“ရှာပုံတော်”

Share |
ကျနော်တို့နဲ့ တချိန်တည်းလောက် စင်္ကာပူကိုရောက်လာတဲ့ မြန်မာအင်ဂျင်နီယာတွေမှာ အများစုဟာ ပရိုဂရမ်သွင်းထားသလို ဟောသည် အစီအစဉ်အတိုင်း တသွေမတိမ်း ပြုမူတတ်ကြတာကို တွေ့ရပါတယ်။

စင်္ကာပူကို ရောက်လာမယ်။ အလုပ်ရှာမယ်။ အလုပ်လုပ်မယ်။ မိန်းမယူမယ်။ ဒီက တက္ကသိုလ်တခုခုမှာ အချိန်ပိုင်းတက် မာစတာဘွဲ့ထပ်ယူမယ်။ ပြီးရင် ပီအာရ်လျှောက်မယ်။ မိသားစုခေါ်မယ်။ အိမ်ဝယ်မယ်။ ကားဝယ်မယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်။

အဲ...အကယ်၍ သင်ဟာ အကြောင်းကြောင်းကြောင့် အဲဒီအစီအစဉ်ထဲက တခုခုကို မလုပ်ဖြစ်ရင်ဘဲဖြစ်ဖြစ်၊ ကြန့်ကြာနေရင်ဘဲဖြစ်ဖြစ် ဟောသလို မေးသံတွေကို ညံနေအောင်ကြားရလတ္တံ့။

“မိန်းမ မယူသေးဘူးလား။”
“ကျောင်းမတက်သေးဘူးလား။”
“ပီအာမလျှောက်သေးဘူးလား။”
“မိသားစုမခေါ်သေးဘူးလား။”
“အိမ်မ၀ယ်သေးဘူးလား။”
“ကားမ၀ယ်သေးဘူးလား။”
“ကိုယ်ပိုင်လုပ်ငန်းမလုပ်သေးဘူးလား။”

ဘာကျန်သေးလဲမသိ။ “မသေသေးဘူးလား” လို့တော့ မမေးတန်ကောင်းဘူး ထင်ပါရဲ့လေ။

အများအားဖြင့် အဲသည်အစီအစဉ်အတိုင်း သွားကြလေ့ရှိပါတယ်။

မြန်မာထဲက မြန်မာတွေဖြစ်တဲ့ ကျနော်တို့လင်မယားလည်း တချိန်မှာတော့ အိမ်ဝယ်ဘို့ အချိန်ကို မလွှဲသာမရှောင်သာ ကျရောက်လာခဲ့ပါတယ်။ စင်္ကာပူမှာ အိမ်ခန်းဝယ်ရင် ဈေးမတန်တဆများတဲ့အတွက် မ၀ယ်ချင်ပါဘူး။ ဒါပေမယ့် အိမ်ငှားနေရင် လစဉ်ပေးနေရတဲ့ အိမ်ငှားခက ပြန်မရဘဲ ပလုံ သွားမှာလေ။ အိမ်ဝယ်လိုက်ခြင်းအားဖြင့် တချိန် ကိုယ်က စင်္ကာပူမှာ မနေတော့လို့ အိမ်ပြန်ရောင်းထုတ်ခဲ့ရင် အနည်းအကျဉ်းတော့ ငွေပြန်ပေါ်ကောင်းရဲ့ ဆိုတဲ့အချက်ရယ်၊ လစာထဲက စီပီအက်ဖ် ဖြတ်ပြီးတဲ့အခါ လစဉ် လက်ကျန်ငွေသားထဲက အိမ်ငှားခပေးနေရရင် လက်ထဲမှာ သုံးစရာ၊ စုစရာ ငွေသိပ်မကျန်တော့တာရယ်ကြောင့် အကြွေးဝယ်ပြီး စီပီအက်ဖ် စုဆောင်းငွေထဲကနေ ဖဲ့ဆပ်လို့ရတဲ့ အိမ်ဝယ်ခြင်းစနစ်ကို မြန်မာတွေ ကျင့်သုံးကြလေသတည်းပေါ့လေ။

ကျနော်တို့ အိမ်ဝယ်တော့ ကြည့်ရှုစစ်ဆေးရန်အချက်အလက်တွေထဲက အချို့မှာ....

အိမ်ဟာ တောင်ဘက်သို့ မဟုတ် မြောက်ဘက်ကို လှည့်တဲ့အိမ်ဖြစ်ရပါမယ်။ မနက်ခင်း တက်နေ၊ ညနေခင်း ကျနေ တွေကြောင့် နေထိုးမှာကို ရှောင်ရှားလိုပြီး တချိန်တည်းမှာ ရာသီမရွေး အ၀တ်လှန်းလို့ ကောင်းတဲ့အနေအထားမျိုးကို ရချင်လို့ပါ။

ချက်ချင်းတက်နေလို့ဖြစ်အောင် အိမ်ရှင်က အဆင်သင့် ပြုပြင်မွမ်းမံပြီးသား အိမ်မျိုးဖြစ်ရပါမယ်။ တခြားကြောင့်မဟုတ်။ ကိုယ့်ဟာကိုယ် မွမ်းမံရရင် ဒီက ကန်ထရိုက်တာတွေနဲ့ စကားပြောရမှာ အပေါက်အလမ်းမတည့်မယ့် အရေးကို ကြိုမြင်လို့ပါ။

အထပ်မြင့်ရပါမယ်။ အထပ်မြင့်ရင် လေသာမယ်။ အပေါ်က ပစ်ချတာတွေ၊ အဲယားကွန်းရေကျတာတွေ မကြုံနိုင်ဘူး။ အမှိုက်ကားဖြတ်သွားရင် အနံ့မရဘူး။ တခြားအထပ်မြင့်အိမ်တွေက ကိုယ့်အိမ်ထဲကို လှမ်းမြင်စရာအကြောင်းမရှိဘူး။ ပရိုက်ဗေစီ ရှိတယ်ပေါ့ဗျာ။

Basket ball ကစားကွင်းတွေနဲ့ ဝေးရပါမယ်။ NTU တက်နေစဉ်တုန်းက ကျောင်းနားမှာ အိမ်တအိမ် ငှားနေလိုက်တာ အရမ်းတန်ပါတယ်။ ငါးခန်းအိမ်အကျယ်ကြီးကိုမှ တလ ရှစ်ရာ၊ တခန်းဘဲ ပိတ်ထားတာ။ ကျောင်းသွားရင် တံတားကျော်လိုက်ရုံဘဲ။ ဒါပေမယ့် ကစားကွင်းနဲ့ အရမ်းနီးတော့ အဲဒီမှာ ဘတ်စကက်ဘော ကစားနေပြီဆိုရင် တဘုတ်ဘုတ်နဲ့ အင်မတန် ဆူတာ။ ဟီးဟီးဟားဟား ရယ်သံတွေကလည်း မစဲ။ တခါတလေ ညဘက် ဆယ်နာရီလောက်အထိ ကစားကြတယ်။ တီဗီကြည့်လို့လည်းမရ။ စာဖတ်လို့လည်းမရ။ အရမ်းစိတ်ညစ်ဘို့ကောင်းတယ်။

အထပ်များစွာပါတဲ့ ကားပါ့ခ်နဲ့ တည့်တည့် မဖြစ်စေရဘူး။ တချို့သော ကားစုတ်ကားနာတွေဟာ ညဘက် မိုးကြိုးပစ်လိုက်တာနဲ့ Alarm တွေ အတောမသတ် ထမြည်တာ၊ ကားက အပေါ်ထပ်ကို တက်လာရင် အင်ဂျင်သံပြင်းတာ၊ မနက်စောစော အိပ်ကောင်းတုန်း ကားစက်ကို တဗြင်းဗြင်းနှိုးပြီး အင်ဂျင်နွှေးနေတဲ့အသံမျိုးတွေ၊ ကားတံခါးကို ရီမုတ်နဲ့ ပိတ်လိုက်စဉ် တွီတွီ မြည်တဲ့အသံတွေဟာ ညကြီးသန်းခေါင်မှာ သည်းမခံနိုင်လောက်အောင်ပါဘဲ။

အဲ...လမ်းမတန်းလည်း မဖြစ်ရဘူး။ မော်တော်ဆိုင်ကယ်ကို ငယ်သံပါအောင် ညှစ်ပြီး စီးတတ်တဲ့ ဆိုင်ကယ်သမားတွေ ရန်ကို ကြောက်လို့ပါ။

အနီးအနား အိမ်နီးချင်းတွေဟာ စက်ဘီးတွေ၊ အ၀တ်စင်တွေကို လူသွားလမ်းမှာ ထားတတ်တဲ့ လူမျိုးတွေ မဖြစ်ရဘူး။ ကော်ရစ်ဒါမှာ လမ်းလျှောက်ရတာ မလွတ်မလပ်ဖြစ်တတ်လို့ပါ။

ကွန်မြူနတီစင်တာတွေနဲ့ ဝေးရမယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒါကလည်း ဆူညံတတ်တဲ့ နေရာဌာနတခုဖြစ်နေလို့ပါ။

စတဲ့...စတဲ့...အချက်တွေ ပါပါတယ်။

ပထမဆုံး စကြည့်ကြည့်ချင်း အိမ်တလုံးကို တွေ့တော့ အရမ်းသဘောကျတာ။ ရုံးနဲ့လည်း မဝေးဘူး။ ဈေးကလည်း မဆိုးဘူးပေါ့လေ။ ဒါပေမယ့် မိတ်ဆွေတွေအပြော ဈေးဆစ်ရတယ်ဆိုတော့ ဘုမသိ ဘမသိနဲ့ ဗိုလ်ချုပ်ဈေးမှာ ဆစ်သလို အများကြီး ဆစ်လိုက်မိလို့ အဲသည်အိမ်ကလေး ကိုယ်ကြိုက်ပါလျက် သူများလက်ထဲ ပါသွားပါတော့တယ်။ နောက်တော့မှ ရုံးကအပြန် အဲသည်အိမ်ကလေးကို မော့ကြည့်မိတော့ လားလား....တိုက်လေယာဉ်ပျံ ဆင်းတဲ့လမ်းကြောင်းမှာ တည့်တည့်ဘဲဗျိုး။ လေယာဉ်ပျံမှာ ချိတ်ထားတဲ့ ဗုံးတွေ ဒုံးကျည်တွေ မတော်တဆ ပြုတ်ကျရင်တောင် အိမ်ပြူတင်းပေါက်ထဲကို တိုက်ရိုက်ဘဲ။ ငါ့အိမ်ဘယ်နေ့ ဗုံးမှန်မလဲဆိုပြီး နေ့စဉ်ရက်ဆက် ပူပန်ပြီး ဆက်ဒမ်ဟူစိန်ရဲ့ ကျီးလန့်စာစား ဖီလင်မျိုးလေးနဲ့ နေရမှာတော့ နိပ်လှမယ်မထင်ဘူး။

ဟော...နောက်တအိမ်က ကျတော့ အိမ်အ၀င်တံခါးမကြီးကို ပိတ်လိုက်တာနဲ့ ကော်ရစ်ဒါနဲ့ လုံးဝအဆက်အသွယ်ပြတ်သွားပြီး ပရိုက်ဗေစီ အပြည့်ရှိတဲ့ အိမ်မျိုးပေါ့။ ပါကေးလည်း ခင်းထားပါသေးသဗျား။ ပြုပြင်ထားတာကလည်း အရမ်းလှတယ်။ အခန်းတိုင်းမှာ ပြူတင်းပေါက်ရှိတယ်။ အထပ်က ၆ထပ်ဆိုတော့ နည်းနည်းတော့ နိမ့်တယ်။ ကိစ္စမရှိ။ တော်တော်ကို ကြိုက်နေပြီ။အို.. ဈေးကလည်း သက်သာလိုက်တာကွယ်။ နှစ်သိန်းတသောင်းငါးထောင်တဲ့။ အဲဒါနဲ့ ယူမယ်လို့ စိတ်ကူးပြီး ဆင်းလာတော့ အောက်မှာ ဘာသွားတွေ့တယ်မှတ်လဲ။ အဲသည်တိုက်က အမှိုက်ထွက်ပေါက်ဖုံးတဲ့ တံခါးအမြင့်ကြီးကို မေ့ပြီးမပိတ်မိတာနဲ့တူတယ်။ ဟောင်းလောင်းကြီးပွင့်နေတာသွားတွေ့တယ်။ ကြည့်လိုက်တော့ အမှိုက်ထွက်ပေါက်ကြီးက ဧည့်ခန်းအောက်တည့်တည့်လောက်မှာ။ မနက်မနက် အမှိုက်ကားလာသိမ်းရင် အမှုန်အမွှားတက်မယ့်နေရာဘဲ။ ၀ယ်လို့ မဖြစ်သေးဘူး။

မ၀ယ်မိတာ ကံကောင်းပါသဗျား။ အဲသည် အိမ်ရှေ့တည့်တည့်မှာ အခု MRT station အသစ်လာဆောက်တယ်ဗျား။ အံမယ်လေး....ဘူတာပေါ်က ကြည့်လိုက်ရင် ဧည့်ခန်းထဲရော၊ အိမ်ခန်းသုံးခန်းစလုံးထဲရော တိုးလျိုပေါက် မြင်ရတယ်။ ဒီလောက်တောင် ပရိုက်ဗေစီကြိုက်တဲ့ ကိုပေါ၊ ကိုယ်ကျိုးနည်းတော့မလို့ပါလား။ နောက်ဘူတာရုံဆိုတော့ သိတဲ့အတိုင်း အင်မတန် ဆူညံတာကလား။ “သာ့ကျားရှင် ကျူးလီ...ဝှေ့လိုင်နီ.............ဟုမ်းမြဲ့...ရှဲ့ရှဲ့” နဲ့ တံခါးပိတ်သံ “ကွပ်ကွပ်ကွပ်ကွပ်” ကို ငါးမိနစ်တခါ နားသောတဆင်ရကိန်းရှိတယ်။ ဘုရား၊သိကြား ကယ်ပေလို့ပေါ့။

နောက်တအိမ်ကတော့ ပတ်ဝန်းကျင်အနေအထားကို ပြောစရာမရှိ။ အိမ်ကလည်း ကျယ်ပါ၏။ သို့သော်...သူ့အိမ်ဖွဲ့စည်းပုံက နည်းနည်းဆန်းတယ်။ အိမ်သာက အိမ်အလည်ခေါင်မှာ ရှိတယ်။ ဧည့်ခန်းက ထလိုက်တာနဲ့ အိမ်သာကို တန်းနေတာဘဲ။ ဧည့်သည်စောင်သည်အတွက်တော့ ကွက်တိပါဘဲ။ သို့သော် ကျနော့်အကြိုက်နဲ့တော့ မကွက်တိဘူးဗျိုး။ အဲဒါနဲ့ အဲဒီအိမ်ကို အင်မတီးအင်မတန် ရောင်းထုတ်ချင်နေရှာတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားကို သနားပေမယ့်လည်း မ၀ယ်ဖြစ်ခဲ့ဘူး။ သူတို့က စင်္ကာပူလူမျိုးထုံးစံ၊ အသက်ကြီးလာတော့ စုငွေမလုံလောက်လို့ ငွေပိုငွေလျှံလေးရအောင် လက်ရှိအိမ်ကိုရောင်းပြီး ပိုဈေးပေါတဲ့ နေရာကို ရွှေ့ရတော့မှာလေ။

နောက်ဆုံးဝယ်ဖြစ်တဲ့ အိမ်က ရောင်းသူအိမ်ရှင်တရုတ်ကလည်း ထို့အတူပါဘဲ။ ငွေလိုလို့ရောင်းတာပေါ့ဗျာ။ ပြီးတော့ တနေရာမှာ ဈေးသက်သာတဲ့ အိမ်ကလေးတခုသွားဝယ်နေကြတာပေါ့။ သူငွေလိုတယ်ဆိုတာကလည်း သူကိုယ်တိုင်ပြောပြလို့ပါဘဲ။ ငွေချေတော့လည်း ကြိုတင်ငွေကို သူတောင်းသလောက် ဥပဒေအရ အမြင့်ဆုံးပမာဏကို ကျနော်တို့ ပေးခဲ့ပါတယ်။ သူတို့မပြောင်းခင် တလလောက် ပိုနေပါရစေဆိုတာတောင် ကျနော်တို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအတွက် ကျနော်တို့မှာ အိမ်ငှားခ ရှစ်ရာ အပိုကုန်ခဲ့ရပေမယ့် သူ့မှာ မကျန်းမာတဲ့ ဖခင်အိုကြီးတယောက်ရှိတာကို ငဲ့ညှာထောက်ထားလို့ရော၊ သူ့မှာ သားငယ်ကလေးတယောက်ရှိတာအပြင် လူက ပျူပျူငှာငှာရှိတာရောကြောင့်ပါ ကျနော်တို့ လိုက်လျောခဲ့တာပါ။

ဒီလိုနဲ့ အိမ်ပြောင်းပြီး အတော်လေးကြာတော့ တရက်မှာ (လိပ်စာမပြောင်းရသေးတဲ့အတွက်) သူ့စာတွေကို သူကိုယ်တိုင်လာယူတဲ့အခါ ကျနော်တို့ နဲ့ အိမ်ရှေ့ဝရန်တာမှာ ရပ်ရင်းစကားစမြည်ပြောဖြစ်ကြတယ်။ ကျနော်ကလည်း သူ့ကို အလာပ သလာပ ပြောရင်း “ဘယ်လိုလဲ၊ အိမ်အသစ်မှာ အဆင်ပြေလားပေါ့” မေးတော့....သူက...“ပြေပါတယ်။ အခုဝယ်ထားတဲ့အိမ်က နှစ်ထပ်မှာလေ။ အရမ်းကောင်းတယ်။ အခု ခင်ဗျားအိမ်ထက် ပိုကောင်းတယ်”တဲ့။

ကျနော်ကလည်း “သြော်....ဟုတ်လား၊ ဘယ်လိုကောင်းတာလဲ” မေးတော့ ပုဂ္ဂိုလ်က ဘယ်လိုဖြေတယ်မှတ်သလဲ။

“ဘယ်လိုကောင်းတာလဲဆိုတော့....အခု ဆယ့်ငါးထပ် ၀ရန်တာက အောက်ကို ငုံ့ကြည့်လိုက်။ ဟောဟိုအောက်မှာ လျှောက်လာတဲ့လူတွေကို မျက်နှာမသဲကွဲဘူးမို့လား။ နှစ်ထပ်ကငုံ့ကြည့်ရင် ထင်းနေအောင် မြင်ရတယ်တဲ့။”

သြော်...ဒုက္ခ၊ ဒုက္ခ။ ပုထုဇ္ဇနော ဥမ္မတ္တကော ဆိုတာ ဒါဘဲနေမှာ။

8 comments:

ကလူသစ် said...

အချိန်ကိုက်ပဲ ။ ကလူသစ်ခုမှ အိမ်ရှာနေတာဗျ။ COV အော်ပျံလန်နေတာပဲ။ စိတ်ညစ်တယ်။

kay said...

အော်- ကိုပေါ နဲ့မဒမ်ပေါ လည်း..စင်ကျာပူရီယန်ရွှေ ပီပီသသ ဖြစ်သွား ပီကိုး။း)
အိမ်တတ် လုပ်ဖို့ကျန်သေးတယ်နော်။ အိမ်တက် မလုပ်ရင်..မပြည့်စုံသေးဘူး။ စလုံးမှာ..အပတ်တိုင်း..အိမ်တက်..မင်္ဂလာဆောင်.. ဘုန်းကြီးကျောင်းဆွမ်းကျွေး..တခုခု ရှိ နေတတ်တာ.. သတိရတယ်။

Anonymous said...

>>> သူတို့က စင်္ကာပူလူမျိုးထုံးစံ၊ အသက်ကြီးလာတော့ စုငွေမလုံလောက်လို့ ငွေပိုငွေလျှံလေးရအောင် လက်ရှိအိမ်ကိုရောင်းပြီး ပိုဈေးပေါတဲ့ နေရာကို ရွှေ့ရတော့မှာလေ။

For you, you can always sell the house and move to the Golden land. The house there will be surely better than what you have now :) With no electricity, no cell phone and no MRT station -- complete privacy -- don't you love the 'Golden' land? :)

Just to make your day brighter, hehe :) All the best,

Lwin Moe

khin oo may said...

စလုံးမှာနေတာ ၁၀ နျစ်ရှိပါပြီး အိမ်မဝယ်ရသေးပါ။ ပြန် ကာတောင်နီးပေါ.။ ဝမ်းသာပါတယ်ဗျို။ အဆင်ပြေပါစေ.

Ka Daung Nyin Thar said...

အိမ်ဝယ်ဖို့အရေး တော်တော်ဂျီးများတာပဲ။ နာတောင် အိမ်ဝယ်ရင် ဒီလောက်စဉ်းစားမှာ မဟုတ်ဘူးး။
ဒါနဲ့ ဖုန်းရွှေကောင်းမကောင်းလဲ စစ်အုံးနော အတိုကြီး :P

တန်ခူး said...

ကျွန်မ seniorအကိုကြီးတယောက်က အိမ်အလုံး၄၀ကျော် ကြည့်ြ့ပီးမှ အိမ်ဝယ်ဖြစ်သတဲ့…ရုံးကသူငယ်ချင်းတယောက်ကတော့ အိမ်အလုံး၇၀ကျော် ကြည့်ြ့ပီးမှ အိမ်ဝယ်ဖြစ်သတဲ့… သူတို့ ပွဲစားတွေ သနားစရာ… ကျွန်မကတော့ ၁၀လုံးကြည့်ပြီးဝယ်ဖြစ်သွားတယ်… သိပ်ဂျီးများလို့ မရဘူးလေ… ပိုက်ဆံမှမရှိတာ…
ဒါထက်… ကိုပေါပရိုဂရမ်upgradeလုပ်ဖို့ လိုပြီ… ခေတ်အစားဆုံးတခုကျန်ခဲ့တယ်လေ…
“စလုံးပြောင်းမယ်”…

Tin said...

ဒီမှာ ရှိ တဲ့ အိမ် တိုင်း အ ရပ် ၈ ဘက် ကို တ မိုး မ ဟုတ် တ မိုး အား လံုး လှည့် နေ တာ လို ချင် တာ ရ ဖို့ ခက် ပါ တယ် ။ ငွေ လိုက် ရင် တော့ အ ကောင်း ဆုံး ပါ ဘဲ ........ အား လုံး အ တွက် ပေါ့...

pandora said...

အိမ်မှာ အဲဒီအချက်တွေ ရှိရမယ်လို့ အဲဒီလောက် မစဉ်းစားဖူးပေါင်ဗျာ။ လိုက်ကြည့်ရမှာတွေ စိတ်မရှည်လို့ တစ်အိမ်ပဲ ကြည့်ခဲ့တာ။ အခုတော့ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်တော့ အားလုံး ကိုက်နေသားပဲ။ (ဟိ..တယ်တော်တဲ့ နာကွ.။)

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs