“ငြင်းခုံခြင်း နှင့် လွတ်လပ်သော အမူအကျင့်”

ငြင်းခုံခြင်း၊ စကားစစ်ထိုးခြင်းတို့သည် မတူညီသော အယူအဆများ၊ အမြင်များ ထိပ်တိုက်တွေ့သောအခါ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန်အချီအချ ပြောဆိုကြခြင်း၊ ရေးသားကြခြင်း၊ ထုတ်ဖော်ကြခြင်း ဖြစ်သည်။

လောကတွင် အကျိုးမများသည့် ငြင်းခုံမှုများရှိသလို၊ အကျိုးရှိသည့် ငြင်းခုံမှုများလည်း ရှိနေသည်။ အချို့နေရာများတွင်မူ ငြင်းခုံခြင်း၊ စကားစစ်ထိုးခြင်းကို မဖြစ်မနေ လုပ်ကြရသည်။

လွတ်လပ်ပွင့်လင်းသော လူမှုပတ်ဝန်းကျင်တွင် စကားစစ်ထိုးခြင်း၊ ငြင်းခုံခြင်းမှာ နေ့စဉ်နှင့် အမျှ ကြုံတွေ့နေရသော ကိစ္စတရပ်ဖြစ်သည်။ လွတ်လပ်သောနိုင်ငံများ၏ နိုင်ငံရေးခေါင်းဆောင်များ၊ ဝန်ကြီးချုပ်များ၊ သမ္မတများသည် စကားစစ်ထိုးကောင်းသူများလည်း ဖြစ်နေတတ်သည်။ ဗြိတိသျှပါလီမန်ထဲရှိ အစိုးရနှင့် အတိုက်အခံတို့ အချင်းချင်း မျက်နှာချင်းဆိုင် မျက်နှာကို စေ့စေ့ကြည့်လျက် ငြင်းခုံ စကားစစ်ထိုးကြသည်မှာ အင်မတန် အားကျအတုယူဖွယ်ကောင်းသည်။ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းတို့ အချင်းချင်း အပြန်အလှန်စကားစစ်ထိုးကြသည်ကို ကြည့်လျက် ပြည်သူများက ၄င်းတို့၏ မူဝါဒနှင့် အရည်အချင်းများအပေါ် အကဲဖြတ်ကြသည်။

နိုင်ငံရေးသမားများ၊ ရှေ့နေများ၊ ကျောင်းဆရာများ၊ သိပ္ပံပညာရှင်များ၊ တွေးခေါ်ပညာရှင်များ စသူတို့မှာ အသက်မွေးဝမ်းကြောင်းအရ ငြင်းခုံခြင်း၊ စကားစစ်ထိုးခြင်းကို ရှောင်ရှား၍မရ။ သိပ္ပံပညာတွင်လည်း သီအိုရီတရပ်သည် ၄င်းအား မှားယွင်းသည်ဟု ခိုင်ခိုင်မာမာ သက်သေမပြနိုင်သေးခင်အထိသာ ရှင်သန်ရပ်တည်နိုင်သည်။ သီအိုရီအသစ်တရပ်ပေါ်လာပြီး လက်ရှိ ရှိပြီးသားသီအိုရီနှင့် ကွဲလွဲခဲ့သည်ရှိသော် သီအိုရီအသစ်ကို မည်သည့်သိပ္ပံပညာရှင်ကမှ မျက်စိစုံမှိတ်လျက် ဆိတ်ငြိမ်စွာ လက်ခံလိုက်ကြသည်မဟုတ်။ သီအိုရီတဖက်စီမှနေ၍ သိပ္ပံပညာရှင်များ အသီးသီးရပ်တည်ကာ ငြင်းချက်ထုတ်ကြသည်။ ငြင်းခုံကြသည်။ အပြန်အလှန် အယူအဆ စစ်ထိုးပွဲများ ကျင်းပကြသည်။ အနည်းနည်းအဖုံဖုံ ဆန်းစစ်ဝေဖန် မှတ်ကျောက်တင်ကြသည်။ ဤသို့သော မှတ်ကျောက်များ၊ ဝေဖန်မှုများကို လွန်မြောက်ကျော်လွန်နိုင်မှသာ သီအိုရီအသစ်ကို လက်ခံကြခြင်းဖြစ်သည်။ ဤနည်းဖြင့် သိပ္ပံပညာသည် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ လူ့အဖွဲ့အစည်းသည်လည်း တိုးတက်ခဲ့သည်။

ဟုတ်မှန်ပြီး၊ အကျိုးရှိသောစကားကို ကြားရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ အခါအားလျော်စွာ ပြောအပ်သည်ဟု ဗုဒ္ဓက ဆိုခဲ့သည်။ ဗုဒ္ဓပင်လျှင် သူနှင့် အယူအဆ မတူညီသော ပုဂ္ဂိုလ်ပေါင်းများစွာနှင့် စကားစစ်ထိုးခဲ့ရသည် မဟုတ်ပါလော။

လူ့လောကအတွင်းတွင် လူမှုပတ်ဝန်းကျင်နှင့် ရောထွေးဆက်ဆံကာ နေထိုင်သမျှကာလပတ်လုံး ငြင်းခုံခြင်းကို မလွှဲမသွေ ကြုံတွေ့ရမည်၊ ပြုလုပ်ကြရမည်သာဖြစ်သည်။ အကျေအလည် အသည်းအသန် ငြင်းခုံခြင်းသည် လက်နက်အားကိုးဖြင့် ဖြေရှင်းခြင်းထက်သော်လည်းကောင်း၊ မရိုးမသားနည်းဖြင့် မလှိမ့်တပတ်ဖြေရှင်းခြင်းထက်သော်လည်းကောင်း များစွာ ယဉ်ကျေးသည်။ များစွာ သာလွန် ကောင်းမွန်သည်။ ငြင်းခုံခြင်းကို ဝါသနာမပါ၍ဖြစ်စေ၊ မကျွမ်းကျင်၍ဖြစ်စေ၊ အကျိုးမရှိဟု ယူဆ၍ဖြစ်စေ…. အကြောင်းကြောင်းကြောင့် နေရာတိုင်းတွင် ငြင်းခုံရန်ဝန်လေးကာ နှုတ်ဆိတ်နေခဲ့ပါလျှင် သူတပါးတို့၏ အစီအမံများ၊ အယူအဆ အတွေးအခေါ်များနှင့် မတရားသဖြင့် အနိုင်အထက် ပြဋ္ဌာန်းသမျှတို့သာ လွှမ်းမိုးသွားပြီး မိမိ၏ လွတ်လပ်မှုနှင့် အခွင့်အရေးများလည်း တစထက်တစ လျော့ပါး ဆုံးရှုံးသွားမည်ဖြစ်သည်။
Read more

“ခရီး”

လမ်းညွှန်သူ အမျိုးမျိုးရှိတယ်။

တချို့က လမ်းသိတဲ့အလျောက် လမ်းအမှန်ကို ညွှန်ပြတယ်။ တချို့က လမ်းအမှန်ကို သိပေမယ့် လမ်းအမှားကို ညွှန်ပြပြီး တမင်သက်သက် ချောက်ချတတ်ကြတယ်။ တချို့ကျပြန်တော့ လမ်းမသိဘဲ သိသယောင် ခပ်တည်တည်နဲ့ ညွှန်တာမျိုးလည်း ရှိတယ်။ ကိုယ်တိုင် လမ်းသိပေမယ့် သူတပါးနားလည်အောင်၊ လမ်းခရီးကို မျက်စိထဲမှာ ကွင်းကနဲ၊ ကွက်ကနဲ ပေါ်လာအောင် မညွှန်ပြတတ်သူတွေလည်း ရှိနိုင်တယ်။ သေချာတာကတော့ ကိုယ်တိုင်လမ်းပျောက်နေသူအဖို့ သူတပါးကို လမ်းပြပေးဖို့ မဖြစ်နိုင်။

လမ်းသိသူထဲမှာ ဒီလမ်းကို ကိုယ်တိုင်လျှောက်ဖူး၊ ရောက်ဖူးသူလည်း ပါတယ်။ ကိုယ်တိုင်မရောက်ဘူး၊ မလျှောက်ဘူးပေမယ့်လည်း သူတပါးဆီကနေ တဆင့်လေ့လာမှတ်သားခဲ့လို့ လမ်းသိနေသူတွေလည်း ရှိနေနိုင်ပါတယ်။

လမ်းညွှန်အမျိုးမျိုးရှိတဲ့အနက် လမ်းသိပြီး အမှန်အတိုင်းလည်း ညွှန်ပြပေးတတ်သူသာ လမ်းညွှန်ကောင်းတယောက်လို့ ဆိုနိုင်ပါတယ်။

ခရီးသွား အမျိုးမျိုးရှိတယ်။

တချို့ကလည်း ကိုယ်သွားရမယ့် ခရီးကို တနည်းနည်းနဲ့ သိပြီးသားဖြစ်တယ်။ တချို့ကတော့ လမ်းမသိဘဲ ခြေဦးတည့်ရာ စွတ်ရွတ်သွားတတ်သူဖြစ်တယ်။ မသိသေးတဲ့ ခရီးလမ်းများကို တမင်သက်သက် စွန့်စားသွားလာချင်သူများလည်း အများအပြားရှိတယ်။ ဘယ်သွားရမှန်းမသိလို့ လူအုပ်နောက်က ရောယောင်လိုက်သူတွေလည်း ရှိတတ်တယ်။ တချို့ကတော့ လမ်းညွှန်ပြသူများ၊ မြေပုံအထောက်အထားများ၊ လမ်းညွှန်ကိရိယာများ အားကိုးနဲ့ သွားလာလေ့ရှိသူများ ဖြစ်ကြတယ်။

ခရီးသွားသူအမျိုးမျိုးအနက် ခရီးလမ်းကို သိရှိပြီးဖြစ်သူများ၊ လမ်းညွှန်ကောင်းနဲ့ကြုံကြိုက်သူများဟာ လိုရာခရီးကို ချောချောမွေ့မွေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြဖို့ အခွင့်အလမ်း များပြားပါတယ်။ လမ်းမသိသေးသူများအနေနဲ့ စွတ်ရွတ်သွားရင်း လမ်းမှန်အတိုင်းလိုက်မိလို့ လိုရာခရီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတတ်မျိုးလည်း ရံဖန်ရံခါ ရှိတတ်ပါတယ်။

ခရီးသွားပုံ အမျိုးမျိုး ရှိတယ်။

တချို့ကလည်း လိုရာခရီးကို မရပ်မနား ဖြောင့်ဖြောင့်မတ်မတ် တန်းပြီး သွားတာမျိုးရှိပါတယ်။ တချို့လည်း အလျှင်လိုတဲ့အလျောက် ဖြတ်လမ်းရှာပြီး သွားကြတတ်တယ်။ တချို့ကတော့ လမ်းခရီးတလျှောက် ခရီးတဖြတ်စီမှာ တမေ့တမော ကျောက်ချရပ်နားပြီး သွားကြတာမျိုး။ တချို့တော့လည်း ဖြောင့်ဖြောင့်တန်းတန်းမသွားလိုဘဲ ကွေ့ဝိုက်ပြီး အခြားဒေသတွေကိုပါ သွားရောက်လည်ပတ်လို့ အားရမှ နောက်ဆုံး လိုရာခရီးကို သွားကြတယ်။ တချို့ကျပြန်တော့ တနေရာကို ရည်ရွယ်ထွက်လာပြီးမှ လမ်းခွဲတွေ့တိုင်း လျှောက်လိုက်သွားတဲ့အတွက် ရည်ရွယ်မထားတဲ့ နေရာတွေကို ရောက်ကုန်ကြတယ်။

လမ်းခရီး အမျိုးမျိုး ရှိတယ်။

တချို့လမ်းတွေက ဖြောင့်ဖြူးသာယာတယ်။ ဘေးအန္တရာယ်ကင်းတယ်။ ခရီးသွားရသူတွေရဲ့ စိတ်နှလုံးကို ကြည်နူးဆွတ်ပျံ့စေတယ်။

တချို့လမ်းခရီးကတော့ ကြမ်းတမ်းတယ်။ အန္တရာယ်များတယ်။ ဆူးညှောင့်ခလုပ်တွေ ပြည့်နှက်နေတယ်။ ခရီးသွားရသူရဲ့ စိတ်ကို ညှိုးရော်နွမ်းလျစေတယ်။

တချို့လမ်းခရီးကတော့ ဖြားယောင်းမှုမာယာတွေ၊ ဝင်္ကပါတွေ၊ လမ်းလွှဲတွေနဲ့ ပြည့်နှက်နေတတ်တယ်။ ဒီလိုခရီးလမ်းမျိုးဟာ ခရီးသွားတွေအပေါ် သွားလိုရာ ပန်းတိုင်ကို မေ့လျော့သွားအောင် တတ်နိုင်ကြတယ်။

လမ်းညွှန်အမျိုးမျိုး၊ ခရီးသည်အမျိုးမျိုး၊ သွားလာပုံအမျိုးမျိုး၊ ခရီးလမ်းပန်းအမျိုးမျိုး...... သွားကြလာကြရင်း လမ်းခရီးမှာ ကြုံကြဆုံကြတယ်။ တခါတလေကျတော့လည်း တခရီးတည်း အတူသွားဖော်တွေ။ တခါတရံမှာတော့ ငြိုးသူရန်ဖက်တွေပေါ့။ တခါတရံမှာ ချစ်သူမိတ်ဆွေတွေ ဖြစ်နေတတ်ကြပြန်တယ်။

ကိုယ်ဟာ ဘယ်လိုခရီးသွားမျိုးလဲ။ ဘယ်ခရီးကို သွားနေတာလဲ။ ကိုယ့်ရဲ့ ခရီးဖော်တွေက ဘယ်သူတွေလဲ။ ခရီးလမ်းကိုရော သိပြီလား။ ကိုယ်ဟာ လမ်းပျောက်နေသူလား။ ဒါမှမဟုတ် ခြေဦးတည့်ရာ လျှောက်သွားနေသူလား။ တနေရာမှာ အိပ်ပျော်ငိုက်မျဉ်းနေသူလား။….စသဖြင့် အခိုက်အတန့် ရပ်ပြီး စဉ်းစားမိသူ ရှားမယ်ထင်တယ်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs