အလျား လေးပေခန့်၊ အချင်း တလက်မခွဲလောက်ရှိသော ၀ါးရင်းတုတ်တချောင်းသည် သက်ကြီးရွယ်အိုတယောက်အား လမ်းလျှောက်ရာတွင် ထောက်ကူနိုင်သော တောင်ဝှေးတချောင်း ဖြစ်နိုင်သလို လူဆိုးလူသွမ်းတို့က တပါးသူအား ရိုက်နှက်၍ နှိပ်စက်ကလူပြုရာတွင် အသုံးပြုသော လက်နက် (သို့မဟုတ်) လက်ကိုင်တုတ်လည်း ဖြစ်နိုင်ပေသည်။
တုတ်၏ သဘာဝ သည် အတူတူပင်ဖြစ်ပါလျက် အသုံးပြုသူအပေါ်မူတည်၍ (သို့တည်းမဟုတ်)အသုံးပြုခံရသည့် အနေအထားပေါ်တွင် မူတည်၍ ယင်းတုတ်ကို ခေါ်ဆိုသော အခေါ်အဝေါ်လည်း ကွဲပြားသွားပေသည်။ တဖန် အခေါ်အဝေါ်အပေါ် မူတည်ပြီး အဆိုပါ တုတ်အပေါ်တွင် လူတို့ထားရှိသော အမြင်သည်လည်း ကွဲပြားသွားပေသည်။
ယနေ့မြန်မာနိုင်ငံပြည်သည် စစ်အာဏာရှင် လက်အောက်တွင် ဖိနှိပ်ခံရသည်မှာ ၁၉၆၂ ခုနှစ်မှ စတင်ရေတွက်သော် နှစ်ပေါင်း ၄၇ နှစ်မျှ ကြာခဲ့ပြီ ဖြစ်သည်။ စစ်အာဏာရှင်စနစ်သည် Totalitarianism ဆိုသည့်အခေါ်အဝေါ်နှင့် လိုက်ဖက်စွာပင် ကိစ္စတိုင်းအပေါ်တွင် အာဏာသက်ရောက်ကာ ထိန်းချုပ်စွက်ဖက်လျက်ရှိသည်။ ၀န်ကြီးမှ စ၍ ညွှန်ကြားရေးမှူး၊ အမှုထမ်း၊ အရာထမ်းအလယ်၊ ပြာတာနှင့် ဆိုက်ကားသမား အဆုံး မည်သူတဦးတယောက်မျှ မိမိ ၀တ္တရားရှိသည့်အတိုင်း လွတ်လပ်စွာ ပြုမူကျင့်ကြံနိုင်ကြသည်မဟုတ်။ အာဏာရှင်၏ အလိုဆန္ဒအတိုင်း လိုက်လံဆောင်ရွက်ကြရလျက် ရှိသည်။
အာဏာရှင်ချမှတ်သော ပညာရေးပေါ်လစီကို ပါမောက္ခများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာများက တသွေမသိမ်း လိုက်လံ ကျင့်ကြံရသည်။ ယင်း ပညာရှင်များအနေဖြင့် သူတို့ တတ်ကျွမ်းသည့် ပညာရပ်များကို လွတ်လပ်စွာ အသုံးပြုပိုင်ခွင့်မရှိ။ သင်ရိုးညွှန်းတမ်းများကိုပင် လွတ်လပ်စွာ ပြုစု သင်ကြားခွင့်မရှိ။
အလားတူပင် အာဏာရှင် ချမှတ်သော ကျန်းမာရေး ပေါ်လစီကို ဆရာဝန်ကြီးများ၊ အထူးကုများ၊ ဆေးရုံအုပ်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးလုပ်သားများက တသွေမသိမ်း လိုက်နာကျင့်ကြံရသည်။ ယင်းတို့အနေဖြင့် သူတို့ တတ်ကျွမ်းသည့် ပညာရပ်များကို လွတ်လပ်စွာ အသုံးပြုပိုင်ခွင့်မရှိ။ ဥပမာပေးရလျှင် ရောဂါဖြစ်သူ ဦးရေကို စာရင်းဇယားကောက်ခံရာ၌ပင် လွတ်လပ်စွာ ကောက်ခံခွင့်မရှိ။ စာရင်းဇယားကို အမှန်အတိုင်း တင်ပြခွင့်မရှိ။ ဆေးရုံများတွင် ထိရောက်စွာ လက်ခံကုသခွင့် မရှိ။ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ပိုင်ခွင့်မရှိ။
အခြား စီးပွားရေး၊ လူမှုရေး နယ်ပယ်များတွင်လည်း အလားတူပင်တည်း။
ညွှန်ကြာရေးမှူးချုပ်ကစ၍ ပြာတာ အထိ၊ စီးပွားရေး လုပ်ငန်းရှင်ကစ၍ လမ်းဘေးဈေးသည်အထိ၊ ကွန်ပြူတာပညာရှင်မှစ၍ ဆိုက်ကားသမားအထိ အာဏာရှင်စနစ်အောက်တွင် အာဏာရှင်အလိုကျ၊ အာဏာရှင် ခိုင်းစေသမျှကို မလွန်ဆန်နိုင်ဘဲ (စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ) လုပ်ကိုင်နေကြရသည်သာ ဖြစ်သည်။ ထိုသို့ အာဏာရှင် ခိုင်းစေရာကို လိုက်လံလုပ်ကိုင်ကြရသည့်အထဲတွင် အတန်းပညာကို ကောင်းစွာ သင်ကြားခွင့်မရခဲ့ရှာသော ဆင်းရဲသားများ၊ လက်လုပ်လက်စားများလည်း ထိပ်ဆုံးကပါသည်။
ဆရာဝန်ကြီးများ၊ ပညာရှင်ကြီးများပင် အာဏာရှင်ခိုင်းစေသမျှကို မတွန်းလှန်ဝံ့ဘဲ လိုက်လံလုပ်ကိုင်နေကြရသည့် ခေတ်အခါကြီးထဲတွင် ပညာလည်းမတတ်၊ နေ့စဉ်ဘ၀တွင်လည်း နင်းပြားသဖွယ် လူတကာအား အောက်ကျို့ဆက်ဆံရရှာသော လက်လုပ်လက်စား လူတန်းစားအဖို့ အဘယ်သို့သော သတ္တိဖြင့် အာဏာရှင်၏ ခိုင်းစေမှုကို ငြင်းပယ်နိုင်အံ့နည်း။ ထိုလူတန်းစားမှာ ပညာတတ်အရာရှိကြီးများကဲ့သို့ ချမ်းသာလောက်အောင် အကျိုးအမြတ်မခံစားရပါဘဲ၊ ရာထူးတက်လမ်းမရှိပါဘဲ တနေ့စာ ၀င်ငွေမျှအတွက်ပင် အာဏာရှင်ခိုင်းစေရာကို လုပ်ဆောင်ရရှာပြီး ရသည်နှင့်မတန်အောင် လူမုန်းခံသည်လည်းဖြစ်ရာ အဘယ်ကြောင့် အာဏာရှင်ခိုင်းတိုင်း လုပ်ရသည်ကို တွေးတောကြည့်ရန် လိုပေလိမ့်မည်။
ယခုအခါ ပြည်သူအများ မျက်မုန်းကျိုးဖွယ် ဗီလိန်နေရာမှ အသုံးတော်ခံရန် စွမ်းအားရှင်ဟူသည့် လူတန်းစား တရပ်သည်လည်း မြန်မာပြည်တွင် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ ကျနော်တို့အားလုံးလိုလိုသည် အဖြစ်သနစ်၏ ဇာတိဇစ်မြစ်ကို သေသေချာချာ စဉ်းစားတွေးတောခြင်း မပြုကြဘဲ စွမ်းအားရှင် ဆိုလျှင် အလွယ်တကူ မုန်းတီးမိလိုက်ကြသည်။ နအဖ၏ ဒေါက်တိုင်တွေဟု အလွယ်တကူ သမုတ်လိုက်ကြသည်။ အချို့သော သူများဆိုလျှင် နအဖ ဒေါက်တိုင်များကို ဖြိုခွင်းရန် ဦးတည်ချက်ဖြင့် စွမ်းအားရှင်များ၊ ကြံဖွံ့များကို အကြမ်းဖက် တိုက်ခိုက်ချေမှုန်းရန်ပင် အစီအစဉ် ရှိကြသည်ဆိုသည်။ ဤသည်မှာ မဆိုင်သည့်အပေါက်ကို ဂလိုင်ဖြင့်ခေါက်သည်ဟု ကျနော်ယူဆပါသည်။
တကယ်တော့ စွမ်းအားရှင်တွေသည်လည်း အာဏာရှင်စနစ်၏ သားကောင်များသာ ဖြစ်သည်။ အာဏာရှင်စေခိုင်းရာ လိုက်ပါ လုပ်ကိုင်ကြရသူချင်းအတူတူ ဆရာဝန်ကြီးများ၊ ကျောင်းအုပ်ဆရာကြီးများ၊ ဆရာဝန်ကြီးများ၊ အစိုးရအရာရှိကြီးများကို ဆက်ဆံရာတွင် တမျိုး၊ ပညာသင်ကြားခွင့်မရခဲ့သော ဆင်းရဲမွဲတေမှုဒဏ်ကို ခါးစည်းခံနေကြရသော ဆင်းရဲသားများကို ဆက်ဆံရာတွင်တမျိုး ခွဲခြားဆက်ဆံသလို ဖြစ်နေသည်ကို တွေ့ရသည်။ ထိုသို့ဆိုလျှင် ဆင်းရဲမွဲတေ၍ ပညာမတတ်သူများကို မြေနိမ့်ရာ လှံစိုက်သလို ထပ်မံ ဖိထောင်းရာ ရောက်နေချေပြီလောဟု စဉ်းစားစရာရှိလာသည်။။ ဦးပုည စကားနဲ့ ပြောရလျှင်…. “အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်…၊ ဤကြံဖော်ကြံဖက်၊ သုံးယောက်သားအနက်တွင်မှ၊ ကံကွက်ကျား၍၊ ငမိုက်သားမုဆိုးလေ၊ နင့်ချည်းပင် သေပေတော့ဟု၊ ငွေတောင်ကြီး အဟန်၊ ဆဒ္ဒန်မင်းမြတ်၊ သတ်လျှင်လည်း ၊ လူမလိမ္မာ၊ ကျွန်မိစ္ဆာသည်၊ မလွတ်နိုင်ရာ၊ သေရပါတော့မည်” ဆိုသကဲ့သို့ စွမ်းအားရှင်တို့သည် သောနုတ္ထိုရ် မုဆိုးနေရာကို ကံဆိုးမိုးမှောင်ကျစွာ ကွက်တိ ၀င်ရောက်နေကြခြင်းသာ ဖြစ်ပေသည်။
ဆဒ္ဒန်ဆင်မင်းကတော့ အလောင်းတော်ပီပီ “အလောင်းတော်မြတ်၊ ဗောဓိသတ်လည်း၊ လောကတ္တယ၊ ဘ၀ပါရဂူ နီးစပ်တော်မူသောကြောင့်၊ ရန်သူပုဂ္ဂိုလ်၊ သောနုတ္ထိုရ်ကို၊ ရွှေကိုယ်တော်ပွား ရင်နှစ်သားကဲ့သို့၊ သနားချစ်ခင်၊ အသက်ကို ချမ်းသာပေးတော်မူပြီးလျှင်…..”ဆိုသည့်အတိုင်း မုဆိုးကို အသက်ချမ်းသာပေးခဲ့ပါသည်။ ကျွန်ုပ်တို့ကရော ပညာမျက်စိနှင့် ချင့်ချိန်ဆုံးဖြတ်လျက် သတိတရားရှေ့ထားကာ ပြုမူမည်လော။ သို့တည်းမဟုတ် ခံစားမှုသက်သက်ဖြင့် စိတ်လိုက်မာန်ပါ ပြုလုပ်ကြမည်လား။ ဤသို့ရေးသဖြင့် စွမ်းအားရှင်များ၊ ကြံ့ဖွံ့များ၏ ဘက်မှ ဘက်လိုက်ကာ ရေးသားနေသည်ဟု ကောက်ချက်မချစေလို။ စွမ်းအားရှင်တို့၏ လုပ်ရပ်များ၊ ကြံဖွံ့များ၏ လုပ်ရပ်များကို အများနည်းတူ ကျနော်သည်လည်း ရှုတ်ချသည်ပင်ဖြစ်သည်။ ဆန့်ကျင်သည်သာလျှင်ဖြစ်သည်။ သို့သော် ထိုလူတန်းစား၏ အကြပ်အတည်းနှင့် အနေအထားကို သုံးသပ်နိုင်ရန် ရေးပြခြင်းဖြစ်ပြီး အဓိက ရန်သူမှာ မည်သူဖြစ်သနည်းဆိုသည့်အချက်ကို မေ၀၀ါးစေရန် ဆိုလိုရင်းဖြစ်သည်။
တကယ်တော့ နအဖသည် အိမ်ကြက်အချင်းချင်းကို အိုးမဲသုတ်ပြီး ခွပ်စေခြင်းသာဖြစ်သည်။ ကျနော်တို့သည် စွမ်းအားရှင်တွေကို ချောင်းမြောင်းလုပ်ကြံပါက ပြည်သူအချင်းချင်း သတ်ဖြတ်ရသည်ဖြစ်၍ သွေးချောင်းစီးသည်သာ အဖတ်တင်မည်။ အကြမ်းဖက်ခြင်းဖြင့် ငြိမ်းချမ်းရေးကို မရနိုင်ပါ။ မငြိမ်းချမ်းလျှင် လွတ်လပ်ခြင်းလည်း မမည်ပါ။ ဖြစ်သင့်ဖြစ်ထိုက်သည်မှာ အာဏာရှင်တို့၏ လက်ကိုင်တုတ်များကို ကျွန်ုပ်တို့၏ တောင်ဝှေးဖြစ်လာစေရန် ကျွန်တော်တို့ ကြိုးပမ်းကြရမည်ဖြစ်သည်။
ဤကိစ္စသည် လွယ်ကူသည့်ကိစ္စဟု မဆိုလိုပါ။ အင်မတန် ခက်ခဲပါသည်။ အချိန်ယူရမည်လည်း မုချပင်ဖြစ်ပါသည်။ စွမ်းအားရှင်မှစ၍ စစ်ဗိုလ်စစ်သားများအထိ မိမိတို့ဖက် ပါလာစေရန် စည်းရုံးရေး နည်းလမ်းများကို တီထွင်ကြံဆကြဖို့ လိုပါသည်။ လက်တွေ့ စည်းရုံးကြဖို့ လိုပါသည်။ တဖက်တွင်လည်း အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြစ်သည့် သပိတ်မှောက်ခြင်း၊ ဆန္ဒပြအုံကြွခြင်း၊ အာဏာဖီဆန်ခြင်းများကို စနစ်တကျ ပြုလုပ်ကြဖို့ လိုပါသည်။
အာဏာရှင်စနစ်တခုကို ဖြိုဖျက်ရသည့် ကိစ္စမှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပါ။ သို့သော် မလွယ်ကူသဖြင့် ဘာမှ မလုပ်ဘဲ ထိုင်နေသင့်သည်လည်း မဟုတ်။ လွတ်လပ်ရေးရသည်အထိ မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်း ကြိုးပမ်းသွားကြရမည်သာ ဖြစ်သည်။ ဤသို့ ကြိုးပမ်းရာ ခရီးတလျှောက်တွင် အာဏာရှင်တို့၏ လက်ကိုင်တုတ်များကို တွေ့တိုင်း ထိုသူတို့သည်လည်း မိမိတို့လိုပင် စနစ်၏ သားကောင်များပင်ဖြစ်သည်ကို နားလည်သဘောပေါက်ကာ အာဏာရှင်၏ လက်ကိုင်တုတ်အဖြစ်မှ ပြည်သူလူထုအားထားရသော တောင်ဝှေးအဖြစ်သို့ ပြောင်းလဲလာစေရန် ကြိုးပမ်းအားထုတ်ကြဖို့ လိုမည်ဖြစ်သည်။

11 comments:
မသိလို့မိုက်တဲ့သူနဲ့
သိသိရက်နဲ့ မိုက်နေကြတဲ့သူတွေကြောင့်...
း(
ကိုပေါဆောင်းပါးတွေ မြန်မာ့အမှောင်တို့ ဖုန်တက်နေတဲ့မှန်တို့ ရဲ့ ခေါင်းကြီးမှာဖော်ပြလိုက် ရရင်ကွာ...
ကျွန်မမွေးရပ်မြေရွာက လူတွေ မဆလလက်ထက်က အကုန်လုံး ပါတီဝင်တွေ ဖြစ်ပေမယ့် ၉၀ ခုနှစ်မေလ ရွေးကောက်ပွဲမှာ အကုန်လုံး NLD ကို မဲမေးကြတယ်။ အခုတော့ အကုန်လုံး ကြံ့တွေ ဖွတ်တွေ ဖြစ်နေပြန်ပြီလို့ ကြားရတယ်။ အဲဒီလိုမျိုး အလားတူ ဖြစ်တာ နေရာတိုင်းမှာ ရှိပါတယ်။ တကယ်တော့ သာတဲ့ဘက်ကို လိုက်တယ်ဆိုတာထက် ကျော်လွန်ပြီး ထည့်တွက်စဉ်းစား ပေးသင့်တာတွေက နေရာတိုင်းမှာ ရှိနေတာ အမှန်ပဲ။ ဒါတွေ အကုန်လုံးက ခေတ်စနစ်ရဲ့ သားကောင်တွေအဖြစ်က ဘယ်သူမှ မလွတ်ဘူးဆိုတာ ပြသနေတာပဲ။ ဒီပို့စ်မှာ သုံးသပ်ပြသွားတာတွေကို လက်ခံပါတယ်။ ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။
သေသေချာချာ ဖတ်ပြီး တွေးစရာတွေ ယူသွားပါတယ်
Matrix ရုပ်ရှင်ဇာတ်ကားထဲမှာ Morpheus က Neo ကို သင်တန်းပေးတော့ ပြောတာက ...
The Matrix is a system, Neo. That system is our enemy. But when you're inside, you look around, what do you see? Businessmen, teachers, lawyers, carpenters. The very minds of the people we are trying to save. But until we do, these people are still a part of that system and that makes them our enemy. You have to understand, most of these people are not ready to be unplugged. And many of them are so inured, so hopelessly dependent on the system, that they will fight to protect it.
တဲ့။ စဉ်းစားဖို့ပါ။
ဖတ်ပြီးသက်ပြင်းချသွား..
ko paw yay,
The verdict is coming. Now is the time to fight. let's go our country and strike. Action speak louder than words. how? :)
ခြေထောက်လှုပ်ရင်ခြေဖြတ်..
လက်လှုပ်ရင်လက်ဖြတ်..
ခေါင်းလှုပ်ရင်ခေါင်းဖြတ်..
လှုပ်ရင်လှုပ်တဲ့နေရာအကုန်ဖြတ်..
အခု ကိုယ့်အတွေးနဲ့ကိုယ်တွေးနေရင်တောင်
အတွေးတွေကို လိုက်သုတ်သင်နေပြီ..
အဲ့ဒိကြားထဲက ပြည်သူတွေက
ဘယ်လိုနည်းနဲ့များ
လက်ကိုင်တုတ်ကို တောင်ဝှေးဖြစ်အောင်
စည်းရုံးလို့ရမှာလည်း...
အကြံဥာဏ်ဆိုတာ စဉ်းစားတက်တဲ့သူတိုင်းပေးတက်ပါတယ်...
နည်းလမ်းဆိုတာကတော့....
If we are clear about the situation,it can be difficult but it is not an impossible.
http://burmatoday.net/article2005/2009/200905/090519_nyi_toe_nyein.swf
သုံးသပ်ပုံ မျှတတယ်လို့ ထင်မြင်မိပါတယ်
ကိုပေါရေးသွားသလို ပညာတတ်တွေတောင် အာဏာရှင်အလိုကျ ကပ်ဖားလျက်ဖားလုပ်နေရတဲ့အချိန်မှာ ပညာလဲမတတ် ကျောထောက်နောက်ခံလဲမရှိတဲ့ နင်းပြားလူတန်းစားတွေအဖို့  တနေ့ ၃၀၀၀လောက်ငွေပမာဏအတွက် ဗီလိန်ဘ၀ကိုခံယူနေရတာကို နားလည်ပါတယ်... ဒါပေမယ့် နင်းပြားလူတန်းစားချင်းတူတူ ဘာကြောင့် အားလုံး ကြံ့ဖွတ်မဖြစ်ကြပါသလဲ... ရပ်ကွက်ထဲမှာနေကြတဲ့ လူနေမှုအဆင့်အတန်း မတိမ်းမယိမ်းချင်းတူတူမှာ ဘာကြောင့်တချို့ က ပိုက်ဆံ၃၀၀၀အတွက် ဗီလိန်နေရာကို ကျေကျေနပ်နပ်ကြီးခံယူကြပြီး တချို့ က မခံယူကြပါသလဲ... ပြောရရင် စစ်အစိုးရလက်ထက်မှာ အာဏာရှင်စနစ်ဆိုးရဲ့ ဒဏ်ကို လူတိုင်း ခါးစည်းခံကြရတာပါ... (ဒီနေရာမှာ သူဌေး ဆန်စက်မီးလောင်တဲ့အတိုင်းအတာနဲ့  သူတောင်းစား ခွက်ပျောက်တဲ့အတိုင်းအတာတွေ ဘေးဖယ်ထားပြီး မတိမ်းမယိမ်း လူတန်းစားအချင်းချင်းကိုပဲ နှိုင်းယှဉ်ပြတာပါ...) တကယ်တော့ သက်ရောက်မှုက အတူတူချည်းပါပဲ... ကိုယ့်ဘက်က တုန့် ပြန်တဲ့ပုံစံကပဲ ကိုယ်ဘယ်လိုလူစားမျိုးလဲဆိုတာကို ပြောသွားတာပါ... 'လူရိုက်ပေးရင် ဘုန်းကြီးရိုက်ပေးရင် တနေ့ ၃၀၀၀ပေးမယ်...' လို့ ပြောလာခဲ့ရင် စားစရာမရှိလဲ တရက် ထမင်းအငတ်ခံပြီး ဒီအလုပ်ကိုငြင်းမယ့်သူနဲ့  စားစရာရှိရက် ပိုက်ဆံရပြီးရောဆိုပြီး ဒီအလုပ်ကိုလက်ခံမယ့်သူ ၂ယောက်ကို ယှဉ်ပြီးစဉ်းစားကြည့်ပါ... ဒီအလုပ်ဟာ လုပ်သင့်လားမလုပ်သင့်လားဆိုတာ အတန်းပညာတွေ ဘာသာခြားနားတာတွေနဲ့ မဆိုင်ပါဘူး... 'ထမင်းနဲ့ မြက်' မှာ ကိုယ်ဘာစားရမလဲဆိုတာလောက် စဉ်းစားတွေးခေါ်နိုင်တဲ့ အသိဥာဏ်အဆင့်နဲ့ တင် ဆုံးဖြတ်နိုင်တဲ့ကိစ္စရပ်ပါ...
ရဲ၊ မီးသတ်စတဲ့ အစိုးရ၀န်ထမ်းတွေထဲမှာ စစ်သားတွေထဲမှာ တိုင်းပြည်အတွက် လူမျိုးအတွက် အမှန်တရားကို မြတ်နိုးတဲ့သူတွေရှိတယ်ဆိုတာကို ကျွန်တော်အပြည့်အ၀ထောက်ခံပါတယ်... ကျွန်တော့်ပတ်ဝန်းကျင်မှာလဲ ကိုပေါပြောသလို ယူနီဖောင်းနဲ့ ပိတ်လှောင်ခံနေရသူတွေ အများကြီးတွေ့ ကြုံဖူးပါတယ်... ယူနီဖောင်းဝတ်ဆိုတာနဲ့ ကိုယ့်ရန်သူလိုသဘောထား တံဆိပ်ကပ်တာမျိုးကို သဘောမတူပေမယ့် 'ဘယ်သူသေသေ ငတေမာရင်ပြီးရော' လူစိတ်မရှိတဲ့သူတွေကိုတော့ ရဲ၊ မီးသတ်၊ စစ်သား၊ စွမ်းအားရှင် ဘာဖြစ်နေနေ ရန်သူလို့ သတ်မှတ်ပါတယ်... ဒီလိုပြောလို့  ဒီလိုလူတန်းစားတွေမရှိတော့အောင် ကိုယ့်အမျိုးအချင်းချင်း သွေးချောင်းစီးအောင် ရှင်းလင်းပစ်ရမယ်လို့  မရည်ရွယ်ပါဘူး... ဒါပေမယ့် ကျွန်တော့်ရဲ့ စိတ်ခံစားချက်အရပြောရရင်တော့ ဒီလိုလူမျိုးတွေ သေကြေပျက်စီးတာကို တိရစ္ဆာန်တကောင်သေတာလောက် ၀မ်းမနည်းမိတာတော့ အမှန်ပါပဲ...
မေတ္တာဖြင့်...
ပုံကြီး...
Post a Comment