“ကံဆိုးသူမောင်ရှင်”

Share |
“ကံဆိုးသူမောင်ရှင်” ဟူသည့် ဝေါဟာရကို မြန်မာစကားတွင် မကြာခဏ သုံးစွဲကြသည်ကို တွေ့ရသည်။ ဤဝေါဟာရသည် ရေငန်ပိုင်ရှင် ဦးရှင်ကြီး(မောင်ရှင်)၏ ဘဝဇာတ်လမ်းက ဆင်းသက်လာသည်ဟု ယူဆဖွယ်ရှိသည်။ ဇာတ်လမ်းကို လိုသလောက်သာ အတိုချုံးပြောရသော် မိန်းမလှကျွန်းတွင် သွားရောက်ကာ ထင်းခုတ်ကြသော မောင်ရှင်တို့၏ လှေကို ထိုကျွန်းတွင်ရှိသော နတ်သမီးကလေးများက မောင်ရှင်၏ စောင်းသံ၌ သာယာငြိတွယ်သွားမိသည့်အလျောက် အပြန်ခရီးတွင် လှေမထွက်နိုင်အောင် ဆွဲထားကြသည်ဆို၏။ ထိုအခါ လှေသူကြီးက မည်သူ၏ ကံဆိုးမိုးမှောင်ကျမှုကြောင့် လှေမထွက်နိုင်ရသနည်းဟု မဲချရှာဖွေလိုက်သောအခါ ကံဆိုးသူမှာ မောင်ရှင်ဖြစ်နေသည်။ ထို့ကြောင့် လှေသားများသည် မောင်ရှင်ကို ရေတွင် ချရစ်ကာ လှေထွက်သွားကြသည်။ ဇာတ်လမ်းအဆုံးတွင် နတ်သမီးလေးများက မောင်ရှင်အား ပွေ့ယူကာ ကျွန်းပေါ်သို့ ခေါ်ဆောင်သွားကြသည့်အတွက် မောင်ရှင်သည် အရှင်လတ်လတ် နတ်ဖြစ်သွားသည်ဟု အဆိုရှိသည်။ (ဤ အတ္ထုပ္ပတ္တိ အကျဉ်းအတွက် ရွှေအမြုတေမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော မောင်သန်းဆွေ(ထားဝယ်)၏ “ပြည်လှဖေနှင့်စောင်းတော်ရှင်” ဆောင်းပါးကို ကိုးကားပါသည်။)

ကံဆိုးသူမောင်ရှင်ဆိုသော စကားအတိုင်း ကံဆိုးသဖြင့် ရေတွင် အချခံရဖို့ (ရေထဲပစ်ချခံရဖို့) မဲကျသည်။ သို့သော် အရှင်လတ်လတ် နတ်ဖြစ်သွားခြင်း၊ နတ်သမီးတွေအကြားတွင် “မချောတသိုက်နှင့်ကိုယ်တယောက်” ဖြစ်ခွင့်ရခြင်းတို့ကို ထောက်သော် အမှန်တကယ် ကံဆိုးသည်လော၊ ကံထူးသည်လော ပြောရတော့ခက်သည်။

ရှိစေတော့။ ဤဆောင်းပါးတွင် ဆွေးနွေးလိုသောအချက်မှာ လူအများအကျိုးအတွက် တစုံတယောက်၏ အသက်အား စတေးသည့် (ယဇ်ပူဇော်သည့်) အချက်ကို ဖြစ်သည်။ မောင်ရှင်၏ အဖြစ်မှာ ကံဆိုးမိုးမှောင်ကျကာ မဲပေါက်သဖြင့် ရေချခံရသည်။ ထို့အတွက် သူ့သဘောနှင့်သူ လိုလိုလားလား ဗော်လံတီယာ(volunteer)လုပ်ကာ ရေချခံသည်ဟု မဆိုနိုင်။ အများအကျိုးအတွက် မောင်ရှင်၏ အသက်အား သူ့ဆန္ဒ မပါဘဲ အတင်းစွန့်ခိုင်းသည်ဆိုလျှင် ထိုလုပ်ရပ်သည် တရားမျှတသောလုပ်ရပ် မဖြစ်နိုင် ။ အဘယ်ကြောင့်ဆိုသော် ကျန်သူများကဲ့သို့ တန်းတူညီမျှ အသက်ရှင်ပိုင်ခွင့်ကို မောင်ရှင်တယောက် မခံစားရတော့သောကြောင့်ဖြစ်သည်။ ဤနေရာတွင် မဲမနှိုက်ဘဲ လှေသူကြီးက အာဏာသုံးကာ မောင်ရှင်အား ရွေးချယ်လိုက်လျှင် ဤလုပ်ရပ်သည် ပိုဆိုးပေသည်။

အလားတူပင် မောင်ရှင်၏ ဇာတ်လမ်းနှင့် ဆင်ဆင်တူသော ဖြစ်ရပ်မျိုးများလည်း လူ့သမိုင်းတွင် ကြိမ်ဖန်များစွာ ဖြစ်ပျက်ခဲ့ဖူးလေသည်။ ရှေးအခါက ကြီးမားသော ရောဂါ ကပ်ဆိုးကြီးများ၊ အစာရေစာ ငတ်မှုခေါင်းပါးမှုကြီးများ ကျရောက်လာသောအခါ (သို့မဟုတ်) ငလျှင်၊ မီးတောင်၊ မုန်တိုင်းစသည့် သဘာဝဘေးအန္တရာယ်ကြီးများ ကြုံတွေ့လာသောအခါ ထိုဘေးအန္တရာယ်တို့ ဖြစ်ပွားရသည့် အကြောင်းရင်းကို လူသားတို့ ကောင်းမွန်စွာ သဘောမပေါက်နိုင်ကြသေးသည့်အလျောက် နတ်ဘုရားတို့၏ အမျက်ဒေါသကြောင့်ဖြစ်ရသည်ဟုသာ ကောက်ချက်ဆွဲကြသည်။ ထိုအခါမျိုးတွင် နတ်ဘုရားတို့၏ အမျက်ဒေါသ ပြေရာပြေကြောင်းအတွက် လူအချို့၏ အသက်အား သတ်ဖြတ်ကာ ယဇ်ပူဇော်ပသသည့် လုပ်ရပ်များကိုပြုလုပ်ခဲ့ကြကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။

ယနေ့ အသိပညာနှင့် သိပ္ပံပညာထွန်းကားလာသော ခေတ်တွင် ထိုဘေးအန္တရာယ်အသွယ်သွယ်တို့ ဖြစ်ပွားရသော အကြောင်းရင်းခံကို သေချာကျနစွာ သိလာကြပြီးသည့်နောက်ကား ထိုသို့ အဓိပ္ပါယ်မရှိသော ယဇ်ပူဇော်ပသမှုမျိုးမှာ ကမ္ဘာ့နေရာတော်တော်များများ၌ တိမ်ကောသွားလေသည်။

သို့သော် ထိုသို့ ယဇ်ပူဇော်သည့် အယူအဆသည် လုံးဝ ပပျောက်သွားသည်ကား မဟုတ်ချေ။ အချို့နေရာများတွင်ကျင့်သုံးဆဲဖြစ်ပြီး အချို့နေရာများတွင်မူ အခြားအသွင်တမျိုးအနေဖြင့် ပြန်လည် ပေါ်ပေါက်လာသည်။

“လူ့အဖွဲ့အစည်းအကျိုးအတွက်၊ လူအများအကျိုးအတွက် လူတယောက်၏ ရပိုင်ခွင့် အခွင့်အရေးကို စတေးရမည်” ဆိုသည့် မှားယွင်းသော အယူအဆတရပ်သည်လည်း အရှေ့တောင်အာရှနိုင်ငံအချို့တွင် အမြစ်တွယ်လာသည်ကို တွေ့ရသည်။

ဤနေရာတွင် စတေးခြင်း (သို့မဟုတ်) ပေးဆပ်ခြင်း (သို့မဟုတ်) စွန့်လွှတ်ခြင်း အကြောင်းကို ရှေးဦးစွာ ရှင်းလင်းရန်လိုအပ်သည်။ လူတယောက်သည် အများအကျိုးအတွက် မိမိအကျိုးကို မိမိသဘောဆန္ဒအလျောက် စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်း၊ စတေးခြင်းဖြစ်ပါက ထိုလုပ်ရပ်သည် အင်မတန် မွန်မြတ်သည့်အလုပ်ဖြစ်သည်။ သူတော်စင်၊ သူတော်ကောင်းများ၏ ကျင့်စဉ်ဖြစ်သည်။ ထိုလုပ်ရပ်မျိုးကို ချီးကျူးထိုက်သည်။ ကျေးဇူးတင်ထိုက်သည်။

သို့သော် အများအကျိုးအတွက်ခေါင်းစဉ်တပ်ကာ တစုံတယောက်ကို ကာယကံရှင်၏ သဘောဆန္ဒမပါဘဲ အခြားသူများက ဖိအားပေး၍ စွန့်လွှတ်ခိုင်းခြင်းဖြစ်ပါက ထိုအပြုအမူသည် တရားမျှတမှုမရှိသော၊ အကျည်းတန်သော၊ ချုပ်ခြယ်ကန့်သတ်သော၊ အင်အားသုံးအနိုင်ကျင့်သည့် အဓမ္မလုပ်ရပ်သာလျှင် ဖြစ်သည်။ ယဇ်ပူဇော်သော လုပ်ရပ်နှင့် ဘာမျှမခြားတော့ချေ။ ထိုလုပ်ရပ်မျိုးကို ရှုတ်ချထိုက်သည်။ ဆန့်ကျင်ကန့်ကွက်ထိုက်သည်။

ဖြစ်သင့်သည်မှာ အများအကျိုးအတွက် အများစုဆန္ဒနှင့်အညီ ဆုံးဖြတ်လုပ်ကိုင်ကြရမည်မှန်သော်လည်း တဖက်တွင် လူတဦးတယောက်ချင်း၏ အခြေခံ အခွင့်အရေးများ၊ လူနည်းစု၏ တူညီသော အခြေခံရပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက်ရမည်။ လူတယောက်၏ အခွင့်အရေးအား ချိုးဖောက်ခံနေရသည်ကို မြင်လျှင် မိမိနှင့် မဆိုင်သလို မနေသင့်။ လူအများစုက ဝင်ရောက် ခုခံ ကာကွယ်ပေးရမည်ဖြစ်သည်။ မိမိနှင့် မဆိုင်သလို ငြိမ်နေလိုက်ပါက တချိန်တွင် မိမိသည်လည်း ကံဆိုးသူမောင်ရှင် ဖြစ်လာနိုင်သောကြောင့်ပင်ဖြစ်သည်။

ဦးဝင်းတင်၏ “ဘာလဲဟဲ့ လူ့ငရဲ” အမည်ရှိ စာအုပ်ထဲတွင် တနေရာ၌ သူတို့၏ ထောင်တွင်းအစာငတ်ခံတိုက်ပွဲအကြောင်းကို ဖော်ပြထားသည်။ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုဗလကြီးအား သံခြေကျဉ်းခတ်သဖြင့် သူတို့ တတိုက်လုံး (တိုက်-၃)က အစာငတ်ခံ ဆန္ဒပြကြသည်။ ဦးဝင်းတင်ကို ခေါင်းစွပ်(မျက်နှာဖုံးသော ခေါင်းစွပ်)ကို စွပ်ပြီး ထောင်စစ်ကြောရေးအခန်းကို ခေါ်သွားသည်။ ထိုအခန်းတွင် ဦးဝင်းတင်ကို တွဲဖက်ထောင်ပိုင် ဦးလူလှက စစ်မေးသည်။ ဦးဝင်းတင် အရေးအသားမူရင်းအတိုင်း ကောက်နှုတ်ဖော်ပြရလျှင်...

...ဦးလူလှက ကရင်လူမျိုး။ စကားပြောငြင်သာတယ်။ မေးခွန်းမျိုးစုံမေးတယ်။ ချောက်လုံးချော့လုံးတွေ အများကြီးပြောတယ်။

“ သူ့သံခြေကျဉ်းနဲ့ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ”
“နောင်ကျရင် သူ့သံခြေကျဉ်းက ကျုပ်ခြေထောက်ကို လာစွပ်မှာပေါ့ဗျ”

ဦးလူလှက စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။.....

ဦးဝင်းတင်၏ အယူအဆမှာ အင်မတန် မှန်ကန်လှပေသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသား၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးခြင်းသည် အခြားနိုင်ငံရေးအကျဉ်းသားအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်းလည်း ဖြစ်ပေသည်။ အကယ်၍သာ မဆိုင်သလိုငြိမ်နေလိုက်ကြပါက တချိန်တွင် ထိုသံခြေကျဉ်းသည် မည်သည့်နိုင်ငံရေးအကျဉ်းသား၏ ခြေထောက်ကိုမဆို လာစွပ်နိုင်ပေသည်။

ထိုသို့ ကိုယ်နှင့်မဆိုင်သလို မနေသင့်ပုံနှင့် ပတ်သက်၍ ဂျာမန်သင်းအုပ်ဘုန်းတော်ကြီး Martin Niemöller ရေးသားခဲ့သော ကဗျာတပုဒ်ကို မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။ Martin Niemöller သည် နာဇီတို့၏ ဖမ်းဆီးမှုကို ခံရပြီး အကျဉ်းစခန်းတွင် ၁၉၃၇ မှ ၁၉၄၅ အထိ အဖမ်းဆီးခံခဲ့ရသူဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက နာဇီများအာဏာရလာပြီးနောက် သူတို့နှင့် အမြင်မတူသူများကို တဖွဲ့ပြီးတဖွဲ့ စတင် ပစ်မှတ်ထားကာ ချေမှုန်းလာသောအခါ ဂျာမဏီရှိ ပညာတတ်အများစုက ထိုကိစ္စအပေါ် လုပ်သင့်လုပ်ထိုက်သည့်အတိုင်း ဘာတခုမှ ထိထိရောက်ရောက် မလုပ်ဆောင်ကြပုံကို ရည်ညွှန်းရေးဖွဲ့ခဲ့သည့် ကဗျာဟု အဆိုရှိပါသည်။

"THEY CAME FIRST for the Communists,
and I didn't speak up because I wasn't a Communist.

THEN THEY CAME for the Jews,
and I didn't speak up because I wasn't a Jew.

THEN THEY CAME for the trade unionists,
and I didn't speak up because I wasn't a trade unionist.

THEN THEY CAME for me
and by that time no one was left to speak up."

လူတိုင်း တချိန်မဟုတ် တချိန်တွင် ကံဆိုးသူမောင်ရှင်၏ အဖြစ်မျိုး မကြုံတွေ့ကြဖို့ ဆိုရန်မှာ လူတဦးတယောက်ချင်း၏ အခွင့်အရေးကို လေးစားကာကွယ်စောင့်ရှောက်ရန်နှင့် သူတပါးအခွင့်အရေး ချိုးဖောက်ခံနေရခြင်းကို မြင်တွေ့ရပါက ကိုယ့်အခွင့်အရေးချိုးဖောက်ခံနေရသလိုပင် ကူညီခုခံကာကွယ်ပေးရန်ဖြစ်ပါသည်။

11 comments:

Moe Tain Nyo said...

ကျွန်တော်တို့ လည်းအခုတော့ ကံဆိုးသူမောင်ရှင် တွေထဲက တစ်ယောက်ပါပဲ။ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကိုယ့်လူမျိုး ကိုယ့်မိသားစုနဲ့ ဝေးနေရတဲ့ မောင်ရှင်တေါ ပေါ့ဗျာ။

ဖြိုးအောင် said...

ဟုတ်ပါတယ် ကိုပေါ..ဒါပေမဲ့ ပြောနေတဲ့သူတွေက မြန်မာပြည်ရဲ့ ပြင်ပမှာဆိုပြီး အထဲကလူတွေ အထဲနဲ့ အဆက်အသွယ်အမြဲရှိတဲ့သူတွေက အမြဲဆန့်ကျင်ဘက်ပြောဘို့ အကြောင်းရှာနေတော့တာပဲ။
ကျနော့်သဘောကတော့ အချင်းချင်းတွက်ကပ်ပြီး စကားနိုင်လုပြောနေတာထက် အားလုံးစုပေါင်းပြီး အတတ်နိုင်ဆုံး အဆုံးအရှုံး နဲနဲနဲ့ ပွဲပြီးအောင် ကြိုးစားလိုက်ချင်တာပါပဲ။ ကျရာနေရာက တတ်နိုင်တဲ့ဘက်က ကြိုးစားကြရမှာပေါ့။ အပြင်ကလူကလဲ အပြင်မှာနေသားကျနေတာ များပါတယ်။ မြန်မာပြည်ထဲ ဂွင်ကောင်းချိန်စောင့်ပြီး ပြန်ဝင်ဘို့ အထဲကလူတွေကို အနစ်နာခံ အသေခံပြီး လှုပ်ရှားခိုင်းနေတာမဟုတ်ဘူးဆိုတာ အားလုံးနားလည်အောင် သက်သေပြနိုင်ရင်ပိုကောင်းမယ်ဗျနော်။ ဒါကျနော်ထင်တာပြောတာပါ..
ဒါပေမဲ့ သူတို့အထင်မလွဲဘဲ အားလုံးစိတ်တူကိုယ်တူ စည်းလုံးမှု့ရအောင် ဘယ်လိုလုပ်ရမှန်းမသိတာခက်နေတယ်ဗျ။

Rita said...

အထဲနဲ့ အဆက်အသွယ်ရှိတဲ့လူတွေက အမြဲဆန့်ကျင်ဘက် ပြောဖို့ အကြောင်းရှာတာလို့ ကိုယ်တော့ မမြင်ဘူး။

အဲဒီနေရာမှာ အထဲနဲ့ အဆက်အသွယ် ရှိတဲ့လူတွေနဲ့ အပြင်မှာ ထောက်ပံ့ကြေးယူပြီး နေကြတဲ့ လူတွေ ဖြစ်ဖြစ်၊ refugee ခံပြီး နေကြတဲ့ လူတွေဖြစ်ဖြစ် အဲဒီနှစ်ဘက် အမြင်မတူကြတာလို့လဲ မထင်ဘူး။

ကိုယ်ကျ မလုပ်နိုင်ဘဲ အော်နေတာ ဘာအဓိပ္ပါယ်လဲ လို့ မေးခွန်းပြန်ထုတ်နေတာလို့ ထင်တယ်။ အပြင်က လူတွေက အော်မှ အထဲက အဲဒီလို လုပ်ဖို့ အသိဉာဏ်ပွင့်လင်း လာမှာလား။

ကိုယ့်အယူအဆကတော့ အထဲမှာ တခုခုဖြစ်ခဲ့ရင်တောင် အထဲက လူတွေမှာ သူတို့ အသိဉာဏ်နဲ့ သူတို့၊ သူတို့ ဆုံးဖြတ်ချက်နဲ့ သူတို့၊ သူတို့ အသက်နဲ့ သူတို့ခန္ဓာကိုယ်နဲ့ သူတို့ ဖြစ်ကြတာ။

အပြင်က လူတွေက ဖြစ်ပါ ဖြစ်ပါ အော်တိုင်းလဲ ဖြစ်မှာ မဟုတ်ဘူး။ မဖြစ်ပါနဲ့ သွားတားလဲ သူတို့ ဆုံးဖြတ်ချက်နဲ့ သူတို့ ဖြစ်ချင်ဖြစ်မှာပဲ။ ရှင်းရှင်းပြောရရင် ဒီက ဘယ်လို အော်တယ် ဘယ်ပုံအော်တယ် ဆိုတာတောင် အထဲက ဘယ်လိုသိနိုင်မှာ မို့လို့လဲ။ အပြင်က လူအချင်းချင်းသာ သိနေကြတာ မဟုတ်လား။

ဒါဖြင့် အပြင်က လူတွေက အထဲက လူတွေ တခုခုထဖြစ်ဖို့ အက်ဂျုကိတ် လုပ်ပေးဖို့ လိုတယ် လို့ ဘာဖြစ်လို့ ထင်နေကြတာလဲ။

ကိုယ့်အမြင်ပြောရရင်တော့ ကိုယ်ရည်ကိုယ်သွေးချင်းယှဉ်ရင် အထဲက လူတွေက ထမင်းရည်လျက်နေရပါစေဦးတော့ ပိုသာတယ် ထင်တာပဲ။ (ဘယ်လိုလူတွေထက် ပိုသာတယ် ထင်တာလဲ ဆိုတာ ကိုယ်ဘာသာတွေးကြည့်နိုင်မယ် ထင်တယ်)

အပြင်ကလူတွေ အက်ဂျူဂိတ်လုပ်မှ သိမြင်ပွင့်လင်းလာမယ်ထင်တာကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ပါးစပ်အယားပြေရုံအော်နေတယ် လို့ မြင်တဲ့လူတွေက အော်နေတဲ့ အကြောင်းတရားကို ဆန့်ကျင်လို့ မဆန့်ကျင်လို့ မဟုတ်ဘူး။ ကိုယ်လည်း ဝင်မလုပ်နိုင်ဘဲနဲ့ အက်ဂျူကိတ်လုပ်မယ် ငါတို့ အက်ဂျူကိတ် လုပ်ပေးရမယ် ဆိုတဲ့ အချိုးအချိတ်ကိုသာ ထောက်တာလို့ မြင်တယ်။

ဒါလုပ်ကြဖို့ အော်တဲ့နေရာမှာ အထဲက လုပ်နိုင်တဲ့ လူတွေ၊ လုပ်နေတဲ့ လူတွေက အော်တာနဲ့ လုံးဝ လုံးဝ မတူဘူး။

အထဲကလူတွေကို သေသွားမှာစိုးလို့ အော်မနေကြနဲ့ လို့ ကရုဏာနဲ့ ပြောနေတာလဲ မဟုတ်ဘူး။ ပြန်ဝင်ချင်လို့ ရှေ့ကနေသေခိုင်းလဲ သူတို့ သေချင်မှဖြစ်တာ။ မသေနဲ့ပြောလည်း သူတို့ သေချင်ရင် ထွက်ကြမှာပဲ။

ပြောတာကို ဆန့်ကျင်တယ်ဆိုတဲ့လူတွေဟာ ပြောနေလို့ ဆန့်ကျင်တာသာဖြစ်တယ်။

(ဒါလုပ်ကြဖို့ အော်တဲ့နေရာမှာ အထဲက လုပ်နိုင်တဲ့ လူတွေ၊ လုပ်နေတဲ့ လူတွေကိုယ်တိုင်က အော်တာနဲ့ လုံးဝ လုံးဝ မတူဘူး။) အထဲကအဲလိုလူတွေသာ အဲလို အော်နေရင် အော်တာချင်းတူပေမဲ့ ခုနအော်တာကို ထောက်ပြချင်တဲ့သူတွေ ဘာမှမပြောပဲ နေကြလိမ့်မယ်။ ဘာလို့ဆို အထဲကလူတွေရဲ့ အော်သံနောက်မှာ လုပ်ရပ်ပါ ပါတာကိုး။

ဖြိုးအောင် said...

အမရီတာရေ အပြင်ကလူဘာပြောပြော အထဲကလူကသူ့သဘောနဲ့သူ ဆိုရင် အင်တာနက်တွေကို နအဖက ဟိုဖြတ်သည်ဖြတ်လုပ်စရာလိုမယ်တောင် ကျနော်မထင်မိဘူး။ အကျိုးသက်ရောက်မှု့လုံးဝမရှိဘူးဆိုရင်ပြောတာပါ။ အမလို အစစတတ်သိနားလည်တဲ့သူတွေ မြန်မာပြည်ထဲမှာ အများကြီးမှန်းသိပါတယ်။ ဒါပေမဲ့ ကျနော်တို့လိုဘာမှသိပ်မသိတဲ့သူက သန်းပေါင်း၅၀ကျော်ထဲမှာ ပိုပြီးအရေအတွက်များနေမယ် ထင်ပါတယ်။ မယုံရင်အမ ဒီတခါ မြန်မာပြည်ပြန်တဲ့အခါ မွေးရပ်မြေနဲ့ ရန်ကုန်တင်မကပဲ တခြား ကျေးရွာလေးတွေ၊ နယ်စွန်နယ်ဖျားလေးတွေ တောင်ပေါ်ဒေသတွေ နှံ့နှံ့စပ်စပ်သွားကြည့်ပြီး လေ့လာသင့်တယ်။ အမလိုလူမျိုး သူတို့နဲ့ ၂နာရီလောက်စကားပြောကြည့်ရင် သူတို့ဗဟုသုတ အခြေအနေကို သိလာပါလိမ့်မယ်။ ကျနော်က ယေဘူယျပြောတာပါ။ ချွင်းချက်ဆိုတာတော့ နေရာတိုင်းမှာ ရှိနေနိုင်ပါတယ်။
ပြည်တွင်းမှာ ရှိသမျှမီဒီယာတွေက နအဖအလိုကျ ရေးကြပြောကြရတာလေ။ သူတို့ကိုလဲ အပြစ်ပြောလို့မရဘူး နီးရာဓါးကြောက်ရတာကိုး
ဒီ့တော့ အပြင်ရောက်နေသူတွေက ကြောက်စရာဓါး မရှိတာကို အခွင့်ကောင်းယူပြီး သိသမျှခံစားရသမျှအမှန်တရားတွေ ဖွင့်ချဝေမျှပြီး အားပေးတဲ့ သဘောပါပဲ။ အထဲကလူတွေတို့လောက်မသိဘူးဆိုပြီး ဆရာကြီးလုပ်တာတော့မဟုတ်ကြပါဘူး။ ကျနော့်အမြင်ကိုပြောတာပါ။
ဂရုဏာဒေါသောနဲ့ စကားပြောလောတဲ့သူတွေလဲ ရှိတာပေါ့။ အဆိုးအကောင်းဆိုတာတော့ နေရာတိုင်းမှာ ရှိစမြဲပါ။ နဲတာနဲ့ များတာပဲ ကွာတာပါ။
အပြင်ကလူက အက်ကျူဂိတ်လုပ်မှ အထဲကလူတွေအားလုံး နားလည်မှာမဟုတ်မှန်း သိပါတယ်။ ဒါပေမဲ့ ကျနော်လိုလူမျိုးကျတော့ အပြင်ရောက်လို့ သူတို့ရေးတာတွေဖတ်မှ ပိုသိလာ ပိုမြင်လာတာအမှန်ပါပဲ။ အဲ့လိုသိလာတော့ အလည်ပြန်တဲ့အခါ ကိုယ့်လိုမသိတဲ့သူတွေကို အမှန်တရားပြန်ရှင်းပြနိုင်တာပေါ့..အထဲမှာတုန်းက နှိုင်းစရာမရှိခဲ့တော့ ရှိသမျှတခုထဲကိုပဲ အကောင်းချည်းမှတ်ခဲ့တာပေါ့။ မီးမလာလဲ မီးစက်နှိုးရလို့ နားညီးတာလောက်ပဲစိတ်ပျက်ခဲ့တာလေ။ ကိစ္စတခုရှိလို့ ရုံးပြင်ကန္ဓားသွားရလဲ ငါ့လိုလူကိုများအေးအေးဆေးဆေး အသနားခံ
မတောင်းပဲ ကလေးအထာလေးတွေနဲ့ ပညာလာပြနေတယ် သူတောင်းစားပေးမဲ့ ပိုက်ဆံထဲကရမယ်မှတ်ဆိုပြီးလဲ ကြုံးဝါးရကောင်းမှန်းမသိခဲ့ဘူး။ သြော် ရုံးပဲဟာ ပေးရမှာပေါ့လို့ တွေးခဲ့တာ။ ဘယ်ပုံစံနဲ့တောင်းတောင်း ကျနော့်အတွက်တော့ အတူတူပဲလေ။
အခုအပြင်ရောက်မှ ဒါတွေက ငါတို့ရဲ့အခြေခံအကျဆုံး အခွင့်အရေးတွေပါလားလို့သေချာသိရတာဗျ။ သိလာတော့ ကျန်ခဲ့တဲ့လူတွေကိုလဲ ၂၁ရာစုကြီးမှာ သူများတိုင်းပြည်ကလူတွေလိုပဲ ပုံမှန်လူသားတဦးရဲ့အခွင့်အရေးတွေကို လက်သိပ်ထိုးတာတွေ ရှစ်ခိုးဦးတင်တာတွေမပါပဲ ပုံမှန်နည်းနဲ့ရစေချင်တယ်။ ရအောင်လို့ကြိုးစားတိုက်တွန်းတဲ့သူတွေကိုလဲ ပါးစပ်ပြောပဲဆိုပြီး မချီးမွမ်းနိုင်တောင် မရှုတ်ချချင်ဘူး။ ပေါက်ကရပြောပြီး ထင်ရာလုပ်နေတဲ့သူတွေကိုတောင် ကိုယ့်ဒုက္ခပေးမှာစိုးလို့ မပြောရဲသေးတာဗျာ။
နောက်ပြီး အပြင်ကလူတွေက ငွေနဲ့တတ်နိုင်သလောက်ကူတာတွေလဲရှိပါသေးတယ်။ လက်ရှိခံစားနေရတာလဲ အထဲကသူတွေပဲမို့ ကိုယ်လိုချင်ရင်ကိုယ်ကျိုးစားဘို့ပါပဲဗျာ..
ကျနော့်အမြင်ပါ။ ကျနော့်အတွေးတွေက မရီတာလောက်တော့ စတန်းဒတ်ဖြစ်မှာတော့မဟုတ်ဘူး။ ဒီလောက်ပါပဲ။
ကိုပေါရေ ဆောရီးပါ။ အကို့ပိုစ့်မှာ ၀င်ပွါးတာများသွားတယ်။

Anonymous said...

Good points , ko phyo aung.Agreed.

Myanmar said...

ဖြိုးအောင်ပြောတာ သဘာဝကျပါတယ်၊၊ ကိုယ်လဲ မြန်မာပြည်မှာ တုန်းက ဘာမှ မြန်မာပြည်အပြင် ရောက်တာလောက်တော့ မသိဘူး၊၊ အားလပ်ရက်ပြန် လို့ ရှိရင် တောင် အတွင်းက လူတွေနဲ့ ပြောကြဆိုကြ ဆိုရင် သူတို့ တွေမှာ ဗဟုသုတ နည်းနေတယ်၊၊ ဒါတောင် နယ်ကမဟုတ်ဘူးနော်၊၊ ရန်ကုန်က ပညာတတ်တွေ၊ ( သာမန်လူတွေကိုပြောတာနော်၊ တော်ကြာ ကပ်ဖဲ့ ပြောနေမှာစိုးလို့ )၊ သူတို့ ကို လုံးဝအပြစ်မဆိုဘူး၊၊ ကိုယ့်တုန်းကလဲဒီလိုဘဲလေ၊၊ အင်တာနက်ကလဲသုံးစားလို့ မရ၊ ဒါ့အပြင်ဆိုင်တွေမှာ ဟိုဆိုက်ထ် မဖွင့်ရ၊ ဒီဆိုက်ထ်မဖွင့်ရ လို့ ရေးထားတာနဲ့ ၊၊ ကိုယ်တောင် ပြန်သွားတဲ့ရက်တွေမှာ ဘာမှမသိ တော့ဘူး၊၊ အဲ့ဒါလက်တွေ့ ၊၊
တခါတခါကျတော့လဲ သူများကိုမီးလောင်တိုက် သွင်းတတ်တဲ့သူက မီးဆိုတာပူမှန်းသိလို့ သူများကို ဒုက်ခပေးချင်တဲ့အနေနဲ့ ဘဲလုပ်တာ၊၊ အဲ့ဒီ့လို လူအမျိုးအစား တွေကို မီးဆိုတာ ပူတတ်တယ်ဆိုတဲ့ အသိကို ခံစားသိ၊ သိတတ်အောင်ရယ်၊ နောက်ဆက်တွဲ အကျိုးဆက် ရလာဒ်တွေရယ် ကို သိအောင် အနည်း ဆုံးတော့ အဲ့ဒီ့လို လူဆိုတဲ့လူတွေကို မီးစ နဲ့ ထိုးကြည့်ဖို့ တော့ လိုမယ် လို့ ထင်တယ်၊၊ ဒါမှ အဲဒီ့လို အားကိုးရှိလို့ ၊ အမြဲအနိုင်ကျင့်နေတဲ့သူတွေ က အပူဆိုတာ ဒီလို ပါလား ဆိုပြီး ခံစားတတ်မှာလေ၊၊ သူများကို အနိုင်ကျင့် ရင် ကိုယ့်အလှည့်လဲတန်ပြန် တစ်ချိန်ချိန်မှာ ခံရနိုင် တယ် ဆိုတဲ့အသိပါပေးပြီးသားဖြစ်ရော... တခါတခါကျတော့ အဲ့ဒီ့လို အနိုင်ကျင့်တတ်တဲ့သူတွေ ကို သူတို့ သိနိုင်လောက်တဲ့ဘာသာစကားနဲ့ ဘာသာပြန်ပေးဖို့ လိုတယ်လို့ ထင်မိပါတယ် ....

Anonymous said...

ဟုတ်ပါတယ်...ကိုယ်တို့လို သာမာန် လူတွေကတော့ အပြင်ထွက်ကြည့်မှ ပိုမြင်လာပါတယ်

Law Shay said...

Cheers ကိုပေါ။

Anonymous said...

ကိုပေါ..ကျေးဇူးပြုပြီး The Gardener ရဲ့ ဘုံဘ၀မှာဖြင့် ပိုစ့်လေး လင့်ခ်ပေးနိုင်မလားရှင်..
ပြင်စရာရှိသူတွေ အချိန်မှီပြင်နိုင်တာပေါ့နော်...

Anonymous said...

ဒီစာလေးကို လမ်းပြကြယ်စာအုပ်လေးမှာ တွေ့တယ်
စာရေးအရမ်းကျဲလာတယ် မအားလို့ထင်တယ် ဗိုဟ်အောင်ဒင်လို ဟာသလေးတွေလွမ်းမိတယ်



ခရေဖြူ

ဦးသာ said...

အပြင်ကလူတွေတောင် အင်တာနက်မသုံးနိုင်ရင် ကွန်ပျူတာ မသုံးနိုင်ရင် စာဖတ်ဖို့ဆိုတာမလွယ်ပါ
အပြင်ကလူတွေလုပ်နိုင်တာက ထိုင်းတို့ မလေးရှားတို့မှာ ရောက်နေတဲ့ သန်းနဲ့ချီတဲ့လူထုတွေ နားလည်သဘောပေါက်အောင်အ၇င်ကြိုးစားသင့်တယ် BIA ဖွဲ့တုန်းက အများစုက ထိုင်းနိုင်ငံနဲ့နယ်စပ်က လူတွေအဓိကပါခဲ့တာဘဲ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs