“မိုးစက်တင်လေ နှင့် နိုးကျက်သရေ”

သောကဝေ ဒုက္ခမိုးရေတွေ…..
မထိခိုက်အောင် ကာဆီးခဲ့သူရေ….
အမည်ပေးလိုက်ချင်တယ်မေ……….
မိုးစက်တင်လေ…………


လွှမ်းမိုးရဲ့ “မိုးစက်တင်လေ” သီချင်းလေး ပါးစပ်ထဲရောက်လာတာကို ဆိုညည်းရင်း မြန်မာ့ရုပ်မြင်သံကြားမှာ ဟိုတုန်းက ပြသလေ့ရှိသော သီချင်းသရုပ်ဖော်ပြကွက်ကလေးကိုပါ တဆက်တည်း မြင်ယောင်မိသည်။ စက်တင်ဘာမိုးသည်းထဲမှာ လွှမ်းမိုးကို မိုးရေမစိုအောင် မိန်းမချောလေးတယောက်က ထီးဆောင်းပေးနေသည့် ပြကွက်ကလေး။

သြော်…… သီချင်းစာသားလေးထဲက လွှမ်းမိုးရဲ့ချစ်သူကောင်မလေးကလည်း ကြင်နာတတ်ရဲ့။ ပြကွက်ထဲက မိန်းမချောလေးကလည်း ကြင်နာတတ်ရဲ့။ ကြည်နူးစရာကောင်းလှပါတကား။

ဒါပေမယ့် အဲသည်စက်တင်ဘာလမှာဘဲ သောကဝေ ဒုက္ခမိုးရေတွေကနေ မထိခိုက်အောင် ကာဆီးပေးရမယ့်အစား သောကဝေ ဒုက္ခမိုးရေတွေကိုဘဲ ပြည်သူတွေအပေါ် စေတနာဗလပွနဲ့ ပက်ဖြန်းပေးခဲ့တဲ့ နအဖ ဆိုတဲ့ ချစ်စရာလူတသိုက်အကြောင်းကို သွားစဉ်းစားမိတော့ ကျနော့်ရင်ထဲက ကြည်နူးစိတ်ကလေး လွင့်ပြယ်သွားသည်။

ပြီးခဲ့သော စက်တင်ဘာလ ၁၈ ရက်နေ့က နအဖ စစ်အစိုးရ စစ်အာဏာသိမ်းတာ အနှစ် ၂၀ တင်းတင်းပြည့်တဲ့နေ့။ စစ်အာဏာသိမ်းစဉ်က ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက် ပစ်သတ်ခဲ့သလို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာလည်း ရဟန်းရှင်လူတွေကို ရက်ရက်စက်စက် ရိုက်နှက်ပစ်သတ်ခဲ့ပြန်သည်။

ဒါတင်မက။ အနှစ် ၂၀ လုံးလုံး ပြည်သူတွေကို နည်းမျိုးစုံနှင့် ပရိဒေ၀သောကမီးတောက်လောင်နေအောင်၊ ဒုက္ခပင်လယ်ဝေနေအောင် “သောကဝေ ဒုက္ခမိုးရေတွေ” အငြိုးတကြီးနဲ့ သည်းကြီးမဲကြီး ပက်ဖြန်းပေးနေတဲ့ ကျက်သရေတုံး နအဖ စစ်အစိုးရကိုလည်း…
အမည်ပေးလိုက်ချင်တယ်လေ….
“နိုးကျက်သရေ”
ခက်ဆစ်။ ။ နိုးကျက်သရေ = No ကျက်သရေ = ကျက်သရေမရှိ။
Read more

“ကြွေရက်ကယ်စော”

သြော်….အခုတော့ သူတကယ်ဘဲ သွားရှာပါပြီ။

“….သွားပေဦးတော့…ရဲဘော်ရေ…..”

ကျနော့်စိတ်ထဲမှာ တိတ်တဆိတ်ရေရွတ်လိုက်မိသည်။ ငါးနှစ်တိတိ ကျနော်နှင့်အတူ လက်တွဲရင်း ကျနော့်ဒဏ်ကို ဆိုးတူကောင်းဖက် သည်းညည်းခံခဲ့သည့် ရဲဘော်တယောက်၏ နောက်ဆုံးခရီးတွင် မျက်ရည်မကျမိအောင် ထိန်းထားနိုင်ခဲ့သည်မို့ ကျနော့်အဖြစ်ကို နည်းနည်းတော့ ကျနော်အံ့သြမိသည်။ အမှန်တော့ အဲသည် အဝေးဆုံးခရီးကို သူ့အနေနှင့် သည်လောက် စောစီးစွာ ထွက်ခွာသွားလိမ့်မည်လို့တော့ ကျနော် စိုးစဉ်းမျှ မထင်မှတ်ထားခဲ့။

မှတ်မိသေးသည်။ လွန်ခဲ့သည့် ငါးနှစ် ကျနော်တို့အိမ်ကို သူစရောက်လာစဉ်က ကျနော်က NTU မှာ ကျောင်းတက်နေတုန်း။ ကျောင်းက ပရော့ဂျက်ကို စလုပ်နေချိန်။ ကျနော့်ပရော့ဂျက်အတွက် အစစ သူက ကူညီပံ့ပိုးပေးသည်။ ကျနော့်ကျောင်းစာများမှာလည်း သူ့အကူအညီသာမပါလျှင် ကျနော်နားလည်ဘို့မလွယ်။

အဲသည်တုန်းက ကျနော်တို့မှာ လင်မယားနှစ်ယောက်တည်း ကလင်မင်တီး ရပ်ကွက်တွင် အိမ်ငှားနေကြသည်ပေါ့။ သူရောက်လာသည့်အတွက် ကျနော်တို့ အနေမကျုံ့ပါ။ ကျနော်တို့ ဒဏ်ကိုသာ သူကောင်းကောင်းခံရလေတော့သည်။ ကျနော်တို့လင်မယား ညဥ့်နက်သန်းခေါင်အထိ မအိပ်ဘဲနေလျှင် သူပါ အိပ်စက်ခွင့်မရ။ တစုံတခုအတွက် အထိမ်းအမှတ်ပွဲကျင်းပလိုသည့်အခါ အရက်မသောက်တတ်သော သူ့ကို ဘေးမှာထားပြီး ကျနော်တို့လင်မယားနှစ်ယောက် ဘီယာပုလင်းထောင်တာမျိုး၊ ၀ိုင်သောက်ကြတာမျိုးကတော့ သူ့အဖို့ အဆန်းမဟုတ်တော့။ တခါတလေများ လင်းအားကြီးမှာ အလိုက်ကန်းဆိုးမသိ သူ့ကို နှိုးချင်တတ်ကြသေးသည်။

ဟော…သူရောက်ပြီး ၁ နှစ်လောက်နေတော့ မြန်မာပြည်မှာ ကျန်ရစ်ခဲ့တဲ့ သမီးလည်း ကျနော်တို့ထံ ရောက်လာ၏။ အိမ်မှာအမြဲကျန်ရစ်ခဲ့သည့် သူ့ခမြာ သမီးဒဏ်ကိုပါ ကောင်းကောင်းကြီး ခံရချေတော့သည်။ သမီးကလည်း ကလေးမို့ သူ့ကို ရိုသေရမှန်းမသိ။ သူ့ကိုဆိုလျှင် သမီးက ထုချင်နှက်ချင်၊ ကုတ်ချင်၊ ခြစ်ချင်တတ်သည်။ အကြမ်းပတမ်းလုပ်ချင်သည်။ ကျနော်တို့ကသာ မနေသာ၍ သမီးကို ၀င်ဟန့်ရသည်။ သူကတော့ တကယ့်ရေခဲတုံး။ ဘာဆိုဘာမှ မပြော။ လုပ်တိုင်းခံသည်။

ဟော….ကျနော်တို့ အိမ်ပြောင်းတော့လည်း သူပါလိုက်ပြောင်းလာပြီး မခွဲမခွာ တအိမ်တည်း အတူဆက်နေဖြစ်သည်။ ကျနော်တို့ကလည်း သူ့ကို သံယောဇဉ်တွယ်နေပြီမို့ မထားရစ်ခဲ့ရက်။

သည်လိုနှင့် ကျနော်တို့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင် လှုပ်ရှားသည့်အခါ၊ အိုးဝေအင်တာနက်စာမျက်နှာတွေလုပ်သည့်အခါ သူ့ဆီက အကူအညီယူရသည်။ သူ့အကူအညီမပါလျှင် ကျနော်တို့သည်လောက် ခရီးရောက်မည်မဟုတ်။ ပြည်တွင်းနှင့် နိုင်ငံတကာတွင်ရှိသော မြန်မာ့အရေးလှုပ်ရှားသူများကိုလည်း များသောအားဖြင့် သူကတဆင့်သာ ဆက်သွယ်ရသည်။

ကျနော့်ဒဏ်ကိုတော့ ပြောစမှတ်တွင်လောက်အောင် သည်းခံနိုင်သူပင်။ ကျနော်က တခါတလေ သူနဲ့အလုပ်လုပ်ရင်း အဆင်မပြေမှုကြုံလာသည့်အခါများ၌ စိတ်ဆတ်သူပီပီ ဒေါသကို မထိန်းနိုင်ဘဲ သူ့ကို ခြေနှင့် ကန်ကျောက်မိသည့် အခါများပင်ရှိသည်။ ဤသည်ကိုပင် သူက စိုးစဉ်းမျှ စိတ်ကွက်ဟန်မပြ။

များသောအားဖြင့်တော့ သူ့ခမြာ အလျှော့ပေးကာ ကျနော်ဖြစ်စေချင်သည့်အတိုင်းသာ တသွေမတိမ်း လိုက်လံလုပ်ဆောင်ပေးခဲ့ရသည်ချည်းဖြစ်သည်။

သို့သော်….လွန်ခဲ့သည့် လအနည်းငယ်ကစ၍ သူ့ကျန်းမာရေး ချူချာလာသည်။ အလုပ်လုပ်ရာတွင် အရင်ကလို သွက်သွက်လက်လက်မရှိတော့။ တကြိမ်တွင် မနည်းနှိုးယူရသဖြင့် သူသွားတော့မည်လောဟု ကျနော်တို့လင်မယားနှစ်ယောက် အကြီးအကျယ် ထိတ်လန့်ရဘူးသည်။

သြော်…..အခုတော့ သူတကယ် သွားရှာပြီ။

ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းဟူသည် ကွေကွင်းနောက်ဆုံးဖြစ်ရချေပြီ။ သူ့ကို မခွဲခွာလိုသော်လည်း အိမ်မှာ ဆက်ထား၍ မဖြစ်တော့။ ထုံးတမ်းစဉ်လာအတိုင်း သူ့ကို အိမ်မှ ထုတ်ရပေတော့မည်။

သူ့ကို အိမ်မှ မထုတ်ခင် နောက်ဆုံးအမှတ်တရအဖြစ် သူ၏ ကိုယ်တွင်းအင်္ဂါတွေဖြစ်သော Memory stick နှစ်ချောင်း၊ Harddisk နှစ်လုံးနှင့် ကျနော့်ဘာသာ ၀ယ်တပ်ထားသော Video downloading card တို့ကို ကျနော်ဖြုတ်ယူထားလိုက်သည်။

သူ့၏ အသက်မဲ့ ခန္ဓာကိုယ်ကြီးအား “ကာရာကူနီ”ခေါ် ပစ္စည်းအဟောင်းဝယ်သူ၏ လက်ထဲသို့ အပ်လိုက်ပြီးနောက် ကျနော့်နှုတ်မှ နောက်ဆုံးအကြိမ် လှိုက်လှိုက်လှဲလှဲ ရေရွတ်လိုက်သည်။

“ကဲ…သွားပေဦးတော့…..Acer Desktop PC ကြီးရေ။ မင်းကို Recycle လုပ်ဖြစ်ကြလို့ နောင်ဘ၀ ဆိုတာများရှိခဲ့ရင် ကိုယ်နဲ့မင်းရဲ့ ဘ၀ဟာလည်း နှစ်လွှာပေါင်းမှ တရွက်ဘဲ ဖြစ်တဲ့ စွယ်တော်ရွက်ကလေးများလို “ဘလော့ဂါနဲ့ PC” ဘ၀ကို ပြန်ရောက်ပါစေလို့ ကိုယ်တကယ်ဘဲ လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ်….ခိုင်ရယ်….အဲလေ၊ ဟုတ်ပေါင်….Acer Desktop PC ကြီးရယ်။ နောင်ဘ၀ဆက်တိုင်းမှာ မင်းကိုလည်း PC လို့ဘဲ ဆက်၍ ခေါ်မည်…Acer”
Read more

“မြန်မာလူမျိုးတိုင်း ဖတ်သင့်သော”

မကြာခင်ကမှ ထောင်ကလွတ်မြောက်လာသည့် သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် တွေ့ဆုံမေးမြန်းခန်းကို ဧရာဝတီ မဂ္ဂဇင်းတွင် ဖတ်ရှုရသည်။

မြန်မာလူမျိုးတိုင်း မဖြစ်မနေ ဖတ်ရှုသင့်သော တွေ့ဆုံမေးမြန်းခန်းဖြစ်သည်ဟု မှတ်ယူမိပါသည်။ အောက်ပါလင့်ခ်တွင် သွားရောက်ဖတ်ရှုကြရန် တိုက်တွန်းလိုက်ပါသည်။


သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် တွေ့ဆုံခြင်း
Read more

“ဥပဒေနှင့်မညီသော ဥပဒေ”

(စင်္ကာပူ ဒု-၀န်ကြီးချုပ် ဝေါင်ကန်ဆင်းပြောကြားချက်နှင့်ပတ်သက်၍ စင်္ကာပူလူမျိုး နာမည်ကျော် ဆောင်းပါးရှင် Alex Au (yawningbread) ရေးသားသော Burmese patriots "undesirable", says Singapore government ဆောင်းပါးအား ဘာသာပြန်ဆိုသည်။)

စင်္ကာပူအစိုးရမှ မြန်မာအတိုက်အခံများအား နှင်ထုတ်ခြင်း” ဆိုတဲ့ ဆောင်းပါးထဲမှာ ၄င်းတို့တိုင်းပြည်ကို အုပ်ချုပ်နေသော စစ်အစိုးရအား ဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားမှုများ၏ ရလဒ်အဖြစ် မြန်မာအချို့ကို စင်္ကာပူအစိုးရက နှင်ထုတ်ခဲ့ခြင်းအကြောင်းကို “ယောင်းနင်းဘရက်ဒ်”က ရေးသားခဲ့သည်။ ထိုဖြစ်ရပ်သည် ယခုသီတင်းပတ်အတွင်း ပါလီမန်တွင် ထပ်မံတင်ပြဆွေးနွေးစရာဖြစ်လာခဲ့သည်။ ဒု-၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဝေါင်ကန်ဆင်းက စထရိတ်စ်တိုမ်းစ်နှင့် တူဒေးသတင်းစာများထဲတွင် ရေးသားထားသည့်အတိုင်း အစိုးရ၏ လုပ်ရပ်ကို ကာကွယ်ပြောကြားခဲ့သည်။

မနေ့က ထုတ်ပြန်ခဲ့သော သူ၏ သတင်းထုတ်ပြန်ချက်ထဲတွင် မစ္စတာဝေါင်း ပြောကြားချက်မှာ မြန်မာနိုင်ငံသားများသည် ၄င်းတို့၏ နိုင်ငံရေးဦးတည်ချက်များ ပြည့်ဝရေးအတွက် ဆန္ဒပြပွဲများကဲ့သို့သော တရားမ၀င် လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့် စင်္ကာပူ၏ ဥပဒေကို မထီမဲ့မြင် ပြုလုပ်ခဲ့သည် ဆို၏။

ဤသည်မှာ ဥပဒေဘောင်အတွင်းမှသာ လုပ်ဆောင်ရန် စင်္ကာပူရဲတပ်ဖွဲ့မှ အကြိမ်ကြိမ်အဖန်ဖန် သတိပေးသည့်ကြားမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဆို၏။

“အိုဘီပီ သည်သာ စင်္ကာပူတွင် ရှိသော တဖွဲ့တည်းသော မျိုးချစ်အဖွဲ့မဟုတ်။ ထို့ပြင် အိုဘီပီသည်ဟာ မြန်မာ့အရေးကို စိုးရိမ်ပူပန်စိတ်ဖြင့် လှုပ်ရှားမှုများကို ကမကထပြု ဆောင်ရွက်သော တဖွဲ့တည်းသောအဖွဲ့အစည်းမဟုတ်။ သို့သော်လည်း ဥပဒေကို လိုက်နာဆောင်ရွက်သော အခြားအဖွဲ့အစည်းများကဲ့သို့မဟုတ်ဘဲ အိုဘီပီသည် ဗြောင်ကျကျပင် ကျွန်ုပ်တို့၏ ဥပဒေများကို အစဉ်တစိုက် ဖီဆန်ရန် ဆုံးဖြတ်ခဲ့သည်။”

ယင်းကဲ့သို့သော လှုပ်ရှားမှုများမှ တခုသည် ပြီးခဲ့သောနှစ်က အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ လူလေးဆယ်ခန့်သည် ဘန်နာများကို ကိုင်ဆောင်လျက် စစ်အစိုးရအား မကျေနပ်မှုများကို ဖော်ပြရန် အောချာ့ဒ်ပရိတ် ဟိုတယ်ရှေ့ ပလက်ဖောင်းပေါ်သို့ ထွက်ခဲ့ကြသည်။

ယင်းအဖြစ်အပျက်ကို ကိုးကား၍ မစ္စတာဝေါင်းက ပြောကြားသည်မှာ “ယင်းအုပ်စုသည် အများပြည်သူနှင့် သတင်းမီဒီယာများ၏ အာရုံစိုက်မှုကို ရရှိစေရန် တမင်သက်သက် ရည်ရွယ်ကာ ထိပ်သီဆွေးနွေးပွဲကျင်းပရာ ရှန်ဂရီလာ ဟိုတယ်အနီးနေရာကို ရွေးချယ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်” ဟူ၏။ ( “ဟဲ့…. ဆန္ဒပြပါတယ်ဆိုနေမှ ဘယ်..လူမသိ၊ သူမသိ ချောင်ထဲမှာ သွားပြနေလို့ဖြစ်မလဲဟဲ့”…။ ပုံ- ဘာသာပြန်သူ)

“၄င်းတို့၏ ဥပဒေနှင့်မညီသော အပြုအမူကြောင့် ကျွန်ုပ်တို့၏ လုံခြုံရေးများကို မလိုလားအပ်သော အာရုံထွေပြားမှုဖြစ်ပေါ်စေပြီး ထိပ်သီးဆွေးနွေးပွဲတက်ရောက်လာသော ကိုယ်စားလှယ်တော်ကြီးများ (ထိုအထဲတွင် အချို့မှာ အာဆီယံအစိုးရခေါင်းဆောင်များပါသည်)အတွက် စီမံထားသော လုံခြုံရေးအစီအစဉ်များကို ထိပါးစေသည်။”
-စထရိတ်စ်တိုင်းမ်စ်သတင်းစာ၊ ၁၈ ရက် စက်တင်ဘာလ ၂၀၀၈ ခု
(မြန်မာ့အရေးလှုပ်ရှားသူများ “ဥပဒေကို ဖီဆန်” ဆိုသော သတင်းမှ)

စထရိတ်စ်တိုင်းမ်စ်နှင့် တူဒေးတွင် ဖော်ပြခဲ့သော သတင်းအပြည့်အစုံကို ဒီမှာ ဖတ်ရှုနိုင်ပါသည်။

စထရိတ်စ်တိုင်းမ်စ်သတင်းစာတွင် အိုဘီပီမှ ကမကထပြုခဲ့သော “ဥပဒေနဲ့မညီသည့်” လုပ်ရပ်များကို အခြားမြန်မာအဖွဲ့များမှ ပြုလုပ်ခဲ့သော “ဥပဒေနဲ့ညီသည့်” လုပ်ရပ်များနှင့် နှိုင်းယှဉ်ကာ စာရင်းဇယားနှင့်တကွ ဖော်ပြထားပေသည်။ ဇယားမှတဆင့် အလွယ်တကူ တွေ့မြင်နိုင်သည်မှာ အောက်ဒိုး (ပြင်ပတွင်) ပြုလုပ်သော လှုပ်ရှားမှုမှန်သမျှသည် “ဥပဒေနှင့်မညီ”သည့်လုပ်ရပ်ဖြစ်ပြီး အဆောက်အဦးထဲတွင် ပြုလုပ်သမျှကိုမူကား ခွင့်ပြုသည် ဆိုသည့်အချက်ကို ဖြစ်သည်။ ထိုအကြောင်းကို နောက်ပိုင်းတွင် ဆွေးနွေးမည်။

နိုင်ငံတနိုင်ငံသည် တိုင်းပြည်ထဲသို့ ဘယ်သူဝင်သင့်သည်၊ ဘယ်သူ့ကို နှင်ထုတ်သင့်သည် စသဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိပါလား…။ ရှိပါသည်။ ထိုအချက်နှင့်ပတ်သက်၍ အငြင်းပွားစရာမရှိပါ။ မေးမြန်းစရာရှိသည်မှာ ဘယ်သူ့ကို နှင်ထုတ်သင့်သည်ဟု ဆုံးဖြတ်ရာတွင် မည်သည့်အချက်အလက်များအပေါ် အခြေခံစဉ်းစား၍ ဆုံးဖြတ်သနည်း ဆိုသည့်မေးခွန်းဖြစ်သည်။ အကယ်၍ ထိုဆုံးဖြတ်ချက်သည် ကြိုက်သလိုဆုံးဖြတ်ချက် (သို့မဟုတ်) ကျိုးကြောင်းမခိုင်လုံဘဲ ဆုံးဖြတ်ချက် ဖြစ်နေခဲ့လျှင် သင့်တော်ပါမည်လော။

“လူဝင်မှုကြီးကြပ်ရေးမှ အာဏာပိုင်များသည် ဤအုပ်စုငယ်အား မလိုလားအပ်သော ပုဂ္ဂိုလ်များအဖြစ် ယူဆကာ ၄င်းတို့အား နှင်ထုတ်ဘို့ မှန်ကန်စွာ ဆုံးဖြတ်ခဲ့သည်။

…..၄င်းတို့၏ ယခုဖြစ်ရပ်ကို မီဒီယာနှင့်တကွ ပြည်ပရှိ မသိနားမလည်သော အဖွဲ့အစည်းများမှတဆင့် နိုင်ငံရေးသဘောသက်ရောက်အောင် လုပ်ဆောင်နေမှုအား မစ္စတာဝေါင်းက ရှုတ်ချလိုက်သည်။

သူက ၄င်းတို့သည် လူဝင်မှုကြီးကြပ်ရေး၏ အရေးယူမှုအား နိုင်ငံရေးအရအရေးယူမှုဟု လုပ်ကြံပြောကြားနေသည်ဟု စွပ်စွဲလိုက်သည်။
------- စက်တင်ဘာလ ၁၈ ရက် ထုတ် တူဒေးသတင်းစာပါ 'Undesirable' persons should leave, House told သတင်းကို ကိုးကားသည်။

အထက်တွင် တွေ့ခဲ့ရသည့်အတိုင်း ဝေါင်း၏ပြောဆိုချက်မှာ ထိုသူများသည် စင်္ကာပူ၏ ဥပဒေများကို အစဉ်တစိုက် ချိုးဖောက်ခဲ့သည် ဆိုခြင်းဖြစ်သည်။ ဤနေရာတွင် ကျွန်ုပ်တွေးမိသည်မှာ စင်္ကာပူနိုင်ငံသားများအနေဖြင့် ၄င်းတို့ဖာသာ ပြန်မေးသင့်သည်မှာ “ဤဥပဒေများကိုယ်တိုင်က မည်မျှ ဥပဒေနှင့် ညီပါသနည်း” ဆိုသည့်မေးခွန်းဖြစ်သည်။ သို့တည်းမဟုတ် ၄င်းဥပဒေများကို အနက်အဓိပ္ပါယ်ပြန်ဆိုရာတွင် (ဥပဒေကို အသုံးချဘို့ စဉ်းစားရာတွင်) အဘယ်မျှ ဥပဒေနှင့် လျော်ညီစွာ စဉ်းစားဆုံးဖြတ်ပါသနည်း ဟူသော မေးခွန်းဖြစ်သည်။ အကယ်၍ ဥပဒေကိုယ်တိုင်က ဥပဒေနှင့်မညီညွတ်ပါက စင်္ကာပူအစိုးရ၏ လုပ်ရပ်သည် စာရိတ္တပိုင်းဆိုင်ရာတွင် ကောင်းမွန်မှန်ကန်သည်ဟု မည်သို့မျှ အကြောင်းပြ၍ မရတော့သောကြောင့်ဖြစ်သည်။

ဥပဒေနှင့်မညီသော ဥပဒေများ

ဤဆွေးနွေးပွဲတွင် ဥပဒေများကိုယ်တိုင်က ဥပဒေနှင့်မညီနိုင်ဆိုသော အယူအဆကို ဆုပ်ကိုင်မိရန်အရေးကြီးပေသည်။ ဥပမာတခုပေးရလျှင်…. အတိုက်အခံပါတီတခုတည်ထောင်ခြင်းအတွက် မဖြစ်မနေသေဒဏ်ပေးရမည်ဟု ပါလီမန်တွင် ဥပဒေတရပ်ကို ပြဋ္ဌာန်းလိုက်ပါက အများပြည်သူအနေဖြင့် ထိုဥပဒေ၏ မတရားမှု၊ မှားယွင်းမှုကို အကြီးအကျယ် အံ့အားသင့်တုန်လှုပ်ကြပေမည်။ တရားမျှတမှုကို အစစ်အဆေးမခံနိုင်သော၊ တိမ်းမှားယွင်းစောင်းနေသော ဥပဒေများသည် ဥပဒေနှင့်မညီသော ဥပဒေများဖြစ်သည်။ အလားတူပင် အခြေခံလူ့အခွင့်အရေးမူဝါဒများဖြင့် ဆန့်ကျင်နေသော ဥပဒေများသည် ဥပဒေနှင့်မညီသော ဥပဒေများပင်ဖြစ်လေသည်။

ဥပမာအနေဖြင့် အပြည်ပြည်ဆိုင်ရာ အထွေထွေလူ့အခွင့်အရေးကြေညာစာတမ်းကို ကြည့်ပါ။

အပြည်ပြည်ဆိုင်ရာ အထွေထွေ လူ့အခွင့်အရေးကြေညာစာတမ်းဆိုသည်မှာ အဘယ်နည်း။


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းသည် လူသားမျိုးနွယ်စုတရပ်လုံးတွင် ပါဝင်သော အဖွဲ့ဝင်အားလုံး၏ အခြေခံကျသော၊ ခွဲခွာဖဲ့ထုတ်၍မရသော အခွင့်အရေးများကို အပြည်ပြည်ဆိုင်ရာမျှ သဘောတူစာချုပ်ရေးထိုးထားခြင်းဖြစ်သည်။ ၁၉၄၈ ခု၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ လက်ခံအတည်ပြုကာ ဤကြေညာစာတမ်းသည် လူသားတို့၏ သတ်သတ်မှတ်မှတ်ရပိုင်ခွင့်များ၊ လွတ်လပ်မှုများနှင့်ပတ်သက်၍ နိုင်ငံများအကြား ပထမဦးဆုံးအကြိမ် သဘောတူညီချက်ပင်ဖြစ်သည်။

ဤလူ့အခွင့်အရေးများထဲတွင် နှိပ်စက်ညှင်းပမ်းမှုမှ ကင်းလွတ်ပိုင်ခွင့်၊ ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှ အခွင့်အရေးရပိုင်ခွင့်၊ တရားမျှတသော တရားစီရင်မှုကို ရပိုင်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားပိုင်ခွင့်နှင့် လွတ်လပ်စွာတွေးခေါ်ခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်၊ တွေးတောကြံစည်ခွင့်၊ ဖော်ထုတ်ခွင့်တို့ကဲ့သို့သော လူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများပါဝင်သည်။ ကြေညာစာတမ်းပါ အခွင့်အလမ်းများတွင် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဖြစ်သော စားဝတ်နေရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ၊ လူမှုလုံခြုံရေးများ၊ အလုပ်လုပ်ခွင့်၊ လုပ်အားခနှင့်ထိုက်တန်သော လုပ်ခရပိုင်ဆိုင်ခွင့်၊ သမဂ္ဂများဖွဲ့စည်းပိုင်ခွင့်နှင့် ပညာသင်ကြားခွင့်တို့လည်း ပါဝင်ပေသည်။

လူမျိုးတိုင်း၊ နိုင်ငံတိုင်းအတွက် တပြေးတည်းစံထားစရာ စံချိန်စံညွှန်းအဖြစ် ရည်ရွယ်ခဲ့သည့်အားလျော်စွာ လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်အတွင်းတွင် ဤအထွေထွေလူ့အခွင့်အရေးကြေညာစာတမ်းသည် အပြည်ပြည်ဆိုင်ရာဥပဒေထုံးတမ်းစဉ်လာတွင် သမိုင်းမှတ်တိုင် မှတ်ကျောက်တခုဖြစ်လာပြီး အစိုးရတိုင်းအနေဖြင့် ၄င်းမူဝါဒအပေါ်တွင် လိုက်နာကျင့်သုံးရန် လိုအပ်ချက်တရပ်ဖြစ်လာခဲ့ချေသည်။

ယခု ဝေါင်ကန်ဆင်းက မြန်မာများ ချိုးဖောက်သည်ဟုပြောနေသော ဥပဒေမှာ လွတ်လပ်စွာ စုဝေးပိုင်ခွင့်ကို စည်းကြပ်သော ဥပဒေဖြစ်နေသည်။ ဝေါင်းအဆိုအရ ထိုမြန်မာများသည် အစိုးရထံမှ ခွင့်ပြုချက်လိုင်စင်မပါဘဲ ဆန္ဒပြခြင်းကို ကမကထပြုခဲ့သည်ဆိုသည်။

ထိုကဲ့သို့ ပြင်ပတွင် စုဝေးပိုင်ခွင့်ကို စည်းကြပ်သောဥပဒေသည် လူအများစု၏ အကျိုးစီးပွားအတွက် (ဥပမာ လူအများလုံခြုံရေးအတွက်) လိုအပ်သည်၊ ထို့ကြောင့် စုဝေးခြင်းမပြုလုပ်မီ ခွင့်ပြုချက်လိုင်စင် တောင်းခံရန်လိုအပ်သည် စသဖြင့် အကြောင်းပြချက်ပေးရန် ဖြစ်နိုင်ပေသည်။ အခြား အစိုးရကို ဆန့်ကျင်သော အဖွဲ့အစည်းများကဲ့သို့မဟုတ်ဘဲ ယောင်းနင်းဘရက်ဒ်အနေဖြင့် ထိုဥပဒေ ထားရှိရခြင်းကို မူဝါဒအားဖြင့် ထောက်ခံပါသည်။

သို့ရာတွင် ထိုလိုင်စင်ကို ချင်ဂေး စီတန်းလှည့်လည်ပွဲကဲ့သို့ အစိုးရက အားပေးမြှင့်တင်သော လှုပ်ရှားမှုများမှလွဲ၍ မည်သည့်အခါကမျှ လိုင်စင်ထုတ်ပေးခြင်းမရှိခဲ့သည်မှာ အဖြစ်မှန်ပင်ဖြစ်သည်။ ထိုကဲ့သို့ ထပ်တလဲလဲ ပြင်းထန်စွာ ပယ်ချခြင်း (လိုင်စင်ချမပေးခြင်း)ဖြင့် ဥပဒေ၏ မူလ ရည်ရွယ်ချက်ကို ဖောက်ဖျက် ဖျက်ဆီးရာရောက်ပေသည်။ မူလက ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက်ဖြစ်သည့် အများစုလုံခြုံရေး ဖြစ်ရတော့မည့်အစား အတိုက်အခံများ (သဘောထားအမြင်မတူညီသူများ)ကို နှိပ်ကွပ်ရန်ဖြစ်လာခဲ့ချေသည်။ ဤသည်မှာ အပြည်ပြည်ဆိုင်ရာတွင် လက်ခံကျင့်သုံးနေသော ဥပဒေဖြစ်သည့် အထွေထွေလူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤဥပဒေ၏ အဓိပ္ပါယ်ကို အစိုးရက ပြန်ဆိုပုံ (တနည်း) အသုံးချပုံမှာ ဥပဒေနှင့်မညီ ဖြစ်နေသည်။

အကယ်၍ ဥပဒေကိုယ်၌က သို့မဟုတ် ဥပဒေကို အသုံးချပုံက ဥပဒေနှင့်မညီခဲ့လျှင် အစိုးရ၏ စွတ်စွဲချက်ဖြစ်သော “ဤဥပဒေများကို မြန်မာများက မျက်ကွယ်ပြုခြင်းသည် ဥပဒေနှင့်မညီ” ဆိုသော ပြောဆိုချက်သည် တရားမျှတသော၊ သမာသမတ်ကျသော ပြောဆိုမှုဖြစ်နိုင်ပါဦးတော့မည်လော။ အလားတူပင် ဤအကျိုးအကြောင်းမခိုင်လုံသော အကြောင်းပြချက်သည် မြန်မာများကို နှင်ထုတ်ရခြင်းအတွက် တရားမျှတသော အကြောင်းပြချက်ကောင်းတခု ဖြစ်နိုင်ပါဦးမည်လော။

တစုံတယောက်အား ဥပဒေချိုးဖောက်သဖြင့် အပြစ်ပေးမည်ဆိုလျှင် ထိုချိုးဖောက်သည်ဆိုသော ဥပဒေကိုယ်၌က မတရားသည့်ဥပဒေဖြစ်နေခဲ့ပါက ထိုချိုးဖောက်သူအား အပြစ်ပေးသင့်ပါသလော။

သံရုံးပိတ်ခြင်း

ကျွန်ုပ်တို့ ပြည်တွင်းသတင်းစာများတွင် မဖော်ပြသော သတင်းများမှာ ပြည်ပရှိ ကျွန်ုပ်တို့၏ သံရုံးများသည် ယခုအခါ ဆန္ဒပြသူများ၏ ဦးတည်ချက် ဖြစ်လာခဲ့ခြင်းဖြစ်သသည်။ ထိုဆန္ဒပြပွဲများသည် ဝေါင်းပြောသလို မသိနားမလည်သော ပြည်ပရောက်အဖွဲ့အစည်းများမှ လူအာရုံစိုက်လာစေရန်နှင့် မီဒီယာများမှ အာရုံစိုက်လာစေရန် ကမကထလုပ်ပြီး ပြုလုပ်ခဲ့ရခြင်းဖြစ်ပေမည်။

ဤဓါတ်ပုံများမှာ သြဂုတ်လ ၂၉ ရက်နေ့က လန်ဒန်ရှိ ကျွန်ုပ်တို့၏ ဟိုင်းကော်မစ်ရှင် (သံရုံး)အပြင်ဖက်တွင် ဆန္ဒပြခဲ့သော ပုံများဖြစ်သည်။ ဤဆန္ဒပြပွဲကြောင့် သံရုံးအမှုထမ်းတဦး သံရုံးအပြင်ထွက်ကာ နေ့လည်ဘက် သံရုံးပိတ်ကြောင်း နို့တစ်စာ ကပ်ရသည်အထိ ဖြစ်ခဲ့သည်။ (ဓါတ်ပုံကို မူရင်းဆောင်းပါးတွင် သွားကြည့်ပါရန်)

စက်တင်ဘာလ ၁ ရက်နေ့ကလည်း အိန္ဒိယပြည် နယူးဒေလီမြို့ရှိ စင်္ကာပူသံရုံးရှေ့တွင် ဆန္ဒပြပွဲဖြစ်ခဲ့သည်။

ဤအဖြစ်အပျက်များနှင့်ပတ်သက်၍ အရေးတကြီး မေးသင့်သည့် မေးခွန်းမှာ လန်ဒန်နှင့် နယူးဒေလီရှိ ကျွန်ုပ်တို့၏ သံရုံးများအပြင်ဘက်တွင် ကြွေးကြော်သံဆိုင်းပုဒ်များကိုင်ဆောင်၍ ဆန္ဒပြခဲ့သူများသည် “ဥပဒေနှင့်မညီသော”လုပ်ရပ်များကို ပြုလုပ်နေခြင်းလော၊ ထို့အတွက် သူတို့ကို ဗြိတိသျှအစိုးရနှင့် အိန္ဒိယ အစိုးရများမှ တိုင်းပြည်က နှင်ထုတ်မည်လောဆိုသည့် မေးခွန်းဖြစ်ပါသည်။

အကယ်၍သာ ၄င်းတို့အနေဖြင့် အဆိုပါကံကြမ္မာမျိုးကို ခံရနိုင်ဘွယ်မရှိဟု ကျွန်ုပ်တို့ တွေးထင်ခဲ့လျှင် ကျွန်ုပ်တို့ဘာသာ ကျွန်ုပ်တို့ အောက်ပါအတိုင်း ပြန်မေးကြည့်သင့်သည်။

“စင်္ကာပူက ဘာကြောင့် သူများနဲ့ မတူရသလဲ၊ ဥပဒေနဲ့ညီခြင်း၊မညီခြင်းအပေါ် ကျွန်ုပ်တို့၏ ခံယူချက်(အတွေးအခေါ်) သည် ဘာကြောင့် သူများနှင့်မတူ တမူထူးဆန်းနေရပါနည်း။”
မူရင်းဖတ်ရှုရန်။
Read more

“၀မ်းမြောက်ဖွယ် သတင်း”

ဒီနေ့ ဦးဝင်းတင် ပြန်လည် လွတ်မြောက်လာတဲ့နေ့ ....


ဦးဝင်းတင် (ဓါတ်ပုံ-ရိုက်တာ)

ဘဘဦးဝင်းတင် ကျန်းမာပါစေသတည်း။

အန်တီစု အမြန်ဆုံး လွတ်မြောက်ပါစေသတည်း။

ဒို့နိုင်ငံ...ဒို့လူမျိုးရဲ့ လွတ်မြောက်ခြင်း လမ်းစ၊ လွတ်လပ်ခြင်းလမ်းစ ဖြစ်ပါစေသတည်း။

-- AGENCE FRANCE-PRESS

“"ကျနော်က နိုင်ငံရေးသမားတယောက် ဖြစ်တဲ့အတွက် နိုင်ငံရေးပဲ ဆက်လုပ်မှာပဲ” ဟု နာမည်ဆိုးဖြင့်ကျော်ကြားလှသော အင်းစိန်ထောင်ကြီးနှင့် မလှမ်းမကမ်းရှိ သူ့မိတ်ဆွေအိမ်တွင် လာရောက်စုဝေးကြသော လူများကို ဦးဝင်းတင်က ပြောသည်။

"တိုင်းပြည်မှာ ဒီမိုကရေစီ ဖြစ်ထွန်း ပေါ်ပေါက်လာတဲ့အထိ ကျနော် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်" ----------- ဦးဝင်းတင်။

ပူးတွဲဖတ်ရှုရန်။
(၁) ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ
(၂) Regime Frees Longest-serving Political Prisoner, Win Tin

Read more

“နောက်ထပ် ရှက်စဖွယ်မသမာမှုကြီးတခု”

(တနင်္ဂနွေ၊ စက်တင်ဘာ ၂၁၊ ၂၀၀၈ ခုနှစ်)

ခဲဆိပ်သင့်နေသော ကလေး ကစားစရာအရုပ်များ၊ အဆိပ်သင့်တိရိစ္ဆာန်အစားအစာများ၊ သွားတိုက်ဆေးများနှင့် အခြား အန္တရာယ်မကင်းသည့် ကုန်ပစ္စည်းများ ထုတ်လုပ်ခဲ့ခြင်းအတွက် ပေါ့ဆသော လုပ်ထုံးလုပ်နည်းများနှင့် ရာဇ၀တ်မှုမကင်းသော လုပ်ရပ်များကို ကြီးကြပ်ရေးအဖွဲ့များနှင့် ကုန်ပစ္စည်းထုတ်လုပ်သူများက နှိမ်နင်းတိုက်ဖျက်သွားမည်ဟု တရုတ်အာဏာပိုင်များက ကတိပေးခဲ့သည်။ သို့သော် ယခုနောက်ဆုံးဖြစ်ပျက်ခဲ့သည့် အဆိပ်သင့် ကလေးနို့မှုန့်များထုတ်လုပ်ခြင်းဟူသော မသမာမှုကြီးသည် တရုတ်ပြည်အနေဖြင့် ၄င်းတို့ ထုတ်ကုန်ပစ္စည်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုံလောက်သော ကြိုးပမ်းအားထုတ်မှုမျိုး မပြုလုပ်သေးသည့်အချက်ကို ထိတ်လန့်ခြောက်ချားစဘွယ် အချက်ပေးရာရောက်ပေသည်။ ထို့ပြင် အခြားတိုင်းပြည်များမှ ကုန်ပစ္စည်းတင်သွင်းသူများနှင့် အရည်အသွေးကြီးကြပ်သူများအား ၄င်းတို့၏ သတိရှိမှုကို မလျှော့ချမိစေရန် အချက်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

၎င်း အဆိပ်သင့်နို့မှုန့်ကြောင့် တရုတ်ပြည်တွင် ကလေးသူငယ်များစွာ သေဆုံးခဲ့ရပြီး ၆၀၀၀ ကျော် ဘေးဥပါဒ်သင့်ခဲ့ရသည်။ အများစုမှာ ကျောက်ကပ်တွင် ကျောက်တည်ခြင်းနှင့် ကျောက်ကပ်လုံးဝပျက်စီးမှုကို ခံစားနေကြရသည်။ ဤဖြစ်ရပ်မှာ အစိုးရနှင့်တကွသော အလုပ်ဌာနကြီးများ၏ ခေါင်းဆောင်များအနေဖြင့် ၄င်းတို့အား လုံခြုံရေးနှင့် ပတ်သက်၍ ယုံကြည်ကိုးစားမိသော မိသားစုပေါင်းများအပေါ်တွင် ရှက်စဘွယ် ၀တ္တရားပျက်ကွက်မှုကြီးပင် ဖြစ်သည်။

နို့မှုန့်ဖော်စပ်မှုများတွင် မယ်လမိန်းဟုခေါ်သော အန္တရယ်များသည့် ဓါတုပစ္စည်း တမျိုးပါဝင်နေသည်။ ၄င်း ဓါတုပစ္စည်းသည် တခြားမဟုတ်။ ယခင်နှစ်က အမေရိကန်ရှိ ခွေးနှင့်ကြောင် ထောင်ပေါင်းများစွာကို နာမကျန်းဖြစ်စေခဲ့သော လက်သည်တရားခံလည်း ဖြစ်သည်။ အဖြစ်နိုင်ဆုံးအရာတခုမှာ နွားနို့အရောင်းအ၀ယ်ပြုလုပ်သူများသည် စရိတ်စက လျှော့ချရန်အတွက် နွားနို့ကို ရေရောမည်။ ထို့နောက် နွားနို့အရည်အသွေးကို စစ်ဆေးရာတွင် ပရိုတိန်းဓါတ်ပါဝင်မှုနှုန်းထား မြင့်တက်နေစေရန် မယ်လမိန်းကို ရောထည့်ကြခြင်းဖြစ်ပေမည်။

ယခုအခါ တစထက်တစ ထင်ရှားလာသည့်အချက်မှာ အဓိက နို့ထွက်ပစ္စည်းကုမ္ပဏီကြီးတခုဖြစ်သော “စန်းလူ အုပ်စု” သည် ဤပြဿနာကို လွန်ခဲ့သည့် လပေါင်းများစွာကပင် ကြိုတင်သိရှိနေခဲ့သည် ဆိုသော အချက်ဖြစ်သည်။ ၄င်းကုမ္ပဏီတည်ရှိရာ မြို့နယ်မှ အာဏာပိုင်များအနေဖြင့်လည်း ဤပြဿနာကို လွန်ခဲ့သည့် သီတင်းပတ်ပေါင်းများစွာကပင် ကြိုတင်သိရှိနေခဲ့ပါလျက် ပြည်သူလူထုအား ကြိုတင်သတိပေးခြင်း တစုံတရာမပြုခဲ့ (သို့မဟုတ်) ကုန်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် ခေါ်ယူသိမ်းဆည်းရန် ဖိအားပေးခဲ့ခြင်းလည်း မရှိခဲ့ ဟူသော အချက်သည်လည်း ယခုအခါ ထင်ရှားလာသည်။ အကဲခတ်ဝေဖန်သူများက သုံးသပ်သည်မှာ ဒေသဆိုင်ရာ အာဏာပိုင်များသည် အိုလံပစ်ပွဲတော်၏ အသရေကို ညှိုးနွမ်းစေမည့် နာမည်ဆိုးထွက်လာမည့်အရေးကို စိုးရိမ်နေခဲ့ကြခြင်းဖြစ်ရမည်။ ပြီးခဲ့သော သီတင်းပတ်တွင်မှသာ ဗဟိုအစိုးရမှစတင်၍ စွမ်းစွမ်းတမံ တုန့်ပြန်ဆောင်ရွက်လာခဲ့လေသည်။

ထိုအချိန်မှစ၍ အာဏာပိုင်တို့အနေဖြင့် ပစ္စည်းများကို ပြန်လည် ခေါ်ယူခြင်း၊ သင်္ကာမကင်းသူများကို ဖမ်းဆီးခြင်း၊ မြို့တော်ဝန်တယောက်အပါအ၀င် ဒေသဆိုင်ရာ အစိုးရအရာရှိအချို့ကို အလုပ်မှ ဖြုတ်ပစ်ခြင်း တို့ကို ပြုလုပ်လျက်ရှိသည်။ ယခင်က ထိပ်သီးကုမ္ပဏီကြီးအချို့အား ခွင့်ပြုထားသော မိမိဘာသာကြီးကြပ်စစ်ဆေးပါခွင့်များကိုလည်း အရည်အသွေးကြီးကြပ်ရေးမှူးများက ပြန်လည်ရုတ်သိမ်းလိုက်သည်။ ယခင်က ပြဿနာတရပ်ဖြစ်လာတိုင်း တိုးတိုးတိတ်တိတ်နှင့် ဖုံးကွယ်လေ့ရှိသော လုပ်နည်းလုပ်ဟန်နှင့် မတူ တမျိုးတဘာသာခွဲထွက်ကာ ယခုအခါ တရုတ်ပြည်အနေဖြင့် ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးအား အဆိပ်သင့်မှုအကြောင်းကို အသိပေးဖော်ရပေသည်။

ယခုအချိန်တွင်မူ စုံစမ်းစစ်ဆေးသူများသည် ကုမ္ပဏီ ၂၀ ထက်မနည်းက ထုတ်လုပ်သော ကလေး နို့မှုန့်များတွင် မယ်လမိန်ပါဝင်နေကြောင်း တွေ့ရှိခဲ့ရပြီဖြစ်ပေသည်။ ၄င်းအထဲတွင် တရုတ်ပြည်၏ အကြီးမားဆုံး နို့ထွက်ပစ္စည်းကုမ္ပဏီကြီးအချို့လည်း ပါဝင်သဖြင့် ပြဿနာမှာ ထင်ထားသည်ထက် ပိုမိုကြီးမား ကျယ်ပြန့်နိုင်ကြောင်း ညွှန်ပြနေလေသည်။

ဤဖြစ်ရပ်သည် ကုန်ပစ္စည်းတင်သွင်းသူအပေါင်းအတွက် အလေးနက်ဆုံးသော သတိပေးမှုကြီးတခုကို ဆောင်ကျဉ်းလာသည်။ တရုတ်ကုန်ပစ္စည်းများကို ၀ယ်ယူနေသော ကုမ္ပဏီများ နှင့် သွင်းကုန်များကို စစ်ဆေးရသော အစိုးရခန့်အပ်သည့် အရည်အသွေးကြပ်မတ်သူများအနေဖြင့် တရုပ်ကုမ္ပဏီများ၏ လုပ်နည်းလုပ်ဟန်များကို ကြပ်မတ်ရာတွင် အစဉ်သတိရှိရမည်ဆိုသည့်အချက်ဖြစ်သည်။ ကမ္ဘာတလွှားရှိ စားသုံးသူများအနေဖြင့် မုချရှိလိမ့်မည်ဟု စိတ်ချယုံကြည်ထားသော ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်သည့် စံနှုန်းများကို အကြီးဆုံးနှင့် အကောင်းဆုံးဟု ယူဆရသော ကုမ္ပဏီကြီးများကပင် ကိုက်ညီခြင်းမရှိဘဲ လွဲချော်တတ်သောကြောင့်ပင် ဖြစ်သည်။

(International Herald Tribune သတင်းစာမှ အယ်ဒီတာ့အာဘော်ကို ဘာသာပြန်သည်။ မူရင်းကို ဖတ်ရှုရန်)
ပူးတွဲဖတ်ရှုရန်။
Read more

“ဒု-၀န်ကြီးချုပ်ပြောကြားချက်နှင့် စပ်လျဉ်း၍”



(မြန်မာ့အရေးလှုပ်ရှားသူများနှင့် ပတ်သက်၍ စင်္ကာပူနိုင်ငံ ဒု-၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဝေါင်ကန်ဆင်း၏ ပြောကြားချက်အပေါ် စင်္ကာပူနိုင်ငံသားတဦး တုန့်ပြန်ရေးသားချက်အား ဘာသာပြန်သည်။)
စင်္ကာပူတွင် ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့သော မြန်မာမျိုးချစ်များအား ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်များ သက်တမ်းတိုးမပေးရခြင်း၏ နောက်ကွယ်မှ တကယ့် သဘောထားအမှန်ကို ဒု-၀န်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဝေါင်ကန်ဆင်းမှ အတည်ပြုပြောကြားသွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် “ဥပဒေများအား အစဉ်တစိုက် ဖီဆန်ခြင်း”သည် စင်္ကာပူတွင် အလုပ်လုပ်ကိုင်လျက်ရှိသော (သို့မဟုတ်) ပညာသင်ယူနေသော မြန်မာအချို့အား ၄င်းတို့၏ နေထိုင်ခွင့်များ ကုန်ဆုံးသည့်အခါ ထွက်သွားရန် ပြောကြားရခြင်း၏ နောက်ကွယ်က အကြောင်းရင်းမှန် ဖြစ်ကြောင်း ဒု-၀န်ကြီးချုပ်ဝေါင်းက အတည်ပြုသည်။ ( စက်တင်ဘာလ ၁၈ ရက်နေ့ထုတ်….စထရိတ်စ်တိုင်းမ်စ် သတင်းစားပါ “မြန်မာလှုပ်ရှားသူများသည် ကျွန်ုပ်တို့ ဥပဒေများအား ဖီဆန်သည်” ဆိုသော သတင်းကို ကိုးကားသည်။)
ဒု-၀န်ကြီးချုပ်သည် ပါလီမန်တွင် နိုမင်နိတ်တက် အမတ်တယောက်ဖြစ်သူ ယူနစ်အော်လ်ဆင် တင်ပြလာသော မေးခွန်းကို တုန်ပြန်ရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ သူမ၏ မေးခွန်းမှာ “မြန်မာစစ်အစိုးရမှ စင်္ကာပူအစိုးရအား မြန်မာစစ်အစိုးရဆန့်ကျင်သူများအပေါ် နှိပ်ကွပ်နှိမ်နင်းရန် (သို့မဟုတ်) ၄င်းတို့၏ နေထိုင်ခွင့်များကို ငြင်းပယ်ရန် ဖိအားပေးခြင်း၊ တောင်းဆိုခြင်းများ ရှိခဲ့သလော” ဟူသော မေးခွန်းပင်ဖြစ်သည်။
ဒု-၀န်ကြီးချုပ်၏ ထုတ်ပြန်ကြေညာချက်မှာ ကျွန်ုပ်တို့အတွက် အထူးတလည် အံ့အားသင့်စရာ မဟုတ်ပေ။ မေးစရာ ရှိသည်မှာ “ကျွန်ုပ်တို့အားလုံး သိပြီးသားအချက်ကို အတည်ပြုရန် အစိုးရသည် အဘယ်ကြောင့် ဤမျှကြာမြင့်စွာ အချိန်ယူခဲ့ရသနည်း” ဆိုသည့် အချက်ဖြစ်သည်။
ယခုနှစ် ဇွန်လနဲ့ သြဂုတ်လများအတွင်းက မြန်မာမျိုးချစ် ၆ ဦး၏ ရီအင်ထရီပါမစ်၊ အီးပီ၊ ဒဗလျူပီ နှင့် အလည်အပတ် နေထိုင်ခွင့်များကို စင်္ကာပူလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များနှင့် အလုပ်သမားအင်အားဝန်ကြီးဌာနမှ ငြင်းပယ်ခဲ့စဉ်အခါက မည်သည့်အကြောင်းပြချက်မျှ အာဏာပိုင်များဘက်မှ ပေးခဲ့ခြင်းမရှိ။ အယူခံလွှာ (appeal)ကို ပယ်ချသည့်အခါတွင်လည်း မည်သည့်အကြောင်းပြချက်မျှမပေး။ ယခုကဲ့သို့ တကယ့်အကြောင်းရင်းမှန်ကို ပြောပြနိုင်ရန် အစိုးရအနေဖြင့် အဘယ်ကြောင့် ကာလကြာမြင့်စွာ အချိန်ယူခဲ့ရသနည်း။
မြန်မာနိုင်ငံသားတို့သည် “ပြင်ပတွင် ဆန္ဒပြခြင်းများ” ကဲ့သို့သော တရားမ၀င်သည့် လှုပ်ရှားမှုများဖြင့် ၄င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များကို ဖော်ဆောင်ခဲ့သည်ဟုလည်း ဒု-၀န်ကြီးချုပ်က ပြောကြားခဲ့သေးသည်။
ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ လူငါးယောက်ထက်ပို၍ စုဝေခြင်းကို တားမြစ်သော ဥပဒေသည် မျှတ၏၊ မမျှတ၏ကို အကဲဖြတ်ရန်မဟုတ်။ သို့မဟုတ် အတိုက်အခံများကို နှိပ်ကွပ်ရာတွင် ဤဥပဒေကို လိုသလိုထုတ်ယူသုံးစွဲသလောဆိုသည့်အချက်ပေါ်တွင် အထောက်အထားနှင့်တကွ ပြောဆိုသုံးသပ်ရန်လည်းမဟုတ်။ ဤကိစ္စများနှင့်ပတ်သက်၍ ကျွန်ုပ်အမြင်ကို စာဖတ်သူများအနေဖြင့် ကာလကြာမြင့်စွာကပင် နားလည်သဘောပေါက်ပြီး ဖြစ်သည်။
ကျွန်ုပ်ထောက်ပြလိုသောအချက်မှာ အာဏာပိုင်များအနေဖြင့် မြန်မာမျိုးချစ်များအပေါ်တွင် စာနာထောက်ထားငဲ့ညှာခြင်း အလျဉ်းကင်းမဲ့သည့်အချက်ကိုပင် ဖြစ်သည်။
ပြည်ပရောက်မြန်မာမျိုးချစ်များသည် စစ်အစိုးရမှ ရဟန်းရှင်လူများအပေါ် သတ်ဖြတ်ခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ထို့အတူ စစ်အစိုးရရေးဆွဲသော အခြေခံဥပဒေအား အတည်ပြုရန်ကြိုးစားသည့် အတုအယောင် လူထုဆန္ဒခံယူပွဲအား ဆန့်ကျင်ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။ ဤအရေးများသည် တိတ်ဆိတ်မနေဘဲ ထုတ်ဖော်ပြောဆိုသင့်သော အရေးကိစ္စများဖြစ်သည်။ မြန်မာတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် မိသားစုပေါင်းများစွာကို ထိပါးနေသော အရေးကိစ္စများလည်း ဖြစ်သည်။ သို့စင်လျက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော မြန်မာလူမျိုးများအပေါ်တွင် အဘယ်ကြောင့် အစိုးရသည် ၄င်း၏ သိနားလည်စိတ် ခေါင်းပါးမှု၊ အကြင်နာတရားခေါင်းပါးမှုကို ပြသခဲ့ရသနည်း။ ၄င်းမျိုးချစ်မြန်မာတို့သည် ၄င်းတို့၏ လှုပ်ရှားမှုများကို ငြိမ်းချမ်းစွာ ပြုမူခဲ့ကြသည်။ ၄င်းတို့ကြောင့် အများပြည်သူအား အနှောက်အယှက်မဖြစ်စေခဲ့၊ အဆင်မပြေမှုများအားလည်း မဖြစ်စေခဲ့။ သို့စင်လျက် အဘယ်ကြောင့် ၄င်းတို့အား သာမန်ရာဇ၀တ်သားများနှင့် တတန်းတစားတည်းထားကာ ဆုံးဖြတ်သနည်း။
ဒု-၀န်ကြီးချုပ်က ပြောလိုက်သေးသည်။ “မြန်မာတို့သည် စင်္ကာပူဥပဒေများကို ချိုးဖောက်စဉ်က ချိုးဖောက်ခဲ့ပြီး နောက်တွင် စင်္ကာပူ၌ နေထိုင်ခွင့်ကို ၄င်းတို့၏ ရပိုင်ခွင့်သဖွယ် ဖီဆန်ကာ တောင်းဆိုခဲ့ကြသေးသည်” ဟူ၏။
ဤပြောကြားချက်သည် ပုံကြီးချဲ့ကာ တဖက်သတ်ပြောကြားမှုဖြစ်သည်။ မြန်မာမျိုးချစ်များအနေဖြင့် စင်္ကာပူတွင် နေထိုင်ခွင့်သည် ၄င်းတို့ ရပိုင်ခွင့်ဖြစ်သည်ဟု ၄င်းတို့ယူဆကြောင်း မည်သည့်အခါကမျှ တိုးတိုးတိတ်တိတ်သော်လည်းကောင်း၊ လူသိရှင်ကြားသော်လည်းကောင်း ပြောကြားခဲ့ဘူးခြင်းမရှိ။ သြဂုတ်လ ၂၂ ရက်နေ့က ပင်နင်ဆူးလား အိတ်ဇဲရှားဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ မျိုးမြင်မောင်မှ အထူးတလည်ဇောင်းပေးပြောကြားခဲ့သောအချက်မှာ ၄င်းတို့အနေဖြင့် အထူးမျက်နှာသာပေးမှုများကို တောင်းဆိုနေခြင်းမဟုတ်ကြောင်း၊ ၄င်းတို့အား တရားမျှတစွာ ဆက်ဆံမှု (right to be treated fairly) ကိုသာ တောင်းဆိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒု-၀န်ကြီးချုပ် ပြောကြားသည့် နောက်တချက်မှာ “၄င်းတို့သည် ယခုကိစ္စကို မီဒီယာမှတဆင့်၊ အကြောင်းရင်းမှန်ကို သေချာမသိသော ပြည်ပအဖွဲ့အစည်းများမှတဆင့် နိုင်ငံရေးအသွင်မရောက် ရောက်ရန် ကြိုးပမ်းနေကြသည်။ ထိုသို့ကြီးပမ်းရာတွင် ၄င်းတို့အား စင်္ကာပူမှ နှင်ထုတ်ခြင်းသည် နိုင်ငံရေးအရ တွန်းအားကြောင့်ဖြစ်သည်ဟု တမင်လုပ်ကြံလီဆည်ခဲ့ကြသေးသည်” ဆိုခြင်း ဖြစ်သည်။
ကျွန်ုပ်အမြင်အရဆိုလျှင် ဤကိစ္စကို နိုင်ငံရေးအသွင်မရောက် ရောက်အောင် ဖန်တီးနေသူမှာ မြန်မာမျိုးချစ်များမဟုတ်။ ဒု-၀န်ကြီးချုပ်ကိုယ်တိုင်သာဖြစ်သည်။ လူအများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် မိသားစုများစွာအပေါ် ဘေးအန္တရာယ်ကျရောက်နေပြီဆိုလျှင် ၄င်းတို့၏ ဘေးဒုက္ခကို အများသိစေရန် အများရှေ့မှောက်သို့ ထွက်ခြင်းသည် မှားယွင်းသည်ဟု ဆိုနိုင်မည်လော။ အကယ်၍ စင်္ကာပူနိုင်ငံသားအချို့အနေဖြင့် ပြည်ပနိုင်ငံတခုတွင် ယခုကဲ့သို့ မတရားပြုမူခံခဲ့ရမည်ဆိုလျှင် ဒု-၀န်ကြီးချုပ်အနေဖြင့် ၄င်းစင်္ကာပူနိုင်ငံသားများအား သူတို့ဒုက္ခအား ရေငုံနှုတ်ပိတ်နေစေရန် မျှော်လင့်နေဦးမည်လော ဟု မေးစမ်းချင်ပါသည်။
မူရင်းကို ဖတ်ရှုရန်။
Read more

“ဘောလုံးဆိုတာ လုံးနေတော့လည်း”



ပြဿနာကို မီးထွန်းရှာတယ်လို့ ထင်တော်မမူကြပါနဲ့။ အရေးကြီးလှတဲ့ ပြဿနာတရပ်တော့မဟုတ်လှပါဘူး။

ပြဿနာဆိုတာထက် ပဟေဠိဆိုရင် ပိုမှန်မယ်ထင်ပါရဲ့။ ဒါပေမယ့် နောက်ကျောကုန်းရဲ့ လက်လှမ်းမမှီတဲ့နေရာမှာ ယားဖုပေါက်နေသလို အဲဒီပဟေဠိလေးကြောင့် စိတ်ထဲမှာ သရိုးသရီနဲ့တော့ ခံစားရတယ်ပေါ့။ အဲသည် ပဟေဠိကို အဖြေညှိလို့မရမချင်း သည်လိုဘဲ ဆက်လက်ခံစားနေရဦးမယ်ထင်တယ်။

ဒီလိုပါ.....ဘောလုံးပွဲတွေမှာ လူတွေ ပြောလေ့ပြောထ ရှိတဲ့ စကားတခု ရှိပါတယ်။ ဘယ်ဘက်က “နိုင်မလဲ၊ ရှုံးမလဲ” ဆိုတာကို ကြိုတင်ထင်ကြေးပေးရမယ့်အခါမျိုးမှာ သုံးစွဲကြတဲ့ လက်သုံးစကားပေါ့။

“ဘောလုံးဆိုတာက အလုံးကြီးဆိုတော့လည်း အနိုင်အရှုံးက ပြောရခက်သားဗျ”.........တဲ့။

ဒါမှမဟုတ်.......

“ဘောလုံးဆိုတာ လုံးနေတော့လည်း ဘယ်သူနိုင်မလဲဆိုတာ ကံသေကံမ မပြောနိုင်ဘူးလေ” ........တဲ့။

အဲသည်စကားကို ဘောလုံးဝါသနာရှင်တော်တော်များများပြောကြတယ်။ မထင်မရှားဆိုက်ကားဆရာကစလို့ နာမည်ကျော် လူသိများတဲ့ ပုဂ္ဂိုလ်ကြီးတွေအဆုံး သုံးစွဲကြလေ့ရှိတယ်။

ကျနော့်မှာတော့ အဲသည်စကားကြားတိုင်း ဘောလုံးပွဲ အနိုင်အရှုံး နဲ့ ဘောလုံးရဲ့ လုံးဝန်းတဲ့ပုံသဏ္ဍာန်အကြားက ကျိုးကြောင်းဆက်နွယ်ချက်ကို ရှာမတွေ့နိုင်ဘူးဖြစ်နေတယ်။

ဒီလိုဗျာ။ ဘောလုံးပွဲတပွဲမှာ နိုင်ဘို့ဆိုတာ အသင်းလိုက် အပေးအယူမျှတမှု၊ တဦးချင်း ကောင်းမွန်မှု၊ တဖက်အသင်းရဲ့ အားနည်းချက်ကို အသုံးချ ထိုးဖောက်နိုင်မှု၊ ဂိုးသွင်းတဲ့အချိန်မှာ တိကျမှု၊ ကံကောင်းမှု၊ အခြေအနေ၊ အချိန်အခါ၊ ကွင်း၊ ဒိုင်လူကြီး၊ ရာသီဥတု စတဲ့ များပြားလှစွာသော အချက်တွေအပြင် မထင်မှတ်ဘဲ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအပေါ်မှာလည်း မူတည်နေပါတယ်မဟုတ်ပါလား။

တဖက်နဲ့တဖက် ခြေသိပ်မကွာတဲ့အသင်းတွေဆိုရင် အဲသည်လို အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်တဲ့အချက်တွေဟာ များပြားလွန်းလို့၊ ခွဲခြမ်းစိတ်ဖြာဘို့လည်း ခက်ခဲလွန်းလို့ ဘယ်ဘက်ကနိုင်မလဲဆိုတာ ကံသေကံမ ပြောမပြနိုင်တဲ့အထိ ဖြစ်တတ်ကြတယ်။ တခါတလေ ခြေအပြတ်အသတ်ကွာနေတဲ့အသင်း ၂ သင်း ကန်ရင်တောင် မထင်မှတ်ဘဲ ကောင်းတဲ့အသင်းက ရှုံးတတ်ပါသေးတယ်။ ဒါကြောင့် ဘောလုံးပွဲမှာ အနိုင်အရှုံးကို ကြိုပြောဘို့ ခက်တယ်ဆိုတာကို အလွယ်တကူ နားလည်သဘောပေါက်နိုင်ပါတယ်။

ဒါပေမယ့် “ဘောလုံးပွဲထုံးစံမို့ အနိုင်အရှုံးကို ကြိုတင်ဆုံးဖြတ်ဘို့ဆိုတာ မလွယ်ပါဘူး” လို့ ပြောရမယ့်အစား “ဘောလုံးဆိုတာ လုံးနေတော့လည်း ပြောရခက်သား” လို့ တင်စားပြောလိုက်တဲ့အခါမယ် ကျနော့်လို အတွေးကြောင်လေ့ရှိတဲ့လူတဦးအဖို့ အောက်မှာဖော်ပြထားတဲ့အတိုင်း ကပ်သီးကပ်သပ် လျှောက်တွေးစရာဖြစ်လာပါတယ်။

ဘောလုံးဟာ လုံးနေလို့ အနှိုင်အရှုံးပြောရခက်တယ်ဆိုရင် လုံးဝန်းမနေတဲ့ အရာကို အသုံးပြုရတဲ့ တခြားကစားနည်းတွေမှာ အနှိုင်အရှုံးကို တပ်အပ် ပြောနိုင်မလား။ ဥပမာ...ကြက်တောင်၊ ရေကူး၊ မြင်းစီး၊ အမေရိကန်ဘောလုံး (လုံးပေမယ့် ရှည်လမျော ပုံသဏ္ဍာန်ရှိတော့ လုံးဝန်းတယ်ပြောလို့မရဘူးလေ)..........စသဖြင့်ပေါ့လေ။ နည်းနည်း ဂွတိုက်ပြီး မေးရမယ်ဆိုရင် “ဘောလုံးဆိုတာ ရှည်လမျောကြီးဖြစ်နေရင် အရှုံးအနိုင်ကို ကံသေကံမ ပြောနိုင်မလား” လို့ ပြန်မေးစရာရှိတယ်။ ဒါက အားကစားမှာ ပြောတာပါ။

မြင်းပွဲတို့၊ လေးကောင်ဂျင်တို့၊ ဆယ်ပြားစိ ခေါင်းပန်းလှန်တာတို့ပါ ထည့်စဉ်းစားလိုက်ရင် လုံးမနေပေမယ့် အနိုင်အရှုံးပြောရခက်တဲ့ ကိစ္စတွေ တလှေကြီးပေါ်လာပြန်ရော။ ဒါပေမယ့်...မျောက်ပန်းလှန်တဲ့နေရာမှာ “ဆယ်ပြားစိ ဆိုတာ အပြားကြီးဆိုတော့လည်း အနိုင်အရှုံးကို ကံသေကံမ မပြောနိုင်ဘူးလေ” လို့ ပြောတာမျိုး မရှိဘူးလေ။

အဲသည်တော့ “ဘောလုံးဆိုတာ အလုံးကြီးဆိုတော့ အနှိုင်အရှုံးပြောရခက်တယ်” ဆိုတဲ့ စကားကို ကျိုးကြောင်းခွဲခြမ်းစိတ်ဖြာတဲ့နည်းကိုသုံးပြီး နားလည်ရခက်ခဲနေပါတယ်။ ဒါပေမယ့် သိတယ်မို့လား။ ဆိုက်ကားသမားတောင်နားလည်တဲ့ကိစ္စမှာ ကျနော့်လို ကိုယ့်ကိုယ်ကို လူတတ်ကြီးလို့ အခြောက်တိုက်ထင်နေတဲ့လူက နားမလည်နိုင်ဘူးဆိုတော့ စိတ်ထဲမှာ ကသိကအောက်ပေါ့။

ဒီအကြောင်းကို ရေးမယ် စဉ်းစားနေတာကြာပါပြီ။ မနေ့ကတော့ ကျနော်ကြိုက်တဲ့ ကဗျာဆရာ နှင်းခါးမိုး ဘလော့ဂ်မှာ ကဗျာအသစ်ကလေးတပုဒ်တင်ထားတာတွေ့လို့ သွားဖတ်ရတယ်။ တကယ်ကောင်းတဲ့ ကဗျာတပုဒ်ပါဘဲ။ သွားဖတ်ကြဘို့ ညွှန်းချင်ပါတယ်။ ခေါင်းစဉ်က “လိုက်လိုက်ကောက်ရတဲ့ ညနေခင်းများ” တဲ့။
ကဗျာထဲမှာ “ဘောလုံးဆိုကတည်းက အလုံးကြီးလေ ဘာမှအသေအချာမပြောနိုင်ဘူး” ဆိုတဲ့စာသားလေးကိုတွေ့တော့ ကျနော့် နှလုံးသားက ယားဖုဟောင်းဖြစ်တဲ့ အဖြေမညှိနိုင်ခဲ့တဲ့ ပဟေဠိကလေး ရင်ထဲမှာ ပြန်ပေါ်လာတယ်။

စာဖတ်သူရော.......“ဘောလုံးဆိုတာ လုံးနေတော့လည်း” ဆိုတဲ့ စကားမျိုးကို တကြိမ်တခါက သုံးခဲ့ဘူးပါသလား။

ကျနော့်ပဟေဠိလေးအပေါ် မိတ်ဆွေရော ဘယ်လိုသဘောရပါသလဲ။
Read more

“ပြည့်နား၊ ပြည့်မျက်စိကို ဖောက်ထုတ်ခြင်း”

International Herald Tribune သတင်းစာရဲ့ Opinion ကဏ္ဍမှာ နေ့စဉ် အယ်ဒီတာ့အာဘော် နှစ်ပုဒ်တင်လေ့ရှိပါတယ်။ အဲဒီအယ်ဒီတာ့အာဘော်တွေဟာ ကျစ်ကျစ်လစ်လစ်နဲ့ အကြောင်းအရာတခုလုံးအပေါ်မှာ ခြုံငုံမိသွားအောင် အမြဲရေးနိုင်တာကို တွေ့ရပါတယ်။ တပုဒ်ကို စာတမျက်နှာစာဘဲ ရှိတယ်။ အင်္ဂလိပ်စာနဲ့ မြန်မာစာကို ရိုးရိုးရှင်းရှင်းနဲ့ ကျစ်ကျစ်လစ်လစ်ရေးတတ်အောင် လေ့လာနေဆဲ ကျနော့်အတွက် အဲသည်နှစ်ပုဒ်ကို အမြဲလိုလို ဖတ်ရှုဖြစ်ပါတယ်။

ဒီကနေ့မနက် ဖတ်ရတဲ့ အယ်ဒီတာ့အာဘော် တပုဒ်က စိတ်ဝင်စားစရာကောင်းလို့ ကျနော်ဘာသာပြန်လိုက်ပါတယ်။ ခေါင်းစဉ်က “Killing the messengers in Putin’s Russia” ပါ။

ရုရှားပြည်ထောင်စုရဲ့ မွတ်ဆလင်လွှမ်းမိုးရာ ကော်ကေးဆပ်ဒေသမှာ သတင်းသမားတယောက်ဖြစ်တဲ့ မာဂိုမက် ယက်ဗ်လိုယက်ဗ်ဟာ အာဏာပိုင်တွေကို အနှောင့်အယှက်ပေးနေခဲ့တယ်။ ယက်ဗ်လိုယက်ဗ်ဟာ အဲဒီဒေသက အာဏာပိုင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေအပေါ် အကြမ်းဖက်နှိမ်နင်းနေမှုကို Ingushetia.ru ဆိုတဲ့ ၀က်ဆိုက်တခုထောင်ပြီး ဝေဖန်နေခဲ့တယ်။ သူ့ကို အာဏာပိုင်တွေက နှုတ်ဆိတ်သွားအောင် လုပ်နိုင်ခဲ့ပေမယ့်လည်း သူတို့သုံးစွဲခဲ့တဲ့ လုပ်နည်းလုပ်ဟန်က လှစ်ဖော်ပြသလိုက်တာကတော့ ရုရှားရဲ့ နယ်စွန်နယ်ဖျားကစလို့ ကရင်မလင် ပြသာဒ်ဘုံဖျားအထိ အမြစ်တွယ်နေခဲ့တဲ့ လူဆိုးဓမြဂိုဏ်းဆန်ဆန် ပြုမူလှုပ်ရှားတတ်တဲ့ အကြမ်းဖက်ဇာတ်ရုပ်ကြီးပါဘဲ။

သြဂုတ်လ ၃၁ ရက်နေ့က ယက်ဗ်လိုယက်ဗ်ဟာ အရင်က ကေဂျီဘီ ဗိုလ်ချုပ်ဟောင်းဖြစ်ဘူးသူ၊ ပြီးတော့ဝန်ကြီးချုပ် ဗလာဒီမာ ပုတင်ရဲ့ လုပ်ဖော်ဟောင်းလည်းဖြစ်ခဲ့ဘူးသူ အစ်ဂူရှေးရှားပြည်နယ်မှူး မူရတ် ဇိုင်ယာဇီကော့ဗ်နဲ့အတူ လေယာဉ်တစီးတည်းစီးပြီး အဲဒီဒေသရဲ့ မြို့တော်ကို ပျံသန်းခဲ့ပါတယ်။ အဲဒီလို ၀က်ဆိုက်ကတဆင့် အာဏာပိုင်တွေကို ခိုးလိုးခုလု ဖြစ်အောင်လုပ်ခဲ့တဲ့သူဟာ လေယာဉ်ပျံပေါ်မှာ ပြည်နယ်မှူးနဲ့ အချေအတင် ငြင်းခုန်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ လေယာဉ်လည်းဆိုက်ရော…သူ့ကို ရဲကားတစီးပေါ်တွန်းတင်ပြီး ခေါ်ဆောင်သွားတာကို ခံရတယ်။ နောက်တော့ သူ့အလောင်းကို လမ်းနဘေးမှာ တွေ့ရတယ်။ ခေါင်းမှာ ကျည်ဆံတစ်တောင့် ၀င်နေတယ်။ အဲသည်မှာ အာဏာပိုင်တွေအနေနဲ့ လံကြုပ်ဇာတ်လမ်းတခုကို ထုတ်ပြန်ရပါတယ်။ ယက်ဗ်လိုယက်ဗ်ဟာ သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရဲအရာရှိတွေထဲက တယောက်ရဲ့ သေနတ်ကို လုယူလို့ကြိုးစားရင်း မတော်တဆ ပစ်ခတ်မှုဖြစ်ပြီး သေသွားတယ်ဆိုတဲ့ မယုံနိုင်စရာ လံကြုပ်ဇာတ်လမ်းတခုကိုပါ။

စတာလင်လက်ထက်က အသတ်ခံခဲ့ရတဲ့ သူတွေကို အမှတ်ရနေစေဘို့ ရည်ရွယ်ရင်းနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ မင်မိုရီယယ်လို့ခေါ်တဲ့ ရုရှားလူ့အခွင့်အရေးအဖွဲ့အစည်းက လုံးဝမညှာမတာဘဲ ဝေဖန်လိုက်ပါတယ်။ ယက်ဗ်လိုယက်ဗ် အသတ်ခံရမှုကို “အစိုးရကြီးမှူးတဲ့ အကြမ်းဖက်မှုကြီး” လို့ ခေါ်ဆိုလိုက်ပါတယ်။ သတင်းသမားများကို ကာကွယ်စောင့်ရှောက်တဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့ကြီးတရပ်ဖြစ်တဲ့ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ကလည်း ထိတ်လန့်တုန်လှုပ်မိကြောင်းဖော်ပြပြီး အဖြစ်အပျက်မှန်ကို ဖြေရှင်းချက်ပေးဘို့ ဥရောပသမဂ္ဂကို တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

နယ်ခြားမဲ့သတင်းထောက်များအဖွဲ့ဟာ အစိုးရတရပ်ကနေ သတင်းသမားတွေကို ကြောက်ရွံ့သွားအောင်၊ နှုတ်ပိတ်သွားအောင် အကြမ်းဖက်မှုတွေ အသုံးပြုနေတဲ့အပေါ် မီးမောင်ထိုးပြရင်းနဲ့ အများပြည်သူရဲ့ သိရှိပိုင်ခွင့်ကို လျော်ကန်သင့်မြတ်စွာ အကာအကွယ်ပေးနေခြင်းဖြစ်ပါတယ်။ ရုရှားမှာဆိုရင် အဲသည်လို မီးမောင်းထိုးပြဘို့ အရမ်းကိုလိုနေပါတယ်။ ၁၉၉၀ ခုနှစ်ကစလို့ ရုရှားပြည်တလွှားမှာ အသက်ခံရတဲ့၊ ဒါမှမဟုတ်၊ ပျောက်ဆုံးသွားတဲ့ သတင်းသမားပေါင်း ၂၉၁ ယောက်ထက်မနည်း ရှိပါတယ်။ အမှုအနည်းငယ်မှာသာ တရားခံကို ဖော်ထုတ်အရေးယူနိုင်ခဲ့ပါတယ်။

မင်မိုရီယယ်အဖွဲ့က ထုတ်ပြန်ကြေညာချက်ဟာ မဝေးလှသေးတဲ့အတိတ်က အဖြစ်အပျက်ဟောင်းတွေကိုပါ ပြန်ပြောင်းသတိရစေပါတယ်။ အဲသည်အချိန်က ကရင်မလင်နန်းတော်မှာ အုပ်ချုပ်နေတဲ့လူဟာ တကယ့်အဆုံးစွန် ထိပ်သီးအကြမ်းဖက်သမားကြီးပေါ့။ အင်ဂူရှေးရှားပြည်မှာ ဒီဝက်ဆိုက်တည်ထောင်သူအသတ်ခံရတဲ့ ဖြစ်ရပ်ဟာ ဒီကနေ့ ကရင်မလင်နန်းတော်မှာ အုပ်ချုပ်နေတဲ့အစိုးရရဲ့ စရိုက်သဘာဝကို ထင်ဟပ်ပြရာရောက်နေပါတယ်လို့ ရုရှားလူ့အခွင့်အရေးအဖွဲ့က အခုလို ထုတ်ပြန်ကြေညာခြင်းဖြင့် သတိပေးနေခဲ့တာလည်း ဖြစ်ပါတယ်။

နောက်တက်တဲ့ အမေရိကန်သမ္မတအနေနဲ့ ပုတင်နဲ့ သူရဲ့ ကေဂျီဘီအပေါင်းအပါဟောင်းတွေ ဖန်တီးခဲ့တဲ့ အာဏာစနစ်နဲ့ ပက်သက်လို့ မင်မိုရီယယ်အဖွဲ့က ထောက်ပြတဲ့အချက်တွေကို အသေအချာ စောကြောဆန်းစစ်ကြည့်ဘို့ လိုပါလိမ့်မယ်။ အမေရိကန်ခေါင်းဆောင်သစ်ဟာ အမျိုးသားအကျိုးစီးပွားကို ဦးတည်တဲ့ အခြေခံပေါ်မှာရပ်တည်ပြီး ကရင်မလင်နဲ့ အပေးအယူ လုပ်ကောင်းလုပ်ရပါလိမ့်မယ်။ ဒါပေမယ့် ပုတင်ရဲ့ အတွင်းသဏ္ဍာန်နဲ့ သူ့အစိုးရရဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လိုသဘောထားသလဲဆိုတဲ့အချက်တွေအပေါ်မှာ အလှည့်ဖြားမခံရဘို့တော့ လိုပါလိမ့်မယ်။


ဒီသတင်းကို ဖတ်ရပြီး နာရီပိုင်းအတွင်းမှာဘဲ တိုက်တိုက်ဆိုင်ဆိုင် စင်္ကာပူက စထရိတ်စ်တိုင်းမ်စ် သတင်းစာမှာပါတဲ့ စက်ရပ်သတင်းတခုကို သွားဖတ်ရပြန်ပါတယ်။ မူရင်း လင့်ခ်တွေကို ပို့စ်အဆုံးမှာ ထည့်ပေးထားပါတယ်။

အတိုချုပ်ကတော့ စင်္ကာပူမှာမကြာခင်က ဖြစ်သွားခဲ့တဲ့ လီကွမ်းယူနဲ့ ချီဆွန်းဂျွမ်တို့အကြား အသရေပျက်မှုတရားခွင်အကြောင်းနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေရှင်များအဖွဲ့ (ဘားကောင်စီ)ရဲ့ အစီရင်ခံစာအကြောင်းတို့ကို ရေးသားဖော်ပြခဲ့တဲ့ ဝေါစထရိတ်ဂျာနယ်ကို စင်္ကာပူအစိုးရက တရားစွဲတော့မယ်ဆိုတဲ့ သတင်းပါဘဲ။ စင်္ကာပူအစိုးရဟာ သည်အမှုမျိုးကို တခြားလွတ်လပ်တဲ့တိုင်းပြည်က တရားရုံးတော်တွေမှာ တရားမစွဲဆိုရဲပါဘူး။ သူ့နိုင်ငံက သူချုပ်ကိုင်ထားတဲ့ ကင်ဂရူးကုတ် လို့ခေါ်တဲ့ ဘက်လိုက်တဲ့ တရားရုံးတွေမှာဘဲ စွဲရဲတာပါ။ လီကွမ်းယူကိုယ်တိုင် ဂုဏ်ယူဝံ့ကြွားစွာပြောခဲ့တာ ရှိပါသေးတယ်။ သတင်းစာတွေ သူ့ကို ဝေဖန်ရေးသားလာရင် သူ့အနေနဲ့ သတင်းစာတွေရဲ့ အထိနာဆုံးနေရာဖြစ်တဲ့ ထုတ်ဝေသူအိပ်ကပ်ကို ဦးတည် ထိုးနှက်မယ်ဆိုတာပေါ့။ သူလုပ်လေ့ရှိတာကတော့ အဲဒီသတင်းစာတွေရဲ့ စင်္ကာပူမှာ ဖြန်ချီပိုင်ခွင့်လိုင်စင်ရုတ်သိမ်းမယ်၊ ခွင့်ပြုစောင်ရေ လျှော့ချမယ်။ အသရေပျက်မှုနဲ့ တရားစွဲ လျော်ကြေးတောင်းမယ်၊ အခုနောက်ဆုံး FEER နဲ့ အမှုစပြီးတဲ့နောက်မှာ စင်္ကာပူအစိုးရအနေနဲ့ နိုင်ငံခြားသတင်းစာတွေ ဒီမှာ ဖြန့်ချီချင်ရင် ဒီပို့စစ် တင်ရမယ်ဆိုတဲ့ ဥပဒေ သတ်မှတ်လိုက်တယ်။ ဒါမှ သူတို့တရားစွဲတာကို တရားလာမဆိုင်ရင် အဲဒီ ဒီပို့စစ်ငွေကို အပိုင်သိမ်းလို့ရမှာကိုး။

သည်အဖြစ်အပျက်တွေ ကြားရဖတ်ရတော့ နေဘုန်းလတ်အပါအ၀င် သတင်းသမားတွေ၊ ဘလော့ဂါတွေကို မတရား ဖမ်းဆီး၊ ချုပ်နှောင်၊ ထောင်ချခဲ့တဲ့ နအဖ အစိုးရကိုလည်း သတိရမိတယ်။ ရွံလည်း ရွံရှာမိတယ်။ စက်လည်း စက်ဆုပ်မိတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အစိုးရမဆို လွတ်လပ်စွာ ထုတ်ဖော်ရေးသားပိုင်ခွင့်ကို တနည်းမဟုတ်တနည်းနဲ့ ချုပ်ထိန်းကန့်သတ်ဘို့ ကြိုးစားလာမယ်ဆိုရင် ကျနော်တို့အနေနဲ့ အများအကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားအတွက် ကန့်ကွက်သင့်ကြပါတယ်။

တိုင်းပြည်တပြည်မှာ စားဝတ်နေရေးချောင်လည်ရင်တော်ပြီ။ ဘယ်အစိုးရတက်တက် ထမင်းဝရင်တော်ပြီ ဆိုတဲ့အတွေးအခေါ်မျိုးဟာ လွတ်လပ်တဲ့လူမျိုးရဲ့ အတွေးအခေါ်မျိုးမဟုတ်။ ကျွန်စိတ်ဝင်နေသူတွေရဲ့အတွေးအခေါ် (တနည်းပြောရလျှင်) ကျွန်စော်နံသော အတွေးအခေါ်သာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မလွတ်လပ်တဲ့အနေအထားတခုမှာ အာဏာရပါတီကို မျက်စိမှိတ်ထောက်ခံသူတွေဟာ မြန်မာပြည်က ကြံဖွံ့တွေနဲ့ ဘာမှ မကွာခြားဘူးဆိုတာ သဘောပေါက်ကြဘို့လိုပါလိမ့်မယ်။
ပူးတွဲဖတ်ရှုရန်။
Read more

“သြဂုတ်လကို ပြန်စောင်းငဲ့ကြည့်ခြင်း”



ပြီးခဲ့တဲ့လ (သြဂုတ်လ) ထဲမှာ လှုပ်ရှားခဲ့တာလေးတွေကို မအားလပ်တာနဲ့ မတင်ဖြစ်ဘူး။ အခု ဓါတ်ပုံလေးတွေနဲ့ တကွ စုစည်းတင်ပြလိုက်ပါတယ်။
ပထမတခုကတော့ သြဂုတ်လ ၈ ရက်၊ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပင်နင်ဆူးလားပလာဇာမှာ လာသမျှလူတွေကို အအေးဘူးတွေ သွားဝေကြတယ်။ ကျနော်တို့အားလုံး နောက်ကျောမှာ 8 ဂဏန်းပါတဲ့ ဂျာစီအနီတွေ ၀တ်ကြတယ်။ ကျနော်တယောက်ဘဲ ကျနော်နဲ့တော်တဲ့ အင်္ကျီဆိုက်ဇ်မှာ အနီရောင်ဝယ်မရတဲ့အတွက် ဖြူကြောင်ကျားလေးဖြစ်နေရှာတယ်။
(ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ပင်နင်ဆူးလားပလာဇာမှာ အအေးဝေနေကြပုံ)

(ဆိုင်ထဲမှာ ၀င်ထိုင်ပြီး ဒီလိုဒီလို လေကန်လိုက်သေးတယ်။)

ရှစ်လေးလုံးနှစ်ပတ်လည်အကြောင်းပြောတော့.... လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပင်နီဆူးလားပလာဇာမှာ စာရွက်စာတမ်းတွေ စဝေစဉ်က အချိန်ကို သတိရတယ်။ စနေနေ့တိုင်းလိုလို ကျနော်ရယ်၊ မဒမ်ရယ်၊ (တခါတလေ သမီးပါ ပါတယ်)၊ အခြား မိတ်ဆွေ သုံးဦးလောက်ရယ် ပင်နီဆူးလားမှာ အင်တာနက်က ကူးယူထားတဲ့ စာရွက်စာတမ်းတွေကို ဝေကြတယ်။ တခါဝေရင် ဒေါ်လာ ရှစ်ဆယ်၊ တရာဖိုးလောက် မိတ္တူကူးပြီး ဝေကြတာ။ ထုံးစံအတိုင်း အိတ်စိုက်ပေါ့။

ပထမတော့ ကိုရွှေမြန်မာလေးတွေက စာရွက်စာတမ်း အလကားဝေတာကို မယူရဲကြဘူး။ နောက်တော့ကျတော့ အပတ်တိုင်းလိုလို ဝေတဲ့အခါမှ ရဲလာကြပြီး ကူညီဝေငှပေးတဲ့လူနဲ့ ဘာနဲ့ သိုက်သိုက်မြိုက်မြိုက်ဖြစ်လာတယ်။ တခါတလေ ကိုယ်က တခြားအစီအစဉ်ရှိလို့ သွားမဝေဖြစ်ရင်တောင် မြန်မာလေးတွေဟာ ပင်နင်ဆူးလားပလာဇာကနေ တမျှော်မျှော်နဲ့။ မလာရကောင်းလားဆိုပြီး အပြစ်တင်ဖော်ရလာတယ်။ Petition တွေ ဘာတွေဆိုရင်လည်း စင်္ကာပူက အင်မတန် အားရစရာ။ ခဏလေးအတွင်းမှာ လက်မှတ်တွေ အများကြီးရရော။

အဲသည်လို အနေအထားလဲ ရောက်ရော.....အာဏာရှင်စင်္ကာပူအစိုးရက ထုံးစံအတိုင်း မျက်စိစပါးမွှေးစူးလာတယ်ထင်ပါ့။ အဆောက်အဦး လုံခြုံရေးကတဆင့် ကျနော်တို့ကို စစ်လာဆေးလာလုပ်လာတယ်။ ထုံးစံအတိုင်း သူတို့မေးခွန်းက “ပါမစ်” ပါလား ပေါ့လေ။ “ပါမစ်” သွားလျှောက်တော့လည်း ပေးတာမဟုတ်ဘဲနဲ့ ညစ်ပုံက။

ပင်နင်ဆူးလားပလာဇာမှာ နအဖအလိုတော်ရိ ဈေးဆိုင်တွေရှိတော့ အဲသည်ဈေးဆိုင်တွေက ထောင်တာလည်း ပါသပေါ့။

ဘာဘဲဖြစ်ဖြစ်......အဲသည်အချိန်ကစလို့ စင်္ကာပူရောက်မြန်မာတွေအကြားမှာ နိုင်ငံရေး အသိစိတ်တွေ နိုးကြားလာအောင် အိုးဝေ(စင်္ကာပူ)အဖွဲ့သားတွေဟာ နေ့ကြီးရက်ကြီးအထိမ်းအမှတ်နေ့တွေမှာ အထိမ်းအမှတ်ပွဲတွေကို အိပ်စိုက်စနစ်နဲ့ ကျင်းပလာလိုက်တာ သုံးနှစ်နေလို့ ရွှေဝါရောင်တော်လှန်ရေးကြီးလည်း ပြည်တွင်းမှာ ဖြစ်ရော။ စင်္ကာပူက မြန်မာတွေရဲ့ နိုင်ငံရေးရေချိန်ဟာ အမြင့်ဆုံး အထွတ်အထိပ်ကို ရောက်သွားတော့တာပါဘဲ။ အဲသည်တုန်းက ပြည်ပမှာ စင်္ကာပူရောက် မြန်မာတွေလောက် အင်အားတောင့်တာမရှိဘူး။

ကျနော်တို့တွေ ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင် ကျင်းပခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေတိုင်းမှာ စွဲစွဲမြဲမြဲ ထားရှိခဲ့တဲ့ ရည်ရွယ်ချက်ရှိပါတယ်။ အဲဒါကတော့ (၁) မြန်မာတွေအကြား နိုင်ငံရေးအသိစိတ်မြင့်တက်လာဘို့ရယ်...(to raise political awareness) (၂) မြန်မာ့ဒီမိုကရေစီအရေးမှာ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်လာဘို့ရယ် (Participation) စတဲ့ အဓိက ရည်ရွယ်ချက်နှစ်မျိုးပါ။ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်လာပြီဆိုရင် တော်တော်ကြီးကို ခရီးရောက်နေပြီပေါ့။

ပြီးခဲ့တဲ့လ ရှစ်လေးလုံးအထိမ်းအမှတ်ကာလမှာတော့ စင်္ကာပူအစိုးရက မြန်မာ့အရေးလှုပ်ရှားမှုတွေကို ဗီဇာလက်နက်နဲ့ နှိပ်ကွပ်နေတဲ့အချိန်ဖြစ်နေလေတော့ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်းကလို မြန်မာတွေ အားတောင့်မနေပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်တာကာလက စာရွက်စာတမ်းစဝေတဲ့အချိန်ကနဲ့ နှိုင်းယှဉ်ရင် အများကြီး အခြေအနေကောင်းပါတယ်။ အအေးဘူး ကူညီဝေပေးတဲ့သူတွေရှိသလို စာရွက်စာတမ်း မဝေဘူးလား မေးတဲ့လူတွေလည်း ရှိပါတယ်။ အမှန်ကတော့ စာရွက်စာတမ်းတွေက နောက်တနေ့လမ်းပြကြယ်ကလုပ်တဲ့ ဓါတ်ပုံပြပွဲမှာမှ တွဲပြီး ဝေဘို့ဆုံးဖြတ်လိုက်တဲ့အတွက် အဲသည်နေ့က မဝေဖြစ်လိုက်ပါဘူး။ အဲသည်နေ့က စင်္ကာပူဘက်က ထောက်လှမ်းရေးတွေဆိုတာ ခြေချင်းလိမ်နေတာဘဲ။ အမျိုးသမီးတွေ လက်ကိုင်အိတ်ထဲမှာ ကင်မရာထည့်ပြီး (အိတ်မှာ အပေါက်ပါတယ်။ ရုတ်တရက်ကြည့်ရင် ပန်းပွင့်လေးကပ်ထားသလိုဘဲ။ အဲသည်အပေါက်ကနေချိန်ပြီး ရိုက်ရတာ။ ကျနော်တို့က နောက်ကနေ ပတ်ချောင်းတော့ သူ့အိတ်ထဲက ကင်မရာကို ချိန်နေ၊ ပြုနေ၊ ကြည့်နေတာကို အတိုင်းသားပေါ့။ နောက်တော့ အဲသည်မိန်းမပုံကို ဓါတ်ပုံဝိုင်းရိုက်လိုက်တော့ ထွက်ပြေးရော။) ကျနော့်တို့ လှုပ်ရှားမှုကို မှတ်တမ်းတင်နေတာ တွေ့ရတယ်။

ကျနော့်အနေနဲ့ အင်မတန် နှစ်ထောင်းအားရမိတဲ့အချက်တခုရှိပါတယ်။ အဲသည်နေ့က အမာခံလူစုထဲမှာ ကျန်ရစ်ခဲ့တဲ့လူတွေထဲမှာ လူတိုင်းဟာ မြန်မာ့ဒီမိုကရေစီအရေးဟာ ခုရေတွင်းတူး ခုရေကြည်သောက် ရမယ်ထင်လို့ ထလုပ်ကြတဲ့လူတယောက်မှ မပါ။ ဒီခရီးဟာ ကြမ်းတမ်းခက်ခဲ ရှည်လျားမယ့် ခရီး (Uphill task) ဆိုတာကို ကောင်းကောင်းသဘောပေါက်သူတွေချည်း။ ဒါပေမယ့် မလျှော့သောလုံ့လနဲ့ ကြိုးစားတက်နေသရွေ့ကတော့ တချိန်မှာ တောင်ကြီး ဖ၀ါးအောက် ရောက်ရမှာ အမှန်ပါဘဲ။

(Lotus ခန်းမက သတင်းစာရှင်းလင်းပွဲ)

နောက်လှုပ်ရှားမှုတခုကတော့ စင်္ကာပူအစိုးရရဲ့ ဗီဇာလက်နက်နဲ့ နှိပ်ကွပ်မှုအကြောင်းကို ဖွင့်ချတဲ့ သတင်းစာရှင်းလင်းပွဲပါဘဲ။ အဲဒီ သတင်းစာရှင်းလင်းပွဲလုပ်လိုက်ရင် မိမိကို စင်္ကာပူအစိုးရက ချက်ချင်းအရေးယူနိုင်မှန်းသိသိနဲ့ မတွန့်မဆုတ်ဘဲ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေရဲ့ သတ္တိကလည်း အံ့မခန်းပါ။

နောက်ဆုံးတပွဲကတော့ ကျနော်ရယ်၊ မဒမ်ရယ်၊ ကိုဂျေရယ်၊ ကိုမျိုးမြင့်မောင်ရယ် လေးယောက်သား ဒီက အတိုက်အခံ စင်္ကာပူဒီမိုကရက်ပါတီက ကျင်းပတဲ့ ဟာဝိုင်ယီရှပ်ပါတီ ကို သွားတက်ကြခြင်းပါ။ ကိုဂျေနဲ့က ဟိုရောက်မှ တွေ့တာပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့ အာဏာရှင်တွေ အချင်းချင်းယိုင်းပင်းနေကြတဲ့အချိန်မှာ ကျနော်တို့ ကမ္ဘာတလွှားက ဒီမိုကရက်တွေကလည်း သွေးစည်းရပေမပေါ့။ အဲသည်နေ့က ဒေါက်တာချီးရဲ့ စာအုပ်အသစ်ဖြစ်တဲ့ “အလိမ်ညာခံရသော နိုင်ငံတနိုင်ငံ ( A nation cheated ) ” ကို စတင်ထုတ်ဝေတဲ့နေ့။ ဒေါက်တာချီးက ကျနော့်စာအုပ်ထဲမှာ လက်မှတ်ထိုးပေးတော့ “ဘယ်တော့မှ အရှုံးမပေးပါနဲ့” တဲ့။ ပါးစပ်က မှာလိုက်သေးတယ်။ စာအုပ်ထဲမှာတော့ စင်္ကာပူနဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ဆိုပြီး ရေးပေးလိုက်တာပေါ့လေ။


(Democrats go Hawaiian!)


(နှစ်ကိုယ်တူ ချစ်သမျှဒွေ..........)


(လေးယောက်ပေါင်း လောင်းကျော်)


(ဆိုကြမယ်၊ ပျော်ကြမယ်)
အင်း.....သြဂုတ်လ၊ သြဂုတ်လ....။ တော်တော်လေး အိပ်ပျက်လိုက်ရတဲ့ သြဂုတ်လပါဘဲ။
ပူးတွဲကြည့်ရှုရန်။

Read more

“မိန်းမ၊ ယောင်္ကျား အခွင့်အရေး”

ဒီနေ့ ပို့စ်အသစ်တင်မည်။

ကိုယ့်ရဲ့ ပို့စ်ကလေးကို ဆွဲဆောင်မှုရှိအောင် ဘယ်လို စ ဖွင့်လိုက်ရပါ့။

အား….ဟုတ်ပြီ၊ အကြံရပြီ။ ဂလိုလေး ဖွင့်ကြည့်လိုက်မယ်။

ကိုယ့်ကို ယောင်္ကျား သိပ်မပီသဘူးလို့ တယောက်ယောက်က ပြောလာခဲ့ရင် လက်ခံရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ယောင်္ကျားရယ်လို့ ကျားကျားယားယား၊ အကြမ်းပတမ်း မနေတတ်။ စိတ်အေး လက်အေး ကနွဲ့ကလျသာ သွားလာ လုပ်ကိုင်ချင်တယ်။

ဟဲ့….ပလုပ်တုတ်။ မနိပ်သေးပါဘူး။ အဲသည်လိုသာ ရေးလိုက်လို့ကတော့ ပရိတ်သတ်က ငါ့ကို “သို့လော သို့လော” ထင်ကုန်တော့မှာဘဲ။

တကယ်ကတော့ မိုးချိုသင်းရဲ့ “စပယ်တွေပွင့်ပြီ” ပို့စ်အဖွင့်က အရေးအသားလေးကို သဘောကျမိလို့ “မိန်းမ” ဆိုတဲ့ နာမ် နေရာမှာ “ယောင်္ကျား” ဆိုတာ ထည့်ပြီး နည်းနည်းဘဲပြောင်းရေးကြည့်လိုက်မိတာပါ။

နေပါဦး…သူ့တုန်းက ဖတ်လို့ကောင်းလျက်နဲ့ ငါ့ကျမှ ဘယ်လိုဖြစ်သွားရတာလဲ။ စဉ်းစားစမ်း… စဉ်းစားစမ်း။

သြော်…သိပြီ။ သိပြီ။ လား…လား…..သူက မိန်းမသား ဖြစ်နေတာကိုး။ မိန်းမသားက အဲသည်လိုရေးရင် အကြောင်းမဟုတ်ပေမယ့် ယောင်္ကျားသားက ရေးတော့ မသင့်လျော်ဘူးလေ။ အသားကျနေတဲ့ ပတ်ဝန်းကျင်မှာ အမြင်စောင်းလွယ်တတ်တယ်။နောက်ပြီး ယောင်္ကျားလေးဆိုရင် လူတွေက သိပ်ခွင့်လွှတ်တတ်ကြတာမဟုတ်ဘူး။

ဟုတ်တယ်။ ဟုတ်တယ်။ စကားစပ်မိလို့ ပြောရရင် တချို့ယောင်္ကျားတွေ ရှိသေးတယ်။ မိန်းကလေးတွေနဲ့ ရန်ဖြစ်တဲ့အခါမျိုးမှာ (အထူးသဖြင့် နိုင်အောင်မပြောနိုင်တဲ့အခါ)….

“မင်းကွာ….မိန်းကလေးမို့ သည်းခံနေတာ။ ယောက်ျားချင်းသာဆို ဆွဲထိုးလိုက်ပြီ” ….တဲ့။

လုပ်ပုံက…လုပ်ပုံက။ ဘယ့်နှယ်ဗျာ…..အမျိုးတူ ဖိုသတ္တ၀ါချင်း ဖေးဖေးမမ လုပ်မယ်မရှိဘူး။ ယောင်္ကျားချင်းဆို ဆွဲတောင် ထိုးမယ်ဆိုဘဲ။ သူရဲကောင်းကြီး ထလုပ်နေတယ်။ အသားထဲကလောက်ထွက်…ပုဆိန်ရိုး…။

ဘယ်ကောင်လဲကွ၊ ယောက်ျားချင်းဆို ဆွဲထိုးမယ်ဆိုတဲ့အကောင်….လာ…ထွက်ခဲ့။

မိုက်တိုင်ဆင် နဲ့ တွေ့ပေးလိုက်မယ်။ ဒါမှ မဟုတ်….ဗိုလ်အောင်ဒင်နဲ့ ပေးတွေ့လိုက်မယ်… ဟင်း..ဟင်း။

“ဟေ့ကောင်၊ ရာမ…။ မင်းငါ့ကို ထိုးရဲရင်ထိုး။ မင်း….ငါ့ကို ထိုးလို့ရရင် ဗိုလ်လုပ်တော့”….

အံမယ်….မိန်းကလေးတွေကလည်း အလာသားဗျ။ အတင်းတုပ်တာကို သူတို့ရဲ့ မဟာရပိုင်ခွင့်ကြီးလို လက်ဝါးကြီးအုပ်ထားတာကလား။

“ခစ်…ခစ်….လူကြီးက၊ ယောင်္ကျားကြီးတန်မယ့် အတင်းအုပ်နေတယ်” ဆိုတာမျိုးပေါ့။ ယောင်္ကျားတွေကို မြှောက်ပြောသလိုလိုနဲ့ Freedom of Speech ကို ပညာသားပါပါ ပိတ်ပင်နေတယ်။ အဲလိုပြောလိုက်လို့ ကိုကိုပုရိသတို့ကရော ရှက်သွားပြီး မတုပ်ဘဲ နေတယ်မှတ်လို့လား။ ဝေးသေး။ ဘီယာဆိုင်တို့ လက်ဘက်ရည်ဆိုင်တို့မှာ တနေကုန်တနေခန်း ထိုင်ပြီး တုပ်ကြတာပေါ့ဗျာ။ ဘယ်နေလိမ့်မတုန်း။

တကယ်တမ်းကျတော့…. မိန်းကလေးတွေမှာလည်း တပန်းသာတဲ့ နေရာတွေ ရှိပါသဗျ။ အခွင့်အရေးပိုရတဲ့နေရာတွေရှိပါတယ်။ ဖော်ထုတ်ပေးဦးမှ… ။ အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးလေ့ရှိတဲ့ ဘလော့ဂ်ဖော် ဘလော့ဖက် နာမည်ကျော်စာရေးဆရာမကြီး သိသာစေရန်…..ဟိ။ (ဘဒူလဲဆိုတာ ပြောပြ၀ူး)

ပထမဦးဆုံးအနေနဲ့ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ Right to life ကို မိန်းမတွေက ယောင်္ကျားလေးတွေထက် အကြိမ်တော်တော်များများမှာ ပိုရလေ့ရှိပါသတဲ့။ (ဘယ်ကိုမှ မှီးငြမ်းကိုးကားပြီးပြောတာမဟုတ်။ ကိုယ်ပြောတာဆိုရင် မယုံမှာစိုးလို့ “ပိုရလေ့ရှိတယ်” ရေးရမယ့်အစား “ပိုရလေ့ရှိပါသတဲ့” ဆိုပြီး ခပ်တည်တည်နဲ့ အုပ်ထည့်လိုက်တာ။)

ဥပမာ…လေယာဉ်ပျံကို ပြန်ပေးဆွဲရင် အရင်ဆုံး လွှတ်ပေးတာက မိန်းမနဲ့ ကလေးငယ်တွေ ခင်ဗျ။ ဦးစားပေးခံရပုံ၊ ဦးစားပေးခံရပုံ။ တလေယာဉ်ထဲစီး၊ တခရီးတည်း သွားကြတဲ့ ကိုကိုကာလသားတွေခမြာမှာတော့ ပြန်ပေးတွေ လက်မှာ “မိုးသောက်ကျလာ ထကာရွတ်ကြလေ သံဗုဒ္ဒေ၊ ခရီးရပ်ဝေးသွားရင်း ရွတ်ကြလေ သံဗုဒ္ဒေ၊ အိပ်ယာဝင်တိုင်း မဆိုင်းရွတ်ကြလေ သံဗုဒ္ဒေ” ဖြစ်ပြီး ကျန်ရစ်ခဲ့တာပေါ့ခင်ဗျာ။

အံမယ်….ရထားပေါ်မှာ၊ ဘတ်စ်ကားပေါ်မှာလည်း ယောက်ျားကြီးတန်မဲ့နဲ့ မိန်းကလေးနဲ့ အပြိုင် ထိုင်ခုံလုလို့ မကောင်းဘူးတဲ့။ အဲဒါနဲ့ဘဲ ကျွန်ုပ်တို့ရဲ့ အကောင်းစားလေး ကိုပေါတယောက် ကားပေါ် ရထားပေါ်မှာ သွေးကျအောင် ရပ်ခဲ့ရပေါင်း များခဲ့ပြီကွယ်။ (အရင်ပို့စ်ကလေးထဲမှာ ရေးလိုက်မိတဲ့ ....ဘဒူ ဘာထင်ထင် ဂရုမစိုက်ဘူး…ဆိုတာလေးတောင် အဲဒီနေရာမှာ ဘေးချိတ်ထားရတယ်)

အစားအသောက်စားတာလေးတောင် လေဒီဖတ်စ်…တဲ့။ ၀ သောသူကို စာနာပါ။

ဆက်သာ ရေးချဦးမယ်ဆိုရင် ဒီလိုဘဲ မိန်းမသားက တပန်းသာတဲ့ နေရာလေးတွေ အများကြီးထွက်လာဦးမယ်။ ပို့စ်ရှည်သွားမှာစိုးလို့ ဒီမှာဘဲ ရပ်လိုက်တော့မယ်။ (ဆက်စဉ်းစား၍ မထွက်တော့သည့်အခါမျိုးတွင် ဤသို့ ဤနှယ် အဆုံးသတ်ရလေ့ရှိသည်။)

ဟို…“ယောင်္ကျားတွေဘာကြိုက်”၊ “မိန်းမတွေဘာကြိုက်” ရေးတဲ့ဆရာဆိုရင် ပိုတောင် ရေးနိုင်ဦးမယ်ထင်ပါရဲ့။ (…...သေဖော်ညှိကြည့်တာ………ဟိ)

ဘလော့ဂ်ဖတ်လာ မိတ်သဟာ… ချမ်းသာကိုယ်စိတ်မြဲပါစေ။ ကျားမ မဟူ စိတ်ကြည်ဖြူ….. ညီတူအခွင့်အရေး ပေးနိုင်စေ။
Read more

“ကြုံရာဆုံရာ တမိနစ်တာ”

ရေးရတာ ကြောင်တောင်တောင်တော့ နိုင်တယ်။ တချိန်က မြန်မာမဂ္ဂဇင်းတွေမှာ “တနေ့တာ”တို့ ၊ “ကြုံရာဆုံရာ တမိနစ်တာ” တို့ စတဲ့ ကဏ္ဍတွေဆိုရင် စာမျက်နှာဖြုန်းတယ်လို့ ကိုယ်တိုင် ဝေဖန်မိခဲ့တာကို သတိရတယ်။ အခု ဒေါ်တန်ခူးက Tag တယ်ဆိုတော့လည်း ကိုယ့်အကြောင်းကိုယ် ဖော်ရတာပေါ့လေ။ ပြောချင်တာလေးတွေ တပါတည်း ပြောခွင့်သာတော့မှာမို့ ကျေးဇူးပါ တန်ခူးရေ။ ခေါင်းစဉ်တော့ ကျနော်မုန်းတဲ့ နာမည်ကိုဘဲ ပြောင်းပြီးတတ်ပေးလိုက်ပါတယ်။ အဟိ....ကိုယ့်ကိုယ်ကို Celebrity လိုလို Super Star လိုလို ခံစားရတယ်။
ကိုယ့်ရဲ့နာမည် - အမေကတော့ စိတ်ကြည်သာတဲ့အချိန်ဆိုရင် “မိုးကို” တဲ့။ စိတ်မကြည်တဲ့အချိန်ဆိုရင်တော့ “ဟဲ့...ကောင်လေး” ဆိုပြီး အသံကုန်ဟစ်လိုက်တာပါဘဲ။
မဒမ်ပေါကတော့ ပုံမှန်အတိုင်းဆို “ကိုကို” တဲ့။ ကျနော်ပေါက်ကရလုပ်ပြီဆိုရင် ရယ်ကျဲကျဲနဲ့ ခေါ်ပုံက “လဒ” တဲ့။
သမီးက ကျနော့်ကို တိုက်ရိုက် First person အနေနဲ့ ခေါ်တာဆိုရင်တော့ “ဖေဖေ” တဲ့။ အဲ.....သူများနဲ့ စကားပြောရင်း ကျနော့်ကို ရည်ညွှန်းချင်တာဆိုရင် (Third person) “သူက၊ ဖေဖေက” လို့ ပြောမယ့်အစား “နင့်အဖေလေးက”တဲ့။ သုံးနှစ်အရွယ်ရောက်တဲ့အထိ သူ့အဖွားနဲ့အတူ မြန်မာပြည်မှာ ခွဲနေခဲ့ရတာဆိုတော့ အဖွားသုံးတဲ့ အသုံးအနှုန်းအတိုင်း လိုက်သုံးရှာတာပေါ့။ အခုတော့ အဲဒါလေးကိုဘဲ ချစ်နေလို့ ပြင်မပေးရက်ဘူး။
ကိုယ့်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - မရင်းနှီးသူတွေက နာမည်အရင်းမှာ ရှေ့က “ကို” တတ်ပြီးခေါ်ကြတယ်။ လေးစားတယ်ဆိုတာထက် သူတို့ထက် အသက်ကြီးတယ်ထင်လို့ ခေါ်တာနဲ့တူတယ်။ ရင်းနှီးသူတွေက “ကိုပေါ” လို့ခေါ်တယ်။
ကျနော့်အသက်ထက်ဝက်လောက် ရှိတဲ့ ကောင်မလေးက ကျနော့်ထက်ကြီးတဲ့ သူ့ချစ်သူကို “ကိုကို” လို့ ခေါ်ပြီး ကျနော့်ကိုကျတော့ “ဦးလေး” လို့ ခေါ်လိုက်တုန်းက စိတ်ထဲမှာ အီတွန့်ပွမ်သွားတယ်...ဟီးဟီး.....။
ဖိုရမ်တွေမှာ သမိန်ပေါသွပ် နာမည်ယူချင်တာ၊ သူများဦးသွားလို့ ညောင်ရမ်းဂွတိုနဲ့ဘဲ ကျေနပ်လိုက်ရတယ်။
ကိုယ်ဒီမှာနေတယ် - အခွင့်သာတာနဲ့ တစက္ကန့်မဆိုင်းဘဲ ထွက်ပြေးချင်နေပြီဖြစ်တဲ့ လွတ်လပ်မှုအပေါင်းတို့ ချုပ်ငြိမ်းရာ စင်္ကာပူဆိုတဲ့ ကျွန်းငယ်မှာ ခြေချုပ်မိနေတယ်။…။
ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် - များရဲ့ ဖုန်းနံပါတ် ပေးထားတဲ့ မိတ်ဆွေတွေအနေနဲ့ ည ၁၂ နာရီအလောက်အထိတော့ ခေါ်လို့ ရပါတယ်။ များက မာနမကြီးတတ်ပါဘူး။
အရောင်ဆိုရင် - များတို့က အရောင်စွဲတော့ မရှိပါဘူး။ ဒါပေမယ့် သင်္ကေတအရကတော့ အနီရောင်ကို အကြိုက်ဆုံးဘဲ။
အ၀တ်အစားဆိုရင် - အ၀တ်အစားမှာ ကိုယ်နဲ့တော်တဲ့ ဆိုက်ဇ်က ရှာရခက်သမို့ တော်တာလေးများတွေ့ရင် ချေးမများနိုင်ဘဲ ၀မ်းသာအားရ ၀ယ်ယူရတဲ့ အခြေကို ဆိုက်နေပါပြီကွယ်။
အစားအစာဆိုရင် - ဘီယာနဲ့ဆို ဘာမဆိုကောင်းတယ်။ ဘီယာတီထွင်ခဲ့တဲ့လူကို ကျေးဇူးတင်တယ်။
ပစ္စည်းဆိုရင် - အီလက်ထရောနစ် ပစ္စည်းလေးတွေကို အသစ်အဆန်း မြင်တိုင်းဝယ်ချင်မိတယ်။ ဒါပေမယ့် အခုတော့ လိုချင်ဆန္ဒတွေကို ဦးစားမပေးတော့ပါဘူး။
သီချင်းဆိုရင် - ခေတ်ဟောင်းသီချင်းတွေ၊ အနှစ်နှစ်ဆယ်တေးတွေ၊ တချို့သော စတီရီယိုတေးတွေ ကြိုက်တယ်။ အကြိုက်ဆုံးအဆိုတော်တွေကတော့ မေရှင်၊ ၀င်းဦး၊ ကာပင်တာစ် တို့ပါဘဲ။ မာမာအေး၊ ကိုအံ့ကြီး၊ ဟေမာနေ၀င်း၊ အယ်လ်ခွန်းရီ၊ ကော်နီ၊ ဇော်ဝမ်း၊ ခင်မောင်ထူးတို့ကို ကြိုက်တယ်။ အများကြီးကျန်ပါသေးတယ်။ ချမရေးနိုင်တော့လို့။
မကြိုက်တဲ့ အဆိုတော်တွေလည်း ရှိသေးတယ်။ ဟင်္သာတထွန်းရင်၊ တွံတေးစိုးအောင်။ ခင်မောင်တိုးနဲ့ ထူးအိမ်သင်ကိုလည်း မကြိုက်ဘူးဆိုရင် ၀ိုင်းဆဲကြမလားမသိဘူး။ ခင်မောင်တိုးက ဘာသီချင်းဆိုဆို အဲဒီအသံဘဲ။ ထူးအိမ်သင်က “ညှောင့်ညှောင့်ညှောင့်ညှောင့်”
နဲ့ ဆိုလို့ မကြိုက်ဘူးဗျ။ (ထူးအိမ်သင် သူငယ်ချင်းတွေနဲ့ ပရိသတ်ကတော့ ဆဲတော့မယ်။) မလေးရှားမှာတုန်းက ထူးအိမ်သင်ညီနဲ့ တအိမ်တည်းနေခဲ့လို့ ထူးအိမ်သင် သီချင်းတွေ နားထောင်ခဲ့ရတာတောင်မကြိုက်ဘူး။
စာရေးဆရာ - အလွှမ်းမိုးဆုံးက ရွှေဥဒေါင်း။ မြန်မာဝတ္ထုတိုမှာ အကြိုက်ဆုံးက ဂျာနယ်ကျော်မမလေး၊ ပြီးတော့ ခင်ဆွေဦး။ ပြီးတော့ ဂျူး။
စာအုပ် - ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ။
Life style - တကယ်တမ်းက တယောက်တည်း လွတ်လွတ်လပ်လပ် ဘဲ နေချင်တယ်။ အခုတော့ သူငယ်ချင်း နှစ်ယောက် သုံးယောက်နဲ့ ဘီယာသောက်ရင်း စကားပြောရတာကို နှစ်ခြိုက်တယ်။ မဒမ်နဲ့ နှစ်ယောက်ထဲ စိတ်ကူးပေါက်ရာသွားပြီး ဓါတ်ပုံရိုက်မယ်၊ စကားပြောမယ်။ ရုပ်ရှင်ကြည့်မယ်။ သမီးကို ရံဖန်ရံခါ သူသွားချင်တဲ့နေရာ လိုက်ပို့ပေးတယ်။
ကိုယ့်ရဲ့ဝါသနာ - ကိုယ်ဝါသနာပါတာကို အကြောင်းကြောင်းကြောင့် ဘေးချိတ်ရင်းချိတ်ရင်းနဲ့ အခု ကိုယ်ဘာဝါသနာပါသလဲတောင် မသဲကွဲတော့ဘူး။
အလိုချင်ဆုံးလက်ဆောင် - စကားပြောကောင်းခြင်း။ စာရေးကောင်းခြင်း။ တွေးခေါ်စဉ်းစားတတ်ခြင်း။
ကိုယ့်ရဲ့အချစ်ဆုံးသူက - မဒမ်ပေါ။
ကိုယ့်ရဲ့အလေးစားဆုံးသူက - သက်ရှိထင်ရှားမှာ ဒေါ်အောင်ဆန်းစုကြည်။
ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက - မဒမ်ပေါ။
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - အမေနဲ့ မဒမ်ပေါ။
ကိုယ့်ရဲ့အမုန်းဆုံးသူက - မရိုးမဖြောင့် လုပ်တတ်သူ။
ရင်အခုန်ဆုံးအချိန် - စာမေးပွဲခန်းထဲ ၀င်ကာနီးအချိန်.....နဲ့..... ရုံးနောက်ကျပြီး ရုံးပေါက်ဝမှာ ဘော့စ်နဲ့ တည့်တည့်တိုးတဲ့အချိန်။
အကြောက်ဆုံးအချိန် - တနင်္ဂနွေနေ့လေး ကုန်ဆုံးသွားပြီး နောက်တနေ့ ရုံးပြန်တက်ရတော့မှာပါလားလို့ စဉ်းစားမိတတ်တဲ့အချိန်။
အမှတ်တရနေ့  - မဒမ့်ကို စချစ်သွားမိတဲ့နေ့။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - သူရဲဘောကြောင်သူတွေနဲ့ ဘ၀ဆက်တိုင်း မဆုံရလို။
အချစ်ဆိုတာ - ရယူချင်တာတွေ များနေဆဲ။ ပေးနိုင်အောင် ကြိုးစားဆဲ။
အမုန်းဆိုတာ - တာရှည်မခံ။
အလွမ်းဆိုတာ - လွတ်လပ်မှုကိုဘဲ လွမ်းတယ်။
သံယောဇဉ်ဆိုတာ - ချစ်ခြင်းမေတ္တာကို အရင်းခံပြီး သစ္စာတည်တံ့တဲ့ တာဝန်သိမှုတခု။
ဘ၀ဆိုတာ - ဘ၀ဆိုတာ လဒပျံသလိုဘဲ။ အရှိန်မရခင်တော့ ခုန်ဆွခုန်ဆွနဲ့ပေါ့ဗျာ....။ အဟီး နောက်တာပါ။
ကိုယ့်ဆန္ဒ စိုးစဉ်းမှမပါဘဲ၊ ရွေးချယ်ခွင့်မရှိဘဲ လူဖြစ်တာကိုက ခံရဘို့ဖြစ်လာတာပါ။ ဒီကြားထဲမှာ ကိုယ်လုပ်ချင်တာလေးမှ မလုပ်ရရင် ဘာအဓိပ္ပါယ်ရှိတော့မတုန်း။ လူလူချင်း ကန့်သတ်ချုပ်ချယ်ချင်သူတွေကို နေရသခိုက် နိုင်နိုင်မနိုင်နိုင် တဖက်တလမ်းကနေ တွန်းလှန်တိုက်ဖျက်သွားမယ်။
သူငယ်ချင်းဆိုတာ - ကိုယ်နိမ့်ပါးတဲ့အချိန်မှာ ဖိမထောင်းတတ်သူ။
ချစ်သူဆိုတာ - ဘီယာသောက်ဖော်သောက်ဖက်လည်း ဟုတ်တယ်။ အတင်းတုပ်ဖော် တုပ်ဖက်လည်း ဟုတ်တယ်။ နိုင်ငံရေးလုပ်တော့လည်း အတူတူ။ ဘ၀ဖော်လည်း ဟုတ်တယ်။
ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - ဘယ်သူဘာထင်ထင် ဂရုမစိုက်ဘူး။
ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ်က - ကိုယ်ယုံကြည်ရာကို ဘယ်သူဘာထင်ထင် မတွန့်မဆုတ်လုပ်။
အပြောချင်ဆုံးစကားတခွန်း - ကိုယ့်အခွင့်အရေးကို ရဘို့ဆိုရင် ကိုယ်တိုင်တိုက်ယူဘို့ လိုလိမ့်မယ်။ သူများနှာခေါင်းနဲ့ အသက်မရှူကြပါနဲ့။
Read more

“ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်”

အဆိုတော်ကြီး ဒေါ်မေရှင် ဆုံးပြီဆိုသော သတင်းကို ဧရာဝတီ သတင်းစာမျက်နှာမှာ (၀ီရှီမီ ဘလော့ဂ်က တဆင့်) ဖတ်လိုက်ရသည်။

ငယ်ငယ်က အိမ်မှာ ရေဒီယိုမရှိသဖြင့် ခေတ်ဟောင်းသီချင်းကဏ္ဍတွင် မေရှင်သီချင်းလာတိုင်း သူများအိမ်ခြံစည်းရိုးနားမှာ တမေ့တမောကပ် နားထောင်ခဲ့ရသည်ကို သတိရမိသည်။ ပြည်လှဖေနဲ့ မေရှင်တို့ စုံတွဲသီဆိုသော “ရှေးရေစက်” သီချင်းက နာမည်ကြီးလှသည်။ ဟေမာနေ၀င်းတို့လိုဘဲ အဲဒီသီချင်းမှာ သီဆိုသူ ဒေါ်မေရှင့်နာမည်ကလေးက သီချင်းစာသားထဲမှာ ပါသေးသည်။ ဟေမာကတော့ “သဘောကောင်းလွန်းတဲ့ကိုကိုမို့လေ….ဟေမာဆိုးမိတာပါ” ပေါ့။

ပထမဦးဆုံးကြိုက်တဲ့ သီချင်းတွေက ချစ်ရေစင်၊ ကျေးစေတမန်၊ အောင်ခြင်းရှစ်ပါး၊ ရွှေပြောင်ပြောင်…. စသဖြင့်။ နောက်ပိုင်းမြို့ပေါ်ကျောင်းလာတက်တော့ မေရှင်လက်ရွေးစင်သီချင်းအခွေတွေကို လက်လှမ်းမီလာသည်။

“မွှေးတုန်းတော့ကွယ်…ပန်ဆင်ပြန်တယ်…နံရင်ပစ်ပယ်….ချစ်လက်စမဆုံးခင်….ရှောင်ကြဉ်မုန်းရက်တယ်”………..တဲ့။ ချစ်ရေစင်သီချင်းဟာ ဒေါ်မေရှင့်အသံကလေးနဲ့ နားထောင်ရရင် ဂရုဏာသက်စရာသီချင်းလေးပေါ့။

အလားတူပါဘဲ….“မြသွေးဖြာတဲ့….ကျေးတမာ…..ပေါက်လဲဝါ..ခိုင်ရွှေညှာက…..မယ်စက်ရာ….ရွှေသဉ္ဇာသို့….ယူငင်လာ…...။ မယ်မှာစမ်းမယ်ပ….လွမ်းသူရဲ့…..သ၀ဏ်ကိုယူကာ…. စစ်မြေတလင်းလေ…..ချစ်နေရင်းသူကလေးသို့သာ…..ပေးပါတော့…..မြသွေး…ငှက်ကျေး….စေတမန်…..။” ကျေးစေတမန်ထဲက အဆုံးသတ်ကလေးလေ။ ကျနော်ငယ်ငယ်က စစ်ဗိုလ်ရောဂါထရတဲ့အကြောင်းရင်းထဲမှာ ဒေါ်မေရှင်ရဲ့ ကျေးစေတမန် သီချင်းရဲ့ ပယောဂလည်း ပါပါလိမ့်မယ်။ ခေတ်ဟောင်းတေးကဏ္ဍမှာသာမက စစ်သည်အတွက် တေးလက်ဆောင်အခန်းမှာပါ ဒီသီချင်းလေးကို ကြားရတတ်တယ်လေ။

မဲဇာမြိုင်၊ ကိုယ်ပိုင်မေတ္တာ၊ မြကေခိုင်…စသဖြင့် အခွေထဲမှာ ပါသမျှသီချင်းတွေကို ကြိုက်မိတော့သည်။ တဖြည်းဖြည်းနဲ့ လူပျိုပေါက် အရွယ်ရောက်လာတော့ အချစ်သီချင်းတွေထဲမှာ “ဖူးစာပိုင်” သီချင်းလိုမျိုးကို ကြိုက်နှစ်သက်လာသည်။ တီးလုံးတီးကွက်ကလည်း ခပ်ဆန်းဆန်း။ ဖူးစာပိုင်သီချင်းကို နားမထောင်ဖူးသူများကို နားထောင်စေချင်စမ်းသည်။

“တူပြိုင်…မြတ်ဘုရားရှင်ရှေ့ဂူလှိုဏ်…လှစ်ကျူးမြွက်ရှက်မနေနိုင်….မှန်သရွေ့…ဖန်စေ့ရေလည်….ပိုင်ပိုင်နိုင်နိုင် သစ္စာထူးတိုင်……..မြဲခိုင်ခိုင်…ဖူးရွှေစာပိုင်…. တူမသွေနိုင်ပါစေမယ်နှင့်သာ…လျှောက်ထားခဲ့ချက်ပိုင်….အချစ်ကိုမြင့်မိုရ်လုံးမြေစိုင်….လေးဒီပါသီတာရေမြေ…ဆုံးတိုင်မမုန်းနိုင်…ပျို့ဖူးစာပိုင်”

ကြည့်စမ်း…..ဖူးစာပိုင်သီချင်းထဲက စာသားလေးတွေ။ တချိန်တုန်းက အနောက်နန်းမတော်မမြကလေးကို သူ့လင်တော်မောင် သာယာဝတီမင်း အထင်လွဲပြီး ကွပ်မျက်ဘို့ ချုပ်နှောင်ထားခဲ့တယ်။ အဲဒီအချိန်မှာ မိဖုရားမမြကလေးက သာယာဝတီမင်းဟာ မမြကလေးကို ဘယ်တော့မှ သွေမပျက်ပါဘူးဆိုပြီး တချိန်တုန်းက ဘုရားရှေ့မှာ သစ္စာဆိုခဲ့ပုံ၊ အခုတော့ သစ္စာမတည်ပုံ၊ ဒါပေမယ့် သူမဘက်ကတော့ အချစ်တွေကို ကျွန်းကြီးလေးကျွန်းရော၊ မြင့်မိုရ်တောင်ရော၊ သီတာရေမြေအကုန်ပေါင်းတောင် သူ့အချစ်ကသာဦးမယ့်အကြောင်းကို “ချစ်သမျှကို” ပတ်ပျိုးမှာ သည်လိုဘဲ ဖွဲ့နွဲ့ခဲ့တာ။ဟော….ဒေါ်မေရှင်တို့ခေတ်ရောက်တော့ အဲဒီအကြောင်းအရာကိုဘဲ မြူးမြူးကြွကြွ ခေတ်မီမီ သံစဉ်တွေနဲ့ ပြန်လည်ဖွဲ့ဆိုခဲ့တာ သီချင်းရေးဆရာကိုလည်း ချီးမွမ်းစရာပါဘဲ။

ဧရာဝတီမှာ ရေးသလိုပါဘဲ၊ ဒေါ်မေရှင်အသံကလေးက ၀င်ချည်ထွက်ချည်နဲ့ တိမ်တိမ်လေးပါဘဲ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ၊ အဲသည်အသံလေးကိုက စွဲမက်ချင်စရာဖြစ်နေသည်။ ဒေါ်မေရှင်သီချင်းတွေကို အသံမှီတဲ့ နောက်ပိုင်းနာမည်ကြီးအဆိုတော်တွေ ပြန်ဆိုတော့ သူ့နည်းသူ့ဟန်နဲ့ ကောင်းကြပေမင့် ဒေါ်မေရှင်ရဲ့ မူရင်းကို မမှီဘူးရယ်လို့ဘဲ ကျနော့်စိတ်က စွဲထင်နေသည်။ ကျနော်ကဘဲ ပုဂ္ဂိုလ်စွဲ ကြီးလေရော့သလား။ ဥပမာ ၀င်းဦးဆိုခဲ့တဲ့ သီချင်းတွေကို သုမောင်တို့ ပြန်ဆိုတော့ မကြိုက်နှစ်သက်သလိုဘဲ ဖြစ်နေသည်။

သြော်…မေရှင်ကို ရုပ်ရှင်ထဲမှာ မြင်ဘူးတာကတော့ ဇာတ်ကားနံမည်က “ချစ်ရေစင်” ထင်ပါရဲ့။ မြန်မာ့ရုပ်မြင်သံကြားက ပြန်လွှင့်ပေးတာကို ကြည့်ရတော့ ရုပ်ရည်ကလည်း မေတ္တာရှိချင်စရာ။ သရုပ်ဆောင်ပုံကလည်း နှစ်သက်စဖွယ်။ ကြည့်ရတာ မေတ္တာမျက်စိနှင့်ကြည့်တော့ ဘာဘဲလုပ်လုပ် အပြစ်မမြင်၊ အချစ်ဝင်နေပုံရသည်။

အဆိုတော်တွေထဲမှာ ကျနော် ဒီလို သီချင်းတိုင်းလိုလိုကို နှစ်သက်မိတာ “ဒေါ်မေရှင်” “၀င်းဦး” နဲ့ နိုင်ငံခြားအဆိုတော်တွေထဲက “ကာပင်တားစ်” ဘဲ ရှိသည်။ ကျနော့်အစ်မတယောက်ဟာ ဒေါ်မေရှင်ကို ဘယ်လောက်ကြိုက်သလဲဆိုလျှင် မန္တလေးရောက်ခိုက် ဒေါ်မေရှင်အိမ်သို့ သူငယ်ချင်းများနှင့်အတူ လက်ဆောင်များဝယ်ယူကာ သွားရောက်တွေ့ဆုံတတ်သည်။

ဒေါ်မေရှင်ဆိုတဲ့အထဲမှာ “……..မြစ်ဧရာ…တဖက်ကမ်း…လှမ်းလို့မြင်ရသည်…ပျိုလွမ်းသည်…။ စစ်ကိုင်းချောင်..တောင်ထိပ်ဆီ….မြင့်မြင့်မောက်မောက်…အံ့လောက်စရာအတည်…ပုညရှင်က စေတီစေတီ..ကြည်နူးဘွယ်တလီ”……..ဆိုတဲ့ “ရွှေအင်းဝ” သီချင်းကလည်း တမျိုးကြည်နူးစရာလေးပါ။ ကျနော့်လို အညာသားဖြစ်ပြီး မန္တလေး၊စစ်ကိုင်း၊ အင်းဝ တွေဘက် တခါမှ မရောက်ဘူးတဲ့ သနားစရာလူတောင် အဲဒီဘက်က ရှုခင်းတွေကို မြင်ယောင်မိတဲ့၊ အဲဒီမြို့တွေဆီကို သွားလည်ချင်စိတ်ပေါက်စေတဲ့ သီချင်းပါဘဲ။

တကယ်တော့ ဒေါ်မေရှင်ဆိုတာ ကျနော့်အဖွားလောက်ရှိမှာပေါ့။ ဒါပေမယ့် သူ့အနုပညာက နုပျိုပြီး ကျန်ရစ်တယ်။ သူ့မြေးလောက်အရွယ်ကျနော်က သူ့သီချင်းတွေကို နားထောင်တိုင်း ရင်ခုန်ရတုန်း။ ကျနော့်ကို ဖမ်းစားနိုင်တုန်း။ လူသေပေမယ့် အနုပညာကတော့ မသေဘူးဆိုတာ ဒါမျိုးဘဲနေမှာ။

ဒေါ်မေရှင်ကောင်းရာသုဂတိလားပါစေ။
Read more

“အမှန်တရားကို သကြားအုပ်ဘို့မလို နဲ့ ဘယ်လိုချစ်တာမျိုးလဲ”

“မျောက်မနဲ့ပမာညီ….. ဇနပနကလျာဏီ…”

ငယ်ငယ်က ကြားဘူးခဲ့တဲ့ သီချင်းတပိုင်းတစက စိတ်ထဲဝင်လာတယ်။ သီချင်းတပုဒ်လုံးတော့ နားမထောင်ဘူးပါဘူး။ ဒါပေမယ့် ညီတော်မင်းနန် ချွတ်ခန်းကို ရေးဖွဲ့ထားတာဘဲဆိုတာ သိသာနေတာဘဲ။

ဗုဒ္ဓက ညီတော်နန္ဒမင်းသားဟာ ကလျာဏီမင်းသမီးရဲ့ ရူပါရုံမှာ အစွဲလန်းကြီး စွဲလန်းနေတာကိုသိတော့ ဘယ်လို ကယ်ချွတ်သလဲ။ ပထမ တောလမ်းခရီးက သွားကြတုန်း သစ်ငုတ်တိုပေါ်မှာ ထိုင်နေတဲ့ မျောက်အိုမကြီးတကောင်ကို ပြပြီး “မင်းရဲ့ ကလျာဏီနဲ့ ဟောဒီမျောက်အိုမကြီး ဘယ်သူပိုလှသလဲ” လို့ မေးသတဲ့။ နန္ဒမင်းသားကလည်း နှိုင်းယှဉ်မေးရက်လေခြင်းဆိုပြီး ဗုဒ္ဓကို စိတ်ဆိုးတာပေါ့။ ဒါပေမယ့် ဗုဒ္ဓနတ်ပြည်ကို ကြွတဲ့အခါ မင်းနန်ကိုလည်း ခေါ်သွားပြီး အင်မတန်လှပတဲ့ နတ်သမီးလေးတွေကို ပြပြီး “နတ်သမီးလေးတွေ နဲ့ ကလျာဏီ မင်းသမီး၊ ဘယ်သူပိုလှသလဲ” မေးတဲ့အခါကျတော့ ဗုဒ္ဓရဲ့ ဆိုလိုရင်းကို ညီတော်မင်းနန်သိသွားပြီ။

သူစိတ်ထဲမှာလည်း…. “သြော် ငါ့စိတ်ထဲမှာ အင်မတန် လှ လှချည်ရဲ့လို့ ထင်ခဲ့တဲ့ ကလျာဏီမင်းသမီးဟာ အခုလို နတ်သမီးလေးတွေနဲ့ ယှဉ်လိုက်တော့လည်း မျောက်အိုမကြီးမျှသာ ရှိပါတော့ကလား” လို့ တွေးမိတော့သတဲ့။

နောက်တခုက ခေမာ မိဖုရားကို ချွတ်ခန်းလေ။ ခေမာမိဖုရားကလည်း အလှမာန်တက်တဲ့မိဖုရား။ ဗုဒ္ဓကို ၀င်ဖူးချင်လှတာမဟုတ်။ ဒါပေမယ့် တနေ့မှာ သူ့လင်တော်မောင်ဘုရင်ရဲ့ အမိန့်အရထင်ပါရဲ့။ ဗုဒ္ဓရှေ့မှောက်ကို ရောက်တယ်။ အဲသည်မှာ ဗုဒ္ဓက သူ့ရဲ့ တန်ခိုးနဲ့ ဖန်ဆင်းထားတဲ့ မိန်းမငယ်လေးတဦးဟာ ဗုဒ္ဓကို ယပ်ခပ်ပေးနေတယ်။ အဲဒီမိန်းမငယ်လေးဟာ ခေမာမိဖုရားထက် အဆပေါင်းများစွာလှပလို့ မိဖုရားကိုယ်၌က မျက်တောင်မခတ်တမ်းငေးကြည့်ရတဲ့ မိန်းမချောလေးပေါ့။ ကြည့်နေရင်းက မိန်းမချောလေးဟာ တဖြည်းဖြည်းအိုမင်းလာ၊ အရေပြားတွေတွန့်လာ၊ ဆံပင်တွေကျွတ်လာ၊ ဖြူလာ၊ ပါးရေနားရေတွေ တွန့်လိပ်လာပြီး နောက်ဆုံး တုံးကနဲ လဲကျသေဆုံးသွား။ အရိုးစုဖြစ်။ ဗုဒ္ဓက သူ့တန်ခိုးတော်နဲ့ Fast forward လုပ်ပြလိုက်တာပေါ့လေ။ အဲသည်မှာ ခေမာမိဖုရား တရားရသွားတယ်။ သြော်…အလှအပ၊ ရုပ်နမ်တရားတို့ဟာ မတည်မြဲဘူးပေါ့လေ။

ကျနော်မှတ်မိသလောက်ကို မှတ်မိသလို ရေးပြလိုက်တာပါ။

ဗုဒ္ဓက တကယ်တော့ သစ္စာတရား (တနည်း) အမှန်တရားကို ပြောတာာ။ ပြတာ။ အမှန်တရားကို ပြောကြားတဲ့နေရာမှာ သကာအုပ်မနေဘူး။ ကြားရသူအတွက် နားခါးချင် ခါးပေလေ့စေ။ အမှန်တရားကို သကြားအုပ်စရာမလိုဘူးဆိုတဲ့ သဘောမျိုးနဲ့ “ဟုတ်မှန်တယ်၊ အကျိုးရှိတယ်ဆိုရင် ကြားနာသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ” အခါအားလျော်စွာ ပြောဆိုလေ့ရှိသတဲ့။

ကျနော်အဲဒီ အဆုံးအမကို သဘောကျပါတယ်။ ဟုတ်တယ်နော်။ အမှန်တရားကတော့ သကြားအုပ်ဘို့ မလိုဘူး။ ရွှေဥဒေါင်းစကားနဲ့ ပြောရရင် နားသယ်ကို နှက်လိုက်သလို အလန့်တကြားနားလည်သွားအောင် ပိဿလေးနဲ့ ဘေးပစ်သလို တဲ့တိုး ပြောရတာကို ပိုသဘောကျတယ်။ မုသားကို ရောင်းထုတ်လိုတဲ့အခါမှာသာ သကာရည်လိမ်းကြံပြီး လှည့်ဖြားရောင်းရတာမျိုးကိုး။

ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောစရာရှိ ဟောဟောဒိုင်းဒိုင်း တဲ့တိုးကြီး ပြောချလိုက်တာမျိုး။ လှည့်ပတ်ကွေ့ကောက်မနေဘူး။ ဖက်ဆစ်တွေကို တိုက်ထုတ်နေချိန်က မဟာမိတ်တပ်တွေ ဗမာပြည်ထဲကို ပြန်ဝင်လာတော့ ၀ီလျံစလင်းမ်နဲ့ ဗိုလ်ချုပ် ပထမဦးဆုံးအကြိမ်တွေ့တဲ့နေရာမှာ အချီအချ စကားပြောခန်းကို ကျနော်အရမ်းသဘောကျမိတယ်။

“အောင်ဆန်း၊ မင်းက ငါတို့တွေ အရေးနိမ့်နေတုန်းကတော့ ငါတို့နဲ့ မပေါင်းဘူး၊ ငါတို့အရေးသာလာမှ မင်းက လာပေါင်းတယ်” လို့ စလင်းမ်က ပြောတော့ ဗိုလ်ချုပ်အောင်ဆန်းက ဘာပြန်ပြောတယ်မှတ်သလဲ။

“ခင်ဗျားတို့ အရေးနိမ့်နေတုန်း လာပေါင်းလို့ ကျုပ်တို့အတွက် ဘာအကျိုးရှိမလဲ” လို့ ပေါ်တင်ကြီး ပြောချလိုက်တယ်။ ၀ီလျံစလင်းမ်က အဲသည်ကတည်းက ဗိုလ်ချုပ်ရဲ့ ရိုးသားဖြောင့်မတ်မှုကို တခါတည်း လေးစားသွားတော့တာဘဲ။

အမှန်တရားကို ပြောတဲ့နေရာမှာ သကြားအုပ်စရာမလိုဘူး။

ဒါပေမယ့် ပြောတဲ့လူအနေနဲ့ သတ္တိရှိဘို့တော့ လိုတယ်။ သတ္တိမရှိရင် အမှန်အတိုင်း မပြောရဲဘူး၊ အမှန်အတိုင်း မလုပ်ရဲဘူး။ အမှန်အတိုင်း မကျင့်ကြံရဲဘူး။

လူဟာ အကြောင်းအရာတခုကို အဖြူအမဲ သဲကွဲနေပေမယ့်လည်း ကိုယ်ကျိုးစီးပွား ထိခိုက်လာမှာ စိုးရိမ်တဲ့အခါ အမဲကို အမဲလို့ ပွင့်ပွင့်လင်းလင်း မပြောရဲဘူး။ Grey Area တွေများနေပါတယ်လို့ပြောပြီး ရူးချင်ယောင် ဆောင်တတ်ကြတယ်။ တချို့ကတော့ လိမ်ပြောတတ်ကြတယ်။

အင်တာဗျူးတခုမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတာလေးတခုကိုလည်း သတိရမိသေးတယ်။ သူဟာ…နိုင်ငံရေးနယ်ပယ်မှာ လူပေါင်းစုံနဲ့ရော၊ မီဒီယာတွေနဲ့ပါ အမြဲတစေ တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြားရလေ့ရှိပါတယ်တဲ့…။ ဒါပေမယ့် တချို့မေးခွန်းတွေကို သူမ အမှန်အတိုင်းဖြေကြားလို့မဖြစ်တဲ့အခါမျိုးမှာ မဖြေကြားဘဲသာ ဆိတ်ဆိတ်နေပါတယ်တဲ့။ လိမ်ညာဖြေကြားလေ့ မရှိပါဘူး…..တဲ့။

အင်မတန် အတုယူစရာကောင်းပါတယ်။

ဒါကတော့ အမှန်တရားနဲ့ ပတ်သက်လို့ ကျနော့်စိတ်ထဲပေါ်လာတာလေးတွေကို ချရေးလိုက်တာပါ။

နောက်တခုက…….ဘယ်လိုချစ်ကြတာလဲ……ဆိုတဲ့ မေးခွန်း။

လင်မယားနှစ်ယောက်၊ ဒါမှမဟုတ် သမီးရည်းစားနှစ်ယောက် အူတုန်အသည်းတုန် ချစ်ကြတယ်ဆိုပါစို့။ ကိုယ်က ကိုယ့်အိမ်ထောင်ဘက် သို့မဟုတ် ချစ်သူ အပေါ်မှာ သစ္စာမဖောက်ရုံနဲ့ လုံလောက်ပြီလား။ ကိုယ်စိတ်ထဲမှာ အသည်းနှလုံးပါပုံပြီး ချစ်တယ်လို့ ထင်နေရုံနဲ့ လုံလောက်ပြီလား။ တဖက်လူကို ကိုယ်ချစ်ကြောင်း စကားဖြင့်ဖြစ်စေ၊ အမူအရာနှင့်ဖြစ်စေ၊ အနွံတာခံခြင်းနဲ့ ဖြစ်စေ အလုပ်နဲ့သက်သေ ပြသသင့်တာပေါ့။ အသည်းနှလုံးထဲက ချစ်တာတွေကို ပေါ်လွင်အောင်မပြတတ်ဘူးဆိုရင်တော့ တကယ်မချစ်လို့ဘဲ ဖြစ်ရမယ်။ ဟုတ်တယ်လေ…. ထုတ်လဲမပြောဘူး၊ အမူအယာနဲ့လည်း မပြောဘူး၊ စိတ်ထဲကဘဲ ချစ်တယ်ဆိုတော့ သူချစ်တာ ဘယ့်နှာကြီးလဲဟ…လို့ မေးစရာကြီးပေါ့။

ကျနော်ထင်တယ်လေ။ ပြောရုံနဲ့တောင် မလုံလောက်သေးဘူး။ အဓိကကတော့ အမူအယာနဲ့ အပြုအမူနဲ့ အလုပ်နဲ့လည်း ပြသရမှာပေါ့။ တော်တော်ကြာ.. လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာဆိုရင် ဘယ့်နှယ့်လုပ်မလဲ၊ ဟုတ်ဘူးလား။

အဲဒီကနေ တဆင့်တက်ပြီး စဉ်းစားလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်၊ မြတ်နိုးတယ်၊ လေးစားတယ် ဆိုတဲ့ စကားတွေနဲ့ ပတ်သက်လို့။ အဲသည်လို ပြောတဲ့လူတွေတော့ အတော်များများ တွေ့ခဲ့ဘူးပါတယ်။ အခုလည်း တွေ့နေရပါတယ်။ တခွန်းလောက်တော့ မေးချင်တယ်။ တကယ်ချစ်တာ ဟုတ်ရဲ့လားလို့လေ။

မေးရတာက အကြောင်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ရင် ဒေါ်အောင်ဆန်းစုကြည် လုပ်စေချင်တဲ့အရာတွေကို ဘာတခု လုပ်နေပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်။ နိုင်ငံရေးလုပ်နေသူတွေကို အားပေးထောက်ကူရမယ်။ နိုင်ငံရေးအကျဉ်းသားတွေကို အားပေးကူညီရမယ်။ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြရမယ်။ အဲသည်လို ပြောခဲ့တယ်။

နိုင်ငံခြားမှာ ရှိနေတဲ့ မြန်မာတွေ အနေနဲ့ဆိုရင် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် ငွေကြေးထောက်ပံ့တာမျိုး ကောင်းကောင်းကြီး လုပ်နိုင်တာပေါ့။ ပြည်တွင်းလှုပ်ရှားသူတွေမှာ စည်းရုံးရေးခရီးတွေ ထွက်နိုင်ဘို့၊ ထိရောက်တဲ့ ဆက်သွယ်ရေးအတွက် လက်ကိုင်တယ်လီဖုန်းတွေ ငှားရမ်းအသုံးပြုနိုင်ဘို့၊ မရှိမဖြစ် ကွန်ပြူတာအင်တာနက်အသုံးပြုနိုင်ဘို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာ အစားအသောက်ထုတ် ပုံမှန်ထောက်ပံ့နိုင်အောင်လို့၊ အပြင်မှာ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ သားသမီးတွေအတွက် ထောက်ပံ့နိုင်ဘို့ ငွေကြေးလိုပါတယ်။ ဒါက ပြည်ပမှာရှိတဲ့ မြန်မာတွေအနေနဲ့ တတ်နိုင်တဲ့အရာ။

နှင်းခါးမိုး (ကိုဝေလင်း) ဘလော့ဂ်မှာ ရေးထားတာ တွေ့တယ်မို့လား။ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံအောက်မှာ “သူ့ကိုချစ်ရင် သူ့စကားကို နားထောင်ပါ” လို့ ရေးထားတာ။ တိုတိုနဲ့ ထိမိတယ်။

ဟုတ်တယ်။ အဲသည်လိုမှ နားမထောင်နိုင်ရင်တော့ အန်တီစုကို ချစ်တယ်ပြောနေတာဟာ လျှာအရိုးမရှိတိုင်း ပြောနေတာလား၊ ဒါမှမဟုတ် အဲဒီစကားဟာ ပေါ်ပြူလာဖြစ်လို့ ပြောနေတာလား။ ဒါမှမဟုတ် ဒီမိုကရေစီအင်အားစုတွေဘက်က အားသာလာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖော်လံဖားချင်တဲ့ စိတ်နဲ့ ပြောတာမျိုးလား (သာကူး)။ ဒါမှမဟုတ် ဒေါ်စုကို ချစ်တဲ့သူတွေက အများစုမို့ တကယ်စိတ်မပါဘဲ “အထဲတမျိုး၊ အပြင်တမျိုး” လျှာဖျားကနေ ပြောနေကြတာလား။ ဒါမှမဟုတ် အနိုင်ရမယ်၊ အားသာမယ်ထင်ရတဲ့အချိန်လေးမှာဘဲ ကောက်ရိုးမီးလို ဟုန်းကနဲ ထတောက်ပြီး ထောက်ခံကူညီတာမျိုးလား။ ကိုယ့်ဘာသာကိုယ် ဆန်းစစ်ကြပါ။

အဲသည်မေးခွန်းတွေထဲက တမျိုးမျိုးနဲ့ အကျုံးဝင်နေပြီဆိုရင်တော့ ဟိုသီချင်းထဲကလို “ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးပြသော်လည်း….ယုံရခက်ခဲ….ခက်လှချည်ပေါ့ နောက်များတခါ” လို့ဘဲ ဆိုလိုက်ချင်ပါတော့တယ်။

ဘလော့ဂ်ဖတ်လာ မိတ်သဟာ နည်းမှန်လမ်းမှန် ချစ်တတ်ကြပါစေ…. မုသားကို သကာဖုံးတဲ့ လုပ်ရပ်တွေ လျှော့နိုင်ကြပါစေ။
Read more

“ဇွန်းရှည်ရှည်တချောင်းတော့ လိုနေပြီ”

အမတ်ကြီး ဦးပေါ်ဦးကို သူ့ ဘုရင်က “မောင်မင်း၊ ငါနဲ့ လူမိုက် ဘယ်သူ့ကို ပိုကြောက်လဲ” မေးတော့ “လူမိုက်ကို ပိုကြောက်ပါတယ်ဘုရား” လို့ ဖြေသတဲ့။ ရှင်ဘုရင်က “သယ်….မင်းကို ငါက အခုချက်ချင်းသတ်ပစ်လိုက်လို့ရတယ်၊ နားလည်လား” လို့ ပြောတော့ ဦးပေါ်ဦးက “ကိုယ်တော်ကမှ စဉ်းစားသေးတယ်။ ဟိုကောင်က အခုလိုတောင် စဉ်းစားနေမှာမဟုတ်ဘူး” လို့ ပြန်ဖြေသတဲ့။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့လည်း အခုတလော “ဘယ်နည်းနဲ့ သွားရသွားရ၊ ပန်းတိုင်ရောက်ဘို့ အရေးကြီးတယ်”ဟု ဆိုကာ ကိုယ်စီးသည့်မြင်း အထီးမှန်းအမမှန်းမသိ စွတ်အော်နေသူတွေကို တွေ့ရသည်။

“ဘယ်နည်းနဲ့ဘဲ သွားရ၊ သွားရ။ ပန်းတိုင်ရောက်ဘို့ အဓိက” တဲ့။ ဘာ Principle မှ မရှိဘူးဆိုတာကို ပြနေတာနဲ့ အတူတူဘဲ။

ဘုရား၊ ဘုရား….။ အဲသည်လို အယူအဆလက်ကိုင်ထားတဲ့လူမျိုးနဲ့ အတူလက်တွဲလုပ်ရန်မှာ အန္တရာယ်များပေစွတကား။ ဖွဟဲ့..မပြောကောင်း၊ပြောကောင်း….“အချင်းချင်း နောက်ကျောကို ဓားဖြင့်ထိုးခြင်းသည် ဒီမိုကရေစီပန်းတိုင်ကို ရောက်စေနိုင်၏ ” လို့ ပေါက်ကရ အတွေးအခေါ်တွေ သူ့စိတ်ထဲဝင်သွားမှဖြင့် ကိုယ်ပါ နေရင်းထိုင်ရင်း အချောင်ဒုက္ခရောက်နိုင်သည်။ ပြောသာပြောရ… အခုတောင် ကိုယ့်နောက်ကျောမှာ အပေါက်ကလေးနဲ့ ဖြစ်နေပြီ ထင်ပါရဲ့။ ဒါကြောင့် အင်္ဂလိပ်စကားပုံမှာ “နတ်ဆိုးနဲ့အတူ ညစာ စားဘို့ဆိုရင် ဇွန်းအရှည်ကြီးတချောင်း လိုလိမ့်မယ်” ("If you sup with the devil you need a long spoon") လို့ ဆိုထားတာဘဲ။ အဓိပ္ပါယ်က ဝေးဝေးနေပေါ့ဗျာ။ တနည်းပြောရရင် “အသေ၀နာစ ဗာလံနံ” ပေါ့။

အဲသည် “ဘယ်နည်းနဲ့ဘဲ သွားရ၊ သွားရ။ ပန်းတိုင်ရောက်ဘို့ အဓိက” ဆိုတဲ့ ကြွေးကြော်သံအတိုင်းသာ မှန်တယ်ဆိုရင် စိတ်မပူကြပါနဲ့တော့ဗျိုး။ နအဖ စစ်အစိုးရကလည်း ဒီမိုကရေစီပန်းတိုင်ကို အာဏာရှင်စနစ်နဲ့ ချီတက်နေပါတယ်။ စစ်အာဏာရှင်နည်းလမ်းကနေ မှန်မှန်ကြီး ချီတက်နေပါတယ်။ ရိုးရိုးဒီမိုကရေစီစနစ်ကိုတောင် မဟုတ်ရပါဘူးတဲ့ဗျာ။ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်သို့ပါတဲ့။ မြန်မာပြည်လွတ်လပ်သွားရင် စင်္ကာပူရဲ့ နိုင်ငံရေးစနစ်မျိုး ကျင့်သုံးချင်တယ်ပြောနေကြတဲ့ ပရိတ်သတ်ကြီးအတွက်တော့ ၀မ်းမြောက်အားရှိစဘွယ်ပါဘဲ။ ဒီတော့ နအဖရဲ့ လမ်းပြမြေပုံအတိုင်း ပျော်ပျော်ကြီးသာ လိုက်သွားလိုက်ကြပေတော့ဗျာ လို့တောင် တိုက်တွန်းရမလို ဖြစ်နေပြီ။ နအဖကတော့ ပျော်သည် ပေါ့ဗျာ။

စဉ်းစားလည်း ကြည့်ကြပါဦးဗျာ။ ဝေးဝေးလံလံမဟုတ်ဘူး။ ကျနော်တို့မြန်မာတွေ အများစု ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဓဘာသာမှာဘဲ စဉ်းစားကြည့်ပါ။ နိဗ္ဗာန်ကို ဘယ်လမ်းက ဘယ်လိုသွားသွားရောက်နိုင်တယ်လို့ ဗုဒ္ဓဟောခဲ့ဘူးသလား။ ဖြတ်လမ်းက ရောက်နိုင်တယ်လို့ရော ဗုဒ္ဓက ဟောခဲ့ဘူးလို့လား။ ဒုစရိုက်မှုတွေ၊ အကုသိုလ်တွေလုပ်ပြီး နိဗ္ဗာန်ရောက်မယ်လို့ ဟောခဲ့ဘူးသလား။

နိဗ္ဗာန်ရောက်ချင်ရင် မဂ္ဂင်ရှစ်ပါး လမ်းအတိုင်းဖြောင့်ဖြောင့်သွားမှ ရောက်ပေမပေါ့။ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ကျင့်ကြံကြိုးကုပ်မှ ရပေမပေါ့။ ဖြတ်လမ်းမရှိဘူး ကိုယ့်လူတို့။ ခင်ဗျားတို့ လူအထင်ကြီးအောင် ယောဂီတဘက်ကလေး ပုခုံးပေါ်တင်ပြီး အပတ်စဉ် ဟန်ဆောင်ပန်ဆောင် ဘုန်းကြီးကျောင်းမှာ ၀တ်သွားရွတ်နေလည်း ခင်ဗျားတို့ရဲ့ လောဘတွေ၊ ဒေါသတွေ၊ အတ္တတွေ၊ မောဟတွေကို စိုးစဉ်းမှ ခ၀ါမချသရွေ့ သံသရာက ကျွတ်မယ်မထင်နဲ့။ အလကား ကိုယ့်ကိုယ်ကို လိမ်ညာနေတာဘဲ။

အလားတူ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုချင်ရင် မိမိကိုယ်၌ကလည်း ဒီမိုကရေစီထုံးတမ်းနည်းနာတွေ၊ လူ့အခွင့်အရေးတွေကို နားလည်သဘောပေါက်ပြီး ဒီမိုကရေစီနည်းနာအတိုင်း ကျင့်ကြံနေထိုင်မှ ဖြစ်ပေမပေါ့။ ဒီလိုမဟုတ်ဘဲ လက်တွေ့မှာ ကျနော်တို့ တဦးချင်းစီက ဦးသန်းရွှေအငယ်စားလေးတွေလို၊ နအဖ အငယ်စားလေးတွေလို ကိုယ်ကျိုးအတ္တနဲ့ အကြောက်တရားကို ရှေ့တန်းတင်ပြီး ပြုမူကျင့်ကြံနေရင် နအဖလို အစိုးရတွေဘဲ ကျနော်တို့တိုင်းပြည်မှာ အစဉ်အဆက် အုပ်ချုပ်နေမှာပေါ့။ ဘယ်လိုလုပ်ပြီး ဒီမိုကရက်တစ်အစိုးရကို ရနိုင်မလဲ။ ရှင်းနေတာဘဲ။

ကျနော်တို့ ဒီမိုကရေစီလိုချင်ရင် ဒေါ်အောင်ဆန်းစုကြည်လို တွေးပါ။ ကျင့်ကြံပါ။ နေထိုင်ပါ။ သူမကို အတုယူပါ။ လူ့အခွင့်အရေးကို လိုချင်ရင် မစုစုနွေးတို့ ကိုအောင်ဖေတို့လို ပြုမူပါ၊ ကျင့်ကြံပါ၊ နေထိုင်ပါ။ သူတို့ကို အတုယူပါ။

အားလုံးအတွက် လွတ်လပ်မှု “Freedom for all” လို့ အကျယ်ကြီး ကုန်းအော်နေပြီး ကိုယ်တိုင်ကျတော့ အကြောက်တရားရဲ့ ချုပ်နှောင်မှုအောက်က ရုန်းမထွက်နိုင်လို့ အိမ်တွင်းပုန်းနေတဲ့နောက် ဘယ်လိုလုပ်ပြီး သူတပါးလွတ်လပ်မှုကို ဆောင်ကြဉ်းပေးနိုင်ပါ့မလဲ။ ဥပမာပေးရရင်… ချောင်းတဟွတ်ဟွတ်ဆိုးနေသူက ဘလော့ဂ်တံဆိပ် ချောင်းဆိုးပျောက်ဆေး လိုက်ရောင်းနေသလိုဘဲ ရှိပေမပေါ့။ ယုံရခက်ကြီးပေါ့။ အဲ…အဲဒါကြီးကိုဘဲ ယုံယုံကြည်ကြည် ၀ယ်သောက်နေရှာတဲ့ ပရိသတ်လည်း ရှိပေမပေါ့ဗျာ။ ဒါတော့ဘယ်တတ်နိုင်ပါ့မလဲ။ နို့မဟုတ်ရင် ဒီလောကကြီးမှာ မျက်လှည့်ပြပြီး ဆေးညာရောင်းတဲ့လူတွေ ထမင်းငတ်ကုန်ပေမပေါ့။

ကျနော်တို့မှာ ရွေးချယ်စရာနှစ်လမ်းရှိပါတယ်။ ကိုယ်ယုံကြည်တဲ့အတိုင်း စွမ်းစွမ်းတမံ ကျင့်ကြံခြင်းဖြင့် ကျနော်တို့ လေးစားကြည်ညိုတဲ့ ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးက ချီးမွန်းလောက်တဲ့ အပြုအမူမျိုးကို လုပ်မလား။ ဒါမှမဟုတ် အမြဲတစေ လိပ်ခေါင်းလို အခွံထဲမှာ အသာလေးလျှိုနေပြီး ကိုယ့်လိုဘဲ ဘာမှမလုပ်ဘဲ အိမ်တွင်းပုန်း လေသေနတ်ဖောက်နေသူတွေရဲ့ ချီးမွန်းသံမှာ သာယာယစ်မူးနေမလား။ လူမိုက်တစ်ယောက်ရဲ့ ကဲ့ရဲ့တာကို ခံရတာဟာ ပညာရှိဆယ်ယောက်ချီးမွန်းတာကို ခံရတာနဲ့ ညီမျှသတဲ့။

ဒီမိုကရေစီစနစ်ဆိုသည်မှာ “အပ်ချလောင်း” ဆိုကာ အမည်ပြောင်း တံဆိပ်ကပ်လိုက်ရုံဖြင့် ဖြစ်ပေါ်လာနိုင်သည်မဟုတ်။ ပြည်သူအများစုက နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်မှ ဒီစနစ်ကို အောင်အောင်မြင်မြင် ထူထောင်ကျင့်သုံးနိုင်မယ်။ ဒီမိုကရေစီလိုချင်ရင် ကိုယ်တိုင် ဒီမိုကရေစီကျတဲ့ နည်းလမ်းတွေကို ယုံကြည်မှုရှိရမယ်။ လူ့အခွင့်အရေးကို လိုချင်ရင် အဲသည်အခွင့်အရေးတွေကို ကိုယ်တိုင်အသုံးချရမယ်။ ချိုးဖောက်နေတာတွေ့ရင် ကာကွယ်ပေးရမယ်။ ပြည်သူကိုလည်း ကိုယ်က ရှေ့ကနေ နမူနာပြ စည်းရုံးရမယ်။

ဒီလိုမဟုတ်ဘဲ ကိုယ်သူရဲဘောကြောင်တာလေးတချက်နဲ့ ရှေ့ကနေ စွမ်းစွမ်းတမံ လုပ်နေတဲ့လူတွေကိုပါ အချင်းချင်း တောင်ပြောမြောက်ပြော ပြောလာရင်တော့ ဗိုလ်ချုပ်အောင်ဆန်းစကားကိုဘဲ ပြန်ကိုးကားရမယ် ထင်ပါရဲ့။

“ခင်ဗျားတို့ အဲဒီ သောက်ကျင့်တွေ ပြင်ဘို့ လိုပြီ”
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs