(ရှေ့က ပို့စ်တွင် မှတ်ချက်အနေဖြင့် ဖြည့်စွက်ထားသော အကြောင်းအရာမှာ ပို့စ်တခုသတ်သတ် ခွဲထုတ်နိုင်လောက်သည်အထိ ရှည်လျားကာ အကြောင်းအရာအနေနှင့်လည်း သီးသန့် ပြည့်စုံသည်ဖြစ်၍ အနည်းငယ် ထပ်မံဖြည့်စွက်ပြီး ခေါင်းစဉ်အသစ်တပ်ကာ ထပ်မံ တင်ပြလိုက်ပါသည်။)
မောင်သာရ၏ ၀တ္ထုခေါင်းစဉ်ကို ယူလိုက်ပါသည်။ မြန်မာ ဆိုရိုးစကားရှိသည်။ (ကျည်းကန်ရှင်ကြီး မေတ္တာစာမှ ဟု ထင်သည်။)
“ပဲဟင်းကို ရှုပ်ချင်၏။ နှုတ်ခမ်းမွှေး အနှုတ်ခံဝံ့ မခံဝံ့။
မှိုနဲ့ မျှစ်ကို နှုတ်ချင်၏။ ကျဉ်တုပ်ခံဝံ့ မခံဝံ့။
မင်းမှာ လုပ်ချင်၏။ တင်းကုပ်မှာ အချုပ်ခံဝံ့ မခံဝံ့။”
“ပဲဟင်းကို ရှုပ်ချင်၏။ နှုတ်ခမ်းမွှေး အနှုတ်ခံဝံ့ မခံဝံ့။
မှိုနဲ့ မျှစ်ကို နှုတ်ချင်၏။ ကျဉ်တုပ်ခံဝံ့ မခံဝံ့။
မင်းမှာ လုပ်ချင်၏။ တင်းကုပ်မှာ အချုပ်ခံဝံ့ မခံဝံ့။”
ကျနော်က သည်လို ဖြည့်စွက်ချင်၏။
“အများသူငါနှင့် စပ်ဆိုင်သော ကိစ္စရပ်များကို မီဒီယာပေါ်တွင် ပြောချင်၊ ရေးချင်၊ လုပ်ချင်၏။ အဝေဖန်ခံဝံ့ မခံဝံ့။”
လူတချို့သည် မိမိအမြင်ကို တင်ပြရာ၏ တာဝန်ယူစိတ်မရှိဘဲ တစုံတခု ကို အကာအကွယ် ယူကာ မရိုးမသား ပြောဆိုတတ်ကြ၏။ ဥပမာ ပေးရလျှင် တခါက ကိုဇာနည်နှင့် အခြား ကျောင်းသားခေါင်းဆောင်တယောက်၏ ဆွေးနွေးခန်းကို အမျိုးသမီး တယောက်က ပေးစာဖြင့် ဝေဖန်၏။ ဝေဖန်ခွင့်ရှိပါ၏။ သို့သော် သူမက စာထဲတွင် မိမိသည် သာမန် အိမ်ရှင်မ တဦးသာ ဖြစ်ကြောင်း ဆိုသည်နှင့် အစချီထား၏။ သူမသည် နှိမ့်ချလို၍ နှိမ့်ချထားခြင်းမဟုတ်။ မိမိအား ပြန်လည် မထိုးနှက် စေရန် ကြိုတင်အကာအကွယ် ယူထားသော အချက်ဖြစ်သည်။ လူတို့သည် မိမိပြောသော စကားကို မှားမှားမှန်မှန် တာဝန်ယူသင့်ပေသည်။ မီဒီယာပေါ်တွင် တက်ပြောပါက မိမိအား ပြန်လှန် ထိုးနှက်တိုက်ခိုက် ဝေဖန်သည်များကို မျှော်လင့်ထားရမည်သာဖြစ်သည်။
ကျနော်တို့သည် ဆန့်ကျင်ဘက် အမြင်များကို အစဉ်သဖြင့် နားလည်ပေးရန် မလိုအပ်ချေ။ ဤသို့သာ နားလည်ပေးနေရပါက အမေရိကန် သမ္မတလောင်းတို့သည် တဦး၏ပေါ်လစီကို တဦးက အပြန်အလှန် ထိုးနှက်နေစရာလိုမည်မထင်တော့ချေ။ ကျနော်တို့သည် မိမိတို့နှင့် မတူညီသော အမြင်ကို လိုအပ်ပါက ထိုးနှက်တိုက်ခိုက်တန်သင့်လျှင် ထိုးနှက်တိုက်ခိုက် ရပေမည်။ လူကို ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ ၄င်း၏ အယူအဆကိုသာ ဝေဖန်တိုက်ခိုက် ခြင်းဖြစ်ပါက ဖြစ်သင့်ဖြစ်ထိုက်သော ဝေဖန်မှုမျိုးဖြစ်သည်။
ဤအချက်ကို ဗမာများအကြားတွင် အဓိပ္ပါယ်ပေါက်လွဲနေဟန်ရှိသည်။ ကျနော်သည် မောင်ဖြူနှင့် အင်မတန် ရင်းနှီးသည်။ သို့သော် အင်တာနက်စာမျက်နှာပေါ်တွင် အများကြည့်ရန် ရေးထားသော မောင်ဖြူ၏ ပို့စ်တခုသည် ကျနော်နှင့် ဆန့်ကျင်ဘက် အမြင်ရှိသည်ဆိုပါစို့။ ကျနော်သည် ထိုအမြင်ကို ထိုးနှက်တိုက်ခိုက်ရေးသားရန်လိုအပ်ပါက ထိုးနှက်တိုက်ခိုက် ရေးသားမည်သာဖြစ်သည်။ ဤသည်မှာ မောင်ဖြူအား ပုဂ္ဂိုလ်ရေးအရ ကျနော်မုန်း၍ မဟုတ်။ မောင်ဖြူ၏ ပုဂ္ဂိုလ်ရေးသက်သက်ဖြစ်သော ရည်းစားစာမျိုး၊ သူ့ရည်းစားအကြောင်းမျိုး၊ သူ့အချစ်ဆုံးခွေးလေးအကြောင်းမျိုးကိုကား ကျနော် ဝေဖန်စရာ အကြောင်းမရှိ။ ခင်မင်သောအားဖြင့် ကျီစယ်ခြင်းသာ ပြုကောင်းပြုပေမည်။ အများနှင့်ပတ် သက်သော အယူအဆမျိုးကိုကား ဝေဖန်မည်ဖြစ်ပါသည်။
သို့သော် လက်တွေ့တွင် မြန်မာများအကြား၌ ဖြစ်နေသည်က ထိုသို့ရေးသားလိုက်ပါက “မတူညီသော အမြင်များကို နားလည်ပေးနိုင်စွမ်းမရှိ” ဆိုသော အချက်ဖြင့် ကာချင်ကြသည်။ အမြင်စောင်း ချင်ကြသည်။
ယုတ္တိဗေဒနည်းအားဖြင့် စဉ်းစားကြည့်ကြစေချင်ပါသည်။ မတူညီသော အမြင်များကို အဘယ်သို့ အဘယ်ပုံ နားလည်ပေးကြကုန်ပါသနည်း။ သင်သည် အလုပ်လုပ်နေစဉ် လက်မအား၍ အသင်၏ နဖူးတွင် နားနေသည့် မှက်ကို သင့်သူငယ်ချင်းအား ယပ်တောင်ဖြင့် အသာအယာ ခြောက်ပေးစေလိုသည်။ သင့်သူငယ်ချင်းသည် မှက်ကို တူနဲ့ ထုကာ ခြောက်ပေးလိုသည်။ သင်သည် မတူညီသော သင့်သူငယ်ချင်း၏ အယူအဆကို ဘာမှမပြောဘဲ နားလည်ခံစားပေးပါမည်လော။
ဖြစ်သင့်သည်မှာ ဆန့်ကျင်ဘက် အမြင်များ၊ မတူညီသော အမြင်များရှိလာပြီဆိုလျှင် အများနှင့် သက်ဆိုင်သော ကိစ္စများဖြစ်ပါက အပြန်အလှန် အကြိတ်အနယ် ယှဉ်ပြိုင်ငြင်းခုန်ပြီး (Debate) လုပ်ပြီးမှ လူအများကို ဆုံးဖြတ် စေခြင်း ဖြစ်ပါသည်။ ထိုသို့ အပြန်အလှန် စစ်ထိုးနေစဉ်ကာလပတ်လုံး အဘယ်သူသည်မိမိ၏ ဆန့်ကျင်ဘက်အမြင်အား နားလည်ခံစားပေးအံ့နည်း။ တိုက်ခိုက် နှိပ်နယ် ပြောကြားကြမည်သာဖြစ်သည်။ အမေရိကန် သမ္မတလောင်းများ စကားစစ်ထိုးပုံ၊ ဘရစ်တစ်ရှ် ပါလီမာန်တွင် အတိုက်အခံနှင့် အာဏာရပါတီမှ ခေါင်းဆောင်များ စကားစစ် ထိုးပုံတို့ကို နမူနာယူကြပါလေ။ ဆန့်ကျင်ဘက်အမြင်များအား ဝေဖန်ခြင်းသည် ဒီမိုကရေစီ မဟုတ်ဟု အဘယ်သူပြောချင်ပါသနည်း။
နိဂုံးချုပ်အနေဖြင့် ကျနော့်အမြင်ကို ထပ်လောင်းပြောချင်သည်မှာ အင်တာနက်စာမျက်နှား၊ ရေဒီယို၊ သတင်းစာ၊ မဂ္ဂဇင်း စသည့် မီဒီယာများနှင့် လူကြားသူကြားထဲတွင် အများနှင့်ဆိုင်သော ကိစ္စကို မိမိဝင်ရောက်ပြောကြားလိုပါက မိမိစကားကို မိမိ တာဝန် ယူနိုင်မှသာပြောကြစေလိုပါသည်။ တချိန်လုံး ချီးမွမ်းစကားကိုသာ အလိုရှိ၍ ဝေဖန်ရေးကို နားဆင်ရန် သတ္တိမရှိသူများ အထူးသတိထားကြပါ။ ထိုသို့မဟုတ်ဘဲ အဝေဖန်ခံ ရမည်ကြောက်၍ “ကျမက သာမန် အိမ်ရှင်မပါ” ဟူ၍လည်းကောင်း၊ “ကျနော်က သာမန်ပြည်သူတဦးပါ” ဟူ၍လည်းကောင်း စကားခံ၍ ပြောသည်မှာ အမှန်တကယ် နှိမ့်ချရိုကျိုးသော စိတ်ဓါတ် ရှိ၍ မဟုတ်မူဘဲ မိမိအလှည့်ကျလျှင် မနွဲ့တမ်းမခံဝံ့သော ထိုသူ၏ သူရဲဘောကြောင်ခြင်းကို လူပုံအလည်တွင် သူ့ဘာသာ ကြေညာနေခြင်းသာဟု မှတ်ယူရပေမည်။
ကျနော်တို့ အများစုသည် မည်သူမှ အလုံးစုံ ပြီးပြည့်စုံသော လူများမဟုတ်ကြ။ လူမှန်လျှင် တခါမဟုတ် တခါတော့ မှားမည်သာဖြစ်ချေသည်။ မမှားသောသူဟူ၍ အဘယ်မှာ ရှိအံ့နည်း။ အမှားကို ဇွတ်အတင်းကာချင်သောကြောင့်သာ၊ အမှားကို အဝေဖန် မခံဝံ့သောကြောင့်သာ မဖြစ်သင့်သည်များ ဖြစ်ရချေသည်။ တဖန် စဉ်းစားစရာတခုမှာလည်း လူတို့တွင် ညံ့ခြင်း တော်ခြင်းများမှာ ပါရမီရှိဘို့နှင့် ကြိုးစားမှု ၀ီရိယတို့ကြောင့် ကွာခြားနိုင်သော်လည်း ရိုးသားခြင်းမှာမူ မည်သူမဆို ထားဘို့ တတ်နိုင်သော အရာတခုဖြစ်သလို ထားရန် အခက်ဆုံးကိစ္စတရပ်လည်း ဖြစ်နေဟန်တူသည်။ ထိုကြောင့် မှိုနှင့် မျှစ်ကို နှုတ်လိုသောသူများအတွက် ကျဉ်တုပ်ခံရန် အသင့်ဖြစ်မဖြစ်ကို မေးစမ်းချင်လှပါသည်။
4 comments:
အသည်းကြောင်ပါဘူး။
နှုတ်ခမ်းမွှေးကတော့ not applicable။
မှိုနဲ့မျှစ်ကိုတော့ နှုတ်ပါဘူး သူများနှုတ်ပြီးသား ၀ယ်စားတယ်ခင်ည။
အချုပ်ခံရမှာလည်း ကြမ်းပိုးကိုက်မှာတော့စိုးတယ်။
တိုးတက်နေတဲ့ သည်ခေတ်ကြီးမှာ လူတိုင်းဟာ above average ဆိုပဲ။ သည်တော့ လူတိုင်းထဲက ပဒရ ကတော့ သာမန်ပြည်သူလို့ မပြောပေါင်။
ကိုယ်ရေးတာတွေလည်း တာဝန်ယူပါ့ ။ ပို့စ်အောက်မှာ အမြဲ ဆိုင်းထိုးထားတာသာကြည့်။
ပုံ
ခေသူမဟုတ်။
(နောက်တာပါ. ခုတလော ကိုပေါ စိတ်ကြီးနေပုံပဲ။ မဒမ်ပေါရေ ချော့ပါဦး။ )
ပန်ဒိုရာ>>>>>>>> စိတ်ကြီးနေတာ ဟုတ်ရပါဘူးဂျာ။ ဆယ့်နှစ်ကြိုးမတတ်တော့ လိုရင်းကို ပို့ဆောင်တဲ့နေရာမှာ ဒဲ့တိုးဝုတ္တိ ဖြစ်သွားရတာပါ။ မဒမ်ပေါက ပိုကြမ်းတယ်ခင်ည…ခွိခွိ။
"ရိုးသားခြင်းမှာမူ မည်သူမဆို ထားဘို့ တတ်နိုင်သော အရာတခုဖြစ်သလို ထားရန် အခက်ဆုံးကိစ္စတရပ်လည်း ဖြစ်နေဟန်တူသည်။"
ဒီအပိုဒ်လေးကိုတော့မမေ့ဘူး။
တန်ခူးရေ…….အဲဒါ ဟိုးတလောလေးက ဖတ်လိုက်ရတဲ့ စာအုပ်တအုပ်ထဲက အာဘော်ပါ။ ဆရာအောင်သင်းစာအုပ်ထဲကလားမသိဘူး။ အတိအကျ မမှတ်မိတော့ဘူး။
Post a Comment