(စာရေးသူ မှတ်ချက်။ ။ကျနော်တယောက် ရှောရှမ့်ကို ဘာသာပြန်ရင်းကနေ လမ်းတ၀က်မှာ မေတ္တာစာတွေ ကြားဖောက်အရေးများသွားတယ်။ အခု ရှောရှမ့်ဘာသာပြန်ထားပြီးသမျှကို ထပ်တင်ပေးလိုက်ပါတယ်။ နောက်အပတ်တွေမှာ ပုံမှန် တင်ပေးသွားပါဦးမယ်။)
အပိုင်း(၃)
တနေ့ ထောင်ထဲက ကိုယ်လက်လေ့ကျင့်ရေးကစားကွင်းမှာ ဆုံတော့ အင်ဒီက ပြောပြတယ်။
“စဉ်းစားကြည့်ရအောင်ဗျာ။ ကျနော့်အမှုအတွက် သူတို့ မျက်မြင်သက်သေကို အသည်းအသန် ရှာနေတဲ့အချိန်။ ဒီအချိန်မှာဘဲ ကျနော့်ကို ဘီယာရောင်းလိုက်တဲ့ စတိုးဆိုင်က အရောင်းစာရေးငနဲကို သူတို့ ပက်ပင်းတိုးတယ်။ ဒီငနဲကို သူတို့တွေ့တော့ အမှုဖြစ်ပြီးတာ သုံးရက်လောက် ကြာသွားပြီ။ အမှုနဲ့ ပတ်သက်သမျှ အချက်အလက်အားလုံးကလည်း သတင်းစာတွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပြီးနေကြပြီ။ ရဲတပ်ဖွဲ့က ရဲ ၅ ယောက် ၆ ယောက်လောက်ရယ်၊ ဒိစတြိတ်ရှေ့နေရုံးက ဖြုတ်ဦးနှောက် ရယ်၊ သူ့ လက်ထောက်ရယ်၊ ဒီလူတွေ တပြုံတမကြီးက အဲဒီအရောင်းစာရေးငနဲကို ၀ိုင်းမေးကြလိမ့်မယ်။ ရက်ဒ်.... ဒီမှာ ကျနော်ပြောပြမယ်။ လူတယောက်ရဲ့ မှတ်ဉာဏ်ဆိုတာက အင်မတန် လွှမ်းမိုးပြုပြင်ဘို့ လွယ်ကူတဲ့အရာမျိုးဘဲ။ သူတို့ ဒီငနဲကို ဒီလိုမျိုး မေးခွန်းနဲ့ စမေးမှာပေါ့။ ....အဲဒီနေ့က အင်ဒီဒူးဖရိန်း မင်းဆီကနေ ပန်းကန်သုတ်ပုဝါ၊ လေးငါး ခြောက်စုံ ၀ယ်သွားတာ မဖြစ်နိုင်ဘူးလား။ စဉ်းစားစမ်းပါဦး.....စသဖြင့်ပေါ့လေ။ အဲဒီလိုမေးရာကနေမှ တဆင့်ပြီး တဆင့် တည်ဆောက်သွားတာ။ တကယ်လို့ လူတော်တော်များများက ခင်ဗျားကို တစုံတခုနဲ့ ပတ်သက်လို့ အမှတ်ရစေချင်နေပြီဆိုရင် အဲဒီအချက်ဟာ လူ့စိတ်ကို အင်မတန် ဖြားယောင်းဆွဲဆောင်နိုင်တဲ့ အရာဘဲ။”
ဒီနေရာမှာ သူပြောတာကို ဖြစ်နိုင်တယ်လို့ ကျုပ်လည်း သဘောတူတယ်။
အင်ဒီက သူ့ထုံးစံအတိုင်း တွေးတွေးဆဆနဲ့ ဆက်ပြောတယ်။ “ဒီထက်ပိုပြီး အားကောင်းတဲ့ ဖြားယောင်းမှုတခုကလည်း ရှိသေးတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီငနဲဟာ သူ့စိတ်ထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ဘာသာ အတင်းသေချာပစ်လိုက်တာလည်း ဖြစ်နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ ထင်ပေါ်ကျော်ကြားမှုနဲ့ ပတ်သက်နေတယ်။ သတင်း ထောက်တွေက သူ့ကို မေးခွန်းတွေ ထုတ်နေတယ်။ တရားရုံးထွက်ရင် သူ့ပုံကလည်း သတင်းစာတွေမှာ အမြဲ ထိပ်ဆုံးက ပါနေတယ်။ ကျနော်ပြောချင်တာက ဒီငနဲဟာ သူ့ဇာတ်လမ်းကို အမှားကြီးဖြစ်အောင် တမင်ပြင်ပြောနေတာမဟုတ်ဘူး။ ရုံးတော်မှာ သိရက်နဲ့ တမင် လိမ်လည် ထွက်ဆိုတာလည်း မဟုတ်ဘူး။ သူ့ကို အဲဒီအချိန်မှာ မုသားဖော်စက်နဲ့ သွားစစ်ကြည့်။ ဖော်လို့ရမှာမဟုတ်ဘူး။ အေးအေးဆေးဆေးနဲ့ လွတ်လွတ်ကျွတ်ကျွတ် ဖြေသွားနိုင်လိမ့်မယ်။ ဒါနဲ့အားမရလို့ သူ့အမေနာမည်နဲ့ ကျိန်ပြောခိုင်းလိုက်ဦး။ သူကတော့ ကျနော်အဲဒီနေ့က ပန်းကန်သုတ်ပုဝါတွေ ၀ယ်သွားတယ်လို့ဘဲ ကျမ်းကျိန် ထွက်မှာဘဲ။ ဒါပေမယ့်.....ရက်ဒ်......။ မှတ်ဉာဏ်ဆိုတာ တကယ်ဘဲ လွှမ်းမိုးပြီး ဖန်တီးယူလို့ ရတဲ့အရာဘဲ။”
“ဒီအကြောင်းကို ကျနော် ကောင်းကောင်းသိတယ်။ ကျနော့် ရှေ့နေလို ဒီအမှုမှာ အဖြစ်အပျက်တခုလုံးရဲ့ တ၀က်လောက်နီးနီးကို လိမ်လည်ထွက်ဆိုဘို့ ကျနော့်ကို တိုက်တွန်းခဲ့တဲ့ သူတောင်မှ ဒီ ပန်းကန်သုတ်ပုဝါတွေနဲ့ ပတ်သက်ရင် သူလည်း အဲဒီထွက်ချက်ကို လက်မခံနိုင်ဘူး။ တကယ်ကို ရူးနှမ်းတဲ့ အယူအဆပါ။ ကျနော်ဟာ အဲဒီအချိန်က တကယ် လူမှန်းသူမှန်းမသိအောင်ကို မူးနေခဲ့တာ။ အဲလိုမူးနေတဲ့ လူတယောက်က သေနတ်သံ မထွက်အောင်လုပ်ဘို့လောက်အထိ စဉ်းစားနိုင်မတဲ့လား။ ကျုပ်သာ တကယ်သတ်ခဲ့ တယ်ဆိုရင် သူတို့ကို တစစီ စုတ်ပြတ်သွားအောင် လုပ်ပစ်မိခဲ့မှာ။”
တကယ်တမ်းမှာ အင်ဒီဟာ အဲဒီ စောင့်ကြည့်တဲ့ နေရာကို သွားတယ်။ ကားကို အဲဒီနေရာမှာ ရပ်။ ဘီယာကို မော့လိုက်၊ စီးကရက်တွေ တလိပ်ပြီးတလိပ်သောက်လိုက်လုပ်ရင်း ကွင်တင်ရဲ့ အိမ်အောက်ထပ်က မီးတွေ မှိတ်သွားတာကို စောင့်ကြည့်နေခဲ့တယ်။ အပေါ်ထပ်မှာ မီးပွင့်လေး တပွင့်တည်း လင်းပြီး ကျန်နေတာကို ကြည့်နေခဲ့တယ်။ ၁၅ မိနစ်လောက်နေတော့ အဲဒီ မီးပွင့်လေးပါ မှိတ်သွားတယ်။ ကျန်တဲ့ကိစ္စတော့ သူ့အနေနဲ့ မှန်းဆကြည့်ရုံလောက်ဘဲ တတ်နိုင်တယ် လို့ ပြောတယ်။
“မစ္စတာ ဒူးဖရိန်း၊ အဲသည်နောက်တော့ ခင်ဗျား ဂလင်းကွင်တင်ရဲ့ အိမ်ထဲကို ၀င်သွားပြီး နှစ်ယောက်စလုံးကို သတ်လိုက်သလား”လို့ အင်ဒီရဲ့ ရှေ့နေက သူ့ကို မေးခွန်းထုတ်တယ်။
“မမှန်ပါဘူး။ ကျနော် အဲဒီလို မလုပ်ခဲ့ပါဘူး” လို့ အင်ဒီက ပြန်ဖြေခဲ့တယ်။ သူ့အဆိုအရကတော့ ညသန်းခေါင်တိုင်တာနဲ့ သူနည်းနည်းအမူးပြေစပြုလာပြီ။ အရက်နာကျ တဲ့ လက္ခဏာတွေလည်း စ ပြလာပြီ။ အဲဒါနဲ့ သူအိမ်ပြန်အိပ်လိုက်ပြီး နောက်တနေ့ကျမှ ဒီကိစ္စကို လူကြီးဆန်ဆန် ပြန်စဉ်းစားပြီး ကိုင်တွယ်ဖြေရှင်းတော့မယ် လို့ ဆုံးဖြတ်လိုက်တယ်။
“အိမ်ကို ကားမောင်းပြီး ပြန်အလာလမ်းမှာ ကျနော့်စဉ်းစားမိတာက ဒီကိစ္စမှာ အကောင်းဆုံး ဖြေရှင်းနည်းကတော့ ရီနိုမှာ ကွာရှင်းပေးလိုက်တာဘဲလို့ တွေးမိတယ်။”
“ကျေးဇူးတင်ပါတယ်။ မစ္စတာဒူဖရန်း”
အဲဒီအချိန်မှာ ဒီအေက တစခန်းထလာပြီး ပြန်လှန်မေးခွန်းထုတ်ပါတယ်။
“ခင်ဗျားစဉ်းစားလို့ ရတဲ့နည်းတွေထဲမှာ အမြန်ဆုံး ကွာရှင်းပေးနိုင်တဲ့နည်းနဲ့ ခင်ဗျားကွာ ရှင်းပေးခဲ့တယ် မဟုတ်လား။ ခင်ဗျားဟာ ပန်းကန်သုတ်ပုဝါတွေနဲ့ ပြောင်းဝကို အုပ်ထားတဲ့ ပွိုင့်သာတီးအိတ် ခြောက်လုံးပြူးနဲ့ ခင်ဗျားဇနီးကို ကွာရှင်းပေးလိုက်တယ် မဟုတ်ဘူးလား”
အင်ဒီ။ ။ (တည်ငြိမ်စွာဖြင့်) “မဟုတ်ပါဘူးခင်ဗျာ”
“ပြီးတော့မှ ခင်ဗျားဟာ သူမရဲ့ ချစ်သူကို ပစ်သတ်လိုက်တယ်”
“မဟုတ်ပါဘူး ခင်ဗျာ”
“ဒါဆို ခင်ဗျားဆိုလိုချင်တာက ကွင်တင်ကို အရင် ပစ်ပြီးမှ ခင်ဗျားဇနီးကို ပစ်သတ်တယ်။ ဒီလိုလား”
“ကျနော် ဘယ်သူ့ကိုမှ မပစ်ခဲ့ပါဘူး။ ကျနော် ဘီယာ နှစ်ပုလင်းနဲ့ ကျနော်ရပ်စောင့်တဲ့နေရာမှာ ရဲတွေတွေ့တယ်ဆိုတဲ့ စီးကရက်တွေကို သောက်တယ်။ ပြီးတော့ အိမ်ကို ကားမောင်း ပြန်လာပြီး အိပ်ယာထဲ တန်းသွားတော့တာဘဲ”
“ခင်ဗျားဟာ ဂျူရီတွေကို ပြောခဲ့တယ်။ သြဂုတ်လ ၂၄ ရက်နေ့နဲ့ စက်တင်ဘာလ ၁၀ ရက် အကြားကာလမှာ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စိတ်အနေအထားဖြစ်နေတယ်လို့ ဆိုခဲ့တယ်နော်”
“မှန်ပါတယ်”
“ဘယ်လောက်တောင် သတ်သေချင်စိတ်ပြင်းပြသလဲဆိုရင် ခြောက်လုံးပြူးတလက်တောင် ၀ယ်တဲ့အထိကို ဖြစ်သွားတယ်နော်”
“မှန်ပါတယ်”
“ကျနော်တခုပြောရင် ခင်ဗျား စိတ်ကသိကအောက်ဖြစ်မလား မစ္စတာ ဒူးဖရိန်း။ ခင်ဗျားဟာ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့လူစားမျိုးလို့ မထင်ရဘူး လို့ဆိုခဲ့ရင်ပေါ့”
“ကသိကအောက် မဖြစ်ပါဘူး။ ဒါပေမယ့် ကျနော့်ဟာ အင်မတန် ဆတ်ဆတ်ထိမခံတဲ့လူ တယောက်လို့တော့ မထင်လိုက်လေနဲ့။ ကျနော့်ဟာကျနော် သတ်သေချင်စိတ်ပေါက်နေရင် တောင်မှ ကျနော့်ပြဿနာကို ခင်ဗျားကို လာအစီရင်ခံနေမှာ မဟုတ်ဘူး”
အဲသည်လို အင်ဒီလည်း ပြောလိုက်ရော တရားရုံးထဲမှာ ခပ်အုပ်အုပ် ရယ်သံတချို့ထွက် လာတယ်။ ဒါပေမယ့် အဲဒီအတွက် အင်ဒီအနေနဲ့ ဂျူရီတွေဆီက တမှတ်မှ မရခဲ့ပါဘူး။
“စက်တင်ဘာလ ၁၀ ရက်နေ့ညက .38 ခြောက်လုံးပြူးကို ခင်ဗျားနဲ့ အတူ သယ်သွားသလား”
“မသယ်ပါဘူး ခင်ဗျာ။ ကျနော် ထွက်ဆိုခဲ့တဲ့အတိုင်း....”
“အိုး....ဟုတ်သားဘဲ” ဒီအေက တမင်ရွဲ့ပြီး ပြုံးပါတယ်။ “ဟုတ်သားဘဲလေ။ဘာတဲ့။ ၉ ရက်နေ့ ညက သေနတ်ကို ခင်ဗျား ရွိုင်ရယ် မြစ်ထဲကို ပစ်ချခဲ့တယ်။ ဟုတ်စ”
“ ဟုတ်ပါတယ်ခင်ဗျာ”
“လူသတ်မှုမတိုင်ခင် အရင် တညမှာပေါ့”
“ဟုတ်ပါတယ်ခင်ဗျာ”
“အဲဒီ ထွက်ဆိုချက်က ခင်ဗျားအတွက် အင်မတန် အကွက်ဆိုက်တယ်ပေါ့လေ။”
“အကွက်ဆိုက်တယ်လည်း မဟုတ်ဘူး။ မဆိုက်ဘူးလည်း မဟုတ်ဘူး။ ဒါ အမှန်အတိုင်း ထွက်တာဘဲ”
“ခင်ဗျား၊ ဒုရဲအုပ် မင့်ချာရဲ့ ထွက်ချက်ကို ကြားပြီးပြီလို့ ကျနော်ထင်ပါတယ်။”
မင်ချာနဲ့ အဖွဲ့ဟာ ရွိုင်ရယ်မြစ်ထဲမှာ အင်ဒီသေနတ်ကို ပစ်ချခဲ့တယ်ဆိုတဲ့ မြစ်ရိုးတလျှောက် ပိုက်ဆွဲပြီး သေနတ်ကို ရှာခဲ့ကြတယ်။ ရဲတွေ သေနတ်ကို ရှာမတွေ့ခဲ့ဘူး။
“ဟုတ်ကဲ့။ ကျနော်ကြားပြီးပါပြီ”
“ ဒါဆို သူတို့ သုံးရက်တိတိ ပိုက်ဆွဲရှာတာလည်း သေနတ်ကို ရှာမတွေ့ဘူးဆိုတာ ခင်ဗျားကြားပြီးသားဖြစ်မှာပေါ့။ အဲဒီအချက်ကလည်း ခင်ဗျားအတွက် အထောက်အကူဖြစ် တာဘဲ မဟုတ်လား”
“အထောက်အကူဖြစ်တာမဖြစ်တာ အသာထား။ သူတို့ သေနတ်ကို ရှာမတွေ့ဘူးဆိုတာတော့ လက်ခံရမယ့် အချက်တခုဘဲ။” အင်ဒီက တည်တည်ငြိမ်ငြိမ်ဘဲ ပြန်ပြောတယ်။ “ဒါပေမယ့် ဒီအေနဲ့ ဂျူရီတွေကို ကျနော့်အနေနဲ့ ထောက်ပြချင်တာက ကျနော် သေနတ်ကို ပစ်ချခဲ့တဲ့ ပွန်းရုဒ်တံတားဟာ ရွိုင်ရယ်မြစ်နဲ့ ရာမောက် ပင်လယ်အော်နဲ့ ဆက်တဲ့ မြစ်ဝနားမှာ ရောက်နေပြီ။ အဲဒီနေရာမှာ ရေစီးကလည်း သန်တယ်။ သေနတ်ဟာ ရေစီးနဲ့အတူပါသွားပြီး ပင်လယ်အော်ထဲ ရောက်သွားတာလဲ ဖြစ်နိုင်တာဘဲ”
“အဲဒီတော့ အသတ်ခံရသူတွေကိုယ်ထဲက ပြန်ရတဲ့ ကျည်ဖူးတွေကို ခင်ဗျားသေနတ်ပြောင်းက ထွက်လာတာ ဟုတ်မဟုတ် တိုက်ဆိုင် စစ်ဆေးဘို့ အဖြစ်နိုင်တော့ဘူး။ ဟုတ်တယ်မဟုတ်လား၊ မစ္စတာ ဒူးဖရိန်း”
“မှန်ပါတယ်”
“အဲဒီအချက်ကလည်း ခင်ဗျားအတွက် အထောက်အကူဖြစ်တာဘဲ မဟုတ်လား”
အဲဒီမေးခွန်းလည်းမေးရော သတင်းစာတွေ အဆိုအရ အင်ဒီဟာ တရားခွင်ကာလ ခြောက်ပတ်အတွင်းမှာ တခါမှ ထုတ်ဖော်မပြသခဲ့ဘူးတဲ့ စိတ်လှုပ်ရှားမှု တစွန်းတစကို ပြခဲ့တယ်လို့ဆိုတယ်။ အဲဒီခဏမှာ ခါးသီးတဲ့ အပြုံးရိပ်တခု သူ့မျက်နှာပေါ်မှာ ဖြတ်သွားခဲ့တယ်။
“ကျနော်ဟာ ဒီပြစ်မှုကို မကျူးလွန်ခဲ့တဲ့အတွက်၊ နောက်တချက်က ကျနော်ဟာ ကျနော့်သေနတ်ကို အခင်းမဖြစ်ပွားမီမှာ မြစ်ထဲကို ပစ်ချခဲ့တယ်ဆိုတာ အမှန်အတိုင်း ထွက်ဆိုခဲ့တဲ့အတွက် ဒီသေနတ်ကို ပြန်မတွေ့တာဟာ ကျနော့်အတွက် အထောက်အကူ မဖြစ်ဘဲ ကံဆိုးမိုးမှောင်ကျတယ်လို့တောင် ကျနော် ယူဆပါတယ်။”
ဒီအေဟာ နှစ်ရက်တိတိ အင်ဒီ့ကို ဖိမေးတယ်။ စတိုးဆိုင်က အရောင်းစာရေးရဲ့ ပန်းကန်သုတ်ပုဝါတွေနဲ့ ပတ်သက်တဲ့ ထွက်ချက်ကိုလည်း ပြန်ဖတ်ပြခဲ့တယ်။ အင်ဒီကလည်း သူ့အနေနဲ့ အဲဒီ ပုဝါတွေ ၀ယ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားလို့မရဘူးလို့ ဖြေတယ်။ ဒါပေမယ့် “မ၀ယ်ခဲ့ပါဘူးဆိုတာကိုလည်း ပြန်စဉ်းစားလို့မရဘူး” ဆိုတာကို သူဝန်ခံရတယ်။
၁၉၄၇ခုနှစ် နှစ်ဦးပိုင်းမှာ အင်ဒီနဲ့ လင်ဒါတို့ နှစ်ဦးဟာ ပူးတွဲ အာမခံ ထားခဲ့သလား။("ဟုတ်ကဲ့၊ မှန်ပါတယ်။") တကယ်လို့သာ အင်ဒီဟာ ဒီအမှုကနေ ကွင်းလုံးကျွတ်လွတ်ခဲ့မယ်ဆိုရင် အဲဒီအာမခံကနေ ဒေါ်လာ ၅ သောင်း အင်ဒီအနေနဲ့ အကျိုးအမြတ်ရမယ်ဆိုတာ မှန်ပါသလား။("ဟုတ်ကဲ့။ မှန်ပါတယ်။) ကွင်တင်အိမ်ကို သွားတာ သတ်ဘို့ အကြံအစည်နဲ့ သွားတာဟုတ်ပါသလား။("မဟုတ်ပါ။ မမှန်ကန်ပါ။" )
"ဒါဆိုရင် ဓါးပြတိုက်တာ၊ လုယက်တာလို့ ယူဆရမယ့် ခြေရာလက်ရာ ပျက်တာမျိုးမရှိခဲ့တော့ ဘာဖြစ်တာလို့ ထင်ပါသလဲ။"
“ဘာဖြစ်ခဲ့တယ်ဆိုတာ ကျနော် ဘယ်နည်းနဲ့မှ မသိနိုင်ပါဘူး” လို့ အင်ဒီက တိုးတိုးသက်သာ ဖြေလိုက်ပါတယ်။
အမှုဟာ မဲခွဲဆုံးဖြတ်ဘို့အတွက် ဂျူရီတွေ လက်ထဲရောက်သွားတော့ နေ့လည် တနာရီ။ နှင်းတွေကျနေတဲ့ ဗုဒ္ဓဟူးနေ့ နေ့လည်ခင်း။ ဂျူရီယောက်ျားမိန်းမ အားလုံးပေါင်း ဆယ့်နှစ်ယောက်ဟာ အခန်းထဲက ပြန်ထွက်လာတော့ နေ့လည် သုံးနာရီခွဲနေပြီ။ တရားရုံးစာရေး (ဘေလစ်)ရဲ့ အပြောအရ ဂျူရီတွေအနေနဲ့ ဒီထက် စောပြီး ထွက်လာရဘို့ပါ။ ဒါပေမယ့် ဘင့်တ်လေ စားသောက်ဆိုင်က နာမည်ကြီး ကြက်ကြော်ကို အစိုးရစားရိတ်နဲ့ မှာစားနေကြတဲ့အတွက် အချိန်ခဏလင့်သွားရတာ ဖြစ်ပါတယ်။ အားလုံးက အင်ဒီဒူးဖရိန်းမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ကြတယ်။ နောင်ကြီးရေ....တကယ်လို့သာ မိန်းပြည်နယ်မှာ သေဒဏ်သာ ရှိခဲ့မယ်ဆိုရင် အဲသည်နှစ် နွေဦးပေါက်မတိုင်မီ ပန်းပင်ကလေးတွေ မြေသားထဲက တိုးထွက်မလာခင်မှာ အင်ဒီဒူးဖရိန်းတယောက် လေထဲမှာ ကြိုးတွဲလောင်းနဲ့ မြေလွတ်အက ကခဲ့ရမှာ သေချာတယ်။
=================================================
ဒီအေက သူ့ဘယ်လိုထင်သလဲ မေးခဲ့စဉ်ကတော့ သူ့အထင်ကို ပြန်မဖြေခဲ့ပေမယ့် တကယ်တော့ သူ့စိတ်ထဲမှာ တခုခုတော့ ရှိခဲ့တယ်။ အဲဒီအထင်ကို ၁၉၅၅ ခုနှစ် တညနေခင်းမှာ သူ့ကို ကျုပ် ရအောင်မေးနိုင်ခဲ့တယ်။ အဲဒီမတိုင်မီ ၇ နှစ်တာ ကာလအတွင်းမှာ ကျနော်တို့ နှစ်ယောက်ဆက်ဆံရေးဟာ မေးထူးခေါ်ပြော အဆင့်ကနေ အတန်ငယ်ရင်းနှီးတဲ့အဆင့်ကို တဖြည်းဖြည်းပြောင်းလဲနေဆဲ ကာလပေါ့။ တကယ်တော့ ၁၉၆၀ မတိုင်ခင်အထိ ကျုပ်ကိုယ်ကျုပ် အင်ဒီနဲ့ အရမ်းရင်းနှီးတဲ့အဆင့်ကို ရောက်တယ်လို့ မခံစားရပါ။ ကျုပ်ထင်တယ်၊ ထောင်ထဲမှာ အင်ဒီကို အဲဒီလောက် ရင်းနှီးအောင် ပေါင်းလို့ရတာ ကျုပ်တယောက်ဘဲရှိတယ်။ ကျုပ်တို့ နှစ်ယောက်လုံးက နှစ်ကြီးသမားတွေ။ နေရတဲ့ အဆောင်ကလည်း အတူတူ။ သူ့အခန်းက အစွန်ဆုံးမှာ။ ကျုပ်အခန်းက သူ့အခန်းကထွက်လာရင် စင်္ကြန်တ၀က်လောက်မှာ ရှိတယ်။
“ကျနော်...ဘယ်လိုထင်လဲ၊ ဟုတ်လား” အင်ဒီက ရယ်ရင်းမေးတယ်။ ဒါပေမယ့် သူ့ရယ်သံက မရွှင်မမြူး ခြောက်ကပ်ကပ်နဲ့။ “အဲဒီညမှာ ကျနော့်အတွက် ကံကြမ္မာဆိုးတွေဟာ လေထဲမှာ ပြည့်နှက်နေတယ်လို့ ထင်တယ်။ ဒီလောက် ကာလတိုတိုလေးအတွင်းမှာ မှန်းဆနိုင်တာ ထက်ပိုပြီး အားလုံးစုဆုံပြီး ဖြစ်ပျက်သွားတာဘဲ။ ကျနော့်အထင်တော့ ဖြတ်သွားဖြတ်လာ လူစိမ်းတယောက်ယောက်ရဲ့ လက်ချက်ဘဲ ဖြစ်နိုင်တယ်။ ကျနော်အိမ်ကို ပြန်သွားပြီးတဲ့အချိန် တစုံတယောက် ကားဘီးပေါက်ပြီး အဲဒီအိမ်ကို ၀င်ရင်း လုပ်သွားတာ လဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဖောက်ထွင်းသမား တယောက်ယောက်လက်ချက်လဲ ဖြစ်နိုင်တာ ဘဲ။ ဒါမှမဟုတ် စိတ္တဇ လူသတ်သမားတယောက်လည်း ဖြစ်နိုင်တာဘဲ။ ဘာဘဲဖြစ်ဖြစ် အဲဒီ တယောက်ယောက်က လူသတ်မှု ကျူးလွန်လိုက်ပြီးတော့ ကျနော်က အဆုံးသတ် အထဲကို မဆီမဆိုင် ရောက်လာရတာဘဲ”
အင်ဒီပြောပြတာကတော့ ရှင်းရှင်းလေးပါဘဲ။ အဲဒီ သူမကျူးလွန်တဲ့ ပြစ်မှုအတွက် သူ့ကို တဘ၀စာ ထောင်ချလိုက်ကြတယ်။ တဘ၀လုံးမဟုတ်ရင်တောင် သူ့ဘ၀ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းကို ထောင်ထဲမှာ ရောက်နေအောင် လုပ်လိုက်တာပေါ့။ ထောင်ကျပြီး ၅ နှစ်ကြာတာနဲ့ ကတိခံဝန်ချက်နဲ့ လွှတ်ပေးနိုင်တဲ့ ပရိုး (Parole board) ဘုတ်ကော်မတီက သူ့အမှုကို စပြီး ကြားနာတယ်။ အင်ဒီဟာ ထောင်ထဲမှာ စံပြအကျဉ်းသား တယောက်ဖြစ်နေပေမယ့် သူ့ကို နှစ်မစေ့ခင် ကတိခံဝန်ချက်နဲ့ လွှတ်ပေးဘို့ ကိစ္စမှာတော့ အမြဲလိုလို ပယ်ချတာခံရတယ်။ ရှောရှမ့်ထောင်ကို ၀င်လာတုန်းက ခင်ဗျားရဲ့ ၀င်ခွင့်လက်မှတ်မှာ လူသတ်မှုဆိုတဲ့ တံဆိပ်တုံးထုထားပြီဆိုရင် ခင်ဗျားကို ပရိုးနဲ့ လွှတ်ပေးဘို့ ဆိုတာကလည်း မြစ်ရေက ကျောက်ဆောင်ကို တိုက်စားသလို အင်မတန် နှေးကွေးပြီသာ မှတ်။ နောက်ပြီး ရှောရှမ့် ပရိုးဘုတ်အဖွဲ့မှာ စုစုပေါင်း ဘုတ်အဖွဲ့ဝင် ၇ ယောက်ပါတယ်။ တခြားပြည်နယ်ထောင်တွေထက် နှစ်ယောက်တောင် ပိုတယ်။ အဲဒီ ၇ ယောက်စလုံးကလည်း တကယ့် ဘူးဆို ဖရုံမသီးဘူး ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေချည်းဘဲ။ ခက်ထန်တဲ့နေရာမှာ ဓါတ်သတ္တုတွင်းထဲက ထွက်လာတဲ့ ရေစေးတဲ့ ပိုပြီး ခက်ထန်တယ်။ ခင်ဗျား အဲဒီ ပုဂ္ဂိုလ်တွေကို ငွေနဲ့ ပေါက်လို့လည်းမရ၊ ငိုပြလို့လည်း မရ။ ဒီဘုတ်အဖွဲ့ကို ငွေနဲ့ ပေါက်ပြီး လွတ်သွားတယ်ဆိုတဲ့လူ အခုချိန်ထိ တယောက်မှ မရှိဘူး။ အင်ဒီ့ကို လွှတ်မပေးရခြင်းနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ တခြားအကြောင်းတွေ ရှိသေးတယ်။ ဒီအကြောင်းတွေက နောက်ပိုင်းမှာ ကျုပ်ပြောပြရင်းပါလာလိမ့်မယ်။
ထောင်ထဲမှာ ကင်ဒရစ်လို့ ခေါ်တဲ့ ထောင်စာရေး (ထောင်သားထဲကမှ စာရေးအလုပ်ကို လုပ်ပေးရသူ) တယောက်ရှိတယ်။ ဒီကောင်က ၁၉၅၀ ခုနှစ်တွေဆီတုန်းက ကျုပ်ဆီမှာ အကြွေးတော်တော် တင်လိုက်သေးတယ်။ အဲဒီအကြွေးကို ကျေအောင် သူ့မှာ လေးနှစ်တိတိ ဆပ်ယူခဲ့ရတယ်။ သူ့အကြွေးအတွက် ပေးရမယ့် အတိုး အတွက် သူက ကျုပ်ကို သတင်းယူပေးတယ်။ ကျုပ် အလုပ်မျိုးမှာ သတင်းက အသက်ဘဲ။ အမြဲ နားကို ကျယ်ကျယ်စွင့်ထားရတယ်။ ကျုပ်အနေနဲ့ ထောင်ထဲက မော်တော်ကားနံပါတ်ပြားအလုပ်ရုံမှာ အလုပ်လုပ်ရင်း တသက်လုံးမြင်ခွင့်ရမှာမဟုတ်တဲ့ တချို့သော ထောင်ထဲက မှတ်တမ်းမှတ်ရာ တွေကို ကင်ဒရစ်က ကြည့်ခွင့်ရတယ်။
ကင်ဒရစ်ရဲ့ အပြောအရ အင်ဒီရဲ့ ပရိုးနဲ့ ပတ်သက်ပြီး ဘုတ်အဖွဲ့က ၁၉၅၇ခုနှစ်မှာ ၇မဲ-သုညမဲ၊ ၁၉၈၅ခုမှာ ၆မဲ-၁မဲ၊ ၅၉ခုမှာ ၇မဲ-၀ မ နဲ့ ၆၀ခုနှစ်မှာ ၅မဲ-၂မဲ ဆိုပြီး အကြိမ်ကြိမ် မဲခွဲပြီး ပယ်ချခဲ့တယ်။ အဲဒီနောက်ပိုင်း မဲ ဘယ်နှစ်မဲနဲ့ ပယ်ချသလဲတော့ ကျုပ်မသိတော့ဘူး။ ဒါပေမယ့် ကျုပ်သိတာကတော့ အင်ဒီဒူးဖရိန်းဟာ အဲဒီနောက်ပိုင်း ၁၆ နှစ်လုံးလုံး ကျုပ်နဲ့တဆောင်တည်း အကျဉ်းဆောင် အမှတ် ၅၊ အခန်းနံပါတ် ၁၄ မှာ တောက်လျှောက်နေသွားခဲ့ရတယ်။ ၁၉၇၆ ခု ရောက်တော့ အင်ဒီဟာ အသက် ၅၈ နှစ်တောင် ရှိနေပြီ။ သူတို့ သူ့အပေါ်မှာ ညှာတာသနားလှတယ်ဆိုရင် ၁၉၈၃ ခုနှစ်လောက်ကျရင်တော့ လွှတ်ပေးကောင်းလွှတ်ပေးနိုင်တယ်။ ဒါဘဲလေ။ ထောင်ကျတယ်ဆိုတာ။ ခင်ဗျားဘ၀ထဲက အဖိုးတန်ဆုံးအချိန်တွေကို နှုတ်ယူလိုက်တာဘဲ။ တနေ့နေ့မှာတော့ ခင်ဗျားကို ပြန်လွှတ်ပေးကောင်း လွှတ်ပေးပါလိမ့်မယ်။ ဒါပေမယ့် နေဦး။ ကျုပ်ပြောပြမယ်။ တခါက ဒီထောင်ထဲမှာ ရှာဝုဒ်ဘော့လ်တွန်ဆိုတဲ့ ကျုပ်သိတဲ့ ငနဲတယောက်ဟာ သူ့ အကျဉ်းခန်းထဲမှာ ခိုတကောင်ကို မွေးထားတယ်။ ၁၉၄၅ ခုနှစ်ကနေ ၁၉၅၃ ခုနှစ် သူပြန်လွတ်တဲ့အချိန်ထိ တောက်လျှောက် အဲဒီခိုကို သူမွေးထားတယ်။ ပုဂ္ဂိုလ်က တကယ့် ငှက်ဝါသနာအိုးတ ယောက်တော့ မဟုတ်ဘူးပေါ့ဗျာ။ ဘာဘဲဖြစ်ဖြစ် အဲဒီ ခို သူ့မှာ ရှိတယ်။ ဂျိတ် လို့ နာမည်ပေးထားတယ်။ သူပြန်မလွတ်ခင် တရက်မှာ သူဟာ ဂျိတ်ကို လွှတ်ပေးလိုက်တယ်။ ဂျိတ်ကလည်း သူပျံစေချင်တဲ့အတိုင်း ပျံသွားပါတယ်။ ဒါပေမယ့် ရှာဝုဒ်တယောက် ကျုပ်တို့ရဲ့ ပျော်ရွှင်စရာမိသားစုလေးကို စွန်ခွာသွားပြီးတဲ့နောက် တပတ်လောက်ရှိတော့ ကျုပ် မိတ်ဆွေတယောက်က ကျုပ်ကို ခေါ်ပြတယ်။ ထောင် လေ့ကျင့်ရေးကစားကွင်းထောင့်က ရှာဝုဒ်တယောက် ရစ်သီရစ်သီ လုပ်တတ်တဲ့နေရာလေးမှာပေါ့။ မိတ်ဆွေက ပြောတယ်။
“ကြည့်စမ်း ရက်ဒ်။ အဲဒါ ဂျိတ် မဟုတ်လား”
ဟုတ်ပါတယ်။ ဂျိတ်မှ ဂျိတ်အစစ်ပါဘဲ။ ဂျိတ်ဟာ အဲဒီနေရာမှာ သေပြီး အကောင်တောင် ပျက်စပြုနေပြီ။
===============================================
ကျုပ်မှတ်မိတယ်။ ပထမဦးဆုံး အင်ဒီကျုပ်ဆီကို ရောက်လာတဲ့အကြောင်းက ပစ္စည်းတခု မှာချင်လို့။ အဲဒီအကြောင်းကို မနေ့တနေ့ကအဖြစ်အပျက်တခုလိုဘဲ ကျုပ်မှတ်မိနေသေးတယ်။ အဲဒီတကြိမ်က ရီတာဟေးဝပ်ကို မှာတဲ့အကြိမ်မဟုတ်သေးဘူး။ အဲဒီ နွေတုန်းက သူက တခြား ပစ္စည်းတခုအတွက် ကျုပ်ဆီကို ရောက်လာခဲ့တာ။
ကျုပ်တို့ အရောင်းအ၀ယ်ကိစ္စတွေက လေ့ကျင့်ရေးကစားကွင်းထဲမှာဘဲ အလုပ်ဖြစ်ကြတာ များတယ်။ အခုကိစ္စလည်း အဲဒီနေရာမှာဘဲ ဖြစ်တာ။ အားကစားကွင်းက တော်တော်ကြီးကျယ်တယ်။ တဖက်ကို ကိုက် ၉၀ လောက်စီရှိတဲ့ စတုရန်းကျကျ ကွင်းကြီးဗျ။ မြောက်ဘက်မှာ ထောင်အုတ်ရိုးရှိတယ်။ အုတ်ရိုးအစွန်းတဖက်တချက်မှာ လက်နက်ကိုင် အစောင့်ကင်းတဲတွေရှိတယ်။ အဲဒီက ထောင်စောင့်တွေမှာ မှန်ပြောင်းတွေ၊ အဓိကရုန်းနှိမ်တဲ့ သေနတ်တွေ တပ်ဆင်ထားတယ်။ ထောင်ပင်မ ၀င်ပေါက်ကြီးကလည်း အဲဒီ မြောက်ဘက် အုတ်ရိုးမှာဘဲ ရှိတာဘဲ။ ထရပ်ကားတွေ ပစ္စည်းတင်ချ လုပ်တဲ့နေရာကတော့ ကစားကွင်းရဲ့ တောင်ဘက်မှာရှိတယ်။ ကားရပ်တဲ့နေရာ ငါးခုတိတိရှိတယ်။ ရှောရှမ့်ဟာ တပတ်အတွင်း အလုပ်ဖွင့်ရက်တွေမှာဆိုရင် ပစ္စည်းလာချတဲ့ကား၊ လာသယ်တဲ့ကားတွေနဲ့ ရှုပ်ရှက်ခတ်နေ တတ်တယ်။ ကျုပ်တို့ထောင်မှာ မော်တော်ကားလိုင်စင်နံပါတ်ပြားစက်ရုံ၊ နောက်ပြီး ကစ်တာရီ ဆေးရုံနဲ့ နာလန်ထဆောင်တွေက အ၀တ်တွေကို လျှော်ဖွတ်ပေးရတဲ့ လောင်ဒရီ တခုရှိတယ်။ နောက်ပြီးတော့ ကားဝပ်ရှော့တခုလည်း ရှိသေးတယ်။ အဲဒီဝပ်ရှော့မှာ ထောင်သား မက္ကင်းနစ်တွေကနေပြီးတော့ အကျဉ်းထောင်ပိုင်၊ ပြည်နယ်ပိုင်၊ မြူနီစပါယ်ပိုင် ကားတွေကို ပြင်ပေးရတယ်။ ထောင်ဝန်ထမ်းတွေ၊ ထောင်အရာရှိတွေ ကားတွေကို ပြင်ပေးရတာတော့ ပြောမနေနဲ့တော့။အဲ... တခါတလေ ပရိုးဘုတ်အဖွဲ့ဝင်တွေရဲ့ ကားတွေကိုလည်း ပြင်ပေးရ တတ်တယ်။
ကစားကွင်းအရှေ့ဘက်မှာတော့ လေးထောင့်ကွက်သေးသေးလေးတွေ ဖောက်ထားတဲ့ အုတ်နံရံတခုရှိတယ်။ အဲဒီ အုတ်နံရံနောက်ဖက်မှာ အကျဉ်းဆောင် အမှတ်ငါး ရှိတယ်။ ကစားကွင်း အနောက်ဖက်မှာတော့ ထောင်အုပ်ချုပ်ရေးရုံးခန်းနဲ့ ထောင်ဆေးရုံရှိတယ်။ ရှောရှမ့်က တခြားထောင်တွေလို လူပြည့်ကြပ်မနေဘူး။ ၁၉၄၈ ခုနှစ်ဆီလောက်က တခါဆို တခါဘဲ ထောင်မှာ လက်ခံနိုင်တဲ့ဦးရေရဲ့ သုံးပုံနှစ်ပုံအထိဘဲ ပြည့်ဘူးတယ်။ များသောအားဖြင့် ကစားကွင်းထဲမှာ အကျဉ်းသား ၈၀ ကနေ ၁၂၀ လောက် ပုံမှန် ကစားနေကြလိမ့်မယ်။ ကစားတာကတော့ ဘောလုံးကန်တာ၊ ဒါမှမဟုတ် ဘေ့စ်ဘော ပစ်ကြ ဖမ်းကြတာ၊ ဒါမှမဟုတ် အံစာတုံးပစ်ကြမယ်၊ ဒါမှမဟုတ် အချင်းချင်း ကျိတ်ပြီး အရောင်းအ၀ယ်လုပ်ကြမယ်။ တနင်္ဂနွေနေ့ဆိုရင် ကစားကွင်းထဲမှာ ပိုပြီး လူရှုပ်တယ်။ တကယ်လို့ မိန်းမတွေသာ ရှိနေခဲ့မယ်ဆိုရင် တနင်္ဂနွေနေ့ဟာ တောဘုရားပွဲနဲ့တောင် တူသွားနိုင်တယ်။
အဲဒီ ကျုပ်ဆီကို ပထမဆုံးအကြိမ်ရောက်လာတာကလည်း တနင်္ဂနွေနေ့ဘဲ။ သူရောက်လာ တော့ ကျုပ်က ကျုပ်ဖောက်သည်တဦးဖြစ်တဲ့ အယ်လ်မို ဟာမစ်တေ့ခ်ျနဲ့ ရေဒီယိုကိစ္စပြောပြီးရုံဘဲ ရှိသေးတယ်။ သူဘယ်သူလဲဆိုတာ ကျုပ်သိပြီးသား။ အင်ဒီဟာ အင်မတန် ဘ၀င်ကိုင်ပြီး ကြီးကျယ်တဲ့လူ၊ သွေးအေးတဲ့လူအနေနဲ့ ထောင်ထဲမှာ နာမည်ကြီး တယ်။နောက်ပြီး အင်ဒီဟာ ဒုက္ခပေးခံရဘို့အတွက် ပစ်မှတ်ထားခံနေပြီလို့ တချို့လူတွေ ပြောတာကြားရတယ်။ အဲဒီပြောတဲ့လူထဲက တဦးကတော့ ဘော့ဂ်ဒိုင်းမွန်းဆိုတဲ့ ငနဲဘဲ။ အဲဒီငနဲက ဘယ်တော့မှ သွားပြီး စပ်စပ်ယှက်ယှက်လုပ်သင့်တဲ့ လူစားမျိုးမဟုတ်ဘူး။ အင်ဒီ့အခန်းမှာ အခန်းဖော် မရှိဘူး။ အဆောင်အမှတ်ငါးမှာရှိတဲ့ တယောက်ခန်းတွေဟာ လူသေခေါင်းလောက်ဘဲ ကျယ်ပေမယ့် အင်ဒီဟာ တယောက်ခန်းကိုဘဲ ပိုသဘောကျတယ်လို့ လည်း ကြားရတယ်။ ဒါပေမယ့် ကျုပ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့အကဲခတ်လို့ ရတဲ့ လူတယောက် ကိစ္စမှာ ကျုပ်အနေနဲ့ ကောလဟာလတွေကို ဂရုစိုက်နေစရာမလိုပါဘူး။
“ဟဲလို၊ ကျနော် အင်ဒီဒူးဖရိန်းပါ”
အင်ဒီက လက်ကမ်းပေးတော့ ကျုပ်လည်း ဆွဲပြီး နှုတ်ဆက်လိုက်တယ်။ သူက အလာပ၊ သလာပ တွေမှာ အချိန်ဖြုန်းတဲ့ လူမဟုတ်ဘူး။ လိုရင်းကို တန်းပြီးပြောတယ်။
“ခင်ဗျားဟာ ပစ္စည်းတွေ သွင်းပေးနိုင်တဲ့ လူတယောက်လို့ ကျုပ်ထင်တယ်။ ဟုတ်သလား”
ကျုပ်အနေနဲ့ ပစ္စည်းတွေ မှာတာရှိရင် သွင်းပေးလေ့ရှိတယ် ဆိုတာ ၀န်ခံလိုက်တယ်။
“ခင်ဗျား၊ ဘယ်လိုလုပ်သွင်းသလဲဗျ” အင်ဒီကမေးတယ်။
“တခါတခါတော့လည်း ပစ္စည်းတွေက ကျနော့်လက်ထဲ အလိုအလျောက် သူ့ဟာသူ ရောက်လာတာပေါ့ဗျာ။ ဘယ်လိုလဲဆိုတာတော့ ကျုပ်လည်း ရှင်းမပြတတ်ဘူးဗျ။”
အင်ဒီက အသာပြုံးလိုက်ပြီး “ ကျနော့်အတွက် ကျောက်ဆစ်တဲ့ တူကလေး တလက် သွင်းပေးလို့ ရမလားဗျ”
“ကျောက်ဆစ်တဲ့ တူဆိုတာ ဘယ်လိုမျိုးလဲ။ ခင်ဗျား ဘာအတွက် လိုချင်တာလဲ”
အဲလိုမေးလိုက်တော့ အင်ဒီနည်းနည်း အံ့သြသွားပုံရတယ်။ “ခင်ဗျားလုပ်ငန်းမှာ ဘာအတွက်လဲဆိုတာကို ထည့်သွင်းစဉ်းစားစရာ လို လို့လားဗျာ”
အဲဒီ သူမေးတဲ့ မေးခွန်းကိုကြားတော့ ထောင်ထဲကလူတွေ သူ့ကို ဘာကြောင့် ကြီးကျယ်တယ်လို့ ပြောသလဲ ကျုပ်သဘောပေါက်သွားတယ်။ ဒီလိုလူမျိုးက အမြဲတစေ လေလှိုင်းပေါ်မှာဘဲ စကားပြောချင်တဲ့လူမျိုး။ ဒါပေမယ့် သူ့မေးခွန်းမှာ ဟာသအရိပ်အယောင် အနည်းငယ် စွက်နေသလိုလည်း ကျုပ်ခံစားရတယ်။
“သာမန် သွားပွတ်တံတို့ ဘာတို့လောက် မှာတာဆိုရင်တော့ သိဘို့ မလိုဘူးပေါ့ဗျာ။ ကျုပ်အနေနဲ့ ရောင်းဈေးကို တန်းပြောပြလိုက်ရုံဘဲပေါ့။ ခင်ဗျားသိတဲ့အတိုင်း သွားပွတ်တံ ဆိုတာမျိုးက လူသေစေနိုင်တဲ့ လက်နက်မျိုးမဟုတ်ဘူးလေ”
“လူသေစေနိုင်တဲ့ လက်နက်တွေနဲ့ ပတ်သက်လာရင် ခင်ဗျားကြည့်ရတာ အတော် ခံစားချက်ပြင်းပုံရတယ်”
“အမှန်ဘဲ”
အဲဒီလို ပြောနေကြတုန်း တိပ်တွေ အထပ်ထပ်ရစ်ပတ်ပြီးတွဲချုပ်ထားတဲ့ ဘေ့စ်ဘောအဟောင်း တလုံးဟာ ကျုပ်တို့ နှစ်ယောက်ဆီကို ပျံဝဲပြေးဝင်လာတယ်။ အင်ဒီက ရုတ်တရက် လှစ်ကနဲ လှည့်ပြီး လေထဲကနေ သပ်သပ်ရပ်ရပ် ဖမ်းလိုက်တယ်။ အဲဒီ ဖမ်းလိုက်တဲ့အကွက်က နာမည်ကြီးဘေ့စ်ဘောသမား ဖရန့်ခ်မယ်ဇုံးတောင် ဂုဏ်ယူလောက်တယ်။ ပြီးတော့ ဘေ့စ်ဘောကို လာရာလမ်းအတိုင်း ဖမ်းလိုက်သလိုဘဲ လျင်မြန်တဲ့ လှုပ်ရှားမှုနဲ့ သက်သက်သာသာ ပြန်ပစ်လိုက်တယ်။ တခြားလူတွေဟာလည်း သူတို့ ကိစ္စနဲ့သူတို့ လုပ်နေကြရင်း ကျုပ်တို့နှစ်ယောက်ကို အကဲခတ်နေကြတာကို ကျုပ်မြင်ရတယ်။ မျှော်စင်ပေါ်က အစောင့်တွေလဲ ကျုပ်တို့ကို ကြည့်ကောင်းကြည့်နေ ကြနိုင်တယ်။ ကျုပ်က တည်ငြိမ်နေတဲ့အနေအထားကို ဖျက်ဆီးလိုစိတ်မရှိဘူး။ ထောင်တိုင်းမှာ တဘက်ဘက်က အလေးသာသွားအောင် ဘက်ပြောင်းနိုင်တဲ့ ထောင်သားအုပ်စုဖွဲ့တာတွေရှိတယ်။ အဖွဲ့ငယ်ရင် လေးယောက်ငါးယောက်လောက်ရှိပြီး အဖွဲ့ကြီးရင် ၂ဒါဇင် ၃ ဒါဇင်လောက်အထိကြီးတဲ့ အုပ်စုကြီးတွေ အထိရှိတတ်တယ်။ ရှောရှမ့်မှာ ကျုပ်ကိုယ်တိုင်ဘဲ အဲဒီလို ၀ိတ်ရှိတဲ့ လူအနည်းငယ်ထဲက တယောက်ပေါ့။ အင်ဒီအနေနဲ့ အဲဒီလို အနေအထားတွေကို ကျော်လွှားဘို့ဆိုရင် အများကြီး လုပ်စရာတွေ ရှိသေးတယ်။ အင်ဒီကလည်း အဲဒီ အခြေအနေအရပ်ရပ်ကို သိပုံဘဲ။ ဒါပေမယ့် ကျုပ်ကို အောက်ကျို့တာ၊ ဖော်လာဖားတာမျိုးတော့ လုံးဝမလုပ်ဘူး။ အဲဒီအတွက် သူ့ကို ကျုပ်လေးစားပါတယ်။
“အေးလေ၊ တရားပါတယ်။ ကျောက်ဆစ်တူဟာ ဘာလဲဆိုတာနဲ့ ဘာကြောင့် ကျုပ်လိုချင်ရသလဲဆိုတာ ခင်ဗျားကို ပြောပြပါမယ်။ ကျောက်ဆစ်တူဟာ ပုဆိန်အသေးစား လေးဘဲ။ ဒီလောက် အရှည်ရှိတယ်။”
အင်ဒီက သူ့လက်နှစ်ဖက်ကို တပေလောက် ခွာပြီး အတိုင်းအထွာကို ပြတယ်။ အဲဒီအချိန်မှာဘဲ သူ့ရဲ့ လက်သည်းတွေကို ဘယ်လောက် သပ်သပ်ရပ်ရပ် ထားတယ် ဆိုတာကို ကျုပ်သတိပြုမိတာဘဲ။
“ တဖက်မှာ အသွားထက်ထက် တခုပါပြီ တဖက်မှာတော့ တူတွေလိုဘဲ ခပ်တုံးတုံး ထုစရာ တူခေါင်းတခုပါတယ်။ ကျုပ်ဘာကြောင့်လိုချင်ရသလဲဆိုတော့ ကျောက်တုံးတွေကို ကျုပ် အရမ်းစိတ်ဝင်စားလို့ဘဲ”
“ဗျာ။ ကျောက်တုံးတွေဟုတ်လား”
“ဒီနားမှာ ခဏလောက် ငုတ်တုပ်ထိုင်ပါဦးလေ” အင်ဒီက တိုက်တွန်းတယ်။
ကျုပ်လည်း ကပျက်ကချော်နဲ့ဘဲ ထိုင်လိုက်တယ်။ ကျုပ်တို့နှစ်ယောက်လုံး အင်ဒီယန်းတွေ လိုဘဲ ကိုယ်ကို ခပ်ကုန်းကုန်းနဲ့ ထိုင်လိုက်ကြတာပေါ့။
အင်ဒီဟာ အားကစားကွင်းထဲက ဖုန်သဲတဆုပ်ကို ကောက်ယူလိုက်ပြီး သူ့ရဲ့ သပ်ရပ်တဲ့ လက်တွေနဲ့ ထိုးမွှေပြီး မှုတ်လိုက်လိုက်တယ်။ ဖုန်တွေ တိမ်တိုက်လို လေထဲကို တက်လာတယ်။ လက်ထဲမှာ ကျန်ရစ်ခဲ့တဲ့ ကျောက်စရစ်ခဲလေးတွေထဲမှာ နှစ်ခုက ပြောင်ပြောင်လက်လက်နဲ့၊ ကျန်တာတွေက ခပ်မှိန်မှိန် ရိုးရိုးကျောက်တွေဘဲ။
(ဆက်ရန်)

3 comments:
"မှတ်ဉာဏ်ဆိုတာ တကယ်ဘဲ လွှမ်းမိုးပြီး ဖန်တီးယူလို့ ရတဲ့အရာဘဲ” တဲ့။ ကိုပေါရေ...ဒီ episode မှာ ဒီစကားက မှတ်မှတ်ထင်ထင်။ ဒီ episode မတိုင်ခင်ထဲက အင်ဒီမသတ်ဘူးလို့ ယုံကြည်နေမိအောင် ဘယ်အရာကများ ဆွဲဆောင်ထားပါလိမ့်။ ထာဝရ ပွင့်လန်းနေသော ဘာသာပြန်ဆုံးရင် ရုပ်ရှင်တော့ ကြည့်ဖြစ်မှာ သေချာတယ်။ ပုံမှန်လေးတင်ပေးရင် ပိုကောင်းမယ်။
ဝါးဟားဟား အထိ လာဖတ်ထားပြီးတော့ နောက်ပိုင်းပို့စ်တွေကို မဖတ်ဖြစ်ဘူးဖြစ်နေတာ။ အခုနောက်ပိုင်း တင်တာတွေကို အမှီလိုက် ပြန်ဖတ်သွားတယ် ကိုပေါရေ။
ကိုပေါရေ..ဆက်ရေးဦးလေးနေကိုပေါရေ..ဆက်ရေးဦးလေ။ စောင့်မျှော်နေပါသည်။
Post a Comment