Showing posts with label story. Show all posts
Showing posts with label story. Show all posts

“ကျောက်တုံး ပုံပြင်”

တခါက လူသွားလူလာများတဲ့ လမ်းမပေါ်မှာ ကျောက်တုံးကြီးတစ်တုံး ကျရောက် ပိတ်ဆို့နေသတဲ့။

လူတွေကလည်း အဲဒီလမ်းမကြီးကို အသုံးပြုနေကြရတာမှန်ပေမယ့် ကိုယ်နဲ့မဆိုင်သလို သူလုပ်နိုး၊ ငါလုပ်နိုး တွက်ကပ်ကြပြီး ကျောက်တုံးဘေးကပဲ ကွေ့ဝိုက်ပြီး သွားကြသတဲ့။ အဲသည်မှာ လမ်းဘေးက ချိုင့်ထဲ ထိုးကျလို့ လှည်းတွေ ဘာတွေမှောက်၊ ကလေးတွေလည်း လမ်းဘေးက ဆူးတွေ ဘာတွေ စူးပေါ့လေ။

နောက်တော့မှ မနေသာသူ တာဝန်သိပြည်သူတဦးက ကျောက်တုံးကို ဖယ်ရှားပေးလိုက်တဲ့အခါ ကျောက်တုံးအောက်မှာ ဆုတော်လာဘ်တော် အနေနဲ့ (ဘုရင်က) ထည့်ထားခဲ့တဲ့ အသပြာထောင်ထုပ်ကို ရသွားသတဲ့။

အဲသည်နောက်ပိုင်းတော့ လမ်းမပေါ်မှာ ကျောက်တုံးလေး တတုံးတလေ မတော်တဆ ကျရောက်လာရင် လူတွေဟာ သူဖယ်မယ်၊ ငါဖယ်မယ်နဲ့ အငြင်းပွားရင်း ရန်တွေ ဘာတွေတောင် ဖြစ်ကုန်ကြတယ်။ မိန်းမတွေဆိုတာလည်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထမိန်တွေ ဘာတွေ ကျွတ်တဲ့လူ ကျွတ်ပေါ့။ အဲ…..ကျောက်တုံးကို ဖယ်ပြီးတိုင်းမှာလည်း ဖယ်ခဲ့တဲ့လူဟာ ကျောက်တုံးအောက်မှာ အသပြာထောင်ထုပ်ကို တွေ့မလားလို့ ရှာရတာ အမော။

ဒီလိုနဲ့ တနေ့မှာတော့ အဲဒီလမ်းမပေါ်မှာပဲ ကျောက်တုံးအကြီးကြီး တစ်တုံး ရောက်နေပြန်သတဲ့။ ထုံးစံအတိုင်း လူတွေ သူ့ထက်ငါ ဦးအောင် ပြေးတွန်းကြပြန်တာပေါ့။ ဒါပေမယ့် ဒီတခါ ကျောက်တုံးက နှယ်နှယ်ရရ ကျောက်တုံးမဟုတ်ဘူး။ ဘီလူးတကောင် စောင့်ကြပ်နေတဲ့ ကျောက်တုံး။

ဘီလူးက ကျောက်တုံးလာတွန်းတဲ့လူတိုင်းကို ကျောစုတ်သွားအောင် ကြာပွတ်နဲ့ ရိုက်ထုတ်လေ့ရှိသတဲ့။ အစောပိုင်းကတော့ အသပြာထောင်ထုပ် ရမလား၊ နာမည်ကောင်းရလေမလားဆိုပြီး အူယားဖားယား ပြေးတွန်းတဲ့သူတွေမှာ ကျောကော့အောင် ကြာပွတ်နဲ့ ရိုက်တဲ့ဒဏ်ကို အသီးသီး ခံလိုက်ကြရသတဲ့။

အဲသည်နောက်ပိုင်း ကျောက်တုံးရဲ့ သဘောသဘာဝကို သိလာကြတော့ လူတွေဟာ အဲသည်ကျောက်တုံးအနီးကို မကပ်ရဲတော့ဘဲ မမြင်ချင်ယောင်ဆောင်ပြီး ဘေးကနေ ပတ်သွားဖို့ပဲ ကြိုးစားကြတော့သတဲ့ကွယ်။

ဒါပေမယ့် အဲသည်လမ်းဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ လမ်းမကြီးဖြစ်နေတာကြောင့် အဆင်မပြေမှုတွေကို လူတိုင်း ကြုံတွေ့နေကြရတော့တာပေါ့။ အဲသည်အချိန်မှာ ထူးဆန်းတာက ကျောစုတ်မယ်မှန်းသိသိနဲ့ ကျောက်တုံးကြီးကို ခွန်နဲ့အားနဲ့ တွန်းဖယ်မယ့် လူအချို့ ထွက်ပေါ်လာကြတာပဲ။

ကျောက်တုံးစောင့်ဘီလူးကလည်း သူတို့ကို ဘယ်ချမ်းသာပေးပါ့မလဲ။ ကြာပွတ်နဲ့ တရွှမ်းရွှမ်းရိုက်လိုက်တာ သူတို့ရဲ ကျောပြင်တွေမှာ ဒဏ်ရာတွေနဲ့ သွေးချင်းချင်းနီကုန်သတဲ့။ ဒါပေမယ့်လည်း ဒီလူတွေဟာ နောက်ဆုတ်မသွားပဲ ဒဏ်ရာနဲ့ ဝေဒနာကို အံကြိတ်ခံစားရင်း တွန်းမြဲတွန်းနေကြသတဲ့။ ဒါပေမယ့် လူအရေအတွက်နည်းတာကတကြောင်း၊ ကြာပွတ်ဒဏ်ကြောင့် ခွန်အားဆုတ်ယုတ်တာကတကြောင်း၊ ကျောက်တုံးကြီးကိုယ်၌က လေးလံတာက တကြောင်းတို့ကြောင့် ကျောက်တုံးကြီးဟာ နေရာက မရွေ့နိုင်သေးဘဲ ဖြစ်နေတော့တာပေါ့။

ကနဦးကတည်း ကျောက်တုံးမတွန်းဘဲ ကျန်ရစ်တဲ့လူတွေထဲက တချို့ဟာ အစက ကြောက်လို့ ၀င်မတွန်းပေမယ့် တချိန်မှာတော့ ရဲရဲဝံ့ဝံ့ ၀င်တွန်းကြတာကိုလည်း တွေ့ရတယ်။

တချို့ကတော့ ကိုယ်တိုင်မတွန်းရဲပေမယ့် တွန်းတဲ့လူတွေကို အားရှိအောင် အော်ဟစ်အားပေးကြတယ်။

တချို့ကတော့ အရိုက်ခံရသူတွေရဲ့ ကြာပွတ်ဒဏ်ရာတွေကို သက်သာအောင် ဆေးဝါးကုသပေးခြင်း၊ အမောပြေအောင် အစာရေစာ ကမ်းလှမ်းခြင်းတွေ ပြုကြတယ်။ ဒါတောင်မှ ဘီလူးက အနီးအပါးကို ကပ်လာသူတွေကိုပါ ကြာပွတ်စာ လှမ်းကျွေးတတ်တော့ လူတော်တော်များများက ဒီလို ထောက်ပံ့အကူအညီပေးတဲ့ အလုပ်မျိုးကို မလုပ်ဝံ့ကြဘူး။

စိတ်ဝင်စားစရာကောင်းတာကတော့ အခုဆက်ပြောပြမယ့် လူနှစ်မျိုးနှစ်စားအကြောင်းဘဲ။

ပထမတမျိုးဟာ နေ့စဉ် ဒီလမ်းမကြီးကနေ ဖြတ်သန်းသွားလာနေကြပေမယ့် ဒီဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကြီးတခုလုံးကို မမြင်ချင်ယောင်ဆောင်ပြီး ပုံမှန်အတိုင်းသွားလာနေကြတဲ့သူတွေပဲ။ သူတို့ဟာ ဒီအဖြစ်အပျက်ကို သူတို့နဲ့ မဆိုင်သယောင်၊ ဖြစ်ရိုးဖြစ်စဉ် အရေးမကြီးတဲ့ ကိစ္စတရပ်သဖွယ် သဘောထားကြတယ်။ ဒီကိစ္စဟာ သူတို့နဲ့ သက်ဆိုင်ပါတယ် သွားပြောရင်လည်း မသိချင်ယောင် ဆောင်နေတတ်ကြတယ်။

ဒုတိယတမျိုးကတော့ ဒီအဖြစ်အပျက်ကြီးတခုလုံး အမှန်တကယ် ဖြစ်ပျက်နေတာကို သူတို့သိတယ်။ ဒီကျောက်တုံးကြီးမရှိတော့ရင် ကောင်းမယ်ဆိုတာကိုလည်း သိကြတယ်။ ဒါပေမယ့် သူတို့ဟာ ကျောက်တုံးကို ၀င်တွန်းဖို့ သတ္တိမရှိကြဘူး။ အဲဒီလို သတ္တိမရှိတာကိုလည်း ရိုးရိုးသားသား ၀န်ခံရမှာကို ရှက်ကြတယ်။ ဒီတော့ သွေးအလိမ်းလိမ်းနဲ့ ကျောက်တုံးတွန်းနေကြသူတွေကို ကြည့်ပြီး အောက်ပါအတိုင်း မှတ်ချက်တွေ ပေးတယ်။

“ဒီလူတွေဟာ မပါးနပ်ဘူး။ ဒီကိစ္စမျိုးဆိုတာ ပါးနပ်ဖို့လိုတယ်”
“ဒီလောက်ကြာကြာတွန်းလာတာတောင် ကျောက်တုံးကို ရွေ့အောင် မတွန်းနိုင်ကြဘူး။ တော်တော် အရည်အချင်းမရှိတဲ့လူတွေ”
“လူတိုင်းပါဝင်နိုင်မယ့် နည်းလမ်းကို စဉ်းစားကြဖို့ ကောင်းတယ်”
“ဘယ်သူက ကူတွန်းချင်ပါ့မလဲ။ စည်းရုံးရေးမှ မကောင်းတာ”
“ခေါင်းဆောင်မှုက ညံ့တာကိုး။ နည်းဗျူဟာကလည်း ဖြစ်ဖြစ်မြောက်မြောက်မရှိ”
“ဘီလူးနဲ့ယှဉ်နိုင်တဲ့ ခေါင်းဆောင်မှ မပေါ်သေးတာ”
“အို… ကျောက်တုံးကို တွန်းမှမဟုတ်ပါဘူး။ လမ်းဘေးက ဆင်းသွားလို့ ဆူးစူးတဲ့လူတွေကို ဆူးထွင်ပေးရင်လည်း ဒါဟာ တဖက်တလမ်းက ကူညီရာရောက်ပါတယ်။”

သြော်... ပုံပြင်ထဲက လူတွေများ ပြောပါတယ်။
Read more

“ရလွတ်ပလွတ် ဗယ်လင်တိုင်း”

အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိတယောက် အခုတလော ရွစိတက်နေသည်။ ရွစိမတက်ဘဲ ခံနိုင်မည်လော။ ဗယ်လင်တိုင်းဒေး ခေါ် ချစ်သူများနေ့ ရောက်ကာနီးပြီကိုး။

ခြေသလုံးအိမ်တိုင်ကြီးခေါ်ဆိုရလောက်အောင် တုတ်ခိုင်သည့် ခြေသလုံးရှိသော ရှင်ဂွမ်းဂွိတယောက်ကို မြှားနတ်မောင် မျက်စိမှောက်နေသလော မပြောတတ်။ ရှင်ဂွမ်းဂွိမှာ လက်ဆုပ်လက်ကိုင် ချစ်သူမရှိသေး။

သူမခမြာ မနက်မိုးလင်းသည်နှင့် ဘလော့ဂ်တကာ...အဲလေ.. ရွာထဲမှ အိမ်တကာသို့ လှည့်လည်ကာ ချစ်သူခင်သူ ချစ်ကျွမ်းသူများကို ရှာဖွေရသည်။ အိမ်တကာလှည့်၍ နှုတ်ဆက်ရသည်။

“ဟယ်..... ကိုဗညားပိစိ ချက်ထားတဲ့ ဟင်းက စားချင်စရာလေး။ ဂွိဖြင့် သွားရည်များတောင် ယိုတယ်။ ရှလွတ်.....။ မမ ရှင်ဗွေးတုတ်တို့များ လင်ကံကောင်းလိုက်တာနော်”

ဟင်းချက်ဝါသနာပါသော ဗညားပိစိတို့ လင်မယားအိမ်သို့အရောက် ချက်ထားသော ဟင်းလျာများကို ဖွင့်ကြည့်ရင်း ပြောလိုက်သော ရှင်ဂွမ်းဂွိ၏ ပဋိသန္ဓာရ စကားပင်တည်း။ လင်တော်မောင် ချက်ပြုတ်လျှင် ယောင်းမ၊ ဓား၊ စလောင်းဖုံး၊ ငရုတ်ကျည်ပွေ့နှင့် အမှိုက်သရိုက်များကို ဒိုင်ခံသိမ်းဆည်းပေးရသော ရှင်ဗွေးတုတ်ကား မချိသွားဖြဲသာ ပြုံးနိုင်တော့၏။

တဖန်.... အသက်အရွယ်ထောက်နေပြီဖြစ်သော်ငြား ငယ်မူငယ်သွေးများကြွလျက်ရှိကာ ချစ်ခိုးများတဝေေ၀ဖြင့် အချစ်သီချင်းများကိုသာ သီဆိုဟစ်ကြွေးလေ့ရှိသော “ပန်းကန်ပြည်မှ အိုခြစ်ရာ” အိမ်သို့ရောက်သောအခါ.....

“မမတို့များ..... တချိန်လုံး သိင်္ဂါရ ရသတွေနဲ့ ထုံမွှန်းနေတော့တာပဲနော်။ အားကျလိုက်တာ။ ဂွိလဲ လင်လိုချင်...အဲလေ...အဲသည်လို အချစ်ရနံ့လေးတွေနဲ့ ထုံမွှန်းနေချင်လိုက်တာနော်....” ဟု ပြောကြားတတ်လေသည်။

တခါတလေတော့လည်း ရှင်ဂွမ်းဂွိသည် မိမိပြောသည့် စကား ဘယ်အဓိပ္ပါယ်သို့ ဆိုက်ရောက်သည်မသိ။ တပါးသူပြောစကားကို စွတ်ရွတ်ထောက်ခံကာ ပြောတတ်သေး၏။

တခါက.... အလွန်ညစ်ပတ်သဖြင့် ပွေး၊၀ဲ၊ ညှင်း၊ ဒက်များ ပေါင်တွင် ပရပွ ပေါက်လျက်ရှိသော ကာလသားခေါင်း ၀ဲကျော်၏ အိမ်ရှေ့သို့ ရောက်သောအခါ “ယားလိုက်တာနော်၊ အမေရယ်။ သေသာသေချင်တော့တယ်” ဟူသော ကိုဝဲကျော်၏ ညည်းညူသံကို အိမ်ရှေ့က ဖြတ်သွားရင်း နားစွန်နားဖျား ကြားသောအခါ.......ရှင်ဂွမ်းဂွိက......“အံမယ်လေး.. ကိုဝဲကျော်ကြီးတယောက်တည်း ဟုတ်ရပေါင်တော်။ ဂွိတို့လည်း အတူတူပါဘဲ” ဟု ဘုမသိဘမသိ အလိုက်သင့် ထောက်ခံပြောကြားသည် ဟူသတတ်။ ဤသို့သော ရှင်ဂွမ်းဂွိပင်တည်း။

တစုံတယောက်အိမ်သို့ သွားလည်လျှင် မိမိတွင် ပြောစရာစကားမရှိလျှင်လည်း “ဘာပြောရမှန်းတောင် မသိတော့ပါဘူးလို့သာ ပြောလိုက်ချင်တယ် အိမ်ရှင်ကြီးရယ်” ဟု မပြောတတ်သည်ကိုပင် စကားတခုသဖွယ် လုပ်ပြောတတ်သေး၏။ အနှီကဲ့သို့သော ရှင်ဂွမ်းဂွိပေတည်း။

သို့သော် ရှင်ဂွမ်းဂွိမှာ ရလွတ်ပလွတ်မှ နာမည်ကျော် ဆေးဆရာ ဦးတုတ်ကြီး သမီးဖြစ်သဖြင့် ပေါ့သေးသေး တော့မဟုတ်။ (ကီလို ၁၀၀ ခန့် ရှိသည်)။ ရှင်ဂွမ်းဂွိကို အကျွမ်းဝင်လိုသူ သကောင့်သားများလည်း နည်းနည်းနောနောမဟုတ်။

“မမဂွိရယ်။ မောင်လေးက....ဆရာ ဦးတုတ်ကြီးကို အဖေတယောက်လို လေးစားမိသူပါ။ ဒီတော့ မမကိုလည်း ဟိုလေ...ဟိဟိ...အစ်မတယောက်လို ချစ်ပါရစေလားညင်” ဆိုကာ သကာရည်လူးထားသော ထန်းလျက်လေသံဖြင့် ကြာပစ်နေသော မဟာပုရိသတို့လည်း တပုံတပင်။

မည်သို့ပင်ဖြစ်စေ ရှင်ဂွမ်းဂွိသည် အမျိုးမာန်တက်သူဖြစ်သည်။ တော်ရုံ ပုရိသ များကို စိတ်ကူးထဲပင် ထည့်ချင်သူမဟုတ်ပါ။ မိတ္တဗလ ဋီကာနှင့်အညီ ကြိုးရှည်ရှည်ဖြင့် လှန်ထားရုံလောက်သာ ရည်ရွယ်သူဖြစ်သည်။ သို့သော် ဗယ်လင်တိုင်းဒေးတွင် သူများနည်းတူ အချစ်ပွဲသဘင်ကို တူစုံမောင်မယ် ဆင်နွှဲချင်သည့် စိတ်ကလည်း မသေးလှ။

သို့နှင့် ရှင်ဂွမ်းဂွိသည် ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကတည်းက လင်မယားလုပ်တမ်း ကစားလာခဲ့သော မိမိက နိုင်စားရသူ သမိန်ပေါသွပ်အား ဥပါယ်တမျဉ်ဖြင့် အောက်ပါအတိုင်း ပြော၏။

“ဟဲ့...ပေါသွပ်။ မနက်ဖန်ကျရင် အရီးလေး ဂွက်ထော် ခြံထဲက နှင်းဆီပန်းအနီတွေ ငါ့ကို ခူးလာပေးပါလားဟင်၊ ငါ ဘုရားတင်ချင်လို့”

အရီးလေးဂွက်ထော်မှာ သူ့ခြံထဲမှ နှင်းဆီပန်းများကို အင်မတန် တွန့်တိုသူဖြစ်သည်။ ရောင်းလည်းမရောင်း၊ အလကားလည်း ခူးခွင့်မပြု။ ပန်းပွင့်ဟူသည် အပင်မှာပဲ တင့်တယ်သည်ဟု ယူဆထားသူဖြစ်လေသည်။ သူ၏ နှင်းဆီပန်းကို ရယူနိုင်ရန် တခုတည်းသော နည်းလမ်းတခုမှာ အရီးလေးအိပ်ချိန်တွင် ခြံထဲသို့ တိတ်တဆိတ် ၀င်ရောက် ခူးယူရန် နည်းလမ်းသာဖြစ်လေသည်။

သမိန်ပေါသွပ်မှာ သူငယ်ချင်းများနှင့်အတူ သေရည်သောက်ရန် ချိန်းထားသည့်အချိန် မိမိအား ငယ်နိုင်ဖြစ်သူ ရှင်ဂွမ်းဂွိက ဤသို့ဤနှယ် ခိုင်းလာသောအခါ စိတ်ညစ်သွားပေသည်။ ရှင်ဂွမ်းဂွိကိုသာမက ဖခင်ဖြစ်သူ ဆေးဆရာ ဦးတုတ်ကြီးကိုပါ ကြောက်ရသူပီပီ......

“ဂွိရေ....ဘာမှ မပူနဲ့။ ဂွိအတွက်ဆိုရင် ဘာမဆို ရစေရမယ်။ ယောက်ျားတံခွန်၊ လူရည်ချွန်လည်း၊ ဓါတ်တိုင်တမွတ်၊ ဖန်သီးဆွတ်က၊ မလွတ်စတမ်း၊ အချုပ်မြန်း၏ တဲ့။ ပေါသွပ် ကြံဆောင် ပေးပါ့မယ်”။

ဤသို့ဖြင့် ပေါသွပ်တယောက် “ပန်းကန်ရာဇ၀င် ဇာတ်လမ်းထဲက လူစွမ်းကောင်း တဦးနှယ်” ပန်းဆက်သမားဘ၀ကို နှလုံးမူပြီး အရီးလေးဂွက်ထော်ခြံမှ နှင်းဆီပန်းကို ခိုးယူရန် လူခြေအတိတ်ကို ခြံစည်းရိုးအရိပ်ကွယ်ကနေ တိတ်တဆိတ် စောင့်စားရချေသည်။

(ဤတွင် တခန်းရပ်....ကန့်လန့်ကာချ)

(ကားလိပ်ဖွင့်...... ညပန်းချီကားနောက်ခံ၊ လမထွက်၊ ကြယ်မလင်း၊ လမ်းမီးတိုင်မရှိ၊ ပိုးစုန်းကြူးမပျံ၊ ရန်ကုန်ရွှေမြို့တော်၏ ညရှုခင်းအလား ပိန်းပိန်းပိတ်သော အမဲနောက်ခံ၊ ပုရစ်အော်သံ သဲ့သဲ့ ကြားရ)

“ Cock A Doodle Doo!"

သိုးဆောင်းဘာသာ ၀မ်းစာနည်းရှာသော စာဖတ်ပရိသတ်အတွက် အောက်တွင် ဘာသာပြန်ပေးလိုက်ပါသည်။

“အောက် အီ အီး အွတ်”

“ဟယ်....ဘာလိုလိုနဲ့ သက်ကြီးခေါင်းချ ချိန်တောင် ရောက်ပါပေါ့လား။ ငါကြံစည်သည့်အရေးကိစ္စ ဒိဋ္ဌအောင်မြင်ဘို့ဆိုရင် အခုပင် ချိန်ခါသင့်ပါပေါ့လား။ အရီးလေးဂွက်ထော် အိပ်လောက်ပြီ။ အခုဘဲ နှင်းဆီပန်းကို ၀င်ခူးမှ တော်ချေရော့မယ်”

သမိန်ပေါသွပ်သည် သူ၏ အတွေးများကို အထက်ပါအတိုင်း စာရေးသူကြားအောင် ကျယ်လောင်စွာ တွေးပြီးသောအခါ ခြံစည်းရိုးခွေးတိုးပေါက်မှနေ၍ တိုးဝင်ကာ နှင်းဆီပင်များဆီသို့ တောက်တဲ့တကောင်ကဲ့သို့ တွားသွားလေသည်။

နှင်းဆီးပင်များအနီးသို့ရောက်သောအခါ ခါးကြားတွင် ၀ှက်ယူလာသော ဓါးမြှောင်ဖြင့် အလှဆုံးနှင်းဆီပန်းများကို ရွေးကာ ခူးဖြတ်ယူလေသည်။

ထို့နောက် ပန်းများကို ဘေးနားရှိ ငှက်ပျောပင်မှ ငှက်ပျောဖက်ဖြင့် ပတ်၍ စည်းနှောင်ကာ ပြန်လှည့်မည် အပြု....

“မွေးမေလေ့....အမလေး...သေပါပြီဗျား”......ပေါသွပ်ထံမှာ နာကျင်စွာ ထွက်ပေါ်လာသော အသံပေတည်း။ ပေါသွပ်၏ ပါးပြင်ကို နှင်းဆီပင်မှ ဆူးခက်သည် ခြစ်မိသဖြင့် သွေးစို့သွားသောကြောင့်တည်း။

ပေါသွပ်သည် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသော ပါးပြင်ကို လက်ဖြင့် အသာပွတ်၍ မိမိအား ဒုက္ခပေးသော ရှင်ဂွမ်းဂွိကို တိတ်တဆိတ် ကျိန်ဆဲ၏။ ထို့ပြင် အင်မတန် နာကျည်းလှသော အသံဖြင့်.....“ အို...မိန်းမအပေါင်းတို့.....အသင်တို့သည် အဘယ့်ကြောင့် မိန်းမများ ဖြစ်နေကြရပါသနည်း” ဟု ရေရွတ်လိုက်သည်။

ဤတွင်...

“ယောက်ျားများမဟုတ်၍ မိန်းမများ ဖြစ်နေရပါသည် ငါ့ရှင်....၀ူးထွားဟားဟား”
အသံနက်ကြီးဖြင့် ရယ်သံများ ပေါ်လာကြသည်။

ပေါသွပ်ဘေးတဖက်တချက်တွင် အရိပ်မည်းကြီးနှစ်ခု ခြံရံလျက်။ ပေါသွပ်တယောက် ခိုးထုပ်ခိုးထည်ဖြင့် လက်ပူးလက်ကြပ် အဖမ်းခံရချေပြီတကား။

တယောက်က မီးတုတ်ကို ထွန်းညှိလိုက်သောအခါ ပေါသွပ်သည် လူများကို သဲသဲကွဲကွဲမြင်ရချေပြီ။ ညာဘက်တွင် အရီးလေး ဂွက်ထော်၊ ဘယ်ဘက်တွင် ဆေးဆရာ ဦးတုတ်ကြီး။

“ဟဲ့...ပေါသွပ်....ငါ့နှင်းဆီပန်းကို နင်ဘာကြောင့် လာခိုးရသလဲ...ပြောစမ်း” .....အရီးလေး ဂွက်ထော်၏ အသံ။

ပေါသွပ်လည်း ကြောက်ကြောက်ရွံ့ရွံ့ဖြင့်...“ ဟို...ဟို....ရှင်ဂွမ်းဂွိက ခူးခိုင်းလို့ပါ”...ဟု ၀န်ခံလိုက်လေသည်။

“ဘာကွ....မင်းကများ ငါ့သမီးကို ရာရာစစ၊ အနူလက်နဲ့ ရွှေခွက်နှိုက်ချင်တာလား၊ စော်စော်ကားကား။ ကဲ...ရှင်ဂွက်ထော်...ဒီကောင့်ကို ဖမ်းပြီး သူကြီးလက်ကို အပ်ရမယ်”ဟု ဦးတုတ်ကြီးက ဒေါသတကြီး ပြောလေသည်။

သို့နှင့် သမိန်ပေါသွပ်ကို နှောင်ကြိုးများဖြင့် တည်းလေသည်။ သို့ဖြင့် အားလုံး အရီးလေးဂွက်ထော်ခြံထဲက ထွက်မည်အလုပ်..... ရှင်ဂွမ်းဂွိတယောက် ခြံစည်းရိုးမှောင်ရိပ်မှ ဗြုန်းကနဲ ထွက်လာကာ....

“ဖေဖေ...ဖေဖေ၊ သွပ်သွပ်ကို မဖမ်းပါနဲ့။ ဗယ်လင်တိုင်းဒေးအတွက် သမီးအခူးခိုင်းလိုက်တာပါ၊ သမီးတို့ ချစ်ခြင်းကို မခွဲပါနဲ့ ဒက်ဒီရယ်။ သွပ်သွပ်က အလန်းလေးပါ” ဟု မျက်ရည်လည်ရွဲဖြင့် တောင်းပန်လေသည်။

ဦးတုတ်ကြီးမှာ....ရုတ်တရက် ဘာပြောရမှန်းမသိ။ အတန်ကြာမှ....

“ကြည့်စမ်း....ငါ့သမီးလေးတော်လှ အောက်မေ့နေတာ။ ယောက်မကို မြင်းစီးထွက်တယ်။ အေးလေ... သမီးတကောင်၊ နွားတထောင်ဆိုတဲ့အတိုင်း ခက်ချေပေါ့။ အေးလေ...ဘာပဲဖြစ်ဖြစ် ငါကလည်း ရှင်ဂွက်ထော်နဲ့ ရည်ငံနေပြီဆိုတော့ မင်းတို့ လူငယ်တွေကိစ္စကို နားလည်ပေးရပေမပေါ့” ....ဟု ပြောလေသည်။ ထိုအခါမှ ပေါသွပ်လည်း ဦးတုတ်ကြီးတယောက် အရီးလေးဂွက်ထော်အိမ်သို့ အချိန်မတော် ရောက်နေရခြင်း အကြောင်းရင်းကို ဇာတ်ရည်လည်သွားလေသည်။

သို့နှင့် ဗယ်လင်တိုင်းဒေး ရောက်သောအခါ ရလွတ်ပလွတ်ရွာတွင် အတွဲနှစ်တွဲ ထပ်တိုးလေသည်။ ပေါသွပ်မူကား အသွားမတော် ခြေတလှမ်းကြောင့် မရည်ရွယ်ဘဲ ရည်းစားတယောက် ရလိုက်လေသည်။

(ဗယ်လင်တိုင်းဒေး အမှတ်တရ အဖြစ် ဤသို့လျှင် ပေါက်ကရ ဇာတ်လမ်းရှော်ကြီးကို ရေးသားလိုက်ပါသည်။ ဇာတ်ကောင်အမည်များနှင့် အချို့စာသားများမှာ ကာတွန်းမောင်ဝဏ္ဏ၏ သမိန်ပေါသွပ်ကာတွန်းများမှ နာမည်များ၊ အသုံးအနှုန်းများ ဖြစ်ကြောင်း ၀န်ခံပါသည်။ အရင်နှစ်က ရေးခဲ့တဲ့ ဗယ်လင်တိုင်းဒေး အမှတ်တရ ပို့စ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။)
Read more

“ပွဲကြည့်သူများ”

ကမ္ဘာကြီးမီးလောင်လို့တဲ့။

သတင်းဟာ တောမီးလို ပြန့်နှံ့သွားတယ်။ ငါတို့တတွေ လုပ်နေဆဲ အလုပ်တွေရပ်၊ ကစားတွေရပ်၊ အသွားအလာတွေရပ်ပြီး အားလုံးလိုလို သတင်းပြသတဲ့နေရာရှေ့မှာ စုရုံးရောက်ရှိလာကြတယ်။

လူတွေ၊ လူတွေ…. ကမ္ဘာပေါ်မှာ… အော်ကြဟစ်ကြ။ ပြေးကြလွှားကြ။ မချိမဆန့်နဲ့ အပူဒဏ်ကို ခံစားရင်း လဲကျသေဆုံးနေကြ။ တချို့လည်း မြေပြင်လွှာက ပူလွန်းလို့တဲ့။ ရင်ဝယ်ပိုက်ထားတဲ့ သားကိုတောင် မြေပေါ်ချပြီး တက်နင်းနေကြ။ အလိုအလျောက် ကင်မရာက ရိုက်ကူးပြနေတဲ့ ပုံရိပ်တွေလေ။

ကံထူးလှတဲ့ ငါတို့တတွေကတော့ အင်္ဂါဂြိုဟ်မှာ ရွှေ့ပြောင်းအခြေချခဲ့လို့ နှစ်ပေါင်းများစွာ အသားကျနေခဲ့ပေါ့။ ခရမ်းလွန်ရောင်ခြည်နဲ့ အခြား အန္တရာယ်ဓါတ်ရောင်ခြည်တွေကနေ ကာကွယ်တဲ့ အမိုးအကာအောက်မှာ စုရုံး၊ နောက်ဆုံးရ ကမ္ဘာ့သတင်းတွေကို Live ကြည့်နေကြ။

ကမ္ဘာဂြိုဟ်က လူတွေရဲ့ ပူမှုကိစ္စကို စာနာလို့ ငါတို့အားလုံးပါးစပ်က စုပ်သပ်သံတွေဆိုတာ “တကျွတ်ကျွတ်” မစဲနိုင်။

ငါတို့အားလုံးပါးစပ်က ပြောင်းဖူးပေါက်ပေါက်တို့ အာလူးကြော်တို့ကို “တကြွပ်ကြွပ်” ၀ါးစားသံတွေလည်း လှိုင်လို့ပေါ့။
Read more

“၀င်ကစွပ်”

ကိုပေတရာဟာ အင်မတန်ခက်တဲ့ လူတယောက်ဘဲ။ သူ့ဇာတိကတော့ ရလွတ်ပလွတ် ရွာကပါ။ မူလက အင်မတန် ဆင်းရဲတဲ့သူပေါ့။

သူဟာ တောင်ပုလုမြို့ကိုတက်ပြီး သူဌေးကြီး ဦးဘောဂအိမ်မှာ သူရင်းငှားလုပ်တယ်။ ဦးဘောဂဆိုတာက သိတဲ့အတိုင်း တောင်ပုလု မြို့မှာ ကျိကျိတက် ချမ်းသာတဲ့ သူကြွယ်ကြီးတဦးပေါ့။ တောင်ပုလုနယ်တလွှားမှာရှိတဲ့ လယ်မြေဧကပေါင်းများစွာ ပိုင်ဆိုင်သလို အနီးအနားမြို့ကြီးပြကြီးတွေက ပွဲရုံလုပ်ငန်းတွေဘာတွေမှာလည်း အစုစပ် ပါဝင်ပြီး ကြီးပွားနေတာမျိုး။

အဲဒီတော့ ဦးဘောဂ အိမ်မှာ ကိုပေတရာနည်းတူ သူရင်းငှားလာလုပ်တဲ့ ရလွတ်ပလွတ်ရွာသားတွေဆိုတာကလည်း ဘယ်မှာနည်းလို့တုန်း။ ဒါပေမယ့် တခြားသူရင်းငှားတွေနဲ့ မတူဘဲ ကိုပေတရာမှာ တမူထူးခြားနေတဲ့ အကျင့်တရပ်ရှိတယ်။ အဲဒါက ဘာမဆိုင်ညာမဆိုင် ဦးဘောဂရဲ့ ကြွယ်ဝချမ်းသာမှုကို သူက ကြားထဲကနေ ၀င် ၀င်ပြီးတော့ ဂုဏ်ယူနေတတ်ခြင်းဘဲ။

“ဟေ့....ငါတို့ သူဌေးကြီးအိမ်မှာဆိုရင် ရွှေပန်းကန်ပြားနဲ့ ထမင်းစားတာကွ၊ ရလွတ်ပလွတ်ရွာမှာဆိုရင် ဒါမျိုး စားနိုင်ဘို့ ဝေးစွ”

ကဲ.... ကြည့်ဦး။ အကြောင်းမသိရင် ဦးဘောဂ ကဘဲ သူ့ကို ရွှေပန်းကန်ပြားနဲ့ ထမင်းထည့်ကျွေးနေသယောင်ယောင်။ တကယ်တမ်းသွားကြည့်ရင်တော့ ကိုပေတရာလည်း တခြားသူရင်းငှားတွေနဲ့အတူ မြင်းဇောင်းဘေးက အဖီဆွယ်ထားတဲ့နေရာလေးမှာ စုတ်စုတ်ပြတ်ပြတ် နေရ စားရ ရှာတာပါ။

အဲ...သူဌေးဦးဘောဂဆိုတာကလည်း အင်မတန် အကျင့်ယုတ်တဲ့ လူတယောက်ပါ။ ဆင်းရဲသားတွေအပေါ်မှာ မတန်တဆ ငွေတိုးချေး၊ ပြန်မဆပ်နိုင်ရင် လယ်တွေသိမ်း၊ ယာတွေသိမ်းနဲ့ အင်မတန် ရက်စက်တဲ့ စီးပွားရေးသမား။ နောက်ပြီးတော့ လူဆိုးဂိုဏ်း၊ ဓားပြဂိုဏ်းတွေကို ဓါးလှံလက်နက် တိတ်တဆိတ်ရောင်းချပေးတာမျိုး၊ လူဆိုးခေါင်းဆောင်တွေကို တောင်ပုလုမြို့ပေါ်က တိုင်းရင်းဆေးဆရာကြီးတွေနဲ့ ဆေးဝါးကုသပေးတာမျိုး တွေလည်း လုပ်တတ် လွန်လွန်းလို့ တောင်ပုလု တမြို့လုံးကရော၊ အခြားမြို့ရွာတွေမှာပါ ဦးဘောဂရဲ့ မကောင်းတဲ့ ဂုဏ်သတင်းက မွှေးလွန်းလှတာကလား။
တချို့သူရင်းငှားတွေအနေနဲ့ ၀မ်းရေးအတွက် မတတ်သာလို့သာ ဦးဘောဂအိမ်မှာ အလုပ်လာလုပ်ရတယ်၊ တတ်နိုင်ရင် တခြားနေရာတွေမှာဘဲ သွားရောက်အလုပ်လုပ်ချင်နေတဲ့ အနေအထားမှာ ရှိကြတယ်။

ဒါပေမယ့် စောစောက ပြောသလိုပါဘဲ။ ကိုပေတရာက လူတမျိုးလေ။

“ဟေ့..... သူဌေးကြီး ဦးဘောဂ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ငါထောက်ခံတယ်။ သူ့အနေနဲ့ လူသတ်မှုတွေ၊ ဓါးပြမှုတွေမှာ ပါဝင်ပတ်သက်နေလဲ ငါဂရုမစိုက်ဘူး။ သူဟာ ငါထမင်းစားဘို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတခုကို ဖန်တီးပေးထားတယ်။ ဒီအတွက် သူ့ကို ငါကျေးဇူးတင်တယ်။ ဒါဟာ ငါ့ဘ၀ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းချက်။”

ကဲ..... ကိုပေတရာ ဆိုတဲ့လူဟာ မခက်ပေဘူးလားဗျာ။ သူ့ပတ်ဝန်းကျင်က ရလွတ်ပလွတ် ရွာသားတွေက အကျိုးအကြောင်းနဲ့ နားချပြန်တော့လည်း ကိုပေတရာက ဘူးဆိုရင် ဖရုံမသီးတတ်ဘူးလေ။ အထူးသဖြင့် သူ့မိတ်ဆွေ သမိန်ပေါသွပ်ဆိုရင် သူ့ဒဏ်ကို အခံရဆုံး။

“ဒီမှာ၊ ပေါသွပ်။ ငါ့ကို လာ တရားမချနဲ့။ လူအများရဲ့ လွတ်လပ်ခွင့်အပေါ် ဖိနှိပ်ချုပ်ချယ်သူတွေကို ငါ့အနေနဲ့ လွတ်လပ်စွာ အထင်ကြီးပိုင်ခွင့်ရှိတယ်။ ထောက်ခံပိုင်ခွင့် ရှိတယ်”

ကိုပေတရာရယ်.... ဒီလောက်တောင် လူလူချင်း အကြောက်တရားမထားစမ်းပါနဲ့ဗျာ လို့ တိုက်တွန်းတဲ့အခါမျိုးဆိုရင်....

“ဟေ့၊ ငါ့မှာ လွတ်လပ်စွာ ကြောက်ချေးပန်းပိုင်ခွင့် ရှိတယ်ကွ”

ကိုပေတရာရယ်.... ခင်ဗျားသူဌေး ခင်ဗျားအပေါ်လုပ်ပုံက မတရားလွန်းဘူးဗျာ။ ပြန်ပြောပါတော့လား...ဆိုတော့

“ဟေ့...လွတ်လပ်စွာ တိတ်ဆိတ်နေပိုင်ခွင့်၊ ခေါင်းငုံ့ခံခွင့် ရှိတယ်ကွ”

ကိုပေတရာရယ်..... ခင်ဗျားရဲ့ အတွေးအခေါ်တွေက လွတ်လပ်တဲ့ လူတယောက်ရဲ့ အတွေးအခေါ်နဲ့ မတူဘဲ၊ အတွေးအခေါ် ကျွန်စော်နံလိုက်တာဗျာ....လို့ ဆိုခဲ့ရင်...

“ဟေ့၊ လွတ်လပ်စွာ သူ့ကျွန်ခံပိုင်ခွင့်ရှိတယ်ကွ”

ကိုပေတရာရဲ့ အဆိုးရွားဆုံး အကျင့်တခုကတော့ သူ့သူဌေးရဲ့ မကောင်းမှု၊ ဒုစရိုက်တွေကို တစုံတယောက်က အကျိုးအကြောင်းခိုင်လုံစွာ ဝေဖန်ထောက်ပြလာတဲ့အခါမျိုးမှာ ဆတ်ဆတ်ထိမခံ (အကျိုးအကြောင်းမညီညွတ်ဘဲ) ပြန်လည် ဖြေရှင်းတတ်ခြင်းဘဲ။ နောက်ဆုံး အကျိုးသင့်အကြောင်းသင့် ပြန်လည် မဆွေးနွေးနိုင်တဲ့အခါမျိုးမှာ....

“ဟေ့။ လွတ်လပ်စွာ ကွဲလွဲကြတာပေါ့ကွာ” လို့ လျှောချပစ်လေ့ရှိတယ်။

နောက်ဆုံးမတော့ သမိန်ပေါသွပ်ဟာ “သခင်အားရ၊ ကျွန်ပါးဝ” စတိုင်လ် ချိုးနေသော သူ့မိတ်ဆွေ ကိုပေတရာအား စိတ်ပျက်လက်ပျက်ကြည့်လျက် တောင်ပုလုတွင် ကိုပေတရာကဲ့သို့သော ရလွတ်ပလွတ်ရွာသား ဘယ်နှစ်ယောက်များ ရှိလေမလဲဟု တွေးတောနေမိပါတော့သည်။
Read more

“ကြောင်ခုန်ချသည့်နေ့”


အဲဒီနေ့က ကိုဘို့အိမ်ကို ကျနော်တို့ လင်မယား အစောဆုံးရောက်သွားသည်။ သိပ်မကြာခင်မှာဘဲ ကျနော်တို့အဖွဲ့မှအဖွဲ့သား နောက်ထပ် နှစ်ယောက်၊ သုံးယောက် ထပ်ရောက်လာသည်။

“ကိုပေါတို့ ရောက်နှင့်တဲ့လူတွေ အရင်စားကြတော့မလား၊ ထမင်းပွဲပြင်လိုက်တော့မယ်”ဟု ကိုဘို့ဇနီး အစ်မက မေးသည်။

နာရီကြည့်လိုက်တော့ ၁၂ နာရီထိုးလုနေပြီ။ ဗိုက်ကလည်း ဆာလှပြီမို့ ကျနော်က......

“ဟုတ်ကဲ့...အစ်မ။ ကောင်းသားဘဲ။ ခဏနေ လူတွေ ထပ်ရောက်လာဦးမှာ ဆိုတော့ နေရာလောက်ငှအောင် ကျနော်တို့ အရင်စားနှင့်ထားလိုက်မယ်”

အမှန်က ထိုအကြောင်းပြချက်နောက်ကွယ်တွင် ကျနော့်မှာ ကျနော်ကိုယ်တိုင်သာ သိသည့် အားနည်းချက် တခု ရှိသည်။

အခြားမဟုတ်။ ကျနော်သည် ကျနော့်ရှေ့တွင် ထမင်းဟင်းနံ့ တလှိုင်လှိုင်ဖြင့် သူများတွေ စားနေသောက်နေကြလျှင် ကျနော်မစားရသေးပါက အင်မတန် သွားရည်တမြားမြား ဖြစ်လာတတ်သည်။ ဒန်ပေါက်၊ ထောပတ်ထမင်း၊ ဆွမ်းမွှေးရွက်နှင့် ချက်ပြုတ်ထားသည့် အနံမွှေးကြိုင်လှသည့် ထမင်းဟင်းလျာများဖြစ်က ပို၍ ဆိုးသည်။ သွားရည်များ ပါးစပ်ထဲတွင် အိုင်ထွန်းလာပြီး လူမသိ၊ သူမသိ အသံမမြည်စေဘဲ တံတွေး ‘တဂွပ်ဂွပ်’ ကျိတ်မြိုရသည်မှာ နေမထိ၊ ထိုင်မသာ အင်မတန် ဒုက္ခများသည်။ ဗိုက်ဆာနေချိန်ဖြစ်ပါက ဗိုက်ထဲကပါ ‘တဂြီဂြီ’ ကျယ်လောင်စွာ မြည်တတ်၏။ သည်အကြောင်းကြောင့်ပင် ဆွမ်းကျွေးအလှူများတွင် ဘုန်းကြီးကို ဆွမ်းဆက်ကပ်ရသည့်အလုပ်ကို မလွှဲရှောင်လွန်းမှသာ လုပ်တတ်သည်။ ထို့ကြောင့် အစ်မက စားနှင့်ဘို့ ပြောလာသည့်ခါ ဟန်ဆောင်ပန်ဆောင်ပင် မငြင်းဆန်နိုင်တော့ဘဲ လျှောလျှောလျှူလျှူ လက်ခံလိုက်ခြင်းဖြစ်သည်။

ထမင်းစားပွဲဝိုင်းတွင် ထိုင်လိုက်တော့ ဟင်းလျာများမှာ စုံလင်လှသည်။ ဟင်းတိုင်းကို ခံတွင်းတွေ့နေသည်။

ကျနော်တို့ ငါးယောက်သား စကားတပြောပြောနှင့် မြိန်ရည်ယှက်ရည် စားသောက်နေစဉ်မှာပင် မင်းသူရိယလည်း ရောက်လာသည်။ ကျနော်တို့ဝိုင်းမှာ နောက်ထပ် တယောက်စာ ထပ်ထိုင်လျှင် ရသေးသည့်အတွက် တခါတည်း ၀င်စားဘို့ ဖိတ်ခေါ်သည်။ သို့သော် ပုဂ္ဂိုလ်က ‘ပဲ များ’ နေသည်။ ထမင်းဝိုင်းနှင့် မလှမ်းမကမ်း မီးဖိုချောင်တံခါးကို မှီရင်း အိမ်မှာ စားလာပြီးဖြစ်၍ မစားလိုကြောင်း ပြန်ပြောသည်။ ပြောသာ ပြောသည်။ သူ့မျက်လုံးများမှာ စားပွဲပေါ်တွင်ရှိသော ဟင်းခွက်များဆီမှ မခွာ။

စားနေကြသည့်အထဲမှ တယောက်က...

“တွေ့လား၊ တွေ့လား.... ပါးစပ်ကသာ မစားချင်ဘူးပြောနေတာ။ မျက်လုံးကတော့ ဟင်းခွက်တွေကို မျက်တောင်မခတ်တမ်း ကြည့်နေတာ။ တော်ပြီ။ တော်ပြီ။ ဘယ်သူမှ နောက်တခါ ထပ်မခေါ်နဲ့တော့။ သေချာပေါက် ၀င်စားလိမ့်မယ်” ဟု လှမ်းနောက်သည်။

ဧည့်ခန်းထဲတွင်လည်း နောက်ထပ် လူငါးယောက်လောက် ထပ်ရောက်လာသည်ကို လှမ်းမြင်နေရသည်။ ထိုအချိန်မှာပင် မင်းသူရိယက....

“အစ်မတို့ နောက်တာနဲ့ ကျနော်လည်း ကြောင်ခုန်ချဇာတ်လမ်းထဲကလို ဖြစ်တော့မှာဘဲ”

“ဘာလဲကွ၊ ကြောင်ခုန်ချဇာတ်လမ်းဆိုတာ” ကျနော်က ၀င်မေးလိုက်သည်။

“တခါတုန်းက လူတယောက်ဟာ စားချိန်သောက်ချိန်မှာ အိမ်တအိမ်ကို အလည်ရောက်သွားသတဲ့။ ဒီတော့ စားလက်စ ထမင်းဝိုင်းက အိမ်ရှင်တွေက သူ့ကို တပါတည်း ထမင်းဝင်စားဘို့ ခေါ်သတဲ့။ အဲဒီမှာ ဒီလူဟာ အင်မတန် ၀င်စားချင်နေပေမယ့်လည်း မစားတော့ပါဘူးဗျာလို့ ငြင်းလိုက်တယ်။”

“နင့်လိုပေါ့”........တယောက်က ၀င်ဖောက်သည်။ မင်းသူရိယ တဟဲဟဲ ရယ်လျက် ဆက်ပြောပြန်သည်။

“ဒုတိယအကြိမ် ထပ်ခေါ်တော့လည်း သူက မစားတော့ပါဘူးဗျာလို့ ငြင်းသေးတာဘဲ။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့.......နောက်တခါ ထပ်ခေါ်ရင်တော့ ၀င်စားပြီကွာ.....လို့ ကြုံးဝါးထားပြီး နောက်တကြိမ်အခေါ်ကို စောင့်နေသတဲ့။”

“သိနေတယ်လေ၊ ငါတို့က အဲဒီအကြောင်းသိလို့ မင်းကို ၀င်စားပါလို့ ထပ်မခေါ်တော့တာ”

ကျနော်က သူ့ကို လှမ်းပြောရင်း ပန်းကန်ထဲမှ ကုန်ခါနီးထမင်းကို စုပြီးစားနေသည်။ ဒီနေ့ ဟင်းရည်ကလည်း သောက်လို့တော်တော်ကောင်းသည်။ အစ်မ၏ အထူးလက်ရာ အမဲသားစပ်ကြော်ကလည်း တော်တော်ကောင်းသည်။

မင်းသူရိယကတော့ သူ့ထုံးစံအတိုင်း ဘယ်လောက်စစ စိတ်မဆိုး။ သူကလည်း လူတိုင်းကို စတတ်နောက်တတ်သူ။ လူစုမိပြီဆိုတိုင်း ရယ်စရာမောစရာလည်း ပြောနေကျ၊ ဒီကောင့်ကို လူချစ်လူခင်များသည်။ အခုလည်းကြည့်။ မျက်နှာက ပြုံးဖြဲဖြဲနဲ့ ဟင်းခွက်တွေကို မျက်လုံးက မခွာတမ်းကြည့်ရင်း သူ့ပြောလက်စ ဇာတ်လမ်းကို ဆက်သည်။

“အဲဒီလို ကြုံးဝါးထားပြီး သူဟာ နောက်တကြိမ် ထမင်းစားအခေါ်ကို စောင့်နေသတဲ့။ အဲဒီအချိန်မှာ ဖြစ်ချင်တော့ ဘီဒိုပေါ်မှာ ထိုင်နေတဲ့ကြောင်က သူ့ဘေး ကြမ်းပြင်ပေါ်ကို ဘုတ်ကနဲ ခုန်ချလိုက်သတဲ့။ အဲဒီမှာတင် ဒီလူ့ပါးစပ်က ယောင်ပြီးတော့....ဒါဆိုရင်လဲ စားရတာပေါ့ဗျာ....လို့ လွှတ်ကနဲ ပြောလိုက်မိတော့သတဲ့”

သူ့ဟာသကို တ၀ိုင်းလုံး ပွဲကျသွားကြသည်။

“ကိုမင်းသူရိယ၊ ဒီအိမ်မှာတော့ ကြောင်မရှိဘူးနော်” တယောက်တပေါက် စကြနောက်ကြသည့် အသံတွေ၊ ရယ်သံတွေ ကျွက်ကျွက်ညံသွားသည်။ ထိုအချိန်မှာပင် အစ်မက ထမင်းဝိုင်းကို လာကြည့်ရင်း...

“သြော်...ကိုပေါ၊ ထမင်းတောင်ကုန်နေမှကိုး။ နေဦး လိုက်ပွဲထမင်းယူလာပေးမယ်”

“ကျေးဇူးဘဲအစ်မ။ ကျနော် နည်းနည်းလောက် ထပ်ယူဦးမယ်”

စောစောက ရယ်သံတွေ ကြားထဲတွင် ကျနော်နှင့် အစ်မ အပြန်အလှန်ပြောစကားမှာ တိုးတိမ်နေသည်။ ထမင်းဝိုင်းမှ လူတွေက လွဲ၍ မင်းသူရိယ ကြားလိုက်ပုံမရ။ အစ်မပြန်လာသည့်အခါတွင်တော့ လက်ထဲတွင် ကျနော့်အတွက် လိုက်ပွဲ ထမင်းတပန်းကန် အပြည့်နှင့်။

အစ်မ ထမင်းပန်းကန် သယ်လာသည်ကို မင်းသူရိယမြင်သည့်အခါ သူ့အတွက် သယ်လာသည် ထင်မှတ်ကာ ထမင်းဝိုင်းဘက်ကို ကပျာကယာ လျှောက်လာရင်း အစ်မကို...

“အစ်မ၊ ထမင်းတွေ အရမ်းများတယ်၊ နည်းနည်း လျှော့လိုက်ဦး။ ကျနော် အဲဒီလောက်မကုန်ဘူး” .....တဲ့။

အဲဒီမှာတင် ထမင်းဝိုင်းတခုလုံး ရယ်သံတွေနဲ့ တအုန်းအုန်း ဆူညံသွားပြန်သည်။

“ဟာ၊ အခုမှ ကြောင်တကယ် ခုန်ချပဟေ့။ ကြောင်ခုန်ချပဟ”

ရယ်ရလွန်း၍ ထမင်းသီးသူသီး ဖြစ်ကုန်သည်။ မင်းသူရိယကတော့ ထုံးစံအတိုင်း သူ၏ ပြုံးဖြဲဖြဲမျက်နှာပေးနှင့်ပင် မထူးဇာတ်ခင်းကာ ထမင်းဝိုင်းရှိ လွတ်နေသော ထိုင်ခုံတွင် ၀င်ထိုင်လေတော့သည်။

သည့်နောက်ပိုင်းတော့ တလလောက်အထိ ကျနော်တို့ အုပ်စု ဆုံမိတိုင်း မင်းသူရိယကို “ကြောင်ခုန်ချ”ဟု ခေါ်ပြီး နောက်ပြောင်ကြတာကို မှတ်မိနေသေးသည်။
Read more

“တောင်ပုလုမြို့ ရာဇ၀င်”



----------------------------------------------------------------------------------------------
အသက်တရာ မနေရသော်လည်း အမှုတရာပွေရတတ်သည်ဆိုသည့် စကားအတိုင်း ဤလူ့ဘုံခန်းဝါ လူ့ပြည်ရွာကြီးတွင် ရံဖန်ရံခါ ရှားရှားပါးပါး ကြုံရလေ့ရှိတတ်သော စိတ်ဝင်စားဘွယ်အဖြစ်သနစ်များကို ကျန်ုပ်သည် ၀ါသနာအလျောက် လေ့လာ မှတ်တမ်းတင်လေ့ရှိရာ တောင်ပုလုမြို့တွင် ကျန်ုပ်နေထိုင်ခဲ့စဉ်အတွင်း ကိုယ်တိုင်တွေ့ကြုံခဲ့သော အောက်ပါ ဇာတ်လမ်းလျှော်ကြီးမှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ထင်မြင်ယူဆမိသည့်အတိုင်း နောင်လာနောက်သားတို့ ဖတ်ရှု အတုယူစိမ့်သောငှာ ဘလော့ဂ်ထက် အက္ခရာတင်ခဲ့ရပါသည်။ မယုံလျှင်လည်း ပုံပြင်ဟုသာ မှတ်ကြပါရန်။ (ပုံ- သဗ္ဗေသတ္တာကမ္မသကာ -စာရေးသူ)
...............................................................................................................
ချာရာဏသီတိုင်းပြည်၊ ကျိုင်းမတုံ့တတုံဒေသမှ ရိုးသားကြိုးစားရှာသော လူငယ်လေးနှစ်ဦးဖြစ်သည့် ဂျက်ကီသန့် နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်။ ၄င်းတို့နှစ်ဦးသည် မွေးရပ်ဇာတိမြေ၀ယ် သမာအာဇီဝနည်းဖြင့် အသက်မွေးဝမ်းကြောင်းရသည်မှာ ၀ါးလုံးခေါင်းအတွင်းသို့ နာဠာဂီရိအမည်ရှိသည့် ဆင်ပြောင်ကြီးအား အမြီးမှစ၍ အကောင်လိုက် ထည့်သွင်းရသည့်နှယ် တနေ့တခြား ခက်ခဲကျပ်တည်းကျဉ်းမြောင်း လာသည်ဖြစ်၍ မိမိတို့ရပ်ရွာကို စွန့်ကာ မြို့စားကြီး ဦးအာလူးနှင့် သားဖြစ်သူ အလကားကျော်စွာတို့ အုပ်ချုပ်မင်းလုပ်နေသော တောင်ပုလု မြို့ကို အလုပ်လုပ်ရန် ထွက်လာခဲ့လေသည်။

တောင်ပုလုမြို့ကြီးနှင့် ချာရာဏသီပြည်သည်ကား နတ်ဘုံနတ်နန်းနှင့် ငရဲခန်းတမျှ အကြီးအကျယ် ကွာခြားလွန်းလှပေစွ။ တောင်ပုလုမြို့သားတို့ နေထိုင်ရာ HDB တိုက်ခန်းတို့သည် ၀ိသကြုံနတ်သား စီမံအပ်ပေသော နတ်တို့နေထိုင်ရာ နတ်ဗိမာန်နှင့်မခြား အရောင်တဖိတ်ဖိတ် တလက်လက်။ တောင်ပုလုမြို့သားတို့ စီးနင်းရာ MRT ဆိုသော ရထားသည်လည်း သိကြားမင်းစီးနင်းရာ နတ်မြင်းတထောင်ကသည့် ဝေဇယန္တာနတ်ရထားကဲ့သို့ပင်တည်း။

နတ်ပြည်နတ်ရွာသို့ လူ့ပြည်နေရာအနှံ့မှ လူသားတို့ နတ်ဘ၀သို့ တဖွဲဖွဲ ကူးပြောင်းကာ ရောက်ရှိနေသည့်နည်းတူ ချာရာဏသီတိုင်းပြည်ဘေးပတ်ဝန်းကျင် နိုင်ငံနီးချုပ်စပ်မှ “ဘကုန်း၊ ယပက်လက်၊ အ၊ မ၊ ဖအုပ်ထုတ်” စသည့် ထူးဆန်းသော အက္ခရာ နာမည်အသီးသီးရှိသည့် တိုင်းတပါးသားတို့သည်လည်း တောင်ပုလုမြို့သို့ ၀င်လာမစဲ တသဲသဲနှင့် လာရောက်စုဆုံကြရာ တောင်ပုလုမြို့ကြီးသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် သောသောရုတ်ရုတ်၊ အုတ်အုတ်ကျက်ကျက်၊ ကြက်ပျံမကျ၊ ဓါတ်ဆီဈေး ပြန်မကျ၊ ဆန်ဈေး ပြန်မကျ၊ ကားခ ပြန်မကျ၊ အိမ်ငှားခ ပြန်မကျ စည်ကားလှပါပေသည်။

ဂျက်ကီသန့်နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်တို့သည် မူလကပင် ရိုးသားကြိုးစားသော လူငယ်များဖြစ်သည့်အားလျော်စွာ တောင်ပုလုသို့ ရောက်ပြီးမကြာမီမှာပင် အဋ္ဌာရသ ၁၈ ရပ်ကို သင်ကြားပေးရာ နိုင်ငံကျော် တက္ကသီလာကျောင်းတော်သာကြီးများမှ ပညာရင်နို့ကို အသီးသီး သောက်စို့ပြီးသကာလ ယခုအခါတွင် အလုပ်အကိုင်ကောင်းများကို ရရှိကြပြီးလျက် “လူကောင်းကိုယ့်မောင်၊ ရုံးလှဆောင်၊ ၀ အောင်စား၍၊ ခါးဝတ်တဲ့ပြင်၊ လက်ကပ်ခြေကပ် ပိုမိုမြတ်၍ အဖတ်တင်၊ အိမ်တွင်အများ၊ သံသေတ္တာနှင့် လုံစွာထား၊ ငွေသားလေးရွေး ရှိပါတယ်” ဆိုသကဲ့သို့ ငွေကြေးအတန်အသင့်ကို အသီးသီး စုဆောင်းရရှိပြီးဖြစ်လေသည်။ သို့သော် ဂျက်ကီသန့်မှာ ခြေဗွေပါသကဲ့သို့ ခရီးမကြာခဏထွက်တတ်ခြင်း၊ ကင်မရာ၊ အမ်ပီသရီး၊ နားကြပ် စသည့် နောက်ဆုံးပေါ် စက္ကောမယန္တယားကိရိယာတန်ဆာပလာများကို ၀ယ်ယူသုံးစွဲတတ်ခြင်း၊ ဘိုင်စကုပ် မလွတ်တမ်းကြည့်ခြင်း၊ အစားအသောက်ကို ခုံမင်ခြင်းတို့ကြောင်း ထင်သလောက် မစုမိသေးကြောင်း ၄င်းကိုယ်တိုင်၏ ဖွင့်ဟ ပြောဆိုမှုကြောင့် သိရှိရလေသည်။ (ထို့ကြောင့် ငွေကြေးကို မက်မော၍ လက်ထပ်လိုသော မိန်းမချောလေးများ နှစ်ကြိမ်ပြန်၍ စဉ်းစားကြပါရန်...)။

တနေ့သ၌ ညောင်ရမ်းဂွတိုဟူသော ငနဲသားတယောက်သည် ၄င်းတို့ နှစ်ဦးနှင့် တောင်ပုလုမြို့တွင် မထင်မှတ်ဘဲ ဆုံဆည်းမိလေသည်။ တွေ့သည်နှင့် တပြိုင်နက် “သူတော်ချင်းချင်း သတင်းလွေလွေ့ ပေါဖက်တွေ့” ဆိုသကဲ့သို့ အပေါဓါတ်ခံ ပါရမီရင့်သန်ပုံခြင်း တူညီကြသည်ဖြစ်ရကား ညောင်ရမ်းဂွတိုသည်လည်း ၄င်းတို့နှင့် ပေါဖော်ပေါဖက်တဦး ဖြစ်လာလေသည်။

ထို့သို့ အစစအရာရာ သာယာလှပကာ ပျော်ရွှင်ဘွယ်အတိ ပြည့်စုံနေသော ၄င်းတို့၏ ပေါကမ္ဘာကလေးထဲသို့ မည်သူမျှမမျှော်လင့်သော ကံကြမ္မာမုန်တိုင်းကြီးတခုသည် တနေ့သောအခါ ရုတ်တရက် မထင်မှတ်ဘဲ ချဉ်းနင်းတိုက်ခတ်ဝင်ရောက်လာလေသည်။

အဖြစ်အပျက်ကား ဤသို့တည်း။

ကံဆိုးမိုးမှောင်ကျခြင်း အဖြစ်သနစ်၏ မူလအကြောင်းရင်းခံမှာ တောင်ပုလုမြို့စားကြီး ဦးအာလူးနှင့် သူ၏ သားတော် အလကားကျော်စွာ တို့သည် တောင်ပုလုမြို့သားတို့ အား တင်းကြပ်စွာ ဖိနှိပ်အုပ်ချုပ်ခြင်းက စသည်။ တောင်ပုလုမြို့စား ဦးအာလူးသည် တောင်ပုလုမြို့တွင် သူသာလျှင် အတော်ဆုံး၊ သူသာလျှင် အမြော်အမြင်အရှိဆုံး၊ သူကလွဲ၍ တပါးသူသာ အုပ်ချုပ်ပါက တောင်ပုလုမြို့သည် အသူတရာနက်သော ချောက်ကမ်းပါးကြီးထဲသို့ ၀ုန်းကနဲ ပြုတ်ကျသွားတော့မည်ဟု အထင်ရောက်နေသူဖြစ်လေသည်။ သူထင်မှတ်သည့်အတိုင်း တောင်ပုလုမြို့သားတို့ စွဲထင်မှတ်စေရန်လည်း နေ့စဉ်နှင့်အမျှ ဘူတာတွင် တူမဒေးတဒေး ဟူသော ရွှေပေလွှာသတင်းစာများကို အခမဲ့ဖြန့်ဝေကာ ကြေညာမှိုင်းတိုက်ပေးစေ၏။ ၄င်း၏ အာဏာကို စိန်ခေါ်လာသူမှန်သမျှအား မွဲပြာကျ၊ နာလန်မထူနိုင်အောင် ချေမှုန်းတတ်သူ၊ နှစ်ရှည်လများ ချုပ်နှောင်တတ်သူလည်းဖြစ်၏။

ထိုသို့သော အနေအထားတွင် အောက်ပါ အဖြစ်အပျက်ကြီးသည် မလွှဲသာမရှောင်သာ ဖြစ်ပျက်ခဲ့ချေ၏။

တောင်ပုလုမြို့စားကြီး ဦးအာလူးသည်ကား ရှမ်းခေါက်ဆွဲကို အလွန်မုန်းသူဖြစ်သည်။ ရှမ်းခေါက်ဆွဲတွင် ပါဝင်သော ရှမ်းချဉ် စသည်တို့မှာ ကျန်းမာရေးနှင့် မကိုက်ညီဟု သူယူဆသည်။

သို့သော် ကျိုင်းမတုံ့တတုံ ဇာတိဖွား ဂျက်ကီသန့် နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်တို့မူကား “ရှမ်းခေါက်ဆွဲ” ဟု အသံကြားလိုက်ရသည်နှင့် အသွေးအသား၊ အကြောအချဉ်၊ ရိုးတွင်းချဉ်ဆီ၊ မြီးညှောင့်ရိုးပါမကျန် ခန္ဓာကိုယ်၏ နေရာအနှံ့မှာ တဆတ်ဆတ် တုန်တက်လာကာ နောက်ဆုံး ရှမ်းခေါက်ဆွဲကို အမှန်တကယ်စားသုံးလိုက်ရမှ နေသာထိုင်သာ ရှိသွားသည် ဟူ၏။

ထိုသို့ လူတဦးနှင့်တဦး အကြိုက်တရားချင်း မတူညီကြသောအခြေအနေတွင် ဦးအာလူးသည် ၄င်း၏ အာဏာကို အလွဲသုံးစားလုပ်ကာ တောင်ပုလုတွင် ရှမ်းခေါက်ဆွဲကို ရောင်းချခြင်း၊ ချက်ပြုတ်ခြင်း၊ စားသုံးခြင်းကို လုံးဝ ခွင့်မပြု။ ဤဥပဒေကို ချိုးဖောက်ပါက ချိုးဖောက်သူအား ခြေဖ၀ါးကို ကြက်မွှေးနှင့်ကလိကာ ဂလိထိုးသတ်စေဟု အမိန့်တော် ထုတ်ပြန်လိုက်သည်။

ဤ အမိန့်ထုတ်သည့်နေ့မျှစ၍ ဂျက်ကီသန့်နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်တို့နှစ်ဦးသည် ရှမ်းခေါက်ဆွဲကို အလွန်အမင်းအာသီသရှိကြသည်နှင့်အညီ “ဘိန်းစားဆေးပြတ်၊ ဆေးငတ်သည့်နှယ်၊ ရှမ်းခေါက်ဆွဲ၌ တပ်မက်ခြင်းတဏှာ ကြီးမားရှာသည့်အလျောက်” မျက်တွင်းဟောက်ပက်၊ အရိုးဂေါက်ဂက်နဲ့ မအိပ်နိုင် မစားနိုင် မှိုင်တွေခြင်းအဖြစ်သို့ တမုဟုတ်ခြင်း ရောက်ကြရှာ(ယောက်ျားရှာဟု မှားယွင်းမဖတ်ပါနှင့်)လေသည်။

ညောင်ရမ်းဂွတိုမူကား မူလ ချာရာဏသီပြည်တွင် ကြီးပြင်းခဲ့စဉ်က မကွေးတကွေးတိုင်းဒေသမှ လာသည်ဖြစ်သည့်အားလျော်စွာ ရှမ်းခေါက်ဆွဲအား မစားသုံးရသည့်အတွက် အထူးတလည် မထိခိုက်လှ။ သို့သော် မိမိခင်မင်သော ရောင်းရင်းနှစ်ဦး၏ ကြေကွဲစဘွယ် မရှုမလှ ဝေဒနာခံစားနေရသည့် အဖြစ်သနစ်ကို မရှုစားရက်သည့်အလျောက် “ယောင်္ကျားတို့ လုံ့လ မထုတ်ခင်ကလျှော့၊ အဲလေ...သေခါမှ လျှော့” ဟူသော ဆိုရိုးစကားအတိုင်း တောင်ပုလုမြို့စား၏ မတရားသော ဥပဒေကို မလျှော့သော လုံ့လဖြင့် ဆန့်ကျင် စိန်ခေါ်သွားမည်ဟု ဆုံးဖြတ်ချက် ချလိုက်လေသည်။

ထို့ကြောင့် တနေ့တွင် ညောင်ရမ်းဂွတိုသည် ၄င်း၏ အခြားရောင်းရင်းများဖြစ်ကြသော ရှင်ဂွမ်းဂွိ၊ ကိုပေတရာ၊ ဆေးဆရာဦးတုတ်ကြီး၊ ဗညားပိစိ စသူတို့နှင့် တိုင်ပင်ဆွေးနွေးကာ တောင်ပုလုမြို့စား၏ စံအိမ်တော်ရှေ့သို့ သွားရောက်ကြပြီး “ရှမ်းခေါက်ဆွဲစားရဘို့အရေး တို့အရေး”၊ “ပီကေ၀ါးရဘို့အရေး တို့အရေး” ဟူသော ကြွေးကြော်သံများကို လက်သီးလက်မောင်းတန်းကာ ကြွေးကြော်ကြလေသည်။

မကြာခင်မှာပင် တောင်ပုလုမြို့စား၏ မင်းချင်းများ ရောက်လာကာ ၄င်းတို့ ငါးဦးအား တရားမ၀င်စုဝေးမှုအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။

နောက်တနေ့ တောင်ပုလုမြို့ထုတ် သတင်းစာများဖြစ်သော တူမဒေးတဒေး၊ စထရိတ်မတိုင်းစ်တတိုင်းစ် သတင်းစာများတွင် ထိုအကြောင်းကို ဟိုးလေးတကြော် ရေးသားကြ၏။

“တရားမ၀င် စုဝေးခဲ့သူများအား ဥပဒေအား ချိုးဖောက်ခဲ့ခြင်း ရှိမရှိ မင်းချင်းများက ဆက်လက်စုံစမ်းနေခြင်း”
“အစွန်းရောက်သော လူတစုမှ ဆူပူလှုပ်ရှားမှု ဖြစ်အောင် ဖန်တီးခြင်း”
“တရားမ၀င် လူစုလူဝေးကြောင့် လမ်းသွားလမ်းလာများ အနှောက်အယှက်ဖြစ်ခြင်း”
........စသည့် သတင်းခေါင်းစဉ်စာလုံးမဲကြီးများနှင့်အတူ ထိုကိစ္စနှင့် ပတ်သက်သော တောင်ပုလုမြို့သားတို့၏ အမြင်များ ပါရှိလာလေသည်။ ထိုအမြင်များမှာ ဆန္ဒပြသူငါးဦးအား တောင်ပုလုမြို့သားများမှ ၀ိုင်းဝန်းပြစ်တင်ဝေဖန်ကြသော အမြင်များသာ ဖြစ်လေသည်။ ထောက်ခံသောအမြင်များကို ပြောဆိုမိသော တောင်ပုလုမြို့သားတို့အနေဖြင့်လည်း မိမိတို့၏ အတွေးအမြင်များကို သတင်းစာပေါ်တွင် ပုံနှိပ်စာလုံးအဖြစ် မြင်တွေ့ခွင့် မရလိုက်ကြရှာ။ ဤနည်းဖြင့် သတင်းစာဖတ်ရသူများအဖို့ တောင်ပုလုတမြို့လုံးက ဆန္ဒပြသူငါးဦးအား ၀ိုင်းဝန်းရှုတ်ချကြသည်ဟု မှတ်ထင်ယုံကြည်သွားကြချေတော့သည်။

ထိုမျှမက။ တောင်ပုလုမြို့စားကြီးဦးအာလူးကလည်း ကုန်သည်သူကြွယ်များနှင့် ညစာပွဲတော်တည်ခင်းရာတွင် မိန့်ခွန်းပြောကြားရာ၌ “တောင်ပုလုမြို့သည် နှပ်ချေးဖတ်မျှသာ ရှိသည်ဖြစ်၍ အခြားတိုင်းပြည်များနှင့်မတူကြောင်း၊ ဤသို့သာ ဆူပူဆန္ဒပြပွဲများ နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေပါက တိုင်းတပါးမှ ကုန်သည်သူကြွယ်ကြီးများသည် တောင်ပုလုသို့ လာရောက် ရောင်းဝယ်ဖောက်ကားကြတော့မည် မဟုတ်ဘဲ တိုင်းပြည်ဘဏ္ဍာများ ဆုံးရှုံးသောကြောင့် တိုင်းပြည်စီးပွားရေးပျက်ပြားကာ နောက်ဆုံးတွင် ချာရာဏသီပြည်အနေအထားသို့လည်းကောင်း၊ ပတ်ဝန်းကျင်နိုင်ငံများဖြစ်သော မလေးမရှားတရှားပြည်၊ ယိုးဒ မယားတယားပြည်၊ ဖိလစ် မပိုင့်တပိုင်ပြည်များကဲ့သို့လည်းကောင်း မတည်မငြိမ် မအေးမချမ်းဖြစ်ကာ ချာတူးလန်မင်းအစိုးရများ မင်းမူကြတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုသို့ မတည်မငြိမ်ဖြစ်အောင် လှုံ့ဆော်သူများကို နောက်ထပ် ဥပဒေများ ပြဋ္ဌာန်ရေးဆွဲ၍ ယခင်ကထက်ပင် ပိုမို၍ ပြင်းပြင်းထန်ထန် အရေးယူသွားရမည်ဖြစ်ကြောင်း” လေးစားစဖွယ် တည်ငြိမ်ခန့်ညားစွာ မိန့်ကြားသွားသည်ကို တွေ့ရသည်။

ထူးဆန်းသည်မှာ ဂျက်ကီသန့်နှင့် စိုင်းစိုင်းဘွိုက်ဇ်လှိုင်တို့၏ ပေးစာများကိုလည်း သတင်းစာများ၏ ပေးစာကဏ္ဍတွင် တခမ်းတနားဖော်ပြကြခြင်းဖြစ်ပေသည်။

၎င်းတို့၏ စာများအရ “တောင်ပုလုမြို့ကြီးသည် တောင်ပုလုမြို့စားကြီး ဦးအာလူး၏ အုပ်ချုပ်မှုအောက်တွင် အင်မတန်မှ စည်ပင်ဝပြောကြောင်း၊ ထိုသို့သော စည်ပင်ဝပြောမှုအတွက် အနောက်တိုင်းမှ ဒီမိုမကရေ့တကရေစီ စနစ်ကို ပုံတူကူးချခြင်းကို လက်မခံသင့်ကြောင်း၊ လူအဖွဲ့အစည်းသာယာဝပြောမှုအတွက် လူတဦးချင်း၏ လွတ်လပ်ခွင့်ကို ရှေ့တန်းမတင်သင့်ကြောင်း၊ ရှမ်းခေါက်ဆွဲစားခွင့်မရှိပါက အီတာမလျံ့တလျံတိုင်းပြည်မှ အစားအသောက်ဖြစ်သော စပါဂက် မတီ့တတီအမည်ရှိ ခေါက်ဆွဲကို စားသောက်ပြီး အာသာပြေနိုင်ကြောင်း၊ ရှမ်းခေါက်ဆွဲကို မစားရမနေနိုင်သူများအနေဖြင့် ချာရာဏသီပြည်သို့ ပြန်လျှင်ပြန်၊ မပြန်လျှင်လည်း ရှမ်းခေါက်ဆွဲကို မပိတ်ပင်သော အခြားလွတ်လပ်သော နိုင်ငံများသို့ ထွက်ခွာသွားရန်” အကြံပေးရေးသားထားသည်ကို တွေ့ရလေသည်။

နောက်နှစ်ပတ်ခန့်ကြာသောအခါ အဆိုပါ သတင်းစာများတွင်ပင် ဆန္ဒပြသော ငါးယောက်သည် “၄င်းတို့အနေဖြင့် နိုင်ငံရေးသမားများ၏ စကားကို နားယောင်ကာ မလုပ်ဆောင်သင့်သော ဆူပူဆန္ဒပြခြင်းများကို ပြုလုပ်မိကြောင်း၊ ထို့အတွက် နောင်တရမဆုံးအောင်ဖြစ်ရကြောင်း၊ မိမိတို့လုပ်ရပ်အတွက် အနှောင့်အယှက်ဖြစ်သွားကြရှာသော လမ်းသွားလမ်းလာများကိုလည်း တောင်းပန်လိုကြောင်း၊ ထို့ပြင် မိမိတို့လုပ်ရပ်သည် မရည်ရွယ်ဘဲ တောင်ပုလုမြို့စားကြီး၏ မြူတမှုန်မျှပင် အစွန်းအထင်းမရှိသောဂုဏ်သိက္ခာကို ထိပါးစော်ကား မလေးမစားလုပ်သကဲ့သို့ ဖြစ်သွားပါက သနားခွင့်လွှတ်ပါရန် ခြွင်းချက်မရှိ တောင်းပန်ပါကြောင်း” ပါလာခဲ့လေသည်။

ဤသို့ဖြင့် အနှစ် နှစ်ဆယ်ခန့်ကြာသောအခါ တောင်ပုလုမြို့ကြီးတွင် ပီကေ မရောင်းရ၊ ရှမ်းခေါက်ဆွဲမရောင်းရ မချက်ရ၊ ထမင်းမရောင်းရ မချက်ရ၊ ရှမ်းခေါက်ဆွဲဓါတ်ပုံများကို ဘလော့ဂ်များပေါ်တွင် မဖော်ပြရ၊ လမ်းမလျှောက်ရ၊ နှပ်မညှစ်ရ၊ အီးအသံကျယ်ကျယ် မပေါက်ရ၊ နှာမချေရ၊ ချောင်းမဆိုးရ၊ ယားလျှင်မကုတ်ရ၊ မျက်စောင်းမထိုးရ၊ ကြာမပစ်ရ၊ အသက်ကို ၀၀ မရှုရ စသည့် ထူးဆန်းသော ဥပဒေများ တစထက် တစ များပြား၍ လာပေသည်။ သို့သော် တောင်ပုလုမြို့ကြီးကား သားတော် မြို့စားမင်းအလကားကျော်စွာ၏ အမြော်အမြင်ကြီးသော စီမံအုပ်ချုပ်မှုအောက်တွင် ကြက်ပျံမကျ စည်ကားလျက်ပင်။
Read more

“ငှက်ပျောသီး၊ လှေကား၊ ရေခဲရေ၊ မျောက်များနှင့် ကျနော်တို့”

(အင်တာနက်ပေါ်က ဖတ်ဘူးတာလေးတခုကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။)


မောင်၊ ညီမလေးတို့ရေ....စမ်းသပ်ချက်တခုမှာ သိပ္ပံပညာရှင်များဟာ မျောက် ၅ ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထားလိုက်တယ်။

ပြီးတော့လှောင်အိမ်ရဲ့ အလယ်တည့်တည့်မှာ လှေကားတစင်းထောင်ထားပြီး လှေကားထိပ်မှာတော့ ငှက်ပျောတဖီးကို တင်ထားပေးသတဲ့ကွယ်။

တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို တက်ဘို့ကြိုးစားအခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို (မျောက်တွေ ကြောက်တဲ့) ရေခဲတမျှအေးစက်နေတဲ့ ရေအေးတွေနဲ့ နေမထိ ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။

ဟော....မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့ ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့လေးကောင်က ၀ိုင်းပြီး ထုကြ နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို ရပ်နားထားလိုက်တော့သတဲ့ကွယ်။

အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင် အားကောင်းလွန်းလှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။

ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို လှောင်အိမ်ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့ လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့ (မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီးကို ယူဘို့ ကြိုးစားတော့တာပေါ့။ ကျန်တဲ့လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ သူ့ကို ၀ိုင်း “သမ” ကြသတဲ့။ (ကွိကွိ...ကွကွ...ကွိကွ...ခွေးမသားမျောက်...ဆော်ပစ်....ကွစ်ကွစ်)

အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ ဘာကြောင့်ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့ ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ် တက်ဘို့ကိုလည်း ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။

ဒုတိယ မျောက်အသစ်ကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ စိတ်ဝင်စားဘို့ကောင်းတာက ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကို တွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာ ၀ါသနာပါပုံရတယ်ကွဲ့။)

အဲသလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟောင်းထဲက တကောင်နေရာမှာ အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စဆက်ဖြစ်တယ်။ စတုတ္ထမျောက်အသစ်တကောင်ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။ နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို နောက်ဆုံးလက်ကျန်မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။

********************************************************************

ကလေးတို့ရေ.....အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့ မျောက်ငါးကောင်စလုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့ကွယ်။ သူတို့ အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူးကွဲ့။ ဒါပေမယ့် သူတို့ထဲက တစ်ကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့ ကျန်တဲ့ လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့် အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ မသိကြရှာဘူးတဲ့ကွယ်။

ကဲ.....ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။

မောင်၊ညီမလေးတို့ရေ……အဲဒီ မျောက်ငါးကောင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို (ဟဲဟဲ….မမတို့ရဲ့ မြန်မာဘလော့ဂါလောကကြီးမှ အပဖြစ်တဲ့) လူ့အဖွဲ့အစည်း အတွင်းမှာရော တွေ့ဘူးကြုံဘူး ပါသလားကွယ်။

"Only two things are infinite: The universe and human stupidity. And I am not so sure about the former." -Albert Einstein

Read more

“ပဋိပက္ခကို ချဉ်းကပ်ခြင်း”

ညောင်ရမ်းဂွတိုတယောက် ညကြီးသန်းခေါင် အိပ်လို့ကောင်းနေတုန်း ကျွက်စီကျွက်စီ အသံတွေကြောင့် အိပ်ယာက နိုးလာတယ်။

ဘုရားရေ။ ခေါင်းအုံးပေါ်တွင် တင်ထားသော ညာဘက်လက်က လက်ချောင်းတွေ အချင်းချင်း စကားများနေကြပါကလား။ ဘာတွေ ဖြစ်နေကြပါလိမ့်။ မျက်စိကို အသာမှေးကာ ချောင်းနားထောင်ကြည့်ဦးမှ။

“ကျုပ်တို့မှာတော့ နေ့မအားညမအား နှိပ်လိုက်ကြရတာ ဖတ်ဖတ်မောလို့။ ဟုတ်တယ်လေ။ ကီးဘုတ်ပေါ်မှာ ဘယ်အက္ခရာ၊ ဘယ်သရ ကိုဘဲ ရိုက်ရိုက် ကျုပ်တို့ဘဲ နေရာအနှံ့ပါရတာ။ ခင်ဗျားကတော့ ၀င်မပါသလောက်ဘဲ။ ဒါနဲ့များ အဆုံးသတ်ကြရင် ငါလုပ်တာကွ ဆိုပြီး လက်မထောင် ရင်ကော့ချင်ရသေးတယ်။ နာမည်ကောင်း ၀င်ယူချင်သေးတယ်။”

အံမယ်.....လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်း တို့က လက်မ ကို ၀ိုင်းဝန်းအပြစ်ဖို့နေကြတာဘဲ။

လက်မကလည်း မခံရေးချ မခံ။

“မင်းတို့ ငါ့ကို ဒီလို တဖက်သတ်မစွတ်စွဲနဲ့။ ငါက အက္ခရာတွေကို ရိုက်တာမှာသာ မပါပေမယ့် စကားလုံးတွေ တလုံးနဲ့ တလုံးအကြား စပေ့စ်ဘား (Space Bar) ပုတ်တိုင်း ငါဘဲ အလုပ် လုပ်ရတာ။ စာတကြောင်းမှာ စပေ့စ်ဘား ပုတ်ဘို့ ဘယ်နှစ်ကြိမ်လိုသလဲမင်းတို့ သိကြသလား။ မှတ်ထား၊ အင်္ဂလိပ်ဘာသာနဲ့ ရိုက်နှိပ်တဲ့ အခါမျိုးမှာဆိုရင် စာတကြောင်းမှာ စပေ့စ်ဘား ၁၀ ကြိမ်နီးပါး အနည်းဆုံး နှိပ်ရတယ်။ ကျန်တဲ့ လက်ချောင်းတွေရဲ့ ရိုက်နှိပ်ရတဲ့ အကြိမ်ရေထက် ၂.၈ ရာခိုင်နှုန်း ပိုများတယ်ဆိုတာကို အပြည်ပြည်ဆိုင်ရာ လက်နှိပ်စက်အသင်းကြီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါတယ်။ မင်းတို့ မသိရင် ၀ီကီ ပီဒီးယားမှာ ရှာကြည့်လိုက်ဦး။”

ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ။ လက်မက အဲသလို အထောက်အထား အကိုးအကားတွေနဲ့ နည်းနည်းဖြဲခြောက်လိုက်တော့ ကျန်တဲ့ လက်ချောင်းလေးချောင်းအနက် သုံးချောင်းက ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ၊ နည်းနည်းတော့ ငိုင်သွားတယ်။ လက်မက အဲသည်လိုဘဲ။ ပြောနေတဲ့ အကြောင်းအရာနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် ကျမ်းကိုး ကျမ်းကားတွေ၊ အချက်အလက်တွေကို ပါးစပ်ထဲရှိသလို လျှောက်ရွတ်ပြီးပြောတတ်တယ်။ တခါတလေ အဘိဓာန်မှာ မရှိတဲ့ အင်္ဂလိပ်စကားလုံးတွေကိုလည်း သူ့သဘောနဲ့သူ ခပ်တည်တည်ဘဲ အသစ်တီထွင် သုံးစွဲတတ်တယ်။

ဒါပေမယ့် လက်မအကြောင်း ချေးခါးအူမမကျန်သိတဲ့၊ ပေါက်ကရတွေ လာပြောနေရင် မဖွယ်မရာလုပ်ပြဘို့ ၀န်မလေးတဲ့ လက်ခလယ်က ပြန်ပက်တယ်။

“အို.....ခင်ဗျား ဘာဘဲပြောပြော။ လက်မခံဘူးဗျာ။ ခင်ဗျားလို အကိုးအကားနဲ့ ပြောကြေးဆိုရင် ကျုပ်တို့မှာလည်း ခင်ဗျားမကောင်းကြောင်း ကိုးကားစရာ စကားပုံတွေလည်း အပြည့်ဘဲ။ လက်ညှိုးမကောင်း လက်ညှိုး၊ လက်မ မကောင်း လက်မ၊ ဆိုတာလေ။ ခင်ဗျားတို့ မကောင်းလို့ ဒီလိုအပြောခံရတာပေါ့။ လက်ခလယ်မကောင်း လက်ခလယ် လို့ ပြောတာ ခင်ဗျားကြားဘူးလို့လား။”

လက်ခလယ်ရဲ့ သဘောက နေရာအချိန်အခါကို သိပ်ကြည့်လေ့ရှိတာမဟုတ်ဘူး။ သူစိတ်ထဲမှာရှိတဲ့အတိုင်း ဘွင်းဘွင်းကြီးပြောချတတ်တဲ့ အကျင့်ရှိတယ်။ လက်ခလယ် လည်း အဲသလို ပြောချလိုက်ရော သူတပါးကိုသာ လက်ညှိုးထိုးစွတ်စွဲလေ့ရှိတဲ့...အဲလေ...အပြစ်ဖို့လေ့ရှိတဲ့ လက်ညှိုးက မျက်နှာကြီးမဲတက်လာပြီး ဒေါနဲ့မာန်နဲ့ ချေပတယ်။

“ဟေ့ကောင်၊ မင်း အဲသလို ၀ါးလုံးရှည်နဲ့ သိမ်းမရမ်းနဲ့။ လက်မ မကောင်းတာ လက်မကို သွားပြော။ ဘယ့်နှယ့် မဆီမဆိုင် လက်ညှိုးကို ဓားနဲ့ ချိုင်။ လက်မတွေ မကောင်းတာကတော့ အမှန်ဘဲ။ ဘာကြောင့်လည်းဆိုရင် ခြေမလက်မ ကဲ့သို့ မရှိမကောင်း ရှိမကောင်း လို့ လူတွေ ပြောတာ မကြာခဏ ငါကြားဘူးတယ်။ အဲ....ငါတို့ လက်ညှိုးကတော့ စာရိုက်ရင်လည်း သူတကာတွေ ကီးဘုတ်ခလုတ်တတန်းမှာ အက္ခရာတလုံးဘဲ တာဝန်ယူရပေမယ့် ငါတို့မှာက တတန်းမှာ တဘက်နှစ်လုံးစီ တာဝန်ယူပြီး ကိုင်တွယ်ရတော့ဆိုတော့ မင်းတို့ထက် နှစ်ဆပိုပြီး အလုပ်လုပ်ရတယ်။ ငါတို့မရှိရင် မြန်မာစာမှာ “လက်မ၊ အလင်္ကာ၊ မာလာ၊ အမည်၊ လက်ဘက်” စတဲ့ စကားလုံးတွေ ရိုက်လို့ ရမယ် မထင်နဲ့။ နောက်ပြီး ကျုပ်အလုပ်က မောက်စ်ကိုကိုင်ရင် ကလစ်ခေါက်ရတဲ့ အလုပ်လည်း ပါသေးတယ်”

လက်ညှိုးဟာ ဒေါမာန်ပါပါပြောနေရာမှ ဘေးဘီကို ခဏတဖြုတ် စွေစောင်းအကဲခတ်လိုက်ပြီး အားလုံးက ငြိမ်သက်နားထောင်နေတာကို တွေ့ရတော့ အားတက်သွားပြီး အောက်ပါအတိုင်း ဆက်လက် အသားယူကာ ပြောကြားပြန်တယ်။

“နောက်ပြီး လူတွေက လက်ညှိုးညွှန်ရာ ရေဖြစ်တယ် လို့ ပြောကြတော့ လက်ညှိုးဆိုတာ သြဇာတိက္ကမ ရှိတဲ့ အနက်အဓိပ္ပါယ်ကို ဆောင်တယ်ကွဲ့။”

ထိုအချိန်တွင် လက်ညှိုးဘက်မှ မျက်နှာလိုအားရ ၀င်ရောက်ထောက်ခံသူမှာ လက်သန်းဖြစ်သည်။ လက်သန်းဟာ အားသာပြီထင်ရတဲ့ဘက်မှာ အမြဲတစေ ၀င်ရောက် ပူးပေါင်းတတ်တယ်။ သိပ်ပြီး အကျင့်ကောင်းတဲ့ ကောင်တော့မဟုတ်။ မလွယ်ဘူး။ ဒီကောင်သာ လူဖြစ်ခဲ့မယ်ဆိုရင် နာမည်ကြီးဘလော့ဂ်တိုင်းမှာ လျှောက်လည်ပြီး ဟိုက ရေးသမျှပို့စ်တိုင်းမှာ “လက်သန်းလည်း ထောက်ခံပါတယ်” ဆိုတဲ့ အမြဲတစေ ဖန်တရာတေနေတဲ့စာသားကို (ရယ်နေတဲ့ သင်္ကေတလေးနဲ့အတူ) ပြီးလွယ်စီးလွယ် ရေးပြီး အသားလွတ် ထောက်ခံနေတတ်မယ့် ကောင်မျိုးပေါ့။ သိပ်ပြီး ကိုယ်ပိုင်အယူအဆ ရှိလှတာတော့မဟုတ်။ အခုလည်း ကြည့်လေ။ ပြောပုံက။

“ကိုလက်ညှိုးပြောတာမှန်တယ်။ စာရိုက်ရာမှာ ကိုလက်ညှိုးတာဝန်ပိုယူရသလို ကျနော့်မှာလည်း စာလုံးတွေကို ရိုက်ရတဲ့တာဝန်သာမက Shift ကီးကို နှိပ်တဲ့နေရာမှာ ပါရသေးတယ်။ အဆိုးဆုံးကတော့ စာတကြောင်းဆုံးတိုင်း Enter ကီးကို မငြီးမငြူ နှိပ်ပေးရခြင်းဘဲ။ ဒါပေမယ့် ကျနော်က ပိုလုပ်ရတယ်ဆိုပြီးတော့ တခါမှ မတွက်ကပ်ပါဘူး။ ကီးတတန်းကို အက္ခရာ တလုံးလောက်ဘဲ တာဝန်ယူနိုင်တဲ့ လက်သူကြွယ်တို့လို လူတွေကို...အဲလေ လက်ချောင်းတွေကို စိတ်ပျက်သွားအောင် ဖိမပြောပါဘူး။ သူတို့လည်း သူတို့တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းဖြည့်ဆီးပေးနေတာဘဲမဟုတ်လား။ ကိုယ်က သဘောထားကြီးကြီးနဲ့ နားလည်ပေးရမယ်လေ။”

လက်သန်းက အားနည်းသူကို စာနာသယောင်ယောင်၊ အားပေးသယောင်ယောင်နှင့် လက်တွေ့တွင် အပေါ်စီးလေသံဖြင့် ပြောချလိုက်သောအခါ ကာယကံရှင် လက်သူကြွယ်ဟာ လက်သန်းကို ကျေးဇူးမတင်ရုံမျှမက အနာပေါ်ဒုတ်ကျသလို ဆတ်ဆတ်ခါအောင် နာကျည်းသွားတယ်။ ပြီးတော့ လက်သန်းကို ကက်ကက်လန်အောင် ဒေါနဲ့မောနဲ့ ပြန်ရန်တွေ့တယ်။

“ဟေ့ကောင်..လက်သန်း။ ခွေးမသား။ မင်းက Shift နဲ့ Enter ကီးလေးတွေ တခါတလေ ပိုနှိပ်ရတာနဲ့များ စကားလုပ်ပြီး မပြောပါနဲ့ကွာ။ မင်းတို့ သောက်တလွဲ ရိုက်ထားတာတွေ မှားလို့ ပြန်ဖျက်ရပြီဆိုရင် ဟောဒီက လက်သူကြွယ်ဘဲ Backspace ခလုပ်ကို မမောတမ်း နှိပ်ရတာမို့လား။ ဒီကြားထဲ ငါ့သခင်က Insert နဲ့ Delete ကို နှိပ်ချင်ရင်လည်း ဟောဒီက လက်သူကြွယ်ကိုဘဲ အားကိုးတာကွ။”

အဲသလို လက်ချောင်းအချင်းချင်း ကိုယ့်ကိုယ်ကို အမွှန်းတင်၍ ကိုယ့်ကောင်းကြောင်း သူများမကောင်းကြောင်းများကို လူများ စီဘောက်စ်ထဲ၊ ကွန်မင့်ထဲ၊ ဘလော့ဂ်ပို့စ်ထဲ၊ ဖိုရမ်များထဲတွင် အပြန်အလှန် ငြင်းခုံကြသကဲ့သို့ အချင်းချင်း စွပ်စွဲပြောဆို ဆဲဆို၍ အားရကြသောအခါ နောက်ဆုံးတွင် “လက်ချောင်းတွင်ကျယ်” လုပ်လေ့ရှိသော လက်မ က ဤသို့လျှင် ဆရာကြီးလေသံဖြင့် ကောက်ချက်ဆွဲ၏။

“ဟေ့၊ ဟေ့၊ ဒို့ဘ၀တူ လက်ချောင်းတွေ အချင်းချင်း တဦးကို တဦး အပြစ်တင်မနေပါနဲ့ကွာ။ တကယ်တော့ ဒီပြဿနာရဲ့ ရင်းမြစ်က ငါတို့ သခင် ညောင်ရမ်းဂွတိုကွ။ သူအသုံးမကျလို့၊ သူ အလုပ်တာဝန်ကို ခွဲဝေပုံ နည်းလမ်းမကျလို့ ငါတို့ထဲမှာ အကျယ်အကျယ် မငြိမ်းဘွယ်ဖြစ်နေတာ။ ပြဿနာတခု ကြုံလာရင် ပြဿနာရင်းမြစ်ကို ရှာဖွေပြီး အမြစ်ကနေ ရှင်းပစ်တာကောင်းတယ်။ ဒီတော့ သူအိပ်ယာက နိုးလို့ ကွန်ပြူတာဖွင့်၊ ကီးဘုတ်ကို ကိုင်ပြီဆိုရင် ငါတို့ လက်ချောင်းတွေအားလုံး ကြွက်တက်ချင်ယောင်ဆောင်ကြမယ်။ သူနှိပ်တဲ့ ကီးတွေဆီကို အလွယ်တကူ သွားမနှိပ်ကြနဲ့။ မကောင်းဘူးလား။”

ထိုအခါ ကျန်လက်ချောင်းများကလည်း (ရွှေဝါရောင်တော်လှန်ရေးနဲ့ နာဂစ်မုန်တိုင်းအတွင်း ပြည်ပရောက် မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများအကြား အရေးပေါ် ညီညွတ်လိုက်ကြသကဲ့သို့) တညီတညွတ်တည်း သံပြိုင် .....

“ ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုကြီးလက်မ ပြောတာမှန်တယ်။ ပြဿနာရဲ့ ရင်းမြစ်က ငါတို့ကို ဗိုလ်ကျနေတဲ့ အာဏာရှင် ညောင်ရမ်းဂွတိုဘဲ။ သူခိုင်းတာကို မလုပ်တာဟာလည်း Civil Disobedience ဘဲ။ အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ်ပေါ့။ သူခိုင်းတာကို ငါတို့ အားလုံး သပိတ်မှောက်ကြမယ်။”

ထိုသို့လျှင် လက်ချောင်းအချင်းချင်း ငြင်းခုန် တိုင်ပင်နေကြသည်ကို အိပ်ချင်ယောင်ဆောင်ကာ နားထောင်နေသော ညောင်ရမ်းဂွတို ကြားသောအခါ သူ၏ လက်ချောင်းများကို အရမ်းပင် စိတ်ပျက်မိ၏။ စိတ်ထဲတွင်လည်း ကြုံးဝါးသေး၏။

“သိမယ်...သိမယ်။ ငါရေးတဲ့ လက်ချောင်းက ငါ့ကို ပြန်ခြောက်လို့။ ဟင်းဟင်း... ဒင်းတို့ ညောင်ရမ်းအကြောင်း သိစေရမယ်”

ပြောပြောဆိုဆို အိပ်ယာမှ ငေါက်ကနဲထကာ ကွန်ပြူတာခလုပ်ကို ခြေမနှင့် ဇတ်ကနဲ ထိုးကာ ဖွင့်၏။

***********************************************************

အိပ်ယာထဲတွင် အိပ်ပျော်နေသော ညောင်ရမ်းဂွတို၏ ဇနီး အစဉ်အရမ်းမိသည့် ရှင်ဂွမ်းဂွိသည် တချောက်ချောက် ကီးဘုတ် နှိပ်သံများကြောင့် အိပ်ယာမှ အိပ်စုံမှုန်မွှားဖြင့်ထလာ၏။ ရုတ်တရက် အိပ်ခန်းတွင်း မီးရောင်အောက်တွင် တွေ့မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမ၏ မူလက အိပ်ချင်မပြေ၊ မှေးစင်းလျက်ရှိသော မျက်လုံးများသည် လင်းကွင်းပမာ တမဟုတ်ချင်း ပြူးကျယ်သွား၏။

အဘယ့်ကြောင့်ဆိုသော် လင်တော်မောင် ညောင်ရမ်းဂွတိုတယောက်သည် ကွန်ပြူတာရှေ့ ဆုံလည် ကုလားထိုင်ပေါ်တွင် အခန့်သားထိုင်၍ ကီးဘုတ်ကို ကြမ်းပြင်တွင်ချကာ ခလုပ်များကို ခြေထောက်နှစ်ဖက်ရှိ ခြေချောင်းများဖြင့် တလုံးချင်း ရိုက်နှိပ်နေသည်ကို တွေ့ရသောကြောင့် ပင်တည်း။
Read more

“ဦးထုပ်ရောင်းသမားနဲ့ မျောက်များ”

(ကျနော်နှစ်သက်တဲ့ ပုံပြင်လေးတခုကို ဘာသာပြန်ပေးလိုက်ပါတယ်)
တခါက ဦးထုပ် ရောင်းသူတယောက်ဟာ ဦးထုပ်တွေကို လှည့်လည်ရောင်းချရင်း တောအုပ်တခုကို ဖြတ်သွားရသတဲ့။ တောထဲမှာသွားနေရင်း ရာသီဥတုကလည်း အရမ်းပူပြင်းတာကြောင့် သစ်ရိပ်တခုအောက်ကိုဝင်၊ ဦးထုပ်တွေထည့်ထားတဲ့ ခြင်းတောင်းကို ဘေးမှာအသာချ၊ ခဏတဖြုတ် အိပ်စက်အနားယူဘို့ ဆုံးဖြတ်လိုက်တယ်။ နာရီအနည်းငယ်ကြာလို့ အိပ်ပျော်ရာကလဲ နိုးလာရော သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တလုံးမှ မရှိတော့တာကို တွေ့ရသတဲ့။ အဲဒီအချိန်မှာဘဲ သစ်ပင်ပေါ်က မျောက်အော်သံတွေ ကြားရလို့ မော့ကြည့်လိုက်တော့……လားလား။ သစ်ပင်ပေါ်မှာ တပင်လုံး မျောက်တွေနဲ့ ပြည့်နေပြီး သူ့ဦးထုပ်တွေကို မျောက်တွေက ယူထားတာ တွေ့ရတော့တာကိုး။

အဲဒါနဲ့ ဦးထုပ်ရောင်းသမားဟာ သူ့ဦးထုပ်တွေ ဘယ်လိုပြန်ယူရမလဲဆိုတာကို ထိုင်ပြီး စဉ်းစားတော့တာပေါ့။ သူဟာ စဉ်းစားရင်း အကြံအိုက်လာတော့ ခေါင်းကို တဗျင်းဗျင်း ကုတ်မိသတဲ့။ အဲသည်မှာဘဲ သူသတိထားမိသွားတာက မျောက်တွေဟာ သူလုပ်သလို ခေါင်းလိုက်ကုတ်နေကြတာကို တွေ့သတဲ့။ တခါ သူ့ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်ကို ချွတ်ပြီး ယပ်ခပ်တော့လည်း မျောက်တွေက တသွေမတိမ်း လိုက်လုပ်ကြပြန်ရောတဲ့။ အဲဒီမှာတင် ဦးထုပ်ရောင်းသမားဟာ အကြံရပြီး သူ့ဦးထုပ်ကို မြေပြင်ပေါ်ကို ပစ်ချလိုက်သတဲ့။ မျောက်တွေကလည်း အသီးသီး ဦးထုပ်တွေကို မြေပြင်ပေါ်ကို ပစ်ချလိုက်ကြတော့ နောက်ဆုံးမှာ သူ့ ဦးထုပ်တွေ အကုန်လုံး ပြန်ရသွားရောတဲ့။

အဲဒီနောက် နှစ်ပေါင်းငါးဆယ်လောက်ကြာတဲ့အခါ ဦးထုပ်ရောင်းသမားရဲ့ မြေးဟာ သူ့အဘိုးလိုဘဲ ဦးထုပ်ရောင်းသမားတဦးဖြစ်လာပါသတဲ့။ (စင်္ကာပူက “ဘဘလီ” တို့လိုဘဲ မိသားစု ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေးဆက် လုပ်တဲ့ လုပ်ငန်းထင်ပါ့။) မြေးဟာ သူ့အဘိုးဆီကနေ အဲဒီ မျောက်ဇာတ်လမ်းကိုလည်း ကြားဘူးတာပေါ့။

တနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် သူ့အဘိုးလိုဘဲ ဦးထုပ်ရောင်းရင်း အဲဒီ တောအုပ်ကိုပဲ ဖြတ်သွားရပြန်ရောတဲ့။ ရာသီဥတုက ပူတော့ သူ့အဘိုးလိုဘဲ သစ်ပင်အောက်မှာ အိပ်မောကျသွားပြန်ရော။ အဲ..အဲ…နိုးလာတော့ ဦးထုပ်တွေ မတွေ့ရတော့ဘူးတဲ့။ သစ်ပင်ပေါ်မော့ကြည့်လိုက်တော့ မျောက်တွေက ဦးထုပ်တွေကို အားလုံးယူထားပြီးလေသတည်းပေါ့လေ။ (တိုက်ဘဲတိုက်ဆိုင်လွန်းနော်။ သမိုင်းဘီး တပတ်လည်တယ်ဆိုတာ ဒါမျိုးဘဲနေမှာ။)

အဲသည်မှာတင် မြေးဖြစ်သူဟာ သူ့အဘိုး တခါကပြောခဲ့ဘူးတာကို သတိရသွားတယ်။ အဲဒါနဲ့ သူက ခေါင်းကို စပြီး တဗျင်းဗျင်း ကုတ်လိုက်တော့ မျောက်တွေကလည်း လိုက်ကုတ်ကြသတဲ့။ ဟော… ခေါင်းက ဦးထုပ်ကို ချွတ်ပြီး ယပ်ခပ်လိုက်တော့လည်း မျောက်တွေက ဦးထုပ်ချွတ်ပြီး ယပ်ခပ်ကြပြန်ရော။ နောက်ဆုံးတော့ မြေးဦးထုပ်ရောင်းသမားဟာ သူ့အဘိုးရဲ့ စကားကို လုံးဝယုံကြည်သွားပြီမို့ သူ့ဦးထုပ်ကို မြေကြီးပေါ်ကို “ဘုတ်ကနဲ” ပစ်ချလိုက်သတဲ့။

ဒါပေမယ့် အံ့သြစရာကောင်းတာက ဒီတကြိမ်မှာ မျောက်တွေက သူလုပ်သလို လိုက်မလုပ်ဘဲ ဦးထုပ်တွေကို ကိုင်မြဲကိုင်ထားကြသတဲ့။ အဲ… အတင့်ရဲတဲ့ မျောက်တကောင်ကဆိုရင် သစ်ပင်ပေါ်ကနေ ပြေးဆင်းလာပြီး မြေးဖြစ်သူ ပစ်ချထားတဲ့ ဦးထုပ်ကိုတောင် လာကောက်ယူလိုက်သေးသတဲ့။ ပြီးတော့ သစ်ပင်ပေါ်ပြန်တက်မပြေးခင် စကားတခွန်းလည်း သူ့ကို ပြောသွားသေးသတဲ့။

“ဟယ်…လူမိုက်။….နင့်မှာဘဲ အဘိုး ရှိတယ်ထင်နေသလား” ...........တဲ့။

မှတ်ချက်။ ။ ဤပုံပြင်ကို ဖတ်ပြီးသောအခါ ကျနော်တွေးမိသည်မှာ “သင်ခန်းစာဟူသည် သင်တဦးတည်း ရတတ်သည်မဟုတ်။ သင့်ပြိုင်ဘက် (သင့်ရန်သူ)ကလည်း သင့်နည်းတူ ရပြီး ဖြစ်တတ်ပါသည်။”

ကဲ.......မောင်ညီမလေးတို့ရော....အဲလေ..မိတ်ဆွေတို့ရော ဘယ်လို သင်ခန်းစာများ ရကြပါသလဲ။ တောအုပ်ထဲ မ၀င်ခင်ကတည်းက တွတ်ပီလို နှစ်လုံးပြူးတလက် ဆောင်သွားမယ်တော့ မလုပ်ကြနဲ့ပေါ့ဗျာ။ အနော်က မျောက်ချေးခါးဟင်း မကြိုက်ဘူးခင်ဗျ။
Read more

“တစ္ဆေ”

ထုံးစံအတိုင်း ဘလော့ဂ်ပေါင်းစုံသို့ အားရအောင် လှည့်လည် ဖတ်ရှုပြီးသကာလ မအိပ်ချင်လှသေးသော်လည်း နောက်တနေ့ အလုပ်ဆင်းရမည်ဖြစ်၍ ကိုယ့်ကျန်းမာရေးကို ငဲ့ညှာသောအားဖြင့် ကွန်ပြူတာပိတ်၊ မီးမှိတ်ကာ အိပ်ယာဝင်ဘို့ ပြင်ရလေသည်။ “မဒမ်ပေါ”သည်ကား အိပ်စက်ခြင်းသို့ ရောက်နှင့်လေပြီ။ ကျနော်သည် အိပ်ယာပေါ်တွင် လက်ထောက်ပြီး ခေါင်းအုံးပေါ်သို့ ခေါင်းကိုဖြည်းညှင်းစွာ လှဲချလိုက်စဉ်ခဏ မိုက်ကနဲဖြစ်ကာ သတိလစ်သွားသည်။

ကျနော်သတိပြန်ရလာတော့ ကျနော့်ခေါင်းထဲမှာ ကြည်လင်နေသည်။ ထို့ပြင် ကျနော့် ခံစားမှုမှာလည်း ပေါ့ပါးသွက်လက်လှသည်။ ကျနော်ဘာဖြစ်သွားတာပါလိမ့်။ ခဏတဖြုတ် မူးမေ့သတိလစ်သွားတာဘဲ ဖြစ်ရမည်။ အိပ်ယာထဲတွင် ပြန်ထထိုင်လျက် ဇနီးကို နှိုးကာ ပြောမည်အပြုတွင် ရုတ်တရက် အိပ်ယာပေါ်တွင် မြင်လိုက်ရသော အခြင်းအရာကြောင့် လန့်အော်မိမတတ်ဖြစ်သွားသည်။ ဘုရားရေ။ ကျနော်ထထိုင်လိုက်ပေမင့် အိပ်ယာပေါ်တွင် ကျနော်၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် လဲလျောင်းလျက်သား ရှိနေသည်ကို ကျနော်ကိုယ် ကျနော် ပြန်မြင်နေရသည်။ ကျနော်၏ မျက်နှာကလေးသည် ပီဘိ အပြစ် ကင်းစင်သော အိပ်ပျော်နေသည့်ကလေးငယ်၏ မျက်နှာလေးပမာ ပကတိ ကြည်လင်နေသည်။ (ခင်ဗျားတို့ မရယ်ကြနဲ့ဗျာ။ ဟို ဘလော့ဂါ ကဗျာဆရာမ လေသံနဲ့ ပြောရရင် ၀တ္ထုကို ၀တ္ထုလို ဖတ်ကြပါ။ ဒီဇာတ်ကွက် ကလေးက ဒယ်မီမိုးပါတဲ့ Ghost ဇာတ်ကားထဲက လူမသိအောင် ခိုးချ ထားရတာ။ လွယ်တာမှတ်လို့။ )

သို့သော် အနီးကပ် အသေအချာ ကြည့်လိုက်သောအခါ ကျနော့်နှာခေါင်းက အသက်မရှု တော့တာကို တွေ့ရသည်။ ကျနော့်ဇနီးတော့ မနက်မိုးလင်းလာလို့ တွေ့ရင် ငိုကြွေးပူဆွေး ပေရော့မည်။ (ဒီဝတ္ထုက အချစ်၊ အလွမ်းဝတ္ထုအနေဖြင့် ရေးရန် မရည်ရွယ်သဖြင့် “ခွဲရမှာ သည်းမြညှာ” ကိစ္စကို ဒီမှာတင်ရပ်လိုက်မည်။)

ထိုအခိုက်အတန့်မှာပင် အခန်းပြူတင်းပေါက်သည် သူ့အလိုအလျောက် အသာအယာ ပွင့်သွားပြီး အပြင်ဘက်မှ တောက်ပသော အလင်းတန်းများ အခန်းထဲသို့ ၀င်လာသည်။ သာယာညှင်းပြောင်းသော တေးဂီတသံများကို ကြားရသည်။ ဧကန္တ နတ်ခရုသင်း၊ သမင်ဖြူ၊ ပွေး၊ ညှင်း၊ ဒက် တို့ကို တီးမှုတ်သော အသံဖြစ်ရချေမည်။ အိပ်ယာပေါ်က ဖြေးညှင်းစွာ ထလိုက်တော့ ကျနော်သည် လဲမှို့တပွင့်လို လေထဲတွင် ပေါ့ပါးစွာ ဝေ့၀ဲကာ အခန်းပြူတင်းပေါက်သို့ ရောက်လာသည်။ အလို… နတ်မြင်းတထောင်ကတဲ့ နတ်ပန်းရထား ပါလား။ (ကိုယ့်လူတို့ ဘာသဘောနဲ့ မျက်ခုံးပင့်တာလဲ။ ၀တ္ထုကို ၀တ္ထုလို ဖတ်ပါလို့ ပြောနေတာ မရဘူးလား၊)

အပြင်ဘက်မှာ နတ်စန္ဒယားကို တီးနေသော နတ်သားက သူ့ကိုသူ မိတ်ဆက်သည်။ “ကျနော် ပဉ္စသိင်္ခပါ။ ဒီဘက်က ကိုမာတလိ”

(ကျနော်) “ခင်ဗျားတို့ အသက်ရှည်လှချည်လား။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ဗုဒ္ဓမြတ်စွာဘုရားပွင့်ချိန်ကတည်းက ခင်ဗျားတို့ နတ်ပြည်မှာ ရှိတယ်မို့လား”

(မာတလိ) “နတ်သက်တရက်က လူ့သက်တမ်း နှစ်တထောင်လောက်နဲ့ ညီတယ်ဆိုတာ ခင်ဗျားမသိဘူးလား။ ကျုပ်တို့ နတ်ပြည်အလိုအရဆိုရင် ဗုဒ္ဓပရိနိဗ္ဗာန်စံသွားတာ နှစ်ရက်ခွဲဘဲ ရှိသေးတယ်။ ဒီသဘောတရားတွေ အိုင်းစတိုင်းရဲ့ ရီလစ်တီဗတီသီအိုရီကို ကောင်းကောင်း နားလည်တယ်ဆိုရင် ခင်ဗျားသဘောပေါက်မှာပါ။ ”

(ကျနော်) “အေးပါဗျာ။ ကျုပ်နားလည်ပါပြီ။ ဒါနဲ့ ဟိုဘက်က ဆရာကိုမေးရဦးမယ်။ ကျုပ်ကြားဘူးတာ ဗေလုဝ နတ်စောင်းကို တီးတယ်ဆို။ အခု ဘယ့်နှယ်လုပ် ပီယာနိုကြီးကို တီးနေရတာလဲ။

(ပဉ္စသိင်္ခ) “အိုဗျာ….နတ်လည်း နတ်အလျောက် ခေတ်နဲ့ အညီတော့ လိုက်လျောညီထွေ နေရတာပေါ့ဗျ။ စောင်းဆိုတာက ခင်ဗျားတို့ မြန်မာပြည်မှာတောင် ဆို၊က၊ရေး၊တီး ပြိုင်ပွဲတွေမှာလောက်ဘဲ သုံးကြတော့တာမဟုတ်လား။ ခင်ဗျားကြိုက်တတ်မှန်းသိလို့ နတ်ပြည်မှာ ဂျက်ဇ် တီးဝိုင်းတောင် ထောင်ထားသေးတယ်။”

(ကျနော်) “ကဲပါဗျာ….ထားပါတော့။ ခင်ဗျားတို့ အခု ကျုပ်ကို လာခေါ်တာလား။”

(မာတလိ) “ဟုတ်တယ်ဗျို့….အချိန်လည်း သိပ်မရတော့ဘူး။ နတ်ပြည်မှာလည်း ဓါတ်ဆီဈေးတွေ တက်နေလို့ ပန်းရထားတွေ ပုံမှန် မပြေးဆွဲနိုင်တော့ဘူး။ အခုတောင် သိကြားမင်းရဲ့ နတ်ရထားကို ခဏတဖြုတ် ငှားလားရတာ။ လာ…သွားကြစို့”

(ကျနော်) “နေဦးဗျ။ ကျုပ်က လူ့လောကကို ခင်တွယ်တယ်။ ချက်ချင်းကြီး မလိုက်ချင်သေးဘူး။ ကျုပ်ကို မိုးလင်းမှ တခေါက် ထပ်လာခေါ်ရင် ရမလား”

(မာတလိ) “ရတော့ ရပါတယ်။ ဒါပေမယ့် ခင်ဗျားက သေပြီးသားဖြစ်နေတော့ လူအဖြစ်တော့ ပြန်မရတော့ဘူးပေါ့ဗျာ။ သရဲ တစ္ဆေဘ၀နဲ့ဘဲ ဒီတည နေခဲ့ရမယ်။ ဘယ့်နဲ့လဲ။ ဖြစ်တယ်မို့လား။”

(ကျနော်) “အာ…သိပ်ဖြစ်တာပေါ့။ ကျုပ်ကလည်း ကျုပ်အသိတွေထဲမှာ ကျုပ်သရဲဖြစ်ရင် သွားပြီး ခြောက်ချင်လှန့်ချင်တဲ့ လူလေးတွေ ရှိသေးတယ်။ ခင်ဗျားတို့ မနက်ကျရင် ဆက်ဆက်လာခေါ်ဘို့သာ ကတိပေးပါ။

(မာတလိ) “စိတ်ချပါ။ ကျုပ်တို့က ခင်ဗျားတို့ အစိုးရလို ရှုံ့ချည်နှပ်ချည် မလုပ်တတ်ပါဘူး။ မနက် မိုးမလင်းခင် ထပ်လာခေါ်မယ်။ နောက်ကျလို့မရဘူးနော်။ အလင်းရောင်မလာခင် ပြန်လာခေါ်မယ်။ နောက်ကျရင် ခင်ဗျား သရဲဘ၀မှာဘဲ အကြာကြီး နေသွားရလိမ့်မယ်။ ကဲ…အခုတော့ သွားပြီဗျိုး”

မာတလိတို့ ထွက်သွားသော အခါ ကျနော်သည် အိပ်ယာအစွန်းတွင် ထိုင်၍ တွေးတောကျန်ရစ်ခဲ့သည်။ (ကိုယ်ခန္ဓာမရှိဘဲ ဘယ်လို ထိုင်သလဲ မမေးပါနှင့်။ ကိုယ့်ဟာကိုယ်သာ တွေးကြည့်ပါ။ ၀တ္ထုကောင်းတို့မည်သည်မှာ စာဖတ်သူကို တွေးစရာ ပေးရတယ်တဲ့။) အခု တညလုံးလုံး အချိန်ရသေးသည်။ ဘာလုပ်ရလျှင် ကောင်းမည်လဲ။

အိပ်ယာစွန်းတွင်ထိုင်ရင်း လှည့်ကြည့်လိုက်တော့ မဒမ်ပေါကတော့ အိပ်လို့ကောင်းတုန်း။ သွားတောင် ကျိတ်နေလိုက်သေးသည်။ ကျနော်တို့ နှစ်ယောက်အကြားက အိပ်ယာတွေလည်း တွန့်ကြေနေသည်။ အရေးထဲ ကြည်အေးရဲ့ တစ္ဆေကဗျာက ခေါင်းထဲ ရောက်လာလို့ သရဲမှာ ရယ်ရသေးသည်။

အိပ်လို့မရ
ညကြီးမင်းကြီး
ထပြီးထိုင်နေ
အိပ်ယာတွေလည်း
ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်….တဲ့။

ကြည်အေးကတော့ ကဗျာထဲမှာ တစ္ဆေငါကိုယ်တိုင်ပါဘဲတဲ့။ ဟဲဟဲ…အခုမှဘဲ ဒီကဗျာကို အပြည့်အ၀ ခံစားလို့ရတော့တယ်။

ကဲ…အခုက ညဥ့်လဲနက်ပြီ။ ဒီအချိန်မှာ လူအတော်များများကတော့ အိပ်မောကျနေကြရော့ မည်။ အိပ်ပျော်နေသူများကို သရဲခြောက်၍ ရမည်မထင်။ ဒီအချိန်မအိပ်သေးတာ ဘယ်သူတွေ ရှိမလဲ။ စဉ်းစားစမ်း။ စဉ်းစားစမ်း။

ဟုတ်ပြီ။ သိပြီ။ ဒီအချိန် မြန်မာဘလော့ဂါတွေ အိပ်ကြဦးမည်မဟုတ်သေး။ ကိုယ့်ထမင်း ကိုယ်စားပြီး ကိုယ့်ဒုက္ခကိုယ် ခံနေတဲ့ သနားစရာသတ္တ၀ါလေးတွေပါလား။ သူတကာ နားချိန်လည်းမနားရ။ အိပ်ချိန်လည်း မအိပ်ရ။ ကိုယ့်ဘလော့ဂ်ထဲ ၀င်ဖတ်တဲ့ပရိသတ်ဦးရေ နည်းသွားလျှင် မျောက်မီးခဲကိုင်မိသလိုဖြစ်သူတွေဖြစ်။ ပို့စ်အသစ်မတင်နိုင်မချင်း ဂဏှာ မငြိမ်နိုင်။ ရေးစရာ လိုက်ရှာသည်။ ရှေးရှေးနှောင်းနှောင်းက ဓါတ်ပုံဟောင်းတွေ ပြန်ရှာတင်ပြီး အကြံအဖန် လုပ်မည်။ လတ်တလော သတင်းတွေအပေါ် ထင်မြင်ချက်တွေ ရေးမည်။ ရုပ်ရှင်ဇာတ်ကား သုံးသပ်ချက်တွေ ရေးမည်။ ဘာသာပြန်တွေ ရေးမည်။ အဲ...သူများရေးတာ တွေကို ဝေငှခြင်းတွေ လုပ်မည်။

ဟုတ်ပြီ။ ဒီငနဲတွေကို ခြောက်ရမည်။ နောက်ပြီး ဒီပုဂ္ဂိုလ်တွေက ငါသေသွားပြီဆိုတာသိရင် ငါ့အသုဘကို အကြောင်းပြုပြီး ၀မ်းနည်းကြောင်း ဘာညာသာရကာ ရှေ့ကခံပြီး ပို့စ်တွေ ဖန်တီးကြ၊ ရေးကြနဲ့ အကြီးအကျယ် အမြတ်ထုတ်ကြဦးမှာ။ တကယ့်တကယ် စိတ်ထဲမှာတော့…“ဟိုကော်ဆဲ ဒီကော်ဆဲနဲ့ ဆရာကြီးစတိုင်ထုတ်ပြီး ရေးတဲ့ ငနဲတယောက် တော့ ကြွသွားပဟ” ဆိုပြီး ကျိတ်ဝမ်းသာနေဦးမှာ။

ဘယ်သူ့ကို သွားခြောက်ရမလဲ…စဉ်းစားလိုက်တော့…..“ဒီကိုလာပါ” ဆိုတဲ့ အသံကလေး ကြားလိုက်မိသလိုဘဲ။ ဘယ်ကို အရင်သွားရမလဲဆိုတာ ရုတ်တရက်အကြံရသွားသည်။ သူ့အိမ်လိပ်စာ ငါမသိ။ ဘယ်လိုသွားရပါ့။ ကိစ္စမရှိ။ ကွန်ပြူတာကိုပြန်ဖွင့်။ Blog Site Meter ထဲမှာ အိုင်ပီကို ပြန်ရှာသည်။ ပြီးတော့ သရဲတို့ တန်ခိုးဣတ္ထိပတ်နဲ့ မော်နီတာထဲ ခုန်ဝင်ကာ ကမ္ဘာ့အင်တာနက်ကွန်ယက်က လျှပ်စစ်လှိုင်းတွေကို စီးလျက် အိုင်ပီလိပ်စာအတိုင်းအရောက် သွားကာ တဖက်မော်နီတာမှန်သားပြင်မှတဆင့် လောကထဲကို ပြန်ခုန်ထွက်လိုက်ရသည်။

ကြည့်စမ်း။ ကြည့်စမ်း။ အခန်းတွင်းမှာ သုံးချောင်းထောက် ထရိုင်ပေါ့ပေါ်တွင် ခေါင်းအုံးတလုံး ကို တင်ထားသည်။ နေ့လည်က နေပူလှမ်းထားခဲ့ခြင်းဖြစ်မည်။ အိပ်ယာဘေးတွင် အသက် သုံးဆယ်ခန့် ရှိမည့် လူတယောက်။ လှုပ်လှုပ်ရွရွနှင့်။ နစ်ကွန်ကင်မရာကို သူ့ရည်းစားသဖွယ် နုနုရွရွ ဖွဖွကလေးကိုင်တွယ်ကာ အိပ်ယာပေါ်မှ ကင်မရာအိတ်ထဲသို့ ပြန်ထည့်နေသည်။ ပါးစပ်ကလည်း သီချင်းတစ်ပုဒ်ကို ညည်းနေသေးသည်။

ဘာတဲ့.....“ အသက် နှစ်ဆယ်ပြည့်တာ ကြာပြီကွယ်။ ရည်းစားလေးတယောက် လိုချင်တယ်။ မာမီရယ် ရှာပေးကွယ်။ ရည်စားလိုချင်တယ်။” တဲ့။

သရဲမှာ ရုတ်တရက် မထိန်းနိုင်ဘဲ “ခွိကနဲ” အသံထွက် ရယ်မိသည်။ ရယ်သံကြားတော့ ပုဂ္ဂိုလ်က သရဲမတ်တတ်ရပ်နေရာဘက်ကို မျက်နှာထားဆိုးဆိုးနှင့် လှည့်ကြည့်သည်။ သရဲလည်း ကပျာကယာ ကိုယ့်ရုပ်ကို အဆိုးဆုံးဖန်တီး၍ ကိုယ်ထင်ပြလိုက်ရသည်။

(သူက) “ဟေ့လူ။ ခင်ဗျားဘယ်သူလဲ...အခန်းထဲကို ဘယ်လိုရောက်လာသလဲ”

(ကျနော်) “ကျွန်ုပ်ကား သရဲ ဖြစ်တော့သကိုး”

ထိုသူသည် စိုးစဉ်းမှ လန့်သွားပုံမရဘဲ “ဟုတ်လား။ ခဏနော်” ဟု ဆိုကာ စောစောက ကင်မရာအိတ်ထဲမှ နီကွန်ဒီအိတ်တီး ကင်မရာကို ပြန်ထုတ်ယူဘို့ ကြိုးစားလေသည်။

သရဲ စိတ်ပိန်သွားသည်။ အရေးထဲ ကင်မရာသရဲနဲ့ လာတိုးနေသည်။ ကြောက်အောင် ခြောက်ချင်စိတ် ကုန်ခန်းသွားသည်။ သွားမှ၊ သွားမှ။ သူ့ကင်မရာထဲ ပါသွားလျှင် နောက်နေ့ သူပို့စ်အသစ်တင်စရာတခု အချောင်ရနေဦးမည်။ သရဲမှာ အချိန်မဆိုင်းဘဲ ကိုယ်ရောင် ဖျောက်ကာ မော်နီတာထဲ ခုန်ဝင်လိုက်ရသည်။ ဒါတောင် မော်နီတာထဲ မရောက်ခင် နောက်မှာ “တောက်” တချက် ခေါက်သံနှင့်အတူ ညည်းတွားသံကြား လိုက်ရသေးသည်။ “တောက်၊ စက္ကန့်ပိုင်းလေးနောက်ကျတာနဲ့ အကွက်ကောင်းလေး လွတ်သွားတယ်ကွာ” တဲ့။

သို့နှင့် အင်တာနက်ပေါ်တွင် စီးမျောပြီးသကာလ ပို့စ်အသစ်ရေးရမည်ကို ပျင်းတိုင်း မိမိ၏ ရင်သွေး လူမမည် ကလေးငယ်ကို ထိန်းကျောင်းရသောကြောင့်ဟု ဆင်ခြေပေး တတ်သော၊ အင်ဂျင်ကိုင်ခြင်းကို ၀ါသနာပါသော လူဟောင်း အမည်ရသည့် ဘလော့ဂါဆီသို့ သွားရလေ သည်။

ဤတကြိမ်တွင်ကား သရဲ၏ ရည်ရွယ်ချက် အထမြောက်လေသည်။ လူဟောင်းသည် အိပ်ရာဝင်ကာနီး သရဲကို မြင်သောအခါ လန့်အော်ကာ ရှူးရှူးများ ပါချလေသည်။ သူ့အော်သံကြောင့် သူ့မိန်းမနိုးလာသည်။ သရဲမှာ အခန်းထောင့်တွင် အသာကိုယ်ယောင်ဖျောက်လျက် အသံမထွက်အောင် ကျိတ်ရယ်ရင်း ကြည့်နေရသည်။

(မိန်းမ) ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ။ တော့် ပုဆိုးတထည်လုံးလည်း သေးတွေ စိုရွှဲလို့ပါကလား။
(လူဟောင်း) ဟို..ဟို....ဘုရင်မလေး ပေါက်ချတာပါကွာ။

သရဲမှာ ရယ်ရလွန်း၍ ကြာလျှင် သရဲကိုယ်တိုင် ရှူးရှူးများ ထွက်လာမည်စိုးရိမ်ရသဖြင့် နောက်ဘလော့ဂါ တယောက်ဆီသို့ လျှပ်စစ်လှိုင်းစီးကာ လာခဲ့ပြန်သည်။

ယခုတခါ ခြောက်ရမည့်သူမှာ ထိလွယ်ရှလွယ် ကဗျာကောင်ကြီးဖြစ်သည်။ ထိလွယ်ရှလွယ် ဆိုတော့ ခြောက်လှန့်ရလည်း လွယ်မည့်ပုံပေါ်သည်။ သရဲမှာ အတွေးနှင့် အူမြူးနေသည်။

သို့နှင့် သက်ဆိုင်ရာ မော်နီတာမှ ခုန်ထွက်လိုက်သောအခါ အခန်းထဲတွင် စာအုပ်ပုံကြား၌ စာအုပ်ဖတ်လိုက်၊ ငေးငိုင်လိုက်၊ ကွန်ပြူတာကို တချောက်ချောက်နှိပ်လိုက်နှင့် အမျိုးသမီးတယောက်ကို တွေ့ရသည်။ ပုံပန်းသဏ္ဍာန်မှာ မဖြူလွန်း မမဲလွန်း၊ မနိမ့်လွန်း မမြင့်လွန်း၊ မဆူလွန်း မကြုံလွန်း အစစ အရာရာ မစ္ဇျိမပဋိပဒါ ကျလွန်းသူဖြစ်၍ မြောက်ကျွန်းသူလား အထင်မှားရပေ သည်။

သို့နှင့် သရဲသည် ကြောက်မက်ဖွယ် အဆင်းသဏ္ဍာန် အမျိုးမျိုးကို ဖန်ဆင်းပြကာ ခြောက်လှန့်ဘို့ ကြိုးစားသည်။ သို့ပါသော်လည်း ထိုအမျိုးသမီးသည် သရဲ ရှိနေခြင်းကို စိုးစဉ်းမှ သတိပြုမိပုံမပေါ်။ သူ့အတွေးတွင်သာ သူနစ်မျောလျက် ကွန်ပြူတာကို တချောက်ချောက် နှိပ်၏။ ဘယ်နှယ်....ပြောတော့ ထိလွယ်ရှလွယ်ဆို။ တခုခုတော့မှားနေပြီ။

သရဲမှာ ဘာလုပ်ရမှန်းမသိ၍ ချောင်းဟန့်သံပေးလိုက်ရသည်။

“အဟမ်း၊ အဟမ်း”

သို့နှင့်လည်း ထိုအမျိုးသမီးသည် ကြားပုံမရ။ စာရိုက်မပျက်။ နောက်ဆုံးတွင် သရဲ စိတ်မရှည်တော့၍ မော်နီတာခလုပ်ကို ပိတ်ပစ်လိုက်ပါမှ သူမမှာ စိတ်နှင့်လူနှင့် ပုံမှန်ပြန်လည် ပေါင်းစည်းသွားပုံရ၏။

(သူမ) “ခင်ဗျား။ ဘယ်သူလဲ”
(သရဲ) “သရဲလေ၊ သရဲ။ ဗြဲ..ဗြဲ..ဗြဲ....မကြောက်ဘူးလား”
(သူမ၊ မျက်နှာဝင်းပသွားပြီး) “ဟို...ပေတ၀တ္ထုတွေထဲက သရဲလားဟင်။ အတော်ဘဲ မေးခွန်းမေးစရာရှိလို့”
(သရဲ) “ဟာ...ရှုပ်ကုန်ပြီ။ ဟိုမှာက သရဲက လူကိုမေးတာ။ လူက သရဲကို မေးတာမဟုတ်ဘူး”
(သူမ) “ဘာဘဲဖြစ်ဖြစ် ခင်ဗျားကို မေးခွန်းတခု ကျနော်မေးမယ်၊ ကျေးဇူးပြုပြီး ဖြေပါ”
(သရဲ၊ စိတ်ပိန်စွာဖြင့်) “ကဲ..ဒါဖြင့် မေး”
(သူမ) “ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်က ဘာလဲဟင်”
(သရဲ) “ဟမ်.....ဒီမှာ သေလို့ သရဲတောင်ဖြစ်နေပါပြီဆိုမှ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို လာမေးရတယ်လို့။ အံမယ်လေး...ကြုံသေးတယ် ကုံဆွေးဗျာထုကြွယ်”

သရဲသည် လူ့ဘ၀တွင် သေဆုံးပြီးချိန်မှစ၍ ပထမဦးဆုံးအကြိမ်အဖြစ် ၀မ်းနည်းပက်လက် ငိုကြွေးချင်စိတ်ပေါ်လာသည်။ သို့သော် ဟန် သရဲဖို့ ဆိုသော ထုံးကို နှလုံးမူကာ အိနြေ္ဒဆည်လိုက်ပြီး....

“ခင်ဗျား ဒီအသက်အရွယ်အထိ ရှင်သန်ပြီးတာတောင် ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို ရှာမတွေ့သေးဘူးလား။” ခပ်တည်တည်ဖြင့် ပြန်မေးခွန်းထုတ်လိုက်ပြီး နောက်တနေရာသို့ အမြန်ထွက်ခွာလာခဲ့ရသည်။ ထိုအမျိုးသမီးသည်ကား မော်နီတာရှေ့တွင် မေးထောက်လျက် စဉ်းစားခန်းဝင်ကာ ကျန်ရစ်ခဲ့လေသည်။

ဟူး......ဘလော့ဂါတွေကို သရဲခြောက်ရတာ မလွယ်ပါလား။

သရဲသည် မောင်ပွ၏ ကန္တာရ၊ ကဆုန်၏ လေနီကြမ်း လွင်ပြင်များသို့ သွားရောက် ခဲ့သေးသော်လည်း ၄င်းတို့မှာ အိပ်မောကျနေပြီဖြစ်၍ မခြောက်ခဲ့ရချေ။

နောက်တဦးဆီရောက်သောအခါ ထိုဘလော့ဂါသည် အင်မတန် ထူးဆန်းသော အခြင်းအရာ ကို ပြုလုပ်လျက်ရှိသည်ကိုတွေ့ရသည်။ ထိုသူသည် ကွန်ပြူတာရှေ့တွင် လာထိုင်လိုက်၊ ခဏနေသောအခါ ဘီဒိုမှန်ရှေ့တွင် သွား၍ သူ၏ ဦးစွန်းပုတ်မှ ဆံပင်စများကို စမ်းကြည့်လိုက်နှင့် ပြုမူနေခြင်းပင်ဖြစ်သည်။

တကြိမ်တွင်မူ သူမှန်ရှေ့သွားခိုက် သရဲသည် မော်နီတာပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဆံပင်ကို ဖားလျားချလျက် စောင့်နေလိုက်သည်။ ထိုသူပြန်လှည့်လာသောအခါ သရဲကို ကြည့်ကာ အာမေဋိတ်တချက်ပြု၏။

“ဟာ..........ကောင်းလိုက်တဲ့ ဆံပင်။ ဘာ ဆေးသုံးသလဲဟင်” တဲ့။

သရဲမှာ ဒီညအဖို့ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်နေသည်။ လူဟောင်းမှ လွဲ၍ ကျန်သူများမှာ သရဲကြောက်တတ်ပုံမရ။ အားလုံး သူ့အပူနှင့်သူ ဖြစ်နေသည်။

စင်္ကာပူက လူတွေ မစွံဘူး။ ယိုးဒယားကို ခြေဦးလှည့်မှ ဖြစ်မယ်။ အသွားခရီး ယိုးဒယားလေယာဉ်ကွင်းတွင် ၀န်ကြီးချုပ်ဟောင်းသက်ဆင် ကုန်းနမ်းခဲ့သော နေရာတွင် ဘာထူးခြားသလဲဟု သရဲ ၀င်နမ်းကြည့်သေး၏။ ဘာနံ့မှမရချေ။ သရဲတွေမှာ အနံ့ခံနိုင်သော အစွမ်းသတ္တိမရှိ၍ဘဲ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။

သို့နှင့် သူ့ရည်စားက “ဆေးမူး” ဟုခေါ်သော လူပျိုးမသိုးတသိုး ဘလော့ဂါဆီသို့ ရောက်ခဲ့လေသည်။ ထိုအချိန်တွင်မှ အနံ့ခံခြင်းနှင့် ပတ်သက်၍ သရဲ၏ ကောက်ချက်မှာ တက်တက်စင်အောင် လွဲသည်ကို သိလိုက်ရပေပြီ။ အဘယ်ကြောင့်ဆိုသော် တခန်းလုံး သင်းပျံ့နေသော ဗျစ်ရည်နံ့ကို သရဲရလိုက်ပြီး သရဲကိုယ်တိုင် သွားရည်တမြားမြား ဖြစ်လာ သောကြောင့်ပင်တည်း။

သို့သော် ဆေးမူးမှာ ဗျစ်ရည်သောက်၍ ဆက်ရက်မင်းစည်းစိမ်ခံစားရင်း “နွေဦး” ကို စောင့်မျှော်နေစဉ် အမှန်တကယ်ရောက်လာသည်က သရဲတကောင်ဖြစ်နေ၍ ဒေါသထွက်ကာ သရဲကို မီးကင်စားမည်ကြိမ်းဝါးသဖြင့် ကိုယ်လွတ်ရုန်းခဲ့ရလေသည်။

သြော်....ဘာလိုလိုနှင့် အရုဏ်တက်ကာလည်းနီးပြီ။ မပြန်မီ ယိုးဒယားနယ်စပ်မှ အခြား ဘလော့ဂါ တယောက်အိမ်သို့ ၀င်ခဲ့သေးသည်။ အိမ်ထဲတွင် အမျိုးသမီးတဦးသည် အမှတ်(၆)ဟု တပိုင်းတစ ရေးထားသော ပို့စ်ကို ဖွင့်လိုက်၊ ယခင်ပို့စ်အဟောင်းတခုမှ ပန်းကမ္ဗလာကြီးရှေ့တွင် ရိုက်ထားသော ဓါတ်ပုံကို ကလစ်ခေါက်ကာ မိမိပုံကို အနီးကပ်ကြည့်လိုက်နှင့် အလုပ်ရှုပ်လျက် ရှိသည်ကို တွေ့ရ၏။ အချိန်ကလည်း မရတော့၍ မခြောက်လှန့်ဖြစ်တော့ဘဲ အလင်းရောင် မလာခင် စင်္ကာပူသို့ ပြန်ပြေးခဲ့ ရလေသည်။

သို့သော် အိမ်က ကွန်ပြူတာမှ sleep mode ၀င်နေ၍ အိမ်သို့ တိုက်ရိုက်မပြန်နိုင်ဘဲ ကွေ့ ၀ိုက်ပြန်နေရသောကြောင့် အိမ်ပြန်ရောက်သောအခါ အလင်းရောင်စတင်ထွက်ပြူနေလေပြီ။ ပြူတင်းပေါက်ဆီမှ တိုးတိမ်သော ဂီတသံသဲ့သဲ့ကို ကြား၍ အပြေးအလွှား ပြတင်းပေါက်ဆီသို့ သွားကြည့်ရာ ကောင်းကင်တွင် နတ်မြင်းတထောင်က သော နတ်ရထားသည် ခပ်သေးသေးသာ မြင်ရတော့၏။

ကျနော်သည် တစ္ဆေသရဲဘ၀တွင် အကြာကြီးနေသွားရမည့်အဖြစ်ကို ကြောက်ရွံ့ကာ အသံကုန်ညှစ်၍ အော်လိုက်သည်။

“မာတလိ။ မာတလိ။ ငါ့ကို မထားရစ်ခဲ့ပါနဲ့”
=================================================
ကျနော်သည် အိပ်ပျော်နေရာမှ ရုတ်တရက်လန့်နိုးသွားသည်။ ကြည့်စမ်း။ အိပ်မက်ထဲမှာတောင် ဘလော့ဂါတွေအကြောင်းထည့်မက်တယ်ဆိုတော့ ငါ ဘလော့ဂ်ကို တော်တော်စွဲလန်း နေပြီဘဲ။ လျှော့ဦးမှ။ လျှော့ဦးမှ။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs