ထုံးစံအတိုင်း ဘလော့ဂ်ပေါင်းစုံသို့ အားရအောင် လှည့်လည် ဖတ်ရှုပြီးသကာလ မအိပ်ချင်လှသေးသော်လည်း နောက်တနေ့ အလုပ်ဆင်းရမည်ဖြစ်၍ ကိုယ့်ကျန်းမာရေးကို ငဲ့ညှာသောအားဖြင့် ကွန်ပြူတာပိတ်၊ မီးမှိတ်ကာ အိပ်ယာဝင်ဘို့ ပြင်ရလေသည်။ “မဒမ်ပေါ”သည်ကား အိပ်စက်ခြင်းသို့ ရောက်နှင့်လေပြီ။ ကျနော်သည် အိပ်ယာပေါ်တွင် လက်ထောက်ပြီး ခေါင်းအုံးပေါ်သို့ ခေါင်းကိုဖြည်းညှင်းစွာ လှဲချလိုက်စဉ်ခဏ မိုက်ကနဲဖြစ်ကာ သတိလစ်သွားသည်။
ကျနော်သတိပြန်ရလာတော့ ကျနော့်ခေါင်းထဲမှာ ကြည်လင်နေသည်။ ထို့ပြင် ကျနော့် ခံစားမှုမှာလည်း ပေါ့ပါးသွက်လက်လှသည်။ ကျနော်ဘာဖြစ်သွားတာပါလိမ့်။ ခဏတဖြုတ် မူးမေ့သတိလစ်သွားတာဘဲ ဖြစ်ရမည်။ အိပ်ယာထဲတွင် ပြန်ထထိုင်လျက် ဇနီးကို နှိုးကာ ပြောမည်အပြုတွင် ရုတ်တရက် အိပ်ယာပေါ်တွင် မြင်လိုက်ရသော အခြင်းအရာကြောင့် လန့်အော်မိမတတ်ဖြစ်သွားသည်။ ဘုရားရေ။ ကျနော်ထထိုင်လိုက်ပေမင့် အိပ်ယာပေါ်တွင် ကျနော်၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် လဲလျောင်းလျက်သား ရှိနေသည်ကို ကျနော်ကိုယ် ကျနော် ပြန်မြင်နေရသည်။ ကျနော်၏ မျက်နှာကလေးသည် ပီဘိ အပြစ် ကင်းစင်သော အိပ်ပျော်နေသည့်ကလေးငယ်၏ မျက်နှာလေးပမာ ပကတိ ကြည်လင်နေသည်။ (ခင်ဗျားတို့ မရယ်ကြနဲ့ဗျာ။ ဟို ဘလော့ဂါ ကဗျာဆရာမ လေသံနဲ့ ပြောရရင် ၀တ္ထုကို ၀တ္ထုလို ဖတ်ကြပါ။ ဒီဇာတ်ကွက် ကလေးက ဒယ်မီမိုးပါတဲ့ Ghost ဇာတ်ကားထဲက လူမသိအောင် ခိုးချ ထားရတာ။ လွယ်တာမှတ်လို့။ )
သို့သော် အနီးကပ် အသေအချာ ကြည့်လိုက်သောအခါ ကျနော့်နှာခေါင်းက အသက်မရှု တော့တာကို တွေ့ရသည်။ ကျနော့်ဇနီးတော့ မနက်မိုးလင်းလာလို့ တွေ့ရင် ငိုကြွေးပူဆွေး ပေရော့မည်။ (ဒီဝတ္ထုက အချစ်၊ အလွမ်းဝတ္ထုအနေဖြင့် ရေးရန် မရည်ရွယ်သဖြင့် “ခွဲရမှာ သည်းမြညှာ” ကိစ္စကို ဒီမှာတင်ရပ်လိုက်မည်။)
ထိုအခိုက်အတန့်မှာပင် အခန်းပြူတင်းပေါက်သည် သူ့အလိုအလျောက် အသာအယာ ပွင့်သွားပြီး အပြင်ဘက်မှ တောက်ပသော အလင်းတန်းများ အခန်းထဲသို့ ၀င်လာသည်။ သာယာညှင်းပြောင်းသော တေးဂီတသံများကို ကြားရသည်။ ဧကန္တ နတ်ခရုသင်း၊ သမင်ဖြူ၊ ပွေး၊ ညှင်း၊ ဒက် တို့ကို တီးမှုတ်သော အသံဖြစ်ရချေမည်။ အိပ်ယာပေါ်က ဖြေးညှင်းစွာ ထလိုက်တော့ ကျနော်သည် လဲမှို့တပွင့်လို လေထဲတွင် ပေါ့ပါးစွာ ဝေ့၀ဲကာ အခန်းပြူတင်းပေါက်သို့ ရောက်လာသည်။ အလို… နတ်မြင်းတထောင်ကတဲ့ နတ်ပန်းရထား ပါလား။ (ကိုယ့်လူတို့ ဘာသဘောနဲ့ မျက်ခုံးပင့်တာလဲ။ ၀တ္ထုကို ၀တ္ထုလို ဖတ်ပါလို့ ပြောနေတာ မရဘူးလား၊)
အပြင်ဘက်မှာ နတ်စန္ဒယားကို တီးနေသော နတ်သားက သူ့ကိုသူ မိတ်ဆက်သည်။ “ကျနော် ပဉ္စသိင်္ခပါ။ ဒီဘက်က ကိုမာတလိ”
(ကျနော်) “ခင်ဗျားတို့ အသက်ရှည်လှချည်လား။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓမြတ်စွာဘုရားပွင့်ချိန်ကတည်းက ခင်ဗျားတို့ နတ်ပြည်မှာ ရှိတယ်မို့လား”
(မာတလိ) “နတ်သက်တရက်က လူ့သက်တမ်း နှစ်တထောင်လောက်နဲ့ ညီတယ်ဆိုတာ ခင်ဗျားမသိဘူးလား။ ကျုပ်တို့ နတ်ပြည်အလိုအရဆိုရင် ဗုဒ္ဓပရိနိဗ္ဗာန်စံသွားတာ နှစ်ရက်ခွဲဘဲ ရှိသေးတယ်။ ဒီသဘောတရားတွေ အိုင်းစတိုင်းရဲ့ ရီလစ်တီဗတီသီအိုရီကို ကောင်းကောင်း နားလည်တယ်ဆိုရင် ခင်ဗျားသဘောပေါက်မှာပါ။ ”
(ကျနော်) “အေးပါဗျာ။ ကျုပ်နားလည်ပါပြီ။ ဒါနဲ့ ဟိုဘက်က ဆရာကိုမေးရဦးမယ်။ ကျုပ်ကြားဘူးတာ ဗေလုဝ နတ်စောင်းကို တီးတယ်ဆို။ အခု ဘယ့်နှယ်လုပ် ပီယာနိုကြီးကို တီးနေရတာလဲ။
(ပဉ္စသိင်္ခ) “အိုဗျာ….နတ်လည်း နတ်အလျောက် ခေတ်နဲ့ အညီတော့ လိုက်လျောညီထွေ နေရတာပေါ့ဗျ။ စောင်းဆိုတာက ခင်ဗျားတို့ မြန်မာပြည်မှာတောင် ဆို၊က၊ရေး၊တီး ပြိုင်ပွဲတွေမှာလောက်ဘဲ သုံးကြတော့တာမဟုတ်လား။ ခင်ဗျားကြိုက်တတ်မှန်းသိလို့ နတ်ပြည်မှာ ဂျက်ဇ် တီးဝိုင်းတောင် ထောင်ထားသေးတယ်။”
(ကျနော်) “ကဲပါဗျာ….ထားပါတော့။ ခင်ဗျားတို့ အခု ကျုပ်ကို လာခေါ်တာလား။”
(မာတလိ) “ဟုတ်တယ်ဗျို့….အချိန်လည်း သိပ်မရတော့ဘူး။ နတ်ပြည်မှာလည်း ဓါတ်ဆီဈေးတွေ တက်နေလို့ ပန်းရထားတွေ ပုံမှန် မပြေးဆွဲနိုင်တော့ဘူး။ အခုတောင် သိကြားမင်းရဲ့ နတ်ရထားကို ခဏတဖြုတ် ငှားလားရတာ။ လာ…သွားကြစို့”
(ကျနော်) “နေဦးဗျ။ ကျုပ်က လူ့လောကကို ခင်တွယ်တယ်။ ချက်ချင်းကြီး မလိုက်ချင်သေးဘူး။ ကျုပ်ကို မိုးလင်းမှ တခေါက် ထပ်လာခေါ်ရင် ရမလား”
(မာတလိ) “ရတော့ ရပါတယ်။ ဒါပေမယ့် ခင်ဗျားက သေပြီးသားဖြစ်နေတော့ လူအဖြစ်တော့ ပြန်မရတော့ဘူးပေါ့ဗျာ။ သရဲ တစ္ဆေဘ၀နဲ့ဘဲ ဒီတည နေခဲ့ရမယ်။ ဘယ့်နဲ့လဲ။ ဖြစ်တယ်မို့လား။”
(ကျနော်) “အာ…သိပ်ဖြစ်တာပေါ့။ ကျုပ်ကလည်း ကျုပ်အသိတွေထဲမှာ ကျုပ်သရဲဖြစ်ရင် သွားပြီး ခြောက်ချင်လှန့်ချင်တဲ့ လူလေးတွေ ရှိသေးတယ်။ ခင်ဗျားတို့ မနက်ကျရင် ဆက်ဆက်လာခေါ်ဘို့သာ ကတိပေးပါ။
(မာတလိ) “စိတ်ချပါ။ ကျုပ်တို့က ခင်ဗျားတို့ အစိုးရလို ရှုံ့ချည်နှပ်ချည် မလုပ်တတ်ပါဘူး။ မနက် မိုးမလင်းခင် ထပ်လာခေါ်မယ်။ နောက်ကျလို့မရဘူးနော်။ အလင်းရောင်မလာခင် ပြန်လာခေါ်မယ်။ နောက်ကျရင် ခင်ဗျား သရဲဘ၀မှာဘဲ အကြာကြီး နေသွားရလိမ့်မယ်။ ကဲ…အခုတော့ သွားပြီဗျိုး”
မာတလိတို့ ထွက်သွားသော အခါ ကျနော်သည် အိပ်ယာအစွန်းတွင် ထိုင်၍ တွေးတောကျန်ရစ်ခဲ့သည်။ (ကိုယ်ခန္ဓာမရှိဘဲ ဘယ်လို ထိုင်သလဲ မမေးပါနှင့်။ ကိုယ့်ဟာကိုယ်သာ တွေးကြည့်ပါ။ ၀တ္ထုကောင်းတို့မည်သည်မှာ စာဖတ်သူကို တွေးစရာ ပေးရတယ်တဲ့။) အခု တညလုံးလုံး အချိန်ရသေးသည်။ ဘာလုပ်ရလျှင် ကောင်းမည်လဲ။
အိပ်ယာစွန်းတွင်ထိုင်ရင်း လှည့်ကြည့်လိုက်တော့ မဒမ်ပေါကတော့ အိပ်လို့ကောင်းတုန်း။ သွားတောင် ကျိတ်နေလိုက်သေးသည်။ ကျနော်တို့ နှစ်ယောက်အကြားက အိပ်ယာတွေလည်း တွန့်ကြေနေသည်။ အရေးထဲ ကြည်အေးရဲ့ တစ္ဆေကဗျာက ခေါင်းထဲ ရောက်လာလို့ သရဲမှာ ရယ်ရသေးသည်။
အိပ်လို့မရ
ညကြီးမင်းကြီး
ထပြီးထိုင်နေ
အိပ်ယာတွေလည်း
ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်….တဲ့။
ကြည်အေးကတော့ ကဗျာထဲမှာ တစ္ဆေငါကိုယ်တိုင်ပါဘဲတဲ့။ ဟဲဟဲ…အခုမှဘဲ ဒီကဗျာကို အပြည့်အ၀ ခံစားလို့ရတော့တယ်။
ကဲ…အခုက ညဥ့်လဲနက်ပြီ။ ဒီအချိန်မှာ လူအတော်များများကတော့ အိပ်မောကျနေကြရော့ မည်။ အိပ်ပျော်နေသူများကို သရဲခြောက်၍ ရမည်မထင်။ ဒီအချိန်မအိပ်သေးတာ ဘယ်သူတွေ ရှိမလဲ။ စဉ်းစားစမ်း။ စဉ်းစားစမ်း။
ဟုတ်ပြီ။ သိပြီ။ ဒီအချိန် မြန်မာဘလော့ဂါတွေ အိပ်ကြဦးမည်မဟုတ်သေး။ ကိုယ့်ထမင်း ကိုယ်စားပြီး ကိုယ့်ဒုက္ခကိုယ် ခံနေတဲ့ သနားစရာသတ္တ၀ါလေးတွေပါလား။ သူတကာ နားချိန်လည်းမနားရ။ အိပ်ချိန်လည်း မအိပ်ရ။ ကိုယ့်ဘလော့ဂ်ထဲ ၀င်ဖတ်တဲ့ပရိသတ်ဦးရေ နည်းသွားလျှင် မျောက်မီးခဲကိုင်မိသလိုဖြစ်သူတွေဖြစ်။ ပို့စ်အသစ်မတင်နိုင်မချင်း ဂဏှာ မငြိမ်နိုင်။ ရေးစရာ လိုက်ရှာသည်။ ရှေးရှေးနှောင်းနှောင်းက ဓါတ်ပုံဟောင်းတွေ ပြန်ရှာတင်ပြီး အကြံအဖန် လုပ်မည်။ လတ်တလော သတင်းတွေအပေါ် ထင်မြင်ချက်တွေ ရေးမည်။ ရုပ်ရှင်ဇာတ်ကား သုံးသပ်ချက်တွေ ရေးမည်။ ဘာသာပြန်တွေ ရေးမည်။ အဲ...သူများရေးတာ တွေကို ဝေငှခြင်းတွေ လုပ်မည်။
ဟုတ်ပြီ။ ဒီငနဲတွေကို ခြောက်ရမည်။ နောက်ပြီး ဒီပုဂ္ဂိုလ်တွေက ငါသေသွားပြီဆိုတာသိရင် ငါ့အသုဘကို အကြောင်းပြုပြီး ၀မ်းနည်းကြောင်း ဘာညာသာရကာ ရှေ့ကခံပြီး ပို့စ်တွေ ဖန်တီးကြ၊ ရေးကြနဲ့ အကြီးအကျယ် အမြတ်ထုတ်ကြဦးမှာ။ တကယ့်တကယ် စိတ်ထဲမှာတော့…“ဟိုကော်ဆဲ ဒီကော်ဆဲနဲ့ ဆရာကြီးစတိုင်ထုတ်ပြီး ရေးတဲ့ ငနဲတယောက် တော့ ကြွသွားပဟ” ဆိုပြီး ကျိတ်ဝမ်းသာနေဦးမှာ။
ဘယ်သူ့ကို သွားခြောက်ရမလဲ…စဉ်းစားလိုက်တော့…..“ဒီကိုလာပါ” ဆိုတဲ့ အသံကလေး ကြားလိုက်မိသလိုဘဲ။ ဘယ်ကို အရင်သွားရမလဲဆိုတာ ရုတ်တရက်အကြံရသွားသည်။ သူ့အိမ်လိပ်စာ ငါမသိ။ ဘယ်လိုသွားရပါ့။ ကိစ္စမရှိ။ ကွန်ပြူတာကိုပြန်ဖွင့်။ Blog Site Meter ထဲမှာ အိုင်ပီကို ပြန်ရှာသည်။ ပြီးတော့ သရဲတို့ တန်ခိုးဣတ္ထိပတ်နဲ့ မော်နီတာထဲ ခုန်ဝင်ကာ ကမ္ဘာ့အင်တာနက်ကွန်ယက်က လျှပ်စစ်လှိုင်းတွေကို စီးလျက် အိုင်ပီလိပ်စာအတိုင်းအရောက် သွားကာ တဖက်မော်နီတာမှန်သားပြင်မှတဆင့် လောကထဲကို ပြန်ခုန်ထွက်လိုက်ရသည်။
ကြည့်စမ်း။ ကြည့်စမ်း။ အခန်းတွင်းမှာ သုံးချောင်းထောက် ထရိုင်ပေါ့ပေါ်တွင် ခေါင်းအုံးတလုံး ကို တင်ထားသည်။ နေ့လည်က နေပူလှမ်းထားခဲ့ခြင်းဖြစ်မည်။ အိပ်ယာဘေးတွင် အသက် သုံးဆယ်ခန့် ရှိမည့် လူတယောက်။ လှုပ်လှုပ်ရွရွနှင့်။ နစ်ကွန်ကင်မရာကို သူ့ရည်းစားသဖွယ် နုနုရွရွ ဖွဖွကလေးကိုင်တွယ်ကာ အိပ်ယာပေါ်မှ ကင်မရာအိတ်ထဲသို့ ပြန်ထည့်နေသည်။ ပါးစပ်ကလည်း သီချင်းတစ်ပုဒ်ကို ညည်းနေသေးသည်။
ဘာတဲ့.....“ အသက် နှစ်ဆယ်ပြည့်တာ ကြာပြီကွယ်။ ရည်းစားလေးတယောက် လိုချင်တယ်။ မာမီရယ် ရှာပေးကွယ်။ ရည်စားလိုချင်တယ်။” တဲ့။
သရဲမှာ ရုတ်တရက် မထိန်းနိုင်ဘဲ “ခွိကနဲ” အသံထွက် ရယ်မိသည်။ ရယ်သံကြားတော့ ပုဂ္ဂိုလ်က သရဲမတ်တတ်ရပ်နေရာဘက်ကို မျက်နှာထားဆိုးဆိုးနှင့် လှည့်ကြည့်သည်။ သရဲလည်း ကပျာကယာ ကိုယ့်ရုပ်ကို အဆိုးဆုံးဖန်တီး၍ ကိုယ်ထင်ပြလိုက်ရသည်။
(သူက) “ဟေ့လူ။ ခင်ဗျားဘယ်သူလဲ...အခန်းထဲကို ဘယ်လိုရောက်လာသလဲ”
(ကျနော်) “ကျွန်ုပ်ကား သရဲ ဖြစ်တော့သကိုး”
ထိုသူသည် စိုးစဉ်းမှ လန့်သွားပုံမရဘဲ “ဟုတ်လား။ ခဏနော်” ဟု ဆိုကာ စောစောက ကင်မရာအိတ်ထဲမှ နီကွန်ဒီအိတ်တီး ကင်မရာကို ပြန်ထုတ်ယူဘို့ ကြိုးစားလေသည်။
သရဲ စိတ်ပိန်သွားသည်။ အရေးထဲ ကင်မရာသရဲနဲ့ လာတိုးနေသည်။ ကြောက်အောင် ခြောက်ချင်စိတ် ကုန်ခန်းသွားသည်။ သွားမှ၊ သွားမှ။ သူ့ကင်မရာထဲ ပါသွားလျှင် နောက်နေ့ သူပို့စ်အသစ်တင်စရာတခု အချောင်ရနေဦးမည်။ သရဲမှာ အချိန်မဆိုင်းဘဲ ကိုယ်ရောင် ဖျောက်ကာ မော်နီတာထဲ ခုန်ဝင်လိုက်ရသည်။ ဒါတောင် မော်နီတာထဲ မရောက်ခင် နောက်မှာ “တောက်” တချက် ခေါက်သံနှင့်အတူ ညည်းတွားသံကြား လိုက်ရသေးသည်။ “တောက်၊ စက္ကန့်ပိုင်းလေးနောက်ကျတာနဲ့ အကွက်ကောင်းလေး လွတ်သွားတယ်ကွာ” တဲ့။
သို့နှင့် အင်တာနက်ပေါ်တွင် စီးမျောပြီးသကာလ ပို့စ်အသစ်ရေးရမည်ကို ပျင်းတိုင်း မိမိ၏ ရင်သွေး လူမမည် ကလေးငယ်ကို ထိန်းကျောင်းရသောကြောင့်ဟု ဆင်ခြေပေး တတ်သော၊ အင်ဂျင်ကိုင်ခြင်းကို ၀ါသနာပါသော လူဟောင်း အမည်ရသည့် ဘလော့ဂါဆီသို့ သွားရလေ သည်။
ဤတကြိမ်တွင်ကား သရဲ၏ ရည်ရွယ်ချက် အထမြောက်လေသည်။ လူဟောင်းသည် အိပ်ရာဝင်ကာနီး သရဲကို မြင်သောအခါ လန့်အော်ကာ ရှူးရှူးများ ပါချလေသည်။ သူ့အော်သံကြောင့် သူ့မိန်းမနိုးလာသည်။ သရဲမှာ အခန်းထောင့်တွင် အသာကိုယ်ယောင်ဖျောက်လျက် အသံမထွက်အောင် ကျိတ်ရယ်ရင်း ကြည့်နေရသည်။
(မိန်းမ) ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ။ တော့် ပုဆိုးတထည်လုံးလည်း သေးတွေ စိုရွှဲလို့ပါကလား။
(လူဟောင်း) ဟို..ဟို....ဘုရင်မလေး ပေါက်ချတာပါကွာ။
သရဲမှာ ရယ်ရလွန်း၍ ကြာလျှင် သရဲကိုယ်တိုင် ရှူးရှူးများ ထွက်လာမည်စိုးရိမ်ရသဖြင့် နောက်ဘလော့ဂါ တယောက်ဆီသို့ လျှပ်စစ်လှိုင်းစီးကာ လာခဲ့ပြန်သည်။
ယခုတခါ ခြောက်ရမည့်သူမှာ ထိလွယ်ရှလွယ် ကဗျာကောင်ကြီးဖြစ်သည်။ ထိလွယ်ရှလွယ် ဆိုတော့ ခြောက်လှန့်ရလည်း လွယ်မည့်ပုံပေါ်သည်။ သရဲမှာ အတွေးနှင့် အူမြူးနေသည်။
သို့နှင့် သက်ဆိုင်ရာ မော်နီတာမှ ခုန်ထွက်လိုက်သောအခါ အခန်းထဲတွင် စာအုပ်ပုံကြား၌ စာအုပ်ဖတ်လိုက်၊ ငေးငိုင်လိုက်၊ ကွန်ပြူတာကို တချောက်ချောက်နှိပ်လိုက်နှင့် အမျိုးသမီးတယောက်ကို တွေ့ရသည်။ ပုံပန်းသဏ္ဍာန်မှာ မဖြူလွန်း မမဲလွန်း၊ မနိမ့်လွန်း မမြင့်လွန်း၊ မဆူလွန်း မကြုံလွန်း အစစ အရာရာ မစ္ဇျိမပဋိပဒါ ကျလွန်းသူဖြစ်၍ မြောက်ကျွန်းသူလား အထင်မှားရပေ သည်။
သို့နှင့် သရဲသည် ကြောက်မက်ဖွယ် အဆင်းသဏ္ဍာန် အမျိုးမျိုးကို ဖန်ဆင်းပြကာ ခြောက်လှန့်ဘို့ ကြိုးစားသည်။ သို့ပါသော်လည်း ထိုအမျိုးသမီးသည် သရဲ ရှိနေခြင်းကို စိုးစဉ်းမှ သတိပြုမိပုံမပေါ်။ သူ့အတွေးတွင်သာ သူနစ်မျောလျက် ကွန်ပြူတာကို တချောက်ချောက် နှိပ်၏။ ဘယ်နှယ်....ပြောတော့ ထိလွယ်ရှလွယ်ဆို။ တခုခုတော့မှားနေပြီ။
သရဲမှာ ဘာလုပ်ရမှန်းမသိ၍ ချောင်းဟန့်သံပေးလိုက်ရသည်။
“အဟမ်း၊ အဟမ်း”
သို့နှင့်လည်း ထိုအမျိုးသမီးသည် ကြားပုံမရ။ စာရိုက်မပျက်။ နောက်ဆုံးတွင် သရဲ စိတ်မရှည်တော့၍ မော်နီတာခလုပ်ကို ပိတ်ပစ်လိုက်ပါမှ သူမမှာ စိတ်နှင့်လူနှင့် ပုံမှန်ပြန်လည် ပေါင်းစည်းသွားပုံရ၏။
(သူမ) “ခင်ဗျား။ ဘယ်သူလဲ”
(သရဲ) “သရဲလေ၊ သရဲ။ ဗြဲ..ဗြဲ..ဗြဲ....မကြောက်ဘူးလား”
(သူမ၊ မျက်နှာဝင်းပသွားပြီး) “ဟို...ပေတ၀တ္ထုတွေထဲက သရဲလားဟင်။ အတော်ဘဲ မေးခွန်းမေးစရာရှိလို့”
(သရဲ) “ဟာ...ရှုပ်ကုန်ပြီ။ ဟိုမှာက သရဲက လူကိုမေးတာ။ လူက သရဲကို မေးတာမဟုတ်ဘူး”
(သူမ) “ဘာဘဲဖြစ်ဖြစ် ခင်ဗျားကို မေးခွန်းတခု ကျနော်မေးမယ်၊ ကျေးဇူးပြုပြီး ဖြေပါ”
(သရဲ၊ စိတ်ပိန်စွာဖြင့်) “ကဲ..ဒါဖြင့် မေး”
(သူမ) “ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲဟင်”
(သရဲ) “ဟမ်.....ဒီမှာ သေလို့ သရဲတောင်ဖြစ်နေပါပြီဆိုမှ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို လာမေးရတယ်လို့။ အံမယ်လေး...ကြုံသေးတယ် ကုံဆွေးဗျာထုကြွယ်”
သရဲသည် လူ့ဘ၀တွင် သေဆုံးပြီးချိန်မှစ၍ ပထမဦးဆုံးအကြိမ်အဖြစ် ၀မ်းနည်းပက်လက် ငိုကြွေးချင်စိတ်ပေါ်လာသည်။ သို့သော် ဟန် သရဲဖို့ ဆိုသော ထုံးကို နှလုံးမူကာ အိနြေ္ဒဆည်လိုက်ပြီး....
“ခင်ဗျား ဒီအသက်အရွယ်အထိ ရှင်သန်ပြီးတာတောင် ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို ရှာမတွေ့သေးဘူးလား။” ခပ်တည်တည်ဖြင့် ပြန်မေးခွန်းထုတ်လိုက်ပြီး နောက်တနေရာသို့ အမြန်ထွက်ခွာလာခဲ့ရသည်။ ထိုအမျိုးသမီးသည်ကား မော်နီတာရှေ့တွင် မေးထောက်လျက် စဉ်းစားခန်းဝင်ကာ ကျန်ရစ်ခဲ့လေသည်။
ဟူး......ဘလော့ဂါတွေကို သရဲခြောက်ရတာ မလွယ်ပါလား။
သရဲသည် မောင်ပွ၏ ကန္တာရ၊ ကဆုန်၏ လေနီကြမ်း လွင်ပြင်များသို့ သွားရောက် ခဲ့သေးသော်လည်း ၄င်းတို့မှာ အိပ်မောကျနေပြီဖြစ်၍ မခြောက်ခဲ့ရချေ။
နောက်တဦးဆီရောက်သောအခါ ထိုဘလော့ဂါသည် အင်မတန် ထူးဆန်းသော အခြင်းအရာ ကို ပြုလုပ်လျက်ရှိသည်ကိုတွေ့ရသည်။ ထိုသူသည် ကွန်ပြူတာရှေ့တွင် လာထိုင်လိုက်၊ ခဏနေသောအခါ ဘီဒိုမှန်ရှေ့တွင် သွား၍ သူ၏ ဦးစွန်းပုတ်မှ ဆံပင်စများကို စမ်းကြည့်လိုက်နှင့် ပြုမူနေခြင်းပင်ဖြစ်သည်။
တကြိမ်တွင်မူ သူမှန်ရှေ့သွားခိုက် သရဲသည် မော်နီတာပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဆံပင်ကို ဖားလျားချလျက် စောင့်နေလိုက်သည်။ ထိုသူပြန်လှည့်လာသောအခါ သရဲကို ကြည့်ကာ အာမေဋိတ်တချက်ပြု၏။
“ဟာ..........ကောင်းလိုက်တဲ့ ဆံပင်။ ဘာ ဆေးသုံးသလဲဟင်” တဲ့။
သရဲမှာ ဒီညအဖို့ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်နေသည်။ လူဟောင်းမှ လွဲ၍ ကျန်သူများမှာ သရဲကြောက်တတ်ပုံမရ။ အားလုံး သူ့အပူနှင့်သူ ဖြစ်နေသည်။
စင်္ကာပူက လူတွေ မစွံဘူး။ ယိုးဒယားကို ခြေဦးလှည့်မှ ဖြစ်မယ်။ အသွားခရီး ယိုးဒယားလေယာဉ်ကွင်းတွင် ၀န်ကြီးချုပ်ဟောင်းသက်ဆင် ကုန်းနမ်းခဲ့သော နေရာတွင် ဘာထူးခြားသလဲဟု သရဲ ၀င်နမ်းကြည့်သေး၏။ ဘာနံ့မှမရချေ။ သရဲတွေမှာ အနံ့ခံနိုင်သော အစွမ်းသတ္တိမရှိ၍ဘဲ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။
သို့နှင့် သူ့ရည်စားက “ဆေးမူး” ဟုခေါ်သော လူပျိုးမသိုးတသိုး ဘလော့ဂါဆီသို့ ရောက်ခဲ့လေသည်။ ထိုအချိန်တွင်မှ အနံ့ခံခြင်းနှင့် ပတ်သက်၍ သရဲ၏ ကောက်ချက်မှာ တက်တက်စင်အောင် လွဲသည်ကို သိလိုက်ရပေပြီ။ အဘယ်ကြောင့်ဆိုသော် တခန်းလုံး သင်းပျံ့နေသော ဗျစ်ရည်နံ့ကို သရဲရလိုက်ပြီး သရဲကိုယ်တိုင် သွားရည်တမြားမြား ဖြစ်လာ သောကြောင့်ပင်တည်း။
သို့သော် ဆေးမူးမှာ ဗျစ်ရည်သောက်၍ ဆက်ရက်မင်းစည်းစိမ်ခံစားရင်း “နွေဦး” ကို စောင့်မျှော်နေစဉ် အမှန်တကယ်ရောက်လာသည်က သရဲတကောင်ဖြစ်နေ၍ ဒေါသထွက်ကာ သရဲကို မီးကင်စားမည်ကြိမ်းဝါးသဖြင့် ကိုယ်လွတ်ရုန်းခဲ့ရလေသည်။
သြော်....ဘာလိုလိုနှင့် အရုဏ်တက်ကာလည်းနီးပြီ။ မပြန်မီ ယိုးဒယားနယ်စပ်မှ အခြား ဘလော့ဂါ တယောက်အိမ်သို့ ၀င်ခဲ့သေးသည်။ အိမ်ထဲတွင် အမျိုးသမီးတဦးသည် အမှတ်(၆)ဟု တပိုင်းတစ ရေးထားသော ပို့စ်ကို ဖွင့်လိုက်၊ ယခင်ပို့စ်အဟောင်းတခုမှ ပန်းကမ္ဗလာကြီးရှေ့တွင် ရိုက်ထားသော ဓါတ်ပုံကို ကလစ်ခေါက်ကာ မိမိပုံကို အနီးကပ်ကြည့်လိုက်နှင့် အလုပ်ရှုပ်လျက် ရှိသည်ကို တွေ့ရ၏။ အချိန်ကလည်း မရတော့၍ မခြောက်လှန့်ဖြစ်တော့ဘဲ အလင်းရောင် မလာခင် စင်္ကာပူသို့ ပြန်ပြေးခဲ့ ရလေသည်။
သို့သော် အိမ်က ကွန်ပြူတာမှ sleep mode ၀င်နေ၍ အိမ်သို့ တိုက်ရိုက်မပြန်နိုင်ဘဲ ကွေ့ ၀ိုက်ပြန်နေရသောကြောင့် အိမ်ပြန်ရောက်သောအခါ အလင်းရောင်စတင်ထွက်ပြူနေလေပြီ။ ပြူတင်းပေါက်ဆီမှ တိုးတိမ်သော ဂီတသံသဲ့သဲ့ကို ကြား၍ အပြေးအလွှား ပြတင်းပေါက်ဆီသို့ သွားကြည့်ရာ ကောင်းကင်တွင် နတ်မြင်းတထောင်က သော နတ်ရထားသည် ခပ်သေးသေးသာ မြင်ရတော့၏။
ကျနော်သည် တစ္ဆေသရဲဘ၀တွင် အကြာကြီးနေသွားရမည့်အဖြစ်ကို ကြောက်ရွံ့ကာ အသံကုန်ညှစ်၍ အော်လိုက်သည်။
“မာတလိ။ မာတလိ။ ငါ့ကို မထားရစ်ခဲ့ပါနဲ့”
=================================================
ကျနော်သည် အိပ်ပျော်နေရာမှ ရုတ်တရက်လန့်နိုးသွားသည်။ ကြည့်စမ်း။ အိပ်မက်ထဲမှာတောင် ဘလော့ဂါတွေအကြောင်းထည့်မက်တယ်ဆိုတော့ ငါ ဘလော့ဂ်ကို တော်တော်စွဲလန်း နေပြီဘဲ။ လျှော့ဦးမှ။ လျှော့ဦးမှ။

9 comments:
ဟင်းဟင်းဟင်းဟင်း...
(အဖျားတက် ငြီးတွားနေခြင်း မဟုတ်။ အံကြိတ်ကာ ပြုံးနေခြင်း ဖြစ်သည်။)
ဒါဆိုလည်း ထိလွယ်ရှလွယ် ရုပ်ရှင်ဇာတ်လမ်းတစ်ခု လာလေရော့။ တွေ့ကြသေးတာပေါ့။ ငှဲငှဲ..
ဟောက်သံများကြောင့် တရေးနိုးလာသော မဒမ်ပေါသည် ကိုပေါကို “ဟိုဘက်လှည့်ပြီး ဟောက်စမ်းပါ နားညီးလိုက်တာ” ဟု ပြောလိုက်လေသည်။ ကိုပေါက တုတ်တုတ်ပင်မလှုပ်။ နောက်တစ်ခွန်း ထပ်ပြောပြန်သည်။ ကိုပေါက မပြောင်းလဲ။ မဒမ်ပေါက စိတ်မရှည်တော။့ ကိုပေါ၏ ပခုံးကို ကိုင်လှုပ်ရင်း “ကဲ ပြောနေတာကို” ဟု ခပ်ဆတ်ဆတ် ပြောလိုက်ပြန်သည်။ ကိုပေါကား အိပ်မောကျနေဆဲ။ မဒမ်ပေါက ငုတ်တုတ်ထထိုင်က ညအိပ်မီး ပြာလဲ့လဲ့အောက်မှ ကိုပေါ၏ မျက်နှာကို စိမ်းစိမ်း ကြည့်လိုက်သည်။ ကိုပေါကား မျက်လုံးအစုံကို မှိတ်ကာ နှစ်ခြိုက်စွာ အိပ်မောကျနေပုံ ပေါ်သော်လည်း… ထူးဆန်းလေစွ။ ခံစားမှုမျိုးစုံဖြင့် မျက်မှောင်ကျုံ့လိုက် မဲ့သွားလိုက် စပ်ဖြဲဖြဲဖြစ်လိုက် နှင့် နောက်ဆုံးတွင် အလွန် သဘောခွေ့နေဟန် ပြုံးဖြီးဖြီးကြီး ဖြစ်သွားလေသည်။ ဟင်.. ငါကတော့ သူ့ဟောက်သံကြောင့် လန့်တောင်နိုးရတယ် သူကတော့ အိပ်မက်ထဲမှာ ဘာတွေနဲ့ ကြည်နူးနေပါလိမ့်.။ တစိမ့်စိမ့်ကြည့်ရင်း တလိမ့်လိမ့် ဒေါသ ထွက်လာသော မဒမ်ပေါသည် နောက်ဆုံးတွင် အနီးရှိ မှန်တင်ခုံမှ သနပ်ခါးတုံးကို ကောက်ကိုင်ကာ ကိုပေါ၏ အလွန်ကောင်းလှသော ဆံပင်များဖြင့် ဖုံးလွှမ်းလျက်ရှိသည့် ခေါင်းကို….. ဒန်တန့်ဒန်..။
(သူများဇနီးမောင်နှံကို ရန်တိုက်ပေးလိုက်တယ်။ ဆံပင်ရှားပါးတဲ့ အနော့် မောင်ကလေးအတွက်ပါ ပိုရေးပေးလိုက်တယ် ခွိခွိ)
တကယ်ဆို မှတ်ချက်လေးတခုလောက်တော့ အရင်ရေးထားဖို့ ကောင်းတယ်။ (သတိ-အရယ်သန်သူများ ရုံး၌မဖတ်ရဆိုတာမျိုးပေါ့)။ အခုတော့ တခွိခွိနဲ့ computerကြီးကြည့်ပြီး မထိန်းနိုင်ရယ်နေတာကို ဘေးကကြည့်ပြီး ???တွေဖြစ်နေကြတယ်။ ကိုပေါရေ...(မပြောကောင်းပြောကောင်း) သရဲဖြစ်တောင် မှတ်မိနေမှာမို့ တို့ဆီလာခြောက်ရင် မကြောက်တဲ့အပြင် ရယ်မိမှာသေချာတယ်။ အရမ်းခက်တဲ့ comic ကို ပိုင်ပိုင်နိုင်နိုင် ရေးနိုင်တာ တကယ်တော်ပါတယ်။
ဇာတ်လမ်းလေးပြန်ရေးပေးတဲ့အတွက်ကျေးဇူးပါဘဲ..ပန်ရေ။
ဟိုသီချင်းလေးတောင်ပြေးသတိရမိတယ်.."င်္သူ့မျက်နှာတစိမ့်စိမ့်
့်ကြည့်ကာ..တလိမ့်လိမ့်တက်လာ ဒေါသ...အဲလေ...တသိမ့်သိမ့်အချစ်တွေလှူပ်ခတ်နိုးလာ."...ဆိုလား :D :D
ဒီရက်ပိုင်းတင်စရာမရှိပါဘူးဆိုမှ၊ ဓာတ်ပုံလေးတောင်အရိုက်မခံသွားဘူး.. နို့မို့ဆို (ကျွန်ုပ်နှင့်ချစ်စရာသရဲအကြောင်း) ဆိုပြီး အားရပါးရရေးလို့ရပြီ၊ ဟင်းဟင်းဟင်း။
ဩော်.. ကိုပေါ ဟာသဥာဏ်ကွန့်မြူးတတ်ပုံကိုယုံသွားပြီ၊ မဒမ်ပေါတော့ ညဖက်သတိထားအိပ်ပါ.. မတော်လို့ညကြီးသန်းခေါင် ထ ထ ရီနေရင်ဒုက္ခ..
ဟီးဟီး ရီရတယ် ဗြဲ
စကားပြေလေးကလဲ ကောင်းပါ့။ ဟာသဥာဏ်လေးကလဲ ရှိပါ့။ ပါးစပ်ကို မစေ့ရဘူး။
ဒါနဲ့ ကိုပေါက အမွှေးလဲ ပေါတယ်နော်။ ဟိ ဆံပင်မွှေးပြောပါတယ်။
အလို.....ကျွန်ုပ်အိပ်မက်မက်နေခြင်း မဟုတ်ပါကလား။ ၀တ္ထုထဲကဇာတ်ကောင်တွေက အပြင်မှာ တကယ်ရှိသကိုး။....
ပန်ဒိုရာ............၁၂ ကြိုးရတဲ့သူကို သရဲက သွားစမ်းမိတော့ သရဲဘဲ ခံရပေတော့မပေါ့။
တန်ခူး.............ကျေးဇူးပါ။ ရယ်ရတယ်ဆိုတော့လည်း ပျော်စရာပေါ့။
မဒမ်ပေါ...........သတ္တမမြောက်ငါးကို သတိရပါ။
ကိုတီဇက်အေ........သရဲက ခြောက်ပေမပေါ့ဗျာ။ လူ့ဘ၀က ဟင်းခွက်တွေ ပြပြပြီး အနှိက်စက်ခံခဲ့ရတာကို အခဲမကြေဘဲကိုး။
ကိုကဒေါင်း......... ပိုက်ဆံလည်း ပေါပါတယ်ဗျ။ ဟဲ...ဟဲ........
ဓါတ်ပုံဆရာကို လိုက်ခြောက်တဲ့အကွက်ပဲ သဘောကျသဗျာ...။ ဘာမြင်မြင် ထူးခြားတာတွေ့ရင် ရိုက်မယ်ပဲ တစ်ကဲကဲ...။
သဘောကျသဗျို့
ထိုင်းကနေ အပြန် မလေးကို မ၀င်သွားတာတော့ နာသဗျို့
နောက်မို့ဆို ပို့စ်တစ်ပုဒ်ရပြီးသားပဲ.
ဟတ် ဟတ် ဟတ်
ကိုပေါ
အင်တာနက် ဒီနေ့မှ ပြန်ရလို့ ခုမှ ဒီပို့စ်ဝင်ဖတ်မိသကိုး။ ဒီနေ့တော့ အပိုင်း (၇) ကို ပို့အသစ်အဖြစ် တင်တော့မှာပါ။
ဟိ .. သရဲလာသွားတာ သတိမထားမိလောက်အောင် ကိုယ့် ဓါတ်ပုံလေးကလဲ လှမှလှပဲကိုး(ပန်းပွင့်တွေပြောပါတယ်)
Post a Comment