“Free Aung San Suu Kyi now”

ဒီနေ့ စင်္ကာပူနိုင်ငံ Speakers' corner မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု မှတ်တမ်းတင်ဓါတ်ပုံအချို့ပါ။ ကျန်တဲ့ ဓါတ်ပုံတွေနဲ့ ကြွေးကြော်သံဗီဒီယိုကို ပို့စ်အဆုံးပိတ်မှာ ဖော်ပြထားတဲ့ လင့်ခ်တွေမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ဒီနေ့ပွဲကို လာရောက်ပူးပေါင်းပါဝင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို အထူးကျေးဇူးတင်ပါတယ်။








မှတ်တမ်းတင် ဓါတ်ပုံတွေကို ဒီမှာ ကြည့်ပါ။

မှတ်တမ်းတင် ဗီဒီယိုကို ဒီမှာ ကြည့်ပါ။
Read more

“Speakers’ corner မှာ ဆုံကြမယ်”

နအဖစစ်အစိုးရအနေနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီးချုပ်နှောင်ထားခြင်းမှ လွှတ်ပေးရန် တောင်းဆိုမှုများအား အမေရိကန်သမ္မတ အိုဘားမားနဲ့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်း ကအစ အာဆီယံနိုင်ငံများ အလယ် ကမ္ဘာအရပ်ရပ်က ပြည်သူများအဆုံး အားလုံး တက်ညီလက်ညီ တောင်းဆိုနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးအတွက် အစွမ်းဆောင်နိုင်ဆုံး တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်းကို ကျနော့်ဘလော့ဂ် ဘယ်ဖက် ကော်လံမှာ တင်ထားတဲ့ ဦးဝင်းတင်ရဲ့ အင်တာဗျူးတွေမှာလည်း ဦးဝင်းတင်က ပြောထားပါတယ်။ တကမ္ဘာလုံးက လေးစားရတဲ့၊ စွမ်းဆောင်ရည်လည်းရှိတဲ့ ထက်မြက်တဲ့ ခေါင်းဆောင်တယောက်ကို ကျနော်တို့ မြန်မာပြည်သူတွေ လက်ဝယ်ရရှိထားတာပါ။

အခု တကမ္ဘာလုံးက သူမ လွတ်မြောက်ရေးအတွက် တညီတညွတ်တည်း တောင်းဆိုနေချိန်မှာ ကျနော်တို့ စင်္ကာပူရောက် မြန်မာများအနေနဲ့လည်း လာမယ့် တနင်္ဂနွေ( မေလ ၃၁ ရက်နေ့) စပီကာကော်နာမှာ ပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ကျနော်တို့လည်း အဲသည်မှာ ရှိနေပါမယ်။

ဒီဆန္ဒပြပွဲအစီအစဉ်ဟာ စင်္ကာပူနိုင်ငံသားများက ကမကထ ပြုဆောင်ရွက်တာဖြစ်ပြီး စင်္ကာပူဥပဒေအရ တရားဝင် ဆောင်ရွက်တာလည်းဖြစ်ပါတယ်။ အစီအစဉ်အသေးစိတ်နဲ့ ဖိတ်ကြားလွှာကို အောက်မှာ ဖော်ပြထားပါတယ်။


“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် Speakers’ Corner တွင် စုဝေးကြမည့် အစီအစဉ် ”

မိတ်ဆွေတို့…

စင်္ကာပူနိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ Maruah မှ ဦးစီး၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတစ်ခုကို Speakers’ Corner တွင် ပြုလုပ်မည် ဖြစ်ပါသည်။ မိတ်ဆွေတို့အနေဖြင့် လာရောက် ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါသည်။

နေ့ရက်........မေလ ၃၁ ရက်၊ ၂၀၀၉ ခု။

အချိန်.........ညနေ ၅ နာရီ မှ ၇ နာရီအထိ။

နေရာ.........Speakers’ Corner (Clarke Quay ဘူတာအနီး)။


အစီအစဉ်.......အ၀ါရောင်အင်္ကျီဝတ်ဆင်ခြင်း၊ ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခြင်း သင်္ကေတအဖြစ် သူမဓါတ်ပုံချိတ်ဆွဲထားသော အ၀ါရောင် မိုးပျံပူပေါင်းများ လွှတ်တင်ခြင်း။

ဤလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းကို လူဦးရေ များနိုင်သမျှ များများ အချိန် နှစ်နာရီခန့် ငြိမ်းချမ်းစွာ လာရောက်စုဝေးဆန္ဒပြသရန် နှိုးဆော်သော လှုပ်ရှားမှု ဖြစ်ပါသည်။

သူမ၏ လွတ်မြောက်မှုအတွက် သင်ထောက်ခံကြောင်းကို ပြသရန် အ၀ါရောင်အင်္ကျီကို ၀တ်ဆင်ခဲ့ပါ။

အကြံပြုချက်

(၁) စင်ကာပူနိုင်ငံသား နှင့် အမြဲတမ်းနေထိုင်ခွင့်ကိုင်ဆောင်သူများသာ ဆန္ဒပြခြင်း ၊ ပိုစတာများ ကိုင်ဆောင်ခြင်း နှင့် ဓါတ်ပုံ ကိုင်ဆောင်ခြင်း များကို ပါဝင်ပြုလုပ်ခွင့်ရှိသည်။

(၂) အခြား နေထိုင်ခွင့်ကိုင်ဆောင်သူများသည် ဆန္ဒပြခြင်း၊ ပိုစတာများ ကိုင်ဆောင်ခြင်း နှင့် ဓါတ်ပုံကိုင်ဆောင်ခြင်း များကိုပါဝင်ပြုလုပ်ခွင့် မရှိပါ။ သို့သော် Speakers’ Corner သို့ ကြည့်ရှုလေ့လာသူများအဖြစ် လာရောက်၍ အားပေးနိုင်ပါသည်။

(၃) ဆန္ဒပြရာတွင် ပါဝင်မည့် စင်ကာပူနိုင်ငံသား နှင့် အမြဲတမ်းနေထိုင်ခွင့်ကိုင်ဆောင်သူများ သည် အောက်ပါအချက်များကို လိုက်နာကြရမည်။

(က) လူမျိုးခြား (သို့မဟုတ်) ဘာသာခြား တို့အကြား အမုန်းပွားရန်လိုမှုကို ဖြစ်စေမည့် အကြောင်းအရာများကို မရွတ်ဆိုရပါ။ ဤစုဝေးပွဲသည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်ကြောင်း သတိချပ်ပါ။

(ခ) ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါသော ပိုစတာ နှင့် ဘန်နာများကိုသာ ကိုင်ဆောင်ရန် နှင့် ပိုစတာများတွင် ကြမ်းတမ်းသော၊ ရိုင်းပြသော၊ ညစ်ညမ်းသော အရေးအသားများ မပါဝင်စေရပါ။
Read more

“Demonstration in Phnom Penh, Cambodia ...Part(2)”

ကမ္ဘောဒီးယားရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ပထမဦးဆုံးအကြိမ် ဆန္ဒပြပွဲကနေ နောက်ထပ် ထပ်မံရောက်ရှိလာတဲ့ ဓါတ်ပုံတွေနဲ့အတူ ဗီဒီယို လင့်ခ်ကိုလည်း Part (2) အနေနဲ့ တင်လိုက်ပါတယ်။

ယုံကြည်ချက်အတွက် မိမိတို့ရဲ့ ဘ၀နဲ့ရင်းပြီး ပေးဆပ်လှုပ်ရှားနေကြတဲ့ ကမ္ဘောဒီးယားရောက် မျိုးချစ်မြန်မာများရဲ့ လှုပ်ရှားမှုကို အသိအမှတ်ပြုလျက်.....။

ဆန္ဒပြပွဲ ဗီဒီယိုများကို ဒီမှာ ကြည့်ပါ။

(ဓါတ်ပုံ- မငွေဇင်စိုး)




























Read more

Demonstration in Phnom Penh, Cambodia

မြန်မာ့အရေးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူများအပေါ် စင်္ကာပူအစိုးရက နေထိုင်ခွင့်သက်တမ်းတိုးမပေးတဲ့နောက် ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေကြတဲ့ ပြည်ပရောက်မျိုးချစ်မြန်မာများ (အိုဘီပီ)ဟာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (အင်န်ဂျီအို)များနှင့်အတူ ဒီကနေ့ မတ်လ ၂၇ ရက်နေ့ မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွန်းပင်မြို့တော် မြန်မာသံရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အခုလို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကမ္ဘောဒီးယားရောက် အိုဘီပီ အဖွဲ့ဝင်များရဲ့ မြန်မာ့အရေးအတွက် ထက်သန်တက်ကြွမှုကို ဒီပို့စ်နဲ့ ချီးကျူးမှတ်တမ်းတင်လိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး မုချအောင်ရမည်။

(ဓါတ်ပုံ- မငွေဇင်စိုး)

ဆန္ဒပြပွဲ ဗီဒီယိုများကို ဒီမှာ ကြည့်ပါ။
































Read more

“မှားရက်ပလေ”

စင်္ကာပူမှာ အခမဲ့ဖြန့်ဝေတဲ့ စင်္ကာပူအစိုးရရဲ့ အာဘော် တူဒေးသတင်းစာမှာ ဒီနေ့ မမှားသင့်တဲ့ အမှားတခုပါလာတယ်။ သတင်းက အေပီကနေ တဆင့်ဝယ်တာဆိုတော့ အေပီကပဲ မှားသလား၊ တူဒေးလက်ထဲရောက်မှ မှားသလားမသိ။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့သတင်းတပုဒ်ကို ဖော်ပြရာမှာ နိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းပုံကို ဖော်ပြပြီး ဓါတ်ပုံအောက်က ပုံအညွှန်းစာမှာ “သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ထဲက ရှေ့နေတယောက်လည်းဖြစ်တယ်” လို့ မှားယွင်းဖော်ပြထားတာကို တွေ့ရတယ်။ အဖွဲ့ချုပ်က ရှေ့နေဦးဉာဏ်ဝင်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို တယောက်တည်းလို့ ထင်ပုံရတယ်။ အယ်ဒီတာမင်းများ ရွှေဉာဏ်တော် စူးရောက်ပေစွ။ မှားမှ မှားရက်ပလေ။

(အကြီးချဲ့မြင်ရအောင် အောက်ကပုံပေါ်မှာ ကလစ်ခေါက်ပါ။ မူရင်းသတင်းကိုတော့ ဒီမှာ သွားဖတ်ပါ။) Updated: အခုနေ့လည်ပိုင်းမှာ အွန်လိုင်းဗားရှင်းမှာ တစုံတယောက်က အမှားကိုထောက်ပြတဲ့အတွက် ပြန်ပြင်လိုက်တာကို တွေ့ရပါတယ်။

Read more

“သူ့အာဘော်”

(ရှေ့က ပို့စ်တခုမှာ အမည်မသိတဦး လာရောက် မှတ်ချက်ပေးသွားတာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ စာပိုဒ်ခွဲပေးလိုက်တာက လွဲလို့ သတ်ပုံသတ်ညွှန်းကအစ သူ့မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။)

အားလုံးကျမ်းမာကြပါစေ...

ဒီနေ့ညနေတွေ့ဆုံခြင်းဟာ...ကဗာတ၀ှမ်းမှာရှိကြတဲ့...ဗမာအမျိုးသားတွေထဲက Singapore ရှိ ဗမာအမျိုးသားတွေရဲ့....မတရားမှုကိုမနှစ်သက်တဲ့...တရားမျှတမှုကိုသာ...အလိုရှိတာကို...ငြိမ်းချမ်းစွာ...ကဗာတ၀ှမ်းကို...ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆန်ဒပြုကြတဲ့နေ့ဖြစ်ပါတယ်...

အားလုံးဟာ..ကိုယ့်အရေးနဲ့ကိုယ်...လုံးပန်းနေရတာဖြစ်ကြလို့...မလာရောက်နိုင်သူများစွာရှိနေနိုင်ပေမဲ့..လာရောက်ကြမဲ့ ဗမာအမျိုးသားတွေ လည်းရှိနေကြပါတယ်...လာရောက်သည်ဖြစ်စေ...မရောက်ရှိနိုင်သည်ဖြစ်စေ..ယခုအချိန်သည်...SPDC ၏ မတရားမှုကို..အထင်အရှားတွေ့မြင်နေရသည်ကိုယုံမှား..သံသယဖြစ်စရာမလိုတော့ပါ...ဗမာပြည်သူများ၏နှလုံးမသာယာသော..အချိန်များဖြစ်ပါသည်။

ယနေ့တွေ့ဆုံပွဲကိုကြည့်လျှင်ဗမာ့အရေးအတွက်ရင်လေးကြသော...မတရားမှုကိုအားမပေးတတ်သော...တိုင်းပြည်၏တာဝန်ကိုယူရမည်ဟုနားလည်ကြသော...အမျိုးကောင်းသားတို့သည်...မည်သည့်ဆင်ခြေမျှမပေး...မည်သူ့ပရောဂမှ..မပါပဲ...အလိုအလျှောက်ဗမာအရေးအတွက်လုပ်ဆောင်ကြသည်ကိုတွေ့ရမည်။အောင်မြင်မှုရ၏၊မရ၏ကား...အများ၏အဆုံးအဖြတ်..မတရားခြင်းကို နိဂုံးချုပ်စေရန် စဉ်ဆက်မပြတ် အားထုတ်လုပ်ဆောင်ခြင်းကား...တို့လုပ်ရမည့်တရားဟုသာရည်သန်လျှက်...ထိုသူတို့သည်..လုပ်ဆောင်ခဲ့ကြ၏လုပ်ဆောင်နေကြသည်ကိုလည်းတွေ့ရမည်ဖြစ်သည်။

Singapore အနေအထားအရ...ဆန်ဒဖေါ်ထုတ်ပွဲများကို...အုတ်အုတ်ကျက်ကျက်...ပြုလုပ်ရန်မဖြစ်နိုင်ပေ...တစ်ဖက်တွင်လည်း...ကျွန်တော်တို့မှာ...အခြားတိုင်းပြည်တွင်လာရောက်..လုပ်ကိုင်...အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ရာ..ထိုတိုင်းပြည်တို့၏..လုပ်ထုံးလုပ်နည်း...တည်ငြိမ်မှုကိုမထိပါးရေး...အစရှိသည်တို့ကိုလည်း အမြဲထည့်စဉ်းစားရမည်သာဖြစ်သည်၊ Singapore မှမဟုတ်..မြန်မာပြည်မှတပါး...အခြားသောတိုင်းတစ်ပါးသို့ ရောက်ရှိနေကြသော...ဗမာအမျိုးသားများ ဂရုပြုရမည်သာတည်း။ (အုပ်စိုးသူမင်းနှင့်အဖွဲ့အစည်းသာလျှင်ယုတ်ညံ့သည်...တကယ့်ဗမာအမျိုးသားမျုား၏စိတ်တွင်ကားမိမိကြောင့်သူတစ်ပါးတို့၏တည်ငြိမ်အေးချမ်းမှုကိုထိခိုက်ရန်၊လုပ်ဆောင်ရန်စိုးစဉ်းမျှမရှိပေ...)(ပြည်ပရှိအဖွဲ့အစည်းများ၏ တာဝန်ယူမှုမှာလည်းမြန်မာပြည်နီးပါး...အကဲဆတ်လှပါသည်ကိုလည်းမှန်းဆနိုင်ပါသည်။)

မည်သို့ဆိုစေကာမူ.....ယနေ့Singapore မှ ဗမာ့အသံများသည်... ကဗာပေါ်မှ...ဗမာတို့၏ မတရားမှုများကိုမနှစ်မြို့သောအသံများစွာကို ကိုယ်စားပြုနေလျှက်ရှိနေပေပြီ။

ကဗာပေါ်ရှိ မြင့်မြတ်သော၊အမြင်ကျယ်သောအမျိုးသားတိုင်းတွင် ယေဘူယျတာဝန်(၂) ရပ်ရှိကြပေသည်။တာဝန်တစ်ခုမှာ...မိမိ မိသားစု၊အိမ်ထောင်မှု...လူမှုရေးအစရှိသောတာဝန်များဖြစ်ကာ၊အခြားတာဝန်မှာ... မိမိ၏နိုင်ငံတော်၏တာဝန်ဖြစ်သည်။ ဗမာပြည်သူများအတွက်ဆိုလျှင်... စစ်အာဏာရှင်စနစ်ကိုပယ်ရှားရေးနှင့်၊ လူထုကိုကိုယ်စားပြုကာ၊ လူတိုင်းသာတူညီမျှရှိစေသည့်၊လူမှုဘ၀များကိုစိုးရိမ်ကြောင့်ကြကင်းစွာ အာမခံနိုင်သည့်စနစ်ကို တတ်နိုင်သမျှအချိန်တိုအတွင်း ပူးပေါင်းတည်ဆောက်ကြရန်သည်.. ယနေ့ရှင်သန်လှုပ်ရှားနေသော...ဗမာပြည်သူများအားလုံး၏ နိုင်ငံ့တာဝန်ဖြစ်သည်။

( Singapore ဆိုပါမူ..ပိုမိုတိုးတက်အောင်မြင်သည့်၊ ရှိပြီးသားတိုးတက်မှုများကို တည်တံ့ခိုင်မြဲနေအောင်ကြိုးပမ်းအားထုတ်ရမည်မှာ Singapore သားအားလုံး၏ နိုင်ငံ့ တာဝန်ဖြစ်ပေမည်။)လူတစ်ဦးစီ၏နိုင်ငံ့တာဝန်ကို.ထမ်းရွက်ရမည်ဟုနားလည်ခြင်းတာဝန်ယူဆောင်ရွက်နေခြင်းအစရှိသည်တို့မှာ...သက်ဆိုင်ရာနိုင်ငံတော်အစိုးရ၏ လူထုအပေါ်မှန်ကန်စွာဦးဆောင်မှု၊ အသိပေးမှု...အစရှိသည် များနှင့် လူတစ်ဦးချင်းစီ၏...ကိုယ်ပိုင်အမြင်ရှိမှု...အစရှိသည့် အခြေခံများတွင်မူတည်လျှက်ရှိသည်။ ယနေ့ဗမာပြည်တွင်...စစ်အစိုးရ၏ အဆောက်အဦ(Institution) များမှလွဲလျှင်...အခြားသောအဆောက်အဦများမှာ.. (ဆိုရလျှင်... တရားစီရင်ရေးမဏ္ဍိုင်မှစကာ...ကျမ်းမာရေး... ပညာရေး.... ကုန်သွယ်ရေး.... မြုနီစပယ်စနစ်အဆုံး...) ချိနဲ့နေရပြီဖြစ်ရာ.... ဗမာပြည်သားများကို... သင့်မှာနိုင်ငံရေးတာဝန်ရှိပါသည်ဟုပြောမိလျှင်... နားလည်နိုင်မည်လားဟုသင်ထင်ပါသလား...အများစုနားလည်လက်ခံမည်မထင်ပါ။

ကျွန်တော်တို့အချင်းချင်း လက်ဆင့်ကမ်းကာ ပြောပြကြရန်သာရှိပေသည်။ ထိုတာဝန်သည်.. ကျွန်တော်တို့တွင်တကယ်ရှိနေပါသည်။ သင်သဘောပေါက်သည်ဖြစ်စေတာဝန်ယူလိုသည်ဖြစ်စေ၊ သင်သဘောမပေါက်သည်ဖြစ်စေတာဝန်မယူလိုသည်ဖြစ်စေ၊ ထိုတာဝန်ကိုထမ်းရန် သင်တို့ ကျွန်တော်တို့တွင်တကယ်ရှိနေပါပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့ ကျွန်တော်တို့သည် ဗမာပြည်တွင်မွေးဖွားခဲ့သော ဗမာပြည်သားများ ဖြစ်နေသောကြောင့် ဖြစ်သည်။

သင်သည် ကျောင်းသားလည်းဖြစ်နိုင်သည်၊ အလုပ်သမားလည်းဖြစ်နိုင်သည်၊ စစ်အစိုးရကိုစိတ်နာနေသူလည်းဖြစ်နိုင်သည်၊ စစ်အစိုးရ၏လုပ်ရပ်များကြောင့်ဘ၀အတွက်စိတ်အေးနေရသူလည်းလည်းဖြစ်နိုင်သည်၊သို့မဟုတ်စစ်အစိုးရ၏လုပ်ရပ်များကိုမုန်းတီးသောလည်းမိမိဆွေမျိုးသားချင်းစစ်အစိုးရဆက်စပ်သူများဖြစ်နေသူလည်းဖြစ်နိုင်သည်၊ မည်သို့သူပင်ဖြစ်စေ...ကျွန်တော်တို့အားလုံးမှာ...ဗမာပြည်သားများသာဖြစ်ရာ....အားလုံးအတူတူပင်ဖြစ်သည်။နိုင်ငံ့တာဝန်ကို....နိုင်ငံ့တာဝန်ကိုတိုးတက်ရန်...အားထုတ်ရမည်သာဖြစ်သည်။ သင်တို့၏ မိသားစုတာဝန်များကိုလည်း မလစ်ဟင်းစေသလို၊တိုင်းပြည်၏တာဝန်များကိုလည်းမြက်ခြေမပြတ်ဆောင်ရွက်ခြင်းဖြင့်...သင်တို့၏နိုင်ငံ့အပေါ်တာဝန်ယူမှုနှင့်အမျိုးမြင့်မြတ်ခြင်းကိုပြသကြပါ...

သင်တို့အားလုံး၏အားမာန်နှင့်တာဝန်ယူမှုမပါဝင်လျှင်...စစ်အာဏာရှင်စနစ်ကို ပယ်ရှားရေးနှင့်၊လူထုကိုကိုယ်စားပြုကာ၊လူတိုင်းသာတူညီမျှရှိစေသည့်၊လူမှုဘ၀များကိုစိုးရိမ်ကြောင့်ကြကင်းစွာအာမခံနိုင်သည့်စနစ်ကိုအချိန်တိုတွင်းဖော်ဆောင်ရန်...မဖြစ်နိုင်ပေ...

ယခုလောလောဆယ် Singapore ရှိမြန်မာများ အနေဖြင့်... လုပ်ဆောင်နိုင်သည်များအနက် တချို့မှာ

၁) အလှူငွေ - နီးစပ်ရာကိုစုံစမ်းကြည့်ပါ၊ စစ်မှန်သောနိုင်ငံ့အရေးအတွက် လုပ်ကိုင်နေသောရန်ပုံငွေစုစည်းရေးအဖွဲ့များရှိနေပါသည်။ လစဉ်ပါဝင်ခြင်းဖြင့် ရှေ့တန်းထွက်ကာလုပ်ဆောင်နေ သူတို့၏ (NLD ++) အားတက်မှုများ ကို အရှိန်မြင့်ပါစေလေ။

၂) မိမိတို့နိုင်ငံ့အကျိုးအတွက် လက်တွေ့ကျသောအကြံဥာဏ်များ၊ သတင်းအချက်များကိုကို တင်ပြပါ။

Read more

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲ (စင်္ကာပူ)”





လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၂၀၀၉ ခုနှစ်၊ မေလ ၂၄ ရက်၊ တနင်္ဂနွေညနေပိုင်းက စင်္ကာပူနိုင်ငံ တိုပါးရိုးရပ်ကွက်ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သော ၀တ်ပြုဆုတောင်းပွဲကို စင်္ကာပူရှိ မြန်မာနိုင်ငံသား ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ညနေ ၇ နာရီ ၁၅ မိနစ်တွင် စတင်ကျင်းပပြီး ဘုရားရှိခိုးခြင်း၊ ငါးပါးသီလ ဆောက်တည်ခြင်း၊ မေတ္တသုတ် ရွတ်ဖတ်ခြင်းများပြုလုပ်သည်။ ထို့နောက် စစ်အစိုးရ၏ မတရားဖမ်းဆီးခြင်းကို ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်မှန်း၍ ငါးမိနစ်ခန့် တိတ်ဆိတ်စွာ မေတ္တာပို့သကြသည်။ ထို့နောက် ဆရာတော်ထံမှ တရားတော်ကို နာကြားပြီး အမျှအတမ်းပေးဝေကြသည်။

တရားနာပြီးသောအခါ ကျောင်းပရ၀ုဏ်ထဲရှိ ဗောဓိညောင်ပင်တွင် Free “Suu” ဟူသော အင်္ဂလိပ်စကားလုံးကို ဆီမီးများဖြင့် ထွန်းညှိကာ ပုံဖော်ကြသည်။

ပွဲဖြစ်မြောက်အောင် စီစဉ်သူ မြန်မာ့အရေးလှုပ်ရှားသူများက တက်ရောက်လာသူများအား ရွှေရင်အေးတိုက်ကျွေးခြင်း၊ အအေးဘူးများ ဝေငှခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခြင်းနှင့်ပတ်သက်သော သတင်းများကို ရိုက်နှိပ်ထားသည့် စာစောင်များ ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

လာမည့် မေလ ၃၁ ရက်နေ့ စပီကာကော်နာတွင် ပြုလုပ်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုသို့ လာရောက်ရန် တိုက်တွန်းသည့် ဖိတ်ကြားစာများကိုလည်း အခမ်းအနား တက်ရောက်လာသူများအား ဝေငှခဲ့ကြသည်။



လှုပ်ရှားမှုမှတ်တမ်းတင် ဓါတ်ပုံများကို ဒီမှာ ကြည့်ပါ။


လှုပ်ရှားမှုမှတ်တမ်းတင် ဗီဒီယိုအချို့ကို ဒီမှာ ကြည့်ပါ။
Read more

“In unity for her liberty"

(ပုံကြီးချဲ့မြင်နိုင်ရန် ပုံပေါ်တွင် ကလစ်ခေါက်ပါ။)

အသေးစိတ်ကို ဒီမှာ ဖတ်ပါ။

၂၀၀၇ ခုနှစ်၊ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် MARUAH အဖွဲ့နဲ့ အတူ လှုပ်ရှားခဲ့ဖူးတဲ့ အမှတ်တရ ဗီဒီယိုလေးကို ဒီပို့စ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Read more

“သံတမန်များ နအဖရဲ့ အသုံးချ ခံလိုက်ရလေသလော”

နအဖ စစ်အစိုးရဟာ နိုင်ငံတကာဖိအားနဲ့ ပြည်ပက မြန်မာ့အရေးလှုပ်ရှားမှုတွေကို သိပ်အရေးစိုက်လှတာတော့ မဟုတ်ပါဘူး။ နာဂစ်နဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ကြုံခဲ့ကြဖူးပါပြီ။

အာဏာရှင်တို့ထုံးစံအတိုင်း သူတို့ တကယ်ကြောက်တာ ပြည်တွင်းက ပြည်သူတွေ အုံကြွမှာနဲ့ တပ်တွင်းသူပုန်ထမှာကိုပါ။

မနေ့က တရားခွင်မှာ သတင်းထောက်တွေနဲ့ သံတမန်အချို့ကို တက်ရောက်ခွင့်ပေးလိုက်ခြင်းဟာ ပြည်ပဖိအားကြောင့်မဟုတ်ဘဲ သူတို့ရဲ့ ပြည်တွင်း ၀ါဒဖြန့်မှုအတွက်သက်သက်သာဖြစ်ကြောင်း ဒီကနေ့ရောက်တော့ ပေါ်လွင်ထင်ရှားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာဆိုရင် သံတမန်တွေရော သတင်းထောက်တွေကိုပါ တရားခွင်ကို ပေးမ၀င်တော့ပါဘူး။

မနေ့က တရားခွင်မှာ ရိုက်ကူးထားတဲ့ သတင်းတွေကို မြန်မာ့ရုပ်မြင်သံကြားကနေ ညပိုင်းက ထုတ်လွှင့်ပေးခြင်းအားဖြင့် တရားခွင်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ တရားခွင်တခု ဖြစ်လေသယောင် ပြည်သူလူထုနဲ့ တပ်တွင်းက အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေကို လိမ်လည်လှည့်ဖြားဖို့ ကြိုးစားခဲ့ပါတယ်။ မနေ့က တရားခွင်ကို တက်ရောက်ခဲ့ကြတဲ့ အပြည်ပြည်ဆိုင်ရာက သံအရာရှိကြီးတွေနဲ့ ပြည်တွင်းပြည်ပ စာနယ်ဇင်း သတင်းထောက်တွေဟာ နအဖရဲ့ ၀ါဒဖြန့်ချီရေးယန္တရားအတွက် ကြားက ၀င်ပြီး အသုံးတော်ခံလိုက်ရတဲ့ သဘောရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခဏတဖြုတ် တွေ့ခွင့်ရလိုက်တာကတော့ အမြတ်ပေါ့လေ။

သည်လိုရေးလို့ ပြည်ပက လှုပ်ရှားနေကြသူတွေ၊ အပြည်ပြည်ဆိုင်ရာက ဖိအားပေးဖို့ ကြိုးစားလှုံ့ဆော်နေမှုတွေကို ရပ်ဆိုင်းလိုက်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ပြည်ပက ဒီမိုကရက်စီအင်အားစုတွေကလည်း မိမိတို့လုပ်စရာရှိတာတွေကို အင်တိုက်အားတိုက် ဆက်လက်လုပ်ဆောင်သွားကြရမှာပါ။ နအဖ ဘေးကြပ်နံကြပ်ဖြစ်ရေးအတွက် ပြည်ပကနေဖိအားပေးတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားကြရမှာ ဖြစ်သလို အဓိက အင်အားစုဖြစ်တဲ့ ပြည်တွင်းအင်အားစုများကို ထောက်ကူနိုင်ဖို့ကိုလည်း ပိုပြီး အာရုံစိုက်နိုင်ကြစေရန် ရေးသားတင်ပြလိုက်ရပါတယ်။
Read more

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုအတွက် ဖိတ်ကြားစာ (စင်္ကာပူ)”

Speakers' Corner တွင် စင်္ကာပူနိုင်ငံသားများ ဦးစီးပြုလုပ်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုအတွက် ဖိတ်ကြားစာမူရင်း....

“In Unity for the Liberty of Daw Aung San Suu Kyi at Speakers’ Corner”

Date: 31st may 2009
Time: 5pm – 7pm
Theme: yellow colour; vigil with speeches; candlelight; releasing some yellow balloons with her portrait as a symbol of asking for her to be set free

Dear Sir/Madam,
Re: In Unity for the Liberty – Daw Aung San Suu Kyi’s Freedom

We, members of MARUAH (Singapore Working Group for an ASEAN Human Rights Mechanism), would like to invite you, personally, and your organization to be part of a civil society movement to call for the freedom of Daw Aung San Suu Kyi.

Daw Aung San Suu Kyi, who won the democratically-held elections in 1990, has been under house arrest for almost two decades. On 18th May 2009, she was charged with breaching the terms of her house arrest and stood trial. She has borne her trials with dignity. Yet they continue unabated. The world has honoured her with a Nobel Peace Prize and lobbied tirelessly for her freedom but there is a growing helplessness towards the situation as the Myanmar junta continues to keep her in detention without trial.

We find the situation untenable. It will be a grave injustice if we all were to stand by and let this courageous citizen spend all her days as a prisoner. She is due for release at the end of May.

Many among us know that it will not happen. We need to show ASEAN solidarity at the civil society level and act together to ask for her freedom.

Can we then come together throughout ASEAN on the same day at the same time to demand for her freedom? Can we show solidarity by wearing some yellow in our clothing, hold a candlelight vigil and let off as many yellow-coloured balloons with her portrait, into the skies?

Civil society actors in certain countries may, of course, prefer to address supporting Daw Aung Sung Suu Kyi in their own unique way. But we hope that you will kindly agree to the above as some minimum.

I enclose a flyer for local use with space for NGOs to add their logo and adapt for their individual country use. But at the ASEAN level we are happy to coordinate this effort with the lead NGO in each country so that we can know how many organizations are committed to this project.

The date we have chosen is 31st May 2009. The time is 6 pm (Singapore); 7 pm (Bangkok); 5pm (Jakarta).

Please let us know if you would like to be part of this initiative and will be the coordinating NGO for this effort in your country to carry out the solidarity movement in your country.

There is no leading organization in this, We are acting collectively and want the same thing for Daw Aung San Suu Kyi – freedom and justice. We are just a trigger and we hope it will take a life of its own.

Yours in solidarity,
In unity for the Liberty of Daw Aung Sung Suu Kyi
c/o MARUAH(Singapore)c/o Tenaganita( Malaysia)

ADVISORY

1. Only Singaporeans and Permanent Residents can participate in the demonstration in the Speakers Corner.

2. Observers – those who are unsure of their immigration status or are not citizens or PRs - please do know that by law you ought not to carry placards, banners, posters or photographs of Daw Aung San Suu Kyi or any Burmese opposition leaders.

3. Singaporeans and Permanent Residents who are taking part in the demonstration, please comply with the following conditions:

a. Please do not recite anything that is religious or may cause feelings of enmity, hatred, ill-will or hostility between different racial or religious groups. Please remember this is a peaceful demonstration. We are showing our solidarity with the people in ASEAN in asking for the release of Daw Aung Sung Suu kyi and also our sadness at the state of democracy in Myanmar(Burma)

b. We do not encourage placards or banners except for Daw Aung San Suu Kyi’s photograph, which we strongly encourage. If there are placards or banners they must not contain violent, lewd or obscene material.

A reminder: The organizers can request members of the public to leave the area demarcated for the demonstration should their actions be considered as flouting the terms and conditions of licence granted by the National Parks of Singapore for this demonstration or any other laws regulating public demonstrations in Singapore.
###
Read more

“အဘ ကယ်ပေလို့”

မင်းတုန်းမင်းလက်ထက်မှာ ရတနာပုံသတင်းစာက အယ်ဒီတာမင်းတွေကို ခေါ်ပြီး ဟောသလို ပြောသတဲ့။

“ငါမကောင်းရင် ငါ့ကိုရေး။ ငါ့မိဖုယား မကောင်းလျှင် ငါ့မိဖုယားအကြောင်းရေး။ မောင်မင်းတို့ ဘေးမသင့်စေရ”……….တဲ့။ သတင်းစာလွတ်လပ်ခွင့် ပေးတဲ့သဘောပေါ့နော်။

တော်ပါသေးရဲ့။ ဒီဖက်ခေတ်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော်မူသော ကြပ်ပြေးက အဘတယောက် မင်းတုန်းမင်းကို အားကျပြီး သတင်းစာ၊ ဂျာနယ်အသီးသီးက သတင်းထောက်တွေကို အထက်ပါအတိုင်း အမှာတော် မခြွေခဲ့လို့။

နို့မဟုတ်ရင် တနေ့တနေ့ သတင်းစာထဲမှာ အဘ မကောင်းကြောင်းတွေ၊ ကြိုင်ကြိုင့် မကောင်းကြောင်းတွေ၊ အဘ သားသမီး မကောင်းကြောင်းတွေချည်းပဲ ရေးရလွန်းလို့ တခြားသတင်းတောင် ထည့်ခွင့်ရတော့မှာမဟုတ်။ သတင်းစာတွေလည်း တစောင်ဆိုရင် လေရူးသုန်သုန်ဝတ္ထုလောက် အထူကြီးဖြစ်သွားနိုင်တယ်။ သတင်းစာ ပစ်တဲ့လူတွေ လက်မောင်းအောင့်ဖို့သာ ပြင်ပေရော့။ လူတွေလည်း သတင်းစာအဟောင်းကို ပဲကြီးလှော်နဲ့ လဲစားရလွန်းလို့ တဘူဘူနဲ့ လေထု ညစ်ညမ်းကိန်းရှိတယ်။

အင်း….. အဘ.. အဘ….၊ အဘ ကယ်ပေလို့သာပေါ့။
Read more

“ခြံစောင့်အစိုးရ ငယ်ငယ်က ဆိုရင်…”

အစ်မတွေလက်ထက်မှာ သင်ခဲ့ရတဲ့ မြန်မာစာ ပြဋ္ဌာန်းစာအုပ်ထဲက “မင်းတုန်းမင်းနဲ့ ငါးခြောက်ပြား” ဆိုတဲ့ စာတပုဒ်ကို သတိရမိတယ်။

မင်းတုန်းမင်းငယ်ငယ် မင်းသားငယ်မောင်လွင်ဘ၀က ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းသားဘ၀နဲ့ ပညာသင်ရတယ်။ တနေ့မှာ ဒကာတယောက်က ဘုန်းတော်ကြီးကို ငါးပုတ်ခြောက်ပြား တပြားလာလှူတယ်။ ဆရာတော်က ဘုန်းကြီးကျောင်းသားဖြစ်တဲ့ မောင်လွင်ကို ခေါ်ပြီး … “ဟဲ့…မောင်လွင်….လာစမ်း။ ဒီ ငါးခြောက်ပြားကို သေသေချာချာ သိမ်းထားလိုက်” လို့ ခိုင်းသတဲ့။

ဒါနဲ့ မောင်လွင်လည်း ငါးခြောက်ပြားကို ကျက်သရေခန်းထဲမှာ သိမ်းထားလိုက်တယ်ဆိုပဲ။

တရက်ကျတော့ ဆရာတော်က ဆွမ်းဘုန်းပေးကာနီးမှာ ငါးခြောက်ပြားကို သတိရပြီး မောင်လွင်ကို သွားယူခိုင်းတဲ့အခါ ငါးခြောက်ပြားကို သူထားခဲ့တဲ့နေရာမှာ ရှာမတွေ့တော့ဘူးတဲ့။ အဲဒါနဲ့ ဆရာတော်ကို အကျိုးအကြောင်း လျှောက်ထားတော့ ဆရာတော်လည်း ကြိမ်လုံးကို ဆွဲပြီး မောင်လွင်ရဲ့ ကျောပြင်ကို နာနာကြီး ရိုက်ပြီး အပြစ်ပေးသတဲ့။

ပါးစပ်ကလည်း “နင်ဟာ တနေ့မှာ ဘုရင်ဖြစ်မယ့်လူ။ ဒီငါးခြောက်ပြားလေးတပြားမှ လုံခြုံအောင် မထိန်းသိမ်းနိုင်လို့ရှိရင် ဘယ်နှယ့်လုပ်ပြီး တိုင်းပြည်ကို လုံခြုံအောင် ထိန်းသိမ်းမလဲ” လို့ မိန့်သတဲ့။

မောင်လွင်လည်း နန်းတွင်းကိုပြန်ရောက်တော့ သူ့မယ်တော်ကို ငိုယိုပြီး အကျိုးအကြောင်းပြောပြတဲ့အခါ မယ်တော်က မောင်လွင်ရဲ့ ကျောပြင်ကို ဆေးလူးပေးရင်း “ဆရာတော်က ငါ့သားကို လိမ္မာရေးခြားရှိအောင် ဆုံးမတာ၊ စိတ်မှတ်မထားနဲ့” လို့ ပြောသတဲ့။

မင်းတုန်းမင်းဘုရင်ဖြစ်လာတော့ တနေ့မှာ သူ့သားတော်တွေကို သူ့ကျောက အစင်းတွေကို လှန်ပြရင်း သူ့ဆရာတော်ဆုံးမခဲ့တာကို ပြန်ပြောင်းပြောပြသတဲ့။

အထက်ပါဇာတ်လမ်းကတော့ ကျနော်မှတ်မိသလို ပြန်ရေးပြရတာမို့ စကားလုံးအတိအကျ မှန်ဖို့တော့ ခဲယဉ်းပါတယ်။ ဒါပေမယ့် သဘောက အဲသည်အတိုင်းပါပဲ။

အဲသည် အကြောင်းကို ပြန်ပြောင်း သတိရမိတော့…. ခြံဝန်းလေးတခုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်တဲ့ ခြံစောင့်အစိုးရအကြီးအကဲ ဟိုပုဂ္ဂိုလ်ကြီး ငယ်ရွယ်စဉ် ဘုန်းကြီးကျောင်းသားဘ၀ကဆိုရင် ကျောပြင်မှာ အရှိုးတွေ ဘယ်လောက်များ နိုင်းချင်းထင်အောင် အရိုက်ခံခဲ့ရမလဲဆိုတာ မတွေးဘဲ မနေနိုင်အောင်ပါဘဲ။
Read more

“ဦးရှံစားနှင့် ထူးဆန်းပွေလီ အမှုကြီး”

တနေ့သ၌ ကျွန်ုပ်သည် ရန်ကုန်မြို့ထဲသို့ရောက်ခိုက် မြို့ထဲတိုက်ခန်းတခုတွင် နေထိုင်လျက်ရှိသော ကျွန်ုပ်၏ မိတ်ဆွေကြီး ဦးရှံစားထံသို့ အလည်ဝင်ရန် စိတ်ကူးရလေသည်။ သို့နှင့် အုတ်လှေကားအတိုင်းတက်သွားပြီး ဒုတိယထပ်ရှိ ဦးရှံစား၏ တိုက်ခန်းရှေ့တွင် ရပ်လျက် အခန်းတံခါးကို လက်ဖြင့် အသာခေါက်လိုက်သော် အထဲမှ…..

“ကိုဒိန်းဒေါင်လား၊ တံခါးဖွင့်ထားတယ်ဗျ။ ၀င်ခဲ့လေဗျာ”

ကျွန်ုပ်လည်း အခန်းတံခါးကို တွန်းဖွင့်ပြီး ၀င်သွားလျှင် အခန်းတွင်း၌ ပက်လက်ကုလားထိုင်တလုံးဖြင့် သတင်းစာတစောင်ကို ဖတ်ရှုလျက်ရှိသော မိတ်ဆွေကြီး ဦးရှံစားကို တွေ့လိုက်ရသည်။

ကျွန်ုပ်လည်း အတန်ငယ် အံ့အားသင့်စွာဖြင့်…..

“တံခါးခေါက်တာ ကျုပ်မှန်း ခင်ဗျားဘယ်လိုလုပ်သိသလဲ”

ထိုအခါ ဦးရှံစားသည် ငါးသလောက်ပြုံး တချက်ပြုံးလိုက်ပြီး…..

“မခက်ပါဘူးဗျာ။ စောစောက ကျုပ် ၀ရန်တာမှာထွက်ပြီး လမ်းမပေါ်ကို ကြည့်နေတုန်း ခင်ဗျား လမ်းလျှောက်လာတာကို မြင်ရတယ်။ ကျုပ်တိုက်ရှေ့ရောက်တဲ့အခါ လှေကားဆီကို ချိုးကွေ့သွားတာကို မြင်လိုက်ရတော့ ခင်ဗျားကျုပ်ဆီလာတာဆိုတာ သေချာသွားပြီ။ ဒါကြောင့် တံခါးကို အထဲကနေ ဂျက်ဖွင့်ပြီး စောင့်နေတာပေါ့”

ထိုအခါ ကျွန်ုပ်စိတ်ထဲတွင် ဂိန်ကနဲ မြည်သွားပြီး ကျွန်ုပ်၏ အတွေးခေါင်ပုံကို နောင်တရသွားလေသည်။ သို့နှင့်…..

“မှားပါတယ် ကိုရှံစားရယ်။ ဒါနဲ့ ဘာသတင်းတွေများ ဖတ်နေသလဲဗျ”

“ဂျွန်ဝီလျံယက်တောရဲ့ ထူးဆန်းသော ရေကူးမှုကြီး အကြောင်းပေါ့ဗျာ။ တနိုင်ငံလုံးလည်း ဒီအကြောင်းပဲ ပြောနေကြတာပဲမဟုတ်လား”

ဦးရှံစားသည် စကားပြောရင်းက ပါးစပ်မှ ဆေးတံကို အသာချွတ်လိုက်ကာ ဆေးပြာများကို အနီးရှိ ပြာခွက်ထဲသို့ တဒေါက်ဒေါက် ခေါက်ချလိုက်ပြီး ဆေးတဆုံအသစ်ဖွာရန် ပြင်ဆင်လျက်ရှိလေသည်။

ကျွန်ုပ်လည်း နီးရာ ခုံတလုံးတွင် ၀င်ထိုင်လိုက်ရင်း….

“ဟုတ်တယ်ဗျ။ တနိုင်ငံလုံးလည်း ဒီအကြောင်းပဲ ပြောနေကြတာပဲ။ ဒါပေမယ့် ထူးဆန်းသော ရေကူးမှုကြီးလို့ ပြောရအောင် ဒီအမှုက ဒီလောက်ရိုးရှင်းနေတာပဲဗျာ။ ဒီအမေရိကန်နိုင်ငံသားက ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲကို ရေကူးဝင်တယ်။ ပြီးတော့ နှစ်ညအိပ်ပြီး နောက်တော့ ရေကူးပြန်ထွက်အလာမှာ သက်ဆိုင်ရာတွေက ဖမ်းမိတာမို့လား။ ဘာများထူးဆန်းတာပါလို့လဲ”

ဦးရှံစားသည် ဆေးတံကို မီးညှိရင်းမှ…..

“ဟုတ်ပါတယ်။ မထူးဆန်းတာကိုက ထူးဆန်းနေတာပေါ့ဗျ။”

(ကျွန်ုပ်) “ဘာ… ဘယ်လို။ မထူးဆန်းတာကိုက ထူးဆန်းနေတာဟုတ်လား။ ကျုပ်တော့ နားရှုပ်သွားပြီဗျာ”

(ဦးရှံစား) “ဒီလိုဗျ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တ၀ိုက်က အင်းလျားကန် ဆိုတာ လုံခြုံရေးအစောင့်အရှောက် တင်းကြမ်းပြည့် ချထားတာတဲ့ဗျ။ အဲသည်နေရာ တ၀ိုက်မှာ အစိုးရအရာရှိကြီးတွေလည်း နေထိုင်ကြတယ်ဆိုပဲ။ ဒီတော့ အင်းလျားကန်ထဲက ငါးတွေတောင်မှ အဲသည်ဖက်ခြမ်းကို ရေကူးချင်ရင် မှတ်ပုံတင်ပြပြီးမှ ကူးခွင့်ရှိတယ်လို့ တချို့က ရယ်စရာအဖြစ် ပြောကြတယ်။ အဲသည်လို နေရာမျိုးမှာ ဂျွန်ဝီလျံယက်တော ရေသန့်ဘူးကြီး တကားကားနဲ့ ကူးတာကို ဘယ်သူမှ မမြင်လိုက်ဘူးဆိုတာက ထူးဆန်းနေတော့တာပေါ့ဗျ။ လုံခြုံရေးတွေက မျက်စိမှိတ်နေလိုက်မှ ကူးလို့ ဖြစ်မှာမျိုးကိုး”

(ကျွန်ုပ်) “အေးဗျ။ ဒီလိုတော့လည်း အဟုတ်သားပဲ။”

(ဦးရှံစား) “နောက်တခုက ၀ီလျံယက်တောရဲ့ ဇနီးက သတင်းစာတွေကို ပြောပုံအရ ၀ီလျံယက်တောဟာ ပန်းနာရင်ကြပ်ရောဂါရှိတယ်။ ဆီးချိုလည်းရှိတယ်တဲ့။ သည်ပုံအတိုင်းဆို သူ့အသက်အရွယ်နဲ့ အင်းလျားကန်ကို ကူးဖြတ်ရမယ်ဆိုရင် လမ်းတ၀က်မှာကတည်းက ကောင်းကင်ဘုံကို ရောက်သွားနိုင်တယ်ဗျ။ ကျုပ်တို့လူက ကြောက်လည်း ကြောက်တတ်သတဲ့။ အခုကျတော့ သူလုပ်ပုံက 007 (ဂျိမ်းစ်ဘွန်း)လို စွန့်စားခန်းကို လုပ်သွားတာမဟုတ်လား။”

(ကျွန်ုပ်) “ဒါဆိုရင် ဂျွန်ဝီလံယက်တောဟာ အင်းလျားကန်ထဲကတဆင့် ရေကူးသွားတာ မဖြစ်နိုင်ဘူးပေါ့”

ထိုအခါ ဦးရှံစားသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး……

“ကျုပ်တော့ မထင်ဘူး... ကိုဒိန်းဒေါင်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်တောင် ကဗျာတပုဒ် အပြောင်အပျက် စပ်ထားပါသေးတယ်ဗျ”

ဟုဆိုကာ ကဗျာတပုဒ်ကို အောက်ပါအတိုင်း သံနေသံထားဖြင့် ရွတ်ပြလေသည်။

ယက်တောက အပြန်
ကန်လယ်မှာ ရေသန့်ဘူးဆိုလို့
မောင်ကူးကာပြေး။

မနက်ခင်းဆီက
ထောင်တွင်းကို မောင်ဝင်တော့
သူ့ဆံပင် ဒိုက်ပင်ဖတ်တွေနဲ့
အနေကြပ်တယ်လေး။


ထိုကဗျာကို ကြားရသောအခါ ကျွန်ုပ်လည်း ၀ီလျံယက်တောခေါင်းတွင် အင်းလျားကန်မှ ဒိုက်များ ကပ်ငြိနေပုံကို မြင်ယောင်ကာ တက်မတတ် ချက်မတတ် ရယ်မောမိသည်။

အတန်ကြာမှ ကျွန်ုပ်က…..

“ယက်တောက အင်းလျားကန်က ဖြတ်လာတာ မဖြစ်နိုင်ဘူးဆိုရင် ဘယ်ကနေ အိမ်ထဲကို ၀င်မလဲဗျာ။ သတင်းတွေအဆိုအရတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယက်တောကို တွေ့တယ်ဆိုတော့ အိမ်ထဲကို ရောက်တယ်ဆိုတာကတော့ အသေအချာပဲ”

(ဦးရှံစား) “နောက်ဖေးပေါက်က မ၀င်ရင် အိမ်ရှေ့က ၀င်ဖို့ပဲ ရှိတော့တာပေါ့ဗျာ။ အခုနောက်ပိုင်း ထွက်လာတဲ့ သတင်းတွေအရ ၀ီလျံယက်တောဟာ အစိုးရသတင်းစာထဲမှာ ဖော်ပြသလို ဟိုတယ်ကနေ အင်းလျားကန်ကိုသွား၊ အင်းလျားကန်က ရေကူးပြီး ၀င်တာမဟုတ်။ သတင်းစာထဲမှာ ယက်တောပုံကို မြင်တော့ တက္ကစီသမားတယောက်က မှတ်မိသွားပြီး ဒီလူကို သူလေဆိပ်ကနေ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ကိုတိုက်ရိုက် သူ့တက္ကစီနဲ့ ခေါ်သွားပေးရတယ်။ ဟိုရောက်တော့ လုံခြုံရေးအစောင့်တွေကို ယက်တောက ကဒ်အနီတခုပြလိုက်တော့ အစောင့်တွေက အိမ်ထဲကို ခေါ်သွားတာ မြင်လိုက်ရတယ်လို့ ပြောတယ်ခင်ဗျ။ ဒီသတင်းသာ မှန်မယ်ဆိုရင် ဒီအမှုဟာ အာဏာပိုင်တွေဖက်ကနေ အတင်းအကြပ် လုပ်ဇာတ်ခင်းတယ်ဆိုတာ ပေါ်လွင်နေတာပေါ့ဗျာ။”

(ကျွန်ုပ်) “ဒါပေမယ့် တက္ကစီသမားကို သက်သေခေါ်နိုင်ဖို့တော့ လွယ်မယ်မထင်ဘူးဗျို့။ အာဏာပိုင်တွေက သူတို့ ခြေနဲ့ရေးထားတာကို လက်နဲ့ဖျက်ဖို့ ကြိုးစားသူမှန်သမျှကို ချမ်းသာပေးမယ်မထင်ဘူး”

(ဦးရှံစား) “သေချာတာပေါ့ဗျာ။ ဒီအမှုမှာ ဘယ်သူဟာ တရားခံလဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်ဗျ။ ဒီအမှုမှာမှ မဟုတ်ပါဘူး။ အခြား ဖြစ်ရပ်တော်တော်များများမှာ သူခိုးက လူလူဟစ်နေတာတွေကို တွေ့နိုင်ပါသေးတယ်။

(ကျွန်ုပ်) “အလို…. တခြားဖြစ်ရပ်တွေ ရှိသေးတယ် ဟုတ်စ၊ လင်းစမ်းပါဦးဗျာ”

(ဦးရှံစား) “ကိုဒိန်းဒေါင်တယောက်မလဲ တယ်လဲ အမှတ်သညာ နည်းသကိုးဗျာ။ ဒီလိုဗျာ…. ပထမဦးဆုံးအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့အနိုင်ရတော့ နအဖ အစိုးရဟာ သူ့ကတိအတိုင်း အာဏာလွှဲမပေးပဲနဲ့ လူထုက ရွေးချယ်တင်မြှောက်သူတွေကို ဟောသည်လို စွတ်စွဲသဗျ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာကို ဖြတ်လမ်းနည်းနဲ့ ယူဖို့ ကြိုးစားနေပါတယ်။” တဲ့။

(ကျွန်ုပ်) “အေးဗျ။ ဟုတ်သဗျ။ သူခိုးက လူလူ ဟစ်တာမျိုးပေါ့။”

(ဦးရှံစား) “နောက်တခါ မတ္တရာအမတ်ဦးသန်းလွင်ကို ကြံဖွံ့အဖွဲ့သားတယောက်က သံလက်သီးနဲ့ မျက်နှာကို ထိုးတဲ့အမှုမှာ ထိုးတဲ့လူကို အရေးမယူပဲ အထိုးခံရတဲ့ လွှတ်တော်အမတ်ကို ထောင်ထဲထည့်တယ်လေဗျာ”

(ကျွန်ုပ်) (တောက်တချက်ခေါက်လိုက်ပြီး)…“မိုက်ရိုင်းလိုက်တာဗျာ”

(ဦးရှံစား) “ဒါ… ဘာဟုတ်သေးလဲဗျ။ ဒီပဲယင်းလူသတ်ပွဲမှာလည်း လူသတ်တရားခံတွေနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက လွတ်နေပြီး အရိုက်ခံရတဲ့ အပြစ်မရှိတဲ့လူတွေကိုသာ ထောင်ဒဏ်တွေ၊ နေအိမ်အကျယ်ချုပ်တွေ မတရားချမှတ်ထားတာမို့လား”

(ကျွန်ုပ်) “အေးဗျာ။ တွေးမိတိုင်း နာကျည်းမိတယ်။”

(ဦးရှံစား) “ဒါတွင် ဘယ်ကမလဲဗျာ။ ရွှေဝါရောင်တော်လှန်ရေးမှာ အေးချမ်းစွာ ဆန္ဒပြတဲ့ ဘုန်းတော်ကြီးတွေကို ဖမ်းဆီးအကျဉ်းချ၊ အတင်းလူဝတ်လဲခိုင်းပြီး ရိုက်နှက်သတ်ဖြတ်သူတွေကိုတော့ သူကောင်းပြုထားသဗျ”

(ကျွန်ုပ်) “တူသောအကျိုးပေးပါစေဗျာ”

(ဦးရှံစား) “နောက်တခါ နာဂစ်မုန်တိုင်းတိုက်တော့ ဒုက္ခရောက်သူတွေကို ကူညီစောင့်ရှောက်နေတဲ့ ကိုဇာဂနာတို့ကို ထောင်ထဲထည့်ပြီး ကူညီလှူဒါန်းတဲ့ပစ္စည်းတွေကို ကြားကဖြတ်ခုတ်တဲ့လူတွေကိုတော့ လွှတ်ပေးထားတာလည်း ရှိသေးသဗျ”

(ကျွန်ုပ်) “အံမယ်လေး၊ ကိုရှံစားရယ်။ ခင်ဗျားပြောပြမှ ဆင်ဆင်တူတဲ့ အမှုတွေက အများကြီးပါလားဗျာ”

(ဦးရှံစား) “ဟုတ်တယ်ဗျိုး။ အခုနောက်ဆုံး ဂျွန်ဝီလျံယက်တောအမှုမှာလည်း အပြစ်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် အမှုဆင်ပြီး ဒုက္ခပေးဦးမယ်လို့ ယူဆရတယ်။”

(ကျွန်ုပ်) “အေးဗျာ။ ကြားရတာ စိတ်မချမ်းသာစရာတွေချည်းပါပဲ။ ဒါထက် ခင်ဗျားတယောက်လည်း အခုတလော ငြိမ်ချက်သားကောင်းလိုက်တာဗျာ။ အမှုတွေ ဘာတွေ လိုက်လံ မဖော်ထုတ်တော့ဘူးလား”

(ဦးရှံစား) “အင်း… ကျုပ်ရဲ့ အလုပ်က ဒီခေတ်ကြီးနဲ့ မသင့်တော်လို့ ရပ်ဆိုင်းထားလိုက်ပါပြီ။ အခုခေတ်ကြီးမှာ အပြစ်မရှိသူက ထောင်ကျပြီး တကယ့်တရားခံတွေက လွတ်နေတာမျိုးဆိုတော့ ကျုပ်က အမှုမှန်ဖော်ပေးရင် အပြစ်မရှိသူတွေ နေရင်းထိုင်ရင်း ဒုက္ခရောက်ကုန်မှာ စိုးရသဗျ။ ဒါကြောင့် ကျုပ်ပညာကို ထုတ်မပြ၀ံ့တော့ပဲ အိမ်ထဲမှာ ဘာမှမသိသလို ငြိမ်နေရတာပေါ့ဗျာ။

(ကျွန်ုပ်) “အေးဗျာ။ ခေတ်ကြီးက မကောင်းတော့လည်း ဒီလိုပဲပေါ့။ ကဲ…. နေတောင် အတော်စောင်းနေမှပဲ။ ပြန်တော့မယ်ဗျို့။ မဟုတ်ရင် ကျုပ်တို့ကိုပါ ဧည့်စာရင်းမတိုင်မှုနဲ့ ဆွဲထည့်နေမှ ထောင်ထဲမှာ ၀ီလျံယက်တောနဲ့ ဆုံနေရဦးမယ်။ သွားပြီဗျိုး။”

သို့နှင့် ကျွန်ုပ်လည်း ကျွန်ုပ်၏ မိတ်ဆွေကြီး ဦးရှံစားကို နှုတ်ဆက်လျက် အင်းစိန်လော်ကယ်ကို ကြပ်ကြပ်ညပ်ညပ် တိုးစီးကာ ပြန်ခဲ့သည်။ လမ်းတွင် လမ်းဘေး၌ ထောင်ထားသော ဆိုင်းပုဒ်ကြီးတခုကို ဖတ်လိုက်ရသောအခါ ကျွန်ုပ်၏ သွေးများ ဆူဝေသွားလေတော့သည်။

ဥပဒေဘောင်တွင်း နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ လွန်ချမ်းသာ” ဟူသတည်း။

ပူးတွဲဖတ်ရှုရန်။.............။ နအဖရဲ့  လုပ်ကြံဇတ်လမ်းကို တာဝန်သိ ပြည်သူတစ်ဦးက စတင် ထုတ်ဖေါ် ပြောဆိုပါပြီ။
Read more

“အချိန်မနှောင်းခင်”

သြော်….. ရမ်းကားခဲ့လေသူ နောက်တယောက်တော့ သွားပြန်ပါပေါ့။

တွင်း(၂) ဗိုလ်ချုပ်ကြီး တင်ဦး၊ ပြီးတော့ ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ခုတခါ ဒု-ဗိုလ်ချုပ်ကြီး မောင်ဘို တယောက်ပြီး တယောက် စောစောစီးစီးနဲ့ အမိုက်ဇာတ်သိမ်းသွားကြပြီ။ အင်း…. အနိစ္စ၊ အနိစ္စ၊ အနိစ္စ…။

အမိုက်တကာ့ ဗိုလ်မင်း….
အဖျင်းတကာ့ ဗိုလ်ချုပ်….
အပယ်လေးလီ မြစ်နဒီမှာ…
ပလုံစီအောင်ငုပ်မယ့်….
လူယုတ်ကြီးတွေ
ကျန်နေသေးတယ်….။

ရွှေအိမ်နန်းနှင့်၊ ကြငှာန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း….. ဆိုတာကို သဘောပေါက်ပြီး မသေခင် မိုက်တွင်းနက်နေတာကို ရပ်တန်းက ရပ်ကြရင်ကောင်းမယ်ထင်တယ်။ အချိန်မနှောင်းသေးဘူး။ ပြင်မယ်ဆို ပြင်လို့ရသေးတယ်။

သတင်း။ ။ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ဘို ကွယ်လွန် (မဇ္ဈိမသတင်း)

(စာကိုး။ ။ ဦးပုညနှင့် အနန္တသူရိယအမတ် တို့၏ စာများ၊ လင်္ကာများကို ယူသုံးထားပါသည်။)
Read more

“ဦးဝင်းတင်နဲ့ ဆက်သွယ်မေးမြန်းခန်း”

ဒီနေ့အဖို့တော့ မဇ္ဇျိမ အင်တာနက်သတင်းစာမျက်နှာမှာ ဖော်ပြထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အန်ကယ်လ် ဦးဝင်းတင်နဲ့ ဆက်သွယ်မေးမြန်းခန်းကို ညွှန်းလိုပါတယ်။ မြန်မာ့အရေးလှုပ်ရှားနေသူတွေရော၊ မြန်မာပြည်သူပြည်သားတွေပါ မဖြစ်မနေ ဖတ်သင့်တဲ့ အင်တာဗျူးတခုဖြစ်ပါတယ်။

ဒီမှာ ဖတ်ရှုနိုင်ကြပါတယ်။
Read more

“လွတ်လပ်သောစိတ်၊ လွတ်လပ်သော အပြုအမူ”

ကျနော့်ဘလော့ဂ်ကို ဖတ်ရှုကြတဲ့အထဲမှာ မောင်လမ်းသစ် ဆိုတဲ့ ဆရာသမားက စိတ်ချရတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ပို့စ်ဆိုရင် မပျက်မကွက် ကွန်မင့်လုပ်တာတွေ့ရတယ်။

ဟော…. အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲတဲ့ ပို့စ်ကိုလည်း တင်လိုက်ရော…. အူယားဖားယား အပြေးလာပြီး ကွန်မင့်လုပ်တာ တွေ့ရပါတယ်။ ကွန်မင့် နှစ်ခုကြီးများတောင်မှ ဖောဖောသီသီ ပေးထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ ဒုတိယ ကွန်မင့်က ဒီလိုပါဗျား။

>>>“ကို ပေါ ရေခင်ဗျားရဲ့ “၀ုတ်ပါ့မလား မောင်ကာဠုရဲ့” ဆိုတဲ့ ပှိုစ်ထဲမှာရေပြင် အကျယ်ကြီး ကို ကူးပြီးလာတာ ဟုတ်ပါ့မလားဆိုတဲ့ အမေးကို အခုတော့ ဒေါ်စုကြည် ကိုယ်တိုင်က အမေရိပနကြီး သူ့ အိမ်ရောက်လာပါတယ် လို့ ပြောလိုက်ပါပြီ ခင်ဗျာ။”<<<

အဓိပ္ပါယ်ကတော့ “ကိုပေါရေ.. အခုတော့ မှားပြီမို့လား၊ ဘယ့်နှယ့်ရှိစ” ပေါ့လေ။

နအဖ သတင်းစာမှာဖော်ပြတာကို ကျနော်လို ပြည်သူတယောက်က မယုံဘူးဆိုရင် မယုံသူရဲ့ အပြစ်လား။ အမြဲတစေ မမှန်သတင်းတွေကိုသာ ဖော်ပြတတ်တဲ့ နအဖ သတင်းစာရဲ့ အပြစ်လားဗျာ။ နအဖကို မယုံတဲ့နောက်မှတော့ သူ့သတင်းစာမှာ ဖော်ပြတဲ့ သတင်းတွေကိုလည်း ယုံရခက်ခဲတော့တာပေါ့။

နောက်တခုက မြန်မာပြည်မှာ သတင်းလွတ်လပ်ခွင့်မရှိတဲ့အခါ သတင်းတခု ထွက်လာရင် သတင်းမှန်လား၊ သတင်းမှားလား ခွဲခြားရ ခက်ခဲပါတယ်။ ဒီလိုမျိုး မဖြစ်စေချင်ရင်တော့ ရဲရဲကြီးသာ သတင်းလွတ်လပ်ခွင့် ပေးလိုက်ပေါ့ခင်ဗျာ။ မဟုတ်ဘူးလား။

ကျနော်က ကာယကံရှင် မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလူကို ဘာကြောင့်လက်ခံထားသလဲဆိုတဲ့ အကြောင်းရင်းကို ကျနော် တွေးတောကြည့်နေမိပါတယ်။

သာမန်အားဖြင့် စဉ်းစားရင်တော့ မောင်လမ်းသစ်ပြောသလို ခြံဝန်းရှေ့က အစောင့်အကြပ်တွေကို အော်ဟစ်အကူအညီတောင်းလိုက်ရင် ဒီလိုကိစ္စမျိုး ဖြစ်မလာဘူးလို့ တွေးစရာပေါ့ဗျာ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သာမန်လူတွေ ပြုမူသလို မပြုမူပါဘူး။ လွတ်လပ်တဲ့ လူတယောက်အနေနဲ့၊ ခေါင်းဆောင်တယောက်အနေနဲ့ ဒီကိစ္စမှာလည်း စံနမူနာပြ ပြုမူလိုက်တယ်လို့ ကျနော်ယူဆပါတယ်။

ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ပထမဦးဆုံးအချက်က အန်တီစုကို နေအိမ်မှာ အကျယ်ချုပ်ချထားခြင်းကိုယ်၌က တရားဥပဒေနဲ့ မညီဘူး။ တရားမျှတမှုမရှိဘူး။ အဲသည်အမိန့်ကို ချမှတ်ထားတဲ့ နအဖ စစ်အစိုးရကိုယ်တိုင်ဟာ တရားမ၀င်တဲ့ အစိုးရတရပ်။ နအဖ ထုတ်ထားတဲ့ “မတရားတဲ့ အမိန့်တွေ၊ မတရားတဲ့ ဥပဒေတွေကို လိုက်နာစရာမလိုဘူး၊ ဖီဆန်ရမယ်” လို့ အန်တီစုဟာ တလျှောက်လုံးပြောလာခဲ့တာပါ။

ဒုတိယအချက်က အန်တီစုအနေနဲ့ အိမ်အပြင်ကို လူကိုယ်တိုင် ထွက်ဖို့ရာ (လက်တွေ့အားဖြင့်) မဖြစ်နိုင်ပေမယ့် သူ့နေအိမ်အတွင်းမှာတော့ အန်တီစုဟာ အကျဉ်းသားတယောက်စိတ်မျိုးနဲ့ နေထိုင်တာထက် လွတ်မြောက်သူတဦးရဲ့ စိတ်ဓါတ်နဲ့ နေထိုင်တာ အသေအချာပါ။ (ဒီအချက်ကို သူမ ရေးသားတဲ့ Letters from Burma စာအုပ်မှာ ဖတ်ကြည့်ရင် သိသာနိုင်ပါတယ်။)

ဒါကြောင့် သူ့အိမ်ကို ဧည့်သည်လာတယ်ဆိုရင် လက်ခံဖို့၊ မလက်ခံဘို့ ကိစ္စကို သူမဘာသာ သူမ လွတ်လပ်စွာ ဆုံးဖြတ်မှာ အသေအချာပါဘဲ။ သာမန်လူတွေရဲ့ ခေါင်းထဲကို ၀င်လာတတ်တဲ့ (မတရားတဲ့ စည်းမျဉ်းစည်းကမ်းဖြစ်တဲ့) ဧည့်စာရင်းတိုင်တာတို့ ဘာတို့ကို သူမလို ခေါင်းဆောင်မျိုးက အချိန်ကုန်ခံပြီး စဉ်းစားနေမှာတောင် မဟုတ်ပါဘူး။(သာမန်ပြည်သူကိုပဲ ဧည့်စာရင်းနဲ့ ခြိမ်းခြောက်လို့ရမယ်။ အန်တီစုကိုတော့ ခြောက်လို့မရဘူး။) အဲသည်အတွက် ဖြစ်လာမယ့် အကျိုးဆက်ကို သူမဟာ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ အသင့်ရှိပြီးသားပါ။ ဒါဟာ တာဝန်ယူရဲတဲ့ ခေါင်းဆောင်တယောက်ရဲ့ အပြုအမူပါပဲ။ ကျနော်တော့ အဲသည်လိုပဲ မြင်ပါတယ်။

ဒီအမေရိကန်နိုင်ငံသားရဲ့ အပြုအမူကို သူမအနေနဲ့ နှစ်သက်ချင်မှ နှစ်သက်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အပေါ်အပြစ်ပုံကျမှာစိုးလို့ နေမကောင်းဖြစ်နေတဲ့လူကို အိမ်ကနေ ချက်ချင်းမောင်းထုတ်ရလောက်အောင် လူစိတ်ခေါင်းပါးတဲ့အပြုအမူမျိုးကို နအဖ ဗိုလ်ချုပ်တွေအနေနဲ့သာ ပျော်ပျော်ကြီးလုပ်နိုင်ကြပေမယ့် လူသားချင်းစာနာထောက်ထားတဲ့ စိတ်ဓါတ်အပြည့်ရှိတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြတာပေါ့။ နအဖ ဗိုလ်ချုပ်တွေကို ဘယ်ပြည်သူချစ်လို့လဲ။ ဓါးမိုးအုပ်ချုပ်နေလို့သာ ပြည်သူတွေဟာ မကျေမနပ်နဲ့ ငြိမ်ခံနေကြရတာမို့လား။

အန်တီစုဟာ နေအိမ်ကနေ ဘယ်ကိုမှ ထွက်ခွာခွင့်မရတာ မှန်ပေမယ့် အခွင့်သာတိုင်းမှာ၊ အချိန်တိုင်းမှာ ကျနော်တို့တွေ အတုယူလောက်တဲ့ အတွေးအခေါ်၊ အပြုအမူတွေနဲ့ (လွတ်လပ်တဲ့ လူတယောက်ရဲ့ ဘ၀ကို) စံနမူပြ တွေးခေါ်ပြုမူနေထိုင်ပြပါတယ်။ မြန်မာလူမျိုးအများစုသာ အန်တီစုကို အတုယူပြီး လွတ်လပ်တဲ့ လူမျိုးတမျိုးလို ပြုမူကျင့်ကြံနေထိုင်ကြမယ်ဆိုရင် ကျနော်တို့တိုင်းပြည်ဟာ စစ်အာဏာရှင်လက်အောက်က အမြန်ဆုံး လွတ်မြောက်မှာ အသေအချာပါပဲ။
Read more

“ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင် ယနေ့ ရုံးတင်စစ်ဆေးဖွယ်ရှိ”

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမအား အနီးကပ် အတူနေကာ စောင့်ရှောက်ပေးနေသော ဒေါ်ခင်ဝင်းတို့ သားအမိ၊ ပေါင်း သုံးဦးအား အင်းစိန်ထောင်တွင် ယနေ့ ရုံးတင်စစ်ဆေးနိုင်ဖွယ်ရှိသည်ဟု အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆိုသည်။

အပြည့်အစုံသိနိုင်ရန် ဘီဘီစီ အင်္ဂလိပ်သတင်းမူရင်းကို ဒီမှာဖတ်ပါ။

နအဖတော့ သွေးရူးသွေးတန်းနဲ့ လုပ်မိလုပ်ရာ လျှောက်လုပ်နေပြီ။ ဗိုလ်သန်းရွှေတို့ ကြောက်တတ်ပုံက ကမ်းကုန်တယ်။

မိုက်တွင်းနက်တယ်ဆိုတာ ဒါမျိုးကို ဆိုလိုတာထင်ပါရဲ့။
Read more

“၀ုတ်ပါ့မလား မောင်ကာဠုရဲ့”

ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကို အင်းလျားကန်ထဲက တဆင့် ရေကူးဝင်ရောက်ခဲ့ပြီး ပြန်အထွက်မှာ အဖမ်းဆီးခံခဲ့ရရှာတဲ့ အမေရိကန်နိုင်ငံသားနဲ့ ပတ်သက်လို့ ကျနော့်ဆီကို အီးမေးလ် နှစ်စောင်တိတိ ရောက်လာပါတယ်။

ပထမတစောင်မှာ မြန်မာ့အလင်းသတင်းစာဖြတ်ပိုင်းကလေးပါရှိပြီး နောက်တစောင်မှာတော့ ဂူဂယ်လ်အပ်သ်က မြေပုံလေးတခုပါရှိပါတယ်။ အဲသည်မြေပုံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်တည်နေရာနဲ့ အမေရိကန်နိုင်ငံသား ဖမ်းမိတဲ့နေရာကို အမှတ်အသားကလေးတွေနဲ့ ပြသထားတာကို တွေ့နိုင်ပါတယ်။ (နှစ်ပုံစလုံးကို အောက်မှာ ဖော်ပြထားပါတယ်။)

အဲသည်နှစ်နေရာရဲ့ အကွာအဝေးကို တွေ့လိုက်ရတော့ ဖမ်းမိတယ်ဆိုတဲ့ အမေရိကန်နိုင်ငံသားဆိုတာ တခြားမဟုတ်နိုင်.... ပီကင်းအိုလံပစ် ရေကူးအားကစားမှာ ရွှေတံဆိပ်တွေ တလှေကြီး ဆွတ်ခူးသွားတဲ့ Michael Phelps များ ဖြစ်လေမလားလို့ တွေးမိပါတယ်။ (ပုံကို မူရင်းအရွယ်အစားအတိုင်း မြင်လိုပါက ပုံပေါ်တွင် ကလစ်ခေါက်ပါ။)





Read more

“ကြက်တကောင်၏ အတ္ထုပ္ပတ္တိ”



ကြက်မှာအရိုး
လူမှာအမျိုးဆိုသလို
မဂိုမစဲ မယားဆဲ
သတ္တိနည်းတဲ့
သူရဲဘောကြောင်
ကြက်တကောင်ဆိုလျှင် ထားပါတော့။

ခုတော့….
တိုက်ကြက်မျိုးရိုး
ဟိုးလေးတကျော်
ခွပ်ဖော်ရှာမရ
အထင်ကရ ကြက်။

ဒီကြက်ကိုယုံလို့
ပုံအောမိတယ်။
ပွဲထွက်ပြီးမကြာခင်
လက်ဖျားပင် ခေါ်မိသေးတယ်။

ဒါပေမယ့်…
ရေထဲမိုးထဲ
အသည်းချင်း မပေါက်နိုင်
တချက်လောက် ခံရရုံနဲ့
ကယောက်ကယောက် အော်ကာပြေး
ဟာ….မအေပေးကြက်…….။

အမျိုးမှန်လည်း
အရိုးမသန်…
အဖိုးမတန်တဲ့ကြက်….

ကြက်ပြေးဆိုရင် အမျိုးကိုဖြုတ်
ဥ ပါမကျန် တုပ်ပစ်ရသတဲ့။

ထွက်ပြေးတဲ့နောက်
အသာကောက်ပြီး
ဘူးသီးရောရာ
မဆလာနဲ့
ကာလသားဟင်းတခွက်
ကောင်းကောင်းကြီးချက်လို့
အရက်နဲ့တွဲ
ရှုံးပွဲခံလိုက်ကြသေးတယ်။

(ဆရာသော်တာဆွေ၏ “ကြက်ဋီကာ” စာအုပ်ကို ဖတ်ပြီး ခံစား ရေးဖွဲ့ပါသည်။)

Read more

“အကြွင်းမဲ့လော၊ နှိုင်းရလော”

အကြွင်းမဲ့အမှန်တရား (Absolute Truth) တည်ရှိမှုကို ယုတ္တိယုတ္တာရှိရှိ ကျိုးကြောင်းညီညွတ်စွာ ချေပငြင်းဆိုနိုင်ဖို့ မဖြစ်နိုင်ဘူး။

တစုံတရာကို ဆန့်ကျင်ဖက်ကနေ ငြင်းချက်ထုတ်လိုတဲ့အခါ သင့်ရဲ့အကြောင်းပြချက်မှာ အမှန်တရားပါကြောင်း သက်သေထူဖို့ လိုပါတယ်။

သင့်ရဲ့ ချေပချက်ဟာ အကြွင်းမဲ့အမှန်တရားပေါ်မှာ အားထားနေရသရွေ့ သင်ဟာ အကြွင်းမဲ့အမှန်တရားမရှိဘူးဆိုတဲ့ဖက်က ငြင်းဆိုဖို့ မဖြစ်နိုင်။

အကြွင်းမဲ့အမှန်တရားဆိုတာမရှိ၊ နှိုင်းရအမှန်တရား (relative truth) သာရှိတယ်” လို့ ကြွေးကြော်သူများကို နှိုင်းရ၀ါဒီ(relativist)တွေလို့ ခေါ်ဆိုပါတယ်။ နှိုင်းရ၀ါဒီများရဲ့ လက်သုံးစကား ငြင်းတမ်းများနဲ့ အဆိုပြုချက်တွေကို ကြည့်ရှုလိုက်ကြရအောင်။

အကြွင်းမဲ့ခြင်း(Absolute)ဆိုတာ မရှိပါ”…..။

နှိုင်းရ၀ါဒီတွေဟာ အကြွင်းမဲ့ခြင်း ဆိုတာ မရှိပါဘူးလို့ ပထမဦးဆုံးအနေနဲ့ အခုလို ယတိပြတ် အဆိုပြုလိုက်ပါတယ်။ ဒါပေမယ့် အဲဒီပြောကြားချက်ကိုတော့ အကြွင်းမဲ့မှန်ကန်တဲ့ ပြောကြားချက်ရယ်လို့ လူအများကို ယုံကြည်စေချင်ပုံ ရသေးတယ်။ ဒါဆိုရင် အကြွင်းမဲ့ အဆိုပြုချက်(absolute statement)သဘော သက်ရောက်နေတဲ့အတွက် ရှေ့နောက်မညီဘဲ ကမောက်ကမဖြစ်နေပါတယ်။

တကယ်လို့ ဒီအဆိုဟာ မှန်ကန်ခဲ့မယ်ဆိုရင်လည်း…. အကြွင်းမဲ့ခြင်းဆိုတာ အခုတော့ရှိသွားပါပြီ…. လို့ ယူဆလိုက်ရတော့မှာ ဖြစ်ပါတယ်။

နောက်တမျိုးက “အမှန်တရားဆိုတာ နှိုင်းရတရားပဲ”……..သည်လိုလဲ ပြောတတ်ကြပြန်တယ်။

ဒီစကားဟာလည်း “အမှန်တရားဆိုတာ ဧကန်မုချ နှိုင်းရတရားဖြစ်တယ်”ဆိုတဲ့ အဓိပ္ပါယ်နဲ့ တပ်အပ်ကြီး ပြောချင်နေတာဖြစ်တဲ့အတွက် အကြွင်းမဲ့မှန်ကန်တဲ့အဆိုတခုအဖြစ် အတင်းလက်ခံခိုင်းရာ ရောက်မနေပြန်ပါလား။ အကြွင်းမဲ့ခြင်း မမဲ့ခြင်းကို အသာထားလို့….. အဲသည်အဆိုဟာ တကယ်ပဲ မှန်ကန်တယ်လို့ ခဏလောက်ဖြစ်ဖြစ် အစမ်းသဘော ယူဆလိုက်ကြပါစို့ရဲ့။

ဒါဆိုရင် အဲဒီအဆိုပြုချက်အပါအ၀င် အရာရာတိုင်းဟာ နှိုင်းရသဘော ရှိနေတယ်လို့ ယူဆရတော့မှာ ဖြစ်ပါတယ်။ နှိုင်းရသဘောရှိပြီဆိုတဲ့နောက်မှတော့ အဲဒီအဆိုပြုချက်ကိုယ်တိုင်ဟာလည်း အမြဲတစေ မမှန်ကန်နိုင်ဘူးလို့ အဓိပ္ပါယ်ထွက်လာပါတယ်။

“အမှန်တရားဆိုတာ နှိုင်းရတရားပဲ”ဆိုတဲ့ စကား အမြဲ မမှန်နိုင်ဘူးဆိုရင် “တခါတရံမှာ အမှန်တရားဟာ နှိုင်းရတရားမဟုတ်ဘူး” လို့ ပြောရင် မမှားဘူးပေါ့။ အဲဒါဆိုရင်လည်း နောက်ဆုံးမှာ “အကြွင်းမဲ့အမှန်တရား ဆိုတာ ရှိတယ်” ဆိုတဲ့ အဓိပ္ပါယ်ပဲ ပြန်ထွက်လာတော့တာပါပဲ။ အထက်ပါ လော့ဂျစ်နည်းအတိုင်း လိုက်လံစဉ်းစားမယ်ဆိုရင် နှိုင်းရ၀ါဒီတွေရဲ့ အဆိုပြုချက်၊ ငြင်းချက်တွေဟာ အမြဲတစေ ရှေ့နောက်မညီ၊ ကမောက်ကမ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။

အမှန်တရားဆိုတာ ဘာလဲ ဘယ်သူသိနိုင်မလဲ၊ မဟုတ်ဘူးလားဗျာ

ဒီစကားကို ကြည့်ရင် အဆိုရှင်ဟာ မည်သူမျှ အမှန်တရားကို မသိနိုင်ဘူးလို့ ပြောတုန်းက ပြောခဲ့ပြီး တချိန်တည်းမှာပဲ နားထောင်နေသူများဖက်လှည့်ပြီး သူ့အဆို မှန်ကန်ကြောင်းကို အတည်ပြုပေးဖို့ တောင်းဆိုနေပြန်ပါတယ်။

အမှန်တရားဆိုတာ ဘာလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး”….. လို့ ပြောတဲ့သူဟာလည်း သူ့အဆိုကိုကျတော့ မှန်ကန်တယ်လို့ သူ့ဘာသာယုံကြည်နေတာ အတိုင်းသားပေါ်လွင်နေပါတယ်။

အချို့သော ဒဿနဆရာတွေဟာ သူတို့တပည့်တွေကို သင်ကြားပို့ချတဲ့အခါ…. “ မည်သူတဦးတယောက်ရဲ့ အတွေးအခေါ်ကမျှ အခြားမည်သူတဦးတယောက်ရဲ့ အတွေးအခေါ်ထက် သာလွန်တယ်ဆိုတာ မရှိ။ အမှန်တရားမှာ အဆင့်အတန်းတွေ၊ တန်ဘိုးတွေမရှိ။ လူတယောက်ရဲ့ အမြင်ဟာ အခြားလူတယောက်ရဲ့ အမြင်ကဲ့သို့ပဲ ခိုင်လုံတယ်။ ငါတို့အားလုံးမှာ ငါတို့ကိုယ်ပိုင် အမှန်တရားတွေ ရှိတယ်” လို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မကြာခင်မှာဘဲ ကိုယ့်တံတွေးကိုယ်ပြန်မြိုကာ အဖြေလွှာစာရွက်တွေကို ဂရိတ်တွေ ခွဲခြားသတ်မှတ်တာလည်း အဲသည်ဆရာတွေပါပဲ။

အလားတူပဲ… ကြားရလေ့ရှိတဲ့ နောက်ထပ်တမျိုးက “မှားတယ်၊ မှန်တယ် ဆိုတာ မရှိဘူး” ဆိုတဲ့စကား။ ဒါဆိုရင် ပြန်မေးလိုက်ပါ။ အဲသည် အဆိုကိုယ်၌ကရော မှားသလား၊ မှန်သလား ဆိုတာကိုပေါ့။

နှိုင်းရသမားတယောက်ဟာ အမှားတခုကို မှားမှန်းသိသိကြီးနဲ့ ကျူးလွန်နေတာကို သင်က လက်ပူးလက်ကြပ်မိလို့ မှားနေကြောင်း ထောက်ပြတဲ့အခါ သူတို့ဟာ ဒေါသတကြီးနဲ့ တုန့်ပြန်နိုင်ပါတယ်။

အမှန်တရားဆိုတာ နှိုင်းရတရားပဲ။ လောကကြီးမှာ လုံးဝ မှန်တယ်၊ မှားတယ်ဆိုတာ မရှိဘူး။ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ခွင့်ရှိတယ်” လို့ ပြန်ဖြေပါလိမ့်မယ်။

သူပြောတဲ့အတိုင်းမှန်တယ်ဆိုပါစို့။ လောကကြီးမှာ မှားတယ်၊ မှန်တယ်ဆိုတာမရှိဘူး။ လူတိုင်း ကိုယ်နှစ်သက်ရာ လုပ်နိုင်တယ်ဆိုရင် သွားပြောတဲ့သူကို သူတို့ ဘာကြောင့် ဒေါသထွက်ကြပါသလဲ။

ကျနော်တို့အားလုံးဟာ အကြွင်းမဲ့အမှန်တရားရှိတယ်ဆိုတာကို သိကြတယ်။ မရှိဘူးလို့ ငြင်းချက်ထုတ်လေလေ၊ ၄င်းရဲ့ တည်ရှိမှုဟာ ပိုမိုထင်ရှားခိုင်လုံလာလေလေ ပါပဲ။

နှိုင်းရအမှန်တရားဆိုတဲ့ အယူအဆဟာ သဘောတရားရေးရာအရ ရှေ့နောက်မညီတဲ့ အယူအဆတခုသာဖြစ်ပါတယ်။

တကယ်တော့ ကမ္ဘာလောကကြီးဟာ အကြွင်းမဲ့အမှန်တရားတွေ (ဓမ္မ) တွေနဲ့ ပြည့်နှက်နေပါတော့တယ်။

(အင်တာနက်ပေါ်က ဖတ်မိတာလေးကို တစိတ်တပိုင်း ကောက်နှုတ်ဘာသာပြန်လိုက်တာပါ။ အတိအကျ ပြန်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ မူရင်းကို ဒီမှာ သွားဖတ်နိုင်ပါတယ်။)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs