Showing posts with label general. Show all posts
Showing posts with label general. Show all posts

“ ၅ ပြားဖိုးတောင် မလျှော့နိုင်သူ”

ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်အပါအဝင် ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ အားလုံးနီးပါး ပြန်လွတ်လာပါပြီ။
ဒါဟာ မင်္ဂလာသတင်းပါပဲ။

ရန်ကုန်အပြန်ခရီးလမ်းတလျှောက် မင်းကိုနိုင်ပြောခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ အခုလို လွတ်မြောက်လာမှုမှာ “ အဓိက ကတော့ ပြည်သူ့အားပဲဗျ။ ပြည်သူ့အားကြောင့် ၆၅ နှစ် နောက်တသက်တောင် ပြန်လွတ်မလာနိုင်တဲ့ ကျောင်းသားတယောက်က အခု ပြည်သူလူထုကြီးရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ” လို့ ပေါင်းတည်မြို့မှာ ပြောခဲ့တာကို သတိပြုမိပါတယ်။

မြောက်ဥက္ကလာပမှာ ပြောတဲ့ မင်းကိုနိုင်ရဲ့ မိန့်ခွန်းထဲက ကျနော် သဘောကျမိတဲ့ မိန့်ခွန်းကောက်နှုတ်ချက်တွေကတော့ ...

“ ပြည်သူလူထုသာလျှင် အရာရာရဲ့ အခရာဖြစ်တယ်။ ပြည်သူလူထုရဲ့ အောင်ပွဲက တနေ့မုချ ရကို ရရမယ်။”

“ပြည်သူလူထုကြီး လိုချင်တာက ဘာတုန်း။ ဒီမိုကရေစီ။” (ဒီမိုကရေစီ - အောက်ကလူထုရဲ့ အော်သံပါ)

“ဒီမိုကရေစီကနေ ၅ ပြားဖိုး မလျှော့နိုင်ဘူးမဟုတ်လား။” (မလျှော့နိုင်ပါဘူး။)

“ဒီမိုကရေစီ ဒင်းပြည့်ကျပ်ပြည့်ရဖို့အတွက် ပြည်သူလူထုကြီးက လိုအပ်ရင် သတ္တိရော ပြရဲသေးလား။” (ပြရဲပါတယ်)

“အဲတော့ ဒီမိုကရေစီဆိုတာ အနှစ် ၂၀ လောက် ပေးဆပ်ပြီးတော့ တိုက်လိုက်တော့လေ အခုအချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကအစ ဒီမိုကရေစီကို မသွားရင် မရတော့ဘူးလို့ သဘောပေါက်သွားရတဲ့ အနေအထားကို ရောက်ခဲ့ပြီမဟုတ်လား။” (ရောက်ခဲ့ပါပြီ)။

“သူတို့ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီမိုကရေစီကို ငြင်းလို့ မရတော့ဘူး။ အဲဒါ ပြည်သူ့အောင်ပွဲ မဟုတ်ဘူးလား။” (ဟုတ်ပါတယ်)

ယနေ့နိုင်ငံရေးအခြေအနေဟာ ယခင် အနှစ် ၂၀ တိတိ ပေးဆပ်ခဲ့တဲ့သူတွေ၊ ပြည်သူတွေတောင်းဆိုတိုက်ပွဲဝင်ခဲ့တာရဲ့ အကျိုးဆက်လို့ မှန်မှန်ကန်ကန် ချိတ်ဆက်ပြလိုက်တာကို အင်မတန် သဘောကျမိပါတယ်။ ကျနော့်ဘလော့ဂ်မှာလည်း မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင်(၁) နဲ့ (၂) ဆိုတဲ့ ပို့စ်တွေမှာ ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံဟာ မြန်မာ့နိုင်ငံရေးအခြေအနေကို ဒီမိုကရေစီလမ်းကြောင်းပေါ် စတင်ပေးလိုက်သလို ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အချိန်ဆွဲနေတဲ့ နအဖကို နောက်ကနေ သံချွန်နဲ့ တို့လိုက်သလို တွန်းအားပေးလိုက်လို့ ဒီကနေ့အခြေအနေကို ရောက်လာခဲ့ရကြောင်း မကြာခင်ကပဲ ရေးသားခဲ့ဖူးပါတယ်။

(ဒီအကြောင်းကိုရေးရင်းနဲ့ မင်းကိုနိုင်တို့ အဖမ်းခံရစဉ်က သူတို့တတွေကို “အုတ်နံရံကို ခေါင်းနဲ့တိုက်သူများ” ၊ “ဥာဏ်ကို လွှာမသုံးတတ်သူများ” အစရှိသဖြင့် ကျနော့်ဆီကို မကြာခဏ ဖုန်းဆက် ဝေဖန်တတ်တဲ့ အသိဘလော့ဂါတယောက်နဲ့ လူထုအုံကြွမှုတွေဟာ ဘာမှ အရာမထင်ဘူးလို့ ပြောလေ့ရှိကြတဲ့ သူတွေရဲ့မျက်နှာတွေကို အစီအရီ ပြေးမြင်မိပါတယ်။)

နောက်ထပ် ထုတ်နှုတ်ပြချင်တဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တခုကတော့....

“ဓားအိမ်ကို မြင်ရုံနဲ့ ဓားကောင်းမှန်းသိရင်တော့ ဓားကို ဆွဲထုတ်စရာ မလိုပါဘူး။ ဓားအိမ်ပြလို့မှ မလုံလောက်သေးရင်တော့ ဓားဆွဲထုတ်ပြဖို့ သတ္တိရှိဖို့ လိုပါတယ်။ ပြည်သူလူထုကြီး ဓားဆွဲထုတ်ရဲတယ် မဟုတ်လား။ (ထုတ်ရဲပါတယ်)”

အောက်မှာ မြောက်ဥက္ကလာမှာ ပြောခဲ့တဲ့ ဗီဒီယိုကို တင်ပေးလိုက်ပါတယ်။


Read more

လွတ်လပ်ရေးနေ့...

ဒီနေ့ လွတ်လပ်ရေးနေ့.....

လွတ်လပ်မှုကို ချစ်မြတ်နိုးသူတွေ သံတိုင်နောက်မှာ ရောက်နေဆဲ လွတ်လပ်ရေးနေ့။

တိုင်းရင်းသားတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေရဆဲ လွတ်လပ်ရေးနေ့။

လယ်သမားတွေရဲ့ လယ်မြေတွေကို အဓမ္မသိမ်းယူခံနေရဆဲ လွတ်လပ်ရေးနေ့။

စစ်ဗိုလ်တမတ်သားပါလီမန်မှာ စစ်ဗိုလ်လူထွက်တွေ လွှတ်တော်ဥက္ကဋ္ဌဖြစ်နေတဲ့ လွတ်လပ်ရေးနေ့။

တိုင်းပြည်အနာဂတ်ကို လူနှစ်ယောက်လောက်က ကျိတ်ပုန်းညှိနေတဲ့ လွတ်လပ်ရေးနေ့။

သယံဇာတတွေ ချရောင်းနေတဲ့ လွတ်လပ်ရေးနေ့။

နိုင်ငံတကာကို မျက်နှာချိုသွေးနေရတဲ့ ဖာသည်နိုင်ငံဘဝ ကျရောက်နေတဲ့ လွတ်လပ်ရေးနေ့။

မတည်တဲ့ကတိစကားတွေ၊ မာယာတွေနဲ့ ပြည့်လျှမ်းနေတဲ့ လွတ်လပ်ရေးနေ့။

ပြည်သူ့အသံကို ရဲရဲဖွင့်အန်ခွင့်မရသေးတဲ့ လွတ်လပ်ရေးနေ့။

သုံးနှစ်သမီးငယ် ဖြူနေခြည် တယောက် အဖေ၊အမေနဲ့ အတူနေခွင့်ရဖို့ ဘုရားမှာ ဆုတောင်းနေရတဲ့ လွတ်လပ်ရေးနေ့။

ပြည်သူပြည်သားအားလုံးအတွက် ဓါးမိုးထားတဲ့လွတ်လပ်ရေးနေ့။
Read more

ဟောစိလို ကို တူးဖော်ခြင်း


(၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက တင်ခဲ့တဲ့ပို့စ်ကလေးဟာ အခုအချိန်အထိ အံဝင်နေသေးတာတွေ့ရလို့ ပြန်လည်ဆန်းသစ်လိုက်ပါတယ်။)

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေ မြန်မာပြည်ကို ဝင်အလာ....။

ရွာတရွာ ရောက်တော့ ဂျပန်တပ်တွေက ရွာထဲရှိသမျှ မိန်းမမှန်သမျှကို တယောက်မကျန် မုဒိန်းကျင့်သတဲ့။ အဲသည်လို အကျင့်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံသား ပေါက်ဖော်ကြီးတယောက်ရဲ့ ဇနီးလည်း ပါသတဲ့။

ဒီကိစ္စဖြစ်ပျက်ပြီး ခြောက်လ တနှစ်လောက် ကြာတဲ့အထိလည်း တရုတ်ကြီးက အဲဒီကိစ္စအပေါ် မကျေမချမ်းနိုင်သေးဘဲ တဖွဖွ ပြောနေသတဲ့။ ဒီတော့ မိန်းမကလည်း ကြာလာတော့ သည်းမခံနိုင်တော့ဘူး။ သူ့ယောက်ျားကို ပြောတယ်။ “ဒီမယ်၊ ကျုပ်တယောက်တည်း ကွက်ပြီး မုဒိန်းအကျင့်ခံရတာမဟုတ်ဘူး။ တရွာလုံးအကျင့်ခံရတာပဲ။ ရှင်က ဘာလို့ တမူထူးခြားပြီး မကျေမချမ်းဖြစ်နေတာလဲ” လို့ ပြောသတဲ့။

အဲသည်အခါ တရုတ်ကြီးက တရုတ်သံဝဲဝဲနဲ့... “အေး.... တရွာလုံး မုဒိန်းအကျင့်ခံရတာတော့ မှန်တယ်။ ဒါပေမယ့် ဂျပန်တွေ မင်းကို မုဒိန်းကျင့်တုန်းက မင်းက အောက်ကနေ ဟောစိလို ဟောစိလို (ဟောဒီလို ဟောဒီလို) အလိုက်သင့် ကော့ ကော့ပေးတာကို မြင်ရလို့ ငါက မကျေမချမ်း ဖြစ်နေတာကွ” လို့ ပြန်ပြောလိုက်ပါသတဲ့။

အခုလည်း နအဖ အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို မဟားဒယားကြီးကျင်းပလို့ သူတို့လိုချင်ရာကို (မုဒိန်းကျင့်သလို) အဓမ္မနည်းနဲ့ အရယူဖို့ ကြိုးပမ်းနေပါတယ်။ ဒီအနေအထားမှာ အချို့သောပြည်တွင်းအတိုက်အခံနိုင်ငံရေးသမားများ၊ (၁၉၉၀ခုနှစ်က ရွေးချယ်ခံ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးတချို့နဲ့ ဂျာနယ်လစ်အမည်ခံ တတိယ အုပ်စုဝင် အချောင်နှိုက်သမားများဟာ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်ပြရမယ့်အစား နအဖကို အလိုတူ အလိုပါ “ဟောစိလို ဟောစိလို” အလိုက်သင့် လှုပ်ရှားပေးနေတာ တွေ့မြင်နေရတဲ့အတွက် ပြည်သူတဦးအနေနဲ့ အင်မတန်မှ အော့နှလုံးနာမိပါတော့တယ်။
Read more

ထက်ထက်မိုးဦးကို ဆန္ဒပြုပါတယ်


(ဓါတ်ပုံကို ဒီက ယူပါတယ်။)

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ရင် ဒေါ်ခင်ကြည်နေရာမှာ ပြည်သူ့အချစ်တော် မင်းသမီးချော ထက်ထက်မိုးဦးကို သရုပ်ဆောင်အဖြစ် ရွေးချယ်ဖို့ ဆန္ဒပြုလိုက်ပါတယ်။

ကိုပေါ။
(ထက်ထက်ရဲ့ အမာခံပရိသတ်)
Read more

“အမုစေ နဲ့ ရက်ပေါင်း ၁၀၀ ”


“A day in politics is a long time”

တရက်တာဆိုတဲ့အချိန်ဟာ နိုင်ငံရေးမှာ အင်မတန်ကြာတဲ့ အချိန် လို့ အဆိုရှိပါတယ်။ တရက်တာအတွင်း ဖြစ်ထွန်းမှုတွေရဲ့ အကျိုးဆက်အဖြစ် အစိုးရအဖွဲ့တွေ၊ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ အာဏာရလာတာ၊ အာဏာစွန့်သွားရတာ၊ ထို့အတူ တိုင်းပြည်ရဲ့ ကံကြမ္မာပါ တဆစ်ချိုးပြောင်းလဲသွားရတာမျိုးတွေ ရှိတတ်ပါတယ်။

ဒီကနေ့ဟာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ တကြိမ်တည်းသော တွေ့ဆုံပွဲကြီး ပြီးမြောက်ခဲ့တာ ရက်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ နောင် ဘယ်တော့ ထပ်တွေ့ကြမလဲဆိုတာကိုတော့ ဦးသိန်းစိန်ကိုယ်တိုင်နဲ့ ဘုရားသခင်ကလွဲလို့ ဘယ်သူမှ မသိနိုင်ကြသေးပါဘူး။ ဒီမိုကရေစီရဲ့ မိခင်ကြီး အမေစု (ခေါ်) ဒေါ်အောင်ဆန်းစုကြည်တောင် သိရှာသေးပုံမရပါဘူး။ ဦးသိန်းစိန်ကိုယ်တိုင်တောင် သိခွင့်ရှိပါရဲ့လား ကျနော်ဖြင့် သံသယရှိဆဲ။

သို့သော်….. ဦးသိန်းစိန်နဲ့ ပထမအကြိမ်တွေ့ဆုံခဲ့စဉ်က၊ ဝန်ကြီးဦးအောင်ကြည်နဲ့ လေးကြိမ်တိုင်တိုင်တွေ့ဆုံခဲ့စဉ်က ဘာတွေဆွေးနွေးခဲ့သလဲ၊ ဘယ်လိုသဘောတူညီချက်တွေ ရခဲ့ကြသလဲဆိုတာကိုတော့ ကာယကံရှင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခရေစေ့တွင်းကျ သိရမယ့် ကိစ္စပါ။ ဒီနေရာမှာ ဆွေးနွေးပွဲပြီးတိုင်း နှစ်ဦးသဘောတူထုတ်ပြန်တဲ့ ယေဘုယျ သဘောဆောင်တဲ့ ဝေဝေဝါးဝါး သဘောတူညီချက်တွေကို ဆိုလိုချင်တာမဟုတ်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပဲခူးခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတွေ သိချင်တာက ကျမနဲ့ ဦးအောင်ကြည် ဘာတွေ ဆွေးနွေးသလဲ ဆိုတာ သိချင်ကြတာ မဟုတ်လား။ အချိန်တန်ရင် ကျမ ပြည်သူကို အသိပေးပါမယ်။” ဆိုတဲ့ သဘောမျိုးပြောခဲ့ပါတယ်။ နောက်တခါ… “အခု ပြောလိုက်ရင် နောင်..ပြောစရာမကျန်တော့မှာ စိုးလို့” ဆိုတဲ့သဘောမျိုး ပြောပြန်ပါတယ်။

အဲဒီနောက် သိပ်မကြာခင်မှာပဲ ဘီဘီစီသတင်းတပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောပြန်တာက ဦးသိန်းစိန်နဲ့တွေ့စဉ်က တိုင်းပြည်အတွက် အရေးကြီးတဲ့ သဘောတူညီမှု အတော်များများ ရလိုက်တယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ဗီအိုအေ ဒေါ်ခင်စိုးဝင်းနဲ့ အင်တာဗျူးမှာတော့ တွေ့ဆုံဆွေးနွေးမှုတွေအပေါ် ပြည်သူလူထုကို အသိပေးဖို့ လိုအပ်ကြောင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “ဒါမျိုးဆိုတာ အချိန်သိပ်ဆွဲထားလို့ မကောင်းဘူး။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းသွားတတ်တယ်” ဆိုတဲ့ သဘော ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အခု ရက်ပေါင်း ၁၀၀ တိတိ ရှိလာတဲ့တိုင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ပြည်သူတွေအပေါ် ဝတ္တရားရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြခြင်း မရှိခဲ့သေးပါဘူး။ ရေငုံနှုတ်ပိတ်နေဆဲပါ။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခြင်း တနှစ်ပြည့်အထိမ်းအမှတ် သတင်းစာ ရှင်းလင်းပွဲလုပ်စဉ်ကလည်း တရားဥပဒေ စိုးမိုးရေးနဲ့ ပညာရေး အရေးကြီးကြောင်းသာ ပြောဆိုသွားပြီး တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ဖြင့် လေသံမျှ မဟခဲ့တာကို တွေ့ရပါတယ်။

ယုတ်စွအဆုံး နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးနဲ့ ပတ်သက်လို့ ဘယ်နေ့ဘယ်ရက်မှာ ဘယ်ရွေ့ဘယ်မျှ လွှတ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်မျိုးတောင် ရခဲ့ဟန်မတူပါဘူး။ ဘာကြောင့်လဲဆိုတော့…. သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ဒီရက်ပိုင်း အကျဉ်းသားတွေ ထပ်လွှတ်ပေးဦးမယ်လို့ သတင်းတွေ ကြားရပါတယ်”လို့သာ မရေမရာ ဝေဝေဝါးဝါးသာ ပြောကြားခဲ့ပါတယ်။။ ဒီလိုသတင်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်သာ မဟုတ်။ ကျနော်တို့လည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာတောင် မမြင်ချင်အဆုံးကြားနေကြရပြီးသားပါ။ ကောလဟာလ အဆင့်ထက်မပိုပါဘူး။ တကယ်တမ်းမှာ အခုထိ လွှတ်ပေးသေးတာမဟုတ်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲရဲ့ ရလဒ်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့သဘောမျိုး အသားယူ ပြောကြားချင်တယ်ဆိုလည်း ဒီ့ထက်တော့ တိတိကျကျ ပြောဖို့လိုပါလိမ့်မယ်။

ဒီ ရက်ပေါင်း ၁၀၀ အတွင်းမှာ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ပြည်သူကို ရေရေရာရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့်…. အစိုးရနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဖက်က အပြုသဘော ရှုမြင်သုံးသပ်တဲ့ အပြောမျိုးတွေ၊ အပြောင်းအလဲရဲ့ လမ်းစကို ရောက်ပြီဆိုတဲ့ စကားမျိုးတွေ၊ မကြာခင် ကြီးမားတဲ့အပြောင်းအလဲကြီးတွေ ဖြစ်လာတော့မယ်ဆိုတဲ့ စကားမျိုးတွေ လှိုင်လှိုင်ကြီးပြောဆိုနေခဲ့တာကို သတိထားခဲ့မိပါတယ်။ ဘာကြောင့် ဒီလိုမြင်ရတယ်၊ ပြောဆိုရတယ်ဆိုတဲ့အကြောင်းကိုတော့ တလုံးတပါဒမှ လှစ်ဟ ရှင်းလင်းပြောဆိုတာမတွေ့ခဲ့ရပါဘူး။

ဒါပေမယ့် ဒီရက်ပေါင်း ၁၀၀ အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ပါတီဖက်မှာတော့ ကြီးမားတဲ့ပြောင်းလဲမှုကြီးတွေ အမှန်တကယ် ဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဆိုရင် တချိန်က သူမ ကြွေးကြော်ခဲ့တဲ့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံနဲ့ မူဝါဒကို အပြီးတိုင် စွန့်လွှတ်လိုက်ပုံ ရပါတယ်။ အဖွဲ့ချုပ်အနေနဲ့လည်း “ထွေးပြီးသား တံတွေးပြန်မျို” ဆိုသလို ရွှေဂုံတိုင်မူကနေ ရှုံချည်နှပ်ချည် ဂငယ်ကွေ့ကွေ့ပြီး ပါတီမှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးကို ရှေ့တန်းတင်လာတာကို တွေ့ရပါတယ်။ ၂၀၀၈ စစ်ကျွန်ပြုရေးအခြေခံဥပဒေအောက်ကို အလိုတူအလိုပါ ခေါင်းလျှိုဝင်လိုက်ကြတာကို တွေ့ရပါတယ်။ ဦးဝင်းတင် ၂၀၁၀ မတိုင်ခင်က ပြောတဲ့ ဥပမာမျိုး စကားလုံးအချို့ကို ချေးငှားပြီး ဒီအချိန်မှာ ပြန်ပြောရရင် “၂၀၀၈ အခြေခံဥပဒေဆိုတဲ့ နွားသတ်ရုံကြီးထဲကို မှတ်ပုံတင်ဥပဒေပြင်ဆင်ချက်ဆိုတဲ့ မြက်ပြခေါ်လိုက်တဲ့အခါ ဝင်ချင်လွန်းလို့ ဘွတ်အဲ ဘွတ်အဲ အော်နေတဲ့ ဥဿဘ ကြီးတွေ” နဲ့ အလားသဏ္ဍာန်တူနေပါတယ်။

ယနေ့မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ရင် တချို့က “ဘယ်သူမှ မမျှော်လင့်တဲ့ အပြောင်းအလဲကြီးတွေ ဖြစ်နေပြီ” ဆိုတာမျိုး ရေးသားတာ တွေ့ရပါတယ်။ ဘယ်လို အပြောင်းအလဲကြီးတွေလဲဆိုတာ သေသေချာချာ ပြန်မေးစရာရှိပါတယ်။ အကျဉ်းသားတွေ သောင်းဂဏန်းလွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို မစို့မပို့ ကြားညှပ်လွှတ်ပေးတာမျိုးဟာ ဘယ်သူမှ မမျှော်လင့်တဲ့ အပြောင်းအလဲမျိုးလား။ စစ်အစိုးရလက်ထက်မှာ အရင်ကလည်း ဒီလိုပဲ ဖမ်းလိုက် လွှတ်ပေးလိုက် လုပ်ခဲ့ဖူးတာပဲ မဟုတ်ဘူးလား။ ကိုမင်းကိုနိုင်တို့ ဇာဂနာတို့ကို အရင်တုန်းကလည်း လွှတ်ပေးဖူးတာပဲ မဟုတ်လား။ အာဆီယံအစည်းအဝေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံ စတဲ့ အပြည်ပြည်ဆိုင်ရာ ဖိအားတွေအောက် ကျရောက်ကာနီးတိုင်း ဒီအစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံ အနေနဲ့ ကျင့်သုံးတတ်တယ်ဆိုတာကို မေ့လျော့နေကြလေသလား။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုကျော်မင်းယု(ကိုဂျင်မီ)၊ မမီးမီး၊ မနီလာသိန်း စတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး၊ အရှင်ဂမ္ဘီရ စတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ မတရားသဖြင့် ချမှတ်ထားတဲ့ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ထောင်ထဲမှာ ပင်ပန်းဆင်းရဲစွာ အကျဉ်းကျခံနေရဆဲပါ။

သတင်းစာလွတ်လပ်ခွင့်တွေ ရှိလာတယ်လို့ ဆိုကြတယ်။ ဒီအစိုးရဟာ သူ့အာဘော်နဲ့ တထပ်တည်းကျနေသရွေ့ လွတ်လပ်ခွင့်ပေးတာ မဆန်းပါဘူး။ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၀ မတိုင်ခင်ကတည်းက နေဝင်းမောင်တို့ မောင်စူးစမ်းတို့ အာဘော်တွေကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရခဲ့တယ် မဟုတ်ပါလား။ ဒေါ်စုအာဘော်ကလည်း သူတို့နဲ့ တထပ်တည်းကျရင် ဒေါ်စုကို ဖွင့်ပေးမှာပဲ။ ဒေါ်စုလိုလူက သူတို့ဖက်မှာပါတယ်ဆိုရင် သူတို့အတွက် အမြတ်တောင်ထွက်သေး။ ဒါတောင် တနှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (လွတ်လာပြီးနောက်ပိုင်း) တခုတည်းသော နိုင်ငံရေးအရ ဝေဖန်မှုဖြစ်တဲ့ “လွတ်လပ်ပြီး တရားမျှတတဲ့ တရားရေးမဏ္ဍိုင် မရှိသေးဘူးလို့ပဲ ပြောရမယ်” ဆိုတဲ့ စကားကို ဆင်ဆာဖြတ်နေသေးတယ် မဟုတ်ပါလား။

တကယ်သာ မီဒီယာ လွတ်လပ်ခွင့်ရှိခဲ့တယ်ဆိုရင် စစ်အစိုးရလက်ထက်က ကျူးလွန်ခဲ့တဲ့ မတရားမှုတွေအကြောင်း၊ ရွှေဝါရောင်တော်လှန်ရေးကြီးအကြောင်းတွေကိုလည်း မီဒီယာအပေါ်မှာ ဒီကနေ့ ရေးသားကြ၊ ဖော်ထုတ်ကြတာကို ဖတ်ကြရမှာပါ။

တဖက်မှာလည်း အစိုးရဟာ တိုင်းရင်းသားတွေအပေါ် အရှိန်မြှင့် ထိုးစစ်ဆင်နေဆဲရှိပါသေးတယ်။ ယခု ကချင်ပြည်နယ်ဖက်က တိုက်ပွဲတွေမှာ အစိုးရက ရဟတ်ယာဉ်တွေကိုပါ အသုံးပြုလာတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အကုန်အစင် ချွင်းချက်မရှိ လွှတ်မပေးမချင်း၊ မီဒီယာတွေမှာ အစိုးရကို ဝေဖန်တဲ့အရေးအသားတွေ၊ ရွှေဝါရောင်တော်လှန်ရေးအကြောင်းတွေကို ဖော်ပြခွင့်ရလောက်အောင် မီဒီယာလွတ်လပ်မှု မရမချင်း၊ တိုင်းရင်းသားတွေအပေါ် ထိုးစစ်တွေကို တပြိုင်နက်မရပ်မဆိုင်းမချင်း၊ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေပြီဟု ယုံကြည်၍ မရသေးပါကြောင်း။ လက်ရှိလုပ်နေတဲ့ ဟန်ပြအပြောင်းအလဲတွေဟာ နိုင်ငံတကာမျက်နှာစာနဲ့ ပြည်သူလူထုအကြားမှာ တရားဝင်မှုကို လိုချင်နေတဲ့အတွက် နည်းပရိယာယ်မြောက် ကြိုးပမ်းမှုတရပ်အဖြစ်သာ လက်ရှိအနေအထားမှာ ထင်မြင်ယူဆလျက်ရှိကြောင်း ရေးသားလိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှာ အခုအချိန်အထိ ပြည်သူလူထုကို ထုတ်ပြစရာ ဝမ်းသာစရာ သတင်းကောင်း ရှိဟန်မတူသေးပါ။
Read more

ဒေါ်စုအတွက် မေးခွန်းများ


ရှေ့ကပို့စ်မှာ လာရေးသွားတဲ့ မှတ်ချက်တွေထဲက ဒီမှတ်ချက်တခုဟာ စဉ်းစားဆင်ခြင်စရာ အချက်တွေ ပါတဲ့အလျောက် ပို့စ်အနေနဲ့ ပြန်တင်ပေးလိုက်ပါတယ်။ ရေးသူ ဘယ်သူလဲဆိုတာ ကျနော်မသိပါ။ TYK လို့ အတိုကောက် အမည်ကိုသာ ဖော်ပြထားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းတွေ မေးရမယ်လို့ မှာကြားသွားတဲ့အလျောက် ဈေးဦးပေါက်အနေနဲ့ သူမကိုပဲ ဦးတည်လိုက်ပါတယ်။

Anonymous said...
မနေ့ က ဒီပို့ စ်ကို ဖတ်မိပြီး ဗွီအိုအေမှာ သွားနားထောင်မိတယ်။ ဒီမနက် ဗွီအိုအေ နောက်ဆုံးသတင်းအကျဉ်းမှာလည်း သတင်းဖတ်သွားတာ ကြားလိုက်တယ်။ တခြား ဘီဘီစီ ဒီဗွီဘီ အာအက်ဖ်အေ မြန်မာသတင်းတွေမှာ မကြားမိဘူး။ တခြား မြန်မာဆိုဒ်တွေမှာလည်း မတွေ့ မိဘူး။

ဒီသတင်းဟာ ထူးခြားတယ်ဆိုတာထက် အရေးကြီးတဲ့သတင်း ဖြစ်ပါတယ်။

ကိုပေါရဲ့  ဒီပို့ စ်ကို လာပြီး ကွန်မန့် ပေးကြသူတွေက အဓိက အကြောင်းအရာ ပေါ်မှာ ထင်မြင်ချက်ပေးတာ မတွေ့ ရဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလမ်းကြောင်းပေးတဲ့စကား (အစိုးရအဖွဲ့ထဲမှာ ပါဝင်လုပ်ဆောင်တာဟာ ရှေ့ကို ခရီးရောက်နိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်တယ် )ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမြင်ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) က ဒီလမ်းကြောင်းကို တရားဝင်အောင် အဖွဲ့ အစည်းရဲ့ တာဝန်ပေးချက်သဘောဖြစ်အောင် ဆုံးဖြတ်ပေးရင် ကြံ့ ဖွံ့ အစိုးရထဲ ၀င်လုပ်မယ် ဆိုတာပါပဲ။


ဒေါ်အောင်ဆန်းစုကြည် ဒီသဘောထားကို ဘာလို့ နိင်ငံခြားသတင်းဌါန တစ်ခုကနေ ပြောတာလဲ။ ကိုယ့်ပါတီထဲမှာ စီအီးစီထဲမှာ ဆွေးနွေးဖြစ်လား။ ဆွေးနွေးတော့ အများစုက သဘောမတူလို့  ဒီလိုပြင်ပ မီဒီယာကနေ ထုတ်ပြောပြီး ကိုယ့်ပါတီက သဘောတူအောင် ပြောလိုက်တာလား။ ဖိအားပေးနည်းတခုလား။ အစိုးရအဖွဲ့ ထဲ ဘယ်လိုပါဝင်မှာလဲ။ တယောက်ထဲပါမှာလား ကိုယ့်ပါတီက တခြားပါတီခေါင်းဆောင်တွေကော ပါမှာလား။ အစိုးရအဖွဲ့ ထဲ ၀င်လုပ်ပါလို့  သိန်းစိန်အစိုးရက နှစ်ကိုယ်ကြား ကမ်းလှမ်းထားပြီလား။ ဘယ်အဆင့်က ပါခွင့်ရမှာလဲ။ ၀န်ကြီးလား၊ ဒု ၀န်ကြီးလား၊ ပြည်ထောင်စုအဆင့်ထဲမှာလား၊ ပြည်နယ် တိုင်းဒေသကြီးအဆင့်ထဲမှာလား။ ဒီလိုပါနိုင်ဖို့ ပါတီမှတ်ပုံပြန်တင်ဖို့ လိုလား။ ဦးသိန်းစိန်က တိုက်ရိုက်ခန့် တဲ့ အစိုးရအဖွဲ့ ဝင်လား။ အဲဒီလိုကော ပါလို့ ရလား။ အစိုးရအဖွဲ့ ထဲပါဖို့  အကောင်းဆုံးနည်းလမ်းဖြစ်တယ် ဆိုတာကို အန်န်အယ်လ်ဒီပါတီရဲ့ ဘယ်အဆင့်က ဆုံးဖြတ်ပေးမှာလဲ။ စီအီးစီလား။ ၂၀၁၀ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်တုန်းကလို ပါတီကိုယ်စားလှယ်တွေကလား။ အစိုးရသစ်ထဲက အပြောင်းအလဲလိုလားတဲ့ အင်အားစုတွေဆိုတော့ သူတို့ ဟာ အင်အားစုဆိုတဲ့အဆင့် အရေအတွက်တစုံတရာ ရှိတယ်လို့ ဘယ်လိုပြောနိုင်လဲ။ ဘယ်လောက် ကိုယ်နဲ့ ဆက်ဆံဖူးတာ ရှိခဲ့လဲ။ အစိုးရအဖွဲ့ ထဲ ကိုယ်ဝင်ပါတာနဲ့  အပြောင်းအလဲဖြစ်မှာ ဘယ်လောက်သေချာလဲ။ အစိုးရသစ်ထဲက အပြောင်းအလဲ လိုလားတဲ့ အင်အားစုတွေ အားကောင်းလာအောင် ဒီမိုကရေစီအရေး လိုလားသူတွေက ဘယ်လိုဘယ်ပုံ ကြိုးစားပေးရမှာလဲ။ ဘယ်လို တာဝန်ရှိတာလဲ။ ကြိုးစားပေးနိုင်တဲ့ အစိုးရအဖွဲ့ ထဲက လူတွေနဲ့  ဒီမိုကရေစီရေးလိုလားသူတွေရဲ့  ဆက်သွယ် ဆက်ဆံ ပြောဆိုနိင်တဲ့ နေရာက ဘယ်မှာလဲ။ အစိုးရသစ်က ဒီမိုကရေစီရေး လိုလားသူ ဘယ်နှစ်ယောက်ကို ဆက်သွယ် ဆက်ဆံ ပြောဆိုနေလဲ။ တနိုင်ငံလုံးကိုလား၊ တပါတီလုံးကိုလား၊ တယောက်တည်းကိုလား။
ဒီလိုအရေးကြီးတဲ့ ကိစ္စရပ်မျိုးကို ကိုယ့်ပါတီထဲမှာ သဘောထားကျအောင် ချပြီး မှန်တယ်ထင်ရင် ရဲရဲလုပ်သင့်ပါတယ်။ လူများစု မသိနိုင်တဲ့ သတင်းဌါနတခုကနေ တိုက်ရိုက်မဟုတ်ဘဲ ကာတင်ပစ်ပြီး ကိုယ့်ပါတီကို တွန်းအားပေးလိုက်တယ်လို့  ယူဆပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် လုပ်နေသမျှ ကိုလည်း ပါတီက ထောက်ခံနေတာပဲ မဟုတ်ပါလား။ အစိုးရသစ်ထဲ ၀င်လုပ်ဖို့ ကိစ္စကျမှ ပါတီဆုံးဖြတ်ချက် ဘာလို့ တောင်းနေလဲဆိုတာ မစဉ်းစားတတ်ပါ ။
TYK
September 28, 2011 11:22 AM


Read more

“ပင်လယ်ထဲမှာ ရေရှိတယ်ဆိုရင်တောင်”

ဒီကနေ့ ဗီအိုအေ ညပိုင်းအစီအစဉ်မှာ အောက်ပါသတင်းကို ကြားလိုက်ရပါတယ်။

“အစိုးရအဖွဲ့ထဲမှာ ပါဝင်လုပ်ဆောင်တာဟာ ရှေ့ကို ခရီးရောက်နိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ကသာ ဆုံးဖြတ်မယ်ဆိုရင် သူ့အနေနဲ့ ပါဝင်လုပ်ဆောင်မှာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက် ပါတယ်။ အစိုးရအဖွဲ့သစ်ထဲက အပြောင်းအလဲလိုလားတဲ့ အင်အားစုတွေ အားကောင်းအောင် ကြိုးစား လုပ်ဆောင်ပေးဖို့ ဒီမိုကရေစီအရေး လိုလားသူတွေမှာ တာဝန်ရှိတယ်လို့ ဂျပန်ရုပ်မြင်သံကြား သတင်းဌာန အင်န်အိပ်ခ်ျကေက တနင်္လာနေ့မှာ ထုတ်လွှင့်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။ ”
(ဗီအိုအေ၊ စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းအစီအစဉ်)။

ဒီသတင်းကိုကြားရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က မလွတ်မြောက်ခင် ထုတ်ပြန်ခဲ့ဖူးသော သူမ၏ သဘောထားနဲ့ မှာကြားချက်ကလေးတွေကို ကြံစည်စေ့စေ့ တစိမ့်စိမ့် အောက်မေ့လှသဖြင့် အောက်ပါအတိုင်း ပြန်လည် ဖော်ပြလိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်”

မှတ်ပုံတင်ထပ်မံလုပ်ဖို့မလို။ ယခင်မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။

၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲ ထားရမည်။

၂။ တရားမျှတမှုမရှိ၊ တဖက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။

၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။

၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက် လက်မခံ။

၅။ ပြည်သူ လူထုကို ပြောကြား လိုတာက မိမိ တတ်နိုင်သလောက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဆောင်ရွက် သွားမည်။

၆။ အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။

(၂၉-၃-၂၀၁၀ ရက် ဦးဉာဏ်ဝင်း ပြောကြားသည့် အင်တာဗျူးမှ…)


ကျနော်ကတော့ ကိုသန်းလှိုင်ရဲ့ “စကားပြောကောင်းတဲ့ မသည်းအူ” သီချင်းကို အခုတလော မကြာခဏ ဆိုဖြစ်နေပါကြောင်း။

“ခုတလောအနေ
သူ့သဘောအခြေပြောင်းပေမယ့်
သူ့အပြောတွေ ကောင်းနေခဲ့လို့ သူ့အပေါ်မငြူစူ…

ထာဝစဉ်သာ
နှစ်ဖြာယှဉ်ကာ
ကြင်နာမယ့်အကြောင်း
ညင်သာနွဲ့နှောင်း
အလင်္ကာဖွဲ့စောင်းလို သံချိုညှင်း၍
ချစ်တင်းဖွဲ့လေသူ၊

ရှေ့တွင်တမျိုး နောက်ကွယ်တမျိုးနဲ့
သူ့စကားမူ
ယုံစားမိမှားပြီထင်ရဲ့
သြော်….မောင့်လိုလူ၊

မုသားထိန်ဝှက်
သူ့စကားအတိမ်အနက်
အခုများ ချိန်စက်သည့်မူ

အစဉ်တကယ်အမြဲ
ရင်ဝယ်အသည်းမှာ ကြည်ဖြူ
ဒါပေမယ့်လည်း
ပင်လယ်ထဲမှာ ရေရှိတယ်ဆိုရင်တောင်
ပြေးကြည့်ပြီးမှ ယုံမယ် မသည်းအူ။

ကိုပေါ။
၂၆ ရက်၊ စက်တင်ဘာ ၂၀၁၁။

Read more

သုညခေတ်ဝယ်

“လျှပ်စစ်အား အသုံးများတဲ့အပြင်၊ တွင်တွင်ကျယ်ကျယ် ထက်အောက်မြေခွင်၊ သစ်ပင်တွေ မြေတွင်းဓါတ်တွေ၊ ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်”

အခုတလော ရုံးသွားရုံးပြန် လမ်းလျှောက်ရင်း ခါတိုင်းဆိုနေကျ ဆရာမြို့မငြိမ်းရဲ့ လူချွန်လူကောင်းသီချင်းလေး ဆိုညည်းချင်ရင်တောင် ဘေးဘီကို အရင်ကြည့်ရသေးတယ်။ လူမသမာတွေ ကြားသွားမှာစိုးလို့။

ဆရာမြို့မငြိမ်းတို့ ခေတ်ရှေ့ပြေးတယ်ဆိုတာ ယုံလိုက်တော့။ လွန်ခဲ့တဲ့ ရာစုဝက်လောက်က စပ်ဆိုခဲ့တဲ့သီချင်း။ အခုအချိန်ထိ ခေတ်နဲ့ အံဝင်ဂွင်ကျရှိတုန်း။

လျှပ်စစ်ဓါတ်အားတွေ။ မြေပေါ်မြေအောက် သယံဇာတတွေ၊ သစ်ပင်တွေ၊ မြေတွင်းဓါတ်တွေ၊ သဘာဝဓါတ်ငွေ့တွေ ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်လွန်းလို့ ပြောင်တလင်းခါတော့မယ်… ဆရာ။

ဒါပေမယ့် “ကမ္ဘာမကြေ” အစချီတဲ့ နိုင်ငံတော်သီချင်းကတော့ နည်းနည်းလေး အနုစိတ်ဖို့ လိုသွားတယ်ထင်တယ်။ “ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ။ ဒါဒို့ပြေ၊ ဒါဒို့မြေ၊ ဒို့ပိုင်တဲ့မြေ၊ ဒို့ပြေ၊ ဒို့မြေ”။ သီချင်းထဲမှာ “ဒို့ရေ၊ ဒို့မြစ်၊ ဒို့လျှပ်စစ်၊ ဒို့သဘာဝဓါတ်ငွေ့” လို့ အသေးစိတ် ထည့်မစပ်ခဲ့တော့လည်း တိုင်းပြည်ကို အသက်ပေးပြီး ကာကွယ်ပါမယ်လို့ သစ္စာဆိုထားသူတွေကိုယ်တိုင်က…. ပြည်တွင်းမှာ သုံးမကုန်အောင် ပိုလျှံနေလို့ပါ ဆိုပြီး ရောင်းစားခံရတော့တာပေါ့။ ( ပြောလိုက်သေးတယ်။ ဒီနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ပတ်သက်လို့ ငါ့ထက်သိတဲ့လူတော့ မရှိတော့ဘူး....ဆိုပဲ။ ဗုဒ္ဓလက်ထက်ကဆို ရေအားလျှပ်စစ်နဲ့ ဧတဒဂ်ရမယ်ထင်တယ်။)

တကယ်စဉ်းစားကြည့်တော့ မြန်မာနိုင်ငံသားတွေရဲ့ဘဝ သနားဖို့တော့ကောင်းတယ်။ ကိုယ့်ပြေ၊ ကိုယ့်မြေပေါ်မှာနေရင်း လယ်သူရင်းငှားဘဝမျိုးရောက်နေရတာကလား။ ကိုယ့်မြေကထွက်တဲ့ သယံဇာတတွေ၊ အကျိုးအမြတ်တွေမှန်သမျှ ကိုယ်မခံစားရဘဲ တိုင်းတပါးက လာပြီး ခြစ်ခြုတ်ယူနေတာကို ခံရတယ်။ ဆရာဇော်ဂျီရဲ့ ကဗျာလေးလိုပေါ့။

“တို့ ရွာတို့ မြေ၊ တို့ ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။ ဆိုတဲ့ အတိုင်းဖြစ်နေပါတယ်။

ဒါတွေအားလုံးဟာ ဘာကြောင့်ဖြစ်ရသလဲ။ တရားခံကဘယ်သူလဲ။ အကြောင်းရင်းကို ဉာဏ်မီသလောက်စဉ်းစားကြည့်လိုက်တော့ ကိုဇာဂနာကြီး ပြောခဲ့ဖူးတာကို ပြေးသတိရမိတယ်။

အခုက ရန်သူမျိုးငါးပါးမဟုတ်တော့ဘူး။ ရန်သူမျိုး သုံးပါးဖြစ်သွားပြီဆိုတဲ့အကြောင်း။ (ရေနဲ့မီးကလွဲလို့ ကျန်တဲ့သုံးပါးကို တပါးတည်းပေါင်းပြီး တွက်လို့ရသွားပြီဆိုတဲ့သဘော)
Read more

ကိုယ်ဝန်မဆောင်ဘဲ မီးဖွားလိုသော မိခင်များအတွက်

လွတ်လပ်မှုကို လိုလားသည်ဆိုလျက် လူထုလှုပ်ရှားမှုများကို သေးသိမ်အောင် ပြောကြားသူများသည်...
မထွန်ယက်မစိုက်ပျိုးဘဲ ရိတ်သိမ်းလိုသူများ၊ မိုးချုန်းသံနှင့် လျှပ်လက်ခြင်းများမပါဘဲ မိုးရွာခြင်းကိုတောင့်တသူများ၊ လှိုင်းပုတ်သံများ မပါသည့် သမုဒ္ဒရာကို အလိုရှိသူများသာ ဖြစ်ကြကုန်၏။ စိတ်ဓါတ်ပိုင်းဆိုင်ရာ အရဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ နှစ်မျိုးလုံးအရဖြစ်စေ လှုပ်ရှားမှု တိုက်ပွဲကတော့ ရှိကိုရှိရမည်။ ပြင်းပြင်းထန်ထန် တောင်းဆိုမှုမရှိက အာဏာရှင်တို့မည်သည် စိုးစဉ်းမျှ လိုက်လျောလေ့မရှိ။ ယခင်ကလည်း မရှိခဲ့။ နောင်လည်း ရှိလိမ့်မည် မဟုတ်။
-Frederick Douglasd-

"Those who profess to favor freedom and yet depreciate agitation…want crops without plowing up the ground, they want rain without thunder and lightening. They want the ocean without the awful roar of its many waters…. This struggle may be a moral one, or it may be a physical one, and it may be both moral and physical, but it must be a struggle. Power concedes nothing without a demand. It never did and it never will."

Frederick Douglass, 1857
Read more

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများကို သုံးသပ်ခြင်း (၂)

ဒီတပို့စ်အတွက်တော့ အာရ်အက်ဖ်အေ အသံလွှင့်ဌာနက ဇူလိုင်လ ၂၂ ရက်နေ့က ထုတ်လွှင့်သွားခဲ့တဲ့ “လူထုနှင့်ဒေါ်အောင်ဆန်းစုကြည်” အမေးအဖြေကဏ္ဍတ က အမေးအဖြေ တခုကို ရွေးထုတ် တင်ပြချင်ပါတယ်။

မေးသူ ။ ။ ဦးတင်မောင်ဝင်း (စင်္ကာပူနိုင်ငံ)
မေးခွန်း ။ ။ ဒေါ်စု ခင်ဗျာ့။ ကျနော်ကတော့ တင်မောင်ဝင်းပါ။ ကျနော် အခုတွေ့နေရတာက ဒီဦးသိန်းစိန်ရဲ့ အစိုးရကို အခုရက်ပေါင်း ၁၀၀ ရှိတဲ့အခါမှာ မကျေမနပ်နဲ့ ပြောဆိုဝေဖန်မှုတွေကို တွေ့နေရပါတယ်။ သူတို့ကို နည်းနည်းလေးများ အချိန်ပေးပြီးတော့စောင့်ကြည့်ပြီးတော့မှ ဝေဖန်မှုတွေပြုလုပ်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ သင့်တော်မလားလို့ ကျနော့်အနေနဲ့ ထင်မြင်မိပါတယ်။ ဒေါ်စုအနေနဲ့ ဘယ်လိုများထင်ပါသလဲခင်ဗျာ့။ နောက်တခု ကတော့ ကျနော်တို့ ဒီပြည်ထဲရေးဝန်ကြီးဌာန ကနေပြီးတော့လည်း ဒီ NLD ရဲ့ ပါတီရပ်တည်မှုနဲ့ပတ်သက်ပြီး တော့ အမိန့်ကြော်ငြာစာတွေဘာတွေ ထုတ်နေတာကို တွေ့နေရပါ တယ်။ နောက်တခါ ဒေါ်စုအနေနဲ့ကလည်း လွတ်မြောက်လာပြီးတဲ့အခါမှာဆိုလို့ရှိရင် NLD ရဲ့ စည်းရုံးရေးအင်အား၊ နောက် နိုင်ငံတကာကနေပြီးတော့ NLD အပေါ်မှာထားရှိတဲ့သဘောထားတွေက အင်မတန်မှကို တိုးတက်ကောင်းမွန်လာတာကို မြင်တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်စုအနေနဲ့ ခရီးထွက်ခဲ့တယ်ဆိုလို့ရှိရင် အစိုးရနဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီးတော့ အခုလို တိုးတက်မှုတွေ ရရှိနေတဲ့အခြေအနေတွေများ ဆုံးရှုံးနေမလားလို့ ကျနော်တို့ယူဆမိပါတယ်။ ဒေါ်စုအနေနဲ့ ဘယ် လိုများ သဘောထားပါသလဲခင်ဗျာ့။

အဖြေ ။ ။ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်တယ်ဆိုရင် ဘယ်အစိုးရမဆို အချိန်ပြည့်အဝေဖန်ခံဖို့ အဆင် သင့် ဖြစ်ရမှာပါ။ ရက် ၁၀၀ ပဲဖြစ်ဖြစ်၊ ၁၀ ရက်ပဲဖြစ်ဖြစ်၊ ရက် ၁၀၀၀ ပဲဖြစ်ဖြစ် ပြည်တွင်းပြည်ပ ဝေဖန်ချက် တွေကို ရင်ဆိုင်ရမှာ ဒီမိုကရေစီရဲ့သဘောတရားပါပဲ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အများရဲ့ဝေဖန်သုံးသပ် ပိုင်ခွင့်ကို လက်ခံရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း မိမိကိုယ်ကို ခုခံပြောဆိုပိုင်ခွင့်တွေက ရှိပြီးသားမဟုတ် လား။ ကျမအနေနဲ့ နိုင်ငံရေးအလုပ်သဘောတရားအရ သင့်တင့် သလို ခရီးထွက်တာဟာ တာဝန်တခုဖြစ်သလို၊ လုပ်ပိုင်ခွင့်တခုလည်းဖြစ်တယ်လို့ ထင်ပါတယ်။ ဘယ်သူနဲ့မှ ထိပ်တိုက်ရင်ဆိုင်ချင်လို့လုပ်တာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ကိုကိုကို တွေ့ဆုံးပြီး ညှိနှိုင်းဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

-------------------------------

ဒီမေးခွန်းမှာ ဖြေကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေကိုတော့ ကျနော့်အနေနဲ့ သဘောတူညီမှုရှိပါတယ်။ ကျနော့်အမြင်အရ နည်းနည်းတောင် ထပ်မံဖြည့်စွက်လိုပါသေးတယ်။ ဒီမိုကရေစီစနစ်ကို တည်ဆောက်ချင်တယ်ဆိုရင် ဘယ်အစိုးရမဆို အချိန်ပြည့် အဝေဖန်ခံဖို့ အဆင့်သင့်ဖြစ်ဖို့ လိုသလို နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်တယောက်အနေနဲ့လည်း လက်ရှိအစိုးရရဲ့ မူဝါဒတွေနှင့် လုပ်ရပ်များကိုလည်း ပြည်သူအများသိသာစေရန် ဖော်ထုတ်ဝေဖန်ပြောကြားရမယ့် တာဝန်ဝတ္တရားရှိပါတယ်။

သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်တယောက် ဒီတခါနေအိမ်အကျယ်ချုပ်က ထွက်လာတဲ့အချိန်မှာ စစ်အစိုးရရဲ့ လုပ်ရပ်များကို ဝေဖန်တယ်ဆိုတာ မကြားရသလောက် နည်းပါးသွားပါပြီ။ (မေးခွန်းမေးသူ ဦးတင်မောင်ဝင်းရဲ့ အကြံပြုချက်ကို လက်ခံသွားလေသလားတော့မသိ။) သူမအနေနဲ့ လူသိရှင်ကြားထုတ်ပြန်သမျှဟာလည်း အိတ်ဖွင့်ပေးစာ၊ ပန်ကြားလွှာ၊ တိုက်တွန်းချက် အဆင့်မျှသာ ကျန်တော့တာကို သတိပြုမိပါတယ်။ ဒါဟာ လက်ရှိအစိုးရလုပ်သမျှမှာ ဝေဖန်စရာမရှိတော့လောက်အောင် အဖက်ဖက်က ကောင်းမွန်တိုးတက်နေတာကြောင့် မဝေဖန်တော့တာလို့ ထင်နိုင်စရာအကြောင်းတော့ လုံးဝမရှိပါဘူး။ ဒီကနေ့ဖြစ်ပေါ်နေတဲ့ ပြဿနာအရပ်ရပ်နဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်မှာ၊ ဂျာနယ်များပေါ်မှာ နာမည်ရင်းနဲ့ ရေးသားနေတဲ့ နိုင်ငံရေးသမားမဟုတ်တဲ့ ပြည်တွင်းက (ဆရာဝန်၊ သတင်းသမား၊ ဇာတ်ညွှန်းရေးသူ၊ ကဗျာရေးသူ၊ စာရေးဆရာ) စတဲ့ကလောင်ရှင်များရဲ့ ဝေဖန်ချက်များကတောင် အတော်လေးပိုမိုပြင်းထန်ပြီး ချက်ကျလက်ကျရှိလှတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအစိုးရအပေါ် ဝေဖန်မှုတွေကို မတွေ့ရတာ ကြာခဲ့ပါပြီ။ ဘယ်လိုနှောင်ကြိုးမျိုးက သူမကို တုပ်နှောင်ထားတဲ့အတွက် ယခုလို ပွင်ပွင့်လင်းလင်း ဝေဖန်ရန် ဝန်လေးနေသလဲဆိုတာကို ကာယကံရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သာလျှင် သိနိုင်မှာပါ။ ကျနော်တို့အနေနဲ့ကတော့ မှန်းဆစိတ်ကူးကြည့်ရုံသာ တတ်နိုင်ပါတယ်။

တခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအစိုးရတို့ရဲ့ “မတူတာတွေဖယ်ထား၊ တူတာတွေ ပေါင်းလုပ်ကြမယ်” ဆိုတဲ့ အချက်ကလည်း စဉ်းစားစရာပါ။ အတိုက်အခံနိုင်ငံရေးပါတီနဲ့ အာဏာရအစိုးရတစ်ရပ်အကြား တိုးတက်မှုတစုံတရာရရှိရေးအတွက် တူတာတွေ ပေါင်းလုပ်ကြမယ်ဆိုတာကတော့ ယေဘုယျ လက်ခံနိုင်ဖွယ်ရှိပါတယ်။ သို့သော် မတူတာတွေ ဘေးဖယ်ထားဆိုတဲ့ မူအရ ပြည်သူလူထုအကျိုးစီးပွားအတွက် ပြောသင့်ပြောထိုက်တာတွေ၊ ဝေဖန်သင့်ဝေဖန်ထိုက်တာတွေကိုတောင် ဘာမှ ထုတ်ဖော်မပြောတော့ဘဲ ရေငုံနှုတ်ပိတ်ပြီး မျိုချနေရမယ်ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီစနစ်ကို သွားနေတာမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်စရာပါ။ ဒေါ်အောင်ဆန်းစုကြည်အတိတ်က ရေးခဲ့တဲ့၊ ပြောခဲ့တဲ့ သဘောတရားတွေနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် (ကမ္ဘာဒီမိုကရေစီနေ့ အခမ်းအနားမှာ) ပြောကြားသွားတဲ့ “မြန်မာနိုင်ငံဟာ ပြောင်းလဲနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီ” ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ပါ။ ဒီစကားဟာ ဒီအချိန်မှာ ပြောဖို့ အင်မတန်စောလွန်းသေးတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအစိုးရဟာ (အရင်က စစ်အစိုးရ၊ ယခု အရပ်ဝတ်အစိုးရ)ဟာ သူတို့ရဲ့ ကတိစကားတွေကို အကြိမ်ကြိမ် မျက်နှာပြောင်ပြောင်နဲ့ ချိုးဖောက်လေ့ရှိတဲ့ အစိုးရ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။

ပြန်စဉ်းစားကြည့်ရင် ၂၀၀၂ခုနှစ်၊ မေလက ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာခဲ့တဲ့နောက်ပိုင်းမှာ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးပွဲတွေ ဖြစ်မြောက်ခဲ့ပြီး ယုံကြည်မှုတည်ဆောက်ဆဲကာလတွေကို ကြုံတွေ့ခဲ့ဖူးပါတယ်။ ဝီကီပီဒီယားက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ စာမျက်နှာမှာ Aung San Suu Kyi proclaimed "a new dawn for the country". “တိုင်းပြည်အတွက် အရုဏ်သစ်ကျင်းပါပြီ” ဆိုတဲ့ စကားကို အဲဒီ ၂၀၀၂ ကာလများဆီက လည်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့် အဲသည်ဆွေးနွေးပွဲပျက်ပြီးတဲ့နောက် ဒီပဲယင်းအရေးအခင်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်သာ ပြန်ကျခံခဲ့ပေမယ့် အဲဒီတုန်းက ဘာတွေဆွေးနွေးခဲ့သလဲဆိုတာ ပြည်သူများအနေနဲ့ ယခုအချိန်အထိ ရေရေရာရာ သိရှိခွင့်မရခဲ့ပါဘူး။

တဖက်မှာလည်း မြန်မာစစ်အစိုးရအနေနဲ့ အမှန်တကယ်ပြုပြင်ပြောင်းလဲလိုတဲ့ အရိပ်အယောင်တွေကို အကောင်အထည်အဖြစ် သိသာထင်ရှားစွာ ဖော်ဆောင်ပြခြင်း မရှိသေးတာကို တွေ့ရပါတယ်။ အီလက်ထရွန်းနစ်ဥပဒေဆိုတာနဲ့ ထောင်ဒဏ်နှစ်ရှည်တွေ ချဆဲ။ လယ်သမားတွေရဲ့ လယ်တွေ၊ ရာဘာခြံတွေကို မတရားသိမ်းယူနေဆဲ။ တိုင်းရင်းသားတွေကို ထိုးစစ်ဆင်နွှဲဆဲ။ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ထောင်ချထားဆဲ။ စာပေစိစစ်ရေးနဲ့ သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားဆဲ။

ဒီလိုအခြေအနေတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “ပြောင်းလဲနိုင်တဲ့အခြေအနေကို ရောက်နေပြီ” ဆိုတဲ့အပေါ် ကျနော့်အနေနဲ့တော့ ယုံကြည်ရန် အင်မတန်ခဲယဉ်းနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီအီးစီ အဖွဲ့ဝင် ဦးဝင်းတင်ကတောင် “မယုံကြည်နိုင်တဲ့သူတွေထဲမှာ ကျနော်တို့တောင်ပါမလားမသိဘူး” ဆိုတဲ့သဘောမျိုး တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောသွားပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ခြေစုံပစ်ပြီး ယုံလိုက်သူ လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ၂၃ နှစ်လုံးလုံး ဒုက္ခအဝဝကို ခါးစည်းခံခဲ့ကြရပြီး မျှော်လင့်ချက်တွေဆိုတာမျိုးကို အိပ်မက်ထဲမှာတောင် မထားဝံ့ကြသူတွေအဖို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ပြောလိုက်တဲ့ “ပြောင်းလဲနိုင်တဲ့ အခြေအနေ”ဆိုတာ ရေနစ်နေသူတွေအတွက် လှမ်းဆွဲလိုက်စရာ ကောက်ရိုးလေးတမျှင်လို၊ ပိန်းပိတ်အောင်မှောင်နေတဲ့ ဒုက္ခအမှောင်ထုကြီးထဲကို လက်ကနဲ ကျရောက်လာတဲ့ အလင်းရောင်တန်းကလေးလို အင်မတန်မှ စုံမှိတ်ပြီး အားပြုလိုက်ချင်အောင် ဆွဲဆောင်မှုရှိလှတာကို ကျနော့်အနေနဲ့ နားလည်ခံစားကြည့်လို့ ရပါတယ်။

ကျနော့်အနေနဲ့ကတော့ ယုံချင်ပေမယ့်လည်း မယုံရဲဘူးလို့ဘဲ ပြောချင်ပါတယ်။ “Those who do not remember the past are condemned to repeat it” ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။ မြန်မာလိုတော့ “အတိတ်ကို မမှတ်မိတော့တဲ့သူတွေဟာ အတိတ်က အမှားတွေကို ထပ်လုပ်မိဖို့ ကျိန်စာသင့်ခံနေရသူများသာဖြစ်တယ်” ဆိုတဲ့သဘော။ အခုလည်း အဖြစ်အပျက်တွေက လွန်ခဲ့တဲ့ ကိုးနှစ်လောက်ကလိုပဲ ဆင်ဆင်တူနေတာမို့ သမိုင်းဘီးတပတ်လည်ပြန်လည်လာတယ်လို့များ ဆိုရမလားမသိ။ ဘာပဲဖြစ်ဖြစ် သမိုင်းဘီးတပတ်လည်တယ်ဆိုလို့ ကျနော်နှစ်သက်တဲ့ ABBA အဖွဲ့ရဲ့ Waterloo ဆိုတဲ့ သီချင်းလက်ဆောင်လေးနဲ့ပဲ ဒီပို့စ်ကို နိဂုံးချုပ်လိုက်ပါတယ်။



"Waterloo"

My my, at waterloo napoleon did surrender
Oh yeah, and I have met my destiny in quite a similar way
The history book on the shelf
Is always repeating itself

Waterloo - I was defeated, you won the war
Waterloo - promise to love you for ever more
Waterloo - couldn’t escape if I wanted to
Waterloo - knowing my fate is to be with you
Waterloo - finally facing my waterloo

My my, I tried to hold you back but you were stronger
Oh yeah, and now it seems my only chance is giving up the fight
And how could I ever refuse
I feel like I win when I lose

Waterloo - I was defeated, you won the war
Waterloo - promise to love you for ever more
Waterloo - couldn’t escape if I wanted to
Waterloo - knowing my fate is to be with you

And how could I ever refuse
I feel like I win when I lose

Waterloo - I was defeated, you won the war
Waterloo - promise to love you for ever more
Waterloo - couldn’t escape if I wanted to
Waterloo - knowing my fate is to be with you
Waterloo - finally facing my waterloo

Read more

မြက်နှုတ်သူများနှင့် တဘဝတာ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်လောက်က အသက် ၄၂ အရွယ်ရှိပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် မြန်မာပြည်ကို ပြန်လာခိုက် ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ ကြုံကြိုက်ပြီး မြန်မာ့နိုင်ငံရေးနယ်ပယ်ထဲကို စတင်ဝင်ရောက်လာပါတယ်။

အဲဒီအချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ဆိုတဲ့ စစ်အစိုးရမှာ ပါဝင်တဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ (ဒေါ်အောင်ဆန်းစုကြည်ကို စောင်းပါးရိပ်ခြည် ပြောတတ်တဲ့) လက်သုံးစကားက “နိုင်ငံအတွက် မြက်ကလေး တပင်တောင် နှုတ်မပေးခဲ့ဘူးတဲ့သူက နိုင်ငံရေးမှာ ပါဝင်ပတ်သက်ချင်လို့ ရမလား” ဆိုတဲ့ စကားမျိုးတွေ ပါပဲ။ ဒီစကားမျိုးကို ဗိုလ်ချုပ်ကြီးတွေ သုံးစွဲတာ အံ့သြစရာတော့ မရှိလှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်ကြီးတွေအပါအဝင် အရာရှိအရာခံ အကြပ်စစ်သည် အချို့ဟာ နိုင်ငံကို သူတို့သာ အချစ်ဆုံး။ သူတို့သာ အပေးဆပ်ဆုံးလူတွေလို့ ယူဆထားကြသူတွေ ဖြစ်နေလို့ပါ။ လမ်းဘေးက ကြွေးကြော်သံဆိုင်းပုဒ်ကြီးတွေကို ကြည့်လိုက်ပါ။ ရေဒီယို၊ တီဗီတွေမှာ နားထောင်ကြည့်လိုက်ပါ။ “အသက်သွေးချွေး၊ စဉ်မနှေး၊ ပေးဆက်သည်မှာ တပ်မတော်ပါ” ဆိုတဲ့ ဆောင်ပုဒ်က သူတို့ရဲ့ ခံယူချက်ကို အထင်းသားဖော်ပြနေပါတယ်။


မြန်မာ့အသံ စစ်သည်တို့လိုရာ ကဏ္ဍမှာ မကြာခဏထုတ်လွှင့်တတ်တဲ့ ရီရီခင်ရဲ့ သီချင်းတပုဒ်ရှိပါတယ်။ သီချင်းအဓိပ္ပါယ်က… ဟိုးပင်ယံအမြင့်မှာ ငွားငွားစွင့်စွင့်၊ ကြွားကြွားဝင့်ဝင့် ပွင့်နေပြီး လေယူရာ မွှေးရနဲ့တွေဆင်နေတဲ့ လျှမ်းတင့်တဲ့ ပန်းပွင့်ငွေသဇင်တခက် ရှိတယ်ပေါ့။ အဲဒီ ငွေသဇင်ကို…. တံချူရှင် တဦးဦးက ဓနဂုဏ်၊ အလှဂုဏ်၊ ပညာဂုဏ်ကြွယ်တယ်ဆိုပြီး လာချူခဲ့ရင် ကိုယ့်လူတို့ရေ…. ရလိမ့်မယ်လို့ မထင်နဲ့…. လွမ်းလျက်သာစော မောတာသာ အဖတ်တင်သွားမယ်ဆိုတဲ့သဘော ရေးစပ်ထားတယ်။ ဒါပေမယ့် သီချင်းအဆုံးမှာတော့ အဲဒီငွေသဇင်က…

"ဗမာ့သားကောင်းသာဖြစ်ပစေ….ဗမာ့သားကောင်းသာ ဖြစ်ပစေ…..တံချူတွေတောင် ဆောင်ဖို့မလိုပါရှင်…. ဆီးကြိုလှည့်…. ဆင့်ကာ ဝင့်ကာ… ကြွေကျလာမယ်ရှင်"….တဲ့။ ဗမာ့သားကောင်းဇာနည် စစ်သားကြီးသာဖြစ်လို့ကတော့ ငွေသဇင်က ပင်မြင့်ထက်ကနေ အော်တိုမက်တစ် ကြွေကျလာပေးမယ် ဆိုတဲ့ သဘောပေါ့။

ဒီသီချင်းကို စစ်ဗိုလ်စစ်သားတွေ အတော်ကြိုက်ပုံရတယ်။ ဗမာ့သားကောင်းတို့၊ သားကောင်းဇာနည်ဆိုတဲ့ ဝေါဟာရတွေကို သူတို့ မောင်ပိုင်စီးထားတာကိုး။ ဒီတော့လည်း ဒီသီချင်းကို စစ်အစိုးရ တက်လာကာစ အချိန်က ရေဒီယိုနဲ့ တီဗီမှာ မကြားချင် မမြင်ချင်အဆုံး။

အေးလေ…. သူတို့မပြောနဲ့။ ငယ်ငယ်က စစ်ဗိုလ်စစ်သားတွေကိုမှ သူရဲကောင်းထင်မိတဲ့ ကျနော်တောင် တိုင်းပြည်အတွက် ပေးဆပ်ချင်လွန်းလို့ ဆယ်တန်းအောင်ရင် စစ်တက္ကသိုလ်တက်မယ်လို့ ရည်ရွယ်ချက်ကြီး ထားခဲ့ဘူးပါတယ်။ ငယ်ငယ်ကဆိုရင် ရွာမှာ အလှူခံ အသံချဲ့စက်က ဖွင့်တဲ့ “စစ်သားကြီးလုပ်မယ်၊ တိုင်းပြည်အန္တရာယ် ရန်စွယ်များကို၊ တွန်းလှန်ဖြိုဖျက် တွန်းလှန်ဖြိုဖျက်မယ်” ဆိုတဲ့ သီချင်းများလာရင် လိုက်ဆိုရတာ အမောပါပဲ။

ဒါတွေဟာ ဒီကနေ့ အတွေးအမြင်၊ အယူအဆနဲ့ ကြည့်လိုက်ရင် ရယ်စရာကြီးပါ။ စစ်တပ်ထဲဝင်မှ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တယ်ဆိုတဲ့ အတွေးအခေါ်ဟာလည်း အင်မတန် တိမ်တဲ့အတွေးအခေါ် အယူအဆ ဆိုတာကို အရွယ်ရောက်သူလူတိုင်းက နားလည်သဘောပေါက်နေကြပါပြီ။ အထူးသဖြင့် စစ်အစိုးရအဆက်ဆက် ဗိုလ်ချုပ်ကြီးတွေ နဲ့ သူတို့ရဲ့ အပေါင်းပါတွေ အကျင့်ပျက်ပြီး တိုင်းပြည်ကို လက်ညှိုးထိုး ရောင်းစား ဖျက်ဆီးနေတာ မြင်ရတဲ့အခါ သူတို့ရဲ့ လုပ်ရပ်ကို ပိုလို့တောင် အော့နှလုံးနာနေကြပါသေးတယ်။

ဒီလိုနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးဆုံးလို့ နှစ်ပေါင်း ၂၃ လောက်ကြာလာခဲ့တဲ့အချိန်မှာ စောစောက ဗိုလ်ချုပ်ကြီးတွေရဲ့ လက်သုံးစကားဖြစ်တဲ့ “တိုင်းပြည်အတွက် မြက်ကလေး တပင်တောင် နှုတ်ပေးဘူးလို့လား” ဆိုတဲ့ အဓိပ္ပါယ်မျိုး ထွက်တဲ့ စကားတွေကို မထင်မှတ်တဲ့ နေရာက ကြားလာရပြန်ပါတယ်။

ဒီတခါ မေးကြတာက စစ်အစိုးရကို ဆန့်ကျင်သူ အတိုက်အခံတော်လှန်ရေးသမားလို့ အမည်ခံထားကြသူ လူတွေထဲက မနူးမနပ်တွေက မေးကြတာပါဗျား။ (မနူးမနပ်လို့ ရေးရတာက ရင့်ကျက်တဲ့သူတွေကတော့ ဘယ်တုန်းကမှ အဲသည်လို မပြောကြလို့ပါ။) အတိုက်အခံတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ဝေဖန်မိရင်၊ သူတို့လေးစားတဲ့ ခေါင်းဆောင်တယောက်ရဲ့ လုပ်ရပ်ကို ဝေဖန်မိရင်၊ သူတို့နဲ့ သဘောအမြင်မတူညီတာကို ထုတ်ဖော်ပြောဆိုမိရင် “မင်းက နိုင်ငံအတွက် ဘယ်လောက်ပေးဆပ်ခဲ့လို့လဲ၊ မင်းဘယ်လောက် ပေးဆပ်ခဲ့လို့ ဝင်ပြောရတာလဲ” ဆိုတဲ့ စကားမျိုးတွေ၊ ဘလော့ဂ်ကွန်မင့်တွေ မကြာခဏ ကြားရ ဖတ်ရတတ်ပါတယ်။

အဓိပ္ပါယ်က တိုင်းပြည်အတွက် တစုံတရာ မပေးဆပ်ခဲ့ရင် ဝင်ပြောပိုင်ခွင့်မရှိဘူး၊ အသာ ပါးစပ်ပိတ်ထား။ ပေးဆပ်ခဲ့သူကသာ ပိုမိုပြောဆိုပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောလေလားတော့ မသိဘူး။ ဒီလိုသဘောနဲ့ ပြောတာသာ မှန်ခဲ့ရင် အဲဒီ အယူအဆဟာ အင်မတန် ချွတ်ချော်မှားယွင်း တိမ်းစောင်းနေတဲ့ အယူအဆလို့ မြင်မိပါတယ်။

လူတစ်ယောက်ဟာ အနှစ်လေးဆယ်လောက် ခေါင်းမြီးခြုံအိပ်ပျော်နေခဲ့စေဦးတော့…. (ဒေါ်အောင်ဆန်းစုကြည်တောင် ၄၂ နှစ် အရွယ်ရောက်မှ နိုင်ငံရေးထဲ စပြီး ပါဝင်ပတ်သက်ခဲ့တာကို သတိပြုပါ။) သူတရေးလန့်နိုးလာတဲ့အချိန်မှာ သူတိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေကို သူမြင်တဲ့အလျောက် သူ့အယူအဆကို နိုင်ငံသားတစ်ယောက်အနေနဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိပါတယ်။ အဲဒါဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းမှာ ပါဝင်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်ပါပဲ။

သူပြောတာ မှားချင်မှားမယ်။ မှန်ချင်မှန်မယ်။ သူပြောတာမှားရင် သူ့ကို ပြန်ပြီး ဝေဖန်လို့ရတယ်။ ဒါပေမယ့် သူ့ရဲ့ ပြောဆိုပိုင်ခွင့်ကို ပိတ်ပင်လို့ မရသလို သူ့မှာ မပေးဆပ်ခဲ့လို့ ပြောဆိုပိုင်ခွင့်မရှိဘူးဆိုတာ လုံးလုံး မဟုတ်ပါဘူး။ လူတိုင်းမှာ တန်းတူရည်တူ ပြောဆိုပိုင်ခွင့်ရှိပါတယ်။ ဒါကို လူ့အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေကြသူတွေက ပိုလို့တောင် သဘောပေါက်သင့်ပါသေးတယ်။

လွတ်လပ်တဲ့နိုင်ငံတွေ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို အသားကျနေတဲ့ နိုင်ငံတွေမှာ ဒီလိုမေးခွန်းမျိုးကို ဘယ်သူမှ မမေးကြတော့ပါဘူး။ လူထုက တင်မြှောက်တဲ့ ခေါင်းဆောင်ကိုလည်း သာမန်လူကစလို့ Talk Show Host တွေအဆုံး လွတ်လွတ်လပ်လပ် ဝေဖန်နေကြတာဟာ အဆန်းတကြယ်ကိစ္စမဟုတ်တော့ပါဘူး။

နောက်ပြီး “ပေးဆပ်တယ်၊ စွန့်လွှတ်အနစ်နာခံတယ်” ဆိုတဲ့ စကားနဲ့ ပတ်သက်လို့ ပြောစရာတွေရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ “ပေးဆပ်နေရတယ်၊ စွန့်လွှတ်အနစ်နာခံနေရတယ်လို့ မပြောချင်ပါဘူး။ ဒီလမ်းကို သူလျှောက်တာဟာ သူ့ရွေးချယ်မှု” လို့ ဆိုပါတယ်။ သူ့စကားကို ကျနော် လုံးဝသဘောတူပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တခါက ပို့စ်တင်ဖူးပါတယ်။ အခု ဒီအကြောင်းနဲ့ ပတ်သက်လို့ပဲ ကျနော့်အယူအဆကို နည်းနည်း ထပ်ပြောချင်ပါသေးတယ်။

စစ်အစိုးရလက်ထက်မှာ အင်မတန် တင်းကြပ်ဖိနှိပ်တဲ့အလျောက် စစ်အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေးလုပ်ရင်း ထောင်တန်း နှစ်ရှည်လများ ကျသွားကြတဲ့သူတွေ ရှိနေပါတယ်။ သူတို့ရဲ့ မတရားအကျဉ်းကျခံနေရမှုကို ကျနော်စာနာပါတယ်။ စစ်အစိုးရရဲ့ မတရားမှုကိုလည်း ကျနော် ကန့်ကွက်ရှုတ်ချပါတယ်။ ဒါပေမယ့် အဲဒီလို အကျဉ်းကျခံနေရတဲ့သူတယောက် ပြန်လည်လွတ်မြောက်လာတဲ့အခါ အဲဒီလို အကျဉ်းကျခံခဲ့ရတာကို သူ့ရဲ့ ပေးဆပ်မှု တခုသဖွယ် ကျနော့်ကို လာပြောခဲ့ရင် ကျနော် အသိအမှတ် ပြုချင်မှပြုမယ်။ အကျဉ်းကျခံခဲ့ရတာသက်သက်နဲ့တော့ ကျနော့်ရဲ့ ထောက်ခံမှု၊ လေးစားမှုကို အလိုအလျောက် ရမှာမဟုတ်။ သူ့ရဲ့ အယူအဆ၊ ရပ်တည်ချက်၊ ကိုယ်ကျင့်တရား စတာတွေအပေါ်မှာ ကျနော့်စံနှုန်းနဲ့ ကိုက်ညီပါမှ ကျနော့်ရဲ့ လေးစားမှုနဲ့ ထောက်ခံမှုကို ရမှာ ဖြစ်ပါတယ်။

ဒါတွေကို ဘာကြောင့်ရေးရသလဲဆိုရင် အချုပ်ထောင်က ထွက်လာဖူးတဲ့ အချို့သောနိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ရဲ့ ထောင်ထွက်လက်မှတ်ကြီးတွေကို သူတို့ ပေးဆပ်မှုရဲ့ သက်သေသက္ကာယကြီးတခုလို လူတွေ့တာနဲ့ ထုတ် ထုတ် ပြတတ်ကြပါတယ်။ သူများတွေတော့မသိ။ ကျနော့်အနေနဲ့ကတော့ အဲသည်လို ထုတ်ပြလိုက်တာနဲ့တပြိုင်နက် အဲဒီလူအပေါ်မှာ အထင်ကြီးစိတ်ဟာ တဝက်လောက် လျော့ကျသွားပါတယ်။ ပိုဆိုးတာက ကျနော်ကြုံခဲ့ဖူးတဲ့ အဲသည်လို လူမျိုးတွေဟာ ခဏစောင့်ကြည့်လိုက်တာနဲ့ နိုင်ငံရေးသိက္ခာမရှိတဲ့ လုပ်ရပ်တွေ လျှောက်လုပ်တာကို တွေ့မြင်ရတော့တာပါပဲ။ (စင်္ကာပူမှာ နေထိုင်စဉ်အတွင်း သုံးယောက်လောက် လူကိုယ်တိုင်တွေ့ဖူးတယ်။) ဒီလူမျိုးတွေကိုတော့ ထောင်ထဲမှာ အနှစ် ၂၀ နေခဲ့လည်း သူမတရား ထောင်အချခံခဲ့ရတာအတွက် စာနာ၊ ဂရုဏာသက်မိတာ၊ စစ်အစိုးရရဲ့ မတရားမှုကို ရှုတ်ချတာမိကလွဲလို့ ကျနော့်အနေနဲ့ သူ့ကို လေးစားအသိအမှတ်ပြုဖို့၊ ခေါင်းဆောင်တင်မိဖို့ရန် အင်မတန် ခဲယဉ်းပါတယ်။

ဘယ်လိုလူမျိုးကိုမဆို လက်ရှိ အချိန်အတွက်တော့ သူ့ရဲ့ လက်ရှိလုပ်ရပ်ကို ကြည့်ပြီး ကိုယ့်စံနှုန်းနဲ့ ချိန်ထိုးဆုံးဖြတ်ပါတယ်။ ကောင်းတာလုပ်ရင် အဲဒီကောင်းတဲ့လုပ်ရပ်အတွက် ထောက်ခံမယ်။ ကျနော့်စံနဲ့ မကိုက်ညီတာကို တွေ့ရင် မထောက်ခံဘူး။ ဝေဖန်သင့်တယ်ထင်ရင် ဝေဖန်မယ်။

လူတယောက်ကို တခါ ထောက်ခံဘူးတာနဲ့ ရာသက်ပန် ဘာလုပ်လုပ် ထောက်ခံသွားမှာ မဟုတ်သလို၊ တခါ ဆန့်ကျင်ဖူးတာနဲ့ တသက်လုံး ဘာလုပ်လုပ် ဆန့်ကျင်သွားမှာ မဟုတ်ပါဘူး။ ဥပမာ… မိုးသီးဇွန်ကိုဆိုရင် ကျနော်မထောက်ခံတဲ့ အပိုင်းတွေရှိတယ်။ ဒါပေမယ့် သူလုပ်သမျှကို လိုက် ဆန့်ကျင်နေတာမဟုတ်ဘူး။ မိုးသီးဇွန်ရေးထားတဲ့ “နာခံမှုကို ဆန်းစစ်ခြင်း” ဆိုတဲ့ စာအုပ်ကို ကျနော်အင်မတန်နှစ်ခြိုက်တဲ့အတွက် ဘလော့ဂ်ဘေးမှာတောင် လင့်ခ်တင်ထားပေးပါသေးတယ်။ အလားတူ ထွန်းအောင်ကျော်ရဲ့ ဆောင်းပါးကို ကြိုက်နှစ်သက်လို့ ဘလော့ဂ်မှာ ဖော်ပြပေးလိုက်ပေမယ့် ထွန်းအောင်ကျော် လုပ်သမျှကို အကုန်လိုက်ထောက်ခံနေမှာ မဟုတ်ပါဘူး။

သတိရလို့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည် တခါက ပြောခဲ့ဘူးတာလေးရှိတယ်။ “အန်တီတို့က ထာဝရလူဆိုး၊ ထာဝရလူကောင်းဆိုတာကို မယုံကြည်ဘူး။ ပြုပြင်လို့ မရသေးတာပဲ ရှိတယ်” (စကားလုံး အတိအကျတော့ မဟုတ်)။ ဒီစကားကို ကျနော် နှစ်သက်လက်ခံတယ်။

တချို့ လူကောင်းဆိုတဲ့လူတွေတောင် တဒင်္ဂ အခိုက်အတန့်လေးမှာ စိတ်မထိန်းနိုင်တဲ့အတွက် လူသတ်မှုလို ကြီးမားတဲ့ ရာဇဝတ်မှုကြီးတွေ ကျူးလွန်မိတတ်တဲ့ ဥပမာတွေ ရှိနေပါတယ်။ အလားတူ တသက်လုံးဆိုးလာတဲ့ လူဆိုးပေမယ့် တခါတလေမှ အင်မတန်ကောင်းတဲ့လုပ်ရပ်ကို လုပ်သွားတဲ့ ဥပမာတွေလည်း ရှိနေပြန်တယ်။

ဒီတော့ လူတယောက်ဟာ လူဆိုးဖြစ်တဲ့အတွက် သူဘာလုပ်လုပ် ဆိုးမှာပဲ၊ အမြဲလူဆိုးလို့ သတ်မှတ်ထားရင် နည်းလမ်းကျမယ်မထင်ဘူး။ ဖြစ်သင့်တာက လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ သူရဲ့ လက်ရှိလုပ်နေတဲ့ လုပ်ရပ်ကို ချီးမွန်းစရာရှိရင် ချီးမွန်းမယ်။ ဝေဖန်စရာရှိရင် ဝေဖန်မယ်။ ရှုတ်ချစရာရှိရင် ရှုတ်ချမယ်။ ဒါဟာ ပုဂ္ဂိုလ်ကိုမကြည့်ဘဲ တရားကို ကြည့်တဲ့သဘော။ ပုဂ္ဂိုလ်ကို မခင်ဘဲ တရားကို မင်တဲ့သဘော။ ဒီလိုမှ မဟုတ်ရင် ပုဂ္ဂိုလ်စွဲနဲ့ ဆုံးဖြတ်တာကြောင့် အဂတိတရားမကင်းဘဲ မှားမှားယွင်းယွင်း ဆုံးဖြတ်မိဖို့ အခွင့်အလမ်း ပိုများတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ်…. ဒီဘဝမှာတော့ “တိုင်းပြည်အတွက် မြက်တပင်နှုတ်ပေးဖူးရဲ့လား”လို့ မေးမြန်းတတ်တဲ့ မြက်နှုတ်သမားများကို ရှောင်လွှဲချင်လို့မရ လူဖြစ်တုန်းအခိုက် ကြုံကြိုက်ရဦးမှာပါပဲ။

ကိုပေါ။
စက်တင်ဘာ ၁၃၊ ၂၀၁၁။
Read more

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများကို သုံးသပ်ခြင်း (၁)

လွတ်လပ်သော အာရှအသံ ရေဒီယို (RFA) တွင် သောကြာနေ့တိုင်း လွှင့်ထုတ်နေကျ ဖြစ်သော လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍတွင် ပါဝင်သော အမေးအဖြေများမှ နည်းနည်းချင်း ထုတ်နှုတ်သုံးသပ်ပြသွားပါမည်။

ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ်မှ စိုင်းအောင်ဘ (မေးခွန်း)။…………….။ အန်တီစုကို ကျနော်မေးခွန်းတခု မေးချင်ပါတယ်။ ဦးသိန်းစိန်နဲ့ တွေ့တဲ့ကိစ္စမှာ ဦးသိန်းစိန်ကိုယ်တိုင် ဖိတ်ကြားတာလား။ NLD က ဗဟို အလုပ်အမှုဆောင်တွေရဲ့ သဘောတူညီချက်ကော ရရဲ့လား။ အဲဒါလေးလည်း သိချင်ပါတယ်။ နောက်တခုက နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲမှာ သုံးရက် ကျင်းပတဲ့အထဲက ဒုတိယနေ့ တရက်ပဲတက်ပြီး နှစ်နာရီပဲ နေခဲ့တဲ့ အနေအထားက ဘယ်လိုကြောင့်ပါလဲ။ အဲဒါလေး သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် (အဖြေ)။………..။ နိုင်ငံတော်သမ္မတကို သွားတွေ့တယ်ဆိုတာ မဖိတ်ဘဲနဲ့ လုပ်လို့ ရတဲ့ကိစ္စမဟုတ်ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ကျေနပ်ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြီးဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို ခဏပဲ တက်တာက ပြန်လာစရာ ကိစ္စ ရှိနေလို့ပါ။

ဤမေးခွန်းကို မေးသူ ဦးစိုင်းအောင်ဘ၏ မေးခွန်းမှာ အပိုင်း သုံးပိုင်း ပါဝင်ပြီး သုံးပိုင်းစလုံး အလွန်တရာ ဆီလျော်၍ မေးမြန်းသင့်သော မေးခွန်းဖြစ်ကြောင်း အောက်ပါအချက်များအရ သုံးသပ်မိပါသည်။

သြဂုတ်လ ၁၉ ရက်နှင့် ၂၀ ရက် တွင် ကျင်းပမည်ဖြစ်သော စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်ရန် ကျင်းပရေးကော်မတီရဲ့ ဖိတ်ကြားချက်ကို ၁၈ ရက်နေ့ကမှ အဖွဲ့ချုပ်က ရရှိကြောင်း အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း၏ ပြောကြားချက်ကို မဇ္ဇျိမ သတင်းတွင် ဖော်ပြထားသည်။ ထိုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်လော၊ မတက်ရောက်မည်လောကို ဦးဉာဏ်ဝင်းမသိသေးကြောင်း ပြောပြထားပါသည်။

တဖန် ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ သွားသည့်အခါ ဆဲဗင်းဒေး သတင်းဂျာနယ်အား ပြောကြားချက်မှာ “အလုပ်ရုံဆွေးနွေးပွဲကို ဦးမြင့်က ဖိတ်လို့ လာပါတယ်” ဟူ၍ ဖြစ်သည်။ သတင်းအပြည့်အစုံကို အောက်တွင် ဖတ်ကြည့်ပါရန်။

-------------------------------------------------------------------------

စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရန် ဦးမြင့် ဖိတ်ကြားခဲ့
မိုးမခအထောက်တော် အမှတ် ၀၀၂
သြဂုတ် ၂၀၊ ၂၀၁၁


နေပြည်တော်တွင် တွေ့ရသည့် ဦးမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-AP)

ဦးသိန်းစိန်အစိုးရက ကြီးမှူးကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ရခြင်းမှာ စီးပွားရေးပညာရှင် ဦးမြင့်က ဖိတ်ကြားသောကြောင့် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောလိုက်သည်ဟု 7Day သတင်းဂျာနယ်၏ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ဦးမြင့်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သိကျွမ်းသူတဦး ဖြစ်သည့်အပြင် သမတဦးသိန်းစိန်၏ စီးပွားရေးဆိုင်ရာ အကြံပေးအရာရှိလည်း ဖြစ်သည်။

နေပြည်တော်တွင် ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က သမ္မတဦးသိန်းစိန်နှင့် ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ယနေ့ နံနက်ပိုင်းကလည်း စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ခေတ္တ တက်ရောက်ခဲ့သည်။

"ဦးသိန်းစိန်နဲ့တွေ့ရတာ ၀မ်းသာပါတယ်။ ကျေနပ်ပါတယ်။ အခု အလုပ်ရုံဆွေးနွေးပွဲကလည်း ဦးမြင့်ဖိတ်လို့ လာခဲ့တာပါ။ ကျေနပ်အားရပါတယ်"ဟု နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်ဟု 7Day ဂျာနယ်သတင်းတွင် တွေ့ရသည်။

-------------------------------------------------------------

အလုပ်ရုံဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်းသည် သမ္မတနှင့် သီးခြားတွေ့ဆုံရန် ဖိတ်ကြားခြင်းမဟုတ်ဟု နားလည်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကလည်း သမ္မတနှင့် တွေ့ဆုံရန်ဖိတ်ကြားသည်ဟု ထုတ်ဖော်ပြောခဲ့ခြင်း မရှိခဲ့ပါ။ ထိုမှတပါးလည်း ဝန်ကြီးဦးကျော်ဆန်း၏ သတင်းထုတ်ပြန်ချက်တရပ်တွင် တွေ့ဆုံဆွေးနွေးမှုများမှာ ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ စီစဉ်ပေးခဲ့ရကြောင်းဟု ဆိုခဲ့ရာ…..


ကိုစိုင်းအောင်ဘ မေးခွန်းပထမပိုင်းမှာ အလွန်တရာ မေးမြန်းသင့်လှသော မေးခွန်းတခုပင်ဖြစ်သည်။ ထိုမေးခွန်းအတွက် ပါတီခေါင်းဆောင်တဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ထံမှ ကျနော်တို့ မျှော်လင့်ထားသော အဖြေမှာ “သမ္မတက ဖိတ်ကြားခြင်း ဟုတ်ပါသည်၊ သို့မဟုတ် မဟုတ်ပါ” ဆိုသည့် ရိုးရှင်းသော အဖြေမျိုးကိုသာ မျှော်လင့်ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် “နိုင်ငံတော်သမ္မတကို သွားတွေ့တယ်ဆိုတာ မဖိတ်ဘဲနဲ့ လုပ်လို့ ရတဲ့ကိစ္စမဟုတ်ပါဘူး။” ဟု ဖြေကြားသွားပါသည်။ သူမ၏ အဖြေမှာ ပါတီခေါင်းဆောင်တဦး၏ အဖြေနှင့်မတူဘဲ ရပ်ကွက်ထဲမှ သာမန်လူတဦးက အငေါ်တူးဖြေကြားသည့်သဖွယ် ဖြစ်နေပါသည်။

အဓိကအနေဖြင့် သူမ၏အဖြေမှာ လုံးဝမှန်ကန် ပြီးပြည့်စုံသည့်အဖြေလည်း မဟုတ်ပါ။ သမ္မတ ဖိတ်ကြားခြင်းမရှိသော်လည်း အရေးကြီးသောလူပုဂ္ဂိုလ်တဦးအနေဖြင့် တွေ့ခွင့်တောင်းပြီး တွေ့နိုင်ပါသေးသည်။ ထို့ပြင် အလုပ်ရုံဆွေးနွေးပွဲတွင် စကားစမြည်နှုတ်ဆက်ပြောကြားရင်းမှ (လေပေးဖြောင့်၍) ရုံးခန်းတွင် သွားရောက် စကားပြောကြခြင်းမျိုးလည်း ဖြစ်နိုင်သေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပထမပိုင်းအား ဒေါ်စုဖြေကြားပုံသည် ပါတီခေါင်းဆောင်တဦးအနေနှင့် ဖြေကြားသင့်သည့် ပုံစံမဟုတ်ဟု သုံးသပ်မိပါသည်။ သတိပြုရန်အချက်မှာ ဤမေးခွန်းများကို ဒေါ်စုသည် လေလှိုင်းပေါ်တွင် အချိန်နှင့် တပြေးတည်း (Live) ဖြေဆိုရသည်မဟုတ်ဘဲ ကြိုတင်ပြင်ဆင်ကာ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။


မေးခွန်း ဒုတိယအပိုင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်သည် မဖြေကြားဘဲ ရှောင်ထွက်သွားသည်ကို တွေ့ရပါသည်။ မေးခွန်းမှာ “NLD က ဗဟို အလုပ်အမှုဆောင်တွေရဲ့ သဘောတူညီချက်ကော ရရဲ့လား။” ဖြစ်သည်။ ဆိုလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံဖို့အရေးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ သဘောတူမတူ မေးမြန်းခြင်းဖြစ်သည်ဟု ယူဆမိပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အဖြေမှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ကျေနပ်ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြီးဖြစ်ပါတယ်။” ဟူ၍ပင် ဖြစ်ပါသည်။

ဤအချက်နှင့်ပတ်သက်၍ မိုးမခတွင် ဖော်ပြခဲ့သော တူမောင်ညို၏ သုံးသပ်ချက်ကို သဘောကျသည့်အလျောက် အောက်တွင် ဖော်ပြအပ်ပါသည်။

---------------------------------------------------
သြဂုတ်လ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ၏ ကြေညာချက်(၁၅/၀၈/၁၁)ကို ဖတ်ရပါ တယ်။ သြဂုတ်လ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD)၏ ကြေညာချက်(၁၄/၀၈/၁၁) ကဲ့သို့ပင် ဖြစ်ပါတယ်။

“ကြေညာချက်”က ထုတ်ဖေါ်လိုသည့် ပထမဆုံးအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ဆောင်ရွက်ခဲ့သည်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က“သဘောတူကြိုဆိုထောက်ခံပါကြောင်း” ဆိုသည့်အချက်ပင်ဖြစ်ပါတယ်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိဆောင်ရွက်ချက်များသည် စိုးရိမ်နေကြသလိုတစ်ကိုယ်တော်ဆောင်ရွက်ချက် မဟုတ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သိရှိပြီး/ တိုင်ပင်ဆောင်ရွက်နေခြင်းဖြစ်တယ် ဟူသော အချက်ကို ပေါ်လွင်စေလိုသည့်ဆန္ဒလည်းရှိပုံရပါတယ်။

တွေ့ဆုံခဲ့သည့်ဖြစ်ရပ်များအပေါ် “ဝမ်းမြောက်အားရမှုနဲ့ ကျေနပ်ဝမ်းသာမှု” ရှိတယ်လို့ ကြေညာချက်က ဖေါ်ပြပါတယ်။

“အဘယ့်ကြောင့်” ယင်းသို့ “ဝမ်းမြောက်အားရမှုနဲ့ ကျေနပ်ဝမ်းသာမှု”များဖြစ်ရတာကို ပါတီဝင်များ၊ မဟာမိတ်များ၊ ပြည်သူ များထံသို့လည်း မျှဝေသင့်သည်မဟုတ်ပါလော။ အသိပေးသင့်သည်မဟုတ်လော။ အစီရင်ခံသင့်သည်မဟုတ်ပါလော။

သို့မှသာ ပါတီဝင်များ၊ မဟာမိတ်များ၊ ပြည်သူများရှင်းလင်းစွာနားလည်သိရှိပြီး တက်တက်ကြွကြွဝန်းရံနိုင်မှာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော “ရွှေဂုံတိုင်ကြေညာစာတမ်း”တွင် ဖေါ်ပြထားတဲ့ “အဖွဲ့ချုပ်၏ ရပ်တည်ချက်များ” မှ အချက် ၃ ခုကိုသာ ကွက်ပြီး အမှတ်တရ ပြန်လည်ဖေါ်ပြရပါလျှင် -

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွှတ်ပေးရေး၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊
(ဃ) ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊
တို့ဖြစ်ပါတယ်။
သို့သော်လည်း NLDပြောခွင့်ရပုဂ္ဂိုလ်များ၏ လက်သုံးစကားမှာ“ အသေးစိတ်အချက်အလက်များ ယခုအချိန်မှာ မပြောနိုင် သေးပါ” တဲ့။ ။
-----------------------------------------------------


ကိုပေါ။
(စက်တင်ဘာ ၁၂၊ ၂၀၁၁ )
Read more

“ပြဿနာအပေါင်းတို့ မြစ်ဖျားခံရာ”


မြစ်ဆုံမှာ ဆည်ဆောက်ရုံမျှနဲ့ ဧရာဝတီမြစ်ကြီး တိမ်ကောနိုင်ပါ့မလား။

ဒီမေးခွန်းက ကျနော့်ခေါင်းထဲမှာ ရောက်နေတဲ့ မေးခွန်းများထဲက တစ်ခုဖြစ်သည်။

လျှပ်စစ်ဓါတ်အားထုတ်ယူရေးအတွက် သတ်မှတ်ထားသော ရေတွန်းအားရရှိစေရန်၊ ရေပမာဏများလာစေရန် ဆည်ဆောက်ပြီး ရေကို ခေတ္တ တန့်သည့် သဘောမျှဖြစ်သည်။ ပြီးလျှင် ထိုရေသည် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တာဘိုင်ဒလက်များကို ဖြတ်သန်းပြီးသည့်အခါ ဧရာဝတီ မြစ်ထဲသို့ပင် ပြန်လည် စီးဝင်မည်။ ထိုမြစ်ရေကို လုံးဝရပ်တန့်သွားအောင် တားရန်မူကား မဖြစ်နိုင်။

နောက်စဉ်းစားရန်တချက်မှာ ဧရာဝတီမြစ်သည် မေခ နှင့် မလိခ မြစ်နှစ်သွယ်တွင် မြစ်ဖျားခံလာခဲ့သည် မှန်သော်လည်း ချင်းတွင်းမြစ်အပါအဝင် မြစ်လက်တက်၊ ချောင်းလက်တက်များစွာ စုဆုံ စီးဝင်လာသည့် မြစ်ကြီးဖြစ်သည်။ ထိုသို့ဆိုလျှင် ဓါတ်အားပေးစက်ရုံအတွက် ဆည်ဆောက်ရုံမျှဖြင့် မြစ်ကောသွားနိုင်ပါမည်လော။ လောပိတ ရေအားလျှပ်စစ်စက်ရုံကြောင့် ဘီလူးချောင်း တိမ်ကောသွားသည်ဟုတော့ မကြားမိ။

ဆည်များတည်ဆောက်ပြီးသည့်အခါ မိုးများပြီး ဆည်ရေမြင့်တက်လာသည့်အချိန်မျိုးတွင်မူ ရေကို ဖောက်ချရသည့် ကိစ္စများရှိနေသည်။ ရေကာတာ အနီးပတ်ဝန်းကျင် အနိမ့်ပိုင်းတွင် တည်ရှိသော လူနေမြို့ရွာများကို ရေလွှမ်းခံရမည့် အန္တရာယ်ကတော့ အမှန်တကယ်ပင်ရှိသည်။

ဤကား မြစ်ဆုံရေကာတာနှင့် ပတ်သက်၍ ကျနော့်ခေါင်းထဲ ပထမဦးဆုံး ဝင်ရောက်လာသော အတွေးများ ဖြစ်ပါသည်။ နောက်ဆက်တွဲ အတွေးများ ရှိပါသေးသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုတရပ် ပြည်တွင်းပြည်ပတွင် ပေါ်ပေါက်လာသည်ကို တွေ့ရပါသည်။ ကျနော်ဖတ်ရှုတွေ့မြင်ရသလောက် ဆန့်ကျင်ကန့်ကွက်ကြသူများသည် (၁) သဘာဝ ဘေးပတ်ဝန်းကျင် ကာကွယ်ရေး ရှုထောင့်မှလည်းကောင်း (၂) ဘိုးဘွားအစဉ်အဆက် အမျိုးသားအမွေအနှစ် မပပျောက်ရေး ရှုထောင့်မှသော်လည်းကောင်း (၃) ရေကာတာ ပတ်ဝန်းကျင် မြို့ရွာများ ရေလွှမ်းခံရမည့် အန္တရာယ်ကို ကာကွယ်ရေး ရှုထောင့်မှသော်လည်းကောင်း ဆန့်ကျင်ကန့်ကွက်ကြသည်ကို တွေ့ရပါသည်။

ကျနော်သည်လည်း ယခု ရေကာတာ ဆောက်လုပ်မည့်အရေးကို ဆန့်ကျင်ကန့်ကွက်လိုသူ တဦးပင် ဖြစ်ပါသည်။ သို့သော် ကျနော်ကန့်ကွက်လိုခြင်းမှာ အထက်ပါ အကြောင်းများကြောင့်တော့ မဟုတ်ပါ။ ရှင်းပါဦးမည်။

ပထမဦးဆုံး အချက်မှာ ဤရေကာတာစီမံကိန်းကို စတင်ခဲ့သည့်အစိုးရမှာ လူထုက ရွေးချယ်တင်မြောက်ခဲ့သည့် လူထုအစိုးရမဟုတ်ဘဲ ၁၉၈၈ ခုနှစ်က တရားမဝင် အာဏာသိမ်းပြီး တက်လာသည့် စစ်အစိုးရဖြစ်နေခြင်းပင်ဖြစ်သည်။ လူထုအစိုးရမဟုတ်သဖြင့် ဤသို့သော စီမံကိန်းများကို ပြုလုပ်ရန် ထိုအစိုးရတွင် အခွင့်အာဏာမရှိပါ။

ဒုတိယအချက်အနေဖြင့် ထိုအစိုးရသည် စစ်အစိုးရပီပီ လူထုအား ချပြတိုင်ပင်ခြင်းမရှိဘဲ၊ လူထုသဘောထား စစ်တမ်းကောက်ယူခြင်းမရှိဘဲ ထိုစီမံကိန်းကို ၄င်းတို့သဘောသက်သက်ဖြင့် တရုတ်အစိုးရနှင့် စာချုပ်ချုပ်ဆိုကာ စတင်ခဲ့ခြင်းဖြစ်ပါသည်။

တတိယအချက်အနေဖြင့် ထိုရေကာတာစီမံကိန်း လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ရရှိမည့် ဓါတ်အားအများစုကို အမှန်တကယ်လိုအပ်နေသည့် မြန်မာပြည်သူများက ခံစားခွင့်မရှိဘဲ တရုတ်ပြည်သို့ ရောင်းစားသည့်အချက်မှာလည်း အတော်ပင် နည်းလမ်းမကျသည့် လုပ်ရပ်ဖြစ်သည်။

ဤအချက်သုံးချက်သည် ယခုလောလောဆယ် တည်ဆောက်ဆဲဖြစ်သော မြစ်ဆုံရေကာတာ စီမံကိန်းကို ကျနော့်အနေနှင့် ဆန့်ကျင်ကန့်ကွက်ရခြင်း၏ အကြောင်းရင်းများဖြစ်ပါသည်။

အမှန်တကယ် ဒီမိုကရေစီနည်းလမ်းကျစွာ ရွေးချယ်တင်မြှောက်ထားသော လူထုအစိုးရတရပ် (ယခု ကြံ့ဖွံ့အစိုးရမျိုးမဟုတ်) တက်ရောက်လာသည့်အချိန်တွင်လည်း ကျနော်တို့တိုင်းပြည်၏ စွမ်းအင်လိုအပ်ချက်များအရ မြစ်ဆုံဒေသအပါအဝင် မြန်မာပြည်တဝှမ်းရှိ မြစ်ချောင်းများတွင် ရေအားလျှပ်စစ် စီမံကိန်းများကို ဆောက်လုပ်ဖို့ လိုအပ်လာပါလိမ့်မည်။ သို့သော် ထိုသို့သော စီမံကိန်းများကို စတင်ခြင်းမပြုမီ သက်ဆိုင်ရာ အစိုးရအနေနှင့် လူထုသဘောထားစစ်တမ်းများကောက်ယူခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ပညာရှင်များ၏ အစီရင်ခံစာများကို အလေးဂရုပြုခြင်း၊ လွှတ်တော်အတွင်း အတည်ပြုချက်အတွက် ဆွေးနွေးခြင်း၊ မဲခွဲဆုံးဖြတ်ခြင်းများကို ပြုလုပ်ရန် လိုအပ်ပေလိမ့်မည်။

ဤရေကာတာစီမံကိန်းသည် မြန်မာပြည်အတွင်းတွင် ယနေ့ဖြစ်ပေါ်နေသော အခြား စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ပြဿနာအများစုနည်းတူပင် အဓိကသော့ချက်ဖြစ်သည့် နိုင်ငံရေးစနစ် (နိုင်ငံရေးအရလွတ်လပ်ပွင့်လင်းမှု)ကို ပြုပြင်ပြောင်းလဲဖန်တီးယူခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဆိုသည့် အချက်ကို မီးမောင်းထိုးပြလိုက်သည့် ဥပမာကောင်းတခုပင် ဖြစ်တော့သည်။

ကိုပေါ။
(စက်တင်ဘာ ၁၁၊ ၂၀၁၁)


Read more

ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် ဂငယ်ကွေ့

ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်တဲ့ အာရှအသံမှာ ပြောသွားတယ်။

“တကယ်ပဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည် အတွက် အသုံးချခံရတယ်ဆိုရင် မနှစ်မြို့စရာ အကြောင်း မရှိပါဘူး၊ ယုံကြည်ချက်အတွက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်”

အာရ်အက်ဖ်အေက ထုတ်လွှင့်တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေးအဖြေတွေကို နားထောင်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့ ထင်ထားခဲ့သလောက် မရိုးသားဘူးဆိုတာကို တွေ့နိုင်ပါတယ်။ မေးတဲ့လူတွေကလည်း “တိုင်းပြည်အတွက် အသုံးချခံရတာ” မျိုးကိုတော့ ဘယ် စိုးရိမ်ပူပန်ပါ့မလဲ။ စစ်အစိုးရအကျိုးအတွက် အသုံးချခံဖြစ်သွားမှာကို ပူပန်လို့ မေးမှန်းသိသိနဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် အရွဲ့တိုက်ဖြေကြားတယ်လို့ ကျနော်တော့ ယူဆပါတယ်။

အလားတူပဲ။“ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆွေးနွေးခဲ့ပါသတဲ့လား”လို့ မေးတဲ့အခါ တိုက်ရိုက်မဖြေဘဲ ဝေ့လည်ကြောင်ပတ် ဖြေဆိုထားတာကို တွေ့ရပါတယ်။ တချို့ မေးခွန်းများကို ဖြေကြားရန် အခြေအနေမရှိသေးလို့ မဖြေကြားနိုင်တာကို နားလည်နိုင်ပေမယ့် ဝေ့လည်ကြောင်ပတ်ဖြေတာမျိုးကို ကျနော့်အနေနဲ့ နည်းနည်းလေးမှ သဘောမတွေ့ပါဘူး။

တခါ ပဲခူးခရီးစဉ်အတွင်းမှာလည်း “ ဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု”တွေအကြောင်း လူထုသိချင်ကြမှာကို သိပေမယ့် ထုတ်ပြောရန်အချိန်မကျသေးဘူး။ ဘာမှ မသေချာသေးတဲ့အချိန်မှာ လူထုကို မျှော်လင့်ချက်အမှားတွေ မပေးချင်တဲ့အတွက် ထုတ်မပြောသေးတာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ တဖက်မှာလည်း ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ကျေနပ်ဝမ်းမြောက်မိတယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။ ဘာတွေဆွေးနွေးတယ်ဆိုတာ ပြည်သူကို လျို့ဝှက်ထားပြီး တဖက်မှာလည်း အပြုသဘောဆောင်တယ်၊ ဝမ်းမြောက်မိတယ် စသဖြင့် ပြောနေတာကရော ပြည်သူလူထုကို မျှော်လင့်ချက်တလွဲတွေ ပေးရာမရောက်ဘူးလားလို့ တွေးစရာ ရှိပါတယ်။ ဘာဆွေးနွေးတယ်ဆိုတာကို ထုတ်မပြောဘဲ လူထုကို ထောက်ခံဖို့ အဆင်သင့် ပြင်ထားခိုင်းတာကလည်း သိပ်ပြီး နည်းလမ်းမကျလှဘူးလို့ ထင်တယ်။

ဗိုလ်ချုပ်အောင်ဆန်းတုန်းက ပြည်သူကို ဘာမှ လျို့ဝှက်မထားဘူး။ အကုန်ချပြပြီး လူထုထောက်ခံမှုကို ယူခဲ့တာပဲ။ ကျနော့်အမြင်တော့ ဒေါ်စုဟာ မလိုအပ်ဘဲ တကိုယ်တော်လူစွမ်းကောင်းဝါဒကို ကျင့်သုံးနေတယ်လို့ မြင်မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီတခေါက် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့အချိန်မှာ သူမရဲ့ တချို့သော လုပ်ရပ်တွေကြောင့် ဒီမိုကရေစီအရေး ထောက်ခံသူတွေအကြား၊ ပြည်သူတွေအကြားမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

(၁) နေအိမ်အကျယ်ချုပ်ကျစဉ်က ရွှေဂုံတိုင်ကြေညာစာတမ်းကို ထောက်ခံခဲ့ပြီး အကျယ်ချုပ်က ထွက်လာပြီးနောက် အချိန်ကာလ အတန်ကြာလာသည့်အခါ ရွှေဂုံတိုင်ကြေညာစာတမ်းကို လေသံမျှ မဟတော့ခြင်း။

(၂) စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်၍ ခုတမျိုး၊ တော်ကြာတမျိုး အမျိုးမျိုးပြောနေသဖြင့် အဖွဲ့ချုပ်က ကြေညာချက်များထုတ်ကာ လိုက်လံဖြေရှင်းနေရခြင်း။

(၃) သူမ မလွတ်မြောက်မီက အရှိန်အဟုန်ရစပြုလာသော “ဒုတိယအကြိမ် ပင်လုံညီလာခံ” ကို အရှိန်တန့်သွားစေရန် “ ၂၁ ရာစုနှင့် ကိုက်ညီသော ပင်လုံညီလာခံ” ဟု လျှောချလိုက်ကာ နောက်ပိုင်းတွင် လေသံမျှ မဟတော့ခြင်း။

(၄) အဓိကသော့ချက်ဖြစ်သော နိုင်ငံရေးပြဿနာများ ဖြေရှင်းရေးထက် လူမှုကယ်ဆယ်ရေးကိစ္စများတွင် အချိန်ဖြုန်းနေခြင်း။

ဝမ်းနည်းစရာအကောင်းဆုံးအချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါင်ဒေါင်မြည်ဟု ဆိုအပ်သော ဦးဝင်းတင်ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးသည့်နောက်ပိုင်း သိသိသာသာ အသံပြောင်းသွားခြင်းဖြစ်သည်။

ဟံသာဝတီဦးဝင်းတင်က “ပါတီရှိခြင်း၊ မရှိခြင်းထက် နိုင်ငံရေးမသေဖို့က ပိုအရေးကြီးကြောင်း။ ၁၉၈၈ ခုနှစ်က နိုင်ငံရေးပါတီများ တခုမှ မရှိသော်လည်း နိုင်ငံရေးရှိနေသည့်အတွက် ရှစ်လေးလုံး အရေးတော်ကြီးပေါ်ပေါက်လာခဲ့သည့် သာဓက ရှိကြောင်း” စသဖြင့် အစဉ်တစိုက် ပြောခဲ့သူဖြစ်သည်။ သို့သော် ယခုအခါ မိုးမခနှင့် အင်တာဗျူးတွင် ဦးဝင်းတင်ခမြာ “ပါတီရှင်သန်ရေးအတွက်” ဆိုသည့်အချက်ကို တွင်တွင်ကြီး ပြောနေရသည်ကို တွေ့ရပါသည်။ “ဘာလဲဟဲ့ လူ့ငရဲ” ဆိုပြီး စစ်အစိုးရရဲ့ နှိပ်စက်မှုဒဏ်ကို အနှစ် ၂၀ ကျော် ကြံ့ကြံ့ခံခဲ့သည့် ကျနော်တို့၏ သူရဲကောင်းကြီး ဘဘ ဦးဝင်းတင်တယောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ခံယူမိကာမှ ဗလောင်းဗလဲ ပြောရတဲ့ ဘဝကို ရောက်ရှာပြီဟု ရင်ထုမနာ တွေးမိပါသည်။

ဘဘရေ…. ပါတီရှင်သန်ရေးအတွက်ဆိုရင် ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့ လုပ်သလို ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို ခေါင်းလျှိုပြီး တရားဝင်သာ ပါတီဖွဲ့လိုက်ပါတော့…. ဟု ရင်နာနာနဲ့ အကြံပေးရမယ့်ပုံ ဖြစ်နေသည်။

ဒါကတော့….. လတ်တလော ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ကျနော်လက်လှမ်းမီသလောက် ထောက်ပြခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗိုလ်ကြီးဟောင်းဦးဝင်းထိန်ရဲ့ နည်းလမ်းမကျတဲ့လုပ်ရပ်တွေ၊ ပြည်သူ့အသံကို နားထောင်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် ပြည်သူလူထုအသံကို တကယ်နားထောင်မထောင်ဆိုတဲ့ အချက်တွေကို နောင်အလျဉ်းသင့်တဲ့အခါ ထပ်မံရေးပြသွားပါဦးမယ်။
Read more

လူနဲ့ခွေး၊ ခွေးနဲ့လူ

လူနဲ့ခွေး ၊ ခွေးနဲ့လူ

လူသည် ခွေးကို မကိုက်
ခွေးသာ လူကို ကိုက်သည်။
လူမှန်လျှင် ခွေးနှင့် ဖက်မကိုက်ရာ။
လူဖြစ်လျက် ခွေးနှင့် ဖက်ကိုက်သည်ဆိုအံ့…။
သဘာဝမကျသောအမှုကို ပြုရသည်ဖြစ်သဖြင့်
အခန့်မသင့်လျှင် လူသာ ဒဏ်ရာရပေလိမ့်မည်။

ပုံ…
ဆားတုံးဘလော့ဂါအရှော်…ကိုပေါ။

Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs