“တူတူဘဲ” ဆိုသော ကျောင်းနေဘက် သူငယ်ချင်းတယောက်ကို သတိရမိသည်။ သူ့နာမည်ရင်းက ၀င်းမောင်။ သူနှင့် အခြားတယောက်ယောက် ငြင်းကြတိုင်း သူ့ဘက်က အခြေအနေမဟန်လျှင် “အတူတူဘဲလေ၊ တူတူဘဲ” ဟု အတင်း လျှောချတတ်သော ကြောင့် ကျနော်တို့က သူ့ကို “တူတူဘဲ” ဟု နာမည်ပြောင်ပေးထားခြင်းဖြစ်သည်။
ယခုပြောလိုသည်မှာ တူတူဘဲ အကြောင်းကိုတော့မဟုတ်။ ကျနော် မြန်မာပြည်တွင် ရှိစဉ်က “တူတူဘဲ” နှင့်အတူ ရန်ကုန်ဆေးရုံကြီးတွင် သွေးလှူခဲ့ဘူးခြင်းကို သတိရမိ သောကြောင့် ဖြစ်သည်။ အခုပြန်စဉ်းစားတော့ အဲသည်အဖြစ်က ရယ်စရာလည်းကောင်းသည်။ တုန်လှုပ်စရာလည်းကောင်းသည်။
မှတ်မှတ်ရရ ကျနော့်ဘ၀တွင် ပထမဦးဆုံးအကြိမ်သွေးလှူခဲ့ဖူးခြင်းမှာ ရန်ကုန်စက်မှု တက္ကသိုလ် ဆေးခန်း (တင်းနစ်ကွင်းနံဘေးက)၌ စက်မှုတက္ကသိုလ်ဗုဒ္ဓဘာသာမိသားစုမှ ကြီးမှူးပြုလုပ်သော သွေးလှူပွဲတွင် ဖြစ်သည်။ အဲသည်တုန်းက ကျနော်က ပိန်ပိန်လေး။ ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက်။ သွေးကလည်း ကျဲမှကျဲ။ တပုလင်းကို ခဏလေးအတွင်းပြည့်သွားသည်။
ယမုံနာဟုခေါ်သော သူငယ်ချင်းတယောက် သွေးပျစ်သဖြင့် အကြာကြီး လှူရသည် ကိုပင် မှတ်မိသေးတော့။ အဲသည်တုန်းက ကျနော်တို့က စတုတ္ထနှစ်ကျောင်းသား တွေပေါ့။
ရန်ကုန်ဆေးရုံကြီးတွင် သွေးလှူတဲ့အချိန်ကျတော့ ကျနော်သည် ကျောင်းပြီးလို့ အဖြူအမဲ တယ်လီဗီးရှင်းတွေကို ပြုပြင်ပေးရသည့် အလုပ်တခုမှာ ၀င်လုပ်နေပြီဖြစ်သည်။ သူငယ်ချင်း တယောက် အဆက်အသွယ်နှင့် ပထမဦးဆုံး ၀င်လုပ်ခဲ့သည့်အလုပ်။ တကယ်က တယ်လီဗီး ရှင်း ပြင်ရသည်မဟုတ်။ လိုင်းမိအောင် ချိန်ပေးရခြင်းမျှသာဖြစ်သည်။ တောကနေ တက်လာပြီး တီဗီလာဝယ်သူများ အိမ်ပြန်ရောက်လျှင် မချိန်တတ်မှာစိုး၍ ကြိုတင် ချိန်ပေးထားရခြင်း။ တရုတ်ကသွင်းလာတဲ့ ပစ္စည်းတွေဆိုတော့ ပျက်တာတွေလည်းပါရဲ့။ သည်လိုဘဲ သူငယ်ချင်းတစု ရမ်းသမ်းပြင်ကြသည်။ တယ်လီဗီးရှင်းအပျက်တလုံးကို နောက်ကနေ အဖုံးဖွင့်ပြင်ရင်း စပီကာ ဘေးမှာ (ထုတ်လုပ်တဲ့ တရုတ်စက်ရုံက) ပလာယာကြီးတခု ကပ်ပါလာသည်ကိုတွေ့ရ၍ ရယ်ကြ ရသေးသည်။
တနေ့တွင် ထိုအလုပ်ကိုသွင်းပေးသော သူငယ်ချင်း၏ အဒေါ်ဖြစ်သူ လည်ချောင်းခွဲရန်အတွက် သွေးလိုသဖြင့် ကျနော်၊ တူတူဘဲ နှင့် သူငယ်ချင်း၏ နှမ၀မ်းကွဲတို့ ဆေးရုံကြီးတွင် သွေး သွားလှူကြသည်။ အဲသည်အချိန်မှာတော့ ကျနော်ခန္ဓာကိုယ်အလေးချိန်တက်စပြုနေပြီ။ ဒါပေမယ့် ကြည့်ကောင်းရုံလေး ၀သေးတဲ့အချိန်။ ၀က်သားအဆီအအိမ့်များ အလွန်ကြိုက် သဖြင့် သွေးထဲတွင် ကော်လက်စထရောကလည်း အတော်စုမိနေပေလိမ့်မည်။
သွေးလှူတော့ သွေးလှူရန် ကုတင်က နှစ်လုံးဘဲရှိ၍ ကျနော်နှင့် တူတူဘဲက အရင်စ လှူရသည်။ နှစ်ယောက်သား တယောက် တကုတင်စီပေါ်မှာ လဲလျောင်းရင်း အတူစလှူပါလျက် တူတူဘဲ က ကျနော့်အရင်စောပြီး ပုလင်းပြည့်သွားသည်။ ကျနော့်သွေးမှာ ပျစ်စပြုနေပြီ ဖြစ်၍ တော်တော်စောင့်လိုက်ရသည်။
ကျနော်လှူပြီး ကုတင်ကထလာတော့ တူတူဘဲက ရှေ့က အခန်းထဲမှာ ကြက်ဥ စားရင်း ကျနော့်သူငယ်ချင်း၊ သူ့အဒေါ်၊ နှမ၀မ်းကွဲတို့ဖြင့် စကားဖောင်နေပြီ။ တူတူဘဲ စကားပြောလျှင် အဝေးကြီးက ကြားရအောင် ကျယ်လောင်သည်။ ကျနော်လည်း သူ့ဘေးမှာ ၀င်ထိုင်လိုက်ရင်း ကျနော့်အတွက် ပေးလှာသည့် ကြက်ဥကို စားမည်ဟု ခေါင်းအငုံ့…..ကျနော်မိုက်ကနဲဖြစ်ကာ သတိလစ်သွားလေတော့သည်။
သတိပြန်ရလာတော့ လူက ကြမ်းပြင်ပေါ်မှာ ပက်လက်။ ခြေထောက်နှစ်ချောင်းကို ကုလား ထိုင်ပေါ်မှာ တင်ပေးထားကြသည်။ ကျနော် သတိလစ်သွားသည်တဲ့။ အားလုံး စိုးရိမ်နေကြ သည်။ ကျနော်က “အခုမှဘဲ လူစင်စစ်က တစ်တီတူး ဖြစ်တော့တယ်” လို့ စကား စပြောလိုက်တော့မှ သူတို့အားလုံးဝိုင်းရယ်ရင်း နည်းနည်းစိတ်ပေါ့သွားကြသည်။ ထို့နောက် ခဏနေတော့ ကုတင်ပေါ်ကို ရွှေ့ဘို့ လုပ်ကြသည်။ ကျနော့်ကို ၀ိုင်းပြီးမမယ် လုပ်ကြတော့ ကျနော်က “ရပါတယ်။ ကျနော် အမူးပြေပါပြီ။ ကျနော့်ဘာသာလျှောက်ပြီး ရွှေ့ပါမယ်” ဆိုကာ ထလျက် ကုတင်ဆီသို့သွား၏။ သူငယ်ချင်းနှင့် တူတူဘဲက ဘေးတဘက်တချက်က လက်မောင်းကို ထိန်းပေးရင်းလိုက်လာသည်။ ကုတင်သို့ မရောက်မီ လမ်းတ၀က်တွင်ပင် နောက်တကြိမ် သတိလစ်သွားပြန်လေသည်။
သို့နှင့် ဇာတ်ပေါင်းတော့ ကျနော့်သွေးအလှူခံသည့် လူနာအဒေါ်ကြီးအပါအ၀င် သူတို့အားလုံး ကျနော့်ကိုယ်အား ၀ိုင်းမပြီး ကုတင်ပေါ်တင်ကြရသည်။ (အလေးချိန်ကလဲ စီးသကိုး)။ ကျနော်တို့ နောက်တွင် သွေးလှူမည်ဖြစ်သော သူငယ်ချင်း၏ နှမ၀မ်းကွဲမှာလည်း ကျနော့် အဖြစ်ကို မြင်ပြီးသကာလ ကြောက်လန့်ကာ မလှူရဲတော့ချေ။
ထိုအခေါက်သည် ကျနော့်ဘ၀တွင် နောက်ဆုံးအကြိမ် သွေးလှူခဲ့ခြင်းဖြစ်ပါသည်။ ယခုအချိန် ၌မူ ကျနော်လှူချင်စိတ်ရှိဦးတော့ ကျနော်ကျန်းမာရေးအရ လှူနိုင်သည့် အနေအထား မရှိတော့ပါ။ သွေးလှူသည် ဆိုသည်မှာ လူ့အသက်ကို ကယ်တင်ခြင်းဖြစ်၍ ကုသိုလ်ရရုံမျှမက မိမိကိုယ်တိုင်ကလည်း ကျန်းမာသန်စွမ်းနေသေးသည့်အဓိပ္ပါယ်ဖြစ်၍ အင်မတန် မင်္ဂလာရှိ သော အမှုတခုပင် ဖြစ်ပါတော့သည်။

(ကလိုစေးထူးရဲ့ ဘလော့ဂ်မှာ “သင့်သွေးဖြင့်…” ဆိုတဲ့ ပို့စ်ကလေးဖတ်ပြီး ဒီပို့စ်ကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ ကျနော့်ပို့စ်ကိုလည်း နာမည်အတူတူဘဲ ပေးလိုက်ပါတယ်။)
6 comments:
ကိုပေါရေ...ဘာပဲဖြစ်ဖြစ် ကိုပေါက သင့်သွေးဖြင့် အသက်ကယ်ဖူးတာ ဝမ်းသာကြည်နူးစရာပါ။ ကျွန်မကတော့ ငယ်ကတည်းက သွေးအားနည်းတတ်လို့ သွေးလှူခွင့်မကြုံခဲ့ဘူး။ ကျောင်းမှာ သူများတွေသွေးလှူတာကို ဘေးကပဲအားပေးခဲ့ရတယ်။
ကိုပေါရဲ့ သင့်သွေးဖြင့်... ကိုလည်း လာဖတ်သွားပါတယ်ဗျာ။ သွေးကျဲတဲ့အထဲမှာ ကျနော်လဲ ပါသဗျို့။
ဟုတ်သဗျ :D ဘာပဲ ဖြစဖြစ လှူခဲ့တာတွေ အတွက် သာဓု ပါ ခင်ဗျာ :D
စာရေးသိတ်သွက်တဲ့ ကိုပေါရဲ့ ဘလော့ဂ်ကို တန်ခူးဆီက တစ်ဆင့် လာလည်ပါတယ်။ စာတွေ အများကြီး ဖတ်သွားပါတယ်။ အကြိုက်ဆုံး ပိုစ့်ကတော့ တစ္ဆေ ပါ။
Ko Paw,
Whenever I meet them, they still remembered you and asked about you. I told them your latest information(as much as I know :) ) and we all laughed,remembering that day. I think they will not forget you both and that time.
We frequently visit your blog, reading your posts, laughing, smiling, etc....
Hope we can meet again!
Yours
TTL
တန်ခူး၊ ကိုစေးထူး၊ ကိုစိုးထက်နဲ့ သက်ဝေတို့ လာလည်ပြီး ကွန်မင့်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တီတီအယ်လ်.......ငါ့ဘလော့ဂ်ကို လာလည်တဲ့အတွက် ကျေးဇူးပဲသူငယ်ချင်း။ တူတူဘဲတို့ ၀ူးဝါးတို့ကို သတိမရဘူးလား။ အဲဒီအချိန်တွေက ပျော်စရာလည်းကောင်း၊ အခုကျတော့ လွမ်းစရာလည်းကောင်းပေါ့။
Post a Comment