“သမီး ဒီမှာကြည့်စမ်း။ ဒါဖေဖေ့ ဘလော့ဂ်လေး။ ဒီမှာ ပိတောက်ပန်းလေးတွေ တွေ့လား။ မလှဘူးလား”
အခန်းထဲသို့ သူ့အမေအား စာမေးရန် ၀င်လာသော သမီးအား ကျနော်က ကွန်ပြူတာရှေ့ထိုင်ရင်းမှ ကျနော့်ဘလော့ ဘန်နာအား ညွှန်ပြရင်း လှမ်းမေးလိုက်ခြင်း ဖြစ်သည်။ သမီးသည် ယခုမှ ခြောက်နှစ်သာသာ။ သည်နှစ်မှ စင်္ကာပူမှာ မူလတန်း စတက်နေသူ။
“အင်း... လှတယ်။ ဒါမဲ့ (= ဒါပေမယ့်) တခုတော့ မေးစရာ ရှိတယ်”
ဘုရားရေ။ ပြောပုံက ကြီးကျယ်လှချည်လား။ ကျနော် နည်းနည်းမျက်လုံးပြူးသွားသည်။ ဘာများမေးတော့မှာပါလိမ့်။ ဟိုတနေ့ကလည်း ကျနော် အိမ်ရှေ့မှာ ထိုင်နေတုန်း အိပ်ခန်းထဲ ၀င်သွားပြီး ဖွင့်ထားသော ကွန်ပြူတာ စခရင်ပေါ်က စာကို အော်ဖတ်ပြီး ထွက်လာသည်။
“Ko Paw said... တဲ့”
ဘလော့ဂ်တွေမှာ ကျနော် ကွန်မင့် ပေးထားတာကို သူဖတ်တတ်သလောက် ခဏရပ် ဖတ်ပြီး ထွက်လာခြင်း ဖြစ်သည်။ သမီးသည် မြန်မာစာကိုတော့ မဖတ်တတ်သေး။ သို့သော် မြန်မာစကားကို မွှတ်နေအောင်တတ်သည်။
သို့နှင့် ယခုလည်း သူက မေးခွန်းမေးစရာ ရှိသည်ဆို၍ “ မေးလေ။ ဘာမေးမလဲ”
“သစ်ကိုင်းက ဘယ်နားပျောက်နေလဲ”
ကျနော်နဲ့ ဇနီး နှစ်ဦးစလုံး ပွဲကျသွားသည်။ သူအစချီလာတုန်းကတော့ ကြီးကြီးကျယ်ကျယ် “တခုတော့ မေးစရာ ရှိတယ်” ဆိုပြီး စလာသည် မဟုတ်ပါလား။ ဘာဘဲဖြစ်ဖြစ် ကျနော့် ဘန်နာမှာ မြင်ရသလောက် ပိတောက်ကိုင်းကလေးကို ခေါ်ပြလိုက်ရသည်။
ကျနော်တို့သည် အိမ်တွင် အားလုံး မြန်မာလို ပြောဆိုကြသဖြင့် သမီးသည် အရွယ်နှင့် မလိုက်အောင် မြန်မာဝေါဟာရ ကြွယ်ဝသည်။ သမီး သုံးနှစ်အရွယ်က စင်္ကာပူသို့ စရောက်ပြီး မကြာခင် တနေ့တွင် ကျနော်သည် သမီး၏ ဗဟုသုတကို စမ်းသပ်လိုသဖြင့် ကွန်ပြူတာရှေ့ သို့ခေါ်ကာ ဂီတ သင်္ကေတ ကလေးများကို သမီးအားပြ၍......
“သမီး၊ ဒါ ဘာလေးတွေလဲ သိလား”
သမီးက ပြန်ဖြေသည်မှာ “သိတယ်လေ။ အဲဒါ တီးလုံး လေ၊ တီးလုံး”
ကျနော်တို့မှာ သမီးအဖြေကို နှစ်သက်၍ မဆုံး။ ကြည့်စမ်း။ ဘယ်လောက် ဗမာဆန်လိုက်သ လဲ။ အဲဒီ အဖြေကို ကျနော်ပင် မစဉ်းစားမိ။
သမီးက သူ့အဖွားနှင့် အတူ တခန်းထဲ အိပ်ပြီး သူ့အဖွားနဲ့ အနေများသဖြင့် သူ့အဖွား လေသံတွေလည်း သူ့ထံမှာ ရှိသေးသည်။
ကျနော်တို့မှာ ရုံးပိတ်ရက်များ၌ စင်္ကာပူက လူများထုံးစံ ညဥ့်နက်အောင်နေပြီး မနက်နေမြင့် အောင်အိပ်ကြရာ တရက်တွင် သမီးက...
“ဖေဖေနဲ့ မေမေက ဇီးကွက်တွေ။ ညဘက်ဆို မအိပ်ဘူး၊ မိုးလင်းရင် အိပ်ပြီ”
ထိုအခါ ကျနော်က “ဟုတ်ပါပြီ။ ဖေဖေတို့က ဇီးကွက်ဆိုရင် သမီးကရော”
“မီးနဲ့ ဖွားနဲ့ကတော့ ရိုးရိုးညှက်တွေပေါ့”
(ညှက် = ငှက်။ ဖွား = အဖွား)
ကဲ....ကလေးတွေများ ဘယ်လောက်ချစ်ဘို့ကောင်းသလဲ။
သမီး အင်္ဂလိပ်စာတွေ စလေ့လာတော့ ရယ်စရာဖြစ်ရပ်တခုကိုလည်း ကျနော်မှတ်မိသေး သည်။ ကျနော်သည် အစသန်သူဖြစ်ရာ သမီးနဲ့ အမြဲတစေ “အီး..ဘယ်သူပေါက်၊ မောင်ပေါက်၊ ပေါက်တဲ့လူ မှန်မှန်ပြော၊ အီးဖိုးတရားဟော၊ ဟောလို့မကြေ၊ သင်္ဘောရေ၊ ထန်းရေသောက်တဲ့ ကိုကြာဝိုင်း....ဒိုင်း...ရွှတ်...ဘွှတ်” လုပ်ကာ သမီးအား စလေ့ရှိသဖြင့် သမီးကလည်း ဤပေါက်ကရ ရှစ်ဆယ် လင်္ကာကို အလွတ်ရနေခဲ့သည်။ သို့နှင့် သူအင်္ဂလိပ်စကားလုံးတွေ တတ်ပြီး သိပ်မကြာခင် ထုံးစံအတိုင်း “အီး....ဘယ်သူပေါက်” လုပ်ကြပြန်သည်။ သမီးက သူဆိုမည်ဆိုကာ စဆိုသည်က “အီး...ဒဗလျူပေါက်” တဲ့။ ပြီးတော့ သူ့ဟာသူ မှားမှန်းသိကာ ခိုးခိုးခစ်ခစ် ရယ်လေတော့သည်။
သမီးသည် တဦးတည်းသမီးဖြစ်၍လောမသိ။ သည်အရွယ်ထိ ကလေးလုပ်ကာ လူကြီးကို ချွဲနွဲ့ချင်သည်။ အခုအရွယ်အထိ စကားကို မပီကလာ ပီကလာ ပြောလေသည်။ ကျနော်က စချင် နောက်ချင် ၍ မပီကလာ ပီကလာ ပြန်ပြောလျှင်တော့ ချက်ချင်းပီအောင် ပြင်ပြော တတ်သည်။
တနေ့က သမီးတို့ ကျောင်းက လိုင်ဘရီကဒ်ထုတ်ပေးလိုက်သည်။ ကဒ်ရပြီးနောက်တနေ့ ရုံးပိတ်ရက်ဖြစ်ရာ လိုင်ဘရီကို လိုက်ပို့ဘို့ ပူဆာလေတော့သည်။ လိုင်ဘရီသို့ သွားကာနီး ကဒ်ပေါ်တွင် ရေးထားသော သူ့အမည်ကို သူဘာသာဖတ်ပြီး သမီး၏ အလန့်တကြား ရေရွတ်လိုက်သံကြောင့် ကျနော်၊ ဇနီးနှင့် အဖွား အားလုံး ပွဲကျသွားသည်။
သမီး၏ ရေရွတ်သံမှာ....
“ဟင်.....။ မီးနာမည်ကရှေ့မှာ ဘာလို့ Ms ဖြစ်နေရတာလဲ။ မီးက မင်လာမှ အဆောင်ရ သေးတာ” ဟူသတည်း။
(မှတ်ချက်။ ။ မင်လာ = မင်္ဂလာ။ အဆောင်ရသေး= မဆောင်ရသေး)
မှတ်ချက်။ ။ သမီးအား Ms သည် Miss ရဲ့ အတိုကောက် ဖြစ်ပြီး Mrs နှင့် မတူကြောင်းကို သူ့အမေက ရှင်းပြလိုက်ပါသည်။
Posted by
ကိုပေါ
on Monday, March 10, 2008
Labels:
Personal
စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites | Blogs |
7 comments:
မပီကလာ ချစ်စရာသမီးလေးရယ်၊ သမီးလေးကို ဆုံးမသွန်သင်စာပြပေးတတ်တဲ့ သမီးလေးမေမေရယ်၊ သမီးလေးမေးသမျှကို စိတ်ရှည်လက်ရှည်ဖြေတတ်တဲ့ သမီးလေးဖေဖေbloggerကြီးရယ်၊ သမီးလေးကို အိပ်ရာဝင်ပုံပြင်တွေ ပြောပြတတ်တဲ့ သမီးလေးဖွားဖွားရယ်...သိပ်ချစ်စရာကောင်းတဲ့ မိသားစုလေးပါ။ ခုလို sweet familyအကြောင်းလေးတွေ ထပ်ရေးပါဦး ဖေဖေbloggerကြီးရေ။
:-) Big Smile . Lovely she is!
By the way, request you to make your post in full view for subscriber. Now it's only short mode and it's difficult seeing your post from google reader.I have to go direct to your blog. Regards.
အရမ်းချစ်စရာကောင်းတဲ့ သမီးလေးပါလား ကိုပေါရေ
စကားလည်းတတ် တွေးလည်းတွေးတတ် ကြီးလာရင် ဘာလုပ်မလဲမသိ။
မြန်မာစာပါ ရေးတတ်ပြီး သူ့အဖေရေးထားတာတွေ ဖတ်နိုင်ရင်တော့ ပိုကောင်းမယ်နော်။ ဒါပေမယ့် ဒီမှာ ကြီးတဲ့ ကလေးအများစုကတော့...။
ဒီပို့စ်လေး ဖတ်ပြီး ပြုံးမိတယ်... အရမ်းချစ်ဖို့ကောင်းတာပဲ...
ပျော်စရာ မိသားစုလေးပါပဲဗျာ..ဖတ်ပြီးတော့ ပြုံးမိတယ်..အစ်ကိုကြီးတို့ ဘယ်လောက်ချစ်လိုက်ကြမလဲဆိုပြီးလည်း စဉ်းစားမိပါတယ်။။
I wish , i could have one daughter like Brother Pal.
:D
i do wish i could have a daughter as lovely as urs.
http://en.wikipedia.org/wiki/Ms.
Post a Comment