“သွေးဆာနေသူများသို့...”

မြန်မာပြည်တွင် ကျောင်းဆရာအလုပ်ကို ဝင်လုပ်နေကြသူ အမျိုးမျိုးရှိသည်။ တချို့က ဝါသနာအလျောက် ကျောင်းဆရာလုပ်နေကြသူများ ဖြစ်သည်။ တချို့ကလည်း သူ့ခေတ်သူ့အခါက ဆယ်တန်းအောင်ပြီးသောအခါ၊ ဘွဲ့ရပြီးသောအခါ အသက်မွေးဝမ်းကြောင်းအတွက် အလုပ်လျှောက်ထားရန် လွယ်ကူသဖြင့် ကျောင်းဆရာ ဝင်လုပ်သူများလည်း ရှိသည်။ ထို့အပြင် မိဘချမ်းသာသဖြင့် ဝမ်းရေးအတွက် ပူစရာမလိုသော်လည်း ကျောင်းဆရာ၊ ဆရာမဟူသည် ဂုဏ်ရှိသည့် အလုပ်ကလေးတခုဖြစ်သည်ဆိုကာ ဝင်လုပ်ကြသည်လည်း ရှိသေးသည်။ ထိုသို့ အကြောင်းအမျိုးမျိုးနှင့် ဝင်ရောက်လုပ်ကိုင်ကြသော ကျောင်းဆရာပေါင်း မြောက်မြားစွာထဲတွင် အတော်စားကျောင်းဆရာများပါသလို၊ အရှော်စား ကျောင်းဆရာများလည်း တပုံတပင် ပါဝင်သည်။ စိတ်ကောင်းရှိသည့် ဆရာများရှိသလို၊ စိတ်ဆိုးရှိသည့် ဆရာများလည်း ရှိသည်။ မည်သို့ပင်ဖြစ်စေ ထိုကျောင်းဆရာ၊ ကျောင်းဆရာမ များသည် မြန်မာပြည်တွင်းရှိ လူငယ်ကျောင်းသားအများစု၏ ဘဝကို ပုံသွင်းနေကြသည်။ မြန်မာပြည်၏ ပစ္စုပ္ပာန်နှင့် အနာဂတ်ကို ဖန်တီးပုံသွင်းနေကြသည်။ မြန်မာပြည်၏ အနာဂတ်အပေါ် ထိုသူတို့၏ လွှမ်းမိုးနိုင်မှု စွမ်းပကားကို အသိအမှတ်ပြုရမည်ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေတွင် ထိုကျောင်းဆရာ၊ ကျောင်းဆရာမ အများစုသည် နအဖ ပညာရေးကော်မတီ စိတ်ကြိုက် ရေးဆွဲထားသော သင်ရိုးအတိုင်း သင်နေကြရသူများဖြစ်သည်။ နအဖ ညွှန်ကြားသည့်အတိုင်း တသွေမတိမ်း လိုက်နာ ပြုမူနေရသူများဖြစ်သည်။ ထိုသို့ လိုက်နာနေရသဖြင့် ထိုသူအားလုံးကို နအဖ ဒေါက်တိုင်များဟု အမည်ပေး၍ ရပါမည်လော။ ထိုသူများကို နအဖ လက်အောက်တွင် ဝန်ထမ်းလုပ်မနေပါနှင့်တော့၊ ကျောင်းဆရာအလုပ်မှထွက်၍ ကောင်းရောင်းကောင်းဝယ်သာ လုပ်စားပါတော့ဟု တိုက်တွန်းလျှင် လက်ခံကြမည်ဟု ထင်ပါသလား။

အလားတူပင် မြန်မာ့တပ်မတော်ထဲသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်ခဲ့သူများရှိသည်။ အချို့မှာ စစ်သားဘဝကို သဘောကျသဖြင့် ဝင်ရောက်သည်။ အမှန်တကယ် တိုင်းပြည်ကို ကျူးကျော်သူများရန်မှ ကာကွယ်ပေးလိုသဖြင့် ဝင်ရောက်သူများလည်း ရှိသည်။ တချို့မှာ အိမ်က ထွက်ပြေးလာရင်း သုံးစရာပိုက်ဆံကုန်အခါ ကြံရာမရဖြစ်ပြီး တပ်ထဲဝင်သွားသူများလည်းရှိသည်။ တချို့ကတော့ ညဖက် လမ်းမပေါ်တွင် သွားရင်းလာရင်း ဘုမသိ ဘမသိ နားရင်းဆွဲအတီးခံရကာ တပ်သားစုဆောင်းရေးကားပေါ်သို့ ဆွဲတင်သွားခြင်းကို ခံသူများဖြစ်သည်။ တပ်သားများထဲတွင် မိဘမဲ့ ကလေးများလည်း အများအပြားရှိသည်။ အခွင့်အာဏာကို မက်မော၍ တပ်ထဲသို့ ဝင်သူများလည်း ရှိသည်။ တပ်ထဲတွင် အတော်စား စစ်သည်များပါသလို အလျှော်စား စစ်သည်များလည်း ပါသည်။ စိတ်ကောင်းရှိသည့် တပ်မတော်သားများ ပါဝင်သလို၊ စိတ်ကောင်းမရှိသည့် တပ်မတော်သားများလည်း ပါဝင်သည်။ မည်သို့ပင် ဖြစ်စေ ထိုတပ်မတော်သား အားလုံးသည် မြန်မာပြည်၏ လက်ရှိအခြေအနေနှင့်အနာဂတ်ကို ဖန်တီးနေကြသည်။ မြန်မာပြည်၏ အနာဂတ်အပေါ် ထိုသူတို့၏ လွှမ်းမိုးနိုင်မှု စွမ်းပကားကို အသိအမှတ်ပြုရပေမည်။

သို့သော် ထိုတပ်မတော်သားအများစုသည် နအဖ အစိုးရ၏ ကွပ်ကဲမှုအောက်တွင် အမိန့်ကို နာခံနေရသူများဖြစ်သည်။ နအဖ ညွှန်ကြားသည့်အတိုင်း လိုက်နာနေရသူများ ဖြစ်သည်။ ထိုသူအားလုံးကို နအဖ ဒေါက်တိုင်များဟု အမည်ပေး၍ သင့်တော်ပါမည်လော။ ထိုသူများကို တပ်ထဲတွင် မနေပါနှင့်တော့။ တပ်ကထွက်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်စားပါတော့ဟု တိုက်တွန်းလျှင် လက်ခံမည်ထင်ပါသလား။ လက်ခံစေဦးတော့ လွယ်လွယ်နှင့် တပ်ထဲက ထွက်ခွင့်ရမည်ဟု ထင်ပါသလား။

ထိုသို့လျှင် ရဲတပ်ဖွဲ့၊ မီးသတ် နှင့် အစိုးရဌာနအသီးသီး၌ ဝန်ထမ်းဘဝနှင့် ယူနီဖောင်း၏ ပိတ်လှောင်မှုကို ခံနေရသူ ပြည်သူအများအပြားရှိသည်။ အားလုံးသည် စနစ်၏ သားကောင်များသာဖြစ်သည်။ ထိုသူများကို “နအဖ လက်ကိုင်တုတ်”များဟု ခေါ်ဝေါ်သမုတ်ကာ အကြမ်းဖက်နည်းဖြင့် ဗုံးခွဲသတ်ဖြတ်ကာ ဒေါက်တိုင်ဖြိုလိုသည်ဆိုသော ဒီမိုကရေစီဘက်တော်သားအမည်ခံ အတိုက်အခံအချို့၏ လွဲချော်လှသော အတွေးအခေါ်နှင့် အကြမ်းဖက်ချင်သော သဘာဝကို အံ့သြမဆုံးအောင် ဖြစ်ရပါသည်။ ပို၍ အံ့သြစရာကောင်းသည်မှာ ထိုသူများသည် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့၏ ခေါင်းဆောင်အဖြစ်လည်း သတ်မှတ်ထားသူများ ဖြစ်နေပြန်သည်။ ထိုသူများအနေနှင့် မိမိတို့ခေါင်းဆောင်၏ လမ်းစဉ်သည် မည်သည့်လမ်းစဉ်ဖြစ်ကြောင်းကို ခေတ္တခဏမျှ ရပ်တန့်စဉ်းစားသင့်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းစဉ်သည် အကြမ်းမဖက်လမ်းစဉ်ဖြစ်သည်။ နောက်လိုက်ကောင်း ပီသအောင်ပင် မကျင့်ကြံနိုင်သူများအနေဖြင့် စနစ်တခုပြောင်းလဲရာတွင် တော်လှန်ရေးကို ဘယ်ပုံဘယ်နည်း ခေါင်းဆောင်နိုင်မည်လဲဟု စဉ်းစား၍ မရအောင်ပင် ရှိတော့သည်။

လက်ကိုင်တုတ်ဆိုသော ဝေါဟာရနှင့် ပတ်သက်၍ ယခင်နှစ် ဇူလိုင်လအတွင်းကလည်း ပို့စ်တခု ရေးခဲ့ဖူးရာ ယခု လက်ရှိ အခြေအနေများနှင့် တိုက်ဆိုင်လှသဖြင့် “လက်ကိုင်တုတ်နှင့် တောင်ဝှေး” ပို့စ်ကို ပြန်လည် ညွှန်းဆိုလိုက်ပါသည်။
Read more

“ကံဆိုးသူမောင်ရှင်”

“ကံဆိုးသူမောင်ရှင်” ဟူသည့် ဝေါဟာရကို မြန်မာစကားတွင် မကြာခဏ သုံးစွဲကြသည်ကို တွေ့ရသည်။ ဤဝေါဟာရသည် ရေငန်ပိုင်ရှင် ဦးရှင်ကြီး(မောင်ရှင်)၏ ဘဝဇာတ်လမ်းက ဆင်းသက်လာသည်ဟု ယူဆဖွယ်ရှိသည်။ ဇာတ်လမ်းကို လိုသလောက်သာ အတိုချုံးပြောရသော် မိန်းမလှကျွန်းတွင် သွားရောက်ကာ ထင်းခုတ်ကြသော မောင်ရှင်တို့၏ လှေကို ထိုကျွန်းတွင်ရှိသော နတ်သမီးကလေးများက မောင်ရှင်၏ စောင်းသံ၌ သာယာငြိတွယ်သွားမိသည့်အလျောက် အပြန်ခရီးတွင် လှေမထွက်နိုင်အောင် ဆွဲထားကြသည်ဆို၏။ ထိုအခါ လှေသူကြီးက မည်သူ၏ ကံဆိုးမိုးမှောင်ကျမှုကြောင့် လှေမထွက်နိုင်ရသနည်းဟု မဲချရှာဖွေလိုက်သောအခါ ကံဆိုးသူမှာ မောင်ရှင်ဖြစ်နေသည်။ ထို့ကြောင့် လှေသားများသည် မောင်ရှင်ကို ရေတွင် ချရစ်ကာ လှေထွက်သွားကြသည်။ ဇာတ်လမ်းအဆုံးတွင် နတ်သမီးလေးများက မောင်ရှင်အား ပွေ့ယူကာ ကျွန်းပေါ်သို့ ခေါ်ဆောင်သွားကြသည့်အတွက် မောင်ရှင်သည် အရှင်လတ်လတ် နတ်ဖြစ်သွားသည်ဟု အဆိုရှိသည်။ (ဤ အတ္ထုပ္ပတ္တိ အကျဉ်းအတွက် ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော မောင်သန်းဆွေ(ထားဝယ်)၏ “ပြည်လှဖေနှင့်စောင်းတော်ရှင်” ဆောင်းပါးကို ကိုးကားပါသည်။)

ကံဆိုးသူမောင်ရှင်ဆိုသော စကားအတိုင်း ကံဆိုးသဖြင့် ရေတွင် အချခံရဖို့ (ရေထဲပစ်ချခံရဖို့) မဲကျသည်။ သို့သော် အရှင်လတ်လတ် နတ်ဖြစ်သွားခြင်း၊ နတ်သမီးတွေအကြားတွင် “မချောတသိုက်နှင့်ကိုယ်တယောက်” ဖြစ်ခွင့်ရခြင်းတို့ကို ထောက်သော် အမှန်တကယ် ကံဆိုးသည်လော၊ ကံထူးသည်လော ပြောရတော့ခက်သည်။

ရှိစေတော့။ ဤဆောင်းပါးတွင် ဆွေးနွေးလိုသောအချက်မှာ လူအများအကျိုးအတွက် တစုံတယောက်၏ အသက်အား စတေးသည့် (ယဇ်ပူဇော်သည့်) အချက်ကို ဖြစ်သည်။ မောင်ရှင်၏ အဖြစ်မှာ ကံဆိုးမိုးမှောင်ကျကာ မဲပေါက်သဖြင့် ရေချခံရသည်။ ထို့အတွက် သူ့သဘောနှင့်သူ လိုလိုလားလား ဗော်လံတီယာ(volunteer)လုပ်ကာ ရေချခံသည်ဟု မဆိုနိုင်။ အများအကျိုးအတွက် မောင်ရှင်၏ အသက်အား သူ့ဆန္ဒ မပါဘဲ အတင်းစွန့်ခိုင်းသည်ဆိုလျှင် ထိုလုပ်ရပ်သည် တရားမျှတသောလုပ်ရပ် မဖြစ်နိုင် ။ အဘယ်ကြောင့်ဆိုသော် ကျန်သူများကဲ့သို့ တန်းတူညီမျှ အသက်ရှင်ပိုင်ခွင့်ကို မောင်ရှင်တယောက် မခံစားရတော့သောကြောင့်ဖြစ်သည်။ ဤနေရာတွင် မဲမနှိုက်ဘဲ လှေသူကြီးက အာဏာသုံးကာ မောင်ရှင်အား ရွေးချယ်လိုက်လျှင် ဤလုပ်ရပ်သည် ပိုဆိုးပေသည်။

အလားတူပင် မောင်ရှင်၏ ဇာတ်လမ်းနှင့် ဆင်ဆင်တူသော ဖြစ်ရပ်မျိုးများလည်း လူ့သမိုင်းတွင် ကြိမ်ဖန်များစွာ ဖြစ်ပျက်ခဲ့ဖူးလေသည်။ ရှေးအခါက ကြီးမားသော ရောဂါ ကပ်ဆိုးကြီးများ၊ အစာရေစာ ငတ်မှုခေါင်းပါးမှုကြီးများ ကျရောက်လာသောအခါ (သို့မဟုတ်) ငလျှင်၊ မီးတောင်၊ မုန်တိုင်းစသည့် သဘာဝဘေးအန္တရာယ်ကြီးများ ကြုံတွေ့လာသောအခါ ထိုဘေးအန္တရာယ်တို့ ဖြစ်ပွားရသည့် အကြောင်းရင်းကို လူသားတို့ ကောင်းမွန်စွာ သဘောမပေါက်နိုင်ကြသေးသည့်အလျောက် နတ်ဘုရားတို့၏ အမျက်ဒေါသကြောင့်ဖြစ်ရသည်ဟုသာ ကောက်ချက်ဆွဲကြသည်။ ထိုအခါမျိုးတွင် နတ်ဘုရားတို့၏ အမျက်ဒေါသ ပြေရာပြေကြောင်းအတွက် လူအချို့၏ အသက်အား သတ်ဖြတ်ကာ ယဇ်ပူဇော်ပသသည့် လုပ်ရပ်များကိုပြုလုပ်ခဲ့ကြကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။

ယနေ့ အသိပညာနှင့် သိပ္ပံပညာထွန်းကားလာသော ခေတ်တွင် ထိုဘေးအန္တရာယ်အသွယ်သွယ်တို့ ဖြစ်ပွားရသော အကြောင်းရင်းခံကို သေချာကျနစွာ သိလာကြပြီးသည့်နောက်ကား ထိုသို့ အဓိပ္ပါယ်မရှိသော ယဇ်ပူဇော်ပသမှုမျိုးမှာ ကမ္ဘာ့နေရာတော်တော်များများ၌ တိမ်ကောသွားလေသည်။

သို့သော် ထိုသို့ ယဇ်ပူဇော်သည့် အယူအဆသည် လုံးဝ ပပျောက်သွားသည်ကား မဟုတ်ချေ။ အချို့နေရာများတွင်ကျင့်သုံးဆဲဖြစ်ပြီး အချို့နေရာများတွင်မူ အခြားအသွင်တမျိုးအနေဖြင့် ပြန်လည် ပေါ်ပေါက်လာသည်။

“လူ့အဖွဲ့အစည်းအကျိုးအတွက်၊ လူအများအကျိုးအတွက် လူတယောက်၏ ရပိုင်ခွင့် အခွင့်အရေးကို စတေးရမည်” ဆိုသည့် မှားယွင်းသော အယူအဆတရပ်သည်လည်း အရှေ့တောင်အာရှနိုင်ငံအချို့တွင် အမြစ်တွယ်လာသည်ကို တွေ့ရသည်။

ဤနေရာတွင် စတေးခြင်း (သို့မဟုတ်) ပေးဆပ်ခြင်း (သို့မဟုတ်) စွန့်လွှတ်ခြင်း အကြောင်းကို ရှေးဦးစွာ ရှင်းလင်းရန်လိုအပ်သည်။ လူတယောက်သည် အများအကျိုးအတွက် မိမိအကျိုးကို မိမိသဘောဆန္ဒအလျောက် စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်း၊ စတေးခြင်းဖြစ်ပါက ထိုလုပ်ရပ်သည် အင်မတန် မွန်မြတ်သည့်အလုပ်ဖြစ်သည်။ သူတော်စင်၊ သူတော်ကောင်းများ၏ ကျင့်စဉ်ဖြစ်သည်။ ထိုလုပ်ရပ်မျိုးကို ချီးကျူးထိုက်သည်။ ကျေးဇူးတင်ထိုက်သည်။

သို့သော် အများအကျိုးအတွက်ခေါင်းစဉ်တပ်ကာ တစုံတယောက်ကို ကာယကံရှင်၏ သဘောဆန္ဒမပါဘဲ အခြားသူများက ဖိအားပေး၍ စွန့်လွှတ်ခိုင်းခြင်းဖြစ်ပါက ထိုအပြုအမူသည် တရားမျှတမှုမရှိသော၊ အကျည်းတန်သော၊ ချုပ်ခြယ်ကန့်သတ်သော၊ အင်အားသုံးအနိုင်ကျင့်သည့် အဓမ္မလုပ်ရပ်သာလျှင် ဖြစ်သည်။ ယဇ်ပူဇော်သော လုပ်ရပ်နှင့် ဘာမျှမခြားတော့ချေ။ ထိုလုပ်ရပ်မျိုးကို ရှုတ်ချထိုက်သည်။ ဆန့်ကျင်ကန့်ကွက်ထိုက်သည်။

ဖြစ်သင့်သည်မှာ အများအကျိုးအတွက် အများစုဆန္ဒနှင့်အညီ ဆုံးဖြတ်လုပ်ကိုင်ကြရမည်မှန်သော်လည်း တဖက်တွင် လူတဦးတယောက်ချင်း၏ အခြေခံ အခွင့်အရေးများ၊ လူနည်းစု၏ တူညီသော အခြေခံရပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက်ရမည်။ လူတယောက်၏ အခွင့်အရေးအား ချိုးဖောက်ခံနေရသည်ကို မြင်လျှင် မိမိနှင့် မဆိုင်သလို မနေသင့်။ လူအများစုက ဝင်ရောက် ခုခံ ကာကွယ်ပေးရမည်ဖြစ်သည်။ မိမိနှင့် မဆိုင်သလို ငြိမ်နေလိုက်ပါက တချိန်တွင် မိမိသည်လည်း ကံဆိုးသူမောင်ရှင် ဖြစ်လာနိုင်သောကြောင့်ပင်ဖြစ်သည်။

ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” အမည်ရှိ စာအုပ်ထဲတွင် တနေရာ၌ သူတို့၏ ထောင်တွင်းအစာငတ်ခံတိုက်ပွဲအကြောင်းကို ဖော်ပြထားသည်။ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုဗလကြီးအား သံခြေကျဉ်းခတ်သဖြင့် သူတို့ တတိုက်လုံး (တိုက်-၃)က အစာငတ်ခံ ဆန္ဒပြကြသည်။ ဦးဝင်းတင်ကို ခေါင်းစွပ်(မျက်နှာဖုံးသော ခေါင်းစွပ်)ကို စွပ်ပြီး ထောင်စစ်ကြောရေးအခန်းကို ခေါ်သွားသည်။ ထိုအခန်းတွင် ဦးဝင်းတင်ကို တွဲဖက်ထောင်ပိုင် ဦးလူလှက စစ်မေးသည်။ ဦးဝင်းတင် အရေးအသားမူရင်းအတိုင်း ကောက်နှုတ်ဖော်ပြရလျှင်...

...ဦးလူလှက ကရင်လူမျိုး။ စကားပြောငြင်သာတယ်။ မေးခွန်းမျိုးစုံမေးတယ်။ ချောက်လုံးချော့လုံးတွေ အများကြီးပြောတယ်။

“ သူ့သံခြေကျဉ်းနဲ့ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
“နောင်ကျရင် သူ့သံခြေကျဉ်းက ကျုပ်ခြေထောက်ကို လာစွပ်မှာပေါ့ဗျ”

ဦးလူလှက စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။.....

ဦးဝင်းတင်၏ အယူအဆမှာ အင်မတန် မှန်ကန်လှပေသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသား၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးခြင်းသည် အခြားနိုင်ငံရေးအကျဉ်းသားအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းလည်း ဖြစ်ပေသည်။ အကယ်၍သာ မဆိုင်သလိုငြိမ်နေလိုက်ကြပါက တချိန်တွင် ထိုသံခြေကျဉ်းသည် မည်သည့်နိုင်ငံရေးအကျဉ်းသား၏ ခြေထောက်ကိုမဆို လာစွပ်နိုင်ပေသည်။

ထိုသို့ ကိုယ်နှင့်မဆိုင်သလို မနေသင့်ပုံနှင့် ပတ်သက်၍ ဂျာမန်သင်းအုပ်ဘုန်းတော်ကြီး Martin Niemöller ရေးသားခဲ့သော ကဗျာတပုဒ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ Martin Niemöller သည် နာဇီတို့၏ ဖမ်းဆီးမှုကို ခံရပြီး အကျဉ်းစခန်းတွင် ၁၉၃၇ မှ ၁၉၄၅ အထိ အဖမ်းဆီးခံခဲ့ရသူဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက နာဇီများအာဏာရလာပြီးနောက် သူတို့နှင့် အမြင်မတူသူများကို တဖွဲ့ပြီးတဖွဲ့ စတင် ပစ်မှတ်ထားကာ ချေမှုန်းလာသောအခါ ဂျာမဏီရှိ ပညာတတ်အများစုက ထိုကိစ္စအပေါ် လုပ်သင့်လုပ်ထိုက်သည့်အတိုင်း ဘာတခုမှ ထိထိရောက်ရောက် မလုပ်ဆောင်ကြပုံကို ရည်ညွှန်းရေးဖွဲ့ခဲ့သည့် ကဗျာဟု အဆိုရှိပါသည်။

"THEY CAME FIRST for the Communists,
and I didn't speak up because I wasn't a Communist.

THEN THEY CAME for the Jews,
and I didn't speak up because I wasn't a Jew.

THEN THEY CAME for the trade unionists,
and I didn't speak up because I wasn't a trade unionist.

THEN THEY CAME for me
and by that time no one was left to speak up."

လူတိုင်း တချိန်မဟုတ် တချိန်တွင် ကံဆိုးသူမောင်ရှင်၏ အဖြစ်မျိုး မကြုံတွေ့ကြဖို့ ဆိုရန်မှာ လူတဦးတယောက်ချင်း၏ အခွင့်အရေးကို လေးစားကာကွယ်စောင့်ရှောက်ရန်နှင့် သူတပါးအခွင့်အရေး ချိုးဖောက်ခံနေရခြင်းကို မြင်တွေ့ရပါက ကိုယ့်အခွင့်အရေးချိုးဖောက်ခံနေရသလိုပင် ကူညီခုခံကာကွယ်ပေးရန်ဖြစ်ပါသည်။
Read more

“သင်္ကြန်ဗုံးနှင့် သူခိုးတသိုက်”

“The Kite Runner” ဇာတ်ကားထဲမှ ဇာတ်ပို့ဇာတ်ကောင်တဦးဖြစ်သူ ဘာဘာ(BABA)က မကောင်းမှုဒုစရိုက်နှင့်ဆိုင်သော သူ့အယူအဆကို အောက်ပါအတိုင်း ရှင်းပြသည်။

“လောကကြီးမှာ ဒုစရိုက်မှု (မကောင်းမှု)က တခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုရင် ခိုးမှုပဲ။ ကျန်တာတွေအားလုံးက ခိုးမှုကနေ အသွင်နည်းနည်း ပြောင်းလဲသွားတာပဲ ရှိတယ်။ လူတယောက်ကို သတ်လိုက်တယ်ဆိုရင် သူ့ရဲ့ အသက်ရှင်သန်ပိုင်ခွင့်ကို ခိုးယူလိုက်တာပဲ။ ဒါ့အပြင် ဇနီးဖြစ်သူထံက သူ့ယောက်ျားအဖြစ် ရယူပိုင်ဆိုင်ခွင့်ကို ခိုးယူလိုက်တာပဲ။ အလားတူပဲ… ကလေးတွေထံက သူ့တို့အဖေအဖြစ် ရယူပိုင်ဆိုင်ခွင့်ကို ခိုးယူလိုက်တာပဲ။ မုသားပြောတယ်ဆိုရင် နားထောင်သူထံက အမှန်အတိုင်း ကြားသိခွင့်ကို ခိုးယူလိုက်တာပဲ။”

ပြီးခဲ့သော ရန်ကုန်သင်္ကြန်ဗုံးပေါက်၍ လူအများ သေဆုံးကြသည့် သတင်းကို ကြားသိရသောအခါ ဘာဘာ၏ အထက်ပါ ပြောစကားများကို ပြန်လည် သတိရလာမိသည်။ ဗုံးဖောက်ခွဲလိုက်သူများသည် သေဆုံးသူတို့၏ အသက်ရှင်သန်ပိုင်ခွင့်ကို ခိုးယူ၊ လုယူလိုက်ကြပါပြီကော။ ရလဒ်အဖြစ် ပူဆွေးဝမ်းနည်းလျက် ကျန်ရစ်သော မုဆိုးမများ၊ မိဘမဲ့ကလေးများ၊ ရင်သွေးဆုံးရှုံးသွား၍ ပူဗျာပွေနေမည်ဖြစ်သော မိဘများ၊ မောင်နှမသားချင်းများ၊ ဆွေမျိုးများ၊ မိတ်ဆွေများ။

အဆိုပါ ဗုံးများကို မည်သူဖောက်ခွဲသည်ဖြစ်စေ ထိုလုပ်ရပ်အား လူသားဆန်သူအားလုံးက ရှုတ်ချရမည်သာဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူများက ပို၍ပင် ရှုတ်ချရမည်ဖြစ်သည်။

ယခု ဗုံးပေါက်ကွဲသည့်ကိစ္စသည် နအဖ စစ်အစိုးရလက်ချက်ဖြစ်နေပါက သိပ်အံ့သြစရာမရှိ။ စစ်အစိုးရသည် ဤထက်မက ပိုမို၍ ပက်စက်သော ရာဇဝတ်မှု၊ ဒုစရိုက်မှုပေါင်းများစွာကို ကြိမ်ဖန်များစွာ လူသိရှင်ကြား ကျူးလွန်ခဲ့သည့် အစိုးရဖြစ်သည်။

သို့သော် အတိုက်အခံတချို့၏ ပယောဂဖြင့် ပေါက်ကွဲသည့် ဗုံးများဖြစ်ပါက အတော်ပင် အံ့သြစရာလည်းကောင်းသည်။ ထိတ်လန့်စရာလည်း ကောင်းသည်။ စိတ်ပျက်စရာလည်း ကောင်းလှပေသည်။ ထိုသို့သော ထင်မြင်စွတ်စွဲခြင်းမျိုးကို မပြုလိုသော်လည်း ယခုအခါ ဘလော့ဂ်စာမျက်နှာများပေါ်တွင် စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေသော အင်အားစုတချို့ထံမှ အဆိုပါ ဗုံးဖောက်ခွဲခြင်းသည်ပင် တရားသဖြင့် လမ်းစဉ်ဖြစ်လေသယောင် ယောင်ဝါးဝါး ရေးသားလာခြင်းများကို တွေ့ရသောအခါ ဤကိစ္စသည် အတိုက်အခံ အင်အားစုအချို့၏ လက်ချက်လည်း ဖြစ်နိုင်ပေသည်ဟု တွေးတောလာရပေသည်။ ဤအတိုင်းသာ မှန်ပါက ထိုသူတို့သည် ကိုယ့်ဘာသာ ဘာလိုချင်မှန်း မသိသူများ၊ ကိုယ်စီးနေသောမြင်းကို အထီးမှန်းအမမှန်း မသိသူများသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။

စစ်အစိုးရကို ထိုသူတို့ တော်လှန်ဆန့်ကျင်နေသည်မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မဟုတ်ပါလား။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုရာ၌ အခြေခံအကျဆုံးဖြစ်သော လူသားတို့၏ အသက်ရှင်သန်ပိုင်ခွင့် (Right to life) ကိုမျှပင် အလေးမထားပါက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အမှန်တကယ်လိုလားသည်ဟု ဆိုနိုင်ပါဦးမည်လော။

ထောင်တန်းကျလောက်သော ရာဇဝတ်မှုကို ကျူးလွန်ခဲ့သူတို့အဖို့ပင် အများပြည်သူရှေ့မှောက် တရားခွင်တွင် ဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့်ရှိသည်။ တရားစွဲဆိုသူဖက်က သံသယဟူ၍ မြူတမှုန်မျှပင် မဖြစ်လောက်အောင် စွဲဆိုချက် အခိုင်အမာ၊ သက်သေအခိုင်အမာ ရှိရမည်။ စွဲဆိုချက်သည် မခိုင်မာ၊ သက်သေအထောက်အထားလည်း မခိုင်လုံပါက ပြစ်မှုကျူးလွန်ခဲ့သည် မှန်သော်လည်း သံသယအကျိုးကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးရသည့်အမှုများ၊ ဥပဒေအရ စွဲဆို၍ မဖြစ်နိုင်သောကြောင့် ကွင်းလုံးကျွတ်လွှတ်ပေးရသည့် သာဓကများလည်းရှိသည်။ ဤသည်မှာ အပြစ်မရှိသူအပေါ် မှားယွင်းအပြစ်မပေးမိအောင် ကာကွယ်ထားသည့် အကြောင်းကြောင့်လည်းဖြစ်သည်။

ယခုဗုံးခွဲလိုက်သည့်ကိစ္စတွင်မူကား ဗုံးခွဲသူများက သူ့တို့ပင်လျှင် ဆွဲချရှေ့နေနေရာမှ စွဲချက်တင်၊ သူတို့ပင်လျှင် တရားသူကြီးနေရာမှ စီရင်ချက်ချကာ၊ သူတို့ပင်လျှင် အာဏာပါးကွက်သားနေရာမှ လူတဖက်သား၏ အသက်တချောင်းကို သူတို့သဘောကျ လက်လွတ်စပယ် စီရင်ဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်။ အဆိုပါ ဗုံးကွဲမှုတွင် သေဆုံးသွားသူအားလုံးတွင် သေဒဏ်ချလောက်သော အပြစ် တစုံတရာ ရှိခဲ့ပါ၏လော။

ထို့အပြင် အဆိုပါ ဖြစ်စဉ်ကြီး တခုလုံးတွင် မည်သည့်နေရာတွင် ဥပဒေနှင့် ညီသနည်း။ မည်သည့်နေရာတွင် တရားမျှတမှုရှိသနည်း။ မည်သည့်နေရာတွင် လူ့အခွင့်အရေး စံနှုန်းစံထားများနှင့် ကိုက်ညီပါသနည်း။ ထိုသူများကို လုပ်ပိုင်ခွင့်အာဏာ မည်သူက အပ်နှင်းထား၍ မည်သည့်ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ပါသနည်း။ တကယ်တွင်ကား ဤလုပ်ရပ်သည် ကြိုတင်ကြံရွယ်ထားသော၊ ယုတ်မာပက်စက်သော၊ သွေးအေးအေးနှင့် ကျူးလွန်သော လူသတ်မှု သက်သက်မျှသာ ဖြစ်ချေသည်။

ဤသို့သော လူသတ်မှုမျိုးကို နအဖကျူးလွန်ပါက ရှုတ်ချ တားဆီးရမည်ဖြစ်သလို၊ အတိုက်အခံ အမည်ခံ အကြမ်းဖက်ဝါဒီများက ကျူးလွန်လာပြီဆိုပါကလည်း တန်းတူပင် ရှုတ်ချရမည်ဖြစ်သည်။

“လူတကာ ဒုက္ခရောက်နေချိန်တွင် သင်္ကြန်တွင် သွားရောက်ပျော်ပါးကြသူများ…. အခုတော့ ဘယ်နှယ့်ရှိစ” ဆိုသည့် သဘောမျိုး ရေးသားကြသည်ကိုလည်း ဖတ်ရသေးသည်။ ဒီမိုကရေစီစနစ်တွင် လူတဖက်သားကို မိမိဖြစ်စေချင်သည့်အတိုင်း အတင်းအဓမ္မ လိုက်နာစေချင်၍ မရကြောင်းကို ထိုသူများ သဘောပေါက်သင့်သည်။ အသက်ရှင်သန်ခွင့်အပြင် လွတ်လပ်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ ရှိသေးသည်ကို သတိမူသင့်သည်။ သင်္ကြန်ပွဲ (သို့မဟုတ်) ပျော်ပွဲရွှင်ပွဲကို မသွားသင့်ဟု ထင်မြင်ယူဆပါက မိမိဘာသာ မသွားဘဲနေရန်သာရှိသည်။ သွားသည့်သူများကို မသွားနှင့်ဟု အဓမ္မပိတ်ပင်တားဆီး၍ မဖြစ်နိုင်။

နအဖသည် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်နည်းဖြင့် အင်အားသုံးဖြေရှင်းသည်ဆိုလျှင် ယခု ဗုံးပေါက်ကွဲခြင်းကို ကာကွယ်ပြောဆိုနေသော အတိုက်အခံများသည်လည်း နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းမည့်သူများဟု ယူဆ၍ ရနိုင်ပါဦးမည်လော။ နအဖအစိုးရ တနည်းနည်းနှင့် ပြုတ်ကျသွားပြီး ဤသို့သော အတိုက်အခံများ မတော်တဆ အာဏာရလာပါက မိမိနှင့် သဘောထားမတိုက်ဆိုင်သူများ၊ အမြင်မတူသူများ၊ မိမိအလိုကျ လိုက်မလုပ်သူများကို ဤသို့ပင် အကြမ်းဖက်လမ်းစဉ်ဖြင့် ကိစ္စတုံးစေရန် ကြိုးစားကြပေလိမ့်ဦးမည်။ ထိုသူများသည် အာဏာမရမီကပင် အာဏာရှင်ကဲ့သို့ ပြုမူနေကြသည်ဖြစ်၍ အာဏာရသည့်အခါ နအဖထက်ပင် ဆယ်ပြန်ဆိုးမည့်သူများ ဖြစ်လာမည်မှာ မုချပင်ဖြစ်သည်။ ထိုသူများကို တိုင်းပြည်လွတ်လပ်သောအခါတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း၍ တရားရုံးတော်တွင် ဥပဒေကြောင်းအရ စီရင်ကာ ထိုက်သင့်သည့် အပြစ်ဒဏ်ကို ပေးမှသာလျှင် အပြစ်မဲ့ သေဆုံးရသူများ၏ ကျန်ရစ်သောမိသားစုများအတွက် တရားမျှတမှုရှိရာ ရောက်ပေလိမ့်မည်။

တဖက်တွင်လည်း နအဖ စစ်အစိုးရသည် အစိုးရတရပ်အနေနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့် တာဝန်၌ လစ်ဟင်းလျက်ရှိသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော အမည်နှင့် ဆန့်ကျင်စွာပင် ယင်းတို့အုပ်ချုပ်စဉ်ကာလတလျှောက်လုံး နိုင်ငံမှာ အေးချမ်းမှုလည်းမရှိ၊ သာလည်း မသာယာ၊ ဖွံ့ဖြိုးတိုးတက်ရမည့်အစား ဆုတ်ယုတ်လျက်ပင် ရှိသည်။

အဆိုးထဲမှ အကောင်းဟု ဆိုနိုင်သည့်အချက်ကား ယခင်က “နအဖကို ဘယ်နည်းနဲ့ တိုက်တိုက်၊ တရားတယ်” ဟု ယူဆသူအချို့ပင် ယခုလုပ်ရပ်အား ဆန့်ကျင်ကန့်ကွက်လာသည်ကို တွေ့ရခြင်းပင်ဖြစ်သည်။

အမှန်တကယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လိုလားကြသည်ဆိုပါက လူထုအားကို ယုံကြည်ရမည်။ လူထုပါဝင်လာစေရန် ကြိုးပမ်းရမည်။ လူထုအားကို မယုံကြည်သူသည် ဒီမိုကရေစီစနစ်ကို အမှန်တကယ် မယုံကြည်သူသာ ဖြစ်ချေမည်။ လူ့အခွင့်အရေးများကို ပါးစပ်က အော်နေရုံမျှမက လက်တွေ့ကျင့်သုံးရမည်။ ကာကွယ်ရမည်။ စောင့်ရှောက်ရမည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ကိုမင်းကိုနိုင်၊ မစုစုနွေး၊ ကိုထင်ကျော်တို့၏ လမ်းစဉ်ကို လိုက်ရမည်။

သို့မဟုတ်ဘဲ အကြမ်းဖက်လမ်းစဉ်ကို လိုက်မည်ဆိုပါက မြန်မာပြည်တွင် ဗုံးတလုံးကွဲတိုင်း ဒီမိုကရေစီရဖို့ ခရီးတာသည် တိုး၍သာပင် ရှည်လျားကြမ်းတမ်းသွားမည်သာဖြစ်သည်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs