အဲဒီနေ့က ကိုဘို့အိမ်ကို ကျနော်တို့ လင်မယား အစောဆုံးရောက်သွားသည်။ သိပ်မကြာခင်မှာဘဲ ကျနော်တို့အဖွဲ့မှအဖွဲ့သား နောက်ထပ် နှစ်ယောက်၊ သုံးယောက် ထပ်ရောက်လာသည်။
“ကိုပေါတို့ ရောက်နှင့်တဲ့လူတွေ အရင်စားကြတော့မလား၊ ထမင်းပွဲပြင်လိုက်တော့မယ်”ဟု ကိုဘို့ဇနီး အစ်မက မေးသည်။
နာရီကြည့်လိုက်တော့ ၁၂ နာရီထိုးလုနေပြီ။ ဗိုက်ကလည်း ဆာလှပြီမို့ ကျနော်က......
“ဟုတ်ကဲ့...အစ်မ။ ကောင်းသားဘဲ။ ခဏနေ လူတွေ ထပ်ရောက်လာဦးမှာ ဆိုတော့ နေရာလောက်ငှအောင် ကျနော်တို့ အရင်စားနှင့်ထားလိုက်မယ်”
အမှန်က ထိုအကြောင်းပြချက်နောက်ကွယ်တွင် ကျနော့်မှာ ကျနော်ကိုယ်တိုင်သာ သိသည့် အားနည်းချက် တခု ရှိသည်။
အခြားမဟုတ်။ ကျနော်သည် ကျနော့်ရှေ့တွင် ထမင်းဟင်းနံ့ တလှိုင်လှိုင်ဖြင့် သူများတွေ စားနေသောက်နေကြလျှင် ကျနော်မစားရသေးပါက အင်မတန် သွားရည်တမြားမြား ဖြစ်လာတတ်သည်။ ဒန်ပေါက်၊ ထောပတ်ထမင်း၊ ဆွမ်းမွှေးရွက်နှင့် ချက်ပြုတ်ထားသည့် အနံမွှေးကြိုင်လှသည့် ထမင်းဟင်းလျာများဖြစ်က ပို၍ ဆိုးသည်။ သွားရည်များ ပါးစပ်ထဲတွင် အိုင်ထွန်းလာပြီး လူမသိ၊ သူမသိ အသံမမြည်စေဘဲ တံတွေး ‘တဂွပ်ဂွပ်’ ကျိတ်မြိုရသည်မှာ နေမထိ၊ ထိုင်မသာ အင်မတန် ဒုက္ခများသည်။ ဗိုက်ဆာနေချိန်ဖြစ်ပါက ဗိုက်ထဲကပါ ‘တဂြီဂြီ’ ကျယ်လောင်စွာ မြည်တတ်၏။ သည်အကြောင်းကြောင့်ပင် ဆွမ်းကျွေးအလှူများတွင် ဘုန်းကြီးကို ဆွမ်းဆက်ကပ်ရသည့်အလုပ်ကို မလွှဲရှောင်လွန်းမှသာ လုပ်တတ်သည်။ ထို့ကြောင့် အစ်မက စားနှင့်ဘို့ ပြောလာသည့်ခါ ဟန်ဆောင်ပန်ဆောင်ပင် မငြင်းဆန်နိုင်တော့ဘဲ လျှောလျှောလျှူလျှူ လက်ခံလိုက်ခြင်းဖြစ်သည်။
ထမင်းစားပွဲဝိုင်းတွင် ထိုင်လိုက်တော့ ဟင်းလျာများမှာ စုံလင်လှသည်။ ဟင်းတိုင်းကို ခံတွင်းတွေ့နေသည်။
ကျနော်တို့ ငါးယောက်သား စကားတပြောပြောနှင့် မြိန်ရည်ယှက်ရည် စားသောက်နေစဉ်မှာပင် မင်းသူရိယလည်း ရောက်လာသည်။ ကျနော်တို့ဝိုင်းမှာ နောက်ထပ် တယောက်စာ ထပ်ထိုင်လျှင် ရသေးသည့်အတွက် တခါတည်း ၀င်စားဘို့ ဖိတ်ခေါ်သည်။ သို့သော် ပုဂ္ဂိုလ်က ‘ပဲ များ’ နေသည်။ ထမင်းဝိုင်းနှင့် မလှမ်းမကမ်း မီးဖိုချောင်တံခါးကို မှီရင်း အိမ်မှာ စားလာပြီးဖြစ်၍ မစားလိုကြောင်း ပြန်ပြောသည်။ ပြောသာ ပြောသည်။ သူ့မျက်လုံးများမှာ စားပွဲပေါ်တွင်ရှိသော ဟင်းခွက်များဆီမှ မခွာ။
စားနေကြသည့်အထဲမှ တယောက်က...
“တွေ့လား၊ တွေ့လား.... ပါးစပ်ကသာ မစားချင်ဘူးပြောနေတာ။ မျက်လုံးကတော့ ဟင်းခွက်တွေကို မျက်တောင်မခတ်တမ်း ကြည့်နေတာ။ တော်ပြီ။ တော်ပြီ။ ဘယ်သူမှ နောက်တခါ ထပ်မခေါ်နဲ့တော့။ သေချာပေါက် ၀င်စားလိမ့်မယ်” ဟု လှမ်းနောက်သည်။
ဧည့်ခန်းထဲတွင်လည်း နောက်ထပ် လူငါးယောက်လောက် ထပ်ရောက်လာသည်ကို လှမ်းမြင်နေရသည်။ ထိုအချိန်မှာပင် မင်းသူရိယက....
“အစ်မတို့ နောက်တာနဲ့ ကျနော်လည်း ကြောင်ခုန်ချဇာတ်လမ်းထဲကလို ဖြစ်တော့မှာဘဲ”
“ဘာလဲကွ၊ ကြောင်ခုန်ချဇာတ်လမ်းဆိုတာ” ကျနော်က ၀င်မေးလိုက်သည်။
“တခါတုန်းက လူတယောက်ဟာ စားချိန်သောက်ချိန်မှာ အိမ်တအိမ်ကို အလည်ရောက်သွားသတဲ့။ ဒီတော့ စားလက်စ ထမင်းဝိုင်းက အိမ်ရှင်တွေက သူ့ကို တပါတည်း ထမင်းဝင်စားဘို့ ခေါ်သတဲ့။ အဲဒီမှာ ဒီလူဟာ အင်မတန် ၀င်စားချင်နေပေမယ့်လည်း မစားတော့ပါဘူးဗျာလို့ ငြင်းလိုက်တယ်။”
“နင့်လိုပေါ့”........တယောက်က ၀င်ဖောက်သည်။ မင်းသူရိယ တဟဲဟဲ ရယ်လျက် ဆက်ပြောပြန်သည်။
“ဒုတိယအကြိမ် ထပ်ခေါ်တော့လည်း သူက မစားတော့ပါဘူးဗျာလို့ ငြင်းသေးတာဘဲ။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့.......နောက်တခါ ထပ်ခေါ်ရင်တော့ ၀င်စားပြီကွာ.....လို့ ကြုံးဝါးထားပြီး နောက်တကြိမ်အခေါ်ကို စောင့်နေသတဲ့။”
“သိနေတယ်လေ၊ ငါတို့က အဲဒီအကြောင်းသိလို့ မင်းကို ၀င်စားပါလို့ ထပ်မခေါ်တော့တာ”
ကျနော်က သူ့ကို လှမ်းပြောရင်း ပန်းကန်ထဲမှ ကုန်ခါနီးထမင်းကို စုပြီးစားနေသည်။ ဒီနေ့ ဟင်းရည်ကလည်း သောက်လို့တော်တော်ကောင်းသည်။ အစ်မ၏ အထူးလက်ရာ အမဲသားစပ်ကြော်ကလည်း တော်တော်ကောင်းသည်။
မင်းသူရိယကတော့ သူ့ထုံးစံအတိုင်း ဘယ်လောက်စစ စိတ်မဆိုး။ သူကလည်း လူတိုင်းကို စတတ်နောက်တတ်သူ။ လူစုမိပြီဆိုတိုင်း ရယ်စရာမောစရာလည်း ပြောနေကျ၊ ဒီကောင့်ကို လူချစ်လူခင်များသည်။ အခုလည်းကြည့်။ မျက်နှာက ပြုံးဖြဲဖြဲနဲ့ ဟင်းခွက်တွေကို မျက်လုံးက မခွာတမ်းကြည့်ရင်း သူ့ပြောလက်စ ဇာတ်လမ်းကို ဆက်သည်။
“အဲဒီလို ကြုံးဝါးထားပြီး သူဟာ နောက်တကြိမ် ထမင်းစားအခေါ်ကို စောင့်နေသတဲ့။ အဲဒီအချိန်မှာ ဖြစ်ချင်တော့ ဘီဒိုပေါ်မှာ ထိုင်နေတဲ့ကြောင်က သူ့ဘေး ကြမ်းပြင်ပေါ်ကို ဘုတ်ကနဲ ခုန်ချလိုက်သတဲ့။ အဲဒီမှာတင် ဒီလူ့ပါးစပ်က ယောင်ပြီးတော့....ဒါဆိုရင်လဲ စားရတာပေါ့ဗျာ....လို့ လွှတ်ကနဲ ပြောလိုက်မိတော့သတဲ့”
သူ့ဟာသကို တ၀ိုင်းလုံး ပွဲကျသွားကြသည်။
“ကိုမင်းသူရိယ၊ ဒီအိမ်မှာတော့ ကြောင်မရှိဘူးနော်” တယောက်တပေါက် စကြနောက်ကြသည့် အသံတွေ၊ ရယ်သံတွေ ကျွက်ကျွက်ညံသွားသည်။ ထိုအချိန်မှာပင် အစ်မက ထမင်းဝိုင်းကို လာကြည့်ရင်း...
“သြော်...ကိုပေါ၊ ထမင်းတောင်ကုန်နေမှကိုး။ နေဦး လိုက်ပွဲထမင်းယူလာပေးမယ်”
“ကျေးဇူးဘဲအစ်မ။ ကျနော် နည်းနည်းလောက် ထပ်ယူဦးမယ်”
စောစောက ရယ်သံတွေ ကြားထဲတွင် ကျနော်နှင့် အစ်မ အပြန်အလှန်ပြောစကားမှာ တိုးတိမ်နေသည်။ ထမင်းဝိုင်းမှ လူတွေက လွဲ၍ မင်းသူရိယ ကြားလိုက်ပုံမရ။ အစ်မပြန်လာသည့်အခါတွင်တော့ လက်ထဲတွင် ကျနော့်အတွက် လိုက်ပွဲ ထမင်းတပန်းကန် အပြည့်နှင့်။
အစ်မ ထမင်းပန်းကန် သယ်လာသည်ကို မင်းသူရိယမြင်သည့်အခါ သူ့အတွက် သယ်လာသည် ထင်မှတ်ကာ ထမင်းဝိုင်းဘက်ကို ကပျာကယာ လျှောက်လာရင်း အစ်မကို...
“အစ်မ၊ ထမင်းတွေ အရမ်းများတယ်၊ နည်းနည်း လျှော့လိုက်ဦး။ ကျနော် အဲဒီလောက်မကုန်ဘူး” .....တဲ့။
အဲဒီမှာတင် ထမင်းဝိုင်းတခုလုံး ရယ်သံတွေနဲ့ တအုန်းအုန်း ဆူညံသွားပြန်သည်။
“ဟာ၊ အခုမှ ကြောင်တကယ် ခုန်ချပဟေ့။ ကြောင်ခုန်ချပဟ”
ရယ်ရလွန်း၍ ထမင်းသီးသူသီး ဖြစ်ကုန်သည်။ မင်းသူရိယကတော့ ထုံးစံအတိုင်း သူ၏ ပြုံးဖြဲဖြဲမျက်နှာပေးနှင့်ပင် မထူးဇာတ်ခင်းကာ ထမင်းဝိုင်းရှိ လွတ်နေသော ထိုင်ခုံတွင် ၀င်ထိုင်လေတော့သည်။
သည့်နောက်ပိုင်းတော့ တလလောက်အထိ ကျနော်တို့ အုပ်စု ဆုံမိတိုင်း မင်းသူရိယကို “ကြောင်ခုန်ချ”ဟု ခေါ်ပြီး နောက်ပြောင်ကြတာကို မှတ်မိနေသေးသည်။

8 comments:
ဟားဟား ရယ်ရတယ် ဒီတခါ အိမ်မှာ အလှူလုပ်ရင် ကိုပေါမိသားစုကို သူများတွေစားချိန်ထက် တနာရီလောက် နောက်ကျခွာပြီး ဖိတ်ဦးမှပဲ.. ဟီဟိ
ရီရပါ့ ကိုပေါရယ်..
း)
ကျနော်လည်း ကြိုစားထားမှဖြစ်တာ ဟ ဟ
ကြောင်တော့ ခုန်မချဖူးသေးဘူး။
ကြောင်ခုန်ချဇာတ်လမ်း ခဏခဏဖြစ်ဖူးတယ်… ငယ်တုန်းက သူငယ်ချင်းအိမ်မှာ စာသွားကျက်တာ ထမင်းစားချိန်ထိ အိမ်က လာမခေါ်ဘူး… သူတို့ ထမင်းစားတော့ ကိုပေါလို သွားရည်တွေ ကြိတ်မြိုနေရတာ… သူတို့ စားဖို့ ခေါ်တာ ပဲများနေရတာကို… သူတို့ အိမ်မှာ ခွေးလေးတွေ မွေးထားတာ… ခွေးတွေကို အရမ်း ဂရုစိုက်ကြတယ်… ခဏနေတော့ စတီးပန်းကန်လေးနဲ့  ထမင်း၊ဟင်းတွေ သူ့ အမေယူလာတော့ အန်တီရယ် အားနာလိုက်တာ မစားတော့ပါဘူးလို့ ပြောပြီး စိတ်ထဲက ကြိတ်ပျော်နေတာ… နောက်တော့မှ အမှီးတနန့် နန့် နဲ့  ခွေးလေးဖို့  ဆိုတာသိလိုက်တော့ ရှက်လိုက်တာ အရမ်းပဲ…
ကိုပေါ ရေ
ကြောင်ခုန်ချက သူ့ အကြာင်းကိုပေါရေးလို့ ဆိုပြီး ၀မ်းတွေသာနေတာ. သူကို ဒီလိုကြေညာပေးလို့ တဲ့ ကိုပေါနဲ့ ကျနော်တို့ တစ်ဖွဲ့ လုံးကို ဧရာဝတီမှာ ဘီယာအ၀တိုက် ပြုစုမယ်တဲ့  သတင်းပေးလိုက်ပြီနော်
မနေရေ.. ကျွေးမဲ့နေ့ပြောအုန်းနော်.။ ဟီး ..ကိုပေါရေ.. ငတ်တာ အားလုံးသိကုန်ပြီ..
ကိုပေါက သူများစားတာမြင်နေမှ သွားရည်ကျတာ..
ကျမက ခု ကိုပေါရေြး့ပတာကို ဖတ်နေရင်းနဲ့ တံတွေးမျိုနေရတာ.. ဂလု ဂလုနဲ့ နေတာပဲ..ဟီးးး
ပန်ဒိုရာ>>> စားရဖို့သည် ပဓာန၊ သွားရည်ကျခြင်းသည် ဒုတိယ၊ အလှူမှန်သမျှ သွားစားကြ။ (ဖိတ်မိတဲ့လူ နောင်တရစေ့မယ်နော်)
ဇနိ>>>> ဇနိ၊ “ကျနော်”ဆိုတော့ ဒီကိုလာလည်တာ မဇနိ မဟုတ်တန်ရာဘူး။ ကိုဇနိ...အဟိ။
တန်ခူး>>>> ဟုတ်ပါရဲ့။ တန်ခူးအဖြစ်က ပိုရယ်ရတယ်။ ကျနော် သည်အကြောင်းကို စောစောကသိရင် ထည့်ရေးပါရဲ့။
နေနေ>>>>> အိပ်မက်တွေလာမပေးနဲ့။ ကောလဟာလကိုဖြန့်တာဆိုရင် ဖြန့်တဲ့လူမှာ တာဝန်ရှိတယ်။ နေနေ၊ ဧရာဝတီမှာ ဘီယာလိုက်တိုက်ရမယ်၊ ဒါဘဲ။
ငြိမ်း >>>>> ငြိမ်းရေ...ဒီတခါက ငတ်တဲ့အကြောင်း....။ နောက်တခါကျရင် သူ့ရဲ့ တခြား အကျင့်တခုအကြောင်း လာဦးမယ်လေ....ဟဲဟဲ။ မနေ့က လိုင်ဘရီမှာတွေ့တော့တောင် သူက အသားယူနေသေးတယ်ဗျို့။ သူ့အကြောင်းကို လူတွေ တကူးတက စာဖွဲ့ရတယ်ဆိုတဲ့အကြောင်း။ ကျနော်ကလည်း ပြန်ပြောလိုက်ပါတယ်။ ခေါင်းစဉ်ကို “အုတ်ကြားမြက်ပေါက်”လို့ ပေးထားတယ်ဆိုတဲ့အကြောင်း။
မေငြိမ်:>>>> ဆရာမရေ...မပြောပါနဲ့တော့။ ချက်နည်းပြုတ်နည်း ဘလော့ဂ်တွေ သွားဖတ်ရင်လည်း အဲဒီလိုဘဲ...ဟီးဟီး။ လုလု ဘလော့ဂ်တို့၊ ရှင်မင်းဘလော့ဂ်တို့ ဖတ်ရတာ တံတွေးသီးတယ်။
ရယ်လိုက်ရတာနားကိုအူသွားတာပဲ၊အဲလေအူကိုတာနာသွား
တာပဲဗျို.။
Post a Comment