“ကာလနှယ် ဆိုးပါဘိ သူခိုးက လူလူ”

တရားစီရင်မှုကဏ္ဍတွင် လူသိများသော စကားတခုရှိသည်။

“It is better to let nine guilty persons go free, than to convict one innocent person.”

အပြစ်မရှိသူတယောက်အား ပြစ်မှုကျူးလွန်သည်ဟု စီရင်ချက် ချမိခြင်းနှင့်စာလျှင် အမှန်တကယ် ပြစ်မှုကျူးလွန်သူ ကိုးယောက်ကို လွှတ်ပေးမိခြင်းကမှ တော်ပေသေး၏ဟု အဓိပ္ပါယ်ရသည်။

ထိုသို့ အပြစ်မရှိသူကို ပြစ်မှုထင်ရှားသည်ဟု စီရင်ချက် ချမိရာတွင်….
(၁) ရိုးရိုးသားသား မှားယွင်းစီရင်ချက်ချမိခြင်းနှင့်
(၂) မကျူးလွန်မှန်းသိသိနှင့် တမင်သက်သက် မတရား စီရင်ဆုံးဖြတ်ခြင်း…. ဟူ၍ နှစ်မျိုးနှစ်စား ကွဲပြားနိုင်သေးသည်။

ရိုးရိုးသားသား မှားယွင်းစီရင်ချက်ချမိခြင်းသည် မောဟဂတိ (အမှန်ကိုမသိခြင်း)ကြောင့်ဟု ဆိုရမည်ဖြစ်ပြီး တမင်သက်သက် မတရားစီရင်ချက်ချမှတ်ခြင်းကား ဆန္ဒာဂတိ(ချစ်ခြင်းကြောင့်)၊ ဘယာဂတိ(ကြောက်ရွံ့ခြင်းကြောင့်) နှင့် ဒေါသဂတိ (မုန်းတီးခြင်းကြောင့်)ဆိုသည့် အဂတိတရား များကြောင့် ဖြစ်ပေသည်။ ပထမ အမှားသည် သက်ဆိုင်ရာ တရားသူကြီး၏ ညံ့ဖျင်းချက်ကြောင့်ဖြစ်ပြီး ဒုတိယအမှားဖြစ်ပါက သက်ဆိုင်ရာ တရားရေးစနစ်တခုလုံး ညံ့ဖျင်းခြင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ သတင်းစာ လွတ်လပ်ခွင့်မရှိခြင်းနှင့် အုပ်ချုပ်ရေးစနစ်တခုလုံး မှားယွင်းဖောက်ပြန်နေခြင်းတို့ ကြောင့်ပါ ဖြစ်ရချေသည်။

မနက်ဖြန် အင်းစိန်ထောင်တွင်း တရားရုံး၌ အပြစ်မဲ့သူတယောက်ကို မတရား ရုံးတင် အမှုဆင် စစ်ဆေးနေသောအမှုတွင် တရားသူကြီးမှ စီရင်ချက် ချမှတ်ပေလိမ့်မည်။

စိတ်ဓါတ်တည်ကြည်ခိုင်မာပြီး ရဲဝံ့သော ဒေါ်အောင်ဆန်းစုကြည်အဖို့ မည်သည့် စီရင်ချက်ကို ရင်ဆိုင်ကြုံတွေ့သည်ဖြစ်စေ ဤလောကဓံမျှကို တုန်လှုပ်မည်မဟုတ်။ ဒေါ်အောင်ဆန်းစုကြည်သည် ချီးကျူးဂုဏ်ပြုထိုက်သော၊ အတုယူလေးစားဖွယ်ကောင်းသော၊ ကြည်ညိုထိုက်သော လူသားတယောက်ဖြစ်သည်။ ခေါင်းဆောင်တယောက်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ကောင်း တယောက်ဖြစ်သည်။

သူမ၏ အတွေးအခေါ်၊ သူမ၏ လုပ်ရပ်၊ သူမ၏ ရပ်တည်ချက်၊ သူမ၏ ခံယူချက်တို့သည် လူ့လောကတွင် လူသားတယောက်အနေဖြင့် အမြင့်မားဆုံး ပိုင်ဆိုင်နိုင်သော စံချိန်စံညွှန်းအဖြစ် တည်ရှိလျက်ရှိသည်။

ထိုသို့သော သူတဦးအပေါ်တွင် မတရားစီရင်ချက်ချမှတ်ပါက တရားသူကြီးသည်လည်းကောင်း၊ တရားသူကြီး၏ နောက်ကွယ်မှ ကြိုးကိုင်နေကြသူများသည်လည်းကောင်း ၄င်းတို့ပြုသော ဒုစရိုက်မှုအတွက် အကုသိုလ်ကံ၏ အကျိုးပေးနှင့် ပြည်သူလူထု၏ စီရင်ချက်ကို အနှေးနှင့်အမြန် ဆိုသလို ပြန်လည် ခံစားကြရပေမည်။

သတိချပ်သင့်သည်မှာ ယခု တရားခွင်သည် လူတဦးတယောက်၏ အနာဂတ်ကိုသာ စီရင်ဆုံးဖြတ်နေခြင်း မဟုတ်။

လူထုတရပ်လုံးက ထောက်ခံသော၊ ပြည်သူလူထုတရပ်လုံး၏ အကျိုးစီးပွားကို ဘ၀နှင့်ရင်းကာ အရယူပေးရန် ကြိုးပမ်းနေသော လူထုခေါင်းဆောင်တယောက်အပေါ် တဖက်သတ် စီရင်နေသော တရားခွင်ဖြစ်ရာ မတရားသဖြင့် စီရင်ချက်ချပါက ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကိုသာ မတရားဖိနှိပ်ရာ ရောက်သည်မဟုတ်။ ပြည်သူလူထုတရပ်လုံး၏ အနာဂတ်နှင့် တိုင်းပြည်ကံကြမ္မာကိုပါ နိမ့်ပါးညှိုးနွမ်းဆုတ်ယုတ်စေရန် ယုတ်မာပက်စက်သော ကြံရွယ်ချက်ဖြင့် စစ်အစိုးရမှ တဖက်သတ် ကျူးလွန်သော စက်ဆုပ်ရွံရှာစဖွယ် နောက်ထပ် ရာဇ၀တ်မှုကြီးတခုသာ ဖြစ်ချေတော့မည်။
Read more

“ဘာမှ ၀ါသနာ မပါတဲ့လူ”

အိမ်ယာထူထောင်ပြီး လူ့ဘောင်လောကတွင် နေသူအဖို့ အထိုက်အလျောက်တော့ အောင်မြင်သော ဘ၀တခုကို ပိုင်ဆိုင်ရပေမည်။ အထူးသဖြင့် မိမိကူညီထောက်ပံ့လိုသူများကို စိတ်တိုင်းကျ ကူညီထောက်ပံ့နိုင်ရန် ယခုထက်ပို၍ ၀င်ငွေကောင်းဖို့လည်း လိုသည်။

အောင်မြင်ပြီး ၀င်ငွေကောင်းသော လူတယောက်ဖြစ်ရန်မှာ မိမိဝါသနာပါသော အလုပ်ကို စိတ်ရှည်ရှည် ဇွဲရှိရှိ လုပ်ဖို့ အခြေခံ လိုအပ်သည်ဟု ဖတ်ဖူး မှတ်ဖူးပါသည်။ မှန်၏။ မည်မျှပင် ၀ါသနာပါသည့် ကိစ္စဖြစ်စေ တူတူတန်တန် ဖြစ်မြောက်လာဖို့မှာ စိတ်ရှည်မှု၊ ဇွဲနပဲရှိမှု လိုအပ်သည်။ “Genius is one percent inspiration and ninety-nine percent perspiration” ဟု ဆိုရိုးရှိသည်လည်း မဟုတ်ပါလား။

ထို့ကြောင့် မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်ကြည့်ရာ ကျနော်သည် တကယ်တမ်းတွင် ဘာကိုမျှ ဟုတ်တိပတ်တိ ၀ါသနာမပါကြောင်းနှင့် ဇွဲနပဲလည်း မရှိလှကြောင်း အလန့်တကြား သိရှိလိုက်ရပါသည်။

ငယ်ငယ်တုန်းကတော့ စာဖတ်ဝါသနာ ပါသလိုလို ရှိသည်။ ကိုယ့်ကိုယ်ကို စာဖတ်ဝါသနာကြီးသူဟုလည်း တလျှောက်လုံး ထင်မှတ်ခဲ့သည်။ သို့သော် တကယ့်စာအိုးများနှင့် ယှဉ်လိုက်သောအခါ ကျနော့်မှာ အပျော်ထမ်းအဆင့်မျှပင် မရှိကြောင်း ၀မ်းပမ်းတနည်း သိလာရသည်။ ဤအကြောင်းကို ယခုအသက်အရွယ်တွင် စာကြီးပေကြီးများ ဖတ်ရှုသည့်အခါတိုင်း စာတမျက်နှာမပြည့်မီမှာပင် အိပ်မောကျခြင်း အဖြစ်သို့ ဆိုက်ရောက်တတ်သော ကျနော့်အဖြစ်က သက်သေခံလျက်ရှိသည်။ စာအုပ်ဖတ်မှသာ မဟုတ်။ အိပ်ကာနီးတွင် မိတ်ဆွေများ လက်ဆောင်ပေးထားသော တရားခွေတို့ကို နာကြားရန် ဖွင့်လိုက်ပါက ၃ မိနစ်အတွင်းမှာပင် အိပ်ပျော်သွားလေ့ရှိသဖြင့် အပါးပါးသော ဆရာတော်တို့၏ တရားရေအေး အမြိုက်ဆေးတို့မှာ ကျနော်နှင့်တွေ့မှ အစွမ်းထက်မြက်သော အိပ်ဆေးဘ၀သို့ ကူးပြောင်းရောက်ရှိသွားရလေတော့သည်။

တဖန် ကာတွန်း၊ ပုံတူဆွဲသည့်ဘက်တွင် ၀ါသနာပါသလိုလို ရှိသော်လည်း တကယ်ဖြစ်ဖြစ်မြောက်မြောက် ဆွဲချင်စိတ်မရှိ။ စိတ်ကူးပေါက်မှ ချောက်တိချောက်ချက် ပြီးစလွယ် ထဆွဲတတ်သူဖြစ်သည်။

အတီးအမှုတ်နှင့် ဂီတတွင် ၀ါသနာထုံသယောင်ယောင်ရှိသည်ထင်ရ၏။ သို့သော် စည်းဝါးကျကျ မတီးတတ်၊ မဆိုတတ်သည်နှင့်ပင် ကိစ္စပြတ်လေသည်။

ဓါတ်ပုံရိုက်ကူးရာတွင်လည်း ကျွန်ုပ်၏ လက်စွမ်းမှာ (ကိုပေါနှင့် ဓါတ်ပုံပညာပို့စ်တွင်) အားလုံးမြင်သည့်အတိုင်းပင်ဖြစ်သည်။

ထိုမျှမကသေး။ မော်တော်ကားအင်ဂျင်၊ ဂျက်အင်ဂျင်များကို စိတ်ဝင်စားသလိုလို၊ လေကြောင်းသိပ္ပံကို လိုက်စားချင်သလိုလို၊ မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်းကို တူးဆွချင်သလိုလို၊ အာကာသသိပ္ပံကို လေ့လာချင်သလိုလို၊ သတင်းစာခေါင်းကြီးရေးနည်းကို လက်တည့်စမ်းချင်သလိုလို နှင့် တကယ်ဆန်းစစ်ကြည့်သောအခါ ဘာတခုမှ နက်နက်နဲနဲ စိတ်ဝင်စားလှသည်မဟုတ်ဘဲ အပေါ်ယံကြောအဆင့်လောက်မှာပင် ရပ်တန့်သွားသည်ချည်းသာ ဖြစ်သည်။

တခုတော့ရှိသည်။ ပညာရပ်တခုခုကို ဓါတ်ကျလာပြီဆိုလျှင် ထိုအခိုက်အတန့်တွင်တော့ ထမင်းမေ့ဟင်းမေ့၊ မနက်ဖြန်တွင် ကမ္ဘာပျက်တော့မည်လောက် သဘောထားကာ အလောတကြီး ထလုပ်နေတတ်သည်။ သို့သော် ခဏမျှကြာသောအခါ ရိုးအီ ငြီးငွေ့သွားလေ့ရှိသည်။ ဘလော့ဂ်ပေါ်တွင် သူတပါးကို ကောက်ရိုးမီးစိတ်ဓါတ်မမွေးဘို့ တိုက်တွန်းရေးသား ပြောဆိုတတ်သော ကျနော့်တွင် ထိုကောက်ရိုးမီး စိတ်ဓါတ် အပြည့်ရှိလေသည်။

ဘလော့ဂ်ကို ယခုအချိန်အထိ နှစ်ရှည်လများ ရေးနေနိုင်သေးသည့်အတွက်ပင် မိမိကိုယ်ကို အံ့သြရချေသေးသည်။ ဤသည်မှာ နောက်က တွန်းပေးနေသော နိုင်ငံရေးယုံကြည်ချက်၏ တွန်းအား (Motivation)ကြောင့်သာ ဖြစ်ရချေမည်။

အသက်မွေးဝမ်းကြောင်းပြုရာ အင်ဂျင်နီယာ အလုပ်မှာလည်း ရွေးချယ်စဉ်က ၀ါသနာပါသယောင်ယောင်ရှိသော်လည်း အခု အသက် ၃၈ နှစ်နားနီးကမှ တကယ့်တကယ် ၀ါသနာပါလှသည်မဟုတ်မှန်း နောက်ကျစွာ သိလိုက်ရချေသည်။ စိတ်ညစ်ဖွယ် ကောင်းလေစွ။

ထိုအကြောင်းကို အိမ်သူသက်ထားဖြစ်သူ မဒမ်ပေါအား အလုံးစုံပြောပြပြီး ဖွင့်ဟ အသိပေးလိုက်ရာ မဒမ်ပေါ၏ မျက်နှာမှာ ဇီးရွက်ခန့်မျှသာ ကျန်တော့သည် ထင်၏။ သူ့ခမြာ အားကိုးရှာမိပါမှ ငါးပါးမှောက်ချေပြီဟု တွေးလေသည်လော မပြောတတ်။

ကျနော့်မှာလည်း ကြံရာမရ။ သို့နှင့် “ကိုယ်ဘီယာသောက်တာကိုရော ၀ါသနာလို့ တွက်လို့ရမလားဟင်” မေးလိုက်သောအခါ မဒမ်ပေါက စိတ်ညစ်ညစ်နှင့် ရယ်လေသည်။ ပြီးတော့ “ဘာလဲ၊ မင်းက ဘီယာသောက်ပြီး ကြီးပွားချမ်းသာအောင် လုပ်မလို့လား” မေးရှာ၏။

မရယ်ကြပါနှင့်။ ဤကိစ္စသည် ပေါ့သေးသေးမဟုတ်။ ကျနော့်အဖြစ်မှာ ယခုလက်ငင်း ထီပေါက်ပြီး သန်းကြွယ်သူဌေးဖြစ်သွားလျှင်တောင်မှ သူများတကာလို အလုပ်ကထွက်ပြီး ကိုယ်ဝါသနာပါတာလေး စိတ်အေးလက်အေး လုပ်လိုက်မည်ဟု ပြောဆိုနိုင်ရန် ဘာကို ၀ါသနာပါလို့ ဘာလုပ်ရမှန်းမသိ။ ဦးနှောက်ခြောက်ပါဘိတောင်း။

အဲ…ဟုတ်ပြီ။ အခု ဒီစာကို ရေးရင်းနဲ့ စဉ်းစားလို့ရတာ တခုတော့ ရှိသည်။

ဘယ်အရာကိုမှ စွဲစွဲမြဲမြဲ စိတ်မ၀င်စားဘဲ ဟိုစပ်စပ် သည်စပ်စပ် လုပ်တတ်သည်မှာ ကျနော့်ဝါသနာပင် ဖြစ်ရချေမည်။

ဟိုစပ်စပ် သည်စပ်စပ် လုပ်ခြင်းဖြင့် အောင်မြင်ကြီးပွားနိုင်သလောဆိုသည့် အချက်ကို အင်တာနက်တွင် ရှေးဦးစွာ ရှာဖွေစစ်ဆေး ကြည့်ဖို့လိုမည်။ ကမ္ဘာပေါ်တွင် “ဟိုစပ်စပ် သည်စပ်စပ်” လုပ်ခြင်းဖြင့် အောင်မြင်လာသော သန်းကြွယ်သူဌေး ဘယ်နှစ်ဦး ရှိသလဲ၊ အောင်မြင်ဖို့ ဘယ်လောက် အချိန်ယူရသလဲ ဆိုတာတွေကို သုတေသန လုပ်ကြည့်ရမည်။ အင်း… ပြောသာပြောရ၊ သုတေသန လုပ်ရမှာလည်း ခပ်ပျင်းပျင်းဆိုတော့ သုတေသန ၀ါသနာပါဟန်တူသော “ကိုညီလင်းဆက်” (သို့မဟုတ်) ကိန်းဂဏန်းများ၊ ဇယားများကို ပိုင်နိုင်ကျွမ်းကျင်သော “ကိုအင်ဒီမြင့်”တို့ကို စာတမ်းပြုစုပေးဖို့ အကူအညီတောင်းရလျှင် ကောင်းလေမည်လော မပြောတတ်။

သူတို့ပြုစုပေးသော စစ်တမ်းအပေါ်အခြေခံပြီး လက်ရှိအလုပ်မှ ထွက်ကာ “ဟိုစပ်စပ် သည်စပ်စပ် ကုမ္ပဏီ” တည်ထောင်ကာ ဇောက်ချလုပ်ရမည်။ အောင်မြင်လာလျှင် ၀န်ထမ်းတွေ တိုးချဲ့ခန့်ထားရမည်။ စင်္ကာပူတွင်သာမက သြစတေးလျ၊ မလေးရှား၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ ယူကေ စသည့်နိုင်ငံများတွင်လည်း “ဟိုစပ်စပ် သည်စပ်စပ် Franchise ”ဆိုင်ခွဲတွေ နေရာအနှံ့ ဖွင့်ပစ်လိုက်မည်။ ကမ္ဘာအနှံ့လှည့်လည်ပြီး ဆိုင်ခန်းတွေကို ကြီးကြပ်ခြင်း၊ ၀န်ထမ်းတွေကို ထရိန်နင်ပေးခြင်း၊ အကျိုးအမြတ်တွေကို အခြားလုပ်ငန်းများတွင်ပါ ချဲ့ထွင်မြှုတ်နှံခြင်းတွေ မဖြစ်မနေ လုပ်ရမည်။

လုပ်ငန်းကြီးကျယ်လာပြီဆိုရင် ကိုယ်တယောက်တည်းနဲ့ မနိုင်ရေးချမနိုင်။ စိတ်ချရသော လက်ထောက်လူယုံများ မလွဲမသွေ လိုလာပေလိမ့်မည်။ ဘယ်သူတွေကို ခန့်ထားရပါ့။ ဆွေမျိုးများအကြားမှ ရွေးချယ်ခန့်ထားလျှင်လည်း သူ့ကို မျက်နှာလိုက်သည်၊ ငါ့ကို မေ့ထားရက်သည်နှင့် အဝေမတည့် ဖြစ်ကြဦးမည်။ မိတ်ဆွေများကို ခန့်ထားရအောင်ကလည်း ကိုယ်က အချိုးမပြောင်းသော်ငြား သူ့ဖက်က အလုပ်ရှင်အလုပ်သမား ဆက်ဆံရေးဖြစ်သွားသည့် အခြေအနေကို စိတ်ကွက်ပြီး မိတ်ပျက်သွားလျှင် မိတ်ဆွေကောင်းတွေ ဆုံရှုံးရချေတော့မည်။ ဒီကြားထဲ သမီးလုပ်သူကလည်း ဖခင် ၀င်ငွေကောင်းသည်ဆိုကာ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား ဘ၀ပေးအသိ မရှိဘဲ နေမှာ စိုးရသေးသည်။ ပိုဆိုးသည်က သူဌေးကတော်ဖြစ်လာသော မဒမ်ပေါကလည်း ပဲရစ်တို့ လန်ဒန်တို့မှာ ရှော့ပင်းထွက်ချင်ပါသည် ပူဆာလာလျှင် ဥဒဟိုလိုက်ပို့ရဦးမည်။

အားပါးပါး….။ ဤမျှ စဉ်းစားရသည်မှာပင် ဦးနှောက်ခြောက်စရာ ကောင်းလှပေသည်။

တော်ပါပြီခင်ဗျာ။ ဘယ်လိုမှ စိတ်မရှိကြပါနဲ့။ ကျနော် မကြီးပွားချင်တော့ပါဘူး။ ထုံးစံအတိုင်း ကက်ဆက်ဖွင့်ပြီး တရားရေအေး အမြိုက်ဆေးကလေး နာကြားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာပဲ ကောင်းမည်ထင်သည်။

ဘလော့ဂ်ဖတ်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဇွဲလုံ့လကင်း ပျင်းရိခြင်း ကင်းရှင်းကြပါစေ။
Read more

“လက်ကိုင်တုတ် နှင့် တောင်ဝှေး”

အလျား လေးပေခန့်၊ အချင်း တလက်မခွဲလောက်ရှိသော ၀ါးရင်းတုတ်တချောင်းသည် သက်ကြီးရွယ်အိုတယောက်အား လမ်းလျှောက်ရာတွင် ထောက်ကူနိုင်သော တောင်ဝှေးတချောင်း ဖြစ်နိုင်သလို လူဆိုးလူသွမ်းတို့က တပါးသူအား ရိုက်နှက်၍ နှိပ်စက်ကလူပြုရာတွင် အသုံးပြုသော လက်နက် (သို့မဟုတ်) လက်ကိုင်တုတ်လည်း ဖြစ်နိုင်ပေသည်။

တုတ်၏ သဘာဝ သည် အတူတူပင်ဖြစ်ပါလျက် အသုံးပြုသူအပေါ်မူတည်၍ (သို့တည်းမဟုတ်)အသုံးပြုခံရသည့် အနေအထားပေါ်တွင် မူတည်၍ ယင်းတုတ်ကို ခေါ်ဆိုသော အခေါ်အဝေါ်လည်း ကွဲပြားသွားပေသည်။ တဖန် အခေါ်အဝေါ်အပေါ် မူတည်ပြီး အဆိုပါ တုတ်အပေါ်တွင် လူတို့ထားရှိသော အမြင်သည်လည်း ကွဲပြားသွားပေသည်။

ယနေ့မြန်မာနိုင်ငံပြည်သည် စစ်အာဏာရှင် လက်အောက်တွင် ဖိနှိပ်ခံရသည်မှာ ၁၉၆၂ ခုနှစ်မှ စတင်ရေတွက်သော် နှစ်ပေါင်း ၄၇ နှစ်မျှ ကြာခဲ့ပြီ ဖြစ်သည်။ စစ်အာဏာရှင်စနစ်သည် Totalitarianism ဆိုသည့်အခေါ်အဝေါ်နှင့် လိုက်ဖက်စွာပင် ကိစ္စတိုင်းအပေါ်တွင် အာဏာသက်ရောက်ကာ ထိန်းချုပ်စွက်ဖက်လျက်ရှိသည်။ ၀န်ကြီးမှ စ၍ ညွှန်ကြားရေးမှူး၊ အမှုထမ်း၊ အရာထမ်းအလယ်၊ ပြာတာနှင့် ဆိုက်ကားသမား အဆုံး မည်သူတဦးတယောက်မျှ မိမိ ၀တ္တရားရှိသည့်အတိုင်း လွတ်လပ်စွာ ပြုမူကျင့်ကြံနိုင်ကြသည်မဟုတ်။ အာဏာရှင်၏ အလိုဆန္ဒအတိုင်း လိုက်လံဆောင်ရွက်ကြရလျက် ရှိသည်။

အာဏာရှင်ချမှတ်သော ပညာရေးပေါ်လစီကို ပါမောက္ခများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာများက တသွေမသိမ်း လိုက်လံ ကျင့်ကြံရသည်။ ယင်း ပညာရှင်များအနေဖြင့် သူတို့ တတ်ကျွမ်းသည့် ပညာရပ်များကို လွတ်လပ်စွာ အသုံးပြုပိုင်ခွင့်မရှိ။ သင်ရိုးညွှန်းတမ်းများကိုပင် လွတ်လပ်စွာ ပြုစု သင်ကြားခွင့်မရှိ။

အလားတူပင် အာဏာရှင် ချမှတ်သော ကျန်းမာရေး ပေါ်လစီကို ဆရာဝန်ကြီးများ၊ အထူးကုများ၊ ဆေးရုံအုပ်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးလုပ်သားများက တသွေမသိမ်း လိုက်နာကျင့်ကြံရသည်။ ယင်းတို့အနေဖြင့် သူတို့ တတ်ကျွမ်းသည့် ပညာရပ်များကို လွတ်လပ်စွာ အသုံးပြုပိုင်ခွင့်မရှိ။ ဥပမာပေးရလျှင် ရောဂါဖြစ်သူ ဦးရေကို စာရင်းဇယားကောက်ခံရာ၌ပင် လွတ်လပ်စွာ ကောက်ခံခွင့်မရှိ။ စာရင်းဇယားကို အမှန်အတိုင်း တင်ပြခွင့်မရှိ။ ဆေးရုံများတွင် ထိရောက်စွာ လက်ခံကုသခွင့် မရှိ။ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ပိုင်ခွင့်မရှိ။

အခြား စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင်လည်း အလားတူပင်တည်း။

ညွှန်ကြာရေးမှူးချုပ်ကစ၍ ပြာတာ အထိ၊ စီးပွားရေး လုပ်ငန်းရှင်ကစ၍ လမ်းဘေးဈေးသည်အထိ၊ ကွန်ပြူတာပညာရှင်မှစ၍ ဆိုက်ကားသမားအထိ အာဏာရှင်စနစ်အောက်တွင် အာဏာရှင်အလိုကျ၊ အာဏာရှင် ခိုင်းစေသမျှကို မလွန်ဆန်နိုင်ဘဲ (စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ) လုပ်ကိုင်နေကြရသည်သာ ဖြစ်သည်။ ထိုသို့ အာဏာရှင် ခိုင်းစေရာကို လိုက်လံလုပ်ကိုင်ကြရသည့်အထဲတွင် အတန်းပညာကို ကောင်းစွာ သင်ကြားခွင့်မရခဲ့ရှာသော ဆင်းရဲသားများ၊ လက်လုပ်လက်စားများလည်း ထိပ်ဆုံးကပါသည်။

ဆရာဝန်ကြီးများ၊ ပညာရှင်ကြီးများပင် အာဏာရှင်ခိုင်းစေသမျှကို မတွန်းလှန်ဝံ့ဘဲ လိုက်လံလုပ်ကိုင်နေကြရသည့် ခေတ်အခါကြီးထဲတွင် ပညာလည်းမတတ်၊ နေ့စဉ်ဘ၀တွင်လည်း နင်းပြားသဖွယ် လူတကာအား အောက်ကျို့ဆက်ဆံရရှာသော လက်လုပ်လက်စား လူတန်းစားအဖို့ အဘယ်သို့သော သတ္တိဖြင့် အာဏာရှင်၏ ခိုင်းစေမှုကို ငြင်းပယ်နိုင်အံ့နည်း။ ထိုလူတန်းစားမှာ ပညာတတ်အရာရှိကြီးများကဲ့သို့ ချမ်းသာလောက်အောင် အကျိုးအမြတ်မခံစားရပါဘဲ၊ ရာထူးတက်လမ်းမရှိပါဘဲ တနေ့စာ ၀င်ငွေမျှအတွက်ပင် အာဏာရှင်ခိုင်းစေရာကို လုပ်ဆောင်ရရှာပြီး ရသည်နှင့်မတန်အောင် လူမုန်းခံသည်လည်းဖြစ်ရာ အဘယ်ကြောင့် အာဏာရှင်ခိုင်းတိုင်း လုပ်ရသည်ကို တွေးတောကြည့်ရန် လိုပေလိမ့်မည်။

ယခုအခါ ပြည်သူအများ မျက်မုန်းကျိုးဖွယ် ဗီလိန်နေရာမှ အသုံးတော်ခံရန် စွမ်းအားရှင်ဟူသည့် လူတန်းစား တရပ်သည်လည်း မြန်မာပြည်တွင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ ကျနော်တို့အားလုံးလိုလိုသည် အဖြစ်သနစ်၏ ဇာတိဇစ်မြစ်ကို သေသေချာချာ စဉ်းစားတွေးတောခြင်း မပြုကြဘဲ စွမ်းအားရှင် ဆိုလျှင် အလွယ်တကူ မုန်းတီးမိလိုက်ကြသည်။ နအဖ၏ ဒေါက်တိုင်တွေဟု အလွယ်တကူ သမုတ်လိုက်ကြသည်။ အချို့သော သူများဆိုလျှင် နအဖ ဒေါက်တိုင်များကို ဖြိုခွင်းရန် ဦးတည်ချက်ဖြင့် စွမ်းအားရှင်များ၊ ကြံဖွံ့များကို အကြမ်းဖက် တိုက်ခိုက်ချေမှုန်းရန်ပင် အစီအစဉ် ရှိကြသည်ဆိုသည်။ ဤသည်မှာ မဆိုင်သည့်အပေါက်ကို ဂလိုင်ဖြင့်ခေါက်သည်ဟု ကျနော်ယူဆပါသည်။

တကယ်တော့ စွမ်းအားရှင်တွေသည်လည်း အာဏာရှင်စနစ်၏ သားကောင်များသာ ဖြစ်သည်။ အာဏာရှင်စေခိုင်းရာ လိုက်ပါ လုပ်ကိုင်ကြရသူချင်းအတူတူ ဆရာဝန်ကြီးများ၊ ကျောင်းအုပ်ဆရာကြီးများ၊ ဆရာဝန်ကြီးများ၊ အစိုးရအရာရှိကြီးများကို ဆက်ဆံရာတွင် တမျိုး၊ ပညာသင်ကြားခွင့်မရခဲ့သော ဆင်းရဲမွဲတေမှုဒဏ်ကို ခါးစည်းခံနေကြရသော ဆင်းရဲသားများကို ဆက်ဆံရာတွင်တမျိုး ခွဲခြားဆက်ဆံသလို ဖြစ်နေသည်ကို တွေ့ရသည်။ ထိုသို့ဆိုလျှင် ဆင်းရဲမွဲတေ၍ ပညာမတတ်သူများကို မြေနိမ့်ရာ လှံစိုက်သလို ထပ်မံ ဖိထောင်းရာ ရောက်နေချေပြီလောဟု စဉ်းစားစရာရှိလာသည်။။ ဦးပုည စကားနဲ့ ပြောရလျှင်…. “အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်…၊ ဤကြံဖော်ကြံဖက်၊ သုံးယောက်သားအနက်တွင်မှ၊ ကံကွက်ကျား၍၊ ငမိုက်သားမုဆိုးလေ၊ နင့်ချည်းပင် သေပေတော့ဟု၊ ငွေတောင်ကြီး အဟန်၊ ဆဒ္ဒန်မင်းမြတ်၊ သတ်လျှင်လည်း ၊ လူမလိမ္မာ၊ ကျွန်မိစ္ဆာသည်၊ မလွတ်နိုင်ရာ၊ သေရပါတော့မည်” ဆိုသကဲ့သို့ စွမ်းအားရှင်တို့သည် သောနုတ္ထိုရ် မုဆိုးနေရာကို ကံဆိုးမိုးမှောင်ကျစွာ ကွက်တိ ၀င်ရောက်နေကြခြင်းသာ ဖြစ်ပေသည်။

ဆဒ္ဒန်ဆင်မင်းကတော့ အလောင်းတော်ပီပီ “အလောင်းတော်မြတ်၊ ဗောဓိသတ်လည်း၊ လောကတ္တယ၊ ဘ၀ပါရဂူ နီးစပ်တော်မူသောကြောင့်၊ ရန်သူပုဂ္ဂိုလ်၊ သောနုတ္ထိုရ်ကို၊ ရွှေကိုယ်တော်ပွား ရင်နှစ်သားကဲ့သို့၊ သနားချစ်ခင်၊ အသက်ကို ချမ်းသာပေးတော်မူပြီးလျှင်…..”ဆိုသည့်အတိုင်း မုဆိုးကို အသက်ချမ်းသာပေးခဲ့ပါသည်။ ကျွန်ုပ်တို့ကရော ပညာမျက်စိနှင့် ချင့်ချိန်ဆုံးဖြတ်လျက် သတိတရားရှေ့ထားကာ ပြုမူမည်လော။ သို့တည်းမဟုတ် ခံစားမှုသက်သက်ဖြင့် စိတ်လိုက်မာန်ပါ ပြုလုပ်ကြမည်လား။ ဤသို့ရေးသဖြင့် စွမ်းအားရှင်များ၊ ကြံ့ဖွံ့များ၏ ဘက်မှ ဘက်လိုက်ကာ ရေးသားနေသည်ဟု ကောက်ချက်မချစေလို။ စွမ်းအားရှင်တို့၏ လုပ်ရပ်များ၊ ကြံဖွံ့များ၏ လုပ်ရပ်များကို အများနည်းတူ ကျနော်သည်လည်း ရှုတ်ချသည်ပင်ဖြစ်သည်။ ဆန့်ကျင်သည်သာလျှင်ဖြစ်သည်။ သို့သော် ထိုလူတန်းစား၏ အကြပ်အတည်းနှင့် အနေအထားကို သုံးသပ်နိုင်ရန် ရေးပြခြင်းဖြစ်ပြီး အဓိက ရန်သူမှာ မည်သူဖြစ်သနည်းဆိုသည့်အချက်ကို မေ၀၀ါးစေရန် ဆိုလိုရင်းဖြစ်သည်။

တကယ်တော့ နအဖသည် အိမ်ကြက်အချင်းချင်းကို အိုးမဲသုတ်ပြီး ခွပ်စေခြင်းသာဖြစ်သည်။ ကျနော်တို့သည် စွမ်းအားရှင်တွေကို ချောင်းမြောင်းလုပ်ကြံပါက ပြည်သူအချင်းချင်း သတ်ဖြတ်ရသည်ဖြစ်၍ သွေးချောင်းစီးသည်သာ အဖတ်တင်မည်။ အကြမ်းဖက်ခြင်းဖြင့် ငြိမ်းချမ်းရေးကို မရနိုင်ပါ။ မငြိမ်းချမ်းလျှင် လွတ်လပ်ခြင်းလည်း မမည်ပါ။ ဖြစ်သင့်ဖြစ်ထိုက်သည်မှာ အာဏာရှင်တို့၏ လက်ကိုင်တုတ်များကို ကျွန်ုပ်တို့၏ တောင်ဝှေးဖြစ်လာစေရန် ကျွန်တော်တို့ ကြိုးပမ်းကြရမည်ဖြစ်သည်။

ဤကိစ္စသည် လွယ်ကူသည့်ကိစ္စဟု မဆိုလိုပါ။ အင်မတန် ခက်ခဲပါသည်။ အချိန်ယူရမည်လည်း မုချပင်ဖြစ်ပါသည်။ စွမ်းအားရှင်မှစ၍ စစ်ဗိုလ်စစ်သားများအထိ မိမိတို့ဖက် ပါလာစေရန် စည်းရုံးရေး နည်းလမ်းများကို တီထွင်ကြံဆကြဖို့ လိုပါသည်။ လက်တွေ့ စည်းရုံးကြဖို့ လိုပါသည်။ တဖက်တွင်လည်း အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြစ်သည့် သပိတ်မှောက်ခြင်း၊ ဆန္ဒပြအုံကြွခြင်း၊ အာဏာဖီဆန်ခြင်းများကို စနစ်တကျ ပြုလုပ်ကြဖို့ လိုပါသည်။

အာဏာရှင်စနစ်တခုကို ဖြိုဖျက်ရသည့် ကိစ္စမှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပါ။ သို့သော် မလွယ်ကူသဖြင့် ဘာမှ မလုပ်ဘဲ ထိုင်နေသင့်သည်လည်း မဟုတ်။ လွတ်လပ်ရေးရသည်အထိ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်း ကြိုးပမ်းသွားကြရမည်သာ ဖြစ်သည်။ ဤသို့ ကြိုးပမ်းရာ ခရီးတလျှောက်တွင် အာဏာရှင်တို့၏ လက်ကိုင်တုတ်များကို တွေ့တိုင်း ထိုသူတို့သည်လည်း မိမိတို့လိုပင် စနစ်၏ သားကောင်များပင်ဖြစ်သည်ကို နားလည်သဘောပေါက်ကာ အာဏာရှင်၏ လက်ကိုင်တုတ်အဖြစ်မှ ပြည်သူလူထုအားထားရသော တောင်ဝှေးအဖြစ်သို့ ပြောင်းလဲလာစေရန် ကြိုးပမ်းအားထုတ်ကြဖို့ လိုမည်ဖြစ်သည်။
Read more

“ရာဇ၀င်မှာ စာတင်လို့ ကျူးခဲ့ကြ”

ပုဂံခေတ်မှာ ဗုဒ္ဓဘာသာ မြန်မာပြည် (ပုဂံပြည်)ကို ရောက်လာပုံဟာ စိတ်ဝင်စားစရာ မကောင်းဘူးလား။ အဲသည်မတိုင်ခင်က အရည်ကြီးတွေ လွှမ်းမိုးနေရာကနေ ဗုဒ္ဓဘာသာကို ပြောင်းသွားလိုက်ပုံများ အင်မတန် လျှင်မြန်လွန်းတယ်။ အခုခေတ် နိုင်ငံရေးသမားတွေ ပြောပြောနေတဲ့ Paradigm shift ဆိုတာ ဒါမျိုးလား လို့တောင် တွေးမိတယ်။

တကယ်စဉ်းစားကြည့်တော့ ကိုယ်မိရိုးဖလာ ယုံကြည်သက်ဝင်လာတဲ့ ဘာသာတခု (သို့မဟုတ်) ယုံကြည်သက်ဝင်မှု တခုကနေ နောက်တခုကို လုံးဝ ပြောင်းလဲလိုက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး။ နှစ်ရှည်လများ အမြစ်တွယ်လာတဲ့ အရည်းကြီးသာသနာကနေ ဗုဒ္ဓသာသနာကို အချိန်တိုတိုလေးအတွင်းမှာ ကူးပြောင်းလိုက်နိုင်တာ အံ့သြစရာပဲ။ ဘုရင်ဖြစ်သူ အနော်ရထာကိုယ်တိုင်က ဒီဘာသာတရားကို သက်ဝင်ယုံကြည်လို့ ပြည်သူတွေကိုလည်း အာဏာစက်သုံးပြီး ယုံကြည်ခိုင်းတဲ့အတွက် ဒီလောက်ပျံ့ပွားသွားတာလား။ ဒီလိုတော့ ဖြစ်နိုင်မယ် မထင်ဘူး။ လူတယောက်ရဲ့ ယုံကြည်မှုကို ဓားမိုးပြီး အတင်းယုံကြည်ခိုင်းရင် ခိုင်းသမျှသာ လုပ်မယ်။ သဒ္ဓါတရားပေါက်လာတဲ့အထိတော့ ယုံကြည်လိမ့်မယ်မဟုတ်။ အဲသည် ဘုရင် ကွယ်လွန်သွားတာနဲ့ နဂိုယုံကြည်မှုကို ပြန်ကျင့်သုံးမှာပေါ့။

ဒါမှမဟုတ် ဘုရင်ကို ပြည်သူတွေက ချစ်မြတ်နိုးလို့ သူကိုးကွယ်တဲ့ ဘာသာကို လိုက်လံကိုးကွယ်တာလား။ ဒါလည်း သိပ်တော့ မဖြစ်နိုင်ပြန်ဘူး။ လူတယောက်ကို ချစ်ခင်ရုံနဲ့ မိရိုးဖလာ ကိုးကွယ်ယုံကြည်လာခဲ့တဲ့ အရာတခုကို ၀ုန်းကနဲ ပြောင်းဖို့ ဆိုတာမလွယ်ဘူးလေ။

အဖြစ်နိုင်ဆုံးကတော့ အရည်းကြီးသာသနာနဲ့ နှိုင်းယှဉ်ရင် ဗုဒ္ဓဘာသာက ပိုမို နှစ်လို လက်ခံနိုင်ဖွယ်ရှိတယ်၊ ကျိုးကြောင်းညီညွတ်မှုရှိတယ် စတဲ့အချက်တွေကြောင့် လူအများဟာ သူ့သဘော သူ့ဆန္ဒအလျောက် အလွယ်တကူ ပြောင်းလဲ သက်ဝင်လာကြတာလို့ ကျနော်ယူဆပါတယ်။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ပုဂံခေတ်မှာ ဗုဒ္ဓဘာသာ ထွန်းကားတောက်ပ ခဲ့တယ်ဆိုတာကတော့ ပုဂံက ဘုရားပုထိုးတွေ၊ အုတ်ခွက်တွေ၊ ကျောက်စာတွေမှာ သက်သေထင်ရှားကျန်ရစ်ခဲ့တယ်။

ဒီနေရာမှာ ကျနော်ဆက်ပြီး စဉ်းစားတာက ဘာသာတရားလို အင်မတန်နက်နဲတဲ့ အတွေးအခေါ်၊ အယူအဆတခုကိုတောင် အဲသည်တုန်းက မြန်မာတွေဟာ အလွယ်တကူ လက်ခံနိုင်ခဲ့ကြတယ်ဆိုရင် သူတို့ဟာ အတွေးအခေါ်သစ်၊ ယဉ်ကျေးမှုအသစ်တွေကို အခုခေတ်ထက် ပိုမို တိမ်းညွတ်လွယ်သလားဆိုတဲ့ အချက်တချက်ကို သွားစဉ်းစားမိတယ်။

နောက်တချက်က ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်အထိ ဘုရင်တွေ စစ်တိုက်ကြလို့ စစ်နိုင်ပြီး ပြန်လာရင် ဖြစ်စေ၊ နှစ်နိုင်ငံရွှေလမ်းငွေလမ်းဖောက်ပြီး လက်ဆောင်ပဏ္ဏာဆက်သလို့ဖြစ်စေ လူသူရဲကောင်း၊ ရဟန်းသူရဲကောင်း၊ လူပညာရှိ၊ ရဟန်းပညာရှိ၊ လက်မှုပညာရှင်၊ အတတ်ပညာရှင်တွေကို မိမိတိုင်းပြည်ပြန်လာတဲ့အခါ သယ်ဆောင်လာကြသတဲ့။ ဒီလိုနည်းနဲ့ (အဲသည်တုန်းက ဘေးပတ်ဝန်းကျင်က တိုင်းပြည်တွေဖြစ်တဲ့) မွန်၊ ရှမ်း၊ ယိုးဒယား စတဲ့ နိုင်ငံတွေကနေ ယဉ်ကျေးမှုတွေ၊ လက်မှုအတတ်ပညာတွေပါ မြန်မာတွေ ရလိုက်ကြတယ်။

မြန်မာပြည်ဟာ တောင်တန်းတွေ ပတ်ပတ်လည်ကာရံထားပြီး မင်းနေပြည်တော် စိုက်တာကလည်း မြန်မာပြည်အလယ်ပိုင်းဒေသတ၀ိုက်မှာဆိုတော့ ရေကြောင်းသွားလာရတဲ့ခေတ်အခါမှာ ဆိပ်ကမ်းမရှိတဲ့အလျောက် ပြင်ပကမ္ဘာနဲ့ ထိတွေ့မှု နည်းပါးခဲ့တယ်။ အလွန်ဆုံးထိတွေ့ရတာ ယိုးဒယား။

ဒါပေမယ့် ရှေးမြန်မာတွေဟာ ပြင်ပက ၀င်လာတဲ့ ယဉ်ကျေးမှုနဲ့ အတွေးအခေါ်တွေကို အသစ်အဆန်းအနေနဲ့ စိတ်ဝင်တစား လက်ခံကြပုံရတယ်။ ဇာတ်၊ ဂီတ၊ အက စတဲ့ သုခုမ အနုပညာတွေမှာ ရှေးခေတ်မြန်မာပြည်နဲ့ ထိတွေ့ခဲ့ရသမျှ နိုင်ငံတွေက ယဉ်ကျေးမှုတွေ ရောယှက်နေတာကို သတိထားနိုင်ပါတယ်။ ဒီလို လက်ခံနိုင်ကြတာဟာလည်း မြန်မာတွေရဲ့ စိတ်မှာ (သက်ဦးဆံပိုင်ဘုရင်စနစ်အောက်မှာ နေရတာဖြစ်သော်ငြား) ငါတို့လူမျိုးဟာ “ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း” နဲ့ နေနိုင်တဲ့ လူမျိုးတွေရယ်လို့ လွတ်လပ်တဲ့ လူမျိုးစိတ်နေစိတ်ထားရှိလို့ ပွင့်လင်းစွာ လက်ခံနိုင်ကြတာ ဖြစ်ပုံရပါတယ်။

ဒီလိုနဲ့ မြန်မာပြည်ဟာ အင်္ဂလိပ်လက်အောက်ကို ကျရောက်ခဲ့ရတယ်။ တလျှောက်လုံး ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း နဲ့ နေလာသူတွေဟာ သူ့ကျွန်ဘ၀ကို ရောက်သွားတဲ့အခါ စောစောက လွတ်လပ်တဲ့လူမျိုး စိတ်နေစိတ်ထားဟာ အချိုးနှိမ်ခံလိုက်ရတော့တယ်။ ဒါပေမယ့် ကိုယ့်လူမျိုးကို မတရားလာရောက်အုပ်ချုပ်ပြီး ကိုယ်တိုင်းပြည်က သယံဇာတ၊ အမွေအနှစ်တွေကို အမြတ်ထုတ်တဲ့ နယ်ချဲ့ကို မြန်မာတွေ မနှစ်မြို့နိုင်ကြပါဘူး။ ပိုဆိုးတာက အင်္ဂလိပ်တွေခေတ်မှာ အိန္ဒိယကနေ ရောက်လာတဲ့ ငွေရှင်ချစ်တီးတွေရဲ့ ဖိနှိပ်မှုကြောင့် မြန်မာတွေရဲ့ တိုင်းတပါးသားတွေအပေါ်မှာ မနှစ်မြို့စိတ်၊ မုန်းတီးစိတ်ဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

အဲဒီမှာ “၀ံသာနုစိတ်” ဆိုတာ စတင်ပေါ်ပေါက်လာတော့တာပါပဲ။ “၀ံသာနုစိတ်” ဆိုတာ “ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ၊ ကိုယ့်ယဉ်ကျေးမှု” ကို ကာကွယ်လိုတဲ့စိတ်ကို အရင်းခံတယ်။ ဒါကြောင့် ကိုလိုနီခေတ် အစောပိုင်း မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုမှာ “အမျိုး၊ ဘာသာ၊ သာသနာ” ဆိုတဲ့ ကြွေးကြော်သံဟာ ကျယ်လောင်နေခဲ့တယ်။ အဲဒီ ၀ံသာနုစိတ်ဓါတ်ရေချိန်မြင့်လာတဲ့ အချိန်မှာ တိုင်းတပါးသား အုပ်ချုပ်သူတွေရဲ့ ထုတ်ကုန်တွေ၊ ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေကို စတင် သပိတ်မှောက်ကြတော့တယ်။ ပြည်တွင်းဖြစ်ကို အားပေးလာကြတယ်။ အဲသည်ခေတ်အနေအထားကို ပြန်ကြည့်ရင် ဒီ ၀ံသာနုစိတ်ပေါ်ပေါက်လာပုံဟာ သဘာဝ ကျတယ်။ နောက်ပြီး မြန်မာ့လွတ်လပ်ရေးအတွက်လည်း အခရာ ကျခဲ့တယ်။

ဒါပေမယ့် မြန်မာ့လွတ်လပ်ရေးအတွက် ရုန်းကန်ခဲ့ရတဲ့ ကာလဟာ အတော်အတန် ရှည်လျားခဲ့တာမို့ အဲသည် ပြင်းထန်တဲ့ ၀ံသာနုစိတ်ဟာ လွတ်လပ်ရေးရပြီးတဲ့ အချိန်အထိ အရှိန်မကုန်နိုင်သေးဘဲ အရိုးစွဲပြီး ကျန်ရစ်ခဲ့တယ်။

တကယ်လို့သာ မြန်မာပြည်ဟာ လွတ်လပ်ပြီးချိန်က စလို့ လွတ်လပ်တဲ့ လူမျိုးတရပ်အနေနဲ့ ပြင်ပကမ္ဘာနဲ့ ကူးလူးဆက်ဆံမှုတွေ ကာလရှည်ကြာ ဆက်လုပ်နိုင်ခဲ့ရင် ကျနော်တို့ မြန်မာတွေဟာ ပုဂံခေတ်က မြန်မာတွေလိုပဲ ကမ္ဘာတလွှားက ယဉ်ကျေးမှုတွေ၊ အတွေးအခေါ်တွေကို သဘောထားကြီးကြီး၊ ပွင့်လင်းတဲ့အမြင်နဲ့ လက်ခံနိုင်ကြမှာ အသေအချာပါ။

ကံဆိုးချင်တော့ မြန်မာပြည်ဟာ လွတ်လပ်ရေးရပြီး မကြာခင်မှာဘဲ စစ်အာဏာရှင်အစိုးရတက်လာပြီး မြန်မာလူမျိုးအချင်းချင်း ဖိနှိပ်အုပ်ချုပ်ခြင်းကို ခံရပါတော့တယ်။ စစ်အစိုးရဟာ အရပ်သား မျက်နှာဖုံး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ထူထောင်ပြီး တံခါးပိတ်စီးပွားရေးစနစ်ကျင့်သုံးကာ မြန်မာပြည်သူတွေကို ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်လိုက်ရုံမက ကျဉ်းမြောင်းတဲ့ အမျိုးသားရေးစိတ်ဓါတ်ကို မြန်မာလူမျိုးတွေ စိတ်ထဲကို ၂၆ နှစ်လုံးလုံး ၀ါဒဖြန့် သွတ်သွင်းခဲ့ပါတယ်။ ကျောင်းသင်ခန်းစာတွေ၊ စာနယ်ဇင်းတွေကအစ ရုပ်ရှင်၊ ဂီတ နဲ့ သုခုမ အနုပညာတွေအဆုံး တိုင်းတပါးယဉ်ကျေးမှု၊ တိုင်းတပါး အတွေးအခေါ်တွေကို ရှုတ်ချပြီး “အရိုးပေါ် အရွက်မဖုံးစေနဲ့” ဆိုတဲ့ စကားအတိုင်း ခေတ်နောက်ပြန်ဆွဲတဲ့ ဓလေ့ကို ရိုက်သွင်းခဲ့တယ်။ နိုင်ငံရပ်ခြားက တိုးတက်မှုတွေ၊ ယဉ်ကျေးမှုတွေ၊ အတွေးအခေါ်အယူအဆတွေ မြန်မာပြည်ထဲ ထိုးဖောက်ဝင်ရောက်မလာနိုင်အောင် စာပေစိစစ်ရေး၊ ရုပ်ရှင်ဆင်ဆာ စတဲ့ အဆင့်ဆင့်သော တည်းဖြတ်မှုတွေနဲ့ ပြည်သူတွေရဲ့ မျက်စိနဲ့ နားကို ၂၆ နှစ်လုံးလုံး ပိတ်ပင်ထားခဲ့တယ်။ အကျိုးဆက်ကတော့ ကျနော်တို့တတွေဟာ အသစ်အဆန်းကို လက်ခံဖို့ တွန့်ဆုတ်ကြတယ်။ တိုင်းတပါးယဉ်ကျေးမှုဆိုရင် အလွယ်တကူ ရှုတ်ချတတ်ကြတယ်။ အတွေးအခေါ်အသစ်တွေကို စဉ်းစားဆန်းစစ် လက်ခံဖို့ ၀န်လေးကြတယ်။

ဆွံ့အနားမကြား ဆိုတာ ကြားဖူးပါလိမ့်မယ်။ လူတယောက်ဟာ မွေးကတည်းက နားမကြားရင် စကားမပြောတတ်တော့သလို မျက်စိမမြင်ရင်လည်း ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို မသိနိုင်တော့ပါဘူး။ လေ့လာသင်ယူနိုင်ဖို့ မလွယ်ကူပါဘူး။ မျက်စိရော၊ နားပါ ချွတ်ယွင်းသွားခဲ့ရင် လူအဖြစ် ပြည့်ပြည့်၀၀ ရှင်သန်ကြီးထွားနိုင်ဘို့ မလွယ်တော့ပါဘူး။ (စိတ်ဝင်စားသူများ Helen Keller's teacher- ဖေမြင့် ဘာသာပြန်- ဟယ်လင်ကဲလား၏ ဆရာမ ကို ရှာဖတ်ပါ။) မှန်မှန်ကန်ကန် မမြင်မကြားရရင် ဆုံးဖြတ်မှုလွဲမှားနိုင်တယ်ဆိုတာကလည်း အထူးပြောဖို့တောင် မလိုပါဘူး။

ကျနော်တို့ မြန်မာပြည်သူတွေဟာ မိမိတို့ရဲ့ အခွင့်အရေးတွေကို နားမလည်ကြဘူးလို့ ဆိုလာရင် ကျနော်တို့ဟာ နားမျက်စိကို နှစ်ရှည်လများ အပိတ်ခံထားရတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။ နားမျက်စိကို ဖွင့်ပေးလိုက်တာနဲ့ ဘယ်ဟာ ကောင်းသလဲ၊ ဘယ်ဟာဆိုးသလဲဆိုတာ ချက်ချင်းသိကြမှာပါ။ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ကြမှာပါ။ ပုဂံခေတ်က အရည်းကြီးသာသနာကနေ ဗုဒ္ဓသာသနာကို အချိန်တိုအတွင်းမှာ ပြောင်းလဲသွားသလိုမျိုးပေါ့။

ဒါကြောင့် တချို့လူတွေ ၀ါဒဖြန့်နေတဲ့ “မြန်မာတွေ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူး” ဆိုတဲ့ အယူအဆဟာ လုံးဝ မမှန်ကန်ပါဘူး။

ပြည်သူလူထုရဲ့ နားမျက်စိကို ဖွင့်ပေးမယ်၊ လွတ်လပ်တဲ့ လူမျိုးဘ၀ကို ပြန်ရအောင် ဖန်တီးနိုင်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ဟာ ကမ္ဘာတလွှားက လွတ်လပ်တဲ့ အခြားတိုင်းနိုင်ငံတွေလိုပဲ တိုးတက်တဲ့ ယဉ်ကျေးမှု၊ ရင့်ကျက်တဲ့ အတွေးအမြင်တွေနဲ့ နေချင်စရာကောင်းတဲ့ တိုင်းပြည်တခုအဖြစ်ကို အမြန်ဆုံး ရောက်ရှိလာမှာ အမှန်ပါပဲ။

အဲဒီလို မျက်စိဖွင့်ပေးနိုင်ဖို့အတွက် (တနည်း) လွတ်လပ်တဲ့ လူမျိုးဘ၀ကို ပြန်ရအောင် လုပ်နိုင်ဖို့အတွက် လုပ်ရမယ့် ပထမဦးဆုံးအဆင့်ကတော့ ပြည်သူတွေရဲ့ မျက်စိနဲ့နားကို ပိတ်ထားတဲ့စနစ် (သို့မဟုတ်) လွတ်လပ်မှုကို ပိတ်ပင်ထားတဲ့ စနစ်ကို အရင် ဖြိုဖျက်၊ တိုက်ဖျက်ကြဖို့ ဖြစ်ပါတယ်။ အဲဒီအဆင့်ဟာ မြန်မာပြည်ကို ချစ်သူတိုင်း၊ လွတ်လပ်မှုကို မြတ်နိုးသူတိုင်း မဖြစ်မနေ ပူးပေါင်းပါဝင်ရမယ့် အဆင့်ဖြစ်မယ်လို့ ယူဆမိပါတယ်။
Read more

“တင့်လှပေဟန်”

အင်တာနက်ပေါ်က ဓါတ်ပုံတပုံထဲမှာ ချစ်စဖွယ်ပြုံးရင်း မျက်လုံးလေး ထောင့်ကပ်ပြီး ကြည့်နေရှာတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဆံပင်ဒီဇိုင်းသစ်နဲ့ လိုက်ဖက်လေမလားလို့ Paint Brush သုံးပြီး စမ်းသပ် တီထွင်ကြည့်တာပါ။ မြန်မာမှု၊ မြန်မာဟန် အရိပ်အငွေ့လေးတွေ ပါအောင် ကြိုးစားထားပါတယ်။ မူရင်း ဓါတ်ပုံကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်။ အိပ်ဆောင်ပြက္ခဒိန်ထုတ်လိုသူများ အမြန်ဆက်သွယ်ကြပါ။း-)

Read more

“တာဇံကို မြို့ပေါ် ခေါ်ကြမယ်”

မြန်မာပြည် အစွန်အဖျား တောကြိုအုံကြားအရပ်မှ မွေးကင်းစကလေးငယ်တဦးကို လန်ဒန်တွင်ခေါ်၍ ကြီးပြင်းစေပြီး ပညာသင်ကြားပေးလိုက်လျှင် ထိုကလေးငယ်သည် အင်္ဂလိပ်လူမျိုး မိဘနှစ်ပါးမှ မွေးဖွားလာသော ကလေးငယ်နှင့်မခြား အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး အင်္ဂလိပ်လူမျိုး ကလေးငယ်များနည်းတူပင် ပညာတတ်မြောက်လာမည် ဖြစ်သည်။

အဆိုပါကလေးငယ်ကိုပင် မွေးကင်းစအရွယ်၌ တောတွင်းမှ လူဝံများအကြားတွင် သွားရောက်ထားရှိကာ ကြီးပြင်းစေပါက လူစကားကိုပင် ပြောတတ်တော့မည်မဟုတ်ဘဲ တာဇံကဲ့သို့ လူဝံဘာသာစကားနှင့် တောဓလေ့ တောစရိုက်အတိုင်းသာ ပြုမူဆက်ဆံနိုင်တော့မည် ဖြစ်သည်။

မြန်မာလူမျိုးကလေးငယ်မှမဟုတ်၊ ဥရောပလူမျိုး မိဘများမှ မွေးဖွားလာသော အခြားကလေးငယ်များကို အလားတူစမ်းသပ်လျှင်လည်း တူညီသော ရလဒ်ကိုသာ မြင်တွေ့ကြရမည်ဖြစ်ပေသည်။

တဖန် တောတွင်းတွင် ကြီးပြင်းခဲ့ရသော လူကလေးအား လူ့ယဉ်ကျေးမှု အသိုင်းအ၀ိုင်းသို့ ခေါ်ယူကာ လူ့ဘာသာစကားကို သင်ကြားပေးလျှင် မကြာမီအချိန်အတွင်းမှာပင် လူစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုလာနိုင်ပေလိမ့်မည်။ အစပိုင်းတွင်တော့ လူတို့၏ အလေ့အထနှင့် အံဝင်ခွင်ကျမရှိသဖြင့် ကို့ယို့ကားယား၊ ကမောက်ကမ အဖြစ်အပျက်များ ရှိပေလိမ့်မည်။ သို့သော် ဤသည်မှာ ခေတ္တခဏသာလျှင် ဖြစ်သည်။ လူဆိုသည်ကား အမှားမှနေ၍ သင်ခန်းစာယူတတ်သော၊ လေ့လာသင်ယူတတ်သော သဘော ကိုယ်စီရှိကြသည်။ လူသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှင်သန်နိုင်စေရန် မိမိကိုယ်ကို ပြုပြင်တတ်သော သဘောရှိသည်။ အချိန်ကာလ တခုကို လွန်မြောက်သွားလျှင် တာဇံအနေဖြင့် မူလသဘာဝဖြစ်သော တောတွင်းသားကလေးအဖြစ်ကို မမှတ်မိနိုင်တော့လောက်အောင်ပင် ယဉ်ကျေးချက်ချာသော မြို့သားလူငယ်ကလေးတဦးအဖြစ် တိုးတက် ပြောင်းလဲသွားပေလိမ့်မည်။ ဤသည်ကား ကျွန်ုပ်တို့၏ တွေးခေါ်ယူဆပုံ ဖြစ်ပါသည်။

အချို့သူများ၏ ကွဲပြားခြားနားသော စဉ်းစားတွေးခေါ်ပုံလည်း ရှိသေးသည်။ ထိုသူတို့ အလိုအရ တာဇံသည် တောတွင်းသားမို့ လူစကားကို ချက်ချင်း နားမလည်နိုင်။ ထို့ကြောင့် လူကြားထဲကို ချက်ချင်းခေါ်လို့မဖြစ်။ လူဝံများထက် အတန်ငယ် ပိုမို၍ ယဉ်ပါးသော ကျွဲနွား စသည်တို့အကြားတွင် ငါးနှစ်ခန့် ရှေးဦးစွာ ကြီးပြင်းစေရမည်။ နွားအလေ့နွားအထနှင့် ယဉ်ပါးလာမှ တဆင့်တက်၍ ထို့ထက်ပိုမို ယဉ်ပါးဟန်ရှိသော ခွေးကြောင်တို့ အကြားတွင် နေစေမည်။ ထိုမှတဆင့် နှစ်အတန်ကြာသောအခါ လူရိုင်းမျိုးနွယ်စုတွေအကြား နေစေရဦးမည်။ နောက်ဆုံးကျမှ ယဉ်ကျေးတိုးတက်သော လူ့အသိုင်းအ၀ိုင်းကြားတွေ နေစေမည်။ ဤအတွေးအခေါ်သည် အင်မတန် ရယ်ဖွယ်ကောင်းသော အတွေးအခေါ်ပင်ဖြစ်ပါသည်။ အချို့လည်း ကိုပေါ ဒါတော့ လွန်လွန်းပြီဟု ဆိုကြပေမည်။ သို့သော်မရယ်ကြပါလင့်။ ပီအိတ်ခ်ျဒီ ဒေါက်တာကြီးများတွင်ပင် ထိုအတွေးအခေါ်နည်းတူ တွေးခေါ်သူ အမြောက်အမြား ရှိကြပေသည်။

ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများ၏ အဖြစ်ကို ပုံခိုင်းနှိုင်းပြရသော ချမ်းသာ၍ ယဉ်ကျေးသော မိဘနှစ်ပါးမှ ပေါက်ဖွားလာသော်လည်း လူမသမာသူတစုက ပြန်ပေးဆွဲကာ တောထဲတွင် ချုပ်နှောင်ခံထားရသော တောတွင်းသား ကလေးငယ်သဖွယ် ဖြစ်နေပေသည်။

ထိုမြန်မာပြည်သူပြည်သားတို့ကို ကမ္ဘာတလွှားမှ လူသားများနည်းတူပင် လွတ်လပ်ခွင့်၊ အသက်ရှင်သန်ပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့ကို စက္ကန့်မဆိုင်း ပေးစွမ်းသင့်ပေသည်။ ဤအခွင့်အလမ်းတို့ကို အာမခံနိုင်သည်မှာ ဒီမိုကရေစီစနစ်သာလျှင် ရှိသည်။ တောတွင်းသားကလေးကို လူ့အသိုင်းအ၀ိုင်းအတွင်းတွင် စတင်ခေါ်ဆောင်ကာစ၌ ကမောက်ကမ အဖြစ်အပျက်များ ကြုံတွေ့ရသည့်နည်းတူ အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ကာစ တိုင်းပြည်တခုအဖို့ ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးကာစ၌ ကမောက်ကမ အဖြစ်အပျက်များကို ကြုံတွေ့နိုင်ပေသေးသည်။ သို့သော် ထိုသို့ ကမောက်ကမ အဖြစ်အပျက်ကို တွေ့ရုံမျှနှင့် နောက်လန်မကျသွားပဲ ဒီမိုကရေစီစနစ်ကို ခိုင်မာရင့်သန်စွာ အမြစ်တွယ်နိုင်သည်အထိ ဇွဲနပဲဖြင့် စိတ်လက်ရှည်ရှည် ကြိုးပမ်းသွားရန်လည်း လိုအပ်လှပေသည်။

သို့သော်ငြား ပညာရှင်ဆိုသူအချို့၏ အလိုအရမူကား မြန်မာပြည်သူပြည်သားတို့အား လုံးဝ လွတ်လပ်ရေး ပေးလိုက်ရန် မထိုက်တန်။ ပထမတွင် အပျော့စားအာဏာရှင်စနစ်နှင့် အုပ်ချုပ်ရမည် (သို့တည်းမဟုတ်) စည်းကမ်းရှိသော ဒီမိုကရေစီ (သို့တည်းမဟုတ်) မြန်မာ့အမျိုးသားရေးဝါဒနှင့် ကိုက်ညီသော ဒီမိုကရေစီ စနစ်ကို အရင်သွားရမည်။ တဖြည်းဖြည်း ရင့်ကျက်လာမှ လုံးဝ စစ်မှန်သော ဒီမိုကရေစီ စနစ်သို့ အဆင့်ဆင့် သွားရမည် ဟူသတည်း။ သန်းငါးဆယ်၏ ကံကြမ္မာကို ကွန်ပြူတာရှေ့တွင် အမြိုင့်သားထိုင်၍ ထိုသို့ စီရင်ချက်ချ ဆုံးဖြတ်လျက်ရှိသော လက်တဆုပ်စာ ခုံသမာဓိ လူကြီးမင်းများ၏ စကားကို ကြားရတိုင်း ကျွန်ုပ်အတွေးထဲတွင် ကျွဲနွားများအကြား၊ ခွေးကြောင်များအကြားတွင် ကာလရှည်ကြာ ပစ်ထားခံရရှာသော ကလေးငယ်တဦး၏ ပုံရိပ်ကို ပြေးမြင်မိလေသည်။
Read more

“ကိုယ်ဝမ်းနာ ကိုယ်သာသိ”

“မုဆိုးမဘ၀ကို မုဆိုးမများသာလျှင် အကြောင်းသိကြသည်။”

ဂျာနယ်ကျော်မမလေး ရေးသားသည့် မုဆိုးမ ၀တ္ထုတိုထဲက စာသားများသည် ယခုတလော ကျနော့် နားထဲတွင် ပဲ့တင်ထပ်နေသည်။ ကျနော်ကတော့ ဒီလို ပြောချင်သည်။

“မြန်မာအစိုးရအကြောင်းကို မြန်မာများသာလျှင် သိသည်။”

မှန်၏။ မြန်မာအစိုးရ၏ သဘောသဘာဝကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်လည်းမသိ။ ဂန်ဘာရီလည်း နားမလည်။ ဘန်ကီမွန်းလည်း သဘောပေါက်ပုံမရ။ သန့်မြင့်ဦးလည်း သေချာဂဃဏနမသိ။ အဘယ်ကြောင့်ဟူမူ ထိုသူတို့သည် မြန်မာပြည်တွင်မွေး၍ မြန်မာပြည်တွင် ကြီးပြင်းသော မြန်မာလူမျိုးများ မဟုတ်သောကြောင့်ဖြစ်သည်။

မြန်မာအစိုးရအကြောင်းကို ဘယ်သူတွေသိသနည်းဟူမူ မြန်မာလူမျိုးများသာ ကောင်းကောင်းကြီး သိပေသည်။ မြန်မာအစိုးရ၏ ဒီယုန်မြင်လို့ ဟိုခြုံထွင်တာကိုလည်း မြန်မာပြည်သူ ကောင်းကောင်းသိ၏။ မြန်မာအစိုးရ၏ အရှက်မရှိပုံ၊ ကတိမတည်ပုံ၊ ရက်စက်ကြမ်းကြုတ်ပုံ၊ သဘောထားနုပုံတို့ကို မြန်မာပြည်သူများ ကောင်းကောင်းသိ၏။

နိုင်ငံခြား သံတမန်များနှင့် ပညာရှင်ဆိုသော လူတန်းစားတွင် အတ္တတခု ကိုယ်စီရှိကြသည်။ ယင်းမှာ မြန်မာ့နိုင်ငံရေးကို လက်ရှိ ရပ်တန့်နေသော အနေအထားမှ ရွေ့လျားရေးအတွက် ၄င်းတို့၏ စွမ်းဆောင်မှု (သို့မဟုတ်) ၄င်းတို့၏ သီအိုရီအရ ပြောင်းလဲနိုင်သည်ဟု ပြောဆိုနိုင်ရေးသည်သာ သူတို့အတွက် ပဓာနကျပုံရသည်။ ထိုသို့ ပြောဆိုနိုင်ရန်အတွက် မြန်မာ့နိုင်ငံရေးအခြေအနေ မည်သို့မည်ပုံ ပြောင်းလဲသည်ကို အရေးမစိုက်။ လက်ရှိအနေအထားမှ တနည်းတဖုံ ရွေ့ရှားသွားလျှင်ပင် ကျေနပ်ဖွယ်ရှိသည်ဟု ယူဆလျက်ရှိရာ ယင်းသံတမန်များ၊ ဖြန်ဖြေရေးအရာရှိများ၊ ပညာရှင်ဆိုသူများသည် မြန်မာအစိုးရ၏ လမ်းပြမြေပုံကိုပင် မျက်နှာပြောင်ပြောင်ဖြင့် ၀င်ရောက် ကြော်ငြာပေးလျက် ရှိသည်။

ယခုတလော သံတမန်အသိုင်းအ၀ိုင်းနှင့် ပညာရှင်များ၏ နှုတ်ဖျားတွင် ရေပန်းစားနေသည်မှာ ၂၀၁၀ ရွေးကောက်ပွဲအား အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်ရေး၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးကို တွန်းအားပေးနေသည့် စကားလုံးများဖြစ်သည်။ စစ်အစိုးရမှ တဖက်သတ်ရေးဆွဲကာ ၂၀၀၈ ခုနှစ်မေလတွင် မတရားမဲလိမ်ပြီး အတင်းအကြပ်ပြဌာန်းခဲ့သော စစ်တပ်က အလုံးစုံ အာဏာလက်ဝါးကြီးအုပ်ထားသည့် အခြေခံဥပဒေကို စကားထဲတွင်ပင် ထည့်သွင်း၍ မပြောကြ။ ထိုသူတို့မှာ အတိတ်မေ့တတ်သော ရောဂါရှိသလော မပြောတတ်။ အိပ်ချင်ယောင်ဆောင်နေကြသူများကို အနှိုးရခက်လှပေသည်။

ဟီလာရီကလင်တန်၏ ပြောကြားချက်နှင့်ပတ်သက်၍ ဧရာဝတီအွန်လိုင်းမဂ္ဂဇင်း သတင်းတပုဒ်တွင် ဖော်ပြထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်၏ ပြောကြားချက်မှာ ကျွန်ုပ်၏ ထင်မြင်ချက်နှင့် တထပ်တည်းကျသည်။

ဟီလာရီ ကလင်တန်၏ ပြောဆိုချက်ကို ရန်ကုန်မြို့မှ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်များကလည်း အားရ ကျေနပ်မှု မရှိပေ။ ထိုပြောဆိုချက်မှာ အမေရိကန်ပြည်ထောင်စု၏ မူဝါဒရေးဆိုင်ရာ အားနည်းမှုကို ဖော်ပြနေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ယူဆသည်။

“အမျိုးသား ပြန်လည် သင့်မြတ်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အချက်ကို ဘယ်သွားထားမလဲ။ ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားအရေးတွေလည်း ရှိသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းနိုင်တယ်ဆိုတာကို သူတို့ မသိဘူးလား”ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။


ဤသည်မှာ သံတမန်ရေး နိုင်ငံရေးနယ်ပယ်မှ လူများ၏ လက်ရှိအနေအထားအပေါ် သုံးသပ်ချက်နှင့် ပတ်သက်၍ အတိုချုပ်ရေးသားပြခြင်းဖြစ်သည်။

ပညာရှင်ဆိုသောလူများနှင့် ပတ်သက်၍ကား သိပ္ပံမောင်ဝ၏ “စာသင်ကျောင်း” ဟူသော ၀တ္ထုတိုထဲမှ နိဂုံးလေးကို သတိရမိသည်။ အချုပ်ကို ကျနော်မှတ်မိသလောက် ရေးပြပါမည်။

ဆရာစော၏ စာသင်ကျောင်းတွင် ဆရာက ကျောင်းသားများအပေါ် အာရုံမစိုက်နိုင်သောအခါ ကျောင်းသားများသည် ဆော့သူက ဆော့၊ စကားပြောသူက ပြော၊ ရန်ဖြစ်သူကဖြစ် ဖြစ်ချင်တိုင်း ဖြစ်နေကြသည်။ ဤသို့ဖြင့် မူလက စာအံသံကြီးသည် တဖြည်းဖြည်း ဆူညံသံကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုအခါ ဆရာစောသည် လုပ်လက်စ အလုပ်ကို ခဏရပ်၍ ကြမ်းပြင်ကို ကြိမ်လုံးဖြင့် ဘမ်းဘမ်း မြည်အောင် ရိုက်လိုက်သောအခါ ကျောင်းသားတို့သည် ရောက်ရာအရပ်ကနေ မိမိတို့ ပါးစပ်ထဲဝင်လာသမျှ စာမှန်သမျှကို ကုန်း၍ အသံကုန် အော်ဟစ် ကျက်မှတ်ကြသည်။ ဤသို့ဖြင့် ဆူညံသံကြီးမှ စာအံသံကြီးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။

ဤသို့ တလှည့်စီဖြစ်နေရာ စာသင်ကျောင်းအနီး သူကြီးအိမ်တွင် မိုးအေးအေးနှင့် ကွေးနေသော ၀န်ထောက် မောင်လူအေးအဖို့မူကား ငှက်ဆိုးထိုးသံကြီးလို ဖြစ်နေသည်။ ထို့ကြောင့် သူကြီးအား မောင်လူအေးက “သူကြီးမင်း…. ဒီဆရာ စာသင်ပုံနဲ့ ကျောင်းသားတွေ စာရော တတ်ပါ့မလား”ဟုမေးရာ သူကြီးက “ အထိုက်အလျောက်တော့ တတ်ပါတယ်… ၀န်ထောက်မင်း”ဟု ပြန်ဖြေသည်ဟူ၏။ ကျနော်နှစ်ခြိုက်သောအချက်မှာ စာရေးဆရာက နိဂုံးတွင် “မောင်လူအေးသည် သူငယ်စဉ်ကလည်း ဤကျောင်းမျိုးမှပင် စာသင်ကြားတတ်မြောက်လာခဲ့သည်ဟူသော အချက်ကို မေ့နေဟန်တူ၏” ဟု ရေးသားထားခြင်း ဖြစ်သည်။

ပြည်ပတွင်ရောက်နေသော ပညာရှင်ဆိုသူများ၊ ပညာရှင်စိတ်ပေါက်နေကြသူများမှာ မောင်လူအေးနှယ်ပင် မိမိတို့ ငယ်ငယ်ကလည်း ဤမြေဤရေမှ ပေါက်ဖွားလာကြသည်၊ ပညာသင်ကြားတတ်မြောက်လာကြသည်ဟူသော အချက်ကို မေ့နေကြဟန်တူသည်။

တလောကပင် ထိုသို့သော လူတဦးနှင့် စကားလက်ဆုံကျမိရာ “မြန်မာတွေက အေ၊ဘီ၊ စီ တောင် ကောင်းကောင်းနားမလည်သေး၍ ပြည်သူလူထုအား ဒီမိုကရေစီအကြောင်း ပြောပြရန် မဖြစ်နိုင်” ဟု ဆိုလာသည်ကို ကြုံရသေးသည်။ ကျွန်ုပ်က အစိုးရတရပ် ကောင်းမကောင်းသိရန် ပီအိပ်ခ်ျဒီ ရရန် မလိုကြောင်း၊ သာမန်ဖိနှိပ်ခံ လယ်သမားများအနေဖြင့်လည်း စနစ်တခု ကောင်းမကောင်းကို နားလည်သဘောပေါက်ရန် ဖြစ်နိုင်ကြောင်း ထောက်ပြသောအခါ “ထိုစကားသည် အင်္ဂလန်မှ လယ်သမားများအတွက်သာ မှန်သည်။ မြန်မာလယ်သမားများအတွက်ကား မမှန်” ဟု ဆိုချေသည်။ ဤအတိုင်းမှန်ပါက ၁၉၉၀ ရွေးကောက်ပွဲတွင် အဖွဲ့ချုပ်မှ အပြတ်အသတ်အနိုင်ရခဲ့သည်မှာ အဘယ့်ကြောင့်နည်းဟု ကျွန်ုပ်က ပြန်လည် မေးမြန်းသောအခါ သူ့တွင် အဖြေမရှိတော့ချေ။

ဤနေရာတွင် စကားစပ်မိ၍ ပြောရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေးအကြောင်းကို ပြည်သူလူထုအားလုံးနားလည်စေရန် နေ့စဉ်သုံးမြန်မာစကားဖြင့်ပင် လည်လည်ပတ်ပတ် ပြောပြနိုင်ခြင်း ဖြစ်ပေသည်။ ဤကား ဒေါ်အောင်ဆန်းစုကြည်၏ အရည်အချင်းပေါင်း မြောက်မြားစွာမှ တခုပင်တည်း။
အထက်ပါ ပုဂ္ဂိုလ်၏ အလိုအတိုင်းသာဆိုလျှင် ကျွန်ုပ်တို့မှာ မြန်မာပြည်သူများ ဒီမိုကရေစီစနစ်နားလည်ဖို့အရေး အားလုံးကို အင်္ဂလိပ် အသုံးလုံး အရင်သင်ပေးရကိန်းရှိသည်။

ကျွန်ုပ်တို့ မြန်မာပြည်သူများသည် အာဏာရှင်လက်အောက်တွင် ရာစုနှစ်ဝက်နီးပါး နေလာကြရ၍ ဒီမိုကရေစီအကြောင်း၊ လူ့အခွင့်အရေးအကြောင်းများနှင့် အလှမ်းကွာကြသည်မှာ မှန်၏။ သို့သော် ပြောပြ၍ နားမလည်လောက်အောင် ထူထိုင်းကြသည်မဟုတ်။ မြန်မာလူမျိုးသည် ထူထိုင်းသည့် လူမျိုးမဟုတ်။ ဤမျှ ဆိုးရွားလှသော ပညာရေးစနစ်မှ ပညာသင်ကြားတတ်မြောက်လာသူများပင် ပြည်ပတွင် သူများတန်းတူ လုပ်ကိုင်နိုင်ကြသည်၊ စွမ်းဆောင်နိုင်ကြသည်ဖြစ်သည်။ ပြည်သူများကို ပညာပေးရန်၊ နိုင်ငံရေးအသိစိတ်မြင့်တက်လာအောင် လှုံ့ဆော်ရန်မှာ ပညာတတ်မြန်မာများ၊ နိုင်ငံရေးအသိစိတ်ရှိသူများ၏ တာဝန်ဖြစ်သည်။

နိုင်ငံတကာမှ ဖိအားပေးမှုများသည် စစ်အစိုးရအား ဘေးကြပ်နံကြပ်ဖြစ်စေသည်မှာ မှန်သော်လည်း နိုင်ငံရေးအပြောင်းအလဲတရပ် အမှန်ဖြစ်ရန်မှာ ကျွန်ုပ်တို့ ပြည်သူအားလုံးတွင်သာ တာဝန်ရှိသည်။
Read more

“Burma VJ - Screening in Singapore”

Reporting from a closed country
Host : Arthouse Films in Singapore
Type : Music/Arts - Exhibit
Network : Global
Date : Thursday, July 16, 2009
Time : 7:00pm - 10:00pm
Location : Jubilee Hall Raffles Hotel 3rd Level facing North Bridge Mcdonalds

( အသေးစိတ်မြင်လိုလျှင် ပုံပေါ်တွင် ကလစ်ခေါက်ပါရန်)


Read more

“ကိုပေါနှင့် ဓါတ်ပုံပညာ”

ကျွန်ုပ်နှင့် ဓါတ်ပုံပညာအကြောင်းကို ရေးရန် စိတ်ကူးရခဲ့သည်မှာ ကြာပြီ။ သို့သော် ကျွန်ုပ်လက်ရာများကို မြင်လျှင် ဓါတ်ပုံပညာကို အမှန်တကယ် စိတ်ဝင်တစား လိုက်စားနေကြဟန်တူသော ဘလော့ဂါလူငယ်လေးများအဖို့ သိမ်ငယ်စိတ် ၀င်သွားချေမည်လောဟု စိုးရိမ်သဖြင့် ကျွန်ုပ်၏ ပညာစွမ်းကို ထုတ်ဖော်မပြသ၀ံ့ဘဲ ကြောင်လက်သည်းဝှက် သိုသိပ်စွာ နေခဲ့ပါသည်။ ယခုတော့ သင်းတို့တတွေလည်း အတော်အသင့် ရင့်ကျက်လာပြီဟု ယူဆသည့်အလျောက် ကျွန်ုပ်၏ ဂန္ထ၀င်လက်ရာအချို့ကို စာဖတ်သူများ ခံစားနိုင်ရန် ကောင်းနိုးရာရာ ထုတ်နှုတ် တင်ပြလိုက်ပါသည်။ မုဒိတာစိတ်အပြည့်ဖြင့် ကြည့်ရှု နည်းယူကြပါကုန်လော့။

ရှေးဦးစွာ ကျွန်ုပ်၏ ပထမဦးဆုံး ကင်မရာ အကြောင်းကို အနည်းငယ် ပြောပြလိုပါသည်။ လွန်ခဲ့သော ဆယ့်သုံးနှစ် မလေးရှားတွင် နေထိုင်စဉ်က သူငယ်ချင်းလေးယောက် စုပေါင်းစပ်ပေါင်း၍ ၀ယ်ယူခဲ့သော ကင်မရာဖြစ်၏။ တန်ဘိုးမှာ မလေးရှားရင်းဂစ် ၁၂၀ ခန့်ရှိပြီး စင်္ကာပူငွေဖြင့်တွက်ကြည့်ပါက ဒေါ်လာ ၅၀ ခန့် ရှိရာ စာဖတ်သူတို့အနေဖြင့် ထိုကင်မရာ၏ အရည်အသွေးကို အကြမ်းဖျင်း ခန့်မှန်းမိကြလောက်ပြီ ထင်ပါသည်။ ထိုကင်မရာသည် Point and Shoot အမျိုးအစားဖြစ်သည်။ ဓါတ်ခဲနှင့် ဖလင်ထည့်ပြီးပါက ပါဝါဖွင့်ရန်ပိတ်ရန် ခလုပ်တခု၊ ချောင်းကြည့်ပေါက်မှ မြင်ရသမျှကို ရိုက်ကူးနိုင်ရန် နှိပ်ရသည့် ခလုပ် တခု၊ စုစုပေါင်း ခလုပ်နှစ်ခုသာ ပါရှိသည်။ စင်္ကာပူရောက်လာကာစ အချိန်အထိ ထိုကင်မရာကိုသာ အသုံးပြု၍ ဓါတ်ပုံပေါင်း မြောက်မြားစွာ ရိုက်ကူးခဲ့ပါသည်။

တရက်တွင် မိတ်ဆွေတယောက်နှင့် မြို့ထဲသို့အသွား ပင်နင်ဆူးလားပလာဇာနှင့် မျက်နှာချင်းဆိုင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းကြီး၏ စုလစ်မွန်းချွန်ဖြူဖြူကြီးသည် လပြည့်ဝန်းကြီးနောက်ခံတွင် အင်မတန်မှ တင့်တယ်လှပနေသည်ကို မြင်တွေ့ရလေသည်။ ထိုရှုခင်းကို မြင်တွေ့ရသောအခါ ကျွန်ုပ်လည်း မြန်မာပြည်တွင် နေထိုင်သော မဒမ်ပေါအား သတိရလှသဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူး ပေးပို့ရန် အကြံဖြစ်၏။ သို့နှင့် စုလစ်မွန်းချွန်နှင့်တကွ လပြည့်ဝန်းကြီးအား ဓါတ်ပုံနောက်ခံဘက်ဂရောင်းတွင် ပါဝင်စေရန် မိမိကိုယ်တိုင် ကင်မရာချောင်းကြည့်ပေါက်မှ စိတ်တိုင်းကျ အားရအောင် ချောင်းကြည့်ပြီးသကာလ အတူပါသူ မိတ်ဆွေအား ကင်မရာအယူအဆ၊ အန်ဂယ်လ်စသည်တို့ကို အသေးစိတ်ညွှန်ကြားကာ ဓါတ်ပုံရိုက်ခိုင်းလေသည်။ ကျွန်ုပ်ကိုယ်တိုင်မူကား ဘုရားရှိခိုးကျောင်း ခြံစည်းရိုးနားတွင် ရပ်ပြီး ခြံစည်းရိုးတိုင်အား လက်တဖက်နှင့်ကိုင်ကာ ဗိုက်ချပ်စေရန် အသက်အောင့်လျက် ပို့စ်ပေးနေ၏။

မိတ်ဆွေခမြာမှာလည်း ဘယ်ဘ၀မှ ၀ဋ်ကြွေးမှန်းမသိ။ ပလက်ဖောင်းနှင့် မျက်နှာနှင့် ထိလုခမန်း လမ်းမပေါ်တွင် ၀ပ်တွားလျက် စိတ်ရှည်လက်ရှည် ရိုက်ပေးရှာ၏။ ဓါတ်ပုံရိုက်နေစဉ် ကားတက်ကြိတ်မသွားသည်မှာ ကံကောင်းလှချေသည်။

သို့နှင့် ထိုဓါတ်ပုံကို ကူးဆေးလိုက်သောအခါ အောက်ပါအတိုင်း အံ့မခန်းသည့် လက်ရာကောင်း ဓါတ်ပုံတပုံအဖြစ် တွေ့မြင်ရလေသည်။



ကျွန်ုပ်နှစ်သက်သဘောကျလျက်ရှိသော စုလစ်မွန်းချွန်းဖြူဖြူကြီးသည် လည်းကောင်း၊ ကောင်းကင်၌ ရွှန်းရွှန်းမြမြသာလျက်ရှိသော လပြည့်ဝန်းကြီးသည်လည်းကောင်း ဓါတ်ပုံထဲတွင် ပျောက်ခြင်းမလှ ပျောက်လျက်ရှိချေသည်။ ခြံစည်းရိုးတိုင်များနှင့် ကျွန်ုပ်သာလျှင် ထီးထီးမားမားကြီး ပေါ်လျက် ကျွန်ုပ်မှာလည်း သရဲကားထဲမှ သရဲ ကိုယ်ထင်ပြသကဲ့သို့ ရှိချေသည်။ ထိုအခါကျမှ ညရှုခင်းများကို ဖလက်ရှ်ထည့်ရိုက်လျှင် အလင်းရောင်အားနည်းသော ခပ်ဝေးဝေးက အရာများ မပါတတ်ပုံကို ကျွန်ုပ် ရေးရေးမျှ စတင်သဘောပေါက်လေတော့သည်။ ထိုဓါတ်ပုံကို အီလက်ထရောနစ်ဌာနမှ ပါမောက္ခ ဆရာကြီးဒေါက်တာစန်းတင့် မြင်သောအခါ… “ကိုပေါနှယ်… စင်္ကာပူမှာ ဒီလောက် ဓါတ်ပုံရိုက်စရာ နေရာတွေ ပေါတာ၊ သူ ဘယ်နားမှာများ သွားရိုက်ပါလိမ့်” ဟု အားမလိုအားမရ မှတ်ချက်ချရှာသည် ဟူသတည်း။

သို့နှင့်လည်း မမှတ်သေး။ မဒမ်ပေါနှင့် လက်ထပ်အပြီး ပီနန်သို့ နှစ်ယောက်အတူ ပထမဦးဆုံးအကြိမ် သွားရောက် လည်ပတ်ရာတွင် ကင်နွန်အမှတ်တံဆိပ် ကင်မရာဖြင့် ပီနန်ဘုန်းကြီးကျောင်းထဲတွင် ဓါတ်ပုံများ ရိုက်ခဲ့သေး၏။ သုံးချောင်းဒေါက်ပေါ်တွင် တပ်ဆင်ထားသော ကင်မရာကို Timer mode တွင်ထားလျက် ခလုပ်နှိပ်ခဲ့ပြီး ရိုက်ကွင်းထဲသို့ အူယားဖားယား အပြေးဝင်ကာ ရိုက်ကူးယူခဲ့သည့် အောက်ပါ ဓါတ်ပုံတွင် ကျွန်ုပ်၏ အလင်းအမှောင် အယူအဆ ကျွမ်းကျင်ပုံကိုသာမက ကျွန်ုပ်၏ ပင်ကိုယ်အသားအရည် ဖြူစင် လင်းလက်ကာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပပုံ တို့ကို အတိုင်းသား တွေ့မြင် ရှုစားနိုင်ပေသည်။ (ဓါတ်ပုံထဲတွင် အရိပ်ကျသော အခြမ်းမှာ ခါးထောက်၍ စတိုင်ပေးနေသူမှာ ကျွန်ုပ်ပင်ဖြစ်ချေတော့သည်။)



ထိုမှတပါးလည်း ကျွန်ုပ်တို့ တည်းခိုရာ ဟိုတယ်သို့ ပြန်ရောက်သောအခါ ဟိုတယ်ပြူတင်းပေါက်မှ လှမ်းကြည့်လိုက်သော် ပီနန်ကျွန်းနှင့် မလေးရှားကျွန်းမကြီးအကြား ရေလက်ကြားရှုခင်းမှာ နေခြည်အောက်တွင် လွမ်းမောဖွယ်ရာ လှပလျက်ရှိသည်ကို မြင်တွေ့ရ၏။ ယင်းကို နောက်ခံထားကာ လင်မယားနှစ်ယောက် ပြူတင်းပေါက်နားတွင် နေရာယူလျက် ဤသို့ ဤပုံလည်း ဓါတ်ပုံရိုက်ကူးခဲ့ပါသေးသည်။
(ဤဓါတ်ပုံထဲတွင်လည်း ဘုရားစူး မိုးကြိုးပစ် ကျွန်ုပ်ပုံ ပါသည်။ သေသေချာချာ မျက်လုံးကို ပြူးပြဲ၍ ကြည့်ရှုပါရန်။)



ဤပို့စ်ကို ဖတ်ရှုပြီးသကာလ ကျွန်ုပ်ထံ၌ ဓါတ်ပုံသင်တန်း တက်လိုသူများ အမြန်ဆုံး စာရင်းပေးသွင်းနိုင်ကြပါပြီ။

သင်တန်းသား အရေအတွက် အကန့်အသတ် ရှိသည်။ လာသလောက်သာ လက်ခံမည်။
Read more

“စိတ္တဇ”

ဒီအကျင့်ဆိုး ဘယ်အချိန်က စလို့ သူ့မှာ စွဲကပ်လာသလဲတော့ သူအတိအကျ မမှတ်မိ။ အကျင့်ဆိုတာထက် ဇဝေဇ၀ါဖြစ်တတ်တဲ့ စိတ္တဇလို့ ပြောရင် ပိုမှန်လေမလား။

ပထမဦးဆုံးအကြိမ် သူ စသတိထားမိတာကတော့ အိမ်တံခါး သော့ခတ်တာက စတယ်။ သော့ခတ်ခဲ့ပါလျက်နဲ့ သူ့စိတ်ထဲမှာ တကယ်ခတ်ခဲ့သလား ဆိုတာ မသေချာ။ အိမ်တံခါးကနေ ခြေဆယ်လှမ်းလောက်လျှောက်ပြီးမှ တခေါက်နောက်ပြန်လှည့်ပြီး သော့ပိတ်ထားတဲ့ သော့ခလောက်ကြီးကို ကိုင်ကြည့်လေ့ရှိတယ်။ အဲဒီတော့မှ စိတ်ထဲမှာ ဒုန်းဒုန်းကျ သွားတာမျိုး။ နောက်ပိုင်းမှာတော့ ပိတ်ထားပြီးသော့ကိုတောင် သော့တံနှင့် ပြန်ဖွင့်ပြီး ဂျောက်ကနဲ မြည်အောင် တချက်လောက် နှိပ်ချလိုက်ရမှ။ တကယ်တော့ အဲဒီလို ပြန်မစစ်ခင်မှာ “ဒါဟာ ငါ့စိတ်က ဖြစ်နေတာ၊ ငါသော့ခတ်ခဲ့ပါတယ်” လို့ သူ့စိတ်ကို သူဘယ်လိုပဲ ဆုံးမ တွန်းလှန်ပေမယ့် မအောင်မြင်ဘူး။ နောက်ကို ပြန်လှည့်လျှောက်မြဲ၊ သော့ပြန်ဖွင့်မြဲ၊ ပြန်ပိတ်မြဲပဲ။

ဒီလိုနဲ့ ကြာလာတော့ အဲသည် စိတ္တဇက ပိုဆိုးလာတယ်။ ညဘက် ရေခဲသေတ္တာထဲက ရေပုလင်းယူထုတ်သောက်ပြီးလို့ အိပ်ခန်းထဲပြန်ရောက်တဲ့အခါမှာ ရေပုလင်းကို ရေခဲသေတ္တာထဲ ပြန်ထည့်ခဲ့မိရဲ့လား၊ ရေခဲသေတ္တာတံခါး သေချာ ပြန်ပိတ်ခဲ့ရဲ့လား၊ မီးဖိုထဲကမီးကို ဖွင့်ပြီး ပြန်ပိတ်ခဲ့ရဲ့လား စသဖြင့် ပူပန်တတ်လာပြန်ရော။ ဒါနဲ့ပဲ မီးဖိုထဲကို တခေါက်သွားပြန်ကြည့်ရတဲ့အထိ ဖြစ်လာတယ်။ ပိတ်ထားပြီးသား ရေခဲသေတ္တာတံခါးကို ပြန်ဖွင့်ပြီး ဗုန်းကနဲ ပြန်ပိတ်လိုက်ရမှ။ ပိတ်ထားပြီး မီးဖိုမီးလုံးကို ပြန်ဖွင့်ပြီး ချောက်ကနဲ တချက်လောက် ပြန်ပိတ်လိုက်ရမှ။ အဲလိုမလုပ်ရမခြင်း သူ့စိတ်ဟာ နေမထိ ထိုင်မသာနဲ့။ ဒီစိတ္တဇဟာ တနေ့တခြား ပိုဆိုးလာပြီး တခြားလုပ်ရပ်တွေမှာပါ ကူးစက်ကာ နယ်ပယ် ကျယ်ပြန့်လာတယ်။

အိမ်သာကနေ ထွက်လာရင် အိမ်သာအပြင်ဖက်ရောက်ပြီးမှ “ငါရေဆွဲချ ခဲ့ရဲ့လား” ဆိုပြီး နောက်တခေါက် ပြန်ဝင်ကြည့်တာမျိုးတွေ၊ ရေဆွဲချပြီးသားကို မြင်မြင်ကြီးနဲ့ မောင်းတံကို တကြိမ်လောက် ထပ်ဆွဲလိုက်တာမျိုးတွေ ဖြစ်လာတယ်။

ဒါပေမယ့် ပြောခဲ့တဲ့ ကိစ္စတွေအားလုံးဟာ သူကိုယ်တိုင်ကလွဲလို့ တခြား ဘယ်သူမှ မသိလိုက် ဘဲ တိတ်တဆိတ် ဖြစ်ပျက်သွားတာတွေချည်းပဲ။ သူ့စိတ်ထဲမှာ ဝေခွဲမရလို့ နောက်တကြိမ်လောက် ပြန်သွား လုပ်ရတာပဲ ရှိတယ်။ အမြဲ နှစ်ကြိမ်ထပ်လုပ်ရလို့ ရေဖိုး၊ မီးဖိုး မီတာ နည်းနည်း ပိုတက်တာ၊ အချိန်နည်းနည်း ပိုကုန်တာတော့ ရှိတာပေါ့။ ဒါပေမယ့် မပြောပလောက်ဘူး။ ဒီကိစ္စတွေအတွက် သူ့စိတ်မှာ သိပ်ပြီး ကသိကအောက်တော့ မဖြစ်ခဲ့ရဘူး။ ကြာလာတော့ အကျင့်ပါပြီး နေသားတကျ ဖြစ်သွားတယ်။

ဒါပေမယ့် နောက်ဆုံး ဖြစ်ခဲ့တဲ့ ကိစ္စကျတော့ အရင်ဖြစ်ရပ်တွေနဲ့ မတူဘူး။ သူ့အနေနဲ့ စတင်ပြီး ကသိကအောက် ခံစားလာရတယ်။

တမနက် သူ ရုံးအသွားမှာ “ထိုက်ကျိ” အားကစားလုပ်နေတဲ့ အန်ကယ်လ်ကြီးတွေ၊ အန်တီကြီးတွေ အနားက ဖြတ်သွားရတယ်။ ခါတိုင်းမနက်တိုင်းလည်း အဲသည်နေရာက သူဖြတ်သွားနေကျပါ။ အဲဒီနေ့မှာ ထူးထူးခြားခြား အန်ကယ်လ်ကြီးတွေ၊ အန်တီကြီးတွေရဲ့ အကြည့်က သူ့ကိုယ်ပေါ်က တနေရာပေါ်မှာ စုပြုံကျရောက်နေတယ်လို့ သူ စိတ်မသိုးမသန့် ခံစားရတယ်။ ဒါနဲ့ သူ့တို့ အားကစားလုပ်တဲ့နေရာကို ကျော်လွန်အောင် အမြန်ဖြတ်လျှောက်ပြီး သူတို့ကွယ်သွားတာနဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တဲ့အခါ ဘောင်းဘီဇစ်ကို ဆွဲတင်ဖို့ မေ့နေခဲ့တာကို သိလိုက်ရပြီး ရှက်စိတ်နဲ့ သူ့မျက်နှာတခုလုံး မွှန်ထူသွားတယ်။

အဲဒီနောက်ပိုင်းမှာ အိမ်က အထွက်၊ အိမ်သာက အထွက်တို့မှာ ဘောင်းဘီဇစ်ကို ညာလက်နဲ့ စမ်း စမ်းကြည့်ပြီး စစ်ဆေးတတ်တဲ့ အကျင့်တခုပါ သူ့ဆီမှာ တိုးလာခဲ့တယ်။ ဇစ်အပေါ်ရောက်နေတာကို စမ်းသပ်မိနေပါလျက်နဲ့ သူ့စိတ်ထဲမှာ မကျေနပ်နိုင်ဘူး။ ဇစ်ကို အောက်နည်းနည်းရောက်အောင် ပြန်ဆွဲချပြီး ရွှိကနဲ အပေါ်ကို ပြန်ဆွဲတင်လိုက်ရမှ နေသာထိုင်သာရှိပြီး စိတ်ဒုန်းဒုန်းကျသွားတယ်။

အဲသည် အကျင့်က သူ့ကိုတော်တော် ဒုက္ခပေးတဲ့ အကျင့်ဖြစ်နေတာကိုလည်း မကြာခင်မှာဘဲ ထိတ်လန့်စဖွယ် သူသိလိုက်ရတယ်။

ဥပမာ…. သူဟာ မီးပွိုင့်မှာ ကားလမ်းကူးနေတယ် ဆိုပါတော့။ ရပ်ထားတဲ့ ကားတွေရှေ့က ဖြတ်သွားတုန်းမှာ သူ့ခေါင်းထဲကို “ဘောင်းဘီဇစ် ပွင့်နေသလား” ဆိုတဲ့ အတွေးဝင်လာရင် လမ်းတဖက် ရောက်တဲ့အထိ သူမစောင့်နိုင်တော့ဘူး။ လက်တဖက်က အလိုလို ဘောင်းဘီဇစ်ဆီကို ရောက်သွားပြီး တချက်လောက် ဖွင့်လိုက် ပြန်ဆွဲလိုက် လုပ်တတ်တယ်။ ရှေ့တည့်တည့်က မြင်ရသူတွေအဖို့ကတော့ သူတို့ကို မဖွယ်မရာ ပြုလုပ်ပြတယ် ထင်ကြမှာပဲ။ ရပ်ထားတဲ့ ကားပေါ်က လူတွေက သူ့ကို ကြည့်နေမယ်မှန်းသိတော့ သူ့စိတ်ထဲ ပိုပြီး ကသိကအောက်ဖြစ်ရတာပေါ့။

စိတ်ထဲမှာ တော်တော် မသက်မသာ ခံစားရတာ မှန်ပေမယ့် ဒီရောဂါကို စိတ်ကုဆရာဝန်နဲ့ သွားပြရာမှာကိုကျတော့ သူက ရှက်နေပြန်တယ်။ နေ့တွေ၊ လတွေ၊ နှစ်တွေ တဖြည်းဖြည်း ကုန်လွန်လာခဲ့တယ်။ သူကတော့ ဇဝေဇ၀ါဖြစ်ရပ်တွေနဲ့ နပန်းလုံးပြီး ကသိကအောက်ဖြစ်မှုကို ကျိတ်ခံဆဲ၊ တောင့်ခံနေဆဲ။

ဒီလိုနဲ့ တရက်မှာတော့ သူ့အလုပ်နဲ့ပတ်သက်လို့ ပရော့ဂျက် Presentation လုပ်ဖို့ တာဝန်တခုကျလာတယ်။ သူတို့ရဲ့ ဖောက်သည်ကုမ္ပဏီက လူကြီးတွေရော၊ သူတို့ ကုမ္ပဏီက လူကြီးတွေရော၊ အစိုးရဌာနတွေက ဖိတ်ကြားထားတဲ့ အရာရှိကြီးတွေပါ စုံညီတက်ရောက်ကြတဲ့ပွဲပေါ့။ သည်ပွဲဟာ အရေးကြီးတဲ့ပွဲ၊ သည်တော့ သူ့အနေနဲ့ နည်းနည်းပါးပါး စိတ်လှုပ်ရှားမှုတော့ ရှိတာပေါ့။

Presentation လုပ်ဖို့ အချိန်မကျခင်လေးမှာ အိမ်သာဝင်ပြီး ၀ိတ်လျှော့တာတွေ ဘာတွေ ကြိုလုပ်ထားရတယ်။ လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်တွေက အိမ်သာထဲမှာ တွေ့တော့ “ကြောက်သေး၊ ကြောက်သေး” လို့တောင် နောက်လိုက်ကြသေးတယ်။

သည်လို နဲ့ အစီအစဉ် စတဲ့အခါ သူ့ရဲ့ ဘော့စ်က ပရော့ဂျက်နဲ့ပတ်သက်လို့ မိတ်ဆက်စကားပြောကြားပေးပြီး သူ့အနေနဲ့ Presentation လုပ်ပေးဖို့ အလှည့်ကျလာတယ်။

ဒီလောက်အထိ မကြီးကျယ်ပေမယ့် အရင်ကလည်း Presentation လုပ်ခြင်းနဲ့ သိပ်မစိမ်းလှဘူးဆိုတော့ သူ့အတွက် အခက်အခဲမရှိလှပါဘူး။ သူ့အလုပ်ကို သူကျွမ်းကျင်တာပဲ။ သူပြောစရာရှိတာတွေကို ချောချောမွေ့မွေ့ နိုင်နိုင်နင်းနင်း ပြောသွားနိုင်တယ်။ အောက်မှာ ထိုင်နေတဲ့ ဘော့စ်ကလည်း ကျေနပ်အားရတဲ့ မျက်နှာပေးနဲ့ မျက်လုံးချင်းဆုံမိတိုင်းမှာ ခေါင်းကို ဆတ်ဆတ်ပြပြီး အားပေးနေတာတွေ့ရတော့ သူ့အနေနဲ့ အထူးအားတက်မိတာပေါ့။

Presentation ပြီးလို့ အဆုံးမှာ အောက်က မေးခွန်းတွေကို ပြန်လှန်ဖြေရတဲ့ အချိန်ကို ရောက်လာတယ်။ မေးခွန်းတခုနှစ်ခုကို ဖြေပြီးစအချိန်မှာ သူ့ခေါင်းထဲကို မဆီမဆိုင် “အိမ်သာဝင်တုန်းက ဘောင်းဘီ ဇစ်ကို ပြန်ဆွဲတင်ခဲ့ရဲ့လား” ဆိုတဲ့ အတွေးကြီး ရုတ်တရက် ၀င်လာတယ်။ လူအများရှေ့ စင်မြင့်ပေါ်မှာ သူလုပ်နေကျ အပြုအမူကိုလုပ်လို့ လုံးဝ မသင့်လျော်ဘူးဆိုတာ သူကောင်းကောင်းနားလည်တယ်။ ဒါပေမယ့် နားလည်တာက တခြား၊ စိတ်ရဲ့ စေ့ဆော်တိုက်တွန်းမှုနဲ့ နှစ်ရှည်လများ စွဲမြဲလာခဲ့တဲ့ အကျင့်တခုကို မလုပ်ဘဲ တောင့်ခံရတာက တခြားမဟုတ်လား။ ဒီတော့ သူ့မှာ စိတ်ကျဉ်းကြပ်ပြီး ချက်ချင်းဆိုသလို ဇီးကင်းလောက် ချွေးသီးချွေးပေါက်ကြီးတွေ နဖူးပေါ်မှာ သီးလာတယ်။ ၀တ်ထားတဲ့ ရှပ်အင်္ကျီမှာလည်း ချွေးကွက်ကြီးတွေ ချက်ချင်းဆိုသလို ပေါ်လာတယ်။ အောက်က မေးခွန်းတွေကိုလည်း ကြားတချက်၊ မကြားတချက်။ ဖြေတာတွေကလည်း အိုးနင်းခွက်နင်း။ လမိုင်းမကပ်တော့ဘူး။

အောက်က ပရိသတ်ကလည်း အစပိုင်းမှာ ဒီလောက်ကောင်းလာခဲ့ပြီး ပြီးကာနီးမှ သူဘယ်လို ဖြစ်သွားသလဲဆိုတာကို ရုတ်တရက် နားမလည်နိုင်ကြဘူး။ အားလုံးရဲ့ အကြည့်တွေဟာ သူ့အပေါ်မှာ စုပြုံလာပြီး သို့လောသို့လော အရိပ်အယောင်တွေကို မြင်လာရတယ်။ ဘော့စ်ရဲ့ မျက်နှာပေါ်မှာလည်း အံ့အားသင့်ခြင်း၊ မယုံနိုင်ခြင်း၊ စိတ်ပျက်ခြင်းတွေ အထင်းသားပေါ့။ နောက်ဆုံးမှာတော့ သည်အနေအထားကို ဆက်လက် ခံစားနိုင်စွမ်း သူ့ဆီမှာ ကုန်ဆုံးသွားတယ်။

ဖြစ်ချင်ရာဖြစ် သဘောပိုက်ပြီး ညာဘက်လက်က ကိုင်ထားတဲ့ လေဆာပွိုင့်တာလေးကို မိုက်ကရိုဖုန်းကိုင်ထားတဲ့ ဘယ်လက်ထဲ ပြောင်းရွှေ့ကိုင်လိုက်ကာ သူ့ရဲ့ ညာဖက်လက်ဟာလည်း ဘောင်းဘီဇစ်ဆီကို ရောက်သွားပြီး………………..။
Read more

“သင် အားနာတတ်သလား”

(လွန်ခဲ့သော သုံးနှစ်လောက်က ဘားမားတူဒေးတွင် ရေးသားခဲ့သည့် ကျွန်တော်၏ ဆောင်းပါးအား ပြန်လည် ဖော်ပြလိုက်ပါသည်။)

အားနာခြင်းအကြောင်းကို စာတစောင်ပေတဖွဲ့ ရေးရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ပါ။ ယခေုတော့ မရေးဘဲ မနေနိုင်လောက်အောင် အကြောင်းအချက်၊ အခြေအနေအရပ်ရပ်က တိုက်တွန်းစေ့ဆော်နေသဖြင့် ရေးချင်စိတ် ပေါက်လာပါသည်။

အားနာတတ်သော မြန်မာများအကြောင်းကို စဉ်းစားလိုက်သောအခါ စာရေးသူ ဖတ်ဘူးသော သတင်းစာဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းအား ရှေးဦးစွာ သတိရမိပါသည်။ ဦးချစ်မောင်တယောက် မည်မျှအားနာတတ်သည်ကို သူ၏ ဇနီးဖြစ်သူ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးက “သူလိုလူ”ဟူသော အတ္ထုပ္ပတ္တိစာအုပ်တွင် အောက်ပါအတိုင်းရေးသားထားသည်ကို တွေ့ရပါသည်။

“…ဤလမ်းရှေ့မှ နှင်းပန်းလမ်း သူ့အိမ်ရှိရာသို့ ဖြတ်ပြန်လာစဉ် မိုးတွေသည်းနေ၍ လူတယောက် သူ့ထီးအောက်ကို ၀င်ခိုလာသဖြင့် သူလည်း ထိုသူ မစိုအောင် ထီးကို ထိုသူဘက်သို့ ညွှတ်၍ မိုးပေးလာခဲ့သည်။ ဤသို့လာကြရာ မိုးကြီးသည်းရွာလာသဖြင့် နှစ်ယောက်စလုံး စိုမည်ဖြစ်၍ ရန်ကုန်ဂေဇက် သတင်းစာတိုက်အောက်သို့ မိုးဝင်ခိုကြသည်။ ထိုအချိန်တွင် သူ့အိတ်ထဲမှ ပိုက်ဆံအိတ်ကို သူ့ထီးရိပ် ၀င်ခိုလာသူက တဖြည်းဖြည်း ဆွဲထုတ်ယူနေသည်ကို သူသိသော်လည်း သူသိသည်ကို ထိုသူမမြင်အောင် တဖက်သို့ ငေးပေးလိုက်ရကြောင်းနှင့် ပိုက်ဆံ တကျပ်နှင့် ငါးပဲ ရသွားကြောင်း ပြောပြ၍…” (ဂျာနယ်ကျော်မမလေး၏ သူလိုလူ စာအုပ်မှ)

ဤနေရာတွင် စာရေးသူ၏ ထင်မြင်ချက်ကို မရေးသားမီ အများအထင်အမြင်မလွဲစေခြင်းငှာ ကြိုတင်ပြောပြလိုသော အချက်တခုမှာ စာရေးသူသည် ဂျာနယ်ကျော်ဦးချစ်မောင်၏ အရည်အချင်း၊ နှိမ့်ချခြင်း၊ ရိုးသားခြင်းတို့ကို အင်မတန်လေးစားသူတဦးဖြစ်သည် ဆိုသည့်အချက် ဖြစ်ပါသည်။ ယခုရေးလိုသောကိစ္စမှာ ဦးချစ်မောင်၏ အားနာခြင်းအကြောင်းကိုသာ ဖြစ်ပါသည်။

ဦးချစ်မောင်၏ အားနာခြင်းသည် ခါးပိုက်နှိုက်အပေါ် ညှာတာထောက်ထားသောစိတ်ကြောင့် ခါးပိုက်နှိုက် ရှက်မသွားစေရန် မသိဟန်ဆောင်ခြင်း ဖြစ်သည်။ ဤအကျိုးဆက်အဖြစ် ပိုက်ဆံအိတ် ဆုံးရှုံးသွားခြင်းမှာ ကာယကံရှင် ဦးချစ်မောင်တယောက်ကိုသာ ထိခိုက်သွားခြင်းဖြစ်၍ သူ့တဦးတည်း ကိုယ်ရေးကိုယ်တာ (အများကို မထိခိုက်)ဟု ယူဆလျှင်ရသည်။ ဦးချစ်မောင်သည်လည်း ထိုသို့ ယူဆ၍သာ မပြောခြင်းဖြစ်သည်။ အများနှင့် ဆိုင်သည့် ကိစ္စဆိုလျှင် ဦးချစ်မောင်သည် ထိုခေတ်က အုပ်ချုပ်သူ အင်္ဂလိပ်များကိုပင် အားမနာပ ပြန်ပြောတတ်သူဖြစ်ချေသည်။

စာရေးသူ၏ အမြင်မှာမူ ဥိးချစ်မောင်အနေနှင့် ခါးပိုက်နှိုက်ကို ထိုသို့ သူတပါးပစ္စည်း အချောင်ရယူလိုစိတ်မမွေးရန် ပွင့်ပွင့်လင်းလင်း ပြောပြကာ ဆုံးမသင့်သည်ဟု ထင်သည်။ ဤကိစ္စမှာ အန္တရာယ်တော့များသည်။ သို့သော် ဦးချစ်မောင်မှာ သတ္တိခေသူမဟုတ်ကြောင်း အခြားသော ကိစ္စများတွင် ဖတ်ရှုသိရှိရ၍ ဦးချစ်မောင် ကြောက်၍ မပြောခြင်းမဟုတ်ကြောင်း စာဖတ်သူတို့အနေနှင့် သဘောပေါက်စေလိုပါသည်။ သူ့စရိုက်အရ အားနာတတ်ခြင်းကြောင့်သာ ဖြစ်သည်။

ထို့ထက် တဆင့်တက်ကာ တွေးတောရလျှင် ခါးပိုက်နှိုက်ခြင်းသည် မကောင်းသော ရာဇ၀တ်မှုဖြစ်၍ မသိကျိုးကျင် မပြုထိုက်။ ဤကိစ္စတွင် ကံအားလျော်စွာ လွတ်မြောက်သွားသော ခါးပိုက်နှိုက်သည် အတင့်ရဲလာကာ နောင်တွင် မျှော်လင့်မထားသောသူများ အပေါ်တွင် ဤပြစ်မှုကို ထပ်ဖန်တလဲလဲ ကျူးလွန်နိုင်သည်။ ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။ ဤသို့ဆိုလျှင် ပြောသင့်ပြောထိုက်သော ကိစ္စ၌ မပြောဘဲ အားနာနေလိုက်ခြင်းကြောင့် ကိုယ်ရေးကိုယ်တာဟုသာ ထင်မှတ်ရသော ကိစ္စတခုသည် အများကိုပါ ထိခိုက်လာနိုင်သည်ဟု တွေးမိပါသည်။

ဂျာနယ်ကျော်ဦးချစ်မောင်ကို သတိရပြီးနောက် ထပ်မံ၍ ပြောပြလိုသည်မှာ ဉာဏ်စိန်အကြောင်းဖြစ်သည်။ ဉာဏ်စိန်မှာ လူအစစ်မဟုတ်။ စာရေးဆရာ မင်းလူ၏ ၀တ္ထုတိုထဲမှ ဇာတ်ကောင်တဦးသာဖြစ်သည်။ ထိုဝတ္ထုတိုမှာ အနီးတွင် အလွယ်တကူ ရှိမနေ၍ စာရေးသူ မှတ်မိသည့်အတိုင်း ပြန်လည်ပြောပြပါမည်။ ဆရာမင်းလူ၏ ဇာတ်ကောင် ဉာဏ်စိန်သည် အလွန်အမင်းအားနာတတ်သူတဦး ဖြစ်ပါသည်။ တနေ့တွင် ရပ်ကွက်အလိုက် ဘောလုံးပွဲတွင် သူတို့ရပ်ကွက်ဘောလုံးအသင်းဘက်မှ ဉာဏ်စိန် ဂိုးဖမ်းရ၏။ ပထမပိုင်းတွင် သူတို့အသင်းက သုံးဂိုးအသာနှင့် အနိုင်ရနေ၏။ သို့သော် ဒုတိယပိုင်းအစတွင် အားနာတတ်သော ဂိုးသမားဉာဏ်စိန်က ဂိုးအပြတ်အသတ်နှင့် အနိုင်ယူရမည်ကို အားနာပြီး သူသေချာပေါက်ဖမ်းနိုင်သော ဘောတလုံးကို မဖမ်းဘဲ တမင်လွှတ်ပေးလိုက်၏။ အများမရိပ်မိစေရန် တကယ်ပင်လွတ်သွားသယောင် ပိပိရိရိ ဟန်ဆောင်ပြီးမှ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ထိုဂိုးသွင်းပြီးမှ တဖက်အသင်း ခြေပြန်ပေါ်လာပြီး တဂိုးပြီးတဂိုး ဆက်သွင်းကာ ဉာဏ်စိန်တို့ရပ်ကွက်အသင်း ရှုံးသွားရကြောင်းကို ဆရာမင်းလူက ဟာသမြောက်အောင် ရေးထားခြင်းဖြစ်သည်။

ဤ၀တ္ထုတွင်မူ ဉာဏ်စိန်၏ အားနာမှုမှာ မလျော်ကန်ဘဲ အများကို (အနည်းဆုံး သူ့ရပ်ကွက် ဘောလုံးအသင်းကို)ပါ ထိခိုက်နေကြောင်းကို တွေ့ရှိရပါသည်။

ဉာဏ်စိန်မှာ ၀တ္ထုထဲမှ စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်နေ၍ ဤမျှ အားနာတတ်ပေသည်ဟု မထင်ကြပါနှင့်ဦး။ စာရေးသူ၏ မိတ်ဆွေတဦးမှာ အားနာသည့်နေရာတွင် ဉာဏ်စိန်အောက် မလျော့သည်မှာ ကိုယ်တွေ့ပင်ဖြစ်သည်။ အဆိုပါ မိတ်ဆွေ စင်ကာပူတွင် အလုပ်ရှာစဉ်က အင်တာဗျူးတခုသို့ စာရေးသူလိုက်ပို့ပေးရဖူး၏။ အင်တာဗျူးမ၀င်ခင် လျှောက်လွှာဖြည့်ကြသောအခါ အမျိုးမျိုးသော ရောဂါများ ရှိ၊မရှိ လျှောက်လွှာပုံစံတွင် ဖြေကြားဖြည့်စွက်ရလေသည်။ ထိုမိတ်ဆွေသည် သူ့တွင် ထိုရောဂါများ မရှိကြောင်း ဖြည့်နေရာမှ တနေရာအရောက်တွင် ခဏရပ်၍….“ကိုပေါ၊ ကျနော် အကုန်လုံး “နိုး (မရှိ)” ဖြည့်လို့ ကောင်းပါ့မလားမသိဘူး။ အားနာစရာကြီး…” လုပ်နေသေးရာ ရောဂါမရှိပါဘဲနှင့် “ရှိ”ဟု ဖြည့်စရာမလိုကြောင်း အတော်လေး အာပေါက်အောင် ပြောယူလိုက်ရသည်။

ထိုသူတို့ကား သတိရမိသော မြန်မာများအနက်တွင် ထူးခြားပြောင်မြောက်စွာ အားနာတတ်သူများ ဖြစ်ကြကုန်၏။ မြန်မာလူမျိုးအများစုမှာ သူတို့လောက် အားနာတတ်ကြမည် မဟုတ်သော်လည်း အနည်းနှင့်အများတော့ အားနာတတ်ကြပေသည်။

တလောဆီက ဇော်အောင်(မုံရွာ)ရေးသော “မြန်မာများရဲ့ လက္ခဏာအချို့”ဟူသော ဆောင်းပါးတွင် ပြည်ပရောက် မြန်မာလူမျိုးတို့အနေနှင့် အားနာတတ်ခြင်းကြောင့် အလုပ်ခွင်မှာ နေရာရသင့်သလောက် မရကြကြောင်း စိတ်စေတနာအရင်းခံဖြင့် ထောက်ပြရေးသားထားသည်ကို ဖတ်ရှုလိုက်ရပါသည်။

ဤသို့လျှင် မြန်မာတမျိုးသားလုံး ခေတ်အဆက်ဆက် မျိုးနှင့် ရိုးနှင့် အားနာလာခဲ့ကြရာ ယခုအခါ အချို့သော မြန်မာများက အားနာတတ်ခြင်းသည်ပင် မြန်မာတို့၏ ချစ်မြတ်နိုးဖွယ် ယဉ်ကျေးမှု ဓလေ့ထုံးစံတရပ်သဖွယ် ယောင်ဝါးဝါး ပြောဆိုကြခြင်းကို တွေ့လာရပေသည်။ ဘယ်သို့ဘယ်ပုံ အားနာတတ်ခြင်းကို မြန်မာ့ယဉ်ကျေးမှုဟု ဆွဲယူလိုက်သနည်းကိုမူ စာရေးသူ စဉ်းစား၍ မရနိုင်အောင် ရှိချေသည်။ ထို့ကြောင့် နိုင်ငံခြားသားများတွင်လည်း အားနာမှု မရှိလေသလော၊ အားနာခြင်းသည် ကောင်းသည့် လက္ခဏာလေ၊ မကောင်းသည့် လက္ခဏာလော စသဖြင့် ဆက်လက်တွေးတောရာ အောက်ပါအတိုင်း တွေ့ရှိလာရပါသည်။

ကောင်းသော အားနာခြင်းမျိုးများ။

(၁) မိမိကြောင့် သူတပါး ၀န်ပိမှာကို စိုးရိမ်သည့် အားနာခြင်းမျိုး

နိုင်ငံခြားသားများသည်လည်း အားနာတတ်ပေသည်။ သင်သည် အလုပ်ကအပြန် သင့်လုပ်ဖော်ကိုင်ဖက် နိုင်ငံခြားသားတဦးကို သင်၏ မော်တော်ကားဖြင့် သူ့အိမ်သို့ တကူးတက မောင်းပို့ပေးမည်ဆိုပါက ထိုသူသည် အားနာစွာ ငြင်းဆိုပါလိမ့်မည်။ ဤနေရာတွင် အားနာခြင်းသည် မိမိအတွက် သူတပါးကို အလုပ်မပိုစေခြင်း၊ ၀န်မပိစေခြင်း၊ အချိန်မကုန်စေခြင်း စေတနာသက်သက်ဖြစ်သည့်အားလျော်စွာ ကောင်းသော အားနာခြင်းမျိုးဖြစ်ပေသည်။ ထိုသို့သော အားနာခြင်းမျိုးကို လူမျိုးခြားများတွင် ပို၍ တွေ့ရပေသည်။ ဤနေရာတွင် မြန်မာများ အားမနာတတ်ကြပုံကို နောက်ပိုင်းတွင် ဖော်ပြမည့် “ထန်းလျက်လူကြုံ” ဥပမာတွင် တွေ့ရပါမည်။

(၂) မိမိရသင့်ရထိုက်သည်ထက် ပိုယူရမည်ကို အားနာခြင်း

ဆရာကြီး ရွှေဥဒေါင်း၏ တသက်တာမှတ်တမ်းတွင် အောက်ပါအတိုင်း ရေးသားထားသည်ကို ဖတ်ရဖူး၏။ မှတ်သားဖွယ်ရာဖြစ်၏။ (ဆရာကြီးသည် ၀န်ကြီးချုပ်ဟောင်းဦးနုက အင်္ဂလိပ်စာပေကို ပုတ်ခတ်ပြောဆိုသဖြင့် လက်တုန့်ပြန်ရေးခြင်း ဖြစ်နိုင်ပါသည်။ ထိုစာတွင် အနောက်တိုင်းမှ လူကြီးလူကောင်းပီသသူများ (Gentlemen)၏ စိတ်နေသဘောထားကို ငါးပါးသီလ သက်သက်ကိုသာ စောင့်ထိန်သူတဦး၏ အမူအကျင့်နှင့် နှိုင်းယှဉ်ပြထားပေသည်။ ဤနေရာတွင် ငါးပါးသီလသမားတိုင်း ဆိုးသည်ဟု မမှတ်ယူကြရန် ကြိုတင်စကားခံလိုပါသည်။ သုစရိုက်တရားများကို ကျင့်ကြံသူ ဗုဒ္ဓဘာသာဝင်တို့အဖို့လည်း ထိုဂျန်တဲလ်မဲန်တို့ အလားတူစွာ စိတ်နေသဘောထား ကြီးမြင့်ကြမည်ဟု စာရေးသူ ယုံကြည်ပါသည်။ ဆရာကြီးအနေဖြင့် မြန်မာ့လူ့ပတ်ဝန်းကျင်တွင် ယေဘုယျ တွေ့ရသည့် အခြေအနေအပေါ် ခြုံငုံရေးသားထားသည့် သဘောဖြစ်နိုင်ပါသည်။) ဆရာကြီး၏ စာမှာ ဤသို့ဖြစ်သည်။

ငါးပါးသီလသမားတယောက်သည် ကြွေးပူသဖြင့် မရောင်းဘဲ မနေနိုင်သည့် မုဆိုးမတယောက်ထံမှ ပစ္စည်းတခုကို တန်ဘိုးထက် ဖိနှိပ်ပြီး ဆစ်၍ ၀ယ်ချင် ၀ယ်နိုင်သည်။ သီလပျက်သည်ဟု မဆိုနိုင်ချေ။ “ဂျန်းတဲလ်မဲန်း” တယောက်မူကား ဤသို့သော အမှုမျိုးကို ပြုရန် စိတ်ထဲမှ အလွန် ၀န်လေးတတ်သည်။ ခွန်အားနည်းသူတယောက်အား ခွန်အားကြီးသူက နိုင်ထက်ကလူ ပြုမူခြင်းကို မြင်ရသည့်အခါ ငါးပါးသီလသမားက မျက်နှာလွှဲ၍ နေနိုင်သည်။ ဂျန်တဲလ်မဲန်းတယောက်မူကား မိမိကိုယ်တိုင် ခွန်အားနည်း၍ မကူညီနိုင်လျှင် အနည်းဆုံး နှုတ်ဖြင့်ဖြစ်စေ ခုခံ၍ ပြောပေးပေလိမ့်မည်။ မိမိအကျိုးအတွက် အခြားလူတယောက်က မတရားသဖြင့် ဆောင်ရွက်ပေးသည်ဆိုလျှင် ငါးပါးသီလသမားက မှိန်းပြီးကြည့်နေလိုက နေနိုင်သည်။ ဂျန်တဲလ်မဲန်းတယောက်မူကား ထိုကဲ့သို့ နေ၍မဖြစ်။ သူ့အတွက် မတရား လုပ်မပေးပါနှင့်ဟု ပြောလိမ့်မည်။ ငါးပါးသီလ သမားတယောက်သည် ကြုံကြိုက်ခဲ့လျှင် ထိုက်သင့်သည်ထက် ပို၍ အခွင့်အရေးယူလိမ့်မည်။ အခွင့်အရေးယူခြင်းသည် ခိုးခြင်းမဟုတ်ဟု ဆိုနိုင်သည်။ ဂျန်တဲလ်မဲန်း တယောက်မူကား ထိုက်သင့်သည်ထက် ပိုပြီး အခွင့်အရေးယူရမည်ကို ရှက်တတ်သည်။ ငါးပါးသီလသမားတယောက်သည် ဖော်လံဖားနိုင်သည်။ ကပ်ပါးရပ်ပါး အလုပ်မျိုးနှင့် ကြီးပွားအောင် လုပ်နိုင်သည်။ ဂုဏ်ကြီးသူများ ပိုက်ဆံရှိသူများကို ကြို့၍ ချူနိုင်မြှိုက်နိုင်သည်။ ဂျန်းတဲလ်မဲန်းတယောက်မူကား ကိုယ့်သိက္ခာကို ကိုယ်စောင့်ထိန်းသည်ဖြစ်၍ မည်သူ့ဆီကမျှ ချူခြင်း၊ မြှိုက်ခြင်း မပြု၊ ဘာကိုမျှ အလကားမလိုချင်၊ ထိုက်တန်အောင် အလုပ်လုပ်၍ ယူချင်သည်။ မည်သူ့ရှေ့၌မျှ မျက်နှာ အောက်မချ၊ အမြဲ ဦးခေါင်းထောင်ချင်သည်။ ဆင်းရဲသည်ကိုမရှက်၊ ညစ်ပတ်ရမည်ကို ရှက်သည်။ အမျိုးမြတ်သည်ဆို၍ ဂုဏ်မတက်၊ ရိုးဖြောင့်သည့်အတွက် ဂုဏ်ယူသည်။ လိုရင်းအချုပ်၍ ဂျန်းတဲလ်မဲန်း တယောက်သည် (Sense of Justice and Fair Play) မိမိနှင့် ဆက်ဆံသမျှသော ကိစ္စအ၀၀တွင်သာမက မိမိန၏ ပတ်ဝန်းကျင်၌လည်း မတရားသဖြင့် အနိုင်ကျင့်ခြင်းကို မမြင်လို၊ မျှမျှတတ ဖြစ်စေလိုသော စိတ်သဘောထားမျိုး အမြဲကိန်းအောင်းသူ တယောက် ဖြစ်လေသည်။

မိမိ ရသင့်ရထိုက်သည်ထက် ပို၍ ရခြင်းကို မယူလိုသော အားနာခြင်းမျိုးသည်လည်း ကောင်းသော အားနာခြင်းမျိုး ဖြစ်ပေသည်။ ဤသို့သော အားနာမှုမျိုးကို လူမျိုးခြားများတွင် အများဆုံးတွေ့ရပေသည်။ ယနေ့ခေတ်အခါတွင် မြန်မာလူမျိုး အစိုးရ၀န်ထမ်းများမှာ လက်ဘက်ရည်ဘိုးဟု ပေးသူက ပေး၍ ယူသူကလည်း မရှက်မကြောက်၊ အားမနာပ ယူကြလေသည်။

စာရေးသူ၏ အတွေ့အကြုံတခုကို ပြောပြပါဦးမည်။ စာရေးသူသည် တခါက မလေးရှားတွင် တက္ကစီငှားစီးရာ ခရီးမှာ ခရီးတိုမျှသာဖြစ်ရာ တက္ကစီသမားမှာ ဘယ်ရွေ့ဘယ်မျှ သူ့နှုတ်က ပြောမထွက်အောင် အားနာလျက် ရှိချေသည်။ (ထိုဒေသတွင် တက္ကစီမီတာ မချိုးပါ။) ဤတွင် စာရေးသူက ၅ ရင်းဂစ် ထုတ်ပေးလိုက်ရာ အင်မတန်အားနာသွားပြီး ၂ ရင်ဂစ်သာပေးဖို့ အကြောက်အကန်ငြင်းကာ တားရှာပါသည်။ ထိုတက္ကစီသမားသည် စာရေးသူတွေ့ဖူးသမျှတွင် အရိုးသားဆုံး တက္ကစီသမားဖြစ်ပါသည်။

မကောင်းသော အားနာခြင်းမျိုးများ

(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုး

စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည် မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။

(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင် မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။ သင်က ပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏ စိတ်တွင် ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည် မကောင်း။ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့် အားလုံးပြေလည်သွားနိုင်သည်။

(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။ သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်က ငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍ ငွေပြန်မရမချင်း သင်မပျော်တော့။ ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ ပကတိစိတ်အရင်းခံကို ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုး ဖြစ်သည်။

ဤနေရာတွင် စကားစပ်လျဉ်း၍ စာရေးသူ၏ အတွေ့အကြုံတခုကို ပြန်လည်ဖောက်သည်ချချင်ပါသည်။ တနေ့တွင် မိတ်ဆွေတယောက်အား စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို အောက်ပါအတိုင်း ကြားခဲ့ရပါသည်။

“စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က ထညက် (ထန်းလျက်) လေးပိဿာကြီးတောင် ထည့်ပေးလိုက်လို့ တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်”

ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ စာရေးသူမှာ တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။ လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။

(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး

ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။ အကြွေး ပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။ မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန် တွန့်ဆုတ်နေကြသည်။ ကျူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကို မလုပ်ရန်ပြောဖို့ ၀န်လေးကြသည်။ မိမိနှင့် ချိန်းဆိုထားသောအချိန်တွင် တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။ ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊ ခန္တီပါရမီနှင့် ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။ မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင် မဆိုသင့်။ ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏ ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။ တခြားအကြောင်းကြောင့် မဟုတ်ဘဲ မိမိရသင့်ရထိုက်သည်ကို မသိလောက်အောင် ထူ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။ မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟု ထင်ပါသည်။

(၃) မိမိတာဝန်နှင့် အားနာခြင်းကို မခွဲခြားတတ်ခြင်း

လူတို့သည် အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းနှင့် နေထိုင်၍ အလုပ်လုပ်ကိုင်သောအခါ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တို့ကို ဘေးချိတ်၍ မိမိ၏ တာဝန်ကို ကျေပွန်အပ်၏။ သင်၏ အလုပ်ကို ထမ်းဆောင်ရာတွင် အားနာခြင်းကို ဘေးချိတ်ထားရမည်။ သင်သည် ရဲအမှုထမ်းဖြစ်ပါက သင်၏ ဆွေမျိုး၊ မိတ်ဆွေ ရာဇ၀တ်မှု ကျူးလွန်သည်ကို တွေ့လျှင် သင် အားနာ၍မရ၊ ဖမ်းရမည်။ သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကို အားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။ သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကို အားနာ၍ အပြစ်လျှော့ပေါ့ခြင်း လွှတ်ပေးခြင်း မပြုရ။ တာဝန်နှင့် အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။

ယခုအခါ စာရေးသူတို့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့ ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။

သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို မျက်နှာအောက်ချ၍ ခံနေပေမည်။ သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကို သိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။ သင်သည် ကျောင်းဆရာဖြစ်က တိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက် လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှ ဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ ငြိမ်ခံနေမည်။ သင်သည် သာသနာရေးအတွက် အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင် စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်… စသည့် နည်းမမှန်သော အားနာမှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသော အဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။

ဤသို့လျှင် မိမိရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းရကောင်းမှန်းမသိ၊ စူးစမ်းရကောင်းမှန်းမသိ၊ မေးမြန်းရကောင်းမှန်းမသိ၊ နည်းမမှန်သော အားနာမှုနှင့် ကြောက်ရွံ့မှုတို့၏ ပိန်းပိတ်မှုအောက်တွင် နှစ်ကာလရှည်မြင့်စွာ နေထိုင်လာကြရသောအခါ အင်မတန် ဆိုးညစ်သော လူတစုက ဤပျော့ကွက်များကို အသုံးချ၍ မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ မိမိတို့မှာ တွန်းလှန်နိုင်သော သတ္တိမရှိတော့သော အခြေအနေသို့ ဆိုက်ရောက်သွားတတ်ချေသည်။

ထို့ကြောင့် မြန်မာတို့အနေနှင့် တမျိုးသားလုံးအကျိုးစီးပွားကို မျှော်တွေးကာ နည်းမှန်လမ်းမှန် အားနာသင့်ကြပေသည်ဟု တိုက်တွန်းရေးသားလိုက်ပါသည်။

ကိုပေါ။
(၂၀၀၆)

မူရင်း............ “သင် အားနာတတ်သလား”

ပူးတွဲဖတ်ရှုရန်။............။ (1) အားနာတတ်ခြင်း၏ အကျိုး အပြစ်

(2) “အားနာခြင်းဆိုတာ”
Read more

“ RGB နဲ့ ကျွဲမေတ္တာစာ”




RGB ဟာ
နီ၊စိမ်း၊ပြာကို
ဆိုလိုတာ မဟုတ်။

Razali, Gambari နဲ့ Ban Ki Moon
လွန်းထိုးသလို
တို့ပြည်ကို လာခဲ့ကြ
မြန်မာ့သမိုင်းမှာ
ကျွဲရိုင်းတကောင်
ချိုထောင်သောင်းကျန်း
ရမ်းကားမင်းမူနေချိန်မို့
နင်းနှိမ်ဖို့ လွှတ်လိုက်တဲ့
ကုလသမဂ္ဂရဲ့ သူရဲကောင်းသုံးယောက်။

ပထမဦးဆုံးက ရာဇာလီ…။
ရာဇာလီနဲ့ ကျွဲ
ကျွဲနဲ့ ရာဇာလီ
မြန်မာပြည်မှာ ဆုံကြတဲ့အခါ
ရာဇာလီခမြာ အလဲလဲ အကွဲကွဲ။

ရာဇာလီ အစ္စမေးလ်
ကပျာကသီ လစ်ပြေးတဲ့အခါ
ရွာဦးပုဂံက
ချာတူးလန်ပါတဲ့
ဂမ္ဘာရီ ဆုိတဲ့ငနဲကုိ
ကျွဲပြဲစီးဖို့ လွှတ်လိုက်ပြန်တယ်။

ဂမ္ဘာရီက ကၽြဲအပါးမွာ
နရီစည်းဝါး အကျအနနဲ့
ပဉ္စသိင်္ခရှုံးလောက်အောင်
“မြူမှောင်ဝေကင်း…ဟင်း…ဟင်း..
ငွေအဆင်း..ဆန္ဒ ပြည်ထောင်
တိုင်းမြန်ပြည် အေးချမ်းအောင်ဆု
သွန်းခါရေ…
အေးစေကြောင်းလောင်းတဲ့ ရွှေရွှေ
ထူးထူးကဲကဲ လှပါစေကြောင်း”

စောင်းသံကို ပေးတဲ့အခါ
ကျွဲသတ္တ၀ါက
ဂီတကို နားမလည်တော့
အပြေးသော့ပြီး ဝှေ့မယ်အလုပ်
ဂမ်ဘာရီလည်း
ထံတျာမသီနိုင်ဘဲ
မကြံသာပြီ…ဗြဲ…လို့ ငိုပြီး
ခပ်ကုပ်ကုပ်လေး ပြန်သွားရရှာတယ်။

ဂမ်ဂမ် မဟန်တဲ့အခါ
ဘန်ဘန် ကိုယ်တိုင် ဆင်းလာရတော့တာပေါ့။

ဘန်ကီမွန်းခမြာမှာလည်း
ဉာဏ်မမှီလွန်းရှာတာလားတော့မသိ။
ကျွဲအပါးမှာ
ဒူးသွားကာ ထောက်ပြီး
“တော်လောက်ပါပြီ အဆွေ…
ကြေပါနော် မအေးစိန်”…
စသဖြင့်
လောကနတ်သံနှောလို့
ကျွဲသဘောမပေါက်နိုင်တဲ့ ဘာသာစကားနဲ့
တော်ကီနှစ်ခါ သွားပွားမိရာမှာ
ဟိုသတ္တ၀ါ အမိုက်သနင်းက
သူ့စားကျက်ကွင်း လာလုတယ် အောက်မေ့သလားမသိ
ဝှေ့မယ် ဝှေ့မယ် တကဲကဲလုပ်ပြန်တော့
ဘန်ကီမွန်းလည်း
ပြန်စည်ရွမ်းပြီး ထွက်ခဲ့ရပြန်ရှာတယ်။

သြော်…ဘန်ကီမွန်း မကလို့
မိုးပေါ်က သိကြားမင်း
နားကင်းကြီးနဲ့ ဆင်းကာ
အတင်းလာ နားချရင်လည်း
နားအုံကွဲတာပဲ အဖတ်တင်ရော့မယ်..
ကျွဲကတော့ မြက်စားပျက်မယ် မထင်ပေဘူး။

အိုကြီးအိုမကျမှ
မိုက်လှတဲ့ကျွဲ…
ငရဲသဘင်မှာ
နွှဲချင်ရှာရော့ထင့်
အခါလင့်သော်လည်း နောင်တမရ
မရဏဟာ ရှေ့တလံအကွာက
မမေ့ပြန်ရအောင် ကိုယ်ယောင်ပြနေပေမယ့်
မောဟ လွှမ်းဖုံး
ဒေါသ ဂျမ်းတုံးနဲ့
လောဘ ပန်းကုံးဆင်နေလို့
လမ်းဆုံးကိုလည်း သင်မမြင်နိုင်ရှာပေဘူး။

အို… အသင်ကျွဲ…
မမြဲသော တရားကို သင်နားမလည်…
ကံသာလျှင် မိမိဥစ္စာရှိသတဲ့…
ကံ၏ အမွေခံဖြစ်သတဲ့…
ကံသာလျှင် အကြောင်းရှိ၏တဲ့
ကံသာလျှင် ကိုးကွယ်မှီခိုရာရှိ၏တဲ့
ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ
သင်ပြုသောကံ၏ အမွေကို သင်သာလျှင် ခံစားရမည်ပ။

- ကျည်းကန်ကိုပေါ။ -
Read more

“ကိုပေါ ဆံပင်ညှပ်ခြင်း”

ကျနော်ဟာ ဆံပင်ညှပ်ခကို နှမြောတတ်သူ။ ဒါကြောင့် ဆံပင်ညှပ်ပြီဆိုရင် တိုတိုညှပ်ပေးပါလို့ ပြောလေ့ရှိတယ်။ တခါညှပ်ပြီးရင် ၂ လ လောက် ဆံပင်မညှပ်ဘဲ ပစ်ထားလိုက်တယ်။

ကျနော့်ဆံပင်ကသန်ပြီး လှိုင်းပုံတွန့်လိပ်နေတော့ ခေါင်းဖြီးရတာ အရမ်းခက်တယ်။ ခေါင်းလိမ်းဆီနဲ့ ဘယ်လောက်ဖြီးဖြီး ခဏနေရင် ဆံပင်တွေဟာ ကမ္ဘာဆွဲအားကို ဆန့်ကျင်ပြီး ထိုးထိုးထောင်ထောင်နဲ့ ပွယောင်းလာတတ်တယ်။ တော်တော်ကြီး ရှည်လာပြီး ညှင်းသိုးသိုးနဲ့ မြင်မကောင်းရှုမကောင်းဖြစ်လာတော့မှ မဒမ်ပေါရဲ့ တိုက်တွန်းချက်အရ ဆံပင်ညှပ်ဆိုင်ကို ပြေးရလေ့ရှိပါတယ်။

တလောက အိမ်ပြောင်းပြီးကာစမှာ ဆံပင်ညှပ်ဖို့ အချိန်ကျလာပါတယ်။ ခါတိုင်းညှပ်နေကျဆိုင်မဟုတ်ဘဲ နီးနီးနားနား အိမ်နားက ရှော့ပင်းမော်လ်မှာပဲ ညှပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ည ရှစ်နာရီလောက် မဒမ်ပေါ ငွေထုတ်စက်မှာ တန်းစီနေတုန်း ကျနော်က ဆံပင်ညှပ်ဆိုင်ထဲကို ၀င်လိုက်တယ်။ ဆိုင်ထဲမှာ ဒီနေ့အဖို့ ကျနော်က နောက်ဆုံး လာညှပ်တဲ့လူ။ ညှပ်ပေးတဲ့လူကလည်း တရုတ်အမျိုးသမီးတယောက်ပဲ ကျန်တော့တယ်။

ကျနော့်ကို ခုံပေါ်တက်ဖို့ အမူအယာနဲ့ လှမ်းခေါ်တာနဲ့ ဆုံလည်ကုလားထိုင်ပေါ်ကို တက်ထိုင်လိုက်တယ်။ မျက်မှန်ကို ချွတ်ပြီး သူမ ကမ်းပေးတဲ့ ခြင်းတောင်းလေးထဲကို ထည့်လိုက်ရတယ်။ သူက ကျနော့်လည်ပင်းမှာ ပိတ်ဖြူစကို စည်းနေရင်းက တရုတ်လို ကွိကွိကွကွနဲ့ မေးတယ်။ ကျနော်က တရုတ်စကားမပြောတတ်ကြောင်း အင်္ဂလိပ်လိုပြန်ပြောတော့လည်း သူ နားလည်ပုံမရဘူး။ ခက်ပြီ။ တရုတ်လို နားလည်တဲ့ မဒမ်ပေါကလည်း ရောက်မလာသေးဘူး။ နောက်တော့ ကျနော်က အကြံရပြီး လက်ဟန်ခြေဟန်နဲ့ စင်္ကာပူက ပြောဟန်အတိုင်း “Short Short One” လို့ ပြောလိုက်တယ်။

အဲဒီတလုံးကိုတော့ သူ နားလည်သွားတယ်။ ပြီးတော့ ကျနော့် နားထင် နှစ်ဖက်ကို လက်နဲ့ သပ်ပြပြီး “Short Short Huh?” ဆိုတဲ့ အသံထွက်လာတယ်။ အဓိပ္ပါယ်က ဘေးနံဖက်ကိုပဲ ပါးမှာလားပေါ့။

မဟုတ်သေးဘူး။ ကျနော်က တခေါင်းလုံးကို ခပ်တိုတို ညှပ်ချင်တာလေ။ ဒါနဲ့ တခေါင်းလုံးကို လက်နဲ့ ဝေ့ပြပြီး “All Short Short One” လို့ ပြောလိုက်တယ်။ သူ့ဆီက “Okay, Okay” ဆိုတဲ့အသံထွက်လာတော့ အိုကေသွားပြီပေါ့။ ပြီးပြီပေါ့။

အဲသည်မှာ စက်ကပ်ကြေးနဲ့ သူ စညှပ်တယ်။ ကျနော်ကလည်း အ၀တ်ဖြူစပေါ်မှာ အလိပ်လိုက်ကျလာတဲ့ ဆံပင်တွေကို ငုံ့ကြည့်ရင်း ကျေနပ်နေတယ်။ မဆိုးဘူး… ဒီမိန်းမက စေတနာပါတယ်။ တခြားဆိုင်တွေမှာ တိုတိုညှပ်ပါဆိုရင် ဘာကို ချွေတာနေတယ်မသိ။ နည်းနည်းချင်းပဲ ညှပ်ချနေတာ အားမရစရာ။ ပြီးရင် ဆံပင်က တိုသင့်သလောက်မတို။ ခဏလေးနဲ့ နဂိုအနေအထားကို ပြန်ရောက်ရော။ သည်အမျိုးသမီးရဲ့ လက်ရဲပုံကို သဘောကျနေမိတယ်။

ဘေးနှစ်ဖက်ကို ပါးပြီးစ အချိန်မှာ မဒမ်ပေါ ဆိုင်ထဲကို ၀င်လာပြီး နောက်က ခုံတခုမှာ ၀င်ထိုင်တာကို မှန်ထဲမှာ မြင်ရတယ်။ သူက ညှပ်လက်စ ဆံပင်ကေကို ကြည့်ပြီး “ဂေါ်ဖီပန်း နဲ့ တူသွားပြီ” လို့ ပြောလို့ နှစ်ယောက်လုံး ရယ်ရသေးတယ်။စက်မှုတက္ကသိုလ်တက်တုန်းက ကျနော်တို့ သူငယ်ချင်းတယောက်ဟာ နားထင်နှစ်ဖက်ကိုပါးပြီး ခေါင်းပေါ်မှာ ဆံပင်တွေကောက်နေပြီး စာကလေးခွေနဲ့တူတဲ့ ဆံပင်ပုံမျိုး ညှပ်လာမိလို့ အတန်းထဲမှာ ဂေါ်ဖီပန်းလို့ နာမည်ပြောင် အပေးခံရဘူးတယ်။

ခဏနေတော့ ဆံပင်ညှပ်တဲ့အမျိုးသမီးက ခေါင်းအပေါ်ပိုင်းကို စညှပ်တယ်။ နားထင်ကို ညှပ်တုန်းကလိုပဲ နှစ်ချက်လောက် စက်ကပ်ကြေးနဲ့ အားရပါးရ ထိုးချလိုက်တယ်။ ဆံပင်တွေ တထွေးကြီးကျလာတယ်။ ကျနော်က ကျေနပ်နေတုန်း။ အဲသည်အချိန်မှာ မဒမ်ပေါဆီက “Stop” ဆိုတဲ့ အသံထွက်လာတာပဲ။ ဟိုအမျိုးသမီးလည်း ကြောင်အ ပြီး ညှပ်နေတာ ရပ်သွားတယ်။

မဒမ်ပေါက ကျနော့်ကို မေးတယ်။ “မင်းက ကတုံးတုံးမယ်ပြောထားလို့လား” တဲ့။ ကျနော်က မဟုတ်ပါဘူး.. တိုတိုညှပ်ခိုင်းတာပါပေါ့။ တရုတ်မက အင်္ဂလိပ်လို မတတ်ကြောင်း နည်းနည်း ဇာတ်ကြောင်းလှန်ပြောရတယ်။

ဖြစ်ပုံက… ကျနော့်ရဲ့ “All short short one” ကို တရုတ်မက ကတုံးတုံးချင်တာလို့ သဘောပေါက်သွားပုံရတယ်။ ဒါကြောင့် စက်ကပ်ကြီးနဲ့ အားရပါးရ အရင် ထိုးချနေတာကိုး။ ကျနော်က မျက်မှန်ချွတ်ထားတော့ ဘယ်သိမလဲ။ နောက်က မဒမ်ပေါ အတားမြန်ပေလို့သာပေါ့။ သူတို့နှစ်ယောက် ကွိကွိကွကွနဲ့ ပြောကြဆိုကြပြီးတဲ့နောက်မှာ ကျနော်လည်း “Prison break” ထဲက မင်းသားလိုလို အောက်မှာ ပြထားတဲ့ ဆံပင်ပုံနဲ့ အိမ်ပြန်ခဲ့ရတော့တာပါပဲ။



ဓါတ်လှေကားထဲရောက်တော့ မှန်ထဲက ကိုယ့်ပုံကို ကြည့်ရင်း “စိတ်ညစ်လိုက်တာ၊ လေးဖြူကြီး ကျနေတာပဲ” လို့ ညည်းမိတော့ မဒမ်ပေါက မျက်စောင်းထိုးရင်း “လေးဖြူ စိတ်ညစ်ဖို့ ထားလိုက်ပါဦး”လို့ ပြန်ပြောတယ်။

အိမ်ထဲဝင်လိုက်တော့ သမီးက ကျနော့်ဆံပင်ပုံကို မြင်တာနဲ့ ခွက်ထိုးခွက်လန် ရယ်တော့တာပဲ။ “ဘာရယ်တာလဲ” လို့ မျက်နှာထိ မျက်နှာထားနဲ့ ဟန့်တာလည်း မရပ်ဘူး။ အခန်းထဲမှာ ကျနော် ကွန်ပြူတာကိုင်တဲ့အထိ ဒင်းက လိုက်လာပြီး ကျနော်တို့ အိပ်ယာပေါ်ကနေ ၀မ်းလျားမှောက်လျက်က ကျနော့်ကို လှမ်းကြည့်ရင်း အသံတိတ်ရယ်နေသေးတယ်။ စားပွဲဘေးက မှန်ထဲမှာ ဒင်းကျိတ်ရယ်နေပုံကို မြင်ရတယ်။

ရုံးရောက်တော့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ရယ်ကြတာပေါ့။ ဘယ်လိုဖြစ်တာလဲ။ ချန်ဂီထောင်က အခုမှ ထွက်လာသလားပေါ့လေ။ အဲသည်ဓါတ်ပုံကို ဖိလစ်ပိုင်နိုင်ငံသား အင်ဂျင်နီယာတယောက်က နောက်တရက်မှာ သူ့ဖုန်းနဲ့ ရိုက်ပေးတာပါ။ သူ့မိန်းမကို ပြချင်လို့တဲ့။ သူ့မိန်းမကို ကျနော်ဆံပင်ညှပ်တဲ့အကြောင်း သူပြောပြကတည်းက အရမ်းရယ်နေတာတဲ့။ အဲဒါ ပိုရယ်ရအောင် ပုံကိုပါ ပြပါရစေဆိုပြီး ရိုက်ယူသွားတာလေ။ တော်တော် ချစ်ဖို့ကောင်းတဲ့ကောင်။ ကျနော့်မိတ်ဆွေ မျိုးမြင့်မောင်ကလည်း ဦးစံမတူကို အပြင်မှာ လူကိုယ်တိုင် တွေ့လိုက်ရသလိုပါပဲတဲ့။ အားပေးပုံက။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ်…. ဒီတလ၊ နှစ်လအတွင်းမှာတော့ ဆံပင်ညှပ်ခ တော်တော်လေး သက်သာဦးမယ့်ပုံပဲ။
Read more

“ခပ်ညံ့ညံ့ရဲ့ ကမ္ဘာ”


ခပ်ညံ့ညံ့ အစိုးရခေတ်မှာ
ခပ်ညံ့ညံ့ လူအဖြစ်မွေး
ခပ်ညံ့ညံ့ ပညာရေးနဲ့
ခပ်ညံ့ညံ့ ဘွဲ့လေးတခုရ
ခပ်ညံ့ညံ့ လစာပေးတဲ့
ခပ်ညံ့ညံ့ သူဋ္ဌေးစုတ်ဆီမှာ
ခပ်ညံ့ညံ့ အလုပ်ကိုဝင်
ခပ်ညံ့ညံ့ လင်တယောက်လည်းဖြစ်
ခပ်ညံ့ညံ့ ဟာလေးထပ်ပြီးမွေး
ခပ်ညံ့ညံ့ ဘလော့ဂ်လေးထောင်
ခပ်ညံ့ညံ့ ကောင်ကလေး
ခပ်ညံ့ညံ့ တွေး
ခပ်ညံ့ညံ့ ရေး
ခပ်ညံ့ညံ့လေး နေထိုင်ကာ
ခပ်ညံ့ညံ့လေး သေဆုံးသွား။

(ဘဒူ့ကိုမှ မရည်ရွယ်ပါ။း-)
Read more

“အချစ်ပုံပြင်”

ဆရာက ရှေ့မှာ စာသင်နေတယ်။ ဒါပေမယ့် ငါတို့နှစ်ယောက်ရဲ့ အကြည့်တွေက သင်ပုန်းပေါ်မှာ ရှိမနေကြဘူး။

နင်က ဘယ်ကဘယ်လို ရောက်လာမှန်းမသိတဲ့ စာရွက်ကလေးတခုပေါ်မှာ ၀က်ပုံ ကာတွန်းရုပ်ကလေး ဆွဲပြီး ဘေးမှာ ထိုင်နေတဲ့ ငါ့ဖက်ကို အသာ တွန်းပို့လိုက်တယ်။ ၀က်ပုံပေါ်မှာ မြှားထိုးပြီး “ကိုပေါပုံ” လို့ ရေးထားလိုက်သေးတယ်။ ပုံထဲမှာ ၀က်ကလေးရဲ့ မျက်လုံးတွေက ငိုနေသလိုပေါ့။

ငါတို့နှစ်ယောက်သား ခုံပေါ်မှာ ရှိတဲ့ ၀က်ပုံလေးကို ခဏလောက် အသံတိတ် စိုက်ကြည့်နေကြတယ်။ နောက်တော့ နှစ်ယောက်စလုံး ရယ်ပြီး တပြိုင်တည်း ခုံပေါ်က ၀က်ပုံလေးကို ဆတ်ကနဲ လုယူလိုက်ကြတယ်။ စာရွက်ကလေး နှစ်ပိုင်းပြတ်ပြီး ပါသွားတယ်။

အဲသည်အချိန်ကစပြီး နင့်ကို ငါချစ်ခဲ့မိတာလို့ ငါထင်တယ်လေ။ “ချစ်ခြင်းအစ ၀က် ပုံက” လို့ ငါပြောရင် နင်ရယ်မှာလား။ ငါက ပုံတူတွေ၊ ရုပ်ပြောင်တွေ နည်းနည်းပါးပါး ဆွဲတတ်တော့ နင့်ပုံတူတွေ၊ ရုပ်ပြောင်တွေကို ငါဆွဲပေးတယ်။ နင့်ကို ရည်ညွှန်းတဲ့ ကဗျာတွေရေးတယ်။ ပထမတော့ ရိုးရိုးသားသားထင်လို့ နင်ကလည်း ရယ်နေတာပေါ့။ ဒါပေမယ့် ငါ့ရောဂါသည်းလာတဲ့အချိန်မှာ နင်က ပြန်ဟန့်ပြီး ပါမောက္ခချုပ်နဲ့ တိုင်ပြောမယ်လို့ ပြောတယ်။ အဲသည်နောက် နင် ငါကို စကားမပြောတော့ဘူး။

နင်စိတ်ဆိုးတာ ကျေပါစေတော့လို့ ဆိုပြီး စာမေးပွဲနောက်ဆုံးနေ့မှာ လက်ဆောင်ပေးဖို့ ငါပိတောက်ပန်းလေးတခက်ကို သယ်လာခဲ့တယ်။ ဖြစ်ချင်တော့ သူငယ်ချင်းအိမ်မှာ ထိုင်စောင့်နေတုန်း သူငယ်ချင်းညီမလေးက ငါ့အိတ်ထဲကနေ လုယူသွားတဲ့အတွက် ငါနင့်ကို မပေးလိုက်နိုင်ခဲ့ဘူး။ အဲဒါဟာ အတိတ်နိမိတ်လားတော့မသိ။ (ဒါပေမယ့် အဲသည်နေ့က စပြီး မှတ်မှတ်ရရ နင်ငါ့ကို စကားပြန်ပြောတဲ့နေ့။)

အဲသည်နောက်တော့ နင် ချစ်သူရသွားတယ်။ ငါကတော့ တက္ကသိုလ်တလျှောက်လုံးမှာ ယောင်လည်လည်ပေါ့။ နင်ကတော့ ငါ့ကို သူငယ်ချင်းတယောက်အနေနဲ့ရော ငါ့ခံစားချက်ကို ဂရုဏာသက်တဲ့အနေနဲ့ပါ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။ ဒီကြားထဲမှာ ငါကလည်း တခြားကောင်မလေးတွေနဲ့ အီစကလီလုပ်တာ၊ ရည်းစားထားတာတွေလည်း ရှိလိုက်သေးတယ်။ ဒါပေမယ့် ခက်တာက တလျှောက်လုံး နင့်ကို ငါမမေ့နိုင်ခဲ့ဘူး။

ဒါပေမယ့် ကံတရားက ဆန်းကြယ်တယ်ဆိုရမယ်။ ငါတို့နှစ်ယောက်မှာ ဖူးစာပါလို့ ထင်ပါရဲ့။ မထင်မှတ်တဲ့အချိန်မှာ ပြန်ဆုံခွင့်ရတယ်။ ဒီတခါတော့ နင်ကလည်း ငါ့ကို တုန့်ပြန်မေတ္တာမျှနိုင်တဲ့ အချိန်။

အသွင်မတူဘူးလို့ အများယူဆထားတဲ့ ငါတို့နှစ်ယောက်မှာ အံ့သြစရာကောင်းလောက်အောင် တူညီတာတွေ ရှိခဲ့တယ်နော်။ လူတွေအပေါ် အကဲခတ်တဲ့အခါ အမြင်တူတာ၊ မရိုးသားတာကို မနှစ်သက်တာ၊ ရုပ်ရှင်ကားတွေကို အကြိုက်ချင်းတူတာ၊ ခေတ်ဟောင်းနဲ့ အနှစ်နှစ်ဆယ် သီချင်းတွေကိုလည်း နှစ်သက်တတ်တာ၊ ဟင်္သာတထွန်းရင်တို့ တွံတေးစိုးအောင်တို့ ကိုမကြိုက်တာ၊ “အလွမ်းမမ၊ ပန်းမမ…. စိမ်းသဖူစိမ်း” စတဲ့သီချင်းတွေကို နားကလောတာ တူပုံကအစ… နောက်ဆုံးမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အယူအဆ တူညီတာတွေ။ တချို့ကိစ္စတွေမှာ မတူညီပေမယ့် နင်က နားလည်မှုအပြည့်နဲ့ လိုက်လျောခဲ့တာလည်း ပါတာပေါ့။ ငါက ဒေါသကြီးပေမယ့် ခဏလေးနဲ့ ပြေပျောက်တတ်သူ။ နင်က သည်းခံ နားလည်ပေးတတ်သူ။

တချို့သော ယုံကြည်ချက်တွေနဲ့ ပတ်သက်လို့ မယုံနိုင်လောက်အောင်ဘဲ နင်က ပိုမိုခိုင်ကျည်သေးတယ်။ အဲသည်အတွက် ငါ အင်မတန် ဂုဏ်ယူပါတယ်ဟာ။ အင်္ကျီအသစ်တထည်ဝယ်ဖို့အတွက်၊ ဖိနပ်တရံဝယ်ဖို့အတွက် လက်တွန့်နေတတ်တဲ့နင်ဟာ နိုင်ငံရေးနယ်ပယ်ကလူတွေကို ကူညီဖို့နဲ့ နိုင်ငံရေးလှုပ်ရှားမှုများအတွက် ငွေစိုက်ထုတ်ရမယ်ဆို ဘယ်တော့မှ လက်မနှေးဘူး။ အဲသည်အတွက် နင့်ကို ငါကျေးဇူးတင်တယ်။ လှုပ်ရှားမှုတိုင်းမှာ ငါနဲ့အတူ အရိပ်လိုပါတယ်။ ငါစိတ်ဓါတ်အင်အားကျဆင်းနေချိန်မှာ နင်က အမြဲတမ်း ငါ့စိတ်ဓါတ်ကို ပြန်လည်မြှင့်တင်ပေးနိုင်တယ်။

နေဦး။ ငါ့အတွက် အဆန်းကြယ်ဆုံးက နင်က ငါတယောက်တည်း ဖတ်ဖို့အတွက် ကဗျာလေးတွေ စာလေးတွေ “ကိုကို့လမင်းလေး” ဆိုပြီး ဘလော့ဂ်သီးသန့်တခု ထောင်လို့ ရေးပေးသေးတယ်။ နင့်ပုံကို ကဗျာဆန်တယ်လို့ အရင်က ငါတခါမှ မထင်ဘူးတော့ ငါ့အတွက် အဆန်းတကြယ်ဖြစ်ရတယ်။ ဒါပေမယ့် နင်က တကယ်တော့ အရမ်းကဗျာဆန်တဲ့လူ၊ အရမ်းခံစားတတ်တဲ့လူဆိုတာ ငါက အတူနေတာ အနေကြာမှ သိရတာကိုး။ နင်က ငှက်ကလေးတွေကို ချစ်တတ်သလို တောတောင်ရေမြေရဲ့အလှ၊ မြေမှာကြွေနေတဲ့ ပန်းကလေးတွေရဲ့ အလှတွေကိုလည်း ခံစားတတ်သေးတယ်နော်။

ငါတို့သမီးလေးဟာ ငယ်ငယ်လေးကတည်းက အစအနောက်သန်တာကလည်း မအံ့သြနဲ့လေ။ နင်သိတဲ့အတိုင်း ငါကလည်း အစအနောက်၊ အပြောင်အပြက် တချိန်လုံး ပြောနေတတ်တဲ့လူ။ အစပိုင်းတုန်းက ညဖက် အိပ်တဲ့အခါ “ချစ်လေး၊ ကိုကို့ကို သီချင်းဆိုသိပ်ပါ” ဆိုတော့ နင်က အဟုတ်မှတ်ပြီး တပုဒ်ပြီး တပုဒ် သီချင်းတွေဆို သိပ်ရှာတယ်။ နင်မောလောက်တဲ့ အခါကျမှ ငါက မျက်လုံးအသာဖွင့်ကြည့်ပြီး “ချစ်လေးသီချင်းဆိုတာကလည်း ၀တ်ရွတ် သလိုပါပဲလား” လို့ မှတ်ချက်ချတော့ “တော်ပြီ…. နောက်ဘယ်တော့မှ ဆိုမပြတော့ဘူး” ဆိုပြီး နင်စိတ်ကောက်သေးတယ်လေ။

ဒါပေမယ့် ငါက အမှတ်မရှိပါဘူး။ နောက်မြဲ စမြဲပါ။ ဟိုတနေ့ ညကတောင် နင်က ဆံပင်တွေတိုကပ်နေတဲ့ ငါ့ခေါင်းလုံးလုံးလေးကို ချစ်တယ် လို့ စကားမစပ်ဘဲ ပြောလာတော့၊ “အေးပါကွာ၊ မင်း ဘယ်လောက်ပဲ ချစ်တယ်ပြောပြော၊ ငါသေရင်တော့ ဒီအခန်းထဲမှာ မင်းတယောက်တည်း အိပ်ဝံ့မှာမဟုတ်ဘူး။ ကြောက်လို့ အမေတို့အခန်းမှာ အတူသွားအိပ်မှာမို့လား၊ ငါသိပါတယ်” လို့ ငါက ပြန်ပြောတဲ့အခါ နင်ကလည်း ၀န်ခံတဲ့အနေနဲ့ တဟားဟား ရယ်နေခဲ့တယ်လေ။ “ချစ်ပေမယ့်လည်း သရဲဖြစ်သွားရင်တော့ ချစ်လေးက ကြောက်တာပေါ့” လို့ ပြန်ဖြေတယ်။ နင့်ကို ငါချစ်တဲ့အထဲမှာ အဲသည်လို ရိုးသားပွင့်လင်းတာလည်း ထိပ်ဆုံးက ပါတာပေါ့။

ရုံးသွားချိန်ကလွဲလို့ ဘယ်သွားသွား၊ ဘာလုပ်လုပ် ငါတို့နှစ်ယောက်ဟာ အမြဲတတွဲတွဲနေတတ်ကြတော့ တယောက်မရှိတော့ရင် ကျန်တဲ့တယောက်က အချိန်ပြည့် သတိရပြီး ကျန်ရစ်နေတော့မှာ။

နင်ကတော့ပြောပါရဲ့။ “ကိုကိုတို့ မျိုးရိုးက အသက်ရှည်တယ်။ ချစ်လေးတို့ မျိုးရိုးက အသက်တိုတယ်။ ချစ်လေး အရင်သွားရမယ်ထင်ပါရဲ့”…တဲ့။ နင်က ဆွေးမြေ့တဲ့ မျက်နှာလေးနဲ့ အတည်ပေါက်ပြောတတ်တယ်။

ဟုတ်မဟုတ်တော့မသိဘူး။ လူ့ဘ၀ဆိုတာ ဘယ်အရာမှသေချာတာ မဟုတ်ဘူးမို့လား။ မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာပဲ သေခြင်းတရားဆိုတာ ရောက်လာနိုင်တာပဲ။ ဒါပေမယ့် သေချာတာတခုကတော့ အခုလောလောဆယ်မှာ နင့်ကို ငါသတိရနေပါတယ်။ ဂျူးဝတ္ထုထဲကလိုပေါ့။ “ဝေးနေကြရမှ လွမ်းရစတမ်းလား။ မျက်နှာချင်းဆိုင် မြင်လွှာအောက်မှာ ရှိနေသူကိုလည်း လွမ်းတယ်ပြောလို့ မရဘူးလား၊ ပြောလို့ရလျှင်တော့ ပြောချင်သည်”…ဆိုတာလေ။

ငါ့အလွမ်းတွေကို ဖြေဖို့အတွက် ဒီပို့စ်ကို ငါချရေးလိုက်တယ်။
Read more

“အညွှန်းချင်ဆုံး ပို့စ်များ”

အခြားဘလော့ဂါများ လတ်တလော ရေးသားကြသော ပို့စ်များအနက်မှ ကျနော့်အနေဖြင့် ပြန်လည်ညွှန်းဆိုချင်သော ပို့စ် ၃ ခုကို ညာဘက်ကော်လံတွင် ထိပ်ဆုံးက ဖော်ပြထားပါသည်။ ဘလော့ဂ်များတွင် ကျနော်ဖတ်မိသမျှ ကျွန်တော်နှစ်ခြိုက်သော ပို့စ်များကို ပြန်လည်ညွှန်းဆိုခြင်းမျှသာ ဖြစ်ပါသည်။ စာသားပေါ်တွင် ကလစ်ခေါက်၍ သွားရောက် ဖတ်ရှုနိုင်ပါသည်။ ယခင်က တကြိမ်တွင် ပို့စ်တခုတည်းကိုသာ ညွှန်းဆိုသော်လည်း ယခုမှစ၍ ပို့စ် ၃ ခုအထိ တိုးချဲ့ညွှန်းဆိုသွားပါမည်။ အညွှန်းကို တပတ်လျှင် နှစ်ကြိမ်ခန့် ပြောင်းလဲညွှန်းဆိုပေးပါမည်။
Read more

“ကြောက်….ကြောက်တယ်ကွယ်”

မခင်ဦးမေ၏ ဘလော့ဂ်တွင် သွားချောင်းလိုက်သောအခါ OGDS ဟူသော ပို့စ်ကို တွေ့ရ၏။

ထို့နောက် စစချင်း ခေါင်းစဉ်ငယ်မှာ “အစာအိမ်ပိုက်မြိုမယ်” ဟူသတည်း။ ဟယ်..သူ့ဟာက “သွားစမ်း၊ ဘားလမ်း၊ စားစမ်း၊ မေ စပါယ်ရှယ် မုန့်ဟင်းခါး” ဆိုသည့် သော်တာဆွေရဲ့ မုန့်ဟင်းခါးကြော်ငြာကိုပင် ပြေးသတိရမိစေ၏။ စာဖတ်သူမှာ ချက်ချင်းပင် ဆေးရုံသို့ပြေး၍ အစာအိမ်ပိုက်ကို မြိုရတော့မလိုလို။ သို့မဟုတ် ပိုက်မြိုသူ ကံထူးရှင်များကိုပင် အားကျရတော့မလိုလို။

ထို့ထက် ပိုဆိုးသည်မှာ ပို့စ်အောက်ခြေတွင် တင်ထားသည့် ကိရိယာကြီးပင်တည်း။ ယင်းကို မြင်ရသောအခါ ကျနော့်အဖို့ “ရင်မှ အကြင်နာ၊ ညင်သာစွာပဲ နိုးထလာပြန်ပြီ” ဟု ဆိုရလောက်အောင် ယခင် ၂ နှစ်လောက်က အလားသဏ္ဍာန်တူသည့် ပိုက်တချောင်းနှင့် နှစ်ပါးသွားခဲ့ရသော အဖြစ်အပျက်ကို တရေးရေး ပြန်လည်မြင်ယောင်မိကာ ထမင်းလုံးတစ္ဆေအခြောက်ခံရသကဲ့သို့ တုန်လှုပ်ခြောက်ခြားမိပါသည်။

အကြောင်းကား ဤသို့တည်း။

လွန်ခဲ့သော ၂ နှစ်ခန့်က ကိုပေါဆိုသော သူသည် ကျန်းမာရေး အင်မတန်လိုက်စား၏။ ညဦးပိုင်းရောက်လျှင် ဘွန်းလေးဘူတာနှင့် မလှမ်းမကမ်းရှိ နေအိမ်မှ ထွက်ကာ NTU ကျောင်းကြီးအတွင်းရှိ ပတ်လမ်းကြီးတွင် တပတ်နီးပါးခန့်ပတ်ကာ လမ်းလျှောက်သည်။ နှစ်နာရီခန့် လျှောက်ရသည်။ ဇနီးကြင်ဖက်သက်လျာ မဒမ်ပေါသည်လည်း သူနှင့် အတူပါ၏။ ပထမတော့ ရိုးရိုး လမ်းလျှောက်ရုံမျှသာ။ နောက်တော့ ၀ိတ်ကလည်း ၁၀ ကီလိုမျှ ထိုးကျသွားသဖြင့် အားတက်ကာ အမြန်လျှောက်သည်။ နောက်ပိုင်း ထို့ထက်အားတက်လာပြန်ကာ ရွရွလေးပြေး (ကျော်ခင်လုပ်ခြင်း)။ နောက်ဆုံးတွင် အိုလံပစ်အပြေးသမားနှယ် အမြန် ပြေးသည့်အဆင့်သို့ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့လေသည်။

ပထမတော့ ဟုတ်တုတ်တုတ်။ ကိုယ်အလေးချိန်တွေလည်း ကျ။ ဘောင်းဘီတွေ၊ အင်္ကျီတွေလည်း ချောင်။ ယခင်က မတော်တော့သဖြင့် ချောင်ထိုးထားသော ဆိုက်အသေးများကို တဆင့်ချင်း ပြန်ဝတ်ကြည့်ရာ တော်နေသဖြင့် မိမိ၏ သေးငယ်သွားသော ဗိုက်ခေါက်ကလေးကို လက်ဖြင့်စမ်းကာ ပီတီတွေ လှိုင်လှိုင်ဖြာနေတတ်သည်။ တရက် ရုံးအဆင်းတွင် မဒမ်ပေါ ဖုန်းဆက်လာရာ သူသည် “နေဦး၊ ခဏစောင့်အုံး၊ ရုံးပေါ်မှာ ကျနေခဲ့တာ ပြန်သွားကောက်ရဦးမယ်” ဟု ပြောလေသည်။ မဒမ်ပေါက ဘာကျကျန်နေခဲ့လို့လဲဟု မေးရာ…. “အတွင်းခံဘောင်းဘီ ချောင်ပြီးပြုတ်ကျနေခဲ့လို့ ပြန်သွားကောက်ရဦးမယ်” ဟု ဖြေဆိုမိရာ တဖက်က မဒမ်ပေါသည် ခွက်ထိုးခွက်လန်ရယ်မော၍ “ဒါတော့ လွန်လွန်းပြီ” ဟု ဆိုလေသည်။

ထိုသို့လျှင် ပီတိတွေ လှိုင်လှိုင်ဖြာလျက် အပြေးလေ့ကျင့်ခန်း ပုံမှန်ဆင်းနေရာမှ တရက်တွင် လောဘကြီးပြီး ခရီးတဖြတ်ကို မီတာ ၁၀၀ ပြေးသလောက်နီးနီး အမြန်ပြေးမိ၏။ အိမ်သို့ရောက်၍ ရေချိုးခန်းသို့ဝင်ကာ ရှူရှူးပေါက်သောအခါ ရှူရှူးအရောင်တို့သည် မြန်မာ့သွေးရဲရဲနီသည်ဟူသော အဆိုကို သက်သေခံနေသည့်အလား ပတ္တမြားရောင် ဖားကပေါင်သံလွင်လွင် ဖြစ်နေတော့သည် ဟူသတည်း။

သို့နှင့် ဖတ်စ်ဖော်ဝါ့ဒ်လုပ်လိုက်ရသော် စင်္ကာပူရှိ ဆေးရုံကြီးတခုဝယ် ဓါတ်မှန်ကြီးငယ် အသွယ်သွယ် ရိုက်ရ၏။ ကိုယ်ဝန်ဆောင်မဟုတ်ပါဘဲနှင့် အာထရာဆောင်း ရိုက်ခွင့်ကြုံ၏။ ဆရာဝန်ကလည်း ဆီးလမ်းကြောင်းတွင် ကျောက်အသေးတခု မြင်ရသလိုလို ဘာလိုလိုပြော၏။ ငယ်စဉ်က “လက္ခဏာဆရာက ပြောတယ်မေရယ်၊ ဆီးလမ်းကြောင်းမှာ ကျောက်တည်နေတယ်” ဟု စိုင်းထီးဆိုင်သီချင်းကို ဖျက်၍ ပေါက်ကရ နိမိတ်မရှိ နမာမရှိ သီဆိုခဲ့မိသည်ကိုပင် နောင်တရ ရတော့မည်လိုလို။

သည်ကြားထဲ ဆရာဝန်ကလည်း အားပေးဖော်ရ၏။ ကျောက်ကြောင့်သာမဟုတ်၊ ကင်ဆာကြောင့်လည်း ထိုသို့ သွေးထွက်နိုင်ကြောင်း။ ထို့ကြောင့် ဆီးအိမ်အတွင်းသို့ စကုပ်ဖြင့် ကြည့်ရှုရန်လိုအပ်ကြောင်း၊ လောလောဆယ်တွင် ကျောက်ကြေဆေး ပေးလိုက်မည်ဖြစ်ကြောင်း ပြော၏။ ရေများများသောက်ဖို့လည်း မှာလိုက်သေး၏။

ထိုအတောအတွင်း မြန်မာပြည်ပြန်သော မိတ်ဆွေတို့ကလည်း ဆီးရွှင်စေသော သံမနိုင် ကျောက်မနိုင်အရွက်များကို သယ်လာပေး၏။ ဆေးရုံသွားသည့်နေ့မှစ၍ လေ့ကျင့်ခန်းကို ရပ်ထားရ၏။ သွေးကား ထပ်မံ၍ မပါတော့ချေ။

သို့နှင့် စကုပ်နှင့် ကြည့်ရန် ချိန်းထားသောရက်တွင် ဆေးရုံသို့ ပြန်သွားရ၏။ မသွားခင်တွင် မိတ်ဆွေဖြစ်သူ ကိုခြင်္သေ့က မြန်မာပြည်တွင် သူကျောက်ချေခဲ့ဘူးသော အတွေ့အကြုံကို ပြန်ပြောင်းပြောပြကာ အားပေး၏။

“ကိုပေါရေ…. ကျနော့်တုန်းကတော့ နွားသတ်သလိုပဲဗျ။ တော်တော်ခံလိုက်ရတယ်”….တဲ့။

အခြား သိနားလည်သူများကလည်း “မနာကျင်သော်လည်း တော်တော်လေး အနေရခက်လိမ့်မည်”ဟု ပြောလိုက်သေး၏။

သို့နှင့် သာမန်အချိန်တွင် လင်ပန်းအသေးခန့်မျှ မျက်နှာအ၀န်းအ၀ိုင်းရှိသော ကျနော်သည် ဆေးရုံက ချိန်းဆိုထားသောနေ့၌ ဇီးရွက်ခန့် မျက်နှာဖြင့် စမ်းသပ်ခန်းအပြင်ဖက်တွင် ထိုင်စောင့်နေရ၏။ ခဏအကြာတွင် သူနာပြုဆရာမတယောက်သည် ကိရိယာများထည့်ထားသော တွန်းလှည်းတခုကို ကျနော့်ရှေ့မှ တွန်းလျှောက်ကာ အခန်းထဲသို့ ၀င်သွား၏။ တွန်းလှည်းပေါ်ရှိ ကိရိယာများ၏ ပုံသဏ္ဍာန်နှင့် လုံးပတ်မှာ မခင်ဦးမေ၏ ဘလော့ဂ်တွင် ပြထားသော ကိရိယာနှင့် မတိမ်းမယိမ်းခန့်ရှိရာ ကျနော့်မှာ ထိုကိရိယာများသည် ကျနော့်အတွက် မဖြစ်ပါစေနှင့်ဟု ဆုတောင်းနေမိ၏။ သို့သော် ဘေးတွင်ထိုင်နေသော မဒမ်ပေါက မျက်လုံးအ၀ိုင်းသားနှင့် “ဒါကြီးတွေကို ထည့်မှာလားမသိဘူး” ဟု မသိသားဆိုးဝါးစွာ ပြောလိုက်ရာ စောစောက ဇီးရွက်ခန့်ရှိသော ကျနော့်မျက်နှာမှာ ဇီးစေ့ခန့်သာ ကျန်တော့မည် ထင်သည်။

သို့နှင့် အခန်းထဲသို့ဝင်သောအခါ ထိုကိရိယာကြီးများမှာ အမှန်ပင် ကျနော့်အတွက်ဖြစ်ကြောင်း တုန်လှုပ်ခြောက်ခြားစွာ သိရှိရလေသည်။ ဆရာဝန်သည် လုပ်ထုံးလုပ်နည်းကို ကျနော်နားလည်အောင် ရှင်းပြပြီးသည့်နောက် ကျနော်၏ ဆီးလမ်းကြောင်းထဲသို့ ထုံဆေးများကို ထိုးထည့်လေသည်။ ထုံဆေးထည့်သော ပြွတ်မှာ စက်ဘီးလေထိုးသည့် လေထိုးတံ အငယ်စားပမာဏ ရှိလေသည်။

ထိုနောက် ခဏမျှကြာသော် ထိုကိရိယာကို ကျွန်တော်၏ ဆီးလမ်းကြောင်းအတွင်းသို့ စတင်ထိုးသွင်းတော့၏။ လုံးပတ်မှာ အဖျားတွင် ခဲတံလုံးပတ်ခန့်ရှိ၍ အရင်းတွင်မူ လက်ညိုးခန့်တုတ်လေသည်။ ပိုက်အရှည်မှာ အရှည်မှာ ၂ ပေခန့်ရှိသည်။

ထုံဆေးတန်ခိုးကြောင့် နာကျင်ခြင်းကိုမူ မခံစားရ။ ဤမျှလုံးပတ်ရှိသော ကိရိယာသည် ထိုမျှသေးငယ်သော အပေါက်အတွင်းသို့ အဘယ်သို့ လျှောရှူချောမွေ့စွာ ၀င်သွားနိုင်ပါသနည်းဟု ကျွန်တော် တွေးတောနေမိ၏။ ပိုက်ထိပ်တွင် မီးလုံးနှင့် ကင်မရာပါသဖြင့် နံဘေးရှိ မော်နီတာပေါ်တွင် ပိုက်သွားရာ ဆီးလမ်းကြောင်းတလျှောက်ကို မြင်ရသည်။ ကိုယ့်ကိုယ်တွင်းကို မြင်နေရသဖြင့် တရားရချင်သလိုလို ဘာလိုလို။ ခဏနေတော့ ပိုက်ခေါင်းသည် ဆီးအိမ်အတွင်းသို့ ရောက်သွားသည်။ အထဲတွင် ရေများကို မြင်ရသည်။ ထုံဆေးအမှုန်အမွှားတချို့ကိုလည်း မြင်ရသည်။ ကျောက်ကပ်နှစ်ခုမှ ဆင်းလာသော အပေါက်ကလေးနှစ်ခုကိုလည်း မြင်ရသည်။

ဆရာဝန်သည် ဆီးအိမ်ပတ်ပတ်လည်တွင် ကင်ဆာလက္ခဏာများကို လှည့်ပတ်ရှာဖွေ၏။ မတွေ့။ သို့သော် ဆီးအိမ်နံရံရှိ ကျနော်၏ သွေးကြောတို့သည် နီမြန်းနေသည်။ ဤသည်မှာ အနည်းငယ် ထူးဆန်းသည်ဆို၏။ သို့နှင့် ပိုက်ဖြင့် ဟိုသည်လှည့်ပတ်ကြည့်ရှု ဓါတ်ပုံရိုက်ခြင်းကို ခေတ္တဆိုင်းငံ့ကာ၊ တနေရာသို့ တယ်လီဖုန်းခေါ်ဆို၏။

ကျနော်မှာ မုတ်ဆိတ်အရိပ်ခံသလို ပက်လက်အနေအထားမှ ပိုက်တန်းလန်းနှင့် စောင့်ရ၏။ သူဖုန်းခေါ်သည်မှာ တဖက်မှ ကိုင်မည့်လူမရှိသဖြင့် အတော်လေးကြာသည်။ ထုံဆေးသည် တဖြေးဖြေး အာနိသင် လျော့ပါးလာသည်ထင်သည်။ ကျနော့်မှာ မအီမသာဖြစ်လာသည်။ ထိုအာဝေဏိက ဒုက္ခကို မခံမရပ်နိုင်ဖြစ်လာကာ ခြေဖျားလက်ဖျားလေးများပင် တုန်ယင်လာသည်။

ပုဂ္ဂိုလ်က ဖုန်းခေါ်၍ မရသောအခါ နာ့စ်မကို လူကိုယ်တိုင်လွှတ်၍ သွားအခေါ်ခိုင်းသည်။ သူ့လုပ်ဖော်ကိုင်ဖက်တယောက်အား ကျနော့်ဆီးအိမ်နံရံကို ပြချင်၍ဖြစ်သည်။ ထိုသူများမှာ တော်တော်နဲ့ပေါ်မလာ။ ကျနော်က မခံနိုင်တော့၍ ပိုက်ဖြုတ်ပေးရန်ပြောသော်လည်း ပုဂ္ဂိုလ်က မကြားချင်ယောင်ဆောင်နေ၏။ ကျနော့်အထင် နာရီဝက်ခန့်ကြာမှ သူ့လုပ်ဖော်ကိုင်ဖက်ပေါက်ချလာရာ ဆီးအိမ်ကို ကြည့်၍ ဓါတ်ပုံရိုက်ကာ ပိုက်ဖြုတ်ပေးဖော်ရသည်။ ကျနော့်မှာ ထိုအချိန်တွင် ချွေးသီးချွေးပေါက်ကြီးများပင် သီးနေလေချေပြီ။ မိန်းမများ ကလေးမွေးသည့် ဒုက္ခကို ကိုယ်ချင်းစာမိပါ၏။

ဇာတ်ပေါင်းသော်… ကင်ဆာလည်းမဟုတ်၊ ကျောက်ကြောင့်လည်းဟုတ်ပုံမရ။ ဆရာဝန်သည် ကျနော့်အား အားကစားမလုပ်ခင် ရေများများသောက်ရန် မှာကြားခြင်းဖြင့် အမှုတွဲပိတ်သွားလေတော့သတည်း။ ငွေကား စုစုပေါင်း ဒေါ်လာ လေးရာခန့်ထွက်သွားလေသည်။ ရုံးမှ ပြန်လည်ကာ ထုတ်ယူရသဖြင့် တော်ချေသေး၏။

မတော်သေးသည်မှာ လေ့ကျင့်ခန်း ဆက်မလုပ်ရဲတော့သဖြင့် ယခင်က သုံးလေးလ အချိန်ယူကာ လျှော့ချခဲ့ရသော ကိုယ်အလေးချိန်သည် ၂ ပတ်အတွင်း မူလနေရာသို့ ပြန်လည်ရောက်ရှိသွားကာ ၀ဆဲ ဖြိုးဆဲ လှဆဲ ခန့်ဆဲ (ဆဲတာနဲ့ အကျိုးပေးတယ်လေ) ဖြစ်သွားလေတော့သည်။

ဤကား ကျွန်ုပ်နှင့် ပိုက်ဇာတ်လမ်းဖြစ်ချေတော့သည်။ အကြင်ပိုက်ကို မိမိ၏ ဒွါရကိုးပေါက် မည်သည့်အပေါက်ကမျှ ထပ်မံ၍ သွတ်သွင်းရခြင်း ဤဘ၀တွင် မကြုံရလိုတော့ပါ။

မောင်သာရ ၀တ္ထုခေါင်းစဉ်လို ပြောရလျှင်တော့…. “ပိုက်တပ်ခြင်းနှင့် မကြုံကြိုက်လို” ပေါ့ခင်ဗျာ။
Read more

“တောသား နှင့် မြို့သူ”

ကျနော့်အမေက ကျနော့်ကို တောဖက်က မိန်းကလေးများနှင့် အိမ်ထောင်ချပေးချင်သည်။ “မယားတောသူ”ဟူသော စကားကိုလည်း တွင်တွင်ပြောလေ့ရှိသည်။ ကျနော်က မိဘပေးစားသည်ကို မလိုချင်။ ကိုယ့်သဘောကိုယ့်ဆန္ဒနှင့်သာ မိမိအိမ်ထောင်ဖက်ကို ရွေးချယ်ချင်သည်။

လွန်ခဲ့သည့် ဆယ်နှစ်နှစ်ကျော်ကျော်ကာလက မလေးရှားတွင် ရောက်ရှိကာ အလုပ်လုပ်ကိုင်နေသည့်တိုင် ကျနော်၏ အမေနှင့် အစ်မ များသည် သူတို့ မျက်စိကျသည့် မိန်းကလေးများနှင့် ကျနော့်အား စပ်ဟပ်ကောင်းဆဲ ဖြစ်သည်။ ခက်သည်က အားလုံးမှာ သူတို့မျက်စိကျသူများသာ ဖြစ်သည်။ ကျနော်မျက်စိကျသူများမဟုတ်။ ထိုသူများနှင့် တသက်လုံး တကယ်ပေါင်းရမည့်သူမှာ သူတို့မဟုတ်။ ကျနော်သာ ဖြစ်သည်။ သည်တော့ စကားကို အဆုံးစွန် ပိတ်ပြောထားရသည်။ ကျနော့်စိတ်ထဲက နှစ်သက်နေစေဦးတော့၊ အမေတို့ စပ်ဟပ်ပေးစားတာမျိုးဆိုလျှင် ယူမည်မဟုတ်…ဟု။

အမေတို့အမြင်တွင်မူကား မြို့ကြီးသူများသည် လည်ပတ်သည်။ ခင်ပွန်းဖက်က အဆွေအမျိုးများနှင့် အလိုက်အထိုက် သင့်မြတ်အောင်မနေတတ်။ အကယ်၍ ကျနော်သည် မြို့ကြီးသူကို ယူပါက အလှည့်ခံရမည်၊ ခိုင်းအစားခံရမည်ဟု အထင်ရှိကြလေသည်။ ကျနော်ကလည်း မိဘများနှင့် အစ်မများကိုယ်တိုင်က ကျွန်တော့်အား မအူမလည်ဟု သဘောထားရာ ရောက်သဖြင့် ထိုသို့အထင်ခံရခြင်းကို (မှန်နေစေဦးတော့) မခံချိ မခံသာ ရှိလေသည်။

တောသူတောင်သားတို့သည် ရိုးသားကြသည်ဟူသည်ကား ယေဘုယျအားဖြင့် မှန်ပါသည်။ တောရွာများတွင် မြို့ကြီးပြကြီးများလောက် လူနေမထူထပ်။ သူတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် နေ့စဉ်ဘ၀မှာ မြို့ကြီးပြကြီးများနှင့် နှိုင်းစာလိုက်လျှင် အင်မတန်ပင် ရိုးစင်းလှသည်။ အောက်ဆီဂျင်ပေါများသော လေကောင်းလေသန့်ရသည်။ အပြိုင်အဆိုင်နည်းသည်။ ထိုသို့သောပတ်ဝန်းကျင်သည် အလုပ်ဖိစီးမှု၊ စိတ်ဖိစီးမှုကင်းသော ပတ်ဝန်းကျင် (Stress free society)ဖြစ်ရာ လူတို့၏ စိတ်သည် ယေဘုယျအားဖြင့် ကြည်လင်နေသည်။

မြို့ပြတွင်ကား အိမ်မှထွက်၍ ဘတ်စ်ကားဂိတ်ရောက်သည်နှင့် ကားစောင့်ရခြင်း၊ ကားပေါ်တွင် ထိုင်ခုံလုရခြင်း၊ ကြပ်ကြပ်ညပ်ညပ်တိုးဝှေ့စီးရခြင်း၊ အလုပ်ချိန်မမီလျှင် အရာရှိက အဆူအဟောက်ခံရခြင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်း၊ အပြိုင်အဆိုင်များခြင်း စသဖြင့် မပြေလည်မှုပြဿနာများနှင့် စိတ်ဖိစီးမှုကို အချိန်နှင့်အမျှ ခံနေကြရရာ မြို့ပြရှိလူတို့သည် တောဘက်မှ လူများထက် စိတ်ညစ်ညူးမှုဒဏ်ကို ပိုခံကြရသည်။ စိတ်မကြည်မလင်ဖြစ်ကြသည်။ ထစ်ကနဲဆိုလျှင် ပေါက်ကွဲဘို့ အသင့်ဖြစ်နေသော စိတ်အနေအထားကို ပိုင်ဆိုင်ကြသည်။

တောဘက်မှလူများကား မြို့ပြမှ လူများကဲ့သို့ တချိန်လုံး စိတ်ဖိစီးမှုကို ခံမနေကြရသဖြင့် ပဋိပက္ခ နည်းပါးသည်မှန်၏။ သို့သော်လည်း ဤအနေအထားမှာ အမြဲတစေ တသမတ်တည်း မှန်ကန်နေသည်မဟုတ်။ အပြိုင်အဆိုင်ပေါ်လာသည်နှင့် သူ့တို့လည်း ပေါက်ကွဲတတ်ကြသည်။ အထူးသဖြင့် လူစုလူဝေးလုပ်ခွင့်ရသောအခါများတွင် ထိုသို့ပဋိပက္ခများ စတင်ပေါ်ပေါက်လာသည်။ တောဘုရားပွဲများတွင် ဇာတ်ပွဲကြည့်ရန် ပွဲခင်းထဲ၌ ဖျာနေရာလုရင်းမှ ရန်ဖြစ်ခြင်းများရှိတတ်သည်။ ဥပမာ လယ်ရေလုမှု၊ ကောက်စိုက်ရန် ပျိုးနှုတ်ရန် လူငှားရမ်းသည့်အခါ အချိန်၏ ဖိစီးမှုကို ခံရသဖြင့် အပြိုင်အဆိုင်ငှားရမ်းမှုကြောင့် ပဋိပက္ခများ ကြုံတတ်ကြသည်။

သည်တော့ လူသည် လူသာဖြစ်သည်။ လူသည် ဖိစီးမှုနည်းသော ပတ်ဝန်းကျင်တွင် နေရသည့်အခါ စိတ်လက်ကြည်သာ၍ ပဋိပက္ခနည်းသည်။ အတွန်းအတိုက်နည်းသည်။

ထိုရိုးသားသော တောသူတောင်သားများသည် ခေတ်အခြေအနေအရ တောရွာများကို ပစ်၍ မြို့ပြများသို့ တက်ရောက်၍ အလုပ်လုပ်ကြသောအခါ မြို့ပြလူနေမှုစနစ်၏ ဖိစီးမှုများကို၊ မပြေလည်မှုများကို အများနည်းတူ ကြုံတွေ့ကြရလေတော့သည်။ ပင်ကိုယ်စရိုက်အေးဆေး၍ ကြောက်တတ်သောသူများအဖို့ ထိုအခြေအနေတွင် အရာရာကို ခေါင်းငုံ့ခံတတ်ပြီး သူတကာ၏ လူလည်ကျမှုကိုလည်း အမြဲတစေခံရတတ်ရာ တောသားလူရိုး ဘွဲ့ကို ရတတ်ကြပေသည်။ နာမည်ကောင်းသော်လည်း သက်သာလှသည်မဟုတ်။ တဖန် မဟုတ်မခံသမားများအနေဖြင့်လည်း ပြဿနာဖြေရှင်းရာတွင် မြို့ပေါ်တွင်ကြီးပြင်းသော မြို့သားများကဲ့သို့ ပရိယာယ်ကြွယ်ဝစွာမဖြေရှင်းတတ်သဖြင့် “တောသားရဲ ဆွဲထုတ်” ဆိုသော အခြေအနေများသို့ ရောက်လာပြီး မြို့ပြနှင့် အံမ၀င်ခွင်မကျ သော ဘ၀အနေအထားများ ဖြစ်တတ်လာလေသည်။

တဖန် မြန်မာသတင်း၊ မီဒီယာများ၊ ဘလော့ဂ်များတွင် မြန်မာလူမျိုးသည် အခြားလူမျိုးများထက်ပင် ရိုးသားသယောင်၊ ဖော်ရွေသယောင်၊ ယဉ်ကျေးသယောင် အလွန်အကျူးရေးသားသည်ကို အစဉ်လိုလို တွေ့ရလေသည်။ မည်သူများက ရေးနေကြသနည်း။ အများစုမှာ မြန်မာများက ရေးနေကြခြင်းသာ ဖြစ်သည်။

ကျနော် မလေးရှားတွင် အလုပ်လုပ်စဉ်က မလေးရှားရှိ ကျေးလက်တောရွာများသို့ သွားရောက်လည်ပတ်ခွင့်ရသည်။ ထိုတောရွာများ၊ မြို့ငယ်များမှ မလေးလူမျိုးများသည်လည်း ရိုးသားမှု၊ ဖော်ရွေမှု၊ ယဉ်ကျေးမှုများမှာ မြန်မာလူမျိုးအောက် မလျော့ပေ။ အလားတူပင် ကနေဒါ၊ သြစတြေးလျ စသည့်နိုင်ငံများမှ လူများသည်လည်း အထူးဖော်ရွေကြသည်ဟု ကြားဖူးသည်။ သြစတေးလျသို့ ကျွန်တော်ခဏတဖြုတ်ရောက်စဉ်မှာပင် ထိုသူတို့၏ ဖော်ရွေတတ်မှု ပျော်ရွှင်တတ်မှုကို ကြုံတွေ့ခဲ့ရသေးသည်။ တလောက မဒမ်ပေါတယောက် ကမ္ဘောဒီးယားသို့ သွားရောက်လည်ပတ်ရာ ကမ္ဘောဒီးယားမှလူများသည်လည်း မြန်မာလူမျိုးများနှင့် မခြားနားလှသည် တွေ့ခဲ့ရသည်ဆို၏။

စင်္ကာပူတွင် အလုပ်လုပ်သည့်အခါ လူမျိုးပေါင်းစုံနှင့် ထိတွေ့ရသည့်အခါ ရိုးသားမှု၊ ဖော်ရွေမှု၊ ယဉ်ကျေးပျူငှာမှုများမှာ လူမျိုးနွယ်အပေါ်တွင် မူမတည်၊ နေရာဒေသပေါ်တွင်လည်း မူမတည်၊ ပတ်ဝန်းကျင်အနေအထားနှင့် လူတဦးတယောက်ချင်း၏ စိတ်အနေအထားပေါ်တွင်သာ မူတည်ကြောင်း ကျနော်နားလည်လာသည်။

ဥပမာ ရိုးသားဖော်ရွေလှသည်ဟူသော မြန်မာကျေးလက်ဒေသတခုကို စည်ကားလှသော မြို့ပြတခုအသွင်သို့ ကူးပြောင်းတည်ဆောက်လိုက်ပါက ထိုဒေသရှိလူများသည် ဆယ်စုနှစ်တခုအတွင်း မြို့ပြ လူနေမှုအသွင်သို့ ကူးပြောင်းသွားမည်ဖြစ်ပြီး ကျေးလက်တောရွာဓလေ့ထုံးစံများပျောက်ကာ မြို့ပြ၏ စရိုက်လက္ခဏာများကိုသာ တွေ့မြင်ရမည်ဖြစ်သည်။ တောတွင် ရေတပေါက် တောင်းသောက်၍ လွယ်ကူသည်မှာ ထုံးစံဖြစ်နေ၍သာဖြစ်သည်။ ထိုတောသည် စက်ရုံတခုဆောက်သဖြင့်သော်လည်းကောင်း၊ အခြားစီးပွားရေးအကွက်အကွင်းတခုကြောင့်သော်လည်းကောင်း မြို့ပြဖြစ်လာလျှင် ရေတောင်းသောက်ရန် လွယ်တော့မည်မဟုတ်။ ဤသည်မှာ ပတ်ဝန်းကျင်ပြောင်းလဲမှုအပေါ်တွင်လိုက်၍ ဓလေ့ထုံးစံတခု ပြောင်းလဲသွားခြင်းဖြစ်သည်။ ဤအဖြစ်မျိုးကို မြို့ပြစနစ်သို့ ပြောင်းလဲသွားတိုင်း ကြုံတွေ့ရမည်သာဖြစ်သည်။

ဤနေရာတွင် မြို့သူမြို့သားများသည် တောသူတောင်သားအများစုထက် လူရည်လည်သည်ဆိုသည့် အချက်ကိုတော့ လက်ခံရပေမည်။ လူရည်လည်ခြင်းနှင့် လူလည်ကျခြင်းသည် တခြားစီဖြစ်သည်။

မြို့သူမြို့သားများတွင် လူရည်လည်သော်လည်း လူလည်မကျတတ်သည့် လူအများအပြားရှိသလို တောသူတောင်သားများတွင်လည်း လူရည်မလည်ဘဲနှင့် လူလည်ကျတတ်သူ အများအပြားရှိသည်ကို ၀န်ခံကြရပေမည်။

ထို့အတူ ရိုးအခြင်းနှင့် ရိုးသားခြင်းသည်လည်း တခြားစီဖြစ်သည်။ မြို့သူမြို့သားများတွင် မရိုးအသော်လည်း ရိုးသားသူအများအပြားရှိသလို တောသူတောင်သားများတွင်လည်း ရိုးအသော်လည်း မရိုးသားသူအများအပြား ရှိနေနိုင်ပါသည်။

ထို့ကြောင့် တောသူတောင်သား ရိုးသည် ဆိုတိုင်း ရိုးသားသည်ဟု မဆိုလိုနိုင်ကြောင်း ခွဲခွဲခြားခြား နားလည်သင့်သည်။ အချို့သူများသည် မိမိ၏ ရိုးအမှုကို ရယ်စရာအဖြစ်တခုသော်လည်းကောင်း၊ သနားဖွယ်ရာဖြစ်ရပ်တခုအဖြစ်သော်လည်းကောင်း ဖွင့်ဟ ၀န်ခံလိုက်ခြင်းအားဖြင့် သူ့အားရိုးသားသူဟု အခြားသူများ အထင်ရောက်လိမ့်မည်ဟု လွဲမှားစွာ ယူဆနေကြဟန်ရှိသည်။ ရိုးအခြင်းနှင့် ရိုးသားခြင်းသည် တခြားစီသာဖြစ်သည်။ ရိုးအသူတိုင်းသည် ရိုးသားသူမဖြစ်နိုင်ပါ။ ရိုးအပြီး မရိုးသားသူများကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသည်။ ထို့အတူ လူရည်လည်ပါးနပ်သော်လည်း ရိုးသားသူများကိုလည်း နေ့စဉ်လိုလို မြင်တွေ့နေရပါသည်။

ထို့ကြောင့် တောသူတောင်သား ရိုးသားသည်၊ မြန်မာလူမျိုး ရိုးသားသည် ဆိုသောစကားများနှင့် အခြားလူမျိုးများ၊ မြို့သူ/မြို့သားများသည် လူလည်ကျတတ်သည်၊ ကလိန်ကကျစ်ကျတတ်သည် ဆိုသည့်စကားများမှာ မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုမှုများဖြစ်သည်။ အင်္ဂလိပ်လိုဆိုလျှင် Stereotyping သို့မဟုတ် Prejudice ဟု ခေါ်ဆိုရမည်ထင်သည်။ အဘယ်ကြောင့်ဆိုသော် ရိုးအသူများ၊ ရိုးသားသူများ၊ လည်ပတ်သူများ၊ လူလည်ကျသူများ၊ ဖော်ရွေသူများ၊ မဖော်ရွေသူများ၊ ယဉ်ကျေးသူများ၊ မယဉ်ကျေးသူများကို လူ့အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်း၊ မြို့တိုင်း၊ ကျေးလက်တိုင်း၊ တောရွာတိုင်းတွင် တွေ့နိုင်သောကြောင့်ပင် ဖြစ်လေသည်။
Read more

“သာမန်ပြည်သူ”


မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ မိမိကိုယ်ပိုင် အထင်အမြင်ကို ထုတ်ဖော်မပြောဆိုမီ “ကျွန်တော်ကတော့ သာမန်ပြည်သူပါ” ဟူ၍ စကားခံပြောကြားသည်ကို မကြာခဏ ကြုံရလေ့ရှိသည်။ ဤသို့ပြောရခြင်း၏ နောက်ကွယ်တွင် အကြောင်းအမျိုးမျိုးရှိနိုင်သည်။

တချို့က မိမိ မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော် မိတ်ဆက်သည့်အနေဖြင့် သဘောရိုးပြောကြားခြင်းဖြစ်သည်။ အချို့ကမူ မိမိစကားထဲတွင် တစုံတရာ အမှားအယွင်းပါသွားပါက မိမိအား ပြန်လည်မဝေဖန်စေရန်အတွက် ကြိုတင်၍ ထန်းလက်ဖြင့် ကာထားခြင်းဖြစ်သည်။ သူ့အမှားကို တဖက်က ထောက်ပြလာလျှင် “ကျွန်တော်ပြောတယ်မဟုတ်လား။ ကျွန်တော်က သာမန်ပြည်သူပါလို့”…. ဟု ပြန်ပြောနိုင်ရန် ဖြစ်လေသည်။

အချို့ကမူ နိုင်ငံရေးသမားဟု အထင်မခံလိုခြင်းကြောင့် ဖြစ်သည်။ ဤသို့ အထင်မခံလိုခြင်းမှာ မိမိကိုယ်တိုင်က အမှန်တကယ် နိုင်ငံရေးသမားမဟုတ်သည့်အတွက်ကြောင့်တကြောင်း (သို့တည်းမဟုတ်) နိုင်ငံရေးသမားဆိုသည် ကလိန်ကကျစ်လူများ၊ လူလည်များဟု သတ်မှတ်လိုခြင်းကြောင့်တကြောင်း ဖြစ်နိုင်ပါသည်။

မြန်မာပြည်ကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ ဖမ်းဆီးထောင်ချခံနေရသော နိုင်ငံရေးအကျဉ်းသားများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ စသူတို့အား နိုင်ငံရေးသမားများအဖြစ်ဖြင့် အများစုက သတ်မှတ်ကြသည်။ ထိုသူတို့အား မိမိကိုယ်ကို သာမန်ပြည်သူဟု ကင်ပွန်းတပ်သူ အချို့ (အချို့ဆိုသော်လည်း အရေအတွက်မှာ မနည်းလှ)က နည်းမျိုးစုံဖြင့် ဝေဖန်ကြသည်။ ဆဲရေးကြသည်။ သူတို့၏ လုပ်ပုံကိုင်ပုံကို နည်းလမ်းမကျ၊ အသုံးမကျ၊ ခရီးမတွင်၊ မအောင်မြင် စသဖြင့် သာမန်ပြည်သူဟူသော နာမည်ကို တွင်တွင်ကြီး သုံးကာ တဖက်သတ် ဝေဖန်ကြ၊ ဆဲဆိုကြသည်ကို အစဉ်လိုလို မြင်တွေ့နေရသည်။

ယင်းကို တွေ့မြင်ရသောအခါ “နိုင်ငံရေးသမား” နှင့် “သာမန်ပြည်သူ” ဆိုသော ဝေါဟာရ ပညတ်ချက်များနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုများကို တွေးတောသုံးသပ်ကြည့်မိသည်။ ထိုအခါတွင် မြန်မာ့နိုင်ငံရေးနယ်ပယ်၌ ထိုသို့ တဖက်သတ် ဝေဖန်၊ ဆဲဆိုနေကြသည်မှာ တရားမျှတပါ၏လောဟု ထပ်မံစဉ်းစားစရာ ဖြစ်လာသည်။

အင်္ဂလိပ်အဘိဓါန်တွင် နိုင်ငံရေးသမားဆိုသည်မှာ နိုင်ငံရေးနှင့် ပတ်သက်၍ အသက်မွေးဝမ်းကြောင်းပြုသူ၊ အထူးသဖြင့် ရွေးချယ်တင်မြှောက်ခြင်းခံရသော ရာထူးတခုကို လက်ကိုင်ထားသူဟု အတိုချုံး အဓိပ္ပါယ်ရပါသည်။

ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အရဆိုလျှင် အထက်တွင်ပြောခဲ့သော မြန်မာပြည်မှ နိုင်ငံရေးသမားဆိုသူများမှာ နိုင်ငံရေးအပေါ်မှီတည်၍ အသက်မွေးနိုင်ကြသူများ မဟုတ်ကြ။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မိသဖြင့် မိမိတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုပင် တားဆီးပိတ်ပင် ကန့်သတ်ခံကြရရှာသေးသည်။ ထို့ကြောင့် ထိုသူများကို နိုင်ငံရေးသမားဟု လူတန်းစား ခွဲခြားသတ်မှတ်နေခြင်းကပင် ကျနော်တို့၏ အခြေခံအမှားဖြစ်သည်။ အမှန်စင်စစ် မြန်မာပြည်တွင် နိုင်ငံရေးလုပ်၍ အသက်မွေးနိုင်ကြသည်မှာ စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ နောက်လိုက် အပေါင်းပါများသာ ရှိသည်။

လွတ်လပ်သောနိုင်ငံများတွင်မူ နိုင်ငံရေးသမားများကို ပြည်သူလူထုက ပုံမှန်ပြုလုပ်ကျင်းပသော ရွေးကောက်ပွဲများတွင် မဲထည့်ကာ ရွေးချယ်တင်မြှောက်ကြသည်။ ရာထူးကို ရရှိလာသူ နိုင်ငံရေးသမားများအနေဖြင့် ပြည်သူလူထုအတွက် အကျိုးပြုသော ပေါ်လစီများကို ချမှတ်အကောင်အထည်ဖော်ရသည်။ ထိုနေရာတွင် မအောင်မြင်ပါက သူ့အားရွေးချယ်တင်မြှောက်ခဲ့သော၊ သူ့အား ထိုက်သင့်သည့်လစာပေးထားသော အခွန်ထမ်းပြည်သူလူထုအနေဖြင့် ထိုသူအား မသက်မညှာ ဝေဖန်ပိုင်ခွင့်ရှိသည်။ နောင်ရွေးကောက်ပွဲတွင် ထိုသူအား မရွေးချယ်တော့ဘဲ နေပိုင်ခွင့်ရှိသည်။ ထိုအနေအထားမျိုးတွင် အခွန်ထမ်းပြည်သူတဦးအနေဖြင့် မိမိကိုယ်ကို “သာမန်ပြည်သူတဦးပါ၊ နိုင်ငံရေးသမားမဟုတ်ပါ” ဟုလည်း ခွဲခြားပြောကြားသည်မှာ သဘာဝကျသည်။

မြန်မာပြည်တွင် ၁၉၉၀ ခုနှစ်က အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်လောင်းများအား တခဲနက်မဲပေး၍ ရွေးချယ်တင်မြှောက်လိုက်သော်လည်း ထိုသူများမှာ သူတို့၏ လွှတ်တော်အမတ်တာဝန်ဝတ္တရားကို ထမ်းဆောင်ခွင့်မရသေး။ လွှတ်တော်အမတ်လစာဖြင့် အသက်မွေးရန် မဆိုထားနှင့်၊ နအဖအစိုးရ၏ ဖမ်းဆီးထောင်ချမခံရလျှင်ပင် ကံကောင်းလှပေသည်။ ထိုသို့အနေအထားတွင် ရွေးချယ်တင်မြှောက်ခံရသော လွှတ်တော်အမတ်များကို ကျွန်တော်တို့က အခွန်ထမ်းသာမန်ပြည်သူဖြစ်သဖြင့် သူတို့၏ မအောင်မြင်မှု၊ အသုံးမကျမှုများကို တဖက်သတ်ဝေဖန်မည်ဆိုပါက တရားမျှတသည် မဆိုသာ။ တကယ်တော့ ထိုသူများသည်လည်း မိမိကိုယ်ကို “သာမန်ပြည်သူ”ဟု ပြောဆိုနေကြသူများနှင့် ဘာမှကွာခြားလှသည်မဟုတ်။ သာမန်ပြည်သူဆိုသူများထက်ပင် သူတို့မှာ အကြပ်အတည်းကို ရင်ဆိုင်ရပေသေးသည်။ သာမန်ပြည်သူဆိုသူများနှင့် ကွာခြားသည့် အချက်မှာ ထိုသူတို့သည် မိမိနိုင်ငံကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် အခြားသူများထက် ပိုမိုတက်ကြွစွာ၊ တာဝန်ကျေပွန်စွာ လုပ်ဆောင်နေကြခြင်းသာ ရှိသည်။

အချို့ကလည်း ရွေးကောက်ပွဲတွင် ပြည်သူက မဲထည့်ကာ အခွင့်အာဏာပေးလိုက်သဖြင့် ပြည်သူ့တာဝန်ကျေပြီ။ အခွင့်အာဏာ (Mandate) အပ်နှင်းခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ၊ အမတ်များ၏ တာဝန်သာကျန်တော့သည်ဟူသည့် စကားမျိုးကို ဆိုကြသည်။ ဤစကားမျိုးကြားတိုင်း “ကံဆိုးသူ မောင်ရှင်” ဟူသော ပုံပြင်ကိုသာ သတိရမိတော့သည်။

ဤအဖြစ်အပျက်ကို အနီးစပ်ဆုံးတူညီသည့် ဥပမာတခုကို ပေးရလျှင် စစ်မြေပြင်တွင် တဖက်မှ ရန်သူက စက်သေနတ်ဖြင့် ခေါင်းမဖော်နိုင်အောင် ပစ်ခတ်နေချိန်တွင် မိမိဖက်မှ တစုံတယောက်အား ကတုပ်ကျင်းအတွင်းမှ ထွက်၍ ထိုစက်သေနတ်အား လက်ပစ်ဗုံးနှင့် သက်စွန့်ဆံဖျား တက်ထုရန် ရွေးချယ်တင်မြှောက်ခြင်းနှင့် အလားသဏ္ဍာန်တူပေလိမ့်မည်။ (ရွေးချယ်တင်မြှောက်ခြင်းဆိုသည်မှာ ဥပမာအနေနှင့် ပြောခြင်းမျှဖြစ်ပါသည်။ စစ်တပ်တွင်တော့ တက်ထုကွာဟု အမိန့်ပေးလိုက်ရုံသာ ရှိပေလိမ့်မည်။)

စစ်မြေပြင်တွင် တစုံတယောက်ကို ကတုတ်ကျင်းမှထွက်၍ လက်ပစ်ဗုံးဖြင့် တက်ထုရန် တာဝန်ပေးလျှင် ထိုသူ ကတုတ်ကျင်းမှ ထွက်နိုင်ရေးအတွက် ကျန်သော တပ်သားများကလည်း ရန်သူအပစ်လျော့သွားစေရန် အနည်းဆုံးတော့ ကာပစ် ပစ်ပေးရမည်။ အားလုံးက ကတုပ်ကျင်းထဲတွင် ခေါင်းမဖော်ဘဲ ၀ပ်နေလျက် တဦးတယောက်အား လက်ပစ်ဗုံးနှင့် တက်ပစ်စေလိုခြင်းမှာလည်း သဘာဝကျလှသည်မဟုတ်။ အောင်မြင်နိုင်မည်လည်း မဟုတ်။ ထိုထက်ပိုဆိုးသည်မှာ သက်စွန့်ဆံဖျား လက်ပစ်ဗုံးနှင့် တက်ထုရသူကို ကတုတ်ကျင်းအတွင်း (သို့မဟုတ်) နောက်တန်း ကျည်ကွယ်ရာအရပ်တွင် အမြိုင့်သားထိုင်နေသူများက “ဒီကောင် လက်ပစ်ဗုံးပစ်ပုံက အသုံးမကျလို့ ငါတို့ ခေါင်းမဖော်နိုင်တာ”ဟု ပြောဆိုခြင်းမျိုး ဖြစ်သည်။

တကယ်တမ်းတွင်မူ စစ်အာဏာရှင်စနစ်သည် ကျွန်တော်တို့ တနိုင်ငံလုံးကို ဂုတ်ခွစီးထားခြင်းဖြစ်သည်။ ထိုစစ်အာဏာရှင်စနစ်ပြုတ်ကျအောင် ဆောင်ရွက်ရန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းတွင်သာ တာဝန်ရှိသည်မဟုတ်။ ကျောင်းသားခေါင်းဆောင်များတွင်သာ တာဝန်ရှိသည်မဟုတ်။ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများတွင်သာ တာဝန်ရှိသည်မဟုတ်။ လူ့အခွင့်အရေးလှုပ်ရှားသူများတွင်သာ တာဝန်ရှိသည်မဟုတ်။ ပြည်ပမှ မြန်မာ့အရေးလှုပ်ရှားကြသူများတွင်သာ တာဝန်ရှိသည်မဟုတ်။ သာမန်ပြည်သူဆိုသူများအပါအ၀င် အားလုံးသော မြန်မာနိုင်ငံသားများတွင် တန်းတူညီမျှ တာဝန်ရှိပေသည်။

အချုပ်ဆိုရသော် ဤဆောင်းပါးသည် နိုင်ငံရေးသမားများ၊ ပါတီ အဖွဲ့အစည်းများကို မဝေဖန်ဘို့ ပြောနေခြင်းမဟုတ်။ ဝေဖန်မှုသည် တိုးတက်မှုအတွက် လိုအပ်သည်။ သို့သော် လက်ရှိမြန်မာနိုင်ငံအခြေအနေအရ မလွတ်လပ်သေးသည့် အနေအထားတွင် မိမိကိုယ်တိုင်က ဘာမှ မလုပ်ဘဲ “သာမန်ပြည်သူ” အမည်တပ်ကာ ဝေဖန်နေခြင်းမှာ တရားနည်းလမ်းလည်း မကျ။ တဖက်သတ်လည်း ဆန်လွန်းသည်ဟု ထင်ပါသည်။

တကယ်တမ်းတွင်မူ “သာမန်ပြည်သူ” ဆိုသူများတွင်လည်း မြန်မာပြည်အား စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်အောင် ကြိုးပမ်းရန်အရေးတွင် “နိုင်ငံရေးသမား”ဟု ကင်ပွန်းတပ်ခံရသူများနည်းတူ တန်းတူညီမျှ တာဝန်ကိုယ်စီ ရှိကြပါသည်။

(နောက်တပို့စ်တွင် အများဝေဖန်နေကြသော ပြည်ပမှ နိုင်ငံရေးသမားများ၊ ရွေးကောက်ခံအမတ်များ၊ လှုပ်ရှားသူများနှင့် ပတ်သက်သော ကျနော့်သဘောထားအမြင်များကို ရေးပါဦးမည်။)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs