“ဇာတိမြေ (သို့မဟုတ်) သတိတရ ရှိလှတဲ့အိမ်”.......(၂)

Share |
ကျနော့်ဇာတိမြေကို မပြောခင် အိမ်အကြောင်းကို အရင်ပြောပြချင်တယ်။

အိမ်နဲ့ ပတ်သက်လို့ စဉ်းစားလိုက်ရင် ကျနော်ငယ်စဉ်တုန်းကတည်းက “ဒီကောင်လေး ကြီးလာရင် လူ့ဂွစာကလေး ဖြစ်မှာဘဲ” လို့ လူတွေ ဟောကိန်းအထုတ်ခံခဲ့ရတဲ့ အဖြစ်အပျက်ကလေး တခုကို အရင်ဆုံး ပြေးသတိရတော့တာပါဘဲ။

သည်လို…။ ကျနော်ငယ်ငယ်က နေတဲ့ နှစ်ထပ်အိမ်အောက်ထပ်မှာ သံကုတင်တလုံးနဲ့ သစ်သားကုတင်ကြီး တလုံးရှိတယ်။ အိမ်အောက် မြေပြောင်ပြောင်မှာ သည်အတိုင်း ချထားတာဘဲ။ သစ်သားကုတင် ပေါ်မှာ အဖေနဲ့ အမေနဲ့ အိပ်ကြတယ်။ သံကုတင်က ကျနော် နည်းနည်းကြီးလာတော့ အိပ်တာ။

အဲသည်နှစ်ထပ်အိမ်မှာ အိမ်ပေါ်ကိုတက်တဲ့ သစ်သားလှေကားနဲ့ လှေကားခုံရှိတယ်။ ကျနော်ငယ်ငယ် စကားတတ်ကာစ အရွယ်လောက်က အဲဒီသစ်သားလှေကား အထစ်တ ထစ်မှာ ထိုင်ပြီး အိမ်ပေါ်တက်လာတဲ့လူတွေကို ဒါမှမဟုတ် အိမ်အောက်ကုတင်ပေါ်မှာ ၀င်ထိုင်မယ့်လူတွေကို လှေကားပေါ်ကနေ ဟောသလို လှမ်းပြီး အမိန့်ပေးလေ့ရှိတယ်။

“အိမ်ပေါ်တက်နဲ့၊ အောက်ဆင်းနဲ့”
“ဂင်ပေါ်တက်နဲ့၊ အောက်ဆင်းနဲ့”

“ဂင်” ဆိုတာ ကုတင်ကို ပြောတာ၊ မပီလို့ပါ။ အဲသည်လို ပြောနေတဲ့ကြားက တက်သွားတာသော်လည်းကောင်း ဆင်းသွားတာသော်လည်းကောင်း လုပ်လိုက်တယ်ဆိုရင် အာခေါင်ကို ခြစ်ပြီး တက်မတတ် ချက်မတတ် အော်ငိုတတ်တယ်။ ကဲ..မှတ်ကရော။ ဘယ်လောက်ချစ်ဘို့ကောင်းတဲ့ လူကလေးလဲ၊ စဉ်းစားကြည့်ပါ။

အဲတော့ “မင်းဟာက ဘာလဲကွာ။ ဆင်းဆိုလဲဆင်း၊ တက်ဆိုလည်းတက်ပေါ့။ အခုက နှစ်ခုလုံးမလုပ်ရဘူးဆိုတော့ တယ်လဲ ဂွကျပါလား။ ကြီးလာရင်တော့ ဂွစာလေး ဖြစ်တော့မှာဘဲ”ဆိုပြီး လူကြီးတွေက ညည်းကြတာပေါ့။

ဘာဘဲဖြစ်ဖြစ် အဖေကတော့ ကျနော့်ကို တော်တော်ချစ်ရှာပါတယ်။ သူသွားလေရာကို ခေါ်တယ်။ တခါက ကိုင်းထဲကို နွားစာပြောင်းရိတ်သွားတာ ကျနော့်ကို ခေါ်သွားပြီး ရပ်ထားတဲ့ လှည်းပေါ်မှာ ထားခဲ့တယ်။ အဖေနဲ့ အမေ ပြောင်းရိတ်နေကြတုန်း လှည်းပေါ်ကနေ ရုတ်တရက် မပြောမဆို ၀ါးကနဲ အော်ငိုချလိုက်ရော။ အဖေက ချက်ချင်းဆိုသလို ကျနော့်ခြေထောက် လှည်းရံတိုင်တွေကြားမှာ ညပ်တယ်ထင်လို့ တံစဉ်ချပြီး လှည်းဆီကို ပျာပျာသလဲပြေးလာတယ်။ အနားရောက်တော့ ဘာမှမဖြစ်တာ တွေ့တော့ အဖေက “မင်းနှယ်ကွာ၊ ခြေထောက်များ ညပ်သလားလို့”။

အမေကတော့ အဲသလောက် စိတ်မရှည်ဘူး။ “တော့်မလဲ၊ ဒီအကျိုးမပေးတဲ့ ဟာလေးကို ခေါ်လာချင်ရတာကိုး” လို့ လှမ်းပြောတယ်။ အဲသည်မှာ ပိုဆိုးတော့တာဘဲ။ ကျနော်က အသံရှည်ဆွဲပြီးတော့ “အကျိုးပေးဘူးတဲ့……..အကျိုးပေးဘူးတဲ့” နဲ့ ငိုတော့ အဖေက “မင်းကို ပြောတာမဟုတ်ပါဘူးကွာ၊ အဖေ့ကို ပြောတာပါ”ဆိုပြီး ချော့ရှာတယ်။

အဖေနဲ့ အမေ့မှာ အငယ်ဆုံးဖြစ်တဲ့ ကျနော်အပါအ၀င် သားသမီး စုစုပေါင်း ကိုးယောက်။ အဲသည်ခေတ်က ရွာထဲက မိသားစုတိုင်းလိုလို အဲသည်လိုဘဲ မိသားစုကြီးတွေက အကြီးကြီးတွေ။

(ဒီတောရွာဓါတ်ပုံကို အင်တာနက်ကနေ ယူပါတယ်)

ကျနော်တို့ အိမ်က အိမ်ခြေ ၂၀၀-၂၅၀ လောက်ရှိတဲ့ ရွာကြီးတရွာရဲ့ ထိပ်နားမှာပေါ့။ အိမ်ခြံဝန်းက အညာဒေသထုံးစံ အတော်လေးကျယ်ဝန်းပြီး ခြံစည်းရိုးတလျှောက်မှာ မန်ကျည်းပင်ကြီးတွေ မဲဇလီပင်တွေနဲ့ စီရရီ။ ခြံထောင့်မှာတော့ ကုက္ကိုပင်ကြီးတွေ။ အိမ်အရှေ့ဘက်က စည်းရိုးမှာ ဗမာကုက္ကိုပင်ကြီး တပင်ရှိတယ်။ နှစ်စဉ် အရွက်နုတွေ ဖားဖားဝေပြီဆိုရင် ကုက္ကိုရွက်နုတွေကို ခူး၊ ပြုတ်။ ကြက်သွန်ဆီချက်၊ ငံပြာရည်၊ ပဲမှုန့်၊ မြေပဲထောင်း စတာတွေနဲ့ သုတ်စားရင် ကုက္ကိုရွက်သုတ်အရသာဟာ မွှေးမွှေးဆိမ့်ဆိမ့်လေးနဲ့ အင်မတန် စားလို့ အရသာရှိသကိုး။ အောက်ပြည်အောက်ရွာကလူတွေ ကုက္ကိုရွက်သုတ် စားဘူးကြမယ် မထင်ဘူး။

ခြံထဲမှာ ချဉ်ပေါင်၊ ဘူး၊ ဖရုံ၊ ကြက်ဟင်းခါး၊ ဘူးရွက်၊ ပဲရှည်၊ ရုံးပတီ စတာတွေ စိုက်ထားပျိုးထားတယ်။ ပဲရှည်သီးကို အောက်အရပ်မှာ ဗုံလုံသီးလို့ ခေါ်တယ်ထင်ပါရဲ့။ စင်ပေါ်က တွဲလောင်းကျနေတဲ့ အသီးကို နုစဉ်ကတည်းက အောက်မှာ ကြိုးနဲ့ချည်ပြီး ခဲဆွဲပေးရတယ်လေ။ အောက်ကို ဖြောင့်ဖြောင့်တန်းတန်း ကြီးထွားလာအောင်လို့ပေါ့။ အိမ်ရှေ့တည့်တည့်ကပ်လျက်မှာတော့ အစ်မတွေ စိုက်ထားတဲ့ နှင်းဆီပင်တွေနဲ့ စံပယ်ရုံတွေ။ စံပယ်တွေ ပွင့်တဲ့အချိန်ဆို မနက်စောစော အိပ်ယာထဲမှာကတည်းက စံပယ်ပန်းနံ့ မွှေးမွှေးလေး ရနေတတ်တာကလား။

မာလကာပင်တွေလည်း ရှိတယ်။ ပဲရှည်သီးနဲ့ ဘူးသီးကလွဲလို့ ကျန်တာတွေကတော့ ဘယ်အိမ်နီးချင်းက လာခူးခူး၊ အလကား ပေးလိုက်တာပါဘဲ။ တောမှာက အဲသည်လိုဘဲ။ ဟင်းချက်ကာနီးမှ တခွက်စာလောက် ခူးပါရစေဆိုပြီး လာတောင်းပြီး ခူးယူကြ၊ ချက်ကြတာမျိုး။ ကျနော်တို့တောင် တခါတရံ မုန်းချောင်းမှာ ရေသွားချိုးပြီး အပြန် ကိုင်းစပ်မှာ ဖောချင်းသောချင်းရှိနေတဲ့ ပဲလွန်းရွက်တွေကို ခူးယူလာပြီး အိမ်ရောက်တာနဲ့ ပဲလွန်းရွက် ဟင်းချိုလုပ်သောက်ကြတယ်။ ဗိုက်ဆာဆာမှာ ထမင်းပူပူနဲ့ ပဲလွန်းရွက်ဟင်းချိုပူပူ ချိုချိုလေး သောက်လိုက်ရရင် အင်မတန် အရသာရှိတာဘဲ။ ကိုင်းစပ်ခြုံတွေပေါ်က နွယ်တွေကနေ ကင်းပုံသီးလေးတွေ ရတတ်တယ်။ ခြံထဲက ဘူညွန့်လေးတွေကို ခူးခပ်ပြီး ဟင်းချိုဘဲလုပ်သောက်သောက်၊ ပုဇွန်ခြောက်နည်းနည်းနဲ့ ကြော်စားစား အင်မတန် စားလို့မြိန်တယ်။

နောက်ပြီး အညာကလူတွေက မန်းကျည်းရွက်ကို ချဉ်ရည်လုပ်သောက်တာထက် ငရုပ်သီးစပ်စပ်နဲ့လည်း ချက်စားတတ်တာကို သတိထားမိတယ်။ ရှားရှားပါးပါး ရတတ်တဲ့ အမဲသားနဲ့ မန်ကျည်းရွက်ကို ငရုတ်သီးနဲ့ ရဲနေအောင်ချက်ထားတဲ့ ဟင်းတခွက်ဟာ အဲသည်အချိန်က ကျနော်တို့အတွက် အကောင်းဆုံး ဟင်းလျာတခွက်ပေါ့။ မကြာမကြာဆိုသလို မန်ကျည်းသီး အမှည့်ကို ပုဇွန်ခြောက်နဲ့ ချက်တာလည်းရှိတယ်။ ဘာလို့လည်းမသိ၊ အဲဒီဟင်းကို အိမ်မှာ ကျူကျူဟင်း လို့ ခေါ်တာကို မှတ်မိတယ်။ ငယ်ငယ်က ထမင်းကို ကျူကျူဟင်းနဲ့ နယ်ကျွေးရင် အရမ်းသဘောကျတယ်။

ရွာထဲမှာ အမျိုးတွေကလည်းများတော့ အကိုအစ်မ၀မ်းကွဲတွေ၊ မောင်နှမ၀မ်းကွဲတွေနဲ့ အိမ်မှာ လူမပြတ်ဘူး။ ညဘက်တွေများဆို အိမ်ဘေးကပ်လျက် မြေပြောင်ပြောင်မှာ ကစားတဲ့သူ ကစားကြ၊ စခရေဘယ်လ် ဆက်တဲ့အခါဆက်၊ ဂစ်တာတီးတဲ့သူကတီး၊ ရုပ်ရှင်ဖွက်တဲ့အခါ ဖွက်ကြပေါ့လေ။ အစ်မ ကျောင်းဆရာမက မဂ္ဂဇင်းတွေ၊ စာအုပ်တွေ ၀ယ်စုတာ ၀ါသနာပါတော့ စာအုပ်လာဖတ်တဲ့လူကလည်း မရှား။ အဲသည်တုန်းကတော့ ငြင်းကြခုန်ကြ ရယ်ကြမောကြနဲ့ ပျော်စရာကြီးပေါ့။

ဘာမှလုပ်စရာမရှိရင် မန်ကျည်းပင်ရိပ်က စားပွဲဝိုင်းမှာ ၀ိုင်းထိုင်ပြီး အမျိုးစပ်ကြပြီ။ အကောင်းတော့မဟုတ်ဘူး။ သူများအတင်းကို ရယ်စရာဖြစ်အောင် တုပ်ကြတာမျိုး။ ဥပမာ ကုန်းဇောင်းက လာတဲ့ ရုပ်ရှင်ကြော်ငြာ မြင်းလှည်းက “ဆားပုလင်းနှင်းမောင်နဲ့ မတထောင် တကောင်ဘွား” ဇာတ်ကား လာကြော်ငြာသွားတော့ အိမ်နားက အပျိုကြီး မစိမ်းယဉ်က “သားကလေးမင်းမောင်” လို့ တလွဲကြားတယ်။ ရုပ်ရှင်မဂ္ဂဇင်းတွေ လစဉ်ဖတ်နေတဲ့ ကျနော်တို့ တသိုက်ကတော့ အဲဒီအဖြစ်ဟာ ကျိတ်ပြီးရယ်ပွဲဖွဲ့စရာကိစ္စကြီးလေ။ ခုနင်ကလို အမျိုးစပ်ကြပြီဆိုရင် “ဆားပုလင်းနှင်းမောင်ကို သားကလေးမင်းမောင်ဟု တလွဲကြားသော အပျိုကြီး မစိမ်းယဉ်နှင့် ဘာမှ မတော်စပ်သော” ဆိုတာမျိုး တယောက်က စပ်ပြလိုက်ပြီဆိုရင် ကျန်တဲ့လူတွေကလည်း တခစ်ခစ် တခွိခွိနဲ့ပေါ့။ အဲ သူတို့အလှည့်ရောက်ရင်လည်း အားကျမခံ သူတို့သိတဲ့ ရီစရာလေးတွေနဲ့ ဆက်ပြီး ၀ိသေသပြုကြတာပေါ့။

ရွာထဲမှာကတော့ အဲသလိုဘဲ၊ တယောက်အကြောင်းတယောက်သိ၊ တအိမ်အကြောင်း တအိမ်သိဆိုတော့ ပြောစရာတွေက များမှများ။

အဲသည် လျှပ်စစ်မီးမရှိ၊ ရုပ်ရှင်မရှိ၊ ရထားလမ်း ကားလမ်း မပေါက်။ လယ်ကွင်းတွေ၊ ကိုင်းမြေတွေ ၀ိုင်းရံနေတဲ့ မကွေးတိုင်းထဲက အဲသည်ရွာကလေးမှာ ကျနော်ဟာ ရှစ်တန်းအောင်ပြီးတဲ့အထိ တောက်လျှောက် နေခဲ့ပါတယ်။ ကျနော်တို့ရွာက ဟိုရေဒီယိုသီချင်းထဲက “မကွေးမြသလွန် ကျောင်းတော်ရာ သွားရောက်ကာ ဖူးမြော်ချင်တာ၊ မုန်းချောင်းကို ကျော်တဲ့အခါ ရောက်ပါတော့မယ်၊ ကျမတို့ ကုန်းဇောင်းရွာ….” ဆိုတဲ့ ကုန်းဇောင်းကနေ ကျောင်းတော်ရာ တလျှောက် ဆက်နေတဲ့ ရွာစဉ်တန်းကြီးထဲက ရွာလေးတရွာပေါ့။ ဂျူးရဲ့ ပင်လယ်နဲ့တူသောမိန်းမများ ၀တ္ထုထဲက ကုန်းဇောင်း၊ ရှောက်တော စတဲ့ နယ်တွေဟာ ကျနော်တို့ ဒေသပေါ့။

(ကျောင်းတော်ရာဘုရားကြီးအား ညဘက်မှာ ဖူးတွေ့ရပုံ)

ဧရာဝတီတိုင်းကို မြန်မာပြည်ရဲ့ဆန်အိုးကြီးလို့ ညွှန်းတယ်ဆိုရင် ကျနော်က ကျနော်တို့ ဒေသကို ဆီအိုးကြီးလို့ ညွှန်းရလောက်အောင် ကျနော်တို့ဘက်မှာ နှမ်း၊ မြေပဲ စတာတွေ ဖြစ်ထွန်းပါတယ်။ မကွေးတိုင်းထဲမှာ မြစ်အရှေ့ဘက်က ရေနံချောင်း၊ ချောက် စတဲ့မြို့တွေက ရေရှားပြီး ခြောက်သယောင်းသလောက် မြစ်အနောက်ဘက်က ဒေသတွေကတော့ ရေလည်း မရှား၊ စိုက်သမျှလည်း ဖြစ်ထွန်းပြီး စိမ်းစိမ်းစိုစို ရှိလှပါတယ်။ လူတွေရဲ့ အသားအရောင် ကလည်း ကျနော့်လိုဘဲ စိုစိုပြည်ပြည်ဘဲပေါ့။ (ယုံချင်ယုံ မယုံရင်နေ)။

သွားလာရေးကတော့ အရင်က ဧရာဝတီမြစ်ကူးတံတားမရှိတော့ ကုန်းတတန် ရေတတန် သွားရလာရ ခက်ခဲပါတယ်။ ဟော…အခု နိုင်ငံတော် အေးချမ်းသာယာရေးအဖွဲ့ တပ်မတော်အစိုးရ လက်ထက်မှာ ပြည်မှာဆိုလည်း န၀ဒေးတံတားကြီး၊ မင်းဘူးနားမှဆိုလည်း တံတား အသစ်ကြီးနဲ့ (ဂူဂယ်အပ်သ်ကနေတောင် ကြည့်ရင်မြင်ရတယ်) တံတားကြီးတွေ လမ်းထီးလမ်းမကြီးတွေ ဆောက်လုပ်ပေးထားလို့ အင်မတန်ဖွံ့ဖြိုး တိုးတက်နေပါပြီ။ (အံမယ်လေး ပြောရတာ လျှာယားလိုက်တာ။ တပ်မတော်ရဲ့ စေတနာအမှန်ကို ပြောစရာမလိုဘဲနဲ့ သဘောပေါက်ကြစမ်းဘာ။)

ကျောင်းတော်ရာ ဘုရားနဲ့ မနီးမဝေးက မုန်းချောင်းရဲ့ ဆိပ်ကမ်းတနေရာမှာ (ဘူးသည်ဆိပ် လို့ ခေါ်တယ်) မှာ ၀ါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုရင် ငါးထွေကြီးတွေ လာတတ်ကြတယ်။ ၀ါတွင်းမှာမှ လာတတ်လို့ ငါးကြီးတွေ ဘုရားလာဖူးတာ၊ ဘုရားဖူးငါးတွေ လို့ နာမည်ကြီးတယ်။ သူတို့က လူတွေလည်း အကိုင်တွယ်ခံ အပွတ်သပ်ခံ ယဉ်ပါးတယ်။ လင်းပိုင်တွေလိုပေါ့။ တချို့ပြောကြတာတော့ ရေထဲကို လူကျသွားရင်တောင် ပြန်တွန်းတင်ပေးတယ်တဲ့။ အဲလို ပြန်တွန်းတင်ပေးတာတော့ ကိုယ်တွေ့မကြုံဖူးဘူး။

လွန်ခဲ့တဲ့ ရှစ်နှစ်က မဒမ်နဲ့ လက်ထပ်ပြီးတော့ အဲသည် ဘူးသည်ဆိပ်အထိ ပြန်သွားခဲ့ သေးတယ်။ မုန်းတဖက်ကမ်းကို ကူးရတဲ့ ရွာဆီအထိတော့ အချိန်မရလို့ ပြန်မရောက်ဖြစ်ခဲ့ဘူး။

(လက်ထပ်အပြီး ဆွေပြမျိုးပြ ခရီးထွက်စဉ် ဘူးသည်ဆိပ်နဲ့ မလှမ်းမကမ်းက မုန်းချောင်းကမ်းဘေးတနေရာမှာ။ ဟိုးနောက်က ခပ်ပျပျ မြင်ရတဲ့ တဖက်ကမ်းက ရွာက ကျနော့်ရွာပေါ့။)

အခုဆိုရင် ကျနော့်ဇာတိရွာကလေးကို ပြန်မရောက်တာ နှစ်ပေါင်း ၁၅ နှစ်လောက်တောင် ရှိရော့မယ်ထင်ပါရဲ့။ တောင်ဘက်က လှည်းလမ်းမကို မျက်နှာမူထားတဲ့ ကျနော့်ငယ်စဉ်က အိမ်လေးဟာ အခုလို နွေရာသီ တောင်လေလေး ဝှေ့လိုက်တဲ့အခါ ဖုန်တွေ တသောသောပေါ့။ သစ်ပင်တွေဟာ အရွက်တွေ ကြွေကြပြီး ပုရစ်ဖူးတွေ ထွက်ပြူစ ပြုရော့မယ်။ ရွာပြင်က လက်ပံပင်ကြီးတွေ ဆိုရင်လည်း လက်ပံပွင့်တွေနဲ့ ရဲရဲနီနေလိမ့်မယ်။ မုန်းချောင်းကတော့ ရေတိမ်တိမ်မှာ အောက်ကသဲတွေမြင်ရလောက်အောင် ရေက ကြည်စိမ်းပြီး အေးမြ နေလိမ့်မယ်။

ကျနော့်ဇာတိမြေကို တနေ့တော့ ပြန်ရောက်ဖြစ်ဦးမှာပါ။

8 comments:

ကေသွယ် said...

အညာနဲ့ တွေ..တသင်းသင်း နဲ့ပါလား။ ဗမာပြည်ကြီးက.. တောင် ဆိုလည်း..တောင်မို့.. မြစ် ဆိုလည်း မြစ်မို့.. ရွာဆိုလည်း ရွာမို့.. တယ် သာယာ တာနော်...။ ဒီစာ ဖတ် ရင်း..တကယ့်ကို..ခံစား မြင်ယောင် ရပါတယ်။

ခင်မင်းဇော် said...

ကိုပေါ အရင်ဆုံး အပေါ်က ကောမန့် ၁ ကို ဖျက်ပစ်ပါ။ အဲဒါ ဗိုင်းရပ်တွေပဲ။
ကိုပေါတို့ ဆီဒယ်အိုးကို သဘောကျသဗျိုး။ ခုလို ကိုယ့် ဇာတိမြေကို သေသေချာချာ ရေးပေးတာကိုလဲ အရမ်းဝမ်းသာတယ်။ ကေ ပြောသလိုပဲ။ ကျမတို့ တိုင်းပြည်ကြီးဟာ အင်မတန် သာယာဝပြောနိုင်တဲ့ တိုင်းပြည်ကြီးပါ။ အုပ်ချုပ်သူတွေကြောင့် ခုလို သူများနောက်မှာ ဖြစ်နေရတာ ..
ပြည်တော်ပြန်ဖြစ်ကြရင် အပြန်အလှန် အလည်အပတ် လုပ်ကြမယ်နော်။ မဒမ်ပေါကိုလဲ နှုတ်ဆက်ပါတယ်လို့...

Tin said...

yes, after reading this , i really like to visit my country again , feel the nature. during 1979~80 when I working in TSC ( Technical Service Corporation) burma, I was travel to Pagan as so call tour of duty. When we were in Pagan , my senior U Soe win ( E / E ) told me that you will never find this kind of scenario in the world except burma. The thing what I viewing is Pagoda, and beautiful sunset with Irrawaddy river background by Kyun Chanug Gas turbine factory and Fertilizar factory.

နေ said...

မဒမ်ပေါ အရင်ကဒီလောက်ချောမှန်းမသိဘူး ဒီဓါတ်ပုံလေးကြည့်မှ သိတော့တယ် နမြောတောင်သွားတယ်

Anonymous said...

Ko Paw,

When I read this, I rememberd the time that I stayed in Minbu. I normally pass your place whenever I go to Bagan airport. One time, I went to your village to find a cook for us, we stayed a couple of hours there and came back.I told my colleague that this is our friend's place. At that time, you may be in S'pore already.

Very nice to remember our hometown, childhood, etc.....

M.Y. said...

တမာရနံ့ သင်းပျံ့ တဲ့ အညာမြေ၊ အညာလေ၊ အညာရေ နဲ့  အိမ်အလွမ်း ဖွဲ့ ထားတာလေး က ဆွတ်ပျံ့ လွမ်းမောစရာ မို့  ကွန် မန့် ရေးမိလောက်အောင်..နှစ်သက် ပါတယ်…thanks..

TZA said...

စားစရာတွေရော၊ ရုပ်ရှင်ဖွက်တမ်းအကြောင်းရော (ကျိုင်းတုံမှာလည်းဆော့ကြတယ်)၊ ကိုပေါမဒမ်ပေါစုံတွဲပုံရော၊ အညာအကြောင်းရော အားလုံးကိုသဘောကျတယ်ဗျား။

တန်ခူး said...

ကိုပေါရေ...အညာချစ်သူမို့ အညာရနံ့သင်းနေတဲ့ ဒီpostလေးကို အရမ်းနှစ်သက်မိပါတယ်။ မကွေး၊ ရေနံချောင်း၊ ချောက်၊ ကျောင်းတော်ရာ အကုန်ရောက်ဖူးတဲ့နေရာတွေမို့ မြင်ယောင်မှန်းဆလွမ်းရပါတယ်။ ဂျူးရဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်တွေမှာ တွေ့ရလေ့ရှိတဲ့ မုန်းချောင်းနားက ကုန်းဇောင်းရွာလေးကို ကိုပေါရဲ့ အရေးအဖွဲ့ကြောင့် ပိုရောက်ဖူးချင်သွားတယ်။ ကျူကျူဟင်းလေးလဲ စားကြည့်ချင်တယ်။ (ဟိုဓာတ်ပုံကလေးကို ဒွေးနဲ့ထက်ထက်မိုးဦးလို့ထင်နေတာ)

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs