Showing posts with label political activity. Show all posts
Showing posts with label political activity. Show all posts

“မြန်မာပြည်ကို ချစ်သူများ”

“သူတို့ကတောင် ငွေပို့ပြီး ထောက်ကူသေးတာကွာ၊ ငါတို့က ဘာလို့ လူမစိုက်နိုင်ရမှာလဲ”…. တဲ့။

ကျနော်အင်မတန် ချစ်ခင်လေးစားတဲ့ လူတယောက်ပြောတာပါ။ သူ့စကားကို ကြားတော့ ကျနော့် ရင်ထဲမှာ မချိဘူး။ သြော်…. သူ့မှာ ဘ၀တခုလုံးတောင် စိုက်ပြီး ပေးဆပ်ထားရတာ။ ကျနော်တို့ ထောက်ကူတယ်ဆိုတာက ဘာမှ မပြောပလောက်ပါဘူး။

“ငါတို့ ဗမာပြည်မယ်…. မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်” တဲ့။

မြန်မာပြည်တွင်းမှာ ယနေ့ စစ်အစိုးရကို ရဲရဲဝံ့ဝံ့ အံတုရင်ဆိုင်နေကြသူတွေဟာ ဗိုလ်အောင်ဆန်းလိုပဲ သတ္တိထွန်းပြောင်တဲ့ သူရဲကောင်းတွေပါ။ တချို့ဆို ထောင်အကြိမ်ကြိမ် မတရားချခံရပေမယ့် စိတ်ဓါတ် ယိုယွင်းမသွားဘူး။ ပျက်စီးမသွားဘူး။ ယိမ်းယိုင်မသွားဘူး။ ပိုလို့တောင် ပြတ်သားလို့လာသေးတယ်။

အဲဒီလို နိုင်ငံရေးအကျဉ်းသားတွေ မြန်မာပြည်မှာ အများကြီးရှိနေတယ်။ တချို့ဆိုရင် အပြင်မှာ လူမမယ်ရင်သွေးတွေနဲ့ မိသားစုတွေ ကျန်ရစ်ခဲ့တယ်။ ဒီသူရဲကောင်းတွေရဲ့ ရင်သွေးလေးတွေဟာ သူတို့မိဘရဲ့ သတ္တိသွေးနဲ့ ဖြောင့်မတ်တဲ့ စိတ်နှလုံးကောင်းတွေ သူတို့သဏ္ဍာန်မှာ အမွေဆက်ခံပြီး ပါလာမှာမုချ။ သူတို့လေးတွေ ကြီးပြင်းလာတဲ့ တချိန်ကျရင် တိုင်းပြည်အတွက် တကယ်ပဲ အားကိုးရတဲ့ ခေါင်းဆောင်ကောင်းတွေ၊ အမွန်အမြတ် တန်ဘိုးထားရမယ့် ရတနာလေးတွေ ဖြစ်လာမှာသေချာတယ်။

ခုအချိန်မှာတော့ မိခင်ဖခင်နဲ့ ခွဲခွာပြီး နေကြရရှာတဲ့ ဒီလူမမယ်ကလေးတွေကို လူလောကအလယ်မှာ မချို့မငဲ့ ကြီးပြင်းနိုင်အောင် ကျနော်တို့က ကူညီစောင့်ရှောက်ကြဖို့လိုတယ်။ ဒီအကြောင်းကို ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမရေးသားတဲ့ “Letters from Burma” ဆိုတဲ့ စာအုပ်ထဲမှာလည်း ရေးထားတယ်။ (နောက်ပို့စ်တခုမှာမှ ကျနော် သီးသန့် ဘာသာပြန်ပေးပါဦးမယ်။)

ကျနော်တို့ ပြည်တွင်းကို ငွေပို့တဲ့အခါ တပိုင်းက နိုင်ငံရေးအကျဉ်းသားတွေမိသားစုတွေကို ထောက်ကူဖို့ရယ်၊ နောက်တပိုင်းက လက်ရှိ တော်လှန်ရေးလုပ်ငန်းတွေမှာ သုံးဖို့ရယ် ဆိုပြီး နှစ်ပိုင်းခွဲပြီး ရည်ရွယ် ပေးပို့ပါတယ်။

အခုတလော ပြည်ပကနေ ထောက်ကူတဲ့ အလှူရှင်ဦးရေ တိုးတက်များပြားလာတာကို တွေ့ရလို့ အင်မတန် ကျေးဇူးလည်းတင်၊ ၀မ်းလည်းသာရပါတယ်။ တချို့ဆိုရင် လစဉ်ပုံမှန် ငွေသတ်သတ်မှတ်မှတ် ထည့်ဝင်လှူဒါန်းကြတယ်။ နောက် ကိုယ်တိုင်လှူရုံမက သူတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီကနေ တဆင့်ပြန်လည် ကောက်ခံပေးတာမျိုးလည်း ရှိတယ်။ လှူဒါန်းသူတွေအနေနဲ့ ဒီငွေတွေဟာ သူတို့ သားသမီးလေးတွေအတွက် ဖိနပ်အသစ်လှလှလေးတရံဖြစ်ကောင်းဖြစ်မယ်၊ အင်္ကျီဝတ်စုံလှလှလေး တစုံဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် မိမိ တလစာ ရုပ်ရှင်ကြည့်မယ့်ငွေလည်း ဖြစ်နိုင်သေးတယ်၊ ဒါမှမဟုတ် အပန်းဖြေ ခရီးထွက်လို့ရတဲ့ငွေပမာဏလည်း ဖြစ်နိုင်သေးတယ်။

ဒီလို ကိုယ်ကျိုးအတွက် သုံးစွဲနိုင်တဲ့ ငွေထဲကနေ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို ကူညီစောင့်ရှောက်ဖို့အတွက် ကိုယ်တိုင်ကတော့ ခြိုးခြံချွေတာပြီး လှူဒါန်းကြတာကို တွေ့ရတဲ့အခါ ကျနော့်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့ စိတ်စေတနာနဲ့ သံယောဇဉ်ကို နားလည်မိလို့ပါ။ သူတို့တွေဟာ တိုင်းပြည်ကို ဖြစ်ချင်ရာဖြစ်စေတော့ဆိုပြီး မျက်နှာလွှဲခဲပစ် လုပ်မသွားရက်တဲ့လူတွေ။ သူတို့အများစု အဲသည်လို လှူဒါန်းပါတယ်ဆိုတာကို ကျနော်တို့က စာရင်းအင်းရှိပေမယ့် အခုအချိန်မှာ အလှူရှင်နာမည်တွေကို အတိအလင်းထုတ်ဖော်ကြေငြာလို့ ရသေးတာမဟုတ်ဘဲ လျို့ဝှက်ထားရတဲ့အချိန်မှာ ဘာကိုမှ မငဲ့ကွက်ဘဲ လှူဒါန်းတာမို့ ပိုလို့တောင် စင်ကြယ်ပါသေးတယ်။ သည်လိုအလှူရှင်ဦးရေ များပြားလာလေလေ၊ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပိုမိုလင်းလက်လာလေလေပါပဲ။ သူတို့ရဲ့ စင်ကြယ်တဲ့ အလှူအတွက်ရော၊ တိုင်းပြည်အပေါ်ထားတဲ့ စိတ်စေတနာကောင်းအတွက်ရော ကျနော်သာဓုခေါ်ပါတယ်။

အဲဒီလို အင်တိုက်အားတိုက် လှူဒါန်းနေကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများကို ဒီပို့စ်နဲ့ ချီးကျူးဂါရ၀ ပြုလိုက်ပါတယ်။
Read more

“Free Aung San Suu Kyi now”

ဒီနေ့ စင်္ကာပူနိုင်ငံ Speakers' corner မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု မှတ်တမ်းတင်ဓါတ်ပုံအချို့ပါ။ ကျန်တဲ့ ဓါတ်ပုံတွေနဲ့ ကြွေးကြော်သံဗီဒီယိုကို ပို့စ်အဆုံးပိတ်မှာ ဖော်ပြထားတဲ့ လင့်ခ်တွေမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ဒီနေ့ပွဲကို လာရောက်ပူးပေါင်းပါဝင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို အထူးကျေးဇူးတင်ပါတယ်။








မှတ်တမ်းတင် ဓါတ်ပုံတွေကို ဒီမှာ ကြည့်ပါ။

မှတ်တမ်းတင် ဗီဒီယိုကို ဒီမှာ ကြည့်ပါ။
Read more

“Speakers’ corner မှာ ဆုံကြမယ်”

နအဖစစ်အစိုးရအနေနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီးချုပ်နှောင်ထားခြင်းမှ လွှတ်ပေးရန် တောင်းဆိုမှုများအား အမေရိကန်သမ္မတ အိုဘားမားနဲ့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်း ကအစ အာဆီယံနိုင်ငံများ အလယ် ကမ္ဘာအရပ်ရပ်က ပြည်သူများအဆုံး အားလုံး တက်ညီလက်ညီ တောင်းဆိုနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးအတွက် အစွမ်းဆောင်နိုင်ဆုံး တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်းကို ကျနော့်ဘလော့ဂ် ဘယ်ဖက် ကော်လံမှာ တင်ထားတဲ့ ဦးဝင်းတင်ရဲ့ အင်တာဗျူးတွေမှာလည်း ဦးဝင်းတင်က ပြောထားပါတယ်။ တကမ္ဘာလုံးက လေးစားရတဲ့၊ စွမ်းဆောင်ရည်လည်းရှိတဲ့ ထက်မြက်တဲ့ ခေါင်းဆောင်တယောက်ကို ကျနော်တို့ မြန်မာပြည်သူတွေ လက်ဝယ်ရရှိထားတာပါ။

အခု တကမ္ဘာလုံးက သူမ လွတ်မြောက်ရေးအတွက် တညီတညွတ်တည်း တောင်းဆိုနေချိန်မှာ ကျနော်တို့ စင်္ကာပူရောက် မြန်မာများအနေနဲ့လည်း လာမယ့် တနင်္ဂနွေ( မေလ ၃၁ ရက်နေ့) စပီကာကော်နာမှာ ပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲမှာ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ကျနော်တို့လည်း အဲသည်မှာ ရှိနေပါမယ်။

ဒီဆန္ဒပြပွဲအစီအစဉ်ဟာ စင်္ကာပူနိုင်ငံသားများက ကမကထ ပြုဆောင်ရွက်တာဖြစ်ပြီး စင်္ကာပူဥပဒေအရ တရားဝင် ဆောင်ရွက်တာလည်းဖြစ်ပါတယ်။ အစီအစဉ်အသေးစိတ်နဲ့ ဖိတ်ကြားလွှာကို အောက်မှာ ဖော်ပြထားပါတယ်။


“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် Speakers’ Corner တွင် စုဝေးကြမည့် အစီအစဉ် ”

မိတ်ဆွေတို့…

စင်္ကာပူနိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့ Maruah မှ ဦးစီး၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုတစ်ခုကို Speakers’ Corner တွင် ပြုလုပ်မည် ဖြစ်ပါသည်။ မိတ်ဆွေတို့အနေဖြင့် လာရောက် ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါသည်။

နေ့ရက်........မေလ ၃၁ ရက်၊ ၂၀၀၉ ခု။

အချိန်.........ညနေ ၅ နာရီ မှ ၇ နာရီအထိ။

နေရာ.........Speakers’ Corner (Clarke Quay ဘူတာအနီး)။


အစီအစဉ်.......အ၀ါရောင်အင်္ကျီဝတ်ဆင်ခြင်း၊ ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခြင်း သင်္ကေတအဖြစ် သူမဓါတ်ပုံချိတ်ဆွဲထားသော အ၀ါရောင် မိုးပျံပူပေါင်းများ လွှတ်တင်ခြင်း။

ဤလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းကို လူဦးရေ များနိုင်သမျှ များများ အချိန် နှစ်နာရီခန့် ငြိမ်းချမ်းစွာ လာရောက်စုဝေးဆန္ဒပြသရန် နှိုးဆော်သော လှုပ်ရှားမှု ဖြစ်ပါသည်။

သူမ၏ လွတ်မြောက်မှုအတွက် သင်ထောက်ခံကြောင်းကို ပြသရန် အ၀ါရောင်အင်္ကျီကို ၀တ်ဆင်ခဲ့ပါ။

အကြံပြုချက်

(၁) စင်ကာပူနိုင်ငံသား နှင့် အမြဲတမ်းနေထိုင်ခွင့်ကိုင်ဆောင်သူများသာ ဆန္ဒပြခြင်း ၊ ပိုစတာများ ကိုင်ဆောင်ခြင်း နှင့် ဓါတ်ပုံ ကိုင်ဆောင်ခြင်း များကို ပါဝင်ပြုလုပ်ခွင့်ရှိသည်။

(၂) အခြား နေထိုင်ခွင့်ကိုင်ဆောင်သူများသည် ဆန္ဒပြခြင်း၊ ပိုစတာများ ကိုင်ဆောင်ခြင်း နှင့် ဓါတ်ပုံကိုင်ဆောင်ခြင်း များကိုပါဝင်ပြုလုပ်ခွင့် မရှိပါ။ သို့သော် Speakers’ Corner သို့ ကြည့်ရှုလေ့လာသူများအဖြစ် လာရောက်၍ အားပေးနိုင်ပါသည်။

(၃) ဆန္ဒပြရာတွင် ပါဝင်မည့် စင်ကာပူနိုင်ငံသား နှင့် အမြဲတမ်းနေထိုင်ခွင့်ကိုင်ဆောင်သူများ သည် အောက်ပါအချက်များကို လိုက်နာကြရမည်။

(က) လူမျိုးခြား (သို့မဟုတ်) ဘာသာခြား တို့အကြား အမုန်းပွားရန်လိုမှုကို ဖြစ်စေမည့် အကြောင်းအရာများကို မရွတ်ဆိုရပါ။ ဤစုဝေးပွဲသည် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြစ်ကြောင်း သတိချပ်ပါ။

(ခ) ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါသော ပိုစတာ နှင့် ဘန်နာများကိုသာ ကိုင်ဆောင်ရန် နှင့် ပိုစတာများတွင် ကြမ်းတမ်းသော၊ ရိုင်းပြသော၊ ညစ်ညမ်းသော အရေးအသားများ မပါဝင်စေရပါ။
Read more

“Demonstration in Phnom Penh, Cambodia ...Part(2)”

ကမ္ဘောဒီးယားရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ပထမဦးဆုံးအကြိမ် ဆန္ဒပြပွဲကနေ နောက်ထပ် ထပ်မံရောက်ရှိလာတဲ့ ဓါတ်ပုံတွေနဲ့အတူ ဗီဒီယို လင့်ခ်ကိုလည်း Part (2) အနေနဲ့ တင်လိုက်ပါတယ်။

ယုံကြည်ချက်အတွက် မိမိတို့ရဲ့ ဘ၀နဲ့ရင်းပြီး ပေးဆပ်လှုပ်ရှားနေကြတဲ့ ကမ္ဘောဒီးယားရောက် မျိုးချစ်မြန်မာများရဲ့ လှုပ်ရှားမှုကို အသိအမှတ်ပြုလျက်.....။

ဆန္ဒပြပွဲ ဗီဒီယိုများကို ဒီမှာ ကြည့်ပါ။

(ဓါတ်ပုံ- မငွေဇင်စိုး)




























Read more

Demonstration in Phnom Penh, Cambodia

မြန်မာ့အရေးမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူများအပေါ် စင်္ကာပူအစိုးရက နေထိုင်ခွင့်သက်တမ်းတိုးမပေးတဲ့နောက် ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေကြတဲ့ ပြည်ပရောက်မျိုးချစ်မြန်မာများ (အိုဘီပီ)ဟာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (အင်န်ဂျီအို)များနှင့်အတူ ဒီကနေ့ မတ်လ ၂၇ ရက်နေ့ မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွန်းပင်မြို့တော် မြန်မာသံရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အခုလို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကမ္ဘောဒီးယားရောက် အိုဘီပီ အဖွဲ့ဝင်များရဲ့ မြန်မာ့အရေးအတွက် ထက်သန်တက်ကြွမှုကို ဒီပို့စ်နဲ့ ချီးကျူးမှတ်တမ်းတင်လိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး မုချအောင်ရမည်။

(ဓါတ်ပုံ- မငွေဇင်စိုး)

ဆန္ဒပြပွဲ ဗီဒီယိုများကို ဒီမှာ ကြည့်ပါ။
































Read more

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲ (စင်္ကာပူ)”





လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၂၀၀၉ ခုနှစ်၊ မေလ ၂၄ ရက်၊ တနင်္ဂနွေညနေပိုင်းက စင်္ကာပူနိုင်ငံ တိုပါးရိုးရပ်ကွက်ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သော ၀တ်ပြုဆုတောင်းပွဲကို စင်္ကာပူရှိ မြန်မာနိုင်ငံသား ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ညနေ ၇ နာရီ ၁၅ မိနစ်တွင် စတင်ကျင်းပပြီး ဘုရားရှိခိုးခြင်း၊ ငါးပါးသီလ ဆောက်တည်ခြင်း၊ မေတ္တသုတ် ရွတ်ဖတ်ခြင်းများပြုလုပ်သည်။ ထို့နောက် စစ်အစိုးရ၏ မတရားဖမ်းဆီးခြင်းကို ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်မှန်း၍ ငါးမိနစ်ခန့် တိတ်ဆိတ်စွာ မေတ္တာပို့သကြသည်။ ထို့နောက် ဆရာတော်ထံမှ တရားတော်ကို နာကြားပြီး အမျှအတမ်းပေးဝေကြသည်။

တရားနာပြီးသောအခါ ကျောင်းပရ၀ုဏ်ထဲရှိ ဗောဓိညောင်ပင်တွင် Free “Suu” ဟူသော အင်္ဂလိပ်စကားလုံးကို ဆီမီးများဖြင့် ထွန်းညှိကာ ပုံဖော်ကြသည်။

ပွဲဖြစ်မြောက်အောင် စီစဉ်သူ မြန်မာ့အရေးလှုပ်ရှားသူများက တက်ရောက်လာသူများအား ရွှေရင်အေးတိုက်ကျွေးခြင်း၊ အအေးဘူးများ ဝေငှခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခြင်းနှင့်ပတ်သက်သော သတင်းများကို ရိုက်နှိပ်ထားသည့် စာစောင်များ ဝေငှခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

လာမည့် မေလ ၃၁ ရက်နေ့ စပီကာကော်နာတွင် ပြုလုပ်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုသို့ လာရောက်ရန် တိုက်တွန်းသည့် ဖိတ်ကြားစာများကိုလည်း အခမ်းအနား တက်ရောက်လာသူများအား ဝေငှခဲ့ကြသည်။



လှုပ်ရှားမှုမှတ်တမ်းတင် ဓါတ်ပုံများကို ဒီမှာ ကြည့်ပါ။


လှုပ်ရှားမှုမှတ်တမ်းတင် ဗီဒီယိုအချို့ကို ဒီမှာ ကြည့်ပါ။
Read more

“ရှင်သန်နေဆဲ…”


(တိုပါးရိုး ဘုန်းကြီးကျောင်းမှ ဗောဓိညောင်နှင့် ဘုရားဆင်းတုတော်တွင် ဆီမီးများပူဇော်ထားပုံ)

ပြီးခဲ့တဲ့ စက်တင်ဘာလထဲတုန်းက စင်္ကာပူမှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေစုစည်းပြီး ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့်အထိမ်းအမှတ်အဖြစ် စင်္ကာပူက တပါးကျောင်း(SMC)မှာ ဘုန်းကြီးငါးပါးကို ပင့်ဖိတ် ဆွမ်းကပ်ဖြစ်ကြတယ်။ ငါးပါးအနက် ဘုန်းဘုန်းတပါးကတော့ အဲသည်နေ့လည်မှာ မလာနိုင်တော့တဲ့အတွက် စုစုပေါင်းလေးပါးဖြစ်သွားတယ်။

အဲသည်နေ့မှာ ဆွမ်းကပ်ဘို့ ဆုံးဖြတ်လိုက်ကြတော့ ခါတိုင်းလို ဘုန်းကြီးကျောင်းမှာ ဆွမ်းချက်တာမျိုးမလုပ်ဘဲ ကျနော်တို့ မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့ အိမ်ကနေ ဟင်းအမယ် ၂ မျိုးဆီလောက် ကိုယ့်ဘာသာချက်ယူခဲ့ကြဘို့ ဆုံးဖြတ်လိုက်တယ်။

အဲသည်လိုနဲ့ ကျနော်တို့အိမ်ကနေ ငါးသလောက်ပေါင်းနဲ့ ကြက်သားဆီပြန်ဟင်း ၂ မျိုးချက်ယူခဲ့တယ်။ ငါးသလောက်ပေါင်းက မဒမ်ပေါရဲ့ အမေချက်တာ။ ကြက်သားဆီပြန်ဟင်းကတော့ မဒမ်ရဲ့လက်ရာ။ ဟိုရောက်တော့ အဲသည်လိုဘဲ တခြားလူတွေ ချက်လာတဲ့ ဟင်းတွေနဲ့ စုလိုက်တော့ အခုလို ဟင်းအမည်ပေါင်းများစွာနဲ့ ဖွယ်ဖွယ်ရာရာ ဖြစ်သွားတော့တယ်။

(ဘုန်းကြီးဆွမ်းပွဲအတွက် ပြင်ဆင်ထားပုံ)

အစည်းအဝေးမှာတုန်းက ဘုန်းကြီးပွဲအတွက်ဘဲ ချက်ကြမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ချက်ပြုတ်လာသူတိုင်းရဲ့ စေတနာကြောင့် လာတဲ့ ဧည့်ပရိတ်သတ်ပါ စားလို့မကုန်တဲ့အတွက် (ဘုန်းကြီးကလည်း ကျောင်းမှာ မထားခဲ့ဘို့ အမိန့်ရှိတဲ့အတွက်) ပိုတဲ့ ဟင်းတွေကို ချိုင့်ဆင့်နဲ့ သေသေချာချာ ထုတ်ပိုးပြီး ပြန်သယ်ရတဲ့အထိ ဖြစ်သွားတယ်။

မှတ်မှတ်ရရ…အဲသည်နေ့က ဟင်းတွေအနက်မှာ ပဲခူးက လူပျိုကြီး ကိုသူရိန် ချက်လာတဲ့ ၀က်သားဟင်းနဲ့ ၀က်ကလီစာဟင်းကတော့ လူကြိုက်အများဆုံးပေါ့။ (အခမဲ့ ကြော်ငြာထိုးပေးလိုက်သည်။ စွံပေလေရော့ဟယ်...)



(ဆွမ်းပွဲနှင့် အချိုပွဲများကို ကပ်လှူနေစဉ်)

ဘုန်းဘုန်းတွေကြွလာတော့ ဆွမ်းကပ်၊ သင်္ကန်းနဲ့ ၀တ္ထုငွေတွေကပ်၊ ပြီးတော့ တရားနာကြတယ်။ ဘုန်းဘုန်းနှစ်ပါးတိတိက တရားဟောတယ်။ အဲသည်နောက် ဘုန်းဘုန်းတွေ ပြန်ကြွသွားတော့ ကျနော်တို့လူတွေချည်း ကျောင်းမှာ ကျန်ရစ်ခဲ့တယ်။

(တရားနာနေကြစဉ်)

အမှန်ကတော့ မနေ့ညက အိပ်ရေးပျက်ထားတဲ့အတွက် ဆွမ်းကျွေးပြီးတာနဲ့ အိမ်ပြန်ပြီး တရေးတမောအိပ်ဖို့ပါဘဲ။ ဒါပေမယ့် ညပိုင်းမှာ တိုပါးရိုးဘုန်းကြီးကျောင်းကို သွားပြီး ၀တ်ရွတ်သူတွေကို အအေးဘူးတွေ လှူဘို့နဲ့ ဘုရားမှာကပ်ဘို့ ပန်းတွေဝယ်ဘို့ကလည်း ရှိသေးတော့ အိမ်မပြန်ဖြစ်ဘဲ ဘုန်းကြီးကျောင်းမှာဘဲ ခဏထိုင်ပြီး ၀ိုင်းဖွဲ့စကားပြောဖြစ်ကြတယ်။ အားလုံးကလည်း မကြာခဏ တွေ့ဆုံနေကျ အမာခံလူတွေချည်းဘဲဆိုတော့ ပြောတဲ့အကြောင်းအရာက နိုင်ငံရေးလည်းပါရဲ့။ ဆံပင်ဆေးဆိုးတဲ့အကြောင်းလည်းပါရဲ့။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပါဘဲ။

အဲသည်မှာ ခဏကြတော့ မျိုးမြင့်မောင်နဲ့ ကျနော်က ခဏတဖြုတ် ကျောဆန့်ရင်းနဲ့ ဘုန်းကြီးကျောင်းပေါ်မှာ အိပ်ပျော်သွားသေးတယ်။ အိုဘီပီက ဆရာသမားတယောက်က ကျနော်ဟောက်နေတာကို ဗီဒီယို မှတ်တမ်းတင်သွားသေးတယ်။

ညနေလေးနာရီလောက်ရောက်တော့ နှင်းဆီပန်းအနီ အပွင့် ၁၁၀ ပွင့် ၀ယ်ဘို့ လူစုခွဲပြီး ရှာပုံတော်ထွက်ကြတယ်။ ကျနော်တို့လင်မယားနဲ့ တခြားနှစ်ယောက်က ဂေလန်းဘက်မှာ သွားဝယ်ဘို့ တာဝန်ကျတယ်။ တက္ကစီစီးပြီး ဂေးလန်းအသွားမှာဘဲ တခြားအုပ်စုက “ပန်းတွေရပြီ” သတင်းပို့လို့ တိုးပါးရိုး ဘုန်းကြီးကျောင်းကိုဘဲ တိုက်ရိုက်တန်းသွားရတော့တယ်။ ကျောင်းမရောက်ခင် လမ်းထိပ်နားက ကော်ဖီဆိုင်နားမှာ တက္ကစီပေါ်ကဆင်း၊ လက်ဘက်ရည်သောက်ကြရင်း စကားစမြည်ပြောကြ။ ခဏနေတော့ ဘုန်းကြီးကျောင်း ဒုတိယအထပ်မှာ သွားပြီး ခဏ စက်တော်ခေါ်လိုက်သေးတယ်။ ထိနမိဒ္ဓများပုံများ။

ဟော…. ညနေစောင်းတာနဲ့ ပန်းတွေလည်းရောက်လာ၊ အအေးဘူးတွေ၊ ရေခဲတွေလည်း ရောက်လာ၊ ဆီမီးခွက်တွေလည်း ရောက်လာ။

(နှင်းဆီပန်းအနီများဘုရားတွင်ကပ်လှူပူဇော်ထားပုံ)

ပန်းအိုးတွေမှာ ပန်းတွေထိုးပြီး ဘုရားမှာ ပန်းကပ်တဲ့သူက ကပ်၊ အအေးဘူးတွေကို ဒန်အိုးထဲမှာ ရေခဲနဲ့ ထည့်ပြီး စိမ်တဲ့လူကစိမ်၊ ရေခဲမလောက်လို့ ပြေးဝယ်သူက ၀ယ်ပေါ့။ ကျနော်ကတော့ ဟိုနားမှာ ဓါတ်ပုံရိုက်လိုက်၊ ဒီနားမှာ ဓါတ်ပုံရိုက်လိုက်၊ ဟိုလူနဲ့စကားပြောလိုက်၊ သည်လူနဲ့ စကားပြောလိုက်နဲ့၊ နည်းနည်းပါးပါး နှမ်းဝင်ဖြူးလိုက်နဲ့ ယောင်ခြောက်ဆယ် လုပ်ရတာပေါ့။


(၀တ်ရွတ်လာသူများကို အအေးဘူးများ ဝေငှနေစဉ်)

ညဘက်ရောက်တော့ ဘုရားမှာ ဆီမီး၁၁၀ ထွန်းကြတယ်။ ဖယောင်းတိုင်ခွက်ကလေးတွေမှာ ထွန်းပြီး ပလပ်စတစ်ခွက်ထဲကို ထည့်လိုက်တာပေါ့။ လေတိုက်လည်း မငြိမ်းတော့ဘူး။ ၀တ်ရွတ်သူတွေ ဆင်းလာတော့ အင်္ကျီအနီတွေဝတ်ထားတဲ့ ကျနော်တို့တွေက “ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် လှူဒါန်းတာပါ” လို့ပြောပြီး အအေးဘူးတွေကို ဝေကြတယ်။ တချို့ ပရိတ်သတ်ထဲကနေ ကူညီပူးပေါင်းပြီး ဝေပေးကြတယ်။ နောက်လူစဲသွားတော့ ဆီမီးတွေကို နောက်ခံထားပြီး အုပ်စုလိုက် အမှတ်တရ ဓါတ်ပုံရိုက်ကြတယ်။ နောက်ည ၉ နာရီ ခွဲလောက်မှာ လူစုခွဲလိုက်ကြတယ်။


(ဆီမီးများ ကပ်လှူပူဇော်နေစဉ်)

အဲသည်နေ့ပွဲက ကျနော်တို့ လုပ်ခဲ့သမျှ ပွဲတွေအနက် ကျနော်တို့အနေနဲ့ ကျေနပ်အားရမှုအရှိဆုံး၊ အနှစ်သာရအပြည့်ဝဆုံးပွဲပါ။ တကယ်တော့ အဲသည်နေ့မှာ လာရောက်သူတွေဟာ ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက ပရိတ်သတ်နဲ့ဆိုရင် မယှဉ်သာအောင် နည်းပါးလှပါတယ်။ ပြောရမယ်ဆိုရင် အမာခံလှုပ်ရှားသူတွေချည်းလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် အဲသည်နေ့မှာ ပါဝင်လှုပ်ရှားကြသူအားလုံးဟာ အခက်အခဲတခုကြောင့်၊ အဟန့်အတားတခုကြောင့် ကိုယ့်ပန်းတိုင်ကနေ သွေဖီသွားမယ့်လူတွေမဟုတ်။ သူတို့ရဲ့ မျှော်လင့်ချက်တွေ ရှင်သန်နေဆဲ၊ ယုံကြည်ချက်တွေ ခိုင်မာနေဆဲ။ နောက်ပြီး တူညီတဲ့ ရပ်တည်ချက်တခုအပေါ်မှာ ညီညွတ်နိုင်ဘို့ မိမိတို့ရဲ့ အသေးအမွှားကွဲလွဲမှုတွေကို ဘေးချိတ်ပြီး စုစည်းကြတဲ့ ပွဲဖြစ်နေလို့ပါ။ အဲသည်နေ့က လှုပ်ရှားမှုမှာ စင်္ကာပူမှာရှိတဲ့ အဖွဲ့တိုင်းလိုလိုက အမာခံအဖွဲ့သားတွေ စုစည်းမိကြပါတယ်။

ဆရာကြီး ဦးဝင်းတင် ထောင်ကထွက်လာကာစက ပြောသလိုဘဲ ကျနော်တို့ဟာ နိုင်ငံရေးမှာ အမြဲတစေ တခုခုကို လုပ်နေရမယ်။ Dynamism ဆိုတာပေါ့။ စင်္ကာပူမှာ လှုပ်ရှားလို့သက်သက်ကြောင့်တော့ဖြင့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်မလာနိုင်တာ အသေအချာပါ။ ဒါပေမယ့်လည်း ကျနော်တို့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေးအသိစိတ်ကို မြှင့်တင်နိုင်ဘို့၊ သူတို့ရဲ့ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်မှုကို ဖန်တီးနိုင်ဘို့ အရေးကြီးပါတယ်။ အဲသည်ကမှတဆင့် ပြည်တွင်းအင်အားစုတွေကို အစဉ်တစိုက် ထောက်ကူနေကျအတိုင်း ရှေ့ဆက်နိုင်ဘို့ကို အမြဲတစေကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ကျနော်တို့ နောက်ဆုံးရ ၀မ်းသာစရာ သတင်းတခုကတော့ ပြည်တွင်းမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ရန် အသင့်ဖြစ်နေတဲ့ မျိုးချစ်တွေ အများကြီးရှိတယ်ဆိုတဲ့အချက်ပါဘဲ။

အဲသည်နေ့က ဆွမ်းကျွေးမှာ ကိုယ်တိုင်လာရောက်မပါဝင်လိုက်နိုင်ပေမယ့် ဆွမ်းကျွေးအတွက် အလှူငွေ အားတက်သရော ပါဝင်လှူဒါန်းခဲ့ကြတဲ့ မြန်မာ့အရေးစိတ်ဝင်စားသူတွေကို ကျေးဇူးတင်ကြောင်း ဒီပို့စ်ကတဆင့် ပြောကြားလိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မုချအောင်ရမည်။
Read more

“သြဂုတ်လကို ပြန်စောင်းငဲ့ကြည့်ခြင်း”



ပြီးခဲ့တဲ့လ (သြဂုတ်လ) ထဲမှာ လှုပ်ရှားခဲ့တာလေးတွေကို မအားလပ်တာနဲ့ မတင်ဖြစ်ဘူး။ အခု ဓါတ်ပုံလေးတွေနဲ့ တကွ စုစည်းတင်ပြလိုက်ပါတယ်။
ပထမတခုကတော့ သြဂုတ်လ ၈ ရက်၊ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပင်နင်ဆူးလားပလာဇာမှာ လာသမျှလူတွေကို အအေးဘူးတွေ သွားဝေကြတယ်။ ကျနော်တို့အားလုံး နောက်ကျောမှာ 8 ဂဏန်းပါတဲ့ ဂျာစီအနီတွေ ၀တ်ကြတယ်။ ကျနော်တယောက်ဘဲ ကျနော်နဲ့တော်တဲ့ အင်္ကျီဆိုက်ဇ်မှာ အနီရောင်ဝယ်မရတဲ့အတွက် ဖြူကြောင်ကျားလေးဖြစ်နေရှာတယ်။
(ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ပင်နင်ဆူးလားပလာဇာမှာ အအေးဝေနေကြပုံ)

(ဆိုင်ထဲမှာ ၀င်ထိုင်ပြီး ဒီလိုဒီလို လေကန်လိုက်သေးတယ်။)

ရှစ်လေးလုံးနှစ်ပတ်လည်အကြောင်းပြောတော့.... လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပင်နီဆူးလားပလာဇာမှာ စာရွက်စာတမ်းတွေ စဝေစဉ်က အချိန်ကို သတိရတယ်။ စနေနေ့တိုင်းလိုလို ကျနော်ရယ်၊ မဒမ်ရယ်၊ (တခါတလေ သမီးပါ ပါတယ်)၊ အခြား မိတ်ဆွေ သုံးဦးလောက်ရယ် ပင်နီဆူးလားမှာ အင်တာနက်က ကူးယူထားတဲ့ စာရွက်စာတမ်းတွေကို ဝေကြတယ်။ တခါဝေရင် ဒေါ်လာ ရှစ်ဆယ်၊ တရာဖိုးလောက် မိတ္တူကူးပြီး ဝေကြတာ။ ထုံးစံအတိုင်း အိတ်စိုက်ပေါ့။

ပထမတော့ ကိုရွှေမြန်မာလေးတွေက စာရွက်စာတမ်း အလကားဝေတာကို မယူရဲကြဘူး။ နောက်တော့ကျတော့ အပတ်တိုင်းလိုလို ဝေတဲ့အခါမှ ရဲလာကြပြီး ကူညီဝေငှပေးတဲ့လူနဲ့ ဘာနဲ့ သိုက်သိုက်မြိုက်မြိုက်ဖြစ်လာတယ်။ တခါတလေ ကိုယ်က တခြားအစီအစဉ်ရှိလို့ သွားမဝေဖြစ်ရင်တောင် မြန်မာလေးတွေဟာ ပင်နင်ဆူးလားပလာဇာကနေ တမျှော်မျှော်နဲ့။ မလာရကောင်းလားဆိုပြီး အပြစ်တင်ဖော်ရလာတယ်။ Petition တွေ ဘာတွေဆိုရင်လည်း စင်္ကာပူက အင်မတန် အားရစရာ။ ခဏလေးအတွင်းမှာ လက်မှတ်တွေ အများကြီးရရော။

အဲသည်လို အနေအထားလဲ ရောက်ရော.....အာဏာရှင်စင်္ကာပူအစိုးရက ထုံးစံအတိုင်း မျက်စိစပါးမွှေးစူးလာတယ်ထင်ပါ့။ အဆောက်အဦး လုံခြုံရေးကတဆင့် ကျနော်တို့ကို စစ်လာဆေးလာလုပ်လာတယ်။ ထုံးစံအတိုင်း သူတို့မေးခွန်းက “ပါမစ်” ပါလား ပေါ့လေ။ “ပါမစ်” သွားလျှောက်တော့လည်း ပေးတာမဟုတ်ဘဲနဲ့ ညစ်ပုံက။

ပင်နင်ဆူးလားပလာဇာမှာ နအဖအလိုတော်ရိ ဈေးဆိုင်တွေရှိတော့ အဲသည်ဈေးဆိုင်တွေက ထောင်တာလည်း ပါသပေါ့။

ဘာဘဲဖြစ်ဖြစ်......အဲသည်အချိန်ကစလို့ စင်္ကာပူရောက်မြန်မာတွေအကြားမှာ နိုင်ငံရေး အသိစိတ်တွေ နိုးကြားလာအောင် အိုးဝေ(စင်္ကာပူ)အဖွဲ့သားတွေဟာ နေ့ကြီးရက်ကြီးအထိမ်းအမှတ်နေ့တွေမှာ အထိမ်းအမှတ်ပွဲတွေကို အိပ်စိုက်စနစ်နဲ့ ကျင်းပလာလိုက်တာ သုံးနှစ်နေလို့ ရွှေဝါရောင်တော်လှန်ရေးကြီးလည်း ပြည်တွင်းမှာ ဖြစ်ရော။ စင်္ကာပူက မြန်မာတွေရဲ့ နိုင်ငံရေးရေချိန်ဟာ အမြင့်ဆုံး အထွတ်အထိပ်ကို ရောက်သွားတော့တာပါဘဲ။ အဲသည်တုန်းက ပြည်ပမှာ စင်္ကာပူရောက် မြန်မာတွေလောက် အင်အားတောင့်တာမရှိဘူး။

ကျနော်တို့တွေ ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင် ကျင်းပခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေတိုင်းမှာ စွဲစွဲမြဲမြဲ ထားရှိခဲ့တဲ့ ရည်ရွယ်ချက်ရှိပါတယ်။ အဲဒါကတော့ (၁) မြန်မာတွေအကြား နိုင်ငံရေးအသိစိတ်မြင့်တက်လာဘို့ရယ်...(to raise political awareness) (၂) မြန်မာ့ဒီမိုကရေစီအရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်လာဘို့ရယ် (Participation) စတဲ့ အဓိက ရည်ရွယ်ချက်နှစ်မျိုးပါ။ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်လာပြီဆိုရင် တော်တော်ကြီးကို ခရီးရောက်နေပြီပေါ့။

ပြီးခဲ့တဲ့လ ရှစ်လေးလုံးအထိမ်းအမှတ်ကာလမှာတော့ စင်္ကာပူအစိုးရက မြန်မာ့အရေးလှုပ်ရှားမှုတွေကို ဗီဇာလက်နက်နဲ့ နှိပ်ကွပ်နေတဲ့အချိန်ဖြစ်နေလေတော့ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းကလို မြန်မာတွေ အားတောင့်မနေပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်တာကာလက စာရွက်စာတမ်းစဝေတဲ့အချိန်ကနဲ့ နှိုင်းယှဉ်ရင် အများကြီး အခြေအနေကောင်းပါတယ်။ အအေးဘူး ကူညီဝေပေးတဲ့သူတွေရှိသလို စာရွက်စာတမ်း မဝေဘူးလား မေးတဲ့လူတွေလည်း ရှိပါတယ်။ အမှန်ကတော့ စာရွက်စာတမ်းတွေက နောက်တနေ့လမ်းပြကြယ်ကလုပ်တဲ့ ဓါတ်ပုံပြပွဲမှာမှ တွဲပြီး ဝေဘို့ဆုံးဖြတ်လိုက်တဲ့အတွက် အဲသည်နေ့က မဝေဖြစ်လိုက်ပါဘူး။ အဲသည်နေ့က စင်္ကာပူဘက်က ထောက်လှမ်းရေးတွေဆိုတာ ခြေချင်းလိမ်နေတာဘဲ။ အမျိုးသမီးတွေ လက်ကိုင်အိတ်ထဲမှာ ကင်မရာထည့်ပြီး (အိတ်မှာ အပေါက်ပါတယ်။ ရုတ်တရက်ကြည့်ရင် ပန်းပွင့်လေးကပ်ထားသလိုဘဲ။ အဲသည်အပေါက်ကနေချိန်ပြီး ရိုက်ရတာ။ ကျနော်တို့က နောက်ကနေ ပတ်ချောင်းတော့ သူ့အိတ်ထဲက ကင်မရာကို ချိန်နေ၊ ပြုနေ၊ ကြည့်နေတာကို အတိုင်းသားပေါ့။ နောက်တော့ အဲသည်မိန်းမပုံကို ဓါတ်ပုံဝိုင်းရိုက်လိုက်တော့ ထွက်ပြေးရော။) ကျနော့်တို့ လှုပ်ရှားမှုကို မှတ်တမ်းတင်နေတာ တွေ့ရတယ်။

ကျနော့်အနေနဲ့ အင်မတန် နှစ်ထောင်းအားရမိတဲ့အချက်တခုရှိပါတယ်။ အဲသည်နေ့က အမာခံလူစုထဲမှာ ကျန်ရစ်ခဲ့တဲ့လူတွေထဲမှာ လူတိုင်းဟာ မြန်မာ့ဒီမိုကရေစီအရေးဟာ ခုရေတွင်းတူး ခုရေကြည်သောက် ရမယ်ထင်လို့ ထလုပ်ကြတဲ့လူတယောက်မှ မပါ။ ဒီခရီးဟာ ကြမ်းတမ်းခက်ခဲ ရှည်လျားမယ့် ခရီး (Uphill task) ဆိုတာကို ကောင်းကောင်းသဘောပေါက်သူတွေချည်း။ ဒါပေမယ့် မလျှော့သောလုံ့လနဲ့ ကြိုးစားတက်နေသရွေ့ကတော့ တချိန်မှာ တောင်ကြီး ဖ၀ါးအောက် ရောက်ရမှာ အမှန်ပါဘဲ။

(Lotus ခန်းမက သတင်းစာရှင်းလင်းပွဲ)

နောက်လှုပ်ရှားမှုတခုကတော့ စင်္ကာပူအစိုးရရဲ့ ဗီဇာလက်နက်နဲ့ နှိပ်ကွပ်မှုအကြောင်းကို ဖွင့်ချတဲ့ သတင်းစာရှင်းလင်းပွဲပါဘဲ။ အဲဒီ သတင်းစာရှင်းလင်းပွဲလုပ်လိုက်ရင် မိမိကို စင်္ကာပူအစိုးရက ချက်ချင်းအရေးယူနိုင်မှန်းသိသိနဲ့ မတွန့်မဆုတ်ဘဲ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေရဲ့ သတ္တိကလည်း အံ့မခန်းပါ။

နောက်ဆုံးတပွဲကတော့ ကျနော်ရယ်၊ မဒမ်ရယ်၊ ကိုဂျေရယ်၊ ကိုမျိုးမြင့်မောင်ရယ် လေးယောက်သား ဒီက အတိုက်အခံ စင်္ကာပူဒီမိုကရက်ပါတီက ကျင်းပတဲ့ ဟာဝိုင်ယီရှပ်ပါတီ ကို သွားတက်ကြခြင်းပါ။ ကိုဂျေနဲ့က ဟိုရောက်မှ တွေ့တာပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့ အာဏာရှင်တွေ အချင်းချင်းယိုင်းပင်းနေကြတဲ့အချိန်မှာ ကျနော်တို့ ကမ္ဘာတလွှားက ဒီမိုကရက်တွေကလည်း သွေးစည်းရပေမပေါ့။ အဲသည်နေ့က ဒေါက်တာချီးရဲ့ စာအုပ်အသစ်ဖြစ်တဲ့ “အလိမ်ညာခံရသော နိုင်ငံတနိုင်ငံ ( A nation cheated ) ” ကို စတင်ထုတ်ဝေတဲ့နေ့။ ဒေါက်တာချီးက ကျနော့်စာအုပ်ထဲမှာ လက်မှတ်ထိုးပေးတော့ “ဘယ်တော့မှ အရှုံးမပေးပါနဲ့” တဲ့။ ပါးစပ်က မှာလိုက်သေးတယ်။ စာအုပ်ထဲမှာတော့ စင်္ကာပူနဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ဆိုပြီး ရေးပေးလိုက်တာပေါ့လေ။


(Democrats go Hawaiian!)


(နှစ်ကိုယ်တူ ချစ်သမျှဒွေ..........)


(လေးယောက်ပေါင်း လောင်းကျော်)


(ဆိုကြမယ်၊ ပျော်ကြမယ်)
အင်း.....သြဂုတ်လ၊ သြဂုတ်လ....။ တော်တော်လေး အိပ်ပျက်လိုက်ရတဲ့ သြဂုတ်လပါဘဲ။
ပူးတွဲကြည့်ရှုရန်။

Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs