ် အပြစ်ဒဏ်အနေနဲ့ ဒဏ်တပ်တာ၊ ထောင်ချတာ၊ အဆိုးဆုံးအနေနဲ့ တိုင်းပြည်က နှင်ထုတ်တာတွေကို လုပ်ဆောင်လာနိုင်ဘွယ်ရှိတယ်ဆိုတာကိုလည်း ကျနော်တို့ ကောင်းကောင်းသဘောပေါက်ပါတယ်။

တချို့ကတော့ သူ့နိုင်ငံရောက်ရင် သူ့နိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာရမယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားပါတယ်။ အဲဒီဥပဒေဟာ သူ့နိုင်ငံက ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းကျစွာ ရေးဆွဲထားတဲ့ ဥပဒေဆိုရင်တော့ ကျနော့်အနေနဲ့ လေးစား လိုက်နာဘို့ ၀န်မလေးပါဘူး။ ဒါပေမယ့် လူ့အခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေဆိုရင်တော့ ဘယ်နိုင်ငံရောက်ရောက် လိုက်နာမှာမဟုတ်ဘူး။

ကျနော်တို့ရဲ့ ယုံကြည်ချက်က ဒီမိုကရေစီစနစ်ထွန်းကားပြီး အခြေခံလူ့အခွင့်အရေးတွေကို လေးစားကာကွယ်ပေးတဲ့ လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်စေဘို့ မဟုတ်ပါလား။

တကယ်တမ်းကျရင် အခြေခံလူ့အခွင့်အရေးတွေဟာ လူသားတယောက်မွေးဖွားလိုက်တဲ့ အချိန်ကစလို့ သူ့နဲ့အတူ တပါတည်း ပါလာပြီးသား။ အဲဒီအခွင့်အရေးဟာ လူသားတိုင်းမှာ အညီအမျှပါလာတယ်။ သူကတော့ဖြင့် ဘယ်သူ့သားသမီး၊ ဘယ်လို အလွှာမှာ မွေးဖွားလာလို့ ကျင့်သုံးခွင့်ရတယ်။....ဘယ်သူကတော့ ဘယ်သူ့သားသမီး၊ ဘယ်လိုအလွှာမှာ မွေးဖွားလာလို့ ကျင့်သုံးခွင့်မရဘူး။.....စသဖြင့် အဲသည်လို မညီမမျှမှု လုံးဝမရှိဘူး။ လူတိုင်းလူတိုင်းမှာ လူမျိုးမရွေး၊ဘာသာမရွေး၊ဆင်းရဲချမ်းသာမရွေး၊ အာဏာလက်ရှိလက်မဲ့မရွေး အဲဒီအခွင့်အရေးတွေကို လွတ်လွတ်လပ်လပ် ကျင့်သုံးဘို့ အခွင့်အရေး မွေးကတည်းက ပါပြီးသား။

အဲဒီလို ကိုယ့်အခွင့်အရေးကိုယ် လွတ်လပ်စွာ ကျင့်သုံးတာကိုမှ တဦးတယောက်ကဖြစ်စေ၊ တစုတဖွဲ့ဖြစ်စေ အကြောင်းအမျိုးမျိုးပြပြီး ဟန့်တားဖိနှိပ်ချုပ်ချယ်လာရင် အဲဒါဟာ ဖိနှိပ်ချုပ်ချယ်လာသူရဲ့ မတရားမှု၊ ရာဇ၀တ်မှု၊ လူမဆန်မှုဘဲ။

တိုင်းပြည်တခုမှာ လူ့အခွင့်အရေးကို လွတ်လပ်စွာကျင့်သုံးမိလို့ အစိုးရကနေ မတရား ပြဌာန်းထားတဲ့ ဥပဒေတရပ်ရပ်နဲ့ အရေးယူခံရရင် အရေးယူခံရတဲ့လူကို အပြစ်တင်စရာမလို၊ ရှုတ်ချစရာမလို။ အရေးယူခံရတဲ့ လူကိုယ်တိုင်အနေနဲ့လည်း ရှက်ရွံ့စရာမလို။

အမှန်စင်စစ် လူ့အခွင့်အရေးကို ချိုးဖောက်တဲ့၊ ဖိနှိပ်ချုပ်ခြယ်တဲ့ အစိုးရကိုသာ ၀ိုင်းဝန်းရှုတ်ချ အပြစ်တင်ရမှာဖြစ်ပါတယ်။

အခုကိစ္စမှာလည်း ဒေါက်တာချီးဟာ ဒေါ်အောင်ဆန်းစုကြည်၊ မစုစုနွေး၊ ရိုဇာပါ့ခ်၊ ဒေါက်တာမာတင်လူသာကင်း တို့လိုဘဲ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတယောက်။ မြန်မာ့သတင်းနဲ့ မြန်မာ့ရုပ်သံက ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချသလို စင်္ကာပူမီဒီယာတွေက ဒေါက်တာချီးကို ဘယ်လိုပင် လူဆိုးလူသွမ်းတဦးသဖွယ် ခြယ်မှုန်းနေပေမယ့် လွတ်လပ်တဲ့ သတင်းမီဒီယာနဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကတော့ ဒေါက်တာချီးရဲ့ လူ့အခွင့်အရေးကြိုးပမ်းမှုကို အထူးတလည် အသိအမှတ်ပြုကြပါတယ်။ သူဟာ အပြည်ပြည်ဆိုင်ရာ လွှတ်တော်အမှတ်များအဖွဲ့က ပေးအပ်တဲ့ “၂၀၀၃ ခုနှစ်အတွက် ဒီမိုကရေစီအား ကာကွယ်စောင့်ရှောက်သူဆု” အပ်နှင်းခြင်းခံခဲ့ရပါတယ်။

ဒေါက်တာချီးဟာ ကျနော်တို့လို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူ အပေါင်းအတွက် စံနမူနာယူစရာပြယုဂ်တခု၊ သူရဲကောင်းတယောက်ပါဘဲ။ အဲဒီအတွက် ကျနော်တို့ဟာ သူနဲ့ သူ့ညီမအတွက် ပြုလုပ်တဲ့ ဖယောင်းတိုင်ထွန်းဆုတောင်းပွဲကို ကိုယ်တိုင် တက်ရောက်အားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော်တို့ဆုံးဖြတ်တဲ့အလျောက် ကိုယ့်အခွင့်အရေး ဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့်၊ လွတ်လပ်စွာ စုရုံးပိုင်ခွင့်ကို အာဏာပိုင်တွေ ခွင့်ပြုခြင်း၊ မပြုခြင်းကို ထည့်သွင်းမစဉ်းစားတော့ဘဲ ကျင့်သုံးခဲ့ပါတယ်။

အာဏာရှင်တွေဟာ လူတွေရဲ့ ရင်ထဲ အသည်းထဲမှာ အကြောက်တရားကို ထည့်ပေးခြင်းအားဖြင့် အာဏာရှင်စနစ်သက်ဆိုးရှည်အောင် ကြိုးပမ်းတတ်ကြတာကို ကျနော်တို့အားလုံး နားလည်လက်ခံကြပါတယ်။ ဒီတော့ ကျနော်တို့ ရင်ထဲမှာ ရှိနေတဲ့ အကြောက်တရားဟာ အာဏာရှင်တွေ တည်မြဲဘို့အတွက် အဓိကဒေါက်တိုင်တွေ ဖြစ်မနေပေဘူးလား။ အာဏာရှင်စနစ်ပြိုလဲစေဘို့ဆိုရင် ကျနော်တို့ ကိုယ်ထဲမှာ ရှိနေတဲ့ အဲဒီ ဒေါက်တိုင်တွေကို အရင်ဖြိုလှဲကြရပေမပေါ့။

လူတယောက်ဟာ အခြားသူတယောက်ကို ကယ်တင်ဘို့အတွက်ဆိုရင် ကိုယ်တိုင် အကြောက်တရားကနေ လွတ်မြောက်သူတယောက်ဖြစ်ဘို့ လိုပါတယ်။

ဂေါတမဗုဒ္ဓဟာ သတ္တ၀ါဝေနေယျတွေကို သံသရာဝဲဂယက်က ကယ်တင်နိုင်ဘို့အတွက် ကိုယ်တိုင် ကိလေသာတဏှာရဲ့ အနှောင်အဖွဲ့ကနေ လွတ်မြောက်အောင် အရင်ကြိုးစား အားထုတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ မစုစုနွေး၊ ကိုအောင်ဖေစတဲ့ သူရဲကောင်းအာဇာနည်တွေဟာလည်း မြန်မာပြည်သူလူထုကို အကြောက် တရားရဲ့ ချုပ်နှောင်မှုက လွတ်ကင်းပြီး လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်လာစေဘို့ ရှေ့တန်းကနေ ဆောင်ရွက်ခဲ့ကြရမှာ သူတို့ကိုယ်တိုင်အကြောက်တရားရဲ့ နှောင်ဖွဲ့မှုကနေ လွတ်မြောက်နေပြီး လွတ်လပ်စွာ စဉ်းစားတွေးခေါ်ပြုမူကြတာကို တွေ့ရပါတယ်။

ဂေါတမဗုဒ္ဓဟာ ကိုယ်တိုင် ကိလေသာ၊ ကာမတဏှာရဲ့ နှောင်တည်းမှုက လွတ်မြောက်ခဲ့သူတယောက်ဖြစ်ခဲ့လို့ ဝေနေယျာအများစုဟာလည်း ဗုဒ္ဓအပေါ်မှာကြည်ညို သလို ဗုဒ္ဓရဲ့ တရားတော်အပေါ်မှာလည်း ကြည်ညိုသဒ္ဓါပွားလို့၊ ယုံကြည်သက်ဝင်လို့ လိုက်လံကြိုးစား အားထုတ်တဲ့အခါ သံသရာကနေ လွတ်မြောက်ပြီး ကျွတ်တမ်းဝင်ခဲ့ရတဲ့ သာဓကတွေ ရှိပါတယ်။

အလားတူပါဘဲ ကိုအောင်ဖေက အစ....ကိုမင်းကိုနိုင်အလယ်...ဒေါ်အောင်ဆန်းစုကြည်အဆုံး အဲဒီသူရဲ့ကောင်းတွေရဲ့ အကြောက်တရားကင်းမှု၊ လွတ်မြောက်မှုအပေါ်မှာ ကြည်ညိုလေးစား ကြခြင်းဖြင့် သူတို့ရဲ့ လုပ်ရပ်အပေါ်မှာ သက်ဝင်ယုံကြည်ပြီး၊ သူတို့ရဲ့ သတ္တိကို သွေးကူးယူပြီး ကျနော်တို့တတွေဟာ မိမိရဲ့ ကိုယ်တွင်းမှာ တွယ်ဝင်ပြီး မိမိကို နှစ်ရှည်လများ ချုပ်နှောင်ထားတဲ့ အကြောက်တရားဆိုတဲ့ နှောင်ကြိုးကြီးကနေ ရုန်းထွက်ကြမယ်ဆိုရင်၊ အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် အထောက်အကူပေးနေတဲ့ မိမိတို့ ရင်ထဲက အကြောက်တရား ထောက်တိုင်ကြီးကို ဖြိုဖျက်ကြမယ်ဆိုရင် အာဏာရှင်စနစ်ဟာ အမြန်ဆုံးပြိုလဲရမှာ မလွဲမသွေပါဘဲ။

အဲဒီလို အကြောက်တရားကို ဖြိုဖျက်ရာမှာ သဘောသက်သက်မဟုတ်၊ အပြောသက်သက် မဟုတ်၊ အလုပ်နဲ့ သက်သေပြဘို့ လိုအပ်ပါတယ်။

မိမိဟာ လူ့အခွင့်အရေးကို ရယူချင်ရင် သူများကပေးတဲ့အထိ စောင့်နေစရာမလို။ မွေးရာပါ အခွင့်အရေးဖြစ်တဲ့အတွက် ဘာကိုမှ မစိုးရွံ့ဘဲ ရဲရဲကျင့်သုံးပါ။

အာဏာရှင်များက ကန့်သတ်ထားတဲ့ စည်းဝိုင်းဘောင်အတွင်းမှာဘဲ ပြုမူလှုပ်ရှားနေရတာဟာ မိမိကိုယ်ကို အင်မတန် သနားစရာကောင်းပါတယ်။ လွတ်လပ်စွာတွေးခေါ်ပါ၊ လွတ်လပ်စွာပြုမူပါ။ ဒါမှသာ မိမိဟာ လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့လူဖြစ်တယ်။ မိမိဟာ လွတ်မြောက်သူတဦးဖြစ်နိုင်တယ်။

ကိုယ့်မွေးရာပါအခွင့်အရေးကို ရဲရဲကြီး လက်တွေ့ ကျင့်သုံးပါမှ မိမိဟာ “ဖိနှိပ်ချုပ်ချယ်ခြင်းဆိုတဲ့ အမှောင်ထုကို ဆဲရေးမနေဘဲ မိမိရဲ့ နှလုံးအိမ်အတွင်းက လွတ်မြောက်ခြင်းဖယောင်းတိုင်ကို ထိန်နေအောင် ထွန်းညှိလိုက်နိုင်တဲ့” လူတယောက် ဖြစ်လာနိုင်ပေမယ်။ အာဏာရှင်တွေ မတရားရေးဆွဲထားတဲ့ မတရားတဲ့ ဥပဒေဘောင် အတွင်းမှာ ကျိုးနွံစွာနေထိုင်ခြင်းဟာ လွတ်လပ်ရေးတန်ဘိုးထားရာမရောက်၊ ဒီမိုကရေစီ စနစ်ကို ယုံကြည်ရာမရောက်၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရာမရောက်ကြောင်းကို ကောင်းကောင်းကြီး သဘောပေါက်ကြဘို့လိုပါတယ်။ နအဖ ဆောင်ပုဒ်ဖြစ်တဲ့ “ဥပဒေဘောင်တွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ လွန်ချမ်းသာ” ဆိုတာကြီးကို နားယောင်ပြီး “ကျနော်တို့က Rule of Law ကိုဘဲ ယုံကြည်တယ်” လို့ ယေဘုယျသဘော ဖြီးဖြန်းညာဝါးကြွေးကြော်ပြီး လက်တွေ့မှာတော့“ Rule of Law လား၊ Rule by Law လား ” ဆိုတာကို ဆင်ခြင်တုံတရားနဲ့ ခွဲခြမ်းစိတ်ဖြာခြင်းမပြုတော့ဘဲ ဥပဒေဆိုရင် အတူတူဘဲလို့ ကောက်ချက်ဆွဲကာ မတရားတဲ့ ဥပဒေကိုလည်း ရိုကျိုးစွာလိုက်နာဘို့ တိုက်တွန်း မှိုင်းတိုက်နေတဲ့ သူရဲဘောကြောင်တဲ့ အခွင့်အရေးသမား လူတွင်ကျယ်လုပ်လိုသူတချို့ကိုလည်း မြန်မာ့အရေးလှုပ်ရှားမှုမှာ စိတ်မချမ်းသာဘွယ် တွေ့မြင်နေရပါတယ်။

စိတ်သာရှင်စော ဘုရားဟော၊ အရာရာကို စိတ်ကသာလျှင် ဦးဆောင်တယ်ဆိုတဲ့ စကားတွေရှိတဲ့အတိုင်း ဒီမိုကရေစီ၊ လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးကို ယုံကြည်တယ်ဆိုရင် မိမိတို့ကိုယ်တိုင် မိမိရောက်ရာ အရပ်မှာ နိုင်ငံမှာ အပြောမဟုတ် လက်တွေ့ ပြုမူကျင့်သုံးကြဘို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read more

“ရေဆုံးရေဖျား”

“you must be prepared to go all the way." (မင်းအနေနဲ့ ရေဆုံးရေဖျားအထိ သွားဘို့ အသင့်ပြင်ပြီး (စိတ်ပိုင်းဖြတ်ပြီး) ဖြစ်ရမယ်)
အထက်ပါ စကားကို ပြောလိုက်သူကတော့ အိုင်းရစ်ရှ်-အမေရိကန်လူမျိုး ရဲအရာရှိ ဂျင်မ်မလုံး။ နေရာက ရှီကာဂိုမြို့က ဘုရားကျောင်းအတွင်း။ နားထောင်နေသူက ယစ်မျိုးအရာရှိ စုံထောက် မစ္စတာ အေးလိယော့ နက်စ်။
*****************************************************************************
ဒါရိုက်တာ ဘရိုင်ယန်း ဒီပါးလ်မား ရိုက်ကူးပြီး ကယ်ဗင်ကော်စနာ၊ ရှောင်ကွန်နရီ နဲ့ ရောဘတ်ဒီနဲရိုး တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ The Untouchables (ထိတို့၍ မရသူများ) ရုပ်ရှင်ဇာတ်ကားကြီးထဲက အထက်ပါ ဇာတ်ဝင်ခန်းကလေးက ကျနော့်အတွေးထဲကို မကြာခဏ ရောက်လာတတ်ပါတယ်။ အဲဒီဇာတ်ကားမှာဘဲ ရှောင်ကွန်နရီတယောက် အမျိုးသားဇာတ်ပို့ အော်စကာဆု ကို ဆွတ်ခူးသွားပါတယ်။ မာဖီယားဂိုဏ်းခေါင်းဆောင်ကြီး အယ်လ်ကပုန်း နေရာမှာ သရုပ်ဆောင်သွားတဲ့ မင်းသားကြီး ရောဘတ်ဒီနဲရိုးဟာလည်း ဇာတ်ဝင်ခန်း အနည်းငယ်သာ ပါဝင်ခွင့်ရတဲ့ကြားထဲက ကပုန်းရဲ့ စရိုက်ကို ပေါ်လွင်အောင် သရုပ်ဆောင်သွားနိုင်ခဲ့တဲ့အချက်ကို ရုပ်ရှင်ဝေဖန်သူများကိုယ်တိုင်က ချီးမွမ်းခဲ့ကြရပါတယ်။

*****************************************************************************

အခုတလော မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျနော်ပြောချင်လွန်းလို့ ရင်ထဲမှာ ရွစိတက်နေတဲ့ စကားလုံးတွေကို အန်မချခင် ဒီဇာတ်လမ်းနဲ့ ပတ်သက်လို့ (ဒီကားကို မကြည့်ဘူးသူများအတွက်) အနည်းငယ် အတိုချုံးပြောရမယ်ဆိုရင်......

၁၉၃၀ ခုနှစ် အစောပိုင်းတွေဆီက အမေရိကန်ပြည်ထောင်စုမှာ အရက်သေစာရောင်းချမှုကို ပိတ်ပင်လိုက်တဲ့အခါ မြေအောက်ဂိုဏ်းတွေ အတော်များများဟာ အရက်သေစာ မှောင်ခိုဈေးကွက်ကို ချုပ်ကိုင်နိုင်ဘို့အတွက် အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက်မှုနည်းလမ်းတွေကို အပြိုင်အဆိုင်သုံးလာကြတယ်။

အဆိုးဆုံးကတော့ ရှီကာဂိုမြို့မှာဘဲ။ အဲဒီမြို့မှာ အယ်လ်ကပုန်း (ရောဘတ် ဒီနဲရိုး) ခေါင်းဆောင်တဲ့ ဂိုဏ်းဟာ မြို့တော်ဝန်ကစလို့ တမြို့လုံးကို သူ့အိပ်ထောင်ထဲထည့်ပြီး အရည်အသွေးညံ့ဖျင်းတဲ့ အရက်ကို ဈေးတင်ရောင်းချနေတယ်။ ဒီတော့ ယစ်မျိုးနဲ့ အကောက်ခွန် ဌာနက အေးဂျင့် အေးလိယော့ နက်စ် (ကီဗင်ကော်စနာ) ကို ရှီကာဂိုပို့ပြီး ကပုန်းနဲ့ သူ့အင်ပိုင်ယာကို နှိမ်နင်းခိုင်းတယ်။ ပထမတော့ နက်စ် ရဲ့ ဗျူဟာက ရဲအင်အား အများအပြားကို အသုံးပြုပြီး အရက်ပုန်း သိမ်းတဲ့နေရာတွေကို ရှောင်တခင် ၀င်စီးတဲ့ နည်းဘဲ။ ဒါပေမယ့် ရဲတွေရဲ့ အကျင့်ပျက်လာဘ်စားမှုက အရမ်းမြင့်နေတော့ နက်စ် ၀င်မစီးခင်မှာဘဲ ရဲတွေဆီက တဆင့် ကပုန်းဟာ သတင်းကြိုရပြီး ခြေရာလက်ရာဖျောက်ထားတဲ့အတွက် နက်စ်အနေနဲ့ အရှုံးနဲ့ဘဲ ရင်ဆိုင်ရပြီး အရှက်ကွဲစရာဖြစ်နေတယ်။

နောက်တော့မှ တညနေ အလုပ်ကအပြန် အမှတ်မထင် တွေ့လိုက်ရတဲ့ လာဘ်မစားတဲ့ ရဲအရာရှိကောင်း ဂျင်မ်မလုံးကို စတင်ချဉ်းကပ်ပြီး အကူအညီတောင်းတယ်။ မလုံးက ရဲတပ်ဖွဲ့ထဲမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အရာရှိမှန်သမျှဟာ လာဘ်စားပြီး ယုံကြည်စရာမကောင်းတဲ့အတွက် ရဲသင်တန်းကျောင်းကနေတိုက်ရိုက် နောက်ထပ် အဖွဲ့ဝင်သစ် ခေါ်ယူဘို့ အကြံပေးတယ်။ မလုံးအကြံပေးချက်အရ လက်ဖြောင့်ပြီး မဟုတ်မခံစိတ်နဲ့ အရေးကြုံရင် ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ဂျော့ဂ်ျစတုန်း တဖြစ်လဲ ဂူးဆက်ပီ ပက်ထရီ (အင်ဒီ ဂါစီယား) ကို ရွေးထုတ်ခေါ်ယူလိုက်တယ်။ နောက်တော့ ၀ါရှင်တန်ကနေပြီး နက်စ်ကို ကူညီဘို့ ပို့ပေးလိုက်တဲ့ စာရင်းကိုင် အော်စကာဝေါလေ့စ် (ချာစ်မာတင်စမစ်)။ အဲဒီမှာတင် အဖွဲ့ဝင် လေးယောက်ပါဝင်တဲ့ လာဘ်စားမှုလည်းကင်းတဲ့ ကပုန်းကို မကြောက်မရွံ့ နှိမ်နင်းမယ့် အဖွဲ့လေးတဖွဲ့စတင်ပေါ်လာခဲ့တယ်။

*************************************************************************

ဒီ ထိတို့၍မရသူများ အမည်ရတဲ့ ဇာတ်ကားဟာ ကပုန်းအကြောင်းကို ရိုက်သမျှတွေထဲမှာ အကောင်းဆုံးဘဲလို့ သတ်မှတ်ခံရတယ်။ ဇာတ်ကားတလျှောက်လုံး ဆွဲဆောင်မှုအပြည့်၊ အသည်းတဖိုဖို၊ ရင်တထိတ်ထိတ်နဲ့ တချိန်ထဲမှာဘဲ မျက်ရည်စို့ရလောက်အောင် ရင်နင့်ဘွယ်၊ ဆွတ်ပျံဘွယ်အတိပြီးတဲ့ ဇာတ်ကားတကားဆိုရင်လည်း မမှားပါဘူး။

မကြည့်ရသေးသူများကို ကြည့်ဘို့ တိုက်တွန်းလိုက်ပါရစေ။ အခုဆိုရင် ဗီစီဒီ လက်ကျန်ရှင်းဈေး ၆ ဒေါ်လာ ခွဲလောက်နဲ့ စင်္ကာပူက အခွေဆိုင်တွေမှာ ရနိုင်ပါတယ်။ အခုလောလောဆယ်မှာ မကြည့်ရသေးသူများ အရသာပျက်သွားမှာ စိုးရိမ်တဲ့အတွက် ဇာတ်လမ်းအစအဆုံး ပြောပြရန် စိတ်ကူးမရှိပါဘူး။ အခုထိ ပြောခဲ့သမျှဟာ ကျနော်ဆက်ပြောလိုသော အကြောင်းအရာတခုအတွက် နိဒါန်းမျှသာ ဖြစ်ပါတယ်။

***************************************************************************
ဒီဆောင်းပါးအစမှာ ရေးပြခဲ့တဲ့ အခန်းကတော့.....

ဂျင်မ်မလုံးကို နက်စ်က ကပုန်းကို နှိမ်းနင်းဘို့နေရာမှာ ပါဝင်ကူညီဘို့ ကမ်းလှမ်းတော့ ဂျင်မ်မလုံးက.....“မင်းသူ့ကို တကယ်လက်ရဖမ်းချင်တာလား။ အဲဒီအတွက် မင်းဘာတွေ ပြင်ဆင်ပြီးပြီလဲ။ ရေဆုံးရေဖျားအထိ သွားဘို့ ပြင်ဆင်ပြီးပလား” လို့ မေးတဲ့အခန်းကလေးပါ။ “ရေဆုံးရေဖျားသွားဘို့ ပိုင်းဖြတ်ပြီး ဖြစ်ရမယ်”။ အဲဒီစကားလေးဟာ အင်မတန် တာသွားပါတယ်။

အဲဒီစကားလေးကို ကြားယောင်မိတိုင်း ကျနော့်အတွေးထဲမှာ လူပေါင်းများစွာရဲ့ ပုံရိပ်တွေ တသီတတန်းကြီး ပေါ်လာတတ်ပါတယ်။

****************************************************************************

ဗုဒ္ဓအလောင်းလျာဟာ သုမေဓါ ရှင်ရသေ့ဘ၀မှာ သဗ္ဗညုတ ရွှေဉာဏ်တော်အတွက် ဗျာဒိတ်တော်ကို ခံယူပြီးကတည်းက လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းကာလပတ်လုံး လုံးဝ မလျော့သောဇွဲနဲ့ ပါရမီကို ဖြည့်ဆီးကျင့်ကြံခဲ့တယ်။ နောက်ဆုံး ဘ၀မှာ သိဒ္ဓတ္ထမင်းသားအဖြစ်ကနေ တောထွက်တဲ့အခါ လမ်းခရီးမှာ ရှေ့ဆက်မသွားရင် စကြ၀တေးဖြစ်မယ် ပြောတာတောင် လုံးဝလှည့်မပြန်ဘဲ မိမိ ပိုင်းဖြတ်ထားတဲ့အတိုင်းသာ ရေဆုံးရေဖျား လိုက်ခဲ့တဲ့ စိတ်ဓါတ်ဟာ အင်မတန်ကြည်ညိုစရာကောင်းလှပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ သူမဟာ ၁၉၈၈ ခုနှစ်မှာ မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲကို ခြေစုံပစ်ဝင်လိုက်ကတည်းက မြန်မာ့ဒီမိုကရေစီအရေးအတွက် ရေဆုံးရေဖျားအထိ သွားဘို့ ပိုင်းဖြတ်ပြီးသား။ ဘယ်လိုအကြောင်းနဲ့မှ နောက်ပြန်လှည့်မှာ မဟုတ်။ သူမအနေနဲ့ ရပ်ချင်ရင် အချိန်မရွေး၊ လှလှပပ ရပ်နိုင်တဲ့အခွင့်အရေးတွေ၊ လှည့်ထွက်သွားနိုင်တဲ့အခွင့်အရေးတွေ ရှိပါတယ်။ ခင်ပွန်းသည် နာမကျန်းဖြစ်နေစဉ်က သူမသာ ပြည်ပကို ထွက်လာပြီးတွေ့မယ်ဆိုရင် တွေ့ခွင့်ရှိပါတယ်။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအပါအ၀င် ဆုပေါင်းမြောက်များစွာကို ဆွတ်ခူးထားပြီးဖြစ်တဲ့ သူမအတွက် ပြည်ပမှာ ဒလိုင်းလားမားတို့၊ ဒက်စမွန်တူးတူးတို့လို တကမ္ဘာလုံးက လေးစားရတဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ဆက်လက်နေထိုင်သွားနိုင်တဲ့ အခွင့်အလမ်းရှိတာ အားလုံးအသိပါဘဲ။ ဒါပေမယ့် ဒီလို အခွင့်အရေးတွေကို မမက်မောဘဲ ဘယ်လို အခက်အခဲနဲ့ ရင်ဆိုင်ရပစေ၊ သူမရွေးချယ်ခဲ့တဲ့ လမ်းကို တစိုက်မတ်မတ် ဆက်လက်လျှောက်လှမ်းနေတဲ့ သူမရဲ့ စိတ်ဓါတ်ဟာ အင်မတန် ကြီးကျယ် မွန်မြတ်လှပါပေတယ်။

မစုစုနွေး......။ မစုစုနွေးဟာ အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုတွေ ရပ်တန့်စေဘို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (အိုင်အယ်အို)ကို တိုင်တန်းလိုက်တဲ့အချိန်မှာ သူမဟာ ရေဆုံးရေဖျားအထိ သွားဘို့ ပိုင်းဖြတ်ပြီးသားပါ။ ထောင်တန်းကျရင်လည်းကျ၊ အကျခံဘို့ အသင့်ဖြစ်ပြီးသားဘဲ။ ထောင်ထဲကထွက်လာပြီးနောက်ပိုင်းမှာလည်း သူမရဲ့ လုပ်ဆောင်မှုတွေဟာ အဲဒီ ပိုင်းဖြတ်မှုကို အထင်းသားပေါ်လွင်စေပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ကိုကျော်သူ (နာရေးကူညီမှုအသင်း) နဲ့ ကိုဇာဂနာတို့ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ သံဃာတော်တွေကို ဆွမ်း၊ရေ ကပ်လှူဘို့ ဆုံးဖြတ်လိုက်စဉ်ကလည်း သူတို့ဟာ ရေဆုံးရေဖျားအထိ သွားဘို့ ပိုင်းဖြတ်ပြီးသားပါ။ ထောင်တန်း ကျရင်လည်းကျ၊ အကျခံဘို့ အသင့်ဖြစ်ပြီးသားဘဲ။

အလားတူပါဘဲ....ကိုမင်းကိုနိုင်အပါအ၀င်၊ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားအုပ်စု၊ ကျူရှင်ဆရာ ကိုအောင်ဖေ၊ မဖြူဖြူသင်း၊ နော်အုန်းလှ၊ ဦးအုန်းသန်းကစလို့ ဟံသာဝတီဦးဝင်းတင်အဆုံး သူရဲကောင်းတွေဟာ သူတို့ရဲ့ ယုံကြည်မှုအတွက် ရေဆုံးရေဖျားအထိ မလျှော့သောဇွဲနဲ့ သွားဘို့ ပိုင်းဖြတ်ထားပြီးသား။

**********************************************************************

ဒါက သူရဲကောင်းတွေ အကြောင်းနဲ့ အဲဒီသူရဲကောင်းတွေဟာ ရေဆုံးရေဖျားအထိ သွားဘို့ ဘယ်လို အဆင်သင့်ဖြစ်သလဲဆိုတာကို ရေးပြတာပါ။

အဲ.....သူရဲဘောကြောင်တဲ့လူတွေ အကြောင်းကိုလည်း နည်းနည်းတော့ အဖြူအမဲ သဲကွဲသွားအောင် ရေးပြချင်ပါသေးတယ်။

*************************************************************************

မြန်မာပြည်အရေးမှာ တချို့အော်နေတဲ့သူတွေ ရှိပါတယ်။

“တို့က လူမှုကယ်ဆယ်ရေးသက်သက်ဘဲ လုပ်မယ်။
တို့က ပတ်ဝန်းကျင် သဘာဝ ထိန်းသိမ်းရေးသက်သက်ဘဲ လုပ်မယ်။
တို့က ပညာရှင် သက်သက်ဘဲ လုပ်မယ်။
နိုင်ငံရေးနဲ့တော့ တို့မပတ်သက်လိုဘူး။”

ကောင်းပြီ။ သူတို့ရဲ့ ကြွေးကြော်သံဟာ ဘယ်လောက်အထိ မှန်ကန်သလဲ သုံးသပ်ကြည့်ရအောင်။

သူတို့ရဲ့ ကြွေးကြော်သံဟာ လွတ်လပ်တဲ့နိုင်ငံ လူ့အဖွဲ့အစည်းမှာ မှန်ကန်တယ်လို့ ပထမဦးဆုံးသုံးသပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်တဲ့ ပတ်ဝန်းကျင်မှာ ကိုယ်ဝါသနာပါရာ၊ ကိုယ်လုပ်ချင်ရာကို အပြောင်မြောက်ဆုံး လုပ်ကိုင်နိုင်တဲ့အခွင့်အလမ်း၊ အခြေအနေ၊ ပတ်ဝန်းကျင် ရှိလို့ပါဘဲ။

မြန်မာနိုင်ငံလို စစ်အာဏာရှင်အုပ်ချုပ်တဲ့ နိုင်ငံမျိုးမှာ စောစောက ပြောခဲ့တဲ့ လုပ်ငန်းတွေကို အပြောင်မြောက်ဆုံး လုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းရှိပါသလား။ ဆက်လက်စဉ်းစားကြည့်ရအောင်။

(၁) လူမှုကယ်ဆယ်ရေးသက်သက် လုပ်ခြင်း

ယခု နာဂစ်မုန်တိုင်းတိုက်အပြီးမှာ လူမှုကယ်ဆယ်ရေးလုပ်သူများကို အာဏာပိုင်တွေက ကန့်သတ်တားမြစ်တာတွေ ကြုံတာကို အားလုံးမျက်မြင်ပါဘဲ။ အဲဒီလို အဖြစ်မျိုးကြုံလာခဲ့တဲ့အခါ စောစောက “တို့က လူမှုကယ်ဆယ်ရေးသက်သက်ဘဲ လုပ်မယ်” လို့ ကြွေးကြော်ခဲ့တဲ့ သူတွေဟာ (မစုစုနွေးတို့၊ မဖြူဖြူသင်းတို့၊ ကိုကျော်သူတို့လို) အာဏာပိုင်တွေ ငြိုငြင်ချင် ငြိုငြင်ပစေ၊ တို့ကတော့ တို့လုပ်စရာရှိတာကို မဆုတ်တမ်း နောက်မရွံ့တမ်း လုပ်မှာဘဲလို့ ပိုင်းဖြတ်ထားပါသလား။ ဒီလိုမှမဟုတ်ဘဲ “ငါတို့တော့ အာဏာပိုင်တွေကတားလို့ တို့လုပ်နိုင်သလောက်ဘဲ၊ တို့တတ်နိုင်တာလေးဘဲ တို့လုပ်ခဲ့ပါတယ်” ဆိုရင် သူတို့ဟာ လူမှုကယ်ဆယ်ရေးလုပ်ငန်းကို အပြောင်မြောက်ဆုံးလုပ်ခဲ့တယ်လို့ ယူဆလို့မရတော့ပါဘူး။ အာဏာရှင် ခွင့်ပြုသမျှ ဘောင်ထဲက သူတို့ရဲ့ အတ္တကို ဖြေသိမ့်နိုင်ဘို့သက်သက် လုပ်ခဲ့ရခြင်းသာဖြစ်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ တကယ့်ဒုက္ခသည်တွေရဲ့ ဆင်းရဲဒုက္ခကို ရှေ့တန်းတင်တယ်ပြောလို့မရပါဘူး။

(၂) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သက်သက်လုပ်ခြင်း

အဲဒီ ဆောင်ပုဒ်နဲ့ ကြွေးကြော်တဲ့ပုဂ္ဂိုလ်ဟာ စာရေးဆရာဆိုရင် မဂ္ဂဇင်းတွေမှာ စာပေစိစစ်ရေးက ခွင့်ပြုသလောက်ဘဲ “ပလစ်စတစ်အိပ်တွေကို လျှော့သုံးပါ။ ရီဆိုက်ကယ် လုပ်ပါ။ သစ်ပင်တွေ၊ သစ်တောတွေကို ထိန်းသိမ်းပါ” ဆိုတဲ့ ဆောင်းပါးတွေလောက်ဘဲ ရေးခွင့်ရမယ်။ တခါတရံ Seminar တွေဘာတွေ လုပ်ပြီး အဲသည်မှာ ဟိတ်ဟန် တခွဲသားနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းဟောပြောခွင့်ရမယ်။ ဒါပေမယ့် ဧရာဝတီမြစ်ညာကို ပိတ်ဆို့ပြီး ရေကာတာဆောက်မယ့်ကိစ္စမှာ အာဏာပိုင်တွေ ငြိုငြင်မှုကို ခံပြီး ဆန့်ကျင် ကန့်ကွက်ရဲသလား။ သံလွင်ရေကာတာစီမံကိန်းကို ကန့်ကွက်ရဲသလား။ စစ်တပ်နဲ့ ပလဲနံမ သင့်တဲ့ သစ်ကုမ္ပဏီတွေ သစ်တွေကို ဒလဟော ခုတ်ပြီး တောပြုန်းအောင်လုပ်နေတာကို စာတတန်၊ ပေတတန်နဲ့ တရားဝင် လူသိရှင်ကြား ကန့်ကွက်ဘူးသလား။ ဝေးသေး။ အများစုဟာ မသိချင်ယောင်ဆောင်ပြီး အိမ်မှာဘဲ အသာငြိမ်ကုပ်နေကြတာတွေ့တယ်။ ဒါဆိုရင်တော့ အဲဒီပုဂ္ဂိုလ်များဟာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို ကိုယ်ယုံကြည်တဲ့အတိုင်း ရေဆုံးရေဖျား အပြောင်မြောက်ဆုံး လုပ်နေတာ မဟုတ်တော့ဘူး။ အာဏာရှင် ခွင့်ပြုသမျှသာ လုပ်နေရတာဖြစ်တယ်။ ကိုယ့်စိတ်အဆာပြေရုံလောက်လုပ်နေတဲ့လုပ်ရပ်က ဘယ်မှာ ထိရောက်နိုင်ပါဦးမလဲ။ (ဒါပေမယ့် တချို့ကတော့ ကိုယ့်ကလောင်စွမ်း ကိုယ်ယုံတယ်လို့ ပြောသဗျ။)

(၃) ပညာရှင်သက်သက်ဘဲလုပ်ခြင်း

စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့နဲ့ ပတ်သက်လို့ ပညာရှင်ဆန်ဆန်သုံးသပ်ချက်တွေမှာ အာဏာရှင်တွေ ငြိုငြင်မှုကို ဂရုမပြုဘဲ အကောင်းဆုံး၊ အဖြစ်သင့်ဆုံး သုံးသပ်ချက်တွေကို တိုင်းပြည်အကျိုးအတွက် တင်ပြခဲ့ဘူးပါသလား။ တင်ပြနိုင်ခဲ့ပါသလား။

အလားတူ အနုပညာရှင်ဆိုရင်လည်း အနုပညာကို လွတ်လပ်စွာ ဖန်တီးခွင့်၊ ဖော်ပြခွင့် ရှိပါရဲ့လား။ အာဏာပိုင်တွေ မကြိုက်မှန်းသိသိနဲ့ “အနုပညာသည် အနုပညာအတွက်သက်သက်”ဆိုတဲ့အတိုင်း လွတ်လပ်စွာ ဖန်တီးရဲပါသလား။ ဖန်တီးခဲ့ပါသလား။

ဒါတွေဟာ ဥပမာ အနည်းငယ်မျှကို ထုတ်နှုတ်ပြခြင်း ဖြစ်ပါတယ်။

တကယ်တော့ အခုပြောခဲ့တဲ့ နယ်ပယ်တိုင်းမှာ လူတိုင်းလူတိုင်းအနေနဲ့ ကိုယ်စိတ်သန်တဲ့အလုပ်ကို အကောင်းဆုံး၊ အပြောင်မြောက်ဆုံး လုပ်နိုင်ဘို့အတွက် လွတ်လပ်တဲ့အခြေအနေ၊ အခွင့်အလမ်း၊ ပတ်ဝန်းကျင်တွေကို ပထမအဆင့် ဖန်တီးပေးရပါမယ်။ အဲဒီလိုဖန်တီးပေးဘို့အတွက် နိုင်ငံရေးဆိုတာ မဖြစ်မနေ ပါဝင်ပတ်သက်ရတော့မယ်။

အဲဒီလိုအခြေအနေမှာ တချို့သော သူများဟာ နိုင်ငံရေးကို စိတ်မ၀င်စားသယောင်၊ နိုင်ငံရေးဆိုရင်ဘဲ အနုပညာ၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စတာတွေလောက် အရေးမပါသယောင်၊ အဆင့်မရှိသယောင် ယုတ်ညံ့သယောင် တိုက်ရိုက်တမျိုး သွယ်ဝိုက်၍တဖုံ ယောင်ဝါးဝါး ပြောနေကြခြင်းဟာ ဘာသဘောပါလဲ။ တခြားကြောင့်မဟုတ်။ ထိုသူများဟာ အာဏာပိုင်တွေ ငြိုငြင်မှာ တနည်း ကိုယ့်အကျိုးစီးပွားကို ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် မာယာသုံးကာ ဖုံးကွယ်နေခြင်းမျှသာဖြစ်တယ်။ စိုးရိမ်တာကို စိုးရိမ်တဲ့အလျောက် စိုးရိမ်ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ရိုးသားစွာဝန်မခံဘဲ တမင်လူလည်ကျပြီး စိတ်မ၀င်စားလို့ မလုပ်သယောင် လှည့်ပတ်ပြောဆိုနေခြင်းသာဖြစ်ပါတယ်။

ဒါကြောင့် မေးစရာရှိတာက “လူမှုရေးလုပ်လုပ်၊ ကယ်ဆယ်ရေးလုပ်လုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဘဲလုပ်လုပ်၊ အနုပညာရှင်ဘဲလုပ်လုပ်၊ စီးပွားရေးပညာရှင်ဘဲလုပ်လုပ်”......ဘာဘဲလုပ်လုပ် ရေဆုံးရေဖျားအထိ သွားဘို့ စဉ်းစားပြီးပြီလား။ ဒီလိုမှ မဟုတ်ဘဲ လူကြားကောင်းရုံသက်သက်အော်နေတာဆိုရင်တော့ လူတယောက်မှာ အခြေခံ ရှိသင့်ရှိအပ်တဲ့ Integrity (ရိုးသားပွင့်လင်းမှု) ပျောက်ဆုံးနေခြင်းဘဲ။ (အဲ....ဒီနေရာမှာ အော်တဲ့သူတွေကိုဘဲ အဓိက ပြောချင်တာပါ။ အစကတည်းက ရေဆုံးရေဖျားအထိ ကိုယ့်ဘာသာ မသွားနိုင်လို့ ခပ်မဆိတ်ဘဲ နေတဲ့သူတွေကို အပြစ်ပြောစရာမရှိပါဘူး။ နောက်ပြီး အထက်က ဖော်ပြခဲ့တဲ့ အလုပ်တွေကို မဖြစ်မနေလုပ်နေတဲ့ တချိန်တည်းမှာဘဲ အဓိကကျတဲ့ နိုင်ငံရေးပြဿနာကိုလည်း ဖြေရှင်းဘို့လိုတယ်ဟေ့လို့ လက်ခံတဲ့ လူတွေကိုလည်း ဘာမှ အထွေအထူး ပြောစရာမရှိပါဘူး။ အဓိကက နိုင်ငံရေးနဲ့ မပတ်သက်ချင်ဘူးဟေ့ဆိုပြီး စွာကျယ်စွာကျယ် လုပ်တဲ့သူတွေကိုသာ ရည်ညွှန်းတာပါ။)

ဒီနေ့ မြန်မာ့ဒီမိုကရေစီအရေးအတွက်၊ နိုင်ငံထူထောင်ရေးအတွက် လုပ်ဆောင်ကြတဲ့နေရာမှာ ညီညွတ်မှုလိုတယ်ဆိုတာကတော့ မငြင်းနိုင်တဲ့အချက်ဘဲ။ ဒါပေမယ့် ညီညွတ်တယ်ဆိုတာက တယောက်နဲ့ တယောက် ဘယ်လောက် ယုံကြည်မှု ရှိသလဲဆိုတဲ့အပေါ်မှာ အဓိက မူတည်နေတယ်။ အဲဒီလို ယုံကြည်မှုရှိဘို့ဆိုတာက စောစောက ပြောတဲ့ လူတယောက်မှာ အခြေခံရှိသင့်ရှိအပ်တဲ့ ရိုးသားပွင့်လင်းမှု အရမ်းလိုအပ်တယ်။ မရိုးသားတဲ့လူတွေအချင်းချင်း အပေါ်ယံဟန်ဆောင်ပေါင်းပြီး စည်းလုံးညီညွတ်ပြခြင်းဟာ တကယ့်အရေးထဲလည်းရောက်ရော ဆွဲစိလို့မရအောင် အကွဲကြီးကွဲတတ်ပါတယ်။

ဒီတော့....အစကတည်းက ပေါင်းပြီးလုပ်ကြမယ်ဆိုရင်.....ငါကတော့ ဘယ်အတိုင်းအတာအထိ လုပ်ဘို့ အသင့်ရှိတယ်၊ ဘယ်လောက်အထိဆိုရင်တော့ မလုပ်နိုင်ဘူး....စသဖြင့် ကိုယ့်အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြသင့်တယ်။ ဒီလိုဆိုရင် လူအများရဲ့ အသင့်ဖြစ်မှုအနေအထားပေါ်မှာ မူတည်ပြီး အားလုံးပါဝင်နိုင်တဲ့ လှုပ်ရှားမှုကို အကောင်းဆုံးရွေးချယ်နိုင်တယ်။

လူတယောက်နဲ့တယောက် စွန့်စားပေးဆပ်နိုင်တဲ့ အဆင်သင့်ဖြစ်မှုခြင်း မတူညီတဲ့အတွက် မိမိ အဆင်သင့်မဖြစ်သေးကြောင်း ပြောပြလိုက်တာဟာ ဘာမှ ရှက်စရာမဟုတ်ပါဘူး။ လူတိုင်းဟာ ဒေါ်အောင်ဆန်းစုကြည်လောက်၊ မစုစုနွေးလောက် သတ္တိရှိနေရင်လည်း ဗမာပြည် ဒီမိုကရေစီရတာ ကြာပြီပေါ့။ ဒါပေမယ့် ကိုယ့်ဘာသာ အဆင်သင့်မဖြစ်တာကို ဖုံးကွယ်ပြီးတော့ ဟိုပြောဒီပြော၊ ဟိုလုပ်ဒီလုပ် တော့ မလုပ်ကြနဲ့ပေါ့။ အဲဒီဟာ မရိုးသားတာဖြစ်လို့ ညီညွတ်ခြင်းကို ပြိုကွဲစေတဲ့ အဓိကအကြောင်းရင်းဘဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့တာ ဗိုလ်ချုပ်ရဲ့ ရိုးသားပွင့်လင်းမှုကြောင့်ဘဲ။

နောက်တခု သတိပြုသင့်တာက သတ္တိရှိသူတွေသာ ရိုးသားပွင့်လင်းနိုင်ကြတယ်။ သူရဲဘောကြောင်သူဟာ ဘယ်တော့မှ မရိုးသား၊မပွင့်လင်းဘူး။

************************************************************************

အဲဒီ The Untouchables ဇာတ်ကားထဲမှာဘဲ ဂျင်မ်မလုံး (ရှောင်ကွန်နရီ) ပြောသွားတဲ့စကားလေးတခွန်းကိုလည်း သတိရမိတော့တယ်။

“Well, the Lord hates a coward.”
(ဘုရားသခင်ဟာ သူရဲဘောကြောင်တဲ့သူကို မနှစ်သက်ဘူး)....တဲ့။
Read more

“တတ်လဲ တတ်နိုင်ကြပါပေတယ်”

လမ်းလျှောက်သွားစဉ် လမ်းဘေးမှာ ပိုက်ဆံထိုင်တောင်းနေတဲ့ အဘိုးအိုကို ဂရုဏာသက်ပြီး ငွေစ အနည်းငယ် စွန့်ကြဲခဲ့ဘို့ လူတိုင်းလိုလို တတ်နိုင်ကြပေမယ့်............

ဘောင်းဘီတို၊ စွပ်ကျယ်စုတ် ၀တ်ပြီး ချေးလက်လေးသစ်နဲ့ မြွေရေခွံအိတ်တလုံးလွယ် အမှိုက်ကောက်နေတဲ့ ကလေးငယ်ကိုတော့ အိမ်ရှေ့မှာ ခဏတဖြုတ်လာရပ်ရင်တောင် သံသယမျက်လုံးနဲ့ကြည့်ပြီး မောင်းထုတ်ပစ်ကြ တတ်တယ်။

********************************************************************

အဟောအပြောကောင်း၊ ကိုးကွယ်သူ တပည့်တပန်းမရှား၊ ဂုဏ်သတင်းကျော်စောတဲ့ ဆရာတော်ကို ငွေကြေးထောင်သောင်းချီ လှူဒါန်းတတ်ကြပေမယ့်.....

ရပ်ကွက်ထဲက မထင်မရှားကျောင်းငယ်လေးမှာ ဆွမ်းကွမ်းချို့ငဲ့စွာ သတင်းသုံးနေရရှာတဲ့ ဘုန်းကြီးတပါး အိမ်ရှေ့ဆွမ်းလာရပ်ရင်တော့ “ကန်တော့ဆွမ်းပါဘုရား”ဆိုတဲ့စကားကို လွယ်လွယ်ကူကူ ပြောထွက်တတ်ကြတယ်။

(ရာထူးတက်လမ်းသက်သက်အတွက် နာမည်ကြီး ဆရာတော်တွေကို ဆရာမွေးတဲ့ တကာတွေ အများကြီးတွေ့ဘူးတယ်။ သူ့ညွှန်ချုပ်က ဆရာတော်ကို ဆွမ်းပင့်ဖိတ်ကျွေးချင်တဲ့ အတွက် တပည့်ရင်းဖြစ်တဲ့ သူ့ဆီကနေတဆင့် လျှောက်ထားပေးဘို့ အကူအညီ အတောင်းခံရတဲ့အကြောင်း၊ အဲဒီအတွက် မျက်နှာသာ အပေးခံရတယ်ဆိုတဲ့အကြောင်းတွေကို ပီတိတလှိုင်လှိုင်နဲ့ ပြောကြားနေတဲ့ ကျောင်းနေဖက် တယောက်ရဲ့ ဖခင်ကို တွေ့ခဲ့ရဘူးတယ်။)

********************************************************************

ပစ္စည်း၊ ဥစ္စာ၊ အာဏာရှိသူ လူတဦးကို ဝေဖန်လာခဲ့ရင် ကိုယ့်ထမင်းကိုယ်စားနေရာက ဆတ်ဆတ်ထိမခံ ကြားက၀င်ရောက် ကာကွယ်ပေးလိုကြပေမယ့်......

ပစ္စည်းဥစ္စာမဲ့၊ အာဏာမဲ့ လူတယောက် မတရားဖိနှိပ်ခံ နေရတဲ့ ကိစ္စမှာတော့ မသိကျိုးကျွန်ပြုကာ မျက်နှာလွှဲခဲပစ် နေတတ်ကြတယ်။

( ပြည်သူပြည်သား တွေရဲ့ အခြေခံလူ့အခွင့်အရေးကို ပိတ်ပင်တားမြစ်ပြီး၊ နိုင်ငံရေး အတိုက်အခံတွေကို ရက်ရက်စက်စက် မတရား နှိပ်ကွပ်တတ်တဲ့ လီကွမ်းယူ လို အာဏာရှင် တယောက်ကို ချီးကျူးအမွှန်းတင်ပေးကြဘို့ ၀န်မလေးကြပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည် နည်းတူ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးနေတဲ့ ဒေါက်တာချီဆွမ်းဂျွမ်လို လူမျိုးကိုတော့ စင်္ကာပူအစိုးရထိန်းချုပ်ထားတဲ့ မီဒီယာတွေရဲ့ တဖက်သတ် ၀ါဒဖြန့်မှု သက်သက်ကိုဘဲ နားထောင်ပြီး “ရူးမိုက်သူ၊ အစွန်းရောက်သူ”လို့ တလွဲ ကောက်ချက်ချ ပေးနေသူတွေကို တွေ့နေရတယ်။ Double Standard? ။ ဒါမှမဟုတ် ဘယ်အစိုးရတက်တက် ထမင်းဝရင် တော်ပါပြီ ဆိုတဲ့ ထမင်းစားရုံသက်သက် လူဖြစ်လာတဲ့ လူညံ့တွေရဲ့ ခံယူချက်မျိုးကြောင့်လေလား။)

********************************************************************

ဒုက္ခရောက်နေသူကို ကူညီဘို့အတွက် လူမှုရေးသက်သက်လို့ ယူဆနိုင်တဲ့ ကိစ္စမျိုးမှာ တက်ကြွစွာ ပါဝင်ဘို့ ၀န်မလေးကြပေမယ့်........

အဲဒီဒုက္ခရဲ့ ရင်းမြစ်ကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မယ့် နိုင်ငံရေးဆန်သော လှုပ်ရှားမှုမျိုးကိုတော့ “တီကို ဆားနဲ့တို့သလို” တွန့်ကနဲဖြစ်ပြီး ဝေးဝေးနေတတ်ကြတယ်။
(ပြောသေးတယ်။ ဒို့က နိုင်ငံရေး ၀ါသနာမပါဘူး..တဲ့။ နိုင်ငံရေးဆိုတာ တင်းနစ်ရိုက်သလို၊ စွန်လွှတ်သလို၊ ရေကူးသလို ၀ါသနာအလျောက် လိုက်စားရတဲ့ အရာမျိုးလို့ မှတ်ယူကြဟန်တူပါရဲ့။ အင်း... ကမြင်းပိုးထပြီး နိုင်ငံရေးလုပ်နေကြတယ်လို့ ယူဆတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။)

********************************************************************

တော်လှန်ရေးခရီးစဉ်အတွင်း အားနည်းနေချိန်မှာ နောက်ကွယ်မှာ ပုန်းလျှိုနေတတ်ကြ ပေမယ့်......

အားသာတော့မယ်လို့ ယူဆရတဲ့အချိန်မှာတော့ ရှေ့ကို အလျှိုလျှို အပြေးအလွှား ထွက်လာတတ်ကြတယ်။

(ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာ ပွဲပြီးတော့မယ်ထင်လို့ အပြေးအလွှား ကော်ဇော လာခင်းသူတွေကို တထိုင်တည်းနဲ့ အများကြီးတွေ့လိုက်ရတယ်။ အခုတော့ အဲဒီ မောင်မင်းကြီးသားများ နောက်ကွယ်မှာ အသာပြန်လျှိုပြီး အရိပ်အခြေ ကြည့်နေကြလေရဲ့။ )

********************************************************************

အမှန်တရားဘက်မှာ ရပ်တဲ့လူ အရေအတွက်နည်းနေခဲ့ရင် ဒိုင်လူကြီးလုပ်ပြီး ကြားနေဘို့ကို ပိုမိုအားသန်တတ်ကြတယ်။

(မြင်းကျားရဲ့ ခန္ဓာကိုယ်ပေါ်က အစင်းတွေလို အဖြူနဲ့ အမဲ ထင်ရှားစွာ ပြတ်သားနေပါလျက် Grey Area တွေ များတယ်ဆိုပြီး ရူးချင်ယောင်ဆောင်တတ်တဲ့ ပညာတတ်လူတန်းစားကလည်း ရှိသေးတယ်။)

********************************************************************

အခုတလော အဲဒီလူတွေက မေတ္တာတရားအကြောင်း၊ ဂရုဏာတရားအကြောင်း၊ သစ္စာတရားအကြောင်းတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောနေ၊ ဆိုနေသံ နားလျှံအောင် ကြားနေရပြန်ပြီ။

Read more

“လွတ်လပ်ခြင်းနှင့် ရွေးချယ်မှု”

အရေးပေါ်ကိစ္စတွေမှာ အသည်းအသန်အာရုံနှစ်ဘို့ ကြိုးစားရင်း အရေးကြီးတဲ့ ကိစ္စတွေကို အရေးမပါသယောင် မျက်ကွယ်ပြုခဲ့ကြ။

ခွေးရူးကို ရင်မဆိုင်ရဲလို့ ခွေးရူးကိုက်ခံရသူတွေကို ဆေးလိုက်ကုပေးရုံနဲ့ဘဲ ကျေနပ်နေခဲ့ကြ။

အခြေအနေကို အလွယ်တကူ မပြောင်းလဲနိုင်ရုံနဲ့ ကိုယ့်ယုံကြည်ချက်ကိုဘဲ နည်းနည်းချင်း နှဲ့နှဲ့ပြီး ပြောင်းလဲယူခဲ့ကြ။

လွတ်လပ်မှုကို မြတ်နိုးတယ်ပြောပြီး တကယ်တမ်းမှာ လွတ်လွတ်လပ်လပ် မထုတ်ဖော်ရဲ၊ မပြုမူရဲ။ လွတ်လပ်မှုအပေါ် ယုံကြည်မှုက နည်းခဲ့ကြရှာ။
******************************************************************
ပါးစပ်ပါရင် လွတ်လပ်စွာ ပြောခွင့်ရှိတယ်။ လက်ပါရင် လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်။ ခြေထောက်ပါရင် လွတ်လပ်စွာ သွားလာ စုဝေးခွင့်ရှိတယ်။ ဒါပေမယ့် အတွေးမှာ မလွတ်လပ်ရင်တော့ (အကြောက်တရားကြီးစိုးနေရင်တော့) အိမ်ထဲမှာဘဲ အသာကုပ်ပြီး နှုတ်ပိတ်နေရတယ်။

ဒီနေရာမှာ သူရဲဘောကြောင်မှုကို အနုပညာနဲ့ ဖုံးကွယ်ဘို့ ကြိုးစားနိုင်တယ်။ ယုတ္တိဗေဒနဲ့ အကြောင်းပြဆို ဆင်ခြေတက်နိုင်တယ်။ ကျမ်းကိုးကျမ်းကားနဲ့ အမှန်တရားဆိုတာ သူ့ဘက်က ကြည့်တော့လည်းအမှန်၊ ကိုယ့်ဘက်က ကြည့်တော့လည်း အမှန် ဆိုပြီး “လက်ဖမိုး၊ လက်ဖ၀ါး” မဲပြာပုဆိုးကို လူမြင်ကွင်းမှာ ထုတ်ပြီး ဖွပ်လျှော်ပြကြမယ်။ အဲသလို ဖွပ်လျှော်တိုင်းသာ သမိုင်းအညစ်အထေးတွေ ကင်းစင်စေမယ်ဆိုရင်....အဲသလို ဖွပ်လျှော်လိုက်တိုင်းသာ လိပ်ပြာသန့်ရှင်းသွားမယ်ဆိုရင်..... ခေတ်သစ်သမိုင်းမှာ ဟစ်တလာတို့ စတာလင်တို့ ဦးနေ၀င်းတို့ လူဆိုးဖြစ်စရာအကြောင်းမရှိဘူးထင်တယ်။ သူတို့ရဲ့ ၀ါဒဖြန့်ယန္တရားဆိုတဲ့ အ၀တ်လျှော်စက်က အများကြီး ပိုအားကောင်းတယ်လေ။

မာယာကင်းသူတွေကတော့ “ကျနော်တို့ကတော့ ၀န်ခံတယ်။ ကြောက်တယ်” လို့ (အနည်းငယ်အောက်တန်းကျစွာ) ရိုးသားပြရှာကြ။

အမှန်တရားဘက်ကထောက်ခံမိလို့ လက်ငင်းကိုယ့်အကျိုးစီးပွား ယုတ်လျော့မှာကို ကြောက်လေသလား။

မိတ်ဆွေလေးတယောက်ကတော့ ပြောဘူးတယ်။ အဲဒါဟာ Myopic Self-interest တဲ့။ ရေတိုအကျိုးစီးပွားအတွက် ရေရှည်မှာ ကိုယ့်ကို တဖန်ပြန်အကျိုးယုတ်မှာကို မမြင်နိုင်ခြင်းပေါ့လေ။ အမြင်မကျယ်ဘူး တနည်း အရှည်သဖြင့် မမြင်နိုင်ဘူးလို့ဘဲ တိုတိုဆိုကြစို့ရဲ့။

*******************************************************************

စုစုနွေးကို ရှက်ပါ။ ကျူရှင်ဆရာကိုအောင်ဖေကို ရှက်ပါ။ ဆရာတော် ဦးဂန္ဘီရကို ရှက်ပါ။ ကိုမင်းကိုနိုင်ကို ရှက်ပါ။ ဦးဝင်းတင်ကို ရှက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ရှက်ပါ။

ဒီသူရဲကောင်းအာဇာနည်တွေ အားလုံးကို စစ်အစိုးရက အကျယ်ချုပ်၊ အကျဉ်းချုပ် ချထားပေမယ့် သူတို့ရဲ့ လွတ်လပ်တဲ့အတွေးအခေါ်၊ လွတ်လပ်တဲ့ သဘောထား၊ လွတ်လပ်တဲ့ နှလုံးသားကို အကျဉ်းချမထားနိုင်ပေဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးဟာ အကြောက်တရားရဲ့ စိုးမိုးမှုအောက်က လုံးလုံးလွတ်မြောက်နေကြတယ်။

လူအများမှီတင်းနေထိုင်ရာ နိုင်ငံတော်ကြီးကို လွတ်မြောက်စေချင်ရင် ကိုယ်ကိုယ်တိုင်က အနည်းဆုံး အကြောက်တရားကနေ လွတ်မြောက်နေဘို့တော့ လိုပေမပေါ့။ အကြောက်တရားရဲ့ အကျဉ်းသားဖြစ်နေသရွေ့ ဘယ်နေရာဘဲ ရောက်ရောက်၊ ဘယ်နိုင်ငံဘဲ ရောက်ရောက် အမှန်တကယ် လွတ်မြောက်သူတဦး မဖြစ်နိုင်ဘူး။

တချို့သောအရာတွေကို ရယူဘို့ဟာ ခက်ခဲတာ၊ အချိန်ယူရတာမှန်ပေမယ့် လုပ်သင့်လုပ်ထိုက်တာမို့ လုပ်နေတယ်ဆိုတဲ့ ခံယူချက်နဲ့ လုပ်သွားဘို့လိုတယ်။ ရလဒ်ကို မျှော်ကိုးပြီး လုပ်တာမျိုးမဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ တချို့သော ရလဒ်တွေဟာ ချက်ချင်းလက်ငင်း သိသာထင်ရှားတာမျိုးမဟုတ်။ ရလဒ်ကို မျှော်ကိုးလုပ်တဲ့လူတွေရဲ့ အားနည်းချက်ကတော့ တစုံတခုဟာ သူမျှော်မှန်းသလို ချက်ခြင်းလက်ငင်း ဖြစ်မြောက်မလာရင် အလွယ်တကူ အားလျော့၊ အားပျက်သွားတတ်ခြင်းဘဲ။

ငယ်ငယ်က သူငယ်တန်းဖတ်စာမှာသင်ရတဲ့ သရက်ပင်စိုက်တဲ့အဖိုးအိုကို နမူနာယူ သင့်ကြပါတယ်။ အဖိုးအိုဟာ သူစိုက်တဲ့ သရက်ပင်ကလေး အသီးသီးတဲ့အထိ လူ့ဘ၀မှာ နေရတော့မှာ မဟုတ်မှန်း သူသိပေမယ့် ဒီသရက်ပင်ရဲ့ အသီးအပွင့်ကို နောင်လာနောက်သားတွေ စားရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားတဲ့အချက်ဟာ အင်မတန် လေးစားဂရုပြုသင့်တဲ့အချက်ပါ။

*******************************************************************

စာပေဟောပြောပွဲတခုမှာ ဆရာအောင်သင်းပြောသွားဘူးတာလေးတခုကို သတိရမိတယ်။

“ဟောဒီစင်မြင့် အစွန်နားမှာ အခမ်းအနားမှူး ရပ်နေတယ်။ သူ့ကို နောက်က တယောက်က အလစ်မှာ ရုတ်တရက်ဆောင့်တွန်းချလိုက်မယ်ဆိုရင် စင် အောက်ကို မုချ ပြုတ်ကျသွားရမှာဘဲ။ အဲဒီအချိန်မှာ....သူ့အနေနဲ့....ငါပြုတ်ကျသွားရရင် ကောင်းမလား။ ဒါမှမဟုတ်... မပြုတ်ကျဘဲ နေရရင် ကောင်းမလား ဆိုတဲ့ ရွေးချယ်စရာလမ်း သူ့မှာမရှိဘူး။”

“ဒါပေမယ့် အခု ဆရာဖေမြင့် ဟောပြောပြီးပြန်သွားတော့ စင်ပေါ်မှာ သူ့မျက်မှန် ကျန်ရစ်ခဲ့တယ်ဆိုပါစို့။ အဲဒါကို အခမ်းအနားမှူးကတွေ့တော့... ပထမ တနည်းက အဲဒီမျက်မှန်ကို ဆရာဖေမြင့်ဆီ ပြန်ပို့ပေးလို့ရတယ်။ ဒါမှမဟုတ်....ဟာ....ဒီမျက်မှန်၊ အနည်းဆုံး ငါးရာလောက်တော့တန်တယ်။ ငါ...သိမ်းထားလိုက်မယ်။.......အဲဒီမှာ ရွေးချယ်မှုက စလာပြီ။ အဲဒီ ရွေးချယ်မှုအပေါ်မှာ မူတည်ပြီး အခမ်းအနားမှူးရဲ့ ရိုးသားမှုကို အကဲဖြတ်လို့ရတယ်”

******************************************************************

မိမိရဲ့ ရေတိုအကျိုးစီးပွားကို ကြည့်ပြီး အမှန်တရားဘက်မှာ ရပ်ခြင်း၊ မရပ်ခြင်း။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခြင်း၊ မလုပ်ခြင်း။ ရိုးသားခြင်း၊ မရိုးသားခြင်း အားလုံးဟာ မိမိရဲ့ ရွေးချယ်မှုအပေါ်မှာဘဲ မူတည်ပါတယ်။ အဲဒီရွေးချယ်မှုအပေါ်မှာ မူတည်ပြီးတော့ဘဲ မိမိဟာ ဘယ်လိုလူဖြစ်တယ်ဆိုတဲ့ မိမိရဲ့ မှတ်တမ်းကို မိမိတို့ဘာသာ ရေးကြမှာ ဖြစ်ပါတယ်။

မြန်မာပြည်ကြီး စစ်အာဏာရှင်အောက်က လွတ်မြောက်ဘို့ရာမှာတော့ အကြောက်တရား အောက်က လွတ်မြောက်တဲ့လူတွေ၊ ရိုးသားတဲ့လူတွေ၊ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့ မဆုတ်မနစ်လုပ်တဲ့လူတွေသာ အမြောက်အမြားလိုအပ်လျက်ရှိသည်ဟု ထင်မြင်ပါကြောင်း။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs