အရေးပေါ်ကိစ္စတွေမှာ အသည်းအသန်အာရုံနှစ်ဘို့ ကြိုးစားရင်း အရေးကြီးတဲ့ ကိစ္စတွေကို အရေးမပါသယောင် မျက်ကွယ်ပြုခဲ့ကြ။
ခွေးရူးကို ရင်မဆိုင်ရဲလို့ ခွေးရူးကိုက်ခံရသူတွေကို ဆေးလိုက်ကုပေးရုံနဲ့ဘဲ ကျေနပ်နေခဲ့ကြ။
အခြေအနေကို အလွယ်တကူ မပြောင်းလဲနိုင်ရုံနဲ့ ကိုယ့်ယုံကြည်ချက်ကိုဘဲ နည်းနည်းချင်း နှဲ့နှဲ့ပြီး ပြောင်းလဲယူခဲ့ကြ။
လွတ်လပ်မှုကို မြတ်နိုးတယ်ပြောပြီး တကယ်တမ်းမှာ လွတ်လွတ်လပ်လပ် မထုတ်ဖော်ရဲ၊ မပြုမူရဲ။ လွတ်လပ်မှုအပေါ် ယုံကြည်မှုက နည်းခဲ့ကြရှာ။

******************************************************************
ပါးစပ်ပါရင် လွတ်လပ်စွာ ပြောခွင့်ရှိတယ်။ လက်ပါရင် လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်။ ခြေထောက်ပါရင် လွတ်လပ်စွာ သွားလာ စုဝေးခွင့်ရှိတယ်။ ဒါပေမယ့် အတွေးမှာ မလွတ်လပ်ရင်တော့ (အကြောက်တရားကြီးစိုးနေရင်တော့) အိမ်ထဲမှာဘဲ အသာကုပ်ပြီး နှုတ်ပိတ်နေရတယ်။
ဒီနေရာမှာ သူရဲဘောကြောင်မှုကို အနုပညာနဲ့ ဖုံးကွယ်ဘို့ ကြိုးစားနိုင်တယ်။ ယုတ္တိဗေဒနဲ့ အကြောင်းပြဆို ဆင်ခြေတက်နိုင်တယ်။ ကျမ်းကိုးကျမ်းကားနဲ့ အမှန်တရားဆိုတာ သူ့ဘက်က ကြည့်တော့လည်းအမှန်၊ ကိုယ့်ဘက်က ကြည့်တော့လည်း အမှန် ဆိုပြီး “လက်ဖမိုး၊ လက်ဖ၀ါး” မဲပြာပုဆိုးကို လူမြင်ကွင်းမှာ ထုတ်ပြီး ဖွပ်လျှော်ပြကြမယ်။ အဲသလို ဖွပ်လျှော်တိုင်းသာ သမိုင်းအညစ်အထေးတွေ ကင်းစင်စေမယ်ဆိုရင်....အဲသလို ဖွပ်လျှော်လိုက်တိုင်းသာ လိပ်ပြာသန့်ရှင်းသွားမယ်ဆိုရင်..... ခေတ်သစ်သမိုင်းမှာ ဟစ်တလာတို့ စတာလင်တို့ ဦးနေ၀င်းတို့ လူဆိုးဖြစ်စရာအကြောင်းမရှိဘူးထင်တယ်။ သူတို့ရဲ့ ၀ါဒဖြန့်ယန္တရားဆိုတဲ့ အ၀တ်လျှော်စက်က အများကြီး ပိုအားကောင်းတယ်လေ။
မာယာကင်းသူတွေကတော့ “ကျနော်တို့ကတော့ ၀န်ခံတယ်။ ကြောက်တယ်” လို့ (အနည်းငယ်အောက်တန်းကျစွာ) ရိုးသားပြရှာကြ။
အမှန်တရားဘက်ကထောက်ခံမိလို့ လက်ငင်းကိုယ့်အကျိုးစီးပွား ယုတ်လျော့မှာကို ကြောက်လေသလား။
မိတ်ဆွေလေးတယောက်ကတော့ ပြောဘူးတယ်။ အဲဒါဟာ Myopic Self-interest တဲ့။ ရေတိုအကျိုးစီးပွားအတွက် ရေရှည်မှာ ကိုယ့်ကို တဖန်ပြန်အကျိုးယုတ်မှာကို မမြင်နိုင်ခြင်းပေါ့လေ။ အမြင်မကျယ်ဘူး တနည်း အရှည်သဖြင့် မမြင်နိုင်ဘူးလို့ဘဲ တိုတိုဆိုကြစို့ရဲ့။
*******************************************************************
စုစုနွေးကို ရှက်ပါ။ ကျူရှင်ဆရာကိုအောင်ဖေကို ရှက်ပါ။ ဆရာတော် ဦးဂန္ဘီရကို ရှက်ပါ။ ကိုမင်းကိုနိုင်ကို ရှက်ပါ။ ဦးဝင်းတင်ကို ရှက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ရှက်ပါ။
ဒီသူရဲကောင်းအာဇာနည်တွေ အားလုံးကို စစ်အစိုးရက အကျယ်ချုပ်၊ အကျဉ်းချုပ် ချထားပေမယ့် သူတို့ရဲ့ လွတ်လပ်တဲ့အတွေးအခေါ်၊ လွတ်လပ်တဲ့ သဘောထား၊ လွတ်လပ်တဲ့ နှလုံးသားကို အကျဉ်းချမထားနိုင်ပေဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးဟာ အကြောက်တရားရဲ့ စိုးမိုးမှုအောက်က လုံးလုံးလွတ်မြောက်နေကြတယ်။
လူအများမှီတင်းနေထိုင်ရာ နိုင်ငံတော်ကြီးကို လွတ်မြောက်စေချင်ရင် ကိုယ်ကိုယ်တိုင်က အနည်းဆုံး အကြောက်တရားကနေ လွတ်မြောက်နေဘို့တော့ လိုပေမပေါ့။ အကြောက်တရားရဲ့ အကျဉ်းသားဖြစ်နေသရွေ့ ဘယ်နေရာဘဲ ရောက်ရောက်၊ ဘယ်နိုင်ငံဘဲ ရောက်ရောက် အမှန်တကယ် လွတ်မြောက်သူတဦး မဖြစ်နိုင်ဘူး။
တချို့သောအရာတွေကို ရယူဘို့ဟာ ခက်ခဲတာ၊ အချိန်ယူရတာမှန်ပေမယ့် လုပ်သင့်လုပ်ထိုက်တာမို့ လုပ်နေတယ်ဆိုတဲ့ ခံယူချက်နဲ့ လုပ်သွားဘို့လိုတယ်။ ရလဒ်ကို မျှော်ကိုးပြီး လုပ်တာမျိုးမဖြစ်သင့်ဘူး။ ဘာကြောင့်လဲဆိုတော့ တချို့သော ရလဒ်တွေဟာ ချက်ချင်းလက်ငင်း သိသာထင်ရှားတာမျိုးမဟုတ်။ ရလဒ်ကို မျှော်ကိုးလုပ်တဲ့လူတွေရဲ့ အားနည်းချက်ကတော့ တစုံတခုဟာ သူမျှော်မှန်းသလို ချက်ခြင်းလက်ငင်း ဖြစ်မြောက်မလာရင် အလွယ်တကူ အားလျော့၊ အားပျက်သွားတတ်ခြင်းဘဲ။
ငယ်ငယ်က သူငယ်တန်းဖတ်စာမှာသင်ရတဲ့ သရက်ပင်စိုက်တဲ့အဖိုးအိုကို နမူနာယူ သင့်ကြပါတယ်။ အဖိုးအိုဟာ သူစိုက်တဲ့ သရက်ပင်ကလေး အသီးသီးတဲ့အထိ လူ့ဘ၀မှာ နေရတော့မှာ မဟုတ်မှန်း သူသိပေမယ့် ဒီသရက်ပင်ရဲ့ အသီးအပွင့်ကို နောင်လာနောက်သားတွေ စားရမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားတဲ့အချက်ဟာ အင်မတန် လေးစားဂရုပြုသင့်တဲ့အချက်ပါ။

စာပေဟောပြောပွဲတခုမှာ ဆရာအောင်သင်းပြောသွားဘူးတာလေးတခုကို သတိရမိတယ်။
“ဟောဒီစင်မြင့် အစွန်နားမှာ အခမ်းအနားမှူး ရပ်နေတယ်။ သူ့ကို နောက်က တယောက်က အလစ်မှာ ရုတ်တရက်ဆောင့်တွန်းချလိုက်မယ်ဆိုရင် စင် အောက်ကို မုချ ပြုတ်ကျသွားရမှာဘဲ။ အဲဒီအချိန်မှာ....သူ့အနေနဲ့....ငါပြုတ်ကျသွားရရင် ကောင်းမလား။ ဒါမှမဟုတ်... မပြုတ်ကျဘဲ နေရရင် ကောင်းမလား ဆိုတဲ့ ရွေးချယ်စရာလမ်း သူ့မှာမရှိဘူး။”
“ဒါပေမယ့် အခု ဆရာဖေမြင့် ဟောပြောပြီးပြန်သွားတော့ စင်ပေါ်မှာ သူ့မျက်မှန် ကျန်ရစ်ခဲ့တယ်ဆိုပါစို့။ အဲဒါကို အခမ်းအနားမှူးကတွေ့တော့... ပထမ တနည်းက အဲဒီမျက်မှန်ကို ဆရာဖေမြင့်ဆီ ပြန်ပို့ပေးလို့ရတယ်။ ဒါမှမဟုတ်....ဟာ....ဒီမျက်မှန်၊ အနည်းဆုံး ငါးရာလောက်တော့တန်တယ်။ ငါ...သိမ်းထားလိုက်မယ်။.......အဲဒီမှာ ရွေးချယ်မှုက စလာပြီ။ အဲဒီ ရွေးချယ်မှုအပေါ်မှာ မူတည်ပြီး အခမ်းအနားမှူးရဲ့ ရိုးသားမှုကို အကဲဖြတ်လို့ရတယ်”
******************************************************************
မိမိရဲ့ ရေတိုအကျိုးစီးပွားကို ကြည့်ပြီး အမှန်တရားဘက်မှာ ရပ်ခြင်း၊ မရပ်ခြင်း။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခြင်း၊ မလုပ်ခြင်း။ ရိုးသားခြင်း၊ မရိုးသားခြင်း အားလုံးဟာ မိမိရဲ့ ရွေးချယ်မှုအပေါ်မှာဘဲ မူတည်ပါတယ်။ အဲဒီရွေးချယ်မှုအပေါ်မှာ မူတည်ပြီးတော့ဘဲ မိမိဟာ ဘယ်လိုလူဖြစ်တယ်ဆိုတဲ့ မိမိရဲ့ မှတ်တမ်းကို မိမိတို့ဘာသာ ရေးကြမှာ ဖြစ်ပါတယ်။
မြန်မာပြည်ကြီး စစ်အာဏာရှင်အောက်က လွတ်မြောက်ဘို့ရာမှာတော့ အကြောက်တရား အောက်က လွတ်မြောက်တဲ့လူတွေ၊ ရိုးသားတဲ့လူတွေ၊ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့ မဆုတ်မနစ်လုပ်တဲ့လူတွေသာ အမြောက်အမြားလိုအပ်လျက်ရှိသည်ဟု ထင်မြင်ပါကြောင်း။

3 comments:
အင်း ဒါ့ကြောင့်လဲ ကျမဘလော့မှာ
လွတ်မြောက်ခြင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့် ဖြစ်သည် လို့
ခေါင်းစဉ်တင်ထားတာပဲ။
ကျမတို့ ဘာကိုလိုချင်တယ် ဆိုတာကို ရွေးချယ်နိုင်မှ သေချာမှန်ကန်တဲ့ လွတ်မြောက်မှု ရမယ်။
ကြောက်နေရင် ကြောက်တာနဲ့ တန်တဲ့ အစိုးရ ကိုပဲ ရရှိပါလိမ့်မယ်။ တကယ့်အရင်းအမြစ်ကို မဖြိုဖျက်နိုင်သမျှတော့ သူ့ရဲ့ ဆိုးကျိုးတွေကိုပဲ ခံစားနေရမှာ မဟုတ်လား။
မခင်မင်းဇော်ရေ.....အမှန်ဘဲဗျိုး။
ဒီအာဏာရှင်တွေဟာ အကြောက်တရားကို လူတွေရင်ထဲ ထည့်ပေးပြီး၊ အကြောက်တရားကို ကောင်းကောင်းကြီးအသုံးချပြီး အုပ်ချုပ်နေတာဘဲ။ ဒီအကြောက်တရားကို တယောက်ချင်းရင်ထဲက ဖယ်ချနိုင်တဲ့တနေ့ဟာ ကျနော်တို့အားလုံး လွတ်လပ်တဲ့တနေ့ဘဲ။ ဆက်လက်ကြောက်ရွံ့နေခြင်းဖြင့် အာဏာရှင်ကို အသက်ဆက်ဘို့ ပံ့ပိုးပေးရာရောက်နေတာမို့ အကြောက်တရားလမ်းကို ဆက်မလျှောက်ဘဲ အကြောက်တရားနဲ့ လမ်းခွဲကြစို့။
လက်အတော်ဖြောင့်တာပဲ...
Post a Comment