Showing posts with label Thoughts. Show all posts
Showing posts with label Thoughts. Show all posts

အပြောင်းအလဲ

မကြာခင် ၂၀၁၀ ကို နှုတ်ဆက်ပြီး နှစ်သစ်ကို ရောက်တော့မယ်။ နှစ်ကုန်ကာနီးလည်း ဖြစ်တဲ့အတွက် ရောက်တတ်ရာရာလေးတွေ တွေးမိတာကို တွေးမိသလို ရေးလိုက်ပါတယ်။

နည်းပညာ အပြောင်းအလဲ

လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်၊ ကျနော် စင်္ကာပူကို ရောက်လာကာစက လက်ကိုင်ဖုန်းတွေကို အခုလို လူတိုင်းမကိုင်နိုင်ကြသေးဘူး။ အဲသည်တုန်းက လက်ကိုင်ဖုန်းကလည်း အခုခေတ်အမြင်နဲ့ ပြန်ကြည့်ရင် တော်တော့်ကို ကြီးမားလေးလံတဲ့ ပစ္စည်းတခုပါပဲ။ Incoming call တွေ အတွက်ပါ ပိုက်ဆံပေးရတဲ့ခေတ်ဆိုတော့ လက်ကိုင်ဖုန်းသုံးစွဲသူတွေထံ ဖုန်းခေါ်လိုက်တယ်ဆိုရင် တဖက်က “ကျနော်ပြန်ခေါ်လိုက်မယ်နော်” ဆိုပြီး ရိုးရိုးတယ်လီဖုန်းလိုင်းကနေ ပြန်လည် ခေါ်ဆိုကြတဲ့ခေတ်ပေါ့။ အခုတော့ လက်ကိုင်ဖုန်းကလေးတွေက သေးသေးငယ်ငယ်။ အရောင်စုံ၊ အသွေးစုံ။ Incoming call က အခမဲ့ဖြစ်သွားပြီ။ ဒီကြားထဲမယ် wifi တို့ 3G တို့နဲ့ဆိုရင် အင်တာနက်ကိုသုံးစွဲပြီး Outgoing call တွေကိုပါ အခမဲ့ ခေါ်ဆိုနိုင်သေးတယ်။

ဆယ်စုနှစ်တခုအတွင်းမှာ နည်းပညာတွေ ပေါက်ကွဲသလို အလျှင်အမြန် တိုးတက်လာတယ်။ အင်တာနက်ကို ကွန်ပြူတာတွေမှာသာမက အများသုံး အသုံးအဆောင်တွေဖြစ်တဲ့ လက်ကိုင်ဖုန်းတွေ၊ ရုပ်မြင်သံကြားတွေမှာပါ တိုက်ရိုက် သုံးစွဲလို့ ရလာတယ်။ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား စတဲ့ မီဒီယာတွေနဲ့ အင်တာနက်ဟာ နယ်နိမိတ်တွေ ရောယှက်ဝေဝါးလာပြီး ဆုံမှတ်တခုကို ရှေးရှုနေသလိုပါပဲ။ ၂၀၁၀ ခုနှစ်အတွင်းမှာ အဖိုးနှုန်း ချိုသာတဲ့ tablet pc တွေ ပေါ်လာတာဟာလည်း လူကြီးလူငယ် အသက်အရွယ်မရွေး ကွန်ပြူတာနဲ့ အင်တာနက်ကို လွယ်လင့်တကူ သုံးစွဲနိုင်တဲ့အနေအထားကို ရောက်လာစေပါတယ်။

ဒီတော့ လာမယ့်နှစ်ထဲမှာ ကမ္ဘာတလွှား အင်တာနက်ကို သုံးစွဲသူ လူဦးရေဟာ အခုထက် အဆမတန် ပိုမိုများပြားလာဖို့ အကြောင်းရှိပါတယ်။

အင်တာနက်ကတဆင့် ပရိသတ် (သို့မဟုတ်) လူထုထံက သဘောထားစစ်တမ်း၊ တုန့်ပြန် ဝေဖန်အကြံပြုလွှာတွေကို အချိန်နဲ့တပြေးညီတည်း လျှင်လျှင်မြန်မြန် ရယူနိုင်တယ်။ အထင်ကရအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ တရားဝင်အင်တာနက်စာမျက်နှာမှာ “Donation Button” ကလေးပါ ထည့်ထားလိုက်မယ်ဆိုရင် ကမ္ဘာတလွှားမှာရှိတဲ့ ထောက်ခံသူတွေထံက အလှူငွေတွေ၊ ရန်ပုံငွေတွေကို လွယ်လွယ်ကူကူ ကောက်ယူနိုင်ပါလိမ့်မယ်။

အင်တာနက်ဟာ သူ့သဘောသဘာဝအရ အခြားမီဒီယာတွေနဲ့မတူဘဲ အတော်အတန် လွတ်လပ်တဲ့ သဘာဝရှိတယ်။ အလွန်အမင်းဖိနှိပ်လွန်းတဲ့ အာဏာရှင်နိုင်ငံတွေမှာတောင် အတိုင်းအတာတခုအထိ လွတ်လပ်မှုရှိတယ်။ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသူတွေအဖို့ မိမိရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်ဖို့အတွက် ထိထိရောက်ရောက် သုံးစွဲနိုင်တဲ့ လက်နက်တခုလည်း ဖြစ်ပါတယ်။ ဒီလိုနည်းပညာမျိုးကို ရှေးရိုးစွဲ လူကြီးတွေက သုံးစွဲဖို့ တွန့်ဆုတ်နေရင်တောင် လူငယ်တွေက ဦးဆောင်ပြီး သုံးစွဲလာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နည်းပညာနဲ့ ပတ်သက်ပြီး နောင်လာမယ့် နှစ်တွေအတွင်းမှာ ကျနော်မျှော်မှန်းမိတဲ့၊ တောင့်တမိတဲ့ တိုးတက်ပြောင်းလဲမှုတွေကတော့...

(၁) တာရှည်ခံမယ့် ဘက်ထရီ တွေ၊
(၂) စက္ကူလိုပါးလွှာပြီး ကွေးညွှတ်လို့ရတဲ့၊ ပါဝါသိပ်မစားတဲ့ Display တွေ ( နမူနာ ပုံစံ တခုနှစ်ခု ထုတ်တာမျိုးမဟုတ်ဘဲ စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်နိုင်တာမျိုး)
(၃) Fusion Power (နည်းနည်း လောဘကြီးသွားသလားတော့မသိ)
(၄) နေရာအနှံ့ အလကားသုံးစွဲလို့ရတဲ့ အင်တာနက် (ဟိုတနေ့က သတင်းတပုဒ်ထဲမှာတော့ ဖြစ်လာတော့မယ်လို့ ဟောကိန်းထုတ်နေကြတာ တွေ့ရတာပဲ)
(၅) အလိုအလျောက် မီးပူတိုက်စက်

ဒါက နည်းပညာ ပြောင်းလဲမှုနဲ့ ပတ်သက်လို့ တွေးမိ၊ မျှော်မှန်းမိတာတွေပါ။

မြန်မာပြည်က အပြောင်းအလဲ

ဒီနှစ်ထဲမှာ မြန်မာပြည်က တိုးတက်ပြောင်းလဲမှုကရော။

၂၀၁၀ ရွေးကောက်ပွဲကြီးကတော့ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလို့ ပြီးသွားပါပြီ။ ရွေးကောက်ပွဲကို ဝင်ပြိုင်ခြင်းအားဖြင့် ပါလီမန်ထဲကနေ နိုင်ငံရေးအဝန်းအဝိုင်းကို ချဲ့ထွင်မယ်ဆိုတဲ့ အယူဝါဒကို ပြည်တွင်းပြည်ပ ဗန်းနဲ့လှည့်ရောင်းခဲ့သူတွေလည်း သူတို့ရဲ့ မှန်းဆထင်မြင်ချက်တွေဟာ ပါစင်အောင် လွဲမှားခဲ့ပြီ ဖြစ်တဲ့အတွက် နိုင်ငံရေးသိက္ခာတွေလည်း ကုန်းကောက်စရာမကျန်အောင် ကျဆင်းခဲ့ကြတာကို အားရစဖွယ် တွေ့မြင်နေရပါတယ်။

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။ အခု တိုင်းပြည်ထဲမှာ အကျယ်လောင်ဆုံးအသံကတော့ ၂၁ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ ကိစ္စပါပဲ။ နယ်စပ်မှာတော့ အရင်က အပစ်အခတ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နအဖ စစ်တပ်အကြားမှာ တင်းမာမှုတွေ၊ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မြို့နယ်စည်း၊ တိုင်းစည်း အောက်ခြေကစလို့ အဖွဲ့ချုပ်ကို ပြန်လည် ခိုင်ခန့်အောင် ထူထောင်မယ်။ လူထုကို နိုင်ငံရေးအရ ပါဝင်လာအောင် စည်းရုံးမယ်ဆိုရင် နအဖကို စေ့စပ်ဆွေးနွေးရေး စားပွဲကို ရောက်လာအောင် ဖိအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရေဒီယိုတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေးအဖြေ ကဏ္ဍ တချို့ကို နားထောင်ဖြစ်ပါတယ်။ မေးခွန်းမေးသူအများဟာ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကိစ္စကို ထပ်ဖန်တလဲလဲ ပြောကြပြီး ရေဒီယိုပေါ်က တန်ဘိုးရှိတဲ့ အချိန်တွေကို ဖြုန်းနေကြတာ တွေ့ရပါတယ်။ တေးသံရှင် ဒေါ်မာမာအေးကဆိုရင် “ညီမလေး အရဲမကိုးပါနဲ့နော်” ဆိုပြီး တိုက်တွန်းသတိပေးထားတာကိုတောင် ကြားလိုက်ရပါသေးတယ်။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို နားလည်ပေမယ့် တဖက်မှာ လူထုခေါင်းဆောင်တယောက်အနေနဲ့ သွားသင့်တဲ့ကိစ္စ၊ လုပ်သင့်တဲ့ကိစ္စတွေကို ရဲရဲဝံ့ဝံ့လုပ်ရမယ့် တာဝန်ဝတ္တရား ရှိနေတာကိုလည်း သတိထားမိပါတယ်။ ဦးသန်းရွှေတို့လို အရဲမကိုးဘဲ လှိုဏ်ခေါင်းထဲမှာ ပုန်းနေပြီး တကယ်လုပ်သင့်လုပ်ထိုက်တာတွေကို မျက်ကွယ်ပြုတဲ့ ခေါင်းဆောင်မျိုးကိုတော့ လုံးဝ လိုချင်ကြမှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့လို ရဲဝံ့စွန့်စားပြီး လုပ်သင့်လုပ်ထိုက်တာတွေကို မဆုတ်မနစ်လုပ်နေတဲ့ ခေါင်းဆောင်တယောက်အဖြစ်မျိုးကိုသာ ပိုပြီး မြင်လိုကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း တလျှောက်လုံး မိမိအသက်ကိုတောင် ပဓာနမထားဘဲ ရဲဝံ့စွန့်စားပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ခဲ့တဲ့အတွက်သာ ဒီလို ပြည်သူအများက ယုံကြည်ကိုးစားရတဲ့ အနေအထား ရောက်ရှိလာခဲ့တာ မဟုတ်ပါလား။ အရဲမကိုးတဲ့ လူလိမ္မာ၊ လူနပ်တွေချည်းသာ များလာရင် လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြမယ့် လူတွေ နည်းပါးသွားနိုင်ပါတယ်။

ဒီနှစ်အတွင်းမှာပဲ ပြည်တွင်းက အချို့သော စာနယ်ဇင်းတွေ၊ သတင်းထောက်တွေအနေနဲ့ သတင်းလွတ်လပ်ခွင့်အတွက် ရသမျှ အခွင့်အရေးကို ဆုပ်ကိုင်ပြီး စွန့်စွန့်စားစား ကြိုးပမ်းကြတဲ့ အနေအထားကို သတိပြုမိပါတယ်။ အချို့သော အနုပညာရှင်တွေအနေနဲ့လည်း စစ်အစိုးရဲ့ မျက်မာန်ရှမှု၊ ငြိုငြင်မှုကို ခံယူပြီး မိမိတို့ရဲ့ ရပ်တည်ချက်ကို တမျိုးတဖုံ ထုတ်ဖော်လာတာကို တွေ့ရပါတယ်။

မကြာမီအနာဂတ်မှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျနော်မျှော်မှန်းမိတဲ့၊ တောင့်တမိတဲ့ တိုးတက်ဖြစ်ပေါ်မှုတွေကတော့....

(၁) နည်းပညာတိုးတက်မှုကို ဆုပ်ကိုင်ပြီး သတင်းလွတ်လပ်မှုကို ချဲ့ထွင်နိုင်ပါစေ။
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့များ ညီညွတ်စွာ ပေါင်းစည်းနိုင်ကြစေ။
(၃) ကိုမင်းကိုနိုင်တို့အပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ကြစေ။
(၄) လူထုတရပ်လုံးပါဝင်မှုနဲ့ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး၊ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်လာအောင် ဖိအားပေးနိုင်ကြစေ။

ဒါကတော့ လတ်တလော တွေးဖြစ်တဲ့အတွေးတွေ၊ ဆန္ဒတွေပါ။

ဘလော့ဂ်ကို လာလည်သူအပေါင်း ကျန်းမာကြပါစေ။ ပျော်ရွှင်သော ခရစ်စမတ်ပိတ်ရက်နဲ့ ကောင်းသောနှစ်သစ် ဖြစ်ပါစေဗျား။
Read more

ကိုပေါရဲ့ အသံ

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု အသံကို နားထောင်ချင်တယ်ဆိုတော့... ကျနော်လည်း ပြည်သူတယောက်အနေနဲ့ ကျနော့်ဉာဏ်လေးရှိသလောက် ခြစ်ခြုတ်စဉ်းစားတွေးခေါ်ပြီးသကာလ ကျနော့်အသံလေးကို အခုလို ထုတ်လိုက်ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကြားပါစေသတည်း....း-)

(၁) ထောင်သောင်းချီတဲ့ လူစုလူဝေးကြီးတွေလုပ်တဲ့အခါ အားလုံး ကြားနိုင်ဖို့အတွက် အသံချဲ့စက်ကောင်းကောင်းတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လိုအပ်နေပါတယ်။ မိန့်ခွန်းတွေကို အသံဖမ်းတဲ့အခါ ကြည်ကြည်လင်လင် ကြားရအောင် မိုက်ကရိုဖုန်းက အသံကို တိုက်ရိုက် ဖမ်းယူထားတာမျိုး လည်း (ပါတီဝင်တွေကိုယ်တိုင်က တာဝန်ယူပြီး) လုပ်သင့်ပါတယ်။

(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ အသိပေးချက်တွေကို ပြည်တွင်းပြည်ပကို အလျှင်အမြန် ဖြန့်ဖြူးပေးနိုင်မယ့် တရားဝင်အင်တာနက်စာမျက်နှာ (official webpage) တခု လိုအပ်နေပါတယ်။ မိန့်ခွန်းတွေကိုလည်း အဆိုပါ အင်တာနက်စာမျက်နှာပေါ်မှာ အများပြည်သူ အလွယ်တကူ နားထောင် ကိုးကားနိုင်အောင် စီစဉ်ပေးထားသင့်ပါတယ်။

(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီပိုင် ဓါတ်ပုံဆရာ ကောင်းကောင်းတွေ လိုအပ်နေပါတယ်။ (ကိုကျော်သူ ပန်းချီကား လှူနေတဲ့ပုံတွေကို ကြည့်ရတုန်းက မှုန်ဝါးနေတဲ့အတွက် ကျနော်များ မျက်မှန်မတပ်မိလို့လေလား သေချာအောင် ပြန်စမ်းကြည့်ရပါသေးတယ်။)

(၄) ထုတ်ပြန်ကြေညာချက်တွေကို လက်နှိပ်စက်ရိုက်ပြီး ထုတ်ပြန်တာထက် ကွန်ပြူတာများကို သုံးစွဲပြီး စာစီစာရိုက်လုပ်ကာ ထုတ်ပြန်ဖို့လည်း အကြံပြုပါတယ်။

(၅) ဒေါ်အောင်ဆန်းစုကြည် Facebook သုံးရင် မိတ်ဆွေအများဆုံး ဖေ့စ်ဘွတ်ခ် ဖြစ်သွားနိုင်ပါတယ်။ သုံးဖို့လည်း တိုက်တွန်းပါတယ်။

(၆) ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဒီမိုကရေစီကွန်ယက် ဆိုတာကို အင်မတန် စိတ်ဝင်စားပါတယ်။ စင်္ကာပူ၊ ထိုင်း၊ မလေးရှားက စလို့ သြစတေးလျ၊ အင်္ဂလန်၊ အမေရိကန်စတဲ့ ကမ္ဘာ့တိုင်းပြည်အရပ်ရပ်ကို ရောက်နေတဲ့ ကျနော်တို့လို မြန်မာပြည်သူတွေအားလုံး တစုတစည်းတည်း တက်ညီလက်ညီ ပါဝင် လှုပ်ရှားနိုင်တဲ့ ကွန်ယက်ကြီးတခု ဖွဲ့စည်းနိုင်ကြဖို့ ဆန္ဒပြုပါတယ်။

(၇) ပြည်ပမှာ မြန်မာလူမျိုးတွေ အများအပြားရှိတဲ့အတွက် One Dollar Campaign လို့ခေါ်တဲ့ တစ်လကို မြန်မာတဦးလျှင် တစ်ဒေါ်လာ ထည့်ဝင်ပြီး ပြည်တွင်းက ဒီမိုကရေစီ ကွန်ယက်ကို ထောက်ပံ့တဲ့ အစီအစဉ်မျိုး ပေါ်လာရင် ပြည်တွင်းက လှုပ်ရှားမှုတွေကို တော်တော်လေး ထိထိရောက်ရောက် ကူညီနိုင်မယ်လို့ တွေးမိပါတယ်။
Read more

“ခရီး”

လမ်းညွှန်သူ အမျိုးမျိုးရှိတယ်။

တချို့က လမ်းသိတဲ့အလျောက် လမ်းအမှန်ကို ညွှန်ပြတယ်။ တချို့က လမ်းအမှန်ကို သိပေမယ့် လမ်းအမှားကို ညွှန်ပြပြီး တမင်သက်သက် ချောက်ချတတ်ကြတယ်။ တချို့ကျပြန်တော့ လမ်းမသိဘဲ သိသယောင် ခပ်တည်တည်နဲ့ ညွှန်တာမျိုးလည်း ရှိတယ်။ ကိုယ်တိုင် လမ်းသိပေမယ့် သူတပါးနားလည်အောင်၊ လမ်းခရီးကို မျက်စိထဲမှာ ကွင်းကနဲ၊ ကွက်ကနဲ ပေါ်လာအောင် မညွှန်ပြတတ်သူတွေလည်း ရှိနိုင်တယ်။ သေချာတာကတော့ ကိုယ်တိုင်လမ်းပျောက်နေသူအဖို့ သူတပါးကို လမ်းပြပေးဖို့ မဖြစ်နိုင်။

လမ်းသိသူထဲမှာ ဒီလမ်းကို ကိုယ်တိုင်လျှောက်ဖူး၊ ရောက်ဖူးသူလည်း ပါတယ်။ ကိုယ်တိုင်မရောက်ဘူး၊ မလျှောက်ဘူးပေမယ့်လည်း သူတပါးဆီကနေ တဆင့်လေ့လာမှတ်သားခဲ့လို့ လမ်းသိနေသူတွေလည်း ရှိနေနိုင်ပါတယ်။

လမ်းညွှန်အမျိုးမျိုးရှိတဲ့အနက် လမ်းသိပြီး အမှန်အတိုင်းလည်း ညွှန်ပြပေးတတ်သူသာ လမ်းညွှန်ကောင်းတယောက်လို့ ဆိုနိုင်ပါတယ်။

ခရီးသွား အမျိုးမျိုးရှိတယ်။

တချို့ကလည်း ကိုယ်သွားရမယ့် ခရီးကို တနည်းနည်းနဲ့ သိပြီးသားဖြစ်တယ်။ တချို့ကတော့ လမ်းမသိဘဲ ခြေဦးတည့်ရာ စွတ်ရွတ်သွားတတ်သူဖြစ်တယ်။ မသိသေးတဲ့ ခရီးလမ်းများကို တမင်သက်သက် စွန့်စားသွားလာချင်သူများလည်း အများအပြားရှိတယ်။ ဘယ်သွားရမှန်းမသိလို့ လူအုပ်နောက်က ရောယောင်လိုက်သူတွေလည်း ရှိတတ်တယ်။ တချို့ကတော့ လမ်းညွှန်ပြသူများ၊ မြေပုံအထောက်အထားများ၊ လမ်းညွှန်ကိရိယာများ အားကိုးနဲ့ သွားလာလေ့ရှိသူများ ဖြစ်ကြတယ်။

ခရီးသွားသူအမျိုးမျိုးအနက် ခရီးလမ်းကို သိရှိပြီးဖြစ်သူများ၊ လမ်းညွှန်ကောင်းနဲ့ကြုံကြိုက်သူများဟာ လိုရာခရီးကို ချောချောမွေ့မွေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြဖို့ အခွင့်အလမ်း များပြားပါတယ်။ လမ်းမသိသေးသူများအနေနဲ့ စွတ်ရွတ်သွားရင်း လမ်းမှန်အတိုင်းလိုက်မိလို့ လိုရာခရီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတတ်မျိုးလည်း ရံဖန်ရံခါ ရှိတတ်ပါတယ်။

ခရီးသွားပုံ အမျိုးမျိုး ရှိတယ်။

တချို့ကလည်း လိုရာခရီးကို မရပ်မနား ဖြောင့်ဖြောင့်မတ်မတ် တန်းပြီး သွားတာမျိုးရှိပါတယ်။ တချို့လည်း အလျှင်လိုတဲ့အလျောက် ဖြတ်လမ်းရှာပြီး သွားကြတတ်တယ်။ တချို့ကတော့ လမ်းခရီးတလျှောက် ခရီးတဖြတ်စီမှာ တမေ့တမော ကျောက်ချရပ်နားပြီး သွားကြတာမျိုး။ တချို့တော့လည်း ဖြောင့်ဖြောင့်တန်းတန်းမသွားလိုဘဲ ကွေ့ဝိုက်ပြီး အခြားဒေသတွေကိုပါ သွားရောက်လည်ပတ်လို့ အားရမှ နောက်ဆုံး လိုရာခရီးကို သွားကြတယ်။ တချို့ကျပြန်တော့ တနေရာကို ရည်ရွယ်ထွက်လာပြီးမှ လမ်းခွဲတွေ့တိုင်း လျှောက်လိုက်သွားတဲ့အတွက် ရည်ရွယ်မထားတဲ့ နေရာတွေကို ရောက်ကုန်ကြတယ်။

လမ်းခရီး အမျိုးမျိုး ရှိတယ်။

တချို့လမ်းတွေက ဖြောင့်ဖြူးသာယာတယ်။ ဘေးအန္တရာယ်ကင်းတယ်။ ခရီးသွားရသူတွေရဲ့ စိတ်နှလုံးကို ကြည်နူးဆွတ်ပျံ့စေတယ်။

တချို့လမ်းခရီးကတော့ ကြမ်းတမ်းတယ်။ အန္တရာယ်များတယ်။ ဆူးညှောင့်ခလုပ်တွေ ပြည့်နှက်နေတယ်။ ခရီးသွားရသူရဲ့ စိတ်ကို ညှိုးရော်နွမ်းလျစေတယ်။

တချို့လမ်းခရီးကတော့ ဖြားယောင်းမှုမာယာတွေ၊ ဝင်္ကပါတွေ၊ လမ်းလွှဲတွေနဲ့ ပြည့်နှက်နေတတ်တယ်။ ဒီလိုခရီးလမ်းမျိုးဟာ ခရီးသွားတွေအပေါ် သွားလိုရာ ပန်းတိုင်ကို မေ့လျော့သွားအောင် တတ်နိုင်ကြတယ်။

လမ်းညွှန်အမျိုးမျိုး၊ ခရီးသည်အမျိုးမျိုး၊ သွားလာပုံအမျိုးမျိုး၊ ခရီးလမ်းပန်းအမျိုးမျိုး...... သွားကြလာကြရင်း လမ်းခရီးမှာ ကြုံကြဆုံကြတယ်။ တခါတလေကျတော့လည်း တခရီးတည်း အတူသွားဖော်တွေ။ တခါတရံမှာတော့ ငြိုးသူရန်ဖက်တွေပေါ့။ တခါတရံမှာ ချစ်သူမိတ်ဆွေတွေ ဖြစ်နေတတ်ကြပြန်တယ်။

ကိုယ်ဟာ ဘယ်လိုခရီးသွားမျိုးလဲ။ ဘယ်ခရီးကို သွားနေတာလဲ။ ကိုယ့်ရဲ့ ခရီးဖော်တွေက ဘယ်သူတွေလဲ။ ခရီးလမ်းကိုရော သိပြီလား။ ကိုယ်ဟာ လမ်းပျောက်နေသူလား။ ဒါမှမဟုတ် ခြေဦးတည့်ရာ လျှောက်သွားနေသူလား။ တနေရာမှာ အိပ်ပျော်ငိုက်မျဉ်းနေသူလား။….စသဖြင့် အခိုက်အတန့် ရပ်ပြီး စဉ်းစားမိသူ ရှားမယ်ထင်တယ်။
Read more

“ဆူးပေါက်သူများ သတိထား”


“မုဆိုးနားနီးမုဆိုး။ တံငါနားနီးတံငါ။”

မြန်မာစကားပုံဖြစ်ပါသည်။ ပတ်ဝန်းကျင်သည် လူအပေါ်လွှမ်းမိုးတတ်ကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ အလားတူအဓိပ္ပါယ်ရသော ပုံပြင်တပုဒ်ကိုလည်း ကျနော်တို့ ငယ်ငယ်က သင်ခဲ့ရပါသေးသည်။ လေမုန်တိုင်းဒဏ်ကြောင့် ပတ်ဝန်းကျင်နှစ်ခုသို့ တကွဲတပြားစီကျရောက်သွားသော ကျေးညီနောင်ပုံပြင်။ ထိုပုံပြင်တွင် ၄င်းတို့ရောက်ရှိသွားရာ ပတ်ဝန်းကျင်အသီးသီး၏ လွှမ်းမိုးမှုကို ကျေးငယ်များခံရကာ ယင်းတို့၏ စရိုက်သဘာဝ မတူခြားနားသွားပုံကို ဖော်ပြထားသည်။

ဤနေရာတွင် ကြုံကြိုက်၍ ကျောင်းတုန်းက အဖြစ်အပျက်တခုကို ကြားဖြတ် ပြောပြချင်ပါသေးသည်။ တက္ကသိုလ်ပထမနှစ်မှာ မြန်မာစာဆရာက တတန်းလုံးကို စာစီစာကုံး ရေးယူခဲ့ကြရန် မှာကြားလိုက်သည်။ အကြောင်းအရာက ပတ်ဝန်းကျင်၏ လူအပေါ်လွှမ်းမိုးတတ်ပုံ။ ခေါင်းစဉ်ကို ကိုယ့်သဘောကျ ရွေးချယ်ပေးနိုင်သည်ဟု ဆို၏။ ထိုစဉ်က ကျနော်ဘာရေးခဲ့သလဲကိုတော့ ကောင်းကောင်း မမှတ်မိ။ မှတ်မိသည်မှာ သူငယ်ချင်းတယောက် ရေးလာသော ခေါင်းစဉ်ကို ဖြစ်သည်။ “ပတ်ဝန်းကျင်ကောင်း ကိုယ်ပါကောင်း” တဲ့။ သူ့စာစီစာကုံးကို ကျနော့်အား ပေးဖတ်သဖြင့် နောက်တီးနောက်တောက် ကျနော့်အကျင့်အတိုင်း….“ အလဲ့…. ပတ်ဝန်းကျင်ဂေါင်း ကိုယ်ဖာဂေါင်း ဆိုပါလား” ဟု အသံထွက်ဖတ်လိုက်မိရာ အဆဲသန်သော ထိုသူငယ်ချင်း၏ မိုးမွှန်နေအောင် ဆဲဆိုမှုကို ခံလိုက်ရဖူးသည်။ (မှတ်ချက်။…….။ အဆဲသန်သည်ကလွဲ၍ ထိုသူငယ်ချင်းမှာ ဘာသာရေး ကိုင်းရှိုင်းသူတဦး ဖြစ်သည်။)

ဤပို့စ်၏ အစတွင် ဖော်ပြခဲ့သော ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုဆိုသည်မှာ တစုံတယောက်အပေါ်တွင် နေ့စဉ်နှင့်အမျှ၊ အချိန်နှင့်အမျှဆိုသလို ကျရောက်နေသော လွှမ်းမိုးမှုမျိုးကို ဆိုလိုသည်။ တခါတလေကျတော့ အမြဲတစေလွှမ်းမိုးမှုမဟုတ်ဘဲ တစုံတခုသောအဖြစ်အပျက်ကြောင့် တစုံတယောက်၏ အတွေးအခေါ် (သို့မဟုတ်) သဘောသဘာဝ သဏ္ဍာန်ကို ပြောင်းလဲသွားခြင်း ရှိသည်ဟုလည်း ထင်မိသည်။

ဝေးဝေးမကြည့်ပါနှင့်။ ကျနော်လေးစားသော စာရေးဆရာ ဆရာကြီးရွှေဥဒေါင်းပင် သူ့၏ ဘဝတသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ်တွင် သူ၏ စိတ်နေသဘာဝကို ချဉ်တူးခါးသီးစေခဲ့သော အဖြစ်အပျက်များ အကြိမ်ကြိမ် ကြုံကြိုက်ခဲ့ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ သူ့အဆိုအရမူ ထိုအဖြစ်အပျက်များကြောင့် သူ့သဏ္ဍာန်တွင် ဖြူကောင်ကဲ့သို့ ဆူးကြီးများ တချောင်းပြီးတချောင်း ပေါက်လာခဲ့သည် ဆို၏။

စိတ်နေသဘာဝပြောင်းသည်ဆိုလျှင် အတွေးအခေါ်များ၊ အမူအကျင့်များလည်း ပြောင်းလဲသွားနိုင်သည်မှာ မလွဲမသွေပင်ဖြစ်သည်။ ကျနော်တို့သည် တစုံတယောက်၏ တစုံတရာသော အတွေ့အကြုံ၊အဖြစ်အပျက်ကို ကိုယ်တိုင်မကြုံဘူး၊ မခံစားခဲ့ရဘူးသော် အလွယ်တကူ အံ့အားသင့်တတ်ကြသည်။ အလွယ်တကူ ပြက်ရယ်ပြုတတ်ကြသည်။ အလွယ်တကူ ဝေဖန်အပြစ်တင်တတ်ကြပေသည်။ ထိုသူ၏ အဖြစ်အပျက်အား နားလည်ခံစားပေးဖို့ ဝန်လေးတတ်ကြသည်။ ဖေးမကူညီဖို့ ငြင်းဆန်တတ်ကြပေသည်။

ငယ်စဉ်ကတည်းက စွဲဝင်ကပ်ငြိခဲ့သော အတွေးအခေါ်များ၊ အမူအကျင့်များသည် အသက်ကြီးလာ၍ ဆင်ခြင်တုံတရားရှိလာသောအခါ၌ပင် ရုတ်တရက် ပြုပြင်ပြောင်းလဲယူဖို့ ခဲယဉ်းတတ်ပေသည်။ ဆောင့်ကြောင့်ထိုင်ရသော ကြွေခွက်အိမ်သာများတွင် တသက်လုံး အသားကျလာခဲ့သူအဖို့ ဘိုထိုင်အိမ်သာနှင့် ရုတ်တရက် အထာမကျသကဲ့သို့ပင်တည်း။

သို့သော်…. အတွေးအခေါ် အမူအကျင့်များသည် ကျနော်တို့၏ နေ့စဉ် ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုများ၊ ပြုလုပ်ချက်များ၊ စွမ်းဆောင်ချက်များအပေါ်တွင် တိုက်ရိုက်အကျိုးသက်ရောက်လျက်ရှိသည်။ တနည်းပြောရလျှင် ကျနော်တို့၏ ဘဝကို အချိန်နှင့်အမျှ ထုဆစ်လျက်ရှိသည်။ ထိုမျှမက ကျနော်တို့နှင့် ထိစပ်နေသူများ၊ ဆွေမျိုးမိတ်ဆွေများနှင့် လူ့အသိုင်းအဝိုင်းတခုလုံးကို ထုဆစ်ပုံသွင်းလျက်ရှိပေသည်။

ပထမတော့ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုက မိမိ၏ ဘဝနှင့်အတွေးအမြင်အပေါ် တစုံတရာသော အတိုင်းအတာတခုအထိ သက်ရောက်သည်။ နောက်တော့ မိမိ၏ အတွေးအမြင်နှင့်အပြုအမူက ပတ်ဝန်းကျင်အပေါ် အတိုင်းအတာတခုအထိ တုန့်ပြန် သက်ရောက်လေတော့သည်။

ကျနော်တို့သည် ဘာမှ မလုပ်ဘဲ ထိုင်နေသည် ဆိုဦးတော့။ ထိုသို့ ဘာမှ မလုပ်ဘဲ ထိုင်နေမှုသည် ပတ်ဝန်းကျင်အပေါ်တွင် အကျိုးသက်ရောက်မှု (ကောင်းကျိုးဖြစ်စေ၊ ဆိုးကျိုးဖြစ်စေ) တစုံတရာ ဖြစ်နေစေသေးသည်။ တစုံတရာကို ပြုမူလုပ်ဆောင်ခဲ့လျှင်ကား ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုသည် ပိုမိုထင်ရှားလာလေသည်။

လူ့လောကထဲ၌ နေထိုင်ကြသော ကျနော်တို့သည် မိမိတို့၏ ပြုမူဆောင်ရွက်ချက်များကို ပရမ်းပတာ အကျိုးသက်ရောက်မှုဖြစ်စေရန် မလိုလားကြ။ ပုံမှန်စိတ်ရှိသူ လူတို့သည် မိမိ၏ ပြုမူဆောင်ရွက်ချက်ကြောင့် မိမိကိုယ်တိုင်အပေါ်တွင် ကောင်းကျိုးသက်ရောက်ခြင်းကိုသာ လိုလားကြသည်။ မိမိအပေါ်တွင် ကောင်းကျိုးသက်ရောက်သော်လည်း မိမိနှင့်ဘဝတူလူသားအချင်းချင်းပေါ်တွင် ဆိုးကျိုးသက်ရောက်စေပြန်ပါက ထိုလုပ်ရပ်သည် ကောင်းသည်ဟု မဆိုသာ။ တရားမျှတသည်ဟုလည်း မပြောနိုင်။

ထို့ကြောင့် ပုံမှန်စိတ်ရှိယုံမက သူတပါးအပေါ်တွင် ကိုယ်ချင်းစာစိတ်ရှိသူတို့နှင့် အရှည်သဖြင့် တွေးတောတတ်သူတို့သည် လူသားတဦးတယောက်အပေါ်၊ ပတ်ဝန်းကျင်အပေါ်၊ လူ့အဖွဲ့အစည်းအပေါ်တွင် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်မည့် အပြုအမူမျိုး၊ လုပ်ဆောင်မှုမျိုးကို ရှောင်ရှားရန်လည်း သတိမူလာတတ်ကြသည်။

ပတ်ဝန်းကျင်သည် လူသားတယောက်အပေါ် တစုံတရာသောအတိုင်းအတာအထိ လွှမ်းမိုးနိုင်သည်ဆိုလျှင် မိမိကောင်းကျိုးကို လိုလားသူတို့သည် ကောင်းမွန်သော ပတ်ဝန်းကျင်ကိုသာ တောင့်တအပ်ပေသည်။ တဖန် ကောင်းမွန်သောပတ်ဝန်းကျင်ဖြစ်ပေါ်လာရေးအတွက် မိမိကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ရန်လည်း တာဝန်ရှိလာသည်။ ထိုသို့တာဝန်ရှိသည့်အတိုင်း မှန်မှန်ကန်ကန် ပြုမူဆောင်ရွက်နိုင်ရန် မှန်ကန်သော အတွေးအခေါ်လည်း လိုအပ်လာသည်။

အတွေးကြောင်လျှင် အလုပ်ကြောင်သည်။ အတွေးမှားလျှင် အလုပ်မှားသည်။ အတွေးမှန်မှ အလုပ်မှန်သည်။

အရွယ်ရောက်သူ လူသားတိုင်းအဖို့ ရင့်ကျက်လာသော အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် မိမိ၏ အတွေးအမြင်တို့သည် မိမိကောင်းကျိုး ဆောင်မဆောင်ကိုလည်းကောင်း၊ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုး ဆောင်မဆောင်ကိုသော်လည်းကောင်း အစဉ်သဖြင့် သုံးသပ်မိရန် လိုသည်ဟု ထင်မြင်ယူဆမိပါတော့သည်။
Read more

“သိက္ခာရှိခြင်း၊ မရှိခြင်း”

"Means and ends are convertible terms." (M.K.Gandhi)
However noble the goal may be, it is justified only when attained by noble means.
S. Arya (15-11-09)

အပေါ်က စာသားတွေကတော့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများရဲ့ နှစ်ပတ်လည် ဆရာကန်တော့ပွဲအတွက် ဦးအာရ်ယား လို့ အမည်ရတဲ့ ဆရာကြီးတယောက်က အမှတ်တရ ရေးသားပေးတဲ့ သြဝါဒ စကားပါ။ သူ့သြဝါဒကို မြန်မာလို ဘာသာပြန်ရမယ်ဆိုရင်….

“ ပန်းတိုင်က မည်မျှပင် မွန်မြတ်သည်ဖြစ်စေ မွန်မြတ်သောနည်းလမ်းဖြင့် ရယူနိုင်မှသာ မှန်ကန်မျှတသည်ဟု (တရားသဖြင့် ရယူသည်ဟု) ဆိုနိုင်ပေသည်”

လို့ အဓိပ္ပါယ်ရပါတယ်။

အဲဒီ သြဝါဒကို ဖတ်ရတော့ ကျနော်အင်မတန် နှစ်သက်မိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ ဒီအတွေးအခေါ် အယူအဆကို ကျနော့်အနေနဲ့ တောက်လျှောက် နှစ်သက်လက်ခံခဲ့ပါတယ်။ ဒါကြောင့်လည်း အရင်လထဲက “ညောင်သီးကိုသာ စားရပါလိမ့်” ဆိုတဲ့ ပို့စ်တခုမှာတောင် ဒီအယူအဆကို ထည့်သွင်းရေးသားဖြစ်ခဲ့ပါသေးတယ်။

တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ အခုတလော ထွက်ပေါ်လာတဲ့ သတင်းတွေထဲက သတင်းတခုဟာ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာလဲဆိုတော့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ခွင့်ပေးတာကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ ငြင်းပယ်ရခြင်းအကြောင်းရင်းကတော့ စီအီးစီတဖွဲ့လုံးနဲ့ တွေ့ခွင့်ပြုတဲ့ အထဲမှာ အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးတင်ဦးကို စစ်အစိုးရက ချန်လှပ်ထားခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဝင်းတင်နဲ့ ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးဝင်းတင်က အကျယ်တဝင့် ထောက်ခံပြောကြားသွားပါတယ်။ ကျနော့်အနေနဲ့လည်း ဦးဝင်းတင်နဲ့ ထပ်တူထပ်မျှ သဘောရပါတယ်။ ဦးဝင်းတင်ရဲ့ စကားအချို့ကို ဒီမှာ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

“ကျနော့်သဘော ပြောရရင် ကျနော်က ဒေါ်စုနဲ့ မတွေ့တာလည်း နှစ်ပေါင်း ၂၀ ကျော်ပြီ။ ကျနော် အကြာဆုံးပေါ့ဗျာ၊ မတွေ့တဲ့လူထဲမှာ။ ဦးတင်ဦးနဲ့လည်း နှစ်ပေါင်း ၂၀ ကျော်ပြီ၊ မတွေ့ရဘူး။ အဲတော့ ဒီပုဂ္ဂိုလ် ၂ ယောက်နဲ့ ကျနော် မတွေ့လိုက်ရတဲ့ အတွက်တော့ ကျနော့်အဖို့ကတော့ အများကြီးကို စိတ်မကောင်းဖြစ်စရာ ကိစ္စပဲ။ သို့သော် ဒေါ်စုလုပ်တာ Morally မှန်တယ်ဗျ၊ ဒီလိုလုပ်ရမယ်။

“ဆိုပါတော့ဗျာ၊ NLD မှာ ကျနော်နဲ့ ဦးခင်မောင်ဆွေဆိုရင် စစ်အစိုးရက တရားဝင် CEC မဟုတ်ဘူးဆိုပြီး အမြဲတမ်း ပယ်ပယ်ချတယ်။ ဂမ်ဘာရီနဲ့ခေါ်တယ်၊ ကျနော်တို့ မပါဘူး။ မစ္စတာဘန်ကီမွန်းနဲ့ တွေ့တယ်၊ ကျနော်တို့ မပါဘူး။ ဂျင်မ်ဝက်ဘ်နဲ့ တွေ့တယ်၊ ကျနော်တို့ မပါဘူး။ ကျနော်တို့ စစ်အစိုးရလုပ်တိုင်း ခံခဲ့ရတာတွေ အများကြီးရှိတယ်။ နေရာတိုင်းမှာ ကျနော်က ငုံ့မခံနိုင်ဘူး။ သည်းညည်းခံတာက တမျိုးဗျာ၊ ငုံ့မခံနိုင်ဘူး။ ဒေါ်စုလုပ်တာ ကျနော် ထောက်ခံတယ်။ ဒါ နည်းကိုယူရမယ့်ကိစ္စ ဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။”

ဒီနေရာမှာ အကျိုးရလဒ်ပဓာနဝါဒီတွေကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပေးသလောက်အခွင့်အရေးနဲ့ ကျေနပ်သင့်တယ်လို့ ပြောကြမှာပါဘဲ။ အလုပ်ဖြစ်ဖို့က ပဓာနလို့လည်း ယူဆကောင်း ယူဆကြလိမ့်မယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့ဟာ နည်းလမ်းမကျဘူးလို့ သူတို့ ယူဆတဲ့ ကိစ္စတရပ်မှာ ဘယ်လောက်အခွင့်အရေးပေးပေး အူယားဖားယား ပြေးယူမှာ မဟုတ်ဘူးဆိုတာကို သတိထားစေလိုပါတယ်။ သူတို့ဟာ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လေ့မရှိဘဲ အစဉ်သဖြင့် နည်းလမ်းတကျသာ ပြုမူဆောင်ရွက်တာကို တွေ့ရပါတယ်။

အဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းမှာ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နှစ်ယောက်ကို အင်မတန် သဘောကျပါတယ်။ သံမဏိစည်းကမ်းပိုင်ရှင်တွေပဲ။ “ရဟန်းမစားရသော ဆွမ်းတနပ်” ဇာတ်ကားထဲက မိမိအသက်နဲ့လဲပြီး ဝိနည်းကို စောင့်ထိန်းတဲ့ ရဟန်းလိုပါပဲ။ (ဒီအကြောင်းကိုလည်း ရှေ့မှာ ပို့စ်တခု ရေးခဲ့ဖူးပါတယ်။)

အနှစ်ချုပ်ရရင် လောကကြီးမှာ ကြီးကျယ်မွန်မြတ်တဲ့သူတွေဟာ သူတို့ရဲ့ သံမဏိစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်လေ့မရှိကြဘူး။ မွန်မြတ်တဲ့အရာကို ရယူတဲ့နေရာမှာ မှန်ကန်တဲ့၊ မွန်မြတ်တဲ့ တရားသဖြင့် နည်းလမ်းတွေကိုသာ ကျင့်သုံးကြတယ်။ ဒီလို ကောင်းမွန်မှန်ကန်တဲ့ အကျင့်ကို ရွေးချယ်ကျင့်သုံးတဲ့ လူတွေကို အစွန်းရောက်တယ်လို့ ပြောလို့မရပါဘူး။ သူတို့ဟာ အလယ်အလတ်လမ်းစဉ်ကို အမှန်တကယ် ကျင့်သုံးနေသူတွေသာ ဖြစ်တယ်။

တကယ်တော့ ဒီအလေ့အထ(ကျင့်စဉ်)နဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓကလည်း ဟောခဲ့ပြီးသားပါ။ သစ္စာလေးပါးမှာ နောက်ဆုံးတရားဖြစ်တဲ့ မဂ္ဂသစ္စာဟာ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်လို့လည်း ဆိုပါတယ်။ ဒီကျင့်စဉ်မှာ ပါဝင်တဲ့ မွန်မြတ်တဲ့ လမ်းရှစ်သွယ် (Noble eightfold path)ကတော့…. (ကိုးကားချက်။)

(၁) သမ္မာဒိဋ္ဌိ - ကောင်းစွာသိမြင်ခြင်း (right view)
(၂) သမ္မာသင်္ကပ္ပ - ကောင်းစွာ ကြံစည်ခြင်း (Right thought)
(၃) သမ္မာဝါစာ- ကောင်းစွာ ပြောဆိုခြင်း (Right speech)
(၄)သမ္မာကမ္မန္တ- ကောင်းစွာ ပြုမူနေထိုင်ခြင်း (Right action)
(၅)သမ္မာအာဇီဝ- ကောင်းစွာ အသက်မွေးခြင်း (Right livelihood)
(၆) သမ္မာဝါယာမ- ကောင်းစွာ အားထုတ်ခြင်း (Right effort)
(၇)သမ္မာသတိ - ကောင်းစွာ ဆင်ခြင်အောက်မေ့ခြင်း (Right mindfulness)
(၈)သမ္မာသမာဓိ - ကောင်းစွာ တည်ကြည်ခြင်း (Right concentration) တို့ ဖြစ်ပါတယ်။

အဲဒီ မဂ္ဂင်ရှစ်ပါးကိုမှ အစုသုံးစု ထပ်ခွဲလို့ ရပါသေးသတဲ့။ ပညာ၊ သိက္ခာ နဲ့ သမာဓိဆိုတဲ့ အစု သုံးစုဖြစ်ပါသတဲ့။ ပညာအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်းနဲ့ ကောင်းစွာ ကြံစည်ခြင်းတို့ ဖြစ်ကြပါတယ်။ ဒုတိယ အစုဖြစ်တဲ့ သိက္ခာအစုမှာတော့ ကောင်းစွာပြောဆိုခြင်း၊ ကောင်းစွာပြုမူနေထိုင်ခြင်း၊ ကောင်းစွာအသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ်သုံးမျိုး ပါဝင်ကြသတဲ့။ နောက်ဆုံး သမာဓိအစုမှာတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာဆင်ခြင်အောက်မေ့ခြင်းနဲ့ ကောင်းစွာ တည်ကြည်ခြင်းဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးဖြစ်ပါတယ်။

ဒီနေရာမှာ ဆက်စပ်စဉ်းစားရင် လောကီကိစ္စတော်တော်များများမှာ လူတွေဟာ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာကို အတော်အတန် ခွဲခြားသိကြပါတယ်။ ဒါပေမယ့် အမှန်ကိုသိတာက တခြား။ လက်တွေ့ကျင့်ကြံတာက တခြားပါ။ ဒါကြောင့်လည်း “မရှိတာထက် မသိတာခက်၊ မသိတာထက် မလုပ်တာခက်” လို့ ယောမင်းကြီးဦးဖိုးလှိုင်က ပြောခဲ့တာပါ။

သိက္ခာအစုမှာပါတဲ့ ကျင့်စဉ်တွေဖြစ်တဲ့ ကောင်းစွာပြောဆိုခြင်း၊ ကေင်းစွာပြုမူနေထိုင်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ အကျင့်တွေကို တသွေမသိမ်း လက်တွေ့ကျင့်သုံးကြသူတွေဟာ သိက္ခာကြီးမားတဲ့ လူတွေ ဖြစ်လာတတ်ကြပါတယ်။

ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးမှာ အင်မတန် သိက္ခာကြီးမားသူတွေ ဖြစ်ကြတယ်ဆိုတာ အားလုံးအသိပါ။ ကမ္ဘာတလွှားက လေးစားကြရသူတွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ကောင်းမွန်တဲ့ အမှုတွေကို သိမြင်ရုံမက အဲဒီအတိုင်းလည်း တသွေမတိမ်း ပြုမူပြောဆို နေထိုင်သူတွေ ဖြစ်ကြလို့ပါ။ ဒီနေရာမှာ အမှန်ကို သိပေမယ့် အလုပ်ဖြစ်ဖို့အတွက် စည်းမျဉ်းစည်းကမ်း(principles)တွေနဲ့ အလဲအလှယ် (trade off) လုပ်လိုက်မယ်ဆိုတဲ့ ရလဒ်ပဓာနဝါဒီတွေနဲ့ သိက္ခာကြီးမားသူတွေအကြား ခြားနားပုံကို သတိပြုသင့်ပါတယ်။

မဂ္ဂင်ရှစ်ပါးကျင့်စဉ်ကို ဗုဒ္ဓက အလယ်အလတ်ကျင့်စဉ်ရယ်လို့ ညွှန်ပြခဲ့ပါသေးတယ်။ ဒါကြောင့်မို့ ဒီလမ်းစဉ်အတိုင်း ကျင့်သုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းတင်တို့ဟာ အစွန်းရောက်သူတွေ မဟုတ်ကြပါဘူး။ အလယ်အလတ် လမ်းစဉ်ကို အမှန်တကယ် ကျင့်သုံးနေကြသူတွေသာ ဖြစ်ကြပါတယ်။

ဒါဆိုရင် ဘယ်သူတွေက အစွန်းရောက်သူတွေလဲ။

နအဖ စစ်အစိုးရကတော့ မဂ္ဂင်ရှစ်ပါးရဲ့ ဆန့်ကျင်ဖက်မှန်သမျှကို လုပ်ဆောင်နေသူတွေဆိုတော့ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းတင်တို့ရဲ့ ဟိုးတခြားတဖက် မှာရှိပါတယ်။ ဒါကတော့ အများသိကြပြီး အချက်ပါ။ ရှင်းရှင်းလင်းလင်းကြီးလည်း မြင်သာပါတယ်။ အထူးပြောဖို့မလိုပါဘူး။

ပြောဖို့လိုတာက လက်တွေ့ကျတဲ့ (အလုပ်ဖြစ်မယ့်) လမ်းစဉ်ကိုလိုက်တယ်ပြောပြီး မိမိရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခွင့်အရေးနဲ့ လဲလှယ်ချင်သူတွေ အကြောင်းကိုပါ။ ထိုသူများအဖို့ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်တို့လောက်လည်း အစွန်းမရောက်ဘူး၊ နအဖလောက်လည်း တဖက်စွန်းမရောက်ဘူး။ ဒါကြောင့် သူတို့သာလျှင် အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးသူတွေ၊ သဘောထားပျော့ပြောင်းသူတွေ၊ လက်တွေ့ကျသူတွေ ဖြစ်တယ်လို့ ယူဆ ပြောဆိုတတ်ကြတယ်။

တကယ်တော့ အမှားနဲ့ အမှန်ကြားမှာ ဝင်ရပ်လိုက်ရုံနဲ့ “အလယ်အလတ်လမ်းစဉ်ကျင့်သုံးသူ” အဖြစ်ကို အလိုအလျောက် ရောက်သွားတာမျိုး မဟုတ်ပါဘူး။ အမှန်တရားက ဒီဖက်အစွန်းတခုမှာရှိတယ်၊ အမှားက အခြားတဖက်စွန်းမှာ ရှိတယ် ဆိုပါစို့။ အဲဒီကြားမှာ ဝင်ရပ်တဲ့သူဟာ သိပ်မမှန်တဲ့လူပဲ ဖြစ်လာစရာအကြောင်းရှိပါတယ်။ အမှန်တရားကို လက်ကိုင်ထားသူ ဖြစ်မလာနိုင်ပါဘူး။ အလားတူပဲ ကောင်းတဲ့အစွန်းနဲ့ မကောင်းတဲ့အစွန်း၊ တရားမျှတမှုနဲ့ မတရားမှု၊ ဓမ္မနဲ့ အဓမ္မ….. ဒီကိစ္စအားလုံးမှာ ကြားထဲက ဟိုမရောက်ဒီမရောက် နေပြရုံနဲ့ ကောင်းတဲ့လူ၊ တရားမျှတသူ၊ ဓမ္မကို လက်ကိုင်ထားသူ ဖြစ်မလာနိုင်ပါဘူး။ ဟိုမရောက် ဒီမရောက်တွေပဲ ဖြစ်လာနိုင်ပါတယ်။ နောက်တခုက လက်တွေ့ကျကျလုပ်ဖို့လိုတယ်လို့ ကြွေးကြော်ပြီး အမှန်ကို သိပါလျက်နဲ့ အမှန်အတိုင်းလုပ်ဖို့ ဝန်လေးသူတွေဟာ သိက္ခာအစုမှာ ပါဝင်တဲ့ ကျင့်စဉ်တွေကို လက်တွေ့မကျင့်သုံးတဲ့အတွက် သိက္ခာမရှိသူတွေ ဖြစ်လာနိုင်ပါသေးတယ်။

ဒါကြောင့် ဘယ်အရာကို လုပ်လုပ် မှန်ကန်တဲ့၊ တရားမျှတတဲ့၊ ကောင်းသောစိတ်နဲ့ယှဉ်တဲ့ အမှုမျိုးကိုသာ ပြုသင့်ပါတယ်။ ကောင်းတာဖြစ်ဖို့ ဘာလုပ်လုပ်တရားတယ်ဆိုတဲ့ စကားဟာ မှားယွင်းပါတယ်။ တရားတာကို လုပ်မှ တရားသဖြင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့်မို့ ဆရာကြီး ဦး Arya ရဲ့ စကားနဲ့ပဲ ဒီပို့စ်ကို နိဂုံးချုပ်လိုက်ပါတယ်။

“However noble the goal may be, it is justified only when attained by noble means. ”
Read more

“အဲသည်ခေတ်ကို မလွမ်းချင်တော့ဘူး”

အဆိုတော် မအေးမိရဲ့ သီချင်းတပုဒ်ကို ရှေးဦးစွာ ဖော်ပြလိုပါတယ်။ ကျနော်နားထောင်ဖူးတာကတော့ ဒေါ်မာမာအေး ပြန်လည်သီဆိုထားတာကိုပါ။ ဒေါ်မာမာအေးရဲ့ အသံသာမှု၊ အဆိုကျွမ်းကျင်မှုတို့ကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် လောက်က ခဏတဖြုတ် နားထောင်ခဲ့ရပေမယ့် အခုထိ နားထဲမှာ ကြားယောင်နေဆဲပါ။ တေးသွားအနေနဲ့ အင်မတန် နှစ်သက်ဖွယ်ကောင်းလှပါတယ်။ ကျနော့်မှာ သီချင်းမရှိတဲ့အတွက် စာသားလေးတွေကိုပဲ မှတ်မိသလောက် ဖော်ပြလိုက်ရတာကို သည်းခံခွင့်လွှတ်ပါ။

“သီဟာပျော်…. ညီလာတော်…. ရံရွေတော်နဲ့…..
မှန်ရဝေနန်းတော်…… စံလေမြန်းသော်…..။
မြန်မာဘုရင် ရှိစဉ်တုန်းက….
ရွှေဘုန်းတေးသွားဖွဲ့လို့ ဖြေဖျော်…. ရွှေဘုန်းတေးသွား ဖွဲ့လို့ဖြေဖျော်…. သွင်းသော်
ရွာစားမြို့စား အပ်နှင်းသော်…. ဂုဏ်ထူးဝိသေသနဲ့….. တော်သုံးနန်းသုံးစာဆိုတော်….။
တွေးမိတိုင်း အလွမ်းပေါ်…. ရှေးခေတ်က စာဆိုတော်……
အေးမိလေးမှန်းမျှော်…. တမ်းတလို့ ရည်ရော်……”

မအေးမိက ဒီသီချင်းကို မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်မှာ ကျရောက်နေစဉ်ခေတ်က သီဆိုခဲ့ဟန်တူပါရဲ့။ အရင်က ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေလာခဲ့တဲ့ မြန်မာတွေ။ တိုင်းတပါးလက်အောက်ကို ရောက်နေရတဲ့အခါမှာ မပျော်ပိုက်တဲ့အတွက် အဆိုတော်တယောက်ဖြစ်တဲ့ မအေးမိအနေနဲ့ ရှေးခေတ်ဟောင်း နန်းတွင်းစာဆိုတော်ဘ၀ကို ပြန်လည်တမ်းတတဲ့သဘော သီဆိုထားပုံရပါတယ်။

“အမှုတော်ကျေလို့…. ဆုတော်ငွေတို့နဲ့….. မင်းမြတ်ကိုယ်တော် မြှောက်စားသော်…..
နန်းတွင်းသူလို့ကျော်….. နန်းတွင်းသူလို့ကျော်….. ရဝေရှင်ထွေးကဲ့သို့နော်….”


ရှင်ဘုရင်ခေတ်တုန်းက နန်းတွင်းစာဆိုအများဟာ ဘုရင်ရဲ့ ဘုန်းတော်ဘွဲ့ကိုပဲ အမျိုးမျိုး သီဆိုဆက်သွင်းကြရတာကလား။ ဘုရင်ကို မြှောက်ပင့်ရတဲ့ အလုပ်မျိုးပေါ့။ ဘုန်းတော်ဘွဲ့၊ ပန်းဘွဲ့၊ ရာသီဖွဲ့၊ တောဘွဲ့၊ တောင်ဘွဲ့တွေပဲ အရေးများကြတယ်။ ဒါပေမယ့် ၀န်ကြီးပဒေသရာဇာရဲ့ တျာချင်းတွေ၊ ရှင်ငြိမ်းမယ်တို့၊ မယ်ခွေတို့ရဲ့ ကဗျာတွေမှာတော့ ပြည်သူလူထုရဲ့ ဘ၀ကို ထင်ဟပ်ပေါ်လွင်တာတွေကို တွေ့ရတယ်။

“ငိုချင်တယ်မောင်ရေ….. နိုင်ငံနဲ့မြို့တော်….. သုဉ်းသုည ကြုံလာပြန်သော်”

“ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝနှင့်၊ သုဉ်းရပြန်လှစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့်၊ သြော်ကောင်း၏” ဆိုတဲ့ ဆီးဘန်နီဆရာတော်ရဲ့ ကဗျာလို သူ့ကျွန်ဘ၀ရောက်နေလို့ ရှေးခေတ်ဟောင်းကို တမ်းတရှာတာလို့ နားလည်ပေးလို့ ရပါတယ်။

အဲဒီခေတ်က ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ဆိုတာ မြန်မာ့နိုင်ငံရေးလောကမှာ၊ မြန်မာ့လူမှုနယ်ပယ်မှာ အခုခေတ်လောက် နားရည်မ၀သေးဘူးကိုး။ တိုင်းတပါးလက်အောက်က လွတ်မြောက်ချင်စိတ်တော့ ပြင်းပျနေခဲ့ကြတယ်။

ဒါပေမယ့် အခုခေတ်အမြင်နဲ့ ပြန်ကြည့်ရင်တော့ ရှင်ဘုရင်ကိုချည်း တချိန်လုံး ဘုန်းတော်ဘွဲ့တွေနဲ့ ချီးမြှောက်နေရ၊ ရှင်ဘုရင်ရဲ့ ဗောင်းတော်ညိတ် စိတ်တော်သိရတဲ့ ခေတ်အခါကြီးကို ပြန်လည် မတမ်းတချင်တော့ဘူး။

ရှင်ဘုရင်လည်း လူပဲ။ သာမန်လူလည်း လူပဲ။ လူလူချင်း အောက်မကျို့နိုင်ဘူး။ ကိုယ်ကြည်ညိုလေးစားသူတဦးဆိုရင် ထိုက်တန်သလောက် အရိုအသေ ပေးရုံလောက်ပဲ လုပ်ချင်တယ်။ ပြားပြားဝပ်ဆိုတာမျိုးအထိတော့ စိတ်မပါဘူး။ ကျနော်လို လူမျိုး ဘုရင်ခေတ်မှာ လူမဖြစ်ခဲ့ရတာ အများကြီး ကံကောင်းတယ်လို့ ကိုယ့်ဘာသာကိုယ် ဖြေတွေး တွေးရတယ်။

ဟုတ်တယ်လေ။ ရှင်ဘုရင်တွေ သူတို့ကိုယ်သူတို့ နေမျိုးနွယ်လို့ ထင်မှတ်နေတာ၊ ဘုန်းသမ္ဘာရှင်လို့ ထင်မှတ်နေတာ၊ မိုးကျရွှေကိုယ်လို့ အခြောက်တိုက်ထင်မှတ်နေတာကို ကိုယ်က အလကားနေရင်း ဘုန်းတော်ဘွဲ့ သွားစပ်မပေးနိုင်ပေါင်။ သူ့အလိုနဲ့ ဆန့်ကျင်ပြီး ဘုဂလန့် နေပြန်ရင်လည်း သူ့မှာ သက်ဦးဆံပိုင် အာဏာရှိနေလေတော့ ရွှေစိတ်တော်ငြိုငြင်ပြီး ကိုယ့်မှာ အသက်နဲ့ကိုယ် အိုးစားကွဲရဦးမယ်။ မလွယ်ဘူး… မလွယ်ဘူး…. သက်ဦးဆံပိုင်ဘုရင်ခေတ်များတော့ ကန်တော့ဆွမ်းပါ။

ကြည့်ပါဦး။ အဲသည်ခေတ်က ဘုရင်တွေရဲ့ သြဇာကြီးပုံကို ရည်ညွှန်းပုံများ…. ရေ၊ မြေ၊ လေ သနင်းကို အစိုးရတော်မူသော နေလို လလို ဘုန်းသမ္ဘာတောက်ဖြာသည့်မင်းတဲ့။ သူမမွေးခင်ကတည်းက ရှိနေတဲ့ ရေ၊ မြေ၊ လေ ကိုတောင် အစိုးရချင်သေးတယ်။

ထားချေတော့။ ရှိစေတော့။ ဟိုးခေတ်က အမြင်အယူအဆကိုး။

ဒါပေမယ့် ခက်တာက ဒီဖက် ခေတ်ကြီးထဲရောက်တဲ့အထိ ထူးထူးခြားခြား ဘုရင်ရူး ရူးနေသူတွေက ရှိသေးတယ်။ ရေ၊ မြေ၊ လေ သနင်းကို အတင်းအဓမ္မ ချုပ်ကိုင်ပြီး မြေပေါ်မြေအောက် သယံဇာတမှန်သမျှကိုလည်း ရောင်းစားလို့ ကုန်ပြီ။ အဲဒီ ဘုရင်ရူးအတွက် ဘုန်းတော်ဘွဲ့ စပ်ရရင်လည်း “မှန်ပါ။ ဘုန်းတော်ကြောင့် အကုန်လုံး ပြောင်ပြီ ဖုယာ့” လို့ ရေးစပ်ရကိန်းရှိတယ်။

ဘုရင်ရူးသူက သူစားရလို့၊ သူမိသားစု တဘ၀စာ ကောင်းစားလို့ ရူးတယ်ပဲ ထားဦး။ အဲဒီ ဘုရင်ရူးတွေရဲ့ နောက်မှာ အရိုးအရင်းလောက်ကို ကိုက်ပြီး ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရားလုပ်နေတဲ့ သခင်အားရ ကျွန်ပါးဝတွေလည်း ရှိတတ်သေးတယ်။ အဲဒီလူတွေရဲ့ ဘ၀ကတော့ သနားဖို့ကောင်းပါတယ်။

လူတွေမှာ တိရိစ္ဆာန်ထက် သာလွန်တဲ့အချက်တွေရှိတယ်။ အဲဒီထဲမှာ အသိဉာဏ်ပညာကြီးခြင်းနဲ့ ကိုယ့်ကျင့်စာရိတ္တရှိခြင်းတို့လည်း ရှေ့ဆုံးက ပါတယ်။ ကိုယ်ကျင့်စာရိတ္တစံနှုန်းတွေထဲမှာမှ သူတပါးအပေါ်မှာ မတော်မတရား မလုပ်လိုခြင်း၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စိတ်ဓါတ်မျိုး မမွေးမြူတတ်ကြခြင်း၊ မကောင်းမှုကို လုပ်ရမှာ ရှက်ကြောက်တတ်ခြင်း (ဟိရိသြတ္တပ) စတဲ့ အချက်တွေပါဝင်ပါတယ်။

စောစောက ပြောခဲ့တဲ့ ဘုရင်ရူးများနဲ့ နောက်လိုက်နောက်ပါ ခြွေရံသင်းပင်းများမှာတော့ အဲဒီ ကိုယ်ကျင့်တရားစံနှုန်းတွေ ပျောက်ဆုံးနေတာကို သတိပြုမိတယ်။

ရခဲလှတဲ့ လူ့ဘ၀ကို လက်ဝယ်ပိုင်ပိုင် ရလာပေမယ့် စဉ်းစားဆင်ခြင်ဉာဏ်ပျောက်ဆုံးပြီး၊ ကိုယ့်ကျင့်စာရိတ္တစံချိန် ကျဆုံးနေတယ်ဆိုရင်ဖြင့် နောင်ဘ၀ရဲ့ လားရာကို အသာထားလို့ ယခုမျက်မှောက်ဘ၀မှာပင်လျှင် တိရိစ္ဆာန်နဲ့ မခြားနားလှပါကလားလို့ တွေးတောမိပါတယ်။

ဘလော့ဂ်ဖတ်လာ မိတ်သဟာ… ချမ်းသာကိုယ်စိတ် မြဲပါစေ။
လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။

မှတ်ချက်။...........။ ဒေါ်မာမာအေး ပြန်လည်သီဆိုထားတဲ့ မအေးမိရဲ့ သီချင်းကို လက်ဝယ်ရှိသူများ ကျနော်အား ကျေးဇူးပြု၍ မျှဝေပေးစေလိုပါသည်။
Read more

“မေ့ထားတတ်တဲ့ အရာများ”

မြန်မာဆိုရိုးက “မသာတခေါက် ကျောင်းဆယ်ခေါက်” တဲ့။

အဲဒီဆိုရိုးကို ကျနော်နားလည်မိပုံကတော့ ဘုန်းကြီးကျောင်းကို အကြိမ်ကြိမ်ရောက်နေပေမယ့် မသာတခေါက်လိုက်ပို့တာနဲ့ သံဝေဂ ရပုံချင်း မတူနိုင်ဘူး။ အသုဘ လိုက်ပို့တဲ့အခါ လူတွေ နေ့စဉ်နဲ့အမျှ မေ့ပျောက်ဖို့ ကြိုးစားနေကြတဲ့ သေခြင်းတရား၊ မမြဲသောတရားတွေကို ရုတ်တရက်သိမြင်သွားနိုင်ဖို့ အခြေအနေ ပိုပေးတယ်လို့ ဆိုလိုချင်ဟန်တူရဲ့။

ဒါပေမယ့် များသောအားဖြင့်တော့ တရားရခဲကြပါတယ်။ ဒီလိုပဲ… သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေ ပူဆွေးသောကရောက်နေတာကို တခဏတာ ဝေမျှခံစားပြီး သေခြင်းတရားကို ကိုယ်နဲ့ မဆိုင်သလိုဘဲ နေတတ်ကြတာပါ။ ဟုတ်တယ်လေ။ ကိုယ်သေတာမှ မဟုတ်တာ…..။ သူများသေတာပဲ။ ငါ့အသက်လမ်းကြောင်းကြီးက အရှည်ကြီး၊ လက်ကောက်ဝတ်အထိရောက်တယ်… ဘာညာနဲ့…. ကိုယ့်ကိုယ်ကို ကြံဖန် ဖြေသိမ့်လိုက်ကြတာပါပဲ။

ကျနော်ကတော့ အဲဒီ မြန်မာဆိုရိုးကို နည်းနည်းလောက် ထပ်ဖြည့်စွက်ချင်ပါတယ်။
“မသာဆယ်ခေါက် ဆေးရုံတခေါက်လို့လေ”….။

ဟုတ်တယ်။ ဆေးရုံတက်ရတာ အသုဘ လိုက်ပို့ရတာထက် သံဝေဂ ပိုရစရာကောင်းတယ်။ ကွာခြားချက်တွေ ရှိနေတယ်။

ပထမဆုံးအချက်ကတော့ စောစောက ပြောခဲ့သလို အသုဘပို့တယ်ဆိုတာက သူများသေတာ၊ ကိုယ်သေတာမဟုတ်။ ဆေးရုံတက်တာကျတော့ ကိုယ်တိုင်လည်း နာမကျန်းလို့ တက်ရတဲ့ အနေအထားမို့လား။ အိုခြင်း၊နာခြင်း၊သေခြင်း ဆိုတဲ့အထဲက နာခြင်းတရားကို ကိုယ်တိုင်ကိုယ်ကျ သိသိသာသာကြီး ခံစားရပြီလေ။

ကျနော်ဆေးရုံတက်တော့ ပထမ သုံးရက် ရောဂါအမည်မဖော်နိုင်ခင်မှာ… ကာကွယ်တဲ့အနေနဲ့ ကျနော့်ကို Isolation room လို့ ခေါ်တဲ့ သီးသန့်ခန်းမှာ ထားပါတယ်။ အခန်းထဲမှာ ကိုယ်တယောက်တည်း။ ရေချိုးခန်း၊ အိမ်သာ တွဲလျက်။ ဟိုတယ်ခန်းလိုလို ဘာလိုလိုနဲ့။ အခန်းမှန် ပြူတင်းပေါက်က လှမ်းကြည့်လိုက်ရင် တောအုပ်စိမ်းစိမ်းကလေးတွေနဲ့ အဝေးမှာ အသစ်ဆောက်ပြီးကာစ Fusionopolis လို့ ခေါ်တဲ့ အဆောက်အဦးကြီးကို မြင်ရတယ်။ အခန်းထဲက တီဗီမှာ ဒစ္စကာဗာရီတို့၊ HBO တို့ရတယ်။ ပျင်းရင် တီဗီကြည့်ပေါ့။

အဲဒီလို တယောက်တည်းနေတုန်းမှာ ကိုယ့်ဝေဒနာကို သတိထားမိတယ်။ ယားရင် ယားတယ်မှတ်။ ကုတ်ရင် ကုတ်တယ်မှတ်။ ချမ်းရင် ချမ်းတယ်မှတ်။ တုန်ရင်တုန်တယ်မှတ်။ ဟဲ..ဟဲ… နောက်တာပါ။ ကိုယ့်ခန္ဓာကိုယ်ကြီးကို ကိုယ်အစိုးမရပုံကို သတိထားမိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆေးရုံမတက်ခင်ကလေးကမှ ဗုဒ္ဓကိုယ်တိုင် ဖြေကြားတော်မူသော မေးခွန်းများ ဆိုတဲ့ စာလေးကို အင်တာနက်ကနေ တပိုင်းတစ ဖတ်ဖြစ်ခဲ့တယ်။ အဲဒီထဲမှာ သစ္စက ပရဗိုဇ် နဲ့ အမေးအဖြေ လုပ်တဲ့နေရာမှာ ဗုဒ္ဓက “ သစ္စက… သင်သည်၊ သင့်ခန္ဓာကိုယ်ကို အစိုးရသည်ဆိုလျှင် မအိုအောင်၊ နုပျိုအောင် သင်တတ်နိုင်သလော၊ လုပ်၍ ရသလော”…. ဆိုတဲ့သဘောမျိုး ပြန်လှန်မေးခွန်း ထုတ်တာကို မှတ်မိနေတယ်။ အဲဒီမှာ ဟိုပုဂ္ဂိုလ်က သူမှားသွားပြီဆိုတာကို သိပေမယ့် ညစ်တွန်းတွန်းပြီး ပြန်မဖြေဘဲ မရိုးမသား ငြိမ်နေခဲ့တာလေ။

အဲဒါကို ပြန်သတိရတော့ ဟုတ်သားပဲ။ ဒီခန္ဓာကိုယ်ကြီးဟာ ငါမဟုတ်ပါလား။ ငါမပိုင်ပါလား။ သည်ခန္ဓာကိုယ်ကြီးကို ငါအစိုးမရပါလား ဆိုတာမျိုးလေး ဆင်ခြင်မိတယ်။

နောက် အဖျားနည်းနည်းသက်သာလာတော့ ကုတင် ရှစ်လုံးရှိတဲ့ စီကလပ်စ် ဝါ့ဒ်ထဲကို ပြောင်းရတယ်။ အဲဒီမှာ နှစ်ရက်လောက် နေလိုက်တော့မှ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်လိုပဲ ဝေဒနာခံစားနေရတဲ့ တခြားလူနာတွေကို အချိန်နဲ့ အမျှ မြင်ရတော့တာကလား။ ဒါတောင်မှ အဲဒီလူနာဆောင်က ဆေးရုံက ဆင်းရတော့မယ့် လူတွေကို ထားတာ။ ကျနော့် ကုတင်ဘေးက မလေးကောင်လေးဆိုရင် သူ့ပါးမှာ ဘာဖြစ်သလဲတော့မသိဘူး။ နာကျင်လွန်းလို့ အော်ငိုညည်းနေရတာကို မြင်ရတယ်။ သူ့ဝေဒနာခံစားရပုံကို ဘေးကနေ အတိုင်းသား မြင်နေရတာပေါ့။ အလားတူပဲ… တခြားလူနာအဖိုးကြီးတွေ တုန်ချိ…တုန်ချိနဲ့ လမ်းလျှောက်သွားတာတွေ၊ ဝေဒနာခံစားနေရတာတွေကို မြင်ရသေးတယ်။

တကြိမ်မှာတော့ အိမ်သာခန်းထဲက အမျိုးသမီးအော်သံ၊ ငိုသံတွေ ကြားရပြီး နာ့စ်တွေ ပြေးဝင်သွားကြတယ်။ နောက်မှသိရတာက အဲသည်အမျိုးသမီးက ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင် စိတ်ကျရောဂါရှိနေသူ။ ရေချိုးခန်းတံခါးကို အထဲက ဂျက်ထိုးထားပြီး အော်ငိုနေတာ။

ဒါတွေမြင်ရတော့ ကျနော်တို့ တချိန်လုံး မေ့နေတဲ့ အရာတွေကို သတိရလာတယ်။

ကျနော်တို့ မွေးကတည်းက အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားတွေဆိုတာ အတူတူ ပူးတွဲပါလာပြီးသား။ အိုခြင်းတရားကို အချိန်နဲ့အမျှ တွေ့ကြုံနေရမယ်။ နာခြင်းတရားကိုလည်း ဘယ်သူမဆို မလွဲမသွေ ခံစားရမယ်။ သေခြင်းတရားကိုလည်း လူတိုင်း မုချကြုံတွေ့ကြရမယ်။ ဒါပေမယ့် ကျန်းမာနုပျိုနေစဉ် အချိန်တုန်းဆိုရင်တော့ ဒီအကြောင်းတွေကို ကျနော်တို့ မေ့လျော့နေကြတာများတယ်။

ဒီကိုယ်မပိုင်တဲ့ ရုပ်ခန္ဓာကြီးကိုပဲ ငါလို့ ထင်ပြီး ကျနော်တို့မှာ ၀တ်ကြ၊ ဆင်ကြ၊ သကြ၊ ထုံကြ၊ မွှမ်းကြ။ လှပအောင်၊ နုပျိုအောင်၊ ကြည့်ကောင်းအောင် ကြိုးစားကြ။

တဖန် သေခြင်းတရားကို မေ့ပျောက်ပြီး ဘယ်တော့မှ မသေတော့မှာလိုဘဲ ရွှေငွေဥစ္စာပစ္စည်းနဲ့ ဂုဏ်ဒြပ်တွေနောက်ကို ဖတ်ဖတ်မောအောင် လိုက်ကြ။ ကိုယ်သေရင် ကိုယ့်နောက်ကို ပါမလာမယ့် အရာတွေအတွက် ကျနော်တို့ အချိန်တွေ အများကြီးပေးနေကြတာပါလား။

တကယ်တော့ ကံသာလျှင် မိမိဥစ္စာရှိ၏တဲ့။ ကံသာလျှင် အကြောင်းရှိ၏တဲ့။ ကံသာလျှင် အမိအဖ ဖြစ်၏တဲ့။ သေရင် မိမိနောက်ကို တကယ်ပါမှာက ကံ။ ကံကောင်းဖို့၊ ကုသိုလ်ကံဖြစ်ဖို့ရော တူမျှတဲ့ အချိန်ကို ကျနော်တို့တွေ ပေးခဲ့ကြပါသလား။

လူ့ဘ၀ဆိုတာ ရခဲလှတယ်တဲ့။ ရခဲလှတဲ့ လူ့ဘ၀ကလည်း တကယ်တော့ လူ့သမိုင်းနဲ့ နှိုင်းစာကြည့်ရင်တောင် တဒင်္ဂပါ။ လက်ဖျစ်တတွက်ကလေးပါ။ အဲဒီ တဒင်္ဂကို ထာဝရထင်ပြီး တချို့လည်း လောဘနောက်ကို ကောက်ကောက်ပါအောင်လိုက်ကြ။ တချို့လည်း မတရားသဖြင့် အသက်မွေးကြ။ လူလူချင်း နှိပ်စက်ကြ။ နည်းမျိုးစုံနဲ့ အကုသိုလ်ကံတွေကိုပဲ အစဉ်သဖြင့် စိုက်ပျိုးနေတတ်ကြတယ်။

တကယ်လို့သာ ကိုယ့်မှာ အိုခြင်းသဘောရှိတယ်၊ နာခြင်းသဘောရှိတယ်၊ သေခြင်းသဘောရှိတယ်၊ မိမိချစ်မြတ်နိုးအပ်သူတွေနဲ့ သေကွဲသော်လည်းကောင်း၊ ရှင်ကွဲသော်လည်းကောင်း တချိန်မဟုတ် တချိန်မှာ ကွဲရမယ်။ ကံသာလျှင် မိမိဥစ္စာရှိတယ်… ဆိုတဲ့ အချက်တွေကို နေ့နေ့ညည နှလုံးသွင်းနိုင်မယ်ဆိုရင် လူတွေဟာ အခုထက်လည်း စိတ်ဓါတ်ရေးရာအရ ပိုမိုကြံ့ခိုင်လာမယ်။ လောကကြီးလည်း အထိုက်အလောက် ပိုမို အေးချမ်းသာယာလာမယ်လို့ တွေးမိပါတယ်။
Read more

“လူပိမသေဘူးတဲ့လား”

“လူ့အောက်ကျို့လို့ လူပိမသေပါဘူး”….. တဲ့။

သည်စကားကို ကျနော်တို့ မြန်မာတွေ ကြားမှာ မကြာခဏ ကြားဖူးသည်။

နိဝါတောစ… မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာတပါးဟု သုံးဆယ့်ရှစ်ဖြာမင်္ဂလာတွင် မှတ်သားရဖူးသည်။ သို့သော် နှိမ့်ချခြင်း (Humility) နှင့် အောက်ကျို့ခြင်း (bowing down)တို့သည် မတူကွဲပြားသည်ဟု ထင်မြင်မိပါသည်။

နှိမ့်ချခြင်းသည် “မာန်မာန ထောင်လွှားခြင်း၊ ၀ံ့ကြွားခြင်း၊ ခက်ထန်ခြင်းနှင့် အနိုင်ယူလိုခြင်း” စည့် ဘဘောသဘာဝအားလုံးတို့မှ လုံးဝကင်းစင်သည့် အဓိပ္ပါယ်ဟု ယူဆပါသည်။ ပညာနှင့်ယှဉ်သော၊ မြင့်မြတ်သော သဘော၊ ရိုးသားသော သဘောတို့ကို ဆောင်ပါသည်။

အောက်ကျို့ခြင်းသည်ကား အကြောက်တရားလွှမ်းမိုး၍ဖြစ်စေ၊ တစုံတရာအကျိုးကို မျှော်ကိုး၍ဖြစ်စေ တောင်းပန်တိုးလျှိုးခြင်း၊ ခယခြင်း ဖြစ်သည်။ နိမ့်ကျသော သဘော၊ မရိုးသားသော သဘော၊ ပညာနှင့်မယှဉ်သော သဘောကို ဆောင်ပါသည်။

အောက်ကျို့လိုက်သည့်အတွက် လက်ငင်းအကျိုးအမြတ်တခုခုကို ခံစားလိုက်ရဖွယ်ရှိသော်လည်း ရေရှည်တွင် အောက်ကျို့ခြင်း၏ ဆိုးကျိုးကို ကျောကော့အောင် ခံစားရတတ်ပေသည်။ အောက်ကျို့သူများအဖို့ လူပိ၍မသေသော်လည်း လူဖိခံရတော့မည်မှာကား ဧကန်မုချပင် ဖြစ်တော့သည်။ အောက်ကျို့လိုက်သည့်အချိန်မှစ၍ သိက္ခာရှိသောလူတယောက်အဖြစ်သည် နိဂုံးချုပ်သွားခဲ့လေပြီ။

အောက်မကျို့သူများကို အလွယ်ဖိနှိပ်၍ မရပါ။ အောက်ကျို့သူများကိုသာ ဖိနှိပ်လိုသူများက အလွယ်တကူ စိတ်တိုင်းကျ ဖိနှိပ်၍ ရသည်။
အောက်ကျို့လိုသူများသော လူ့အဖွဲ့အစည်းတွင် ဖိနှိပ်လိုသော လူတန်းစားတရပ်သည်လည်း အလိုအလျောက် ပေါ်ထွန်းလာတတ်သည်။

မြန်မာပြည်ကိုလိုနီဘ၀တွင် ရောက်နေစဉ်က အမြော်အမြင်ရှိသော လူငယ်အချို့ဦးဆောင်ကာ မြန်မာတို့၏ စိတ်ဓါတ်ကို ပြန်လည်မြှင့်တင်ပေးရန် ဒို့ဗမာ အစည်းအရုံးကို ဖွဲ့စည်း၍ မြန်မာတို့၏ သဏ္ဍာန်တွင် သခင်စိတ် ပြန်လည် ၀င်ရောက်လာစေရန် လှုံ့ဆော်ပေးခဲ့ရသည်။ နယ်ချဲ့၏ ဖိနှိပ်မှုအောက်တွင် ဦးမကျိုးရန် စိတ်ဓါတ်ကို မြှင့်တင်ပေးခဲ့သည်။

ယနေ့ ကျွန်ုပ်တို့ တိုင်းပြည်သည် ဖိနှိပ်သော စစ်အာဏာရှင် အစိုးရတရပ်၏ လက်အောက်တွင် ကျရောက်နေသည်။ ဤအခြေအနေမှ ရုန်းထွက်လွတ်မြောက်နိုင်ရန် ကျွန်ုပ်တို့၏ နှလုံးအိမ်ဝယ် အမြစ်တွယ်နေသည့် အကြောက်တရားနှင့် ဦးကျိုးစိတ်ကို အရင်ဖယ်ထုတ်ကြမည်။ လွတ်လပ်သောစိတ်ကို မွေးမြူကြရမည်။ ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင် လက်ခံသုံးစွဲနေသော “လူ့အောက်ကျို့၍ လူပိမသေဘူး” တည်းဟူသော အယူအဆမှားကို အစွမ်းကုန် တိုက်ဖျက်သွားကြရပေမည်။

ပူးတွဲဖတ်ရှုရန်။..............။ ကျွန်စိတ်၊ ပညာရေး နှင့် လွတ်လပ်မှု
Read more

“သရုပ်ပျက်လို့ ပြောသင့်ရဲ့လား”

ငယ်စဉ်က မဂ္ဂဇင်းတစောင်ထဲမှာ ဖတ်ခဲ့ရတဲ့ ကာတွန်းတခုကို ပြက်ပြက်ထင်ထင် မှတ်မိနေသည်။ လေးကွက်ကာတွန်း။

ပထမတကွက်တွင် ဘောင်းဘီဖင်ကျပ် ၀တ်ဆင်ထားသူ ခေတ်ဆန်ဆန် ဆံရှည်လူငယ်တဦးကို တိုက်ပုံ၊ ပုဆိုး ၀တ်ဆင်ထားသူတဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

ဒုတိယအကွက်တွင် ထိုတိုက်ပုံဝတ်လူငယ်အား ခေါင်းပေါင်း၊ တောင်ရှည်တို့ကို ၀တ်ဆင်ထားသူတဦးက လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်” ဟု ခေါ်ဆိုနေပုံကို ရေးဆွဲထားသည်။

တတိယအကွက်တွင် ထိုတောင်ရှည်ဝတ်လူအား သားရေနံငယ်ပိုင်းကို ၀တ်ဆင်ထားသော ကျောက်ခေတ်လူသား (လက်ထဲတွင် ကျောက်တုံးပုဆိန်ကိုင်ထားသူ)က လက်ညှိုးငေါက်ငေါက်ထိုးကာ “သရုပ်ပျက်”ဟု ခေါ်ဆိုနေပုံ ရေးဆွဲထားပြန်သည်။

နောက်ဆုံးအကွက်တွင်ကား ကျောက်ခေတ်လူသားကို လက်ညိုးငေါက်ငေါက်ထိုး၍ “သရုပ်ပျက်”ဟု ခေါ်ဆိုနေသည်မှာ မျောက်ဝံတကောင်ဖြစ်သည်။

ဤကာတွန်းကလေးကို သတိရမိတိုင်း လူတို့၏ ရှေးရိုးစွဲတတ်ပုံ၊ အသစ်အဆန်းကို လက်မခံချင်သည့်စိတ်ဓါတ် စွဲမြဲနေပုံတို့ကို သတိပြုမိသည်။

လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံ ကူးလူးရောယှက်ကာ အုတ်အုတ်ကျက်ကျက် လှုပ်ရှားတိုးတက်နေသော လူ့အဖွဲ့အစည်း (Cosmopolitan)တွင် အသစ်အဆန်းကို မြတ်နိုးတန်ဘိုးထားကာ လွယ်လင့်တကူ လက်ခံတတ်ကြသလောက် ပြင်ပကမ္ဘာနှင့်အဆက်အသွယ်ပြတ်ကာ အထီးကျန်ဆန်နေသော လူ့အဖွဲ့အစည်းတွင် အသစ်အဆန်းကို လက်ခံရန် တွန့်ဆုတ်တတ်ကြသည်။ ခေတ်နောက်ပြန်ဆွဲချင်ကြသည်။ မိမိ မိရိုးဖလာ လက်ခံကျင့်သုံးလာသော ဓလေ့ထုံးတမ်းတို့နှင့် မကိုက်ညီသော၊ ခွဲထွက်သော အတွေးအခေါ်၊ အပြုအမူတို့နှင့် သစ်ဆန်းသော အရာမှန်သမျှကို အလွယ်တကူ လက်မခံရုံမက ပြစ်တင်ရှုံ့ချတတ်သော သဘောရှိသည်။ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ ကျင့်ကြံခြင်းကို မြင့်မြတ်သည်၊ ယဉ်ကျေးသည်၊ ကောင်းမွန်သည်ဟု အထင်ရှိတတ်ကြသည်။

သတိပြုရန်မှာ မြန်မာပြည်တွင် တချိန်က သရုပ်ပျက်ဟု ခေါ်ဆိုခဲ့သော တေးဂီတ၊ ၀တ်စားဆင်ယင်မှုတို့သည် ယနေ့ လူကြီးလူငယ် လက်ခံနေကြပြန်သည်ဆိုသည့် အချက်ဖြစ်သည်။

လူတို့၏ စိတ်နေသဘောထားကို အ၀တ်အစားအဆင်အပြင်ကို ကြည့်ရှု၍ ဆုံးဖြတ်ရန်မသင့်ဟူသော အချက်ကို လက်ခံပါက လူတကိုယ်အကြိုက်တမျိုးဆိုသည့် စကားပမာ လူတို့၏ ကွဲပြားခြားနားသော အကြိုက်တရားကို နားလည်လက်ခံနိုင်၍ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန်သာ ကြိုးပမ်းသင့်သည်။

လွတ်လပ်သောလူ့အဖွဲ့အစည်းများတွင် မိမိ၏ အကြိုက်တရားကို စံတခုသဖွယ် ရှေ့တန်းတင်လျက် လူတိုင်းကို လိုက်နာကျင့်သုံးစေရန် မပြုကျင့်ကြ။ အဘယ်ကြောင့်ဆိုသော မိမိအကြိုက်တရားသည်သာ အမှန်ကန်ဆုံး၊ အမြင့်မြတ်ဆုံး၊ အယဉ်ကျေးဆုံးဟု သဘောမထားကြသောကြောင့်ပင်တည်း။ အကြိုက်တရားဟူသည် မတူညီနိုင်ကြဟူသော အချက်ကို လက်ခံကြသောကြောင့်ပင်တည်း။ မိမိမျက်စိထဲတွင် ကျက်သရေရှိလှသည်ဟု ထင်သောအရာတခုသည် အခြားလူတဦး၏ မျက်စိတွင် ထော်လော်ကန့်လန့် နိုင်သော အရာတခုလည်း ဖြစ်နေနိုင်သောကြောင့်ပင်တည်။

ကိုယ့်ကျင့်တရားနှင့် ပတ်သက်လျှင်သာ စံချိန်စံညွှန်းများ ထားရှိရန်လိုအပ်မည်ဖြစ်သော်လည်း ယဉ်ကျေးမှု(Culture)နှင့်ပတ်သက်၍ကား စံချိန်စံညွှန်းများကို လူတိုင်းအပေါ်တွင် အာဏာတည်သက်ရောက်စေရန်မသင့်။ အမှန်စင်စစ်တွင်မူကား ယဉ်ကျေးမှုတို့သည် ခေတ်ကာလ၊ လူတို့၏ အတွေးအခေါ်၊ အကြိုက်တရား၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ တိုင်းတပါးနှင့် ကူးလူးရောယှက်ဆက်ဆံရေး အခြေအနေအရပ်ရပ်ပေါ်တွင် မူတည်၍ အစဉ်သဖြင့် တိုးတက်ပြောင်းလဲနေသည်။

ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံနေသမျှ ကာလပတ်လုံး ယဉ်ကျေးမှုကို ခေတ်ကာလအပိုင်းအခြားတခုတွင်သာ မူသေ ရပ်တည်နေစေရန် မည်သူမျှ စွမ်းဆောင်နိုင်ကြမည်မဟုတ်ချေ။ စွမ်းဆောင်ရန် ကြိုးစားသူများအဖို့လည်း အနှေးနှင့် အမြန်ဆိုသလို ရှုံးနိမ့်မှုကိုသာ မုချကြုံတွေ့ကြရပေမည်။

ပူးတွဲဖတ်ရှုရန်။..........။ “ကောက်စိုက်မ နဲ့ ပြိုင်ဘီး”
Read more

“ခြံစောင့်အစိုးရ ငယ်ငယ်က ဆိုရင်…”

အစ်မတွေလက်ထက်မှာ သင်ခဲ့ရတဲ့ မြန်မာစာ ပြဋ္ဌာန်းစာအုပ်ထဲက “မင်းတုန်းမင်းနဲ့ ငါးခြောက်ပြား” ဆိုတဲ့ စာတပုဒ်ကို သတိရမိတယ်။

မင်းတုန်းမင်းငယ်ငယ် မင်းသားငယ်မောင်လွင်ဘ၀က ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းသားဘ၀နဲ့ ပညာသင်ရတယ်။ တနေ့မှာ ဒကာတယောက်က ဘုန်းတော်ကြီးကို ငါးပုတ်ခြောက်ပြား တပြားလာလှူတယ်။ ဆရာတော်က ဘုန်းကြီးကျောင်းသားဖြစ်တဲ့ မောင်လွင်ကို ခေါ်ပြီး … “ဟဲ့…မောင်လွင်….လာစမ်း။ ဒီ ငါးခြောက်ပြားကို သေသေချာချာ သိမ်းထားလိုက်” လို့ ခိုင်းသတဲ့။

ဒါနဲ့ မောင်လွင်လည်း ငါးခြောက်ပြားကို ကျက်သရေခန်းထဲမှာ သိမ်းထားလိုက်တယ်ဆိုပဲ။

တရက်ကျတော့ ဆရာတော်က ဆွမ်းဘုန်းပေးကာနီးမှာ ငါးခြောက်ပြားကို သတိရပြီး မောင်လွင်ကို သွားယူခိုင်းတဲ့အခါ ငါးခြောက်ပြားကို သူထားခဲ့တဲ့နေရာမှာ ရှာမတွေ့တော့ဘူးတဲ့။ အဲဒါနဲ့ ဆရာတော်ကို အကျိုးအကြောင်း လျှောက်ထားတော့ ဆရာတော်လည်း ကြိမ်လုံးကို ဆွဲပြီး မောင်လွင်ရဲ့ ကျောပြင်ကို နာနာကြီး ရိုက်ပြီး အပြစ်ပေးသတဲ့။

ပါးစပ်ကလည်း “နင်ဟာ တနေ့မှာ ဘုရင်ဖြစ်မယ့်လူ။ ဒီငါးခြောက်ပြားလေးတပြားမှ လုံခြုံအောင် မထိန်းသိမ်းနိုင်လို့ရှိရင် ဘယ်နှယ့်လုပ်ပြီး တိုင်းပြည်ကို လုံခြုံအောင် ထိန်းသိမ်းမလဲ” လို့ မိန့်သတဲ့။

မောင်လွင်လည်း နန်းတွင်းကိုပြန်ရောက်တော့ သူ့မယ်တော်ကို ငိုယိုပြီး အကျိုးအကြောင်းပြောပြတဲ့အခါ မယ်တော်က မောင်လွင်ရဲ့ ကျောပြင်ကို ဆေးလူးပေးရင်း “ဆရာတော်က ငါ့သားကို လိမ္မာရေးခြားရှိအောင် ဆုံးမတာ၊ စိတ်မှတ်မထားနဲ့” လို့ ပြောသတဲ့။

မင်းတုန်းမင်းဘုရင်ဖြစ်လာတော့ တနေ့မှာ သူ့သားတော်တွေကို သူ့ကျောက အစင်းတွေကို လှန်ပြရင်း သူ့ဆရာတော်ဆုံးမခဲ့တာကို ပြန်ပြောင်းပြောပြသတဲ့။

အထက်ပါဇာတ်လမ်းကတော့ ကျနော်မှတ်မိသလို ပြန်ရေးပြရတာမို့ စကားလုံးအတိအကျ မှန်ဖို့တော့ ခဲယဉ်းပါတယ်။ ဒါပေမယ့် သဘောက အဲသည်အတိုင်းပါပဲ။

အဲသည် အကြောင်းကို ပြန်ပြောင်း သတိရမိတော့…. ခြံဝန်းလေးတခုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်တဲ့ ခြံစောင့်အစိုးရအကြီးအကဲ ဟိုပုဂ္ဂိုလ်ကြီး ငယ်ရွယ်စဉ် ဘုန်းကြီးကျောင်းသားဘ၀ကဆိုရင် ကျောပြင်မှာ အရှိုးတွေ ဘယ်လောက်များ နိုင်းချင်းထင်အောင် အရိုက်ခံခဲ့ရမလဲဆိုတာ မတွေးဘဲ မနေနိုင်အောင်ပါဘဲ။
Read more

“ရွေးချယ်ခွင့်”

ကြိုတင်စိတ်ကူးထားခြင်းမရှိဘဲ ဖြစ်ပျက်သွားသောအရာများ၌ ကျွန်ုပ်တို့တွင် ရွေးချယ်ခွင့်မရှိချေ။

ဤကိစ္စနှင့်ပတ်သက်၍ ဆရာအောင်သင်းက စာပေဟောပြောပွဲတခုတွင် အောက်ပါအတိုင်း ဥပမာပေးသည်ကို သတိရမိပါသည်။ (ဆရာ့ စကားလုံး အတိအကျတော့ မမှတ်မိတော့ပါ။)

“ဒီ စင်မြင့်ရဲ့ အစွန်းမှာ လူတယောက် မတ်တပ်ရပ်နေတယ် ဆိုပါစို့။ သူ့ကို နောက်ကနေ တစုံတယောက်က အလစ်မှာ တွန်းချလိုက်ရင် အဲသည်လူဟာ စင်အောက်ကို မလွဲမသွေ ပြုတ်ကျမယ်။ အဲဒီအချိန်မှာ သူ့အနေနဲ့ “ငါ… ပြုတ်ကျရင် ကောင်းမလား။ ပြုတ်မကျဘဲ နေရင် ကောင်းမလား” ….(ပရိသတ်၏ ရယ်သံများ)….အဲဒီလို ရွေးချယ်ပိုင်ခွင့်မရှိဘူး”……။

အဆိုပါ ဖြစ်ရပ်မျိုးများမှလွဲလျှင် ကြိုတင်စိတ်ကူး၍ လုပ်ဆောင်ရသော အရာမှန်သမျှ၌ လူတိုင်းတွင် ရွေးချယ်ခွင့်ရှိသည်ဟု ကျွန်ုပ် ဆိုချင်ပါသည်။

လူတယောက်က သင့်အား ဓါးနှင့်ထောက်၍ တစုံတရာကို မရမက မေးလျှင်ပင် သင့်၌ ပြန်ဖြေမည်လော၊ မဖြေဘဲနေမည်လော ဟု သင့်ဘာသာ ရွေးချယ်ပိုင်ခွင့် ရှိပါသေးသည်။ အဘယ့်ကြောင့်ဆိုသော် သင့်တွင် စဉ်းစားတွေးတောချိန် ရသောကြောင့် ဖြစ်ပါသည်။

ဓါးထောက်မေးခြင်းဖြစ်၍ အသက်ဘေးကို ကြောက်ရွံ့သောကြောင့် ဖြေဆိုမည်ဆိုလျှင်လည်း သင်၏ ရွေးချယ်ခွင့်ဖြစ်ပါသည်။ မဖြေဆိုလိုဘဲ အသက်ကို အသေခံလိုက်မည်ဆိုပါကလည်း သင်၏ ရွေးချယ်ခွင့်ပင် ဖြစ်ပါသည်။

ဤသို့လျှင် လူတိုင်းလူတိုင်း၏ နေ့စဉ်ဘ၀တွင် ရွေးချယ်ခွင့်များကို အစဉ်လိုလို ကြုံကြိုက်ခဲ့ပါသည်။ အချို့သောကိစ္စများတွင် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်သင့်မှန်းသိသိနှင့် သူရဲဘောကြောင်မှုကြောင့် မလုပ်ခဲ့ကြသည်လည်း ရှိခဲ့ကြပါသည်။ မလုပ်သင့်မလုပ်ထိုက်သည်များကို မလုပ်သင့်မှန်းသိသိနှင့် သတ္တိနည်းမှုကြောင့် လုပ်ခဲ့ကြသည်လည်း ရှိခဲ့ကြပါသည်။

သို့သော် လူအများစုမှာ ကိုယ်လိုပင် သူရဲဘောကြောင်သူများဖြစ်ရကား ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ရပ်မှားများအတွက် ကျွန်ုပ်တို့ဘာသာ လိပ်ပြာသန့်စေရန် ကြိုးပမ်းသည့်အနေဖြင့် “အများညီလျှင် ဤကို ကျွဲဖတ်ရသည်” ဆိုကာ ကြံဖန်၍ ဖြေတွေး တွေးတတ်ကြပါသည်။ သို့မဟုတ် “အများမိုးခါးရေ သောက်သဖြင့် ကိုယ်လည်း လိုက်သောက်ရပါသည်”ဟု ဆင်ခြေကန်သော အတွေးဖြင့် ဖြေတွေး တွေးတတ်ကြကုန်၏။ သို့တည်းမဟုတ်….. “ခေတ်ကာလကြီးက မကောင်းလို့ပါ”ဟု ခေတ်၊ စနစ်အပေါ်တွင်လည်း အပြစ်ပုံချ တတ်ကြကုန်၏။

သို့သော် လူတိုင်းသည်ကား ကျွန်ုပ်တို့ အများစုကဲ့သို့ သူရဲဘောကြောင်သူများမဟုတ်ကြ။ သူတို့သည် ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ရမည်ကိုသိသိနှင့်ပင် သူတို့ လုပ်သင့်လုပ်ထိုက်သည်ဟု ယုံကြည်သောအရာများကို ရဲဝံ့စွာ၊ သတ္တိရှိစွာ ရွေးချယ်ဝံ့ကြလေသည်။ ထိုရွေးချယ်မှု၏ အကျိုးဆက်အဖြစ် ကြုံတွေ့ရသော ဆင်းရဲဒုက္ခများကို ကြံကြံခံဖို့ ကြိုးစားတတ်ကြလေသည်။ ထိုသူများသည် လူနည်းစုဖြစ်သည်။ အများစုဖြစ်သော ကျွန်ုပ်တို့က အနည်းစုဖြစ်သော ထိုသူများကို သူရဲကောင်းများအဖြစ်၊ ကြီးမြတ်သူများအဖြစ် လေးစား တန်ဘိုးထား အသိအမှတ်ပြုကြလေသည်။

ထိုသူများကို သူရဲကောင်းအဖြစ်လည်း အသိအမှတ်မပြုလို၊ မိမိလုပ်ရပ်ကို မှားသည်ဟုလည်း ၀န်မခံလိုသူများလည်း ရှိပါသည်။ ထိုသူတို့မှာလည်း သူတို့ ရွေးချယ်ခွင့်နှင့် သူတို့ ဖြစ်ပါသည်။

လူတိုင်းတွင် ရွေးချယ်ခွင့်ရှိပါသည်။ ဘာကိုရွေးချယ်သနည်းဟူသည့် အချက်
အပေါ် မူတည်၍ လူတို့သည် ကိုယ့်သမိုင်းကိုယ် ရေးနေကြပါသည်။

ကျွန်ုပ်တို့တွေ့ကြုံရမည့် မနက်ဖြန်ပေါင်းများစွာတွင်လည်း အလားတူရွေးချယ်ခွင့်များကို အစီအရီ တွေ့ကြုံ ကျော်ဖြတ်နေရဦးမည်သာ ဖြစ်ပါသည်။

မည်သို့မည်ပုံ ရွေးချယ်ကြမည်လဲဆိုသည့်ကိစ္စမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။
Read more

“ယိုကျလာသော အတွေးစများ”

ယိုသူမရှက် မြင်သူရှက်” တဲ့။

ဧကန္တတော့ တစုံတယောက်သည် လူမြင်ကွင်းတွင် ချေးထိုင်ပါခဲ့ဟန် တူသည်။

ဘာပဲဖြစ်ဖြစ် ဤဆိုရိုးစကားကိုကြည့်လျှင် မြန်မာလူ့အသိုင်းအ၀ိုင်းသည် လူမြင်ကွင်းတွင် ချေးယိုခြင်းကို ရှက်စရာဟု ယေဘုယျသဘော ယူဆလက်ခံထားကြောင်း သိနိုင်ပေသည်။

ရှေးအခါက နာမည်ကြီး ရဟန်းစာဆိုတဦး (ဘယ်သူလဲ???) ငယ်စဉ်ဘ၀ ဆွမ်းခံကြွရင်း မအောင့်နိုင်သဖြင့် လမ်းတွင်ပင် ထိုင်၍ မစင်စွန့်သည်ဆို၏။ မစင်စွန့်စဉ်အတောအတွင်း သပိတ်ကို ဦးခေါင်းတွင် စွပ်ထားလိုက်သေးသည်ဟူ၏။ အကြောင်းကို မေးသောအခါ “ဖင်က ရှက်တာမဟုတ်ဘူး။ ရှက်တာက မျက်နှာ။ မျက်နှာကို ကွယ်ထားလိုက်ရင် ရှက်စရာမလိုတော့ဘူး” အကြောင်းပြသည် ဟူသတတ်။ (သူ့အကြောင်းပြချက်နဲ့ သူတော့ ဟုတ်လို့ပ။)

သို့သော် သူ့အကြောင်းပြချက် ခိုင်လုံသလောဟူသည်မှာ စဉ်းစားစရာ ဖြစ်လာပြန်သည်။ အဘယ့်ကြောင့်ဆိုသော် ပွင့်ဖြူမြို့နယ် ကျောင်းတော်ဘုရား ၀န်းကျင်တွင် လည်ပေါ်အိမ်သာ အများအပြားရှိသောကြောင့်ပင်။ လည်ပေါ်အိမ်သာဟူသည် ခေါင်မိုးမရှိသော အိမ်သာ။ အိမ်သာထဲတွင် လူဝင်ထိုင်လိုက်ပါက အောက်ပိုင်းလုံခြုံသော်လည်း ပုခုံး လည်ပင်းနှင့် ဦးခေါင်းတို့မှာ အိမ်သာ အပေါ်ပိုင်း လူမြင်ကွင်းတွင် ပြူထွက်နေပေသည်။ ရုတ်တရက်ကြည့်လိုက်လျှင် စိန်ဗေဒါကြီး ပတ်ဝိုင်းထဲဝင်၍ လက်စွမ်းပြနေသလိုလို။

ကျနော်တို့မှာ ထိုအိမ်သာမျိုးနှင့် အသားမကျလှသော်လည်း ကျောင်းတော်ရာသူ၊ ကျောင်းတော်ရာသားတို့အတွက်ကား သည်ကိစ္စသည် ဖြစ်ရိုးဖြစ်စဉ်မျှသာ။ နေ့စဉ်နှင့်အမျှ အိမ်သာတက်ရင်း ခေါင်းကလေးတွေ ကိုယ်စီဖော်က အိမ်သာတက်နေသူအချင်းချင်း နှုတ်ဆက်စကားဆိုခြင်း၊ အလာပ သလာပ စကားပြောခြင်း၊ အတင်းတုပ်ခြင်းတို့ကို ပြုကြလေသည်။ ဤနေရာတွင် အထက်ကပြောခဲ့သည့် ကိုရင်ကြီး၏ “မျက်နှာက ရှက်သည်” ဆိုသော စကားမှာ မမှန်ကြောင်းကို တွေ့ရသည်။ သို့ရာတွင် အောက်ပိုင်းလုံခြုံနေသဖြင့် မျက်နှာက မရှက်လေသလောဟု ထပ်မံတွေးတောစရာရှိပေ၏။

တဖန် တီဇက်အေ၏ ပို့စ်တခု၌ အာရှသားကျောင်းသားတယောက်သည် ဂျာမဏီပြည်တွင် အိမ်သာတက်နေစဉ် အိမ်ရှင့်သမီးသည် ရေချိုးခန်းထဲဝင်လာကာ ၀တ်လစ်စလစ်ဖြင့် ရေချိုးသည် ဟူ၏။ ထိုအာရှသားမှာ အိမ်သာအိုးပေါ်၌ ညှစ်လက်စမဆုံးခင် ရှောင်ကြဉ်မပုန်းနိုင်သေး၍ ထိုင်ရမလို ထိုင်ရမလိုဖြစ်နေစဉ် ထိုမိန်းကလေး၏ မောင်ဖြစ်သူလည်း ထပ်မံဝင်ရောက်လာပြန်ကာ ၀တ်လစ်စလစ်ဖြင့် ရေအတူချိုးကြသည် ဆိုပြန်၏။ ထိုနေရာတွင် “မျက်နှာက ရှက်သည်၊ အောက်ပိုင်းက ရှက်သည်” ဆိုသော စကားများ မှန်မမှန်ကိုလည်း စဉ်းစားစရာ ဖြစ်လာပြန်သည်။

ချေးယိုခြင်း၊ အ၀တ်အစားမဲ့ခြင်း စသောကိစ္စများမှာ ရှက်သင့်သော ကိစ္စ ဟုတ်မဟုတ်ဆိုသည်ကား လူတဦးတယောက် (သို့မဟုတ်) လူ့အဖွဲ့အစည်းတခု၏ သတ်မှတ်ချက်ဖြစ်သဖြင့် တနေရာနှင့်တနေရာ မတူကွဲပြားနိုင်သော်လည်း အထက်ပါ ဖြစ်ရပ်များအပေါ် အခြေခံ၍ ကျွန်ုပ်အနေဖြင့် အတွေးစများ တသီတတန်းကြီး အချောင်ရလိုက်သည်။ ရေးစရာတွေလည်း ရလိုက်သည်။ ထိုအတွေးစများကို နားလည်နိုင်ရန်အတွက် စာရှုသူမိတ်ဆွေတို့အနေဖြင့် “လူမြင်ကွင်းတွင် ချေးပါခြင်း” သည် ရှက်စရာအမှုကိစ္စတခုအဖြစ် (သဘောတူတူ၊ မတူတူ) ယာယီ အစမ်းလက်ခံထားကြပါစို့။ (လက်မခံရင် လူမြင်ကွင်းကို ဆွဲထုတ်ပြီး အတင်းပါခိုင်းမယ်… ညှင်းညှင်း)

ပထမဦးဆုံး ကိုရင်ကြီးပြောသလို “မျက်နှာက ရှက်သည်” ဆိုသည်မှာ အချို့လူများအတွက်မှန်သည်ထင်၏။ အချို့လူများ၏ သဘာဝမှာ မိမိအမည်ရင်းဖြင့် မလုပ်ရဲသော၊ ရှက်စရာကောင်းသည်ဟု ယူဆသော အလုပ်များကို အမည်ဝှက်ဖြင့်သာဆိုလျှင် ရဲရဲကြီး လုပ်ဝံ့ကြသည်။ တနည်းပြောရလျှင် ရှက်စရာကောင်းသော အမှုကို ပြုတော့မည်ဆိုလျှင် အမည်ဝှက်ကို ဆွဲယူကာ အမည်ဝှက်၏ နောက်ကွယ်မှ ပြုမူ၊ပြောဆို၊ ရေးသားခြင်းပေတည်း။ အမည်ဝှက်ဖြင့် ပြုမူခြင်းသည် ကောင်းသည့်အမှုကို ပြုလုပ်ခြင်းဖြစ်ပါက အလွန်တရာ မွန်မြတ်လှသော်လည်း ဆိုးရွားသောအမှုကို အမည်ဝှက်နောက်ကွယ်တွင် ခိုလှုံပြီး ပြုကျင့်ပါက “ကိုရင်ကြီးတပါး ခေါင်းမှာသပိတ်စွပ်၍ လမ်းမအလယ် လူမြင်ကွင်းတွင် ချေးထိုင်ပါသည့်နှယ်” အကြည့်ရဆိုးလှပေသည်။

ဒုတိယအချက်မှာ “လည်ပေါ်အိမ်သာတက်သကဲ့သို့” အဖြစ်အပျက်တည်း။ တချို့သော လူများသည် ရှက်စရာအမှုကို ပြုနေသော်လည်း ထိုသို့ပြုနေသည့်အဖြစ်ကို မျက်စိဖြင့်တပ်အပ် မမြင်ရသရွေ့ မသိကျိုးကျင်ပြုကာ မျက်နှာပြောင်တိုက် လုပ်ဝံ့တတ်ကြပေသည်။ ဤနေရာတွင် ထိုသူတို့၏ လက်သုံးစကားမှာ “သိသာသိစေ၊ မမြင်စေနဲ့” ဟူသတည်း။

နောက်ဆုံးအချက်မှာ….. “တစုံတယောက် အိမ်သာတက်နေတုန်း အခြားတယောက်က ၀တ်လစ်စလစ်ဖြင့် ရေ၀င်ချိုးခြင်း” ကဲ့သို့ အမှုပင်တည်း။ အချို့သူများသည် လူမြင်ကွင်းတွင် မျက်နှာပြောင်ဖြင့် ချေးပါရသည်ကို မရှက်တတ်သကဲ့သို့ပင် လောကတွင် အချို့သူများသည်လည်း မကောင်းမှုကို ဆိတ်ကွယ်ရာတွင်သာမက လူမြင်ကွင်းတွင်ပါ မရှက်မကြောက်ပြုတတ်ကြပေသည်။

ဤသည်မှာ ကျွန်ုပ်၏ ဦးနှောက်မှ ယိုကျလာသော အတွေးစက်များ…အဲလေ…အတွေးစများပင်တည်း။

(မှတ်ချက်။……….။ ဤသို့ ပေါက်ကရပို့စ်ကို ရေးရကောင်းလားဟု စာဖတ်သူများ မျက်မာန်တော်ရှကြပါက ကျနော်အကောင်းစားလေး ကိုပေါအား ခွင့်လွှတ်ကြပြီး အိမ်သာအကြောင်းများကို မကြာမကြာ တခမ်းတနားရေးဖွဲ့လေ့ရှိသော ကိုဘွိုင်းဇ် အမည်ရှိ ဘလော့ဂါကိုသာ အပြစ်တင်တော်မူကြပါကုန်လော့။ ဤပို့စ်ကို ရေးရန် စေ့ဆော်သော အကြောင်းရင်းခံမှာ ဒင်း ဖြစ်ပါသည်။ ပို့စ်ကိုရေးရခြင်း အကြောင်းရင်းကို မေးတတ်လွန်းလို့ သူမမေးခင် ကြိုဖြေထားရတာ။ မှတ်ပလား..လီယိုနာဒိုဒါကိုဘွိုင်းဇ်။)
Read more

“ညောင်စောင်းရွှေသလွန်ထက်က ဆင်းသက်လာလေပြီ”

“လှသောမဟာဒေ၀ီ...
ညောင်စောင်းရွှေသလွန်ထက်က ဆင်းသက်လာလေပြီ.....
မဟာဒေ၀ီ...မဟာဒေ၀ီ.....
ခြေသလုံးပေါ်တာ ကြည့်ရုံမျှနဲ့
ဝိပါကကြောင့် ဈာန်လျှောရလေသည်”

ရွှေမန်းတင်မောင်သီချင်းပါ။ ဟိုးခေတ်က မင်းဆရာ ဈာန်ရသူ (ရသေ့/ရဟန်း) တဦး ကောင်းကင်ကနေ ဈာန်နဲ့ ကြွအလာမှာ ဘုရင့်မိဖုရားဖြစ်သူက သလွန်ညောင်စောင်းပေါ်ကအဆင်း ခြေသလုံးလှစ်ကနဲ ပေါ်သွားတာကို ပြတင်းပေါက်ကတဆင့် မြင်လိုက်ရတဲ့အခါ တပ်မက်ခြင်းတဏှာကြောင့် ဈာန်လျှောရတာကို သီချင်းဆိုထားတာပါ။ (ဇာတ်လမ်းအတိအကျကတော့ ဗုဒ္ဓခေတ်က ဇာတ်လမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ ပိုသိကြမှာပါ။ သိသူရှိရင် ကွန်မင့်မှာ ဖော်ပြသွားစေလိုပါတယ်။)

သီချင်းနားထောင်ရင်း ကျနော့်စိတ်ထဲမှာ တွေးမိတာက “သြော်.... ကိုယ်တော့်နှယ်၊ မတန်လိုက်တာပေါ့” ။ ဟုတ်တယ်လေ...တကိုယ်လုံးပေါ်တာ မြင်လိုက်ရလို့ လျှောရတယ်ဆိုရင် တော်သေးတယ်။ အခုတော့ ခြေသလုံးလေးပေါ်တာလောက်နဲ့ ဈာန်လျှောရတာကို ကျနော်က ကြားထဲက မနေနိုင်မထိုင်နိုင် နှမြောမိလို့ပါ။

ကျနော်တို့ ဆယ်တန်းလောက်(၁၉၈၇-ခုနှစ်တ၀ိုက်)ခေတ်အခါက မြန်မာမလေးတွေ ထမိန်တိုတို ၀တ်ကြတာခေတ်စားပါတယ်။ အံမယ်... သီချင်းတောင်ရှိသေးတယ်။ “သူဟာ ထမိန်တိုတို” တဲ့။

အဲ....အဲဒီမတိုင်ခင်ကတော့ ထမီကို ခြေမျက်စိဖုံးအောင် ၀တ်ကြတဲ့ခေတ်ခင်ဗျ။ ထမိန်ကို ဒရွတ်ဆွဲပြီး တံမြက်စည်းလှဲသလိုပေါ့။ ခြေသလုံးပေါ်အောင်ဝတ်ရင် လူကြီးတွေက မကြိုက်ဘူး။ မှတ်မှတ်ရရ..... ဆယ်တန်းအတန်းပိုင် (ကျနော့်ကို တပည့်တယောက်အနေနဲ့ အရမ်းချစ်တဲ့) ဆရာမက ကျောင်းဖွင့်စမှာ ကျောင်းသူတွေကို ပြောပုံက... “နင်တို့ ထမီတိုတို ၀တ်တာတွေ၊ ခါးဖော်တာတွေ မမြင်ချင်ဘူး။ နင်တို့ အသားတွေကို ဘယ်သူမှ မကြည့်ချင်ဘူး၊ လာပြမနေနဲ့” တဲ့။ ဆရာမက အဲသည်လို ဗြောင်ပြောတတ်တယ်။

ဒါပေမယ့် ကျနော်က အဲသည်ကိစ္စမှာတော့ ဆရာမနဲ့ အမြင်ချင်း သိပ်မတူပါဘူး။ ကျနော်တို့အဖို့တော့ အဲသည်တုန်းက ကောင်မလေးတွေ ခါးပေါ်တာကို၊ ခြေသလုံးတုတ်တုတ်ခဲခဲလေးတွေကို ကြည့်ရတာ ကြည့်လို့ကောင်းတာကတော့ အမှန်ပဲ။ ကျိန်ပြောဆို ကျိန်ပြောပါမယ်။ ခါးပေါ်တာ၊ ခြေသလုံးပေါ်တာကို ရှက်စရာကြီးဆိုပြီး လုံးဝမကြည့်ပဲတော့ မနေပါဘူး။ ဒါပေမယ့် အင်မတန် ငမ်းတဲ့အဆင့်အထိ ရောက်မသွားအောင်တော့ ကိုယ့်ဘာသာကိုယ် ဣနြေ္ဒဆည်ပြီး မသိမသာ ခိုးကြည့်ရတာပေါ့။

ဒါပေမယ့်လည်း ကျနော်တို့တက္ကသိုလ်တက်တဲ့အချိန်မှာတော့ ဒီခြေသလုံးပေါ်တာက အဆန်းမဟုတ်တော့ဘူး။ အားလုံးလိုလို ခြေသလုံးဖော်ကြတဲ့ခေတ်ဆိုတော့ ရိုးသွားပြန်ရော။

အဲသည်အချိန်မှာ တချို့တလေလည်း ဒီထက်ဆန်းဆန်းပြားပြား ဖော်ကြပါတယ်။ အဲဒီအချိန်က ရယ်စရာတခုကို ပြောပြရဦးမယ်။ တက္ကသိုလ်မှာ ကျနော်နဲ့ တွဲဖော်တွဲဖက် သူငယ်ချင်းတယောက်ရှိတယ်။ အဲဒီသူငယ်ချင်းက မျက်စိအရမ်းလျှင်ပြီး သွက်သွက်လက်လက် ရှိတယ်။ ကျနော်က အာရုံနှစ်ခုမရတဲ့လူဆိုတော့ လမ်းသွားရင်း စကားပြောနေရင် ဘေးဘီကို အာရုံမရှိတော့ဘူး။ စကားထဲမှာ အာရုံနစ်နေတတ်တယ်။ ရှေ့မျက်နှာချင်းဆိုင်က အသိဖြတ်လျှောက်သွားရင်တောင် မြင်တော့တာမဟုတ်ဘူး။

အဲဒီသူငယ်ချင်းမှာ ချစ်စရာကောင်းတဲ့ အလေ့တခုရှိတယ်။ ထူးထူးခြားခြားလှပတဲ့ မိန်းကလေးတွေ၊ အနိပ်စားကလေးတွေ တွေ့ရင် ကျနော့်ပုခုံးပေါ် သူ့လက်တင်ထားရာကနေ ပုခုံးကို လက်နဲ့ အသာညှစ်ပြီး ပြလေ့ရှိတယ်။ အစားကောင်းအသောက်ကောင်းကို စားရရင် မိတ်ကောင်းဆွေကောင်းကို သတိရတယ်ဆိုတဲ့ စကားအတိုင်းပါဘဲ။ ဝေမျှတာ၊ ဝေမျှတာ။

ဒါပေမယ့် ကျနော်ကလည်း အာရုံက အဲလောက် မသွက်တော့ နှစ်ခါသုံးခါလောက် ပုခုံးကို ညှစ်လိုက်မှ သဘောပေါက်ပြီး ကြည့်လိုက်အခါကျ လွန်သွားပြီ၊ မတွေ့လိုက်ရတော့ဘူး၊ ငတ်ကရော...ဆိုတာမျိုးပေါ့။

စကားစပ်မိလို့ ကျနော့်အင်မတန်နှစ်သက်တဲ့ ကာတွန်းဆရာမောင်ဝဏ္ဏရဲ့ ကာတွန်းလေးတကွက်ကို သွားသတိရတယ်။ အဲသည်ကာတွန်းမှာ အဖိုးကြီး နှစ်ယောက် ညောင်ပင်အောက်က ခုံတန်းမှာ ထိုင်နေကြတယ်။ (လက်ထဲမှာ စိတ်ပုတီးကလေးတွေကိုယ်စီတောင် ပါသလားမသိဘူး။) အဲသည်အချိန်မှာ ကိုယ်လုံးကိုယ်ပေါက်လှလှ ကောင်မလေးတယောက် ရှေ့က ဖြတ်လျှောက်လာတယ်။ အဲဒါကို အဖိုးကြီးနှစ်ယောက်အနက် တယောက်က စမြင်လိုက်တော့ ဒုတိယအဖိုးကြီးကို အသာလက်တို့ အချက်ပြလိုက်တယ်။ အဲဒီနောက် ကာတွန်းကွက်ကလေးထဲမှာတော့ ရှေ့ကမိန်းကလေးဖြတ်လျှောက်သွားတဲ့အခါ လှုပ်ရမ်းနေတဲ့ တင်ပဆုံလေးကို အဖိုးကြီးနှစ်ယောက်စလုံးက မျက်လွှာလေးတွေ ချထားသလို မျက်စေ့ကို မှေးစင်းထားလျက်က မျက်ဆန်နက်နက်ကလေးကတော့ ထပ်ချပ်မခွာလိုက်ကြည့်နေကြပုံကို သရုပ်ဖော်ထားတဲ့ ကာတွန်းမောင်ဝဏ္ဏရဲ့ လက်ရာဟာ အင်မတန် ရယ်စရာလည်းကောင်း၊ သဘာဝလည်းကျ၊ ပြောင်လည်း ပြောင်မြောက်လှပါတယ်။ နောက်ဆုံးကာတွန်းအကွက်မှာ.....ကောင်မလေးလဲ သူတို့ထိုင်နေရာကို လွန်သွားရော.... လက်တို့ပြီး အပြခံလိုက်ရတဲ့ အဖိုးကြီးဆီက အသံထွက်လာတယ်။ “သာဓုဗျာ...သာဓု....သာဓု”.....တဲ့။

စောစောက ကျနော့်သူငယ်ချင်းနဲ့ ကျနော့်အကြောင်းကို ပြောပြရင်း အဲသည်ကာတွန်းလေးက ကျနော့်စိတ်ထဲကို ပြန်ဝင်လာသေးတယ်။

ဟော.... အခု စင်္ကာပူရောက်လာတော့ ခြေသလုံးပေါ်တာလောက်ကို မပြောနဲ့တော့။ ပေါင်တံတခုလုံးနဲ့ တင်အရင်းလောက်အထိ ပေါ်နေတဲ့ ၀တ်စားဆင်ယင်ပုံမျိုးတွေဆိုတာ မမြင်ချင်အဆုံးပါဘဲ။ အဲဒါတွေမြင်ရလို့လည်း သိပ်ပြီး ရင်ခုန်လှိုက်မောတော့ မဖြစ်တော့ပါဘူး။ ယုံကြပါ။ ကြည့်ရတာ အသက်အရွယ် ရလာတာကြောင့် ထင်ပါရဲ့။ ဟိုတလောက ဘလော့ဂါပန်ဒိုရာရဲ့ (သာသည့်မြေသို့)ဆိုတဲ့ပို့စ်တခုမှာ ကျနော့်ထုံးစံ ငြင်းကြခုံကြတော့ ပန်ဒိုရာက “ကိုပေါဟာ စလုံးမပေါင်ဖြူဖြူလေးတွေကို စွဲလန်းလို့ စင်္ကာပူက မခွဲနိုင်မခွာရက်တာ ဖြစ်နိုင်တယ်” ဆိုတာမျိုး ကောက်ချက်ဆွဲပြတော့ ကျနော့်မှာ ဖတ်ရင်းနဲ့ ရယ်ရသေးတယ်။ တကယ်က စလုံးမလေးတွေထက် ဥရောပသူ ပေါင်ဖြူမလေးတွေကို ပိုသဘောကျတာဗျ...။

အဲ....ဟို တက္ကသိုလ်တုန်းက သူငယ်ချင်းနဲ့ အခုနောက်ပိုင်းတွဲမသွားဖြစ်တော့ပေမယ့် ကျနော့်ရဲ့ ထူးခြားလှတဲ့ ကံဇာတာအကျိုးပေးကြောင့် လှတာလေးတွေမြင်ရင် လက်ကုပ်ပြမယ့်သူက ကျနော့်ဘေးမှာ အမြဲရှိနေပါသေးတယ်။ တခြားလူမဟုတ်ပါဘူး။ မဒမ်ပေါ..ပါ။ မဒမ်က ဥရောပလှပျိုဖြူလေးတွေကို ကျနော်မတွေ့ခင် သူသာအရင်မြင်လိုက်ရင် အတင်းလက်ကုပ်ပြတော့တာပါဘဲ။ ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ ဇနီးမယား ပါလဲ။

ဟိုတနေ့က မြို့ထဲကို အသွား ပလက်ဖောင်းပေါ်မှာ မျက်နှာချင်းဆိုင်က လာတဲ့ အဖြူမလေး နှစ်ယောက်ဟာ ဘာကြောင့်မှန်းမသိ ကျနော့်ကို အသေအချာ စူးစူးစိုက်စိုက် ကြည့်သွားကြပါတယ်။ ရုပ်ရှင်ထဲက လူကြမ်းတယောက်ယောက်နဲ့ တူလို့ ကြည့်တာလဲ ဖြစ်နိုင်ပါတယ်။း-) အဲဒါကို မဒမ်မြင်သလို ကျနော်လည်း သတိထားလိုက်မိတယ်။

မဒမ်က ပြောတယ်။ “ကိုကို....မင်းကို ဟိုက အဖြူမလေးနှစ်ယောက်က သေသေချာချာ ကြည့်သွားတယ်..သိလား၊ အဲဒါ မင်းမြင်လိုက်ရဲ့လား”...တဲ့။ အဲဒါကို ကျနော်က “အေးလေ၊ မြင်သားပဲ။ အဲဒါဘာဆန်းသလဲ” ဆိုပြီး ရိုးအီနေတဲ့ အိုက်တင်မျိုးလုပ်ပြလိုက်တော့ မဒမ့်ခမြာက တက်မတတ်ချက်မတတ် ရယ်ရှာပါတော့တယ်။ “အံမယ်လေးဟယ်...ပြောမိတာ မှားပါတယ်”...တဲ့။

နေဦးဗျ။ ဖော်တာချွတ်တာနဲ့ ပတ်သက်လို့ ပြောရရင်....စင်္ကာပူက ဆင်ဆာတွေက ၀တ်တာဆင်တာ နည်းနည်းပါးပါး ဖော်ရင်၊ ပေါ်ရင်လည်း အဲဒီနေရာကို နည်းပညာနဲ့ ၀ါးလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက ဒစ္စကာဗာရီ တီဗီလိုင်းမှာ လူရိုင်းတွေအကြောင်းလာရင် လူရိုင်းတွေရဲ့ ပစ္စည်းပစ္စယတွေများ တိုးလိုးတွဲလောင်းနဲ့ မမြင်ချင်အဆုံးဗျာ။ လူရိုင်းတွေကို လူလို့ မသတ်မှတ်တဲ့ သဘောလားတော့ မသိပါဘူး။

ကျနော် သုံးသပ်မိတာ တခုရှိတယ်။ တကိုယ်လုံးကို ဖုံးလွှမ်းပြီး လုံလုံခြုံခြုံဝတ်ကြတဲ့ လူ့အဖွဲ့အစည်းတွေမှာ နည်းနည်းပါးပါး ပေါ်တာ၊ဖော်တာကို မြင်ရရင် ရင်ခုန်လှုပ်ရှားကြပြီး မရိုးမရွ စိတ်တွေ ပေါ်တတ်ကြတယ်ထင်ပါရဲ့။ စောစောက ရွှေမန်းတင်မောင်သီချင်းထဲက ရသေ့ဈာန်လျှောရရှာသလိုပေါ့။ အ၀တ်မကပ်တဲ့ လူရိုင်းတွေလို လူ့အဖွဲ့အစည်းမှာတော့ တင်သား၊ ရင်သားတွေကို ပကတိအတိုင်း အထင်းသားမြင်နေရလည်း ထူးခြားပြီး မရိုးမရွ မဖြစ်စေတော့သလိုပဲ။

အဲဒီတော့ အ၀တ်အစားကို လုံလုံခြုံခြုံဝတ်ဆင်တာဟာ လိင်စိတ်ကို မလှုံ့ဆော်စေချင်လို့ ဆိုတဲ့ အယူအဆဟာ အလုံးစုံ မှန်မှ မှန်ပါ့မလားလို့ စဉ်းစားမိလာတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည်လို လုံလုံခြုံခြုံဝတ်ဆင်တဲ့ လူ့အဖွဲ့အစည်းမှာမှ ခြေသလုံးပေါ်တာကြည့်ရုံနဲ့ မရိုးမရွ ဖြစ်တတ်ကြတာမျိုးကလား။ အ၀တ်အစားကို လုံလုံခြုံခြုံဝတ်ခြင်းဟာ လိင်စိတ်ကို Pressure Cooker လို ပေါင်းဖိုထဲမှာ ဖိအားများများနဲ့ နှိပ်ကွပ်ထားပြီး နည်းနည်းလေးဖော်လိုက်တာနဲ့ အင်နဲ့အားနဲ့ ပေါက်ကွဲထွက်လာစေအောင်များ ရှေးလူကြီးတွေက ပရိယာယ်ေ၀၀ုစ်နဲ့ တမင်သက်သက် စီမံထားခဲ့လေရော့သလားလို့ ရောက်တတ်ရာရာ တွေးတောမိသလို တင်ပြလိုက်ပါတယ်။
Read more

“အင်တဲလ် အင်ဆိုက်ဒ်”


(ဤပုံကို ဤနေရာမှ ကူးယူထားခြင်း ဖြစ်ပါသည်။)

intel inside တဲ့။

ကွန်ပြူတာဝယ်လိုက်တိုင်း အဖုံးပေါ်က တံဆိပ်ကလေးက ငါ့ကို ပြုံးပြနေတယ်။

ဘယ်လောက် ဂိုင်ဂါဟတ်ဇ် ( GHz ) လဲ။

Core 2 Duo လား။ Core 2 Quad လား။
ဘယ်လောက် ပေးခဲ့ရသလဲ။

ပရိုဆက်ဆာ (Processor)တွေက အမျိုးမျိုး အစားစား။

တချို့ကလည်း တွက်ချက်နိုင်မှု စွမ်းရည်မြင့်မားတယ်။

တချို့ကလည်း ဈေးပေါပေါနဲ့မို့ စွမ်းရည်နိမ့်တယ်။

တချို့ကွန်ပြူတာတွေမှာ အချက်အလက်တွေကို ထိန်းသိမ်းသိုလှောင်နိုင်တဲ့ Memory အရွယ်အစား ကြီးမားပါရဲ့။ တချို့ကွန်ပြူတာတွေမှာတော့ အချက်အလက်များများ မဆံ့ဘူး။

ကွန်ပြူတာကို မောင်းနှင်ဖို့အတွက် Operating System တခုခုတော့ လိုသပေါ့။ အဲသည် အပေါ်မှာ ထပ်ဆင့်ပြီးတော့မှ အသစ် အသစ်သော၊ အမျိုးမျိုးအစားစားသော ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲ တွေကို ထပ်မံ တပ်ဆင်သုံးစွဲကြပြန်တယ်။

မော်ဒယ်အောက်နေတဲ့ စက်တွေမှာ နောက်ဆုံးပေါ် Operating System တွေကို တင်ပြီး သုံးဖို့ခက်တယ်။

သူ့မှာ အနိမ့်ဆုံးလိုအပ်တဲ့ Computing Power နဲ့ RAM size ကလည်း လိုသေးတယ်မို့လား။

မော်ဒယ်နိမ့်တဲ့ စက်တွေမှာ နောက်ဆုံးပေါ် ပရိုဂရမ်တွေ တပ်ဆင်အသုံးပြုရင် သုံးနေရင်း Hang သွားတတ်တာကလည်း သဘာဝ။ တချို့ကျတော့လည်း Compatible မဖြစ်ဘူးတဲ့။

မော်ဒယ်နိမ့်တဲ့ စက်တွေကို ဆက်သုံးချင်သေးရင်တော့ နည်းနည်းပါးပါး Upgrade လုပ်ပေးရတယ်။

Upgrade လုပ်လို့မရရင်တော့ “ကာရန်ကူနီ” ခေါ်တဲ့ အဟောင်းဝယ်တဲ့လူဆီမှာ နှစ်ပဲခြောက်ပြားလောက်နဲ့ ရောင်းလိုက်။ ဒါမှမဟုတ် အမှိုက်ဟောင်း စွန့်ပစ်တဲ့နေရာမှာ အသာသွားချထားလိုက်။

ကွန်ပြူတာမော်ဒယ်တိုင်းဟာ သူ့ခေတ်သူ့အခါလျောက် အသုံးဝင်ခဲ့တာမှန်ပေမယ့် အချိန်ကြာလာတဲ့အခါ၊ မော်ဒယ်အောက်လာတဲ့အခါမျိုးမှာ အသစ်အသစ်သော မော်ဒယ်တွေက အစားထိုးနေရာယူသွားကြတာ ဓမ္မတာပဲ။

မော်ဒယ်မြင့်တဲ့ စက်တွေမှာတောင် အချက်အလက် (data)တွေကို သွင်းပေးဖို့ ထုတ်ပေးဖို့အတွက် Input, Output port တွေ၊ User Interface တွေ မပါဘူးဆိုရင် အလကားပဲ။ သိပ်အသုံးမတည့်လှဘူး။ ပါပြန်တော့လည်း ဗိုင်းရပ်စ်ကြောက်လို့ဆိုပြီး ပြင်ပကမ္ဘာက ဒေတာတွေကို မသွင်းမထုတ်ရဲပဲ ပိတ်ထားလို့ မရပြန်ဘူး။

တချိန်က ကိုယ်ဈေးကြီးပေးဝယ်ခဲ့ပြီး အမြတ်တနိုး တယုတယ ကိုင်တွယ်ခဲ့ရပေမယ့် ကွန်ပြူတာတွေဆိုတာ တချိန်ကျတော့လည်း စွန့်ပစ်လိုက်ရတာပါဘဲလေ။ အစွဲအလန်းကြီးမားသူတွေကတော့ အဟောင်းကလေးကိုပဲ တသသ ကိုင်တွယ်ရင်းနဲ့ ပရိုဂရမ်အသေးစားလေးတွေ၊ ဆော့ဖ်ဝဲ အဟောင်းအမြင်းလေးတွေနဲ့ နှစ်ပါးသွားကြလေတယ်။

Operating System တွေ၊ ဆော့ဖ်ဝဲ တွေဆိုတာလည်း ဒီအတိုင်းပါဘဲ။ အချိန်နဲ့အမျှ အသစ်အသစ်တွေ ထွက်လာနေတာ။ တချို့သူတွေလည်း ဆော့ဖ်ဝဲဗားရှင်း (Softwares Version)အသစ်တွေကို မရင်းနှီးလို့ သုံးစွဲရမှာကို ကြောက်ရွံ့ကြ။ တချို့ကျတော့လည်း လက်ရှိသုံးနေတဲ့ ဗားရှင်းကို အားမရလို့ အသစ်ကိုစောင့်မျှော်ကြ။ တီထွင်ကြ။

ဘာပဲဖြစ်ဖြစ်......ကွန်ပြူတာနည်းပညာနဲ့ ဆော့ဖ်ဝဲ Industry ကတော့ အကြီးအကျယ် တိုးတက်ဆဲ၊ အလုပ်ဖြစ်ဆဲပါ။
Read more

“လွတ်လပ်ခြင်းနှင့် ရွေးချယ်မှု”

အရေးပေါ်ကိစ္စတွေမှာ အသည်းအသန်အာရုံနှစ်ဘို့ ကြိုးစားရင်း အရေးကြီးတဲ့ ကိစ္စတွေကို အရေးမပါသယောင် မျက်ကွယ်ပြုခဲ့ကြ။

ခွေးရူးကို ရင်မဆိုင်ရဲလို့ ခွေးရူးကိုက်ခံရသူတွေကို ဆေးလိုက်ကုပေးရုံနဲ့ဘဲ ကျေနပ်နေခဲ့ကြ။

အခြေအနေကို အလွယ်တကူ မပြောင်းလဲနိုင်ရုံနဲ့ ကိုယ့်ယုံကြည်ချက်ကိုဘဲ နည်းနည်းချင်း နှဲ့နှဲ့ပြီး ပြောင်းလဲယူခဲ့ကြ။

လွတ်လပ်မှုကို မြတ်နိုးတယ်ပြောပြီး တကယ်တမ်းမှာ လွတ်လွတ်လပ်လပ် မထုတ်ဖော်ရဲ၊ မပြုမူရဲ။ လွတ်လပ်မှုအပေါ် ယုံကြည်မှုက နည်းခဲ့ကြရှာ။
******************************************************************
ပါးစပ်ပါရင် လွတ်လပ်စွာ ပြောခွင့်ရှိတယ်။ လက်ပါရင် လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်။ ခြေထောက်ပါရင် လွတ်လပ်စွာ သွားလာ စုဝေးခွင့်ရှိတယ်။ ဒါပေမယ့် အတွေးမှာ မလွတ်လပ်ရင်တော့ (အကြောက်တရားကြီးစိုးနေရင်တော့) အိမ်ထဲမှာဘဲ အသာကုပ်ပြီး နှုတ်ပိတ်နေရတယ်။

ဒီနေရာမှာ သူရဲဘောကြောင်မှုကို အနုပညာနဲ့ ဖုံးကွယ်ဘို့ ကြိုးစားနိုင်တယ်။ ယုတ္တိဗေဒနဲ့ အကြောင်းပြဆို ဆင်ခြေတက်နိုင်တယ်။ ကျမ်းကိုးကျမ်းကားနဲ့ အမှန်တရားဆိုတာ သူ့ဘက်က ကြည့်တော့လည်းအမှန်၊ ကိုယ့်ဘက်က ကြည့်တော့လည်း အမှန် ဆိုပြီး “လက်ဖမိုး၊ လက်ဖ၀ါး” မဲပြာပုဆိုးကို လူမြင်ကွင်းမှာ ထုတ်ပြီး ဖွပ်လျှော်ပြကြမယ်။ အဲသလို ဖွပ်လျှော်တိုင်းသာ သမိုင်းအညစ်အထေးတွေ ကင်းစင်စေမယ်ဆိုရင်....အဲသလို ဖွပ်လျှော်လိုက်တိုင်းသာ လိပ်ပြာသန့်ရှင်းသွားမယ်ဆိုရင်..... ခေတ်သစ်သမိုင်းမှာ ဟစ်တလာတို့ စတာလင်တို့ ဦးနေ၀င်းတို့ လူဆိုးဖြစ်စရာအကြောင်းမရှိဘူးထင်တယ်။ သူတို့ရဲ့ ၀ါဒဖြန့်ယန္တရားဆိုတဲ့ အ၀တ်လျှော်စက်က အများကြီး ပိုအားကောင်းတယ်လေ။

မာယာကင်းသူတွေကတော့ “ကျနော်တို့ကတော့ ၀န်ခံတယ်။ ကြောက်တယ်” လို့ (အနည်းငယ်အောက်တန်းကျစွာ) ရိုးသားပြရှာကြ။

အမှန်တရားဘက်ကထောက်ခံမိလို့ လက်ငင်းကိုယ့်အကျိုးစီးပွား ယုတ်လျော့မှာကို ကြောက်လေသလား။

မိတ်ဆွေလေးတယောက်ကတော့ ပြောဘူးတယ်။ အဲဒါဟာ Myopic Self-interest တဲ့။ ရေတိုအကျိုးစီးပွားအတွက် ရေရှည်မှာ ကိုယ့်ကို တဖန်ပြန်အကျိုးယုတ်မှာကို မမြင်နိုင်ခြင်းပေါ့လေ။ အမြင်မကျယ်ဘူး တနည်း အရှည်သဖြင့် မမြင်နိုင်ဘူးလို့ဘဲ တိုတိုဆိုကြစို့ရဲ့။

*******************************************************************

စုစုနွေးကို ရှက်ပါ။ ကျူရှင်ဆရာကိုအောင်ဖေကို ရှက်ပါ။ ဆရာတော် ဦးဂန္ဘီရကို ရှက်ပါ။ ကိုမင်းကိုနိုင်ကို ရှက်ပါ။ ဦးဝင်းတင်ကို ရှက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ရှက်ပါ။

ဒီသူရဲကောင်းအာဇာနည်တွေ အားလုံးကို စစ်အစိုးရက အကျယ်ချုပ်၊ အကျဉ်းချုပ် ချထားပေမယ့် သူတို့ရဲ့ လွတ်လပ်တဲ့အတွေးအခေါ်၊ လွတ်လပ်တဲ့ သဘောထား၊ လွတ်လပ်တဲ့ နှလုံးသားကို အကျဉ်းချမထားနိုင်ပေဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးဟာ အကြောက်တရားရဲ့ စိုးမိုးမှုအောက်က လုံးလုံးလွတ်မြောက်နေကြတယ်။

လူအများမှီတင်းနေထိုင်ရာ နိုင်ငံတော်ကြီးကို လွတ်မြောက်စေချင်ရင် ကိုယ်ကိုယ်တိုင်က အနည်းဆုံး အကြောက်တရားကနေ လွတ်မြောက်နေဘို့တော့ လိုပေမပေါ့။ အကြောက်တရားရဲ့ အကျဉ်းသားဖြစ်နေသရွေ့ ဘယ်နေရာဘဲ ရောက်ရောက်၊ ဘယ်နိုင်ငံဘဲ ရောက်ရောက် အမှန်တကယ် လွတ်မြောက်သူတဦး မဖြစ်နိုင်ဘူး။

တချို့သောအရာတွေကို ရယူဘို့ဟာ ခက်ခဲတာ၊ အချိန်ယူရတာမှန်ပေမယ့် လုပ်သင့်လုပ်ထိုက်တာမို့ လုပ်နေတယ်ဆိုတဲ့ ခံယူချက်နဲ့ လုပ်သွားဘို့လိုတယ်။ ရလဒ်ကို မျှော်ကိုးပြီး လုပ်တာမျိုးမဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ တချို့သော ရလဒ်တွေဟာ ချက်ချင်းလက်ငင်း သိသာထင်ရှားတာမျိုးမဟုတ်။ ရလဒ်ကို မျှော်ကိုးလုပ်တဲ့လူတွေရဲ့ အားနည်းချက်ကတော့ တစုံတခုဟာ သူမျှော်မှန်းသလို ချက်ခြင်းလက်ငင်း ဖြစ်မြောက်မလာရင် အလွယ်တကူ အားလျော့၊ အားပျက်သွားတတ်ခြင်းဘဲ။

ငယ်ငယ်က သူငယ်တန်းဖတ်စာမှာသင်ရတဲ့ သရက်ပင်စိုက်တဲ့အဖိုးအိုကို နမူနာယူ သင့်ကြပါတယ်။ အဖိုးအိုဟာ သူစိုက်တဲ့ သရက်ပင်ကလေး အသီးသီးတဲ့အထိ လူ့ဘ၀မှာ နေရတော့မှာ မဟုတ်မှန်း သူသိပေမယ့် ဒီသရက်ပင်ရဲ့ အသီးအပွင့်ကို နောင်လာနောက်သားတွေ စားရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားတဲ့အချက်ဟာ အင်မတန် လေးစားဂရုပြုသင့်တဲ့အချက်ပါ။

*******************************************************************

စာပေဟောပြောပွဲတခုမှာ ဆရာအောင်သင်းပြောသွားဘူးတာလေးတခုကို သတိရမိတယ်။

“ဟောဒီစင်မြင့် အစွန်နားမှာ အခမ်းအနားမှူး ရပ်နေတယ်။ သူ့ကို နောက်က တယောက်က အလစ်မှာ ရုတ်တရက်ဆောင့်တွန်းချလိုက်မယ်ဆိုရင် စင် အောက်ကို မုချ ပြုတ်ကျသွားရမှာဘဲ။ အဲဒီအချိန်မှာ....သူ့အနေနဲ့....ငါပြုတ်ကျသွားရရင် ကောင်းမလား။ ဒါမှမဟုတ်... မပြုတ်ကျဘဲ နေရရင် ကောင်းမလား ဆိုတဲ့ ရွေးချယ်စရာလမ်း သူ့မှာမရှိဘူး။”

“ဒါပေမယ့် အခု ဆရာဖေမြင့် ဟောပြောပြီးပြန်သွားတော့ စင်ပေါ်မှာ သူ့မျက်မှန် ကျန်ရစ်ခဲ့တယ်ဆိုပါစို့။ အဲဒါကို အခမ်းအနားမှူးကတွေ့တော့... ပထမ တနည်းက အဲဒီမျက်မှန်ကို ဆရာဖေမြင့်ဆီ ပြန်ပို့ပေးလို့ရတယ်။ ဒါမှမဟုတ်....ဟာ....ဒီမျက်မှန်၊ အနည်းဆုံး ငါးရာလောက်တော့တန်တယ်။ ငါ...သိမ်းထားလိုက်မယ်။.......အဲဒီမှာ ရွေးချယ်မှုက စလာပြီ။ အဲဒီ ရွေးချယ်မှုအပေါ်မှာ မူတည်ပြီး အခမ်းအနားမှူးရဲ့ ရိုးသားမှုကို အကဲဖြတ်လို့ရတယ်”

******************************************************************

မိမိရဲ့ ရေတိုအကျိုးစီးပွားကို ကြည့်ပြီး အမှန်တရားဘက်မှာ ရပ်ခြင်း၊ မရပ်ခြင်း။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခြင်း၊ မလုပ်ခြင်း။ ရိုးသားခြင်း၊ မရိုးသားခြင်း အားလုံးဟာ မိမိရဲ့ ရွေးချယ်မှုအပေါ်မှာဘဲ မူတည်ပါတယ်။ အဲဒီရွေးချယ်မှုအပေါ်မှာ မူတည်ပြီးတော့ဘဲ မိမိဟာ ဘယ်လိုလူဖြစ်တယ်ဆိုတဲ့ မိမိရဲ့ မှတ်တမ်းကို မိမိတို့ဘာသာ ရေးကြမှာ ဖြစ်ပါတယ်။

မြန်မာပြည်ကြီး စစ်အာဏာရှင်အောက်က လွတ်မြောက်ဘို့ရာမှာတော့ အကြောက်တရား အောက်က လွတ်မြောက်တဲ့လူတွေ၊ ရိုးသားတဲ့လူတွေ၊ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့ မဆုတ်မနစ်လုပ်တဲ့လူတွေသာ အမြောက်အမြားလိုအပ်လျက်ရှိသည်ဟု ထင်မြင်ပါကြောင်း။
Read more

“သစ္စာသည်သာ အလှတရား”

ကဗျာဆရာ ဒေါင်းနွယ်ဆွေ မကွယ်လွန်ခင် ဆေးရုံပေါ်မှာနောက်ဆုံးရေးစပ်သွားတဲ့ ကဗျာလေးတပုဒ်ကို အဲဒီခေတ်အခါက လစဉ်ထုတ် မြန်မာမဂ္ဂဇင်းတိုင်းလိုလိုမှာ ဖော်ပြကြတယ်။ ကဗျာက….

ငါသေတဲ့အခါ
ဘာအမွေများ ထားခဲ့ရပ
အို…လောကတ၀ှမ်းလုံး
အချောအလှအဆန်းဆုံး
သဘောဓမ္မလွှမ်းဖုံး
မနောမယပန်းကုံးတွေကို
တေးဖွဲ့ကာ ကဗျာတွေသီလို့
အသည်းလွှာမြေမဟီဝယ်
အုတ်ဂူလုပ်ကာ မြှုတ်ခဲ့မည်ပ…..တဲ့။

(နှစ်တွေလည်းကြာခဲ့ပြီမို့ ကျနော်အမှတ်လွဲပြီး မူရင်းနဲ့ ကွဲပြားနိုင်ပါတယ်။)

အဲဒီခေတ်က ရှုမ၀မဂ္ဂဇင်းမှာ... ဒေါင်းနွယ်ဆွေ အပါအ၀င် ကဗျာဆရာတော်တော်များများရဲ့ ကဗျာတွေကို သရုပ်ဖော်ပေးတာက ဗဂျီအောင်စိုး။ သူ့ပန်းချီတွေက မော်ဒန်အတ် ခေါ်မယ်ထင်ပါရဲ့။ အဲသည်တုန်းက ကျနော်ဟာ ကလေးသာသာအရွယ်ဆိုတော့ သူ့ပန်းချီတွေကို ကောင်းကောင်းနားမလည်။ (အဲ…အခုလည်း သိပ်နားမလည်လှပါ)။ သူ့ပန်းချီပုံမှာ လက်မှတ်ထိုးရင် အ၀ိုင်းလေးတခုမှာ ဘေးက အ၀ိုင်းသေးသေးလေးတွေ ၀န်းရံပြီး “သစ္စာသည်သာ အလှတရား” ဆိုတဲ့ သူ့လက်ရေး စာကြောင်းလေးကလည်း အမြဲပါတယ်။ ကျနော်က သူ့ပန်းချီတွေကိုသာ နားမလည်တာ။ အဲသည် စာကြောင်းလေးက မြင်ပါများတော့ ခေါင်းထဲစွဲနေတယ်။ အဲဒီတုန်းကတော့ ဒါဟာ ဗဂျီအောင်စိုးရဲ့ ထွင်လုံးသက်သက်၊ သူ့ဖီလော်ဆော်ဖီဘဲလို့ ယူဆခဲ့တာက လွဲလို့ သိပ်ပြီး လေးလေးနက်နက် မတွေးခဲ့ပါဘူး။

ဒါပေမယ့်…အခုအချိန်မှာတော့ သစ္စာသည်သာ အလှတရားဆိုတာကို လက်ခံလာတယ်။ သစ္စာတရားဆိုလို့ သစ္စာလေးပါး မြတ်တရားလောက်အထိကို တွေးမနေပါနဲ့ဦး။ နေ့စဉ်ဘ၀မှာ ကြုံတွေ့နေရတဲ့ သစ္စာတရား၊ အမှန်တရားတွေကို ကျနော်တို့အားလုံး ဘယ်လောက်အထိ လက်ခံနိုင်သလဲ။ တကယ်တော့ လူ့ဘ၀မှာ လူတွေက အမှန်တရားကို မျက်ကွယ်ပြုဘို့ ကြိုးစားနေကြလို့သာ။ တကယ့်တကယ် အမှန်တရားကို ရှင်းရှင်းလင်းလင်း လက်ခံနိုင်ကြမယ် ဆိုရင် ရှုပ်နေတာတွေ ရှင်းသွားမယ်။ ကောက်ကွေ့နေတာတွေ ဖြောင့်ဖြူးသွားမယ်။

အမဲကို မြင်ပါလျက် အဖြူပါလို့ ပြောနေရတာဟာ စိတ်ပင်ပန်းစရာကောင်းလှပါတယ်။ မဲရင် မဲတယ်။ ဖြူရင်ဖြူတယ်ပေါ့။ တခါတလေကျတော့လည်း သတ္တိကြောင်တဲ့အခါမျိုးမှာဖြစ်ဖြစ်၊ လောဘဇောတိုက်လို့ အတ္တထူပိန်းလွန်းသွားတဲ့အခါမှာဖြစ်ဖြစ် အဖြူအမဲ သဲကွဲနေပါလျက်နဲ့ အဖြူအမဲမသဲကွဲတဲ့ (Grey Area)တွေ လို့ ရောချနေကြတဲ့ အဖြစ်တွေလည်းရှိတယ်။ မာယာတွေ တပုံတပင်နဲ့ ချီတက်ကြရင်း တခါတလေမှာ ကိုယ့်မာယာတောမှာ ကိုယ် မျက်စိလည်နေကြရတာတွေလည်း ရှိတယ်။

တကယ်ကျတော့ မသိနားမလည်မှု (Ignorance) ကြောင့် အမှားအမှန်မခွဲခြားတတ်တာက ပြုပြင်ဘို့ သိပ်မခက်ဘူးလို့ ကျနော် ယူဆပါတယ်။ မသိတဲ့လူက သူသိသွားတဲ့တချိန်မှာ ပြုပြင်ရအရမ်းလွယ်တယ်။

ဟော… အမှားအမှန်ကို သိသိကြီးနဲ့ တမင်သက်သက် ရူးချင်ယောင်ဆောင်တာမျိုးကတော့ ပြောရဆိုရ အရမ်းကို ခက်တယ်။ အဲဒါကြောင့်လည်း ဗမာဆိုရိုးစကားမှာ “အိပ်ချင်ယောင် ဆောင်တဲ့သူကို အနှိုးရခက်တတ်တယ်”လို့ ဆိုကြတာပေါ့။ ကနေ့ခေတ် မြန်မာ့နိုင်ငံရေး ပြဿနာမှာလည်း အိပ်ချင်ယောင်ဆောင်တဲ့သူတွေ၊ ရူးချင်ယောင်ဆောင်တဲ့သူတွေ၊ နှာစေးနေတဲ့သူတွေ၊ အတင်းအဓမ္မ ဒိုင်လူကြီးလုပ်ချင်သူတွေ ဒုနဲ့ဒေး။ အဲဒီသူတွေကို သွားပြီးတော့များ တရားပြမယ်မကြံနဲ့။ ဘုန်းကြီးတစ္ဆေလိုဘဲ။ ကျမ်းကိုးကျမ်းကား တသီကြီးဆွဲထုတ်ပြီး ကိုယ့်ကိုတောင် တရားပြန်ဟောလိုက်ဦးမယ်။

နာမည်ကြီး အယ်ဒီတာ စာရေးဆရာတယောက် ကျနော်တို့ စက်မှုတက္ကသိုလ် စာပေဟောပြောပွဲမှာ လာပြီး ဟောပြောစဉ်က မာန်ပါပါနဲ့ စင်မြင့်ပေါ်က ရွတ်သွားတဲ့ ကဗျာထဲက စာသားတချို့ကို ယခုတိုင် ကျနော့်နားမှာ ကြားယောင်လျက်ရှိဆဲ။

“အမှန်တရားဆိုတာ
လှံနဲ့ထိုး လှံကျိုး
ဓါးနဲ့ထိုး ဓါးကျိုး
မသေတဲ့ အမျိုး”….တဲ့။

အင်း….အခုတော့ မည်သို့သော စွမ်းအားတရပ်က မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲ လိုက်လေသည်မသိ။ အဲသည်ဆရာကိုယ်တိုင်ပင်လျှင် ဖြောင့်တန်းနေသော အမှန်တရားကို ကွေးကောက်အောင် ပုံသွင်းဘို့ မချိမဆန့် ကြိုးစားနေပုံကို မြင်ရတာတော့ မြင်ရသူအဖို့ပါ စိတ်မသက်သာစရာ။

ဒါပေမယ့်လည်း သူဆိုခဲ့သလိုပင် အမှန်တရားဆိုတာ ထိုးနှက်ထုရိုက်လို့ ကောက်ကွေးသွား တတ်တာမျိုး မဟုတ်လေတော့ ထိုးနှက်ဘို့ ကြိုးစားသူများသာလျှင် ကြေမွပျက်သုဉ်းသွားရတဲ့ သာဓကတွေကို ကျနော်တို့မျက်မှောက်မှာပင် တပုံတပင်ကြီး တွေ့ခဲ့ကြရပြီ မဟုတ်ပါလား။

နောက်တခုက အမှန်တရားနဲ့အတူ အမြဲလိုလို ယှဉ်တွဲတွေ့ရလေ့ရှိတာက ရိုးဖြောင့်ခြင်း။

ရိုးသားတယ်၊ ဖြောင့်မတ်တယ်ဆိုတာ ဟန်ဆောင်မှုကင်းပြီး အရှိကိုအရှိအတိုင်း၊ ပကတိအတိုင်း မဖုံးကွယ်ဘဲ နေတာထိုင်တာ ပြုမူပြောဆိုတာလို့ ကျနော်နားလည်ပါတယ်။ ဘယ်လူ့အသိုင်းအ၀ိုင်းမှာမဆို ရိုးသားတာကို တန်ဘိုးထားကြပါတယ်။

အရှိကို အရှိအတိုင်း၊ ပကတိအတိုင်း မဖုံးမကွယ် နေထိုင်ပြုမူ ပြောဆိုတာဟာ မာယာကင်းတဲ့ သဘော။ လှည့်ဖြားခြင်း ကင်းတဲ့ သဘော…..လို့ ကျနော်ထင်တယ်။ အဲသည်လို သဘောသဘာဝရှိသူမှာ ရှိတဲ့ဂုဏ်ဟာ ရိုးဂုဏ်ပေါ့။

ကလေးတွေ ချစ်စရာကောင်းတဲ့အချက်တွေထဲမှာ မာယာပရိယာယ်ကင်းခြင်းလည်း တချက် ပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

ရွှေဥဒေါင်းရဲ့ “တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ” စာအုပ်ထဲမှာ လူကြီးလူကောင်းတွေနဲ့ ပတ်သက်လို့ “အမျိုးမြတ်ခြင်းအတွက် မာန်မတက်သော်လည်း ရိုးဖြောင့်ခြင်းအတွက် ဂုဏ်ယူတတ်တယ်” ဆိုတဲ့ စကားလေးကို ကျနော် အင်မတန် နှစ်သက်ပါတယ်။

လက်တွေ့မှာတော့ လူတွေဟာ အသက်ကြီးလာ၊ ပညာတတ်လာတာနဲ့အမျှ မာယာလည်း များလာတတ်ကြတယ်။ ကိုယ့်အကြံအစည် ကိုယ့်အတွေးအခေါ်တွေကို တင်ပြတဲ့နေရာမှာ မာယာတွေ သုံးလာတတ် ကြတယ်။ အမှန်တရားကနေ သွေဖီချင်တဲ့အခါ ကိုယ့်လုပ်ရပ်ကို လူမသိအောင် မာယာတွေ သုံးလာကြတယ်။ အဲသည်အခါမှာ စောစောက ပြောခဲ့တဲ့ “လောကတ၀ှမ်းလုံး၊ သဘောဓမ္မလွှမ်းဖုံး၊ မနောမယ ပန်းကုံးလေးတွေ”ကို ချောင်ထိုးလိုက်ပြီး မာယာမျက်နှာ ဖုံးစွပ်လို့ အမှန်တရားကို ထိုးနှက်တိုက်ခိုက်ဘို့ ကြိုးစားလာတော့တာပါဘဲ။

အမှန်တရားအတွက် တော်လှန်နေကြတဲ့ စစ်မြေပြင်မှာ အဲဒီမာယာစစ်သည်တွေရဲ့ စစ်ချီတေးသံတွေကြောင့် ရံဖန်ရံခါဆိုသလို အခိုက်အတန့် အခြေအနေ ရှုပ်ထွေးသွား တတ်တာတော့ ရှိပါတယ်။ နောက်ဆက်တွဲ အကျည်းတန်တဲ့ မြင်ကွင်းတွေလည်း အခိုက်အတန့် ဖြစ်ပေါ်လာကြတတ်ပါတယ်။ ဒါပေမယ့် အချိန်တန်တော့လည်း သမိုင်း စာမျက်နှာတွေမှာ အောင်ဆန်းလို ရိုးဖြောင့်တဲ့ သူတွေက ဘယ်လိုနေရာမှာ မှတ်တမ်းတင်ခံရ သလဲ။ မရိုးဖြောင့်တဲ့ မာယာစစ်သည်တွေက ဘယ်နေရာမှာ နေကြရသလဲ။ သူ့နေရာနဲ့သူ ထိုက်တန်သလို ကွဲပြားသွားကြပေမပေါ့။

လောလောဆယ်တော့ ကျနော်တို့တတွေဟာ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးကို စုံနံ့သာမြိုင်ရှာပုံတော်ဖွင့်နေကြစဉ် တော်လှန်ရေးဆိုတဲ့ တောလမ်းခရီးစဉ်တလျှောက်မှာ သစ္စာတရားကို လက်ကိုင်ထားလို့ မာယာစစ်သည်တွေရဲ့ တောခြောက်သံကို နားမယောင်မိဘို့ သတိထားကြရပေဦးမယ်။
Read more

“ဘွန်ဆိုင်း”



ဘွန်ဆိုင်းပင်တဲ့။
သစ်ပင်တော့ သစ်ပင်ပါဘဲ။
ဒါပေမယ့် သစ်ပင် အငယ်စား၊ အပုစားလေးပေါ့။
ဧည့်ခန်းမတွေ၊ ဥယျာဉ်တွေထဲမှာ ပသာဒအတွက် တကူးတက ပြုပြင်မွေးမြူထားတဲ့ သစ်ပင်ကလေးတွေ...ဟောဒီ ကမ္ဘာလောကမှာ ရှိနေကြတယ်။

ဘွန်ဆိုင်းပင်လေးတွေ အခုလို ပုနေ ညှက်နေတာဟာ မျိုးရိုးဗီဇကြောင့် မဟုတ်ရပါဘူးတဲ့။ အကိုင်း၊ အခက်၊ အရွက် နဲ့ အမြစ်တွေကို လွတ်လွတ်လပ်လပ် မကြီးထွားနိုင်အောင် ကာလ ရှည်ကြာ ပြုပြင်ပုံသွင်းခံထားရလို့သာပါတဲ့။

သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဘွန်ဆိုင်းပင်ရဲ့အစဟာ တရုတ်ပြည်မှာ ဟိုးလွန်ခဲ့တဲ့ နှစ် ပေါင်း ၂၀၀၀ ခန့် ဟန်မင်းဆက် လက်ထက်ကတည်းက စခဲ့တယ် လို့ ယူဆကြပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ဗီယက်နမ်တို့မှာ ဘွန်ဆိုင်းပင်ကို အသွင် အမျိုးမျိုးနဲ့ တွေ့လာကြရတယ်။

သစ်ပင်တွေဘဲ ချုပ်ချယ်ပုံသွင်းခံရလေသလား.......။

အချို့သော လူမှုအသိုင်းအ၀ိုင်း၊ အချို့သော နေရာဒေသမှာ ရှင်သန်ကြီးပြင်းရတာဟာ လည်း လူဖြစ်ပေမယ့် ဘွန်ဆိုင်းပင်နဲ့ မခြားပါလားလို့ တွေးမိတယ်။

လွတ်လပ်စွာ ရှင်သန်ဖွံ့ထွားခွင့်မရအောင် မိမိကြီးပြင်းရာ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းက နှစ်ရှည်လများဆိုသလို ပုံသွင်းပြုပြင်တာကို လှလှကြီး ခံလိုက်ရပြီးတဲ့ နောက်.... ကိုယ်တိုင် ဘွန်ဆိုင်းပင်ကလေးလို ပုညှက်ကြုံလှီသွားလေသလားလို့ ခံစားမိ ပါရဲ့။

ကျနော်တို့တတွေဟာ ဘွန်ဆိုင်းပင်လို လူသားတွေလား။

တချို့ကတော့ လူလိမ္မာလေးတွေ၊
လူယဉ်ကျေးလေးတွေ၊
ရိုးရာအစွဲအလမ်းကြီးသူလေးတွေ၊ လူကြောက်ကလေးတွေ၊
လူရိုးလူအ ကလေးတွေ.....
သရုပ်ပျက်လို့ သူများက သတ်မှတ်ထား တာတွေနဲ့ အနောက်တိုင်းအယူအဆလို့ သူများက ကင်ပွန်းတပ်ထားတာတွေကို ကိုယ်တိုင်ကြိုက်မကြိုက် ယောင်လို့တောင်မှ စမ်းသပ်မကြည့်ဝံ့တဲ့ သမားရိုးကျ လူ့ဘွန်ဆိုင်းလေးတွေ.....။

တချို့ကျတော့ ကိုယ့်ဘာသာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စံချိန်စံညွှန်းတွေ၊ ကျင့်ဝတ်သိက္ခာတွေ၊ တာဝန်ဝတ္တရားတွေ ကြားမှာ ကိုယ့်ဘာသာ ပိတ်မိပြီး မွန်းကြပ်နေတဲ့ ရှားရှားပါးပါး လူ့ဘွန်ဆိုင်းလေးတွေ....

ဒါပေမယ့် သစ်ပင်တွေမှာ ဘွန်ဆိုင်းပင်ကို အလှအပအဖြစ် ရှုမြင်တတ်သူတွေရှိသလို လူ့အဖွဲ့အစည်းမှာလည်း ကြုံလှီနေတဲ့ လူ့အဖွဲ့အစည်း (Retarded Society)ကိုမှ ပသာဒ ဖြစ်နေသူတွေလည်း ရှိလေရဲ့။

ဘွန်ဆိုင်းပင်ကလေးသာ စကားပြောတတ်ခဲ့မယ် ဆိုရင်....
“ဥယျာဉ်မှူးကြီးခင်ဗျား၊ ကျနော့်ကို သဘာဝအတိုင်း လွတ် လွတ်လပ်လပ် ရှင်သန်ကြီးထွားခွင့်ပေးပါ။ ကျနော်ဟာ တောင်ကုန်းထက်မှာ အရိုးပြိုင်းပြိုင်း အထီးကျန်ကျန် အရုပ် ဆိုးဆိုး ပသာဒမရှိတဲ့ သစ်ပင်ကြီးဘ၀နဲ့ နိဂုံးချုပ်ရလည်း ချုပ်ရပါစေတော့။ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်။ အကိုင်း အခက် အလက်တွေ ဝေေ၀စည်စည်နဲ့ လေပြည်ထဲမှာ၊ မုန် တိုင်းထဲမှာ၊ မိုးသည်းထဲမှာ၊ နေပူကျဲထဲမှာ လောကဓံကို ကြံ့ ကြံ့ခံရင်း သူလိုငါလို သာမန် သစ်ပင်တပင်ဘ၀နဲ့ဘဲ ရှင်သန် ပါရစေခင်ဗျား” .....လို့များ ပြောရှာလေမလားမသိ။

လူတွေမှာတော့ စကားပြောတတ်ပေမယ့် လူ့ဘွန်ဆိုင်းပင်ဘ၀မှာဘဲ ပျော်မွေ့နေချင်ကြသူတွေလည်း ဟောဒီကမ္ဘာလောကမှာ ရှိနေလေရဲ့။
Read more

“ငါမဆိုင်စိတ် မွေးသင့်သလား”

ကျနော်စီးလာသော ဘတ်စ်ကားသည် လှည်းတန်းမှတ်တိုင်မှ အထွက် လမ်းဘေးမှ စက်ဘီးနင်းလာသူတဦးနှင့် ပွတ်မိမလို ဖြစ်သွားသည်။

“ဟေ့....သေချင်လို့လား” ဘတ်စ်ကားဒရိုင်ဘာထံမှ ထွက်လာသော အသံဖြစ်သည်။

သို့နှင့် ဘတ်စ်ကားသည် မှတ်တိုင်များတွင် ရပ်လိုက်၊ မောင်းလိုက်နှင့် ခရီးဆက်လာသည်။ တနေရာတွင် ကားထွက်ပြီး မကြာခင် ၀ုန်းကနဲအသံကြီးနှင့်အတူ ဘတ်စ်ကား ထိုးရပ်သွားသည်။

“ဟာ...ဟိုကောင်၊ ကားကို ခဲနဲ့ ပေါက်ပြေးပြီ။ လိုက်လိုက်။ မလွတ်စေနဲ့” အသံများ ဆူညံပွက်လောရိုက်သွားသည်။

ကားစပယ်ယာသည် မော်တော်ကားဘီး ၀က်အူလှည့်ရာတွင် သုံးသော သံဒုတ်ကြီးကို ကားပေါ်က ဆွဲပြေးသွားတာလည်း မြင်လိုက်ရ၏။ ကားပေါ်မှ လှမ်းကြည့်လိုက်တော့ ကားကို ခဲဖြင့် ပစ်ပြေးသူ စက်ဘီးသမား (စောစောပိုင်းက ကားနှင့် တိုက်မိမလိုဖြစ်သောသူ)သည် စက်ဘီးပေါ် ကမန်းကတန်းတက်၍ လမ်းသွယ်လေးထဲသို့ ပြေးမည်လုပ်စဉ် စက်ဘီးချိန်းကြိုး ပြုတ်ကျသွားသည်ကို မြင်ရ၏။ လူများ ၀ိုင်းအုံသွားသည်။ ငါးမိနစ်လောက်အတွင်းမှာပင် အဖြစ်အပျက်များ မြန်ဆန်စွာ ဖြစ်ပျက်သွားသည်။

ခဏကြာတော့ ခေါင်းတွင် သွေးများယိုစီးလျက် သတိမေ့လျော့လျက်ရှိသော စက်ဘီးသမားကို ကားပေါ်သို့ ပွေ့တင်လာကာ ကားတံခါးများကို ပိတ်လိုက်သည်။ စပယ်ယာသည် သွေးစွန်းနေသော သံဒုတ်ကို မူလနေရာတွင် ပြန်ထိုးထည့်လိုက်သည်။ ကျနော်တို့နှင့်အတူ ကားပေါ်တွင် ကျန်ရစ်ခဲ့သော ဒရိုင်ဘာကို ကြည့်ရသည်မှာ အင်မတန်ပင် စိတ်ညစ်သွားဟန်ရှိသည်။

စပယ်ယာက ကားပေါ်ရှိခရီးသည်အားလုံးအား “ကဲ....ကဲ၊ ခရီးသည်တွေ အားလုံးမြင်ကြတယ်နော်။ ကားကို ခဲနဲ့ပေါက်ပြီးထွက်ပြေးလို့ နောက်ကနေ လူအုပ်လိုက်သွားပြီး ၀ိုင်းရိုက်ကြတာ။ အခု ဘယ်သူမှ ဆင်းလို့မရဘူး။ ရဲစခန်းကို သက်သေအဖြစ် လိုက်ခဲ့ကြရမယ်”

အချိန်မှာ ညနေတော်တော်စောင်းနေပြီဖြစ်သည်။ မပတ်သက်လိုသော ခရီးသည်များက ပူညံပူညံလုပ်သဖြင့် အင်းစိန်ကုန်းကျော်တံတားအလွန် ဟီးနိုးဂိတ်မှတ်တိုင်သို့ ရောက်သော အခါ ကားတံခါးပေါက်ကို တ၀က်တပျက် ဖွင့်ပေးကာ “ကဲကဲ အမျိုးသမီးများ ဆင်းကြပါ။ အမျိုးသားများကတော့ သက်သေလိုက်ခဲ့ကြဘို့ လိုပါတယ်” ဟု စပယ်ယာက အော်လေသည်။
သို့သော် တကယ်တမ်းတွင်မူ အမျိုးသားအချို့လည်း အလုအယက် တိုးဝှေ့ဆင်းသွားကြလေ သည်။ ထိုအထဲတွင် ကျနော့်အိမ်တွင် တည်းခိုနေသော ကျနော့်ညီဝမ်းကွဲလည်း ပါသွားရာ ကျနော့်မှာ စိတ်စနိုးစနောင့်ဖြစ်ရလေသည်။ အခြားကြောင့်မဟုတ်။ ကျနော်သည် ဤကိစ္စတွင် ရဲစခန်းသို့လိုက်ပြီး မျက်မြင်သက်သေအဖြစ် ရဲစစ်ချက်ခံဖို့ ဆုံးဖြတ်ပြီးဖြစ်ရာ ကျနော့်ညီဝမ်းကွဲကို အိမ်သို့ အရင်ပြန် ရောက်မသွားစေချင်ပါ။ အိမ်က မုချ စိတ်ပူမည် ဖြစ်သည်။

သို့နှင့် ရွာမရဲစခန်းသို့ ရောက်၏။ ကားပေါ်ကျန်ခဲ့သူများမှာလည်း ရွာမရဲစခန်းတွင် ကားရပ်ထားစဉ် မယောင်မလည်နှင့် ထလစ်ကြကုန်၍ နောက်ဆုံးတွင် မျက်မြင်သက်သေဟူ၍ ကျနော်နှင့် ရွှေပြည်သာမှ အကြော်သည်တဦးသာ ကျန်တော့သည်။

ရွာမရဲစခန်းက ၄င်းတို့ အပိုင်နယ်မြေထဲတွင် ဖြစ်ပွားသောအမှုမဟုတ်၍ လက်မခံ။ ဘုရင့်နောင် ရဲစခန်းသို့သွားရန် ပြော၏။ သို့သော် သတိမေ့နေသော လူနာကို ဒရစ်ပ်သွင်းကာ (လူနာတင်ကားမရှိ၍) ထိုပြဿနာဖြစ်သော ဘတ်စ်ကားကြီးနှင့်ပင် ရန်ကုန်ဆေးရုံကြီးသို့ ပို့စေသည်။

ရွာမကနေ ရန်ကုန်ဆေးရုံကြီးသို့ သွားရာလမ်း တလျှောက်လုံး လူနာသည် ဘတ်စ်ကား ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက်။ သတိလစ်လျက်ပင်။
ကျနော်နှင့် အကြော်သည် နှစ်ဦးသည် ဒရစ်ပ်ပုလင်းကို တလှည့်စီ ကိုင်ပေးရ၏။ ကျနော့်တို့နှစ်ဦးမှာ လူနာသေမည်ကို ပူပန်နေကြသည်။ ညနေစာလည်း ဘာမှ မစားရသေး။ အကြော်သည်က သူ့ဒန်ချိုင့်ထဲတွင် ညစာအတွက် ချန်ထားသော အကြော်နှစ်ခုကို ထုတ်ကာ ကျနော့်ကို ဝေမျှကျွေး၏။ ဒရိုင်ဘာနှင့် စပယ်ယာမှ ကျနော်တို့အား အန္တရာယ်ပြုနိုင်သည်ဖြစ်၍ အလစ်မပေးရဲချေ။

ဆေးရုံကြီးသို့ ရောက်သောအခါ ဆရာဝန်ကို ဆယ့်ငါးမိနစ်ခန့် စောင့်ရ၏။ လူနာကား သတိလုံးဝမလည်သေး။ ဆရာဝန်ရောက်လာတော့ လူနာ၏ မျက်ခွံကို လက်ဖြင့် ဖြဲဖွင့်၍ လက်နှိပ်ဓါတ်မီးအသေးကလေးနှင့် မျက်လုံးကို ထိုးကြည့်တာတွေ့ရ၏။ ပါးစပ်ကလည်း “ဟေ့လူ၊ ဟေ့လူ၊ နိုးပလား။ ကျုပ်ပြောတာကြားရလား” ဟု အော်သေး၏။ လူနာကား တုပ်တုပ်မလှုပ်။ အဖြစ်အပျက်ကို မေးမြန်းမှတ်သားကာ ဓါတ်မှန်ရိုက်ရန် သယ်ယူသွားလေသည်။
ထိုအချိန်တွင် ကျနော်တို့လေးယောက်မှာ စောင့်ရုံမှ တပါး အခြားမရှိဖြစ်နေစဉ် ကားဒရိုင်ဘာနှင့် စပယ်ယာက ကျနော်နှင့် အကြော်သည်အား ဆေးရုံနားက လမ်းဘေးအသုပ်ဆိုင်မှ လက်ဘက်သုတ်နှင့် ထမင်းသုတ်များ မှာကျွေး၏။ ကျနော်နှင့် အကြော်သည်မှာ ဗိုက်ဆာနေသော်လည်း မစားဘူးငြင်းကြ၏။ သူကျွေးတာစားပြီး သူ့ဘက်က သက်သေလိုက်ထွက်ပေးရမည်ကို မလိုလားသဖြင့် မစားကြ။ ကျနော်တို့နှစ်ယောက်သည် မိမိမြင်သည့်အတိုင်းထွက်မည်ဟု ကျိတ်၍ တိုင်ပင်ထားပြီးဖြစ်သည်။

ထိုအတောအတွင်း စပယ်ယာက ထပ်ကာတလဲလဲ တဖွဖွ ပြောနေသောစကားမှာ “အကိုတို့လည်း မြင်တယ်နော်။ လူတွေ အများကြီး ၀ိုင်းအုံသွားတာ။ ဘယ်သူရိုက်လိုက်မှန်းမသိဘူး။”
ဘတ်စ်ကားဒရိုင်ဘာကလည်း “နေရင်းထိုင်ရင်း အကုသိုလ် ၀င်တယ်ဗျာ။ ဘယ်တော့များမှ ဒီပြဿနာက ရှင်းမယ်မသိဘူး” စသဖြင့် ငြီးတွားလေသည်။ ဤသို့ဖြင့် ည ၁၁ နာရီခန့်တွင် ဆေးရုံကြီးမှ ဘုရင့်နောင်ရဲစခန်းသို့ သွားရ၏။ လူနာ၏ နောက်ဆုံးအခြေအနေကို မသိခဲ့ရချေ။

ဘုရင့်နောင် ရဲစခန်းသို့ ရောက်သောအခါ စခန်းတာဝန်ကျသူ (စခန်းမှူးဟု ယူဆရသူ)၏ စားပွဲတွင် ခဏ မတ်တပ်ရပ်ကာ စောင့်ရသည်။ ထိုသူသည် တာဝန်ကျရဲများကို ထိုနေ့ညအဖို့ လုပ်ဘွယ်ဆောင်တာများကို ညွှန်ကြားနေသည်ဟု ယူဆရသည်။ ကျနော်က နားထောင်ရင်း လက်က ဂဏှာမငြိမ်ဘဲ စားပွဲကို အသာအယာ ခေါက်မိသောအခါ စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲကို မပုတ်ဘို့ ပြောလေသည်။ စားပွဲပုတ်ရင် ထိုညအဖို့ အမှုပွေတတ်သည် ဆို၏။

သည်လိုနှင့် ကျနော်တို့ ကိစ္စ အလှည့်ရောက်သည်တွင် ကျနော်တို့ စကားတခွန်းမှ မဟလိုက်ရခင်မှာပင် အမှုပေါ်သွားသည်ဟု ပြောရပေမည်။ စခန်းမှူးသည် စမေးကတည်းက ကားစပယ် ယာကို “မင်းသံဒုတ်နဲ့ ရိုက်လိုက်တယ်မဟုတ်လား” ဟု ခပ်တည်တည် မေးလိုက်ရာ ဟိုပုဂ္ဂိုလ်မှာ နဂိုသူပြောမည့်အတိုင်း ထွက်မလာတော့ဘဲ အိုးနင်းခွက်နင်းနှင့် မေးခွန်း ၃ ခုလောက်အတွင်းမှာပင် သူရိုက်ကြောင်း ပေါ်သွားတော့သည်။ ယခုပြန်စဉ်းစားကြည့်တော့ ရဲက သူ့အပိုင်နယ်မြေအတွင်းမှာ ဖြစ်ပျက်တာတွေကို ကြိုတင်သတင်းရထားပုံရသည်။ ထိုရဲမှူး၏ ကျွမ်းကျင်မှု။ အကင်းပါးမှုကို ချီးကျူးမိပါသည်။ ရဲမှူးက ကျနော်နှင့် အကြော်သည်အား သက်သေအဖြစ် လိုအပ်လျှင် ခေါ်မည်ဆိုကာ အချက်အလက်ယူထား လိုက်၏။ သို့သော် ယနေ့တိုင် မခေါ်ချေ။ ကျနော်တို့ ထွက်ချက် မလိုအပ်၍လည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် ဤအမှု တရားရုံးသို့ လုံးလုံးမရောက်သည်လည်း ဖြစ်နိုင်သည်။ ဘယ်သို့ဘယ်ပုံ ရှင်းလိုက်သည်ကား တွေးတောကြံဆရုံသာ ရှိတော့သည်။

နောက်ဆုံးတွင် စပယ်ယာတယောက်သာ နေခဲ့ရ၍ ဘတ်စကား ဒရိုင်ဘာမှာ စခန်းမှူးအမိန့်ဖြင့် ကျနော်နှင့် အကြော်သည်အား အိမ်တိုင်ရာရောက် လိုက်ပို့ပေးရလေသည်။
အထက်ပါအဖြစ်အပျက်များသည် လွန်ခဲ့သော ၁၆ နှစ်ခန့်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
မှတ်မှတ်ရရ ထိုညက အိမ်ပြန်ရောက်တော့ အစ်မ၏ ဆူပူကြိမ်းမောင်းခြင်းကို တော်တော်ဘဲ ခံလိုက်ရသည်။ ကျနော့်ညီဝမ်းကွဲရဲ့ စနက်တွေပေါ့။ တကယ့်ကောင်။ သူက အိမ်အရင်ပြန်ရောက်ပြီး အကြောင်းစုံ ဇာတ်စုံခင်းထားနှင့်တော့ ကျနော့် ဖခင်က စိတ်ပူပြီး ညမအိပ်နိုင်။ ယောက်ဖကို ရွာမရဲစခန်းသို့ ကားမောင်းပို့ခိုင်းသည်။ စခန်းရောက်တော့ ဘုရင့်နောင် ရဲစခန်းကို ညွှန်ပြန်သဖြင့် လိုက်ကြပြန်ရာ ဟိုရောက်တော့လည်း မတွေ့၍ ပြန်ခဲ့ကြရသည်ဆိုသည်။ ဘယ်တွေ့ပါ့မလဲ။ အဲသည်အချိန်က ကျနော်တို့က ဆေးရုံကြီးမှာ စောင့်နေကြဆဲ။

ကျနော့်တသက်တာမှာ အဲသည်လို ၀ိုင်းအရိုက်ခံရ၍ ခေါင်းကွဲသွားသူကို ဆေးရုံသို့လိုက် ပို့ပေးဘူးသည်မှာ ဤအဖြစ်အပျက်နှင့်ဆိုလျှင် နှစ်ကြိမ်မြောက်ဖြစ်သည်။ တကြိမ်မှာ ရှစ်လေးလုံးကာလအတွင်းကဖြစ်ရာ နောင်အလျှင်းသင့်လျှင် ထိုအကြောင်းကို ရေးပါဦးမည်။

ထိုအချိန်က ထိုကိစ္စတွင် ကျနော်ဘာကြောင့် ၀င်ပါခဲ့သလဲဆိုတော့

(၁)အမိဖမ်း၍ ရဲစခန်းပို့၍ ရသည့်ကိစ္စမျိုးကို လူအုပ်နဲ့ ဥပဒေမဲ့ လက်လွတ်စပယ် ၀ိုင်းရိုက်တာမျိုး (ဆွမ်းကြီးလောင်းတာမျိုး) ကို မနှစ်သက်တာရယ်
(၂) အမှုမှန်မပေါ်မှာစိုးတာရယ်၊
(၃) နောက်ပြီး ရွာမရဲစခန်းက ရဲတွေတောင် အနေသာကြီး ပုတ်ထုတ်လိုက်တဲ့ကိစ္စမှာ ကျနော်တို့က ဆေးရုံကြီးအထိ လိုက်သွားလောက်အောင် သဲကြီးမဲကြီးဖြစ်နေသည်မှာ အရိုက်ခံရတဲ့လူသေသွားမှာကို စိုးတာက တကြောင်း၊ နောက်ပြီး ဆေးရုံအသွားလမ်းမှာ စပယ်ယာနဲ့ ဒရိုင်ဘာက သူတို့ချည်းဘဲဆိုရင် လက်စဖျောက်လိုက်မှာ စိုးတာက တကြောင်းတွေကြောင့် ကျနော် လိုက်သွားခဲ့တာဖြစ်ပါတယ်။

အဲသည်တုန်းက သည်အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တွေးပြီးအားမရမိတာတခုကတော့ ကားပေါ်မှာ လူတွေဒီလောက် ကြပ်ညပ်နေအောင် ပါလာလျက်နှင့် ရဲစခန်းရောက်တော့ ကျနော်တို့ နှစ်ယောက်ဘဲ ကျန်ခဲ့သည့်အဖြစ်ကို ဖြစ်သည်။ လူတွေသည် လူတယောက်၏ အသက်တချောင်းထက်ပင်၊ အမှုမှန်တခုပေါ်ပေါက်ဘို့ထက်ပင် မိမိတို့ အချိန်မီ အိမ်ပြန်ရောက် ဘို့က ပိုမို၍ အရေးကြီးနေပါသလော။

အကယ်၍ ရဲကသာ ကြိုတင်သတင်းရမထားလျှင်၊ ပြီးတော့ သက်သေလည်း တယောက်မှ မလိုက်ကြဘူးဆိုလျှင် ရာဇ၀တ်မှုကို ကျူးလွန်သူသည် သူ၏အပြစ်မှ အလွယ်တကူ လွတ်မြောက်သွားမည် မဟုတ်ပါလော။ အကယ်၍ ထိုသို့ လွတ်မြောက်သွားသူသည် အင်မတန် အန္တရာယ်ကြီးသော ရာဇ၀တ်သားမျိုးဖြစ်ပါက နောက်ဆုံးတွင် မိမိတို့ အကျိုးစီးပွား (လုံခြုံရေး) ကိုပင် ပြန်လည်ထိခိုက်လာမည်မဟုတ် ပါလော။ လူတို့သည် ပြဿနာတရပ်ကို ၀ိုင်းဝန်းဖြေရှင်းဘို့ မကြိုးစားဘဲ ငါနဲ့မဆိုင်ဘူးတည်းဟူသော “ငါမဆိုင်စိတ်”ကိုဘဲ မွေးနေကြမည်ဆိုလျှင် ထိုပြဿနာမှာ တဖြည်းဖြည်းကြီးထွားလာပြီး နောက်ဆုံးတွင် အားလုံးအကျိုးစီးပွားကို ပြန်လည်ထိခိုက်စေသည်သာဖြစ်သည်။

ဆက်စပ်စဉ်းစားလျှင် မြန်မာပြည်တွင် ယခု ဆိုးရွားလှသော စစ်အာဏာရှင်စနစ် ကြီးစိုးမင်းမူနေသည်မှာ လူအများက “ငါမဆိုင်စိတ်” မွေးနေကြသောကြောင့်ဖြစ်သည်။ အားလုံးကသာ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စမှန်သမျှကို မတွက်ကပ်၊ မခိုကပ်ဘဲ ၀ိုင်းဝန်းလုပ်ဆောင်ကြမည်ဆိုပါက သာယာဝပြောသော လူ့ဘောင်ကို ရရှိမည်မှာ မလွဲမသွေပင်ဖြစ်ပါတော့သည်။
Read more

“တို့ရွာမှာ…”

ငါမွေးခဲ့တဲ့ရွာရဲ့ အရှေ့ဘက်မှာ လယ်ကွင်းပြင်တွေရှိတယ်။ ရွာထိပ်ကထွက်ကြည့်ရင် ပုပ္ပါးတောင်ကလပ်နဲ့ ရှမ်းတောင်တန်းတွေကို ဟိုးအဝေးမှာ ရေးရေးမြင်ရတယ်။

ရွာအနောက်ဘက်မှာတော့ ပြောင်း၊နှမ်း၊ကုလားပဲ၊ မြေပဲ မျိုးစုံ စိုက်ပျိုးလို့ရတဲ့ ကိုင်းမြေ တွေရှိတယ်။ စေတုတ္တရာတို့ မင်းတုန်းတို့ဘက်က မြစ်ဖျားခံလာတဲ့ မုန်းချောင်းဟာ ကိုင်းမြေတွေကြားက ဖဲကြိုးတစလို ရစ်ခွေစီးဆင်းပြီး ဧရာဝတီမြစ်ကို ဦးတိုက်တယ်။

ရှောက်တော၊ကုန်းဇောင်း ရွာတွေကစလို့ မုန်းချောင်းတလျှောက် တို့ရွာတွေက တရွာနဲ့ တရွာဆက်နေတဲ့ ရွာစဉ်တန်းကြီးတွေပေါ့။

တခါတခါ ဧရာဝတီမြစ်ရေက ရွာခြေအထိ အလည်လာတတ်တယ်။ သူလာလည်ရင် ငါတို့ရဲ့မိဘ လူကြီးတွေလည်း ပျက်စီးသွားတဲ့ လယ်တွေကြည့်ပြီး မျက်ရည်လည်ရတာပေါ့။ ငါတို့ငယ်ငယ် ကတော့ လူကြီးတွေရဲ့ သောကကို ဘယ်နားလည်နိုင်ပါ့မလဲ။ ဧရာဝတီမြစ်ရေတက်ရင် မြစ်ရေစပ် လယ်ကွင်းတွေမှာ အဖေ ကွန်တလက်နဲ့ ငါးဖမ်းတဲ့နောက်ကို ပုလိုင်းတလုံးလွယ်ပြီး လိုက်ရတာကို အင်မတန်ပျော်ခဲ့ တယ်။

ငါတို့ရွာမှာ လျှပ်စစ်မီးမရှိ၊ ရေဒီယို အိမ်တိုင်းမရှိ၊ စာကြည့်တိုက်မရှိ။ အလယ်တန်းကျောင်းမရှိ။
နွေမှာဖုန်ထူ၊ မိုးမှာ ဗွက်ပေါက်။ အဲဆောင်းတွင်းမှာဆိုရင်တော့ မနက်စောစောထလို့ အညာ စောင်ကြမ်းကြီးတွေကို ခြုံလို့၊ မန်ကျည်းကိုင်းခြောက်တွေကို ထင်းဆိုက်ပြီး မီးလှုံကြတယ်။ ပြောင်းဖူးမီးဖုတ်စားကြမယ်။ ရွာတောင်ပိုင်းက ညွန့်အေးတို့ ညီအမ လည်ရောင်းတဲ့ ငှက်ပျောရွက်ကပ် ထားတဲ့ မုန့်ပေါင်းကို လက်နဲ့ ဆုပ်ဆုပ်ပြီး ပူပူနွေးနွေး စားကြမယ်။

မုန်းချောင်းက ရေကြီးတဲ့အခါမျိုးဆိုရင် ရွာပေါ်အထိရေတွေ တက်တတ်တယ်။ အဲသည်အခါမှာ ထင်းတွေနဲ့ နွားတွေကို ရေလွတ်တဲ့ အမြင့်ပိုင်းကို ပို့။ လူတွေကတော့ နှစ်ထပ်အိမ်အပေါ်ထပ်တွေမှာ တက်နေရတယ်။ သစ်လုံးတွေကို ထွင်းထားတဲ့ နွားစာခွက် (ငါတို့ဒေသမှာ နွားစခေါင်း လို့ခေါ်တယ်)တွေဟာ တအိမ်နဲ့ တအိမ် ကူးလူးသွားလာဘို့ လှေဖြစ်လာတယ်။ ငါတို့အိမ်က နွားစခေါင်းက ခပ်ပြားပြားမဟုတ်ဘဲ အလုံးကြီးဖြစ်နေလို့ အင်မတန်မှောက်လွယ်တယ်။ တခါက ရေထဲမှာ ထမီကို အသာမပြီး အိမ်လာလည်တဲ့ ငါ့ဒေါ်ကြီးကို အပြန်ခရီးမှာ ရေထဲမလျှောက်ရအောင် စေတနာဗလပွနဲ သူအတန်တန်တားတဲ့ကြားက နွားစခေါင်းကို လှေလှော်ပြီးလိုက်ပို့တယ်။ အိမ်လှေကားက စထွက်လို့ သိပ်တောင်မှ မလှော်ရသေးဘူး နွားစခေါင်းက မှောက်သွားလို့ ဒေါ်ကြီးခမျာ ထမီပါမက ခေါင်းကစလို့ တကိုယ်လုံးရွှဲသွားတယ်။ ဆူလိုက်၊ ဆဲလိုက်တာ မပြောပါနဲ့တော့။

မိုးတွင်းမှာဆို မနက်မိုးမလင်းခင် ရွာထိပ်က ကျွဲချိုမှုတ်သံ၊ ဒါမှမဟုတ် မောင်းအသေးလေးကို ထုသံကြားရမယ်။ ပျိုးနှုတ်မယ့်လူတွေကို လူစုနေတာလေ။ ကောက်စိုက်မတွေကတော့ ငါတို့အိမ်ရှေ့က ကင်းတဲနားမှာ လူစုရင်း မှောင်ထဲမှာ တွတ်ထိုးနေကြမယ်။

အဲသည်ရွာကလေးမှာ ဆယ်စုနှစ်တွေ ပြောင်းသွားလည်း လူတွေရဲ့ ဘ၀က ထူးခြားပြီး ပြောင်းလဲမလာ။ သူတို့တတွေ မင်္ဂလာဆောင်တွေမှာ ထညက်ရည်နဲ့ ပေါင်မုန့်ကြမ်းကို အချပ်လိုက်ကျွေးနေကြဆဲ။ မနက်မိုးမလင်းခင် လယ်ထဲဆင်း၊ နွားနဲ့ဖက် ရုန်းကန်နေကြဆဲ။ ကမ္ဘာတလွှားက နည်းပညာ ပြောင်းလဲ မှုတွေဟာ သူတို့နဲ့ မဆိုင်သလိုဘဲ။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ သွားမပြောနဲ့။ ကံမကောင်းရင် ဆဲအလွှတ်ခံ ရမယ်။ အခြေခံ လူ့အခွင့်အရေးတွေအကြောင်းကို တွေးမနေကြ။ သိလည်း မသိကြ။ လက်ဘက်ရည်ကြမ်းအိုး၊ ဆေးပေါ့လိပ်နဲ့ လက်ဖက်သုတ် တပန်းကန်ဟာ သူတို့အပန်းဖြေဘို့ အတွက် လိုအပ်တဲ့ အခြေခံအရာတွေပေါ့။

တခါတခါတော့ လူတွေဟာ ကံကြမ္မာရဲ့ ပစ်ချခံရတဲ့နေရာမှာ လူဖြစ်လာကြပြီး ရောက်ရာ အရပ်မှာဘဲ ရောင့်ရဲစွာ၊ ဘာကိုမှ သိနားလည်ခွင့်မရစွာနဲ့ ဘ၀ကို ရိုးရိုးစင်းစင်းနေထိုင် သွားကြတတ်တာကို တွေးနေမိတယ်။ မသိတဲ့ လူတွေကတော့ရှင်းတယ်။ ခံလို့ ခံနေရမှန်းမသိတော့ နေပျော်တယ်။ ခံနေရတာကို သိနေရတဲ့လူကတော့ မနေပျော်တော့ဘူးပေါ့။

ဘာဘဲပြောပြော ငါ့ရွာလေးကို တခါတခေါက်လောက်တော့ ပြန်သွားဘို့ဆန္ဒရှိနေတုန်းဘဲ။

ကိုပေါ
(၁၄ ရက်။ နိုဝင်ဘာ။ ၂၀၀၇ ခုနှစ်)


Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs