(လွန်ခဲ့သော သုံးနှစ်လောက်က ဘားမားတူဒေးတွင် ရေးသားခဲ့သည့် ကျွန်တော်၏ ဆောင်းပါးအား ပြန်လည် ဖော်ပြလိုက်ပါသည်။)
အားနာခြင်းအကြောင်းကို စာတစောင်ပေတဖွဲ့ ရေးရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ပါ။ ယခေုတော့ မရေးဘဲ မနေနိုင်လောက်အောင် အကြောင်းအချက်၊ အခြေအနေအရပ်ရပ်က တိုက်တွန်းစေ့ဆော်နေသဖြင့် ရေးချင်စိတ် ပေါက်လာပါသည်။
အားနာတတ်သော မြန်မာများအကြောင်းကို စဉ်းစားလိုက်သောအခါ စာရေးသူ ဖတ်ဘူးသော သတင်းစာဆရာကြီး ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းအား ရှေးဦးစွာ သတိရမိပါသည်။ ဦးချစ်မောင်တယောက် မည်မျှအားနာတတ်သည်ကို သူ၏ ဇနီးဖြစ်သူ စာရေးဆရာမကြီး ဂျာနယ်ကျော်မမလေးက “သူလိုလူ”ဟူသော အတ္ထုပ္ပတ္တိစာအုပ်တွင် အောက်ပါအတိုင်းရေးသားထားသည်ကို တွေ့ရပါသည်။
“…ဤလမ်းရှေ့မှ နှင်းပန်းလမ်း သူ့အိမ်ရှိရာသို့ ဖြတ်ပြန်လာစဉ် မိုးတွေသည်းနေ၍ လူတယောက် သူ့ထီးအောက်ကို ၀င်ခိုလာသဖြင့် သူလည်း ထိုသူ မစိုအောင် ထီးကို ထိုသူဘက်သို့ ညွှတ်၍ မိုးပေးလာခဲ့သည်။ ဤသို့လာကြရာ မိုးကြီးသည်းရွာလာသဖြင့် နှစ်ယောက်စလုံး စိုမည်ဖြစ်၍ ရန်ကုန်ဂေဇက် သတင်းစာတိုက်အောက်သို့ မိုးဝင်ခိုကြသည်။ ထိုအချိန်တွင် သူ့အိတ်ထဲမှ ပိုက်ဆံအိတ်ကို သူ့ထီးရိပ် ၀င်ခိုလာသူက တဖြည်းဖြည်း ဆွဲထုတ်ယူနေသည်ကို သူသိသော်လည်း သူသိသည်ကို ထိုသူမမြင်အောင် တဖက်သို့ ငေးပေးလိုက်ရကြောင်းနှင့် ပိုက်ဆံ တကျပ်နှင့် ငါးပဲ ရသွားကြောင်း ပြောပြ၍…” (ဂျာနယ်ကျော်မမလေး၏ သူလိုလူ စာအုပ်မှ)
ဤနေရာတွင် စာရေးသူ၏ ထင်မြင်ချက်ကို မရေးသားမီ အများအထင်အမြင်မလွဲစေခြင်းငှာ ကြိုတင်ပြောပြလိုသော အချက်တခုမှာ စာရေးသူသည် ဂျာနယ်ကျော်ဦးချစ်မောင်၏ အရည်အချင်း၊ နှိမ့်ချခြင်း၊ ရိုးသားခြင်းတို့ကို အင်မတန်လေးစားသူတဦးဖြစ်သည် ဆိုသည့်အချက် ဖြစ်ပါသည်။ ယခုရေးလိုသောကိစ္စမှာ ဦးချစ်မောင်၏ အားနာခြင်းအကြောင်းကိုသာ ဖြစ်ပါသည်။
ဦးချစ်မောင်၏ အားနာခြင်းသည် ခါးပိုက်နှိုက်အပေါ် ညှာတာထောက်ထားသောစိတ်ကြောင့် ခါးပိုက်နှိုက် ရှက်မသွားစေရန် မသိဟန်ဆောင်ခြင်း ဖြစ်သည်။ ဤအကျိုးဆက်အဖြစ် ပိုက်ဆံအိတ် ဆုံးရှုံးသွားခြင်းမှာ ကာယကံရှင် ဦးချစ်မောင်တယောက်ကိုသာ ထိခိုက်သွားခြင်းဖြစ်၍ သူ့တဦးတည်း ကိုယ်ရေးကိုယ်တာ (အများကို မထိခိုက်)ဟု ယူဆလျှင်ရသည်။ ဦးချစ်မောင်သည်လည်း ထိုသို့ ယူဆ၍သာ မပြောခြင်းဖြစ်သည်။ အများနှင့် ဆိုင်သည့် ကိစ္စဆိုလျှင် ဦးချစ်မောင်သည် ထိုခေတ်က အုပ်ချုပ်သူ အင်္ဂလိပ်များကိုပင် အားမနာပ ပြန်ပြောတတ်သူဖြစ်ချေသည်။
စာရေးသူ၏ အမြင်မှာမူ ဥိးချစ်မောင်အနေနှင့် ခါးပိုက်နှိုက်ကို ထိုသို့ သူတပါးပစ္စည်း အချောင်ရယူလိုစိတ်မမွေးရန် ပွင့်ပွင့်လင်းလင်း ပြောပြကာ ဆုံးမသင့်သည်ဟု ထင်သည်။ ဤကိစ္စမှာ အန္တရာယ်တော့များသည်။ သို့သော် ဦးချစ်မောင်မှာ သတ္တိခေသူမဟုတ်ကြောင်း အခြားသော ကိစ္စများတွင် ဖတ်ရှုသိရှိရ၍ ဦးချစ်မောင် ကြောက်၍ မပြောခြင်းမဟုတ်ကြောင်း စာဖတ်သူတို့အနေနှင့် သဘောပေါက်စေလိုပါသည်။ သူ့စရိုက်အရ အားနာတတ်ခြင်းကြောင့်သာ ဖြစ်သည်။
ထို့ထက် တဆင့်တက်ကာ တွေးတောရလျှင် ခါးပိုက်နှိုက်ခြင်းသည် မကောင်းသော ရာဇ၀တ်မှုဖြစ်၍ မသိကျိုးကျင် မပြုထိုက်။ ဤကိစ္စတွင် ကံအားလျော်စွာ လွတ်မြောက်သွားသော ခါးပိုက်နှိုက်သည် အတင့်ရဲလာကာ နောင်တွင် မျှော်လင့်မထားသောသူများ အပေါ်တွင် ဤပြစ်မှုကို ထပ်ဖန်တလဲလဲ ကျူးလွန်နိုင်သည်။ ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။ ဤသို့ဆိုလျှင် ပြောသင့်ပြောထိုက်သော ကိစ္စ၌ မပြောဘဲ အားနာနေလိုက်ခြင်းကြောင့် ကိုယ်ရေးကိုယ်တာဟုသာ ထင်မှတ်ရသော ကိစ္စတခုသည် အများကိုပါ ထိခိုက်လာနိုင်သည်ဟု တွေးမိပါသည်။
ဂျာနယ်ကျော်ဦးချစ်မောင်ကို သတိရပြီးနောက် ထပ်မံ၍ ပြောပြလိုသည်မှာ ဉာဏ်စိန်အကြောင်းဖြစ်သည်။ ဉာဏ်စိန်မှာ လူအစစ်မဟုတ်။ စာရေးဆရာ မင်းလူ၏ ၀တ္ထုတိုထဲမှ ဇာတ်ကောင်တဦးသာဖြစ်သည်။ ထိုဝတ္ထုတိုမှာ အနီးတွင် အလွယ်တကူ ရှိမနေ၍ စာရေးသူ မှတ်မိသည့်အတိုင်း ပြန်လည်ပြောပြပါမည်။ ဆရာမင်းလူ၏ ဇာတ်ကောင် ဉာဏ်စိန်သည် အလွန်အမင်းအားနာတတ်သူတဦး ဖြစ်ပါသည်။ တနေ့တွင် ရပ်ကွက်အလိုက် ဘောလုံးပွဲတွင် သူတို့ရပ်ကွက်ဘောလုံးအသင်းဘက်မှ ဉာဏ်စိန် ဂိုးဖမ်းရ၏။ ပထမပိုင်းတွင် သူတို့အသင်းက သုံးဂိုးအသာနှင့် အနိုင်ရနေ၏။ သို့သော် ဒုတိယပိုင်းအစတွင် အားနာတတ်သော ဂိုးသမားဉာဏ်စိန်က ဂိုးအပြတ်အသတ်နှင့် အနိုင်ယူရမည်ကို အားနာပြီး သူသေချာပေါက်ဖမ်းနိုင်သော ဘောတလုံးကို မဖမ်းဘဲ တမင်လွှတ်ပေးလိုက်၏။ အများမရိပ်မိစေရန် တကယ်ပင်လွတ်သွားသယောင် ပိပိရိရိ ဟန်ဆောင်ပြီးမှ လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ထိုဂိုးသွင်းပြီးမှ တဖက်အသင်း ခြေပြန်ပေါ်လာပြီး တဂိုးပြီးတဂိုး ဆက်သွင်းကာ ဉာဏ်စိန်တို့ရပ်ကွက်အသင်း ရှုံးသွားရကြောင်းကို ဆရာမင်းလူက ဟာသမြောက်အောင် ရေးထားခြင်းဖြစ်သည်။
ဤ၀တ္ထုတွင်မူ ဉာဏ်စိန်၏ အားနာမှုမှာ မလျော်ကန်ဘဲ အများကို (အနည်းဆုံး သူ့ရပ်ကွက် ဘောလုံးအသင်းကို)ပါ ထိခိုက်နေကြောင်းကို တွေ့ရှိရပါသည်။
ဉာဏ်စိန်မှာ ၀တ္ထုထဲမှ စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်နေ၍ ဤမျှ အားနာတတ်ပေသည်ဟု မထင်ကြပါနှင့်ဦး။ စာရေးသူ၏ မိတ်ဆွေတဦးမှာ အားနာသည့်နေရာတွင် ဉာဏ်စိန်အောက် မလျော့သည်မှာ ကိုယ်တွေ့ပင်ဖြစ်သည်။ အဆိုပါ မိတ်ဆွေ စင်ကာပူတွင် အလုပ်ရှာစဉ်က အင်တာဗျူးတခုသို့ စာရေးသူလိုက်ပို့ပေးရဖူး၏။ အင်တာဗျူးမ၀င်ခင် လျှောက်လွှာဖြည့်ကြသောအခါ အမျိုးမျိုးသော ရောဂါများ ရှိ၊မရှိ လျှောက်လွှာပုံစံတွင် ဖြေကြားဖြည့်စွက်ရလေသည်။ ထိုမိတ်ဆွေသည် သူ့တွင် ထိုရောဂါများ မရှိကြောင်း ဖြည့်နေရာမှ တနေရာအရောက်တွင် ခဏရပ်၍….“ကိုပေါ၊ ကျနော် အကုန်လုံး “နိုး (မရှိ)” ဖြည့်လို့ ကောင်းပါ့မလားမသိဘူး။ အားနာစရာကြီး…” လုပ်နေသေးရာ ရောဂါမရှိပါဘဲနှင့် “ရှိ”ဟု ဖြည့်စရာမလိုကြောင်း အတော်လေး အာပေါက်အောင် ပြောယူလိုက်ရသည်။
ထိုသူတို့ကား သတိရမိသော မြန်မာများအနက်တွင် ထူးခြားပြောင်မြောက်စွာ အားနာတတ်သူများ ဖြစ်ကြကုန်၏။ မြန်မာလူမျိုးအများစုမှာ သူတို့လောက် အားနာတတ်ကြမည် မဟုတ်သော်လည်း အနည်းနှင့်အများတော့ အားနာတတ်ကြပေသည်။
တလောဆီက ဇော်အောင်(မုံရွာ)ရေးသော “မြန်မာများရဲ့ လက္ခဏာအချို့”ဟူသော ဆောင်းပါးတွင် ပြည်ပရောက် မြန်မာလူမျိုးတို့အနေနှင့် အားနာတတ်ခြင်းကြောင့် အလုပ်ခွင်မှာ နေရာရသင့်သလောက် မရကြကြောင်း စိတ်စေတနာအရင်းခံဖြင့် ထောက်ပြရေးသားထားသည်ကို ဖတ်ရှုလိုက်ရပါသည်။
ဤသို့လျှင် မြန်မာတမျိုးသားလုံး ခေတ်အဆက်ဆက် မျိုးနှင့် ရိုးနှင့် အားနာလာခဲ့ကြရာ ယခုအခါ အချို့သော မြန်မာများက အားနာတတ်ခြင်းသည်ပင် မြန်မာတို့၏ ချစ်မြတ်နိုးဖွယ် ယဉ်ကျေးမှု ဓလေ့ထုံးစံတရပ်သဖွယ် ယောင်ဝါးဝါး ပြောဆိုကြခြင်းကို တွေ့လာရပေသည်။ ဘယ်သို့ဘယ်ပုံ အားနာတတ်ခြင်းကို မြန်မာ့ယဉ်ကျေးမှုဟု ဆွဲယူလိုက်သနည်းကိုမူ စာရေးသူ စဉ်းစား၍ မရနိုင်အောင် ရှိချေသည်။ ထို့ကြောင့် နိုင်ငံခြားသားများတွင်လည်း အားနာမှု မရှိလေသလော၊ အားနာခြင်းသည် ကောင်းသည့် လက္ခဏာလေ၊ မကောင်းသည့် လက္ခဏာလော စသဖြင့် ဆက်လက်တွေးတောရာ အောက်ပါအတိုင်း တွေ့ရှိလာရပါသည်။
ကောင်းသော အားနာခြင်းမျိုးများ။
(၁) မိမိကြောင့် သူတပါး ၀န်ပိမှာကို စိုးရိမ်သည့် အားနာခြင်းမျိုး
နိုင်ငံခြားသားများသည်လည်း အားနာတတ်ပေသည်။ သင်သည် အလုပ်ကအပြန် သင့်လုပ်ဖော်ကိုင်ဖက် နိုင်ငံခြားသားတဦးကို သင်၏ မော်တော်ကားဖြင့် သူ့အိမ်သို့ တကူးတက မောင်းပို့ပေးမည်ဆိုပါက ထိုသူသည် အားနာစွာ ငြင်းဆိုပါလိမ့်မည်။ ဤနေရာတွင် အားနာခြင်းသည် မိမိအတွက် သူတပါးကို အလုပ်မပိုစေခြင်း၊ ၀န်မပိစေခြင်း၊ အချိန်မကုန်စေခြင်း စေတနာသက်သက်ဖြစ်သည့်အားလျော်စွာ ကောင်းသော အားနာခြင်းမျိုးဖြစ်ပေသည်။ ထိုသို့သော အားနာခြင်းမျိုးကို လူမျိုးခြားများတွင် ပို၍ တွေ့ရပေသည်။ ဤနေရာတွင် မြန်မာများ အားမနာတတ်ကြပုံကို နောက်ပိုင်းတွင် ဖော်ပြမည့် “ထန်းလျက်လူကြုံ” ဥပမာတွင် တွေ့ရပါမည်။
(၂) မိမိရသင့်ရထိုက်သည်ထက် ပိုယူရမည်ကို အားနာခြင်း
ဆရာကြီး ရွှေဥဒေါင်း၏ တသက်တာမှတ်တမ်းတွင် အောက်ပါအတိုင်း ရေးသားထားသည်ကို ဖတ်ရဖူး၏။ မှတ်သားဖွယ်ရာဖြစ်၏။ (ဆရာကြီးသည် ၀န်ကြီးချုပ်ဟောင်းဦးနုက အင်္ဂလိပ်စာပေကို ပုတ်ခတ်ပြောဆိုသဖြင့် လက်တုန့်ပြန်ရေးခြင်း ဖြစ်နိုင်ပါသည်။ ထိုစာတွင် အနောက်တိုင်းမှ လူကြီးလူကောင်းပီသသူများ (Gentlemen)၏ စိတ်နေသဘောထားကို ငါးပါးသီလ သက်သက်ကိုသာ စောင့်ထိန်သူတဦး၏ အမူအကျင့်နှင့် နှိုင်းယှဉ်ပြထားပေသည်။ ဤနေရာတွင် ငါးပါးသီလသမားတိုင်း ဆိုးသည်ဟု မမှတ်ယူကြရန် ကြိုတင်စကားခံလိုပါသည်။ သုစရိုက်တရားများကို ကျင့်ကြံသူ ဗုဒ္ဓဘာသာဝင်တို့အဖို့လည်း ထိုဂျန်တဲလ်မဲန်တို့ အလားတူစွာ စိတ်နေသဘောထား ကြီးမြင့်ကြမည်ဟု စာရေးသူ ယုံကြည်ပါသည်။ ဆရာကြီးအနေဖြင့် မြန်မာ့လူ့ပတ်ဝန်းကျင်တွင် ယေဘုယျ တွေ့ရသည့် အခြေအနေအပေါ် ခြုံငုံရေးသားထားသည့် သဘောဖြစ်နိုင်ပါသည်။) ဆရာကြီး၏ စာမှာ ဤသို့ဖြစ်သည်။
“ငါးပါးသီလသမားတယောက်သည် ကြွေးပူသဖြင့် မရောင်းဘဲ မနေနိုင်သည့် မုဆိုးမတယောက်ထံမှ ပစ္စည်းတခုကို တန်ဘိုးထက် ဖိနှိပ်ပြီး ဆစ်၍ ၀ယ်ချင် ၀ယ်နိုင်သည်။ သီလပျက်သည်ဟု မဆိုနိုင်ချေ။ “ဂျန်းတဲလ်မဲန်း” တယောက်မူကား ဤသို့သော အမှုမျိုးကို ပြုရန် စိတ်ထဲမှ အလွန် ၀န်လေးတတ်သည်။ ခွန်အားနည်းသူတယောက်အား ခွန်အားကြီးသူက နိုင်ထက်ကလူ ပြုမူခြင်းကို မြင်ရသည့်အခါ ငါးပါးသီလသမားက မျက်နှာလွှဲ၍ နေနိုင်သည်။ ဂျန်တဲလ်မဲန်းတယောက်မူကား မိမိကိုယ်တိုင် ခွန်အားနည်း၍ မကူညီနိုင်လျှင် အနည်းဆုံး နှုတ်ဖြင့်ဖြစ်စေ ခုခံ၍ ပြောပေးပေလိမ့်မည်။ မိမိအကျိုးအတွက် အခြားလူတယောက်က မတရားသဖြင့် ဆောင်ရွက်ပေးသည်ဆိုလျှင် ငါးပါးသီလသမားက မှိန်းပြီးကြည့်နေလိုက နေနိုင်သည်။ ဂျန်တဲလ်မဲန်းတယောက်မူကား ထိုကဲ့သို့ နေ၍မဖြစ်။ သူ့အတွက် မတရား လုပ်မပေးပါနှင့်ဟု ပြောလိမ့်မည်။ ငါးပါးသီလ သမားတယောက်သည် ကြုံကြိုက်ခဲ့လျှင် ထိုက်သင့်သည်ထက် ပို၍ အခွင့်အရေးယူလိမ့်မည်။ အခွင့်အရေးယူခြင်းသည် ခိုးခြင်းမဟုတ်ဟု ဆိုနိုင်သည်။ ဂျန်တဲလ်မဲန်း တယောက်မူကား ထိုက်သင့်သည်ထက် ပိုပြီး အခွင့်အရေးယူရမည်ကို ရှက်တတ်သည်။ ငါးပါးသီလသမားတယောက်သည် ဖော်လံဖားနိုင်သည်။ ကပ်ပါးရပ်ပါး အလုပ်မျိုးနှင့် ကြီးပွားအောင် လုပ်နိုင်သည်။ ဂုဏ်ကြီးသူများ ပိုက်ဆံရှိသူများကို ကြို့၍ ချူနိုင်မြှိုက်နိုင်သည်။ ဂျန်းတဲလ်မဲန်းတယောက်မူကား ကိုယ့်သိက္ခာကို ကိုယ်စောင့်ထိန်းသည်ဖြစ်၍ မည်သူ့ဆီကမျှ ချူခြင်း၊ မြှိုက်ခြင်း မပြု၊ ဘာကိုမျှ အလကားမလိုချင်၊ ထိုက်တန်အောင် အလုပ်လုပ်၍ ယူချင်သည်။ မည်သူ့ရှေ့၌မျှ မျက်နှာ အောက်မချ၊ အမြဲ ဦးခေါင်းထောင်ချင်သည်။ ဆင်းရဲသည်ကိုမရှက်၊ ညစ်ပတ်ရမည်ကို ရှက်သည်။ အမျိုးမြတ်သည်ဆို၍ ဂုဏ်မတက်၊ ရိုးဖြောင့်သည့်အတွက် ဂုဏ်ယူသည်။ လိုရင်းအချုပ်၍ ဂျန်းတဲလ်မဲန်း တယောက်သည် (Sense of Justice and Fair Play) မိမိနှင့် ဆက်ဆံသမျှသော ကိစ္စအ၀၀တွင်သာမက မိမိန၏ ပတ်ဝန်းကျင်၌လည်း မတရားသဖြင့် အနိုင်ကျင့်ခြင်းကို မမြင်လို၊ မျှမျှတတ ဖြစ်စေလိုသော စိတ်သဘောထားမျိုး အမြဲကိန်းအောင်းသူ တယောက် ဖြစ်လေသည်။”
မိမိ ရသင့်ရထိုက်သည်ထက် ပို၍ ရခြင်းကို မယူလိုသော အားနာခြင်းမျိုးသည်လည်း ကောင်းသော အားနာခြင်းမျိုး ဖြစ်ပေသည်။ ဤသို့သော အားနာမှုမျိုးကို လူမျိုးခြားများတွင် အများဆုံးတွေ့ရပေသည်။ ယနေ့ခေတ်အခါတွင် မြန်မာလူမျိုး အစိုးရ၀န်ထမ်းများမှာ လက်ဘက်ရည်ဘိုးဟု ပေးသူက ပေး၍ ယူသူကလည်း မရှက်မကြောက်၊ အားမနာပ ယူကြလေသည်။
စာရေးသူ၏ အတွေ့အကြုံတခုကို ပြောပြပါဦးမည်။ စာရေးသူသည် တခါက မလေးရှားတွင် တက္ကစီငှားစီးရာ ခရီးမှာ ခရီးတိုမျှသာဖြစ်ရာ တက္ကစီသမားမှာ ဘယ်ရွေ့ဘယ်မျှ သူ့နှုတ်က ပြောမထွက်အောင် အားနာလျက် ရှိချေသည်။ (ထိုဒေသတွင် တက္ကစီမီတာ မချိုးပါ။) ဤတွင် စာရေးသူက ၅ ရင်းဂစ် ထုတ်ပေးလိုက်ရာ အင်မတန်အားနာသွားပြီး ၂ ရင်ဂစ်သာပေးဖို့ အကြောက်အကန်ငြင်းကာ တားရှာပါသည်။ ထိုတက္ကစီသမားသည် စာရေးသူတွေ့ဖူးသမျှတွင် အရိုးသားဆုံး တက္ကစီသမားဖြစ်ပါသည်။
မကောင်းသော အားနာခြင်းမျိုးများ
(၁) စိတ်ထဲ၌ ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုး
စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောမထွက်သော အားနာခြင်းမျိုးသည် မကောင်းသော အားနာခြင်းမျိုးဖြစ်သည်။ အောက်ပါ ဥပမာများကို ကြည့်ပါ။
(က) လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ၀ိုင်းထိုင်၍ နေ့လည်စာ စားချိန်တွင် မျက်နှာချင်းဆိုင် ထိုင်စားနေသူတဦး၏ မေးစေ့တွင် ထမင်းလုံးကပ်နေသည်။ သင်က ပြောရမှာကို အားနာနေသည်။ သင်ပြောလိုက်လျှင် ထိုသူ ရှက်သွားမှာကိုလည်း စိုးရိမ်နေသည်။ သို့သော် ထိုထမင်းစေ့ ကပ်နေခြင်းကို မြင်နေရသူတိုင်း၏ စိတ်တွင် ကသိကအောက်နှင့် မသက်သာ။ ဤကိစ္စမျိုးတွင် အားနာနေ၍ မပြောခြင်းသည် မကောင်း။ ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်းဖြင့် အားလုံးပြေလည်သွားနိုင်သည်။
(ခ) တစုံတယောက်က သင့်ထံမှ ပိုက်ဆံချေးငှားသည်။ တကယ်တော့ သင်က မချေးချင်။ သို့သော် ငြင်းရမှာ အားနာ၍ ချေးလိုက်သည်။ (ပြီးတော့ သင်က ငွေပြန်တောင်းရမှာကိုလည်း အားနာနေဦးမည် ဖြစ်သည်။) ထိုနေ့မှစ၍ ငွေပြန်မရမချင်း သင်မပျော်တော့။ ဤနေရာတွင်လည်း အားနာခြင်းသည် သင်၏ ပကတိစိတ်အရင်းခံကို ကွယ်ဝှက်၍ မပြတ်မသား ဆုံးဖြတ်ခြင်းမျိုးဖြစ်ရာ ကုသိုလ်မရသည့်အပြင် အကုသိုလ်အား ၀ယ်ယူသကဲ့သို့ဖြစ်သော အားနာခြင်းမျိုး ဖြစ်သည်။
ဤနေရာတွင် စကားစပ်လျဉ်း၍ စာရေးသူ၏ အတွေ့အကြုံတခုကို ပြန်လည်ဖောက်သည်ချချင်ပါသည်။ တနေ့တွင် မိတ်ဆွေတယောက်အား စင်ကာပူလေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာလူမျိုးတဦး၏ ငြီးတွားသံကို အောက်ပါအတိုင်း ကြားခဲ့ရပါသည်။
“စိတ်ညစ်တယ်ဗျာ။ သူ့အိမ်က ထညက် (ထန်းလျက်) လေးပိဿာကြီးတောင် ထည့်ပေးလိုက်လို့ တလမ်းလုံး လက်မောင်ပြုတ်မတတ် ဆွဲလာရတယ်”
ထိုစကားကို ကြားရသည့်အချိန်မှစ၍ အိမ်ပြန်ရောက်သည်အထိ စာရေးသူမှာ တွေးမိတိုင်း အူယားလှသဖြင့် အသံထွက်၍ မရယ်မိအောင် အောင့်ထားရ၏။ လူကြုံပေးသူကလည်း အားမနာပ ထည့်ပေးပြီး၊ သယ်သူကလည်း အားအနာလွန်ကာ သယ်လာခဲ့ပြီးမှ ကွယ်ရာတွင် စကားတင်းဆို ငြီးတွားနေခြင်း ဖြစ်သည်။
(၂) ကိုယ်ရသင့်ရထိုက်သည်ကို တောင်းဆိုရမှာ အားနာခြင်းမျိုး
ဤသည်မှာ မြန်မာအများစုတွင် ဖြစ်တတ်သော အားနာမှုမျိုး ဖြစ်သည်။ အကြွေး ပြန်တောင်းရမည်ကို တွန့်ဆုတ်နေကြသည်။ မိမိ၏ အားလပ်ရက်ခွင့်ကို ယူရန် တွန့်ဆုတ်နေကြသည်။ ကျူတန်းစီရာ၌ မိမိရှေ့တွင် ကြားဖြတ်၍ တန်းစီသူကို မလုပ်ရန်ပြောဖို့ ၀န်လေးကြသည်။ မိမိနှင့် ချိန်းဆိုထားသောအချိန်တွင် တိကျစွာ ရောက်မလာသူအား ထောက်ပြသတိပေးရန် တွန့်ဆုတ် အားနာနေတတ်ကြသည်။ ဤအားနားခြင်းသည် လောဘနည်းခြင်းကြောင့်လည်းမဟုတ်၊ ခန္တီပါရမီနှင့် ပြည့်ဝနေခြင်းကြောင့်လည်းမဟုတ်။ မြန်မာ့ယဉ်ကျေးမှုဟုကား လုံးလုံးမျှပင် မဆိုသင့်။ ဤအားနာခြင်းမျိုးသည် လူပုဂ္ဂိုလ်တဦးချင်း၏ ကိုယ်ရည်ကိုယ်သွေးနှင့်သာ ဆိုင်ပေသည်။ တခြားအကြောင်းကြောင့် မဟုတ်ဘဲ မိမိရသင့်ရထိုက်သည်ကို မသိလောက်အောင် ထူ၍ အ၍ န၍သာ ဖြစ်နိုင်ပေသည်။ မိမိတွင် ထိုသို့သော အားနာမှုမျိုးရှိက သတိထား၍ ချေဖျက်သင့်သည်ဟု ထင်ပါသည်။
(၃) မိမိတာဝန်နှင့် အားနာခြင်းကို မခွဲခြားတတ်ခြင်း
လူတို့သည် အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းနှင့် နေထိုင်၍ အလုပ်လုပ်ကိုင်သောအခါ မိမိ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်တို့ကို ဘေးချိတ်၍ မိမိ၏ တာဝန်ကို ကျေပွန်အပ်၏။ သင်၏ အလုပ်ကို ထမ်းဆောင်ရာတွင် အားနာခြင်းကို ဘေးချိတ်ထားရမည်။ သင်သည် ရဲအမှုထမ်းဖြစ်ပါက သင်၏ ဆွေမျိုး၊ မိတ်ဆွေ ရာဇ၀တ်မှု ကျူးလွန်သည်ကို တွေ့လျှင် သင် အားနာ၍မရ၊ ဖမ်းရမည်။ သင်သည် ကျောင်းဆရာဖြစ်က သင့်သူငယ်ချင်း၏သား စာမေးပွဲမဖြေဆိုနိုင်သည်ကို အားနာသည်ဆိုကာ အအောင်ပေး၍ မဖြစ်။ သင်သည် တရားသူကြီးဖြစ်က သင့်မိတ်ဆွေကို အားနာ၍ အပြစ်လျှော့ပေါ့ခြင်း လွှတ်ပေးခြင်း မပြုရ။ တာဝန်နှင့် အားနာခြင်းကို အထက်ပါအတိုင်း ခွဲခြားသင့်သည်ဟု ယူဆမိပါသည်။
ယခုအခါ စာရေးသူတို့ မြန်မာပြည်တွင် နည်းမမှန်သော အားနာမှုများက နေရာအနှံ့ ကြီးစိုးနေရာ ရံဖန်ရံခါ အမှားနှင့် အမှန်ကိုပင် ဝေဖန်ပိုင်းခြားမှု မရှိနိုင်လောက်အောင်အထိ ဖြစ်နေသည်ကိုပင် ကြုံကြရပေသည်။
သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို မျက်နှာအောက်ချ၍ ခံနေပေမည်။ သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကို သိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။ သင်သည် ကျောင်းဆရာဖြစ်က တိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက် လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှ ဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ ငြိမ်ခံနေမည်။ သင်သည် သာသနာရေးအတွက် အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင် စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်… စသည့် နည်းမမှန်သော အားနာမှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသော အဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။
ဤသို့လျှင် မိမိရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းရကောင်းမှန်းမသိ၊ စူးစမ်းရကောင်းမှန်းမသိ၊ မေးမြန်းရကောင်းမှန်းမသိ၊ နည်းမမှန်သော အားနာမှုနှင့် ကြောက်ရွံ့မှုတို့၏ ပိန်းပိတ်မှုအောက်တွင် နှစ်ကာလရှည်မြင့်စွာ နေထိုင်လာကြရသောအခါ အင်မတန် ဆိုးညစ်သော လူတစုက ဤပျော့ကွက်များကို အသုံးချ၍ မိမိတို့၏ အခွင့်အရေးများကို ထိပါးလာသောအခါ မိမိတို့မှာ တွန်းလှန်နိုင်သော သတ္တိမရှိတော့သော အခြေအနေသို့ ဆိုက်ရောက်သွားတတ်ချေသည်။
ထို့ကြောင့် မြန်မာတို့အနေနှင့် တမျိုးသားလုံးအကျိုးစီးပွားကို မျှော်တွေးကာ နည်းမှန်လမ်းမှန် အားနာသင့်ကြပေသည်ဟု တိုက်တွန်းရေးသားလိုက်ပါသည်။
ကိုပေါ။
(၂၀၀၆)
မူရင်း............ “သင် အားနာတတ်သလား”
ပူးတွဲဖတ်ရှုရန်။............။ (1) အားနာတတ်ခြင်း၏ အကျိုး အပြစ်
(2) “အားနာခြင်းဆိုတာ”

22 comments:
ကိုပေါ
အားနာလို့  မမန့် တော့ပါဘူး .....း)
ကိုပေါရေ...
အားနာတတ်ခြင်းကို သရုပ်ခွဲပြသွားတာ ကောင်းပါတယ်။ အားနာတတ်တာကို ဂုဏ်ယူ မနေသင့်ပါဘူး…။
သေချာရေးပြသွားတာကိုကျေးဇူးတင်။
ရှည်လိုက်တာ လို့ပြောရမှာ ကိုအားနာလိုက်တာ။
ပိုစ်
summary ကတော့ အားနာခြင်းအက်ဆေးးးးးး
အချက်အလက်တွေ သိတ်များတယ်။
လို့အားနာပါနားဝေဖန်သွား
အားမနာတတ်တာကြာတော့ ရိုင်းတယ်လို့ထင်
ကိုပေါ ရဲ့ အားနာခြင်း ဋီကာ ကြီးကို ဖတ်ပြီး သဘောကျ သွားပါတယ်။
ပထမဆုံး..ဂျာနယ်ကျော် ဦးချစ်မောင် အဖြစ်ကတော့..အားနာခြင်း ဟုတ်ဟန်မတူပါ။ ကိုယ်ပိုင် အမြင်အရ..ဂျာနယ်ကျော် မမလေး အနေနှင့် ဤဖြစ်ရပ်ကို ရေးတောင် မရေးသင့် ဟု ထင်မြင်မိသည်။
ဂျန်တဲလ်မဲန် ဖြစ်ချင်သူ ဆရာကြီး ရွှေဥဒေါင်း ရဲ့ မှတ်ချက်များကိုလည်း သဘောကျစွာ ပြန်လည်ဖတ်ရှူ ရလို့ ကျေးဇူးတင်ပါတယ်။ ဆရာကြီးလည်း ဂျန်တဲလ်မဲန် ဖြစ်ဖို့ကြိုးစားနေသူတယောက်လို့သာ မြင်ပါသည်။
( နံမယ်ကျော် များကို.. ဝေဖန် လို့..သူများ မအော်ခင် ပြေးပါတော့မည်)း)
အားလည်းနာတယ်။ ခင်လည်းခင်တယ်။ (ဟဲဟဲ) အခွင့်အရေးလေး နည်းနည်းလောက် ယူပါရစေ။
အားနာလို့ ရှေ့မှာတည့်တည့် မပြောပဲ ကွယ်ရမြှာ အတင်းတုပ်တတ်တဲ့ စရိုက်ကိုတော့ အတော်မုန်းပါတယ်။
သင်သည် ဘတ်စ်ကားစပယ်ယာက နည်းမကျ လမ်းမကျ ဟိန်းဟောက်သည်ကို မျက်နှာအောက်ချ၍ ခံနေပေမည်။ သင်သည် ဈေးတွင် အသားသည်က အလေးခိုးသည်ကို သိသိနှင့် ပြန်မပြောဝံ့ဘဲ ငုံ့ခံနေမည်။ သင်သည် ကျောင်းဆရာဖြစ်က တိုင်းပညာရေးမှူး၏ သမီးမင်္ဂလာဆောင်အတွက် လက်ဖွဲ့ရန်ဆိုကာ သင့်လစာမှ ဖြတ်တောက်လိုက်ခြင်းကို ပြန်မပြောဘဲ ငြိမ်ခံနေမည်။ သင်သည် သာသနာရေးအတွက် အကြောင်းပြကာ ဘယ်ကမှန်းမသိ၊ ဖြတ်ပိုင်းနှင့် လာရောက် အလှူခံလျှင် စိတ်မပါဘဲနှင့်လည်း အားနာ၍ ထည့်လိုက်ပေမည်… စသည့် နည်းမမှန်သော အားနာမှုကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျည်းတန် အရုပ်ဆိုးသော အဖြစ်အပျက်များနှင့် ကြုံတွေ့နေရခြင်း ဆိုလျှင်ပင် လွန်မည်မထင်။
ထို့ကြောင့် စာရေးသူ ကိုပေါ ပြည်တော်ပြန်၍ နေပါဟု အကြံပေးလိုပါသည်။
ဟုတ်လိုက်လေကိုပေါရာ ကျွန်တော်လည်း အားနာတတ်လို့ တစ်ချို့နေရာတွေမှာ ခံခဲ့ရတာ မနည်းတော့ဘူး။ အခုကိုပေါ သေချာပြောမှာပဲ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရတော့မယ်။
မှန်၏ မှန်၏။
အားနာလို့ ဆိုပြီး ရှေ့တင် ဟီးဟီးဟီး လုပ်ပြီး ကွယ်ရာကျမှ အပုပ်ချသောလူများသည် အားမနာတတ်သူများထက် ပို၍ စိတ်ကုန်ဖို့ကောင်း၏။
(ဦးချစ်မောင်၏ character အား ခံစားလို့ မရပါ။ အေးလေ ကျွန်မ ခံစားစရာမှ မဟုတ်တာ။ ဂျာနယ်ကျော် မမလေး ခံစားလို့ရရင် ပြီးတာပါပဲ။)
အားတော့အားနာချင်တယ် ဒါပေမဲ့ ခါးပါမှာတော့ ကြောက်တယ်... (ပျော်၂ပါးပေါ့ ..ကိုပေါလေသံ/bbc)
မခင်ဦးမေက အားနာတယ်ထင်မှာစိုးလို့ အားမနာပါးမနာ ကွန်မန့်တွေ Flood လုပ်သွားတာထင်တယ်။ စတိုင်ပေါ့
အားနာခြင်းအကြောင်းကို အခုလိုသေသေချာချာ သရုပ်ခွဲပြီး ရေးပြထားတာ ဖတ်ရလို့ အလွန်နှစ်သက်မိပါတယ်။ ကိုယ်တိုင်တောင် သတိထားနေတဲ့ကြားက ဖြစ်ဖြစ်သွားတတ်တဲ့ နည်းလမ်းမမှန်သော ချက်မကျ လက်မကျ အားနာမှုတွေ ရှိနေတတ်သေးတာမို့ ဆင်ခြင်ဖို့ နှိုးဆော်လိုက်သလိုပါပဲ။
P.S. ပိုစ့် အဟောင်းလေးကို ပြန်ညွှန်းပေးထားတာ ကျေးဇူး အများကြီးတင်ပါတယ် ကိုပေါရေ...
ကိုပေါရေ
အားနာခြင်းကို ခွဲခြမ်းစိတ်ဖြာထားတာ ကျေးဇူးတင်ပါတယ်။ ကျွန်မကတော့ ကောင်းတာရော မကောင်းတာပါ နှစ်ခုစလုံးနဲ့ အကျုံးဝင်သူ ဖြစ်နေလို့ ပြင်ဖို့လိုတယ်ဆိုတာ သိလိုက်တယ်။ ကျွန်မ ဘလော့ဂ် အသစ်လေးကို ဒီနေ့ စဖွင့်ထားတာကိုလည်း လာလည်ပြီး လိုအပ်တာ အကြံပြုဖို့ ဖိတ်ခေါ်ပါတယ်။
ကိုပေါရေ၊ ကိုပေါအမြင်ကို မဆိုလိုပါဘူး။ ဆရာရွှေဥဒေါင်း ရေးတာ ဖတ်ပြီး စိတ်ထဲ ခံစားရတာတော့ ပြောပါရစေ။
ငါးပါးသီလ စောင့်ဖို့ဆိုတာ သိပ်တော့ မလွယ်တဲ့ကိစ္စပါ။ ငါးပါးသီလတောင် စောင့်နိုင်သွားရင်လဲ တော်တော်ကြီးကို စိတ်ကောင်းရှိတဲ့လူလို့ ချီးမွမ်းရမှာပဲ။ ဒီလိုလူမျိုးက ဆင်းရဲသူမုဆိုးမဆီက မတရား ဈေးနှိမ်ဝယ်ချင်တဲ့စိတ်လဲ ဖြစ်ဖို့ ရှားပါတယ်။
ဆရာရွှေဥဒေါင်း ပြောတာက ပီအိပ်ခ်ျဒီ ကျမ်းပြု ပါရဂူဆိုတိုင်းလဲ ကကြီးခကွေး ရေးတတ်မယ် မထင်ပါနဲ့ကွာ-လို့ ပြောသလို ဖြစ်နေတယ်။ ကိုယ်မစောင့်နိုင်တာနဲ့ပဲ အကောင်းမမြင်နိုင်ဘဲ ယုတ္တိမရှိတဲ့ ဆင်ခြေတွေ ပေးနေတဲ့ ပုံ ဖြစ်နေတယ်။ သေပြီးမှ ပြောရသလို ဖြစ်နေတော့ ခက်တာပဲ။ ဒါပေမယ့် ဒီအမြင်ကို လူတွေက အမှတ်မဲ့နဲ့ - ဟာ ဟုတ်သားပဲ ထင်ကုန်မှာ စိုးလို့ပါ။
ဘုရားရှင်က ဥာဏ်ပညာကြီးလို့ မရှိမဖြစ် အရေးအကြီးဆုံး ပွိုင့်တွေကိုပဲ သီလအဖြစ် သတ်မှတ်ခဲ့တာပါ။ ငါးပါးသီလကို ဖယ်ပြီး ဒီဆရာကြီး ပြောသလို အသေးအဖွဲလေးတွေကိုပဲ လိုက်ပြောနေရင် သီလတစ်သိန်း သီလတစ်သန်းသာ ပြည့်သွားမယ်၊ အရာရောက်မှာ မဟုတ်ဘူး။ များလွန်းလို့ လူတွေလဲ လိုက်ထိန်းဖို့ မပြောနဲ့ သိတောင် သိချင်တော့မှာ မဟုတ်ဘူး။
ဆရာကြီး အထင်ကြီးတဲ့ အင်္ဂလိပ် ဂျန်တဲလ်မင်း ဆိုသူတွေထဲက တကယ့် စိတ်နှလုံးပြည့်ဝဥာဏ်ပညာရှိတဲ့ လူတွေဟာ ငါးပါးသီလအကြောင်း ကြားရရင် လေးစားကြပါတယ်။ အနောက်တိုင်းမှာလဲ ဆင်းရဲဆင်းရဲ ချမ်းသာချမ်းသာ ငါးပါးသီလထဲက အချက်တော်တော်များများကို လိုက်နာသူတွေ ရှိပါတယ်။ မလိမ်ညာတာ၊ သူများသားမယား မခိုးတာ၊ တိရစ္ဆာန်လေးတွေကိုတောင် ကြင်နာပြီး မသတ်တာ၊ သူများပစ္စည်း မခိုးတာ စတာတွေကို ထိန်းတဲ့သူတွေပေါ့။ သူတို့ ငါးပါးသီလကို ကြားဖူးချင်မှ ကြားဖူးမယ်။ ဒါပေမယ့် သူတို့ နေဖို့ထိုင်ပုံတွေဟာ ဒီသီလစည်းကမ်း အများစုနဲ့ ကိုက်ညီပြီး လေးစားချင်စရာ ဖြစ်နေတယ်။
ဆရာကြီး ကြိုက်တဲ့ အင်္ဂလိပ် ဂျန်တဲလ်မင်းတွေထဲမှာလဲ အကျင့်ဖောက်ပြန် အာဏာအားကိုး မိုက်ရိုင်းစော်ကားနေသူတွေ အများကြီးပါ။ ဆင်းရဲသား လယ်သမား မိသားစုတွေမြေကို မတရား ကြွေးနဲ့သိမ်း၊ ပါတီပွဲတွေမှာကျတော့ နှုတ်ချိုချို အပြုံးချိုချိုနဲ့ ဂျန်တဲလ်မင်း လုပ်နေသူတွေ အများကြီးပါ။ ဆရာကြီးပြောတဲ့ အရည်အချင်းတွေ လူထူထူရှေ့မှာ ခဏ ရှိချင်ယောင်ဆောင်ပြီး ဟန်ပြနေတာတွေ ဒုနဲ့ဒေးပါ။
ငါးပါးသီလစောင့်တာကို သူ့နှမ ခိုးသွားသလို သဘောထားပြီး ဒီလောက်ကြီး လိုက်စော်ကားပုတ်ခတ်နေတာတော့ ဆရာကြီး မှားလွန်း မစ္ဆရိယ များလွန်းနေပါပြီ။
ငါးပါးသီလကို ငါးပါးလုံး လုံအောင်မထိန်းသေးနိုင်တဲ့ လူကြီး လူငယ်တွေ ရှိပါတယ်။ ဒါပေမယ့် ထိန်းတာ ကောင်းမှန်း သိကြတယ်။ ငါးပါးသီလစောင့်တာကို မစ္ဆရိယ ပွားစိတ် မရှိဘူး။ သီလသမားကလဲ ငါ ငါးပါးသီလ လုံတယ်ဟေ့လို့ ကြွေးကြော်သူ အလွန် ရှားပါလိမ့်မယ်။ ဒီလောက် ထိန်းနိုင်သွားရင်ကို စိတ်က တော်တော်စင်ကြယ်သွားလို့ပါ။ သူတို့ သီလကို လျှို့ဝှက်ကြပါတယ်။ ထုတ်မကြွားပါဘူး။
အရက်လဲကြိုက်၊ သောတာပန်လဲ အခေါ်ခံချင်တဲ့ ဆရာကြီးဟာ သောတာပန် အရက်သောက်တယ် ကြွေးကြော်လို့ အရက်သမားကအစ မခံနိုင်အောင် စိတ်ဆိုးကြဖူးပါတယ်။ အရက်သောက် သောက်တယ်ပေါ့။ မြန်မာပြည်မှာလဲ သောက်နေတဲ့လူတွေ အများကြီးပါ။ ဒါပေမယ့် သောတာပန် ယစ်ထုပ်ဆိုတာ ကြားမှ မကြားဖူးတာ။ မိန်းမရှိတဲ့ ရဟန္တာ ဆိုတာမျိုး ဖြစ်နေတယ်။ ဆရာကြီးကို ဒီလို မပြောသင့်ဘူး၊ ဒါမမှန်ဘူးဆိုပြီး ပြန်ချေပတဲ့ အထဲမှာ တကယ့် ယစ်ထုပ် ချိုး ဖြစ်ခဲ့သူတွေပါ မနေနိုင်မထိုင်နိုင် ဝင်ပြောရတော့တယ်။ ရိုးသားတဲ့ အရက်သမားတွေ မခံနိုင်တော့ဘူး။
ကိုဝင်းဇော်ရေ….ဆရာကြီးရွှေဥဒေါင်းက သောတာပန် အရက်သောက်တယ်လို့ ဘယ်မှာကြွေးကြော်ဖူးတယ် ဆိုတာလေး သိပါရစေခင်ဗျာ။ ကျွန်တော် ရှာဖွေ ဖတ်ရှုလိုလို့ပါ။ ”ဒုစရိုက်ဆယ်ပါးတွင် အရက်သောက်ခြင်း မပါဝင် ဟု ရေးခဲ့ဖူး၏။ ဤစကားကို ဝန်ကြီးချုပ် ဦးနု နှင့် ခရစ်ယာန်များ ကြိုက်နိုင်မည် မဟုတ်သော်လည်း ”……… အဲဒီလို ရေးထားတာ (ကျွန်တော် မှတ်မိသလောက် ပြန်ဖော်ပြတာပါ….တစ်သက်တာမှတ်တမ်း ထဲကပါ) တော့ ဖတ်ခဲ့ဖူးပါတယ်။ သောတာပန် နဲ့ အရက် တော့ မဖတ်ဖူးလို့ ညွှန်ပါဦးဗျာ။
ဆရာကြီးရွှေဥဒေါင်းရဲ့ စာကိုတော့တိုက်ရိုက်မဖတ်ဖူးပါ၊ ဆရာကြီးဦးဆန်းလွင်ဧ။် “ရတနာသုံးပါးဆည်းကပ်လာသူအကြောင်း” စာမျက်နှာ ၄၁၅တွင်ညွှန်ထားပါသည်။
ဆရာကြီးများရဲ့အကြောင်းကို တပိုင်းတစ ထုတ်နှုတ်ထားတာလေးလောက်ပဲဖတ်ပြီး ဝေဖန်ကြသူများဟာ ဆရာကြီးများရဲ့ အကြောင်းသေသေချာချာသိတဲ့နေ့ကျရင် မျက်နှာပူနေကြမှာမြင်ယောင်မိပါတယ်။
ရွှေဥဒေါင်းရဲ့ စာသားတွေထဲမှာ ငါးပါးသီလသမားဆိုပြီး သုံးနှုံးထားတာ မှားတယ်လို့ထင်တယ်.
အဲဒီ့ စာပိုဒ်ရဲ့ အမှန်ဆိုလိုတာက ဗမာလူမျိုးတွေဟာ ဖော်လန်ဖားတတ်တာတွေဖြစ်ပြီး အနောက်တိုင်း (Gentlemen)တွေက ဒါမျိုးမရှိဘူးလို့ ဆိုချင်တာထင်တယ်. ဒါဆိုလည်း ဗမာလူမျိုးလို့ တည့်တည့် သုံးပါ့လား ဘာမှမဆိုင်ပဲ ငါးပါးသီလသမားဆိုပြီး သုံးထားတာ ရေးတဲ့သူမှားတာပဲ..ဒါကို စာရေးဆရာကြီး နာမည်ကြီးရေးထားတာဆိုပြီး လက်ခံထားမသင့်ဘူး..
အရေးအသားမှားနေရင် မှားတယ်ပြောရမှာပါ..
သူဆိုလိုတာ ထင်ရှားပါတယ် ဗမာလူမျိုးတွေဟာ သီလကောင်းပြီး အကျင့်စရိုက်တွေညံ့နေမယ် အဲဒီ့ gentlemen တွေကတော့ အကျင့်စရိုက်အချို့ကောင်းတယ်ပေါ့..ဒါပါပဲ...
ဒါကိုဆိုလိုတာ မဟုတ်လား
ဗမာလူမျိုးမှာ အဲဒီ့ ဖော်လန်ဖားတယ်ဆိုတဲ့အကျင့်မျိုးတွေရှိနေတာဟာ ဘာသာတရားကြောင့်မဟုတ်ပါ..စီးပွားရေးညံ့လို့ဖြစ်တဲ့စရိုက်မျိုးတွေပါ..
အဲဒါကို ငါးပါးသီလသမားဆိုပြီး ရေးထားရသလဲ..
သူဒီလိုေ၇းလိုက်တော့ သီလစောင့်ထိန်းတာချည်းကအလကားဖြစ်မနေဘူးလား.
သီလကိုစော်ကားရာရောက်နေတယ်.
တကယ်တော့ ကျင့်သုံးမတတ်တဲ့သူတွေ ရဲ့ အပြစ်ပါ.
Post a Comment