“တောင်ပုလုမြို့ ရာဇ၀င်”

Share |


----------------------------------------------------------------------------------------------
အသက်တရာ မနေရသော်လည်း အမှုတရာပွေရတတ်သည်ဆိုသည့် စကားအတိုင်း ဤလူ့ဘုံခန်းဝါ လူ့ပြည်ရွာကြီးတွင် ရံဖန်ရံခါ ရှားရှားပါးပါး ကြုံရလေ့ရှိတတ်သော စိတ်ဝင်စားဘွယ်အဖြစ်သနစ်များကို ကျန်ုပ်သည် ၀ါသနာအလျောက် လေ့လာ မှတ်တမ်းတင်လေ့ရှိရာ တောင်ပုလုမြို့တွင် ကျန်ုပ်နေထိုင်ခဲ့စဉ်အတွင်း ကိုယ်တိုင်တွေ့ကြုံခဲ့သော အောက်ပါ ဇာတ်လမ်းလျှော်ကြီးမှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ထင်မြင်ယူဆမိသည့်အတိုင်း နောင်လာနောက်သားတို့ ဖတ်ရှု အတုယူစိမ့်သောငှာ ဘလော့ဂ်ထက် အက္ခရာတင်ခဲ့ရပါသည်။ မယုံလျှင်လည်း ပုံပြင်ဟုသာ မှတ်ကြပါရန်။ (ပုံ- သဗ္ဗေသတ္တာကမ္မသကာ -စာရေးသူ)
...............................................................................................................
ချာရာဏသီတိုင်းပြည်၊ ကျိုင်းမတုံ့တတုံဒေသမှ ရိုးသားကြိုးစားရှာသော လူငယ်လေးနှစ်ဦးဖြစ်သည့် ဂျက်ကီသန့် နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်။ ၄င်းတို့နှစ်ဦးသည် မွေးရပ်ဇာတိမြေ၀ယ် သမာအာဇီဝနည်းဖြင့် အသက်မွေးဝမ်းကြောင်းရသည်မှာ ၀ါးလုံးခေါင်းအတွင်းသို့ နာဠာဂီရိအမည်ရှိသည့် ဆင်ပြောင်ကြီးအား အမြီးမှစ၍ အကောင်လိုက် ထည့်သွင်းရသည့်နှယ် တနေ့တခြား ခက်ခဲကျပ်တည်းကျဉ်းမြောင်း လာသည်ဖြစ်၍ မိမိတို့ရပ်ရွာကို စွန့်ကာ မြို့စားကြီး ဦးအာလူးနှင့် သားဖြစ်သူ အလကားကျော်စွာတို့ အုပ်ချုပ်မင်းလုပ်နေသော တောင်ပုလု မြို့ကို အလုပ်လုပ်ရန် ထွက်လာခဲ့လေသည်။

တောင်ပုလုမြို့ကြီးနှင့် ချာရာဏသီပြည်သည်ကား နတ်ဘုံနတ်နန်းနှင့် ငရဲခန်းတမျှ အကြီးအကျယ် ကွာခြားလွန်းလှပေစွ။ တောင်ပုလုမြို့သားတို့ နေထိုင်ရာ HDB တိုက်ခန်းတို့သည် ၀ိသကြုံနတ်သား စီမံအပ်ပေသော နတ်တို့နေထိုင်ရာ နတ်ဗိမာန်နှင့်မခြား အရောင်တဖိတ်ဖိတ် တလက်လက်။ တောင်ပုလုမြို့သားတို့ စီးနင်းရာ MRT ဆိုသော ရထားသည်လည်း သိကြားမင်းစီးနင်းရာ နတ်မြင်းတထောင်ကသည့် ဝေဇယန္တာနတ်ရထားကဲ့သို့ပင်တည်း။

နတ်ပြည်နတ်ရွာသို့ လူ့ပြည်နေရာအနှံ့မှ လူသားတို့ နတ်ဘ၀သို့ တဖွဲဖွဲ ကူးပြောင်းကာ ရောက်ရှိနေသည့်နည်းတူ ချာရာဏသီတိုင်းပြည်ဘေးပတ်ဝန်းကျင် နိုင်ငံနီးချုပ်စပ်မှ “ဘကုန်း၊ ယပက်လက်၊ အ၊ မ၊ ဖအုပ်ထုတ်” စသည့် ထူးဆန်းသော အက္ခရာ နာမည်အသီးသီးရှိသည့် တိုင်းတပါးသားတို့သည်လည်း တောင်ပုလုမြို့သို့ ၀င်လာမစဲ တသဲသဲနှင့် လာရောက်စုဆုံကြရာ တောင်ပုလုမြို့ကြီးသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် သောသောရုတ်ရုတ်၊ အုတ်အုတ်ကျက်ကျက်၊ ကြက်ပျံမကျ၊ ဓါတ်ဆီဈေး ပြန်မကျ၊ ဆန်ဈေး ပြန်မကျ၊ ကားခ ပြန်မကျ၊ အိမ်ငှားခ ပြန်မကျ စည်ကားလှပါပေသည်။

ဂျက်ကီသန့်နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်တို့သည် မူလကပင် ရိုးသားကြိုးစားသော လူငယ်များဖြစ်သည့်အားလျော်စွာ တောင်ပုလုသို့ ရောက်ပြီးမကြာမီမှာပင် အဋ္ဌာရသ ၁၈ ရပ်ကို သင်ကြားပေးရာ နိုင်ငံကျော် တက္ကသီလာကျောင်းတော်သာကြီးများမှ ပညာရင်နို့ကို အသီးသီး သောက်စို့ပြီးသကာလ ယခုအခါတွင် အလုပ်အကိုင်ကောင်းများကို ရရှိကြပြီးလျက် “လူကောင်းကိုယ့်မောင်၊ ရုံးလှဆောင်၊ ၀ အောင်စား၍၊ ခါးဝတ်တဲ့ပြင်၊ လက်ကပ်ခြေကပ် ပိုမိုမြတ်၍ အဖတ်တင်၊ အိမ်တွင်အများ၊ သံသေတ္တာနှင့် လုံစွာထား၊ ငွေသားလေးရွေး ရှိပါတယ်” ဆိုသကဲ့သို့ ငွေကြေးအတန်အသင့်ကို အသီးသီး စုဆောင်းရရှိပြီးဖြစ်လေသည်။ သို့သော် ဂျက်ကီသန့်မှာ ခြေဗွေပါသကဲ့သို့ ခရီးမကြာခဏထွက်တတ်ခြင်း၊ ကင်မရာ၊ အမ်ပီသရီး၊ နားကြပ် စသည့် နောက်ဆုံးပေါ် စက္ကောမယန္တယားကိရိယာတန်ဆာပလာများကို ၀ယ်ယူသုံးစွဲတတ်ခြင်း၊ ဘိုင်စကုပ် မလွတ်တမ်းကြည့်ခြင်း၊ အစားအသောက်ကို ခုံမင်ခြင်းတို့ကြောင်း ထင်သလောက် မစုမိသေးကြောင်း ၄င်းကိုယ်တိုင်၏ ဖွင့်ဟ ပြောဆိုမှုကြောင့် သိရှိရလေသည်။ (ထို့ကြောင့် ငွေကြေးကို မက်မော၍ လက်ထပ်လိုသော မိန်းမချောလေးများ နှစ်ကြိမ်ပြန်၍ စဉ်းစားကြပါရန်...)။

တနေ့သ၌ ညောင်ရမ်းဂွတိုဟူသော ငနဲသားတယောက်သည် ၄င်းတို့ နှစ်ဦးနှင့် တောင်ပုလုမြို့တွင် မထင်မှတ်ဘဲ ဆုံဆည်းမိလေသည်။ တွေ့သည်နှင့် တပြိုင်နက် “သူတော်ချင်းချင်း သတင်းလွေလွေ့ ပေါဖက်တွေ့” ဆိုသကဲ့သို့ အပေါဓါတ်ခံ ပါရမီရင့်သန်ပုံခြင်း တူညီကြသည်ဖြစ်ရကား ညောင်ရမ်းဂွတိုသည်လည်း ၄င်းတို့နှင့် ပေါဖော်ပေါဖက်တဦး ဖြစ်လာလေသည်။

ထို့သို့ အစစအရာရာ သာယာလှပကာ ပျော်ရွှင်ဘွယ်အတိ ပြည့်စုံနေသော ၄င်းတို့၏ ပေါကမ္ဘာကလေးထဲသို့ မည်သူမျှမမျှော်လင့်သော ကံကြမ္မာမုန်တိုင်းကြီးတခုသည် တနေ့သောအခါ ရုတ်တရက် မထင်မှတ်ဘဲ ချဉ်းနင်းတိုက်ခတ်ဝင်ရောက်လာလေသည်။

အဖြစ်အပျက်ကား ဤသို့တည်း။

ကံဆိုးမိုးမှောင်ကျခြင်း အဖြစ်သနစ်၏ မူလအကြောင်းရင်းခံမှာ တောင်ပုလုမြို့စားကြီး ဦးအာလူးနှင့် သူ၏ သားတော် အလကားကျော်စွာ တို့သည် တောင်ပုလုမြို့သားတို့ အား တင်းကြပ်စွာ ဖိနှိပ်အုပ်ချုပ်ခြင်းက စသည်။ တောင်ပုလုမြို့စား ဦးအာလူးသည် တောင်ပုလုမြို့တွင် သူသာလျှင် အတော်ဆုံး၊ သူသာလျှင် အမြော်အမြင်အရှိဆုံး၊ သူကလွဲ၍ တပါးသူသာ အုပ်ချုပ်ပါက တောင်ပုလုမြို့သည် အသူတရာနက်သော ချောက်ကမ်းပါးကြီးထဲသို့ ၀ုန်းကနဲ ပြုတ်ကျသွားတော့မည်ဟု အထင်ရောက်နေသူဖြစ်လေသည်။ သူထင်မှတ်သည့်အတိုင်း တောင်ပုလုမြို့သားတို့ စွဲထင်မှတ်စေရန်လည်း နေ့စဉ်နှင့်အမျှ ဘူတာတွင် တူမဒေးတဒေး ဟူသော ရွှေပေလွှာသတင်းစာများကို အခမဲ့ဖြန့်ဝေကာ ကြေညာမှိုင်းတိုက်ပေးစေ၏။ ၄င်း၏ အာဏာကို စိန်ခေါ်လာသူမှန်သမျှအား မွဲပြာကျ၊ နာလန်မထူနိုင်အောင် ချေမှုန်းတတ်သူ၊ နှစ်ရှည်လများ ချုပ်နှောင်တတ်သူလည်းဖြစ်၏။

ထိုသို့သော အနေအထားတွင် အောက်ပါ အဖြစ်အပျက်ကြီးသည် မလွှဲသာမရှောင်သာ ဖြစ်ပျက်ခဲ့ချေ၏။

တောင်ပုလုမြို့စားကြီး ဦးအာလူးသည်ကား ရှမ်းခေါက်ဆွဲကို အလွန်မုန်းသူဖြစ်သည်။ ရှမ်းခေါက်ဆွဲတွင် ပါဝင်သော ရှမ်းချဉ် စသည်တို့မှာ ကျန်းမာရေးနှင့် မကိုက်ညီဟု သူယူဆသည်။

သို့သော် ကျိုင်းမတုံ့တတုံ ဇာတိဖွား ဂျက်ကီသန့် နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်တို့မူကား “ရှမ်းခေါက်ဆွဲ” ဟု အသံကြားလိုက်ရသည်နှင့် အသွေးအသား၊ အကြောအချဉ်၊ ရိုးတွင်းချဉ်ဆီ၊ မြီးညှောင့်ရိုးပါမကျန် ခန္ဓာကိုယ်၏ နေရာအနှံ့မှာ တဆတ်ဆတ် တုန်တက်လာကာ နောက်ဆုံး ရှမ်းခေါက်ဆွဲကို အမှန်တကယ်စားသုံးလိုက်ရမှ နေသာထိုင်သာ ရှိသွားသည် ဟူ၏။

ထိုသို့ လူတဦးနှင့်တဦး အကြိုက်တရားချင်း မတူညီကြသောအခြေအနေတွင် ဦးအာလူးသည် ၄င်း၏ အာဏာကို အလွဲသုံးစားလုပ်ကာ တောင်ပုလုတွင် ရှမ်းခေါက်ဆွဲကို ရောင်းချခြင်း၊ ချက်ပြုတ်ခြင်း၊ စားသုံးခြင်းကို လုံးဝ ခွင့်မပြု။ ဤဥပဒေကို ချိုးဖောက်ပါက ချိုးဖောက်သူအား ခြေဖ၀ါးကို ကြက်မွှေးနှင့်ကလိကာ ဂလိထိုးသတ်စေဟု အမိန့်တော် ထုတ်ပြန်လိုက်သည်။

ဤ အမိန့်ထုတ်သည့်နေ့မျှစ၍ ဂျက်ကီသန့်နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်တို့နှစ်ဦးသည် ရှမ်းခေါက်ဆွဲကို အလွန်အမင်းအာသီသရှိကြသည်နှင့်အညီ “ဘိန်းစားဆေးပြတ်၊ ဆေးငတ်သည့်နှယ်၊ ရှမ်းခေါက်ဆွဲ၌ တပ်မက်ခြင်းတဏှာ ကြီးမားရှာသည့်အလျောက်” မျက်တွင်းဟောက်ပက်၊ အရိုးဂေါက်ဂက်နဲ့ မအိပ်နိုင် မစားနိုင် မှိုင်တွေခြင်းအဖြစ်သို့ တမုဟုတ်ခြင်း ရောက်ကြရှာ(ယောက်ျားရှာဟု မှားယွင်းမဖတ်ပါနှင့်)လေသည်။

ညောင်ရမ်းဂွတိုမူကား မူလ ချာရာဏသီပြည်တွင် ကြီးပြင်းခဲ့စဉ်က မကွေးတကွေးတိုင်းဒေသမှ လာသည်ဖြစ်သည့်အားလျော်စွာ ရှမ်းခေါက်ဆွဲအား မစားသုံးရသည့်အတွက် အထူးတလည် မထိခိုက်လှ။ သို့သော် မိမိခင်မင်သော ရောင်းရင်းနှစ်ဦး၏ ကြေကွဲစဘွယ် မရှုမလှ ဝေဒနာခံစားနေရသည့် အဖြစ်သနစ်ကို မရှုစားရက်သည့်အလျောက် “ယောင်္ကျားတို့ လုံ့လ မထုတ်ခင်ကလျှော့၊ အဲလေ...သေခါမှ လျှော့” ဟူသော ဆိုရိုးစကားအတိုင်း တောင်ပုလုမြို့စား၏ မတရားသော ဥပဒေကို မလျှော့သော လုံ့လဖြင့် ဆန့်ကျင် စိန်ခေါ်သွားမည်ဟု ဆုံးဖြတ်ချက် ချလိုက်လေသည်။

ထို့ကြောင့် တနေ့တွင် ညောင်ရမ်းဂွတိုသည် ၄င်း၏ အခြားရောင်းရင်းများဖြစ်ကြသော ရှင်ဂွမ်းဂွိ၊ ကိုပေတရာ၊ ဆေးဆရာဦးတုတ်ကြီး၊ ဗညားပိစိ စသူတို့နှင့် တိုင်ပင်ဆွေးနွေးကာ တောင်ပုလုမြို့စား၏ စံအိမ်တော်ရှေ့သို့ သွားရောက်ကြပြီး “ရှမ်းခေါက်ဆွဲစားရဘို့အရေး တို့အရေး”၊ “ပီကေ၀ါးရဘို့အရေး တို့အရေး” ဟူသော ကြွေးကြော်သံများကို လက်သီးလက်မောင်းတန်းကာ ကြွေးကြော်ကြလေသည်။

မကြာခင်မှာပင် တောင်ပုလုမြို့စား၏ မင်းချင်းများ ရောက်လာကာ ၄င်းတို့ ငါးဦးအား တရားမ၀င်စုဝေးမှုအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။

နောက်တနေ့ တောင်ပုလုမြို့ထုတ် သတင်းစာများဖြစ်သော တူမဒေးတဒေး၊ စထရိတ်မတိုင်းစ်တတိုင်းစ် သတင်းစာများတွင် ထိုအကြောင်းကို ဟိုးလေးတကြော် ရေးသားကြ၏။

“တရားမ၀င် စုဝေးခဲ့သူများအား ဥပဒေအား ချိုးဖောက်ခဲ့ခြင်း ရှိမရှိ မင်းချင်းများက ဆက်လက်စုံစမ်းနေခြင်း”
“အစွန်းရောက်သော လူတစုမှ ဆူပူလှုပ်ရှားမှု ဖြစ်အောင် ဖန်တီးခြင်း”
“တရားမ၀င် လူစုလူဝေးကြောင့် လမ်းသွားလမ်းလာများ အနှောက်အယှက်ဖြစ်ခြင်း”
........စသည့် သတင်းခေါင်းစဉ်စာလုံးမဲကြီးများနှင့်အတူ ထိုကိစ္စနှင့် ပတ်သက်သော တောင်ပုလုမြို့သားတို့၏ အမြင်များ ပါရှိလာလေသည်။ ထိုအမြင်များမှာ ဆန္ဒပြသူငါးဦးအား တောင်ပုလုမြို့သားများမှ ၀ိုင်းဝန်းပြစ်တင်ဝေဖန်ကြသော အမြင်များသာ ဖြစ်လေသည်။ ထောက်ခံသောအမြင်များကို ပြောဆိုမိသော တောင်ပုလုမြို့သားတို့အနေဖြင့်လည်း မိမိတို့၏ အတွေးအမြင်များကို သတင်းစာပေါ်တွင် ပုံနှိပ်စာလုံးအဖြစ် မြင်တွေ့ခွင့် မရလိုက်ကြရှာ။ ဤနည်းဖြင့် သတင်းစာဖတ်ရသူများအဖို့ တောင်ပုလုတမြို့လုံးက ဆန္ဒပြသူငါးဦးအား ၀ိုင်းဝန်းရှုတ်ချကြသည်ဟု မှတ်ထင်ယုံကြည်သွားကြချေတော့သည်။

ထိုမျှမက။ တောင်ပုလုမြို့စားကြီးဦးအာလူးကလည်း ကုန်သည်သူကြွယ်များနှင့် ညစာပွဲတော်တည်ခင်းရာတွင် မိန့်ခွန်းပြောကြားရာ၌ “တောင်ပုလုမြို့သည် နှပ်ချေးဖတ်မျှသာ ရှိသည်ဖြစ်၍ အခြားတိုင်းပြည်များနှင့်မတူကြောင်း၊ ဤသို့သာ ဆူပူဆန္ဒပြပွဲများ နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေပါက တိုင်းတပါးမှ ကုန်သည်သူကြွယ်ကြီးများသည် တောင်ပုလုသို့ လာရောက် ရောင်းဝယ်ဖောက်ကားကြတော့မည် မဟုတ်ဘဲ တိုင်းပြည်ဘဏ္ဍာများ ဆုံးရှုံးသောကြောင့် တိုင်းပြည်စီးပွားရေးပျက်ပြားကာ နောက်ဆုံးတွင် ချာရာဏသီပြည်အနေအထားသို့လည်းကောင်း၊ ပတ်ဝန်းကျင်နိုင်ငံများဖြစ်သော မလေးမရှားတရှားပြည်၊ ယိုးဒ မယားတယားပြည်၊ ဖိလစ် မပိုင့်တပိုင်ပြည်များကဲ့သို့လည်းကောင်း မတည်မငြိမ် မအေးမချမ်းဖြစ်ကာ ချာတူးလန်မင်းအစိုးရများ မင်းမူကြတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုသို့ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်သူများကို နောက်ထပ် ဥပဒေများ ပြဋ္ဌာန်ရေးဆွဲ၍ ယခင်ကထက်ပင် ပိုမို၍ ပြင်းပြင်းထန်ထန် အရေးယူသွားရမည်ဖြစ်ကြောင်း” လေးစားစဖွယ် တည်ငြိမ်ခန့်ညားစွာ မိန့်ကြားသွားသည်ကို တွေ့ရသည်။

ထူးဆန်းသည်မှာ ဂျက်ကီသန့်နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်တို့၏ ပေးစာများကိုလည်း သတင်းစာများ၏ ပေးစာကဏ္ဍတွင် တခမ်းတနားဖော်ပြကြခြင်းဖြစ်ပေသည်။

၎င်းတို့၏ စာများအရ “တောင်ပုလုမြို့ကြီးသည် တောင်ပုလုမြို့စားကြီး ဦးအာလူး၏ အုပ်ချုပ်မှုအောက်တွင် အင်မတန်မှ စည်ပင်ဝပြောကြောင်း၊ ထိုသို့သော စည်ပင်ဝပြောမှုအတွက် အနောက်တိုင်းမှ ဒီမိုမကရေ့တကရေစီ စနစ်ကို ပုံတူကူးချခြင်းကို လက်မခံသင့်ကြောင်း၊ လူအဖွဲ့အစည်းသာယာဝပြောမှုအတွက် လူတဦးချင်း၏ လွတ်လပ်ခွင့်ကို ရှေ့တန်းမတင်သင့်ကြောင်း၊ ရှမ်းခေါက်ဆွဲစားခွင့်မရှိပါက အီတာမလျံ့တလျံတိုင်းပြည်မှ အစားအသောက်ဖြစ်သော စပါဂက် မတီ့တတီအမည်ရှိ ခေါက်ဆွဲကို စားသောက်ပြီး အာသာပြေနိုင်ကြောင်း၊ ရှမ်းခေါက်ဆွဲကို မစားရမနေနိုင်သူများအနေဖြင့် ချာရာဏသီပြည်သို့ ပြန်လျှင်ပြန်၊ မပြန်လျှင်လည်း ရှမ်းခေါက်ဆွဲကို မပိတ်ပင်သော အခြားလွတ်လပ်သော နိုင်ငံများသို့ ထွက်ခွာသွားရန်” အကြံပေးရေးသားထားသည်ကို တွေ့ရလေသည်။

နောက်နှစ်ပတ်ခန့်ကြာသောအခါ အဆိုပါ သတင်းစာများတွင်ပင် ဆန္ဒပြသော ငါးယောက်သည် “၄င်းတို့အနေဖြင့် နိုင်ငံရေးသမားများ၏ စကားကို နားယောင်ကာ မလုပ်ဆောင်သင့်သော ဆူပူဆန္ဒပြခြင်းများကို ပြုလုပ်မိကြောင်း၊ ထို့အတွက် နောင်တရမဆုံးအောင်ဖြစ်ရကြောင်း၊ မိမိတို့လုပ်ရပ်အတွက် အနှောင့်အယှက်ဖြစ်သွားကြရှာသော လမ်းသွားလမ်းလာများကိုလည်း တောင်းပန်လိုကြောင်း၊ ထို့ပြင် မိမိတို့လုပ်ရပ်သည် မရည်ရွယ်ဘဲ တောင်ပုလုမြို့စားကြီး၏ မြူတမှုန်မျှပင် အစွန်းအထင်းမရှိသောဂုဏ်သိက္ခာကို ထိပါးစော်ကား မလေးမစားလုပ်သကဲ့သို့ ဖြစ်သွားပါက သနားခွင့်လွှတ်ပါရန် ခြွင်းချက်မရှိ တောင်းပန်ပါကြောင်း” ပါလာခဲ့လေသည်။

ဤသို့ဖြင့် အနှစ် နှစ်ဆယ်ခန့်ကြာသောအခါ တောင်ပုလုမြို့ကြီးတွင် ပီကေ မရောင်းရ၊ ရှမ်းခေါက်ဆွဲမရောင်းရ မချက်ရ၊ ထမင်းမရောင်းရ မချက်ရ၊ ရှမ်းခေါက်ဆွဲဓါတ်ပုံများကို ဘလော့ဂ်များပေါ်တွင် မဖော်ပြရ၊ လမ်းမလျှောက်ရ၊ နှပ်မညှစ်ရ၊ အီးအသံကျယ်ကျယ် မပေါက်ရ၊ နှာမချေရ၊ ချောင်းမဆိုးရ၊ ယားလျှင်မကုတ်ရ၊ မျက်စောင်းမထိုးရ၊ ကြာမပစ်ရ၊ အသက်ကို ၀၀ မရှုရ စသည့် ထူးဆန်းသော ဥပဒေများ တစထက် တစ များပြား၍ လာပေသည်။ သို့သော် တောင်ပုလုမြို့ကြီးကား သားတော် မြို့စားမင်းအလကားကျော်စွာ၏ အမြော်အမြင်ကြီးသော စီမံအုပ်ချုပ်မှုအောက်တွင် ကြက်ပျံမကျ စည်ကားလျက်ပင်။

8 comments:

TZA said...

အဲဒီထဲကအချက်တချို့ဟာ ကျနော့ပို့စ်ထဲမှာ ကျန်ခဲ့တဲ့ဟာတွေပါ၊ အချိန်ယူရေးပေးတာကျေးဇူးပါကိုပေါ။

Ko Boyz said...

မနေ့က ဖတ်မိတဲ့ သတင်းစာထဲမှာ မှတ်မိသလောက်တော့ တင်းနေတာတွေ၊ ခေတ်မမှီတော့တဲ့ အောက်ဒိတ်ဖြစ်နေတာတွေ ပြန်လျှော့ပေးဖို့ ဆိုလား... ပါလာတယ်...။
ကိုပေါ ...။ မြင်တတ်ပါတယ်...။
ချီးကျူးပါတယ်...။
အပိုင်း ၂၊၃၊၄၊၅၊.... ဆက်စောင့်ဖတ်နေတယ်ဗျို့...။

တန်ခူး said...

အဲဒီ အတွေး၊ အဲဒီရေးဟန်က ကလောင်နာမည်မပါလဲ ကိုပေါပါလို့ တန်းပြောနိုင်တဲ့
ကိုပေါရဲ့ ထူးခြားပြောင်မြောက်တဲ့ မူပိုင်စတိုင်...

စာဖတ်သူ said...

ကြိုက်သွားပြန်ပီ …Story ကတော့ မိုက်မှမိုက်ဗျာ ။ ..ပီဒီဖက် လေးလုပ်ပြီး …ဘော်ဒါတွေကို မျှဝေပေးလိုက်အုံးမယ်..ယူသွားပြီ ။

လူသစ် said...

လူမွဲစာရင်းခံချင်ပြီထင်တယ်

Ko Paw said...

ကလူသစ်....မပူနဲ့ဗျို့။ အသေးသုံး ဒေါ်လာ ၂ သန်းလောက်ဘဲ စင်္ကာပူမှာ ချန်ထားပြီး ကျန်တဲ့ ဘီလီယံနဲ့ ချီတဲ့ ပိုင်ဆိုင်မှုတွေက ဆွစ်ဇ်ဘဏ်မှာ လျှို့ဝှက်အကောင့်ဖွင့်ထားလိုက်တယ်။

kopeter said...

ဖတ်ရှုသွားပါတယ်။မလေးရှားကဒါတွတ်အန်ဝါအကြောင်း
လေးလည်းရေးပါဦး။
ကျွန်တော်တော.နည်းနည်းတို.ထားတယ်။အချိန်ရယင်လာ
ဖတ်ကြည်.ပါဦး။
www.kopeter.blogspot.com

ကလိုစေးထူး said...

သဗ္ဗေသတ္တာကမ္မသကာ ဆိုတော့ မင်းသိင်္ခလိုလို ဘာလိုလို…။ :P ကလိချက်၊ ထေ့ချက်လေးတွေကတော့ မိုက်သဗျို့။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs