“ရာဇ၀င်မှာ စာတင်လို့ ကျူးခဲ့ကြ”

Share |
ပုဂံခေတ်မှာ ဗုဒ္ဓဘာသာ မြန်မာပြည် (ပုဂံပြည်)ကို ရောက်လာပုံဟာ စိတ်ဝင်စားစရာ မကောင်းဘူးလား။ အဲသည်မတိုင်ခင်က အရည်ကြီးတွေ လွှမ်းမိုးနေရာကနေ ဗုဒ္ဓဘာသာကို ပြောင်းသွားလိုက်ပုံများ အင်မတန် လျှင်မြန်လွန်းတယ်။ အခုခေတ် နိုင်ငံရေးသမားတွေ ပြောပြောနေတဲ့ Paradigm shift ဆိုတာ ဒါမျိုးလား လို့တောင် တွေးမိတယ်။

တကယ်စဉ်းစားကြည့်တော့ ကိုယ်မိရိုးဖလာ ယုံကြည်သက်ဝင်လာတဲ့ ဘာသာတခု (သို့မဟုတ်) ယုံကြည်သက်ဝင်မှု တခုကနေ နောက်တခုကို လုံးဝ ပြောင်းလဲလိုက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး။ နှစ်ရှည်လများ အမြစ်တွယ်လာတဲ့ အရည်းကြီးသာသနာကနေ ဗုဒ္ဓသာသနာကို အချိန်တိုတိုလေးအတွင်းမှာ ကူးပြောင်းလိုက်နိုင်တာ အံ့သြစရာပဲ။ ဘုရင်ဖြစ်သူ အနော်ရထာကိုယ်တိုင်က ဒီဘာသာတရားကို သက်ဝင်ယုံကြည်လို့ ပြည်သူတွေကိုလည်း အာဏာစက်သုံးပြီး ယုံကြည်ခိုင်းတဲ့အတွက် ဒီလောက်ပျံ့ပွားသွားတာလား။ ဒီလိုတော့ ဖြစ်နိုင်မယ် မထင်ဘူး။ လူတယောက်ရဲ့ ယုံကြည်မှုကို ဓားမိုးပြီး အတင်းယုံကြည်ခိုင်းရင် ခိုင်းသမျှသာ လုပ်မယ်။ သဒ္ဓါတရားပေါက်လာတဲ့အထိတော့ ယုံကြည်လိမ့်မယ်မဟုတ်။ အဲသည် ဘုရင် ကွယ်လွန်သွားတာနဲ့ နဂိုယုံကြည်မှုကို ပြန်ကျင့်သုံးမှာပေါ့။

ဒါမှမဟုတ် ဘုရင်ကို ပြည်သူတွေက ချစ်မြတ်နိုးလို့ သူကိုးကွယ်တဲ့ ဘာသာကို လိုက်လံကိုးကွယ်တာလား။ ဒါလည်း သိပ်တော့ မဖြစ်နိုင်ပြန်ဘူး။ လူတယောက်ကို ချစ်ခင်ရုံနဲ့ မိရိုးဖလာ ကိုးကွယ်ယုံကြည်လာခဲ့တဲ့ အရာတခုကို ၀ုန်းကနဲ ပြောင်းဖို့ ဆိုတာမလွယ်ဘူးလေ။

အဖြစ်နိုင်ဆုံးကတော့ အရည်းကြီးသာသနာနဲ့ နှိုင်းယှဉ်ရင် ဗုဒ္ဓဘာသာက ပိုမို နှစ်လို လက်ခံနိုင်ဖွယ်ရှိတယ်၊ ကျိုးကြောင်းညီညွတ်မှုရှိတယ် စတဲ့အချက်တွေကြောင့် လူအများဟာ သူ့သဘော သူ့ဆန္ဒအလျောက် အလွယ်တကူ ပြောင်းလဲ သက်ဝင်လာကြတာလို့ ကျနော်ယူဆပါတယ်။

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ ပုဂံခေတ်မှာ ဗုဒ္ဓဘာသာ ထွန်းကားတောက်ပ ခဲ့တယ်ဆိုတာကတော့ ပုဂံက ဘုရားပုထိုးတွေ၊ အုတ်ခွက်တွေ၊ ကျောက်စာတွေမှာ သက်သေထင်ရှားကျန်ရစ်ခဲ့တယ်။

ဒီနေရာမှာ ကျနော်ဆက်ပြီး စဉ်းစားတာက ဘာသာတရားလို အင်မတန်နက်နဲတဲ့ အတွေးအခေါ်၊ အယူအဆတခုကိုတောင် အဲသည်တုန်းက မြန်မာတွေဟာ အလွယ်တကူ လက်ခံနိုင်ခဲ့ကြတယ်ဆိုရင် သူတို့ဟာ အတွေးအခေါ်သစ်၊ ယဉ်ကျေးမှုအသစ်တွေကို အခုခေတ်ထက် ပိုမို တိမ်းညွတ်လွယ်သလားဆိုတဲ့ အချက်တချက်ကို သွားစဉ်းစားမိတယ်။

နောက်တချက်က ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်အထိ ဘုရင်တွေ စစ်တိုက်ကြလို့ စစ်နိုင်ပြီး ပြန်လာရင် ဖြစ်စေ၊ နှစ်နိုင်ငံရွှေလမ်းငွေလမ်းဖောက်ပြီး လက်ဆောင်ပဏ္ဏာဆက်သလို့ဖြစ်စေ လူသူရဲကောင်း၊ ရဟန်းသူရဲကောင်း၊ လူပညာရှိ၊ ရဟန်းပညာရှိ၊ လက်မှုပညာရှင်၊ အတတ်ပညာရှင်တွေကို မိမိတိုင်းပြည်ပြန်လာတဲ့အခါ သယ်ဆောင်လာကြသတဲ့။ ဒီလိုနည်းနဲ့ (အဲသည်တုန်းက ဘေးပတ်ဝန်းကျင်က တိုင်းပြည်တွေဖြစ်တဲ့) မွန်၊ ရှမ်း၊ ယိုးဒယား စတဲ့ နိုင်ငံတွေကနေ ယဉ်ကျေးမှုတွေ၊ လက်မှုအတတ်ပညာတွေပါ မြန်မာတွေ ရလိုက်ကြတယ်။

မြန်မာပြည်ဟာ တောင်တန်းတွေ ပတ်ပတ်လည်ကာရံထားပြီး မင်းနေပြည်တော် စိုက်တာကလည်း မြန်မာပြည်အလယ်ပိုင်းဒေသတ၀ိုက်မှာဆိုတော့ ရေကြောင်းသွားလာရတဲ့ခေတ်အခါမှာ ဆိပ်ကမ်းမရှိတဲ့အလျောက် ပြင်ပကမ္ဘာနဲ့ ထိတွေ့မှု နည်းပါးခဲ့တယ်။ အလွန်ဆုံးထိတွေ့ရတာ ယိုးဒယား။

ဒါပေမယ့် ရှေးမြန်မာတွေဟာ ပြင်ပက ၀င်လာတဲ့ ယဉ်ကျေးမှုနဲ့ အတွေးအခေါ်တွေကို အသစ်အဆန်းအနေနဲ့ စိတ်ဝင်တစား လက်ခံကြပုံရတယ်။ ဇာတ်၊ ဂီတ၊ အက စတဲ့ သုခုမ အနုပညာတွေမှာ ရှေးခေတ်မြန်မာပြည်နဲ့ ထိတွေ့ခဲ့ရသမျှ နိုင်ငံတွေက ယဉ်ကျေးမှုတွေ ရောယှက်နေတာကို သတိထားနိုင်ပါတယ်။ ဒီလို လက်ခံနိုင်ကြတာဟာလည်း မြန်မာတွေရဲ့ စိတ်မှာ (သက်ဦးဆံပိုင်ဘုရင်စနစ်အောက်မှာ နေရတာဖြစ်သော်ငြား) ငါတို့လူမျိုးဟာ “ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း” နဲ့ နေနိုင်တဲ့ လူမျိုးတွေရယ်လို့ လွတ်လပ်တဲ့ လူမျိုးစိတ်နေစိတ်ထားရှိလို့ ပွင့်လင်းစွာ လက်ခံနိုင်ကြတာ ဖြစ်ပုံရပါတယ်။

ဒီလိုနဲ့ မြန်မာပြည်ဟာ အင်္ဂလိပ်လက်အောက်ကို ကျရောက်ခဲ့ရတယ်။ တလျှောက်လုံး ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း နဲ့ နေလာသူတွေဟာ သူ့ကျွန်ဘ၀ကို ရောက်သွားတဲ့အခါ စောစောက လွတ်လပ်တဲ့လူမျိုး စိတ်နေစိတ်ထားဟာ အချိုးနှိမ်ခံလိုက်ရတော့တယ်။ ဒါပေမယ့် ကိုယ့်လူမျိုးကို မတရားလာရောက်အုပ်ချုပ်ပြီး ကိုယ်တိုင်းပြည်က သယံဇာတ၊ အမွေအနှစ်တွေကို အမြတ်ထုတ်တဲ့ နယ်ချဲ့ကို မြန်မာတွေ မနှစ်မြို့နိုင်ကြပါဘူး။ ပိုဆိုးတာက အင်္ဂလိပ်တွေခေတ်မှာ အိန္ဒိယကနေ ရောက်လာတဲ့ ငွေရှင်ချစ်တီးတွေရဲ့ ဖိနှိပ်မှုကြောင့် မြန်မာတွေရဲ့ တိုင်းတပါးသားတွေအပေါ်မှာ မနှစ်မြို့စိတ်၊ မုန်းတီးစိတ်ဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

အဲဒီမှာ “၀ံသာနုစိတ်” ဆိုတာ စတင်ပေါ်ပေါက်လာတော့တာပါပဲ။ “၀ံသာနုစိတ်” ဆိုတာ “ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ၊ ကိုယ့်ယဉ်ကျေးမှု” ကို ကာကွယ်လိုတဲ့စိတ်ကို အရင်းခံတယ်။ ဒါကြောင့် ကိုလိုနီခေတ် အစောပိုင်း မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုမှာ “အမျိုး၊ ဘာသာ၊ သာသနာ” ဆိုတဲ့ ကြွေးကြော်သံဟာ ကျယ်လောင်နေခဲ့တယ်။ အဲဒီ ၀ံသာနုစိတ်ဓါတ်ရေချိန်မြင့်လာတဲ့ အချိန်မှာ တိုင်းတပါးသား အုပ်ချုပ်သူတွေရဲ့ ထုတ်ကုန်တွေ၊ ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေကို စတင် သပိတ်မှောက်ကြတော့တယ်။ ပြည်တွင်းဖြစ်ကို အားပေးလာကြတယ်။ အဲသည်ခေတ်အနေအထားကို ပြန်ကြည့်ရင် ဒီ ၀ံသာနုစိတ်ပေါ်ပေါက်လာပုံဟာ သဘာဝ ကျတယ်။ နောက်ပြီး မြန်မာ့လွတ်လပ်ရေးအတွက်လည်း အခရာ ကျခဲ့တယ်။

ဒါပေမယ့် မြန်မာ့လွတ်လပ်ရေးအတွက် ရုန်းကန်ခဲ့ရတဲ့ ကာလဟာ အတော်အတန် ရှည်လျားခဲ့တာမို့ အဲသည် ပြင်းထန်တဲ့ ၀ံသာနုစိတ်ဟာ လွတ်လပ်ရေးရပြီးတဲ့ အချိန်အထိ အရှိန်မကုန်နိုင်သေးဘဲ အရိုးစွဲပြီး ကျန်ရစ်ခဲ့တယ်။

တကယ်လို့သာ မြန်မာပြည်ဟာ လွတ်လပ်ပြီးချိန်က စလို့ လွတ်လပ်တဲ့ လူမျိုးတရပ်အနေနဲ့ ပြင်ပကမ္ဘာနဲ့ ကူးလူးဆက်ဆံမှုတွေ ကာလရှည်ကြာ ဆက်လုပ်နိုင်ခဲ့ရင် ကျနော်တို့ မြန်မာတွေဟာ ပုဂံခေတ်က မြန်မာတွေလိုပဲ ကမ္ဘာတလွှားက ယဉ်ကျေးမှုတွေ၊ အတွေးအခေါ်တွေကို သဘောထားကြီးကြီး၊ ပွင့်လင်းတဲ့အမြင်နဲ့ လက်ခံနိုင်ကြမှာ အသေအချာပါ။

ကံဆိုးချင်တော့ မြန်မာပြည်ဟာ လွတ်လပ်ရေးရပြီး မကြာခင်မှာဘဲ စစ်အာဏာရှင်အစိုးရတက်လာပြီး မြန်မာလူမျိုးအချင်းချင်း ဖိနှိပ်အုပ်ချုပ်ခြင်းကို ခံရပါတော့တယ်။ စစ်အစိုးရဟာ အရပ်သား မျက်နှာဖုံး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ထူထောင်ပြီး တံခါးပိတ်စီးပွားရေးစနစ်ကျင့်သုံးကာ မြန်မာပြည်သူတွေကို ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်လိုက်ရုံမက ကျဉ်းမြောင်းတဲ့ အမျိုးသားရေးစိတ်ဓါတ်ကို မြန်မာလူမျိုးတွေ စိတ်ထဲကို ၂၆ နှစ်လုံးလုံး ၀ါဒဖြန့် သွတ်သွင်းခဲ့ပါတယ်။ ကျောင်းသင်ခန်းစာတွေ၊ စာနယ်ဇင်းတွေကအစ ရုပ်ရှင်၊ ဂီတ နဲ့ သုခုမ အနုပညာတွေအဆုံး တိုင်းတပါးယဉ်ကျေးမှု၊ တိုင်းတပါး အတွေးအခေါ်တွေကို ရှုတ်ချပြီး “အရိုးပေါ် အရွက်မဖုံးစေနဲ့” ဆိုတဲ့ စကားအတိုင်း ခေတ်နောက်ပြန်ဆွဲတဲ့ ဓလေ့ကို ရိုက်သွင်းခဲ့တယ်။ နိုင်ငံရပ်ခြားက တိုးတက်မှုတွေ၊ ယဉ်ကျေးမှုတွေ၊ အတွေးအခေါ်အယူအဆတွေ မြန်မာပြည်ထဲ ထိုးဖောက်ဝင်ရောက်မလာနိုင်အောင် စာပေစိစစ်ရေး၊ ရုပ်ရှင်ဆင်ဆာ စတဲ့ အဆင့်ဆင့်သော တည်းဖြတ်မှုတွေနဲ့ ပြည်သူတွေရဲ့ မျက်စိနဲ့ နားကို ၂၆ နှစ်လုံးလုံး ပိတ်ပင်ထားခဲ့တယ်။ အကျိုးဆက်ကတော့ ကျနော်တို့တတွေဟာ အသစ်အဆန်းကို လက်ခံဖို့ တွန့်ဆုတ်ကြတယ်။ တိုင်းတပါးယဉ်ကျေးမှုဆိုရင် အလွယ်တကူ ရှုတ်ချတတ်ကြတယ်။ အတွေးအခေါ်အသစ်တွေကို စဉ်းစားဆန်းစစ် လက်ခံဖို့ ၀န်လေးကြတယ်။

ဆွံ့အနားမကြား ဆိုတာ ကြားဖူးပါလိမ့်မယ်။ လူတယောက်ဟာ မွေးကတည်းက နားမကြားရင် စကားမပြောတတ်တော့သလို မျက်စိမမြင်ရင်လည်း ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို မသိနိုင်တော့ပါဘူး။ လေ့လာသင်ယူနိုင်ဖို့ မလွယ်ကူပါဘူး။ မျက်စိရော၊ နားပါ ချွတ်ယွင်းသွားခဲ့ရင် လူအဖြစ် ပြည့်ပြည့်၀၀ ရှင်သန်ကြီးထွားနိုင်ဘို့ မလွယ်တော့ပါဘူး။ (စိတ်ဝင်စားသူများ Helen Keller's teacher- ဖေမြင့် ဘာသာပြန်- ဟယ်လင်ကဲလား၏ ဆရာမ ကို ရှာဖတ်ပါ။) မှန်မှန်ကန်ကန် မမြင်မကြားရရင် ဆုံးဖြတ်မှုလွဲမှားနိုင်တယ်ဆိုတာကလည်း အထူးပြောဖို့တောင် မလိုပါဘူး။

ကျနော်တို့ မြန်မာပြည်သူတွေဟာ မိမိတို့ရဲ့ အခွင့်အရေးတွေကို နားမလည်ကြဘူးလို့ ဆိုလာရင် ကျနော်တို့ဟာ နားမျက်စိကို နှစ်ရှည်လများ အပိတ်ခံထားရတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။ နားမျက်စိကို ဖွင့်ပေးလိုက်တာနဲ့ ဘယ်ဟာ ကောင်းသလဲ၊ ဘယ်ဟာဆိုးသလဲဆိုတာ ချက်ချင်းသိကြမှာပါ။ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ကြမှာပါ။ ပုဂံခေတ်က အရည်းကြီးသာသနာကနေ ဗုဒ္ဓသာသနာကို အချိန်တိုအတွင်းမှာ ပြောင်းလဲသွားသလိုမျိုးပေါ့။

ဒါကြောင့် တချို့လူတွေ ၀ါဒဖြန့်နေတဲ့ “မြန်မာတွေ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူး” ဆိုတဲ့ အယူအဆဟာ လုံးဝ မမှန်ကန်ပါဘူး။

ပြည်သူလူထုရဲ့ နားမျက်စိကို ဖွင့်ပေးမယ်၊ လွတ်လပ်တဲ့ လူမျိုးဘ၀ကို ပြန်ရအောင် ဖန်တီးနိုင်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ဟာ ကမ္ဘာတလွှားက လွတ်လပ်တဲ့ အခြားတိုင်းနိုင်ငံတွေလိုပဲ တိုးတက်တဲ့ ယဉ်ကျေးမှု၊ ရင့်ကျက်တဲ့ အတွေးအမြင်တွေနဲ့ နေချင်စရာကောင်းတဲ့ တိုင်းပြည်တခုအဖြစ်ကို အမြန်ဆုံး ရောက်ရှိလာမှာ အမှန်ပါပဲ။

အဲဒီလို မျက်စိဖွင့်ပေးနိုင်ဖို့အတွက် (တနည်း) လွတ်လပ်တဲ့ လူမျိုးဘ၀ကို ပြန်ရအောင် လုပ်နိုင်ဖို့အတွက် လုပ်ရမယ့် ပထမဦးဆုံးအဆင့်ကတော့ ပြည်သူတွေရဲ့ မျက်စိနဲ့နားကို ပိတ်ထားတဲ့စနစ် (သို့မဟုတ်) လွတ်လပ်မှုကို ပိတ်ပင်ထားတဲ့ စနစ်ကို အရင် ဖြိုဖျက်၊ တိုက်ဖျက်ကြဖို့ ဖြစ်ပါတယ်။ အဲဒီအဆင့်ဟာ မြန်မာပြည်ကို ချစ်သူတိုင်း၊ လွတ်လပ်မှုကို မြတ်နိုးသူတိုင်း မဖြစ်မနေ ပူးပေါင်းပါဝင်ရမယ့် အဆင့်ဖြစ်မယ်လို့ ယူဆမိပါတယ်။

12 comments:

Photo_Vigor said...

Great post, this is what suppose to be.
Cheers..

ရွက်လွင့်ခြင်း said...

လာဖတ်သွားပါတယ်၊ ကိုပေါ အမြင်ကို သဘောတူုပါတယ်။
နောက်တစ်ချက်က ကျွန်တော်တို့  လူမျိုးတွေက ခေါင်းဆောင်ကောင်းရင် နောက်လိုက်ကောင်းတက်ပါတယ်။
ဥပမာအနေနဲ့  ၈၈ ကာလတုန်းက ရွှေတိဂုံဘုရားအနောက်ဘက်မုဂ်မှာ သိန်းနဲ့ ချီရှိတဲ့လူတွေကို စည်းကမ်းရှိအောင် ထိန်းနိုင်သလို၊ လူတွေကလည်း လိုက်နာနိုင်ကြတယ်။
ဒါကြောင့် ခေါင်းဆောင်ကောင်းသာ ရှေ့မှာရှိပါ၊ ဘာစနစ်နဲ့ ဖြစ်ဖြစ် ထိုက်တန်ပါတယ်။

Myo Win Zaw said...

ကိုပေါ ရေ အရင် post ကိုယ့်ဝမ်းနာကိုယ်သာသိ ကတည်း အတွေးကောင်းအရေးကောင်းကို ချီးကျူးပါတယ် အဲဒီတုန်းကလဲ မြန်မာတွေရိုင်းသေးတယ် ဗုဒ္ဓဘာသာနဲ့ မတန်သေးဘူး လို့ ပြောခဲ့သူများရှိခဲ့ကြသလား အခုလဲစည်းကမ်းပြည့်ဝ သော ဒီမိုကရေစီကြီးကိုတွင်တွင်သုံးလာပြီး သူတို့နဲ့မှဘဲ ဒီမိုကရေစီစနစ်ကြီးဖြစ်လာတော့မယောင် ယောင်နဲ့ ပြည်သူတွေအမှန်တကယ် ဖြစ်ခြင်တာ change ဘဲ change ဆိုတာ အခုလက်ရှိ တိုင်းပြည်ကို ချောက်ထဲပို့ခဲ့တဲ့ ကောင်တွေကို လုံးဝမမြင်ခင်တော့တဲ့ ပြောင်းလဲမှုမျိုးပေါ့

Law Shay said...

Cheers ! Ko Paw.

Again, may I get permission to re-publish in my blog ? (http://opera.lawshay.com not http://www.lawshay.com)

Regards,

Ko Paw said...

>>Photo_Vigor, ရွက်လွှင့်ခြင်း၊ မျိုးဝင်းဇော်၊ Law Shay… Thank you all.

Law Shay, please go ahead. Thanks.

မောင် said...

ကိုမျိုးဝင်းဇော်ပြောသလိုပဲ ကိုပေါရေ..။ ကျွန်တော်တို့လိုချင်တာ ဒါပါပဲ။ ဒီလိုမျိုးများများရေးပါခင်ဗျာ။

Rita said...

very nice post, Ko Paw!
(ဒါလောက်ပဲ ပြောတတ်လို့ပါ)

Ngaman said...

ko Paw, a lot of people exploring ways of change bt til now nothing can be changed. what's wrong is it? no one is feasible to implement or not readiness among people? pls try to launch a post regards to that matter based on ur own view if possible. Pls dn't ask the Q "what r we doing now?" we r waiting for something that may be leader,leadership, , tatic, strategies, certain timebeing,etc...

Nge Naing said...

ကိုပေါရေ
လာဖတ်သွားးပါတယ်။ ထပ်ပြီး ဘာမှ ပြောစရာမလိုအောင်ကို ပြည့်စုံကောင်းမွန်ပါတယ်။ ကျွန်မတို့ အားလုံးမှာ ဒီလိုသုံးသပ်မှုလေးတွေ များများ လိုအပ်ပါတယ်။

Anonymous said...

ကိုပေါရေ ဒီပိုစ့်လေးလဲ ကိုယ့်ဝမ်းနာ ကိုယ်သာသိ လိုပဲ သဘောကျမိပါတယ်။ ဒီလိုမျိုးလေးတွေ အေးအေးဆေးဆေးတွေးပြီး ဆက်ရေးပါဦး။

Anonymous said...

“ မြန်မာနိုင်ငံရဲ့  ပြင်ပဗုဒ္ဓသာသနာထွန်းကားတဲ့  သီရိလင်္ကာနိုင်ငံကို အရွယ်ငယ်တဲ့  စာသင်သားတွေ စေလွှတ်တယ် ။ သီရိလင်္ကာနိုင်ငံလို ဗုဒ္ဓသာသနာထွန်တောက်တဲ့ နိုင်ငံက စာချဆရာတော်ကြီးတွေကို မြန်မာနိုင်ငံမှာ လာရောက်သီတင်းသုံးဖို့  ပင့် တယ် ။ ဒီနည်းနဲ့  မြန်မာနိုင်ငံမှာ တိုင်းရင်းသား ဂိုဏ်း နဲ့  သီဟိုဠ်ဂိုဏ်း ဆိုပြီး ဂိုဏ်းနှစ်ဂိုဏ်း ဖြစ်လာပါတယ် ။
တိုင်းရင်းသား ဂိုဏ်းဝင်တွေဟာ သီဟိုဠ်ဂိုဏ်းဝင် သံဃာတွေလောက် ၀ိနည်းကို မလေးစားဘူးလို့  ထင်ရပါတယ် ။ သီဟိုဠ်ဂိုဏ်းဝင်တွေကို ၀ိနည်းဓိုရ်လို့ ခေါ်ကြတယ် ။ တိုင်းရင်းဂိုဏ်းဝင် သံဃာတွေကို တောကျောင်းဘုန်းကြီးလို့ ခေါ်တယ် ။ အရည်းလို့ လည်း ခေါ်တယ်လို့  ထင်ရပါတယ် ။
အရည်းတွေဟာ နောင်အခါ စွပ်စွဲသလို ဖောက်ပြန်တဲ့  အကျင့် ရှိသူတွေ ဟုတ်မယ်မထင်ပါ ။ ပန်းဦးလွှတ်တဲ့  အကျင့် တွေရှိတယ်လို့  စွပ်စွဲချက်တွေအတွက် အထောက်အထားမတွေ့ ပါ ။ အရည်းတွေကို နှိပ်ကွပ်ဖယ်ရှား နှင်ထုတ်တယ်ဆိုတဲ့  စကားကို ချွင်းချက်မရှိ ထောက်ခံဖို့ ခက်ပါတယ် ။ အမှန်က ၁၅ရာစုနှစ်ကုန်အထိ တောကျောင်းဂိုဏ်း ရှိနေပါတယ် ။ ”

ဆရာကြီး ဒေါက်တာသန်းထွန်း ရေးတဲ့  ဇူလိုင် ၂၀၀၄ မုံရွေးစာအုတ်တိုက် ထုတ် “မြန်မာသမိုင်းပုံ” စာမျက်နှာ ၁၆၄ မှ ဖြစ်ပါတယ် ။ အခြား တဖက်မှ စဉ်းစားဆင်ခြင်ဖို့ ဖြစ်ပါတယ် ။

Thiha Kyaw Zaw said...

"ရှေးမြန်မာတွေဟာ ပြင်ပက ၀င်လာတဲ့ ယဉ်ကျေးမှုနဲ့ အတွေးအခေါ်တွေကို အသစ်အဆန်းအနေနဲ့ စိတ်ဝင်တစား လက်ခံကြပုံရတယ်။ ဇာတ်၊ ဂီတ၊ အက စတဲ့ သုခုမ အနုပညာတွေမှာ ရှေးခေတ်မြန်မာပြည်နဲ့ ထိတွေ့ခဲ့ရသမျှ နိုင်ငံတွေက ယဉ်ကျေးမှုတွေ ရောယှက်နေတာကို သတိထားနိုင်ပါတယ်။ ဒီလို လက်ခံနိုင်ကြတာဟာလည်း မြန်မာတွေရဲ့ စိတ်မှာ (သက်ဦးဆံပိုင်ဘုရင်စနစ်အောက်မှာ နေရတာဖြစ်သော်ငြား) ငါတို့လူမျိုးဟာ “ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း” နဲ့ နေနိုင်တဲ့ လူမျိုးတွေရယ်လို့ လွတ်လပ်တဲ့ လူမျိုးစိတ်နေစိတ်ထားရှိလို့ ပွင့်လင်းစွာ လက်ခံနိုင်ကြတာ ဖြစ်ပုံရပါတယ်။

တကယ်လို့သာ မြန်မာပြည်ဟာ လွတ်လပ်ပြီးချိန်က စလို့ လွတ်လပ်တဲ့ လူမျိုးတရပ်အနေနဲ့ ပြင်ပကမ္ဘာနဲ့ ကူးလူးဆက်ဆံမှုတွေ ကာလရှည်ကြာ ဆက်လုပ်နိုင်ခဲ့ရင် ကျနော်တို့ မြန်မာတွေဟာ ပုဂံခေတ်က မြန်မာတွေလိုပဲ ကမ္ဘာတလွှားက ယဉ်ကျေးမှုတွေ၊ အတွေးအခေါ်တွေကို သဘောထားကြီးကြီး၊ ပွင့်လင်းတဲ့အမြင်နဲ့ လက်ခံနိုင်ကြမှာ အသေအချာပါ။ကျနော်တို့ မြန်မာပြည်သူတွေဟာ မိမိတို့ရဲ့ အခွင့်အရေးတွေကို နားမလည်ကြဘူးလို့ ဆိုလာရင် ကျနော်တို့ဟာ နားမျက်စိကို နှစ်ရှည်လများ အပိတ်ခံထားရတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။ နားမျက်စိကို ဖွင့်ပေးလိုက်တာနဲ့ ဘယ်ဟာ ကောင်းသလဲ၊ ဘယ်ဟာဆိုးသလဲဆိုတာ ချက်ချင်းသိကြမှာပါ။ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ကြမှာပါ။ ပုဂံခေတ်က အရည်းကြီးသာသနာကနေ ဗုဒ္ဓသာသနာကို အချိန်တိုအတွင်းမှာ ပြောင်းလဲသွားသလိုမျိုးပေါ့။

ဒါကြောင့် တချို့လူတွေ ၀ါဒဖြန့်နေတဲ့ “မြန်မာတွေ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူး” ဆိုတဲ့ အယူအဆဟာ လုံးဝ မမှန်ကန်ပါဘူး။"

I strongly agree with you

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs