“စိတ္တဇ”

Share |
ဒီအကျင့်ဆိုး ဘယ်အချိန်က စလို့ သူ့မှာ စွဲကပ်လာသလဲတော့ သူအတိအကျ မမှတ်မိ။ အကျင့်ဆိုတာထက် ဇဝေဇ၀ါဖြစ်တတ်တဲ့ စိတ္တဇလို့ ပြောရင် ပိုမှန်လေမလား။

ပထမဦးဆုံးအကြိမ် သူ စသတိထားမိတာကတော့ အိမ်တံခါး သော့ခတ်တာက စတယ်။ သော့ခတ်ခဲ့ပါလျက်နဲ့ သူ့စိတ်ထဲမှာ တကယ်ခတ်ခဲ့သလား ဆိုတာ မသေချာ။ အိမ်တံခါးကနေ ခြေဆယ်လှမ်းလောက်လျှောက်ပြီးမှ တခေါက်နောက်ပြန်လှည့်ပြီး သော့ပိတ်ထားတဲ့ သော့ခလောက်ကြီးကို ကိုင်ကြည့်လေ့ရှိတယ်။ အဲဒီတော့မှ စိတ်ထဲမှာ ဒုန်းဒုန်းကျ သွားတာမျိုး။ နောက်ပိုင်းမှာတော့ ပိတ်ထားပြီးသော့ကိုတောင် သော့တံနှင့် ပြန်ဖွင့်ပြီး ဂျောက်ကနဲ မြည်အောင် တချက်လောက် နှိပ်ချလိုက်ရမှ။ တကယ်တော့ အဲဒီလို ပြန်မစစ်ခင်မှာ “ဒါဟာ ငါ့စိတ်က ဖြစ်နေတာ၊ ငါသော့ခတ်ခဲ့ပါတယ်” လို့ သူ့စိတ်ကို သူဘယ်လိုပဲ ဆုံးမ တွန်းလှန်ပေမယ့် မအောင်မြင်ဘူး။ နောက်ကို ပြန်လှည့်လျှောက်မြဲ၊ သော့ပြန်ဖွင့်မြဲ၊ ပြန်ပိတ်မြဲပဲ။

ဒီလိုနဲ့ ကြာလာတော့ အဲသည် စိတ္တဇက ပိုဆိုးလာတယ်။ ညဘက် ရေခဲသေတ္တာထဲက ရေပုလင်းယူထုတ်သောက်ပြီးလို့ အိပ်ခန်းထဲပြန်ရောက်တဲ့အခါမှာ ရေပုလင်းကို ရေခဲသေတ္တာထဲ ပြန်ထည့်ခဲ့မိရဲ့လား၊ ရေခဲသေတ္တာတံခါး သေချာ ပြန်ပိတ်ခဲ့ရဲ့လား၊ မီးဖိုထဲကမီးကို ဖွင့်ပြီး ပြန်ပိတ်ခဲ့ရဲ့လား စသဖြင့် ပူပန်တတ်လာပြန်ရော။ ဒါနဲ့ပဲ မီးဖိုထဲကို တခေါက်သွားပြန်ကြည့်ရတဲ့အထိ ဖြစ်လာတယ်။ ပိတ်ထားပြီးသား ရေခဲသေတ္တာတံခါးကို ပြန်ဖွင့်ပြီး ဗုန်းကနဲ ပြန်ပိတ်လိုက်ရမှ။ ပိတ်ထားပြီး မီးဖိုမီးလုံးကို ပြန်ဖွင့်ပြီး ချောက်ကနဲ တချက်လောက် ပြန်ပိတ်လိုက်ရမှ။ အဲလိုမလုပ်ရမခြင်း သူ့စိတ်ဟာ နေမထိ ထိုင်မသာနဲ့။ ဒီစိတ္တဇဟာ တနေ့တခြား ပိုဆိုးလာပြီး တခြားလုပ်ရပ်တွေမှာပါ ကူးစက်ကာ နယ်ပယ် ကျယ်ပြန့်လာတယ်။

အိမ်သာကနေ ထွက်လာရင် အိမ်သာအပြင်ဖက်ရောက်ပြီးမှ “ငါရေဆွဲချ ခဲ့ရဲ့လား” ဆိုပြီး နောက်တခေါက် ပြန်ဝင်ကြည့်တာမျိုးတွေ၊ ရေဆွဲချပြီးသားကို မြင်မြင်ကြီးနဲ့ မောင်းတံကို တကြိမ်လောက် ထပ်ဆွဲလိုက်တာမျိုးတွေ ဖြစ်လာတယ်။

ဒါပေမယ့် ပြောခဲ့တဲ့ ကိစ္စတွေအားလုံးဟာ သူကိုယ်တိုင်ကလွဲလို့ တခြား ဘယ်သူမှ မသိလိုက် ဘဲ တိတ်တဆိတ် ဖြစ်ပျက်သွားတာတွေချည်းပဲ။ သူ့စိတ်ထဲမှာ ဝေခွဲမရလို့ နောက်တကြိမ်လောက် ပြန်သွား လုပ်ရတာပဲ ရှိတယ်။ အမြဲ နှစ်ကြိမ်ထပ်လုပ်ရလို့ ရေဖိုး၊ မီးဖိုး မီတာ နည်းနည်း ပိုတက်တာ၊ အချိန်နည်းနည်း ပိုကုန်တာတော့ ရှိတာပေါ့။ ဒါပေမယ့် မပြောပလောက်ဘူး။ ဒီကိစ္စတွေအတွက် သူ့စိတ်မှာ သိပ်ပြီး ကသိကအောက်တော့ မဖြစ်ခဲ့ရဘူး။ ကြာလာတော့ အကျင့်ပါပြီး နေသားတကျ ဖြစ်သွားတယ်။

ဒါပေမယ့် နောက်ဆုံး ဖြစ်ခဲ့တဲ့ ကိစ္စကျတော့ အရင်ဖြစ်ရပ်တွေနဲ့ မတူဘူး။ သူ့အနေနဲ့ စတင်ပြီး ကသိကအောက် ခံစားလာရတယ်။

တမနက် သူ ရုံးအသွားမှာ “ထိုက်ကျိ” အားကစားလုပ်နေတဲ့ အန်ကယ်လ်ကြီးတွေ၊ အန်တီကြီးတွေ အနားက ဖြတ်သွားရတယ်။ ခါတိုင်းမနက်တိုင်းလည်း အဲသည်နေရာက သူဖြတ်သွားနေကျပါ။ အဲဒီနေ့မှာ ထူးထူးခြားခြား အန်ကယ်လ်ကြီးတွေ၊ အန်တီကြီးတွေရဲ့ အကြည့်က သူ့ကိုယ်ပေါ်က တနေရာပေါ်မှာ စုပြုံကျရောက်နေတယ်လို့ သူ စိတ်မသိုးမသန့် ခံစားရတယ်။ ဒါနဲ့ သူ့တို့ အားကစားလုပ်တဲ့နေရာကို ကျော်လွန်အောင် အမြန်ဖြတ်လျှောက်ပြီး သူတို့ကွယ်သွားတာနဲ့ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တဲ့အခါ ဘောင်းဘီဇစ်ကို ဆွဲတင်ဖို့ မေ့နေခဲ့တာကို သိလိုက်ရပြီး ရှက်စိတ်နဲ့ သူ့မျက်နှာတခုလုံး မွှန်ထူသွားတယ်။

အဲဒီနောက်ပိုင်းမှာ အိမ်က အထွက်၊ အိမ်သာက အထွက်တို့မှာ ဘောင်းဘီဇစ်ကို ညာလက်နဲ့ စမ်း စမ်းကြည့်ပြီး စစ်ဆေးတတ်တဲ့ အကျင့်တခုပါ သူ့ဆီမှာ တိုးလာခဲ့တယ်။ ဇစ်အပေါ်ရောက်နေတာကို စမ်းသပ်မိနေပါလျက်နဲ့ သူ့စိတ်ထဲမှာ မကျေနပ်နိုင်ဘူး။ ဇစ်ကို အောက်နည်းနည်းရောက်အောင် ပြန်ဆွဲချပြီး ရွှိကနဲ အပေါ်ကို ပြန်ဆွဲတင်လိုက်ရမှ နေသာထိုင်သာရှိပြီး စိတ်ဒုန်းဒုန်းကျသွားတယ်။

အဲသည် အကျင့်က သူ့ကိုတော်တော် ဒုက္ခပေးတဲ့ အကျင့်ဖြစ်နေတာကိုလည်း မကြာခင်မှာဘဲ ထိတ်လန့်စဖွယ် သူသိလိုက်ရတယ်။

ဥပမာ…. သူဟာ မီးပွိုင့်မှာ ကားလမ်းကူးနေတယ် ဆိုပါတော့။ ရပ်ထားတဲ့ ကားတွေရှေ့က ဖြတ်သွားတုန်းမှာ သူ့ခေါင်းထဲကို “ဘောင်းဘီဇစ် ပွင့်နေသလား” ဆိုတဲ့ အတွေးဝင်လာရင် လမ်းတဖက် ရောက်တဲ့အထိ သူမစောင့်နိုင်တော့ဘူး။ လက်တဖက်က အလိုလို ဘောင်းဘီဇစ်ဆီကို ရောက်သွားပြီး တချက်လောက် ဖွင့်လိုက် ပြန်ဆွဲလိုက် လုပ်တတ်တယ်။ ရှေ့တည့်တည့်က မြင်ရသူတွေအဖို့ကတော့ သူတို့ကို မဖွယ်မရာ ပြုလုပ်ပြတယ် ထင်ကြမှာပဲ။ ရပ်ထားတဲ့ ကားပေါ်က လူတွေက သူ့ကို ကြည့်နေမယ်မှန်းသိတော့ သူ့စိတ်ထဲ ပိုပြီး ကသိကအောက်ဖြစ်ရတာပေါ့။

စိတ်ထဲမှာ တော်တော် မသက်မသာ ခံစားရတာ မှန်ပေမယ့် ဒီရောဂါကို စိတ်ကုဆရာဝန်နဲ့ သွားပြရာမှာကိုကျတော့ သူက ရှက်နေပြန်တယ်။ နေ့တွေ၊ လတွေ၊ နှစ်တွေ တဖြည်းဖြည်း ကုန်လွန်လာခဲ့တယ်။ သူကတော့ ဇဝေဇ၀ါဖြစ်ရပ်တွေနဲ့ နပန်းလုံးပြီး ကသိကအောက်ဖြစ်မှုကို ကျိတ်ခံဆဲ၊ တောင့်ခံနေဆဲ။

ဒီလိုနဲ့ တရက်မှာတော့ သူ့အလုပ်နဲ့ပတ်သက်လို့ ပရော့ဂျက် Presentation လုပ်ဖို့ တာဝန်တခုကျလာတယ်။ သူတို့ရဲ့ ဖောက်သည်ကုမ္ပဏီက လူကြီးတွေရော၊ သူတို့ ကုမ္ပဏီက လူကြီးတွေရော၊ အစိုးရဌာနတွေက ဖိတ်ကြားထားတဲ့ အရာရှိကြီးတွေပါ စုံညီတက်ရောက်ကြတဲ့ပွဲပေါ့။ သည်ပွဲဟာ အရေးကြီးတဲ့ပွဲ၊ သည်တော့ သူ့အနေနဲ့ နည်းနည်းပါးပါး စိတ်လှုပ်ရှားမှုတော့ ရှိတာပေါ့။

Presentation လုပ်ဖို့ အချိန်မကျခင်လေးမှာ အိမ်သာဝင်ပြီး ၀ိတ်လျှော့တာတွေ ဘာတွေ ကြိုလုပ်ထားရတယ်။ လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်တွေက အိမ်သာထဲမှာ တွေ့တော့ “ကြောက်သေး၊ ကြောက်သေး” လို့တောင် နောက်လိုက်ကြသေးတယ်။

သည်လို နဲ့ အစီအစဉ် စတဲ့အခါ သူ့ရဲ့ ဘော့စ်က ပရော့ဂျက်နဲ့ပတ်သက်လို့ မိတ်ဆက်စကားပြောကြားပေးပြီး သူ့အနေနဲ့ Presentation လုပ်ပေးဖို့ အလှည့်ကျလာတယ်။

ဒီလောက်အထိ မကြီးကျယ်ပေမယ့် အရင်ကလည်း Presentation လုပ်ခြင်းနဲ့ သိပ်မစိမ်းလှဘူးဆိုတော့ သူ့အတွက် အခက်အခဲမရှိလှပါဘူး။ သူ့အလုပ်ကို သူကျွမ်းကျင်တာပဲ။ သူပြောစရာရှိတာတွေကို ချောချောမွေ့မွေ့ နိုင်နိုင်နင်းနင်း ပြောသွားနိုင်တယ်။ အောက်မှာ ထိုင်နေတဲ့ ဘော့စ်ကလည်း ကျေနပ်အားရတဲ့ မျက်နှာပေးနဲ့ မျက်လုံးချင်းဆုံမိတိုင်းမှာ ခေါင်းကို ဆတ်ဆတ်ပြပြီး အားပေးနေတာတွေ့ရတော့ သူ့အနေနဲ့ အထူးအားတက်မိတာပေါ့။

Presentation ပြီးလို့ အဆုံးမှာ အောက်က မေးခွန်းတွေကို ပြန်လှန်ဖြေရတဲ့ အချိန်ကို ရောက်လာတယ်။ မေးခွန်းတခုနှစ်ခုကို ဖြေပြီးစအချိန်မှာ သူ့ခေါင်းထဲကို မဆီမဆိုင် “အိမ်သာဝင်တုန်းက ဘောင်းဘီ ဇစ်ကို ပြန်ဆွဲတင်ခဲ့ရဲ့လား” ဆိုတဲ့ အတွေးကြီး ရုတ်တရက် ၀င်လာတယ်။ လူအများရှေ့ စင်မြင့်ပေါ်မှာ သူလုပ်နေကျ အပြုအမူကိုလုပ်လို့ လုံးဝ မသင့်လျော်ဘူးဆိုတာ သူကောင်းကောင်းနားလည်တယ်။ ဒါပေမယ့် နားလည်တာက တခြား၊ စိတ်ရဲ့ စေ့ဆော်တိုက်တွန်းမှုနဲ့ နှစ်ရှည်လများ စွဲမြဲလာခဲ့တဲ့ အကျင့်တခုကို မလုပ်ဘဲ တောင့်ခံရတာက တခြားမဟုတ်လား။ ဒီတော့ သူ့မှာ စိတ်ကျဉ်းကြပ်ပြီး ချက်ချင်းဆိုသလို ဇီးကင်းလောက် ချွေးသီးချွေးပေါက်ကြီးတွေ နဖူးပေါ်မှာ သီးလာတယ်။ ၀တ်ထားတဲ့ ရှပ်အင်္ကျီမှာလည်း ချွေးကွက်ကြီးတွေ ချက်ချင်းဆိုသလို ပေါ်လာတယ်။ အောက်က မေးခွန်းတွေကိုလည်း ကြားတချက်၊ မကြားတချက်။ ဖြေတာတွေကလည်း အိုးနင်းခွက်နင်း။ လမိုင်းမကပ်တော့ဘူး။

အောက်က ပရိသတ်ကလည်း အစပိုင်းမှာ ဒီလောက်ကောင်းလာခဲ့ပြီး ပြီးကာနီးမှ သူဘယ်လို ဖြစ်သွားသလဲဆိုတာကို ရုတ်တရက် နားမလည်နိုင်ကြဘူး။ အားလုံးရဲ့ အကြည့်တွေဟာ သူ့အပေါ်မှာ စုပြုံလာပြီး သို့လောသို့လော အရိပ်အယောင်တွေကို မြင်လာရတယ်။ ဘော့စ်ရဲ့ မျက်နှာပေါ်မှာလည်း အံ့အားသင့်ခြင်း၊ မယုံနိုင်ခြင်း၊ စိတ်ပျက်ခြင်းတွေ အထင်းသားပေါ့။ နောက်ဆုံးမှာတော့ သည်အနေအထားကို ဆက်လက် ခံစားနိုင်စွမ်း သူ့ဆီမှာ ကုန်ဆုံးသွားတယ်။

ဖြစ်ချင်ရာဖြစ် သဘောပိုက်ပြီး ညာဘက်လက်က ကိုင်ထားတဲ့ လေဆာပွိုင့်တာလေးကို မိုက်ကရိုဖုန်းကိုင်ထားတဲ့ ဘယ်လက်ထဲ ပြောင်းရွှေ့ကိုင်လိုက်ကာ သူ့ရဲ့ ညာဖက်လက်ဟာလည်း ဘောင်းဘီဇစ်ဆီကို ရောက်သွားပြီး………………..။

14 comments:

Anonymous said...

because of RA minded too much..

Anonymous said...

Ko Paw.....I also have that kind of problem ,but not as serious as you have. Before I go out, I have to check at least two times whether I have turned off the stove , plugged off the iron and locked all the doors. If I was not so sure,I have to drive back home and checked again. That sometimes makes me think that I am suffering from short term memory loss or paranoia. The thing is - you are not alone.

Rita said...

အဲဒါ တကယ်ပဲ ကိုပေါလား

Rocker said...

ကိုပေါ ရေးထားတဲ့စတိုင် တော်တော်ကောင်းတာပဲ။

ကိုပေါဆံပင်ညှပ်ခြင်းလည်း မဆိုးပါဘူး။

ဒါပေမယ့် ရေးသားပုံအရ အခု လက်ရာလေးကို ပိုပြီး သဘောကျ နှစ်ခြိုက်မိပါတယ်။

ဝင်းဖေ ဝတ္တုတိုလေးတွေကိုတောင် သတိရသွားတယ်။

ဒါမျိုးလေးတွေလည်း မကြာမကြာရေးပါဦးဗျာ။



ကျန်မာပါစေ။

စာဖတ်သူ

ကိုလူထွေး said...

ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်...

ဒါမျိုး တကယ်ဖြစ်ရင် ဘီလိုလုပ်မီလဲ...

းဝ)

မိုးတိမ်ညို said...

ရေးထားတာလေး တော်တော်ကောင်းပါတယ် ကိုပေါရေ ဒါမျိုးလေးတွေရေးပါဦး။

Nge Naing said...

ကိုပေါ
ကိုပေါတယောက်တည်း ဖြစ်တာမဟုတ်ဘူး။ ကျွန်မလည်း အိမ်မှာ ဟင်းအိုးနွေးပြီး မီးပိတ်ခဲ့တာကို လုံးဝသတိမရလို့ မပိတ်ခဲ့ဘူးထင်ပြီး ကျောင်းသွားတဲ့ လမ်းတ၀က်ကနေ ရထားထဲကဆင်းပြီး အိမ်ပြန်တဲ့ရထားနဲ့ ပြန်လှည့်လာဖူးတယ်။

Nge Naing said...

ကိုပေါ
ကိုပေါတယောက်တည်း ဖြစ်တာမဟုတ်ဘူး။ ကျွန်မလည်း အိမ်မှာ ဟင်းအိုးနွေးပြီး မီးပိတ်ခဲ့တာကို လုံးဝသတိမရလို့ မပိတ်ခဲ့ဘူးထင်ပြီး ကျောင်းသွားတဲ့ လမ်းတ၀က်ကနေ ရထားထဲကဆင်းပြီး အိမ်ပြန်တဲ့ရထားနဲ့ ပြန်လှည့်လာဖူးတယ်။

Anonymous said...

ကိုပေါ..

ဘောင်းဘီ problem မဖြစ်ခင်အထိ အတူတူပဲ..:(

Anonymous said...

u can treat this disease by taking drugs..

Su said...

ကိုဒီဘီ post ထဲကလိုဖြစ်ရင် မတွေးရဲစရာဘဲ

ထက်ထက် said...

ကိုပေါ.
ဘာလုပ်လုပ် သတိလေးထားကြည့်ပြီး လုပ်ပါလား..
တဖြည်းဖြည်း ကိုယ့်စိတ်ကို ကိုယ်ယုံကြည်လာအောင် လေ့ကျင့်ပါ.သတိလက်လွတ်ဖြစ်နေလို့ စိတ်ဝေဒနာဖြစ်နေတာ.အဟိ ဆရာလုပ်ကြည့်တာ.

myat said...

yes me too .. i also have that problem :( help ... sometime very troublesome

ကိုကြီး said...

Body and soul
စိတ် နဲ. ကိုယ် နဲ. မကပ်ကြတဲ. အချိန် မှာ အဲလို ဖြစ်တတ်ပါတယ် ။ ။ ဘယ်အချိန် မှာ ဘာကြောင်. မကပ်တာလဲ ဆိုတာ သတိလေးထားပီး...သက်ဆိုင်ရာ ဘာသာရေး နဲ.ထိမ်း ကြမယ်ဆိုရင် ၊ ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs