သြော်….အခုတော့ သူတကယ်ဘဲ သွားရှာပါပြီ။
“….သွားပေဦးတော့…ရဲဘော်ရေ…..”
ကျနော့်စိတ်ထဲမှာ တိတ်တဆိတ်ရေရွတ်လိုက်မိသည်။ ငါးနှစ်တိတိ ကျနော်နှင့်အတူ လက်တွဲရင်း ကျနော့်ဒဏ်ကို ဆိုးတူကောင်းဖက် သည်းညည်းခံခဲ့သည့် ရဲဘော်တယောက်၏ နောက်ဆုံးခရီးတွင် မျက်ရည်မကျမိအောင် ထိန်းထားနိုင်ခဲ့သည်မို့ ကျနော့်အဖြစ်ကို နည်းနည်းတော့ ကျနော်အံ့သြမိသည်။ အမှန်တော့ အဲသည် အဝေးဆုံးခရီးကို သူ့အနေနှင့် သည်လောက် စောစီးစွာ ထွက်ခွာသွားလိမ့်မည်လို့တော့ ကျနော် စိုးစဉ်းမျှ မထင်မှတ်ထားခဲ့။
မှတ်မိသေးသည်။ လွန်ခဲ့သည့် ငါးနှစ် ကျနော်တို့အိမ်ကို သူစရောက်လာစဉ်က ကျနော်က NTU မှာ ကျောင်းတက်နေတုန်း။ ကျောင်းက ပရော့ဂျက်ကို စလုပ်နေချိန်။ ကျနော့်ပရော့ဂျက်အတွက် အစစ သူက ကူညီပံ့ပိုးပေးသည်။ ကျနော့်ကျောင်းစာများမှာလည်း သူ့အကူအညီသာမပါလျှင် ကျနော်နားလည်ဘို့မလွယ်။
အဲသည်တုန်းက ကျနော်တို့မှာ လင်မယားနှစ်ယောက်တည်း ကလင်မင်တီး ရပ်ကွက်တွင် အိမ်ငှားနေကြသည်ပေါ့။ သူရောက်လာသည့်အတွက် ကျနော်တို့ အနေမကျုံ့ပါ။ ကျနော်တို့ ဒဏ်ကိုသာ သူကောင်းကောင်းခံရလေတော့သည်။ ကျနော်တို့လင်မယား ညဥ့်နက်သန်းခေါင်အထိ မအိပ်ဘဲနေလျှင် သူပါ အိပ်စက်ခွင့်မရ။ တစုံတခုအတွက် အထိမ်းအမှတ်ပွဲကျင်းပလိုသည့်အခါ အရက်မသောက်တတ်သော သူ့ကို ဘေးမှာထားပြီး ကျနော်တို့လင်မယားနှစ်ယောက် ဘီယာပုလင်းထောင်တာမျိုး၊ ၀ိုင်သောက်ကြတာမျိုးကတော့ သူ့အဖို့ အဆန်းမဟုတ်တော့။ တခါတလေများ လင်းအားကြီးမှာ အလိုက်ကန်းဆိုးမသိ သူ့ကို နှိုးချင်တတ်ကြသေးသည်။
ဟော…သူရောက်ပြီး ၁ နှစ်လောက်နေတော့ မြန်မာပြည်မှာ ကျန်ရစ်ခဲ့တဲ့ သမီးလည်း ကျနော်တို့ထံ ရောက်လာ၏။ အိမ်မှာအမြဲကျန်ရစ်ခဲ့သည့် သူ့ခမြာ သမီးဒဏ်ကိုပါ ကောင်းကောင်းကြီး ခံရချေတော့သည်။ သမီးကလည်း ကလေးမို့ သူ့ကို ရိုသေရမှန်းမသိ။ သူ့ကိုဆိုလျှင် သမီးက ထုချင်နှက်ချင်၊ ကုတ်ချင်၊ ခြစ်ချင်တတ်သည်။ အကြမ်းပတမ်းလုပ်ချင်သည်။ ကျနော်တို့ကသာ မနေသာ၍ သမီးကို ၀င်ဟန့်ရသည်။ သူကတော့ တကယ့်ရေခဲတုံး။ ဘာဆိုဘာမှ မပြော။ လုပ်တိုင်းခံသည်။
ဟော….ကျနော်တို့ အိမ်ပြောင်းတော့လည်း သူပါလိုက်ပြောင်းလာပြီး မခွဲမခွာ တအိမ်တည်း အတူဆက်နေဖြစ်သည်။ ကျနော်တို့ကလည်း သူ့ကို သံယောဇဉ်တွယ်နေပြီမို့ မထားရစ်ခဲ့ရက်။
သည်လိုနှင့် ကျနော်တို့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင် လှုပ်ရှားသည့်အခါ၊ အိုးဝေအင်တာနက်စာမျက်နှာတွေလုပ်သည့်အခါ သူ့ဆီက အကူအညီယူရသည်။ သူ့အကူအညီမပါလျှင် ကျနော်တို့သည်လောက် ခရီးရောက်မည်မဟုတ်။ ပြည်တွင်းနှင့် နိုင်ငံတကာတွင်ရှိသော မြန်မာ့အရေးလှုပ်ရှားသူများကိုလည်း များသောအားဖြင့် သူကတဆင့်သာ ဆက်သွယ်ရသည်။
ကျနော့်ဒဏ်ကိုတော့ ပြောစမှတ်တွင်လောက်အောင် သည်းခံနိုင်သူပင်။ ကျနော်က တခါတလေ သူနဲ့အလုပ်လုပ်ရင်း အဆင်မပြေမှုကြုံလာသည့်အခါများ၌ စိတ်ဆတ်သူပီပီ ဒေါသကို မထိန်းနိုင်ဘဲ သူ့ကို ခြေနှင့် ကန်ကျောက်မိသည့် အခါများပင်ရှိသည်။ ဤသည်ကိုပင် သူက စိုးစဉ်းမျှ စိတ်ကွက်ဟန်မပြ။
များသောအားဖြင့်တော့ သူ့ခမြာ အလျှော့ပေးကာ ကျနော်ဖြစ်စေချင်သည့်အတိုင်းသာ တသွေမတိမ်း လိုက်လံလုပ်ဆောင်ပေးခဲ့ရသည်ချည်းဖြစ်သည်။
သို့သော်….လွန်ခဲ့သည့် လအနည်းငယ်ကစ၍ သူ့ကျန်းမာရေး ချူချာလာသည်။ အလုပ်လုပ်ရာတွင် အရင်ကလို သွက်သွက်လက်လက်မရှိတော့။ တကြိမ်တွင် မနည်းနှိုးယူရသဖြင့် သူသွားတော့မည်လောဟု ကျနော်တို့လင်မယားနှစ်ယောက် အကြီးအကျယ် ထိတ်လန့်ရဘူးသည်။
သြော်…..အခုတော့ သူတကယ် သွားရှာပြီ။
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းဟူသည် ကွေကွင်းနောက်ဆုံးဖြစ်ရချေပြီ။ သူ့ကို မခွဲခွာလိုသော်လည်း အိမ်မှာ ဆက်ထား၍ မဖြစ်တော့။ ထုံးတမ်းစဉ်လာအတိုင်း သူ့ကို အိမ်မှ ထုတ်ရပေတော့မည်။
သူ့ကို အိမ်မှ မထုတ်ခင် နောက်ဆုံးအမှတ်တရအဖြစ် သူ၏ ကိုယ်တွင်းအင်္ဂါတွေဖြစ်သော Memory stick နှစ်ချောင်း၊ Harddisk နှစ်လုံးနှင့် ကျနော့်ဘာသာ ၀ယ်တပ်ထားသော Video downloading card တို့ကို ကျနော်ဖြုတ်ယူထားလိုက်သည်။
သူ့၏ အသက်မဲ့ ခန္ဓာကိုယ်ကြီးအား “ကာရာကူနီ”ခေါ် ပစ္စည်းအဟောင်းဝယ်သူ၏ လက်ထဲသို့ အပ်လိုက်ပြီးနောက် ကျနော့်နှုတ်မှ နောက်ဆုံးအကြိမ် လှိုက်လှိုက်လှဲလှဲ ရေရွတ်လိုက်သည်။
“ကဲ…သွားပေဦးတော့…..Acer Desktop PC ကြီးရေ။ မင်းကို Recycle လုပ်ဖြစ်ကြလို့ နောင်ဘ၀ ဆိုတာများရှိခဲ့ရင် ကိုယ်နဲ့မင်းရဲ့ ဘ၀ဟာလည်း နှစ်လွှာပေါင်းမှ တရွက်ဘဲ ဖြစ်တဲ့ စွယ်တော်ရွက်ကလေးများလို “ဘလော့ဂါနဲ့ PC” ဘ၀ကို ပြန်ရောက်ပါစေလို့ ကိုယ်တကယ်ဘဲ လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတယ်….ခိုင်ရယ်….အဲလေ၊ ဟုတ်ပေါင်….Acer Desktop PC ကြီးရယ်။ နောင်ဘ၀ဆက်တိုင်းမှာ မင်းကိုလည်း PC လို့ဘဲ ဆက်၍ ခေါ်မည်…Acer”

23 comments:
သက်ရှိလားလို့ ဖတ်နေတာ။ memory stick ဖြုတ်ယူတယ်ဆိုတဲ့အထိ။
Hard Disk ဆိုမှသိတော့တယ်။ ဆိုတော့ ကိုပေါ အရေးကောင်းပါသည်။
ဟားဟား .... တကယ့် အိုးစားဘက် ရဲဘော်ကြီး တစ်ယောက်ထင်ပြီး ဖတ်နေတာ.... ဘယ်အစ်ကိုကြီးများလဲ.. ငါနဲ့များ သိနေမလား ...တွေတွေးပြီး အပီအပြင်ကို ပုံဖော်ကြည့်နေတာ `သူ့ကို အိမ်မှ မထုတ်ခင် နောက်ဆုံးအမှတ်တရအဖြစ် သူ၏ ကိုယ်တွင်းအင်္ဂါတွေဖြစ်သော´ဖတ်နေတဲ့ အထိ ဟာ ... ကိုယ်တွင်း အင်္ဂါတွေ ဘာလုပ်မလို့လဲ (အမြန်) တွေးနေတုန်း.....
ရွာကခိုင်းနွားကြီးသေရသလို သနားသွားပါတယ်
သူရောက်လာသည့်အတွက် ကျနော်တို့ အနေမကျုံ့ပါ။ ... ဆိုတော့ သက်ရှိလို့ ထင်လိုက်တယ်။
တကြိမ်တွင် မနည်းနှိုးယူရသဖြင့် သူသွားတော့မည်လောဟု ကျနော်တို့လင်မယားနှစ်ယောက် အကြီးအကျယ် ထိတ်လန့်ရဘူးသည်။... ဒီနေရာကျမှ မဟုတ်သေးဘူး ထင်တယ်လို့ မသင်္ကာဖြစ်လာတယ်။
တတ်နိုင်ပါပေ့ ကိုပေါ။
ကိုပေါ… အမ မျက်ရည်ကျသွားမယ်ဆိုလို့  တကယ်အောင့်မေ့မိတာ… နောက်ဆုံးနား ရောက်တဲ့အထိ အကြွေစောသွားတဲ့ ကိုပေါတို့ နှစ်က ကောင်လေးလို့ ပဲ ထင်နေတာ… ဒါပေမယ့် စဉ်းစားကြည့်ပြန်တော့ သူက ဒီမှာမှ မနေတာဆို သံသယဖြစ်မိတော့ ကိုယ်မသိလိုက်တဲ့ ဘယ်သူများလဲလို့ … ဟင်း… စိတ်မကောင်းတွေ ဖြစ်လိုက်ရတာ… ကိုပေါရေ… နောက်တခါ အလွမ်းတွေရေးရင် သတိထားတော့မယ်… အဲလို ဆွဲခေါ်သွားနိုင်တာကပဲ ပညာပေါ့…
အရေးအသား အရမ်းကောင်းတယ်ဗျာ....ရေလည်မျောသွားတယ် ပြီးခါနီးမှ Acer PC ကြီးဖြစ်နေတယ်..... :)
TZL
အရေးအသား အရမ်းကောင်းတယ်ဗျာ....ရေလည်မျောသွားတယ် ပြီးခါနီးမှ Acer PC ကြီးဖြစ်နေတယ်.....
TZL
ကျနော်က တခါတလေ သူနဲ့အလုပ်လုပ်ရင်း အဆင်မပြေမှုကြုံလာသည့်အခါများ၌ စိတ်ဆတ်သူပီပီ ဒေါသကို မထိန်းနိုင်ဘဲ သူ့ကို ခြေနှင့် ကန်ကျောက်မိသည့် အခါများပင်ရှိသည်။ ဤသည်ကိုပင် သူက စိုးစဉ်းမျှ စိတ်ကွက်ဟန်မပြ။))))))
ကိုပေါတော့ ဆိုးနေပြီးမှတ်တာ နောက်ကျမှ ကျနော်ကိုမမှီရှာဘူး ဆိုတာသိလိုက်ရတယ်..
ကျနော်က ခြေတော်တင်ရင်တင်တာဗျ..
း)
ကိုပေါ ကတော့..လုပ်ပြန်ပြီ..
ဘယ်လူများလည်းလို့..ရင်တထိတ်ထိတ် နဲ့။
ထင်သားပဲ..။ ဒီလူကြီးတင်လိုက်ရင် ဒီလို ဖြစ်မယ်ဆိုတာ...။ သံသယနဲ့ ဖတ်နေတာ...။ ခုတစ်လောလဲ ဘာသတင်းမှ မကြားရဆိုတော့ တစ်ခုခုတော့ တစ်ခုခုပါပဲလေ ဆိုပြီး...။ စာရေးကောင်းတယ်...။
လုပ်ချလိုက်ပြန်ပီ... ကျွန်တော်ကဘယ်သူပါလိမ့်မလဲလို့ ဒီကျွန်းပိစိကနေတစ်ယောက်ပြီးတစ်ယောက် ထွက်နေရတာမဟုတ်လား.. ကျွန်တော်တို့မသိတဲ့တခြားတစ်ယောက်များလားလို့... ဟင်းလုပ်ပုံကကြည့်.. သွားလူဆိုး :D
အစပိုင်းဖတ်နေရင်း ဒုက္ခ ဘယ်အသိများ ဆုံးသွားပါလိမ့်ဆိုပြီး ရင်ထိတ်သွားတာ။ ဖတ်ရင်းနဲ့ တခုခုတော့တခုခုပဲဆိုပြီး ဆက်ဖတ်လိုက်မှ နောက်ဆုံးတော့ Acer PC ဖြစ်နေပါလား။ အရေးအသားပိုင်ပါပေတယ် ကိုပေါ။ စိတ်မကောင်းဖြစ်ခြင်းက အလယ်မှာ တ၀က်နဲ့ရပ်သွားရပါတယ် :)
အော် ပရိုဂမ်မာ တစ်ယောက်လို့ ထင်နေတာ။ ကိုပေါက ကန်တယ်ဆိုလို့... ဟယ်၊ ဆိုးလိုက်တာ ဆိုပြီး တွေးနေတာ။ ဟိ... ကိုမောင်ရင့်လိုပဲ memory stick ဆိုတဲ့ထိ မသိသေးဘူး။ ဟားဟား။
တို့လဲ sowhat လိုပဲ။ ကိုပေါက ကန်တယ်ဆိုလို့ ဒီလောက်ဆိုးတဲ့လူကြီး မခေါ်တော့ဘူးတောင် အောက်မေ့တာ ..အဟက် ဟက်။
သက်မဲ့ဆိုတော့ တော်ပါသေးရဲ့ ။
....
...ပေါချက်ကတော့ ကမ်းကုန်ပဲ...
အဲလေ..ရေးချက်ကတော့ စံနမူနာပါဘဲကွာ..
:D :D ;D
...
Ko.TG
စာရေးကောင်းပါပေ့ဗျာ။
ကောင်းရာမွန်ရာ ရောက်ပါစေ... အဟုတ်မှတ်လို့ ရင်တထိတ်ထိတ်နဲ့ ဖတ်နေတာ... အတုယူရမယ့် စာရေးနည်းပါပဲ။ များများရေးနိုင်ပါစေဗျာ
အသိများဖြစ်မလားလို့တထိပ်ထိပ်နဲ့လိုက်ဖတ်တာ...
ရေးသားတာပြောင်မြောက်တော့ သက်မဲ့ကွန်ပျူတာကိုတောင် ကိုပေါရဲ့ သူငယ်ချင်းလို့ထင်မိပါတယ်...
အားလုံးလိုပဲ memory ဖြုတ် hard disk ဖြုတ်တော့မှပဲ သိတော့တယ်...
KO PAW,
U ... really good man, luckily i jumped to last part quickly b cos no time to go thru all.
ဖတ်နေရင်းနဲ့ငိုတော့မလို့၊ရေလည်ခံစားနေတာ memory stick
ဆိုတော့မှရင်ဝအလုံးကြီးတစ်သွားတယ်၊ငါ့နှယ်နော်ဆုံးအောင်
မဖတ်ပဲခံစားနေတယ်ဆို့ပြီးတယောက်ထဲရှက်တောင်နေသေး
တယ်၊
ကိုပေါရေးချက်ကတော့ပြင်းသဗျို့။
မြုပ်ကွက်ထား ရေးချက်ကတော့ ပိုင်ပါပေ့ ကိုပေါရေ...။ အငိုက်မိသွားတယ်။ :D
Post a Comment