“လျှပ်စစ်အား အသုံးများတဲ့အပြင်၊ တွင်တွင်ကျယ်ကျယ် ထက်အောက်မြေခွင်၊ သစ်ပင်တွေ မြေတွင်းဓါတ်တွေ၊ ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်”
အခုတလော ရုံးသွားရုံးပြန် လမ်းလျှောက်ရင်း ခါတိုင်းဆိုနေကျ ဆရာမြို့မငြိမ်းရဲ့ လူချွန်လူကောင်းသီချင်းလေး ဆိုညည်းချင်ရင်တောင် ဘေးဘီကို အရင်ကြည့်ရသေးတယ်။ လူမသမာတွေ ကြားသွားမှာစိုးလို့။
ဆရာမြို့မငြိမ်းတို့ ခေတ်ရှေ့ပြေးတယ်ဆိုတာ ယုံလိုက်တော့။ လွန်ခဲ့တဲ့ ရာစုဝက်လောက်က စပ်ဆိုခဲ့တဲ့သီချင်း။ အခုအချိန်ထိ ခေတ်နဲ့ အံဝင်ဂွင်ကျရှိတုန်း။
လျှပ်စစ်ဓါတ်အားတွေ။ မြေပေါ်မြေအောက် သယံဇာတတွေ၊ သစ်ပင်တွေ၊ မြေတွင်းဓါတ်တွေ၊ သဘာဝဓါတ်ငွေ့တွေ ဖော်ယူနိုင်စွမ်း တတ်ကျွမ်းကျင်လွန်းလို့ ပြောင်တလင်းခါတော့မယ်… ဆရာ။
ဒါပေမယ့် “ကမ္ဘာမကြေ” အစချီတဲ့ နိုင်ငံတော်သီချင်းကတော့ နည်းနည်းလေး အနုစိတ်ဖို့ လိုသွားတယ်ထင်တယ်။ “ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ။ ဒါဒို့ပြေ၊ ဒါဒို့မြေ၊ ဒို့ပိုင်တဲ့မြေ၊ ဒို့ပြေ၊ ဒို့မြေ”။ သီချင်းထဲမှာ “ဒို့ရေ၊ ဒို့မြစ်၊ ဒို့လျှပ်စစ်၊ ဒို့သဘာဝဓါတ်ငွေ့” လို့ အသေးစိတ် ထည့်မစပ်ခဲ့တော့လည်း တိုင်းပြည်ကို အသက်ပေးပြီး ကာကွယ်ပါမယ်လို့ သစ္စာဆိုထားသူတွေကိုယ်တိုင်က…. ပြည်တွင်းမှာ သုံးမကုန်အောင် ပိုလျှံနေလို့ပါ ဆိုပြီး ရောင်းစားခံရတော့တာပေါ့။ ( ပြောလိုက်သေးတယ်။ ဒီနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ပတ်သက်လို့ ငါ့ထက်သိတဲ့လူတော့ မရှိတော့ဘူး....ဆိုပဲ။ ဗုဒ္ဓလက်ထက်ကဆို ရေအားလျှပ်စစ်နဲ့ ဧတဒဂ်ရမယ်ထင်တယ်။)
တကယ်စဉ်းစားကြည့်တော့ မြန်မာနိုင်ငံသားတွေရဲ့ဘဝ သနားဖို့တော့ကောင်းတယ်။ ကိုယ့်ပြေ၊ ကိုယ့်မြေပေါ်မှာနေရင်း လယ်သူရင်းငှားဘဝမျိုးရောက်နေရတာကလား။ ကိုယ့်မြေကထွက်တဲ့ သယံဇာတတွေ၊ အကျိုးအမြတ်တွေမှန်သမျှ ကိုယ်မခံစားရဘဲ တိုင်းတပါးက လာပြီး ခြစ်ခြုတ်ယူနေတာကို ခံရတယ်။ ဆရာဇော်ဂျီရဲ့ ကဗျာလေးလိုပေါ့။
“တို့ ရွာတို့ မြေ၊ တို့ ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။ ဆိုတဲ့ အတိုင်းဖြစ်နေပါတယ်။
ဒါတွေအားလုံးဟာ ဘာကြောင့်ဖြစ်ရသလဲ။ တရားခံကဘယ်သူလဲ။ အကြောင်းရင်းကို ဉာဏ်မီသလောက်စဉ်းစားကြည့်လိုက်တော့ ကိုဇာဂနာကြီး ပြောခဲ့ဖူးတာကို ပြေးသတိရမိတယ်။
အခုက ရန်သူမျိုးငါးပါးမဟုတ်တော့ဘူး။ ရန်သူမျိုး သုံးပါးဖြစ်သွားပြီဆိုတဲ့အကြောင်း။ (ရေနဲ့မီးကလွဲလို့ ကျန်တဲ့သုံးပါးကို တပါးတည်းပေါင်းပြီး တွက်လို့ရသွားပြီဆိုတဲ့သဘော)

3 comments:
အဲဒီလိုလေးတွေ လုပ်ပါဗျာ။
အခြင်းခြင်းမဆော်ကြပါနဲ့ 
ကြိုက်တယ်..ရှည်ရှည်လေးရေးပါအုန်းး)
'like' .
Post a Comment