“မျောက်မနဲ့ပမာညီ….. ဇနပနကလျာဏီ…”
ငယ်ငယ်က ကြားဘူးခဲ့တဲ့ သီချင်းတပိုင်းတစက စိတ်ထဲဝင်လာတယ်။ သီချင်းတပုဒ်လုံးတော့ နားမထောင်ဘူးပါဘူး။ ဒါပေမယ့် ညီတော်မင်းနန် ချွတ်ခန်းကို ရေးဖွဲ့ထားတာဘဲဆိုတာ သိသာနေတာဘဲ။
ဗုဒ္ဓက ညီတော်နန္ဒမင်းသားဟာ ကလျာဏီမင်းသမီးရဲ့ ရူပါရုံမှာ အစွဲလန်းကြီး စွဲလန်းနေတာကိုသိတော့ ဘယ်လို ကယ်ချွတ်သလဲ။ ပထမ တောလမ်းခရီးက သွားကြတုန်း သစ်ငုတ်တိုပေါ်မှာ ထိုင်နေတဲ့ မျောက်အိုမကြီးတကောင်ကို ပြပြီး “မင်းရဲ့ ကလျာဏီနဲ့ ဟောဒီမျောက်အိုမကြီး ဘယ်သူပိုလှသလဲ” လို့ မေးသတဲ့။ နန္ဒမင်းသားကလည်း နှိုင်းယှဉ်မေးရက်လေခြင်းဆိုပြီး ဗုဒ္ဓကို စိတ်ဆိုးတာပေါ့။ ဒါပေမယ့် ဗုဒ္ဓနတ်ပြည်ကို ကြွတဲ့အခါ မင်းနန်ကိုလည်း ခေါ်သွားပြီး အင်မတန်လှပတဲ့ နတ်သမီးလေးတွေကို ပြပြီး “နတ်သမီးလေးတွေ နဲ့ ကလျာဏီ မင်းသမီး၊ ဘယ်သူပိုလှသလဲ” မေးတဲ့အခါကျတော့ ဗုဒ္ဓရဲ့ ဆိုလိုရင်းကို ညီတော်မင်းနန်သိသွားပြီ။
သူစိတ်ထဲမှာလည်း…. “သြော် ငါ့စိတ်ထဲမှာ အင်မတန် လှ လှချည်ရဲ့လို့ ထင်ခဲ့တဲ့ ကလျာဏီမင်းသမီးဟာ အခုလို နတ်သမီးလေးတွေနဲ့ ယှဉ်လိုက်တော့လည်း မျောက်အိုမကြီးမျှသာ ရှိပါတော့ကလား” လို့ တွေးမိတော့သတဲ့။
နောက်တခုက ခေမာ မိဖုရားကို ချွတ်ခန်းလေ။ ခေမာမိဖုရားကလည်း အလှမာန်တက်တဲ့မိဖုရား။ ဗုဒ္ဓကို ၀င်ဖူးချင်လှတာမဟုတ်။ ဒါပေမယ့် တနေ့မှာ သူ့လင်တော်မောင်ဘုရင်ရဲ့ အမိန့်အရထင်ပါရဲ့။ ဗုဒ္ဓရှေ့မှောက်ကို ရောက်တယ်။ အဲသည်မှာ ဗုဒ္ဓက သူ့ရဲ့ တန်ခိုးနဲ့ ဖန်ဆင်းထားတဲ့ မိန်းမငယ်လေးတဦးဟာ ဗုဒ္ဓကို ယပ်ခပ်ပေးနေတယ်။ အဲဒီမိန်းမငယ်လေးဟာ ခေမာမိဖုရားထက် အဆပေါင်းများစွာလှပလို့ မိဖုရားကိုယ်၌က မျက်တောင်မခတ်တမ်းငေးကြည့်ရတဲ့ မိန်းမချောလေးပေါ့။ ကြည့်နေရင်းက မိန်းမချောလေးဟာ တဖြည်းဖြည်းအိုမင်းလာ၊ အရေပြားတွေတွန့်လာ၊ ဆံပင်တွေကျွတ်လာ၊ ဖြူလာ၊ ပါးရေနားရေတွေ တွန့်လိပ်လာပြီး နောက်ဆုံး တုံးကနဲ လဲကျသေဆုံးသွား။ အရိုးစုဖြစ်။ ဗုဒ္ဓက သူ့တန်ခိုးတော်နဲ့ Fast forward လုပ်ပြလိုက်တာပေါ့လေ။ အဲသည်မှာ ခေမာမိဖုရား တရားရသွားတယ်။ သြော်…အလှအပ၊ ရုပ်နမ်တရားတို့ဟာ မတည်မြဲဘူးပေါ့လေ။
ကျနော်မှတ်မိသလောက်ကို မှတ်မိသလို ရေးပြလိုက်တာပါ။
ဗုဒ္ဓက တကယ်တော့ သစ္စာတရား (တနည်း) အမှန်တရားကို ပြောတာာ။ ပြတာ။ အမှန်တရားကို ပြောကြားတဲ့နေရာမှာ သကာအုပ်မနေဘူး။ ကြားရသူအတွက် နားခါးချင် ခါးပေလေ့စေ။ အမှန်တရားကို သကြားအုပ်စရာမလိုဘူးဆိုတဲ့ သဘောမျိုးနဲ့ “ဟုတ်မှန်တယ်၊ အကျိုးရှိတယ်ဆိုရင် ကြားနာသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ” အခါအားလျော်စွာ ပြောဆိုလေ့ရှိသတဲ့။
ကျနော်အဲဒီ အဆုံးအမကို သဘောကျပါတယ်။ ဟုတ်တယ်နော်။ အမှန်တရားကတော့ သကြားအုပ်ဘို့ မလိုဘူး။ ရွှေဥဒေါင်းစကားနဲ့ ပြောရရင် နားသယ်ကို နှက်လိုက်သလို အလန့်တကြားနားလည်သွားအောင် ပိဿလေးနဲ့ ဘေးပစ်သလို တဲ့တိုး ပြောရတာကို ပိုသဘောကျတယ်။ မုသားကို ရောင်းထုတ်လိုတဲ့အခါမှာသာ သကာရည်လိမ်းကြံပြီး လှည့်ဖြားရောင်းရတာမျိုးကိုး။
ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောစရာရှိ ဟောဟောဒိုင်းဒိုင်း တဲ့တိုးကြီး ပြောချလိုက်တာမျိုး။ လှည့်ပတ်ကွေ့ကောက်မနေဘူး။ ဖက်ဆစ်တွေကို တိုက်ထုတ်နေချိန်က မဟာမိတ်တပ်တွေ ဗမာပြည်ထဲကို ပြန်ဝင်လာတော့ ၀ီလျံစလင်းမ်နဲ့ ဗိုလ်ချုပ် ပထမဦးဆုံးအကြိမ်တွေ့တဲ့နေရာမှာ အချီအချ စကားပြောခန်းကို ကျနော်အရမ်းသဘောကျမိတယ်။
“အောင်ဆန်း၊ မင်းက ငါတို့တွေ အရေးနိမ့်နေတုန်းကတော့ ငါတို့နဲ့ မပေါင်းဘူး၊ ငါတို့အရေးသာလာမှ မင်းက လာပေါင်းတယ်” လို့ စလင်းမ်က ပြောတော့ ဗိုလ်ချုပ်အောင်ဆန်းက ဘာပြန်ပြောတယ်မှတ်သလဲ။
“ခင်ဗျားတို့ အရေးနိမ့်နေတုန်း လာပေါင်းလို့ ကျုပ်တို့အတွက် ဘာအကျိုးရှိမလဲ” လို့ ပေါ်တင်ကြီး ပြောချလိုက်တယ်။ ၀ီလျံစလင်းမ်က အဲသည်ကတည်းက ဗိုလ်ချုပ်ရဲ့ ရိုးသားဖြောင့်မတ်မှုကို တခါတည်း လေးစားသွားတော့တာဘဲ။
အမှန်တရားကို ပြောတဲ့နေရာမှာ သကြားအုပ်စရာမလိုဘူး။
ဒါပေမယ့် ပြောတဲ့လူအနေနဲ့ သတ္တိရှိဘို့တော့ လိုတယ်။ သတ္တိမရှိရင် အမှန်အတိုင်း မပြောရဲဘူး၊ အမှန်အတိုင်း မလုပ်ရဲဘူး။ အမှန်အတိုင်း မကျင့်ကြံရဲဘူး။
လူဟာ အကြောင်းအရာတခုကို အဖြူအမဲ သဲကွဲနေပေမယ့်လည်း ကိုယ်ကျိုးစီးပွား ထိခိုက်လာမှာ စိုးရိမ်တဲ့အခါ အမဲကို အမဲလို့ ပွင့်ပွင့်လင်းလင်း မပြောရဲဘူး။ Grey Area တွေများနေပါတယ်လို့ပြောပြီး ရူးချင်ယောင် ဆောင်တတ်ကြတယ်။ တချို့ကတော့ လိမ်ပြောတတ်ကြတယ်။
အင်တာဗျူးတခုမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတာလေးတခုကိုလည်း သတိရမိသေးတယ်။ သူဟာ…နိုင်ငံရေးနယ်ပယ်မှာ လူပေါင်းစုံနဲ့ရော၊ မီဒီယာတွေနဲ့ပါ အမြဲတစေ တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြားရလေ့ရှိပါတယ်တဲ့…။ ဒါပေမယ့် တချို့မေးခွန်းတွေကို သူမ အမှန်အတိုင်းဖြေကြားလို့မဖြစ်တဲ့အခါမျိုးမှာ မဖြေကြားဘဲသာ ဆိတ်ဆိတ်နေပါတယ်တဲ့။ လိမ်ညာဖြေကြားလေ့ မရှိပါဘူး…..တဲ့။
အင်မတန် အတုယူစရာကောင်းပါတယ်။
ဒါကတော့ အမှန်တရားနဲ့ ပတ်သက်လို့ ကျနော့်စိတ်ထဲပေါ်လာတာလေးတွေကို ချရေးလိုက်တာပါ။
နောက်တခုက…….ဘယ်လိုချစ်ကြတာလဲ……ဆိုတဲ့ မေးခွန်း။
လင်မယားနှစ်ယောက်၊ ဒါမှမဟုတ် သမီးရည်းစားနှစ်ယောက် အူတုန်အသည်းတုန် ချစ်ကြတယ်ဆိုပါစို့။ ကိုယ်က ကိုယ့်အိမ်ထောင်ဘက် သို့မဟုတ် ချစ်သူ အပေါ်မှာ သစ္စာမဖောက်ရုံနဲ့ လုံလောက်ပြီလား။ ကိုယ်စိတ်ထဲမှာ အသည်းနှလုံးပါပုံပြီး ချစ်တယ်လို့ ထင်နေရုံနဲ့ လုံလောက်ပြီလား။ တဖက်လူကို ကိုယ်ချစ်ကြောင်း စကားဖြင့်ဖြစ်စေ၊ အမူအရာနှင့်ဖြစ်စေ၊ အနွံတာခံခြင်းနဲ့ ဖြစ်စေ အလုပ်နဲ့သက်သေ ပြသသင့်တာပေါ့။ အသည်းနှလုံးထဲက ချစ်တာတွေကို ပေါ်လွင်အောင်မပြတတ်ဘူးဆိုရင်တော့ တကယ်မချစ်လို့ဘဲ ဖြစ်ရမယ်။ ဟုတ်တယ်လေ…. ထုတ်လဲမပြောဘူး၊ အမူအယာနဲ့လည်း မပြောဘူး၊ စိတ်ထဲကဘဲ ချစ်တယ်ဆိုတော့ သူချစ်တာ ဘယ့်နှာကြီးလဲဟ…လို့ မေးစရာကြီးပေါ့။
ကျနော်ထင်တယ်လေ။ ပြောရုံနဲ့တောင် မလုံလောက်သေးဘူး။ အဓိကကတော့ အမူအယာနဲ့ အပြုအမူနဲ့ အလုပ်နဲ့လည်း ပြသရမှာပေါ့။ တော်တော်ကြာ.. လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာဆိုရင် ဘယ့်နှယ့်လုပ်မလဲ၊ ဟုတ်ဘူးလား။
အဲဒီကနေ တဆင့်တက်ပြီး စဉ်းစားလိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တယ်၊ မြတ်နိုးတယ်၊ လေးစားတယ် ဆိုတဲ့ စကားတွေနဲ့ ပတ်သက်လို့။ အဲသည်လို ပြောတဲ့လူတွေတော့ အတော်များများ တွေ့ခဲ့ဘူးပါတယ်။ အခုလည်း တွေ့နေရပါတယ်။ တခွန်းလောက်တော့ မေးချင်တယ်။ တကယ်ချစ်တာ ဟုတ်ရဲ့လားလို့လေ။
မေးရတာက အကြောင်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ရင် ဒေါ်အောင်ဆန်းစုကြည် လုပ်စေချင်တဲ့အရာတွေကို ဘာတခု လုပ်နေပါသလဲ။
ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်။ နိုင်ငံရေးလုပ်နေသူတွေကို အားပေးထောက်ကူရမယ်။ နိုင်ငံရေးအကျဉ်းသားတွေကို အားပေးကူညီရမယ်။ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြရမယ်။ အဲသည်လို ပြောခဲ့တယ်။
နိုင်ငံခြားမှာ ရှိနေတဲ့ မြန်မာတွေ အနေနဲ့ဆိုရင် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် ငွေကြေးထောက်ပံ့တာမျိုး ကောင်းကောင်းကြီး လုပ်နိုင်တာပေါ့။ ပြည်တွင်းလှုပ်ရှားသူတွေမှာ စည်းရုံးရေးခရီးတွေ ထွက်နိုင်ဘို့၊ ထိရောက်တဲ့ ဆက်သွယ်ရေးအတွက် လက်ကိုင်တယ်လီဖုန်းတွေ ငှားရမ်းအသုံးပြုနိုင်ဘို့၊ မရှိမဖြစ် ကွန်ပြူတာအင်တာနက်အသုံးပြုနိုင်ဘို့၊ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာ အစားအသောက်ထုတ် ပုံမှန်ထောက်ပံ့နိုင်အောင်လို့၊ အပြင်မှာ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ သားသမီးတွေအတွက် ထောက်ပံ့နိုင်ဘို့ ငွေကြေးလိုပါတယ်။ ဒါက ပြည်ပမှာရှိတဲ့ မြန်မာတွေအနေနဲ့ တတ်နိုင်တဲ့အရာ။
နှင်းခါးမိုး (ကိုဝေလင်း) ဘလော့ဂ်မှာ ရေးထားတာ တွေ့တယ်မို့လား။ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံအောက်မှာ “သူ့ကိုချစ်ရင် သူ့စကားကို နားထောင်ပါ” လို့ ရေးထားတာ။ တိုတိုနဲ့ ထိမိတယ်။
ဟုတ်တယ်။ အဲသည်လိုမှ နားမထောင်နိုင်ရင်တော့ အန်တီစုကို ချစ်တယ်ပြောနေတာဟာ လျှာအရိုးမရှိတိုင်း ပြောနေတာလား၊ ဒါမှမဟုတ် အဲဒီစကားဟာ ပေါ်ပြူလာဖြစ်လို့ ပြောနေတာလား။ ဒါမှမဟုတ် ဒီမိုကရေစီအင်အားစုတွေဘက်က အားသာလာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖော်လံဖားချင်တဲ့ စိတ်နဲ့ ပြောတာမျိုးလား (သာကူး)။ ဒါမှမဟုတ် ဒေါ်စုကို ချစ်တဲ့သူတွေက အများစုမို့ တကယ်စိတ်မပါဘဲ “အထဲတမျိုး၊ အပြင်တမျိုး” လျှာဖျားကနေ ပြောနေကြတာလား။ ဒါမှမဟုတ် အနိုင်ရမယ်၊ အားသာမယ်ထင်ရတဲ့အချိန်လေးမှာဘဲ ကောက်ရိုးမီးလို ဟုန်းကနဲ ထတောက်ပြီး ထောက်ခံကူညီတာမျိုးလား။ ကိုယ့်ဘာသာကိုယ် ဆန်းစစ်ကြပါ။
အဲသည်မေးခွန်းတွေထဲက တမျိုးမျိုးနဲ့ အကျုံးဝင်နေပြီဆိုရင်တော့ ဟိုသီချင်းထဲကလို “ယုန်ကောင်ငုံ၍ ယုန်ရုပ်ရေးပြသော်လည်း….ယုံရခက်ခဲ….ခက်လှချည်ပေါ့ နောက်များတခါ” လို့ဘဲ ဆိုလိုက်ချင်ပါတော့တယ်။
ဘလော့ဂ်ဖတ်လာ မိတ်သဟာ နည်းမှန်လမ်းမှန် ချစ်တတ်ကြပါစေ…. မုသားကို သကာဖုံးတဲ့ လုပ်ရပ်တွေ လျှော့နိုင်ကြပါစေ။

4 comments:
ကိုပေါ
ပြောလဲခံရမှာပါ
ရေးခဲ့ဘူးတဲ့ကဗျာတပုဒ်
ငါကိုယ်ငါမုန်းလိုက်တာ
“ငါမုန်းတဲ့ငါ”
တနှစ်လာလဲ
ကဗျာတို၊ ကဗျာစနဲ့ 
အပေါ်ယံရွှေမှုံ့ ကြဲတဲ့
အမေ့အတွက်မွေးနေ့ ဆုတောင်း
ခုထိညာလို့ ကောင်းနေတဲ့
ငါ့ကိုယ်ငါရှက်တယ်။
အမေ့ပေးဆပ်မှုတွေအတွက်
ငါဘာကျေးဇူးသိတတ်လဲ
ဒီမိုအော်ဟစ်
တိုင်းပြည်ချစ်တယ်တဲ့
တကယ်တော့
အကြောက်တရားတွေကြားနစ်
လူဖြစ်ရှုံးတဲ့
ငါ့ကိုယ်ငါမုန်းတယ်။
ကွယ်ရာမှာဆဲနေရုံနဲ့ 
ဒီကောင်တွေလဲကျသွားတယ်ဆိုရင်တော့ကောင်းသား
ခုတော့
ပြည်သူတွေသူတောင်းစားမဖြစ်ရုံတမယ်
ထမင်းတလုပ်အတွက်မျက်နှာငယ်နေရလဲ
သက်ပြင်းလေးချငိုပြရုံသာတတ်တဲ့
ငါ့ကိုယ်ငါအော်ဂလီဆန်တယ်။
အတ္တတွေအောက်
စုန်းစုန်းမြုပ်လို့ 
လက်ခုပ်တောင်ကျယ်ကျယ်မတီးဝံ့သမျှ
ကျွန်ဘ၀သက်တန်းရှည်နေမှာသိလဲ
မစွန့် လွှတ်ရဲတဲ့
ငါ့ကိုယ်ငါရွံတယ်။
ဘယ်အထိစောင့်မှာလဲ
ဘယ်အထိကြောက်မှာလဲ
အဲဒီလောက်စောင့်
အဲဒီလောက်ကြောက်နေရင်
ကြာရင်မြန်မာပြည်လဲပျောက်တော့မယ်
ရှစ်လေးလုံး၊ရွှေဝါရောင်၊နာဂစ်
ဒီထက်ဆိုးတဲ့အဖြစ်တွေထိ
လက်ပိုက်ကြည့်နေမလို့ လား။
အမေစုနဲ့ မတန်တဲ့ငါ
ကိုမင်းကိုနိုင်နဲ့ မတန်တဲ့ငါ
စုစုနွေး နဲ့ မတန်တဲ့ငါ
.....သူရဲကောင်းတွေနဲ့ မတန်တဲ့ငါ
ငါ့လိုငါတွေ
ငါတို့ တိုင်းပြည်မှာရှိနေသမျှ
ဘယ်တော့မှလွတ်လပ်ရေးရမှာမဟုတ်ဘူး။ ။ ။
ကိုပေါ ....
တော်တော် အမုန်းခံရဲပုံရတယ် ... ဒီပို့လေးကိုလည်း နှစ်ခြိုက်တဲ့အတွက် ကျေးဇူးပါ။
စု့ သမီး ...
ကျွန်တော် ကဗျာတွေကို အမြဲ ဖတ်လေ့မရှိတာမို့ ဒီကဗျာကို မသိခဲ့ဘူး။ ထိမိ ကောင်းမွန်တဲ့ ကဗျာတစ်ပုဒ်ပါပဲ။
ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ။
အမှန်တရားကို သကြားအုပ်ဖို့ မလို ဆိုတာတော့ ကိုပေါရေ.. သကြားပါရင် နည်းနည်း အ၀င်သက်သာတာပေါ့နော်။ ဗိုလ်ချုပ်အောင်ဆန်း အဆင့်လောက်ဆိုရင်တော့ သကြားပါပါ မပါပါ၊ ဆေးခါးကြီးပဲ တိုက်တိုက် စေတနာကို သိပြီးသားပဲ။ အမှန်တရားကို နားလည်လက်ခံတဲ့သူဟာ တော်ရုံ ဥာဏ်ရှိသူ မဟုတ်တာမို့ ကိုယ့်စကားကို သူများလက်ခံဖို့ နည်းလမ်းကို ဥာဏ်ရှိရှိ ရှာတတ်ပါလိမ့်မယ်။ ဥပမာ ဒေါ်စု လိုပေါ့။ သူပြောတာ အကုန် မှန်တယ်၊ ဒါပေမဲ့ ပြောတာ မှန်လွန်း ချစ်စရာကောင်းလွန်းလို့ အမြဲ လက်ခံ နားလည်ရပါတယ်။ (တခါတလေ ပြုံးတောင် ပြုံးရသေး)
ကိုပေါတို့က ကျမတို့ထက် အများကြီး စာပိုဖတ်၊ ပိုသိကြသူတွေပါ။ ကျမလဲ ဟုတ်မလားလို့ ဆွေးနွေးကြည့်တာပါ။ တကယ်တော့ ကျမလဲ ဒဲ့ကြီး ပြောတတ်လွန်းလို့ ရွာပြင်ထုတ်ခံထားရမယ် လို့ အမြဲ ပြောခံနေရသူပါလေ။
မေတ္တာဖြင့်
မိုးချိုသင်း
ကိုပေါ စီဘောက်လုပ်ပါလားဗျ။ စာဖတ်ပရိတ်သတ်နဲ့ စာရေးသူ ဝေးနေတယ်လို့ မထင်ဘူးလား။ အြုကံပေးတာပါ။
Post a Comment