“သိက္ခာရှိခြင်း၊ မရှိခြင်း”

"Means and ends are convertible terms." (M.K.Gandhi)
However noble the goal may be, it is justified only when attained by noble means.
S. Arya (15-11-09)

အပေါ်က စာသားတွေကတော့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများရဲ့ နှစ်ပတ်လည် ဆရာကန်တော့ပွဲအတွက် ဦးအာရ်ယား လို့ အမည်ရတဲ့ ဆရာကြီးတယောက်က အမှတ်တရ ရေးသားပေးတဲ့ သြဝါဒ စကားပါ။ သူ့သြဝါဒကို မြန်မာလို ဘာသာပြန်ရမယ်ဆိုရင်….

“ ပန်းတိုင်က မည်မျှပင် မွန်မြတ်သည်ဖြစ်စေ မွန်မြတ်သောနည်းလမ်းဖြင့် ရယူနိုင်မှသာ မှန်ကန်မျှတသည်ဟု (တရားသဖြင့် ရယူသည်ဟု) ဆိုနိုင်ပေသည်”

လို့ အဓိပ္ပါယ်ရပါတယ်။

အဲဒီ သြဝါဒကို ဖတ်ရတော့ ကျနော်အင်မတန် နှစ်သက်မိပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစလို့ ဒီအတွေးအခေါ် အယူအဆကို ကျနော့်အနေနဲ့ တောက်လျှောက် နှစ်သက်လက်ခံခဲ့ပါတယ်။ ဒါကြောင့်လည်း အရင်လထဲက “ညောင်သီးကိုသာ စားရပါလိမ့်” ဆိုတဲ့ ပို့စ်တခုမှာတောင် ဒီအယူအဆကို ထည့်သွင်းရေးသားဖြစ်ခဲ့ပါသေးတယ်။

တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ အခုတလော ထွက်ပေါ်လာတဲ့ သတင်းတွေထဲက သတင်းတခုဟာ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာလဲဆိုတော့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ခွင့်ပေးတာကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ ငြင်းပယ်ရခြင်းအကြောင်းရင်းကတော့ စီအီးစီတဖွဲ့လုံးနဲ့ တွေ့ခွင့်ပြုတဲ့ အထဲမှာ အဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးတင်ဦးကို စစ်အစိုးရက ချန်လှပ်ထားခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဝင်းတင်နဲ့ ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးဝင်းတင်က အကျယ်တဝင့် ထောက်ခံပြောကြားသွားပါတယ်။ ကျနော့်အနေနဲ့လည်း ဦးဝင်းတင်နဲ့ ထပ်တူထပ်မျှ သဘောရပါတယ်။ ဦးဝင်းတင်ရဲ့ စကားအချို့ကို ဒီမှာ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

“ကျနော့်သဘော ပြောရရင် ကျနော်က ဒေါ်စုနဲ့ မတွေ့တာလည်း နှစ်ပေါင်း ၂၀ ကျော်ပြီ။ ကျနော် အကြာဆုံးပေါ့ဗျာ၊ မတွေ့တဲ့လူထဲမှာ။ ဦးတင်ဦးနဲ့လည်း နှစ်ပေါင်း ၂၀ ကျော်ပြီ၊ မတွေ့ရဘူး။ အဲတော့ ဒီပုဂ္ဂိုလ် ၂ ယောက်နဲ့ ကျနော် မတွေ့လိုက်ရတဲ့ အတွက်တော့ ကျနော့်အဖို့ကတော့ အများကြီးကို စိတ်မကောင်းဖြစ်စရာ ကိစ္စပဲ။ သို့သော် ဒေါ်စုလုပ်တာ Morally မှန်တယ်ဗျ၊ ဒီလိုလုပ်ရမယ်။

“ဆိုပါတော့ဗျာ၊ NLD မှာ ကျနော်နဲ့ ဦးခင်မောင်ဆွေဆိုရင် စစ်အစိုးရက တရားဝင် CEC မဟုတ်ဘူးဆိုပြီး အမြဲတမ်း ပယ်ပယ်ချတယ်။ ဂမ်ဘာရီနဲ့ခေါ်တယ်၊ ကျနော်တို့ မပါဘူး။ မစ္စတာဘန်ကီမွန်းနဲ့ တွေ့တယ်၊ ကျနော်တို့ မပါဘူး။ ဂျင်မ်ဝက်ဘ်နဲ့ တွေ့တယ်၊ ကျနော်တို့ မပါဘူး။ ကျနော်တို့ စစ်အစိုးရလုပ်တိုင်း ခံခဲ့ရတာတွေ အများကြီးရှိတယ်။ နေရာတိုင်းမှာ ကျနော်က ငုံ့မခံနိုင်ဘူး။ သည်းညည်းခံတာက တမျိုးဗျာ၊ ငုံ့မခံနိုင်ဘူး။ ဒေါ်စုလုပ်တာ ကျနော် ထောက်ခံတယ်။ ဒါ နည်းကိုယူရမယ့်ကိစ္စ ဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။”

ဒီနေရာမှာ အကျိုးရလဒ်ပဓာနဝါဒီတွေကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပေးသလောက်အခွင့်အရေးနဲ့ ကျေနပ်သင့်တယ်လို့ ပြောကြမှာပါဘဲ။ အလုပ်ဖြစ်ဖို့က ပဓာနလို့လည်း ယူဆကောင်း ယူဆကြလိမ့်မယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းတင်တို့ဟာ နည်းလမ်းမကျဘူးလို့ သူတို့ ယူဆတဲ့ ကိစ္စတရပ်မှာ ဘယ်လောက်အခွင့်အရေးပေးပေး အူယားဖားယား ပြေးယူမှာ မဟုတ်ဘူးဆိုတာကို သတိထားစေလိုပါတယ်။ သူတို့ဟာ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လေ့မရှိဘဲ အစဉ်သဖြင့် နည်းလမ်းတကျသာ ပြုမူဆောင်ရွက်တာကို တွေ့ရပါတယ်။

အဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းမှာ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နှစ်ယောက်ကို အင်မတန် သဘောကျပါတယ်။ သံမဏိစည်းကမ်းပိုင်ရှင်တွေပဲ။ “ရဟန်းမစားရသော ဆွမ်းတနပ်” ဇာတ်ကားထဲက မိမိအသက်နဲ့လဲပြီး ဝိနည်းကို စောင့်ထိန်းတဲ့ ရဟန်းလိုပါပဲ။ (ဒီအကြောင်းကိုလည်း ရှေ့မှာ ပို့စ်တခု ရေးခဲ့ဖူးပါတယ်။)

အနှစ်ချုပ်ရရင် လောကကြီးမှာ ကြီးကျယ်မွန်မြတ်တဲ့သူတွေဟာ သူတို့ရဲ့ သံမဏိစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်လေ့မရှိကြဘူး။ မွန်မြတ်တဲ့အရာကို ရယူတဲ့နေရာမှာ မှန်ကန်တဲ့၊ မွန်မြတ်တဲ့ တရားသဖြင့် နည်းလမ်းတွေကိုသာ ကျင့်သုံးကြတယ်။ ဒီလို ကောင်းမွန်မှန်ကန်တဲ့ အကျင့်ကို ရွေးချယ်ကျင့်သုံးတဲ့ လူတွေကို အစွန်းရောက်တယ်လို့ ပြောလို့မရပါဘူး။ သူတို့ဟာ အလယ်အလတ်လမ်းစဉ်ကို အမှန်တကယ် ကျင့်သုံးနေသူတွေသာ ဖြစ်တယ်။

တကယ်တော့ ဒီအလေ့အထ(ကျင့်စဉ်)နဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓကလည်း ဟောခဲ့ပြီးသားပါ။ သစ္စာလေးပါးမှာ နောက်ဆုံးတရားဖြစ်တဲ့ မဂ္ဂသစ္စာဟာ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်လို့လည်း ဆိုပါတယ်။ ဒီကျင့်စဉ်မှာ ပါဝင်တဲ့ မွန်မြတ်တဲ့ လမ်းရှစ်သွယ် (Noble eightfold path)ကတော့…. (ကိုးကားချက်။)

(၁) သမ္မာဒိဋ္ဌိ - ကောင်းစွာသိမြင်ခြင်း (right view)
(၂) သမ္မာသင်္ကပ္ပ - ကောင်းစွာ ကြံစည်ခြင်း (Right thought)
(၃) သမ္မာဝါစာ- ကောင်းစွာ ပြောဆိုခြင်း (Right speech)
(၄)သမ္မာကမ္မန္တ- ကောင်းစွာ ပြုမူနေထိုင်ခြင်း (Right action)
(၅)သမ္မာအာဇီဝ- ကောင်းစွာ အသက်မွေးခြင်း (Right livelihood)
(၆) သမ္မာဝါယာမ- ကောင်းစွာ အားထုတ်ခြင်း (Right effort)
(၇)သမ္မာသတိ - ကောင်းစွာ ဆင်ခြင်အောက်မေ့ခြင်း (Right mindfulness)
(၈)သမ္မာသမာဓိ - ကောင်းစွာ တည်ကြည်ခြင်း (Right concentration) တို့ ဖြစ်ပါတယ်။

အဲဒီ မဂ္ဂင်ရှစ်ပါးကိုမှ အစုသုံးစု ထပ်ခွဲလို့ ရပါသေးသတဲ့။ ပညာ၊ သိက္ခာ နဲ့ သမာဓိဆိုတဲ့ အစု သုံးစုဖြစ်ပါသတဲ့။ ပညာအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်းနဲ့ ကောင်းစွာ ကြံစည်ခြင်းတို့ ဖြစ်ကြပါတယ်။ ဒုတိယ အစုဖြစ်တဲ့ သိက္ခာအစုမှာတော့ ကောင်းစွာပြောဆိုခြင်း၊ ကောင်းစွာပြုမူနေထိုင်ခြင်း၊ ကောင်းစွာအသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ်သုံးမျိုး ပါဝင်ကြသတဲ့။ နောက်ဆုံး သမာဓိအစုမှာတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာဆင်ခြင်အောက်မေ့ခြင်းနဲ့ ကောင်းစွာ တည်ကြည်ခြင်းဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးဖြစ်ပါတယ်။

ဒီနေရာမှာ ဆက်စပ်စဉ်းစားရင် လောကီကိစ္စတော်တော်များများမှာ လူတွေဟာ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာကို အတော်အတန် ခွဲခြားသိကြပါတယ်။ ဒါပေမယ့် အမှန်ကိုသိတာက တခြား။ လက်တွေ့ကျင့်ကြံတာက တခြားပါ။ ဒါကြောင့်လည်း “မရှိတာထက် မသိတာခက်၊ မသိတာထက် မလုပ်တာခက်” လို့ ယောမင်းကြီးဦးဖိုးလှိုင်က ပြောခဲ့တာပါ။

သိက္ခာအစုမှာပါတဲ့ ကျင့်စဉ်တွေဖြစ်တဲ့ ကောင်းစွာပြောဆိုခြင်း၊ ကေင်းစွာပြုမူနေထိုင်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ အကျင့်တွေကို တသွေမသိမ်း လက်တွေ့ကျင့်သုံးကြသူတွေဟာ သိက္ခာကြီးမားတဲ့ လူတွေ ဖြစ်လာတတ်ကြပါတယ်။

ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးမှာ အင်မတန် သိက္ခာကြီးမားသူတွေ ဖြစ်ကြတယ်ဆိုတာ အားလုံးအသိပါ။ ကမ္ဘာတလွှားက လေးစားကြရသူတွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ကောင်းမွန်တဲ့ အမှုတွေကို သိမြင်ရုံမက အဲဒီအတိုင်းလည်း တသွေမတိမ်း ပြုမူပြောဆို နေထိုင်သူတွေ ဖြစ်ကြလို့ပါ။ ဒီနေရာမှာ အမှန်ကို သိပေမယ့် အလုပ်ဖြစ်ဖို့အတွက် စည်းမျဉ်းစည်းကမ်း(principles)တွေနဲ့ အလဲအလှယ် (trade off) လုပ်လိုက်မယ်ဆိုတဲ့ ရလဒ်ပဓာနဝါဒီတွေနဲ့ သိက္ခာကြီးမားသူတွေအကြား ခြားနားပုံကို သတိပြုသင့်ပါတယ်။

မဂ္ဂင်ရှစ်ပါးကျင့်စဉ်ကို ဗုဒ္ဓက အလယ်အလတ်ကျင့်စဉ်ရယ်လို့ ညွှန်ပြခဲ့ပါသေးတယ်။ ဒါကြောင့်မို့ ဒီလမ်းစဉ်အတိုင်း ကျင့်သုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းတင်တို့ဟာ အစွန်းရောက်သူတွေ မဟုတ်ကြပါဘူး။ အလယ်အလတ် လမ်းစဉ်ကို အမှန်တကယ် ကျင့်သုံးနေကြသူတွေသာ ဖြစ်ကြပါတယ်။

ဒါဆိုရင် ဘယ်သူတွေက အစွန်းရောက်သူတွေလဲ။

နအဖ စစ်အစိုးရကတော့ မဂ္ဂင်ရှစ်ပါးရဲ့ ဆန့်ကျင်ဖက်မှန်သမျှကို လုပ်ဆောင်နေသူတွေဆိုတော့ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းတင်တို့ရဲ့ ဟိုးတခြားတဖက် မှာရှိပါတယ်။ ဒါကတော့ အများသိကြပြီး အချက်ပါ။ ရှင်းရှင်းလင်းလင်းကြီးလည်း မြင်သာပါတယ်။ အထူးပြောဖို့မလိုပါဘူး။

ပြောဖို့လိုတာက လက်တွေ့ကျတဲ့ (အလုပ်ဖြစ်မယ့်) လမ်းစဉ်ကိုလိုက်တယ်ပြောပြီး မိမိရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အခွင့်အရေးနဲ့ လဲလှယ်ချင်သူတွေ အကြောင်းကိုပါ။ ထိုသူများအဖို့ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်တို့လောက်လည်း အစွန်းမရောက်ဘူး၊ နအဖလောက်လည်း တဖက်စွန်းမရောက်ဘူး။ ဒါကြောင့် သူတို့သာလျှင် အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးသူတွေ၊ သဘောထားပျော့ပြောင်းသူတွေ၊ လက်တွေ့ကျသူတွေ ဖြစ်တယ်လို့ ယူဆ ပြောဆိုတတ်ကြတယ်။

တကယ်တော့ အမှားနဲ့ အမှန်ကြားမှာ ဝင်ရပ်လိုက်ရုံနဲ့ “အလယ်အလတ်လမ်းစဉ်ကျင့်သုံးသူ” အဖြစ်ကို အလိုအလျောက် ရောက်သွားတာမျိုး မဟုတ်ပါဘူး။ အမှန်တရားက ဒီဖက်အစွန်းတခုမှာရှိတယ်၊ အမှားက အခြားတဖက်စွန်းမှာ ရှိတယ် ဆိုပါစို့။ အဲဒီကြားမှာ ဝင်ရပ်တဲ့သူဟာ သိပ်မမှန်တဲ့လူပဲ ဖြစ်လာစရာအကြောင်းရှိပါတယ်။ အမှန်တရားကို လက်ကိုင်ထားသူ ဖြစ်မလာနိုင်ပါဘူး။ အလားတူပဲ ကောင်းတဲ့အစွန်းနဲ့ မကောင်းတဲ့အစွန်း၊ တရားမျှတမှုနဲ့ မတရားမှု၊ ဓမ္မနဲ့ အဓမ္မ….. ဒီကိစ္စအားလုံးမှာ ကြားထဲက ဟိုမရောက်ဒီမရောက် နေပြရုံနဲ့ ကောင်းတဲ့လူ၊ တရားမျှတသူ၊ ဓမ္မကို လက်ကိုင်ထားသူ ဖြစ်မလာနိုင်ပါဘူး။ ဟိုမရောက် ဒီမရောက်တွေပဲ ဖြစ်လာနိုင်ပါတယ်။ နောက်တခုက လက်တွေ့ကျကျလုပ်ဖို့လိုတယ်လို့ ကြွေးကြော်ပြီး အမှန်ကို သိပါလျက်နဲ့ အမှန်အတိုင်းလုပ်ဖို့ ဝန်လေးသူတွေဟာ သိက္ခာအစုမှာ ပါဝင်တဲ့ ကျင့်စဉ်တွေကို လက်တွေ့မကျင့်သုံးတဲ့အတွက် သိက္ခာမရှိသူတွေ ဖြစ်လာနိုင်ပါသေးတယ်။

ဒါကြောင့် ဘယ်အရာကို လုပ်လုပ် မှန်ကန်တဲ့၊ တရားမျှတတဲ့၊ ကောင်းသောစိတ်နဲ့ယှဉ်တဲ့ အမှုမျိုးကိုသာ ပြုသင့်ပါတယ်။ ကောင်းတာဖြစ်ဖို့ ဘာလုပ်လုပ်တရားတယ်ဆိုတဲ့ စကားဟာ မှားယွင်းပါတယ်။ တရားတာကို လုပ်မှ တရားသဖြင့် ဖြစ်နိုင်ပါတယ်။

ဒါကြောင့်မို့ ဆရာကြီး ဦး Arya ရဲ့ စကားနဲ့ပဲ ဒီပို့စ်ကို နိဂုံးချုပ်လိုက်ပါတယ်။

“However noble the goal may be, it is justified only when attained by noble means. ”
Read more

“Burma VJ - Myanmar through the lens”

Burma VJ - Myanmar through the lens

လာမယ့် နိုဝင်ဘာလ ၁၀ ရက် နဲ့ ၁၁ ရက်နေ့များမှာ “Burma VJ – Myanmar through the lens” ကို တရက်တကြိမ် အခမဲ့ ပြသပါလိမ့်မယ်။ ဒါဟာ ဘားမားဗီဂျေ ရုပ်ရှင်ကို စင်္ကာပူမှာ ဒုတိယအကြိမ်မြောက် ထပ်မံပြသခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လထဲတုန်းက စင်္ကာပူ မြို့လယ်ခေါင် Raffles Hotel ရဲ့ လူ ၄၈၀ လောက် ဆန့်တဲ့ ဂျူဗလီဟောလ်မှာ Burma VJ ကို ပထမအကြိမ် ပြသခဲ့ပါတယ်။ အဲဒီတုန်းက ညနေ ၆ နာရီခွဲလောက်မှာ ကျနော်တို့ ရောက်သွားတော့ ရုံထဲကိုဝင်ဖို့ တန်းစီနေတဲ့ ပရိသတ်ကြီးက မြွေလိမ်မြွေကောက် တွန့်လိမ် ရှည်လျားနေပါပြီ။ ကျနော်တို့လည်း အပြေးအလွှား ဝင်ရောက်တန်းစီပြီး ကံကောင်းထောက်မစွာ ကြည့်ရှုခွင့်ရလိုက်ပေမယ့် အဲဒီနေ့က လာရောက်ကြသူအရေအတွက် ထက်ဝက်နီးပါးကတော့ ရုံမဆန့်လို့ ပြန်သွားကြရပါတယ်။ အဲဒီထဲမှာ ကျနော့်အသိမိတ်ဆွေ တော်တော်များများလည်း ပါသွားပါတယ်။ ဒါကြောင့် မကြည့်လိုက်ရတဲ့ မြန်မာမိတ်ဆွေများက ဒီတခါ စင်္ကာပူမှာ Burma VJ ကို ထပ်မံပြသခဲ့ရင် အသိပေးပါလို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီတခါတော့ နှစ်ရက်ဆက်တိုက် တရက်တပွဲ ပြသမှာမို့ မကြည့်လိုက်ရသေးတဲ့ မြန်မာများအတွက် သတင်းကောင်းပါ။ အီးမေးလ်နဲ့ ကြိုတင်ပြီး Register လုပ်ထားဖို့တော့ လိုပါတယ်။ အသေးစိတ်ကို ဒီမှာ သွားကြည့်ပါ။ ( http://maruah.org/myanmarlens/ )

ဒီလို ပြသခွင့်ရဖို့ ကမကထပြု ဆောင်ရွက်ပေးတဲ့ အဖွဲ့ကတော့ Maruah Singapore အဖွဲ့ ဖြစ်ပါတယ်။ Maruah Singapore အဖွဲ့ဟာ အာဆီယံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စည်းရုံးလှုပ်ရှားနေကြတဲ့ စင်္ကာပူနိုင်ငံသားအချို့ရဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ မြန်မာ့အရေးနဲ့လည်း သိပ်မစိမ်းလှပါဘူး။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလထဲကလည်း “Burma On My Mind” ဆိုတဲ့ လှုံ့ဆော်မှုအစီအစဉ်လေးကို ပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ ဇွန်လတုန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စင်္ကာပူနိုင်ငံ စပီကာကော်နာမှာ စုဝေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုလေးတွေကို ကျနော့်ဘလော့ဂ်မှာ "Burma On My Mind" နဲ့ “Free Aung San Suu Kyi now” စတဲ့ ပို့စ်ကလေးတွေနဲ့ အမှတ်တရ မှတ်တမ်းတင်ခဲ့ပါတယ်။

ဘားမားဗီဂျေ ရုပ်ရှင်ကားနဲ့ ပတ်သက်လို့တော့ ကျနော့်အနေနဲ့ အထူးတလည် ရေးသားမပြတော့ဘဲ စင်္ကာပူနိုင်ငံသား ဂျာနယ်လစ် Alex Au ချီးကျူးရေးသားထားတဲ့ ဆောင်းပါး ကိုသာ တဆင့်ညွှန်းဆိုလိုက်ပါတယ်။
Read more

“ဒုက္ခဘုံမှာ နေဖူးသလား”

“ရန်ကုန်မြို့ကို မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်စေရေးအတွက်…..”

ဒီစကားကို လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး သတင်းစာထဲမှာ မကြာခဏ ဖတ်ခဲ့ရတယ်။ တီဗီသတင်းထဲမှာ ဖန်တရာတေအောင် ကြားခဲ့ရတယ်။

အနှစ် ၂၀ ကျော်လာခဲ့ပြီ။ နားစွင့်လိုက်တဲ့အခါ လောလောလတ်လတ် ကြားနေရတာတွေကတော့….

“ရန်ကုန်မြို့လယ်ခေါင် ရေလျှံလို့တဲ့”

“ရန်ကုန်မြို့လယ်ခေါင် မီးပြတ်လို့တဲ့”

“ရန်ကုန်မြို့လယ်ခေါင် ရေပြတ်လို့တဲ့”

“တယ်လီဖုန်းလိုင်းတွေ ပြတ်သွားလို့တဲ့”

“အင်တာနက် ပြတ်တောက်သွားပြန်ပတဲ့”

ကြားလိုက်ရတဲ့ အသံတွေ။ သတင်းကောင်းတခုမှ မပါ။

မြို့ထဲမှာ ဟိုနားဒီနား လျှောက်ကြည့်ရင် လ မျက်နှာပြင်ထက်က ချိုင့်ခွက်တွေနဲ့ ရန်ကုန်မြို့ လမ်းမတွေပေါ်က ချိုင့်ခွက်တွေ ဘယ်ဒင်းက ပိုနက်ရှိုင်းသလဲလို့ တွေးတောစရာ ဖြစ်လာမယ်။

ဘတ်စ်ကားစီးရင် လူကြပ်မယ်။ ကားဆောင့်မယ်။ ပလက်ဖောင်းပေါ်မှာ ဘေးဘီငေးမောလမ်းလျှောက်မိရင် ခလုပ်တိုက်မယ်။ မြောင်းပေါက်ကျွံကျမယ်။ လမ်းမနားက ကပ်လျှောက်မိရင် ဗွက်စင်မယ်။ ကားပေါ်က လှမ်းထွေးတဲ့ ကွမ်းတံတွေး စင်မယ်။

မိုးထိမြင့်မားတဲ့ အမှိုက်ပုံတွေ။ အမှိုက်ပုံမှာ အဟောင်းရှာတဲ့ ကလေးငယ်တွေ။ မိဘက မတတ်နိုင်လို့ ကျောင်းကထွက်ပြီး လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေမှာ စားပွဲထိုးလုပ်နေတဲ့ ကလေးလုပ်သားတွေ၊ လမ်းမပေါ်မှာ တဖက်ပိတ်ဝါးပိုးဝါး အတိုအရှည်ကိုင်ပြီး သီချင်းဆိုကာ ပိုက်ဆံရှာကြရတဲ့ မောင်နှမတတွေ။

မြို့သူမြို့သားတွေလည်း လမ်းဘေးဆိုင်တွေမှာ ယင်ကောင်တလောင်းလောင်းနဲ့ စားကြ၊ သောက်ကြ။ မှောင်ရီပျိုးတာနဲ့ တဖျတ်ဖျတ် ခြင်မောင်းကြရ။

ဆင်ခြေဖုံးက လက်လုပ်လုပ်စားတွေ… မြို့ထဲသွား နေ့စားလုပ်ဖို့ လမ်းစရိတ်မရှိလို့ အိုးခွက်ပေါင်ကြ၊ မှတ်ပုံတင်ပေါင်ကြ။

လုပ်ငန်းရှင်တွေလည်း အလုပ်သမားငှားထားပြီးမှ မီးမလာလို့ အလုပ်မစနိုင်။ မစောင့်နိုင်ရင် မီးစက်နဲ့ နှစ်ပါးသွားဖို့ ပြင်ကြ။

ဝန်ထမ်းတွေ လခနဲ့ မလောက်လို့ ဘေးပေါက်ရှာကြ။ လာဘ်စားကြ။ အကျင့်ပျက်ကြ။

မြို့တော်သူမြို့တော်သား အများစုအတွက်တော့ ရန်ကုန်မြို့ဟာ ဒုက္ခမြို့တော်ကြီးပါပဲ။ အခုတော့ မြန်မာပြည်ရဲ့ အစိုးရရုံးစိုက်ရာ မြို့တော်အဖြစ်ကနေလည်း တဆင့်လျှော့ခံလိုက်ရပြီ။ ရှစ်လေးလုံးအရေးတော်ပုံနဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့ကြီးကို နအဖ စစ်အစိုးရက စိတ်နာနာနဲ့ ပျက်ချင်တိုင်း ပျက်စီးပစေတော့လို့ စနစ်တကျ ဖျက်စီးပြီး ထားပစ်ခဲ့လေသလားမသိ။

အဲဒီ ဒုက္ခမြို့တော်ကြီးမှာပဲ မတော်မတရား အသက်မွေးဝမ်းကျောင်းပြုကာ ဒေါ်လာသန်းချီပြီး အကြီးအကျယ် ကြွယ်ဝနေတဲ့ လူအနည်းစုလည်း ရှိတယ်။ ဒီလူတွေအနေနဲ့ ထိုင်း၊ စင်္ကာပူ၊ မလေးရှား စတဲ့ နိုင်ငံတွေမှာ အဖိုးတန်အိမ်ယာတွေဝယ်မယ်။ သူတို့ရဲ့ သားတွေ၊ သမီးတွေကို နိုင်ငံရပ်ခြားက ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ ပို့ပြီး ပညာသင်ခိုင်းမယ်။ ဒရိုင်ဗာတွေ၊ အိမ်ဖော်တွေနဲ့ လိုလေသေးမရှိ ထောက်ပံ့ထားမယ်။ ကျန်းမာရေးအတွက် နိုင်ငံခြားက နာမည်ကျော်ဆေးရုံကြီးတွေမှာ လာရောက် ဆေးဝါးကုသခံယူကြမယ်။ သူတို့ရဲ့ ကတော်တွေက ရှော့ပင်းထွက်ကြမယ်။ အိမ်ကြီးရခိုင်ကြီးတွေနဲ့ နိုင်ငံခြားဖြစ်အသုံးအဆောင်တွေ အလျှံပယ်သုံးစွဲနိုင်တဲ့ သူတို့တတွေအတွက်ကတော့ ရန်ကုန်မြို့ကြီးဟာ သုခဘုံကြီး ဖြစ်နေချင်လည်း ဖြစ်နေမှာပါ။

ကျနော်တို့တတွေ နိုင်ငံရပ်ခြားကို ရောက်နေပေမယ့် အဲဒီ ဒုက္ခမြို့တော်ကြီးမှာ ကျနော်တို့ရဲ့ ဆွေမျိုးသားချင်းတွေ ကျန်ရစ်ခဲ့တယ်။ မိတ်ဆွေ သူငယ်ချင်းတွေ ကျန်ရစ်ခဲ့တယ်။ ကျောင်းနေဖက်တွေ ကျန်ရစ်ခဲ့တယ်။ ဆရာ၊ ဆရာမတွေ ကျန်ရစ်ခဲ့တယ်။ ကျနော်တို့ သတိရ အောက်မေ့ဖွယ်ရာ အတိတ်ခြေရာတွေ ကျန်ရစ်ခဲ့တယ်။ ရန်ကုန်မြို့ကြီးအခုလို ဖြစ်ပျက်နေတာကို မြင်ရတဲ့ လူတိုင်း စိတ်မချမ်းမသာ ဖြစ်ကြတယ်။

ဒီအစိုးရလက်ထက်မှာတော့ ရန်ကုန်မြို့ကြီးဟာ အဖတ်ဆည်မရအောင် ပျက်စီးနေဦးမှာပါပဲ။ ရန်ကုန်တောင် အဖတ်ဆည်လို့မရရင် ကျန်တဲ့ တတိုင်းပြည်လုံးကတော့ ပြောစရာမလိုတော့ပါဘူး။

မုန့်ဆီကြော်က ဘယ်နေမှန်းမသိ။ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား လို့ စိတ်ကူးယဉ်နေတယ် ပြောရင်လည်း ခံရမှာပါဘဲ။

ဒီစစ်အာဏာရှင်စနစ်ပြုတ်ကျသွားလို့ ပြည်သူ့အစိုးရတရပ်တက်လာရင်တောင် ရန်ကုန်မြို့ကြီးကိုရော၊ တတိုင်းပြည်လုံးကိုပါ ပြန်လည်ထူထောင်နိုင်ဖို့ တော်တော်ကြိုးစားယူရလိမ့်မယ်။
Read more

“အဖြူအမဲ၊ နွံထဲကကြာနဲ့ အနှစ်နှစ်ဆယ်”

Lotus Photo by Mdm Paw

(ဘလော့ဂါ ကဗျာဆရာ ပန်ဒိုရာ က “နောင်လာမယ့် အနှစ်နှစ်ဆယ်” ဆိုတဲ့အကြောင်း နှစ်ရက်အတွင်း အပြီးရေးဖို့ ချောက်တွန်း....အဲလေ...တိုက်တွန်းပါတယ်။ အနှစ်နှစ်ဆယ်ကို နှစ်ရက်အတွင်းမှာ အပြေးအလွှားစဉ်းစားပြီး စာမျက်နှာ နှစ်ခုစာလောက် ချုံ့ရေးလိုက်တဲ့အခါ အောက်ပါအတိုင်း အိုးနင်းခွက်နင်း ပို့စ်တခု ထွက်လာပါတော့တယ်။)

“အဖြူအမဲ၊ နွံထဲကကြာနဲ့ အနှစ်နှစ်ဆယ်”

အနာဂတ်ကို မမှန်းဆခင် အတိတ်ကို ပြန်စောင်းငဲ့ကြည့်ရင်တော့ “သားတယောက်ကိုသာ မြင်ပါသည်” ဆိုတဲ့ မူလတန်းဖတ်စာထဲက စာတကြောင်းကို ပြေးသတိရမိရဲ့။ တကယ်တမ်း ကျနော်မျက်စိထဲမှာ မြင်နေရပြန်တာကတော့ “သားနှစ်ယောက်”ပါ။ ဘယ်လိုသားတွေလဲ။ ဘာကြောင့်လဲ။

အတိတ်ဆိုတဲ့နေရာမှာ….. ကျနော့်ဘဝသက်တမ်းတလျှောက်လုံးကို မစဉ်းစားဘဲ သူပြောငါပြော အပြောများကြတဲ့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အတိတ်အကြောင်းလောက်ကိုသာ ရုပ်ရှင်ဇာတ်ကြောင်းပြန်သလို ပြန်ကြည့်လိုက်တဲ့အခါ…..

“ဒီလောကကြီးမှာ ဒီလောက်စိတ်ထားမွန်မြတ်တဲ့သူတွေ၊ ကြံခိုင်တဲ့သူတွေ မရှိနိုင်တော့ဘူး”ဆိုတဲ့ ယုံမှားသံသယတွေကို လုံးဝပျက်ပြယ်သွားစေနိုင်တဲ့ သူတော်စင်တမျှ စိတ်နေစိတ်ထားမြင့်မြတ်သူတွေ၊ ဖြူစင်သူတွေ၊ ကြံ့ခိုင်သူတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရခဲ့လို့ပါပဲ။

တဖက်မှာလည်း “ဒီလောက် ဆိုးသွမ်းတဲ့လူ၊ ဒီလောက် စိတ်ဓါတ် ယုတ်ညံ့တဲ့လူ၊ ဒီလောက် ယုတ်မာပက်စက်တဲ့လူတွေ လူ့လောကကြီးမှာ ရှိနိုင်ပါ့မလား” ဆိုတဲ့ ယုံမှားသံသယကို လုံးဝကွယ်ပျောက်သွားစေနိုင်လောက်အောင် ဆိုးသွမ်းသူ၊ ယုတ်မာသူ၊ အဓမ္မအမှုကို မတွန့်မဆုတ် ပြုလုပ်နေသူတွေကို အော့နှလုံးနာဖွယ် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရလို့ပါပဲ။

လူကောင်းနဲ့ လူဆိုး။ သူတော်စင်နဲ့ လူယုတ်မာ။ သားကောင်းနဲ့ သားဆိုး။ လောကကြီးရဲ့ သားနှစ်ယောက်။

အဖြူနဲ့ အမဲ၊ အလင်းနဲ့အမှောင် ဆန့်ကျင်ဖက် အရောင်နှစ်ခုကို ဘေးချင်းယှဉ်လျက် ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတာမျိုး။

ဒီအနှစ် ၂ဝ အတွင်းမှာပဲ လူသားတွေရဲ့ အသိပညာနဲ့ နည်းပညာတွေက အံ့မခန်းတိုးတက်ခဲ့ပါရဲ့။ မြေကြောရှုံ့တဲ့ပညာတွေ၊ အာကာသရဲ့ လျို့ဝှက်ချက်တွေ၊ ရောဂါကုထုံးအသစ်တွေ၊ နေ့စဉ်နဲ့အမျှ တီထွင်ဆန်းသစ်နေတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ။

ကွန်ပြူတာတွေ ပိုမြန်လာတယ်။ ပို့ဆောင်ရေး ယာဉ်တွေ ပိုမြန်လာတယ်။ ဆက်သွယ်ရေးစနစ်တွေ ပိုမြန်လာတယ်။ ဝန်ဆောင်မှုစနစ်တွေ ပိုမြန်လာတယ်။

အဲဒီအရာအားလုံးထက် ထူးကဲသာလွန်စွာ လူတွေရဲ့ စိတ်တွေကလည်း ပိုမြန်လာတယ်။ စိတ်ရှည်ခြင်းဆိုတဲ့အရာကို လူတွေ မေ့လျော့စ ပြုလာကြတယ်။

လူတွေ မေ့လျော့လာကြတဲ့အထဲမှာ မေတ္တာတရား၊ ဂရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားဆိုတဲ့ ဗြဟ္မစိုရ် တရားတွေပါ ပါဝင်လာတယ်။ အဆိုးဆုံးကတော့ “ဟီရိသြတ္တပ္ပ” ခေါ်တဲ့ မကောင်းမှုပြုရမှာကို ရှက်တတ်၊ ကြောက်တတ်တဲ့ စိတ်တွေ ကွယ်ပျောက်စ ပြုလာတယ်။ ဒီမှာတင်ပဲ လူ့လောကကြီးမှာ ပြဿနာတွေ၊ ပဋိပက္ခတွေ ပိုများလာတယ်။ ကမ္ဘာကြီးရဲ့ အနှံ့အပြားမှာ ဗုံးပေါက်ကွဲမှုတွေ၊ လူမျိုးရေး မျိုးတုန်းအောင် သုတ်သင်ရှင်းလင်းမှုတွေ၊ မုဒိန်းမှုတွေ၊ ရိုက်နှက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ လုယက်မှု၊ ပြန်ပေးမှု၊ သတ်ဖြတ်မှု၊ လိမ်လည်မှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလာတယ်။

ဒီလို ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ပူဗျာပွေနေတဲ့ ကမ္ဘာကြီးမှာ ဘူးလေးရာ ဖရုံဆင့်သလို သဘာဝ ဘေးအန္တရာယ်တွေဖြစ်တဲ့ မုန်တိုင်းတွေ၊ ငလျင်တွေ၊ တောမီးတွေ၊ မြေပြိုမှုတွေ၊ ရေကြီးမှုတွေက ထပ်ဆင့်ပြီး ဖိစီးနှိပ်စက်ပြန်ပါတယ်။ ဒီသဘာဝဘေးအန္တရာယ်တွေ ကျရောက်ဖြစ်ပွားတဲ့ အကြိမ်အရေအတွက်ဟာ ကျနော်တို့ အသက်ကြီးလာတာနဲ့အမျှ ပိုစိတ်လာသလိုပဲ။

ဒါတွေက အတိတ်မှာ ဖြစ်ခဲ့တာတွေနဲ့ အခု မျက်မှောက်ကာလမှာ ဖြစ်နေဆဲတွေ။

ဒါတွေကို ကြည့်ရင် နောင်အနှစ်နှစ်ဆယ်မှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ အကြမ်းဖျင်းတော့ တွေးတော ခန့်မှန်းနိုင်ကြမှာပါ။ အနာဂတ်ကို ကျနော်မခန့်မှန်းချင်ပါဘူး။

အခုလောလောဆယ် ကျနော့်မျက်စိထဲမှာ မြင်ယောင်နေတာကတော့ နွံထဲက ကြာပန်းကလေးတွေကိုပဲ။ နွံထဲက ကြာပန်းလေးတွေကို ထူးထူးကဲကဲ ကျနော် နှစ်သက်မိပါတယ်။

အစစ အရာရာ အလျင်စလို စီးဆင်းနေတဲ့ ဟောဒီခေတ်ကြီးထဲမှာ လူသားတွေဟာ အဆုံးအစမရှိတဲ့ သူတို့ရဲ့ လိုအင်ဆန္ဒတွေနောက် ကောက်ကောက်ပါအောင် လိုက်နေရာက မောပန်းငြီးငွေ့လာတဲ့တနေ့ ခဏလောက် ရပ်တန့်ပြီး သူတို့ဘဝကို ပြန်လည် ဆန်းစစ်ကြမယ်။ သုံးသပ်ကြမယ်။

ပျော်ရွှင်မှုကို ပေးစွမ်းနိုင်မယ်ထင်လို့ နောက်ကနေ တချိန်လုံး အမောတကော လိုက်နေခဲ့ရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ၊ ဂုဏ်ဒြပ်တွေဟာ လက်ဝယ်ပိုင်ပိုင် ရလာတဲ့အချိန်ကျတော့ အမှန်တကယ် ပျော်ရွှင်နှစ်သိမ့်မှုကို ပေးစွမ်းနိုင်ပါရဲ့လား။ တချိန်ချိန်မှာတော့ လူသားတွေအနေနဲ့ အတွေးအမြင်တွေ၊ ခံယူချက်တွေ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်တယ်။

အဲဒီအချိန်ကျရင် လူတွေရဲ့ သဏ္ဍာန်ကနေ ကာလအတန်ကြာ ဆွံ့ရှားပျောက်ကွယ်နေခဲ့တဲ့ ဗြဟ္မစိုရ်တရားတွေဟာ တဖြည်းဖြည်းနဲ့ ပြန်လည်နေရာယူ ဝင်ရောက်လာကြမယ်။ နှစ်ရှည်လများ ခန်းခြောက်နေတဲ့ ရေအိုင်ပျက်တခုထဲကို မိုးစက်တွေ ရွာသွန်းချလိုက်သလို ရေအိုင်ထဲမှာ ကြည်လင်အေးမြတဲ့ ရေတွေနဲ့ ပြည့်လျှမ်းလာလိမ့်မယ်။ အဲဒီအခါကျရင် နွံထဲက ကြာပန်းတပွင့်တလေကိုသာမက ရေအမြင့်မှာ တင့်တယ်နေတဲ့ ကြာပန်းရောင်စုံလေးတွေကိုပါ မျက်စိပသာဒဖြစ်ဖွယ် မြင်တွေ့ကြရမယ်။

အခုပြောခဲ့တာ ကျနော့် ခန့်မှန်းချက်မဟုတ်သလို၊ ဟောကိန်းလဲ မဟုတ်ပါဘူး။ ကျနော့် မျှော်လင့်ချက်သက်သက်ပါ။ ကျနော့်ဆန္ဒသက်သက်ပါ။

အခုလောလောဆယ်တော့ ကျနော့်မျက်စိထဲမှာ နွံထဲက ကြာပန်းလေးတွေကိုပဲ ကွက်ပြီး မြင်နေမိပါတယ်။ နွံထဲက ကြာပန်းလေးတွေကိုလည်း ထူးထူးကဲကဲ ကျနော်နှစ်သက်မိပါတယ်။

ဒါပေမယ့်လည်း နောင်လာမယ့် အနှစ်၂၀ မှာတော့… ဒီလောကကြီးထဲမှာ ကျနော်ရှိသေးသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ…..

ကန္တာရတလင်းလို ပူပြင်းတဲ့ ရေအိုင်ပျက်ထဲမှာ နေဒဏ်ကြောင့် နွမ်းလျနေတဲ့ ကြာပွင့်လေး တပွင့်တလေနဲ့ မြင်ကွင်းမျိုးကို လူသားတွေ မတွေ့မမြင်ကြရပါစေနဲ့။

ရေပြင်စိမ်းစိမ်းထက်မှာ ကြာပန်းတွေစုံစုံလင်လင် ဖူးပွင့်နေတဲ့ စိမ်းလဲ့ကန်သာကိုသာ လူတွေ မြင်တွေ့နိုင်ကြပါစေ။

-ကိုပေါ-
Read more

“ခွပ်ဒေါင်းပါ ဆိုနေမှ…”

လွန်ခဲ့တဲ့ တနှစ်လောက်က စကားဝိုင်းတခုမှာ မိတ်ဆွေတယောက်က “သိပ်အရေးကြီးလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး” လို့ စကားခံလိုက်ပြီးမှ မေးခွန်းတခု မေးတယ်ခင်ဗျ။

“ခွပ်ဒေါင်း သင်္ကေတကို သုံးတာနဲ့ ပတ်သက်ပြီး ကျနော် တခုလောက် သိချင်တယ်ဗျာ။ ခင်ဗျားတို့ ဒေါင်းခွပ်တာကို ဘယ်သူမြင်ဖူးသလဲ။ သိတဲ့အတိုင်း ဒေါင်းဆိုတဲ့ သတ္တဝါဟာ နောက်မှာ အမြီးအရှည်ကြီး ပါတယ်။ အဲဒီ အမြီးရှည်ကြီးတန်းလန်းနဲ့ ခွပ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စ။ ဒီတော့ ဒေါင်းတွေ ခွပ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ကျနော်သေချာအောင် မေးကြည့်တာပါ”…………တဲ့။

သူ့မေးခွန်းကို အဲဒီအချိန်က ဘယ်သူမှ ရေရေရာရာ မဖြေနိုင်ခဲ့ကြဘူး။ စကားဝိုင်းထဲမှာ ထိုင်နေကြသူအားလုံး ဘယ်သူမှ ဒေါင်းခွပ်တာကို မမြင်ဖူးကြဘူး။ နောက်ကနေ ဒေါင်း လိုက်ဆိတ်တာတော့ မြင်ဖူးတယ် ဆိုတဲ့လူက ဆိုကြတယ်။ နောက်က အမြီးရှည်ကြီးကို ထည့်စဉ်းစားလိုက်ရင် ဒေါင်းတွေ ခွပ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလိုပဲ။

ဒေါ်အောင်ဆန်းစုကြည် ၆၄ ပြည့်မွေးနေ့တုန်းက မြန်မာပြည်ကလာတဲ့ ကျောင်းသားဟောင်းအန်ကယ်လ်ကြီးတယောက်ပြောတဲ့ အမှတ်တရ စကားထဲမှာ ခွပ်ဒေါင်းအကြောင်းပါတယ်။ ဒေါင်းတွေဟာ အင်မတန် စိတ်ကြီးတယ်တဲ့။ သူတို့ကို တိုက်ကြက်တွေထားသလို ခြေထောက်မှာ ကြိုးကွင်းနဲ့ ချည်ထားလို့မရဘူးတဲ့။ ခြေထောက်အပြတ်ခံပြီး ရုန်းထွက်တတ်ကြတယ်။ ဒါကြောင့် မူလလက်ဟောင်း ခွပ်ဒေါင်းအလံတွေမှာဆိုရင် ခွပ်ဒေါင်းရဲ့ ခြေထောက်မှာ ခြေချောင်းလေးတွေမထည့်ဘဲ ငုံးတိလေးတွေနဲ့ ဆွဲလေ့ရှိသတဲ့။ ခွပ်မိပြီဆိုရင်လည်း ရေကုန်ရေခန်းပဲတဲ့။

ဒါပေမယ့် အဲဒီစကားဝိုင်းနေ့ကတော့ ဒေါင်းတွေ ခွပ်မခွပ် ဆိုတာ ဘယ်သူမှ ရေရေရာရာ မသိကြလေတော့ ကျနော်တို့အားလုံး စိတ်ထဲမှာ မအီမလည်နဲ့ပေါ့။ ဟာ… ငါတို့ တော်လှန်ရေးမှာ အကောင် ရွေးတာများ မှားသွားချေပြီလား…ပေါ့လေ။ မခွပ်တတ်တဲ့အကောင်ကြီးကို သင်္ကေတ လုပ်မိလို့ ဒီလောက် နှစ်တွေ ကြာနေတာများလားဆိုပြီး… ပြောပြီး ရယ်မိကြသေးတယ်။

အဲဒီနေ့က လူစုခွဲပြီးသာ အိမ်ပြန်ခဲ့ရတယ်။ ကျနော့်စိတ်ထဲမှာ အဲသည်ကိစ္စက ခိုးလိုးခုလုနဲ့ မကျေလည်ဘဲ ကပ်ပါလာတယ်။ အိမ်ပြန်ရောက်တာနဲ့ ကွန်ပြူတာဖွင့်၊ အင်တာနက်မှာ၊ ယူကျုမှာ ရှာကြည့်တော့ ဒေါင်းခွပ်တာကို တွေ့ရပါသဗျား။ ဗီဒီယိုထဲမှာ ဒေါင်းအော်သံလည်း ပါတယ်ခင်ဗျ။ ကျနော့်နားထဲမှာတော့ “အိုးဝေ၊ အိုးဝေ” လို့ မကြားမိဘူး။ “ညှောင်း…ညှောင်း…” လို့ ကြားမိတယ်ခင်ဗျာ။

တောမျောက်က ကြိုးခွေ၊
စိမ့်ကြီးမြိုင်ချောင်က
ရွှေဖိုးခေါင် သံချိုညောင်း
ဒေါင်းကအိုးဝေ…. ဆိုတဲ့ ကဗျာမှာ “ဒေါင်းက ညှောင်းညှောင်း” လို့ ပြောင်းဆိုရင် အရသာ ပျက်သွားမယ်ထင်ရဲ့။ ဗီဒီယိုကတော့ ဟောဒီမှာပါ။



ဒါပေမယ့် အဲဒီဗီဒီယိုကို ကြည့်ပြီးတဲ့အခါ ကျနော့် မဒမ်ပေါက မှတ်ချက်ချတယ်ခင်ဗျ။

“ဒေါင်းက ခွပ်တော့ ခွပ်တယ်။ ဒါပေမယ့် တချီတချီ ခွပ်ဖို့ အကြာကြီး အားယူရတယ်”….ဆိုပဲ။

အေးလေ…. ဒေါင်းတွေ သဲကြီးမဲကြီး ခွပ်တာ သူမမြင်ဘူးသေးလို့ နေမှာပေါ့နော့။ ဒေါင်းတွေ သဲကြီးမဲကြီး ခွပ်တဲ့ ဗီဒီယိုလေးများတွေ့ရင် မျှဝေကြပါလို့ တောင်းဆိုလိုက်ရပါကြောင်း။
Read more

“တော်လှန်ရေးသမားနှင့် ဝေဖန်ရေး”

ယခင်ပို့စ်တွင် မှတ်ချက်ရေးသူတယောက်က “ ကိုပေါအနေနဲ့ စစ်အစိုးရကို အပြစ်တင်တာကို ခဏလောက်လျှော့ပြီး ကျနော်တို့ရဲ့ ကယ်တင်ရှင် အတိုက်အခံတွေကို နည်းနည်း ဝေဖန်ထောက်ပြပါဦး။ တကယ်တော့ တာဝန်ရှိတဲ့အထဲမှာ အတိုက်အခံတွေလည်း ပါတယ်” ဟု ရေးသားသွားသည်။

သည်မှတ်ချက်နှင့် ပတ်သက်၍ ကျနော့်မှာ ပြောစရာများ ရှိနေပါသည်။

ပထမအချက်မှာ “အတိုက်အခံ” ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ ဤအကြောင်းနှင့် ပတ်သက်၍ အခြားသူများလည်း ဖန်တရာတေအောင် ရေးခဲ့ကြပြီးဖြစ်သည်။ ကျနော့်တို့မှာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကို လက်ရှိအာဏာရစစ်အစိုးရနှင့် ဆန့်ကျင်ဖက်ဖြစ်နေ၍သာ အတိုက်အခံဟု နှုတ်ကျိုးနေကြသည်။ လွတ်လပ်သော ဒီမိုကရေစီနိုင်ငံများတွင် အတိုက်အခံဆိုမှာ တရားဝင် ရွေးချယ်တင်မြှောက်ခံရသည့် အာဏာရပါတီ၏ ပြိုင်ဖက် နိုင်ငံရေးပါတီများကို ခေါ်ဆိုခြင်းဖြစ်သည်။ တကယ်တော့ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အရဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အပြတ်အသတ် အနိုင်ရထားသည့် အဖွဲ့အစည်းဖြစ်သည်။ အတိုက်အခံဟု ခေါ်ဆိုခြင်းငှာ မသင့်။ ထို့ကြောင့် မြန်မာ့မြေပေါ်တွင် အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ်သွားစေရန် ကြိုးပမ်းနေကြသူအားလုံးကို “အတိုက်အခံ”ဟု ခေါ်ဆိုမည့်အစား “တော်လှန်ရေးသမား”ဟူသော အမည်နာမကိုသာ ကျနော်ရွေးချယ်လိုပါသည်။

ဒုတိယအချက်မှာ “တကယ်တော့ တာဝန်ရှိတဲ့အထဲမှာ အတိုက်အခံတွေလည်း ပါတယ်” ဆိုတာနဲ့ ပတ်သက်၍ ဖြစ်သည်။ ကျနော့်တွေးမိသည်ကတော့ တာဝန်ရှိသည်မှာ ကျနော်တို့အားလုံးပင် ဖြစ်သည်။ ယနေ့ဖြစ်ပျက်နေသမျှ အများနှင့်ဆိုင်သော ကိစ္စအဝဝ၊ တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် အခြေအနေ အရပ်ရပ်အတွက် ကျနော်တို့ အားလုံးတွင် တာဝန်ရှိသည်။ သူများကိုချည်း လက်ညိုးထိုးနေရန် မသင့်။

နောက်ဆုံးအချက်ဖြစ်သည့် “စစ်အစိုးရကို ဝေဖန်တာ နည်းနည်းလျှော့ပြီး ကယ်တင်ရှင် အတိုက်အခံတွေကို ဝေဖန်ထောက်ပြပါဦး” အချက်နှင့် ပတ်သက်၍ကား ပြောစရာတွေ အများအပြားပင် ရှိနေပါသည်။

လွန်ခဲ့သည့် ၂၁ နှစ်လုံးလုံး နအဖ စစ်အစိုးရ၏ ဆိုးသွမ်းယုတ်မာ ညံ့ဖျင်းပုံများကို တောက်လျှောက် မရပ်မနား တွေ့မြင်ခဲ့ကြရသည်ဖြစ်ရာ နအဖ မကောင်းကြောင်းကို အထူးတလည် ရေးပြနေရန် လိုအပ်လှသည်ဟု ကျနော်မထင်ပါ။ ပြည်သူအများစုအနေဖြင့် နအဖ မကောင်းသည်ကို မျက်ဝါးထင်ထင် မြင်ကြ၊ ကြားကြ၊ သိကြပြီးဖြစ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း နအဖ ဘာလဲဆိုသည်ကို နောကျေနေကြပြီး ဖြစ်သည်။ နအဖ မကောင်းကြောင်း ထပ်မံ သက်သေပြနေစရာ မလိုတော့ပါ။ ကျနော်ရေးခဲ့သည့် ပို့စ်များတွင် နအဖကို ဝေဖန်သည့်ပို့စ်မှာ အရေအတွက်အားဖြင့် အင်မတန် နည်းပါးလှပါသည်။

မှတ်ချက်ရေးသူက “ကယ်တင်ရှင် အတိုက်အခံတွေကို ဝေဖန်ထောက်ပြပါဦး” ဟုရေးသွားပါသေးသည်။ ရှေးဦးစွာ ကယ်တင်ရှင်ဆိုသော အသုံးအနှုန်းနှင့်ပတ်သက်၍လည်း ကျနော့်အမြင်ကို ပြောပြလိုပါသည်။

လက်ရှိအနေအထားတွင် စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် နယ်ပယ်အားလုံးကို နိုင်ငံရေးစနစ်ကသာ အပေါ်စီးမှနေ၍ အခေါင်အချုပ်သဖွယ် တုပ်တုပ်မျှ မလှုပ်နိုင်အောင် တင်းကြပ်စွာ ထိန်းချုပ်ထားသည်ဖြစ်ရာ လက်ရှိနိုင်ငံရေးစနစ်ကို မပြောင်းလဲဘဲ ကျန်သည့် နယ်ပယ်များကို အောင်မြင်စွာ ပြောင်းလဲယူဖို့ မဖြစ်နိုင်ပါ။ စစ်အာဏာရှင် တည်းဟူသော နိုင်ငံရေးစနစ်ကြောင့် စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် နယ်ပယ်အားလုံးတွင် အဖက်ဖက်က ချွတ်ခြုံကျကာ ပြည်သူတရပ်လုံး ဆင်းရဲဒုက္ခ အတိရောက်လျက်ရှိသည်မှာလည်း အားလုံးအသိပင်ဖြစ်သည်။

“တော်လှန်ရေးသမားအများစု”မှာ ယင်းသို့သော လက်ရှိအခြေအနေကို မနှစ်သက်နိုင်၍၊ လက်မခံနိုင်၍၊ မရှုစိမ့်နိုင်၍ အဆိုပါနိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရန်၊ တော်လှန်ဖောက်ထွက်နိုင်ရန် ကြိုးပမ်းနေကြသူများဖြစ်သည်။ တနည်းဆိုရလျှင် ထိုသူတို့သည် ပြည်သူတို့ကို ဆင်းရဲတွင်းမှ ကယ်တင်နိုင်ရန် ကြိုးပမ်းနေကြသူများဖြစ်သည်။ ထိုသို့ ကြိုးပမ်းသည့်အတွက် စစ်အာဏာရှင်၏ ရန်ရှာခြင်း၊ ဒုက္ခပေးခြင်းများကို သာမန်ပြည်သူများထက် ပိုမို ခံကြရသူများဖြစ်သည်။ သူတို့ကြိုးပမ်းနေသော ကယ်တင်သည့် လုပ်ရပ်မှာ မအောင်မြင်သေးသဖြင့် ကယ်တင်ရှင်ဟု မခေါ်ဆိုနိုင်သေးသော်လည်း ကယ်တင်ရန် လက်တွေ့ကြိုးပမ်းနေကြသူများအဖြစ်ဖြင့်ကား အသိအမှတ်ပြုသင့်ပေသည်။ သို့သော် ကျနော်တို့အားလုံးသည် မိမိတို့လွတ်မြောက်ရေးအတွက် သူတပါးကယ်တင်မှုကိုသာ ထိုင်စောင့်မနေဘဲ မိမိတို့ကိုယ်တိုင်လည်း ပါဝင်ကြိုးပမ်းအားထုတ်သင့်ပေသည်။

တော်လှန်ရေးသမားများတွင် အကြမ်းဖျင်း အစုအဖွဲ့ ၃ ခု ခွဲချင်ပါသည်။

(၁) ပြည်တွင်းမှ အင်အားစုများ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် နိုင်ငံရေးပါတီများ၊ ကျောင်းသား၊ သံဃာ နှင့် အခြား တက်ကြွ လှုပ်ရှားသူများ)
(၂) လက်နက်ကိုင် အင်အားစုများ (ကျောင်းသားတပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ)
(၃) ပြည်ပရောက် အင်အားစုများ (ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လာသော နိုင်ငံရေးသမားများ၊ တက်ကြွစွာလှုပ်ရှားခဲ့သူ ကျောင်းသားများ၊ လက်နက်ကိုင်ဟောင်းများ နှင့် အခြား တက်ကြွ လှုပ်ရှားသူများ)

ဟူ၍ ဖြစ်ပါသည်။

ထိုအစုအဖွဲ့ သုံးခုစလုံးတွင် ကိုယ်စီကိုယ်ငှ အားနည်းချက်များ၊ ညံ့ဖျင်းချက်များ၊ အမှားအယွင်းများ အသီးသီး ရှိကြသည်လည်း မှန်၏။ သို့သော် ထိုအားနည်းချက်များ၊ ညံ့ဖျင်းချက်များ၊ အမှားအယွင်းများမှလွဲ၍ အများစုမှာ သူတို့၏ အမှန်တရားဖက်မှ ရပ်တည်ချက်၊ ဒီမိုကရေစီစနစ်နှင့်လွတ်လပ်ရေး တိုက်ပွဲအပေါ် ယုံကြည်ချက်၊ တိုင်းပြည်အပေါ်ထားသော အရင်းခံစိတ်စေတနာ စသည်တို့မှာ မပျက်ယွင်း၊ မသွေဖီသေး။ တနည်းပြောရလျှင် သူတို့သည် ပြည်သူလူထုနှင့် တရားမျှတမှုဖက်က ရပ်တည်မြဲ ရပ်တည်နေဆဲဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျိုးအတွက် နအဖ နှင့် သွားရောက်ပူးပေါင်းခဲ့သူအချို့မှ လွဲ၍ ကျန်သူများကို သူတို့၏ ရပ်တည်ချက်၊ ယုံကြည်ချက် နှင့် အရင်းခံစိတ်ထားအပေါ် ရှုတ်ချပြောဆိုရန် အကြောင်းမရှိ။ ထိုသူတို့အား တတ်နိုင်သမျှ ကူညီဝိုင်းဝန်းရန်၊ အားပေးရန်၊ ထောက်ပံ့ရန်ပင် သင့်ပါသေးသည်။

(ယခု ရေးခဲ့ပြီးသမျှအထိတွင် ကျနော်သည် “တော်လှန်ရေးသမား အများစု”၊ “ထိုသူ အများစု” ဟူ၍ ဂရုတစိုက် ရေးသားခဲ့ပါသည်။ “အများစု” ဟူသည့် စကားလုံးကို သုံးရသည်မှာ “အနည်းစု” ဆိုသော အမျိုးအစားလည်း ရှိသေးသည့်အတွက် ဖြစ်သည်။ ပို့စ်ရှည်လျားမည် စိုးသဖြင့် အော့နှလုံးနာဖွယ်ကောင်းသော ထို “အနည်းစု” အကြောင်းကို နောင်မှ ပို့စ် သီးသန့် ရေးပါဦးမည်။)

တဖက်တွင်လည်း ထိုအဖွဲ့သုံးခုစလုံး၏ လုပ်ရပ်၊ အတွေးအခေါ်၊ မူဝါဒ စသည်တို့ အပေါ်တွင်ကား ပွင့်လင်းစွာ ဝေဖန်ထောက်ပြသင့်ပေသည်။ မိမိအမြင်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြသင့်သည်။ အချို့သူများသည် ဤသို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြခြင်းကို ညီညွတ်ရေးကို ပျက်ပြားအောင်လုပ်သည်ဟု မှားယွင်းစွာ စွတ်စွဲတတ်ကြသည်။ အမှန်တကယ်မှာမူ ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန်တတ်သော အလေ့အထ၊ အဝေဖန်ခံနိုင်သော အလေ့အထများကို ကျင့်သားရမှသာလျှင် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းကို အောင်မြင်စွာ ထူထောင်နိုင်ပေမည်။ မတူညီသော အမြင်ရှိပါလျက် ကျိတ်မျိုချနေရသော လူ့အဖွဲ့အစည်းသည် လွတ်လပ်သော လူ့အဖွဲ့အစည်း (Free Society) မဟုတ်။ အကြောက်တရားကြီးစိုးသော လူ့အဖွဲ့အစည်း (Fear Society) သာ ဖြစ်သည်။ အာဏာရှင်စနစ်ကဲ့သို့ အကြောက်တရားကြီးစိုးသော လူ့အဖွဲ့အစည်းတွင် မိမိအမြင်ကို ပွင့်လင်းစွာ မထုတ်ဖော်ဝံ့ခြင်း၊ ပွင့်ပွင့်လင်းလင်း မဝေဖန်ရဲခြင်း၊ အဝေဖန်မခံနိုင်ခြင်း စသည်တို့မှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။

သို့သော် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းကို ထူထောင်ရန် ကြိုးပမ်းနေကြသော တော်လှန်ရေးသမားများ၊ တော်လှန်ရေးအစုအဖွဲ့များအတွင်းတွင်မူ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်သောအလေ့အထ၊ အဝေဖန်ခံနိုင်သော အလေ့အထကို ပြုစုပျိုးထောင်ရန် လိုအပ်သည်ဟု ယူဆပါသည်။

နောင်လာမည့်ပို့စ်များတွင် အထက်ပါ အင်အားစု သုံးခုအပေါ်တွင် ကျနော်၏ အမြင်များကို အလျဉ်းသင့်သလို ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...