“ဟဲလို”
ဖုန်းကို ကိုင်လိုက်တော့ တဖက်က ယောက်ျားသံတသံထွက်လာသည်။
“ကိုပေါလား”
“ဟုတ်ပါတယ်။”
“ဟေ့ကောင်….ကိုပေါ၊ ငါဘယ်သူလဲ မင်းသိရဲ့လား၊ ငါ့အသံကို မှတ်မိလား”
ကျနော် သူ့အသံကို မမှတ်မိပါ။ ပြောပုံဆိုပုံကတော့ တရင်းတနှီး ရှိလှသည်။ ထို့ကြောင့် တယ်လီဖုန်းထဲတွင် ကြားရသော အသံနှင့် အနီးစပ်ဆုံး အသံတူသည့် သူငယ်ချင်းတယောက်အမည်ကို ရမ်းတုပ်လိုက်သည်။
“ကျော်ခိုင်လား”
ထိုအခါ တဖက်က လူသည် ခွက်ထိုးခွက်လန်ရယ်လိုက်ပြီး…“မဟုတ်သေးဘူးကွ၊ စဉ်းစားဦး”
“စိုးပိုင်လား”
“ဒါလဲမဟုတ်သေးဘူး။ စဉ်းစားဦးကွာ”
“ကိုစိုးလွင်လား”
“ဟားဟား…မဟုတ်သေးဘူးကွ။ မင်းကို hint ပေးလိုက်မယ်……မင်းနဲ့ အထက်တန်းတုန်းက အတူတူ တတန်းတည်း တက်ခဲ့တာ”
ဗုဒ္ဓေါ။ အထက်တန်းကတည်းက တတန်းတည်းသူငယ်ချင်းတွေက အများကြီး။ စက်မှုတက္ကသိုလ်မှာ အတူတက်တာကိုက ၁၃ ယောက်ရှိသည်။ တခြားကျောင်းတွေမှာ ရောက်သွားတဲ့ကောင်တွေပါ ထည့်တွက်ရင် နည်းတာမဟုတ်။ သေချာတာတခုကတော့ ဒီကောင်က ကိုယ်နဲ့ ရွယ်တူသူငယ်ချင်းတယောက်။
နောက်ထပ် နာမည် တခုပြောပြတော့ ထပ်ပြီး ရယ်ပြန်သည်။ နည်းနည်းတော့ ကျွဲမြီးတိုလာပြီ။ စိတ်က သိပ်မရှည်တော့။
“ဟိတ်ကောင်…နှမပေး၊ ဘယ်သူဘဲဖြစ်ဖြစ်။ ပဟေဠိ လာလုပ်မနေနဲ့။ အထက်တန်းကတည်းကဆိုတာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက် ရှိတော့မယ်ဟ။ မင့်ဂျီးတော်ကြီးတဲ့မှဘဲ.....။ တယ်လီဖုန်းထဲက အသံကို ဘယ်လိုလုပ် မှတ်မိပါ့မလဲ...။”
ထိုသို့ ပြောတာတောင်မှ…မရပ်သေးဘဲ…
“နေဦးကွ။ မင်း XXX ကို မှတ်မိတယ်မို့လား။ သူနဲ့ တွဲပြီး စဉ်းစားလိုက်”
နှစ်ယောက်လုံးသိသည့် နာမည်တခုကို ရွတ်ပြလိုက်တော့မှ ဒင်းဘယ်သူမှန်း မှတ်မိတော့သည်။ တခွန်းလောက်တော့ ဆဲပေးလိုက်ရသည်။ ဘယ့်နှယ်…..မတွေ့တာဘဲ ၁၂ နှစ် ရှိတော့မည်။ လာပြီး ဦးနှောက်စားရကောင်းလားရယ်လို့။
ကျနော်တို့ မြန်မာတွေမှာ အဲသည်လို တယ်လီဖုန်းပေါ်ကတဆင့် “ငါဘယ်သူလဲ၊ သိလား”ဟု ပဟေဠိဖွက်ရတာကို တော်တော် ၀ါသနာပါကြပုံရသည်။
ယခုဖော်ပြခဲ့သော သူငယ်ချင်းက တော်သေးသည်။ သည့်ထက် ပိုဆိုးသည့် အဖြစ်မျိုးလည်း ကြုံရဘူးသေးသည်။
မကြာသေးမီက မြန်မာပြည်က အမေတို့ဆီကို Oversea call ခေါ်တော့ တဖက်မှာ အမျိုးသမီးတယောက် ဖုန်း လာကိုင်သည်။
ကျနော့်နာမည်ကို ပြောပြရင်း အမေနဲ့ ပြောချင်သည်ဟု တောင်းလိုက်တော့… အမေ့ကို ခေါ်မပေးသေးဘဲ….
“ဟဲ့…ငါဘယ်သူလဲသိလား။ ငါ့အသံကို နင်မှတ်မိလား”…..တဲ့။
လာပြန်ချေပြီ..တခါ။ ထုံးစံအတိုင်း ကိုယ်ထင်သည့် နာမည် ၂ ခု ၃ ခုလောက် လွဲမှားပြောပြီးသည့်နောက် မတတ်သာသည့်အဆုံး မမှတ်မိတဲ့အကြောင်း ရိုးသားစွာ ၀န်ခံလိုက်မှ…
“ငါ….ငါ မသွယ် လေဟာ။ နင်ကလည်း ငါ့အသံကိုတောင် မမှတ်မိဘူးလား”
အံမယ်လေး….အရေးထဲ သူမအသံမှာ ၀မ်းနည်းပက်လက်။ ကျနော် မမှတ်မိရကောင်းလားဆိုပြီး ၀မ်းနည်းနေပုံရသည်။ သူမက ကျနော့် ငယ်ငယ်တုန်းက အိမ်နီးချင်း။ မူလတန်းကျောင်းသားဘ၀၊ ညနေကျောင်းဆင်းချိန်တိုင်း ကျောင်းဝန်းတခုထဲရှိ ဘုန်းတော်ကြီးကျောင်းအတွက် ကျနော်တို့ ကျောင်းသားလေးများက နောက်ချန်နေရစ်ကာ ရေတွင်းမှ ရေကို ငင်၍ ကျောင်းရှိ ရေတိုင်ကီ၊ အုတ်ကန် အားလုံးကို ရေဆွဲ၊ ရေဖြည့်လုပ်ပေးရသည်။ သည်အချိန်တုန်းက မသွယ်တို့ ညီအမတတွေက ကျနော့် လွယ်အိတ်နှင့် ထမင်းဘူးကို သယ်သွားပေးနှင့်ပြီး အိမ်မှာ ၀င်ထားပေးနေကျ။ သူမက အလယ်တန်းအဆင့်မှာတင် ကျောင်းထွက်ပြီး ရွာမှာဘဲ ကျန်ရစ်ခဲ့သူ။ အမေတို့ကတော့ မြို့ပေါ်ကို ပြောင်းရွှေ့လာခဲ့သည်မှာ ကြာပြီ။ သူမသည် မြို့နယ်ဆေးရုံတွင် တက်ရောက်မီးဖွားမည်ဖြစ်သဖြင့် မီးမဖွားမီ မြို့ပေါ်ရှိ ကျနော့်မိဘများအိမ်တွင် ခေတ္တလာရောက်တည်းခိုခြင်း။
“ဟဲ့… မမှတ်မိဆို နှစ်တွေကြာပြီကိုးဟ။ မတွေ့တာ အနှစ် ၂၀ ကျော်ရော့မယ်။ ငါဘယ်လိုလုပ် မှတ်မိနိုင်ပါတော့မလဲဟာ” ဟုသာ ပြောလိုက်ရသည်။
တနေ့ကလည်း ရုံးကအပြန် လမ်းလျှောက်လာစဉ် လမ်းတွင် မြန်မာတယောက် (လက်ကိုင်ဖုန်းဖြင့်) ဖုန်းပြောနေသံကို ဤသို့ ကြားခဲ့ရသည်။ တဖက်က ပြန်ပြောသံကို ကြားရရန် မဖြစ်နိုင်၍ အစက်ကလေးများဖြင့်သာ ဖော်ပြလိုက်ပါသည်။ ကိုယ့်ဘာသာ မှန်းဆကြည့်ကြပါကုန်။
“ဟဲလို၊ ကိုဦးလား၊ ကျနော် အခု စင်္ကာပူက ဆက်နေတာလေ၊ နေကောင်းလား”
“……………………………………”
“အံမယ်၊ အံမယ်၊ အံမယ်၊ ဘယ်သူထင်လို့လဲ”
“………………………………..”
“ဘာ…လဲ။ ဘာ…လဲ။ ဘာ…..လဲ” (“ဘာ” ကို အသံမြှင့်ပြီး ရှည်ရှည်ဆွဲဖတ်ရန်)
“…………………………………”
“အွန်း….အွန်း….အွန်း…….ပြောစမ်းပါဦး၊ ပြောစမ်းပါဦး”
“……………………………..”
“အင်း...လုပ်တယ်.....လုပ်တယ်....လုပ်ချလိုက်ပြန်ပြီနော်”
“................................”
“ဟာ….ကိုဦး နောက်နေတာလား။ တကယ်။…….. ကျနော်ဘယ်သူမှန်း ကိုဦး တကယ်မသိဘူးလား။”
“………………………………”
“ဟာ…….ကျနော့်အသံကို မမှတ်မိဘူးလား။ စဉ်းစားပါဦး”
“……………………………..”
“မဟုတ်သေးဘူးဗျ။ စဉ်းစားဦး။ စဉ်းစားဦး”
“...............................”
ကျနော်သည် ခပ်သုတ်သုတ်လျှောက်ရင်း သူ့ကို ကျော်တက်လာခဲ့သည်။ သူဖုန်းပြောသံသည် ကျနော့်နောက်တွင် တဖြည်းဖြည်း ဝေးလံ တိုးတိမ်၍ ကျန်ရစ်ခဲ့သည်။ တဖက်က ဖုန်းပြောနေသည့် ကိုဦး ဆိုသူ၏ကိုယ်စား ကျနော်က ရင်မောနေမိခဲ့သည်။ သြော်…..ပဟေဠိ၊ ပဟေဠိ။
ကျနော်ဖုန်းခေါ်ဆိုသည့်အခါ တဖက်မှ “ဟဲလို၊ ပြော…ကိုပေါ” ဟူသော စကားမျိုးဖြင့် ဘယ်သူဘယ်ဝါ ခေါ်ဆိုသည်ကို သိရှိကြောင်း မပြခဲ့လျှင်…“ကျနော်ကိုပေါ…ပါ” ဟု အရင်ဦးဆုံး ပြောပြလေ့ရှိသည်။ ယခုခေတ် တယ်လီဖုန်းများတွင် ခေါ်ဆိုသူနံပါတ် ပေါ်သည်ဖြစ်သော်လည်း ရံဖန်ရံခါ ကမန်းကတန်းကိုင်လိုက်ရသည့်အခါမျိုး၊ အမှုမဲ့ အမှတ်မဲ့ ကိုင်လိုက်မိသည့် အခါမျိုးများလည်း ရှိတတ်သည်။ ထိုအခါ မိမိဘယ်သူဘယ်ဝါ ထုတ်ပြောလိုက်ခြင်းဖြင့် တဖက်လူအတွက် ဦးနှောက်ခြောက်သက်သာစေပြီး မလိုအပ်ဘဲ ရှုပ်ထွေးခြင်းကို ရှောင်ရှားနိုင်ပေသည်။
တယ်လီဖုန်းထဲမှ အသံအရည်အသွေးသည် အပြင်မှာပြောသောအသံအရည်အသွေးနှင့် တူညီသည်မဟုတ်။ ယခင်ကဆိုလျှင် ကွန်ပြူတာများတွင် အသံဖမ်းရာ၌ အသံအရည်အသွေးကို စီဒီအရည်အသွေး၊ ရေဒီယိုအရည်အသွေး၊ တယ်လီဖုန်းအရည်အသွေးဟု သုံးမျိုးသုံးစား ခွဲခြားထားရာ တယ်လီဖုန်းအရည်အသွေးမှာ အနိမ့်ဆုံးအမျိုးအစားဖြစ်သည်။ ထို့ကြောင့် ကြိမ်ဖန်များစွာ ထိတွေ့နေကျ လူမဟုတ်လျှင် တယ်လီဖုန်းပေါ်မှ အသံတဆင့် လူကို ရုတ်တရက် မှတ်မိဘို့မလွယ်။ ထို့ကြောင့် တယ်လီဖုန်းပေါ်မှတဆင့် “ငါဘယ်သူလဲ၊ မှတ်မိလား” မေးခြင်းသည် တဖက်လူကို မရည်ရွယ်သော်ငြား ဂျောက်ချရာ ရောက်ပေသည်။ တဖက်လူမှာ အလုပ်ရှုပ်၊ စိတ်ရှုပ်နေစဉ်ဖြစ်ပါက ဤပဟေဠိသည် ပို၍ပင် ဒုက္ခပေးရာရောက်စေသည်။
သို့သော် လူတိုင်းသည် ကိုယ်လိုတော့မဟုတ်။ ကျနော်တို့ လူမျိုးသည် ပဟေဠိဖွက်ရခြင်းကို ၀ါသနာထုံဟန် ရှိလေသည်။ တခုတော့ရှိသည်။ သူများတွေမှာ ကျနော့်လောက် စိတ်အနှောက်အယှက်ဖြစ်ချင်မှလည်း ဖြစ်မည်။ ကျနော်ကသာ ဆတ်ဆတ်ထိမခံ အကဲဆတ်နေခြင်း ဖြစ်ကောင်းဖြစ်မည်။
မည်သို့ပင်ဖြစ်စေ....နောင်တွင် ကျနော့်အား ထိုပဟေဠိကို ဖွက်လာပါက မိန်းကလေးဆိုလျှင် “အိန္ဒြာကျော်ဇင်လားဟင်” ဟူ၍လည်းကောင်း၊ ယောက်ျားလေးဆိုပါက “မျိုးကြီးလားဟေ့၊ ဘာကိစ္စရှိလဲကွ” ဟူ၍လည်းကောင်း ဖြေကြားလိုက်မည် စိတ်ကူးထားပါသည်။
ဘလော့ဂ်ဖတ်လာမိတ်သဟာ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ပဟေဠိဖွက်ခြင်း၊ ဂျောက်တွန်းခြင်း ကင်းရှင်းကြပါစေ။

12 comments:
ဟနို...နာဘယ်သူလဲသိလား..ဝါး ဟား ဟား
ဖတ်လို့ကောင်းတယ်..ကိုပေါရေ
ဟုတ်ပ.. အဲဒါမျိုး ကျမ စိတ်အညစ်ဆုံး...တခါတလေ ဟိုဘက်က အကြာကြီးရစ်နေရင် ပိုဆိုး..။ ဟဲ ဒါပေမဲ့ တခါတလေတော့ ကိုယ်လည်း လုပ်ချင်တတ်သား..။ :D ခုတော့ ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းကြ့သို့......
Hi. Boyz Speaking လို့တော့ အစချီ ပြောတတ်တာပဲ...။ မြန်မာလိုဆိုရင်တော့ ဘွိုင်းပြောနေပါတယ်ပေါ့...။ ဖုန်းထဲမယ် နာမည်ပေါ်နေရင်လဲ ဟေ့အေး... မောင်ဘယ်သူ မဘယ်ဝါလား...။ ဘွိုင်းပြောနေတယ်..။
ပြီးရော...။
စကားကြုံလို့ ပြောရရင်တော့ ဂျီတော့ခ်မှာ ကော်နက်ရှင် မကောင်းလို့ တစ်ခွန်းမကြား တစ်ခွန်းကြားနဲ့ ပြောကြရာမှာ မပြောတတ်ရင်သွားရောပဲ...။
ဟေ့ကြားလား...။
အေး..မကြားဘူး...။
ဟာ မကြားဘူးလား...။
အေး.. ကြားတယ်...။
ကြားရလား...။
တွီတွီတွီ... ကော်နက်ရှင်ပြတ်သွားပြီ အဲဒီကြားလား မကြားလား နှစ်ခုကြားမှာ...။
ကိုယ်ပြောချင်တာကို ပြောလိုက်ပါလားလို့...။
အသဲယားတယ်...။
ဟားလို၊ အခုပြောနေတာ ဘယ်သူလဲ။ ဟင် -၊ မမှတ်မိဘူးလား ကျုပ်အသံ။ ကျုပ် ဘန်ကောက်က ဆက်နေတာလေ။ နေရာအတိအကျလား။ အင်း- ဆဲဗင်းအလဲဗင်းဆိုင်ရှေ့မှာပဲ။ ညာဘက်မှာ ဓာတ်တိုင်၊ ဘယ်ဘက်မှာ တယ်လီဖုန်းရုံရှိတယ်။ ဗျာ - မသိဘူးလား။ အေးဗျာ ကျုပ်လည်း ခင်ဗျားကို မသိပါဘူး။ ဘလော့မှာ ငါဘယ်သူလဲ ဆိုတာ ဖတ်ရလို့ လှမ်းဆက်ကြည့်တာပါ။ ဘာ- မကြားဘူး ဟုတ်လား။ ဘယ်ကြားမလဲ၊ ကျုပ်ဖုန်းကဒ်ထဲမှာ ပိုက်ဆံကုန်နေတာ ၂ ရက်ရှိပြီ။ အ၀င်ပဲ ရတယ် အထွက်မရ။ ဒါကြောင့် ကျုပ်အသံကို မကြားရတာ။ okay, goodbye! :D
တချို့ အသံတွေကတော့ ငါဘယ်သူလဲ လုပ်လဲ မအောင်မြင်ဘူး… ကျွန်မအသံဆို အတော်များများမှတ်မိကြတယ်… ကောင်းလွန်းလို့ တော့ မဟုတ်ဘူး… ဆိုးလွန်းလို့ … ကျောင်းတုန်းက သူငယ်ချင်းတွေဆီ အသံတုလုပ်ပြီးနောက်ချင်ရင် ကျွန်မနဲ့ ဘယ်တော့မှ မဖြစ်… ကိုပေါအသံလဲ မှတ်မိလွယ်တဲ့ အထဲပါတာပဲ… မဒမ်ပေါအသံလေးကတော့
ချိုမြနေလို့  တခါတခါ ဘယ်က အထက်တန်းကျောင်းသူလဲ မှတ်တယ်…
ကိုပေါတို့များ သူများဖုန်းပြောနေရင် ဘေးက အသာကပ်နားတောင်တတ်ပါလား။
Privacy နော်... Privacy...
မောင်ရင်တို့ electronic သမားတွေကလည်း
အစကတည်းက ဖုန်းလိုင်းတွေကို quality နှိမ့်ထားတာကိုး...
3G Intl' call တွေရတော့မှ... ရုပ်ပါမြင်ရရင် ရွာကလူတွေကို မှတ်မိတော့မှာပေါ့...
..ဒါကလည်း ရွာကို 3G နဲ့ခေါ်ဘို့ဆိုတာ...
ဖြစ်နိုင်သေးပါဘူးလေ...
ဗျို့ ကိုပေါ အနော်ဘယ်သူလဲ သိလားဂျ
ပုံ
အမည်မဖော်လိုသူပန်ဒိုရာ
ငါဘယ်သူလဲ ဆိုတာထက် .. ဖုန်းကိုင်လိုက်ရင် ခုဖုန်းကိုင်နေတာ ဘယ်သူလဲ မေးတာ ပိုဆိုးတယ် ကိုပေါရေ..
ဟမ် ခုဆက်နေတာရော ဘယ်သူလဲ ...
ဘယ်ဖုန်းကို ဆက်နေတာတုန်းလို့ တခါတလေ ဘုတောပစ်လိုက်တယ် အေးရော...
ဟိဟိ ကိုပေါရေ ကျွန်မလည်း အဲဒီလို ခဏခဏဖြစ်ဖူးတယ်။ တစ်ခါတုန်းက ကျွန်မက ဆန်းဒေးမို့ အိပ်ယာစောစောမထဘဲ အိပ်ယာထဲနှပ်နေတုန်း အစောကြီးဖုန်းက မြည်လာရော။ ဖုန်းကိုင်လိုက်တော့ တစ်ဖက်က ညီမလေးလင်းလက်လားဆိုပြီး သူ့နာမည်မပြောဘဲ မသိဘူးလားချည်း စွတ်မေးနေတော့ စိတ်ကတိုလာတယ်။ ပြီးတော့ တစ်ဖက်က `လူရင်းတောင် မမှတ်မိဘူးလား´ဆိုပြီး ၀မ်းနည်းသံစွက်နေတော့ ကျွန်မက ဒွတ်ခ။ အမှန်အတိုင်းပြောရရင် လူရင်းတွေက အများကြီး။ ဘယ်ဒေသနဲ့ဆိုင်တဲ့ လူရင်းမှန်းကမသိ .. ။ နောက်ဆုံးတော့ တောင်းတောင်းပန်ပန်နဲ့ မသိပါဘူး ပြောပြပါဆိုမှ မြန်မာပြည်မှာ ခင်ခဲ့တဲ့ အသိတစ်ယောက် ဖြစ်နေတယ်။ စင်္ကာပူချင်း မတွေ့တာကြာတဲ့ သူငယ်ချင်းတွေကလည်း တစ်နှစ်လောက်မှာ တစ်ခါဖုန်းဆက်ပြီး အဲဒီလိုလည်း ခဏခဏလုပ်တယ်။ ကျွန်မလည်း ကိုပေါလိုပဲ အဲဒါမျိုးဆို အာရုံနောက်တယ်။ ကျွန်မ ဖုန်းဆက်ရင် `ဟဲလို လင်းလက်ပါ´ဆိုတာက အရင်စပြောလိုက်တယ်။ ကိုပေါပြောသလိုနဲ့ နည်းနည်း မတူအောင် ဒီတခါ အဲဒီလို ပဟေဠိဖွက်တဲ့လူတွေကို လူရွှင်တော်မင်းသား ၊ မင်းသမီးတွေ နာမည်နဲ့ပဲ ဖြေကြားလိုက်တော့မယ်။
`ကျော်ထူးလား ၊ ကင်းကောင်လား´
`ဂျမ်းဘုံလား ၊ မျိုးမျိုးခိုင်´တို့လားလို့လေ။ စိတ်မဆိုးရင်တော့ ကံကောင်းပေါ့ :P ။
ဟဲလို...ကိုပေါ...။
ကျုပ်ဘယ်သူလဲ သိလား။ သေချာစဉ်းစားပါဗျ။ :P ကျုပ်အသံကိုတောင် မမှတ်မိတော့ဘူးလား။ :D
အဲဒီလို ဆက်လာရင် ကိုပေါ စိတ်များဆိုးမလားလို့။ ဟဲဟဲ။
ဟားဟား.. ကျနော် ဟိုးအရင်တုန်းကလည်း သူများကိုပဟေဠိဖွက်တတ်တယ်၊ တခါတော့ သယ်ရင်းတစ်ယောက်က မင်းဘယ်သူဖြစ်ဖြစ် ငါ့ကိစ္စမဟုတ်ဘူး လို့ဘုတောလိုက်မှ အဲဒီအကျင့်ပျောက်သွားတာ။
ကိုပေါအသံလဲ မှတ်မိလွယ်တဲ့ အထဲပါတာပဲ… မဒမ်ပေါအသံလေးကတော့
ချိုမြနေလို့  တခါတခါ ဘယ်က အထက်တန်းကျောင်းသူလဲ မှတ်တယ်…
heehee. Then Ko Paw's sound like how old? :P
Post a Comment