“ရေတွင်းမတူးဘဲနှင့် ရေကြည်သောက်လိုသူများ”

Share |
ယနေ့ သောကြာနေ့သည် ကျွန်ုပ်နေထိုင်ရာ ကျွန်းပိစိတွင် (Good Friday) ရုံးပိတ်ရက်ဖြစ်သည်။ ကျွန်ုပ်သည် နံနက်မိုးလင်း မျက်စိနှစ်လုံးပွင့်လာသည်မှ စ၍ ကွန်ပြူတာရှေ့တွင်ထိုင်ကာ ကြွက်(mouse) ကိုစီးလျက် ဘလော့ဂ်ခန်းလှည့် လည် ကြည့်ရှုလေသည်။
ထုံးစံအတိုင်း မတထောင်သားတွေ မတထောင်သမီးတွေ ရေးကြသော ဘလော့ဂ်များ ဖြစ်ကြသည် နှင့်လျော်ညီစွာ တထောင့်တရာ့ကုန်သော အတွေးအခေါ်အယူအဆ အသီးသီး ကိုလည်း တွေ့မြင်ရလေသည်။
ကျွန်ုပ်အနေဖြင့် နားမလည်နိုင်သော အဆိုအမိန့်နှစ်ခုကိုလည်း တွေ့ရ၏။ အင်တာနက်ပေါ်တွင် လည်းကောင်း၊ အပြင်ဘက်လောကတွင် ဒီမိုကရေစီ ဘက်တော်သားဟု ဆိုအပ်သော လူအချို့ အကြားတွင်လည်းကောင်း ဤစကားနှစ်ရပ်ကို မကြာခဏ ကြားရလေ့ရှိ၏။
၎င်းအဆိုအမိန့်များမှာ အခြားမဟုတ်။ “လူထုအုံကြွမှုကြီးကို အချိန်ကိုက် လုပ်ယူ၍ မရ” ဆိုခြင်းနှင့် “လူထုအုံကြွမှုကို ဖန်တီးလုပ်ယူ၍မရ” ဟူသော အဆိုအမိန့်များပင်တည်း။ ဘယ် ဖီလိုဆိုဖာဦးမြသာ ကများ ရမ်းတုပ်လိုက်သည်မသိ။ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားရဲ့ အိုင်ဒီယော်လော်ဂျီတွေလည်း ဖြစ်နိုင်သည်။ လျှော့တွက်၍မရ။
“လူထုအုံကြွမှုကြီးကို အချိန်ကိုက် လုပ်ယူ၍ မရ” ဆိုသော အဆိုအမိန့်နှင့် ပတ်သက်၍ စဉ်းစားရန်မှာ ကျွန်ုပ်တို့၏ မြန်မာပြည်သမိုင်းဝယ် ၈၈၈၈ (ရှစ်လေးလုံး) လူထုအုံကြွမှုကြီး ဟူသည် အမှန်တကယ်ပင် ရှိခဲ့၏။ လူထုအုံကြွမှုကြီးကို အချိန်ကိုက်ပြီးဖြစ် ပေါ်အောင် လုပ်ယူ၍မရ ဆိုခဲ့လျှင် ထိုသို့ ဖြစ်တောင့်ဖြစ်ခဲ ရှစ်လေးလုံးထပ်သောနေ့တွင် တတိုင်းပြည်လုံး မြို့ကြီးများအများစု၌ ဖြစ်ပေါ်ခဲ့သော လူထုအုံကြွမှုကြီးသည် ထာဝရ ဘုရားသခင်၏ အလိုတော်အရ ဖြစ်ပေါ်လာခဲ့လေသလော။ သို့တည်းမဟုတ် ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဆိုသလို တိုက်တိုက်ဆိုင်ဆိုင်ကြီး ဖြစ်သွားခြင်းပေလော။ ကျွန်ုပ်အဘို့ အင်မတန် စဉ်းစားရ ကျပ်လှပေသော ပုစ္ဆာကြီးတခုပေတည်း။ ထိုအဆိုအမိန့်ကို မြွက်ဟသော ဘလော့ဂါပညာရှိတို့ ရှင်းလင်းဖြေကြားပေးကြပါကုန်။
ထိုမှတပါးလည်း ကျွန်ုပ်တို့ တိုင်းပြည်ထက် နည်းပညာထွန်းကားသော “ဖိလစ်ပိုင်”တွင်မူ လူအများ လမ်းမပေါ်ထွက် အုံကြွမည့်နေ့အား “မိုဘိုင်းလ်ဖုန်း”မှတဆင့် “မက်ဆေ့ခ်ျ” များ အသီးသီး ဆင့်ပွားကြကာ သမ္မတ မင်းကိုပင် ဖြုတ်ချသော ရာဇ၀င် ထင်လင်းစွာရှိလေ၏။ ယင်းအဖြစ်အပျက်ကို သိုးဆောင်းစကားဖြင့် “ပီးပဲပါဝါ” ဟု လူသိများ၏။ ကျွန်ုပ်တို့ ကိုးကွယ်သော ဗုဒ္ဓမြတ်စွာပင်လျှင် ရှေးယခင် အလောင်းတော်ဝေဿန္တရာမင်းကြီးဘ၀က ပီးပဲပါဝါ နှင့် ဖြုတ်ချခြင်း ခံခဲ့ရဘူးသည် ဆို၏။ မြန်မာ့သမိုင်းတွင် ဒေါ်မန်စမစ်ပြန်ယူလာသော စက္ကူဖြူစီမံကိန်းကိုလည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြန်မာတွေ ကန့်ကွက် ဆန္ဒပြခဲ့ကြသည် ဟူ၏။ ဤအဖြစ်အပျက်အားလုံးသည် မည်သူတဦးတယောက်၏ လှုံ့ဆော်မှုမပါဘဲ သူ့အလိုအလျောက် အချိန်ကိုက်ပြီး ဖြစ်ပျက်ခဲ့ရသည်ဆိုပါလျှင် သြော်.....တိုက်ဆိုင်လွန်းလှချေသည် တကား။
အကယ်၍သာ လူထုကို ကျကျနန စည်းရုံးပြင်ဆင်ထားကာ (ယခုအခါ လူထု၏ နိုင်ငံရေး ရေချိန်မှာ အထူးတလည် စည်းရုံးစရာမလိုအောင် မြင့်တက်လျက်ရှိသည်) သပိတ်ကော်မတီ အဖွဲ့ငယ်များကို မြို့အသီး သီးတွင် စနစ်တကျ လျို့ဝှက်ဖွဲ့စည်းထားပါက အချိန်ကိုက်၍ အုံကြွရန်ဟူသည် အဘယ်မှာလျှင် မဖြစ်နိုင် ရှိအံ့နည်း။ ဖြစ်နိုင်၍ပင် ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်သို့ သွားရောက်အရေးမဆိုခင် လူထုကို တောင့်ထားဘို့ မှာကြားခဲ့သည်မဟုတ်ပါလော။ ထို့ပြင် ဖက်ဆစ်တော်လှန်ရေးကဲ့သို့သော လက်နက်ကိုင်တော် လှန်ရေးကိုပင်လျှင် လျို့ဝှက်စွာ ပြင်ဆင်ထားခဲ့ပါက အချိန်ကိုက် လုပ်ဆောင်နိုင်သည်ကို တွေ့ကြရပေမည်။
ထိုသို့စဉ်းစားလိုက်ပါက “ဖီလော်ဆော်ဖာ ဦးမြသာ” များ၏ ပထမ အဆိုအမိန့်မှာ သို့သော သို့လော ဒွိဟ သံသယ ဖြစ်ဘွယ်ရာ၊ အကြောင်းအကျိုးမခိုင်လုံသော အဆိုအမိန့် ဖြစ်နေလေပြီ်။ မည်သို့ပင်ဖြစ်စေ ဤအဆိုအမိန့်ကို စတင်တည်ထောင်သူအား မြန်မာပြည်၏ ဂုဏ်ထူးဆောင် အတွေးအခေါ် ပညာရှင် “ဒေါက်တာဆိတ်ဖွား” ဘွဲ့ထူးကို ချီးမြှင့်အပ်ကုန်၏။ အဘယ့်ကြောင့်ဆိုသော် ထူးထူးခြားခြား ဖြန့်ကျက်တွေး နိုင်စွမ်း၊ ဖောက်ထွက်တွေးနိုင်စွမ်း ရှိသောကြောင့်ပင်တည်း။
ဒုတိယ အဆိုအမိန့် ကျန်သေး၏။ “လူထုအုံကြွမှုကို ဖန်တီးလုပ်ယူ၍မရ” ဆိုသော အဆိုအမိန့်ပင်တည်း။ အစစ လွတ်လပ်ကာ အဆင်ပြေနေသော တိုင်းပြည်တွင်တော့ မှန်ကောင်းမှန်ပေမည်။
သို့သော် မြန်မာပြည်နှင့် ပတ်သက်၍မူကား ယင်းအဆိုအမိန့်ကိုသာ အမှန်ဟု ယူဆရပါက မြန်မာပြည်သမိုင်းတွင် ဖြစ်ပေါ်ခဲ့သမျှ သော လူထုလှုပ်ရှားမှု၊ အုံကြွမှုမှန်သမျှသည် မည်သူ၏ လုံ့လ ပယောဂ၊ အားထုတ်မှုမျှ မပါဘဲ အလိုအလျောက်ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များဟု သဘောပိုက်ရချေတော့မည်။ အင်္ဂလိပ်ခေတ်ကဆိုလျှင် လွတ်လပ်ရေးရခဲ့သည်မှာ ၀ိုင်အမ်ဘီအေအသင်း၊ ဂျီစီဘီအေအသင်း၊ ဒို့ဗမာအစည်းအရုံး၊ နဂါးနီအသင်း၊ ကျောင်းသားသမဂ္ဂနှင့် ဖဆပလ အဖွဲ့ချုပ်ကြီး စသည့် အဖွဲ့အစည်း အသင်းအပင်းအပေါင်းတို့၏ ကြိုးစားမှုကြောင့်မဟုတ်ဟု ကောက်ချက်ဆွဲရပေမည်။ ထို့ပြင် မကြာသေးမီ အတိတ်သမိုင်း ကြောင်းကို ပြန်ကြည့်လျှင်လည်း ဗကသ၊ မကသ၊ အကသ စသည့် ကျောင်းသား သမဂ္ဂများ၊ ရဟန်းပျိုများအဖွဲ့၊ သံဃာ့သမဂ္ဂီ၊ ရှေ့နေများအဖွဲ့၊ စာရေးဆရာများ၊ အနုပညာရှင်များအဖွဲ့ စသည့် မြေပေါ်မြေအောက် အဖွဲ့အစည်းမှန်သမျှတို့၏ ကြိုးစားအားထုတ်ခဲ့မှုမှန်သမျှကို မျက်ကွယ်ပြုရချေတော့မည်။ ဤဒုတိယအဆိုအမိန့်ကို လက်ခံလိုက်လျှင် မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက်လုံး စွန့်လွှတ်စွန့်စားပေးဆပ်ခဲ့သူအပေါင်းနှင့် ၄င်းတို့ ကြိုးစားခဲ့သမျှအား မစင်နဲ့ ပက်သကဲ့သို့ ရှိချေတော့မည်။ ထိုမျှမက ယခုလက်ရှိ လှုပ်ရှားလျက်ရှိသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နှင့်တကွ ကျောင်းသား၊ ရဟန်းသံဃာ၊ ပြည်သူ အသီးသီးတို့အား ၄င်းတို့ လုပ်ကိုင်နေသမျှအား စွန့်လွှတ်၍ လူထုအုံကြွမှုကြီးတခု သူ့အလိုအလျောက် ပေါ်ပေါက် လာသည်ကိုလည်းကောင်း၊ အပြောင်းအလဲတရပ် သူ့အလိုအလျောက် ပေါ်ပေါက်လာသည်ကိုလည်းကောင်း အသာထိုင်စောင့်ကြရန် တိုက်တွန်းရတော့မလိုဖြစ်နေသည်။ (ပြောသာပြောရသည်။ ကိုဇာနည်၊ ကိုအေးလွင်၊ ကိုနေ၀င်းမောင်နှင့် ယခုနောက်ဆုံး ကိုကျော်ဝင်း စသူတို့သည် မဆွခင်ကပင် စတင်တိုက်တွန်းနေခဲ့လေပြီ တကား။)
လူအများ လမ်းမပေါ်ထွက် ဆန္ဒပြခြင်းသည် အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။ ထိုသို့ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို ပစ်ခတ်နှိမ်နင်းသဖြင့် သွေးထွက်သံယို ဖြစ်ပွားလျှင် အင်အားသုံးသော အစိုးရ၏ အပြစ်သာ ဖြစ်သည်။ လူထုကို လမ်းပေါ်ထွက်ရန် စည်းရုံးလှုံ့ဆော်သော နိုင်ငံရေးသမားများ၏ အပြစ်မဟုတ်။ ရှစ်လေးလုံးအရေးတော်ပုံနှင့် ရွှေဝါရောင်တော်လှန်ရေး အတွင်းက လမ်းပေါ်ထွက် ဆန္ဒပြသူများသည် သေနတ်နှင့် အပစ်ခံချင်၍၊ ၀ါးရင်းတုတ်ဖြင့်အရိုက်ခံလို၍ ထွက်ကြခြင်းလည်းမဟုတ်။ မိမိ၏ အခွင့်အရေးအတွက် မိမိတို့အသိနှင့် မိမိတို့ တိုက်ပွဲဝင်ခြင်းသာဖြစ်သည်။
အင်္ဂလိပ်ခေတ်ကဆိုလျှင် ဆီးဘန်နီဆရာတော်က “ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝနှင့်၊ သုဉ်းရပြန်လှစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တတွေသည်၊ သေသော်မှတည့် သြော်ကောင်း၏” ဟူ၍ပင် ရေးဘူးခဲ့သည်။ လွတ်လပ်ရေးအတွက် အသက်စွန့်ရန် ၀န်မလေးသူများကို မြန်မာ့သမိုင်း ကမ္ဘာ့သမိုင်းတွင် အမြောက်အများတွေ့နိုင်ပေသည်။
သို့စင်လျက် အချို့သော သူများအနေဖြင့် မိမိအသေမခံရဲ၊ တုတ်ဖြင့် အရိုက်မခံရဲသည့်နည်းတူ လူတိုင်းကို မိမိကဲ့သို့ပင် သတ္တိနည်းမည်ယူဆကာ လမ်းပေါ်ထွက်ကြမည့်ကိစ္စအား ဆန့်ကျင် တိုက်ခိုက်ပြောကြား နေသည်မှာ “ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ မစုစုနွေး၊ ကိုထင်ကျော်နှင့်အဖွဲ့၊ ကိုမင်းကိုနိုင် နှင့် ရှစ်လေးလုံးခေါင်းဆောင်များ၊ အခြား အကျဉ်းကျခံနေရသူများ၊ တော်လှန်ရေး ခရီးစဉ်တလျှောက် မြို့ပေါ်တွင် အသက်ပေးလှူ သွားခဲ့ကြသူများ၊ တောထဲတောင်ထဲတွင် ကျဆုံးသွားခဲ့သူများ” စသည့် သတ္တိရှိသူ၊ စွန့်လွှတ် ပေးဆပ်သူတို့ကို လုံးလုံးထည့်သွင်းမစဉ်းစားရာ ရောက်နေပါသည်။ ရှက်ဖွယ်စလိ။
အဆိုပါ အဆိုအမိန့်နှစ်ခုကို လက်ကိုင်ထား၍ လူထုအုံကြွမှုအား (လူတွေ လမ်းပေါ်ထွက်မည့်အရေးကို)နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်လျက်ရှိသော ပညာရှိအပေါင်းတို့အား လူ့အခွင့်အရေး လှုပ်ရှားသူတဦး၏ စကားကိုးတခုကို ဖော်ပြလိုက်ရပါသည်။
"Those who favor freedom and yet deprecate agitation are men who want crops without plowing up the ground; they want rain without thunder and lightening; they want the ocean without the awful roar of its waters. This struggle may be a moral one; it may be a physical one; or it may be both moral and physical. But it will be a struggle.Power concedes nothing without demand; it never did and it never will."
.......................................................................................................Frederick Douglas

1 comments:

Anonymous said...

အရမ်းမှန် အရမ်းကောင်း အရမ်းထောက်ခံ၏

သူရဲဘောကြောင်သူတို့၏ ဆင်ခြေ ဖြစ်နိုင်၏

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs