“ဇာတိမြေ (သို့မဟုတ်) သတိတရ ရှိလှတဲ့အိမ်”.......(၂)

ကျနော့်ဇာတိမြေကို မပြောခင် အိမ်အကြောင်းကို အရင်ပြောပြချင်တယ်။

အိမ်နဲ့ ပတ်သက်လို့ စဉ်းစားလိုက်ရင် ကျနော်ငယ်စဉ်တုန်းကတည်းက “ဒီကောင်လေး ကြီးလာရင် လူ့ဂွစာကလေး ဖြစ်မှာဘဲ” လို့ လူတွေ ဟောကိန်းအထုတ်ခံခဲ့ရတဲ့ အဖြစ်အပျက်ကလေး တခုကို အရင်ဆုံး ပြေးသတိရတော့တာပါဘဲ။

သည်လို…။ ကျနော်ငယ်ငယ်က နေတဲ့ နှစ်ထပ်အိမ်အောက်ထပ်မှာ သံကုတင်တလုံးနဲ့ သစ်သားကုတင်ကြီး တလုံးရှိတယ်။ အိမ်အောက် မြေပြောင်ပြောင်မှာ သည်အတိုင်း ချထားတာဘဲ။ သစ်သားကုတင် ပေါ်မှာ အဖေနဲ့ အမေနဲ့ အိပ်ကြတယ်။ သံကုတင်က ကျနော် နည်းနည်းကြီးလာတော့ အိပ်တာ။

အဲသည်နှစ်ထပ်အိမ်မှာ အိမ်ပေါ်ကိုတက်တဲ့ သစ်သားလှေကားနဲ့ လှေကားခုံရှိတယ်။ ကျနော်ငယ်ငယ် စကားတတ်ကာစ အရွယ်လောက်က အဲဒီသစ်သားလှေကား အထစ်တ ထစ်မှာ ထိုင်ပြီး အိမ်ပေါ်တက်လာတဲ့လူတွေကို ဒါမှမဟုတ် အိမ်အောက်ကုတင်ပေါ်မှာ ၀င်ထိုင်မယ့်လူတွေကို လှေကားပေါ်ကနေ ဟောသလို လှမ်းပြီး အမိန့်ပေးလေ့ရှိတယ်။

“အိမ်ပေါ်တက်နဲ့၊ အောက်ဆင်းနဲ့”
“ဂင်ပေါ်တက်နဲ့၊ အောက်ဆင်းနဲ့”

“ဂင်” ဆိုတာ ကုတင်ကို ပြောတာ၊ မပီလို့ပါ။ အဲသည်လို ပြောနေတဲ့ကြားက တက်သွားတာသော်လည်းကောင်း ဆင်းသွားတာသော်လည်းကောင်း လုပ်လိုက်တယ်ဆိုရင် အာခေါင်ကို ခြစ်ပြီး တက်မတတ် ချက်မတတ် အော်ငိုတတ်တယ်။ ကဲ..မှတ်ကရော။ ဘယ်လောက်ချစ်ဘို့ကောင်းတဲ့ လူကလေးလဲ၊ စဉ်းစားကြည့်ပါ။

အဲတော့ “မင်းဟာက ဘာလဲကွာ။ ဆင်းဆိုလဲဆင်း၊ တက်ဆိုလည်းတက်ပေါ့။ အခုက နှစ်ခုလုံးမလုပ်ရဘူးဆိုတော့ တယ်လဲ ဂွကျပါလား။ ကြီးလာရင်တော့ ဂွစာလေး ဖြစ်တော့မှာဘဲ”ဆိုပြီး လူကြီးတွေက ညည်းကြတာပေါ့။

ဘာဘဲဖြစ်ဖြစ် အဖေကတော့ ကျနော့်ကို တော်တော်ချစ်ရှာပါတယ်။ သူသွားလေရာကို ခေါ်တယ်။ တခါက ကိုင်းထဲကို နွားစာပြောင်းရိတ်သွားတာ ကျနော့်ကို ခေါ်သွားပြီး ရပ်ထားတဲ့ လှည်းပေါ်မှာ ထားခဲ့တယ်။ အဖေနဲ့ အမေ ပြောင်းရိတ်နေကြတုန်း လှည်းပေါ်ကနေ ရုတ်တရက် မပြောမဆို ၀ါးကနဲ အော်ငိုချလိုက်ရော။ အဖေက ချက်ချင်းဆိုသလို ကျနော့်ခြေထောက် လှည်းရံတိုင်တွေကြားမှာ ညပ်တယ်ထင်လို့ တံစဉ်ချပြီး လှည်းဆီကို ပျာပျာသလဲပြေးလာတယ်။ အနားရောက်တော့ ဘာမှမဖြစ်တာ တွေ့တော့ အဖေက “မင်းနှယ်ကွာ၊ ခြေထောက်များ ညပ်သလားလို့”။

အမေကတော့ အဲသလောက် စိတ်မရှည်ဘူး။ “တော့်မလဲ၊ ဒီအကျိုးမပေးတဲ့ ဟာလေးကို ခေါ်လာချင်ရတာကိုး” လို့ လှမ်းပြောတယ်။ အဲသည်မှာ ပိုဆိုးတော့တာဘဲ။ ကျနော်က အသံရှည်ဆွဲပြီးတော့ “အကျိုးပေးဘူးတဲ့……..အကျိုးပေးဘူးတဲ့” နဲ့ ငိုတော့ အဖေက “မင်းကို ပြောတာမဟုတ်ပါဘူးကွာ၊ အဖေ့ကို ပြောတာပါ”ဆိုပြီး ချော့ရှာတယ်။

အဖေနဲ့ အမေ့မှာ အငယ်ဆုံးဖြစ်တဲ့ ကျနော်အပါအ၀င် သားသမီး စုစုပေါင်း ကိုးယောက်။ အဲသည်ခေတ်က ရွာထဲက မိသားစုတိုင်းလိုလို အဲသည်လိုဘဲ မိသားစုကြီးတွေက အကြီးကြီးတွေ။

(ဒီတောရွာဓါတ်ပုံကို အင်တာနက်ကနေ ယူပါတယ်)

ကျနော်တို့ အိမ်က အိမ်ခြေ ၂၀၀-၂၅၀ လောက်ရှိတဲ့ ရွာကြီးတရွာရဲ့ ထိပ်နားမှာပေါ့။ အိမ်ခြံဝန်းက အညာဒေသထုံးစံ အတော်လေးကျယ်ဝန်းပြီး ခြံစည်းရိုးတလျှောက်မှာ မန်ကျည်းပင်ကြီးတွေ မဲဇလီပင်တွေနဲ့ စီရရီ။ ခြံထောင့်မှာတော့ ကုက္ကိုပင်ကြီးတွေ။ အိမ်အရှေ့ဘက်က စည်းရိုးမှာ ဗမာကုက္ကိုပင်ကြီး တပင်ရှိတယ်။ နှစ်စဉ် အရွက်နုတွေ ဖားဖားဝေပြီဆိုရင် ကုက္ကိုရွက်နုတွေကို ခူး၊ ပြုတ်။ ကြက်သွန်ဆီချက်၊ ငံပြာရည်၊ ပဲမှုန့်၊ မြေပဲထောင်း စတာတွေနဲ့ သုတ်စားရင် ကုက္ကိုရွက်သုတ်အရသာဟာ မွှေးမွှေးဆိမ့်ဆိမ့်လေးနဲ့ အင်မတန် စားလို့ အရသာရှိသကိုး။ အောက်ပြည်အောက်ရွာကလူတွေ ကုက္ကိုရွက်သုတ် စားဘူးကြမယ် မထင်ဘူး။

ခြံထဲမှာ ချဉ်ပေါင်၊ ဘူး၊ ဖရုံ၊ ကြက်ဟင်းခါး၊ ဘူးရွက်၊ ပဲရှည်၊ ရုံးပတီ စတာတွေ စိုက်ထားပျိုးထားတယ်။ ပဲရှည်သီးကို အောက်အရပ်မှာ ဗုံလုံသီးလို့ ခေါ်တယ်ထင်ပါရဲ့။ စင်ပေါ်က တွဲလောင်းကျနေတဲ့ အသီးကို နုစဉ်ကတည်းက အောက်မှာ ကြိုးနဲ့ချည်ပြီး ခဲဆွဲပေးရတယ်လေ။ အောက်ကို ဖြောင့်ဖြောင့်တန်းတန်း ကြီးထွားလာအောင်လို့ပေါ့။ အိမ်ရှေ့တည့်တည့်ကပ်လျက်မှာတော့ အစ်မတွေ စိုက်ထားတဲ့ နှင်းဆီပင်တွေနဲ့ စံပယ်ရုံတွေ။ စံပယ်တွေ ပွင့်တဲ့အချိန်ဆို မနက်စောစော အိပ်ယာထဲမှာကတည်းက စံပယ်ပန်းနံ့ မွှေးမွှေးလေး ရနေတတ်တာကလား။

မာလကာပင်တွေလည်း ရှိတယ်။ ပဲရှည်သီးနဲ့ ဘူးသီးကလွဲလို့ ကျန်တာတွေကတော့ ဘယ်အိမ်နီးချင်းက လာခူးခူး၊ အလကား ပေးလိုက်တာပါဘဲ။ တောမှာက အဲသည်လိုဘဲ။ ဟင်းချက်ကာနီးမှ တခွက်စာလောက် ခူးပါရစေဆိုပြီး လာတောင်းပြီး ခူးယူကြ၊ ချက်ကြတာမျိုး။ ကျနော်တို့တောင် တခါတရံ မုန်းချောင်းမှာ ရေသွားချိုးပြီး အပြန် ကိုင်းစပ်မှာ ဖောချင်းသောချင်းရှိနေတဲ့ ပဲလွန်းရွက်တွေကို ခူးယူလာပြီး အိမ်ရောက်တာနဲ့ ပဲလွန်းရွက် ဟင်းချိုလုပ်သောက်ကြတယ်။ ဗိုက်ဆာဆာမှာ ထမင်းပူပူနဲ့ ပဲလွန်းရွက်ဟင်းချိုပူပူ ချိုချိုလေး သောက်လိုက်ရရင် အင်မတန် အရသာရှိတာဘဲ။ ကိုင်းစပ်ခြုံတွေပေါ်က နွယ်တွေကနေ ကင်းပုံသီးလေးတွေ ရတတ်တယ်။ ခြံထဲက ဘူညွန့်လေးတွေကို ခူးခပ်ပြီး ဟင်းချိုဘဲလုပ်သောက်သောက်၊ ပုဇွန်ခြောက်နည်းနည်းနဲ့ ကြော်စားစား အင်မတန် စားလို့မြိန်တယ်။

နောက်ပြီး အညာကလူတွေက မန်းကျည်းရွက်ကို ချဉ်ရည်လုပ်သောက်တာထက် ငရုပ်သီးစပ်စပ်နဲ့လည်း ချက်စားတတ်တာကို သတိထားမိတယ်။ ရှားရှားပါးပါး ရတတ်တဲ့ အမဲသားနဲ့ မန်ကျည်းရွက်ကို ငရုတ်သီးနဲ့ ရဲနေအောင်ချက်ထားတဲ့ ဟင်းတခွက်ဟာ အဲသည်အချိန်က ကျနော်တို့အတွက် အကောင်းဆုံး ဟင်းလျာတခွက်ပေါ့။ မကြာမကြာဆိုသလို မန်ကျည်းသီး အမှည့်ကို ပုဇွန်ခြောက်နဲ့ ချက်တာလည်းရှိတယ်။ ဘာလို့လည်းမသိ၊ အဲဒီဟင်းကို အိမ်မှာ ကျူကျူဟင်း လို့ ခေါ်တာကို မှတ်မိတယ်။ ငယ်ငယ်က ထမင်းကို ကျူကျူဟင်းနဲ့ နယ်ကျွေးရင် အရမ်းသဘောကျတယ်။

ရွာထဲမှာ အမျိုးတွေကလည်းများတော့ အကိုအစ်မ၀မ်းကွဲတွေ၊ မောင်နှမ၀မ်းကွဲတွေနဲ့ အိမ်မှာ လူမပြတ်ဘူး။ ညဘက်တွေများဆို အိမ်ဘေးကပ်လျက် မြေပြောင်ပြောင်မှာ ကစားတဲ့သူ ကစားကြ၊ စခရေဘယ်လ် ဆက်တဲ့အခါဆက်၊ ဂစ်တာတီးတဲ့သူကတီး၊ ရုပ်ရှင်ဖွက်တဲ့အခါ ဖွက်ကြပေါ့လေ။ အစ်မ ကျောင်းဆရာမက မဂ္ဂဇင်းတွေ၊ စာအုပ်တွေ ၀ယ်စုတာ ၀ါသနာပါတော့ စာအုပ်လာဖတ်တဲ့လူကလည်း မရှား။ အဲသည်တုန်းကတော့ ငြင်းကြခုန်ကြ ရယ်ကြမောကြနဲ့ ပျော်စရာကြီးပေါ့။

ဘာမှလုပ်စရာမရှိရင် မန်ကျည်းပင်ရိပ်က စားပွဲဝိုင်းမှာ ၀ိုင်းထိုင်ပြီး အမျိုးစပ်ကြပြီ။ အကောင်းတော့မဟုတ်ဘူး။ သူများအတင်းကို ရယ်စရာဖြစ်အောင် တုပ်ကြတာမျိုး။ ဥပမာ ကုန်းဇောင်းက လာတဲ့ ရုပ်ရှင်ကြော်ငြာ မြင်းလှည်းက “ဆားပုလင်းနှင်းမောင်နဲ့ မတထောင် တကောင်ဘွား” ဇာတ်ကား လာကြော်ငြာသွားတော့ အိမ်နားက အပျိုကြီး မစိမ်းယဉ်က “သားကလေးမင်းမောင်” လို့ တလွဲကြားတယ်။ ရုပ်ရှင်မဂ္ဂဇင်းတွေ လစဉ်ဖတ်နေတဲ့ ကျနော်တို့ တသိုက်ကတော့ အဲဒီအဖြစ်ဟာ ကျိတ်ပြီးရယ်ပွဲဖွဲ့စရာကိစ္စကြီးလေ။ ခုနင်ကလို အမျိုးစပ်ကြပြီဆိုရင် “ဆားပုလင်းနှင်းမောင်ကို သားကလေးမင်းမောင်ဟု တလွဲကြားသော အပျိုကြီး မစိမ်းယဉ်နှင့် ဘာမှ မတော်စပ်သော” ဆိုတာမျိုး တယောက်က စပ်ပြလိုက်ပြီဆိုရင် ကျန်တဲ့လူတွေကလည်း တခစ်ခစ် တခွိခွိနဲ့ပေါ့။ အဲ သူတို့အလှည့်ရောက်ရင်လည်း အားကျမခံ သူတို့သိတဲ့ ရီစရာလေးတွေနဲ့ ဆက်ပြီး ၀ိသေသပြုကြတာပေါ့။

ရွာထဲမှာကတော့ အဲသလိုဘဲ၊ တယောက်အကြောင်းတယောက်သိ၊ တအိမ်အကြောင်း တအိမ်သိဆိုတော့ ပြောစရာတွေက များမှများ။

အဲသည် လျှပ်စစ်မီးမရှိ၊ ရုပ်ရှင်မရှိ၊ ရထားလမ်း ကားလမ်း မပေါက်။ လယ်ကွင်းတွေ၊ ကိုင်းမြေတွေ ၀ိုင်းရံနေတဲ့ မကွေးတိုင်းထဲက အဲသည်ရွာကလေးမှာ ကျနော်ဟာ ရှစ်တန်းအောင်ပြီးတဲ့အထိ တောက်လျှောက် နေခဲ့ပါတယ်။ ကျနော်တို့ရွာက ဟိုရေဒီယိုသီချင်းထဲက “မကွေးမြသလွန် ကျောင်းတော်ရာ သွားရောက်ကာ ဖူးမြော်ချင်တာ၊ မုန်းချောင်းကို ကျော်တဲ့အခါ ရောက်ပါတော့မယ်၊ ကျမတို့ ကုန်းဇောင်းရွာ….” ဆိုတဲ့ ကုန်းဇောင်းကနေ ကျောင်းတော်ရာ တလျှောက် ဆက်နေတဲ့ ရွာစဉ်တန်းကြီးထဲက ရွာလေးတရွာပေါ့။ ဂျူးရဲ့ ပင်လယ်နဲ့တူသောမိန်းမများ ၀တ္ထုထဲက ကုန်းဇောင်း၊ ရှောက်တော စတဲ့ နယ်တွေဟာ ကျနော်တို့ ဒေသပေါ့။

(ကျောင်းတော်ရာဘုရားကြီးအား ညဘက်မှာ ဖူးတွေ့ရပုံ)

ဧရာဝတီတိုင်းကို မြန်မာပြည်ရဲ့ဆန်အိုးကြီးလို့ ညွှန်းတယ်ဆိုရင် ကျနော်က ကျနော်တို့ ဒေသကို ဆီအိုးကြီးလို့ ညွှန်းရလောက်အောင် ကျနော်တို့ဘက်မှာ နှမ်း၊ မြေပဲ စတာတွေ ဖြစ်ထွန်းပါတယ်။ မကွေးတိုင်းထဲမှာ မြစ်အရှေ့ဘက်က ရေနံချောင်း၊ ချောက် စတဲ့မြို့တွေက ရေရှားပြီး ခြောက်သယောင်းသလောက် မြစ်အနောက်ဘက်က ဒေသတွေကတော့ ရေလည်း မရှား၊ စိုက်သမျှလည်း ဖြစ်ထွန်းပြီး စိမ်းစိမ်းစိုစို ရှိလှပါတယ်။ လူတွေရဲ့ အသားအရောင် ကလည်း ကျနော့်လိုဘဲ စိုစိုပြည်ပြည်ဘဲပေါ့။ (ယုံချင်ယုံ မယုံရင်နေ)။

သွားလာရေးကတော့ အရင်က ဧရာဝတီမြစ်ကူးတံတားမရှိတော့ ကုန်းတတန် ရေတတန် သွားရလာရ ခက်ခဲပါတယ်။ ဟော…အခု နိုင်ငံတော် အေးချမ်းသာယာရေးအဖွဲ့ တပ်မတော်အစိုးရ လက်ထက်မှာ ပြည်မှာဆိုလည်း န၀ဒေးတံတားကြီး၊ မင်းဘူးနားမှဆိုလည်း တံတား အသစ်ကြီးနဲ့ (ဂူဂယ်အပ်သ်ကနေတောင် ကြည့်ရင်မြင်ရတယ်) တံတားကြီးတွေ လမ်းထီးလမ်းမကြီးတွေ ဆောက်လုပ်ပေးထားလို့ အင်မတန်ဖွံ့ဖြိုး တိုးတက်နေပါပြီ။ (အံမယ်လေး ပြောရတာ လျှာယားလိုက်တာ။ တပ်မတော်ရဲ့ စေတနာအမှန်ကို ပြောစရာမလိုဘဲနဲ့ သဘောပေါက်ကြစမ်းဘာ။)

ကျောင်းတော်ရာ ဘုရားနဲ့ မနီးမဝေးက မုန်းချောင်းရဲ့ ဆိပ်ကမ်းတနေရာမှာ (ဘူးသည်ဆိပ် လို့ ခေါ်တယ်) မှာ ၀ါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုရင် ငါးထွေကြီးတွေ လာတတ်ကြတယ်။ ၀ါတွင်းမှာမှ လာတတ်လို့ ငါးကြီးတွေ ဘုရားလာဖူးတာ၊ ဘုရားဖူးငါးတွေ လို့ နာမည်ကြီးတယ်။ သူတို့က လူတွေလည်း အကိုင်တွယ်ခံ အပွတ်သပ်ခံ ယဉ်ပါးတယ်။ လင်းပိုင်တွေလိုပေါ့။ တချို့ပြောကြတာတော့ ရေထဲကို လူကျသွားရင်တောင် ပြန်တွန်းတင်ပေးတယ်တဲ့။ အဲလို ပြန်တွန်းတင်ပေးတာတော့ ကိုယ်တွေ့မကြုံဖူးဘူး။

လွန်ခဲ့တဲ့ ရှစ်နှစ်က မဒမ်နဲ့ လက်ထပ်ပြီးတော့ အဲသည် ဘူးသည်ဆိပ်အထိ ပြန်သွားခဲ့ သေးတယ်။ မုန်းတဖက်ကမ်းကို ကူးရတဲ့ ရွာဆီအထိတော့ အချိန်မရလို့ ပြန်မရောက်ဖြစ်ခဲ့ဘူး။

(လက်ထပ်အပြီး ဆွေပြမျိုးပြ ခရီးထွက်စဉ် ဘူးသည်ဆိပ်နဲ့ မလှမ်းမကမ်းက မုန်းချောင်းကမ်းဘေးတနေရာမှာ။ ဟိုးနောက်က ခပ်ပျပျ မြင်ရတဲ့ တဖက်ကမ်းက ရွာက ကျနော့်ရွာပေါ့။)

အခုဆိုရင် ကျနော့်ဇာတိရွာကလေးကို ပြန်မရောက်တာ နှစ်ပေါင်း ၁၅ နှစ်လောက်တောင် ရှိရော့မယ်ထင်ပါရဲ့။ တောင်ဘက်က လှည်းလမ်းမကို မျက်နှာမူထားတဲ့ ကျနော့်ငယ်စဉ်က အိမ်လေးဟာ အခုလို နွေရာသီ တောင်လေလေး ဝှေ့လိုက်တဲ့အခါ ဖုန်တွေ တသောသောပေါ့။ သစ်ပင်တွေဟာ အရွက်တွေ ကြွေကြပြီး ပုရစ်ဖူးတွေ ထွက်ပြူစ ပြုရော့မယ်။ ရွာပြင်က လက်ပံပင်ကြီးတွေ ဆိုရင်လည်း လက်ပံပွင့်တွေနဲ့ ရဲရဲနီနေလိမ့်မယ်။ မုန်းချောင်းကတော့ ရေတိမ်တိမ်မှာ အောက်ကသဲတွေမြင်ရလောက်အောင် ရေက ကြည်စိမ်းပြီး အေးမြ နေလိမ့်မယ်။

ကျနော့်ဇာတိမြေကို တနေ့တော့ ပြန်ရောက်ဖြစ်ဦးမှာပါ။
Read more

“မြို့မေတ္တာ ခံယူတဲ့ သားပေမို့”

တယ်လဲ ခက်ကြပါကလားဟရို့။ အာဏာကို မမက်မောပါဘူးလို့ အနှစ် ၂၀ လုံးလုံး ပြောလာရတာ ကျုပ်မှာ အာတွေတောင်ပေါက်တော့မယ်။ ဘာကြောင့်များ ဒီလောက်တောင် မယုံသင်္ကာဖြစ်နေကြရတာလဲဟင်။ ခင်ဗျားတို့ပြောတော့ ယုံကြည်မှုတည်ဆောက်ရမယ်ဆို။ တကယ်တမ်း လက်တွေ့မှာ ကျုပ်ဘာပြောပြော ခင်ဗျားတို့မယုံဘူးဆိုတော့ ခင်ဗျားတို့နဲ့ ဘယ်လိုလုပ် အတူလက်တွဲအလုပ်လုပ်လို့ ရတော့မလဲ။ ခင်ဗျားတို့တတွေဟာ အပြောတမျိုး အလုပ်တမျိုး လူတွေဘဲ။ ဘယ်မလဲ ခင်ဗျားတို့ ပြောပြောနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး။ ဒီလိုလူတွေလက်ကို ကျုပ်က ဘယ်လိုလုပ် စိတ်ချပြီး နိုင်ငံတော်ရဲ့ အနာဂတ်ကို ယုံယုံကြည်ကြည်နဲ့ ထည့်ပေးရမလဲ။ ပြော။

သေသေချာချာဘဲ စဉ်းစားကြည့်ပါဦး။ ကျုပ်မှာ ဒီအရွယ်ကြီး ရောက်တဲ့အထိ အိုကြီးအိုမ နဲ့ လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ဘ၀မှာတောင် သူများလို အေးအေးလူလူ ပင်စင်မယူရဘူး။ ကြီးမားလေးလံတဲ့ သမိုင်းပေးတာဝန်ကြီးကို ကျုပ်ရွက်ထားရတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း ကျုပ်တချက်ကလေး ညည်းဘူးသလား။ ဗန်းမော်တင်အောင်ပြောတဲ့ “လူတယောက်ရဲ့ တန်ဘိုးဆိုတာ သမိုင်းကပေးအပ်လာတဲ့ တာဝန်ကို ဘယ်လောက် ကျေပွန်အောင် ထမ်းရွက်နိုင်သလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်တယ် ” ဆိုတဲ့ စကားကို ကျုပ်ကောင်းကောင်းကြီး လက်ခံပါတယ်။ အဲဒါတောင်မှ ကျုပ်စေတနာကို ခင်ဗျားတို့ တန်ဘိုးမထား၊ အသိအမှတ်မပြုကြတာတော့ ကျုပ်ရင်နာတယ်။

အခုလည်း ကောင်းစေချင်တဲ့စေတနာအပြည့်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဥပဒေကို ခင်ဗျားတို့ တောင်ပြောမြောက်ပြော ပြောနေကြပြန်ပြီ။ ဒီလောက် (၁၄ နှစ်လုံးလုံး) အချိန်ယူပြီး သေသေချာချာ ဆွဲလာတဲ့ ဖွဲ့စည်းပုံဗျာ။ တခြားဘယ်နိုင်ငံမှာ ဒါမျိုးရှာလို့ တွေ့နိုင်မလဲပြောစမ်းပါဦး။ ကျုပ်တို့ အိမ်နီးချင်းနိုင်ငံမှာတောင် တနှစ်တည်းနဲ့ ကတိုက်ကရိုက် ပြီးပြီးရော လုပ်သွားတာ တွေ့တယ်မို့လား။ ကျုပ်တို့ကတော့ ဒါမျိုးအဖြစ်မခံနိုင်ဘူးလေ။ ကျုပ်တို့သွားနေတာကိုက စည်းကမ်းရှိတဲ့ ဒီမိုကရေစီပန်းတိုင်ကို။ အစကောင်းမှ အနှောင်းသေချာဆိုတာ အလကားနေရင်း ပေါ်လာတဲ့ ဆိုရိုးစကားမဟုတ်ဘူး။ အဲဒီထဲကမှ ကန့်ကွက်ကြတယ်ဆိုရင်တော့ ခင်ဗျားတို့ထိုက်နဲ့ ခင်ဗျားတို့ကံ။

သြော်……လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ယူထားတဲ့ ကိစ္စလား။ ယူချင်လွန်းလို့ ယူရတာများ မှတ်နေလား။ ခင်ဗျားတို့ နိုင်ငံရေးသမားအများစုက အကျဉ်းထောင်တွေထဲရောက်၊ မြေကြီးထဲရောက်၊ ပြည်ပမှာရောက်နေတော့ အဲသည် လစ်ဟာသွားတဲ့ နေရာတွေမှာ ကွက်လပ်ဖြည့်ဆည်းပေးဘို့ သတ်မှတ်ထားရတာဗျ။ ယူချင်လွန်းလို့ ယူရတာမဟုတ်ဘူး။ အဲလိုမှမယူရင် လွှတ်တော်မှာ သတ်မှတ်ထားတဲ့ အရေအတွက် ဘယ်ပြည့်မီတော့မလဲ။ အဲဒီ ၂၅ ရာခိုင်နှုန်းကိုပါ အပိုင်စီးချင်ရင်တော့ တပ်ထဲ ၀င်ပြီး ကြိုးစားပေါ့ဗျာ။ လုပ်ရည်ကိုင်ရည် ရှိတယ်၊ ကျုပ်တို့လည်း မျက်စိကျတယ်ဆိုရင်တော့ အဲဒီနေရာတွေ ခင်ဗျားတို့ ပြန်ရမှာပေါ့။ ကျုပ်တို့က သဘောထားကြီးပါတယ်။

ဘာ…….လူထုဆန္ဒယူပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်တွေ ဘယ်မလဲ ဟုတ်လား။ လာမှာပေါ့။ ဆန္ဒမစောကြပါနဲ့။ အခု မေလ မှ မရောက်သေးတာ။ အရင်က ဦးမောင်မောင်လက်ထက် ကလည်း ခင်ဗျားတို့ ဆန္ဒစောခဲ့လို့ ကြန့်ကြာခဲ့ရပြီမဟုတ်လား။ မှတ်ထား။ လက်ဘက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်ဗျ။

အချိန်ကျလာရင် ကျုပ်ရဲ့ ပြန်ကြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်မှာပေါ့။ ဗိုလ်ကျော်ဆန်းက အင်မတန်တော်တဲ့ လူတဦးပါ။ စကားကြီးဆယ်မျိုးမှာ ငါ့စကားနွားရ ပြောနည်းနဲ့ အရူးချီးပန်းပြောနည်းတွေဟာ သူအကျွမ်းကျင်ဆုံးပေါ့။ မကြာသေးခင်ကဘဲ ကုလသမဂ္ဂက အထူးကိုယ်စားလှယ် “အ” ပြီး ပြန်သွားရတယ်မို့လား။

လူထုဆန္ဒခံယူပွဲမှာ အခြေခံဥပဒေ အတည်မဖြစ်ခဲ့ရင် ဘာဆက်လုပ်မလဲ ဟုတ်လား။ တယ် ခက်ပါလား။ ခင်ဗျားတို့ အရပ်သားတွေ နားလည်အောင် ဘယ်လိုပြောရမလဲ။ တပ်ထဲမှာဆိုရင်တော့ ရှင်းတယ်။ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာဘဲ လိုချင်တယ်” ပြောလိုက်။ တခွန်းဘဲ။ အတည် မဖြစ်ဖြစ်အောင် လုပ်ရမှာပေါ့ဗျ။ ခင်ဗျားတို့ အတိုက်အခံတွေသာ သပိတ်မှောက်မယ်၊ တိုက်ဖျက်မယ်၊ ကန့်ကွက်မဲပေးမယ်နဲ့ တယောက်တပေါက် ၀ိဝါဒ ကွဲပြားနေကြတာ။ ကျုပ်တို့ကတော့ တသွေးတသံ တမိန့် ဘဲ၊ ရှင်းတယ်။

အတင်း အတည်မဖြစ်ဖြစ်အောင် လုပ်ယူရင် လူထုအုံကြွမှုဖြစ်မယ်….ဟုတ်စ။ အံမယ်…လာလာချည်သေးတော့တယ်။ အုံကြွရင် ငြိမ်ဝပ်ပိပြားအောင် လုပ်ရမှာပေါ့။ ဒါလေးများ ခက်တာလိုက်လို့။ ကျုပ်တို့မှာ အခုဆိုရင် အတွေ့အကြုံတွေ ကောင်းကောင်းရှိတယ်။ အခုဆို ငြိမ်ဝပ်ပိပြားရေး လုပ်ရတာ ပိုလို့တောင် အားရှိသေးတယ်။ ကျုပ်တို့မိတ်ဆွေ ပေါက်ဖော်ကြီးကိုယ်တိုင်က ကျုပ်တို့နည်းနာကို တိဘက်မှာ သုံးစွဲနေတာတွေ့တယ်မို့လား။ ဒါပေမယ့် သူ့မှာ ညံ့ဖျင်းချက်တွေ ရှိသေးတယ်။ ဘယ့်နှယ့် အိုလံပစ် ပြိုင်ပွဲကို ကိုယ့်နိုင်ငံထဲမှာ ကျင်းပချင်ရတယ်လို့။ ကျုပ်တို့ဆို အိုလံပစ်မပြောနဲ့ အာဆီယံ အစည်းအဝေးတောင် ရန်ကုန်မှာ အလုပ်မခံဘူး။ အာဆီယံဥက္ကဋ္ဌရာထူးကို ငြင်းပစ်လိုက်တယ်။ အဲဒါကို ခင်ဗျားတို့ အတိုက်အခံတွေက အောင်ပွဲကြီးတခု ထင်ပြီး ပျော်ပွဲဆင်ခဲ့တာ ရယ်ရသဗျာ…ဟားဟားဟား…အဟွတ်…အဟွတ်။

ကျုပ်ကျန်းမာရေးလား။ မပူပါနဲ့။ လိုအပ်ရင် စင်္ကာပူက ဆရာဝန်နဲ့ ဆေးဝါးကိရိယာတွေကို လေယာဉ်နဲ့ စင်းလုံးပြည့် ချက်ချင်းမှာယူလို့ရတယ်။ ကျုပ်တို့မှာ ကျုပ်တို့ကို ပံ့ပိုးတဲ့၊ တိတ်တခိုး ကြည်ညိုနေတဲ့ အစိုးရတွေလည်း ရှိပါတယ်။ မပူပါနဲ့။ တတ်နိုင်ရင်…ကျုပ်က လေဘာတီ မမြရင်ဆိုခဲ့ဘူးတဲ့ “သေနိုင်ပါရိုးလား လေပါတီရယ်၊ ပေတရာဆီ လျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်” ဆိုတဲ့ သီချင်းလေးတောင် ဟစ်လိုက်ချင်သေး…ဟေးဟေး။

ခင်ဗျားတို့တွေသာ ၂၀၁၀ ခုနှစ်မှာ ကျင်းပမဲ့ အထွေထွေ ရွေးကောက်ပွဲကြီးနဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် မြန်မာပြည်မှာ ပေါ်ပေါက်လာတာကို စောင့်ကြည့်နိုင်ဘို့ အသက်ကလေးကို ရှည်အောင် မွေးထားလိုက်ကြပါဦး။
ပုံ
လူမည်-မင်းတြား၊ နေရပ်-ပျဉ်းမနား
Read more

“ဇာတိမြေ (သို့မဟုတ်) သတိတရ ရှိလှတဲ့အိမ်”......(၁)

မခင်မင်းဇော်က “ဇာတိမြေ (သို့မဟုတ်) သတိတရ ရှိလှတဲ့အိမ်” ခေါင်းစဉ်နဲ့ ရေးဘို့ တက်ဂ်လုပ်လာပါတယ်။ ကျနော် မရေးရသေးပေမယ့် မဒမ်ပေါက မနေ့က ဘာစိတ်ကူးပေါက်လို့လဲမသိ။ “အိမ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ရေးထားတာကို သူ့ဘလော့ဂ်မှာ ဒီနေ့မနက် ဖတ်ရတယ်။ ကျနော်သဘောကျလို့ မဒမ့်ပို့စ်ကို ခွင့်တောင်းပြီး အရင်တင်လိုက်ပါတယ်။ မဒမ်က ကျနော်တဦးတည်းဖတ်ဘို့ ဘလော့ဂ်တခု ဖွင့်ထားပါသဗျား။ အဲဒီဘလော့ဂ်မှာ သူ့စိတ်ကူးလေးတွေကို ဒီလိုဘဲ ရောက်တတ်ရာရာ ရေးဖွဲ့တတ်ပါတယ်။ ကျနော် တခါက ရေးဘူးသလိုဘဲ ကျနော့်မဒမ်တယောက် ကဗျာဆန်တတ်ပုံနဲ့ ငှက်ချစ်တတ်ပုံကို တစေ့တစောင်း တွေ့နိုင်ပါတယ်။

အိမ်

ငယ်စဉ်တုန်းက ကိုယ့်မိဘအိမ်မှာဘဲ နေချင်တဲ့ဆန္ဒပြင်းပြခဲ့ဖူးတယ်။ ဒါဟာ သဘာဝတရားနဲ့ လွဲချော်ခဲ့ရတဲ့ ကလေးတယောက်ရဲ့ အိပ်မက်ဘဲဆိုပါတော့။

ငယ်ငယ်က စာကလေးအိမ်လေးတွေဝယ်၊ စပါးတွဲလေးနဲ့ တွဲ ချည်ပြီး အိမ်တံစက်မြိတ်မှာ ချိတ်ခဲ့ဖူးတယ်။ သူများတွေကပြောကြတယ်မို့လား...အဲဒါမှကိုယ့်မှာလဲ မိသားစုလေး တမိုးထဲအောက် အတူပြန်နေခွင့်ရမယ်ပေါ့။ ကလေးဆိုတော့ တကယ်ဖြစ်နိုင် မဖြစ်နိုင် သိပ်မစဉ်းစားခဲ့ပါဘူး..ဒီလိုဘဲဆုတောင်းလိုက်တာပါဘဲ။ စာကလေးလေးတွေ စပါးလာစားတာမြင်ရင် ပျော်နေရော။ငှက်ကလေးတွေကို ချစ်တတ်တာလဲပါမှာပေါ့လေ။ဒါပါဘဲ..ကလေးဘဝဆိုတာ။
တခါတခါတော့......ဘယ်လောက်ဘဲကျဉ်းကျဉ်း..ဘယ်လောက်ဘဲစုတ်စုတ်..ဒါ ငါ့မိဘအိမ်ဘဲဆိုတဲ့ အသိကလေးနဲ့ အရာရာကို ရဲရဲယုံကြည်လို့ရတဲ့..သူများမျက်နှာမကြည့်ရတဲ့..သိမ်ငယ်စိတ်ကင်းပြီး ပိုင်ပိုင်နိုင်နိုင်ရှိတဲ့ ဘဝမျိုးကို တောင့်တခဲ့ဖူးတယ်။အမေနေတဲ့ အခန်းကျဉ်းလေးက အဲဒီအရာတွေ အားလုံး ကိုပေးခဲ့တယ်။ စာမေးပွဲဖြေရတဲ့ရက်တွေဆိုအဲဒီအခန်းကျဉ်းကျဉ်းလေးထဲ စာတွေကျက်ခဲ့ရဖူးတယ်။ယာယီခဏ အမေနဲ့အတူနေခွင့်ရခဲ့တဲ့ကာလတွေပေါ့။
နဲနဲပိုပြီးနားလည်တဲ့ အရွယ်ရောက်လာတော့..အမေနဲ့အတူနေခွင့် ပြန်ရလာခဲ့တယ်။.... အကြိမ်ကြိမ် ပြောင်းဟယ်ရွှေ့ဟယ်နဲ့ ငှါးနေခဲ့ရတဲ့ အမေ့ရဲ့ အိမ်တွေကလည်းမနည်းမနောပေါ့။
သြော်...ကိုယ်ပိုင်အိမ်မရှိတဲ့ ဒုက္ခကမသေးဘူးလို့ စပြီး ခံစားလာရပြန်တယ်။။ကိုယ့်အိမ် ဆိုတဲ့ခံစားချက်ကို အပြည့်အဝခံစားလို့မရတဲ့ ဘဝတွေဘဲ။ တန်ရာတန်ကြေးလခပေးပြီးနေတာဆိုတော့ ငယ်ငယ်ကအမျိုးတွေအိမ် မှာနေရသလောက်တော့ စိတ်မကျဉ်းကျပ်ဘူးပေါ့။ သို့သော်လည်း အိမ်ရှင်မျက်နှာတော့ အထိုက်အလျောက်ကြည့်ရသေးတာပါဘဲ။
အိမ်ငှားဘဝမှာကျင်လည်ခဲ့ရတာကတော့ဖြင့် နိုင်ငံနယ်နမိတ်ကိုပါကျော်ခဲ့ရတဲ့အထိ ဆိုပါတော့။ ချစ်သူမျက်နှာ တကျွန်းထင်ပြီးလိုက်ခဲ့ တဲ့စင်ကာပူရွှေမြို့တော်ကြီးမှာ။ ပထမဆုံး နှစ်ယောက်အတူ ငှါးနေဖြစ်တဲ့အခန်းကစလို့ ခုအချိန်ထိ ငါးကြိမ်ပြောင်းခဲ့ဖူးပါတယ်။ ချစ်သူကတော့ တယောက်ထဲနဲ့ကို ရှစ်ကြိမ်လောက်ပြောင်းခဲ့ရသူ။အိမ်အသစ်ရှာ၊အိမ်ပြောင်းရခြင်းဒုက္ခတွေကိုတော့ထပ်ပြီးစာဖွဲ့မပြလိုတော့။နောက်ဆုံးမှာတော့..


ငယ်ငယ်ကတည်းကတောင့်တခဲ့ဖူးသော၊ချစ်သူ နဲ့နှစ်ယောက်အတူစိတ်ကူးယဉ်ခဲ့ဖူးသော၊ သမီးလေးကလိုချင်သည်ဟုပြောပြောနေတတ်သော၊'ကိုယ်ပိုင်အိမ် 'ကလေးတလုံး ပိုင်ဆိုင်ခဲ့လေပြီ။(အိမ်ခန်းလေးဆို ပိုမှန်မည်။)ကဲ..အခုဆို.ပစ္စည်းအားလုံးက ကိုယ်ပိုင်ပစ္စည်းတွေချည်း ၊ ကိုယ်ကြိုက်တဲ့နေရာမှာ ဒရေဖောက်လို့ ချိတ်ချင်တာလေးတွေလဲချိတ်လို့ရပြီ။ ကိုယ်ကြိုက်တဲ့ဆေးရောင်သုတ် ၊ ကိုယ်ကြိုက်သလို ချယ်မှုန်း ၊ ဘယ်အိမ်ရှင်မျက်နှာမှကြည့်စရာလဲမလိုတော့ပြီ ။
သို့သော်....အိမ်ပြောင်းခြင်း၊ အိမ်အသစ်ရှာရခြင်း၊ အိမ်ရှင်မျက်နှာမကြည့်ရခြင်း တို့မှ ကင်းဝေးသွား၍ ဝမ်းသာရသည်မှတပါး 'ပိုင်ဆိုင်ခြင်း'ဆိုတာကို အပြည့်အဝ ခံစားရသည်ဟုမထင်မိ။မျှော်လင့်ထားသလောက်လဲ မပျော်ခဲ့ပါ။
တကယ်တော့ပျော်စရာအကောင်းဆုံးအချိန် ဖြစ်ရမှာမဟုတ်ဘူးလား။
ဒါဆို...ဘာကြောင့်များအပြည့်အဝမပျော်နိုင်ရပါသလဲ။
ပြန်တွေးကြည့်တော့ ရေးရေးလေးသိသလို....။
ငယ်ငယ်က စာကလေးအိမ်လေးတွေချိတ်တော့ ဆုတောင်းတာလိုသွားခဲ့သည်ထင့်....။မိသားစုလေး မခွဲမခွာ ဒီရေဒီမြေမှာ လို့ ဆုတောင်းခဲ့ရမှာ။ ဒါမှ........။

သြော်...ရေမကြည် မြက်မနုပေမယ့်လဲ ကိုယ့်ရေမြေ ၊ကိုယ့်ဒေသရဲ့ ထောင့်တိုင်း နေရာတိုင်း ကိုတော့ မွေးဖွားချိန်ကစလို့... နှလုံးသားက ရင်းနှီးခဲ့ရသည်မဟုတ်ပါလား။
MDP
Read more

“တော်လှန်ရေးနေ့ အတွေး….”

ဒီကနေ့ တော်လှန်ရေးနေ့ နှစ်ပတ်လည်နေ့။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဗမာတပ်မတော်နဲ့ မြန်မာတမျိုးသားလုံးက ဖက်ဆစ်ဂျပန်တွေကို စတင်ပြီး တော်လှန် တိုက်ထုတ်ခဲ့တဲ့နေ့။ အခြေအနေအရ ဗိုလ်ဗထူးရဲ့ တပ်တွေက မတ်လ ၂၇ မတိုင်မီကတည်းက စတင်တော်လှန်ခဲ့ရတယ်လို့သိရပါတယ်။ ဒါပေမယ့် ဖက်ဆစ်တွေ စောစောစီးစီး မရိပ်မိအောင် ဗမာ့တပ်မတော်ကို ပုန်ကန်တယ်ဆိုတဲ့ အသံမျိုးလွှင့်ပြီးမှ တိုက်တာဖြစ်တယ်။

ဗိုလ်ချုပ်တို့ စစ်ထွက်ကာနီး ရွှေတိဂုံဘုရားခြေတော်ရင်း အောင်မြေနင်းပွဲမှာ ဗိုလ်ချုပ်ပြောတဲ့ မိန့်ခွန်းတိုတိုလေးကို သတိရပါတယ်။ (စကားလုံးအတိအကျ မမှတ်မိပါ) “ရဲဘော်တို့၊ စစ်မြေပြင်ကို ထွက်ရမယ်။ စစ်မြေပြင်မှာ ခက်ခဲမယ်၊ ကြမ်းတမ်းမယ်။ ငတ်မယ်၊ ပြတ်မယ်၊ ဒုက္ခဆင်းရဲနဲ့ကြုံမယ်။ ငါကိုယ်တိုင် ရဲဘော်တို့နဲ့ အတူလိုက်မယ်။ အနီးကပ်ဆုံး ရန်သူကို ရှာတိုက်ပါ” ဆိုတဲ့ သဘောမျိုးပေါ့။ အဲဒီအောင်မြေနင်းပွဲကို ဂျပန်စစ်ဖက်အရာရှိတွေလည်း တက်တာဘဲ။ သို့ပေမယ့် သူတို့ မရိပ်မိကြဘူး။

ဟော….အခု မြန်မာပြည်လွတ်လပ်ရေးရလို့ နှစ်ပေါင်း ၆၀ ကျော်ကြာလာတဲ့အချိန်မှာ မြန်မာပြည်မှာ ဖက်ဆစ်ဂျပန်တွေထက်တောင် ဆိုးရွားတယ်လို့ ပြောလို့ရတဲ့ အစိုးရတရပ်အုပ်ချုပ်နေတယ်။ အဲသည် အစိုးရက တိုင်းတပါးက လူမျိုးခြားလည်းမဟုတ်။ ကိုယ့်ဗမာမှ ကိုယ့်ဗမာအစစ်။ မြန်မာလူမျိုးအချင်းချင်းကို တိုင်းတပါးသားကတောင် မပြုမူခဲ့ဘူးတဲ့ ရိုင်းစိုင်းရက်စက်မှုတွေနဲ့ ဖိနှိပ်အုပ်ချုပ်နေတယ်။ ပိုပြီးကြေကွဲဘို့ကောင်းတာက အဲဒီအုပ်ချုပ်နေတဲ့ တပ်မတော်ဆိုတာဟာ တချိန်က မြန်မာပြည်သူတရပ်လုံးက အားကိုးအားထား ယုံကြည်ချစ်မြတ်နိုးခဲ့တဲ့ ဗမာ့တပ်မတော်အဖြစ်ကနေ လျှောကျပြီး အခု လူတကာချဉ်တဲ့ လူတစုရဲ့ အသုံးတော်ခံ စစ်တပ်ဘ၀ကို လုံးလုံးလျားလျား ရောက်ရှိနေ တာပါဘဲ။

ဂျပန်လက်အောက်မှာ ကျရောက်ခဲ့တုန်းက ပြည်သူလူထုအနေလည်း ဖက်ဆစ်ဂျပန်ကို အထိုက်အလျောက် ကြောက်ရွံ့စိတ်တော့ ရှိခဲ့တယ်။ မကြောက်လို့လည်း မဖြစ်ဘူးလေ။ လက်သည်းခွံခွာတာတို့၊ ရေနွေးပူနဲ့ လောင်းတာတို့၊ အနည်းဆုံးပါးရိုက်တာတို့ကို ခံရနိုင်တယ်မို့လား။ အဆိုးဆုံးအနေနဲ့ အသတ်တောင် ခံရနိုင်တယ်။ သို့ပေမယ့်လည်း အရေးကြုံလာတော့ မြန်မာတွေ သက်လုံကောင်းကြပါတယ်။ ဂျပန်တွေ အမြန် ဆုတ်ခွာသွားရတာ မဟာမိတ်တပ်တွေကြောင့်ဆိုတာထက် မြန်မာတွေ ၀ိုင်းချလိုက်လို့ ပိုမြန်သွားတာလို့ အဆိုရှိပါတယ်။

သည်နေ့ခေတ် သည်နေ့အခါမှာလည်း မြန်မာလူထုဟာ စစ်အာဏာရှင်စနစ်ကို အော့နှလုံးနာလှပါပြီ။ အရေးကြုံတဲ့အခါ သက်လုံကောင်းကြဦးမှာပါဘဲ။ အရေးကြီးတာက ခေါင်းဆောင်မယ့်လူများအနေနဲ့ (နောက်ပြီး မီဒီယာပေါ်မှာ အသံထုတ်နေသူများအနေနဲ့) လူထုကို လျှော့မတွက်ကြဘို့ပါဘဲ။ နေရာတကာ နအဖ ထုတ်ပြန်ထားတဲ့ဥပဒေဘောင်ထဲက၊ နအဖ ခင်းထားတဲ့ လမ်းပေါ်က၊ နအဖ စီမံထားတဲ့ အခင်းအကျင်းထဲက လွယ်ကူတိုင်း လိုက်လုပ်နေလို့ မဖြစ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်က ဒီလိုသာ ပြည်သူတွေ လုပ်ဘို့ လွယ်ကူတာကိုချည်း လိုက်လုပ်နေခဲ့ရင် ဒီကနေ့ လွတ်လပ်ရေးတောင် ရခဲ့မှာမဟုတ်ပါဘူး။ တချို့အရာတွေဟာ ခက်ခဲတာ အရင်းအနှီး ပေးဆပ်ရမှုများတာ မှန်ပေမယ့် တန်ဘိုးရှိတာကို လိုချင်ရင်တော့ ထိုက်တန်တဲ့ ပေးဆပ်မှုတွေကို လုပ်ရ ပေးရဦးမှာပါဘဲ။

ဗိုလ်ချုပ်အောင်ဆန်းရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ ပြောခဲ့တဲ့ “အဆိုးဆုံးအတွက် ပြင်ဆင်ထား” ဆိုတာ လွယ်ကူတာကိုသာ လိုက်လုပ်ဘို့ ရည်ညွှန်းခဲ့တာ မဟုတ်ပါဘူး။ အရေးကြုံလာရင် ခက်ခဲသော်လည်း၊ ကြမ်းတမ်းသော်လည်း အသင့်ရှိဘို့၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကိုင်ကြဘို့ကို တိုက်တွန်းခဲ့တာပါ။

ဒီလိုမှ မဟုတ်ဘဲ လူထုကို တချိန်လုံး လျှော့တွက်နေကြရင် ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင်က လူထုကို လျှော့တွက်တဲ့သူတွေ အခုအချိန်မှာ မြောင်းထဲကို ရောက်သွားကြသလို ကိုယ်လဲ တချိန်မှာ မြောင်းထဲကို ရောက်သွားနိုင်တယ်ဆိုတာ သတိပြုကြစေချင်ပါတယ်။
Read more

“သင့်သွေးဖြင့်…”

“တူတူဘဲ” ဆိုသော ကျောင်းနေဘက် သူငယ်ချင်းတယောက်ကို သတိရမိသည်။ သူ့နာမည်ရင်းက ၀င်းမောင်။ သူနှင့် အခြားတယောက်ယောက် ငြင်းကြတိုင်း သူ့ဘက်က အခြေအနေမဟန်လျှင် “အတူတူဘဲလေ၊ တူတူဘဲ” ဟု အတင်း လျှောချတတ်သော ကြောင့် ကျနော်တို့က သူ့ကို “တူတူဘဲ” ဟု နာမည်ပြောင်ပေးထားခြင်းဖြစ်သည်။

ယခုပြောလိုသည်မှာ တူတူဘဲ အကြောင်းကိုတော့မဟုတ်။ ကျနော် မြန်မာပြည်တွင် ရှိစဉ်က “တူတူဘဲ” နှင့်အတူ ရန်ကုန်ဆေးရုံကြီးတွင် သွေးလှူခဲ့ဘူးခြင်းကို သတိရမိ သောကြောင့် ဖြစ်သည်။ အခုပြန်စဉ်းစားတော့ အဲသည်အဖြစ်က ရယ်စရာလည်းကောင်းသည်။ တုန်လှုပ်စရာလည်းကောင်းသည်။

မှတ်မှတ်ရရ ကျနော့်ဘ၀တွင် ပထမဦးဆုံးအကြိမ်သွေးလှူခဲ့ဖူးခြင်းမှာ ရန်ကုန်စက်မှု တက္ကသိုလ် ဆေးခန်း (တင်းနစ်ကွင်းနံဘေးက)၌ စက်မှုတက္ကသိုလ်ဗုဒ္ဓဘာသာမိသားစုမှ ကြီးမှူးပြုလုပ်သော သွေးလှူပွဲတွင် ဖြစ်သည်။ အဲသည်တုန်းက ကျနော်က ပိန်ပိန်လေး။ ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက်။ သွေးကလည်း ကျဲမှကျဲ။ တပုလင်းကို ခဏလေးအတွင်းပြည့်သွားသည်။

ယမုံနာဟုခေါ်သော သူငယ်ချင်းတယောက် သွေးပျစ်သဖြင့် အကြာကြီး လှူရသည် ကိုပင် မှတ်မိသေးတော့။ အဲသည်တုန်းက ကျနော်တို့က စတုတ္ထနှစ်ကျောင်းသား တွေပေါ့။

ရန်ကုန်ဆေးရုံကြီးတွင် သွေးလှူတဲ့အချိန်ကျတော့ ကျနော်သည် ကျောင်းပြီးလို့ အဖြူအမဲ တယ်လီဗီးရှင်းတွေကို ပြုပြင်ပေးရသည့် အလုပ်တခုမှာ ၀င်လုပ်နေပြီဖြစ်သည်။ သူငယ်ချင်း တယောက် အဆက်အသွယ်နှင့် ပထမဦးဆုံး ၀င်လုပ်ခဲ့သည့်အလုပ်။ တကယ်က တယ်လီဗီး ရှင်း ပြင်ရသည်မဟုတ်။ လိုင်းမိအောင် ချိန်ပေးရခြင်းမျှသာဖြစ်သည်။ တောကနေ တက်လာပြီး တီဗီလာဝယ်သူများ အိမ်ပြန်ရောက်လျှင် မချိန်တတ်မှာစိုး၍ ကြိုတင် ချိန်ပေးထားရခြင်း။ တရုတ်ကသွင်းလာတဲ့ ပစ္စည်းတွေဆိုတော့ ပျက်တာတွေလည်းပါရဲ့။ သည်လိုဘဲ သူငယ်ချင်းတစု ရမ်းသမ်းပြင်ကြသည်။ တယ်လီဗီးရှင်းအပျက်တလုံးကို နောက်ကနေ အဖုံးဖွင့်ပြင်ရင်း စပီကာ ဘေးမှာ (ထုတ်လုပ်တဲ့ တရုတ်စက်ရုံက) ပလာယာကြီးတခု ကပ်ပါလာသည်ကိုတွေ့ရ၍ ရယ်ကြ ရသေးသည်။

တနေ့တွင် ထိုအလုပ်ကိုသွင်းပေးသော သူငယ်ချင်း၏ အဒေါ်ဖြစ်သူ လည်ချောင်းခွဲရန်အတွက် သွေးလိုသဖြင့် ကျနော်၊ တူတူဘဲ နှင့် သူငယ်ချင်း၏ နှမ၀မ်းကွဲတို့ ဆေးရုံကြီးတွင် သွေး သွားလှူကြသည်။ အဲသည်အချိန်မှာတော့ ကျနော်ခန္ဓာကိုယ်အလေးချိန်တက်စပြုနေပြီ။ ဒါပေမယ့် ကြည့်ကောင်းရုံလေး ၀သေးတဲ့အချိန်။ ၀က်သားအဆီအအိမ့်များ အလွန်ကြိုက် သဖြင့် သွေးထဲတွင် ကော်လက်စထရောကလည်း အတော်စုမိနေပေလိမ့်မည်။

သွေးလှူတော့ သွေးလှူရန် ကုတင်က နှစ်လုံးဘဲရှိ၍ ကျနော်နှင့် တူတူဘဲက အရင်စ လှူရသည်။ နှစ်ယောက်သား တယောက် တကုတင်စီပေါ်မှာ လဲလျောင်းရင်း အတူစလှူပါလျက် တူတူဘဲ က ကျနော့်အရင်စောပြီး ပုလင်းပြည့်သွားသည်။ ကျနော့်သွေးမှာ ပျစ်စပြုနေပြီ ဖြစ်၍ တော်တော်စောင့်လိုက်ရသည်။

ကျနော်လှူပြီး ကုတင်ကထလာတော့ တူတူဘဲက ရှေ့က အခန်းထဲမှာ ကြက်ဥ စားရင်း ကျနော့်သူငယ်ချင်း၊ သူ့အဒေါ်၊ နှမ၀မ်းကွဲတို့ဖြင့် စကားဖောင်နေပြီ။ တူတူဘဲ စကားပြောလျှင် အဝေးကြီးက ကြားရအောင် ကျယ်လောင်သည်။ ကျနော်လည်း သူ့ဘေးမှာ ၀င်ထိုင်လိုက်ရင်း ကျနော့်အတွက် ပေးလှာသည့် ကြက်ဥကို စားမည်ဟု ခေါင်းအငုံ့…..ကျနော်မိုက်ကနဲဖြစ်ကာ သတိလစ်သွားလေတော့သည်။

သတိပြန်ရလာတော့ လူက ကြမ်းပြင်ပေါ်မှာ ပက်လက်။ ခြေထောက်နှစ်ချောင်းကို ကုလား ထိုင်ပေါ်မှာ တင်ပေးထားကြသည်။ ကျနော် သတိလစ်သွားသည်တဲ့။ အားလုံး စိုးရိမ်နေကြ သည်။ ကျနော်က “အခုမှဘဲ လူစင်စစ်က တစ်တီတူး ဖြစ်တော့တယ်” လို့ စကား စပြောလိုက်တော့မှ သူတို့အားလုံးဝိုင်းရယ်ရင်း နည်းနည်းစိတ်ပေါ့သွားကြသည်။ ထို့နောက် ခဏနေတော့ ကုတင်ပေါ်ကို ရွှေ့ဘို့ လုပ်ကြသည်။ ကျနော့်ကို ၀ိုင်းပြီးမမယ် လုပ်ကြတော့ ကျနော်က “ရပါတယ်။ ကျနော် အမူးပြေပါပြီ။ ကျနော့်ဘာသာလျှောက်ပြီး ရွှေ့ပါမယ်” ဆိုကာ ထလျက် ကုတင်ဆီသို့သွား၏။ သူငယ်ချင်းနှင့် တူတူဘဲက ဘေးတဘက်တချက်က လက်မောင်းကို ထိန်းပေးရင်းလိုက်လာသည်။ ကုတင်သို့ မရောက်မီ လမ်းတ၀က်တွင်ပင် နောက်တကြိမ် သတိလစ်သွားပြန်လေသည်။

သို့နှင့် ဇာတ်ပေါင်းတော့ ကျနော့်သွေးအလှူခံသည့် လူနာအဒေါ်ကြီးအပါအ၀င် သူတို့အားလုံး ကျနော့်ကိုယ်အား ၀ိုင်းမပြီး ကုတင်ပေါ်တင်ကြရသည်။ (အလေးချိန်ကလဲ စီးသကိုး)။ ကျနော်တို့ နောက်တွင် သွေးလှူမည်ဖြစ်သော သူငယ်ချင်း၏ နှမ၀မ်းကွဲမှာလည်း ကျနော့် အဖြစ်ကို မြင်ပြီးသကာလ ကြောက်လန့်ကာ မလှူရဲတော့ချေ။

ထိုအခေါက်သည် ကျနော့်ဘ၀တွင် နောက်ဆုံးအကြိမ် သွေးလှူခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန် ၌မူ ကျနော်လှူချင်စိတ်ရှိဦးတော့ ကျနော်ကျန်းမာရေးအရ လှူနိုင်သည့် အနေအထား မရှိတော့ပါ။ သွေးလှူသည် ဆိုသည်မှာ လူ့အသက်ကို ကယ်တင်ခြင်းဖြစ်၍ ကုသိုလ်ရရုံမျှမက မိမိကိုယ်တိုင်ကလည်း ကျန်းမာသန်စွမ်းနေသေးသည့်အဓိပ္ပါယ်ဖြစ်၍ အင်မတန် မင်္ဂလာရှိ သော အမှုတခုပင် ဖြစ်ပါတော့သည်။

(ကလိုစေးထူးရဲ့ ဘလော့ဂ်မှာ “သင့်သွေးဖြင့်…” ဆိုတဲ့ ပို့စ်ကလေးဖတ်ပြီး ဒီပို့စ်ကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ ကျနော့်ပို့စ်ကိုလည်း နာမည်အတူတူဘဲ ပေးလိုက်ပါတယ်။)
Read more

“ရေတွင်းမတူးဘဲနှင့် ရေကြည်သောက်လိုသူများ”

ယနေ့ သောကြာနေ့သည် ကျွန်ုပ်နေထိုင်ရာ ကျွန်းပိစိတွင် (Good Friday) ရုံးပိတ်ရက်ဖြစ်သည်။ ကျွန်ုပ်သည် နံနက်မိုးလင်း မျက်စိနှစ်လုံးပွင့်လာသည်မှ စ၍ ကွန်ပြူတာရှေ့တွင်ထိုင်ကာ ကြွက်(mouse) ကိုစီးလျက် ဘလော့ဂ်ခန်းလှည့် လည် ကြည့်ရှုလေသည်။
ထုံးစံအတိုင်း မတထောင်သားတွေ မတထောင်သမီးတွေ ရေးကြသော ဘလော့ဂ်များ ဖြစ်ကြသည် နှင့်လျော်ညီစွာ တထောင့်တရာ့ကုန်သော အတွေးအခေါ်အယူအဆ အသီးသီး ကိုလည်း တွေ့မြင်ရလေသည်။
ကျွန်ုပ်အနေဖြင့် နားမလည်နိုင်သော အဆိုအမိန့်နှစ်ခုကိုလည်း တွေ့ရ၏။ အင်တာနက်ပေါ်တွင် လည်းကောင်း၊ အပြင်ဘက်လောကတွင် ဒီမိုကရေစီ ဘက်တော်သားဟု ဆိုအပ်သော လူအချို့ အကြားတွင်လည်းကောင်း ဤစကားနှစ်ရပ်ကို မကြာခဏ ကြားရလေ့ရှိ၏။
၎င်းအဆိုအမိန့်များမှာ အခြားမဟုတ်။ “လူထုအုံကြွမှုကြီးကို အချိန်ကိုက် လုပ်ယူ၍ မရ” ဆိုခြင်းနှင့် “လူထုအုံကြွမှုကို ဖန်တီးလုပ်ယူ၍မရ” ဟူသော အဆိုအမိန့်များပင်တည်း။ ဘယ် ဖီလိုဆိုဖာဦးမြသာ ကများ ရမ်းတုပ်လိုက်သည်မသိ။ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားရဲ့ အိုင်ဒီယော်လော်ဂျီတွေလည်း ဖြစ်နိုင်သည်။ လျှော့တွက်၍မရ။
“လူထုအုံကြွမှုကြီးကို အချိန်ကိုက် လုပ်ယူ၍ မရ” ဆိုသော အဆိုအမိန့်နှင့် ပတ်သက်၍ စဉ်းစားရန်မှာ ကျွန်ုပ်တို့၏ မြန်မာပြည်သမိုင်းဝယ် ၈၈၈၈ (ရှစ်လေးလုံး) လူထုအုံကြွမှုကြီး ဟူသည် အမှန်တကယ်ပင် ရှိခဲ့၏။ လူထုအုံကြွမှုကြီးကို အချိန်ကိုက်ပြီးဖြစ် ပေါ်အောင် လုပ်ယူ၍မရ ဆိုခဲ့လျှင် ထိုသို့ ဖြစ်တောင့်ဖြစ်ခဲ ရှစ်လေးလုံးထပ်သောနေ့တွင် တတိုင်းပြည်လုံး မြို့ကြီးများအများစု၌ ဖြစ်ပေါ်ခဲ့သော လူထုအုံကြွမှုကြီးသည် ထာဝရ ဘုရားသခင်၏ အလိုတော်အရ ဖြစ်ပေါ်လာခဲ့လေသလော။ သို့တည်းမဟုတ် ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဆိုသလို တိုက်တိုက်ဆိုင်ဆိုင်ကြီး ဖြစ်သွားခြင်းပေလော။ ကျွန်ုပ်အဘို့ အင်မတန် စဉ်းစားရ ကျပ်လှပေသော ပုစ္ဆာကြီးတခုပေတည်း။ ထိုအဆိုအမိန့်ကို မြွက်ဟသော ဘလော့ဂါပညာရှိတို့ ရှင်းလင်းဖြေကြားပေးကြပါကုန်။
ထိုမှတပါးလည်း ကျွန်ုပ်တို့ တိုင်းပြည်ထက် နည်းပညာထွန်းကားသော “ဖိလစ်ပိုင်”တွင်မူ လူအများ လမ်းမပေါ်ထွက် အုံကြွမည့်နေ့အား “မိုဘိုင်းလ်ဖုန်း”မှတဆင့် “မက်ဆေ့ခ်ျ” များ အသီးသီး ဆင့်ပွားကြကာ သမ္မတ မင်းကိုပင် ဖြုတ်ချသော ရာဇ၀င် ထင်လင်းစွာရှိလေ၏။ ယင်းအဖြစ်အပျက်ကို သိုးဆောင်းစကားဖြင့် “ပီးပဲပါဝါ” ဟု လူသိများ၏။ ကျွန်ုပ်တို့ ကိုးကွယ်သော ဗုဒ္ဓမြတ်စွာပင်လျှင် ရှေးယခင် အလောင်းတော်ဝေဿန္တရာမင်းကြီးဘ၀က ပီးပဲပါဝါ နှင့် ဖြုတ်ချခြင်း ခံခဲ့ရဘူးသည် ဆို၏။ မြန်မာ့သမိုင်းတွင် ဒေါ်မန်စမစ်ပြန်ယူလာသော စက္ကူဖြူစီမံကိန်းကိုလည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြန်မာတွေ ကန့်ကွက် ဆန္ဒပြခဲ့ကြသည် ဟူ၏။ ဤအဖြစ်အပျက်အားလုံးသည် မည်သူတဦးတယောက်၏ လှုံ့ဆော်မှုမပါဘဲ သူ့အလိုအလျောက် အချိန်ကိုက်ပြီး ဖြစ်ပျက်ခဲ့ရသည်ဆိုပါလျှင် သြော်.....တိုက်ဆိုင်လွန်းလှချေသည် တကား။
အကယ်၍သာ လူထုကို ကျကျနန စည်းရုံးပြင်ဆင်ထားကာ (ယခုအခါ လူထု၏ နိုင်ငံရေး ရေချိန်မှာ အထူးတလည် စည်းရုံးစရာမလိုအောင် မြင့်တက်လျက်ရှိသည်) သပိတ်ကော်မတီ အဖွဲ့ငယ်များကို မြို့အသီး သီးတွင် စနစ်တကျ လျို့ဝှက်ဖွဲ့စည်းထားပါက အချိန်ကိုက်၍ အုံကြွရန်ဟူသည် အဘယ်မှာလျှင် မဖြစ်နိုင် ရှိအံ့နည်း။ ဖြစ်နိုင်၍ပင် ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်သို့ သွားရောက်အရေးမဆိုခင် လူထုကို တောင့်ထားဘို့ မှာကြားခဲ့သည်မဟုတ်ပါလော။ ထို့ပြင် ဖက်ဆစ်တော်လှန်ရေးကဲ့သို့သော လက်နက်ကိုင်တော် လှန်ရေးကိုပင်လျှင် လျို့ဝှက်စွာ ပြင်ဆင်ထားခဲ့ပါက အချိန်ကိုက် လုပ်ဆောင်နိုင်သည်ကို တွေ့ကြရပေမည်။
ထိုသို့စဉ်းစားလိုက်ပါက “ဖီလော်ဆော်ဖာ ဦးမြသာ” များ၏ ပထမ အဆိုအမိန့်မှာ သို့သော သို့လော ဒွိဟ သံသယ ဖြစ်ဘွယ်ရာ၊ အကြောင်းအကျိုးမခိုင်လုံသော အဆိုအမိန့် ဖြစ်နေလေပြီ်။ မည်သို့ပင်ဖြစ်စေ ဤအဆိုအမိန့်ကို စတင်တည်ထောင်သူအား မြန်မာပြည်၏ ဂုဏ်ထူးဆောင် အတွေးအခေါ် ပညာရှင် “ဒေါက်တာဆိတ်ဖွား” ဘွဲ့ထူးကို ချီးမြှင့်အပ်ကုန်၏။ အဘယ့်ကြောင့်ဆိုသော် ထူးထူးခြားခြား ဖြန့်ကျက်တွေး နိုင်စွမ်း၊ ဖောက်ထွက်တွေးနိုင်စွမ်း ရှိသောကြောင့်ပင်တည်း။
ဒုတိယ အဆိုအမိန့် ကျန်သေး၏။ “လူထုအုံကြွမှုကို ဖန်တီးလုပ်ယူ၍မရ” ဆိုသော အဆိုအမိန့်ပင်တည်း။ အစစ လွတ်လပ်ကာ အဆင်ပြေနေသော တိုင်းပြည်တွင်တော့ မှန်ကောင်းမှန်ပေမည်။
သို့သော် မြန်မာပြည်နှင့် ပတ်သက်၍မူကား ယင်းအဆိုအမိန့်ကိုသာ အမှန်ဟု ယူဆရပါက မြန်မာပြည်သမိုင်းတွင် ဖြစ်ပေါ်ခဲ့သမျှ သော လူထုလှုပ်ရှားမှု၊ အုံကြွမှုမှန်သမျှသည် မည်သူ၏ လုံ့လ ပယောဂ၊ အားထုတ်မှုမျှ မပါဘဲ အလိုအလျောက်ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များဟု သဘောပိုက်ရချေတော့မည်။ အင်္ဂလိပ်ခေတ်ကဆိုလျှင် လွတ်လပ်ရေးရခဲ့သည်မှာ ၀ိုင်အမ်ဘီအေအသင်း၊ ဂျီစီဘီအေအသင်း၊ ဒို့ဗမာအစည်းအရုံး၊ နဂါးနီအသင်း၊ ကျောင်းသားသမဂ္ဂနှင့် ဖဆပလ အဖွဲ့ချုပ်ကြီး စသည့် အဖွဲ့အစည်း အသင်းအပင်းအပေါင်းတို့၏ ကြိုးစားမှုကြောင့်မဟုတ်ဟု ကောက်ချက်ဆွဲရပေမည်။ ထို့ပြင် မကြာသေးမီ အတိတ်သမိုင်း ကြောင်းကို ပြန်ကြည့်လျှင်လည်း ဗကသ၊ မကသ၊ အကသ စသည့် ကျောင်းသား သမဂ္ဂများ၊ ရဟန်းပျိုများအဖွဲ့၊ သံဃာ့သမဂ္ဂီ၊ ရှေ့နေများအဖွဲ့၊ စာရေးဆရာများ၊ အနုပညာရှင်များအဖွဲ့ စသည့် မြေပေါ်မြေအောက် အဖွဲ့အစည်းမှန်သမျှတို့၏ ကြိုးစားအားထုတ်ခဲ့မှုမှန်သမျှကို မျက်ကွယ်ပြုရချေတော့မည်။ ဤဒုတိယအဆိုအမိန့်ကို လက်ခံလိုက်လျှင် မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက်လုံး စွန့်လွှတ်စွန့်စားပေးဆပ်ခဲ့သူအပေါင်းနှင့် ၄င်းတို့ ကြိုးစားခဲ့သမျှအား မစင်နဲ့ ပက်သကဲ့သို့ ရှိချေတော့မည်။ ထိုမျှမက ယခုလက်ရှိ လှုပ်ရှားလျက်ရှိသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နှင့်တကွ ကျောင်းသား၊ ရဟန်းသံဃာ၊ ပြည်သူ အသီးသီးတို့အား ၄င်းတို့ လုပ်ကိုင်နေသမျှအား စွန့်လွှတ်၍ လူထုအုံကြွမှုကြီးတခု သူ့အလိုအလျောက် ပေါ်ပေါက် လာသည်ကိုလည်းကောင်း၊ အပြောင်းအလဲတရပ် သူ့အလိုအလျောက် ပေါ်ပေါက်လာသည်ကိုလည်းကောင်း အသာထိုင်စောင့်ကြရန် တိုက်တွန်းရတော့မလိုဖြစ်နေသည်။ (ပြောသာပြောရသည်။ ကိုဇာနည်၊ ကိုအေးလွင်၊ ကိုနေ၀င်းမောင်နှင့် ယခုနောက်ဆုံး ကိုကျော်ဝင်း စသူတို့သည် မဆွခင်ကပင် စတင်တိုက်တွန်းနေခဲ့လေပြီ တကား။)
လူအများ လမ်းမပေါ်ထွက် ဆန္ဒပြခြင်းသည် အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။ ထိုသို့ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို ပစ်ခတ်နှိမ်နင်းသဖြင့် သွေးထွက်သံယို ဖြစ်ပွားလျှင် အင်အားသုံးသော အစိုးရ၏ အပြစ်သာ ဖြစ်သည်။ လူထုကို လမ်းပေါ်ထွက်ရန် စည်းရုံးလှုံ့ဆော်သော နိုင်ငံရေးသမားများ၏ အပြစ်မဟုတ်။ ရှစ်လေးလုံးအရေးတော်ပုံနှင့် ရွှေဝါရောင်တော်လှန်ရေး အတွင်းက လမ်းပေါ်ထွက် ဆန္ဒပြသူများသည် သေနတ်နှင့် အပစ်ခံချင်၍၊ ၀ါးရင်းတုတ်ဖြင့်အရိုက်ခံလို၍ ထွက်ကြခြင်းလည်းမဟုတ်။ မိမိ၏ အခွင့်အရေးအတွက် မိမိတို့အသိနှင့် မိမိတို့ တိုက်ပွဲဝင်ခြင်းသာဖြစ်သည်။
အင်္ဂလိပ်ခေတ်ကဆိုလျှင် ဆီးဘန်နီဆရာတော်က “ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝနှင့်၊ သုဉ်းရပြန်လှစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့် သြော်ကောင်း၏” ဟူ၍ပင် ရေးဘူးခဲ့သည်။ လွတ်လပ်ရေးအတွက် အသက်စွန့်ရန် ၀န်မလေးသူများကို မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်းတွင် အမြောက်အများတွေ့နိုင်ပေသည်။
သို့စင်လျက် အချို့သော သူများအနေဖြင့် မိမိအသေမခံရဲ၊ တုတ်ဖြင့် အရိုက်မခံရဲသည့်နည်းတူ လူတိုင်းကို မိမိကဲ့သို့ပင် သတ္တိနည်းမည်ယူဆကာ လမ်းပေါ်ထွက်ကြမည့်ကိစ္စအား ဆန့်ကျင် တိုက်ခိုက်ပြောကြား နေသည်မှာ “ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ မစုစုနွေး၊ ကိုထင်ကျော်နှင့်အဖွဲ့၊ ကိုမင်းကိုနိုင် နှင့် ရှစ်လေးလုံးခေါင်းဆောင်များ၊ အခြား အကျဉ်းကျခံနေရသူများ၊ တော်လှန်ရေး ခရီးစဉ်တလျှောက် မြို့ပေါ်တွင် အသက်ပေးလှူ သွားခဲ့ကြသူများ၊ တောထဲတောင်ထဲတွင် ကျဆုံးသွားခဲ့သူများ” စသည့် သတ္တိရှိသူ၊ စွန့်လွှတ် ပေးဆပ်သူတို့ကို လုံးလုံးထည့်သွင်းမစဉ်းစားရာ ရောက်နေပါသည်။ ရှက်ဖွယ်စလိ။
အဆိုပါ အဆိုအမိန့်နှစ်ခုကို လက်ကိုင်ထား၍ လူထုအုံကြွမှုအား (လူတွေ လမ်းပေါ်ထွက်မည့်အရေးကို)နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်လျက်ရှိသော ပညာရှိအပေါင်းတို့အား လူ့အခွင့်အရေး လှုပ်ရှားသူတဦး၏ စကားကိုးတခုကို ဖော်ပြလိုက်ရပါသည်။
"Those who favor freedom and yet deprecate agitation are men who want crops without plowing up the ground; they want rain without thunder and lightening; they want the ocean without the awful roar of its waters. This struggle may be a moral one; it may be a physical one; or it may be both moral and physical. But it will be a struggle.Power concedes nothing without demand; it never did and it never will."
.......................................................................................................Frederick Douglas
Read more

“အို...ဖုန်းမော်”

ဒီနေ့ မတ်လ ၁၃ ရက်နေ့ဟာ ကိုဖုန်းမော် ကျဆုံးတာ နှစ်ပတ်လည်တဲ့နေ့။ မြန်မာ့ လူ့အခွင့်အရေးနေ့လို့ သတ်မှတ်ထားတဲ့နေ့။ ဒီနေ့မှာ ဆရာမောင်စွမ်းရည်ရေးတဲ့ “အို...ဖုန်းမော်” ကဗျာလေးကိုညွှန်းရင်း ကိုဖုန်းမော်အား ဂုဏ်ပြုလိုက်ပါတယ်။ အဲဒီကဗျာကို အိုးဝေ စင်္ကာပူ အင်တာနက်စာမျက်နှာမှာ တင်ထားပါတယ်။ ဒီမှာ ဖတ်ပါ။
Read more

“ဦးထုပ်ရောင်းသမားနဲ့ မျောက်များ”

(ကျနော်နှစ်သက်တဲ့ ပုံပြင်လေးတခုကို ဘာသာပြန်ပေးလိုက်ပါတယ်)
တခါက ဦးထုပ် ရောင်းသူတယောက်ဟာ ဦးထုပ်တွေကို လှည့်လည်ရောင်းချရင်း တောအုပ်တခုကို ဖြတ်သွားရသတဲ့။ တောထဲမှာသွားနေရင်း ရာသီဥတုကလည်း အရမ်းပူပြင်းတာကြောင့် သစ်ရိပ်တခုအောက်ကိုဝင်၊ ဦးထုပ်တွေထည့်ထားတဲ့ ခြင်းတောင်းကို ဘေးမှာအသာချ၊ ခဏတဖြုတ် အိပ်စက်အနားယူဘို့ ဆုံးဖြတ်လိုက်တယ်။ နာရီအနည်းငယ်ကြာလို့ အိပ်ပျော်ရာကလဲ နိုးလာရော သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တလုံးမှ မရှိတော့တာကို တွေ့ရသတဲ့။ အဲဒီအချိန်မှာဘဲ သစ်ပင်ပေါ်က မျောက်အော်သံတွေ ကြားရလို့ မော့ကြည့်လိုက်တော့……လားလား။ သစ်ပင်ပေါ်မှာ တပင်လုံး မျောက်တွေနဲ့ ပြည့်နေပြီး သူ့ဦးထုပ်တွေကို မျောက်တွေက ယူထားတာ တွေ့ရတော့တာကိုး။

အဲဒါနဲ့ ဦးထုပ်ရောင်းသမားဟာ သူ့ဦးထုပ်တွေ ဘယ်လိုပြန်ယူရမလဲဆိုတာကို ထိုင်ပြီး စဉ်းစားတော့တာပေါ့။ သူဟာ စဉ်းစားရင်း အကြံအိုက်လာတော့ ခေါင်းကို တဗျင်းဗျင်း ကုတ်မိသတဲ့။ အဲသည်မှာဘဲ သူသတိထားမိသွားတာက မျောက်တွေဟာ သူလုပ်သလို ခေါင်းလိုက်ကုတ်နေကြတာကို တွေ့သတဲ့။ တခါ သူ့ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်ကို ချွတ်ပြီး ယပ်ခပ်တော့လည်း မျောက်တွေက တသွေမတိမ်း လိုက်လုပ်ကြပြန်ရောတဲ့။ အဲဒီမှာတင် ဦးထုပ်ရောင်းသမားဟာ အကြံရပြီး သူ့ဦးထုပ်ကို မြေပြင်ပေါ်ကို ပစ်ချလိုက်သတဲ့။ မျောက်တွေကလည်း အသီးသီး ဦးထုပ်တွေကို မြေပြင်ပေါ်ကို ပစ်ချလိုက်ကြတော့ နောက်ဆုံးမှာ သူ့ ဦးထုပ်တွေ အကုန်လုံး ပြန်ရသွားရောတဲ့။

အဲဒီနောက် နှစ်ပေါင်းငါးဆယ်လောက်ကြာတဲ့အခါ ဦးထုပ်ရောင်းသမားရဲ့ မြေးဟာ သူ့အဘိုးလိုဘဲ ဦးထုပ်ရောင်းသမားတဦးဖြစ်လာပါသတဲ့။ (စင်္ကာပူက “ဘဘလီ” တို့လိုဘဲ မိသားစု ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေးဆက် လုပ်တဲ့ လုပ်ငန်းထင်ပါ့။) မြေးဟာ သူ့အဘိုးဆီကနေ အဲဒီ မျောက်ဇာတ်လမ်းကိုလည်း ကြားဘူးတာပေါ့။

တနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် သူ့အဘိုးလိုဘဲ ဦးထုပ်ရောင်းရင်း အဲဒီ တောအုပ်ကိုပဲ ဖြတ်သွားရပြန်ရောတဲ့။ ရာသီဥတုက ပူတော့ သူ့အဘိုးလိုဘဲ သစ်ပင်အောက်မှာ အိပ်မောကျသွားပြန်ရော။ အဲ..အဲ…နိုးလာတော့ ဦးထုပ်တွေ မတွေ့ရတော့ဘူးတဲ့။ သစ်ပင်ပေါ်မော့ကြည့်လိုက်တော့ မျောက်တွေက ဦးထုပ်တွေကို အားလုံးယူထားပြီးလေသတည်းပေါ့လေ။ (တိုက်ဘဲတိုက်ဆိုင်လွန်းနော်။ သမိုင်းဘီး တပတ်လည်တယ်ဆိုတာ ဒါမျိုးဘဲနေမှာ။)

အဲသည်မှာတင် မြေးဖြစ်သူဟာ သူ့အဘိုး တခါကပြောခဲ့ဘူးတာကို သတိရသွားတယ်။ အဲဒါနဲ့ သူက ခေါင်းကို စပြီး တဗျင်းဗျင်း ကုတ်လိုက်တော့ မျောက်တွေကလည်း လိုက်ကုတ်ကြသတဲ့။ ဟော… ခေါင်းက ဦးထုပ်ကို ချွတ်ပြီး ယပ်ခပ်လိုက်တော့လည်း မျောက်တွေက ဦးထုပ်ချွတ်ပြီး ယပ်ခပ်ကြပြန်ရော။ နောက်ဆုံးတော့ မြေးဦးထုပ်ရောင်းသမားဟာ သူ့အဘိုးရဲ့ စကားကို လုံးဝယုံကြည်သွားပြီမို့ သူ့ဦးထုပ်ကို မြေကြီးပေါ်ကို “ဘုတ်ကနဲ” ပစ်ချလိုက်သတဲ့။

ဒါပေမယ့် အံ့သြစရာကောင်းတာက ဒီတကြိမ်မှာ မျောက်တွေက သူလုပ်သလို လိုက်မလုပ်ဘဲ ဦးထုပ်တွေကို ကိုင်မြဲကိုင်ထားကြသတဲ့။ အဲ… အတင့်ရဲတဲ့ မျောက်တကောင်ကဆိုရင် သစ်ပင်ပေါ်ကနေ ပြေးဆင်းလာပြီး မြေးဖြစ်သူ ပစ်ချထားတဲ့ ဦးထုပ်ကိုတောင် လာကောက်ယူလိုက်သေးသတဲ့။ ပြီးတော့ သစ်ပင်ပေါ်ပြန်တက်မပြေးခင် စကားတခွန်းလည်း သူ့ကို ပြောသွားသေးသတဲ့။

“ဟယ်…လူမိုက်။….နင့်မှာဘဲ အဘိုး ရှိတယ်ထင်နေသလား” ...........တဲ့။

မှတ်ချက်။ ။ ဤပုံပြင်ကို ဖတ်ပြီးသောအခါ ကျနော်တွေးမိသည်မှာ “သင်ခန်းစာဟူသည် သင်တဦးတည်း ရတတ်သည်မဟုတ်။ သင့်ပြိုင်ဘက် (သင့်ရန်သူ)ကလည်း သင့်နည်းတူ ရပြီး ဖြစ်တတ်ပါသည်။”

ကဲ.......မောင်ညီမလေးတို့ရော....အဲလေ..မိတ်ဆွေတို့ရော ဘယ်လို သင်ခန်းစာများ ရကြပါသလဲ။ တောအုပ်ထဲ မ၀င်ခင်ကတည်းက တွတ်ပီလို နှစ်လုံးပြူးတလက် ဆောင်သွားမယ်တော့ မလုပ်ကြနဲ့ပေါ့ဗျာ။ အနော်က မျောက်ချေးခါးဟင်း မကြိုက်ဘူးခင်ဗျ။
Read more

“သမီး”




“သမီး ဒီမှာကြည့်စမ်း။ ဒါဖေဖေ့ ဘလော့ဂ်လေး။ ဒီမှာ ပိတောက်ပန်းလေးတွေ တွေ့လား။ မလှဘူးလား”

အခန်းထဲသို့ သူ့အမေအား စာမေးရန် ၀င်လာသော သမီးအား ကျနော်က ကွန်ပြူတာရှေ့ထိုင်ရင်းမှ ကျနော့်ဘလော့ ဘန်နာအား ညွှန်ပြရင်း လှမ်းမေးလိုက်ခြင်း ဖြစ်သည်။ သမီးသည် ယခုမှ ခြောက်နှစ်သာသာ။ သည်နှစ်မှ စင်္ကာပူမှာ မူလတန်း စတက်နေသူ။

“အင်း... လှတယ်။ ဒါမဲ့ (= ဒါပေမယ့်) တခုတော့ မေးစရာ ရှိတယ်”

ဘုရားရေ။ ပြောပုံက ကြီးကျယ်လှချည်လား။ ကျနော် နည်းနည်းမျက်လုံးပြူးသွားသည်။ ဘာများမေးတော့မှာပါလိမ့်။ ဟိုတနေ့ကလည်း ကျနော် အိမ်ရှေ့မှာ ထိုင်နေတုန်း အိပ်ခန်းထဲ ၀င်သွားပြီး ဖွင့်ထားသော ကွန်ပြူတာ စခရင်ပေါ်က စာကို အော်ဖတ်ပြီး ထွက်လာသည်။

“Ko Paw said... တဲ့”

ဘလော့ဂ်တွေမှာ ကျနော် ကွန်မင့် ပေးထားတာကို သူဖတ်တတ်သလောက် ခဏရပ် ဖတ်ပြီး ထွက်လာခြင်း ဖြစ်သည်။ သမီးသည် မြန်မာစာကိုတော့ မဖတ်တတ်သေး။ သို့သော် မြန်မာစကားကို မွှတ်နေအောင်တတ်သည်။

သို့နှင့် ယခုလည်း သူက မေးခွန်းမေးစရာ ရှိသည်ဆို၍ “ မေးလေ။ ဘာမေးမလဲ”

“သစ်ကိုင်းက ဘယ်နားပျောက်နေလဲ”

ကျနော်နဲ့ ဇနီး နှစ်ဦးစလုံး ပွဲကျသွားသည်။ သူအစချီလာတုန်းကတော့ ကြီးကြီးကျယ်ကျယ် “တခုတော့ မေးစရာ ရှိတယ်” ဆိုပြီး စလာသည် မဟုတ်ပါလား။ ဘာဘဲဖြစ်ဖြစ် ကျနော့် ဘန်နာမှာ မြင်ရသလောက် ပိတောက်ကိုင်းကလေးကို ခေါ်ပြလိုက်ရသည်။

ကျနော်တို့သည် အိမ်တွင် အားလုံး မြန်မာလို ပြောဆိုကြသဖြင့် သမီးသည် အရွယ်နှင့် မလိုက်အောင် မြန်မာဝေါဟာရ ကြွယ်ဝသည်။ သမီး သုံးနှစ်အရွယ်က စင်္ကာပူသို့ စရောက်ပြီး မကြာခင် တနေ့တွင် ကျနော်သည် သမီး၏ ဗဟုသုတကို စမ်းသပ်လိုသဖြင့် ကွန်ပြူတာရှေ့ သို့ခေါ်ကာ ဂီတ သင်္ကေတ ကလေးများကို သမီးအားပြ၍......

“သမီး၊ ဒါ ဘာလေးတွေလဲ သိလား”

သမီးက ပြန်ဖြေသည်မှာ “သိတယ်လေ။ အဲဒါ တီးလုံး လေ၊ တီးလုံး”

ကျနော်တို့မှာ သမီးအဖြေကို နှစ်သက်၍ မဆုံး။ ကြည့်စမ်း။ ဘယ်လောက် ဗမာဆန်လိုက်သ လဲ။ အဲဒီ အဖြေကို ကျနော်ပင် မစဉ်းစားမိ။

သမီးက သူ့အဖွားနှင့် အတူ တခန်းထဲ အိပ်ပြီး သူ့အဖွားနဲ့ အနေများသဖြင့် သူ့အဖွား လေသံတွေလည်း သူ့ထံမှာ ရှိသေးသည်။

ကျနော်တို့မှာ ရုံးပိတ်ရက်များ၌ စင်္ကာပူက လူများထုံးစံ ညဥ့်နက်အောင်နေပြီး မနက်နေမြင့် အောင်အိပ်ကြရာ တရက်တွင် သမီးက...

“ဖေဖေနဲ့ မေမေက ဇီးကွက်တွေ။ ညဘက်ဆို မအိပ်ဘူး၊ မိုးလင်းရင် အိပ်ပြီ”

ထိုအခါ ကျနော်က “ဟုတ်ပါပြီ။ ဖေဖေတို့က ဇီးကွက်ဆိုရင် သမီးကရော”

“မီးနဲ့ ဖွားနဲ့ကတော့ ရိုးရိုးညှက်တွေပေါ့”
(ညှက် = ငှက်။ ဖွား = အဖွား)

ကဲ....ကလေးတွေများ ဘယ်လောက်ချစ်ဘို့ကောင်းသလဲ။

သမီး အင်္ဂလိပ်စာတွေ စလေ့လာတော့ ရယ်စရာဖြစ်ရပ်တခုကိုလည်း ကျနော်မှတ်မိသေး သည်။ ကျနော်သည် အစသန်သူဖြစ်ရာ သမီးနဲ့ အမြဲတစေ “အီး..ဘယ်သူပေါက်၊ မောင်ပေါက်၊ ပေါက်တဲ့လူ မှန်မှန်ပြော၊ အီးဖိုးတရားဟော၊ ဟောလို့မကြေ၊ သင်္ဘောရေ၊ ထန်းရေသောက်တဲ့ ကိုကြာဝိုင်း....ဒိုင်း...ရွှတ်...ဘွှတ်” လုပ်ကာ သမီးအား စလေ့ရှိသဖြင့် သမီးကလည်း ဤပေါက်ကရ ရှစ်ဆယ် လင်္ကာကို အလွတ်ရနေခဲ့သည်။ သို့နှင့် သူအင်္ဂလိပ်စကားလုံးတွေ တတ်ပြီး သိပ်မကြာခင် ထုံးစံအတိုင်း “အီး....ဘယ်သူပေါက်” လုပ်ကြပြန်သည်။ သမီးက သူဆိုမည်ဆိုကာ စဆိုသည်က “အီး...ဒဗလျူပေါက်” တဲ့။ ပြီးတော့ သူ့ဟာသူ မှားမှန်းသိကာ ခိုးခိုးခစ်ခစ် ရယ်လေတော့သည်။

သမီးသည် တဦးတည်းသမီးဖြစ်၍လောမသိ။ သည်အရွယ်ထိ ကလေးလုပ်ကာ လူကြီးကို ချွဲနွဲ့ချင်သည်။ အခုအရွယ်အထိ စကားကို မပီကလာ ပီကလာ ပြောလေသည်။ ကျနော်က စချင် နောက်ချင် ၍ မပီကလာ ပီကလာ ပြန်ပြောလျှင်တော့ ချက်ချင်းပီအောင် ပြင်ပြော တတ်သည်။

တနေ့က သမီးတို့ ကျောင်းက လိုင်ဘရီကဒ်ထုတ်ပေးလိုက်သည်။ ကဒ်ရပြီးနောက်တနေ့ ရုံးပိတ်ရက်ဖြစ်ရာ လိုင်ဘရီကို လိုက်ပို့ဘို့ ပူဆာလေတော့သည်။ လိုင်ဘရီသို့ သွားကာနီး ကဒ်ပေါ်တွင် ရေးထားသော သူ့အမည်ကို သူဘာသာဖတ်ပြီး သမီး၏ အလန့်တကြား ရေရွတ်လိုက်သံကြောင့် ကျနော်၊ ဇနီးနှင့် အဖွား အားလုံး ပွဲကျသွားသည်။

သမီး၏ ရေရွတ်သံမှာ....

“ဟင်.....။ မီးနာမည်ကရှေ့မှာ ဘာလို့ Ms ဖြစ်နေရတာလဲ။ မီးက မင်လာမှ အဆောင်ရ သေးတာ” ဟူသတည်း။

(မှတ်ချက်။ ။ မင်လာ = မင်္ဂလာ။ အဆောင်ရသေး= မဆောင်ရသေး)

မှတ်ချက်။ ။ သမီးအား Ms သည် Miss ရဲ့ အတိုကောက် ဖြစ်ပြီး Mrs နှင့် မတူကြောင်းကို သူ့အမေက ရှင်းပြလိုက်ပါသည်။
Read more

“ကိုမြအေးရဲ့ မွေးနေ့”

ဒီကနေ့ ကျရောက်တဲ့ ကိုမြအေးရဲ့ ၄၂ ပြည့်မွေးနေ့မှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က တောင်ငူထောင်အတွင်း အကျဉ်းကျနေစဉ် (၁၀၊၃၊၁၉၉၆) ကိုမြအေးရဲ့ မွေးနေ့မှာ သူကိုယ်တိုင် ရေးစပ်ထားသော ကဗျာကို ဝေမျှလိုက်ပါတယ်။ ဒီကဗျာကို အိုးဝေစင်္ကာပူ အင်တာနက် စာမျက်နှာမှာ လွန်ခဲ့တဲ့ နှစ်ကဖော်ပြဘူးခဲ့တာမို့ ဒီမှာ သွားရောက်ပြီးလည်း ဖတ်ရှုနိုင်ပါတယ်။


မျက်စိမှိတ်ခံစားခြင်း

နွမ်းလျနေတဲ့ မျက်ရည်တစနဲ့
ဘ၀ကို အဆုံးမသတ်ချင်ဘူး
စိတ်ကူးယဉ်လွန်းတယ်ဘဲဆိုဆို....
ကိုယ်.....
အိပ်မက်တွေထဲမှာ ပျော်နေမိတယ်....

တခါတရံ ကဗျာတွေရေးရင်း
နာရီလက်တံတွေကို
ယီလေးခိုစီးမိတဲ့အခါ
မရေရာတဲ့ အရုဏ်ကို
ယောင်လို့တောင် မမှန်းဆမိပါဘူး။

ဝေးလွန်းတဲ့ မနက်ဖြန်ကို
မြင်နိုင်မယ်ဆိုရင်တော့
ကိုယ့်ရဲ့ မျှော်လင့်ချက်တွေဟာ...
ဟောဒီ ၀သုန်မြေကြီးပေါ်ကို
ဖိတ်စင်ကျကုန်မှာပေါ့။

အခုတော့....
ဘာဘဲပြောပြော
အိပ်မက်လေးရေ
မင်းရဲ့ နွေးထွေးတဲ့ရင်ခွင်မှာ
ကိုယ့်ကို
ဒီတည မှေးစက်ခွင့်ပြုပါအုံးနော်....


(ရေးသူ-ကိုမြအေး)


ကိုမြအေးနဲ့အတူ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ကာ မိသားစုများနှင့် ပြန်လည်ဆုံဆည်းနိုင်စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Read more

“၂၁ရာစု မီးလျှံငှက်”

(အင်တာနက်ပေါ်က သူများဆွဲပြီးသား ကာတွန်းလက်ရာလေးကောင်းကောင်းလေးတွေထဲက ဖြတ်ညှပ်ကပ်ပြီးတော့ဘဲ ကိုယ်လိုရာ ဖန်တီးလိုက်ပါတယ်။)

Read more

“၀မ်းသာစရာ သတင်းတပုဒ်”

သြော်....မလေးရှားရွေးကောက်ပွဲကတော့ ပြီးသွားချေပြီ တမုံ့။

ဒီတခါတော့ အတိုက်အခံတွေက ပြည်နယ် ၅ ခုမှာ လုံးလုံးလျားလျား ထိန်းချုပ်ခွင့်ရသွား တယ်။ သက်ဆိုင်ရာပြည်နယ်အစိုးရတွေ ဖွဲ့လို့ရသွားတာပေါ့ဗျာ။

ပါလီမန်မှာလည်း အတိုက်အခံတွေက အမတ်နေရာ ၂၂၂ နေရာမှာ ၈၂ နေရာ ( အခုရေးနေတဲ့အချိန်မှာ သုံးနေရာ မဲမရေမတွက်ရသေး) နိုင်လိုက်တယ်ဆိုတော့ အာဏာရ ညွန့်ပေါင်းအဖွဲ့အနေနဲ့ နှစ်ပေါင်းငါးဆယ်ကျော် ထိန်းထားတဲ့ ၃ပုံ၂ပုံကျော် အသာစီးရမှုကိုပါ လက်လွှတ်လိုက်ရတယ်ပေါ့ခင်ဗျာ။

ကျနော့်ရုံးမှာ နေ့လည်စာ အတူစားဖော်စားဘက် မလက္ကာဇာတိ မလေးရှားတရုတ်က အတိုက်အခံကို ပြန်ပြီး မဲထည့်မယ် တကဲကဲ လုပ်နေကတည်းက အတိုက်အခံတွေ အခြေအနေကောင်းမယ်ဆိုတာ ရိပ်မိခဲ့ပါရဲ့။ ဒါပေမယ့် ဒီလောက်ကြီး နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ သြော်...ဘယ်သူမှလည်း မထင်ခဲ့ကြပါဘူးနော်။

အရင်က ဒုဝန်ကြီးချုပ်ဘ၀မှာ အကျင့်ပျက် အာဏာအလွဲသုံးစားလုပ်မှု၊ ယောက်ျားချင်းလိင်တူ ဆက်ဆံမှု စတာတွေနဲ့ အစွဲခံရပြီး (အဲဒီတုန်းက ၀န်ကြီးချုပ် မဟာသီယာ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က လူကြိုက်များလာတဲ့ မစ္စတာ အဏ္ဏ၀ါကို တမင်သက်သက်အကွက်ဆင်ဖမ်းခဲ့တာလို့ အများက ယုံကြည်ခဲ့ကြပါတယ်။ အဲဒီအချိန်က အဲဒီအမှုအတွက် တရားခွင်မှာ လုံးဝ မလွတ်လပ်တာ၊ ဘက်လိုက်တာတွေကတော့ အများမျက်မြင်ပါဘဲ။)အာဏာအလွဲသုံးစားလုပ်မှုနဲ့ ထောင်ကျခံခဲ့ရတဲ့ မစ္စတာ အဏ္ဏ၀ါ အီဗရာဟင်ရဲ့ ဇနီးနဲ့ သမီး နှစ်ယောက်လုံး အမတ်နေရာများ အသီးသီးအရွေးခံရတဲ့အပြင် သူ့တို့ရဲ့ ကယ်ဒီလန်ပါတီကလည်း အမတ်နေရာတော်တော်များများ နိုင်လိုက်သဗျ။ မစ္စတာအဏ္ဏ၀ါမှာ အပြစ်မရှိဘူးလို့ ပြည်သူက ယုံကြည်တာကို သက်သေပြလိုက်သလိုပါဘဲ။ အလားတူဘဲ မစ္စတာ လင်ကစ်ရှန်း ဦးဆောင်တဲ့၊ သက်တမ်းရှည်ကြာလှပြီဖြစ်တဲ့ ဒီမိုကရက်တစ်အက်ရှင်ပါတီ (ဒီအေပီ)ကလည်း အမတ်နေရာအများအပြားနိုင်လိုက်သလို အစ္စလမ္မစ်အတိုက်အခံ ပါ့စ် (ပီအေအက်စ်) ကလည်း ပြည်နယ်နှစ်ခုမှာ အောင်ပွဲခံလိုက်သပေါ့ဗျာ။ တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီးပါဘဲ။ မစ္စတာ လင်ကစ်ရှန်းဆိုတာက ကိုယ်ပိုင်ဘလော့ဂ်ထောင်ထားပြီး မြန်မာ့ဒီမိုကရေစီအရေးကို အမြဲလိုလို အားပေးတဲ့ အတိုက်အခံခေါင်းဆောင် တရုတ်အဘိုးကြီးတဦးပေါ့။

အဲ....နောက်ထပ် ၀မ်းသာစရာတခုက အင်ဒီးယန်းကွန်ဂရက်ကခေါင်းဆောင်၊ အလုပ်သမား ၀န်ကြီးနေရာမှာ ဖင်ကျောက်ချ ထိုင်နေခဲ့တဲ့ ဆမ်မီဗဲလူး ဆိုတဲ့ ပုဂ္ဂိုလ်ကြီး သူ့မဲဆန္ဒနယ်က နေရာမှာ ပြန်အရွေးမခံရတော့တာဘဲဗျို့။ ကျနော် မလေးရှားမှာ အလုပ်လုပ်နေကတည်းက အဲသည်ပုဂ္ဂိုလ်ကြီးရဲ့ အရည်အချင်းမပြည့်မီပုံ၊ ပြည်သူ့ငွေကို ဘုန်းရာမှာ နာမည်ကြီးပုံတွေကို ကြားဘူးနားဝရှိခဲ့သဗျ။ ရွေးကောက်ပွဲမတိုင်မီ အင်ဒီယန်းတွေက သူတို့တန်းတူညီမျှရရေးအတွက် ဆန္ဒပြကြတော့ ဆန္ဒပြ ခေါင်းဆောင်တွေကို ဖမ်းဆီးတဲ့နေရာမှာ အဲသည် ပုဂ္ဂိုလ်ကြီးက ကိုယ့်လူမျိုးဘက်က မကာကွယ်ဘဲ အစိုးရနဲ့ အလိုတူအလိုပါ ဖမ်းဆီးစေဘို့ သဘောတူခဲ့တော့ သူ့လူမျိုးတွေက ဘယ်ကြည်နိုင်ပါ့မလဲဗျာ။ အဲ...အဲ....ဘယ်လောက်အထိ လူထုက အစိုးရကို မကြည်လဲဆိုတော့ အဲဒီတုန်းက အဖမ်းခံခဲ့ရတဲ့ ဆန္ဒပြခေါင်းဆောင် ရှေ့နေတယောက် ဒီအေပီ ပါတီကနေ ၀င်ပြိုင်တာတောင် အနိုင်ရခဲ့တယ်ခင်ဗျ။

သြော်....အဲသည် သတင်းတွေကို ညမအိပ်နိုင်ဘဲ စောင့်နားထောင်နေပြီး ကျနော့်မှာ ရင်တွေခုန်၊ ၀မ်းတွေသာ ဖြစ်နေခဲ့တယ်။

အရှေ့တောင်အာရှနိုင်ငံတွေ တခုပြီးတခု ဒီမိုကရေစီအသွင်ကူးပြောင်းနေကြတာပေါ့ခင်ဗျာ။ အင်ဒိုနီးရှားဆိုရင် အခု ဒီမိုကရေစီလမ်းပေါ်မှာ မှန်မှန်ကန်ကန် ရောက်ရှိနေပြီ။ ဖိလိပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံတွေ အနေနဲ့ကလည်း တော်တော်ကြီးကို လွတ်လပ်တဲ့ အခြေအနေတွေ ရှိနေပြီ။ ဟော....အခုမလေးရှားကလည်း အရင်ကထက် ပိုမိုပွင့်လင်း လွတ်လပ်လာဘို့ အရိပ်အယောင်တွေ မြင်နေရပြီ။ အာဏာရှင်တွေကတော့ ပြောမှာပေါ့ဗျာ။ ဒီမိုကရေစီရသွားတဲ့ ဖိလစ်ပိုင်တို့ ထိုင်းတို့ မလေးရှားတို့မှာ ဆန္ဒပြပွဲတွေနဲ့ အမြဲတစေ ရုတ်ရုတ်ရက်ရက်။ တည်ငြိမ်မှုမရှိဘူးလို့လေ။
ဒါပေမယ့် ဒါတွေဟာ ဒီမိုကရေစီစနစ်မှာ မလွဲမသွေကြုံတွေ့ရမှာဘဲ။ တိုင်းပြည်လွတ်လပ်လာတာနဲ့အမျှ လွတ်လပ်စွာထုတ်ဖော်ခွင့်တွေကို လူတွေက ဒီလိုဘဲ ကျင့်သုံးလာကြမှာဘဲ။ ဒါဟာ ဆုတ်ယုတ်မှုမဟုတ်ပါဘူး။ ခေတ်မီတိုးတက်တဲ့ အနောက်ဥရောပက နိုင်ငံတွေမှာလည်း ဒီလိုဘဲ ဆန္ဒပြပွဲတွေကတော့ ရှိနေတာပါဘဲ။ ဒါကို နိုင်ငံမတည်ငြိမ်မှုလို့ ပြောလို့မရပါဘူး။ မြန်မာနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာလို အာဏာရှင်စနစ်နဲ့ ဆန္ဒပြပွဲတွေ ဖြစ်မလာအောင် ဖိနှိပ်အုပ်ချုပ်ထားလို့ အပေါ်ယံတည်ငြိမ်နေသယောင်ထင်ရပေမယ့် တကယ့်တကယ်မှာ တင်းမာနေတဲ့ မျက်နှာပြင်အောက်က မကျေနပ်မှုတွေဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ မီးတောင်တခုနဲ့ အလားသဏ္ဍာန်တူလှပါတယ်။ ပြည်သူလူထုမှာလည်း စားဝတ်နေရေးပြေလည်နေဦးတော့။ စစ်မှန်တဲ့ လွတ်လပ်ခွင့်၊ တန်းတူရည်တူ ရှိမှုတွေကို မခံစားရပါဘူး။ အနည်းဆုံး တရားရုံးမှာ နိုင်ငံခေါင်းဆောင်တယောက်နဲ့ သာမန်ပြည်သူတယောက် ရင်ဆိုင်အမှုဖြစ်ရင် သာမန်ပြည်သူမှာ လွတ်လပ်ပြီး ညီမျှတဲ့ တရားစီရင်မှုကို မခံစားရပါဘူး။ (လေ့လာကြည့်နိုင်တဲ့ သာဓကတွေ အများကြီးပါ)။ စောစောကပြောတဲ့ စားဝတ်နေရေးပြေလည်မှုဆိုတဲ့ စီးပွားရေး အသွင်အပြင်တခုတည်းနဲ့ အစိုးရနဲ့ ပြည်သူအကြား နှောင်တည်းမှုကို ပြုထားတော့ တစုံတခုသောအခြေအနေအရ စီးပွားပျက်ကပ်ဆိုက်လာတဲ့အခါ ပြည်သူနဲ့ အစိုးရကြားက အဲဒီ တခုတည်းသော နှောင်ဖွဲ့မှုဟာ ပြတ်တောက်သွားပြီး ပြည်သူက အစိုးရကို ဆန့်ကျင်တော်လှန်တော့တာပါဘဲ။ အဲသည်အခါမှာ ငြိမ်ဝပ်ပိပြားရေး၊ တည်ငြိမ်ရေးကိုသာ ပဓာနထားတဲ့ အာဏာရှင်အစိုးရတွေဟာ အဲသည် ဆန့်ကျင်တော်လှန်မှုတွေကို ရက်ရက်စက်စက် နှိပ်ကွပ်တော့တာပါဘဲ။ ဒါဟာ ပြဿနာကို မှန်ကန်စွာ ဖြေရှင်းတာ မဟုတ်လို့ လတ်တလော နှိပ်ကွပ်မှုကြောင့်သာ ခေတ္တခဏ ငြိမ်သက်သွားပေမယ့် လုံးဝမီးသေသွားတာမျိုးမဟုတ်ဘဲ တကြိမ်မဟုတ် တကြိမ်မှာ ပြန်လည်ပေါက်ကွဲပြန်ပါတော့တယ်။ ဒါကြောင့်မို့ အာဏာရှင်စနစ်မှာ အပေါ်ယံကြည့်ရင် တွေ့မြင်ရတဲ့ တည်ငြိမ်မှုဟာ စစ်မှန်တဲ့ တည်ငြိမ်မှုမျိုးမဟုတ်။ အသက်ရှိနေသေးတဲ့ မီးတောင်တခုရဲ့ ငြိမ်သက်မှုမျိုးသာဖြစ်ပါတယ်။

ဒီတော့...ကျနော် အခုလောလောဆယ် ခေတ္တအခြေချနေတဲ့ စင်္ကာပူမှာရော။ ဘဘလီတို့ အနေနဲ့ အိမ်နီးချင်းတွေ ဘယ်လိုဘဲ ဒီမိုကရေစီဖြစ်ဖြစ်၊ ငါတို့ကတော့ Uniquely Singapore ဘဲလို့ ဘယ်လောက်ကြာကြာ ဆက်လက်ပြီး မျက်စိပိတ်အော်နေနိုင်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့။

ကျနော်.....တခါတခါကျတော့ စဉ်းစားမိတယ်။ သြော်....ငါတို့ မြန်မာပြည်သာ ဥရောပ နိုင်ငံတွေ ကြားထဲမှာ ရှိနေခဲ့ရင် ၁၉၈၈ နောက်ပိုင်းမှာ ဒီမိုကရေစီ ဖြစ်တာ ကြာခဲ့ရော့မယ် ပေါ့လေ။ အခုတော့ တံငါနားနီး တံငါ၊ တရုတ်နားနီး တရုတ် အဲလေ...မုဆိုးနားနီး၊ မုဆိုး ဆိုတာလို အာဏာရှင်ဝဲဂယက်က လွတ်မထွက်နိုင်သေးဘူးဖြစ်နေတယ်။

ကျနော်ထင်ပါတယ်။ ကျနော်တို့ မြန်မာပြည်သာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ပြီဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၀န်ကြီးချုပ်ရာထူးမှာ တာဝန်ထမ်းဆောင်နေပြီဆိုရင်......အာဆီယံ ခေါင်းဆောင်တွေ ဆွေးနွေးတဲ့ စကားဝိုင်းတွေမှာ ဒေါ်စုဟာ ဒီမိုကရေစီမကျင့်သုံးတဲ့ နိုင်ငံက ခေါင်းဆောင်တွေကို တော်တော်ဘဲ ဘေးကြပ်နံကြပ်ဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ တွေးမိပါတယ်။ အဲဒီအတွက် စိုးရိမ်စိတ်နဲ့များ စင်္ကာပူက နအဖကို သက်ဆိုးရှည်အောင် အကူအညီအထောက်အပံ့တွေ ပေးနေသလားလို့တောင် တွေးတောမိပါတော့တယ်။ ဒီအတွေးတွေကို ဘဘလီကို ပြန်မပြောကြနဲ့နော်။ တော်ကြာ အနော့်ကို အသရေဖျက်မှုနဲ့ တရားစွဲလို့ အနော့်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒေ၀ါလီခံနေရဦးမယ်။ ထူးပါဘူးလေ။ အခုလည်း ပိုက်ပိုက်က ရှိတာဟုတ်ပါဘူး...ဟီး။

Read more

“တစ္ဆေ”

ထုံးစံအတိုင်း ဘလော့ဂ်ပေါင်းစုံသို့ အားရအောင် လှည့်လည် ဖတ်ရှုပြီးသကာလ မအိပ်ချင်လှသေးသော်လည်း နောက်တနေ့ အလုပ်ဆင်းရမည်ဖြစ်၍ ကိုယ့်ကျန်းမာရေးကို ငဲ့ညှာသောအားဖြင့် ကွန်ပြူတာပိတ်၊ မီးမှိတ်ကာ အိပ်ယာဝင်ဘို့ ပြင်ရလေသည်။ “မဒမ်ပေါ”သည်ကား အိပ်စက်ခြင်းသို့ ရောက်နှင့်လေပြီ။ ကျနော်သည် အိပ်ယာပေါ်တွင် လက်ထောက်ပြီး ခေါင်းအုံးပေါ်သို့ ခေါင်းကိုဖြည်းညှင်းစွာ လှဲချလိုက်စဉ်ခဏ မိုက်ကနဲဖြစ်ကာ သတိလစ်သွားသည်။

ကျနော်သတိပြန်ရလာတော့ ကျနော့်ခေါင်းထဲမှာ ကြည်လင်နေသည်။ ထို့ပြင် ကျနော့် ခံစားမှုမှာလည်း ပေါ့ပါးသွက်လက်လှသည်။ ကျနော်ဘာဖြစ်သွားတာပါလိမ့်။ ခဏတဖြုတ် မူးမေ့သတိလစ်သွားတာဘဲ ဖြစ်ရမည်။ အိပ်ယာထဲတွင် ပြန်ထထိုင်လျက် ဇနီးကို နှိုးကာ ပြောမည်အပြုတွင် ရုတ်တရက် အိပ်ယာပေါ်တွင် မြင်လိုက်ရသော အခြင်းအရာကြောင့် လန့်အော်မိမတတ်ဖြစ်သွားသည်။ ဘုရားရေ။ ကျနော်ထထိုင်လိုက်ပေမင့် အိပ်ယာပေါ်တွင် ကျနော်၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် လဲလျောင်းလျက်သား ရှိနေသည်ကို ကျနော်ကိုယ် ကျနော် ပြန်မြင်နေရသည်။ ကျနော်၏ မျက်နှာကလေးသည် ပီဘိ အပြစ် ကင်းစင်သော အိပ်ပျော်နေသည့်ကလေးငယ်၏ မျက်နှာလေးပမာ ပကတိ ကြည်လင်နေသည်။ (ခင်ဗျားတို့ မရယ်ကြနဲ့ဗျာ။ ဟို ဘလော့ဂါ ကဗျာဆရာမ လေသံနဲ့ ပြောရရင် ၀တ္ထုကို ၀တ္ထုလို ဖတ်ကြပါ။ ဒီဇာတ်ကွက် ကလေးက ဒယ်မီမိုးပါတဲ့ Ghost ဇာတ်ကားထဲက လူမသိအောင် ခိုးချ ထားရတာ။ လွယ်တာမှတ်လို့။ )

သို့သော် အနီးကပ် အသေအချာ ကြည့်လိုက်သောအခါ ကျနော့်နှာခေါင်းက အသက်မရှု တော့တာကို တွေ့ရသည်။ ကျနော့်ဇနီးတော့ မနက်မိုးလင်းလာလို့ တွေ့ရင် ငိုကြွေးပူဆွေး ပေရော့မည်။ (ဒီဝတ္ထုက အချစ်၊ အလွမ်းဝတ္ထုအနေဖြင့် ရေးရန် မရည်ရွယ်သဖြင့် “ခွဲရမှာ သည်းမြညှာ” ကိစ္စကို ဒီမှာတင်ရပ်လိုက်မည်။)

ထိုအခိုက်အတန့်မှာပင် အခန်းပြူတင်းပေါက်သည် သူ့အလိုအလျောက် အသာအယာ ပွင့်သွားပြီး အပြင်ဘက်မှ တောက်ပသော အလင်းတန်းများ အခန်းထဲသို့ ၀င်လာသည်။ သာယာညှင်းပြောင်းသော တေးဂီတသံများကို ကြားရသည်။ ဧကန္တ နတ်ခရုသင်း၊ သမင်ဖြူ၊ ပွေး၊ ညှင်း၊ ဒက် တို့ကို တီးမှုတ်သော အသံဖြစ်ရချေမည်။ အိပ်ယာပေါ်က ဖြေးညှင်းစွာ ထလိုက်တော့ ကျနော်သည် လဲမှို့တပွင့်လို လေထဲတွင် ပေါ့ပါးစွာ ဝေ့၀ဲကာ အခန်းပြူတင်းပေါက်သို့ ရောက်လာသည်။ အလို… နတ်မြင်းတထောင်ကတဲ့ နတ်ပန်းရထား ပါလား။ (ကိုယ့်လူတို့ ဘာသဘောနဲ့ မျက်ခုံးပင့်တာလဲ။ ၀တ္ထုကို ၀တ္ထုလို ဖတ်ပါလို့ ပြောနေတာ မရဘူးလား၊)

အပြင်ဘက်မှာ နတ်စန္ဒယားကို တီးနေသော နတ်သားက သူ့ကိုသူ မိတ်ဆက်သည်။ “ကျနော် ပဉ္စသိင်္ခပါ။ ဒီဘက်က ကိုမာတလိ”

(ကျနော်) “ခင်ဗျားတို့ အသက်ရှည်လှချည်လား။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓမြတ်စွာဘုရားပွင့်ချိန်ကတည်းက ခင်ဗျားတို့ နတ်ပြည်မှာ ရှိတယ်မို့လား”

(မာတလိ) “နတ်သက်တရက်က လူ့သက်တမ်း နှစ်တထောင်လောက်နဲ့ ညီတယ်ဆိုတာ ခင်ဗျားမသိဘူးလား။ ကျုပ်တို့ နတ်ပြည်အလိုအရဆိုရင် ဗုဒ္ဓပရိနိဗ္ဗာန်စံသွားတာ နှစ်ရက်ခွဲဘဲ ရှိသေးတယ်။ ဒီသဘောတရားတွေ အိုင်းစတိုင်းရဲ့ ရီလစ်တီဗတီသီအိုရီကို ကောင်းကောင်း နားလည်တယ်ဆိုရင် ခင်ဗျားသဘောပေါက်မှာပါ။ ”

(ကျနော်) “အေးပါဗျာ။ ကျုပ်နားလည်ပါပြီ။ ဒါနဲ့ ဟိုဘက်က ဆရာကိုမေးရဦးမယ်။ ကျုပ်ကြားဘူးတာ ဗေလုဝ နတ်စောင်းကို တီးတယ်ဆို။ အခု ဘယ့်နှယ်လုပ် ပီယာနိုကြီးကို တီးနေရတာလဲ။

(ပဉ္စသိင်္ခ) “အိုဗျာ….နတ်လည်း နတ်အလျောက် ခေတ်နဲ့ အညီတော့ လိုက်လျောညီထွေ နေရတာပေါ့ဗျ။ စောင်းဆိုတာက ခင်ဗျားတို့ မြန်မာပြည်မှာတောင် ဆို၊က၊ရေး၊တီး ပြိုင်ပွဲတွေမှာလောက်ဘဲ သုံးကြတော့တာမဟုတ်လား။ ခင်ဗျားကြိုက်တတ်မှန်းသိလို့ နတ်ပြည်မှာ ဂျက်ဇ် တီးဝိုင်းတောင် ထောင်ထားသေးတယ်။”

(ကျနော်) “ကဲပါဗျာ….ထားပါတော့။ ခင်ဗျားတို့ အခု ကျုပ်ကို လာခေါ်တာလား။”

(မာတလိ) “ဟုတ်တယ်ဗျို့….အချိန်လည်း သိပ်မရတော့ဘူး။ နတ်ပြည်မှာလည်း ဓါတ်ဆီဈေးတွေ တက်နေလို့ ပန်းရထားတွေ ပုံမှန် မပြေးဆွဲနိုင်တော့ဘူး။ အခုတောင် သိကြားမင်းရဲ့ နတ်ရထားကို ခဏတဖြုတ် ငှားလားရတာ။ လာ…သွားကြစို့”

(ကျနော်) “နေဦးဗျ။ ကျုပ်က လူ့လောကကို ခင်တွယ်တယ်။ ချက်ချင်းကြီး မလိုက်ချင်သေးဘူး။ ကျုပ်ကို မိုးလင်းမှ တခေါက် ထပ်လာခေါ်ရင် ရမလား”

(မာတလိ) “ရတော့ ရပါတယ်။ ဒါပေမယ့် ခင်ဗျားက သေပြီးသားဖြစ်နေတော့ လူအဖြစ်တော့ ပြန်မရတော့ဘူးပေါ့ဗျာ။ သရဲ တစ္ဆေဘ၀နဲ့ဘဲ ဒီတည နေခဲ့ရမယ်။ ဘယ့်နဲ့လဲ။ ဖြစ်တယ်မို့လား။”

(ကျနော်) “အာ…သိပ်ဖြစ်တာပေါ့။ ကျုပ်ကလည်း ကျုပ်အသိတွေထဲမှာ ကျုပ်သရဲဖြစ်ရင် သွားပြီး ခြောက်ချင်လှန့်ချင်တဲ့ လူလေးတွေ ရှိသေးတယ်။ ခင်ဗျားတို့ မနက်ကျရင် ဆက်ဆက်လာခေါ်ဘို့သာ ကတိပေးပါ။

(မာတလိ) “စိတ်ချပါ။ ကျုပ်တို့က ခင်ဗျားတို့ အစိုးရလို ရှုံ့ချည်နှပ်ချည် မလုပ်တတ်ပါဘူး။ မနက် မိုးမလင်းခင် ထပ်လာခေါ်မယ်။ နောက်ကျလို့မရဘူးနော်။ အလင်းရောင်မလာခင် ပြန်လာခေါ်မယ်။ နောက်ကျရင် ခင်ဗျား သရဲဘ၀မှာဘဲ အကြာကြီး နေသွားရလိမ့်မယ်။ ကဲ…အခုတော့ သွားပြီဗျိုး”

မာတလိတို့ ထွက်သွားသော အခါ ကျနော်သည် အိပ်ယာအစွန်းတွင် ထိုင်၍ တွေးတောကျန်ရစ်ခဲ့သည်။ (ကိုယ်ခန္ဓာမရှိဘဲ ဘယ်လို ထိုင်သလဲ မမေးပါနှင့်။ ကိုယ့်ဟာကိုယ်သာ တွေးကြည့်ပါ။ ၀တ္ထုကောင်းတို့မည်သည်မှာ စာဖတ်သူကို တွေးစရာ ပေးရတယ်တဲ့။) အခု တညလုံးလုံး အချိန်ရသေးသည်။ ဘာလုပ်ရလျှင် ကောင်းမည်လဲ။

အိပ်ယာစွန်းတွင်ထိုင်ရင်း လှည့်ကြည့်လိုက်တော့ မဒမ်ပေါကတော့ အိပ်လို့ကောင်းတုန်း။ သွားတောင် ကျိတ်နေလိုက်သေးသည်။ ကျနော်တို့ နှစ်ယောက်အကြားက အိပ်ယာတွေလည်း တွန့်ကြေနေသည်။ အရေးထဲ ကြည်အေးရဲ့ တစ္ဆေကဗျာက ခေါင်းထဲ ရောက်လာလို့ သရဲမှာ ရယ်ရသေးသည်။

အိပ်လို့မရ
ညကြီးမင်းကြီး
ထပြီးထိုင်နေ
အိပ်ယာတွေလည်း
ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်….တဲ့။

ကြည်အေးကတော့ ကဗျာထဲမှာ တစ္ဆေငါကိုယ်တိုင်ပါဘဲတဲ့။ ဟဲဟဲ…အခုမှဘဲ ဒီကဗျာကို အပြည့်အ၀ ခံစားလို့ရတော့တယ်။

ကဲ…အခုက ညဥ့်လဲနက်ပြီ။ ဒီအချိန်မှာ လူအတော်များများကတော့ အိပ်မောကျနေကြရော့ မည်။ အိပ်ပျော်နေသူများကို သရဲခြောက်၍ ရမည်မထင်။ ဒီအချိန်မအိပ်သေးတာ ဘယ်သူတွေ ရှိမလဲ။ စဉ်းစားစမ်း။ စဉ်းစားစမ်း။

ဟုတ်ပြီ။ သိပြီ။ ဒီအချိန် မြန်မာဘလော့ဂါတွေ အိပ်ကြဦးမည်မဟုတ်သေး။ ကိုယ့်ထမင်း ကိုယ်စားပြီး ကိုယ့်ဒုက္ခကိုယ် ခံနေတဲ့ သနားစရာသတ္တ၀ါလေးတွေပါလား။ သူတကာ နားချိန်လည်းမနားရ။ အိပ်ချိန်လည်း မအိပ်ရ။ ကိုယ့်ဘလော့ဂ်ထဲ ၀င်ဖတ်တဲ့ပရိသတ်ဦးရေ နည်းသွားလျှင် မျောက်မီးခဲကိုင်မိသလိုဖြစ်သူတွေဖြစ်။ ပို့စ်အသစ်မတင်နိုင်မချင်း ဂဏှာ မငြိမ်နိုင်။ ရေးစရာ လိုက်ရှာသည်။ ရှေးရှေးနှောင်းနှောင်းက ဓါတ်ပုံဟောင်းတွေ ပြန်ရှာတင်ပြီး အကြံအဖန် လုပ်မည်။ လတ်တလော သတင်းတွေအပေါ် ထင်မြင်ချက်တွေ ရေးမည်။ ရုပ်ရှင်ဇာတ်ကား သုံးသပ်ချက်တွေ ရေးမည်။ ဘာသာပြန်တွေ ရေးမည်။ အဲ...သူများရေးတာ တွေကို ဝေငှခြင်းတွေ လုပ်မည်။

ဟုတ်ပြီ။ ဒီငနဲတွေကို ခြောက်ရမည်။ နောက်ပြီး ဒီပုဂ္ဂိုလ်တွေက ငါသေသွားပြီဆိုတာသိရင် ငါ့အသုဘကို အကြောင်းပြုပြီး ၀မ်းနည်းကြောင်း ဘာညာသာရကာ ရှေ့ကခံပြီး ပို့စ်တွေ ဖန်တီးကြ၊ ရေးကြနဲ့ အကြီးအကျယ် အမြတ်ထုတ်ကြဦးမှာ။ တကယ့်တကယ် စိတ်ထဲမှာတော့…“ဟိုကော်ဆဲ ဒီကော်ဆဲနဲ့ ဆရာကြီးစတိုင်ထုတ်ပြီး ရေးတဲ့ ငနဲတယောက် တော့ ကြွသွားပဟ” ဆိုပြီး ကျိတ်ဝမ်းသာနေဦးမှာ။

ဘယ်သူ့ကို သွားခြောက်ရမလဲ…စဉ်းစားလိုက်တော့…..“ဒီကိုလာပါ” ဆိုတဲ့ အသံကလေး ကြားလိုက်မိသလိုဘဲ။ ဘယ်ကို အရင်သွားရမလဲဆိုတာ ရုတ်တရက်အကြံရသွားသည်။ သူ့အိမ်လိပ်စာ ငါမသိ။ ဘယ်လိုသွားရပါ့။ ကိစ္စမရှိ။ ကွန်ပြူတာကိုပြန်ဖွင့်။ Blog Site Meter ထဲမှာ အိုင်ပီကို ပြန်ရှာသည်။ ပြီးတော့ သရဲတို့ တန်ခိုးဣတ္ထိပတ်နဲ့ မော်နီတာထဲ ခုန်ဝင်ကာ ကမ္ဘာ့အင်တာနက်ကွန်ယက်က လျှပ်စစ်လှိုင်းတွေကို စီးလျက် အိုင်ပီလိပ်စာအတိုင်းအရောက် သွားကာ တဖက်မော်နီတာမှန်သားပြင်မှတဆင့် လောကထဲကို ပြန်ခုန်ထွက်လိုက်ရသည်။

ကြည့်စမ်း။ ကြည့်စမ်း။ အခန်းတွင်းမှာ သုံးချောင်းထောက် ထရိုင်ပေါ့ပေါ်တွင် ခေါင်းအုံးတလုံး ကို တင်ထားသည်။ နေ့လည်က နေပူလှမ်းထားခဲ့ခြင်းဖြစ်မည်။ အိပ်ယာဘေးတွင် အသက် သုံးဆယ်ခန့် ရှိမည့် လူတယောက်။ လှုပ်လှုပ်ရွရွနှင့်။ နစ်ကွန်ကင်မရာကို သူ့ရည်းစားသဖွယ် နုနုရွရွ ဖွဖွကလေးကိုင်တွယ်ကာ အိပ်ယာပေါ်မှ ကင်မရာအိတ်ထဲသို့ ပြန်ထည့်နေသည်။ ပါးစပ်ကလည်း သီချင်းတစ်ပုဒ်ကို ညည်းနေသေးသည်။

ဘာတဲ့.....“ အသက် နှစ်ဆယ်ပြည့်တာ ကြာပြီကွယ်။ ရည်းစားလေးတယောက် လိုချင်တယ်။ မာမီရယ် ရှာပေးကွယ်။ ရည်စားလိုချင်တယ်။” တဲ့။

သရဲမှာ ရုတ်တရက် မထိန်းနိုင်ဘဲ “ခွိကနဲ” အသံထွက် ရယ်မိသည်။ ရယ်သံကြားတော့ ပုဂ္ဂိုလ်က သရဲမတ်တတ်ရပ်နေရာဘက်ကို မျက်နှာထားဆိုးဆိုးနှင့် လှည့်ကြည့်သည်။ သရဲလည်း ကပျာကယာ ကိုယ့်ရုပ်ကို အဆိုးဆုံးဖန်တီး၍ ကိုယ်ထင်ပြလိုက်ရသည်။

(သူက) “ဟေ့လူ။ ခင်ဗျားဘယ်သူလဲ...အခန်းထဲကို ဘယ်လိုရောက်လာသလဲ”

(ကျနော်) “ကျွန်ုပ်ကား သရဲ ဖြစ်တော့သကိုး”

ထိုသူသည် စိုးစဉ်းမှ လန့်သွားပုံမရဘဲ “ဟုတ်လား။ ခဏနော်” ဟု ဆိုကာ စောစောက ကင်မရာအိတ်ထဲမှ နီကွန်ဒီအိတ်တီး ကင်မရာကို ပြန်ထုတ်ယူဘို့ ကြိုးစားလေသည်။

သရဲ စိတ်ပိန်သွားသည်။ အရေးထဲ ကင်မရာသရဲနဲ့ လာတိုးနေသည်။ ကြောက်အောင် ခြောက်ချင်စိတ် ကုန်ခန်းသွားသည်။ သွားမှ၊ သွားမှ။ သူ့ကင်မရာထဲ ပါသွားလျှင် နောက်နေ့ သူပို့စ်အသစ်တင်စရာတခု အချောင်ရနေဦးမည်။ သရဲမှာ အချိန်မဆိုင်းဘဲ ကိုယ်ရောင် ဖျောက်ကာ မော်နီတာထဲ ခုန်ဝင်လိုက်ရသည်။ ဒါတောင် မော်နီတာထဲ မရောက်ခင် နောက်မှာ “တောက်” တချက် ခေါက်သံနှင့်အတူ ညည်းတွားသံကြား လိုက်ရသေးသည်။ “တောက်၊ စက္ကန့်ပိုင်းလေးနောက်ကျတာနဲ့ အကွက်ကောင်းလေး လွတ်သွားတယ်ကွာ” တဲ့။

သို့နှင့် အင်တာနက်ပေါ်တွင် စီးမျောပြီးသကာလ ပို့စ်အသစ်ရေးရမည်ကို ပျင်းတိုင်း မိမိ၏ ရင်သွေး လူမမည် ကလေးငယ်ကို ထိန်းကျောင်းရသောကြောင့်ဟု ဆင်ခြေပေး တတ်သော၊ အင်ဂျင်ကိုင်ခြင်းကို ၀ါသနာပါသော လူဟောင်း အမည်ရသည့် ဘလော့ဂါဆီသို့ သွားရလေ သည်။

ဤတကြိမ်တွင်ကား သရဲ၏ ရည်ရွယ်ချက် အထမြောက်လေသည်။ လူဟောင်းသည် အိပ်ရာဝင်ကာနီး သရဲကို မြင်သောအခါ လန့်အော်ကာ ရှူးရှူးများ ပါချလေသည်။ သူ့အော်သံကြောင့် သူ့မိန်းမနိုးလာသည်။ သရဲမှာ အခန်းထောင့်တွင် အသာကိုယ်ယောင်ဖျောက်လျက် အသံမထွက်အောင် ကျိတ်ရယ်ရင်း ကြည့်နေရသည်။

(မိန်းမ) ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ။ တော့် ပုဆိုးတထည်လုံးလည်း သေးတွေ စိုရွှဲလို့ပါကလား။
(လူဟောင်း) ဟို..ဟို....ဘုရင်မလေး ပေါက်ချတာပါကွာ။

သရဲမှာ ရယ်ရလွန်း၍ ကြာလျှင် သရဲကိုယ်တိုင် ရှူးရှူးများ ထွက်လာမည်စိုးရိမ်ရသဖြင့် နောက်ဘလော့ဂါ တယောက်ဆီသို့ လျှပ်စစ်လှိုင်းစီးကာ လာခဲ့ပြန်သည်။

ယခုတခါ ခြောက်ရမည့်သူမှာ ထိလွယ်ရှလွယ် ကဗျာကောင်ကြီးဖြစ်သည်။ ထိလွယ်ရှလွယ် ဆိုတော့ ခြောက်လှန့်ရလည်း လွယ်မည့်ပုံပေါ်သည်။ သရဲမှာ အတွေးနှင့် အူမြူးနေသည်။

သို့နှင့် သက်ဆိုင်ရာ မော်နီတာမှ ခုန်ထွက်လိုက်သောအခါ အခန်းထဲတွင် စာအုပ်ပုံကြား၌ စာအုပ်ဖတ်လိုက်၊ ငေးငိုင်လိုက်၊ ကွန်ပြူတာကို တချောက်ချောက်နှိပ်လိုက်နှင့် အမျိုးသမီးတယောက်ကို တွေ့ရသည်။ ပုံပန်းသဏ္ဍာန်မှာ မဖြူလွန်း မမဲလွန်း၊ မနိမ့်လွန်း မမြင့်လွန်း၊ မဆူလွန်း မကြုံလွန်း အစစ အရာရာ မစ္ဇျိမပဋိပဒါ ကျလွန်းသူဖြစ်၍ မြောက်ကျွန်းသူလား အထင်မှားရပေ သည်။

သို့နှင့် သရဲသည် ကြောက်မက်ဖွယ် အဆင်းသဏ္ဍာန် အမျိုးမျိုးကို ဖန်ဆင်းပြကာ ခြောက်လှန့်ဘို့ ကြိုးစားသည်။ သို့ပါသော်လည်း ထိုအမျိုးသမီးသည် သရဲ ရှိနေခြင်းကို စိုးစဉ်းမှ သတိပြုမိပုံမပေါ်။ သူ့အတွေးတွင်သာ သူနစ်မျောလျက် ကွန်ပြူတာကို တချောက်ချောက် နှိပ်၏။ ဘယ်နှယ်....ပြောတော့ ထိလွယ်ရှလွယ်ဆို။ တခုခုတော့မှားနေပြီ။

သရဲမှာ ဘာလုပ်ရမှန်းမသိ၍ ချောင်းဟန့်သံပေးလိုက်ရသည်။

“အဟမ်း၊ အဟမ်း”

သို့နှင့်လည်း ထိုအမျိုးသမီးသည် ကြားပုံမရ။ စာရိုက်မပျက်။ နောက်ဆုံးတွင် သရဲ စိတ်မရှည်တော့၍ မော်နီတာခလုပ်ကို ပိတ်ပစ်လိုက်ပါမှ သူမမှာ စိတ်နှင့်လူနှင့် ပုံမှန်ပြန်လည် ပေါင်းစည်းသွားပုံရ၏။

(သူမ) “ခင်ဗျား။ ဘယ်သူလဲ”
(သရဲ) “သရဲလေ၊ သရဲ။ ဗြဲ..ဗြဲ..ဗြဲ....မကြောက်ဘူးလား”
(သူမ၊ မျက်နှာဝင်းပသွားပြီး) “ဟို...ပေတ၀တ္ထုတွေထဲက သရဲလားဟင်။ အတော်ဘဲ မေးခွန်းမေးစရာရှိလို့”
(သရဲ) “ဟာ...ရှုပ်ကုန်ပြီ။ ဟိုမှာက သရဲက လူကိုမေးတာ။ လူက သရဲကို မေးတာမဟုတ်ဘူး”
(သူမ) “ဘာဘဲဖြစ်ဖြစ် ခင်ဗျားကို မေးခွန်းတခု ကျနော်မေးမယ်၊ ကျေးဇူးပြုပြီး ဖြေပါ”
(သရဲ၊ စိတ်ပိန်စွာဖြင့်) “ကဲ..ဒါဖြင့် မေး”
(သူမ) “ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲဟင်”
(သရဲ) “ဟမ်.....ဒီမှာ သေလို့ သရဲတောင်ဖြစ်နေပါပြီဆိုမှ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို လာမေးရတယ်လို့။ အံမယ်လေး...ကြုံသေးတယ် ကုံဆွေးဗျာထုကြွယ်”

သရဲသည် လူ့ဘ၀တွင် သေဆုံးပြီးချိန်မှစ၍ ပထမဦးဆုံးအကြိမ်အဖြစ် ၀မ်းနည်းပက်လက် ငိုကြွေးချင်စိတ်ပေါ်လာသည်။ သို့သော် ဟန် သရဲဖို့ ဆိုသော ထုံးကို နှလုံးမူကာ အိနြေ္ဒဆည်လိုက်ပြီး....

“ခင်ဗျား ဒီအသက်အရွယ်အထိ ရှင်သန်ပြီးတာတောင် ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို ရှာမတွေ့သေးဘူးလား။” ခပ်တည်တည်ဖြင့် ပြန်မေးခွန်းထုတ်လိုက်ပြီး နောက်တနေရာသို့ အမြန်ထွက်ခွာလာခဲ့ရသည်။ ထိုအမျိုးသမီးသည်ကား မော်နီတာရှေ့တွင် မေးထောက်လျက် စဉ်းစားခန်းဝင်ကာ ကျန်ရစ်ခဲ့လေသည်။

ဟူး......ဘလော့ဂါတွေကို သရဲခြောက်ရတာ မလွယ်ပါလား။

သရဲသည် မောင်ပွ၏ ကန္တာရ၊ ကဆုန်၏ လေနီကြမ်း လွင်ပြင်များသို့ သွားရောက် ခဲ့သေးသော်လည်း ၄င်းတို့မှာ အိပ်မောကျနေပြီဖြစ်၍ မခြောက်ခဲ့ရချေ။

နောက်တဦးဆီရောက်သောအခါ ထိုဘလော့ဂါသည် အင်မတန် ထူးဆန်းသော အခြင်းအရာ ကို ပြုလုပ်လျက်ရှိသည်ကိုတွေ့ရသည်။ ထိုသူသည် ကွန်ပြူတာရှေ့တွင် လာထိုင်လိုက်၊ ခဏနေသောအခါ ဘီဒိုမှန်ရှေ့တွင် သွား၍ သူ၏ ဦးစွန်းပုတ်မှ ဆံပင်စများကို စမ်းကြည့်လိုက်နှင့် ပြုမူနေခြင်းပင်ဖြစ်သည်။

တကြိမ်တွင်မူ သူမှန်ရှေ့သွားခိုက် သရဲသည် မော်နီတာပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဆံပင်ကို ဖားလျားချလျက် စောင့်နေလိုက်သည်။ ထိုသူပြန်လှည့်လာသောအခါ သရဲကို ကြည့်ကာ အာမေဋိတ်တချက်ပြု၏။

“ဟာ..........ကောင်းလိုက်တဲ့ ဆံပင်။ ဘာ ဆေးသုံးသလဲဟင်” တဲ့။

သရဲမှာ ဒီညအဖို့ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်နေသည်။ လူဟောင်းမှ လွဲ၍ ကျန်သူများမှာ သရဲကြောက်တတ်ပုံမရ။ အားလုံး သူ့အပူနှင့်သူ ဖြစ်နေသည်။

စင်္ကာပူက လူတွေ မစွံဘူး။ ယိုးဒယားကို ခြေဦးလှည့်မှ ဖြစ်မယ်။ အသွားခရီး ယိုးဒယားလေယာဉ်ကွင်းတွင် ၀န်ကြီးချုပ်ဟောင်းသက်ဆင် ကုန်းနမ်းခဲ့သော နေရာတွင် ဘာထူးခြားသလဲဟု သရဲ ၀င်နမ်းကြည့်သေး၏။ ဘာနံ့မှမရချေ။ သရဲတွေမှာ အနံ့ခံနိုင်သော အစွမ်းသတ္တိမရှိ၍ဘဲ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။

သို့နှင့် သူ့ရည်စားက “ဆေးမူး” ဟုခေါ်သော လူပျိုးမသိုးတသိုး ဘလော့ဂါဆီသို့ ရောက်ခဲ့လေသည်။ ထိုအချိန်တွင်မှ အနံ့ခံခြင်းနှင့် ပတ်သက်၍ သရဲ၏ ကောက်ချက်မှာ တက်တက်စင်အောင် လွဲသည်ကို သိလိုက်ရပေပြီ။ အဘယ်ကြောင့်ဆိုသော် တခန်းလုံး သင်းပျံ့နေသော ဗျစ်ရည်နံ့ကို သရဲရလိုက်ပြီး သရဲကိုယ်တိုင် သွားရည်တမြားမြား ဖြစ်လာ သောကြောင့်ပင်တည်း။

သို့သော် ဆေးမူးမှာ ဗျစ်ရည်သောက်၍ ဆက်ရက်မင်းစည်းစိမ်ခံစားရင်း “နွေဦး” ကို စောင့်မျှော်နေစဉ် အမှန်တကယ်ရောက်လာသည်က သရဲတကောင်ဖြစ်နေ၍ ဒေါသထွက်ကာ သရဲကို မီးကင်စားမည်ကြိမ်းဝါးသဖြင့် ကိုယ်လွတ်ရုန်းခဲ့ရလေသည်။

သြော်....ဘာလိုလိုနှင့် အရုဏ်တက်ကာလည်းနီးပြီ။ မပြန်မီ ယိုးဒယားနယ်စပ်မှ အခြား ဘလော့ဂါ တယောက်အိမ်သို့ ၀င်ခဲ့သေးသည်။ အိမ်ထဲတွင် အမျိုးသမီးတဦးသည် အမှတ်(၆)ဟု တပိုင်းတစ ရေးထားသော ပို့စ်ကို ဖွင့်လိုက်၊ ယခင်ပို့စ်အဟောင်းတခုမှ ပန်းကမ္ဗလာကြီးရှေ့တွင် ရိုက်ထားသော ဓါတ်ပုံကို ကလစ်ခေါက်ကာ မိမိပုံကို အနီးကပ်ကြည့်လိုက်နှင့် အလုပ်ရှုပ်လျက် ရှိသည်ကို တွေ့ရ၏။ အချိန်ကလည်း မရတော့၍ မခြောက်လှန့်ဖြစ်တော့ဘဲ အလင်းရောင် မလာခင် စင်္ကာပူသို့ ပြန်ပြေးခဲ့ ရလေသည်။

သို့သော် အိမ်က ကွန်ပြူတာမှ sleep mode ၀င်နေ၍ အိမ်သို့ တိုက်ရိုက်မပြန်နိုင်ဘဲ ကွေ့ ၀ိုက်ပြန်နေရသောကြောင့် အိမ်ပြန်ရောက်သောအခါ အလင်းရောင်စတင်ထွက်ပြူနေလေပြီ။ ပြူတင်းပေါက်ဆီမှ တိုးတိမ်သော ဂီတသံသဲ့သဲ့ကို ကြား၍ အပြေးအလွှား ပြတင်းပေါက်ဆီသို့ သွားကြည့်ရာ ကောင်းကင်တွင် နတ်မြင်းတထောင်က သော နတ်ရထားသည် ခပ်သေးသေးသာ မြင်ရတော့၏။

ကျနော်သည် တစ္ဆေသရဲဘ၀တွင် အကြာကြီးနေသွားရမည့်အဖြစ်ကို ကြောက်ရွံ့ကာ အသံကုန်ညှစ်၍ အော်လိုက်သည်။

“မာတလိ။ မာတလိ။ ငါ့ကို မထားရစ်ခဲ့ပါနဲ့”
=================================================
ကျနော်သည် အိပ်ပျော်နေရာမှ ရုတ်တရက်လန့်နိုးသွားသည်။ ကြည့်စမ်း။ အိပ်မက်ထဲမှာတောင် ဘလော့ဂါတွေအကြောင်းထည့်မက်တယ်ဆိုတော့ ငါ ဘလော့ဂ်ကို တော်တော်စွဲလန်း နေပြီဘဲ။ လျှော့ဦးမှ။ လျှော့ဦးမှ။
Read more

“ထာဝရ ပွင့်လန်းနေသော.....အပိုင်း(၃)”

(စာရေးသူ မှတ်ချက်။ ။ကျနော်တယောက် ရှောရှမ့်ကို ဘာသာပြန်ရင်းကနေ လမ်းတ၀က်မှာ မေတ္တာစာတွေ ကြားဖောက်အရေးများသွားတယ်။ အခု ရှောရှမ့်ဘာသာပြန်ထားပြီးသမျှကို ထပ်တင်ပေးလိုက်ပါတယ်။ နောက်အပတ်တွေမှာ ပုံမှန် တင်ပေးသွားပါဦးမယ်။)
အပိုင်း(၃)
တနေ့ ထောင်ထဲက ကိုယ်လက်လေ့ကျင့်ရေးကစားကွင်းမှာ ဆုံတော့ အင်ဒီက ပြောပြတယ်။

“စဉ်းစားကြည့်ရအောင်ဗျာ။ ကျနော့်အမှုအတွက် သူတို့ မျက်မြင်သက်သေကို အသည်းအသန် ရှာနေတဲ့အချိန်။ ဒီအချိန်မှာဘဲ ကျနော့်ကို ဘီယာရောင်းလိုက်တဲ့ စတိုးဆိုင်က အရောင်းစာရေးငနဲကို သူတို့ ပက်ပင်းတိုးတယ်။ ဒီငနဲကို သူတို့တွေ့တော့ အမှုဖြစ်ပြီးတာ သုံးရက်လောက် ကြာသွားပြီ။ အမှုနဲ့ ပတ်သက်သမျှ အချက်အလက်အားလုံးကလည်း သတင်းစာတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပြီးနေကြပြီ။ ရဲတပ်ဖွဲ့က ရဲ ၅ ယောက် ၆ ယောက်လောက်ရယ်၊ ဒိစတြိတ်ရှေ့နေရုံးက ဖြုတ်ဦးနှောက် ရယ်၊ သူ့ လက်ထောက်ရယ်၊ ဒီလူတွေ တပြုံတမကြီးက အဲဒီအရောင်းစာရေးငနဲကို ၀ိုင်းမေးကြလိမ့်မယ်။ ရက်ဒ်.... ဒီမှာ ကျနော်ပြောပြမယ်။ လူတယောက်ရဲ့ မှတ်ဉာဏ်ဆိုတာက အင်မတန် လွှမ်းမိုးပြုပြင်ဘို့ လွယ်ကူတဲ့အရာမျိုးဘဲ။ သူတို့ ဒီငနဲကို ဒီလိုမျိုး မေးခွန်းနဲ့ စမေးမှာပေါ့။ ....အဲဒီနေ့က အင်ဒီဒူးဖရိန်း မင်းဆီကနေ ပန်းကန်သုတ်ပုဝါ၊ လေးငါး ခြောက်စုံ ၀ယ်သွားတာ မဖြစ်နိုင်ဘူးလား။ စဉ်းစားစမ်းပါဦး.....စသဖြင့်ပေါ့လေ။ အဲဒီလိုမေးရာကနေမှ တဆင့်ပြီး တဆင့် တည်ဆောက်သွားတာ။ တကယ်လို့ လူတော်တော်များများက ခင်ဗျားကို တစုံတခုနဲ့ ပတ်သက်လို့ အမှတ်ရစေချင်နေပြီဆိုရင် အဲဒီအချက်ဟာ လူ့စိတ်ကို အင်မတန် ဖြားယောင်းဆွဲဆောင်နိုင်တဲ့ အရာဘဲ။”

ဒီနေရာမှာ သူပြောတာကို ဖြစ်နိုင်တယ်လို့ ကျုပ်လည်း သဘောတူတယ်။

အင်ဒီက သူ့ထုံးစံအတိုင်း တွေးတွေးဆဆနဲ့ ဆက်ပြောတယ်။ “ဒီထက်ပိုပြီး အားကောင်းတဲ့ ဖြားယောင်းမှုတခုကလည်း ရှိသေးတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီငနဲဟာ သူ့စိတ်ထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ဘာသာ အတင်းသေချာပစ်လိုက်တာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ ထင်ပေါ်ကျော်ကြားမှုနဲ့ ပတ်သက်နေတယ်။ သတင်း ထောက်တွေက သူ့ကို မေးခွန်းတွေ ထုတ်နေတယ်။ တရားရုံးထွက်ရင် သူ့ပုံကလည်း သတင်းစာတွေမှာ အမြဲ ထိပ်ဆုံးက ပါနေတယ်။ ကျနော်ပြောချင်တာက ဒီငနဲဟာ သူ့ဇာတ်လမ်းကို အမှားကြီးဖြစ်အောင် တမင်ပြင်ပြောနေတာမဟုတ်ဘူး။ ရုံးတော်မှာ သိရက်နဲ့ တမင် လိမ်လည် ထွက်ဆိုတာလည်း မဟုတ်ဘူး။ သူ့ကို အဲဒီအချိန်မှာ မုသားဖော်စက်နဲ့ သွားစစ်ကြည့်။ ဖော်လို့ရမှာမဟုတ်ဘူး။ အေးအေးဆေးဆေးနဲ့ လွတ်လွတ်ကျွတ်ကျွတ် ဖြေသွားနိုင်လိမ့်မယ်။ ဒါနဲ့အားမရလို့ သူ့အမေနာမည်နဲ့ ကျိန်ပြောခိုင်းလိုက်ဦး။ သူကတော့ ကျနော်အဲဒီနေ့က ပန်းကန်သုတ်ပုဝါတွေ ၀ယ်သွားတယ်လို့ဘဲ ကျမ်းကျိန် ထွက်မှာဘဲ။ ဒါပေမယ့်.....ရက်ဒ်......။ မှတ်ဉာဏ်ဆိုတာ တကယ်ဘဲ လွှမ်းမိုးပြီး ဖန်တီးယူလို့ ရတဲ့အရာဘဲ။”

“ဒီအကြောင်းကို ကျနော် ကောင်းကောင်းသိတယ်။ ကျနော့် ရှေ့နေလို ဒီအမှုမှာ အဖြစ်အပျက်တခုလုံးရဲ့ တ၀က်လောက်နီးနီးကို လိမ်လည်ထွက်ဆိုဘို့ ကျနော့်ကို တိုက်တွန်းခဲ့တဲ့ သူတောင်မှ ဒီ ပန်းကန်သုတ်ပုဝါတွေနဲ့ ပတ်သက်ရင် သူလည်း အဲဒီထွက်ချက်ကို လက်မခံနိုင်ဘူး။ တကယ်ကို ရူးနှမ်းတဲ့ အယူအဆပါ။ ကျနော်ဟာ အဲဒီအချိန်က တကယ် လူမှန်းသူမှန်းမသိအောင်ကို မူးနေခဲ့တာ။ အဲလိုမူးနေတဲ့ လူတယောက်က သေနတ်သံ မထွက်အောင်လုပ်ဘို့လောက်အထိ စဉ်းစားနိုင်မတဲ့လား။ ကျုပ်သာ တကယ်သတ်ခဲ့ တယ်ဆိုရင် သူတို့ကို တစစီ စုတ်ပြတ်သွားအောင် လုပ်ပစ်မိခဲ့မှာ။”

တကယ်တမ်းမှာ အင်ဒီဟာ အဲဒီ စောင့်ကြည့်တဲ့ နေရာကို သွားတယ်။ ကားကို အဲဒီနေရာမှာ ရပ်။ ဘီယာကို မော့လိုက်၊ စီးကရက်တွေ တလိပ်ပြီးတလိပ်သောက်လိုက်လုပ်ရင်း ကွင်တင်ရဲ့ အိမ်အောက်ထပ်က မီးတွေ မှိတ်သွားတာကို စောင့်ကြည့်နေခဲ့တယ်။ အပေါ်ထပ်မှာ မီးပွင့်လေး တပွင့်တည်း လင်းပြီး ကျန်နေတာကို ကြည့်နေခဲ့တယ်။ ၁၅ မိနစ်လောက်နေတော့ အဲဒီ မီးပွင့်လေးပါ မှိတ်သွားတယ်။ ကျန်တဲ့ကိစ္စတော့ သူ့အနေနဲ့ မှန်းဆကြည့်ရုံလောက်ဘဲ တတ်နိုင်တယ် လို့ ပြောတယ်။

“မစ္စတာ ဒူးဖရိန်း၊ အဲသည်နောက်တော့ ခင်ဗျား ဂလင်းကွင်တင်ရဲ့ အိမ်ထဲကို ၀င်သွားပြီး နှစ်ယောက်စလုံးကို သတ်လိုက်သလား”လို့ အင်ဒီရဲ့ ရှေ့နေက သူ့ကို မေးခွန်းထုတ်တယ်။

“မမှန်ပါဘူး။ ကျနော် အဲဒီလို မလုပ်ခဲ့ပါဘူး” လို့ အင်ဒီက ပြန်ဖြေခဲ့တယ်။ သူ့အဆိုအရကတော့ ညသန်းခေါင်တိုင်တာနဲ့ သူနည်းနည်းအမူးပြေစပြုလာပြီ။ အရက်နာကျ တဲ့ လက္ခဏာတွေလည်း စ ပြလာပြီ။ အဲဒါနဲ့ သူအိမ်ပြန်အိပ်လိုက်ပြီး နောက်တနေ့ကျမှ ဒီကိစ္စကို လူကြီးဆန်ဆန် ပြန်စဉ်းစားပြီး ကိုင်တွယ်ဖြေရှင်းတော့မယ် လို့ ဆုံးဖြတ်လိုက်တယ်။

“အိမ်ကို ကားမောင်းပြီး ပြန်အလာလမ်းမှာ ကျနော့်စဉ်းစားမိတာက ဒီကိစ္စမှာ အကောင်းဆုံး ဖြေရှင်းနည်းကတော့ ရီနိုမှာ ကွာရှင်းပေးလိုက်တာဘဲလို့ တွေးမိတယ်။”

“ကျေးဇူးတင်ပါတယ်။ မစ္စတာဒူဖရန်း”

အဲဒီအချိန်မှာ ဒီအေက တစခန်းထလာပြီး ပြန်လှန်မေးခွန်းထုတ်ပါတယ်။

“ခင်ဗျားစဉ်းစားလို့ ရတဲ့နည်းတွေထဲမှာ အမြန်ဆုံး ကွာရှင်းပေးနိုင်တဲ့နည်းနဲ့ ခင်ဗျားကွာ ရှင်းပေးခဲ့တယ် မဟုတ်လား။ ခင်ဗျားဟာ ပန်းကန်သုတ်ပုဝါတွေနဲ့ ပြောင်းဝကို အုပ်ထားတဲ့ ပွိုင့်သာတီးအိတ် ခြောက်လုံးပြူးနဲ့ ခင်ဗျားဇနီးကို ကွာရှင်းပေးလိုက်တယ် မဟုတ်ဘူးလား”
အင်ဒီ။ ။ (တည်ငြိမ်စွာဖြင့်) “မဟုတ်ပါဘူးခင်ဗျာ”

“ပြီးတော့မှ ခင်ဗျားဟာ သူမရဲ့ ချစ်သူကို ပစ်သတ်လိုက်တယ်”

“မဟုတ်ပါဘူး ခင်ဗျာ”

“ဒါဆို ခင်ဗျားဆိုလိုချင်တာက ကွင်တင်ကို အရင် ပစ်ပြီးမှ ခင်ဗျားဇနီးကို ပစ်သတ်တယ်။ ဒီလိုလား”

“ကျနော် ဘယ်သူ့ကိုမှ မပစ်ခဲ့ပါဘူး။ ကျနော် ဘီယာ နှစ်ပုလင်းနဲ့ ကျနော်ရပ်စောင့်တဲ့နေရာမှာ ရဲတွေတွေ့တယ်ဆိုတဲ့ စီးကရက်တွေကို သောက်တယ်။ ပြီးတော့ အိမ်ကို ကားမောင်း ပြန်လာပြီး အိပ်ယာထဲ တန်းသွားတော့တာဘဲ”

“ခင်ဗျားဟာ ဂျူရီတွေကို ပြောခဲ့တယ်။ သြဂုတ်လ ၂၄ ရက်နေ့နဲ့ စက်တင်ဘာလ ၁၀ ရက် အကြားကာလမှာ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စိတ်အနေအထားဖြစ်နေတယ်လို့ ဆိုခဲ့တယ်နော်”

“မှန်ပါတယ်”

“ဘယ်လောက်တောင် သတ်သေချင်စိတ်ပြင်းပြသလဲဆိုရင် ခြောက်လုံးပြူးတလက်တောင် ၀ယ်တဲ့အထိကို ဖြစ်သွားတယ်နော်”

“မှန်ပါတယ်”

“ကျနော်တခုပြောရင် ခင်ဗျား စိတ်ကသိကအောက်ဖြစ်မလား မစ္စတာ ဒူးဖရိန်း။ ခင်ဗျားဟာ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့လူစားမျိုးလို့ မထင်ရဘူး လို့ဆိုခဲ့ရင်ပေါ့”

“ကသိကအောက် မဖြစ်ပါဘူး။ ဒါပေမယ့် ကျနော့်ဟာ အင်မတန် ဆတ်ဆတ်ထိမခံတဲ့လူ တယောက်လို့တော့ မထင်လိုက်လေနဲ့။ ကျနော့်ဟာကျနော် သတ်သေချင်စိတ်ပေါက်နေရင် တောင်မှ ကျနော့်ပြဿနာကို ခင်ဗျားကို လာအစီရင်ခံနေမှာ မဟုတ်ဘူး”

အဲသည်လို အင်ဒီလည်း ပြောလိုက်ရော တရားရုံးထဲမှာ ခပ်အုပ်အုပ် ရယ်သံတချို့ထွက် လာတယ်။ ဒါပေမယ့် အဲဒီအတွက် အင်ဒီအနေနဲ့ ဂျူရီတွေဆီက တမှတ်မှ မရခဲ့ပါဘူး။

“စက်တင်ဘာလ ၁၀ ရက်နေ့ညက .38 ခြောက်လုံးပြူးကို ခင်ဗျားနဲ့ အတူ သယ်သွားသလား”

“မသယ်ပါဘူး ခင်ဗျာ။ ကျနော် ထွက်ဆိုခဲ့တဲ့အတိုင်း....”

“အိုး....ဟုတ်သားဘဲ” ဒီအေက တမင်ရွဲ့ပြီး ပြုံးပါတယ်။ “ဟုတ်သားဘဲလေ။ဘာတဲ့။ ၉ ရက်နေ့ ညက သေနတ်ကို ခင်ဗျား ရွိုင်ရယ် မြစ်ထဲကို ပစ်ချခဲ့တယ်။ ဟုတ်စ”

“ ဟုတ်ပါတယ်ခင်ဗျာ”

“လူသတ်မှုမတိုင်ခင် အရင် တညမှာပေါ့”

“ဟုတ်ပါတယ်ခင်ဗျာ”

“အဲဒီ ထွက်ဆိုချက်က ခင်ဗျားအတွက် အင်မတန် အကွက်ဆိုက်တယ်ပေါ့လေ။”

“အကွက်ဆိုက်တယ်လည်း မဟုတ်ဘူး။ မဆိုက်ဘူးလည်း မဟုတ်ဘူး။ ဒါ အမှန်အတိုင်း ထွက်တာဘဲ”

“ခင်ဗျား၊ ဒုရဲအုပ် မင့်ချာရဲ့ ထွက်ချက်ကို ကြားပြီးပြီလို့ ကျနော်ထင်ပါတယ်။”

မင်ချာနဲ့ အဖွဲ့ဟာ ရွိုင်ရယ်မြစ်ထဲမှာ အင်ဒီသေနတ်ကို ပစ်ချခဲ့တယ်ဆိုတဲ့ မြစ်ရိုးတလျှောက် ပိုက်ဆွဲပြီး သေနတ်ကို ရှာခဲ့ကြတယ်။ ရဲတွေ သေနတ်ကို ရှာမတွေ့ခဲ့ဘူး။

“ဟုတ်ကဲ့။ ကျနော်ကြားပြီးပါပြီ”

“ ဒါဆို သူတို့ သုံးရက်တိတိ ပိုက်ဆွဲရှာတာလည်း သေနတ်ကို ရှာမတွေ့ဘူးဆိုတာ ခင်ဗျားကြားပြီးသားဖြစ်မှာပေါ့။ အဲဒီအချက်ကလည်း ခင်ဗျားအတွက် အထောက်အကူဖြစ် တာဘဲ မဟုတ်လား”

“အထောက်အကူဖြစ်တာမဖြစ်တာ အသာထား။ သူတို့ သေနတ်ကို ရှာမတွေ့ဘူးဆိုတာတော့ လက်ခံရမယ့် အချက်တခုဘဲ။” အင်ဒီက တည်တည်ငြိမ်ငြိမ်ဘဲ ပြန်ပြောတယ်။ “ဒါပေမယ့် ဒီအေနဲ့ ဂျူရီတွေကို ကျနော့်အနေနဲ့ ထောက်ပြချင်တာက ကျနော် သေနတ်ကို ပစ်ချခဲ့တဲ့ ပွန်းရုဒ်တံတားဟာ ရွိုင်ရယ်မြစ်နဲ့ ရာမောက် ပင်လယ်အော်နဲ့ ဆက်တဲ့ မြစ်ဝနားမှာ ရောက်နေပြီ။ အဲဒီနေရာမှာ ရေစီးကလည်း သန်တယ်။ သေနတ်ဟာ ရေစီးနဲ့အတူပါသွားပြီး ပင်လယ်အော်ထဲ ရောက်သွားတာလဲ ဖြစ်နိုင်တာဘဲ”

“အဲဒီတော့ အသတ်ခံရသူတွေကိုယ်ထဲက ပြန်ရတဲ့ ကျည်ဖူးတွေကို ခင်ဗျားသေနတ်ပြောင်းက ထွက်လာတာ ဟုတ်မဟုတ် တိုက်ဆိုင် စစ်ဆေးဘို့ အဖြစ်နိုင်တော့ဘူး။ ဟုတ်တယ်မဟုတ်လား၊ မစ္စတာ ဒူးဖရိန်း”

“မှန်ပါတယ်”

“အဲဒီအချက်ကလည်း ခင်ဗျားအတွက် အထောက်အကူဖြစ်တာဘဲ မဟုတ်လား”

အဲဒီမေးခွန်းလည်းမေးရော သတင်းစာတွေ အဆိုအရ အင်ဒီဟာ တရားခွင်ကာလ ခြောက်ပတ်အတွင်းမှာ တခါမှ ထုတ်ဖော်မပြသခဲ့ဘူးတဲ့ စိတ်လှုပ်ရှားမှု တစွန်းတစကို ပြခဲ့တယ်လို့ဆိုတယ်။ အဲဒီခဏမှာ ခါးသီးတဲ့ အပြုံးရိပ်တခု သူ့မျက်နှာပေါ်မှာ ဖြတ်သွားခဲ့တယ်။

“ကျနော်ဟာ ဒီပြစ်မှုကို မကျူးလွန်ခဲ့တဲ့အတွက်၊ နောက်တချက်က ကျနော်ဟာ ကျနော့်သေနတ်ကို အခင်းမဖြစ်ပွားမီမှာ မြစ်ထဲကို ပစ်ချခဲ့တယ်ဆိုတာ အမှန်အတိုင်း ထွက်ဆိုခဲ့တဲ့အတွက် ဒီသေနတ်ကို ပြန်မတွေ့တာဟာ ကျနော့်အတွက် အထောက်အကူ မဖြစ်ဘဲ ကံဆိုးမိုးမှောင်ကျတယ်လို့တောင် ကျနော် ယူဆပါတယ်။”

ဒီအေဟာ နှစ်ရက်တိတိ အင်ဒီ့ကို ဖိမေးတယ်။ စတိုးဆိုင်က အရောင်းစာရေးရဲ့ ပန်းကန်သုတ်ပုဝါတွေနဲ့ ပတ်သက်တဲ့ ထွက်ချက်ကိုလည်း ပြန်ဖတ်ပြခဲ့တယ်။ အင်ဒီကလည်း သူ့အနေနဲ့ အဲဒီ ပုဝါတွေ ၀ယ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားလို့မရဘူးလို့ ဖြေတယ်။ ဒါပေမယ့် “မ၀ယ်ခဲ့ပါဘူးဆိုတာကိုလည်း ပြန်စဉ်းစားလို့မရဘူး” ဆိုတာကို သူဝန်ခံရတယ်။

၁၉၄၇ခုနှစ် နှစ်ဦးပိုင်းမှာ အင်ဒီနဲ့ လင်ဒါတို့ နှစ်ဦးဟာ ပူးတွဲ အာမခံ ထားခဲ့သလား။("ဟုတ်ကဲ့၊ မှန်ပါတယ်။") တကယ်လို့သာ အင်ဒီဟာ ဒီအမှုကနေ ကွင်းလုံးကျွတ်လွတ်ခဲ့မယ်ဆိုရင် အဲဒီအာမခံကနေ ဒေါ်လာ ၅ သောင်း အင်ဒီအနေနဲ့ အကျိုးအမြတ်ရမယ်ဆိုတာ မှန်ပါသလား။("ဟုတ်ကဲ့။ မှန်ပါတယ်။) ကွင်တင်အိမ်ကို သွားတာ သတ်ဘို့ အကြံအစည်နဲ့ သွားတာဟုတ်ပါသလား။("မဟုတ်ပါ။ မမှန်ကန်ပါ။" )
"ဒါဆိုရင် ဓါးပြတိုက်တာ၊ လုယက်တာလို့ ယူဆရမယ့် ခြေရာလက်ရာ ပျက်တာမျိုးမရှိခဲ့တော့ ဘာဖြစ်တာလို့ ထင်ပါသလဲ။"

“ဘာဖြစ်ခဲ့တယ်ဆိုတာ ကျနော် ဘယ်နည်းနဲ့မှ မသိနိုင်ပါဘူး” လို့ အင်ဒီက တိုးတိုးသက်သာ ဖြေလိုက်ပါတယ်။

အမှုဟာ မဲခွဲဆုံးဖြတ်ဘို့အတွက် ဂျူရီတွေ လက်ထဲရောက်သွားတော့ နေ့လည် တနာရီ။ နှင်းတွေကျနေတဲ့ ဗုဒ္ဓဟူးနေ့ နေ့လည်ခင်း။ ဂျူရီယောက်ျားမိန်းမ အားလုံးပေါင်း ဆယ့်နှစ်ယောက်ဟာ အခန်းထဲက ပြန်ထွက်လာတော့ နေ့လည် သုံးနာရီခွဲနေပြီ။ တရားရုံးစာရေး (ဘေလစ်)ရဲ့ အပြောအရ ဂျူရီတွေအနေနဲ့ ဒီထက် စောပြီး ထွက်လာရဘို့ပါ။ ဒါပေမယ့် ဘင့်တ်လေ စားသောက်ဆိုင်က နာမည်ကြီး ကြက်ကြော်ကို အစိုးရစားရိတ်နဲ့ မှာစားနေကြတဲ့အတွက် အချိန်ခဏလင့်သွားရတာ ဖြစ်ပါတယ်။ အားလုံးက အင်ဒီဒူးဖရိန်းမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ကြတယ်။ နောင်ကြီးရေ....တကယ်လို့သာ မိန်းပြည်နယ်မှာ သေဒဏ်သာ ရှိခဲ့မယ်ဆိုရင် အဲသည်နှစ် နွေဦးပေါက်မတိုင်မီ ပန်းပင်ကလေးတွေ မြေသားထဲက တိုးထွက်မလာခင်မှာ အင်ဒီဒူးဖရိန်းတယောက် လေထဲမှာ ကြိုးတွဲလောင်းနဲ့ မြေလွတ်အက ကခဲ့ရမှာ သေချာတယ်။

=================================================

ဒီအေက သူ့ဘယ်လိုထင်သလဲ မေးခဲ့စဉ်ကတော့ သူ့အထင်ကို ပြန်မဖြေခဲ့ပေမယ့် တကယ်တော့ သူ့စိတ်ထဲမှာ တခုခုတော့ ရှိခဲ့တယ်။ အဲဒီအထင်ကို ၁၉၅၅ ခုနှစ် တညနေခင်းမှာ သူ့ကို ကျုပ် ရအောင်မေးနိုင်ခဲ့တယ်။ အဲဒီမတိုင်မီ ၇ နှစ်တာ ကာလအတွင်းမှာ ကျနော်တို့ နှစ်ယောက်ဆက်ဆံရေးဟာ မေးထူးခေါ်ပြော အဆင့်ကနေ အတန်ငယ်ရင်းနှီးတဲ့အဆင့်ကို တဖြည်းဖြည်းပြောင်းလဲနေဆဲ ကာလပေါ့။ တကယ်တော့ ၁၉၆၀ မတိုင်ခင်အထိ ကျုပ်ကိုယ်ကျုပ် အင်ဒီနဲ့ အရမ်းရင်းနှီးတဲ့အဆင့်ကို ရောက်တယ်လို့ မခံစားရပါ။ ကျုပ်ထင်တယ်၊ ထောင်ထဲမှာ အင်ဒီကို အဲဒီလောက် ရင်းနှီးအောင် ပေါင်းလို့ရတာ ကျုပ်တယောက်ဘဲရှိတယ်။ ကျုပ်တို့ နှစ်ယောက်လုံးက နှစ်ကြီးသမားတွေ။ နေရတဲ့ အဆောင်ကလည်း အတူတူ။ သူ့အခန်းက အစွန်ဆုံးမှာ။ ကျုပ်အခန်းက သူ့အခန်းကထွက်လာရင် စင်္ကြန်တ၀က်လောက်မှာ ရှိတယ်။

“ကျနော်...ဘယ်လိုထင်လဲ၊ ဟုတ်လား” အင်ဒီက ရယ်ရင်းမေးတယ်။ ဒါပေမယ့် သူ့ရယ်သံက မရွှင်မမြူး ခြောက်ကပ်ကပ်နဲ့။ “အဲဒီညမှာ ကျနော့်အတွက် ကံကြမ္မာဆိုးတွေဟာ လေထဲမှာ ပြည့်နှက်နေတယ်လို့ ထင်တယ်။ ဒီလောက် ကာလတိုတိုလေးအတွင်းမှာ မှန်းဆနိုင်တာ ထက်ပိုပြီး အားလုံးစုဆုံပြီး ဖြစ်ပျက်သွားတာဘဲ။ ကျနော့်အထင်တော့ ဖြတ်သွားဖြတ်လာ လူစိမ်းတယောက်ယောက်ရဲ့ လက်ချက်ဘဲ ဖြစ်နိုင်တယ်။ ကျနော်အိမ်ကို ပြန်သွားပြီးတဲ့အချိန် တစုံတယောက် ကားဘီးပေါက်ပြီး အဲဒီအိမ်ကို ၀င်ရင်း လုပ်သွားတာ လဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဖောက်ထွင်းသမား တယောက်ယောက်လက်ချက်လဲ ဖြစ်နိုင်တာ ဘဲ။ ဒါမှမဟုတ် စိတ္တဇ လူသတ်သမားတယောက်လည်း ဖြစ်နိုင်တာဘဲ။ ဘာဘဲဖြစ်ဖြစ် အဲဒီ တယောက်ယောက်က လူသတ်မှု ကျူးလွန်လိုက်ပြီးတော့ ကျနော်က အဆုံးသတ် အထဲကို မဆီမဆိုင် ရောက်လာရတာဘဲ”

အင်ဒီပြောပြတာကတော့ ရှင်းရှင်းလေးပါဘဲ။ အဲဒီ သူမကျူးလွန်တဲ့ ပြစ်မှုအတွက် သူ့ကို တဘ၀စာ ထောင်ချလိုက်ကြတယ်။ တဘ၀လုံးမဟုတ်ရင်တောင် သူ့ဘ၀ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းကို ထောင်ထဲမှာ ရောက်နေအောင် လုပ်လိုက်တာပေါ့။ ထောင်ကျပြီး ၅ နှစ်ကြာတာနဲ့ ကတိခံဝန်ချက်နဲ့ လွှတ်ပေးနိုင်တဲ့ ပရိုး (Parole board) ဘုတ်ကော်မတီက သူ့အမှုကို စပြီး ကြားနာတယ်။ အင်ဒီဟာ ထောင်ထဲမှာ စံပြအကျဉ်းသား တယောက်ဖြစ်နေပေမယ့် သူ့ကို နှစ်မစေ့ခင် ကတိခံဝန်ချက်နဲ့ လွှတ်ပေးဘို့ ကိစ္စမှာတော့ အမြဲလိုလို ပယ်ချတာခံရတယ်။ ရှောရှမ့်ထောင်ကို ၀င်လာတုန်းက ခင်ဗျားရဲ့ ၀င်ခွင့်လက်မှတ်မှာ လူသတ်မှုဆိုတဲ့ တံဆိပ်တုံးထုထားပြီဆိုရင် ခင်ဗျားကို ပရိုးနဲ့ လွှတ်ပေးဘို့ ဆိုတာကလည်း မြစ်ရေက ကျောက်ဆောင်ကို တိုက်စားသလို အင်မတန် နှေးကွေးပြီသာ မှတ်။ နောက်ပြီး ရှောရှမ့် ပရိုးဘုတ်အဖွဲ့မှာ စုစုပေါင်း ဘုတ်အဖွဲ့ဝင် ၇ ယောက်ပါတယ်။ တခြားပြည်နယ်ထောင်တွေထက် နှစ်ယောက်တောင် ပိုတယ်။ အဲဒီ ၇ ယောက်စလုံးကလည်း တကယ့် ဘူးဆို ဖရုံမသီးဘူး ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေချည်းဘဲ။ ခက်ထန်တဲ့နေရာမှာ ဓါတ်သတ္တုတွင်းထဲက ထွက်လာတဲ့ ရေစေးတဲ့ ပိုပြီး ခက်ထန်တယ်။ ခင်ဗျား အဲဒီ ပုဂ္ဂိုလ်တွေကို ငွေနဲ့ ပေါက်လို့လည်းမရ၊ ငိုပြလို့လည်း မရ။ ဒီဘုတ်အဖွဲ့ကို ငွေနဲ့ ပေါက်ပြီး လွတ်သွားတယ်ဆိုတဲ့လူ အခုချိန်ထိ တယောက်မှ မရှိဘူး။ အင်ဒီ့ကို လွှတ်မပေးရခြင်းနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ တခြားအကြောင်းတွေ ရှိသေးတယ်။ ဒီအကြောင်းတွေက နောက်ပိုင်းမှာ ကျုပ်ပြောပြရင်းပါလာလိမ့်မယ်။

ထောင်ထဲမှာ ကင်ဒရစ်လို့ ခေါ်တဲ့ ထောင်စာရေး (ထောင်သားထဲကမှ စာရေးအလုပ်ကို လုပ်ပေးရသူ) တယောက်ရှိတယ်။ ဒီကောင်က ၁၉၅၀ ခုနှစ်တွေဆီတုန်းက ကျုပ်ဆီမှာ အကြွေးတော်တော် တင်လိုက်သေးတယ်။ အဲဒီအကြွေးကို ကျေအောင် သူ့မှာ လေးနှစ်တိတိ ဆပ်ယူခဲ့ရတယ်။ သူ့အကြွေးအတွက် ပေးရမယ့် အတိုး အတွက် သူက ကျုပ်ကို သတင်းယူပေးတယ်။ ကျုပ် အလုပ်မျိုးမှာ သတင်းက အသက်ဘဲ။ အမြဲ နားကို ကျယ်ကျယ်စွင့်ထားရတယ်။ ကျုပ်အနေနဲ့ ထောင်ထဲက မော်တော်ကားနံပါတ်ပြားအလုပ်ရုံမှာ အလုပ်လုပ်ရင်း တသက်လုံးမြင်ခွင့်ရမှာမဟုတ်တဲ့ တချို့သော ထောင်ထဲက မှတ်တမ်းမှတ်ရာ တွေကို ကင်ဒရစ်က ကြည့်ခွင့်ရတယ်။

ကင်ဒရစ်ရဲ့ အပြောအရ အင်ဒီရဲ့ ပရိုးနဲ့ ပတ်သက်ပြီး ဘုတ်အဖွဲ့က ၁၉၅၇ခုနှစ်မှာ ၇မဲ-သုညမဲ၊ ၁၉၈၅ခုမှာ ၆မဲ-၁မဲ၊ ၅၉ခုမှာ ၇မဲ-၀ မ နဲ့ ၆၀ခုနှစ်မှာ ၅မဲ-၂မဲ ဆိုပြီး အကြိမ်ကြိမ် မဲခွဲပြီး ပယ်ချခဲ့တယ်။ အဲဒီနောက်ပိုင်း မဲ ဘယ်နှစ်မဲနဲ့ ပယ်ချသလဲတော့ ကျုပ်မသိတော့ဘူး။ ဒါပေမယ့် ကျုပ်သိတာကတော့ အင်ဒီဒူးဖရိန်းဟာ အဲဒီနောက်ပိုင်း ၁၆ နှစ်လုံးလုံး ကျုပ်နဲ့တဆောင်တည်း အကျဉ်းဆောင် အမှတ် ၅၊ အခန်းနံပါတ် ၁၄ မှာ တောက်လျှောက်နေသွားခဲ့ရတယ်။ ၁၉၇၆ ခု ရောက်တော့ အင်ဒီဟာ အသက် ၅၈ နှစ်တောင် ရှိနေပြီ။ သူတို့ သူ့အပေါ်မှာ ညှာတာသနားလှတယ်ဆိုရင် ၁၉၈၃ ခုနှစ်လောက်ကျရင်တော့ လွှတ်ပေးကောင်းလွှတ်ပေးနိုင်တယ်။ ဒါဘဲလေ။ ထောင်ကျတယ်ဆိုတာ။ ခင်ဗျားဘ၀ထဲက အဖိုးတန်ဆုံးအချိန်တွေကို နှုတ်ယူလိုက်တာဘဲ။ တနေ့နေ့မှာတော့ ခင်ဗျားကို ပြန်လွှတ်ပေးကောင်း လွှတ်ပေးပါလိမ့်မယ်။ ဒါပေမယ့် နေဦး။ ကျုပ်ပြောပြမယ်။ တခါက ဒီထောင်ထဲမှာ ရှာဝုဒ်ဘော့လ်တွန်ဆိုတဲ့ ကျုပ်သိတဲ့ ငနဲတယောက်ဟာ သူ့ အကျဉ်းခန်းထဲမှာ ခိုတကောင်ကို မွေးထားတယ်။ ၁၉၄၅ ခုနှစ်ကနေ ၁၉၅၃ ခုနှစ် သူပြန်လွတ်တဲ့အချိန်ထိ တောက်လျှောက် အဲဒီခိုကို သူမွေးထားတယ်။ ပုဂ္ဂိုလ်က တကယ့် ငှက်ဝါသနာအိုးတ ယောက်တော့ မဟုတ်ဘူးပေါ့ဗျာ။ ဘာဘဲဖြစ်ဖြစ် အဲဒီ ခို သူ့မှာ ရှိတယ်။ ဂျိတ် လို့ နာမည်ပေးထားတယ်။ သူပြန်မလွတ်ခင် တရက်မှာ သူဟာ ဂျိတ်ကို လွှတ်ပေးလိုက်တယ်။ ဂျိတ်ကလည်း သူပျံစေချင်တဲ့အတိုင်း ပျံသွားပါတယ်။ ဒါပေမယ့် ရှာဝုဒ်တယောက် ကျုပ်တို့ရဲ့ ပျော်ရွှင်စရာမိသားစုလေးကို စွန်ခွာသွားပြီးတဲ့နောက် တပတ်လောက်ရှိတော့ ကျုပ် မိတ်ဆွေတယောက်က ကျုပ်ကို ခေါ်ပြတယ်။ ထောင် လေ့ကျင့်ရေးကစားကွင်းထောင့်က ရှာဝုဒ်တယောက် ရစ်သီရစ်သီ လုပ်တတ်တဲ့နေရာလေးမှာပေါ့။ မိတ်ဆွေက ပြောတယ်။
“ကြည့်စမ်း ရက်ဒ်။ အဲဒါ ဂျိတ် မဟုတ်လား”

ဟုတ်ပါတယ်။ ဂျိတ်မှ ဂျိတ်အစစ်ပါဘဲ။ ဂျိတ်ဟာ အဲဒီနေရာမှာ သေပြီး အကောင်တောင် ပျက်စပြုနေပြီ။
===============================================

ကျုပ်မှတ်မိတယ်။ ပထမဦးဆုံး အင်ဒီကျုပ်ဆီကို ရောက်လာတဲ့အကြောင်းက ပစ္စည်းတခု မှာချင်လို့။ အဲဒီအကြောင်းကို မနေ့တနေ့ကအဖြစ်အပျက်တခုလိုဘဲ ကျုပ်မှတ်မိနေသေးတယ်။ အဲဒီတကြိမ်က ရီတာဟေးဝပ်ကို မှာတဲ့အကြိမ်မဟုတ်သေးဘူး။ အဲဒီ နွေတုန်းက သူက တခြား ပစ္စည်းတခုအတွက် ကျုပ်ဆီကို ရောက်လာခဲ့တာ။

ကျုပ်တို့ အရောင်းအ၀ယ်ကိစ္စတွေက လေ့ကျင့်ရေးကစားကွင်းထဲမှာဘဲ အလုပ်ဖြစ်ကြတာ များတယ်။ အခုကိစ္စလည်း အဲဒီနေရာမှာဘဲ ဖြစ်တာ။ အားကစားကွင်းက တော်တော်ကြီးကျယ်တယ်။ တဖက်ကို ကိုက် ၉၀ လောက်စီရှိတဲ့ စတုရန်းကျကျ ကွင်းကြီးဗျ။ မြောက်ဘက်မှာ ထောင်အုတ်ရိုးရှိတယ်။ အုတ်ရိုးအစွန်းတဖက်တချက်မှာ လက်နက်ကိုင် အစောင့်ကင်းတဲတွေရှိတယ်။ အဲဒီက ထောင်စောင့်တွေမှာ မှန်ပြောင်းတွေ၊ အဓိကရုန်းနှိမ်တဲ့ သေနတ်တွေ တပ်ဆင်ထားတယ်။ ထောင်ပင်မ ၀င်ပေါက်ကြီးကလည်း အဲဒီ မြောက်ဘက် အုတ်ရိုးမှာဘဲ ရှိတာဘဲ။ ထရပ်ကားတွေ ပစ္စည်းတင်ချ လုပ်တဲ့နေရာကတော့ ကစားကွင်းရဲ့ တောင်ဘက်မှာရှိတယ်။ ကားရပ်တဲ့နေရာ ငါးခုတိတိရှိတယ်။ ရှောရှမ့်ဟာ တပတ်အတွင်း အလုပ်ဖွင့်ရက်တွေမှာဆိုရင် ပစ္စည်းလာချတဲ့ကား၊ လာသယ်တဲ့ကားတွေနဲ့ ရှုပ်ရှက်ခတ်နေ တတ်တယ်။ ကျုပ်တို့ထောင်မှာ မော်တော်ကားလိုင်စင်နံပါတ်ပြားစက်ရုံ၊ နောက်ပြီး ကစ်တာရီ ဆေးရုံနဲ့ နာလန်ထဆောင်တွေက အ၀တ်တွေကို လျှော်ဖွတ်ပေးရတဲ့ လောင်ဒရီ တခုရှိတယ်။ နောက်ပြီးတော့ ကားဝပ်ရှော့တခုလည်း ရှိသေးတယ်။ အဲဒီဝပ်ရှော့မှာ ထောင်သား မက္ကင်းနစ်တွေကနေပြီးတော့ အကျဉ်းထောင်ပိုင်၊ ပြည်နယ်ပိုင်၊ မြူနီစပါယ်ပိုင် ကားတွေကို ပြင်ပေးရတယ်။ ထောင်ဝန်ထမ်းတွေ၊ ထောင်အရာရှိတွေ ကားတွေကို ပြင်ပေးရတာတော့ ပြောမနေနဲ့တော့။အဲ... တခါတလေ ပရိုးဘုတ်အဖွဲ့ဝင်တွေရဲ့ ကားတွေကိုလည်း ပြင်ပေးရ တတ်တယ်။

ကစားကွင်းအရှေ့ဘက်မှာတော့ လေးထောင့်ကွက်သေးသေးလေးတွေ ဖောက်ထားတဲ့ အုတ်နံရံတခုရှိတယ်။ အဲဒီ အုတ်နံရံနောက်ဖက်မှာ အကျဉ်းဆောင် အမှတ်ငါး ရှိတယ်။ ကစားကွင်း အနောက်ဖက်မှာတော့ ထောင်အုပ်ချုပ်ရေးရုံးခန်းနဲ့ ထောင်ဆေးရုံရှိတယ်။ ရှောရှမ့်က တခြားထောင်တွေလို လူပြည့်ကြပ်မနေဘူး။ ၁၉၄၈ ခုနှစ်ဆီလောက်က တခါဆို တခါဘဲ ထောင်မှာ လက်ခံနိုင်တဲ့ဦးရေရဲ့ သုံးပုံနှစ်ပုံအထိဘဲ ပြည့်ဘူးတယ်။ များသောအားဖြင့် ကစားကွင်းထဲမှာ အကျဉ်းသား ၈၀ ကနေ ၁၂၀ လောက် ပုံမှန် ကစားနေကြလိမ့်မယ်။ ကစားတာကတော့ ဘောလုံးကန်တာ၊ ဒါမှမဟုတ် ဘေ့စ်ဘော ပစ်ကြ ဖမ်းကြတာ၊ ဒါမှမဟုတ် အံစာတုံးပစ်ကြမယ်၊ ဒါမှမဟုတ် အချင်းချင်း ကျိတ်ပြီး အရောင်းအ၀ယ်လုပ်ကြမယ်။ တနင်္ဂနွေနေ့ဆိုရင် ကစားကွင်းထဲမှာ ပိုပြီး လူရှုပ်တယ်။ တကယ်လို့ မိန်းမတွေသာ ရှိနေခဲ့မယ်ဆိုရင် တနင်္ဂနွေနေ့ဟာ တောဘုရားပွဲနဲ့တောင် တူသွားနိုင်တယ်။

အဲဒီ ကျုပ်ဆီကို ပထမဆုံးအကြိမ်ရောက်လာတာကလည်း တနင်္ဂနွေနေ့ဘဲ။ သူရောက်လာ တော့ ကျုပ်က ကျုပ်ဖောက်သည်တဦးဖြစ်တဲ့ အယ်လ်မို ဟာမစ်တေ့ခ်ျနဲ့ ရေဒီယိုကိစ္စပြောပြီးရုံဘဲ ရှိသေးတယ်။ သူဘယ်သူလဲဆိုတာ ကျုပ်သိပြီးသား။ အင်ဒီဟာ အင်မတန် ဘ၀င်ကိုင်ပြီး ကြီးကျယ်တဲ့လူ၊ သွေးအေးတဲ့လူအနေနဲ့ ထောင်ထဲမှာ နာမည်ကြီး တယ်။နောက်ပြီး အင်ဒီဟာ ဒုက္ခပေးခံရဘို့အတွက် ပစ်မှတ်ထားခံနေပြီလို့ တချို့လူတွေ ပြောတာကြားရတယ်။ အဲဒီပြောတဲ့လူထဲက တဦးကတော့ ဘော့ဂ်ဒိုင်းမွန်းဆိုတဲ့ ငနဲဘဲ။ အဲဒီငနဲက ဘယ်တော့မှ သွားပြီး စပ်စပ်ယှက်ယှက်လုပ်သင့်တဲ့ လူစားမျိုးမဟုတ်ဘူး။ အင်ဒီ့အခန်းမှာ အခန်းဖော် မရှိဘူး။ အဆောင်အမှတ်ငါးမှာရှိတဲ့ တယောက်ခန်းတွေဟာ လူသေခေါင်းလောက်ဘဲ ကျယ်ပေမယ့် အင်ဒီဟာ တယောက်ခန်းကိုဘဲ ပိုသဘောကျတယ်လို့ လည်း ကြားရတယ်။ ဒါပေမယ့် ကျုပ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့အကဲခတ်လို့ ရတဲ့ လူတယောက် ကိစ္စမှာ ကျုပ်အနေနဲ့ ကောလဟာလတွေကို ဂရုစိုက်နေစရာမလိုပါဘူး။

“ဟဲလို၊ ကျနော် အင်ဒီဒူးဖရိန်းပါ”

အင်ဒီက လက်ကမ်းပေးတော့ ကျုပ်လည်း ဆွဲပြီး နှုတ်ဆက်လိုက်တယ်။ သူက အလာပ၊ သလာပ တွေမှာ အချိန်ဖြုန်းတဲ့ လူမဟုတ်ဘူး။ လိုရင်းကို တန်းပြီးပြောတယ်။

“ခင်ဗျားဟာ ပစ္စည်းတွေ သွင်းပေးနိုင်တဲ့ လူတယောက်လို့ ကျုပ်ထင်တယ်။ ဟုတ်သလား”

ကျုပ်အနေနဲ့ ပစ္စည်းတွေ မှာတာရှိရင် သွင်းပေးလေ့ရှိတယ် ဆိုတာ ၀န်ခံလိုက်တယ်။

“ခင်ဗျား၊ ဘယ်လိုလုပ်သွင်းသလဲဗျ” အင်ဒီကမေးတယ်။

“တခါတခါတော့လည်း ပစ္စည်းတွေက ကျနော့်လက်ထဲ အလိုအလျောက် သူ့ဟာသူ ရောက်လာတာပေါ့ဗျာ။ ဘယ်လိုလဲဆိုတာတော့ ကျုပ်လည်း ရှင်းမပြတတ်ဘူးဗျ။”

အင်ဒီက အသာပြုံးလိုက်ပြီး “ ကျနော့်အတွက် ကျောက်ဆစ်တဲ့ တူကလေး တလက် သွင်းပေးလို့ ရမလားဗျ”

“ကျောက်ဆစ်တဲ့ တူဆိုတာ ဘယ်လိုမျိုးလဲ။ ခင်ဗျား ဘာအတွက် လိုချင်တာလဲ”

အဲလိုမေးလိုက်တော့ အင်ဒီနည်းနည်း အံ့သြသွားပုံရတယ်။ “ခင်ဗျားလုပ်ငန်းမှာ ဘာအတွက်လဲဆိုတာကို ထည့်သွင်းစဉ်းစားစရာ လို လို့လားဗျာ”

အဲဒီ သူမေးတဲ့ မေးခွန်းကိုကြားတော့ ထောင်ထဲကလူတွေ သူ့ကို ဘာကြောင့် ကြီးကျယ်တယ်လို့ ပြောသလဲ ကျုပ်သဘောပေါက်သွားတယ်။ ဒီလိုလူမျိုးက အမြဲတစေ လေလှိုင်းပေါ်မှာဘဲ စကားပြောချင်တဲ့လူမျိုး။ ဒါပေမယ့် သူ့မေးခွန်းမှာ ဟာသအရိပ်အယောင် အနည်းငယ် စွက်နေသလိုလည်း ကျုပ်ခံစားရတယ်။

“သာမန် သွားပွတ်တံတို့ ဘာတို့လောက် မှာတာဆိုရင်တော့ သိဘို့ မလိုဘူးပေါ့ဗျာ။ ကျုပ်အနေနဲ့ ရောင်းဈေးကို တန်းပြောပြလိုက်ရုံဘဲပေါ့။ ခင်ဗျားသိတဲ့အတိုင်း သွားပွတ်တံ ဆိုတာမျိုးက လူသေစေနိုင်တဲ့ လက်နက်မျိုးမဟုတ်ဘူးလေ”

“လူသေစေနိုင်တဲ့ လက်နက်တွေနဲ့ ပတ်သက်လာရင် ခင်ဗျားကြည့်ရတာ အတော် ခံစားချက်ပြင်းပုံရတယ်”

“အမှန်ဘဲ”

အဲဒီလို ပြောနေကြတုန်း တိပ်တွေ အထပ်ထပ်ရစ်ပတ်ပြီးတွဲချုပ်ထားတဲ့ ဘေ့စ်ဘောအဟောင်း တလုံးဟာ ကျုပ်တို့ နှစ်ယောက်ဆီကို ပျံဝဲပြေးဝင်လာတယ်။ အင်ဒီက ရုတ်တရက် လှစ်ကနဲ လှည့်ပြီး လေထဲကနေ သပ်သပ်ရပ်ရပ် ဖမ်းလိုက်တယ်။ အဲဒီ ဖမ်းလိုက်တဲ့အကွက်က နာမည်ကြီးဘေ့စ်ဘောသမား ဖရန့်ခ်မယ်ဇုံးတောင် ဂုဏ်ယူလောက်တယ်။ ပြီးတော့ ဘေ့စ်ဘောကို လာရာလမ်းအတိုင်း ဖမ်းလိုက်သလိုဘဲ လျင်မြန်တဲ့ လှုပ်ရှားမှုနဲ့ သက်သက်သာသာ ပြန်ပစ်လိုက်တယ်။ တခြားလူတွေဟာလည်း သူတို့ ကိစ္စနဲ့သူတို့ လုပ်နေကြရင်း ကျုပ်တို့နှစ်ယောက်ကို အကဲခတ်နေကြတာကို ကျုပ်မြင်ရတယ်။ မျှော်စင်ပေါ်က အစောင့်တွေလဲ ကျုပ်တို့ကို ကြည့်ကောင်းကြည့်နေ ကြနိုင်တယ်။ ကျုပ်က တည်ငြိမ်နေတဲ့အနေအထားကို ဖျက်ဆီးလိုစိတ်မရှိဘူး။ ထောင်တိုင်းမှာ တဘက်ဘက်က အလေးသာသွားအောင် ဘက်ပြောင်းနိုင်တဲ့ ထောင်သားအုပ်စုဖွဲ့တာတွေရှိတယ်။ အဖွဲ့ငယ်ရင် လေးယောက်ငါးယောက်လောက်ရှိပြီး အဖွဲ့ကြီးရင် ၂ဒါဇင် ၃ ဒါဇင်လောက်အထိကြီးတဲ့ အုပ်စုကြီးတွေ အထိရှိတတ်တယ်။ ရှောရှမ့်မှာ ကျုပ်ကိုယ်တိုင်ဘဲ အဲဒီလို ၀ိတ်ရှိတဲ့ လူအနည်းငယ်ထဲက တယောက်ပေါ့။ အင်ဒီအနေနဲ့ အဲဒီလို အနေအထားတွေကို ကျော်လွှားဘို့ဆိုရင် အများကြီး လုပ်စရာတွေ ရှိသေးတယ်။ အင်ဒီကလည်း အဲဒီ အခြေအနေအရပ်ရပ်ကို သိပုံဘဲ။ ဒါပေမယ့် ကျုပ်ကို အောက်ကျို့တာ၊ ဖော်လာဖားတာမျိုးတော့ လုံးဝမလုပ်ဘူး။ အဲဒီအတွက် သူ့ကို ကျုပ်လေးစားပါတယ်။

“အေးလေ၊ တရားပါတယ်။ ကျောက်ဆစ်တူဟာ ဘာလဲဆိုတာနဲ့ ဘာကြောင့် ကျုပ်လိုချင်ရသလဲဆိုတာ ခင်ဗျားကို ပြောပြပါမယ်။ ကျောက်ဆစ်တူဟာ ပုဆိန်အသေးစား လေးဘဲ။ ဒီလောက် အရှည်ရှိတယ်။”

အင်ဒီက သူ့လက်နှစ်ဖက်ကို တပေလောက် ခွာပြီး အတိုင်းအထွာကို ပြတယ်။ အဲဒီအချိန်မှာဘဲ သူ့ရဲ့ လက်သည်းတွေကို ဘယ်လောက် သပ်သပ်ရပ်ရပ် ထားတယ် ဆိုတာကို ကျုပ်သတိပြုမိတာဘဲ။

“ တဖက်မှာ အသွားထက်ထက် တခုပါပြီ တဖက်မှာတော့ တူတွေလိုဘဲ ခပ်တုံးတုံး ထုစရာ တူခေါင်းတခုပါတယ်။ ကျုပ်ဘာကြောင့်လိုချင်ရသလဲဆိုတော့ ကျောက်တုံးတွေကို ကျုပ် အရမ်းစိတ်ဝင်စားလို့ဘဲ”

“ဗျာ။ ကျောက်တုံးတွေဟုတ်လား”

“ဒီနားမှာ ခဏလောက် ငုတ်တုပ်ထိုင်ပါဦးလေ” အင်ဒီက တိုက်တွန်းတယ်။

ကျုပ်လည်း ကပျက်ကချော်နဲ့ဘဲ ထိုင်လိုက်တယ်။ ကျုပ်တို့နှစ်ယောက်လုံး အင်ဒီယန်းတွေ လိုဘဲ ကိုယ်ကို ခပ်ကုန်းကုန်းနဲ့ ထိုင်လိုက်ကြတာပေါ့။

အင်ဒီဟာ အားကစားကွင်းထဲက ဖုန်သဲတဆုပ်ကို ကောက်ယူလိုက်ပြီး သူ့ရဲ့ သပ်ရပ်တဲ့ လက်တွေနဲ့ ထိုးမွှေပြီး မှုတ်လိုက်လိုက်တယ်။ ဖုန်တွေ တိမ်တိုက်လို လေထဲကို တက်လာတယ်။ လက်ထဲမှာ ကျန်ရစ်ခဲ့တဲ့ ကျောက်စရစ်ခဲလေးတွေထဲမှာ နှစ်ခုက ပြောင်ပြောင်လက်လက်နဲ့၊ ကျန်တာတွေက ခပ်မှိန်မှိန် ရိုးရိုးကျောက်တွေဘဲ။

(ဆက်ရန်)
Read more

“ထိုးမုန့် အော်ပရာ”

ကျနော့်တို့ ငယ်ငယ်က တခါခံရဘူးပြီးသော အမှားကို ထပ်မံပြုလုပ်မိလျှင် ရင်းနှီးသူ အချင်းချင်းဆိုလျှင် စကားရိုင်းရိုင်းဖြင့် ပြောလေ့ရှိသည်။
“ဟဲ့....တစ်တုံးစားလို့ကုန်တာတောင် ချေး(ချီး)မှန်း မသိသေးဘူးလား” ဟူ၍ပင်။ နည်းနည်းကြီးလာတော့ နည်းနည်း နားခံသာအောင် သည်လိုပြောင်းပြောကြရသည်။ “တစ်တုံးကုန်တာတောင် ထိုးမုန့်မှန်းမသိသေးဘူးလား” ဟု။
ခင်မမမျိုး၏ ဆောင်းပါးတပုဒ်ကို ဖတ်ရသောအခါ ဤမေးခွန်းသည် ခေါင်းထဲသို့ ပြန်ဝင်လာပြန်သည်။ ကိုမိုးသီးဇွန်၏ ဘလော့ဂ်တွင် ထိုဆောင်းပါး ကို တင်ထားပါသည်။
သေချာသည်ကတော့ နအဖ က ကျွေးနေသည်မှာ အနံ့အရသာနှင့် အထူးပြည့်စုံသော မန္တလေးထိုးမုန့် မဟုတ်ချေ။
Read more

“ကျဉ်တုပ်ခံဝံ့ မခံဝံ့”

(ရှေ့က ပို့စ်တွင် မှတ်ချက်အနေဖြင့် ဖြည့်စွက်ထားသော အကြောင်းအရာမှာ ပို့စ်တခုသတ်သတ် ခွဲထုတ်နိုင်လောက်သည်အထိ ရှည်လျားကာ အကြောင်းအရာအနေနှင့်လည်း သီးသန့် ပြည့်စုံသည်ဖြစ်၍ အနည်းငယ် ထပ်မံဖြည့်စွက်ပြီး ခေါင်းစဉ်အသစ်တပ်ကာ ထပ်မံ တင်ပြလိုက်ပါသည်။)
မောင်သာရ၏ ၀တ္ထုခေါင်းစဉ်ကို ယူလိုက်ပါသည်။ မြန်မာ ဆိုရိုးစကားရှိသည်။ (ကျည်းကန်ရှင်ကြီး မေတ္တာစာမှ ဟု ထင်သည်။)

“ပဲဟင်းကို ရှုပ်ချင်၏။ နှုတ်ခမ်းမွှေး အနှုတ်ခံဝံ့ မခံဝံ့။
မှိုနဲ့ မျှစ်ကို နှုတ်ချင်၏။ ကျဉ်တုပ်ခံဝံ့ မခံဝံ့။
မင်းမှာ လုပ်ချင်၏။ တင်းကုပ်မှာ အချုပ်ခံဝံ့ မခံဝံ့။”
ကျနော်က သည်လို ဖြည့်စွက်ချင်၏။
“အများသူငါနှင့် စပ်ဆိုင်သော ကိစ္စရပ်များကို မီဒီယာပေါ်တွင် ပြောချင်၊ ရေးချင်၊ လုပ်ချင်၏။ အဝေဖန်ခံဝံ့ မခံဝံ့။”
လူတချို့သည် မိမိအမြင်ကို တင်ပြရာ၏ တာဝန်ယူစိတ်မရှိဘဲ တစုံတခု ကို အကာအကွယ် ယူကာ မရိုးမသား ပြောဆိုတတ်ကြ၏။ ဥပမာ ပေးရလျှင် တခါက ကိုဇာနည်နှင့် အခြား ကျောင်းသားခေါင်းဆောင်တယောက်၏ ဆွေးနွေးခန်းကို အမျိုးသမီး တယောက်က ပေးစာဖြင့် ဝေဖန်၏။ ဝေဖန်ခွင့်ရှိပါ၏။ သို့သော် သူမက စာထဲတွင် မိမိသည် သာမန် အိမ်ရှင်မ တဦးသာ ဖြစ်ကြောင်း ဆိုသည်နှင့် အစချီထား၏။ သူမသည် နှိမ့်ချလို၍ နှိမ့်ချထားခြင်းမဟုတ်။ မိမိအား ပြန်လည် မထိုးနှက် စေရန် ကြိုတင်အကာအကွယ် ယူထားသော အချက်ဖြစ်သည်။ လူတို့သည် မိမိပြောသော စကားကို မှားမှားမှန်မှန် တာဝန်ယူသင့်ပေသည်။ မီဒီယာပေါ်တွင် တက်ပြောပါက မိမိအား ပြန်လှန် ထိုးနှက်တိုက်ခိုက် ဝေဖန်သည်များကို မျှော်လင့်ထားရမည်သာဖြစ်သည်။
ကျနော်တို့သည် ဆန့်ကျင်ဘက် အမြင်များကို အစဉ်သဖြင့် နားလည်ပေးရန် မလိုအပ်ချေ။ ဤသို့သာ နားလည်ပေးနေရပါက အမေရိကန် သမ္မတလောင်းတို့သည် တဦး၏ပေါ်လစီကို တဦးက အပြန်အလှန် ထိုးနှက်နေစရာလိုမည်မထင်တော့ချေ။ ကျနော်တို့သည် မိမိတို့နှင့် မတူညီသော အမြင်ကို လိုအပ်ပါက ထိုးနှက်တိုက်ခိုက်တန်သင့်လျှင် ထိုးနှက်တိုက်ခိုက် ရပေမည်။ လူကို ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ ၄င်း၏ အယူအဆကိုသာ ဝေဖန်တိုက်ခိုက် ခြင်းဖြစ်ပါက ဖြစ်သင့်ဖြစ်ထိုက်သော ဝေဖန်မှုမျိုးဖြစ်သည်။
ဤအချက်ကို ဗမာများအကြားတွင် အဓိပ္ပါယ်ပေါက်လွဲနေဟန်ရှိသည်။ ကျနော်သည် မောင်ဖြူနှင့် အင်မတန် ရင်းနှီးသည်။ သို့သော် အင်တာနက်စာမျက်နှာပေါ်တွင် အများကြည့်ရန် ရေးထားသော မောင်ဖြူ၏ ပို့စ်တခုသည် ကျနော်နှင့် ဆန့်ကျင်ဘက် အမြင်ရှိသည်ဆိုပါစို့။ ကျနော်သည် ထိုအမြင်ကို ထိုးနှက်တိုက်ခိုက်ရေးသားရန်လိုအပ်ပါက ထိုးနှက်တိုက်ခိုက် ရေးသားမည်သာဖြစ်သည်။ ဤသည်မှာ မောင်ဖြူအား ပုဂ္ဂိုလ်ရေးအရ ကျနော်မုန်း၍ မဟုတ်။ မောင်ဖြူ၏ ပုဂ္ဂိုလ်ရေးသက်သက်ဖြစ်သော ရည်းစားစာမျိုး၊ သူ့ရည်းစားအကြောင်းမျိုး၊ သူ့အချစ်ဆုံးခွေးလေးအကြောင်းမျိုးကိုကား ကျနော် ဝေဖန်စရာ အကြောင်းမရှိ။ ခင်မင်သောအားဖြင့် ကျီစယ်ခြင်းသာ ပြုကောင်းပြုပေမည်။ အများနှင့်ပတ် သက်သော အယူအဆမျိုးကိုကား ဝေဖန်မည်ဖြစ်ပါသည်။
သို့သော် လက်တွေ့တွင် မြန်မာများအကြား၌ ဖြစ်နေသည်က ထိုသို့ရေးသားလိုက်ပါက “မတူညီသော အမြင်များကို နားလည်ပေးနိုင်စွမ်းမရှိ” ဆိုသော အချက်ဖြင့် ကာချင်ကြသည်။ အမြင်စောင်း ချင်ကြသည်။
ယုတ္တိဗေဒနည်းအားဖြင့် စဉ်းစားကြည့်ကြစေချင်ပါသည်။ မတူညီသော အမြင်များကို အဘယ်သို့ အဘယ်ပုံ နားလည်ပေးကြကုန်ပါသနည်း။ သင်သည် အလုပ်လုပ်နေစဉ် လက်မအား၍ အသင်၏ နဖူးတွင် နားနေသည့် မှက်ကို သင့်သူငယ်ချင်းအား ယပ်တောင်ဖြင့် အသာအယာ ခြောက်ပေးစေလိုသည်။ သင့်သူငယ်ချင်းသည် မှက်ကို တူနဲ့ ထုကာ ခြောက်ပေးလိုသည်။ သင်သည် မတူညီသော သင့်သူငယ်ချင်း၏ အယူအဆကို ဘာမှမပြောဘဲ နားလည်ခံစားပေးပါမည်လော။
ဖြစ်သင့်သည်မှာ ဆန့်ကျင်ဘက် အမြင်များ၊ မတူညီသော အမြင်များရှိလာပြီဆိုလျှင် အများနှင့် သက်ဆိုင်သော ကိစ္စများဖြစ်ပါက အပြန်အလှန် အကြိတ်အနယ် ယှဉ်ပြိုင်ငြင်းခုန်ပြီး (Debate) လုပ်ပြီးမှ လူအများကို ဆုံးဖြတ် စေခြင်း ဖြစ်ပါသည်။ ထိုသို့ အပြန်အလှန် စစ်ထိုးနေစဉ်ကာလပတ်လုံး အဘယ်သူသည်မိမိ၏ ဆန့်ကျင်ဘက်အမြင်အား နားလည်ခံစားပေးအံ့နည်း။ တိုက်ခိုက် နှိပ်နယ် ပြောကြားကြမည်သာဖြစ်သည်။ အမေရိကန် သမ္မတလောင်းများ စကားစစ်ထိုးပုံ၊ ဘရစ်တစ်ရှ် ပါလီမာန်တွင် အတိုက်အခံနှင့် အာဏာရပါတီမှ ခေါင်းဆောင်များ စကားစစ် ထိုးပုံတို့ကို နမူနာယူကြပါလေ။ ဆန့်ကျင်ဘက်အမြင်များအား ဝေဖန်ခြင်းသည် ဒီမိုကရေစီ မဟုတ်ဟု အဘယ်သူပြောချင်ပါသနည်း။
နိဂုံးချုပ်အနေဖြင့် ကျနော့်အမြင်ကို ထပ်လောင်းပြောချင်သည်မှာ အင်တာနက်စာမျက်နှား၊ ရေဒီယို၊ သတင်းစာ၊ မဂ္ဂဇင်း စသည့် မီဒီယာများနှင့် လူကြားသူကြားထဲတွင် အများနှင့်ဆိုင်သော ကိစ္စကို မိမိဝင်ရောက်ပြောကြားလိုပါက မိမိစကားကို မိမိ တာဝန် ယူနိုင်မှသာပြောကြစေလိုပါသည်။ တချိန်လုံး ချီးမွမ်းစကားကိုသာ အလိုရှိ၍ ဝေဖန်ရေးကို နားဆင်ရန် သတ္တိမရှိသူများ အထူးသတိထားကြပါ။ ထိုသို့မဟုတ်ဘဲ အဝေဖန်ခံ ရမည်ကြောက်၍ “ကျမက သာမန် အိမ်ရှင်မပါ” ဟူ၍လည်းကောင်း၊ “ကျနော်က သာမန်ပြည်သူတဦးပါ” ဟူ၍လည်းကောင်း စကားခံ၍ ပြောသည်မှာ အမှန်တကယ် နှိမ့်ချရိုကျိုးသော စိတ်ဓါတ် ရှိ၍ မဟုတ်မူဘဲ မိမိအလှည့်ကျလျှင် မနွဲ့တမ်းမခံဝံ့သော ထိုသူ၏ သူရဲဘောကြောင်ခြင်းကို လူပုံအလည်တွင် သူ့ဘာသာ ကြေညာနေခြင်းသာဟု မှတ်ယူရပေမည်။
ကျနော်တို့ အများစုသည် မည်သူမှ အလုံးစုံ ပြီးပြည့်စုံသော လူများမဟုတ်ကြ။ လူမှန်လျှင် တခါမဟုတ် တခါတော့ မှားမည်သာဖြစ်ချေသည်။ မမှားသောသူဟူ၍ အဘယ်မှာ ရှိအံ့နည်း။ အမှားကို ဇွတ်အတင်းကာချင်သောကြောင့်သာ၊ အမှားကို အဝေဖန် မခံဝံ့သောကြောင့်သာ မဖြစ်သင့်သည်များ ဖြစ်ရချေသည်။ တဖန် စဉ်းစားစရာတခုမှာလည်း လူတို့တွင် ညံ့ခြင်း တော်ခြင်းများမှာ ပါရမီရှိဘို့နှင့် ကြိုးစားမှု ၀ီရိယတို့ကြောင့် ကွာခြားနိုင်သော်လည်း ရိုးသားခြင်းမှာမူ မည်သူမဆို ထားဘို့ တတ်နိုင်သော အရာတခုဖြစ်သလို ထားရန် အခက်ဆုံးကိစ္စတရပ်လည်း ဖြစ်နေဟန်တူသည်။ ထိုကြောင့် မှိုနှင့် မျှစ်ကို နှုတ်လိုသောသူများအတွက် ကျဉ်တုပ်ခံရန် အသင့်ဖြစ်မဖြစ်ကို မေးစမ်းချင်လှပါသည်။
Read more

“သင်.....အသည်းကြောင်သလား”

ပြည်ပရှိ ဒီမိုကရေစီ လှုပ်ရှားသူများတွင် အချို့က ပြည်သူများ ကန့်ကွက်မဲ သွားပေးသင့်သည် ဆိုကြသည်။ သူတို့၏ အကြောင်းပြချက်မှာ ပြည်သူများကို မဲသွားမပေးဘဲနေဘို့၊ သပိတ်မှောက်ဘို့ စည်းရုံးရန်မှာ လက်တွေ့မကျ၊ မဖြစ်နိုင်ဟုဆိုသည်။

“စစ်မရောက်ခင် မြားကုန်သည်” ဆိုသော စကားမှာ ဤနေရာတွင် သုံးစွဲရန်ဖြစ်သည်။ နအဖ ကြေညာချက်ထုတ်သည့်အချိန်မှ စလျှင် နှစ်လခွဲခန့် လိုသေးသော အချိန်ကာလတွင် ပြည်သူအား လှုံ့ဆော်ရန် အချိန်များစွာ ရပါလျက်နှင့် ထိုစကားမျိုး ပြောထွက်ကြသည်မှာ နအဖကို အထင်အကြီးလွန်ခြင်းလော၊ ကိုယ့်စွမ်းဆောင်ရည်အပေါ် ကိုယ်ယုံကြည်မှု မရှိ၍ လော မပြောတတ်။ အထူးသဖြင့် ရွှေဝါရောင်တော်လှန်ရေးကို နအဖက ရက်ရက်စက်စက် ချေမှုန်းထားသည်မှာ လပိုင်းမျှသာ ရှိသေး၍ ပြည်သူတို့၏ စစ်အစိုးရအပေါ်နာကျည်းချက် ပြင်းထန်နေဆဲ ကာလမျိုးတွင် ထိုသို့ လက်မှိုင်ချကြသည်မှာ ပြည်ပရောက် ဒီမိုကရေစီ ဘက်တော်သားအချို့၏ ပျော့ညံ့သော စိတ်သဘောထားကို ဘွင်းဘွင်းကြီး မီးမောင်း ထိုးပြရာရောက်ပေသည်။ ထိုသူမျိုးများသည် လက်နက်ကိုင် တော်လှန်လျှင်လည်း ရေရှည် တော်လှန်ရန် ဇွဲမရှိ၊ ငြိမ်းချမ်းရေးလမ်းစဉ်ဖြင့်သွားလျှင်လည်း ရေရှည်သွားနိုင်သည်ထိ အသည်းမမာသူများ ဖြစ်ကြကုန်ရာ၏။

ပြည်သူအများ မဲသွားမပေးဘဲ နေလျှင် ၄င်းတို့၏ ကြံဖွံ့များ၊ စွမ်းအားရှင်၊ မီးသတ် စသည့် လက်ကိုင်တုတ်အဖွဲ့အစည်းများကို နအဖ အစိုးရက ကောင်းကောင်းကြီးအသုံးချကာ ထောက်ခံမဲ အလေးသာအောင် ပြုလိမ့်မည်ဟု ၄င်းတို့ စိုးရိမ်ကြသည်ဆို၏။

တဖန် ပြည်သူများမှာ နအဖက အတင်းအကြပ် မဖြစ်မနေ မဲရုံသို့ မသွားမနေရ သွားခိုင်းလျှင် သွားကြရမည်ဖြစ်၍ ကန့်ကွက်မဲထည့်ရန် တိုက်တွန်းခြင်းသည် ပို၍ ဖြစ်နိုင်ခြေ ရှိသည်ဟု လည်း ဆိုကြသည်။

ကောင်းပြီ။ ထိုသို့ ပြည်သူလူထုအား ကန့်ကွက်မဲ ထည့်ခိုင်းနေသော ပြည်ပမှ မျိုးချစ် ဒီမိုကရေစီသူရဲကောင်းများသည် မိမိတို့ ကိုယ်တိုင်ရော ပြည်တွင်းသို့ ပြန်ကာ ကန့်ကွက်မဲ ထည့်ရဲကြပါ၏လော။ မထည့်မီတွင်လည်း မိမိတို့ကန့်ကွက်မဲ ထည့်မည့်အကြောင်းကို ယခုလိုပင် မီဒီယာများတွင် တရားဝင် ကြေငြာ၍ ပေါ်တင်လုပ်ဝံ့ကြပါ၏လော။ မထည့်ဝံ့ ကြဆိုလျှင် ကိုယ်မလုပ်ရဲသည့်ကိစ္စကို သူများအား တိုက်တွန်းနေသည်ဖြစ်၍ “အငှားဗိုက်နှင့် ဓါးထိုးခံချင်”ဆိုသကဲ့သို့ ဖြစ်နေပေသည်။

ထို့ကြောင့် ဤကိစ္စကို ပြန်လည် သုံးသပ်ကြည့်ပါက ဆန္ဒခံယူပွဲကြီးတခုလုံးကို သပိတ်မှောက်ခြင်းသည်သာလျှင် အဖြစ်သင့်ဆုံး ကိစ္စ ဖြစ်ချေသည်။ ကျနော်တို့သည် မဲသွား ထည့်ခိုင်းခြင်းအားဖြင့် နအဖ သွားနေသော လမ်းပြမြေပုံ ၇ ချက်ကို ထောက်ခံရာ ရောက်ပေသည်။ မဲသွားထည့်ရန် တိုက်တွန်းနေသူများသည် လွန်ခဲ့သော နှစ်အနည်းငယ်က ကိုဇာနည်နှင့် ကိုအေးလွင်အုပ်စုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အမျိုးသားညီလာခံသို့ ၀င်ရောက်ပူးပေါင်းရန် သွေးဆောင်တိုက်တွန်းနေသည်နှင့် သဘောတရား အတူတူပင် ဖြစ်နေချေသည်။ အသည်းကြောင်လျှင် အတွေးပါကြောင်တတ်သည်ကို သတိပြုကြပါကုန်။

၎င်းတို့၏ နောက်ထပ် အကြောင်းပြချက်တခုမှာ မည်သည့်နည်းနှင့်မဆို နအဖက အတင်းအကြပ် မဲသွားထည့်ခိုင်းစေမည်ဖြစ်၍ ပြည်တွင်းရှိ ပြည်သူများတွင် ရွေးချယ်ရာလမ်းမရှိဟုလည်း ဆိုကြသည်။ ထိုသို့ဆိုလျှင် ရွေးချယ်စရာ လမ်းရှိသော ပြည်ပရောက် ထိုသူများသည် မိမိတို့ ရောက်ရှိရာ နိုင်ငံများတွင် သံရုံးများ သို့ မဲသွားထည့်ရန် မလိုချေ။ သပိတ်မှောက်သင့်ပေသည်။ အကယ်၍ ရွေးချယ်ရန်အခွင့်အလမ်းရှိပါလျက်နှင့် ၄င်းတို့ မဲသွားထည့်ကြပါက ၄င်းတို့ တံတွေးကို ၄င်းတို့ ပြန်မြိုကာ သွားကြခြင်းသာဖြစ်သည်။ သို့တည်းမဟုတ် နအဖ ရုဒ်မက် ကို ထောက်ခံလို၍သာ ဖြစ်ချေမည်။

ကျနော်တို့သည် ၁၉၉၀ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် အများစုအား ပြည်သူလူထုက ထောက်ခံမဲရွေးချယ်ပေးခဲ့ပြီးဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရွေးဆွဲရေးအတွက် ပြည်သူက ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်များတွင်သာ တာဝန်ရှိသည်။ နအဖ က ခေါင်းခေါက်ရွေးချယ်ထားသော ပုတ်သင်တစုနှင့် ဖွဲ့စည်းပုံကို ရေးဆွဲသော အမျိုးသားညီလာခံသည် တရားမ၀င်။

ထို့ပြင် ဖွဲ့စည်းပုံအတွက် လူထုဆန္ဒခံယူပွဲဟူသည် လွတ်လပ်သော အခြေအနေတရပ်တွင် တရားဝင်သော အစိုးရတရပ်ကသာ ကျင်းပပေးနိုင်သည်။ ယခုသို့ စစ်အာဏာရှင်စနစ်အောက် မလွတ်လပ်သော အခြေအနေတခုတွင် လူထုက ရွေးချယ်ရသော ရွေးချယ်မှုသည် လွတ်လပ်သော မှန်ကန်သော ရွေးချယ်မှုမျိုးမဖြစ်နိုင်ချေ။ ပမာပုံပြရလျှင် လှောင်ချိုင့်ထဲက ငှက်ကို လှောင်ချိုင့်ထဲတွင် အတင်း တုတ်နှင့်ထိုးဆွ၍ ပျံခိုင်းခြင်းမျိုးသာဖြစ်သည်။ လွတ်လပ်စွာ ပျံသန်းရခြင်းမျိုး မဟုတ်သဖြင့် ဘယ်ကိုမှ ခရီးမပေါက်ရောက်နိုင်သကဲ့သို့ပင်။

ထို့ကြောင့် နအဖ သည် မည်သို့သော ယုတ်မာသော ပက်စက်သော နည်းမျိုးစုံကို သုံးကာ လူထုဆန္ဒခံယူပွဲကို ကျင်းပသည်ဖြစ်စေ..... ထိုလူထုဆန္ဒခံယူပွဲကို သပိတ်မှောက်ရန် တာဝန်မှာ ပြည်သူလူထုအားလုံးတွင်ရှိသည်။ ပြည်ပရောက် ဒီမိုကရေစီဘက်တော်သား များအနေဖြင့် သပိတ်မှောက်ပွဲဖြစ်မြောက်စေရန် လေလှိုင်းမှ တဆင့်လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် လူစုကာ သပိတ်မှောက်ပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သင့်ကြပေသည်။ သို့မှသာ ပြည်တွင်းရှိ လူထုသည်လည်း သပိတ်မှောက်ရန် အကြောင်းကို သိကြပေမည်။ သပိတ်မှောက်လိုသော သူသည် အတင်းအကြပ် မဲပေးစေလျှင်လည်း (အကယ်၍ မယုံနိုင်စရာကောင်းလောက်အောင်ပင် လျှို့ဝှက်စွာ ပေးခွင့်ရှိပါက) ကန့်ကွက်မဲကိုသာ ပေးမည်ဖြစ်ကြောင်း အထူးပြောဘွယ်မလိုချေ။ အကယ်၍ မဲပေးရာတွင် လျို့ဝှက်လုံခြုံမှုမရှိခြင်း၊ သို့မဟုတ် နအဖမှ မဲခိုးခြင်းကြောင့် အတည်ဖြစ်သွား လျှင်လည်း မဲမပေးမီ မဆွခင်ကပင် မိမိတို့အားအတင်းအကြပ် စေခိုင်းသဖြင့် သွားရောက်ရခြင်း ဖြစ်ကြောင်းကို မီဒီယာများတွင် ထုတ်ဖော်ပြောကြားခဲ့ပါက ထို နအဖ က ပြုလုပ်သော ဆန္ဒခံယူပွဲသည် တရားဝင်မဟုတ်ဘဲ အောက်လမ်းနည်းဖြင့် အတည်ဖြစ်အောင် လုပ်ထားကြောင်း ပိုမိုထင်ရှားကာ လူထု၏ မခံချင်စိတ်၊ နအဖ အား တော်လှန်လိုစိတ် ပိုမို မြင့်မားလာမည်ဖြစ်သည်။

ကျနော်တို့သည် နာဆာ (အမေရိကန် အမျိုးသား လေကြောင်းနှင့် အာကာသ ဦးစီး)မှ အာကာသယာဉ်များ လွှတ်တင်သော စနစ်ကို အတုယူသင့်ကြပေသည်။

အာကာသယာဉ်ပျံ (ဗွိုင်ယေဂျာ (၁) ၊ (၂) စသည်) တို့ကို နေစကြ၀ဠာအတွင်းရှိ ဂျူပီတာ၊ စေတန်၊ နက်ပ်ကျွန်း၊ ယူရေးနပ်စ် စသည့် အပြင်ဘက်မှ ဂြိုဟ်များဆီသို့ လွှတ်တင်လိုပါက ၄င်းဂြိုဟ်များဆီသို့ တိုက်ရိုက်ချိန်ရွယ်ကာ လွှတ်သည်မဟုတ်။ လောင်စာနှင့် အချိန်များစွာ ကုန်ကျနိုင်သည်။ ထို့ကြောင့် ခရီးတထောက်တွင် ရှိသော အင်္ဂါဂြိုဟ် စသည့် ဂြိုဟ်များနှင့် ဆုံနိုင်လောက်သော ဂြိုဟ်ပတ်လမ်းကြောင်းများသို့ ချိန်ရွယ်ပစ်လွှတ်ကာ ထိုဂြိုဟ်များထံမှ လောက်လွှဲအား (Gravitational sling shot) ကို ရယူရသည်။ အင်္ဂါဂြိုဟ်သည်လည်း ကမ္ဘာကဲ့သို့ပင် နေကို အရှိန်ပြင်းစွာနှင့် လှည့်ပတ်နေရာ ၄င်းအနီးသို့ ကပ်လာသော အာကာသယာဉ်ကို ၄င်း၏ဆွဲငင်အားဖြင့် ဆွဲယူကာ ၄င်း၏ အမြန်နှုန်းအတိုင်း အရှိန်တိုးမြှင့်ကာ လိုက်ပါ လှည့်ပတ်စေသည်။ အင်္ဂါဂြိုဟ်မှ တဖန်ပြန်လည် ထွက်ခွာခဲ့သည့်အချိန်တွင်လည်း အာကာသယာဉ်သည် ထိုအမြန်နှုန်းအတိုင်း ဆက်လက်၍ မိမိသွားလိုရာ ဂြိုဟ်သို့ လျှင်မြန်စွာ သွားနိုင်လေသည်။ ထိုအရှိန်သည် လောင်စာမကုန်ကျရဘဲ အလကားရရှိသည့် အရှိန်ဖြစ်သည်။

(ပို၍ သိသာထင်ရှားသော ဥပမာ တခုမှာ မော်တော်ဘုတ်နောက်တွင် လှေကို ကြိုးဖြင့်ချိတ်၍ အတန်ငယ်သွားမိပြီးနောက် လွှတ်လိုက်စဉ်တခဏတွင် ထိုလှေသည် မော်တော်ဘုတ်ဆွဲသော အရှိန်အတိုင်း ဆက်လက်၍ မြန်မြန်သွားသကဲ့သို့တည်း။ အာကာသအတွင်းတွင်မူ ကမ္ဘာပေါ်မှာကဲ့သို့ လေ၊ရေတို့၏ ခုခံမှုမျိုးမရှိ၍ တော်ရုံနှင့် အရှိန်မလျော့ဘဲ ၄င်း အမြန်နှုန်းအတိုင်း ဆက်လက်၍ ကြာမြင့်စွာ သွားလာနိုင်ပေသည်။)

ယခုလည်း ကျွန်ုပ်တို့သည် နအဖက ပြုလုပ်သော လူထုဆန္ဒခံယူပွဲကြီးအား လောက်လွှဲအရှိန်ကဲ့သို့ အသုံးပြုကြရမည်ဖြစ်သည်။ ပြည်သူလူထု၏ စစ်အာဏာရှင်စနစ်ကို ရွံမုန်းစိတ်၊ တော်လှန်လိုသောစိတ်၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လိုသော စိတ် စသည်တို့ကို အရှိန်အားကောင်းစွာ မြင့်တက်လာအောင် အသုံးချသင့်လေသည်။ ထိုသို့ အရှိန်မြှင့်ပေးရန်အတွက် ယခုကတည်းက ဤနအဖ ကြီးမှူးပြုလုပ်သော ဆန္ဒခံယူပွဲကို သပိတ်မှောက်ရန် နှိုးဆော်ကြခြင်းဖြင့် စတင်သင့်ပေသည်။

(မှတ်ချက်။ ။ လူတချို့သည် မိမိအမြင်ကို တင်ပြရာ၏ တာဝန်ယူစိတ်မရှိဘဲ တစုံတခု ကို အကာအကွယ် ယူကာ မရိုးမသား ပြောဆိုတတ်ကြ၏။ ဥပမာ ပေးရလျှင် တခါက ကိုဇာနည်နှင့် အခြား ကျောင်းသားခေါင်းဆောင်တယောက်၏ ဆွေးနွေးခန်းကို အမျိုးသမီး တယောက်က ပေးစာဖြင့် ဝေဖန်၏။ ဝေဖန်ခွင့်ရှိပါ၏။ သို့သော် သူမက စာထဲတွင် မိမိသည် သာမန် အိမ်ရှင်မ တဦးသာ ဖြစ်ကြောင်း ဆိုသည်နှင့် အစချီထား၏။ သူမသည် နှိမ့်ချလို၍ နှိမ့်ချထားခြင်းမဟုတ်။ မိမိအား ပြန်လည် မထိုးနှက် စေရန် ကြိုတင်အကာအကွယ် ယူထားသော အချက်ဖြစ်သည်။ လူတို့သည် မိမိပြောသော စကားကို မှားမှားမှန်မှန် တာဝန်ယူသင့်ပေသည်။ မီဒီယာပေါ်တွင် တက်ပြောပါက မိမိအား ပြန်လှန် ထိုးနှက်တိုက်ခိုက် ဝေဖန်သည်များကို မျှော်လင့်ထားရမည်သာဖြစ်သည်။

ကျနော်တို့သည် ဆန့်ကျင်ဘက် အမြင်များကို အစဉ်သဖြင့် နားလည်ပေးရန် မလိုအပ်ချေ။ ဤသို့သာ နားလည်ပေးနေရပါက အမေရိကန် သမ္မတလောင်းတို့သည် တဦး၏ပေါ်လစီကို တဦးက အပြန်အလှန် ထိုးနှက်နေစရာလိုမည်မထင်တော့ချေ။ ကျနော်တို့သည် မိမိတို့နှင့် မတူညီသော အမြင်ကို လိုအပ်ပါက ထိုးနှက်တိုက်ခိုက်တန်သင့်လျှင် ထိုးနှက်တိုက်ခိုက် ရပေမည်။ လူကို ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ ၄င်း၏ အယူအဆကိုသာ ဝေဖန်တိုက်ခိုက် ခြင်းဖြစ်ပါက ဖြစ်သင့်ဖြစ်ထိုက်သော ဝေဖန်မှုမျိုးဖြစ်သည်။

ဤအချက်ကို ဗမာများအကြားတွင် အဓိပ္ပါယ်ပေါက်လွဲနေဟန်ရှိသည်။ ကျနော်သည် မောင်ဖြူနှင့် အင်မတန် ရင်းနှီးသည်။ သို့သော် အင်တာနက်စာမျက်နှာပေါ်တွင် အများကြည့်ရန် ရေးထားသော မောင်ဖြူ၏ ပို့စ်တခုသည် ကျနော်နှင့် ဆန့်ကျင်ဘက် အမြင်ရှိသည်။ ကျနော်သည် ထိုအမြင်ကို ထိုးနှက်တိုက်ခိုက်ရေးသားရန်လိုအပ်ပါက ထိုးနှက်တိုက်ခိုက် ရေးသားမည်သာဖြစ်သည်။ ဤသည်မှာ မောင်ဖြူအား ပုဂ္ဂိုလ်ရေးအရ ကျနော်မုန်း၍ မဟုတ်။ မောင်ဖြူ၏ ပုဂ္ဂိုလ်ရေးသက်သက်ဖြစ်သော ရည်းစားစာမျိုး၊ သူ့ရည်းစားအကြောင်းမျိုး၊ သူ့အချစ်ဆုံးခွေးလေးအကြောင်းမျိုးကိုကား ကျနော် ဝေဖန်စရာ အကြောင်းမရှိ။ ခင်မင်သောအားဖြင့် ကျီစယ်ခြင်းသာ ပြုကောင်းပြုပေမည်။ အများနှင့်ပတ် သက်သော အယူအဆမျိုးကိုကား ဝေဖန်မည်ဖြစ်ပါသည်။

သို့သော် မြန်မာများအကြားတွင် ဖြစ်နေသည်က ထိုသို့ရေးသားလိုက်ပါက “မတူညီသော အမြင်များကို နားလည်ပေးနိုင်စွမ်းမရှိ” ဆိုသော အချက်ဖြင့် ကာချင်ကြသည်။ အမြင်စောင်း ချင်ကြသည်။

ယုတ္တိဗေဒနည်းအားဖြင့် စဉ်းစားကြည့်ကြစေချင်ပါသည်။ မတူညီသော အမြင်များကို အဘယ်သို့ အဘယ်ပုံ နားလည်ပေးကြကုန်ပါသနည်း။ သင်သည် အလုပ်လုပ်နေစဉ် လက်မအား၍ အသင်၏ နဖူးတွင် နားနေသည့် မှက်ကို သင့်သူငယ်ချင်းအား ယပ်တောင်ဖြင့် အသာအယာ ခြောက်ပေးစေလိုသည်။ သင့်သူငယ်ချင်းသည် မှက်ကို တူနဲ့ ထုကာ ခြောက်ပေးလိုသည်။ သင်သည် မတူညီသော သင့်သူငယ်ချင်း၏ အယူအဆကို ဘာမှမပြောဘဲ နားလည်ခံစားပေးပါမည်လော။

ဖြစ်သင့်သည်မှာ ဆန့်ကျင်ဘက် အမြင်များ၊ မတူညီသော အမြင်များရှိလာပြီဆိုလျှင် အများနှင့် သက်ဆိုင်သော ကိစ္စများဖြစ်ပါက အပြန်အလှန် အကြိတ်အနယ် ယှဉ်ပြိုင်ငြင်းခုန်ပြီး (Debate) လုပ်ပြီးမှ မဲခွဲဆုံးဖြတ်ကြခြင်းဖြစ်ပါသည်။ ထိုသို့ အပြန်အလှန် စစ်ထိုးနေစဉ်ကာလပတ်လုံး အဘယ်သူသည်မိမိ၏ ဆန့်ကျင်ဘက်အမြင်အား နားလည်ခံစားပေးအံ့နည်း။ တိုက်ခိုက် နှိပ်နယ် ပြောကြားကြမည်သာဖြစ်သည်။ အမေရိကန် သမ္မတလောင်းများ စကားစစ်ထိုးပုံ၊ ဘရစ်တစ်ရှ် ပါလီမာန်တွင် အတိုက်အခံနှင့် အာဏာရပါတီမှ ခေါင်းဆောင်များ စကားစစ် ထိုးပုံတို့ကို နမူနာယူကြပါလေ။ ဆန့်ကျင်ဘက်အမြင်များအား ဝေဖန်ခြင်းသည် ဒီမိုကရေစီ မဟုတ်ဟု အဘယ်သူပြောချင်ပါသနည်း။

နိဂုံးချုပ်အနေဖြင့် ကျနော့်အမြင်ကို ထပ်လောင်းပြောချင်သည်မှာ အင်တာနက်စာမျက်နှား၊ ရေဒီယို၊ သတင်းစာ၊ မဂ္ဂဇင်း စသည့် မီဒီယာများနှင့် လူကြားသူကြားထဲတွင် အများနှင့်ဆိုင်သော ကိစ္စကို မိမိဝင်ရောက်ပြောကြားလိုပါက မိမိစကားကို မိမိ တာဝန် ယူနိုင်မှသာပြောကြစေလိုပါသည်။ တချိန်လုံး ချီးမွမ်းစကားကိုသာ အလိုရှိ၍ ဝေဖန်ရေးကို နားဆင်ရန် သတ္တိမရှိသူများ အထူးသတိထားကြပါ။ ထိုသို့မဟုတ်ဘဲ အဝေဖန်ခံ ရမည်ကြောက်၍ “ကျမက သာမန် အိမ်ရှင်မပါ” ဟူ၍လည်းကောင်း၊ “ကျနော်က သာမန်ပြည်သူတဦးပါ” ဟူ၍လည်းကောင်း စကားခံ၍ ပြောသည်မှာ အမှန်တကယ် နှိမ့်ချရိုကျိုးသော စိတ်ဓါတ်ရှိ၍ မဟုတ်မူဘဲ ထိုသူ၏ သူရဲဘောကြောင်ခြင်းကို လူပုံအလည်တွင် သူ့ဘာသာ ကြေညာနေခြင်းသာဟု မှတ်ယူရပေမည်။ ကျနော်တို့ အများစုသည် မည်သူမှ အလုံးစုံ ပြီးပြည့်စုံသော လူများမဟုတ်ကြ။ လူမှန်လျှင် တခါမဟုတ် တခါတော့ မှားမည်သာဖြစ်ချေသည်။ မမှားသောသူဟူ၍ အဘယ်မှာ ရှိအံ့နည်း။ အမှားကို ဇွတ်အတင်းကာချင်သောကြောင့်သာ မဖြစ်သင့်သည်များ ဖြစ်ရချေသည်။ လူတို့တွင် ညံ့ခြင်း တော်ခြင်းများမှာ ပါရမီရှိဘို့နှင့် ကြိုးစားမှု ၀ီရိယတို့ကြောင့် ကွာခြားနိုင်သော်လည်း ရိုးသားခြင်းမှာမူ မည်သူမဆို ထားဘို့ တတ်နိုင်သောအရာတခုဖြစ်သလို ထားရန် အခက်ဆုံးကိစ္စတရပ်လည်း ဖြစ်နေဟန်တူသည်။)
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs