“အလှူခံ အသံချဲ့စက်”


ငယ်ငယ်က ရွာမှာ အလှူခံ အသံချဲ့စက်တွေ မပြတ်လာလေ့ရှိတယ်။ များသောအားဖြင့် ဘာသာရေးနဲ့ ပတ်သက်တဲ့ အလှူခံတွေပါ။ ဘယ်ဘုရားရဲ့ဝေယျာစ္စအလှူတော်ငွေ၊ ဘယ်ဘုရားကြီးပြုပြင်ရန် စသဖြင့်ပေါ့ဗျာ။

အလှူခံတွေကို ဒိုင်ခံလိုက်ပေးနေတဲ့ အသံချဲ့စက်ဆရာတွေလည်း ရှိတယ်။ ကုန်းဇောင်းက စောမြရတနာ အသံချဲ့စက်တို့၊ ဆေးရောင်းတဲ့ သဘာဝစန္ဒာ အသံချဲ့စက်တို့။ အသံချဲ့စက်တွေမှာလည်း နာမည်ရှိတယ်။ သတ္တုအော်လံပေါ်မှာ ဆေးသားနဲ့ ထင်းနေအောင် ရေးထားတာ။

အလှူခံတခု ရွာကိုရောက်တာနဲ့ အသံချဲ့စက်ဆရာတွေက အလကားမတ်တင်း တည်းခိုလို့ရတဲ့ ဇရပ်မှာ စတည်းချကြတယ်။ ဇရပ်နံဘေးက မန်ကျည်းပင်မြင့်မြင့်ကြီးအထက်မှာ အော်လံနှစ်ခုကို တောင်ဖက်တလုံး မြောက်ဖက်တလုံး လှည့်ချိတ်လိုက်ရင် သူတို့လုပ်ငန်းစလို့ရပြီ။ ပြီးတာနဲ့ မေရှင်ရဲ့အောင်ခြင်းရှစ်ပါး သီချင်းတို့၊ ချိုပြုံးရဲ့“ချမ်းမြေ့ ချမ်းမြေ့ပါစေ၊ ဖေဖေလည်း ချမ်းမြေ့ပါစေ၊ မေမေလည်း ချမ်းမြေ့ပါစေ၊ သားသမီးလည်း ချမ်းမြေပါစေ” ဆိုတဲ့ သီချင်းမျိုး၊ မာမာအေးရဲ့“သီတာရေစင်ပမာ၊ တသွင်သွင် စီးကျလေတာ” စတဲ့ သီချင်းမျိုးတွေ စဖွင့်တယ်။

ကျနော်တို့ရွာကလူတွေဟာ သူ့ဟာသူ အခကြေးငွေနဲ့ အငှားလိုက်လာတဲ့ အလှူခံအသံချဲ့စက်ဆရာကို ရေနွေးကြမ်းတို့၊ လက်ဖက်တို့ သွားပို့တတ်ကြသေးသဗျာ။ အံ့ရော။ ရွာမှာ ဘုရားပွဲရှိလို့ ဇာတ်ပွဲတွေ လာက ရင်လည်း ဇာတ်သမား(မင်းသား၊ မင်းသမီး၊ လူရွှင်တော်)တွေကို အိမ်မှာ ထမင်းဖိတ်ကျွေးတာတို့၊ ရေနွေးကြမ်းနဲ့အချိုပွဲတွေ ခေါ်ကျွေးတာတို့ လုပ်တတ်ကြသေးသဗျား။ ရွာထဲက အပျိုတွေ ဇာတ်မင်းသားကို ငန်းချင်တဲ့ သဘောလည်း ပါတာပေါ့။ အဲဒီ အထဲမှာ ကျနော့် အစ်မဝမ်းကွဲတွေလည်း ကဲကဲလှုပ် ထိပ်ဆုံးက ပါတယ်။

အသံချဲ့စက်သံဟာ ဘယ်လောက်ကျယ်သလဲဆိုတော့ ရွာထဲက လူတွေ အားလုံးကြားရရုံမက၊ လယ်ထဲ ကိုင်းထဲမှာ အလုပ်လုပ်နေတဲ့လူတွေတောင် သဲ့သဲ့လောက်တော့ ကြားရတယ်။ အဲဒီခေတ်က  ရေဒီယိုတို့၊ ကက်ဆက်တို့ဆိုတာ ရွာထဲမှာ ငွေကြေးချမ်းသာသူအချို့ပဲ တတ်နိုင်ကြတာဆိုတော့ အများစုက ကိုယ်နားထောင်ချင်တဲ့သီချင်းကို အသံချဲ့စက်ဆရာဆီမှာ သွားတောင်းဆိုကြတာပေါ့။ အသံချဲ့စက်ဆရာဟာ ခေတ်အခေါ်အဝေါ်နဲ့ပြောရရင် ဒီဂျေ ပေါ့ဗျာ။

မေဆွိခေတ်မှာ…
“ငယ်သူငယ်ချင်းလို ခင်နေတာလေး… ရင်မအေးဘူးလားဟယ်…. တို့များကလေးပါဟယ်… တို့နင့်ကိုခင်ပါတယ်ဟယ်… တို့နင့်ကို မမုန်းပါဘူးဟယ်…” ဆိုတဲ့ သီချင်းမျိုး၊

“ပုစွန်ဆိတ်ကလေး ဘယ်လိုငယ်… ပင်လယ်ကူးတတ်တယ်…ချစ်သမုဒ္ဒရာကြီး ဘယ်လိုကျယ် ကူးတတ်ပါတယ်… ချစ်ဇွဲအံ့လောက်တယ်” ဆိုတဲ့ သီချင်းမျိုးတွေ ဖွင့်လာတယ်။

လွှမ်းမိုးရဲ့ပြန်ဆိုတေးတွေ ခေတ်စားလာပြန်တော့…

“ မိုးမြင့်ယံထဲ… ပျံဝဲတဲ့ လေတံခွန်လေးကိုကြည့်ကာ… အသိတရားတခု ရလိုက်ပါပြီကွယ်” ဆိုတဲ့ နှောင်ကြိုးမဲ့လေတံခွန် သီချင်းတို့၊ “သြော်…ဝေါ်… ဟိုအစ်ကိုကြီးရဲ့…မခင်နှင်းဆီ” ဆိုတဲ့ သီချင်းတွေ လှိုင်လှိုင်ကြားရပြန်တယ်။

အဲ… ကျနော်ဇာတိက မကွေးတိုင်းဆိုတော့ မကွေးမြို့ခံ အဆိုတော် အောင်သူရဲ့…“ ကြာပြီ… မေ့မရနိုင်သူ အဖို့တော့…. မနေ့ကလိုပဲ ထင်သည်… ဝေးကြတော့ ဆွေးရပါပြီ” အစချီ မကွေးမြို့က နေရာတော်တော်များများကို သီချင်းထဲ ထည့်စပ်ထားတဲ့ သီချင်းမျိုးလည်း ဟိုနားသွား ဒီနားသွား ကြားရတတ်ပါတယ်။ မကွေးသူ နီနီဝင်းရွှေရဲ့… “ဒီလိုလေမျိုး ချိုးပြီဆို….  အန္တရာယ်ကင်းအောင် ရွယ်တူဖြစ်ပစေ… ကြိုတင်ကာ တားဖို့… ဦးလေးကြီးလို့…. ခေါ်ထားမှ ဘရိတ်အုပ်မယ်…. ဦးလေးကြီး… (ဒန့် ဒန့် ဒန့်)” ဆိုတာမျိုးက မကြားချင်အဆုံး။

တေးသံရှင် အနိုင်ရဲ့ “သြော…မောင်တို့ အညာမှာ တမာပင်တန်းတွေနဲ့… ထန်းပင်ထန်းတော… လွမ်းမောစရာပဲ ရွှေဂုံသူရဲ့ရွှေဂုံသူရယ်… ရန်ကုန်မြို့ကြီးကိုတဲ့…. ယောင်လည်လည် ရောက်လာခဲ့တယ်… မျက်လုံးလေးကလယ် ကလယ်… မျဉ်းကြားမကူးလို့  ရုတ်တရက်ဖမ်းကာ… ဒဏ်ရိုက်ခံရတယ်… ကားမှားစီးလို့ ရှက်စဖွယ်မျက်နှာငယ် လှောင်ပြုံးခံရတယ်…” ဆိုတဲ့ သီချင်းကလည်း အညာသားတောသားတွေ သည်းခြေကြိုက် သီချင်းတပုဒ်ပေါ့ခင်ဗျာ။

သီချင်းတွေနဲ့ ဖျော်ဖြေရတာ များလာရင် အသံချဲ့စက်ဆရာက ကက်ဆက်တိတ်ခွေ ဇာတ်လမ်းတွေ ပြောင်းပြီး ဖွင့်ပြပြန်ပါလေရော။

“ကိုသိန်းတန် ကိုသိန်းတန်… စိုး..သဘောင်္ပေါ်ကို တက်ခဲ့မယ်” ဆိုတဲ့ တွံတေးသိန်းတန်ရဲ့ စိုးမိုးမေတ္တာ ဇာတ်လမ်း။

ဒါမှမဟုတ်…

“အစ်ကိုကြီးရေ၊ ပျော်ရဲ့လားဟင်”
“အင်း”
“ဟင့်အင်း၊ ဟင့်အင်း… အဲဒီ “အင်း”ကြီးကို ယု မကြိုက်ဘူး။ ပျော်လိုက်ထှာကွာ..လို့ ပြော”

ဆိုတဲ့ ယုတို့၊ ဘခက်တို့၊ အောင်ဘော်တို့ရဲ့ ဇာတ်လမ်း။

ဒါမှ မဟုတ်….

“ကျုပ်သူတော်ကောင်းမဟုတ်လို့ ဒမြဗိုလ်လုပ်စားနေတာပေါ့ဗျာ၊ ဒီမှာ ကျုပ်နာမည် ဘုရားဒကာ ဦးအောင်ဒင်လား… ဒမြခေါင်းဆောင် ဗိုလ်အောင်ဒင်လား… ဟွန်းဟွန်းဟွန်းဟွန်း… မေးမှ မေးရက်ပလေဗျာ” ဆိုတဲ့ ဂီတစာဆို မောင်ကြေးမုံ ပြန်လည်ဆန်းသစ်သော (ပြည်သူ့အချစ်တော် အကယ်ဒမီကောလိပ်ဂျင်နေဝင်း ပါဝင်သရုပ်ဆောင်တဲ့) ဗိုလ်အောင်ဒင်ပြန်လာပြီ ဇာတ်လမ်း…

“ဆရာဆိုတာ… စေတနာရယ်၊ ဝါသနာရယ်… အနစ်နာရယ်…” ဆိုတဲ့ ဘီအီးဒီအောင်သိုက်ရဲ့ဇာတ်လမ်းတွေတို့ကို ထပ်တလဲလဲ မရိုးတမ်း ဖွင့်ကြပါတယ်။

အဲ ရွာထဲက သဒ္ဓါကြည်လင် ပါရမီရှင်တွေကလည်း အလှူငွေများ သွားရောက် ထည့်ဝင်ကြပါတယ်။ ဒီတော့ နှစ်နာရီ တခါလောက်… အသံချဲ့စက်ဆရာက သူ့ရဲ့ဖျော်ဖြေမှုတွေကို ရပ်ဆိုင်းပြီး အလှူရှင် စာရင်းကို ကြေညာရတယ်။

“ဦးအေးမောင်၊ ဒေါ်ခင်ကြည် မိသားစုကလည်း ပုဗ္ဗ၊ မုံစ၊ ပရ စေတနာ သုံးတန်ပြဋ္ဌာန်းပြီး သကာလ နိဗ္ဗာန်ကို ရည်စူးပြီး ပါဝင်လှူဒါန်းတာကတော့ အလှူတော်ငွေ နှစ်ကျပ်”

“ဦးဖိုးခွေးနဲ့ဒေါ်သင်းကြည်တို့ရဲ့သားသမီးရတနာ ပထမတန်း ကျောင်းသားလေး မောင်ကြည်ခွေး က စေတနာ သဒ္ဒါတပ်အားနဲ့ နည်းများမဆို ပါဝင်လှူဒါန်းလိုက်တာကတော့ အလှူတော်ငွေ ဆယ်ပြား”

စသဖြင့်ပေါ့။

ရှစ်တန်းကျောင်းသားအရွယ်မှာ  ကြီးကောင်ဝင်စပြုလာတဲ့ ကျောင်းသားတချို့ မဟုတ်တယုတ် စ လုပ်စပြုလာတယ်။ အလှူခံအသံချဲ့စက်ဆရာဆီမှာ အတန်းတူကောင်မလေးတွေ နာမည်နဲ့ သွားလှူကြတယ်။

“ဦးပေါ်ဦး၊ ဒေါ်တင်ရီတို့ရဲ့သမီးငယ် ကျောင်းသူကလေး မမိုးမိုးက စေတနာ သဒ္ဓါထက်သန်စွာ လှူဒါန်းသွားတာကတော့ အလှူတော်ငွေ တမတ်” ဆိုတာမျိုး အသံချဲ့စက်က ကြားလာရတတ်တယ်။ နောက်တရက်တော့ အဲသည်ကလေးမ မျက်နှာ စူပုပ်ပြီး ကျောင်းလာတာမြင်ရင် ဟိုကောင်တွေ တဟိဟိနဲ့ ကျိတ်ရယ်ကြတယ်။

တကယ်တော့ ရွာမှာ လာအလှူခံတဲ့ အလှူခံတွေဟာ ဘာအတွက် အလှူခံတယ်ဆိုတာ ရွာသားတွေကြည့်ရတာ သိပ်စိတ်ဝင်စားပုံ မပေါ်ဘူး။ အလှူခံရောက်တယ်ကြားတာနဲ့ ဇရပ်မှာ သွားလှူကြတာပဲ တွေ့ရတယ်။ ဟိုက ဖြတ်ပိုင်းလည်း ပေးတာမဟုတ်။ အလှူရှင်စာရင်း အော်ဖတ်ပြလို့ရအောင် စာရင်းစာအုပ်ကလေးထဲမှာ နာမည်နဲ့ငွေ တွဲမှတ်တာလောက်ပဲ။ ဒီငွေတွေကို ဘယ်လောက်ရလဲ၊ ဘယ်ရောက်သွားသလဲ… ဘယ်သူမှ စာရင်းစစ်တာ မတွေ့ရဘူး။ ဘယ်သူမှလည်း စိတ်ဝင်စားဟန်မပြ။ အလှူခံရွာက ပြန်သွားတာနဲ့ ပြီးသွားရော။

ဒီကနေ့ မြန်မာအစိုးရလည်း ငယ်ငယ်က ရွာကိုလာတဲ့ အလှူခံအသံချဲ့စက်တွေလိုပါပဲ။ မန်ကျည်းပင်ထိပ်က အော်လံကြီးနှစ်ခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်ကတဆင့် တကမ္ဘာလုံးကြားအောင် ပြုပြင်ပြောင်းလဲရေး ဇာတ်ထုတ်တွေ၊ သီချင်းတွေ မနားတမ်း ဖွင့်ပြနေတယ်။ သူတို့ကို ထောက်ခံသူတွေကလည်း ကျနော်တို့ ရွာက အလှူငွေထည့်တဲ့ ရွာသားတွေလိုပါပဲ။ ဘာမှ မေးခွန်းထုတ်ခြင်းမရှိ၊ စာရင်းစစ်ရန်လည်း စိတ်မဝင်စား။ ပွင့်လင်းမြင်သာတဲ့အပြောင်းအလဲတွေ တကယ်ဖြစ်မဖြစ် ဘယ်သူမှလည်း ဆန်းစစ်ကြည့်ရန် စိတ်ပါပုံမရ။ အလှူခံအသံချဲ့စက်ကို ရွာသားတွေ အားပေးသလိုမျိုးနဲ့ အားပေးနေကြတာကို တွေ့ရပါတယ်။

ဒီတော့ ငယ်ငယ်က အလှူခံအသံချဲ့စက်က ဖွင့်တဲ့ ရွှေမန်းတင်မောင် သီချင်းလေးတပုဒ်ကိုပဲ အသားကုန် ဟစ်ဆိုလိုက်ချင်ပါတော့တယ်။

“ဇဗ္ဗူတဝှမ်းမှာ လှူဒါန်းမယ့်သူတွေ…. အောင်ပါစေ…”

ကိုပေါ။
၃.၁၀.၂၀၁၂
Read more

နိုင်ငံရေးမူ ခိုင်ခိုင်မာမာမရှိသူတွေကို မျက်စိမှိတ် ထောက်ခံခြင်းရဲ့ အန္တရာယ်

ရေးသူ….. ကိုဝတုတ်

စကားကျွံ နှုတ်မရဆိုပေမယ့်လည်း ထွေးပြီးသား ပြန်မြိုတာ ထုံးစံလို ဖြစ်လာနေတဲ့၊ ဘာမူမှ ရှိပုံမရတဲ့ အန်အယ်ဒီလို အဖွဲ့အတွက်ကတော့ စကား ကြိုက်သလောက်ကျွံပါစေ၊ နိုင်ငံရေး သိက္ခာကို မည်ကာမတ္တ ရပ်တည်ခွင့်နဲ့ လဲဖို့ ဝန်မလေးတာကို တခါ ထပ်တွေ့ ခဲ့ရပြန်ပါပြီ။ တကယ်တော့ အန်အယ်ဒီမှာ ဘာမူမှ မရှိဘူးလို့ ပြောတာထက် စစ်အုပ်စု ပေးသလောက်ကိုသာ ယူရေးဆိုတဲ့ မူကို လက်ကိုင် ပြုထားတာလို့ ပြောတာ က ပိုမှန်မယ်ထင်တယ်။

တကယ်ဆို လွှတ်တော်ကို ဝတ်ကြေ တန်းကြေ ကိုယ်စားလှယ် သုံးယောက်ပဲ လွှတ်ပြိုင်လည်း အန်အယ်ဒီ တရားဝင် ရပ်တည်ခွင့် မပျက်ပါဘူး။ တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ရဖို့ အစိုးရ သတ်မှတ်ထားတဲ့ အနည်းဆုံး လိုအပ်ချက်လောက်ကိုပဲ ဖြည့်ဆည်းပြီး ကိုယ်ရထားတဲ့ ထောက်ခံမှုတွေကို လယ်သိမ်းခံရတဲ့ လယ်သမားတွေ အတွက် အစိုးရက မျှမျှတတ ဆောင်ရွက်ပေးအောင် ပြည်သူလူထုနဲ့ အတူတောင်းဆိုတဲ့ လုပ်ရပ်လို လုပ်ရပ်မျိုးတွေမှာ အသုံးချသင့်တာပေါ့။ မြန်မာနိုင်ငံ တဝှမ်းမှာ စစ်အုပ်စုရဲ့ မတရား အနိုင်ကျင့်ခံရတဲ့ ပြည်သူတွေဘက်က ရပ်တည်ပေးဖို့ သူ့လို့ ပုဂ္ဂိုလ်တယောက် လိုအပ်နေတာ ဆယ်စုနှစ်နဲ့ကို ချီနေပြီ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံမှာသာကြီးတယ်၊ အနောက်နိုင်ငံက အတုယူစရာ ကောင်းတဲ့ လုပ်နည်း လုပ်ဟန်တွေကို ဒီတိုင်းပြည်ကို သယ်လာတာမျိုး မတွေ့ရဘူး။ မြန်မာနိုင်ငံက စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖူလုံရေး စသဖြင့် အရေးပေါင်းစုံမှာ မတရားမှုတွေရှိနေတာဟာ အခြေခံက နိုင်ငံရေး ပြဿနာဖြစ်တယ်၊ ဒီလို နိုင်ငံရေး ပြဿနာကို သူက နိုင်ငံရေးနည်းနဲ့ ရှင်းဖို့ မကြိုးစားဘူး။ ဆိုလိုတာက ဒီမတရားမှုတွေဟာ အစိုးရရဲ့ လစ်ဟင်းမှုတွေကြောင့် ဖြစ်တာမို့ အစိုးရကို တိုက်ရိုက်ရင်ဆိုင် တောင်းဆိုတဲ့ နည်းနဲ့ ဖြေရှင်းရမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီလိုနည်းတွေကို ကျင့်သုံးရင် အစိုးရ ငြိုငြင်မှာကို စိုးရိမ်ပုံရတယ်။ ဒါ့ကြောင့် အစိုးရနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ပြီး အင်ဂျီအိုအဆင့် နိုင်ငံရေးသမားဘဝကို ကျေကျေနပ်နပ် ခံယူနေတယ်။ မတရားတဲ့ အမိန့် အာဏာတွေကို မတရား ရေးဆွဲထားသူတွေ ချပေးထားတဲ့ ခွင်ထဲကပဲ ပြင်ဖို့ မဖြစ်နိုင်တာကို ခုကျမ်းကျိန်စာသား ကိစ္စမှာ အထင်းသား တွေ့ခဲ့ရပြီ။ ဒီတော့ လက်ရှိ သုံးနေတဲ့ အင်ဂျီအို နိုင်ငံရေးပုံစံနဲ့ဆို ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ ပြဿနာတွေကို အခြေခံ ကျကျ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ့် အစဉ်အလာကို ချနိုင်မှာ မဟုတ်ဘူး။ တဘက်မှာ ပြည်သူလူထုရဲ့ နိုင်ငံရေးနည်းကို အယုံအကြည်ရှိမှုကိုပါ အထင်မှား အမြင်မှားမှုတောင် ဖြစ်စေနိုင်တယ်။ ကျနော်တို့အထင် ဒေါ်အောင်ဆန်းစုကြည်ကို ပီပြင်တဲ့ နိုင်ငံရေးသမား ပုံစံမပေါ်စေဘဲ အင်ဂျီအိုအဆင့် နိုင်ငံရေးသမား အဆင့်လောက်ကနေ တက်မလာအောင် အစိုးရက သူတို့ရဲ့ ဒလန်တွေ၊ အလံရှုးတွေကို ဆိုရှယ်မီဒီယာတွေကတဆင့် အစီအစဉ်ရှိရှိ လုပ်နေတယ်လို့တောင် ယူဆစရာ ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးထက် ဖက်ရှင်ကို အသားပေးနေကြသလို နိုင်ငံရေးသမား တယောက်ကို နိုင်ငံရေး သမားတယောက်လို ဆက်ဆံ ဝေဖန်ပြောဆိုတာထက် ရုပ်ရှင်မင်းသမီး တယောက်လို မြင်လာအောင် လမ်းကြောင်းချပေးနေ တာတွေဟာ စစ်အုပ်စုရဲ့ အကြံအစည်တွေ မဟုတ်ဖူးလို့ ဘယ်သူပြောမလဲ။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂန္ဓီရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လမ်းစဉ်ကို ယုံကြည်တယ် သာ ဆိုတယ်၊ တကယ့် လက်တွေမှာတော့ ဂန္ဓီလို လူထုလှုပ်ရှားမှုကို အခြေခံတဲ့ အကြမ်းမဖက် အာဏာ ဖီဆန်ရေး လမ်းကြောင်းကို ပစ်ပယ်ပြီး ဟစ်တလာ အလိုဖြည့်ပေးတဲ့ ချိန်ဘာလိန် လမ်းစဉ်ကို ကျင့်သုံးနေတာ ကိုသာ မြင်နေရတယ်။ အာဏာရှင်နဲ့ ထိပ်တိုက်တွေ့အောင် မလုပ်မိဖို့ ကိုယ့်ဘက်က လျှော့ ရတာ ဘယ်နှစ်ကြိမ် ရှိပလဲ။ ၈၉ အာဇာနည်နေ့၊ ကိုးဆယ် ရွေးကောက်ပွဲ၊ ခု ကျမ်းကျိန်စာသား ကိစ္စ။ ဘယ်မှာ ဆုံးမလဲ။ ဒီအတိုင်သွားနေရင်  နောက်ဆုံး ၂၀ဝ၈ ဖွဲ့စည်းပုံကို မပြင်တော့ပါဘူးလို့ ထုတ်ပြောတဲ့အဆင့်ကို တနေ့မဟုတ် တနေ့ ရောက်လာစရာရှိတယ်။

တကယ်တော့ ကျမ်းကျိမ်စာသား ကိစ္စကို စကတည်းက သူတို့ သေချာ မလေ့လာခဲ့လို့ ခုလို နိုင်ငံရေး သိက္ခာ ကျပြီးရင်း ကျရတဲ့ အဖြစ်ကို ကြုံရတာပဲ။ သူ့နိုင်ငံရေး သိက္ခာကျရုံသက်သက်တင်မဟုတ်ဘဲ ပြည်သူလူထုကိုပါ အကြိမ်ကြိမ် သေဖော် ညှိတယ်၊ ခုတုံးလုပ်တယ်။ ပြည်သူလူထုက ရွေးကောက်ပွဲ ဝင်စေချင်လို့ ဝင်ရတယ်လို့ပြောတယ်။ ဒီတော့ ခုတခါရော ပြည်သူလူထုက ၂၀ဝ၈ ဖွဲ့စည်းပုံကို ကာကွယ် စောင့်ရှောက် ပါတယ်ဆိုပြီး ကျမ်းကျိန်တာ မြင်ချင်လို့ ပြည်သူ့ဆန္ဒ ဖြည့်ဆည်းတဲ့ အနေနဲ့ ကျမ်းကျိမ်စာသား မပြောင်း ခိုင်းတော့ဘဲ လွှတ်တော်တက်တာပဲလား။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် လွှတ်တော်မှာ ကျမ်းကျိန်စာသား ပြောင်းမထားတာကို သတိမပြုမိရင် ပြည်သူလူထုကရော သတိပြုမိပါ့မလား။ ပြည်သူလူထု သတိမပြုမိနိုင်တဲ့ အရာတခုကို သတိပြုမိတဲ့ပမာ ဇွတ်ယူဆပြီး ကာကွယ် စောင့်ရှောက်ဆိုတဲ့ စာသားနဲ့လည်း အန်အယ်ဒီကို လွှတ်တော် တက်စေချင်တာပဲ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြောဟာ အထောက်အထား မပြနိုင်တဲ့ အရာတခုကို ပြနိုင်တဲ့ပမာ ယူဆပြီး ပြည်သူလူထု နံမယ်ကို တွင်တွင်သုံး၊ တကယ်တမ်း မှာတော့ ပြည်သူလူထုကို တစက်ကလေးမှ အရေးမစိုက်ဘဲ လုပ်ချင်တဲ့ လုပ်ရပ်ဆိုတာ ဘယ်လိုမှ မငြင်းနိုင်အောင် ဖြစ်နေပြီ။

‘ပြည်သူလူထုရဲ့ ဆန္ဒအရ ကျမတို့ကို မဲပေးခဲ့တဲ့ ပြည်သူလူထုက ကျမတို့ လွှတ်တော်ထဲ ရောက်သွား တာကို ပြည်သူလူထုက မြင်ချင်ကြတယ်။ ဘာလို့ဆို ကျမတို့ကလည်း ပြည်သူ့ရဲ့ အသံကို တချိန်လုံး နားထောင်နေရတာပေါ့နော်။ နားထောင်နေတဲ့အခါမှာ အင်မတန်မှ ကျမတို့ကို လွှတ်တော်ထဲ ဝင်စေချင်ကြတယ်။’ -အောင်ဆန်းစုကြည်-

စစ်အုပ်စုနဲ့ စီးပွားရေး လုပ်ဖို့ မြန်မာနိုင်ငံကို နေ့စဉ်နဲ့အမျှ လာနေသူတွေကို ဧည့်ခံ ကြိုဆိုရေး တာဝန် အချိန်ပြည့် ယူထားသူ တယောက်က ပြည်သူလူထုအသံကို ဘယ်လို နားထောင်နေသလဲဆိုတာ စဉ်းစားစရာပါ။ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို တခဲနက် ကြိုဆို ထောက်ခံကြတာ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထု နံမယ်သုံးပြီး လုပ်ချင်တာ လုပ်ဖို့ ခွင့်ပေးတာ ဆိုတာထက် စစ်အုပ်စုကို ရွံ့ရှာမုန်းတီးမှုကို ပြသတာလို့ ကျနော်တို့က ယူဆတယ်။ မြန်မာ့ နိုင်ငံရေး အဆင့်အတန်း က အောက်ကျ နောက်ကျ နိုင်လွန်းတော့ အင်မတန်မှ အော့နှလုံး နာစရာကောင်းတဲ့ စစ်အုပ်စုကို ဆန့်ကျင်တာကို ပြသနိုင်ဖို့ တခုတည်းသောနည်းလမ်းက ပြည်သူလူထုဘက်က ပြတ်ပြတ်သားသား မရပ်တည်ရဲဘဲ ပြည်သူလူထု နံမယ်ကို တွင်တွင် သုံးနေတဲ့ ကနေ့ အန်အယ်ဒီလို လမ်းစပျောက်နေတဲ့ အဖွဲ့အစည်းမျိုးကို ထောက်ခံတာမျိုးသာ တတ်နိုင်ရှာတဲ့ အနေအထားကို လုံးလုံးရောက်နေရတာဖြစ်တယ်။

ဒါပေမယ့် အန်အယ်ဒီဟာ လွှတ်တော်ထဲကို စကတည်းက အရှုံးပေး အညံ့ခံ ခေါင်းလျှိုပြီး ဝင်လာတာ ဖြစ်တဲ့ အတွက် သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကို စစ်အုပ်စုကလည်း သိပြီးသား။ ဆိုတော့ နောင်ဆို သူ့ကို သူတို့ အလိုရှိတဲ့အချိန်မှာပဲ ထုတ်သုံးပြီး စစ်အုပ်စုရဲ့ စွယ်စုံရ ခိုင်းဖတ်ဘဝနဲ့ သမိုင်းသေမယ့် ဘဝရောက် သွားနိုင်တယ်။ အန်အယ်ဒီ ဒီလောက် ဒူးပျော့တဲ့နောက်တော့ ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်ဖို့ အန်အယ်ဒီကို အားကိုးလို့ မရတာကတော့ ထင်ရှားနေပြီ။ ၂၀ဝ၈ ဖွဲ့စည်းပုံကို တိုက်ဖျက်ပစ်ဖို့ ကိုယ့်ဟာကိုယ် နည်းလမ်းရှာကြမှ ရမယ်ဆိုတာ လွှတ်တော်ဥက္ကဌတိုင်ပေးတာကို ညီညာဖျဖျ တန်းစီရပ်ပြီး ကျမ်းသစ္စာ ကျိန်ဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီအမတ်တွေရဲ့ ပုံတွေက ပြသခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် လွှတ်တော်ထဲက နိုင်ငံရေး အဖွဲ့အစည်းတွေကို ထောက်ခံတာဟာ အကျိုးမရှိယုံမက အပြစ်တောင် ဖြစ်နိုင် တဲ့ ဖြစ်နိုင်ချေတွေ ရှိနေတယ်။ အဲဒါကို အခု ပြောပြချင်တယ်။

၂၀ဝ၈ ဖွဲ့စည်းပုံဟာ တမျိုးသားလုံးကို စစ်ကျွန်ပြုမယ့် စစ်ပဒေသရာဇ် စနစ်ကို တရားဝင် ဖြစ်စေတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဖြစ်တယ်ဆိုတဲ့ အချက်ကို လက်ခံရင် ဒီဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဖို့ ကျမ်းကျိန်တော့မယ့် အန်အယ်ဒီ အပါအဝင် ဘယ်အဖွဲ့ကိုမဆို ထောက်ခံမှု ပေးနေသူတွေဟာ သူတို့ ကိုယ်ကိုယ်တိုင်က တမျိုးသားလုံးကို စစ်ကျွန်ပြုမယ့် အရေးကို ထောက်ခံရာ ရောက်နေပြီ။ ၂၀ဝ၈ ဖွဲ့စည်းပုံဟာ တိုင်းရင်းသား လူမျိုးစုတွေကို သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ သူတို့ရဲ့ သီးခြား လူမျိုးစု အဖြစ် ရပ်တည်နိုင်မှုကို ပျောက်ပျက် သွားစေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံဖြစ်တယ်ဆိုတာကို လက်ခံရင် ဒီဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ဖို့ ကျမ်းကျိန်တဲ့ ဘယ်အဖွဲ့ကိုမဆို ထောက်ခံမှု ပေးတာဟာ ကိုယ်ကိုယ်တိုင်က တိုင်းရင်းသား လူမျိုးစုတွေကို လူမျိုးစုပျောက်ပြီး တတိုင်းပြည်လုံးကို လူများစု ဖြစ်တဲ့ ဗမာဇာတ်သွင်းတဲ့ ဖြစ်စဉ်ကို ထောက်ခံရာ ရောက်နေပြီ။ ကိုယ့်ရဲ့ ထောက်ခံမှုဟာ တတိုင်းပြည်လုံးရဲ့ အနာဂတ်အတွက် အကျိုးဆက် ဘယ်လောက် ကြီးသလဲဆိုတာကို ခွန်ထွန်ဉီးစကားယူပြောရရင် ဒီတိုင်းပြည်ဟာ အာရှရဲ့ ယူဂိုစလားဗီးယားဖြစ်သွားပြီး ဒီတိုင်းပြည်ထဲမှာ အရှေ့တီမောတွေ အများကြီး ပေါ်သွားတဲ့ထိ ဖြစ်သွားမယ်။

၂၀ဝ၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မယ့် အန်အယ်ဒီကို တိုင်းရင်းသား မဟုတ်တဲ့ ဒီတိုင်းပြည်မှာ လူများစု ဖြစ်နေတဲ့ ဗမာ၊မြန်မာတွေက အားတက်သရော ထောက်ခံမဲပေးခဲ့တာဟာ ကျနော်တို့ တိုင်းပြည်က လူမျိုးစု ပြဿနာကိုအစိုးရနဲ့  လူမျိုးစု လက်နက်ကိုင်တွေကြားက ပဋိပက္ခ vertical conflict အသွင်ကနေ ယူဂိုစလားဗီးယားမှာလို လူမျိုးတမျိုးနဲ့ တမျိုး ပဋိပက္ခ horizontal conflict အဖြစ်ကို တွန်းပို့ရာ ရောက်နေ သလားဆိုတာ လေးလေးနက်နက် စဉ်းစားကြဖို့ ကောင်းတယ်။

ဘာလို့ဆို အရင်ကဆိုရင် တိုင်းရင်းသား လူမျိုးစုတွေက အစိုးရ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဗမာစစ်တပ်ရဲ့ မုဒိမ်းကျင့်မှု၊ ဗမာစစ်တပ်ရဲ့ ယုတ်မာ ရက်စက်မှုဆိုပြီး သုံးနှုန်းရင် ဒီစစ်တပ်ဟာ ဗမာလူမျိုးစုတွေကို ကိုယ်စား မပြုတဲ့အတွက် ဗမာစစ်တပ်လို့ မပြောပါနဲ့၊ ဒီစစ်အစိုးရဟာ ဒီမိုကရေစီနည်းကျ တင်မြှောက်ခံရပြီး တက်လာတဲ့ အစိုးရ မဟုတ်တဲ့အတွက် ကျနော်တို့နဲ့ မဆိုင်ပါဘူးဆိုပြီး ကျနော်တို့ ဗမာလူမျိုးစုတွေက ပြန်ချေပလို့ ရနေသေးတယ်။ ဒါပေမယ့် အခု တိုင်းရင်းသားတွေကို လူမျိုးစု ကိုယ်ပါအမှတ်အသားပျောက်အောင် လုပ်မယ့် ဖွဲ့စည်းပုံကို ကျမ်းကျိမ်မယ့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗမာလူမျိုးစုတွေကပါ အကြီးအကျယ် ထောက်ခံနေ တဲ့နောက်မှာ ကျနော်တို့ ဗမာလူမျိုးစုတွေ အနေနဲ့ အရင်လို ပြန်ချေပနိုင်ပါအုံးမလား။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်မှာ ကျမ်းကျိမ်နေချိန်မှာ လိုင်ဇာကို စစ်အုပ်စုက တိုက်ခိုက်ရေး ရဟတ်ယဉ်တွေသုံးပြီး စစ်ဆင်းရေးတွေ ဆက်လုပ်နေချိန်ဖြစ်တယ်။ ဒါ့ကြောင့်ပဲ ကချင်အတိုင်ပင်ခံအဖွဲ့ နာယက ဒေါ်အင်ဖန်ဂျာရာက မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ အန္တရယ်ကြီးပုံကို သတိပေးခဲ့တာ ဖြစ်တယ်။ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အားတက်သရောပါနေတဲ့ အဖွဲ့တွေ ဒါကို လေးလေးနက်နက် စဉ်းစားသင့်တယ်။ ဒေါ်အင်ဖန်ဂျာရာတင်မက ဇိုရာဖန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ နိုင်ရုံနဲ့ တိုင်းပြည် လွတ်မြောက်ရေးရမှာမဟုတ်ဘူးလို့ ပြောတယ်။ သူထောက်ပြတာ ရှင်းရှင်းလေးပဲ။ တကမ္ဘာလုံးက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်မရောက်ဆိုတဲ့ ကျဉ်းမြောင်းပြီး အနှစ်သာရ မရှိတဲ့ အချက်တချက်ထဲနဲ့ ကြည့်တဲ့အခါ သိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ ခွေထားလိုက်တာနဲ့ မြန်မာပြည် ဒီမိုကရေစီရပြီလို့၊ လွတ်လပ်ပြီလို့ နိုင်ငံတကာက အထင်ရောက်သွားမယ်။ အဲဒိအခါ သိန်းစိန် အစိုးရက တိုင်းရင်းသား လူမျိုးစုတွေကို နိုင်ငံတကာရဲ့ ပြစ်တင်မှု မခံရဘဲ ဖိနှိပ်မှုတွေ ဆက်လုပ်နိုင်မယ့် အခွင့်အရေး ရသွားမှာဖြစ်တယ်။ ဒါဟာ တိုင်းရင်းသား လူမျိုးစုတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ဘာလုပ်လုပ် ထောက်ခံနေတဲ့ တခြားလူမျိုးစုတွေကို နာကျည်းစရာ ဖြစ်စေမယ်။

http://www.guardian.co.uk/commentisfree/2012/apr/02/aung-san-suu-kyi-victory-burma-freedom


၂၀ဝ၈ ကို ကာကွယ်စောင့်ရှောက်မယ့် ပါတီတွေကို ထောက်ခံနေတာဟာ တိုင်းပြည်ထဲ မှီတင်းနေထိုင်သူ အားလုံး ဒီမိုကရေစီ ရအောင် အတူလက်တွဲ လုပ်ဆောင်သင့်တဲ့ အရေးကို တိုင်းရင်းသား တွေက သူတို့နဲ့ မဆိုင်တော့ဘူးလို့ သတ်မှတ်အောင် လုပ်နေသလို ဖြစ်မနေဘူးလား။ ဒီပါတီတွေကို ဆက်ထောက်ခံနေမယ် ဆိုရင် စစ်အုပ်စု ကတဘက် ဖိနှိပ်ခံ ဗမာ၊ ကချင်၊ ကရင်၊ ရှမ်း လူမျိုးစု တွေက တဘက် ဆိုတဲ့ ပဋိပက္ခ အသွင်ကနေ စစ်အုပ်စုက သူတို့ စည်းစိမ် ဥစ္စာကို ခြိမ်းခြောက်မယ့် ဘယ်သူ့ကိုမဆို တစစီခွဲထုတ်ပြီး ဖိနှိပ်မယ့် ပဋိပက္ခအသွင် ဆောင်သွားမယ်။ ဗမာ၊ ကချင်၊ တိုင်းရင်းသား လူမျိုးစုတွေကြားမှာ စစ်မှန်တဲ့ ညီညွတ်မှု တည်ဆောက်ပြီး စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းတိုက်ဖျက်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အနေအထား ရောက်သွားမယ်။ ဒီတော့ စစ်မှန်တဲ့ ဖယ်ဒရယ် စနစ်အောက်မှာ တိုင်းရင်းသားလူမျိုးစုအားလုံး တန်းတူအခွင့်အရေးတွေ အာမခံချက် ရှိပြီး တစုတစည်းနဲ့  ငြိမ်းငြိမ်း ချမ်းချမ်း ယှဉ်တွဲနေနိုင်ရေးဆိုတာ ၂၀ဝ၈ ကို ဘာမှ ဟုတ်တိပတ္တိ ပြင်မှာမဟုတ်တဲ့ အဖွဲ့တွေကို ထောက်ခံရုံနဲ့ ဖြစ်နိုင်မှာ မဟုတ်တော့ဘူး။

ခု ၂၀ဝ၈ ဖွဲ့စည်းပုံမှာ စစ်မှန်တဲ့ ဖယ်ဒရယ်ပုံစံမှာ အဓိကကျတဲ့ အချက်ဖြစ်တဲ့ ပြည်နယ်တွေကို အာဏာခွဲဝေ အုပ်ချုပ်ခွင့် ပေးမထားဘူးလို့ ဖွဲ့စည်းပုံကို စနစ်တကျ လေ့လာထားသူတွေက ထောက်ပြကြတယ်။ အနှစ်သာရရှိတဲ့ ပြည်နယ် အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ ကိစ္စတွေကို ဗဟိုအစိုးရက ချုပ်ကိုင် ထားတယ်။ ပြည်နယ်တွေကို ဘာမှ အရေးမပါတဲ့ လုပ်ပိုင်ခွင့်၊ ဥမာထင်းစိုက်ခွင့် စတဲ့ အသွင်သဏ္ဍာန် အရသာ ရှိတဲ့ လုပ်ပိုင်ခွင့်လောက်သာ ပေးထားတယ်လို့ ထောက်ပြကြတယ်။ တရားစီရင်ရေးပုံစံကိုကြည့်ရင် လည်း ပြည်နယ် တခုနဲ့တခု နိုင်ငံရေး အရ ဒါမှမဟုတ် တခြား အကြောင်းကြောင်းကြောင့် အငြင်းပွားရင် အပြီးသတ် အဆုံးအဖြတ်ကို ပြည်ထောင်စု တရားရုံးချုပ်ဆီကသာ ယူရဖို့ ၂၀ဝ၈ မှာပြဌာန်းထားတယ်။ ဒီတရားရုံးချုပ်ဟာ သီးခြားလွတ်လပ်တဲ့ တရားရုံးချုပ် မဟုတ်ဘူး။ နောက်တခါ၂၀ဝ၈ ဖွဲ့စည်းပုံမှာ ပြည်နယ်တွေ ကရတဲ့ ဝင်ငွေကို ဘယ်လို သုံးမလဲဆိုတာကို ဆုံးဖြတ်မယ့် ဘဏ္ဍဍာရေး ကော်မတီဟာ သမ္မတနဲ့ ကာလုံအဖွဲ့ လက်ထဲမှာသာရှိတယ်။ နောက်ဆုံး စစ်အုပ်စုရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားတွေက မယုံတဲ့အတွက် သူတို့ရဲ့ လက်နက်ကိုင်တပ်တွေကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖို့ ကိစ္စကို လက်မခံနိုင်ကြတာ ဖြစ်တယ်။

ဒီလို ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မယ့် နိုင်ငံရေး အဖွဲ့အစည်းတွေကို ကိုယ်က အားတက်သရော ထောက် ခံမှု ပေးနေတာဟာ လူမျိုးစုတွေကြား ပဋိပက္ခမှာ ဝင်ပါဖို့ ကိုယ့်နံမယ်ကို ဝင်စာရင်းပေးနေသလို ဖြစ်နေမလား ဆိုတာကို သေချာ စဉ်းစားကြပါ။ အထူးသဖြင့် ယုတ်မာသလောက် ဉာဏ်နီဉာဏ်နက် များလှတဲ့ စစ်အုပ်စုက တိုင်းပြည် ဒုက္ခရောက်မယ့် လုပ်ရပ်မျိုးတွေမှာ ဒေါ်အောင်ဆန်း စုကြည်နံမယ်နဲ့ လုပ်ဆောင်ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ နိုင်ငံရေးကို သတ်ရုံမက၊ သူ့ကို ထောက်ခံသူတွေကိုပါ နိုင်ငံရေးကို ရွံရှာပြီး ဒီမိုကရေစီကို ရွံမုန်း သွားအောင် နိုင်ငံရေးမှာ ပါချင်တဲ့စိတ် လုံးဝ ကုန်သွားအောင် လုပ်သွားလိမ့်မယ်။
ဒီတော့ တိုင်းပြည်ကို တချိန်မှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမျိုးစုရေး အကျပ်အတည်းဆိုက်စေမယ့် ၂၀ဝ၈ ဖွဲ့စည်းပုံကို ဟုတ်တိပတ္တိ တိုက်ဖျက်နိုင်မှာ မဟုတ်တဲ့ နိုင်ငံရေး အဖွဲ့တွေကို မျက်စိမှိတ်ထောက်ခံနေတာဟာ တိုင်းပြည် အနာဂတ်အတွက် သိပ်အန္တရယ် ရှိတာကို သတိချပ်သင့်ပါတယ်။
Read more

စတော့ဟုမ်း ဆင်ဒရုမ်း သို့မဟုတ် မမြဝင်းရောဂါ

(ဖေ့စ်ဘွတ်ပေါ်တွင် လှမောင်ဟန် ရေးသားသော ဆောင်းပါးဖြစ်ပါသည်။ ယနေ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် ကိုက်ညီလှသောကြောင့် မျှဝေလိုက်ပါသည်။)

တနေ့သ၌ နေပူကြဲကြဲ ချွေးရွှဲရွှဲနှင့် ငရဲပြည်ပမာ ပူလောင်လှစွာသော ရာသီဥတုကြီးအတွင်းပင် ဖြစ်လင့်ကစား အပူငွေ့တွေ တရှိန်ရှိန်ထွက်နေသည့် သတ္တုပုံး အနက်ကြီးတလုံးရှေ့၌  ကျနုပ်သည် ယပ်တောင်ကို တဖျတ်ဖျတ်ခပ်ရင်း ဝဋ်ကြွေး မကင်းသူတယောက်ပမာ ဖေ့ဘွတ်တည်းဟူသော ပြည်သူပိုင် အီလက်ထရောနစ် နို့တစ်ဘုတ်ကြီးပေါ်မှာ ကာလသား၊ ကာလသမီးတို့ အားအားရှိတိုင်း လက်သရမ်းထားကြသော ဟိုစာဒီစာတို့ကို အငမ်းမရ ဖွေရှာဖတ်ရှုနေမိပါသည်။  ၂၁ ရာစုတွင် လူဖြစ်ရသော ဒုက္ခမှာ ကြီးလေးလွန်းလှ ပါတကား။

သို့သော် ထိုနေ့ အဖို့ရာ အပူခံရကျိုးနပ်ပါပေသည်။

ယခုအခါ ကျနုပ်တို့မြန်မာနိုင်ငံတွင် မမြဝင်းနှင့်တူသော နိုင်ငံရေးသမားများ အတော်များများ ပေါ်ထွန်းလာပြီ ဖြစ်ကြောင်း နိုင်ငံရေး ဝေဖန်ရေး သမားတယောက်က စာတတန် ပေတတန်ဖြင့် လေကန် (ဆောရီး) ဝေဖန်ရေးသားသွားသည်ကို ပြည်သူပိုင် နို့တစ်ဘုတ်ကြီး  တနေရာတွင် အမှတ်မထင် တွေ့မြင်လိုက်ရပါပေသည်။

မမြဝင်းဆိုသော အမည်ကို ဖတ်ရသောတခဏတွင် ကျန်ုပ်၏ ဦးနှောက် တနေရာ၌် ကလစ်ကနဲ အသံတချက် မြည်ကာ လက်ကနဲ မီးတချက်ပွင့်သွားပါသည်။ ကျန်ုပ်သည်ကား ဖေ့ဘွတ်ကြည့်ရင်း ဆာတိုရီ ဥာဏ်အလင်းရသည့် ပထမဦးဆုံး လူသား ဖြစ်ကောင်း ဖြစ်နိုင် ပေသည်တကားဟူ၍ ရုတ်တရက်ပင် စိတ်ကြီး ဝင်လိုက်မိချေသေးသည်တမုံ့။

ကျန်ုပ်သည် ယခုတလောတွင် Stockholm Syndrome ဟူသော သိုးဆောင်း ဝေါဟာရ တလုံးကို မြန်မာမှုပြုရန်အလို့ငှာ မိမိ၏ ဥာဏ်တထွာ တမိုက်နှင့် အမီမလိုက်နိုင်ဘဲ ရှိနေခိုက်တွင် အီးနို့တစ်ဘုတ်ကြီး ကောင်းမှုဖြင့် အကြံကောင်း ရလိုက်ချေပြီတကား။ ဖေ့ဘွတ်ကြည့်သော် အကြံပေါ်ဟု မှတ်ကြစေခလို။

Stockholm Syndrome ဟူသော သိုးဆောင်းစကားကို မမြဝင်းရောဂါဟု ဤနေ့မှစ၍ ကျနုပ်က မြန်မာမှု ပြုလိုက်ပါပေသည်။ ရေစစ္စတြီ  လုပ်မထား သော်ငြား ထိုစကားကို ကျနုပ်ပထမဆုံး အသုံးပြုသည်ဟု နောင်လာနောက်သားတို့ မှတ်သားကြပါဘိ။

လွန်လေပြီးသော နှစ်ပေါင်း ၄၀ နီးပါးက ယခုအခါ ဆွီဒင် နိုင်ငံဟုခေါ်ဆိုအပ်သော မြောက်ကျွန်းသူတို့ နေသည့် အရပ်တွင် ဘဏ်တိုက်ကြီး တခုကို ဓါးပြတိုက်သည့် အမှုတခု ဖြစ်ပွားပြီး ဘဏ်ဝန်ထမ်းတို့အား သူခိုးဓါးပြတို့က ဓါးစာခံ အဖြစ် ဖမ်းဆီးထားခဲ့ ကြလေသည်။ ထိုသို့ ဖမ်းဆီးထိမ်းသိမ်းထားသည့် အတောအတွင်းတွင် သူခိုးဓါးပြတို့သည် မည်သို့ မည်ပုံ ပြုလုပ်လိုက်သည်မသိ၊ ဓါးစာခံတို့မှာ သူခိုးဓါးပြတို့ အပေါ်တွင် မေတ္တာသက်ဝင် ချစ်ခင်သွားကြကုန်လေသည်။ မင်းမှုထမ်းတို့က သူခိုးဓါးပြတို့အား ဖမ်းဆီးမည် ရှိသောအခါ ဓါးစာခံတို့က သူခိုးဓါးပြတို့အား အကာအကွယ် ပြုကြလေသည်။ သူခိုး ဓါးရိုးကမ်းကြလေပြီ။ သူခိုးဓါးပြတို့အား ဖမ်းဆီးမိပြီးနောက်တွင် ခုံရုံးတင် စစ်ဆေးကြသောအခါတွင်လည်း ဓါးစာခံတို့သည် သူခိုးဓါးပြတို့၏ ရက်စက်ကြမ်းကြုတ်မှုတို့ အတွက် သက်သေထွက်ဆိုရန် အလို့ငှာ ခါး ခါးသီးမျှ ငြင်းဆန်ကြကုန်သည်။ သူခိုးဓါးပြတို့က မည်သို့မည်ပုံ ယုံကြည်မှု တည်ဆောက်ခဲ့လေသည် မသိ။ ဓါးစာခံတို့မှာ အမျိုးသား၊ အမျိုးသမီး ပြန်လည်သင့်မြတ်ရေးဟူသော အဆင့်မှ တပြားသားမျှ မလျှော့ကြ ဟူသတည်း။

ထိုသို့သော အခြေအနေမျိုးကို နောင်တွင် ကြုံတွေ့ရလေတိုင်း စိတ္တဗေဒ ဆရာတို့က Stockholm Syndrome ပေတကားဟု အနွတ္ထသညာ မှည့်ခေါ်ကြပါလေသည်။ ထို Stockholm Syndrome ကို မြန်မာမှု ပြုသည်ရှိသော် အခြားမဟုတ်၊ မမြဝင်းရောဂါပင်  ဖြစ်ချေသည် တမုံ့။

ဓါးပြဗိုလ်ကြီး ဗိုလ်အောင်ဒင်က မမြဝင်းကို ဖမ်းဆီးပြီးနောက် မမြဝင်းကို မည်သို့မျှ ချော့မော့၍မရဘဲ ရှိနေရာမှ မမြဝင်းတွင် စတော့ဟုမ်း ရောဂါကပ်ငြိလာသောအခါ ဘယ်မလဲ ခုန ဆယ်သိန်း (အဲလေ ယောင်လို့) ဘယ်မလဲ ခုန ဆန်ပြုပ်ဟု မမြဝင်းက မေးလိုက်ပါသည်။ ဤကား ရောဂါ အစပေတည်း။ နောက်ပိုင်း ရောဂါရင့်လာသော အခါ အကိုကြီးကိုလည်း မြချစ်တယ်၊ ကိုကိုချစ်ကိုလည်း သစ္စာမဖောက်ချင်ဘူး ဟုမပြီကလာ၊ ပြီကလာ ချွဲနွဲ့ ပြောတတ်လာလေသည်။

ဆင်းရဲလှစွာသော ကျနုပ်တို့၏ အမိမြန်မာပြည်ကြီးတွင်လည်း ခေတ်သစ် နိုင်ငံရေး ဂုရုများအကြားတွင် စတော့ဟုမ်း ဆင်ဒရုမ်း  သို့မဟုတ် မမြဝင်းရောဂါသည် အလွန်လျင်မြန်စွာ ကူးစက်ပြန့်နှံ့နေသည် ဟူသတတ်။ ထူးဆန်းသည်မှာကား ဤရောဂါ မဖြစ်လျင် ခေတ်မမီဟုပင် ထင်နေကြသော အချက်ပင်တည်း။ ခက်ပင်ခက်လှပါတကား။

ရောဂါသည် ရောဂါဆန်းပင် ဖြစ်သော်ငြား ရောဂါလက္ခဏာမှာ သိပ်ကြီး ဖွေရှာရန် မခက်ခဲလှဟု သမားဟူးရားတို့က ဆိုကြကုန်သည်။ အာထရာဆောင်း ရိုက်ရန်မလို၊ ဗဟိုရ်စည် ပြေးရန်မရှိ၊ လွယ်လွယ်နှင့်ပင် သိနိုင်လေသည်။ အကယ်၍ အကြင် နိုင်ငံရေးသမား တယောက်သည် အဘတို့နဲ့လည်း ယုံကြည်မှု မပျက်ပြားချင်၊ ပြည်သူလူထုကြီးကိုလည်း သစ္စာမဖောက်ဖျက်လိုပါဟု ဆိုလာငြားအံ့။ အကြင် နိုင်ငံရေးသမားတွင် မမြဝင်းရောဂါ စွဲကပ်လာပြီဟု တွံ သင်သည် ဂဏှာဟိ မှတ်ဘိလော့။

အနာသိလျင် ဆေးရှိရမည်ဟူသော ဆိုရိုးစကား အတိုင်း ရောဂါကုထုံးကိုလည်း ဤနေရာတွင် တပါတည်း ပြောကြားလိုပါသည်။ ရောဂါကုထုံးကား အခြားမဟုတ်။ ကိုကိုချစ်ဆီ ပြန်ခဲ့ပါ ဟူသတည်း။

အော်….. မမြဝင်း…. မမြဝင်း….။ မင်း… တယ်အပြောင်းအလဲ မြန်လှပါလား မမြဝင်း။

လှမောင်ဟန်

Links: 

"http://www.facebook.com/notes/hla-mg-han/စတော့ဟုမ်း-ဆင်ဒရုမ်း-သို့မဟုတ်-မမြဝင်းရောဂါ/3245620960014"

http://www.youtube.com/watch?v=iKsAhpjnrys

Read more

ဖွတ်ဒေါင်းရဲ့ စွတ်ကြောင်း


ရေးသူ...ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၁၅။ စက်တင်ဘာ။ ၂၀၁၂။




 ပြောင်းပြီ၊ ပြောင်းပြီ ပြောတာ အစက မယုံနိုင်ဘူး။ အခုတော့ မယုံချင်လို့ မရ ယုံလိုက်ရပြီ။ လက်စသပ်တော့ ဗမာပြည်ကြီး ပြောင်းလဲသွားပြီဆိုတာ ခွပ်ဒေါင်းအိုတွေ ဖွတ်ဒေါင်း ဖြစ်ကုန်တာပါလား။ ဒါ့ကြောင့်လည်း လူတွေက ပြောကြတာ၊ ခွပ်တဲ့ ဒေါင်းမှ ခွပ်ဒေါင်း၊ ဖွတ်နဲ့ပေါင်းရင် ဖွတ်ဒေါင်း တဲ့ ။ အခုကြည့်၊ ၈၈ မျိုးဆက်ကျောင်းသား ဆိုတဲ့သူတွေ ဖွတ်နဲ့ပေါင်းရင်း ပေါင်းရင်းက အကုန်လုံး ဖွတ်ဒေါင်း ဖြစ်ကုန်ကြပြီ။

၈၈ တွေယီးတီယားတားနဲ့ နှမ်းဖြူးသလိုလို ၊ ရွှေပြည်အေး တရားဟောသလိုလို၊ ငါမှသိငါမှတတ် သမ္ဘာကြီးလိုလို ဆရာကြီးလိုလို
သွားလုပ်တဲ့ လက်ပံတောင်းရဲ့ ဖြစ်စဉ်ကို အရင်ပြန်ကြည့်ရအောင်ပါ။

အရင် အိုင်ဗင်ဟိုနဲ့ လုပ်သွားတဲ့ ကြေးနီစီမံကိန်းမှာ စံပယ်တောင်ကြီးတခုလုံးကို ဖျက်ဆီးသွားလိုက်တာ ကုန်းဂမူ မို့မို့ လေးလောက်ပဲ ကျန်တော့တယ်။  အခုလက်ပံတောင်းတောင်ကိုဖျက်ဆီးနေပြီ။ တောင်ပြိုတော့မယ်။ တောင်ပျောက် တော့မယ်။ လုပ်နေတဲ့သူတွေက ဘယ်သူတွေလဲ။ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ပိုင် ဝမ်ပေါင်ကုမ္ပဏီ။ ဒီနေရာမှာလည်း ပြောစရာရှိ တယ်။ ဦးပိုင်ကုမ္ပဏီအနေနဲ့ အိုင်ဗင်ဟိုကနေ ရှယ်ယာတွေ လက်လွှဲလက်ပြောင်းလုပ်ရာမှာ မရိုးမသားလုပ်လို့ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ထောက်ပြ ဝေဖန်တာ ခံခဲ့ရတယ်။ (အခု အဲဒီစာရင်းစစ်ချုပ်လည်း ပြုတ်သွားပြီ။) စစ်တပ်ပိုင်ကုမ္ပဏီ ဆိုတာကလည်း အောက်ကစစ်သားတွေ အတွက် ဦးပိုင်က အမြတ်ဆိုပြီး တပြားတချပ်မှ ခွဲဝေပေးတာမျိုးမရှိဘဲ စစ်အာဏာရှင်ကြီးတွေနဲ့ ခရိုနီတွေသာ သူဌေးကြီးတွေ ဖြစ်သွား ကြတယ် ဆိုတာလည်း အားလုံးသိထားကြပြီးသား။

လယ်သမားတွေရဲ့ လယ်တွေ ဧက ၇၈၀၀ ကျော် အသိမ်းခံရတယ်။ ဒါက ကုမ္ပဏီဘက်က အတည်ပြုထားတဲ့ ဂဏန်း။ လယ်သမားတွေ ဘက်က ပြောတဲ့ အရေအတွက်က တသောင်းကျော်။ စပြီး လယ်မြေကိုယူတုန်းက ၃ နှစ်စာ သီးနှံ လျော်ကြေးပေးပြီး ၃ နှစ်စာငှားတယ်။ အခုကျ တော့ နှစ် ၃၀၊ နှစ် ၆၀ ဆိုပြီး လိမ်တယ်။ ညစ်တယ်။ ဝမ်ပေါင်ကုမ္ပဏီ၊ ဦးပိုင်ကုမ္ပဏီနဲ့ အစိုးရ အာဏာပိုင်တွေ ပေါင်းညစ်တာ ထင်ထင် ရှားရှားကြီးပဲ။ အစိုးရ မပါဘဲ ဘယ်သူ ဒီလို ညစ်ရဲ မလဲ။ စစ်တပ် မပါဘဲ ဘယ်သူ ဒီလို ညစ်ရဲမလဲ။ တချို့တွေ ထင်နေကြသလို ဦးသိန်းစိန်က လူထုကောင်းကျိုး လုပ်ပေးချင်တဲ့ စေတနာ အမှန်အကန် ရှိတယ်ထားဦး။ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကို သူအာခံရဲမလား။ အာခံချင်မလား။ တကယ်တော့ သူတို့အားလုံး ဒီပုပ်ထဲက ဒီပဲတွေပါ။

လယ်သမားတွေမှာ လယ်တွေ အသိမ်းခံရယုံတင်မကဘူး။ ရွာတွေ အတင်း အဓမ္မ အရွှေ့အပြောင်းခံရတယ်။ စစ်တပ်အစိုးရနဲ့ လူယောင် ဆောင်ထားတဲ့ ကြံ့ဖွတ် အစိုးရ ဘာမှ မခြားနားဘူး။ စစ်တပ်တုန်းက လုပ်နည်းလုပ်ဟန် အတိုင်း အဓမ္မသိမ်းတာ၊ အဓမ္မ ရွှေ့တာတွေ အကုန်လုပ်တယ်။ အဓမ္မမှန်သမျှ အကုန်လုပ်တယ်။ 

ကြေးနီတူးဖော်ရေးလုပ်ငန်း စီမံကိန်းစပြီး ၇ လ ၈ လ အတွင်းမှာ ဒေသခံတွေရဲ့ သောက်ရေတွေ ငံသွားတယ်။ ဓါတ်ခွဲကြည့်တော့ သောက်ဖို့ မသင့်တဲ့ အခြေအနေအထိ ပျက်စီးနေပြီ။ ကြေးနီလုပ်ငန်းက အသုံးပြုတဲ့ ဓါတုပစ္စည်းတွေကြောင့် မြေအောက်မှာရှိတဲ့ ရေကြောပါ ပျက်စီးပြီး တွင်းထဲက ရေပါ အဆိပ်သင့်ကုန်တာ ဖြစ်တယ်။ နောင်မှာ ကင်ဆာလို ရောဂါတွေ ဖြစ်လာမယ်။ ကိုယ်လက် အင်္ဂါ မပြည့်စုံတဲ့ ကလေးတွေ မွေးလာမယ်။

ဒါတင်မကဘူး။ ကြေးနီသန့်စင်တဲ့ လုပ်ငန်းက ဓါတုပစ္စည်း သုံးစွဲထားလို့ မသန့်ရှင်းတော့တဲ့ မြေစာတွေကို လယ်သမားတွေရဲ့ လယ်ယာတွေ ထဲမှာ ပုံတယ်။

ရွာသားတွေက မခံနိုင်လို့ ဆန့်ကျင်တယ်။ ကန့်ကွက်တယ်။ သူတို့ နစ်နာတာတွေကို လျော်ကြေးပေးဖို့ တောင်းဆိုတယ်။ သူတို့မြေကို ဖျက်ဆီး၊ သူတို့ ရေကို ဖျက်ဆီး၊ သူတို့ သားသမီးမြေးမြစ်တွေရဲ့ နောင်ရေးကိုပါ ဖျက်ဆီးမယ့် ဒီစီမံကိန်းကို လုံးလုံး ဖျက်သိမ်းပေးဖို့  တောင်းဆိုတယ်။ ဆန္ဒပြတယ်။ ကန့်ကွက်တယ်။ ဒါကို အာဏာပိုင်တွေက ဖိနှိပ်တယ်။

အရင်တုန်းကလိုဆိုရင်တော့ ချက်ချင်း အားလုံး ကို သိမ်း ကြုံးဖမ်းမယ်။ သေနတ်နဲ့ ပစ်သတ်မယ်။ ဒါပေမဲ့ အခုတော့ ဒီလို လုပ်ပစ်လိုက်လို့ မဖြစ်ဘူး။ သူတို့ မင်းသားခေါင်းဆောင်းနေတဲ့ အချိန်။ လူယောင် ဆောင်နေတဲ့ အချိန်။ နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်နေတဲ့ အချိန်။ နိုင်ငံတကာကလာချင်တဲ့ လူတွေမှာလည်း လာချင်ပါရက် အလာခက်နေတဲ့ အချိန်။ ဒီမိုကရေစီကို မျက်ကွယ်ပြုပြီး စီးပွားလာရှာကြလိမ့်မယ်ဆိုပြီး လက်ညှိုးထိုးခံနေရတဲ့ အချိန်။ ဒီလို အချိန်မျိုးမှာ စစ်တပ်က လယ်သမားတွေကို သေနတ်နဲ့ ပစ်ရင် ကြံ့ဖွတ်ရဲ့ စီမံကိန်းတွေ အကုန်ပျက်ပြားသွားမှာစိုးလို့ လက်ယားနေတဲ့ ကြားက သီးခံနေရတဲ့ အချိန်။

ဒီလို အချိန်မျိုးမှာ လယ်သမားတွေက မဟုတ်မခံ ဆန့်ကျင် တွန်းလှန်ကြတယ်။ ကိုဟန်ဝင်းအောင်တို့ နိုင်ငံရေး အကျဉ်းသားကွန်ယက် က ကူညီတယ်။ ပြည်သူ့ အကျိုးဆောင် ကွန်ယက်က ကူညီတယ်။ ဒေသခံကျောင်းသားတွေကကူညီတယ်။ ကျောင်းသားတွေပါလာ တော့ ဗကသ အသီးသီးကလည်း ကျောင်းသားတွေဘက်က ရပ်တည်တယ်။ မိဘ ပြည်သူတွေ ဘက်က ရပ်တည်တယ်။

အာဏာရှင်တွေ မျက်ဒေါင့်နီလာပြီ။ ကိုဝေဠုကို ဖမ်းတယ်။ နောက် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ကို ဖမ်းတယ်။ နှိပ်စက်တယ်။ ဗကသ နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံက ကိုယ့်မြေကိုယ့်ရေကို ကာကွယ်ဖို့ မုံရွာကို တက်လာကြတယ်။

ဒီအချိန်မှာ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က စိုးရိမ်လာတယ်။ ဘယ်သူ့ အတွက် ဘာကို စိုးရိမ်သလဲ ဆိုတာ သူတို့သာ အသိဆုံး ဖြစ်လိမ့်မယ်။

ဂျင်မီ၊ ဇော်ဇော်မင်းနဲ့ စမ်းချောင်းကိုကိုကြီး တို့ မုံရွာတက်လာတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ နိုင်ငံတော်အဆင့် စီမံကိန်း ဖြစ်တယ်။ အလွယ်တကူ ချက်ချင်းရပ်လို့မရဘူး။ တိုင်းက ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး။ ရွာသူရွာသားတွေ အနေနဲ့ အပြုသဘောနဲ့ ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုတယ်။ လယ်သမားတွေ ဆန္ဒပြတာတွေ ရပ်ဆိုင်းပြီး ရွာကို အေးအေးဆေးဆေး ပြန်ကြဖို့ ပြောတယ်။ ရွာသူသုံးယောက် ပြန်လွတ်ရေးကို သူတို့ ကြားဝင်  ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။

လယ်သမားတွေကတွေ့ချင်ပါတယ် ဆိုတုန်းက အတွေ့မခံ ရှောင်ကာပြေးတဲ့ မောင်သာအေးတို့ လူတသိုက်ကလည်း ဂျင်မီတို့  ပုလဲလွှတ်တော် အမတ်တို့ကိုတော့ အတွေ့ခံတယ်။ ဆွေးနွေးတယ်။ လယ်သမား ၃ ယောက်ကို ပြန်လွှတ်ပေးတယ်။

လယ်သမားတွေကို ပြန်လွှတ်ပြီးနောက်မှာ လယ်သမားတွေကို ဆန္ဒပြတာ ရပ်ပြီး အေးအေးဆေးဆေး အိမ်ပြန်ကြဖို့ သူတို့ အဆို အပြုသဘောဆောင်ဖို့ ဂျင်မီတို့က ပြောတယ် ။

မေးပါရစေဦး။ လယ်သမားတွေ ဆန္ဒပြတာ အပျက်သဘော ဆောင်နေတယ်လို့ မင်းတို့က ဆိုချင်သလား။ ဦးပိုင်နဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီက တောင်ဖြိုနေတာ၊ ပတ်ဝန်းကျင် တခုလုံး အဆိပ်သင့်အောင်လုပ်နေတာကိုမှ အပြုသဘောလို့ ပြောချင်သလား။ ဘယ်သူက အပြု၊ ဘယ်သူက အပျက်ဆိုတာကို မင်းတို့ သေသေချာချာ စဉ်းစားဖို့သင့်တယ်။

ဂျင်မီတို့ ပြောတဲ့ စကားတွေကို ထပ်ပြီး ဆန်းစစ်ကြည့်ရအောင်ပါ။ လယ်သမားတွေ ဆန္ဒပြတာကို ရပ်ပြီး အိမ်ပြန်ကြဖို့သာ ဂျင်မီတို့ ပြောတယ်။ လယ်သမားတွေရဲ့ အသိမ်းပိုက်ခံလယ်တွေ ပြန်ပေးဖို့ တခွန်းမှ မပြောဘူး။ ကြေးနီစီမံကိန်း ရပ်ဖို့ တခွန်းမှ မပြောဘူး။ ရပ်ဖို့ မပြောရုံသာ မက အလွယ်တကူ ရပ်လို့ မရဘူးဆိုပြီး ဦးပိုင်ဘက်က ရှေ့နေလိုက်ပြီး ပြောတယ်။ အလွယ်တကူ ရပ်လို့ မရဘူး ဆိုတဲ့ စကားကို ဦးပိုင်ထက် အရင်၊ အစိုးရထက်အရင် ဂျင်မီတို့ ၈၈ တွေက စပြီး တိုင်းသိပြည်သိ လူသိရှင်ကြား ပြောဆိုခဲ့တယ်ဆိုတာ မှတ်တမ်းတင်ထားဖို့ လိုပါလိမ့်မယ်။ ဒါဟာ နောင်တချိန်မှာ သမိုင်းဖြစ်လာမှာပါ။

အလွယ်တကူ ရပ်လို့ မရဘူးလို့ သူတို့ ဘာ့ကြောင့် ပြောနိုင်သလဲ။ လက်ပံတောင်းစီမံကိန်း အကြောင်းသူတို့က ဘယ်လောက်သိလို့လဲ။ ဘယ်သူက ဘာပြောထားလို့လဲ။ မြစ်ဆုံ စီမံကိန်းတောင် ချက်ချင်းရပ်လို့ ရရင် လက်ပံတောင်းစီမံကိန်းကို ဘာ့ကြောင့် ရပ်လို့ မရနိုင်ရမလဲ။

ဒီတော့ ထပ်မေးပါရစေဦး။

ဂျင်မီ မင်းတို့ ဘယ်သူ့အတွက် လာကြတာလဲ။ လယ်သမားတွေ အတွက်လာတာလား။ ဦးပိုင် အတွက်လာတာလား။ စိုးသိန်းနဲ့ အောင်မင်းက ငွေဆယ်သိန်းပေးလိုက်လို့ မင်းတို့ ဘက်ပြောင်းသွားပြီလား။ စကိုင်းနက်တို့ ဇော်ဇော်တို့က သိန်းလေးငါးရာစီ လှူလိုက်လို့ မင်းတို့ ခရိုနီဘက်၊ ဘက်ပြောင်းသွားကြပြီလား။ မင်းတို့ ၈၈ တွေ ဖွတ်နဲ့ ပေါင်းလို့ ဖွတ်ဒေါင်း ဖြစ်ကုန်ကြပြီလား။

ဗကသ ကျောင်းသားတွေ အနေနဲ့ အခြေအနေကို ဝင်ရောက် ထိန်းသိမ်းပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့လည်း ဂျင်မီက ပြောလိုက်သေးတယ်။ နောက်မှ ကမန်းကတန်း လိုက်လာပြီး ရှေ့က ဆရာကြီးလုပ်ချင်တဲ့ ပြောကွက်ပါပဲ။ အရပ်စကားနဲ့ ပြောရရင်တော့ ဗကသ အပေါ် ညွန့်လိုက်တာပါ။ ဗကသ အပေါ်လူပါးဝလိုက်တာပါ။

ဗကသက ဝင်ရောက်ထိန်းသိမ်းပေးတာ ဟုတ်လို့လား။ ဒီစကားဟာ ဗကသကို တင်စီးပြောဆိုတဲ့ စကားဖြစ်ရုံတင်တောင်မကပါဘူး။ စော်ကားလိုက်တဲ့ စကားလည်း ဖြစ်ပါသေးတယ်။ ဗကသက လယ်သမားတွေရဲ့ အကျိုးကို ကူညီဆောင်ရွက်ပေးနေတာပါ။ လယ်သမား တွေရဲ့ ဆုံးရှုံးနစ်နာမှုတွေ အတွက် ပူးပေါင်းတောင်းဆိုပေးနေတာပါ။ လယ်သမားတွေကို စော်ကားနှိပ်စက်တဲ့သူတွေရဲ့ ရန်ကနေ ကာကွယ် စောင့်ရှောက်ပေးနေတာပါ။ လယ်သမားတွေဘက်က ရပ်တည်နေတာပါ။ ဒီလို ပြည်သူဘက်က ပြတ်ပြတ်သားသား ရပ်တည်တဲ့ ဗကသကို သူတို့လို လှေနံနှစ်ဘက်နင်း မမြဝင်းတွေလို့ ထင်သွားအောင် သူခိုးသေဖော်ညှိတဲ့ စကားပါ။ သူတို့ဘက်  ဆွဲသွင်းတဲ့ စကားပါ။

သမိုင်းကို ပြန်ကြည့်စမ်းပါ။ ဗကသဟာ ဖိနှိပ်သူနဲ့ ပြည်သူကြားမှာ ကြားနေဆိုတဲ့ စကားမျိုး ပြောခဲ့ဖူးသလား ဆိုတာ။ ၁၃၀၀ ပြည့်မှာ အလုပ်သမားတွေ၊ လယ်သမားတွေ ဆန္ဒပြကြတော့ ကိုဗဟိန်းက မကွေးမှာ ဘာပြောခဲ့သလဲ။ ဂျင်မီသိရဲ့လား။ မင်းကိုနိုင်သိရဲ့လား။ မသိတာတော့ ဟုတ်အံ့မထင်ပါဘူး။ မေ့လိုက်တာပဲ ဖြစ်မှာပါ။ ကိုဗဟိန်းက အလုပ်သမားတွေ အိမ်ပြန်ကြပါ။ ဖမ်းထားတဲ့ ခင်ဗျားတို့ သခင်ခေါင်းဆောင်ကို ပြန်လွှတ်အောင် အင်္ဂလိပ်အစိုးရကို ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေ တောင်းပန်ပေးပါ့မယ်လို့များ ပြောခဲ့သလား။ အလုပ်သမားတွေ အလုပ်မလုပ်ဘဲ သပိတ်မှောက်ရင် တိုင်းပြည်ဝင်ငွေ နစ်နာလိမ့်မယ်၊ အပြုသဘောဆောင်ပါလို့များ ပြောခဲ့သလား။ ကလေးတောင်သိတဲ့ စကားကို မင်းတို့ ၈၈ တွေ အမှတ်ရအောင် ပြန်ပြောလိုက်ပါရစေဦး။ အင်္ဂလိပ် အစိုးရ ဘက်က နောက်ထပ် မြင်းခွာတချက်ပေါက်ရင် ဗမာတပြည်လုံး မီးဟုန်းဟုန်းတောက်စေရမယ်လို့ ပြောခဲ့ပါတယ်။ မှတ်ထား။ အဲဒါမှ ခွပ်ဒေါင်း။ ဖွတ်ဒေါင်းမဟုတ်ဘူး။

နိုင်ငံတော် စီမံကိန်းဖြစ်လို့ လွယ်လွယ်နဲ့ မရပ်နိုင်ဘူး၊ ဆန္ဒပြတဲ့သူတွေဘက်က ရပ်ကြပါ ဆိုတဲ့ အယူအဆဟာ တကယ်တော့ ဂျင်မီ တယောက်တည်းရဲ့ အယူအဆ မဟုတ်ဘူး။ ဂျင်မီ၊ ဇော်ဇော်မင်း၊ စမ်းချောင်းကိုကိုကြီး သုံးယောက်ထဲရဲ့ အယူအဆလည်း မဟုတ်ဘူး။ ဂျင်မီ မုံရွာကို မရောက်ခင်ကတည်းက မင်းကိုနိုင်က ရန်ကုန်မှာ ဒီစကားပြောနေတာကို ကြားခဲ့ရပြီးပြီ။ ဒီအယူအဆဟာ ၈၈ မျိုးဆက်ကျောင်းသား အုပ်စုကြားမှာ အားလုံး သဘောတူ ဆုံးဖြတ်ထားတဲ့ အယူအဆ၊ အားလုံး ဆုံးဖြတ်ထားတဲ့ ရပ်တည်ချက်ပါ။

တကယ်တော့ ဂျင်မီ၊ ဇော်ဇော်မင်းတို့ မုံရွာမလာခင်ကတည်းက ဇာတ်ညွှန်းက ရန်ကုန်က ပါလာပြီးသားပါ။ မုံရွာမှာ ဘာလုပ်ရမယ်၊ ဘာဖြစ်မယ်ဆိုတာ စီစဉ်ပြီးသားပါ။ သူတို့ မုံရွာမလာခင်ကတည်းက ၈၈ နဲ့ စိုးသိန်း၊ အောင်မင်းတို့ စကားပြောပြီးပါပြီ။ လယ်သမား ၃ ယောက်လွှတ်ပေးဖို့ သဘောတူထားပြီးပါပြီ။ သာအေးဆီကိုလည်း လွှတ်မိန့်က ရောက်ပြီးနေပါပြီ။ မုံရွာမှာ လုပ်ကြတာက ဇာတ်တိုက်ထားတဲ့ အတိုင်းကပြတာပါ။ stage act ပါ။ ၈၈ ဘက်က ဒီစီမံကိန်းဟာ နိုင်ငံတော်အဆင့်ဖြစ်တဲ့ အတွက် အလွယ် တကူ ရပ်လို့ မရကြောင်း ပြောပြီး ဆန္ဒပြသူတွေ နောက်ဆုတ်ကြဖို့ သိမ်းသွင်း တရားဟောရေးကို လည်း လက်ခံ သဘောတူထားခဲ့ပြီးသားပါ။

ဦးပိုင်က စက်တင်ဘာ ၁၃ ရက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ကြည့်ပါ။ ဦးပိုင်လီမိတက်ရဲ့ စီမံကိန်းမန်နေဂျာ ဦးမြင့်အောင်ရဲ့ ပြောစကားဟာ ဂျင်မီတို့ ပြောတဲ့ လေသံနဲ့ တထပ်တည်းပါ။ ဒါဟာ ၈၈ တွေ ပြောတဲ့ စကားကို ဦးပိုင်ကလူတွေက သိပ်ကြိုက်လို့ လိုက် ပြောတာ မဟုတ်နိုင်ပါဘူး။ ၈၈ ပြောတဲ့ စကား၊ ဦးပိုင်ကပြောတဲ့ စကားတွေဟာ တနေရာတည်းက တခုတည်းသော ဆုံချက်ကနေ ထွက်ပေါ်လာနေတာ ဖြစ်တယ်လို့ ယူဆစရာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မင်းကိုနိုင်က မြစ်ဆုံကို သွားတယ်။ မြစ်ဆုံစီမံကိန်း မရပ်သေးဘူးလို့ ပြောတယ်။ မင်းဇေယျက စက်တင်ဘာ သံဃာ့ နှစ်ပတ်လည် အခန်းအနားလုပ်ဖို့ ပြင်ဆင်တယ်။ သူတို့ လုပ်ပုံတွေဟာ မယောင်ရာ ဆီလူးနေသလိုပဲ။ လက်ပံတောင်းက လယ်သမားတွေ ရဲ့ နစ်နာမှုတွေ အပေါ် အာရုံစိုက်နေတဲ့ ပြည်သူတွေကို ကြံ့ဖွတ်နည်း၊ နအဖနည်းသုံးပြီး အာရုံလွှဲနေသလားလို့ တောင် တွေးစရာ ဖြစ်နေတယ်။

နိုင်ငံရေး အဖွဲ့အစည်း တခုမှာ လုပ်မှားကိုင်မှား တခါတလေရှိတာကို ခွင့်လွှတ်လို့ရတယ်။ အတွေးအခေါ်အမှား တခါတလေဝင်တာကို ခွင့်လွှတ်သီးခံလို့ရတယ်။ ဒါပေမဲ့ ရပ်တည်ချက်မှားရင် ရပ်တဲ့ဘက်မှားရင် ပြဿနာ သိပ်ကြီးတယ်ဆိုတာ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကို သတိပေးပါရစေ။ အခုမောင်ရင်တို့ ၈၈ ရဲ့ ရပ်တည်ချက်ဟာ လူထုကိုဆန့်ကျင်တဲ့ ရပ်တည်ချက် ကြံ့ဖွတ်အာဏာရှင်ဘက်မှာ ရပ်တည်တဲ့ ရပ်တည်ချက် ဖြစ်နေပြီဆိုတာ သတိပေးပါရစေ။

အခု လယ်သမားတွေက ဦးပိုင်လူရဲ့ အလောင်းသင်္ဂြိုဟ်ပွဲဆိုတာ လုပ်နေပြီ။ ဦးနှမ်းဖြူး ၈၈ နှစ်ရဲ့ အသုဘ အခန်းအနားဆိုပြီး အလောင်း ကောင် သင်္ဂြိုဟ် ဆန္ဒပြပွဲ လုပ်နေပြီ။ မင်းတို့ ၈၈ တွေကို လယ်သမားတွေက အလောင်းကောင်လုပ်ပြီး ခေါင်းထဲထည့် ဆန္ဒပြနေတာ မင်းတို့ မရှက်ဘူးလား။

မင်းတို့လုပ်တဲ့ အလုပ်ဟာ ပြီးပြီး ပျောက်ပျောက် လွယ်လွယ်နဲ့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ မင်းတို့ လျှောက်တဲ့ လမ်း ခြေရာကျန်မယ်။ ဖွတ်ဒေါင်းသွားရာလမ်းမှာ စွတ်ကြောင်းကျန်မယ်။ ဒါမင်းတို့ရဲ့ သမိုင်းပဲ။

ပြည်သူ့ရန်သူတွေရဲ့ ပေးစာကမ်းစာကို ယူပြီး ပြည်သူကို စော်ကားတဲ့ လုပ်ရပ်၊ မင်းတို့ ရပ်တန်းကရပ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
၁၅။ စက်တင်ဘာ။ ၂၀၁၂။
Read more

“ယီးလေလေ့ နဲ့ ရီးလေလေ့”

လုပ်ခနည်းသကို
လုံမပျို
တောင်းဆိုဆန္ဒ
ပြတယ်လေး
ယီးလေလေ့ ယီးလေလေး။

လယ်ယာစိုက်လို
တောင်သူအို
လယ်ယာပြန်ပေး
တောင်းတယ်လေး
ယီးလေလေ့ ယီးလေလေး။

ကြေးနီတောင်ကို
ကြည့်မယ်ဆို
နေညိုကမ်းဘေး
ဆင်းတယ်လေး
ယီးလေလေ့ ယီးလေလေး။

ဂစ်တာတွေရောင်း
ပွင့်လင်းကြောင်း
ခွပ်ဒေါင်းဟောင်းဆွေး
သီဆိုတေး
ရီးလေလေ့ ရီးလေလေး။

သမ္မတကြီးကို
အယုံပို
ဖွားအိုသက်ကြား
မှားသလေး
ရီးလေလေ့ ရီးလေလေး။

(ကိုပေါ)
Read more

“တလွဲဆံပင်”

ရေလယ်ခေါင် ဖောင်အစွန်း

မောလွန်းလို့ ခိုသူကို

ငြိုငြင်မုန်းထား

ထိုးဝါးနဲ့တွန်းချ

တလက်မကျူးကျော်မခံ

ဇာတိသွေးတက်ကြွပြန်သတဲ့…

ရဲစိတ်ရဲမာန် အလံကြီးထူ

ဂုဏ်လည်းယူ

လူစိတ်ကင်းသူပါတကား။


(ကိုပေါ)
Read more

“ခေတ်ပျက်”


နာဇီကတုံး
ဘုန်းကြီးလာဖြစ်
အဘခေတ်။

ဓားပြ၊ဖာဂေါင်း
ကျောင်းဒကာဖြစ်
အလှူရှင်ခေတ်။

သူတောင်းစားက
ကျောင်းသားလာဖြစ်
ပွင့်လင်းခေတ်။

ဝိဒေဟရာဇ်ပုတ်သင်
လူရွှင်တော်ဖြစ်
အင်န်ဂျီအိုခေတ်။

စစ်ဒုတ်ထိုးက
ဟီးရိုးလာဖြစ်
အမေ့ခေတ်။

(ကိုပေါ)
Read more

ဂစ်တာတလက်အကြောင်း

ဘွဲ့နှင်းသဘင်ပုံရိပ်နဲ့ 
ဂစ်တာတလက်ဟာ 
မိုနိုပိုလီကို အရောင်တင်ပေးဖို့ 
မတရားမှုကို တရားဝင်စေဖို့ 
ကုမ္ဗဏီဧည့်ခန်းထဲမှာ 
အမြိုင့်သားနေရာယူတော့မယ်။ 

ဒီဂစ်တာရဲ့ အသံမှာ 
စားသုံးသူတွေရဲ့ငြီးတွားသံတွေ ပါမယ်။ 

ဒီဂစ်တာရဲ့ကြိုးမှာ 
နတ်ဆိုးရဲ့ရယ်သွမ်းသွေးသံတွေ ပါမယ်။ 

ဒီဂစ်တာရဲ့ကီးတွေမှာ 
ပျက်ယွင်းသွားတဲ့ တန်ဖိုးတွေလည်း ပါမယ်။ 

 တီးခတ်သူမရှိ… 
ကြိုးညှိမယ့်သူမရှိ… 
ရှိုးကေ့စ်ထဲမှာငြိမ်သက်နေပေမယ့် 
ဒီဂစ်တာဟာ 
သစ္စာမဲ့သူတွေရဲ့ သမိုင်းကြောင်းကို 
ကောင်းကောင်းတော့ ပြောပြနိုင်လိမ့်မယ်။ 

 ကိုပေါ
Read more

ဖယောင်းတိုင် ဒီမိုကရေစီ၊ စားအုန်းဆီ ဒီမိုကရေစီ

(ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း ရေးသည်။)

ကျမတို့မှာ ခေါင်းဆောင်မရှိဘူး

ကျမတို့မှာ ကျမတို့ပဲရှိတယ် . .

ခေါင်းဆောင်မရှိတဲ့ ကျမတို့လေးတွေက

ခေါင်းမရှိတဲ့ လူတွေကို အော်ပြောလိုက်တဲ့ အသံ

ကမ္ဘာကို ခါညံသွားခဲ့တယ် . . . ။
(ကဗျာဆရာ ရွက်သစ် ရဲ့ ကျမတို့မှာ ခေါင်းဆောင်မရှိဘူး၊ ရှင်တို့မှာ ခေါင်းမရှိဘူး ကဗျာမှ)

မှောင်မိုက်တဲ့ လှိုင်သာယာရဲ့ ညဘက်တွေ။ မှိတ်တုတ်မှိတ်တုတ် ဖယောင်းတိုင်မီးတွေ အောက်က လူမသိသူမသိ နာကျင်ခဲ့ရတဲ့ ဘဝတွေ…။ အဲသလိုညတွေမှာ ညဥ့်နက်သန်းခေါင်အထိ အိမ်ပြန်မလာနိုင်ကြသေးတဲ့ မိဘတွေကို ကလေးငယ်တွေက အိပ်ငိုက်ရင်း စောင့်ဆိုင်းကြရတယ်။ ညဥ့်နက်ပေမယ့် မအိပ်နိုင်ကြသေးဘူး။ မနက်ဖြန်မနက် ကျောင်းစောစောတက်ဖို့ မပူပန်နိုင်အားဘူး။ အမေပြန်လာမှ ထမင်းချက်ရမှာ….၊ အဖေပြန်လာမှ ထမင်းစားရမှာမို့ သူတို့ မအိပ်နိုင်ကြသေးဘူး။ သူတို့ ဗိုက်ထဲမှာ ဘယ်လောက် ဆာလောင်နေသလဲဆိုတာကို ဘယ်သူမှ မသိကြဘူး။ လျှပ်စစ်မီး မရှိဘဲ အမှောင်ထဲမှာနေရတာ စိတ်ညစ်ညူးပြီး အားငယ်စရာကောင်းတယ်။ ဒါကို လူတော်တော်များများသိကြတယ်။ ဗိုက်သိပ်ဆာပြီး စားစရာမရှိတာဟာ အဲဒီ အမှောင်ထက် အများကြီး ပိုပြီး စိတ်ညစ်ညူးပြီး အားငယ်စေတတ်တယ်ဆိုတာကိုတော့ ကြုံဖူးသူ၊ သိဖူးသူ သိပ်ရှိချင်မှ ရှိမယ်။ စဉ်းစားကြည့်ပါ။ အဲဒီ ဗိုက်ဆာဆာနဲ့ ငိုက်နေတဲ့ ကလေးတွေဟာ ခင်ဗျားတို့ သားသမီးဆိုရင် ခင်ဗျားတို့ရင်မှာ ဘယ်လိုခံစားကြရမလဲ။ ခုတော့ ဘယ်နိုင်ငံရေးသမားမှ သူတို့ကို ဂရုမစိုက်ကြဘူး။ သူတို့ ဘဝကို မလေ့လာကြဘူး။ ဒါ့ကြောင့်လည်း ဒီမိသားစုထဲက ကလေးမလေးတွေက စက်ရုံတွေမှာ လစာတိုးရေး ဆန္ဒပြတော့ နာနာကျင်ကျင် အော်ကြတယ်။ ကျမတို့မှာ ခေါင်းဆောင်မရှိဘူး တဲ့။

အဲသလို အချိန်မျိုးမှာ လျှပ်စစ်မီးထိန်ထိန်သာတဲ့ ဗိုလ်ချုပ်ရွာဆိုတဲ့ ဘက်မှာတော့ ညဘက် အပျော်ကျူးရာက ပြန်လာတဲ့ အမျိုးကောင်းသားသမီးတွေဟာ တဟေးဟေးတဝါးဝါး အော်ဟစ်ပြီး သိန်းထောင်ချီတန်တဲ့ ကားကြီးတွေနဲ့ အိမ်ပြန်လာကြတယ်။ ဟိုလှိုင်သာယာက ကလေးတွေစောင့်နေတဲ့ အဖေတို့ အမေတို့ကတော့ အဲဒီအချိန်မှာ ဘတ်စ်ကားကြီးနဲ့ တရွေ့ရွေ့ ခရီးနှင်တုန်း။ ရန်ကုန်မှာ ဗိုလ်သန်းရွှေအိမ်ဘက်ကို ပြန်ဖို့အတွက် အထူးဖောက်ပေးထားတဲ့ ရှားရှားပါးပါး ကတ္တရာဆီတွေ အပြည့်နဲ့ နက်မှောင်နေတဲ့ လမ်းတလမ်းကို လူအများသိကြတယ်။ အဲဒီလမ်းပေါ်ကနေ ညဘက်မှာ တဝူးဝူး၊ တဝါးဝါးနဲ့ အပျော်ကျူးပြီး အိမ်ပြန်လာကြတဲ့ ဗိုလ်သန်းရွှေသမီးတွေနဲ့ ဗိုလ်ချုပ်သားသမီးတွေရဲ့ အသံတွေကို လူအများအပြား ကြားဖူးကြတယ်။ ကြောက်ကြလွန်းလို့လည်း ဝေးဝေးကနေ ရှောင်ကြတယ်။

ဒီလိုအချိန်မျိုးမှာပဲ ထူးကုမ္ပဏီက တေဇရဲ့သားတွေက နိုင်ငံခြားကမိန်းမတွေနဲ့ ပျော်ပါးတဲ့ဓါတ်ပုံတွေကို ရိုက်နေတယ်။ ပြီးတော့ အင်တာနက်မှာ တင်မယ်။ လမ်ဘော်ရဂီးနီးဆိုတဲ့ ကမ္ဘာ့အကောင်းဆုံးကားကြီးရှေ့မှာ ဓါတ်ပုံရိုက်မယ်။ အင်တာနက်မှာ တင်မယ်။

ဒါတောင်မှ ခရိုနီတွေ လိုအပ်နေသေးတယ်လို့ ပြောသူကပြောရဲ့။ ပြုပြင်ပြောင်းလဲရေးတွေ နောက်ဆုတ်သွားမှာ စိုးလို့ လှိုင်သာယာက ကလေးမလေးတွေ ပါးစပ်ကို လိုက်ပိတ်ဖို့ ကြိုးစားသူက ကြိုးစားရဲ့။ အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ ကြားနေမယ်လို့ ပြောသူပြောရဲ့။ ပြောလည်း ပြောရဲကြပါပေရဲ့။ အာဂဒီမိုကရေစီ သူရဲကောင်းကြီးတွေပါကလား။ အင်မတန်ဘက်လိုက်မှုကင်းပြီး သမာသမတ်ကျတဲ့ သူတော်ကောင်းကြီးတွေပါလားဟရို့။

အဲသလို ညဘက်တွေမှာ ရေပေါ်ဆီတွေရဲ့ သားသမီး၊ အမျိုးကောင်းသားသမီးဆိုသူတွေက ညဥ့်နက်သန်းခေါင်အထိ အားအားယားယား ပိုက်ဆံမယူဘဲ အလကားဖာခံထွက်နေချိန်မှာ လှိုင်သာယာက ကလေးမတွေခမျာ အပျိုစင်ဘဝကို ဝမ်းစာ အတွက် ရောင်းစားကြရတယ်။ အပျိုစင် ပါကင်ဖောက်ရင် ဘယ်ဈေးရတယ်ဆိုတာ ဒီစစ်အစိုးရနဲ့ ကြံ့ဖွတ်အရပ်သား အယောင်ဆောင် အစိုးရလက်ထက်တွေကျမှ ပေါ်လာတဲ့ မကြားဝံ့မနာသာ ဈေးကွက်။ အဲဒါကို ဘယ်သူ့လက်ချက်လို့ ဆိုချင်သေးသလဲ။ ဒီကလေးမလေးတွေရဲ့ အပျိုစင်ဘဝကို ငွေသိန်းချီပေးပြီး ပျော်ပါးနိုင်တာ ဘယ်လိုလူတွေလဲ။

ကျမတို့တွေထဲကတချို့

ငတ်လာရင် ဖာခံစားခဲ့ရပေမယ့်

ရှင်တို့လို တိုင်းပြည်ကို လည်ပင်းညှစ် ခိုးမစားခဲ့ဘူး . . . ။

ကျမတို့ရသမျှ လစာငွေဟာ

ထမင်းနပ်မှန်ဖို့ပဲ တွေးနိုင်ခဲ့တာပါ

ရှင်တို့ ခြစ်ကောက်နေတဲ့ အခွန်ဘဏ္ဍာတွေလို

သားမြေးတီတွတ် ၀လင်ရေး၊

နိုင်ငံခြားမှာ ကျောင်းထားရေး၊

စိန်စီလမ်းကို လျှောက်လှမ်းရေးနဲ့

လူသတ်လက်နက်ဝယ်ရေး တွေးတောင်မသိခဲ့ပါဘူး

တကယ့်တခုတည်းပါ

ထမင်းနပ်မှန်ဖို့ဆိုတဲ့ တခုတည်းပါရှင် . . . ။

(ရွက်သစ်ရဲ့ ကဗျာ)

လှိုင်သာယာက ကလေးမလေးတွေက တနေ့မှာ အလုပ်ချိန် ၁၂ နာရီထက် မပိုဖို့ တောင်းဆိုသတဲ့။ တနေ့ကို အလုပ်ချိန် ၁၀ နာရီထက် မပိုဖို့ တောင်းဆိုသတဲ့။ ကောင်းကြသေးရဲ့လား။ ဒီတောင်းဆိုသံကို နားနဲ့ မထောင်ကြနဲ့။ ရင်နဲ့ ခံစားကြည့်ကြပါ။ သူ့တို့ဘဝတွေဟာ ဒီစက်ရုံကြီးတွေပဲလား။ ဒီစက်ရုံကြီးတွေထဲမှာပဲ သူတို့ဘဝ ကုန်ဆုံးရတော့မလား။ သူတို့ချုပ်တဲ့ အထည်၊ သူတို့လုပ်တဲ့ ဆံပင်တု၊ သူတို့လုပ်တဲ့ ဘိနပ်တွေဟာ ဥရောပနဲ့ မြောက်အမေရိကရဲ့ ဈေးလမ်းမကြီးတွေပေါ်မှာ စတိုးဆိုင်အကြီးကြီးတွေနဲ့ ရောင်းတဲ့အခါ သိန်းဆယ်ဂဏန်းကနေ သိန်းရာဂဏန်းအထိ ရပါတယ်။ သူတို့ လုပ်ခ ဘယ်လောက်ရကြသလဲ။ တနေ့ကို ၈ နာရီအလုပ်လုပ်၊ ၈ နာရီ အနားယူ၊ ၈ နာရီ လေ့လာ အပန်းဖြေဖို့ ရောဘတ်အိုဝင် အဆိုပြုခဲ့တာ ၁၈၁၇ ခုနှစ်။ ဂျနီဗာ စာချုပ်အရ တနေ့အလုပ်ချိန် ၈ နာရီထက် မကျော်ရလို့ သတ်မှတ်ခဲ့တာက ၁၈၆၆ ခုနှစ်။ ကဲ… ပြောကြစမ်းပါ။ ကမ္ဘာကြီးပြားသွားပြီ၊ လူတိုင်း တာထွက်တူနေကြပြီ၊ လယ်ဗယ်ဂရောင်း ဖြစ်နေကြပြီ ဆိုသူတွေ ပြောကြစမ်းပါ။ အခုကျနော်တို့ နိုင်ငံတော်ကြီးဟာ ကမ္ဘာနဲ့ ယှဉ်ရင် ဘယ်ခေတ်လောက်ကို ရောက်နေပြီလဲဆိုတာ…။

ဒီစက်ရုံက အလုပ်သမားတွေဟာ အိမ်သာတက်ရင် ဘယ်နှခါတက်ရမယ်ဆိုတာ သတ်မှတ်ချက်ရှိသတဲ့။ အိမ်သာကို အကြိမ်ရေ ပိုတက်ရင် လစာဖြတ်သတဲ့။ ရေသောက်ချင်ရင် တနေ့ ဘယ်နှခါဆိုတာ သတ်မှတ်ထားသတဲ့။ အကြိမ်ရေ ပိုရင် လစာဖြတ်သတဲ့။ ညဘက် အချိန်ပိုလုပ်ရင်း အိမ်ပြန်ဖို့ ဘတ်စ်ကား မရတော့တဲ့အခါ စက်ရုံထဲမှာပဲ ညအိပ်လိုက်ရသတဲ့။ နို့စို့ကလေးကို အိမ်မှာ ထားခဲ့ပြီး စက်ရုံမှာ အထည်ချုပ်ရတဲ့ ကလေးအမေဟာ အိမ်မပြန်နိုင်တဲ့ညမှာ ဘယ်လိုအိပ်ဆေးနဲ့ ပျော်အောင်အိပ်ရမလဲ။ အကြံပေးကြစမ်းပါ။ ဘယ်မှာလဲ လူ့အခွင့်အရေး။ ဘာတဲ့လဲ လူ့အခွင့်အရေး။ ဒါတွေဟာ ဇာတ်နာအောင် ပြောနေတာမဟုတ်ဘူး။ တကယ့်ဘဝထဲမှာ ဒီ့ထက်ဆိုးတာတွေ တပုံတပင်။ သွားကြည့်ကြပါ။ မေးကြည့်ကြပါ။ စုံစမ်းကြည့်ကြပါ။ ဒါတွေ ဘာ့ကြောင့် ဖြစ်နေသလဲ။ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ။ School of Assassins လုပ်ကြံ သတ်ဖြတ်ရေး သင်တန်းကျောင်းလို့ ကမ္ဘာ့လူ့အခွင့်အရေးလောကမှာ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ အမေရိကန်တို့ရဲ့ Fort Benning သင်တန်းကျောင်းကြီးက ဆင်းလာသူ အလုပ်သမားဝန်ကြီး ဗိုလ်အောင်ကြည် ဒါတွေကို ဘယ်လို ဖြေရှင်းမလဲ။ School of Assassins မှာ ဒါတွေ သင်ခဲ့သလား။ ဒါမှမဟုတ် ကြံ့ဖွတ်ပါတီ သင်တန်းကျောင်းမှာ ဒါတွေကို သုတေသနလုပ်ပြီးပါပြီလား။

ခေါင်းမရှိတော့ ပြန်မစဉ်းစားနိုင်ထင်ပါ့

ကျမတို့ဘ၀တွေကို လှိုင်သာယာ

ရှင်တို့ ပို့ခဲ့တာကို၊

အထည်ချုပ်တွေ ရှင်တို့ တည်ခဲ့တာကို၊

စက်မှုဇုံတွေ ရှင်တို့ ဆောက်ခဲ့တာကို၊

အရသာက ရှင်တို့လျှာပေါ်မှာ

ဘ၀နာတာက ကျမတို့ပါရှင် . . . ။

အခုကြည့်

အိတ်အိုင်ဗွီရောဂါသည်နဲ့ အဆင်းရဲဆုံး ကလေးငယ်တွေကို

လှိုင်သာယာမှာ မွေးတယ်

(ဒါရှင်တို့နဲ့ မဆိုင်ဘူးလား)

ဒုစရိုက် အထူပြောဆုံးနဲ့ ပျံကျတွေ အပေါဆုံးကို

လှိုင်သာယာမှာ ဖွေးနေတယ်

(အဲဒါ ရှင်တို့နဲ့ တကယ်မဆိုင်ဘူးလား)


(ရွက်သစ်ရဲ့ ကဗျာ)

စီးပွားရေး ပိတ်ဆို့ထားတာ ပြည်သူတွေ နာသတဲ့။ အထည်ချုပ်စက်ရုံတွေ မလာနိုင်တော့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး ငတ်ကြသတဲ့။ ကောင်းလှပါပေရဲ့၊ ခင်ဗျားတို့ရဲ့ ဝါဒဖြန့်ချိသံတွေ။ အထည်ချုပ်စက်ရုံတွေရှိတော့ရော တကယ်တန်းကောင်းစားကြတာက ဘယ်သူတွေပါလဲ။ အလုပ်သမလေးတွေအတွက် အထည်ချုပ်စက်ရုံတွေ ရှိစေချင်လှပါတယ်လို့ ခင်ဗျားတို့ ပြောနေတာ ဒီလိုလုပ်ဖို့လား။ အလုပ်သမားတွေ အတွက် ဘာဥပဒေများခင်ဗျားတို့ ပြဌာန်းပြီးပါပြီလဲ။ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများကရော အလုပ်သမားတွေရဲ့ အခွင့်အရေးကာကွယ်ဖို့ အတွက် ဘယ်လိုဥပဒေတွေ ပြင်ဆင်ထားပါသလဲ။ အနိမ့်ဆုံးလစာသတ်မှတ်ချက်က ဘယ်လောက်ပါလဲ။ တနေ့ အများဆုံး အလုပ်ချိန် သတ်မှတ်ချက်က ဘယ်လောက်ပါလဲ။

လိုအပ်တဲ့ ဥပဒေတွေက မရှိ။ မလိုအပ်တဲ့ ဥပဒေတွေက အပြည့်။ ပညာမတတ်ရှာတဲ့ အလုပ်သမတွေကို ပညာတတ်ကြီးများက အကြံပေးကြပါတယ်။ ဥပဒေနဲ့ညီအောင်လုပ်ကြပါတဲ့။ ခင်ဗျားတို့ ပေးတဲ့ ကောင်းသောအကြံဟာ ဥပဒေနဲ့ အညီ အငတ်ခံဖို့လား။ ဒီမိုကရေစီ သမားမှန်ရင် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ဥပဒေမှန်သမျှ လိုက်နာရမယ်လို့ ခင်ဗျားတို့ ပြောတယ်။ ဥပဒေနဲ့ အညီဆိုရင် ဒီမှာ ငတ်တော့မယ်။ ငတ်မယ့် ဥပဒေကို နာခံရမယ့် အတူတူဆိုရင် ဒီမိုကရေစီကို မလိုချင်တော့ဘူးလို့ ပြောလာရင် ခင်ဗျားတို့ ဘယ်လိုဖြေရှင်းမလဲ။

အလုပ်သမားတွေကို ကြေညာချက်ထုတ်ပြီး စာတတန်၊ ပေတတန်နဲ့ သတိပေးကြတယ်။ အကြမ်းမဖက်ကြနဲ့တဲ့။ ဒီအမျိုးသမီး အလုပ်သမလေးတွေလက်ထဲမှာ နံပါတ်တုတ်တွေ ကိုင်လာတာများ မြင်မိကြပါသလား။ ဒါမှ မဟုတ် သေနတ်နဲ့ ပစ်တဲ့လူကို ခဲနဲ့ ပြန်ပေါက်တာဟာ အကြမ်းဖက်မှုလုပ်တာပဲ ဆိုတဲ့ စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေးကို ကြောက်ပြီး သွေးရူးသွေးတန်းပြောနေကြတာပါလား။ ဗမာပြည်ရဲ့ ဟိုးရှေးခေတ်က သမိုင်းတွေထဲအထိ ပြန်လှန်ကြည့်လိုက်စမ်းပါ။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြမှု သမိုင်းတလျှောက်မှာ လူထုရဲ့သဘောနဲ့ ဆူပူအကြမ်းဖက်ခဲ့တာ တခါမှ မရှိဖူးဘူး။ အစိုးရက သိက္ခာချတဲ့ ၈ လေးလုံး အရေးတော်ပုံကြီးဟာ ကမ္ဘာ့လူထုလှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ်ရင်၊ စံထိုးကြည့်ရင် သူမတူအောင် စည်းကမ်းသေဝပ်တဲ့ အရေးတော်ပုံကြီးလို့တောင် ဆိုနိုင်တယ်။ ဒီလောက်ပမာဏ ကြီးမားတဲ့ လူထုလှုပ်ရှားမှုကြီးဟာ ဒီလောက်စည်းကမ်းသေဝပ်တာမျိုး ဘယ်နိုင်ငံမှာမှ မရှိခဲ့ဘူး။ အစိုးရမရှိ၊ ဥပဒေမရှိတဲ့ ကာလမှာ ပြည်သူက ကိုယ့်ဖာသာ အုပ်ချုပ်ပြီး ဒီလောက်ထိန်းသိမ်းနိုင်ခဲ့တာ အင်မတန် ဂုဏ်ယူစရာကောင်းတယ်လို့ ဆိုရမယ်။ စစ်အစိုးရ ရုပ်မြင်သံကြားမှာ ပြတဲ့ ခေါင်းဖြတ်သတ်တဲ့လုပ်ရပ်တွေဟာ စစ်ထောက်လှမ်းရေးက ဆွပေး၊ စပေးလို့ ဖြစ်လာတဲ့ ဇာတ်လမ်းတွေပါ။ စစ်အစိုးရရဲ့ ဝါဒဖြန့်ချိရေး စကားတွေကို သံယောင်လိုက်ပြီး အကြမ်းမဖက်ပါနဲ့လို့ လာပြောတာဟာ ဘယ်သူ့ကို မျက်နှာလုပ်ချင်လို့လဲ။ ဘယ်သူ့ဘက်မှ ဘက်မလိုက်ဘဲ ကြားနေကြောင်း ပြသချင်လို့တဲ့လား။ နောက်ပြန်ဆုတ်သွားမှာ စိုးလို့တဲ့လား။ ဒီလောက် တဘက်သတ် မတရားခံရသူတွေဘက်မှာ ဘာ့ကြောင့် ပြတ်ပြတ်သားသား မရပ်ရဲကြတာလဲ။ ရေနံမြေသပိတ်ကြီး ဖြစ်ခဲ့တုန်းက ကိုဗဟိန်းတို့ကြား မနေခဲ့ကြတာကိုများ ခေတ်နောက်ကျတယ် ထင်သေးသလားလို့ မေးပါရစေ။

ပြည်သူတွေ အခုလို ဒုက္ခရောက်ကြချိန်မှာ သူတို့အစိုးရခေါင်းဆောင်တွေက တိုင်းပြည်မှာရှိတဲ့ သစ်တွေပြောင်အောင်ခုတ်၊ ငါးတွေ ပြောင်အောင်ဖမ်း၊ ကျောက်တွေ ကုန်အောင်ရောင်းပြီး ဇိမ်နဲ့ငြိမ့်နေကြတယ်။ ပြဿနာဖြစ်လာတော့ သူတို့နဲ့ မဆိုင်ဘဲ အလုပ်သမားနဲ့ အလုပ်ရှင် ပြဿနာဆိုတဲ့ အချိုးမျိုးချိုးကြတယ်။လမ်းတခြမ်းခင်းအောင်သိန်းလင်း လိုလူကတောင် အလုပ်သမားတွေကို လာပြီး ဖြန်ဖြေ တယ်လို့ လုပ်လိုက်သေးတယ်။ ဒါတွေကို သူတို့လုပ်ထားတာ မဟုတ်သလိုလို…။ ဒါပေမဲ့ အောင်သိန်းလင်းလို လူညစ်ပတ်ကတောင် ဟန်ဆောင်ပန်ဆောင် လာပြီး ဖြန်ဖြေဖော်ရချိန်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာကြည့်ဖော် မရတာဟာလည်း အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ရေ … လှိုင်သာယာကို ဘာလို့မလာချင်တာလဲ။ ဖုန်ထူလို့လား၊ ကားကြပ်လို့လား၊ ဒါမှမဟုတ် ဦးသိန်းစိန် အထင်မှားမှာ စိုးလို့လားဗျာ။ အလုပ်သမားအရေးဟာ ILO မှာ ဖြေရှင်းရမယ့် အရာ မဟုတ်ဘူး။ လှိုင်သာယာမှာ ဖြေရှင်းရမယ့်အရာ။ ILO မှာလုပ်ပိုင်ခွင့် မရှိဘူးဆိုတာ မသိတာလား။ ဒါမှမဟုတ် သူများကို ကယ်ပါယူပါလုပ်ရတာ အကျင့်ပါနေသလား။ ဒါမှမဟုတ် ILO အဆင့် လောက်နဲ့မှပဲ စကားပြောချင်တာလား။

တချိန်က ခရိုနီတွေကြားမှာ တော်တော်ခေတ်စားတဲ့ စကားတခွန်းရှိခဲ့တယ်။ ကုန်ပစ္စည်းအသစ် တီထွင်ထုတ်လုပ်တာ ခပ်ညံ့ညံ့ စီးပွားရေးသမားတဲ့။ တကယ်တော်တဲ့ စီးပွားရေးသမားက ရှိပြီးသားကို ရောင်းစားသတဲ့။ ဒီလိုနဲ့ အတော်ဆုံးဆိုတဲ့ စီးပွားရေးသမားတွေဟာ ဓါတ်ငွေ့တွေကို ထုတ်ရောင်းစားလိုက်တာ တနှစ်တနှစ်ကို ဒေါ်လာ သန်းထောင်ချီပြီး ငွေတွေရကြတယ်။ နှစ်စဉ် ဓါတ်ငွေ့တွေထုတ်ရောင်းစားခဲ့ကြတာ နှစ်ပေါင်း အစိတ်လောက်ကြာပြီ။ ရာစုတမတ်ကျိုးခဲ့ပြီလေ။ ဒီကာလတွေမှာ ပြည်သူတွေကို အမှောင်ထဲမှာ ထားခဲ့တယ်။ အင်မတန်ပြောင်ကျပြီး အင်မတန်ရက်စက်တဲ့ လုပ်ရပ်မျိုး။ အင်မတန် လူမဆန်တဲ့ လုပ်ရပ်၊ တာဝန်မဲ့တဲ့ လုပ်ရပ်ပါ။ ဘယ်သူသေသေ ငရွှေမာပြီးရော လုပ်တဲ့လုပ်ရပ်ပါ။

ဒါတွေကို နှစ်ပေါင်းများစွာခံလာရပြီးတဲ့နောက်မှာ အခွင့်ကောင်း၊ အချိန်ကောင်းလေး ပေါ်လာလို့ လူထုဟာ ဖယောင်းတိုင်ကိုယ်စီကိုင်ပြီး လမ်းပေါ်ထွက်လာတယ်။ ကြံ့ဖွတ် ကြောင်သူတော် အစိုးရက သူတော်ကောင်းယောင်ဆောင်ချင်တဲ့ ကာလမို့ အခွင့်ရတုန်းမှာ ပြည်သူတွေ လမ်းပေါ်တက်လာကြတာပါ။ ဘယ်ခေါင်းဆောင်မှ ရှေ့ကထွက်မလာလို့ ကိုယ့်အားကိုယ်ကိုးပြီး ချီတက်ခဲ့ကြတာပါ။ ခေါင်းဆောင်တွေ နှာစေးနေလို့ ပြည်သူတွေက မီးထွန်းလမ်းပြပေးတာပါ။ ဒါပေမဲ့ ဘယ်ခေါင်းဆောင်မှ နောက်ကနေတောင် လိုက်မလာဘူး။ (ကျော်ကိုကိုနဲ့ လင်းထက်နိုင် နှစ်ယောက်ကလွဲပြီး) ။ တကယ်တော့ ခေါင်းဆောင်ဆိုတာ ရှေ့က ဦးဆောင်ချီတက်ရတာပါ။ အခုတော့ ခေါင်းဆောင်တွေဟာ ရှေ့ကလည်း မချီတက်ဘူး။ ဘေးကလည်း ရင်ဘောင်တန်းလိုက်မလာဘူး။ နောက်ကနေတောင် နောက်မြီးဆွဲလုပ်ဖော် မရပါဘူး။ ဒါပေမဲ့ ဒါတွေဟာ လူတွေရဲ့ ရင်ထဲကလာတဲ့ ဆန္ဒဆိုတာကို စစ်အာဏာရှင်တွေ ကောင်းကောင်းသိတယ်။ ဒီမီးတွေဟာ ပြည်သူတွေရဲ့ နှလုံးသားနဲ့ ထွန်းညှိထားတာဆိုတာကို စစ်အာဏာရှင်တွေက အတိုက်အခံတွေထက် ပိုသိတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်တွေ သိပ်ကြောက် ပါတယ်။ ဖယောင်းတိုင်မီးနဲ့ နေပြည်တော်ကို မီးလောင်တိုက်သွင်းမှာကို သူတို့ သိပ်ကြောက်ပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖယောင်းတိုင်မီးထွန်းပြီး တောင်းဆိုကြသူတွေကို အားပေးထောက်ခံတယ်ဆိုတဲ့ စကားကို ထုတ်ဖော်ပြောပါတယ်။ ဟုတ်ကဲ့။ အားပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သူအားပေးပုံက သူနဲ့ မဆိုင်သလို ဘေးကထိုင် အားပေးတဲ့ပုံပါ။ ဘောလုံးပွဲမှာ ကိုယ့်အသင်းကို ပွဲကြည့်စင်ပေါ်က လက်ခုပ်တီး အားပေးတဲ့ ပုံမျိုးပါ။ သူ့ပါတီကို ဘာမှ ဝင်ရောက်ကူညီခိုင်းတာ မရှိဘူး။ သူကိုယ်တိုင် ဖယောင်းတိုင် တတိုင် မထွန်းခဲ့ဘူး။ ဘာ့ကြောင့်လဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အိမ်မှာ မီးမပျက်လို့ ဝင်ပြီး ဆန္ဒမပြခဲ့တာလားလို့တောင် မေးရမလို ဖြစ်နေပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ နောက်မှလုပ် လျှပ်စစ်မီးသာ အရင်ပေးဆိုတဲ့ မန္တလေးက ဆန္ဒပြသူရဲ့ ဆိုင်းဘုတ်ထဲက စာကို တောင် ဝေဖန်လိုက်ပါသေးတယ်။ သူဝေဖန်ခဲ့တာက “ဆိုင်းဘုတ်ထဲမှာလား၊ ပါးစပ်က ကြွေးကြော်တာလား မသိဘူး ရေဒီယိုထဲကနေ သေသေချာချာတော့ မကြားလိုက်ဘူး” လို့ စကားခံပြီးမှ ဝေဖန်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ သူဝေဖန်မယ်ဆိုရင် သိအောင် အရင်ကြိုးစားသင့်ပါတယ်။ ဖုန်းတချက်တောင် ကောက်လှည့်ဖို့ မလိုပါဘူး။ သူ့အောက်က လက်အောက်ငယ်သားတွေကို တချက်လောက် ခိုင်းလိုက်ရင် ဓါတ်ပုံနဲ့ တကွ ရနိုင်ပါတယ်။ အခုတော့ သေသေချာချာ မလေ့လာဘဲ ထောင်မကြောက်၊ တန်းမကြောက် လမ်းပေါ်ထွက် တောင်းဆိုသူကို ပါးစပ်ဖျားကလေးနဲ့ လွယ်လွယ် အပြစ်တင်သွားပါတယ်။ တကယ်တော့ ဆန္ဒပြသူရဲ့ ဆိုင်းဘုတ်စာသားဟာ သိပ်အနှစ်သာရ ပြည့်ဝပါတယ်။ ဒီမိုကရေစီစကားတွေကို အသံကောင်းဟစ်ပြီး ကြောင်သူတော် လုပ်မနေနဲ့ ၊ ပြည်သူကို တကယ်စေတနာထားရင် လက်တွေ့လုပ်လို့ရတဲ့ လျှပ်စစ်မီးသာ အရင်ပေးလို့ ပြောချင်တာပါ။


ပေါင်မုန့်မရှိရင် ကိတ်မုန့်စား

လျှပ်စစ်မီးမလာရင် ဖယောင်းတိုင်ထွန်း

၂၁ ရာစု မေရီအင်တွိုင်းနက်လေသံလာမပစ်နဲ့

ငါတို့လမ်းပေါ်ထွက်ခဲ့မယ်

မနှစ်သိမ့်ပါနဲ့

ကတိက၀တ်တွေ မပေးပါနဲ့

ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်

“ဒီမိုကရေစီအရင် မီးလာပေးပါ” ပြည်သူ့အသံ

နောက်ကွယ်အနက်တွေ ရှိနေတာ ဘာလို့နားမလည်သလဲ

စနစ်ကိုက မကောင်းတာပါ ပြောရင်း အဲဒီစနစ်ထဲ ပိုးဖလံမီးတိုးတိုးဝင်

ဟုတ်ကိုမဟုတ်သေးဘူး

ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်

ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုတွေလို

တဟုတ်ဟုတ်နဲ့ ဟုတ်မနေတော့ဘူး

ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်

(မျိုးတေဇာမောင်ရဲ့ ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်၊ ကောင်းကင် မဂ္ဂဇင်း)

စနစ်မကောင်းလို့ ဖြစ်ရတာပါပြောပြီး မကောင်းတဲ့ စနစ်ကို ထောက်ခံနေတာကို လူထုက စိတ်မရှည်တော့လို့ အခုလို လမ်းပေါ်ထွက် လာကြတာပါ။ ၂၀၀၈ အခြေခံဥပဒေ မကောင်းလို့ ၊ ဒီမိုကရေစီ မရှိလို့ ဖြစ်နေရတာပါလို့ ပြောပြီး ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ထိန်း သိမ်းစောင့်ရှောက်ပါမည်လို့ ဝန်ခံ လက်မှတ်ထိုးထားတဲ့ NLD အပေါ်မှာ လူထုဟာ လုံးလုံးယုံပြီး ပုံအပ်ထားတဲ့ အခြေအနေ မဟုတ်တော့တာ ကို ဖယောင်းတိုင် လှုပ်ရှားမှုနဲ့ အလုပ်သမားအရေးတွေက ပြနေပါတယ်။ ဦးသိန်းစိန်ရဲ့ လိမ်လုံးညာလုံးကို ခေါင်းဆောင်တွေက ခေါင်းညိမ့် လက်ခံကြပေမဲ့ လူထုက အယုံအကြည်မရှိလို့ အခုလို အရေးဆိုနေကြတာပါ။ လူထုဟာ သူတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တခွန်းတပါဒမှ အပြစ်တင်စကား မပြောကြပေမဲ့ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်တပ်ကိုယ် ကိုယ်တိုင် ခေါင်းဆောင်ချီတက်လာနိုင် တယ်ဆိုတာ ပေါ်လွင်အောင် ပြသလိုက်ပြီ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာပြီးမှတ်ပုံတင် ခဲ့တဲ့နောက်၊ ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုပြီး ကျမ်းကျိန်ပြီးတဲ့ နောက်မှာ လူထုရဲ့ ဆန္ဒသဘောထားတွေနဲ့ ပိုပြီး ဝေးကွာလာတယ်။ အခုနောက်ပိုင်း သူပြောတဲ့စကားထဲမှာ လူထုရဲ့ ဘဝနဲ့ နီးစပ်တာ ဆိုလို့ မကြာခင်တုန်းက သာကေတမှာ တခါပဲ ကြားလိုက်ရပါတယ်။ ပြည်သူလူထုတွေ စားအုန်းဆီစားနေရတာကို ကျမ စိတ်မချမ်းသာဘူးတဲ့။ ဒါဟာ လူထုဘဝကို တကယ်ခံစားပြီး ပြောတဲ့စကားပါ။ ဒါကို တကယ်လုပ်နိုင်ရင် တကယ်လုပ်ဖို့ ကြိုးစားရင် အဲဒါဟာ တကယ့်နိုင်ငံရေးပါ။ ကဲ.. ဒီအပြောတခွန်းတော့ ကြိုက်ပြီ။ ဒါပေမဲ့ အပြောနဲ့ မဟုတ်၊ အလုပ်နဲ့ သက်သေပြလိုက်ပါ။ မဟုတ်ရင် ဖယောင်းတိုင် လှုပ်ရှားမှုနောက်မှာ စားအုန်းဆီ လှုပ်ရှားမှု လိုက်လာမယ်။ လူထုက ပြောမယ်။ ကြီးကြီးကျယ်ကျယ် ဒီမိုကရေစီ ပြောမနေနဲ့၊ လျှပ်စစ်မီးပေး။ ကြီးကြီးကျယ်ကျယ် ဒီမိုကရေစီ မပြောနဲ့၊ မြေပဲဆီပေး။ ကြီးကြီးကျယ်ကျယ် ဒီမိုကရေစီ ပြောမနေနဲ့။ ဆန်ဈေးလျော့ပေး။ ကြီးကြီးကျယ်ကျယ် ဒီမိုကရေစီ မပြောနဲ့၊ ငါတို့လယ်တွေ ပြန်ပေး။ ကြီးကြီးကျယ်ကျယ် ဒီမိုကရေစီ ပြောမနေနဲ့။ ငါ့နိုင်ငံပြန်ပေး။

စစ်အာဏာရှင်တွေဟာ လူထုကို ငြိမ်သက်အောင်လုပ်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးရှာပါတယ်။ မိုးခြုံးသလို ကြုံးဝါးပြီး ထောင်ထဲကထွက်လာတဲ့ ကိုဇာဂနာဟာ ဒေါ်စုနဲ့တွေ့ပြီးနောက် သမ္မတကြီးမှ သမ္မတကြီးဖြစ်သွားတာကို သူတို့ သတိထားမိမှာပါ။ လိုအပ်ရင် ဓါးဆွဲထုတ်မယ်ဆိုပြီး ထောင်ကနေ ကြိမ်းမောင်းထွက်လာတဲ့ ကိုမင်းကိုနိုင်ရဲ့ ဓါးဟာလည်း ဒေါ်အောင်ဆန်းစုကြည်ခေါ်ပြီး မန်းမှုတ်လိုက်တဲ့ နောက်မှာ ဘုရားပွဲက ကျန်ကျောင်းဓါးဖြစ်သွားတာကို သူတို့သိမှာပါ။ ဒါပေမဲ့ ပြည်သူလူထုကြီးကတော့ ဒေါ်အောင်ဆန်းစုကြည် ဟန့်နေတဲ့ ကြားက လမ်းပေါ်ထွက်လာတာကို တွေ့ရတဲ့ အခါ သူတို့ တုန်လှုပ်လာပါတယ်။

ဒီလို တုန်လှုပ်လာတဲ့အတွက် သူတို့သုံးနေကျနည်းဟောင်းကြီးကို ထုတ်သုံးပါတယ်။ အဲဒါက ကုလားဗမာ အဓိကရုဏ်းပါ။ ဗမာပြည်မှာ အရေးကြီးတဲ့ အဖြစ်အပျက်တွေ ပေါ်လာတိုင်း ကုလားဗမာပြဿနာ ပေါ်တတ်တာ ထုံးစံတခုလို ဖြစ်နေပါပြီ။ အမြဲတန်း ဒီလို ဖြစ်နေမှ တော့ တိုက်ဆိုင်မှု ဟုတ်မဟုတ်ဆိုတာ အထူးပြောနေစရာ မလိုပါဘူး။

အခုဆိုရင် အစိုးရသတင်းစာတွေထဲမှာ ရုပ်မြင်သံကြားတွေထဲမှာ ဒီသတင်းကိုပဲ ပုံကြီးချဲ့ ပြောပြနေပါတယ်။ ရပ်ထဲရွာထဲမှာရော၊ အင်တာနက်ပေါ်မှာပါ အစိုးရရဲ့ ဒလျှိုဒလန်တွေဟာ ခြေချင်းလိမ်နေပါတယ်။ မူဆလင် ဆန့်ကျင်ရေးကို အများဆုံးနဲ့ တစိုက်မတ်မတ် လုပ်ခဲ့ကြတဲ့ သူတွေဟာ အင်တာနက်ပေါ်မှာဆိုရင် ရုရှားရောက် စစ်သားတွေက အများစုဆိုတာ အားလုံးသတိထားမိကြမှာပါ။ တကယ်တန်း ရွေးကောက်ပွဲမှာ မဲလိုချင်တော့လည်း လဝက ဗိုလ်ခင်ရီပဲ ရိုဟင်ဂျာတွေကို ကတိတွေပေးပြီး မဲဆွယ်သွားခဲ့တာကိုလည်း အားလုံး သတိထားမိကြမှာပါ။ ဒါဟာ ပြည်သူလူထုရဲ့ ပြဿနာ မဟုတ်ဘူး။ အစိုးရဆင်ထားတဲ့ ထောင်ချောက်ပါ။

ပြည်သူလူထုရဲ့ ပြဿနာက လျှပ်စစ်မီးပြဿနာ၊ အလုပ်သမားအရေးပြဿနာပါ။

အစဉ်အလာအားဖြင့်ကတော့ ကမ္ဘာ့နိုင်ငံရေးမှာရော၊ ဗမာ့နိုင်ငံရေးမှာပါ ခေါင်းဆောင်တွေက လူထုကို နှိုးဆော်ကြရပါတယ်။ ပြည်သူလူထုနိုးထလော့၊ ဆင်းရဲသားတို့ နိုးထလော့ ဆိုတဲ့ အသံတွေနဲ့။ အခုတော့ ခေါင်းဆောင်တွေက ပြည်သူတွေကို လိုက်ဆွဲနေကြတဲ့ ခေတ်ကြီးဆိုတော့ ခေါင်းဆောင်တွေကို လှုပ်နှိုးကြရတော့မယ်။ ခေါင်းဆောင်တွေ နိုးထကြလော့။ အိပ်မက် ဆက်မမက်ကြနဲ့ တော့။ ဗိုလ်သိန်းစိန်ပေးတဲ့ အိပ်မက်မှာ မျောပါပြီး ဗိုလ်သိန်းစိန်ရှေ့မှာ ကာဆီးကာဆီး လုပ်မနေနဲ့တော့။ ခေါင်းဆောင်တွေခင်ဗျား…. သင်တို့ အိပ်မက်မက်နေချိန် မှာ ကလေးတွေ ထမင်းငတ်နေတာကို သတိရပါ။ ပြည်သူတွေ စားအုန်းဆီစားနေရတာကို သတိရပါ။ လျှပ်စစ်မီး မရှိတဲ့ အမှောင်ထုကြီးကြားက မြို့ရွာများစွာကို သတိရပါ။

ငါတို့ ထွက်လာမယ့် လမ်းဟာ အခုမှ ဖြစ်လာတာမဟုတ်ဘူး

အစဉ်အလာနဲ့ လမ်း

အောင်ဆန်းလမ်း

အောင်ကျော်လမ်း

ဗဟိန်းလမ်း

ခွပ်ဒေါင်းအစစ်တွေ ပျံတဲ့လမ်း

ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်

ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်

စကားကတိတွေ

တရားမဲ့အသိတွေ ဆွဲစုတ်

ငါတို့ လမ်းပေါ်ထွက်ခဲ့မယ်။ ။ (ကဗျာဆရာ မျိုးတေဇာမောင်)


ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs