“အနှစ်နှစ်ဆယ်နဲ့ ပထမခြေလှမ်း”


လေယာဉ်ပျံပေါ်မှာ.... ကျနော့်ရှေ့က အဘိုးကြီး အဘွားကြီး စုံတွဲကို လေယာဉ်မယ်က စကားစမြည်ပြောနေတာ နားစွန်နားဖျားကြားရတယ်။ ဒီခရီးစဉ်ဟာ အဘိုးကြီးအဘွားကြီးရဲ့ နှစ်ငါးဆယ်မြောက် မင်္ဂလာရွှေရတုသဘင်အမှတ်တရ ဖြစ်ကြောင်းကို လေယာဉ်မယ်က သိသွားတော့ ကွန်ဂရက်ကျူလေးရှင်းတွေ ဘာတွေလုပ်ပြီး ဒီလောက်နှစ်တွေအများကြီး ဘယ်လိုများဖြတ်သန်းခဲ့ပါသလဲလို့ စူးစမ်းတယ်။

“ဒီအနှစ်ငါးဆယ်ဆိုတဲ့အချိန်ဟာ ကျနော့်အဖို့တော့ ငါးမိနစ်လောက်ဘဲ ကြာတယ် ထင်ရပါတယ်” ...ဆိုပြီး အဘိုးကြီးက ဖြေးဖြေးလေးလေးဘဲ ပြန်ဖြေတယ်ခင်ဗျ။

အဲဒီစကားကြားတော့ လေယာဉ်မယ်က အင်မတန်လှပတဲ့ ဖော်ညွှန်းချက်ပါဘဲလို့ ချီးမွန်းအံ့ဆဲဆဲမှာဘဲ အဘိုးကြီးဆီက နောက်ဆက်တွဲ အဆုံးသတ် စကားလုံးတချို့ ထပ်ထွက်လာတယ်။ အဲဒီအတွက် ဆုကြေးအဖြစ် အဘွားကြီးလက်သံ “ဂေါက်” ကနဲ တချက်လည်း ခံလိုက်ရပါတယ်။

သူပြောလိုက်တာက “ရေအောက်မှာ နေရတဲ့ ငါးမိနစ်ပါ (five minutes underwater)” ပါတဲ့ ခင်ဗျား။ ဘယ်လောက် မွန်းကြပ်ခဲ့ရသလဲဆိုတာကို ထိထိမိမိ ဖော်ကျူးလိုက်တာဘဲ။

ဘာရယ်မဟုတ်ပါဘူး။ ထုံးစံအတိုင်း ကိုအင်ဒီဘလော့ဂ်မှာ သွား သွားဖတ်ပြီး သူနောက်ဆုံးတင်ထားတဲ့ “မတောက်လိုက်ရသော Old Frame များ” တနည်း “မိန်းမပိုးနည်း နိဿရည်း” ကိုဖတ်ရတဲ့အခါ “ဂေါက်ခံရဦးမယ်” ဆိုတဲ့နေရာရောက်တော့ မဆီမဆိုင် ရီးဒါးစ်ဒိုင်ဂျက်စ်အဟောင်းတအုပ်မှာပါတဲ့ အထက်က ပုံပြင်လေးကို သွားသတိရမိလို့ပါ။

အခု ကျနော်ကိုပေါလည်း အိမ်ထောင်ကျတာ ရှစ်နှစ်နီးပါးရှိပြီဆိုတော့ “ဒီရှစ်နှစ်တာ ကာလဟာ 8 minutes underwater” လို့ ဆိုရမယ်ထင်တယ်။ အောက်ဆီဂျင်အပြည့်နဲ့ ရေအောက်ကမ္ဘာကို ပျော်ပျော်ရွှင်ရွှင် စကူးဘားဒိုက်ဗင် ငုပ်ကြည့်နေတယ်လို့ အောက်မေ့ပါ။ ခင်ညားတို့ကလဲ။ (ဤသို့လျှင် ဆရာအင်ဒီ့နည်းတူ “ဂေါက်” ခံရမည့်ဘေးမှ လွတ်အောင် ကြံဖန်ရေးရပါသည်။)

ဒီလိုပါဘဲ၊ တွေးကြည့်ရင် မြန်မာပြည်ကြီးလည်း အာဏာရှင်လက်အောက်မှာ (မဆလခေတ်ကို ထည့်မတွက်ရင်တောင်) ကျရောက်နေတာ အနှစ်နှစ်ဆယ်ပြည့်ခဲ့ပြီးပြီ။ ကျနော့်တို့ ပြည်သူတွေအဖို့တော့ အောက်ဆီဂျင်မပါဘဲ ရေအောက်မှာ မွန်းကြပ်နေရတာ ကြာခဲ့ပြီပေါ့။ အားလုံးလည်း အင်အားကုန်ခန်း နွမ်းလျလို့ နေမှာ အသေအချာပါဘဲ။

ဒါပေမယ့် အားမရှိလို့ မတွန်းလှန်ရတော့ဘူးလား။ အဲသည်လို နွမ်းလျ၊ မွန်းကြပ်နေခြင်းသည်ပင် အာဏာရှင်ကို ဆန့်ကျင်လိုစိတ်တွေ တဖွားဖွားပေါ်ပေါက်လာစေဘို့ အခြေခံတွန်းအားပါဘဲ။

စကားပုံတခုရှိတယ်။

"A journey of a thousand miles starts with a single step"

မိုင်တထောင်ချီတဲ့ခရီးကို ခြေတလှမ်းနဲ့ အမြဲစရတယ်...ဆိုတဲ့ စကားပုံပါ။ ခြေတလှမ်းမှ စမလှမ်းဘဲနဲ့တော့ အိမ်ထဲက အိမ်ပြင်တောင် ရောက်မယ်မထင်ဘူး။

တချို့လည်း အချီကြီးကြံရင်းနဲ့ မိုးစုန်းစုန်းချုပ်သွားတာမျိုးတွေရှိမယ်။ အနှစ်နှစ်ဆယ်ကြာလို့လည်း အားမလျော့လိုက်ပါနဲ့။ ဒီလိုသာ ဈေးတွက်တွက်ကြကြေးဆိုရင် လေးအသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့ရတဲ့ ကျနော်တို့ကိုးကွယ်နေတဲ့ ဗုဒ္ဓကို အားနာဘို့ အရမ်းကောင်းနေပါပြီ။

တကယ်တော့ အနှစ်နှစ်ဆယ်ဆိုတာ စနစ်တခုပြောင်းလဲဘို့ ကြိုးစားရာမှာ ကြာလှတယ်လို့ မဆိုနိုင်ပါဘူး။ အစဦးပိုင်းမှာ ကြိုးစားသူတွေအနေနဲ့ ပေးဆပ်ရတာတွေတော့လည်း ရှိမှာပေါ့။

ဒီတော့ အာဏာရှင်စနစ်အောက်မှာ မွန်းကြပ်စွာ မနေချင်ဘူးဆိုရင်၊ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်ဘို့ဆိုရင် မိမိတို့ကိုယ်တိုင်က မိမိတို့ကို ရစ်နှောင်နေတဲ့ အကြောက်တရားရဲ့ နှောင်ဖွဲ့မှုအောက်ကနေ ပထမဦးခြေလှမ်းအနေနဲ့ ရုန်းထွက်လိုက်ကြစို့လား။
Read more

“လေသေနတ်ပစ်ခြင်း နှင့် အပေါက်ဖာခြင်း”

ရေးသူ- စိုးသီဟ

(ကိုပေါ၏မှတ်ချက်။ ။မြန်မာ့အရေးလှုပ်ရှားသူများအပေါ် စင်္ကာပူအစိုးရ မျက်မာန်ရှလေသည့်အတွက် ကမ္ဘောဒီးယားတွင် အခိုက်အတန့် တည်းခိုနေရသော မျိုးချစ်မြန်မာတယောက်ဖြစ်သူ ကိုစိုးသီဟ ရေးသားသည့် ဆောင်းပါးအား ကျနော်၏ ဘလော့ဂ်တွင် အပြည့်အစုံ မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။)

ကျွန်တော်သည် ကိုပေါ ပြောခဲ့ဘူးတဲ့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ လူတစ်ယောက်ပါ။ အခုတော့ ဆံပင်ညှပ်ဖို့ ချွေတာရင်းနဲ့ သူပြောသလို ကတုံးဆံပင်ပေါက် မဟုတ်တော့ပါဘူး။

စကားနည်းနည်းပြောချင်တာနဲ့ ပိတောက်ရိပ်အောက် လေလာပွားခြင်းဖြစ်ပါသည်။ ကျွန်တော့်ကို လေသေနတ်ပစ်တယ်လို့ ပြောလည်း စိတ်မဆိုးပါဘူး။ သို့ပေမယ့် လေသေနတ်ကိုတော့ မိုးပေါ်သို့ ထောင်ပစ်ခွင့်ပြုပါလို့ တောင်းဆိုချင်ပါတယ်။

ဆက်မရေးခင် ဗိုလ်ချုပ်ပြောတာလေး နားဆင်ပေးပါ။

(ပေါ့ပ်အပ်တွေ ပေါ်နေလို့ အသံဖိုင်ကို ဖြုတ်လိုက်ရပါတယ်။ ဘောလုံးပွဲမှာ ဗမာတွေ လူချတဲ့ အကြောင်း၊ ဗမာဗမာချင်းချချင်နေတဲ့အကြောင်း၊ တလွဲဆံပင်ကောင်းတဲ့ မိန့်ခွန်းပါ။..........ကိုပေါ)

ကျနော်ပြောချင်တာ တိုလိုရင်းပြောပါဆိုရင်တော့ ဖျာလိပ်ပြန်လို့ ရပါပြီ။ ပြီးသွားပါပြီ။ လေကြောရှည်ပြောပါဆိုရင်တော့ ဆက်၍ ဖတ်ပါ။ (ဘိုမူးတန်းနှင့် မှောင်ခိုတန်းတွေတော့ လူပြည့်သွားပါပြီ။ ငါးမူးတန်းတော့ လွတ်ပါသေးတယ်။)

ဆက်ရေးမှာက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပါဘဲ။ အမှန်က မဟုတ်ပါဘူး။ ပုဆိုးက ဖာဖာနေတာ မပြီးနိုင်သေးလို့ ပေါင်က ပေါ်နေတာပါ။ ပုဆိုးကို တစ်နေ့ ၃ ခါ လှည့်ဝတ်ပါသည်။

သို့သော်……..
ဖာနေရဆဲ။

ဆိုတော့ကာ…..
ဟိုတလောက ဟိုပြောပြော ဒီပြောပြောတွေ တွေ့ပြီး ကျနော် စိတ်ထိတယ်ဗျာ။ အားမရဘူးပေါ့ဗျာ။ ကိုယ့်အမြင် သူ့အမြင် ဖလှယ်တာ ကောင်းပါတယ်။ ခေါင်းစုံတော့ အမြင်စုံတာပေါ့ဗျာ။ သို့သော်ငြား ကျနော်တို့ သည့်ထက်ဘာကြောင့်များ ခြေလှမ်းများများ မလှမ်းနိုင်ရသေးတာလဲ။ ရှင်းပါတယ်၊ လေသေနတ်ပစ်ပြီး လေကုန်သွားတယ်။ ပြီးတော့ ညှိနှိုင်းပြီး ကိုယ်မှန်တယ်ထင်တာကို စုစုစည်းစည်းနဲ့ ရုပ်လုံးပေါ်အောင် မလုပ်နိုင်ကြဘူး။

ဆရာကြီးတွေများပြီး ခေါင်းရှောင်တာတွေ များနေတယ်။ ခေါင်းဆောင်တွေ ရှားပြီး၊ နောက်လိုက်သူတွေလည်း ပျောက်နေတယ်။ အပြောများပြီး အဖြစ်နည်းနေတယ်။

လေသေနတ်ပစ်ပွဲမှာ ကျနော် ကြိုက်တာကတော့ သမိုင်းကို မှီငြမ်းခြင်းဘဲ ဖြစ်ပါတယ်။ ကောင်းပါတယ်။ ကျနော်လည်း သမိုင်းဖြစ်ရပ်များမှ ကိုယ်နားလည်သလောက် ပညာယူပါတယ်။

သို့ပေမယ့် သမိုင်းနဲ့ ပတ်သက်ပြီး တွေးစရာလေး တခုတော့ ရှိတယ်။

ဥပမာဗျာ။ ကျောင်းသားတွေ ဦးဆောင်ခဲ့တဲ့ တော်လှန်ရေးတွေကို ဗိုလ်ချုပ်တို့ ကျောင်းသားခေတ်ကစလို့ပေါ့၊ လက်နက်တွေနဲ့ အာဏာစိုးတွေက ဖြိုခွင်းခဲ့ပါတယ်။ ဗိုလ်ချုပ်တို့နှောင်းပိုင်း ကျောင်းသားတော်လှန်ရေးတွေ ဘယ်တစ်ခုကမှ လွတ်လပ်ရေးရသည်အထိ အောင်မြင်မှုမရခဲ့ပါဘူး။ ဒါကို အမှီးပြုပြီး ကျောင်းသားတွေ မင်းတို့ ဆက်တော်လှန်နေလည်း အလကားဘဲလို့ ကောက်ချက်ချလို့ ရပါသလား။ သမိုင်းတစ်ခေတ်ပြောင်းခဲ့တာတွေ အများကြီးပါ။ ဂရိဘောလုံးအသင်းတောင် ယူရို ၂၀၀၄ မှာ ဖလားရသွားသေးတာဘဲ။

ဆိုတော့ကာ….
သမိုင်းကို သမိုင်းဖတ်သူတွေက နည်းအဖုံဖုံ၊ ဒေါင့်အဖုံဖုံနှင့် မှတ်ယူလို့ ရပါတယ်။ သမိုင်းကိုလည်း သမိုင်းပြုစုသူတွေက နည်းအဖုံဖုံ၊ ဒေါင့်အဖုံဖုံနဲ့ ရေးသားလို့ ရပါတယ်။

ဒီတော့…..
ဘာအရေးကြီးလဲဆိုတော့ ကိုယ်ဘဲမဟုတ်လား။ ကိုယ်ဘဲ လက်ရှိသမိုင်းတွေနဲ့ အနာဂတ်သမိုင်းတွေကို ကိုယ်ဘဲရေးမှာ မဟုတ်ဘူးလား။ ကိုယ်ရေးတဲ့ သမိုင်းဟာ အဓိက အကျဆုံးဖြစ်မှာပါ။

ဒီတော့……
ကိုယ့်ကိုယ်ကို မေးပါ။ ကိုယ်က ဘာလုပ်မှာလဲ။ ကိုယ်ဖြစ်ချင်တာကို သူများတွေ ယုံကြည်ပြီး လိုက်လုပ်အောင် ကိုယ်က အရင်ဆုံး ဦးဆောင်လုပ်ပြဘို့ လိုပါတယ်။ ဒီလိုမှဘဲ ခေါင်းဆောင်ကောင်းဖြစ်ပြီး နောက်လိုက်ကောင်းတွေလည်း များလာမှာပါ။ ကိုယ်က ခေါင်းဆောင်လည်း မလုပ်ချင်ဘူး။ နောက်လိုက်လည်း မလုပ်ချင်ဘူးဆိုရင်တော့ အကြံပေးလုပ်လို့တော့ ရနိုင်ပါသေးတယ်။

အကြံပေးဆိုတာကတော့ နည်းပြပေါ့ဗျာ။ ဘေးထိုင်ပြီးတော့ “ဘေးထိုင်နေတော့ ငါပိုမြင်တယ်၊ ငါအကြံပေးနိုင်တယ်”လို့ ပြောဖို့မသင့်ပါဘူး။ ဖတ်ဖူး၊ မှတ်ဖူးလေးတွေနဲ့ အကြံပေးကောင်းတယောက်လည်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အကြံပေးကောင်းတယောက်ဖြစ်ဘို့ သမ္ဘာရင့်ပြီး၊ ကိုယ်အကြံပေးမယ့်အဖွဲ့ရဲ့ လေးစားမှု၊ ယုံကြည်မှုတွေ အများကြီးလိုမယ်ထင်ပါတယ်။ ပြီးတော့ အဖွဲ့နှင့် အကြံပေး ကံကြမ္မာ အနည်းဆုံး ထပ်တူထပ်မျှပေါ့ဗျာ။

ဥပမာဗျာ။ ဘောလုံးအသင်းနည်းပြ တစ်ယောက်ဖြစ်ဘို့ ရှိသင့်ရှိထိုက်တဲ့ နည်းပြလက်မှတ်လိုသလိုပေါ့။ ထိုနည်းတူ နည်းပြတစ်ယောက်က ဘောလုံးအသင်းရဲ့ လေးစားမှု၊ ယုံကြည်မှုတို့ လိုတာပေါ့။ ပြီးတော့ ကိုယ့်ရဲ့ နည်းဗျူဟာအတိုင်း ကစားတဲ့ အသင်းရဲ့ အနိုင်၊ အရှုံးကို တာဝန်ယူရဲရမှာပေါ့။ အသင်းကို နည်းပြတာဝန်မယူဘဲနဲ့ ဟိုလို ကစားသင့်တယ်၊ ဒီလိုကစားသင့်တယ် လို့ ၀ိုင်းပြောနေရင်တော့ ဝေဖန်ရေးသမားဘဲ ဖြစ်သွားမှာပေါ့၊ ဝေဖန်တဲ့အထဲမှာ ကောင်းတာလေးတွေတော့ ရှိပါတယ်။ သို့သော်ငြား ပွဲပြီးမှ ဝေဖန်တာထက် ပွဲမပြီးခင် ဝေဖန်အကြံပေးတာဆို ပိုကောင်းလေမလားလို့။ ကြိုတင်ဝေဖန် အကြံပေးတာတွေသာ ဆက်တိုက်များ မှန်လိုက်လို့ကတော့ အဲသည်လူကို နည်းပြကိုယ်တိုင်က သူ့ရဲ့အကြံပေးလုပ်ခိုင်းလောက်ပါတယ်။

ဆိုတော့ကာ….
လေသေနတ်ပစ်ချင်လည်း ပွဲမစခင်ပစ်ပြီး၊ ကိုယ်နှင့် သဘောထားတိုက်ဆိုင်သူများ စုစည်းပြီး ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်ချက်အပြည့်နဲ့ တိုင်းပြည်လွတ်လပ်ရေးအတွက်ဖြစ်စေ၊ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက်ဖြစ်စေ ပြုလုပ်သင့်ပါတယ်။ နောက်လိုက်ကောင်းအဖြစ်သော်လည်းကောင်း၊ ခေါင်းဆောင်ကောင်းအဖြစ်သော်လည်းကောင်း၊ အကြံပေးအဖြစ်သော်လည်းကောင်း ညီညီညွတ်ညွတ် ကိုယ့်ရည်မှန်းချက်ပန်းတိုင်သို့ ရောက်အောင် လုပ်သင့်ပါတယ်။

ထိုသို့လုပ်မှသာလျှင် ကိုယ်နှင့် နည်းဗျူဟာမတူသော်ငြား ရည်မှန်းချက်ပန်းတိုင်တူသည့် အဖွဲ့များအား နားလည် လေးစားနိုင်ပါမယ်။ ဤနားလည်လေးစားမှုတို့ဖြင့် နည်းဗျူဟာမတူ အဖွဲ့များကြား အချင်းချင်း ရိုင်းပင်းကူညီပြီး အတူတူ လက်တွဲပြီး ရည်မှန်းချက် ပန်းတိုင်သို့ ချီတက်နိုင်ပါမည်။

မည်သည့်နည်းဗျူဟာသည် အကောင်းဆုံးလဲဟု သည်အချိန်မှာ မည်သူမျှ မပြောနိုင်ကြပါ။ သို့သော် ကိုယ့်နည်းဗျူဟာ၊ ကိုယ့်ခံယူချက်နှင့်အတူ ယုံကြည်ချက်အပြည့်ဖြင့် ဗိုလ်ချုပ်ပြောခဲ့သည့်အတိုင်း ရှုံးမည်ထင်သည်ဖြစ်စေ၊ နိုင်မည်ထင်သည်ဖြစ်စေ၊ မလျှော့တမ်း ဇွဲနဲ့ သွားသင့်ပါသည်။ အကောင်းဆုံးသည် နည်းဗျူဟာပေါင်းစုံဖြင့် အချင်းချင်းနားလည်လေးစားပြီး စည်းစည်းရုံးရုံး မလျှော့တမ်း ဇွဲနှင့် သွားခြင်းဘဲလို့ ယုံကြည်ပါသည်။

အဆုံးအဖြတ် တိုက်ပွဲကြီးဆိုသည်မှာ ရှေ့တိုက်ပွဲလေးပေါင်းများစွာမှ အင်အားများ၊ အတွေ့အကြုံများ စုပြီးမှ မလျှော့တမ်း ဇွဲနှင့် ဆက်တိုက်မှသာလျှင် ဖြစ်နိုင်သည်ဟု ယုံကြည်ပါသည်။ အဆုံးအဖြတ် တိုက်ပွဲကြီးတွင်လည်း မလျှော့တမ်းဇွဲနှင့် တိုက်မှသာလျှင် အောင်နိုင်မည်ဟု ယုံကြည်ပါသည်။

ဘာမှမလုပ်ဘဲ ဟိုပြော၊ ဒီပြော ဆိုလျှင်တော့ ဘာမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။ အဆုံးအဖြတ်တိုက်ပွဲကြီးလည်း အလိုလို ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပါ။ တစ်ဦးတစ်ယောက်တည်းနှင့် လုပ်လို့မရပါ။ အဖွဲ့တစ်ဖွဲ့တည်းနှင့် လုပ်လည်း မဖြစ်နိုင်ပါ။ နည်းဗျူဟာပေါင်းစုံ အဖွဲ့ပေါင်းစုံ စည်းစည်းလုံးလုံး လုပ်မှသာ ဖြစ်နိုင်မည်ဟု ယုံကြည်ပါသည်။

ဆိုတော့ကာ….
တိုင်းပြည်လွတ်လပ်ရေးအတွက်ဖြစ်စေ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက်ဖြစ်စေ၊ လေထဲ တိုက်အိမ်ဆောက်နေမည့်အစား နောက်လိုက်ကောင်းအဖြစ်သော်လည်းကောင်း၊ ခေါင်းဆောင်ကောင်းအဖြစ်သော်လည်းကောင်း၊ အကြံပေးကောင်းအဖြစ်သော်လည်းကောင်း၊ ထိထိရောက်ရောက်လုပ်ကြည့်ပါ။ လုပ်ကြည့်မှ သဘောပေါက်မည်။ သဘောပေါက်မှ နားလည်ပေးနိုင်မည်။ နားလည်ပေးနိုင်မှ ပူးတွဲပြိး စည်းစည်းလုံးလုံး လုပ်နိုင်မည်။ စည်းစည်းလုံးလုံး လုပ်နိုင်မှ အမှန်အကျိုးရှိမည်။

သို့မှသာ….
အပေါက်ဖာလို့ ပြီးမည်ဟု ယုံကြည်ပါသည်။

နိဂုံးအနေဖြင့် တိုင်းပြည်လွတ်လပ်ရေးအတွက်ဖြစ်စေ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက်ဖြစ်စေ၊ နိုင်ငံရေးအရသော်လည်းကောင်း၊ အမျိုးသားရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း၊ အမျိုးမျိုးအဖုံဖုံ ပင်ပန်းအနစ်နာခံကာ ကိုယ့်ဘ၀ကို စတေးပြီး ကြိုးစားနေသူအားလုံးကို အလေးပြုပါသည်။ မလျှော့တမ်း ဇွဲနှင့်ဆက်၍ လုပ်ကြမည်ဟု ယုံကြည်ပါသည်။

အချိန်ရှိသေးရင်တော့ ဗိုလ်ချုပ်ပြောခဲ့တာလေးတွေနဲ့ ရောထားတဲ့ အနာဂတ် မျိုးဆက်သစ်များ၏ သီချင်းအား နားဆင်ခံစားပေးပါ။

(အနာဂတ်မျိုးဆက်သစ်များရဲ့ သီချင်းစာမျက်နှာမှာ သွားရောက်နားဆင်ပါရန်)

စာရေးသူမှတ်တမ်း။ ။ စင်္ကာပူရှိ မျိုးချစ်မြန်မာများအနေဖြင့် ရှုံးမည်ထင်သည်ဖြစ်စေ၊ နိုင်မည်ထင်သည်ဖြစ်စေ၊ ယခုအချိန်အထိ တစ်သွေးတည်း ယုံကြည်ချက်အတွက် မားမားမတ်မတ် ရပ်တည်နေခြင်းအား အထူးလေးစားကြောင်း အမှတ်ပြုပါသည်။

အဓမ္မသည် အနိစ္စ၊ ဓမ္မသည် အနန္တ။

စိုးသီဟ

Read more

“မျိုးချစ်မြန်မာများနှင့် ဗလောင်းဗလဲ စင်္ကာပူ”

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက စင်္ကာပူနိုင်ငံ အော့ချာ့ဒ်လမ်းမပေါ်မှာ မြန်မာတွေ ဆန္ဒပြတော့ စင်္ကာပူအစိုးရအာဘော် စထရိတ်စ်တိုင်းမ်စ် သတင်းစာကြီးရဲ့ ခေါင်းကြီးသတင်းမှာ စာလုံးမဲကြီးတွေနဲ့ ဖော်ပြပုံက “စင်္ကာပူမှာ မြန်မာ့အရေးလှုပ်ရှားသူတွေဟာ အင်မတန် စည်းကမ်းသေ၀ပ်ပြီး ဥပဒေ လိုက်နာတယ်” ဆိုဘဲ။ ပုံ(၁) ကိုကြည့်ပါ။ အကြီးချဲ့မြင်ချင်ရင် ပုံပေါ်မှာ ကလစ်ခေါက်ပါ။

ပုံ (၁)

စင်္ကာပူအာဏာပိုင်တွေအဖို့ ဒီလိုပြောရခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒေါက်တာချီးတို့ အတိုက်အခံပါတီ ဆန္ဒပြတာကိုတော့ “ငြိမ်းချမ်းမှုမရှိဘူး၊ ဥပဒေ မလိုက်နာဘူး”လို့ အပုပ်ချချင်ဇောကြီးနေခဲ့တာကိုး။ စင်္ကာပူရဲက အဲဒီတုန်းက ဟောသလိုတောင် ထုတ်ပြန်ချက်ထဲမှာ ထည့်ရေးလိုက်သေးတယ်။ "...in contrast to Chee's acts of civil disobedience, Singaporeans and Myanmar nationals in Singapore have organised themselves to express their sentiments and concerns for the Myanmar situation in a lawful manner." နောက်ပြီး အဲဒီတုန်းက မြန်မာ့အရေးက အပြည်ပြည်ဆိုင်ရာမှာ ရေရေလည်လည် အာရုံစိုက်ခံနေရတဲ့အချိန်။ စင်္ကာပူက အာဆီယံရဲ့ ဥက္ကဋ္ဌလည်း ဖြစ်နေတုန်းအချိန်။ (ဒါတောင်မှ စင်္ကာပူရဲတွေက ဆန္ဒပြပွဲမှာ ပါတဲ့ မြန်မာတွေကို အိုင်စီတွေ ထုတ်ပြခိုင်းပြီး နာမည်မှတ်ပြီး ရဲစခန်းကို ဆင့်ခေါ်စစ်မေးမှုတွေ လုပ်ခဲ့သေးတာ။)

ဟော....အခု တနှစ်လောက်ကြာလို့ စင်္ကာပူက အာဆီယံဥက္ကဋ္ဌရာထူးကို လွှဲပြောင်းပေးပြီးချိန်လဲရောက်ရော၊ ဒေါက်တာချီးကို အပုပ်ချစရာအထူးတလည် အကြောင်းမရှိတော့တဲ့အခါ မြန်မာ့အရေးလှုပ်ရှားသူတွေကို နှိပ်ကွပ်ဘို့ အလှည့်ရောက်လာခဲ့ပါတယ်။ အဲဒီအခါမှာ အရင်က ပြောခဲ့တဲ့ စကားတွေကို ပြန်မျိုပြီး စထရိတ်စ်တိုင်းမ် သတင်းစာမှာဘဲ ဟောသည်လို ဗလောင်းဗလဲ ပြောပြန်တယ်ခင်ဗျ။
“မြန်မာ့အရေးလှုပ်ရှားသူတွေဟာ ဥပဒေအထက်မှာ နေချင်တိုင်း နေလို့မရဘူး” လို့ ဆိုလာပြန်တယ်။ ပုံ(၂) ကို ရှုစားပါ။ ကွယ်....အမျိုးမျိုးဘဲ။ စိတ်ညစ်ရပါလားနော်။

ပုံ (၂)

အံမယ်....စင်္ကာပူအစိုးရက ဗီဇာလက်နက်ကို ကိုင်ပြီး မြန်မာ့အရေးလှုပ်ရှားသူတွေကို နှိပ်ကွပ်ဘို့ ကြိုးစားတယ်ခင်ဗျ။ အဲဒါကို မြန်မာ့အရေးလှုပ်ရှားသူတွေက ငြိမ်မခံဘဲ ပြီးခဲ့တဲ့ သောကြာနေ့ (သြဂုတ်လ ၂၂ ရက်နေ့က) သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး စင်္ကာပူအစိုးရရဲ့ မသမာတဲ့လုပ်ရပ်ကို ဖော်ထုတ်ခဲ့ကြတယ်။ အဲဒီနေ့က စထရိတ်စ်တိုင်းမ်စ် နဲ့ တူးဒေး သတင်းစာတွေက သတင်းထောက်တွေလည်း လာတက်ပါတယ်။ မေးခွန်းတွေလည်း အများကြီးမေးသွားတယ်။ ဒါပေမယ့် နောက်တနေ့ သတင်းစာထဲမှာတော့ သတင်းစာရှင်းလင်းပွဲက အကြောင်းအရာတွေ အမြင်တွေ တလုံးတပါဒမှ မဖော်ပြဘဲ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက အမြင်နဲ့ သဘောထားတွေကိုဘဲ တဖက်သတ်ဖော်ပြခဲ့တယ်။ အံမယ်မယ်....သတင်းဋ္ဌာနတွေ တခုမှ လာမတက်သယောင်လဲ ရေးလိုက်သေးတယ်။ စထရိတ်စ်တိုင်းမ်စ်နဲ့ တူဒေးက သတင်းဌာနမဟုတ်လို့ ဘာလဲကွယ်။ ကိုယ့်ကိုယ်ကို မီဒီယာလို့တောင် မသတ်မှတ်တော့ဘူးထင်ပါရဲ့။ မီဒီယာမဟုတ်လို့ အစိုးရလက်ပါးစေ၊ လက်ကိုင်တုတ်တွေလားဟင်လို့တောင် မေးချင်လာပြီနော်။

အဲဒီ...ပြည်ထဲရေးဝန်ကြီးဌာနက ပြောတာတခုရှိသေးသဗျ။ မြန်မာ့အရေးလှုပ်ရှားသူတွေကို ရဲတွေက အကြိမ်ကြိမ် သတိပေးပေမယ့် ဥပဒေကို ချိုးဖောက်မြဲ ချိုးဖောက်တယ်ဆိုတဲ့ သဘောမျိုးပြောသေးတယ်။ ရဲက တရားဝင် စာနဲ့ ပေနဲ့ သတိပေးတာ တခါဘဲ ရှိပါတယ် အရပ်ကတို့ရေ။ နောက်ပြီး အဲသည်လို သက်ညှာစွာ သတိပေးတာကိုဘဲ မြန်မာ့အရေးလှုပ်ရှားသူတွေက ကျေးဇူးတင်ရကောင်းမှန်းမသိဘူးဆိုတဲ့ လေသံမျိုးပြောသေးတယ်။ သတိပေးပြီးတဲ့နောက် ဘာမှလည်း ထပ်ပြီးမချိုးဖောက်ရသေးဘဲနဲ့ ဗီဇာလက်နက်ကို ထုတ်သုံးတာ သွေးရိုးသားရိုးသက်ညှာတာလို့ ယူဆရမယ်လားကွယ်။ လူတွေကို ဥပဒေ ချိုးဖောက်လို့မဟုတ်ဘဲ၊ အရည်အချင်းမပြည့်မီလို့မဟုတ်ဘဲ၊ တခြားဘာအကြောင်းမှ မဟုတ်ဘဲ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် စင်္ကာပူအစိုးရက အရေးယူတယ်ဆိုတာ ဘွားဘွားကြီးပေါ်လာတဲ့အခါမှာ သူတို့ နိုင်ငံသားတွေကိုယ်၌က မခံနိုင်ပြီး ဘလော့ဂ်တွေမှာ အွန်လိုင်းမီဒီယာတွေမှာ ရေးလာ ဝေဖန်လာကြတယ်။ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာလည်း မြန်မာ့အရေးလှုပ်ရှားသူတွေအပေါ် စင်္ကာပူအစိုးရရဲ့ ကိုင်တွယ်ပုံဟာ ထောက်ပြစရာ၊ ဝေဖန်စရာဖြစ်လာတယ်။

အရင်တုန်းကဆိုရင် စင်္ကာပူအစိုးရရဲ့ လက်သုံးစကားက ဗီဇာကို စဉ်းစားရာမှာ တဦးချင်း အရည်အချင်းအလိုက် စဉ်းစားတယ်ဆိုတာမျိုး ပြောလေ့ရှိတယ်။ အခုတော့ နောက်ဆုံးဖြေကြားချက်မှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် နှိပ်ကွပ်တယ်ဆိုတာ အထင်းသားပေါ်လာတော့တယ်။ ကျနော်တို့ရဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်း ရည်ရွယ်ချက်က အထမြောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဖော်ထုတ်ချင်တာကို ဘူးပေါ်သလိုပေါ်အောင် ဖော်ထုတ်လိုက်နိုင်လို့ဘဲ။ ကျနော်တို့ရဲ့ မီဒီယာထုတ်ပြန်ချက်ကို ဒီမှာ ကြည့်နိုင်ပါတယ်။

သြော်....စကားစပ်မိလို့ ပြောရရင်...... ဒီလို မီဒီယာမှာ ဖွင့်ချပြီး တိုက်မယ်လုပ်တော့ တက်ကြွစွာလှုပ်ရှားသူတွေထဲမှာကို တချို့တလေလည်း နောက်ကို ဆုတ်သွားရှာတယ်ခင်ဗျ။ သူတို့ရဲ့ သဘောက စင်္ကာပူအစိုးရကို လူသိရှင်ကြား ခြေသလုံးဖက်တောင်းပန်ချင်တာ မျိုးပေါ့ဗျာ။ ဒါပေမယ့် အမာခံအများစုရဲ့ သွေးကနီလို့ တော်ပါပေရဲ့။ သူတို့ဟာ သတင်းစာရှင်းလင်းပွဲ လုပ်လိုက်ခြင်းဖြင့် စင်္ကာပူအစိုးရရဲ့ မျက်မာန်တော်ရှတာကို ခံရပြီး အမြန်ဆုံးတိုင်းပြည်က ထွက်သွားနိုင်တာကို သိသိနဲ့ မိမိတို့ လုပ်သင့်လုပ်ထိုက်တဲ့အတိုင်း အဖြစ်မှန်ကို ဖော်ချပြီး တိုက်ခဲ့ကြတာဘဲ။ ဒီလိုတိုက်ရတာက နောင်လာနောက်သားတွေကို ဗမာ့သွေးဆိုတာ ရဲရဲနီတယ်။ နေထိုင်ခွင့်သက်တမ်းလေးတခုကျဘို့အတွက်၊ ဘ၀မှာ သက်တောင့်သက်သာနေနိုင်ရုံလေးအတွက် မတရားမှုကို ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓါတ်ကို နောင်မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းချင်လို့ဘဲ ဖြစ်ပါတယ်။ အခုတော့ ကံအားလျော်စွာဘဲဖြစ်ဖြစ်၊ စင်္ကာပူအစိုးရရဲ့ ကစားကွက်ကြောင့်ဘဲဖြစ်ဖြစ်၊ သတင်းစာရှင်းလင်းပွဲရဲ့ အကျိုးဆက်ကြောင့်ဘဲဖြစ်ဖြစ် တချို့သော လှုပ်ရှားသူတွေရဲ့ ဗီဇာတွေ ပြန်ကျတယ်လို့ သိရတယ်။ မတရားမှုကို ဒူးမထောက်ဘဲ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့တဲ့ ညီအကိုတွေ၊ ညီမတွေကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ဒီပို့စ်ကနေ ပြောလိုက်ပါရစေ။

သတင်းစာရှင်းလင်းပွဲမှာ မျိုးမြင့်မောင်ကို အောက်က သတင်းထောက်တွေက မေးတယ်။ လုပ်ခဲ့သမျှကို နောင်တ ရမိသလား ဆိုတဲ့မေးခွန်း။ အဲဒီမေးခွန်းကို မျိုးမြင့်မောင် ပြန်ဖြေပုံအရမ်းကောင်းတယ်။ နားထောင်နေတဲ့ စင်္ကာပူလူမျိုးတွေ အရမ်းသဘောကျပြီး သူတို့ရဲ့ ဆောင်းပါးတွေမှာ အခုလို စာလုံးမဲနဲ့တောင် ဖော်ပြကြတယ်။

Then asked if the Burmese regretted their actions, Marc replied on behalf of those affected that if they ever regretted what they did, they would be sitting quietly at home repenting rather than going public with their difficulties.

ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲကို စထရိတ်စ်တိုင်းမ်စ်နဲ့ တူဒေးမှာ ဖော်ပြပေးခြင်းမရှိတော့ မှတ်တမ်းတင် ရုပ်ရှင်ကို အပြည်ပြည်ဆိုင်ရာက ကျနော်တို့ မိတ်ဆွေများကတဆင့် ယူကျုမှာ တင်ပေးပါလိမ့်မယ်။ နောက်တော့ ကျနော် လင့်ခ် ပေးပါမယ်။

အခုလို လှုပ်ရှားသူအချို့ကို ဗီဇာချပေးလိုက်ရုံနဲ့ ဒီတိုက်ပွဲဟာ ပြီးဆုံးသွားပြီလို့ ကျနော်တို့မယူဆပါဘူး။ ဒီလောက်လည်း မရိုးရှင်းပါဘူး။ ကျနော်တို့အားလုံး သတိအပြည့်နဲ့ စည်းစည်းလုံးလုံး ဆက်တိုက်ရမယ့် ပွဲဆိုတာကို အားလုံးနားလည်သဘောပေါက်ထားကြပါတယ်။ စင်္ကာပူမှာ ကျနော်တို့ ရှိနေသရွေ့ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့ ပြုလုပ်မြဲ လှုပ်ရှားမှုတွေကိုလည်း နောက်မတွန့်ဘဲ ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။

အခုလောလောဆယ်တော့ ရဲရဲတောက် တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ ရဲဘော်တွေ ရဲမေတွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ မိုဃ်းဇော်ရဲ့ ကဗျာတပုဒ်ကို ကူးယူဖော်ပြလိုက်ပါတယ်။ ကဗျာဖတ်ရန် ပုံပေါ်မှာ ကလစ်ခေါက်ပါ။


ပူးတွဲဖတ်ရှုသင့်သော အင်္ဂလိပ်ဘာသာဆောင်းပါးများ
(၁) Flip flop by the police: Are Burmese activists in Singapore keeping within the law or not?
(၂) When the police become politicians...
Read more

“စင်္ကာပူအစိုးရက မြန်မာအတိုက်အခံများအား နှင်ထုတ်ခြင်း”

(စင်္ကာပူနိုင်ငံသား အလွတ်ဆောင်းပါးရှင် Alex Au (www.yawningbread.org) ရေးသားသော ဆောင်းပါးကို တိုက်ရိုက် ဘာသာပြန်ဆိုပါသည်။)

(သတင်းစာရှင်းလင်းပွဲ (၀ဲမှယာ) ကိုသူရိန်ဝင်း၊ မငွေဇင်စိုး၊ ကိုမျိုးမြင့်မောင်)

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက စင်္ကာပူရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ဂ်ျယိုး ဦးဆောင်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းကို “ရွှေဝါရောင်တော်လှန်ရေးအတွင်း အင်အားသုံးပြီး ရက်ရက်စက်စက် နှိမ်နင်းမှုကို အင်မတန် စက်ဆုတ် ရွံရှာမိကြောင်း” ထုတ်ဖော်ပြောကြားခဲ့ကြတယ်။ ပြီးတော့ စစ်အစိုးရကို “ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းနိုင်ရေးအတွက် ကြိုးပမ်းဘို့” တိုက်တွန်းခဲ့ကြတယ်။

စင်္ကာပူရဲ့ ၀န်ကြီးချုပ် လီရှန်လွန်းကလည်း တခြားအာဆီယံခေါင်းဆောင်တွေနဲ့ ပြောဆိုဆွေးနွေးခဲ့တယ်။ “ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကိုလည်း စာရေးဦးမယ်”လို့တောင် အာဆီယံရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ထည့်ပြောခဲ့တယ်။ အဲသည်တုန်းက စင်္ကာပူဟာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌပေါ့။ ဒီလို စကားလုံးပြင်းထန်တဲ့ ထုတ်ပြန်ကြေငြာချက်ဟာ စင်္ကာပူရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသားပြလိုက်တဲ့ မျှော်လင့်ဘွယ်ကောင်းတဲ့ အရိပ်လက္ခဏာတခုလို့လည်း လူတွေက တွေးထင်ခဲ့ကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ဖြောင့်မတ်ခြင်းအကြောင်းကို လေလုံးထွားလေ့ရှိတဲ့ စင်္ကာပူအစိုးရအနေနဲ့ ဒီတခါမှာရော ပြောသလို တကယ်ဘဲ ရိုးသားရဲ့လား။

ဟော…ပြီးခဲ့တဲ့ လက အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကို ထိုင်းနိုင်ငံလက်ကို လွှဲပြောင်းပေးအပ်ပြီးတာနဲ့ စင်္ကာပူရဲ့ ခွေးမြီးကောက်ကျည်တောက်စွပ်တဲ့ သဘောအမှန်က ဘွားကနဲ ပေါ်လာခဲ့တော့တယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ နာမည်ပျက်နေတဲ့ စင်္ကာပူရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရာကျတဲ့ လုပ်ရပ်လည်းဖြစ်တယ်။ အဲဒါကတော့ အပေါင်းပါ ပုလင်းတူဗူးဆို့ အာဏာရှင်အစိုးရတရပ်ကို ဆန့်ကျင်နေသူ၊ စည်းရုံးလှုပ်ရှားသူ မည်သူ့ကိုမဆို စင်္ကာပူအစိုးရက ဒဏ်ခတ်အပြစ်ပေးတတ်ခြင်းဘဲ။

စင်္ကာပူအစိုးရ၏ တကယ့်အယူဝါဒကတော့ “ကမ္ဘာတလွှားမှာရှိတဲ့ အာဏာရှင်တွေ စည်းလုံးညီညွတ်ကြ” ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပုံရတယ်။

ပြီးခဲ့တဲ့လက မြန်မာလူမျိုးခြောက်ယောက်ဟာ စင်္ကာပူကနေ မောင်းထုတ်ခံရတာသော်လည်းကောင်း၊ ဒါမှမဟုတ် သူတို့ရဲ့ နေထိုင်ခွင့်လက်မှတ်တွေကို သက်တမ်းတိုးတဲ့အချိန်မှာ ငြင်းပယ်ခြင်းခံရတာသော်လည်းကောင်း ကြုံတွေ့ကြရပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ စင်္ကာပူ လူဝင်မှုကြီးကြပ်ရေးဌာနဟာ မည်သည့်အကြောင်းပြချက်ကိုမျှမပေးပါဘူး။ ဒီလို ရေငုံနှုတ်ပိတ်နေခြင်းကြောင့်ပင်လျှင် အစိုးရမှာ မကောင်းတဲ့ အကြံအစည်တခုရှိနေလို့… လို့ မှတ်ယူလို့ ရပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ “ဒီလို အလုပ်ခံရတဲ့လူတွေမှာ တူညီတဲ့ အချက်တွေ ရှိတယ်” လို့ မျိုးမြင့်မောင်က ပြောကြားခဲ့တယ်။

ခြောက်ယောက်စလုံးဟာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို စင်္ကာပူရဲက တောင်းယူ မှတ်သားခြင်းခံခဲ့ရတယ်။ ဒီဖြစ်ရပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ မြန်မာအဖွဲ့အစည်းကနေဦးဆောင်ပြုလုပ်ခဲ့တဲ့ တခု သို့မဟုတ် တခုထက်ပိုသော လှုပ်ရှားမှုတွေမှာ ရဲက တောင်းယူမှတ်သားခဲ့တာဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာလည်း သူတို့တဦးချင်းဟာ တကြိမ်ထက်မနည်း တန်လင်းရဲစခန်းကို စုံစမ်းမေးမြန်းဘို့ ဆင့်ခေါ်ခြင်းခံခဲ့ရတယ်။

စင်္ကာပူမှာရှိတဲ့ မြန်မာလူမျိုးတွေဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ တဒါဇင်မကတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အော့ချာ့ဒ်လမ်းမပေါ် လမ်းလျှောက်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စင်္ကာပူမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကာလမှာ တန်လင်းလမ်းမပေါ်မှာ ဆန္ဒပြခဲ့ကြတယ်။ အခြေခံဥပဒေအတွက် အတုအယောင်လူထုဆန္ဒခံယူပွဲကို ကန့်ကွက်ဘို့ လက်မှတ်ရေးထိုးပွဲလုပ်ခဲ့ကြတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမတွေအပေါ်မှာ သေကြေခဲ့ရတဲ့ ရဟန်းရှင်လူတွေအတွက် မီးထွန်းဆုတောင်းပွဲတွေ လုပ်ခဲ့ကြတယ် လို့ မျိုးမြင့်မောင်က ပြောပါတယ်။ အားလုံးသော လှုပ်ရှားမှုတွေဟာ အင်မတန် ငြိမ်သက်အေးဆေးစွာ ပြုလုပ်ခဲ့ခြင်းပါ။ တချိန်တည်းမှာဘဲ အဲဒီလှုပ်ရှားမှုတွေဟာ စစ်အစိုးရရဲ့ ကောက်ကျစ်မှု၊ လူမဆန်မှုတွေအပေါ်မှာ မြန်မာနိုင်ငံသားတွေခံစားရတဲ့ နက်ရှိုင်းတဲ့ ဒေါသကို ရောင်ပြန်ဟပ်တဲ့ အဖြစ်သနစ်တွေလည်း ဖြစ်ပါတယ်။

သူ့ပညာရေးအတွက် ထောက်ပံ့ပြီး နောက်တော့ သူ့ကိုမောင်းထုတ်ခြင်း

အစိုးရက မောင်းထုတ်တဲ့ ခြောက်ယောက်အနက် တယောက်ဟာ အမှန်စင်စစ်မှာ စင်္ကာပူမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေမှာ ၃နှစ်တိတိ လုပ်ပေးပါမယ်လို့ ၀န်ခံကတိနဲ့ ပညာရေးဝန်ကြီးဌာနက ပညာသင်စားရိတ်ထောက်ပံ့ပြီး စာချုပ်ချုပ်ဆိုထားသူ တဦးဖြစ်ပါသည်။ မောင်စိုးသီဟဟာ ဒီနှစ်မှာ စင်္ကာပူအမျိုးသားတက္ကသိုလ် (အင်န်ယူအက်စ်)က ဘွဲ့ရပြီးတဲ့အခါ စတင်အလုပ်လုပ်ဘို့ မျှော်မှန်းခဲ့ပါတယ်။

သူ့ရဲ့ ကျောင်းသားအဖြစ်နေထိုင်ခွင့်ဟာ ဘွဲ့ရတာနဲ့ ကုန်ဆုံးခဲ့ပါတယ်။ ဒါကြောင့် အလုပ်ရှာဖွေဘို့အတွက် Long Term Social Visit Pass ကို လျှောက်ထားခဲ့ပါတယ်။ ဒါဟာ သမားရိုးကျ လုပ်ရိုးလုပ်စဉ်ပါ။ “သာမန်အားဖြင့် တာရှည်အလည်အပတ်ဗီဇာရရှိထားသူများဟာ ၆ လ၊ တနှစ်တန်သည် စင်္ကာပူမှာ နေထိုင်ပြီး အလုပ်ရှာဖွေနိုင်ကြပါတယ်” လို့ မျိုးမြင့်မောင်က ပြောပါတယ်။ ဒါပေမယ့် စိုးသီဟကို ကျတော့ သူ့လျှောက်ထားချက်ကို အကြောင်းပြချက်တစုံတရာမပေးဘဲ အစိုးရက ပယ်ချလိုက်ပါတယ်။

အဲဒီအချိန်တွေနဲ့ တပြိုင်တည်းလိုလိုမှာဘဲ အဲဒီလူရွယ်ဟာ အလုပ်တခုကို အောင်အောင်မြင်မြင် ရှာဖွေရရှိသွားပါတယ်။ ဟိုင်းယောင် စက်မှုလက်မှုကုမ္ပဏီဟာ သူ့ရဲ့ ပထမဦးဆုံးအလုပ်ကို သူ့ကို ခန့်အပ်ဘို့အသင့်ဖြစ်နေပြီး သူ့အတွက် အလုပ်လုပ်ကိုင်ခွင့် (အီးပီ)ကိုလည်း အီလက်ထရွန်းနစ်လျှောက်ထားရေးနည်းစနစ်နဲ့ ချက်ချင်းလျှောက်ထားပေးပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဗီဇာသက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ့အတွက် စိုးသီဟ ဟာ စင်္ကာပူကနေ ထွက်ခွာသွားခဲ့ရပါတယ်။ ဟိုင်းယောင် က လျှောက်ထားပေးတဲ့ အီးပီဟာလည်း ယခု သီတင်းသုံးပတ်ကြာတဲ့အထိ တစုံတရာအကြောင်းမထူးသေးပါဘူး။

အခုဆိုရင် စိုးသီဟ ဟာ ကမ္ဘောဒီးယားမှာ သူ့ရဲ့ စုဆောင်းငွေပေါ်မှာ ရပ်တည်ပြီး တဖြည်းဖြည်း လုံးပါးပါးနေပြီ ဖြစ်ပါတယ်။

အလုပ်ရှင်က လိုအပ်နေတယ်။ ဒါပေမယ့် အစိုးရက “ထွက်သွား” လို့ပြောတယ်။

အလားတူဘဲ နောက်ထပ် ရယ်စရာကောင်းလောက်အောင် အဓိပ္ပါယ်မဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်ကိုတော့ လှိုင်မိုးရဲ့ ဖြစ်ရပ်မှာ တွေ့နိုင်ပါတယ်။ သူဟာ ၂၀၀၆ ခု ဇူလိုင်လကစလို့ စန်းကြူ (စင်္ကာပူ) ကုမ္ပဏီ လိမိတက်မှာ Technical supervisor အဖြစ် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ သူကိုင်ထားတဲ့ အက်စ်ပါ့စ် ဟာ နိုင်ငံခြားသား ကျွမ်းကျင်သူများအတွက် ချပေးတဲ့ နေထိုင်ခွင့်အဆင့်အတန်းတခုဖြစ်ပါတယ်။ ဒီနှစ် ဇူလိုင်လမှာ ကုမ္ပဏီက သူ့ကို ဆက်လက်အလုပ်ခန့်ထားလိုတဲ့အတွက် သူ့ရဲ့ အက်စ်ပါ့စ်ကို သက်တမ်းတိုးဘို့ လျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီလျှောက်ထားချက်ကိုလည်း ဖြေရှင်းချက်မပေးဘဲ ပယ်ချခဲ့ပါတယ်။

ဒါကြောင့်မို့ သူဟာလည်းဘဲ အလည်အပတ်ဗီဇာနဲ့ ခဏတဖြုတ်သာ စင်္ကာပူမှာ ဆက်လက်နေထိုင်ခွင့်ရခဲ့ပါတယ်။

လှိုင်မိုးဟာ နီအမ်း ပိုလီတက္ကနစ်မှာ စက်မှုဘာသာနဲ့ ဒီပလိုမာအတွက် အချိန်ပိုင်း ကျောင်းတက်နေသူလည်းဖြစ်တယ်။ သူ့ရဲ့ စာမေးပွဲက သြဂုတ်လ ၁၄ ရက်ကနေ ၂၄ ရက်အတွင်း ကျရောက်တယ်။ သူ့စာမေးပွဲပြီးဆုံးသည်အထိ ဗီဇာသက်တမ်းရရှိစေရန် သူဟာ လျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ လျှောက်ထားချက်ကိုလည်း အကြောင်းပြချက်တစုံတရာ မပေးဘဲ ပယ်ချခဲ့တယ်။

အခုဆိုရင် သူဟာလည်း မလေးရှားမှာ လုံးပါးပါးနေပါပြီ။

(သြဂုတ်လ ၂၂ ရက်နေ့က အိတ်ဇဲရှားဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကိုမျိုးမြင့်မောင် သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားနေပုံ)

မျိုးမြင့်မောင်ဟာ အခြားအဖြစ်အပျက်နှစ်ခုအကြောင်းကိုလည်း သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ အသေးစိတ်ပြောကြားသွားပါသေးတယ်။ အဲဒီအကြောင်းအပြည့်အစုံကို ဒီမှာ ကြည့်နိုင်ပါတယ်။

စင်္ကာပူဟာ “ပါရမီရှင်”တွေကို ရှာဖွေ ငှားရမ်းနေတုန်းဘဲ

အဲဒီ သတင်းထုတ်ပြန်ချက်မှာ မပါဝင်တဲ့ အဖြစ်အပျက်တခုကတော့ သူရိန်ဝင်းရဲ့ အဖြစ်အပျက်ပါ။ သူ အမြဲတမ်းနေထိုင်ခွင့် (ပီအာရ်) လျှောက်ထားစဉ်က ကြုံတွေခဲ့ရတဲ့ သူ့အတွေ့အကြုံကို မျှဝေဘို့အတွက် သူဟာ သတင်းစာရှင်းလင်းပွဲမှာ ရှိနေခဲ့ပါတယ်။

သူရိန်ဝင်းဟာ စင်္ကာပူက ပုဂ္ဂလိက ကုမ္ပဏီတခုမှာ တနှစ်ကျော်ကျော် နှစ်နှစ်နီးပါး လက်ထောက်အင်ဂျင်နီယာအဖြစ်နဲ့ အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ သူဟာ ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့ (အိုဘီပီ)က အမှုဆောင်အဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။

ဒီနှစ် ဧပြီလအတွင်း သူဟာ ပီအာရ်လျှောက်ထားတဲ့အခါကျတော့ စင်္ကာပူလူဝင်မှုကြီးကြပ်ရေးကနေပြီး သူ့ကို ဇွန်လမှာ အင်တာဗျူးလာတွေ့ဘို့ ဖိတ်ကြားခြင်းခံရပါတယ်။

အံ့သြစရာကောင်းတာက ဖိတ်ထားတဲ့အတိုင်းရောက်သွားတဲ့အခါမှာတော့ နှစ်နာရီခွဲ ကြာတဲ့ အင်တာဗျူးမှာ သူ့ရဲ့ ပီအာရ်လျှောက်ထားခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ သူ့ အရည်အချင်းတွေ၊ သူ့စာရွက်စာတမ်းတွေနဲ့ပတ်သက်လို့ ဘာတခုမှ အမေးမခံရပါဘူး။ အဲဒီအစား စစ်မေးတဲ့ အရာရှိနှစ်ယောက်ဟာ သူရဲ့မျိုးချစ်မြန်မာလှုပ်ရှားမှုတွေအပေါ်မှာဘဲ အထူးတလည် အာရုံစိုက်မေးမြန်းခဲ့ပါတယ်။

“သူတို့က ကျနော့်ကို မေးတယ်။ အိုဘီပီရဲ့ ခေါင်းဆောင်ဟာ ဘယ်သူလဲ၊ အဖွဲ့ဝင် ဘယ်နှစ်ယောက်ရှိသလဲ၊ ဘယ်သူတွေလဲ၊ နာမည်တွေက ဘယ်သူတွေလဲ၊ မင်းတို့ ဘယ်နေရာတွေမှာ တွေ့ဆုံ ဆွေးနွေးကြသလဲ…စသဖြင့်မေးတယ်။ ကျနော့်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေအကြောင်းကိုလည်း မေးမြန်းတယ်”

အဲဒီလိုမေးမြန်းရင်းတနေရာအရောက်မှာ သူ့အနေနဲ့ အိုဘီပီရဲ့လှုပ်ရှားမှုတွေကို သူတို့ကို ကြိုတင်သတင်းပို့နိုင်မလားလို့ မေးတယ်။ သူရိန်ဝင်းဘယ်လိုဖြေခဲ့သလဲတော့ ကျနော်မသဲကွဲပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ အစိုးရအေးဂျင့်တွေ ဘာတွေ ကြံစည်နေသလဲဆိုတာက ပိုအရေးကြီးတယ်မဟုတ်လား။

သူရိန်ဝင်းဟာ မတ်လတုန်းက စစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲနဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အခြေခံဥပဒေကို ကန့်ကွက်ဘို့ လက်မှတ်တွေကောက်ခံခဲ့တယ်။ အဲသည်လို လုပ်နေတုန်းမှာ အစိုးရအရာရှိတချို့ဟာ သူ့ကိုယ်ရေးအချက်အလက်တွေကို မေးမြန်းသိမ်းယူပြီးတော့ နောက်ဆက်တွဲ သူ့ကို ရဲစခန်းမှာ စစ်ဆေးမေးမြန်းဘို့ ဆင့်ခေါ်ခဲ့တယ်။

အဲဒီလို လှုပ်ရှားမှုအမျိုးမျိုးမှာ ပါဝင်ခဲ့လို့ ရဲကနေ ကိုယ်ရေးအချက်အလက်တွေ တောင်းယူ မှတ်တမ်းတင်ခံရတဲ့ မြန်မာအရေအတွက် အတိအကျကို မသိရပါဘူး။ ဒါပေမယ့် မျိုးမြင့်မောင်က “အရေအတွက် ၅၀” ခန့် ရှိမယ်လို့ ခန့်မှန်းပါတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုထောက်ရှုရင် အဲဒီကျန်တဲ့လူတွေလည်း အလားတူ အဖြစ်မျိုး ကြုံတွေ့နိုင်ဘွယ်ရှိပါတယ်။

တခြား သူတို့ကို လက်ခံမယ့် တိုင်းပြည်တပြည်ကို ရှာတွေ့ဘို့ဆိုတာ မလွယ်ကူပါဘူး။ ဒါဆိုသူတို့ မြန်မာပြည်ကို ပြန်သွားရမှာလား။ သူတို့ကို စင်္ကာပူကနေ ဖိအားပေးထွက်သွားစေခဲ့ရင် “စင်္ကာပူအစိုးရကိုယ်၌က တချိန်က ရှုတ်ချခဲ့တဲ့ အကြမ်းဖက်နှိပ်ကွပ်မှုမျိုးရဲ့ အန္တရာယ်ကို ဒီလူတွေ ကြုံတွေရအောင် တွန်းပို့နေတာနဲ့ အတူတူဘဲ” လို့ မျိုးမြင့်မောင်က ဆိုပါတယ်။

မျိုးမြင့်မောင်ဟာ ဒီဖြစ်ရပ်တွေကို “ပြည်နှင်ဒဏ်ပေးခြင်း (deportation)” လို့ သုံးနှုံးရာမရောက်အောင် သတိထားပြီး အထူးအလေးပေးပြောကြားသွားပါတယ်။ သူ့ထောက်ပြချက်အရ ဒီဖြစ်ရပ်တိုင်းဟာ နေထိုင်ခွင့်သက်တမ်းတိုးမပေးခြင်းသာလျှင်ဖြစ်တယ်။ စင်္ကာပူအစိုးရအနေနဲ့ ဒီကိစ္စတွေမှာ သဘောကျ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာ သူ့အနေနဲ့ ၀န်ခံတယ်။ နောက်ပြီး နိုင်ငံခြားသားတွေအနေနဲ့ စင်္ကာပူမှာ နေထိုင်ခွင့်ကို ဖိအားပေးတောင်းဆိုပိုင်ခွင့်မရှိဘူးဆိုတဲ့အချက်ကိုလည်း လက်ခံတယ်။ ဒီသတင်းစာရှင်းလင်းပွဲရဲ့ ရည်ရွယ်ချက်ဟာ ဒီဖြစ်ရပ်တွေရဲ့ လားရာ (ရေစီးကြောင်း)ကို အများသိအောင် မြှင့်တင်ပေးလိုခြင်းနဲ့ စင်္ကာပူအစိုးရအား သက်တမ်းတိုးမပေးရခြင်းရဲ့ အကြောင်းပြချက်တွေကို တောင်းဆိုလိုခြင်းဖြစ်တယ်။

တကယ်တော့ သူဟာ သံတမန်နည်းပရိယာယ်ကို သုံးနေခြင်းမျှသာဖြစ်တယ်။

ကျနော့်အနေနဲ့ကတော့ (ယောင်းနင်းဘရက်ဒ်အနေနဲ့ကတော့) စင်္ကာပူနိုင်ငံသားတဦးဖြစ်တဲ့အတွက် သံတမန်နည်းပရိယာယ်တွေဘာတွေ သုံးနေစရာမလိုဘူး။ ဒီတော့ ပေါ်တင်ဘဲ ပြောမယ်။ တကယ်တော့ ဒီအဖြစ်အပျက်တွေဟာ ပြည်နှင်ဒဏ်ပေးတာနဲ့အတူတူဘဲ။ ဒီလှုပ်ရှားသူတွေရဲ့ အသက်အိုးအိမ်ကို အန္တရာယ်ကျရောက်အောင် ပြုလုပ်လိုက်ခြင်းဖြင့် စင်္ကာပူအစိုးရဟာလည်း “နာဂစ်မုန်တိုင်းအတွင်းက အပြည်ပြည်ဆိုင်ရာအကူအညီတွေကို ဘေးဒုက္ခခံရတဲ့ ပြည်သူတွေထံပေးပို့ပေးမယ့်အရေးမှာ တားဆီးပိတ်ပင်တဲ့ မြန်မာစစ်အစိုးရလိုဘဲ” ယုတ်မာပက်စက်တဲ့ ရွံရှာစဖွယ် အစိုးရတရပ်ဖြစ်တယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်ကို ဖော်ထုတ်တဲ့လူတွေကို ဒဏ်ခတ်ခြင်းဖြင့် စင်္ကာပူအစိုးရဟာ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ လူမဆန်တဲ့၊ လူသားဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်ဖောက်ဖျက်နေတဲ့ ရာဇ၀တ်မှုတွေမှာ အလိုတူအလိုပါ ကူညီထောက်ပံ့ပေးနေရာကျတယ်။

ဒါတွင်မက အခုလို နှင်ထုတ်မှုဟာ ကိုယ်ကျင့်တရားရှုထောင့်ကကြည့်ရင် မှားယွင်းရုံ၊ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းရုံ၊ ရွံရှာစဖွယ်ကောင်းအောင် မှားယွင်းရုံမျှမက မိမိအကျိုးစီးပွား ရှုထောင့်က ကြည့်ရှုရင်လည်း မယုံကြည်နိုင်လောက်အောင် မိုက်မဲရာကျတယ်။

ဒီမြန်မာစစ်အစိုးရဟာ အမြဲတမ်း အာဏာကို ဆုပ်ကိုင်ထားနိုင်မယ်လို့ ကျနော်တို့ ထင်နေသလား။ မဖြစ်နိုင်ဘူး။ တနေ့ ဒီစစ်အစိုးရ သေချာပေါက် ပြုတ်ကျသွားပြီးတဲ့နောက်မှာ ကျွန်ုပ်တို့က နာကျင်ထိခိုက်အောင်လုပ်လိုက်တဲ့ ဒီလူငယ်လူရွယ်၊ မိန်းမငယ်တွေဟာ နောက်အစိုးရသစ်ရဲ့ တစိတ်တပိုင်းဖြစ်လာနိုင်ခြေ အတော်များပါတယ်။ အဲဒီအခါမှာ သမိုင်းရဲ့ မှားယွင်းတဲ့ ဘက်ခြမ်းမှာ ရပ်တည်ခဲ့တဲ့ စင်္ကာပူအတွက် ဘယ်လိုများ အကျိုးဖြစ်ထွန်းနိုင်ပါမလဲ။

ကျနော်တို့အစိုးရထဲမှာ ဘယ်လို မိုက်မဲတဲ့ ပုဂ္ဂိုလ်တွေများ ပါဝင်နေပါလိမ့်။

ယောင်းနင်းဘရက်ဒ်

(ဘာသာပြန်သူမှတ်ချက်။ ။ နောက်ဆုံး ယနေ့ကြားသိရသော သတင်းအရ သြဂုတ်လ ၂၂ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပါဝင်ခဲ့သော လှုပ်ရှားသူနှစ်ဦး၏ ရီအင်ထရီပါမစ်နှင့် အက်စ်ပါ့စ်တို့ကို စင်္ကာပူအစိုးရက ယနေ့တွင် သက်တမ်းတိုးပေးလိုက်ကြောင်း သိရသည်။)

မူရင်းကို ဖတ်ရန်။
Singapore shows Burmese dissidents the door

ယှဉ်တွဲ ဖတ်ရှုသင့်သော အင်္ဂလိပ်ဘာသာ ဆောင်းပါးများ။

Read more

“၀င်ကစွပ်”

ကိုပေတရာဟာ အင်မတန်ခက်တဲ့ လူတယောက်ဘဲ။ သူ့ဇာတိကတော့ ရလွတ်ပလွတ် ရွာကပါ။ မူလက အင်မတန် ဆင်းရဲတဲ့သူပေါ့။

သူဟာ တောင်ပုလုမြို့ကိုတက်ပြီး သူဌေးကြီး ဦးဘောဂအိမ်မှာ သူရင်းငှားလုပ်တယ်။ ဦးဘောဂဆိုတာက သိတဲ့အတိုင်း တောင်ပုလု မြို့မှာ ကျိကျိတက် ချမ်းသာတဲ့ သူကြွယ်ကြီးတဦးပေါ့။ တောင်ပုလုနယ်တလွှားမှာရှိတဲ့ လယ်မြေဧကပေါင်းများစွာ ပိုင်ဆိုင်သလို အနီးအနားမြို့ကြီးပြကြီးတွေက ပွဲရုံလုပ်ငန်းတွေဘာတွေမှာလည်း အစုစပ် ပါဝင်ပြီး ကြီးပွားနေတာမျိုး။

အဲဒီတော့ ဦးဘောဂ အိမ်မှာ ကိုပေတရာနည်းတူ သူရင်းငှားလာလုပ်တဲ့ ရလွတ်ပလွတ်ရွာသားတွေဆိုတာကလည်း ဘယ်မှာနည်းလို့တုန်း။ ဒါပေမယ့် တခြားသူရင်းငှားတွေနဲ့ မတူဘဲ ကိုပေတရာမှာ တမူထူးခြားနေတဲ့ အကျင့်တရပ်ရှိတယ်။ အဲဒါက ဘာမဆိုင်ညာမဆိုင် ဦးဘောဂရဲ့ ကြွယ်ဝချမ်းသာမှုကို သူက ကြားထဲကနေ ၀င် ၀င်ပြီးတော့ ဂုဏ်ယူနေတတ်ခြင်းဘဲ။

“ဟေ့....ငါတို့ သူဌေးကြီးအိမ်မှာဆိုရင် ရွှေပန်းကန်ပြားနဲ့ ထမင်းစားတာကွ၊ ရလွတ်ပလွတ်ရွာမှာဆိုရင် ဒါမျိုး စားနိုင်ဘို့ ဝေးစွ”

ကဲ.... ကြည့်ဦး။ အကြောင်းမသိရင် ဦးဘောဂ ကဘဲ သူ့ကို ရွှေပန်းကန်ပြားနဲ့ ထမင်းထည့်ကျွေးနေသယောင်ယောင်။ တကယ်တမ်းသွားကြည့်ရင်တော့ ကိုပေတရာလည်း တခြားသူရင်းငှားတွေနဲ့အတူ မြင်းဇောင်းဘေးက အဖီဆွယ်ထားတဲ့နေရာလေးမှာ စုတ်စုတ်ပြတ်ပြတ် နေရ စားရ ရှာတာပါ။

အဲ...သူဌေးဦးဘောဂဆိုတာကလည်း အင်မတန် အကျင့်ယုတ်တဲ့ လူတယောက်ပါ။ ဆင်းရဲသားတွေအပေါ်မှာ မတန်တဆ ငွေတိုးချေး၊ ပြန်မဆပ်နိုင်ရင် လယ်တွေသိမ်း၊ ယာတွေသိမ်းနဲ့ အင်မတန် ရက်စက်တဲ့ စီးပွားရေးသမား။ နောက်ပြီးတော့ လူဆိုးဂိုဏ်း၊ ဓားပြဂိုဏ်းတွေကို ဓါးလှံလက်နက် တိတ်တဆိတ်ရောင်းချပေးတာမျိုး၊ လူဆိုးခေါင်းဆောင်တွေကို တောင်ပုလုမြို့ပေါ်က တိုင်းရင်းဆေးဆရာကြီးတွေနဲ့ ဆေးဝါးကုသပေးတာမျိုး တွေလည်း လုပ်တတ် လွန်လွန်းလို့ တောင်ပုလု တမြို့လုံးကရော၊ အခြားမြို့ရွာတွေမှာပါ ဦးဘောဂရဲ့ မကောင်းတဲ့ ဂုဏ်သတင်းက မွှေးလွန်းလှတာကလား။
တချို့သူရင်းငှားတွေအနေနဲ့ ၀မ်းရေးအတွက် မတတ်သာလို့သာ ဦးဘောဂအိမ်မှာ အလုပ်လာလုပ်ရတယ်၊ တတ်နိုင်ရင် တခြားနေရာတွေမှာဘဲ သွားရောက်အလုပ်လုပ်ချင်နေတဲ့ အနေအထားမှာ ရှိကြတယ်။

ဒါပေမယ့် စောစောက ပြောသလိုပါဘဲ။ ကိုပေတရာက လူတမျိုးလေ။

“ဟေ့..... သူဌေးကြီး ဦးဘောဂ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ငါထောက်ခံတယ်။ သူ့အနေနဲ့ လူသတ်မှုတွေ၊ ဓါးပြမှုတွေမှာ ပါဝင်ပတ်သက်နေလဲ ငါဂရုမစိုက်ဘူး။ သူဟာ ငါထမင်းစားဘို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတခုကို ဖန်တီးပေးထားတယ်။ ဒီအတွက် သူ့ကို ငါကျေးဇူးတင်တယ်။ ဒါဟာ ငါ့ဘ၀ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းချက်။”

ကဲ..... ကိုပေတရာ ဆိုတဲ့လူဟာ မခက်ပေဘူးလားဗျာ။ သူ့ပတ်ဝန်းကျင်က ရလွတ်ပလွတ် ရွာသားတွေက အကျိုးအကြောင်းနဲ့ နားချပြန်တော့လည်း ကိုပေတရာက ဘူးဆိုရင် ဖရုံမသီးတတ်ဘူးလေ။ အထူးသဖြင့် သူ့မိတ်ဆွေ သမိန်ပေါသွပ်ဆိုရင် သူ့ဒဏ်ကို အခံရဆုံး။

“ဒီမှာ၊ ပေါသွပ်။ ငါ့ကို လာ တရားမချနဲ့။ လူအများရဲ့ လွတ်လပ်ခွင့်အပေါ် ဖိနှိပ်ချုပ်ချယ်သူတွေကို ငါ့အနေနဲ့ လွတ်လပ်စွာ အထင်ကြီးပိုင်ခွင့်ရှိတယ်။ ထောက်ခံပိုင်ခွင့် ရှိတယ်”

ကိုပေတရာရယ်.... ဒီလောက်တောင် လူလူချင်း အကြောက်တရားမထားစမ်းပါနဲ့ဗျာ လို့ တိုက်တွန်းတဲ့အခါမျိုးဆိုရင်....

“ဟေ့၊ ငါ့မှာ လွတ်လပ်စွာ ကြောက်ချေးပန်းပိုင်ခွင့် ရှိတယ်ကွ”

ကိုပေတရာရယ်.... ခင်ဗျားသူဌေး ခင်ဗျားအပေါ်လုပ်ပုံက မတရားလွန်းဘူးဗျာ။ ပြန်ပြောပါတော့လား...ဆိုတော့

“ဟေ့...လွတ်လပ်စွာ တိတ်ဆိတ်နေပိုင်ခွင့်၊ ခေါင်းငုံ့ခံခွင့် ရှိတယ်ကွ”

ကိုပေတရာရယ်..... ခင်ဗျားရဲ့ အတွေးအခေါ်တွေက လွတ်လပ်တဲ့ လူတယောက်ရဲ့ အတွေးအခေါ်နဲ့ မတူဘဲ၊ အတွေးအခေါ် ကျွန်စော်နံလိုက်တာဗျာ....လို့ ဆိုခဲ့ရင်...

“ဟေ့၊ လွတ်လပ်စွာ သူ့ကျွန်ခံပိုင်ခွင့်ရှိတယ်ကွ”

ကိုပေတရာရဲ့ အဆိုးရွားဆုံး အကျင့်တခုကတော့ သူ့သူဌေးရဲ့ မကောင်းမှု၊ ဒုစရိုက်တွေကို တစုံတယောက်က အကျိုးအကြောင်းခိုင်လုံစွာ ဝေဖန်ထောက်ပြလာတဲ့အခါမျိုးမှာ ဆတ်ဆတ်ထိမခံ (အကျိုးအကြောင်းမညီညွတ်ဘဲ) ပြန်လည် ဖြေရှင်းတတ်ခြင်းဘဲ။ နောက်ဆုံး အကျိုးသင့်အကြောင်းသင့် ပြန်လည် မဆွေးနွေးနိုင်တဲ့အခါမျိုးမှာ....

“ဟေ့။ လွတ်လပ်စွာ ကွဲလွဲကြတာပေါ့ကွာ” လို့ လျှောချပစ်လေ့ရှိတယ်။

နောက်ဆုံးမတော့ သမိန်ပေါသွပ်ဟာ “သခင်အားရ၊ ကျွန်ပါးဝ” စတိုင်လ် ချိုးနေသော သူ့မိတ်ဆွေ ကိုပေတရာအား စိတ်ပျက်လက်ပျက်ကြည့်လျက် တောင်ပုလုတွင် ကိုပေတရာကဲ့သို့သော ရလွတ်ပလွတ်ရွာသား ဘယ်နှစ်ယောက်များ ရှိလေမလဲဟု တွေးတောနေမိပါတော့သည်။
Read more

“သူတို့အမြင်”

(စင်္ကာပူရှိ မြန်မာ့အရေးလှုပ်ရှားသူများနှင့်ပတ်သက်၍ နိုင်ငံခြား မီဒီယာများတွင်လည်း ယခုတလော ဆောင်းပါးများ၊ သတင်းများရေးသားကြရာ စင်္ကာပူနိုင်ငံသားနှစ်ဦး၏ အမြင်များကို ကြိုးစား၍ ဘာသာပြန်လိုက်ပါသည်။ တဦးမှာ အစိုးရအာဘော်ဖြစ်သော စထရိတ်စ်တိုင်းမ်စ် သတင်းစာမှ သတင်းထောက် ကိုးခံဘင်း၏ မျိုးချစ်စိတ်နှင့်ပတ်သက်သော ဆောင်းပါးဖြစ်သည်။ အမျိုးသားနေ့မတိုင်မီတရက်အလိုတွင် စထရိတ်စ်တိုင်းမ်သတင်းစာမှာ ဖော်ပြပါရှိသည်။ နောက်ဆောင်းပါးတခုမှာ စင်္ကာပူနိုင်ငံသား အလွတ်ဆောင်းပါးရှင်တဦး၏ ဆောင်းပါးဖြစ်သည်။ မြန်မာ့အရေးလှုပ်ရှားသူများအပေါ် စင်္ကာပူအစိုးရမှ အရေးယူခြင်းအား ဝေဖန်ရေးသားထားခြင်းဖြစ်သည်။ ၄င်း၏ ဆောင်းပါးထဲတွင် ကိုးခံဘင်း၏ ဆောင်းပါးကိုလည်း ရည်ညွှန်းထားပါသည်။ မူရင်း အင်္ဂလိပ်ဘာသာအတိုင်းဖတ်ရှုလိုသူများအတွက် ပို့စ်အဆုံးတွင် လင့်ခ်များ ထည့်ပေးထားပါသည်။)

(၁) “မျိုးချစ်စိတ်ဟာ ငါမဆိုင်စိတ်ဓါတ်အကြားမှာ မရှင်သန်နိုင်”............ကိုးခံဘင်း (စထရိတ်စ်တိုင်းမ်စ်)

ကျနော့်ကိုယ်ကျနော် ရဲရဲတောက်မျိုးချစ်တဦးလို့ မခေါ်ဆိုနိုင်ပေမယ့် သာမန်မျိုးချစ် စင်္ကာပူနိုင်ငံသားတယောက်ထက်တော့ တပြားသားမှ လျော့တယ်လို့ ဘယ်တုန်းကမှ ကိုယ့်ကိုယ်ကို မထင်မှတ်ခဲ့ပါဘူး။

ဘာဘဲဖြစ်ဖြစ် ကျနော်ဟာ ပြဋ္ဌာန်းထားတဲ့အတိုင်း စစ်မှုထမ်းခဲ့တယ်။ ၀င်ငွေခွန်ကို မဆိုင်းမတွ ပေးဆောင်လေ့ရှိတယ်။ စင်္ကာပူအကြောင်းကို ဝေဖန်တတ်တဲ့ နိုင်ငံခြားသားမိတ်ဆွေတွေနဲ့ စကားလက်ဆုံကျတိုင်း အများနဲ့မတူ တမူထူးခြားတဲ့ စင်္ကာပူရဲ့ လုပ်နည်းလုပ်ဟန်တွေဘက်က မှန်မှန်ကြီး ခုခံကာကွယ်ပြောကြားလေ့ရှိပါတယ်။

အမျိုးသားသီချင်းတွေဖြစ်တဲ့ “ငါ့ကို အားထားလိုက်ပါ စင်္ကာပူ” တို့၊ “စင်္ကာပူအတွက် မားမားမတ်မတ်ရပ်ခြင်း” တို့တွေကို ကြိုက်တဲ့အချိန် အော်ဆိုနိုင်လောက်အောင်လည်း အဖြစ်ရှိပါတယ်။ အမျိုးသားနေ့တွေတိုင်းလိုလိုမှာ ကျနော့်အခန်းပြူတင်းပေါက်ဘောင်ကနေ နိုင်ငံတော်အလံကိုတောင် ချိတ်ဆွဲထားတတ်ပါတယ်။

ဒါပေမယ့် ဒီလောက်နဲ့ လုံလောက်ပြီလား။ ဒီအချက်တွေဟာ ကျနော့်ကို မျိုးချစ်စင်္ကာပူနိုင်ငံသား တယောက် ဖြစ်စေသလား။ စင်္ကာပူအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အရေးကြီးကိစ္စတွေမှာ ကိုယ်နဲ့မဆိုင်သလို အေးအေးဆေးဆေး ဘာသိဘာသာနေတတ်ကြတဲ့ ကျနော်တို့တတွေဟာ ကိုယ့်ကိုယ်ကို မျိုးချစ်စိတ်ရှိသူတွေလို့ ကြွေးကြော်နိုင်ကြပါသလား။

လွန်ခဲ့တဲ့ ဧပြီလကတည်းက ဒီမေးခွန်းတွေအပေါ်မှာ ကျနော် အတွေးသံသရာချဲ့နေခဲ့ပါတယ်။ အဲဒီအချိန်က ကျနော်ဟာ ဒီမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာပြုလုပ်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒပြမှုကို သတင်းယူနေရတဲ့အချိန် ဖြစ်ပါတယ်။

အခုအချိန်မှာ အတည်ပြုပြီးသွားပြီဖြစ်တဲ့ အဲဒီတိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ်ကို မဲထည့်ကြစဉ်က ဖြစ်ပါတယ်။

နိုင်ငံသားတွေထဲက ဒါဇင်အနည်းငယ်ဟာ မဲထည့်ရမည့်အခွင့်အရေးကို ဆုပ်ကိုင်ပြီး စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ (ဘာသာပြန်သူမှတ်ချက်။ လူ ၂၀၀၀ ကျော် တက်ရောက်သော ပွဲတခုအား ဒါဇင်အနည်းငယ်ဟု ရေးသားသည့် သတင်းစာမျိုးမှာ ကမ္ဘာပေါ်တွင် စထရိတ်စ်တိုမ်းစ်နှင့် မြန်မာ့အလင်း နှစ်မျိုးသာ ရှိမည်ဟု ကျနော်ထင်မိသည်။)

တနေ့တာကုန်ဆုံးလို့ လူစုမခွဲခင်မှာ သူတို့ဟာ အင်မတန် စိတ်တက်ကြွဘွယ်ကောင်းတဲ့ သူတို့ရဲ့ နိုင်ငံတော်သီချင်း “ကမ္ဘာမကြေ” ကိုသီဆိုပြီး အဆုံးသတ်ဘို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ရင်ထဲကို စီးကူးပြီး ထိမှန်လာတဲ့ ခံစားချက်တွေကြောင့် ကျနော်ဟာ အနီးမှာရှိတဲ့ ကျနော်တို့စင်္ကာပူနိုင်ငံသားသတင်းထောက်တယောက်ကို မေးခဲ့မိပါတယ်။ “ခင်ဗျားအနေနဲ့ နိုင်ငံတော်သီချင်းကို နောက်ဆုံးအကြိမ်အဖြစ်သီဆိုခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ၊ နေပါဦးဗျ။ ခေါင်းစဉ်က ဘာပါလိမ့်၊ မာရီ ကီတာ မို့လား။”

ဟုတ်ပါတယ်။ ခေါင်းစဉ်နဲ့ ပတ်သက်လို့ ကျနော်မှားယွင်းခဲ့ပါတယ်။ မာရီ ကီတာ ဆိုတာဟာ “လာကြဟေ့၊....ကြစို့” ဆိုတဲ့ အဓိပ္ပါယ်ရပြီး အဲဒီစကားနှစ်လုံးဟာ နိုင်ငံတော်သီချင်းရဲ့ စစချင်း အဖွင့်စာသား နှစ်လုံးဖြစ်ပါတယ်။ တကယ့်ခေါင်းစဉ်ကတော့ “မာဂျူလာ စင်္ကာပူရ” သို့တည်းမဟုတ် “ရှေ့သို့ စင်္ကာပူ” ဖြစ်ပါတယ်။ ဘယ်လောက် စိတ်အနှောက်အယှက်ဖြစ်ဘွယ်ကောင်းလိုက်တဲ့ မှားယွင်းမှုလဲဗျာ။

မြန်မာသံရုံးရှေ့ အဲဒီနေ့ကပွဲမှာ ကျနော့်အနေနဲ့ သိနားလည်ခွင့်ရလိုက်တဲ့ တခြားအရာတခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ “မျိုးချစ်စိတ်ဆိုတာမှာ ငါမဆိုင်စိတ်ဓါတ်အတွက် နေရာမရှိဘူး” ဆိုတဲ့အချက်ပါဘဲ။

မှန်ပါတယ်။ မြန်မာတွေ စင်္ကာပူက လမ်းပေါ်မှာ လူစုလူဝေးနဲ့ စုဝေးကြတဲ့အတွက် လူစုလူဝေးဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာ ရောက်လို့ မှားတယ်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ အမိမြေအတွက် နိုင်ငံရေးမှာ ပါဝင်ပတ်သက်လိုတဲ့ သူတို့ရဲ့ ခိုင်ကျည်တဲ့ သန္နိဋ္ဌာန်နဲ့ ဆန္ဒပြင်းပြမှုကို ကျနော့်အနေနဲ့ မလေးစား၊မကြည်ညိုဘဲ မနေနိုင်အောင်ဖြစ်ရပါတယ်။

ဒီလိုဘဲ နောက်ထပ် မျိုးချစ်စိတ်ဓါတ် ဥပမာတခုကတော့ ပြီးခဲ့တဲ့ မေလက တရုတ်နိုင်ငံသားတွေက ထုတ်ဖော်ပြသလိုက်တဲ့ အင်တာနက်ပေါ်က ဒေါသတကြီး တုန့်ပြန်မှုပါ။ တိဘက်အရေးကိစ္စမှာ တရုပ်နိုင်ငံရဲ့ ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး တရုတ်ပြည်ကို ၀ိုင်းဝန်းရှုတ်ချတဲ့အခါ တုန့်ပြန်ကြတဲ့ တုန့်ပြန်မှုပါ။

စင်္ကာပူနိုင်ငံအနေနဲ့လည်း နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်ပေါ်ခဲ့လို့၊ အကြပ်အတည်းဆိုက်လာလို့ လိုအပ်လာတဲ့အခါ မြန်မာနိုင်ငံသားတွေ လုပ်ဆောင်ခဲ့ကြသလို ဘဲ စင်္ကာပူနိုင်ငံသားတွေကရော ပါဝင်ပတ်သက်ကြပါ့မလား။ တရုတ်ပြည်လို မမျှမတ ဝေဖန်မှုကို ခံရတဲ့အခါ တရုတ်နိုင်ငံသားတွေ လုပ်ခဲ့သလို စင်္ကာပူနိုင်ငံသားတွေကရော ခုခံကာကွယ်ကြပါ့မလား။

စင်္ကာပူနိုင်ငံသားတွေလည်း ထွက်လာကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ချင်ပါတယ်။ ဒါပေမယ့် အရင်က ကောက်ခံခဲ့တဲ့ စစ်တမ်းတွေအရကြည့်ရင်တော့ ကျနော့်အနေနဲ့ သိပ်မကျိန်းသေလှဘူး။

၂၀၀၆ ခုနှစ် မတ်လအတွင်းက အသက်၂၁ နှစ်ကနေ ၃၄ အကြား စင်္ကာပူနိုင်ငံသား ၄၁၃ ယောက်ကို စထရိတ်စ်တိုင်းမ် သတင်းစာက စစ်တမ်းကောက်ကြည့်ခဲ့တယ်။ အဲဒီနှစ်က မေလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း သူတို့ရဲ မဲဆန္ဒနယ်ဟာ ယှဉ်ပြိုင်အရွေးခံတဲ့ အတိုက်အခံပါတီမရှိလို့ မဲပေးခွင့်မရခဲ့ရင် စိတ်မပျက်ဘူးလို့ ဆယ်ဦးမှာ ခြောက်ဦးက ဆိုပါတယ်။

စစ်တမ်းအကောက်ခံရသူရဲ့ ထက်ဝက်ကျော်က သူတို့နယ်က လွှတ်တော်အမတ်ဟာ ဘယ်သူဘယ်ဝါလဲလို့ မသိကြဘူး။ ပါလီမန်ထဲမှာ လက်ရှိ ရှိနေတဲ့ ပါတီသုံးခုရဲ့ အမည်ကို ဆယ်ယောက်အနက် နှစ်ယောက်ကဘဲ မှန်မှန်ကန်ကန် ဖြေနိုင်ကြတယ်။

အဲသည်လောက် နိုင်ငံရေးအသိခေါင်းပါးနေရင် (ငါမဆိုင် သလိုနေကြရင်) ကျနော်တို့ဟာ မျိုးချစ်စိတ်ရှိတယ်လို့ ကြွေးကြော်နိုင်ပါဦးမလား။ သေချာပါတယ်။ မကြွေးကြော်နိုင်ပါဘူး။
ဘာကြောင့် ဒီအခြေအထိ ဆိုက်ရောက်သွားရသလဲ။

ဖြစ်နိုင်တဲ့ အကြောင်းရင်းတခုကတော့ စင်္ကာပူနိုင်ငံသားအများစု၊ အထူးသဖြင့် ငယ်ရွယ်တဲ့ မျိုးဆက်သစ်ဟာ လိုလေသေးမရှိတဲ့ ဘ၀ကို ခံစားခဲ့ကြရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အဲဒါကလည်း သူတို့ရဲ့ ဘ၀တွေကို ထောင့်ပေါင်းစုံကနေ စောင့်ရှောက်ပေးတဲ့ စွမ်းဆောင်ရည်ပြည့်တဲ့ အစိုးရရဲ့ ကျေးဇူးကြောင့်ပါ။

အများစုဟာ သူတို့ရဲ့ အလုပ်အကိုင်နဲ့ မိသားစု တိုးတက်ရေးကို တည်ဆောက်ရင်းနဲ့ဘဲ ကျေနပ်နှစ်သိမ့်နေကြတာကို တွေ့ရပါတယ်။ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးမှန်သမျှကို နိုင်ငံရေးနယ်မှာ လှုပ်ရှားကစားနေကြသူတွေထံမှာသာ လုံးလုံးလွှဲအပ်ထားတယ်။ အဲဒီလို စိတ်ဓါတ်မျိုးဟာ သာမန် အေးချမ်းတည်ငြိမ်နေတဲ့အချိန်မှာ ပြဿနာမရှိလှပေမယ့် စင်္ကာပူမှာ ဆိုးရွားကျပ်တည်းတဲ့အခြေအနေတွေ ကျရောက်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။
အခုလို အမျိုးသားနေ့အခါသမယမှာ ကျနော်တို့တွေ မျိုးချစ်စိတ်ပိုပြီးရှိလာအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့အပေါ် ကျနော့်စိတ်ကူးတွေကို မျှဝေချင်ပါတယ်။

ပထမဆုံးအနေနဲ့ လက်ရှိအခြေအနေတွေနဲ့ ပြည်တွင်းကိစ္စရပ်တွေကို အာရုံစိုက်ရပါမယ်။ အထူးသဖြင့် စင်္ကာပူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများဖြစ်တဲ့ ဦးနှောက်ယိုစီးမှုလိုပြဿနာမျိုး၊ အသက်အရွယ်အိုမင်းကြီးရင့်လာသူများပြဿနာလိုမျိုး ကိစ္စတွေကိုပေါ့။ အဲဒီပြဿနာတွေဟာ စင်္ကာပူကို ထိခိုက်နိုင်တယ်ဆိုရင် တနေ့ကျရင် သင့်ကိုလည်း ထိခိုက်လာမှာ အမှန်ဘဲ။

ဒေသခံ သင့်ခ်-တင့်ခ် တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ အခြားအဖွဲ့အစည်းတွေက ကမကထပြုတဲ့ နှီးနှောဖလှယ်ပွဲတွေ၊ ဟောပြောပွဲ တွေကို တက်ရောက်ပါ။ ပါဝင် ပတ်သက်ပါ။

အဲသည်လို တက်ရောက်ခြင်းဖြင့် ကိစ္စရပ်တွေအကြောင်း ပိုမိုလေ့လာခွင့် ရလာပါလိမ့်မယ်။ အဲသည် ဗဟုသုတဟာ လွတ်လပ်ရေးရပြီးကတည်းက စင်္ကာပူအနေနဲ့ ဘယ်လောက်အထိ လျှောက်လှမ်းခဲ့ရသလဲဆိုတဲ့အချက်ကို ပိုမိုနားလည်စေပြီး ကျနော်တို့ ခက်ခက်ခဲခဲ ရယူထားတဲ့ အောင်မြင်မှုကို ဘာကြောင့် ကာကွယ်သင့်သလဲဆိုတာကိုပါ သဘောပေါက်စေပါလိမ့်မယ်။

တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ကိုလည်း ထက်သန်လာစေအောင် လှုံ့ဆော်နိုင်ပြီး နိုင်ငံရေးမှာ ပိုမို သိနားလည်စွာ ပါဝင်လာအောင်လည်း တွန်းအားပေးနိုင်ပါလိမ့်မယ်။

တချိန်တည်းမှာဘဲ အစိုးရရဲ့ အမျက်တော်ရှမှာကို မစိုးရိမ်ရဘဲ တဦးတယောက်အနေနဲ့သော်လည်းကောင်း၊ အဖွဲ့အစည်းအနေနဲ့သော်လည်းကောင်း လွတ်လွတ်လပ်လပ် မှတ်ချက်ချခွင့်၊ ပါဝင်လှုပ်ရှားခွင့်ရတဲ့ ပတ်ဝန်းကျင်မျိုးလိုအပ်နေပါတယ်။

အဲဒီလို လိုအပ်နေတဲ့ ခွင်ကို ချဲ့ထွင်နိုင်ဘို့အတွက် ယခုအခါ နိုင်ငံရေးဘလော့ဂ်များ၊ အွန်လိုင်းစီတီဇင်လို လူမှု-နိုင်ငံရေး အင်တာနက်စာမျက်နှာများ နဲ့ အနုပညာမြင်ကွင်းများ စသဖြင့် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။

နိုင်ငံရေးအရ ပိုမိုတက်ကြွတဲ့ နိုင်ငံသားတဦးဟာ အာဏာရပီအေပီပါတီအတွက်ရော၊ အတိုက်အခံပါတီများအတွက်ပါ အကျိုးရှိတာ အမှန်ပါ။

အနည်းဆုံးတော့ နိုင်ငံရေးကို စိတ်မ၀င်စားတဲ့ အစိမ်းသက်သက် နိုင်ငံသားတဦးကို ပါလီမန်ထဲကို အမတ်အဖြစ် ချက်ချင်းကြီး ဆွဲသွင်းစရာမလိုတော့ဘူးပေါ့။

ကျနော့်အနေနဲ့ကတော့ ပထမဦးဆုံးအဆင့်အနေနဲ့ အမျိုးသားနေ့အခမ်းအနားမှာ နိုင်ငံတော်သီချင်းကို တီဗီကနေ တိုက်ရိုက်လွှင့်ထုတ်နေတုန်းမှာ စိတ်ဝင်တစားနားထောင်မယ်၊ ပြီးတော့ စာသားတွေကို အသေအချာ နားလည်အောင် စဉ်းစားကြည့်မယ်လို့ စီစဉ်ထားတယ်။

(၂) “ပြန်လည်ပေးဆပ်ချိန် ရောက်လာပြီလော”...........လျောင်ဇီဟျမ်း (တီအိုစီ)

စင်္ကာပူအာဏာပိုင်များမှ ဗီဇာသက်တမ်းတိုးမြှင့်မပေးရန် ဆုံးဖြတ်လိုက်သည့်နောက်ပိုင်း စင်္ကာပူမှ ထွက်ခွာသွားရသူ မြန်မာအရေးတက်ကြွသူသုံးဦးအကြောင်းနှင့် ရီအင်ထရီ ပါမစ် သက်တမ်းတိုးပေးခြင်းမခံရသော အမြဲတမ်းနေထိုင်ခွင့်(ပီအာရ်)ရထားသူ မြန်မာသုံးဦးအကြောင်း သတင်းများကို ရည်ညွန်းပါသည်။

ယမန်နှစ်က ရဟန်းရှင်လူထောင်ပေါင်းများစွာအား ရက်ရက်စက်စက် မနားမနေ သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းတို့အပေါ် စင်္ကာပူနှင့်အာဆီယံအပါအ၀င် တကမ္ဘာလုံးက မယုံနိုင်လောက်အောင် စိုးရိမ်ထိတ်လန့်ခြင်းကို ပြသခဲ့ကြသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလိုမှာပင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ မြန်မာလူမျိုး တစ်သိန်းခန့် နေထိုင်ရာ စင်္ကာပူတွင်လည်း မြန်မာနိုင်ငံသားများ၊ စင်္ကာပူနိုင်ငံသားများ နှင့် နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များ အားလုံးသည် မြန်မာစစ်အစိုးရ၏ လုပ်ရပ်အား ကန့်ကွက်သည့်အနေဖြင့် လူစုလူဝေးမျိုးစုံ စုဝေးကာ ဆန္ဒပြခဲ့ကြသည်။

ကျွန်ုပ်တို့၏ ကျောင်းသားများကိုယ်တိုင်ပင် တက္ကသိုလ်ကောလိပ်များ၌ မြန်မာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ကို ပြီးခဲ့သောနှစ် အောက်တိုဘာလက ဖိနှိပ်ခံမြန်မာပြည်သူများအကြောင်း လူအများအာရုံပြုမိစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
( TOC’s report). ကို ဖတ်ပါရန်။

အာဆီယံပဋိညာဉ် စာတမ်းပါ လူ့အခွင့်အရေးအဖွဲ့အစည်းနှင့်ပတ်သက်၍ အခန်း ၁၄ ၌ နိဒါန်းအနေဖြင့် ဖော်ပြရာတွင်...

....ဒီမိုကရေစီ၏ စည်းမျဉ်းစည်းကမ်းများ၊ တရားဥပဒေအတိုင်း တသွေမတိမ်းလိုက်နာမှု နှင့် ကောင်းမွန်သော အုပ်ချုပ်မှု တို့ကို စွဲစွဲမြဲမြဲ လိုက်နာပြီး လူ့အခွင့်အရေးနှင့် အခြေခံကျသော လွတ်လပ်မှုကို လေးစားခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း......
....ဟူ၍ ပါရှိသည်။

သို့စင်လျက် မြန်မာ့အရေးတက်ကြွသူများကို ယခုကဲ့သို့ အရေးယူပြလိုက်ခြင်းဖြင့် ကျွန်ုပ်တို့သည် ကျန်သည့် တကမ္ဘာလုံးကို မည်သို့ အချက်ပြရာ ရောက်သနည်း။ အထူးသဖြင့် ပြီးခဲ့သောလကအထိ အာဆီယံဥက္ကဋ္ဌနေရာကို ယူခဲ့သော စင်္ကာပူအနေဖြင့် ကျန်သည့် တကမ္ဘာလုံးကို မည်သည့် အဓိပ္ပါယ်သတင်းစကားမျိုး ပါးရာရောက်နေပါသနည်း။

ဗီဇာသက်တမ်းတိုးမပေး၍ ထွက်ခွာသွားရသူများအဖို့.....၄င်းတို့သည် မြန်မာပြည်သို့ ပြန်လို့ ဖြစ်နိုင်ပါဦးမည်လော။ ၄င်းတို့၏ လုံခြုံရေးနှင့် အသက်အန္တရာယ် စိတ်ချရပါ၏လော။ ယခုကဲ့သို့ အချိန်တိုတိုအတွင်း အကြောင်းကြားမှုကြောင့် ဗြုန်းစားကြီး ထထွက်သွားရသူတို့အဖို့ အခြားတိုင်းပြည်တခုတွင် နေထိုင်ခွင့်အခြေအနေတခု ရရန်လွယ်ကူမည်မဟုတ်ချေ။ ဤသို့ဆိုလျှင် ၄င်းတို့သည် ယာယီ ဒုက္ခသည်ဘ၀ဖြင့် အဆုံးသတ်သွားရမည် မဟုတ်တုံလော။

အလားတူပင်...အရေးယူခံရသော ပီအာရ် (အမြဲတမ်းနေထိုင်ခွင့်ရသူ) များအတွက်လည်း ထွက်ခွာသွားပြီးလျှင် ပြန်ဝင်ခွင့်ရတော့မည် မဟုတ်၍ စင်္ကာပူနိုင်ငံတွင်းတွင်သာ ခြေချုပ်မိနေမည်ဖြစ်သည်။ ၄င်းတို့သည် အခြားနိုင်ငံတနိုင်ငံတွင် နေထိုင်ခွင့်မရရှိပါက စင်္ကာပူမှ ထွက်ခွာသွားနိုင်တော့မည်မဟုတ်ချေ။

စင်္ကာပူတွင် မည်သည့်ဥပဒေကို ချိုးဖောက်သည်ဟူ၍ တခါမျှ တရားစွဲဆို မခံခဲ့ရဘဲ ယခုကဲ့သို့ ပြုမူခံရသော မြန်မာနိုင်ငံသားမျိုးချစ်များအတွက် ကျွန်ုပ်သည် အထူးတလည် စိတ်မကောင်းဖြစ်ရပါသည်။ ၄င်းတို့ ကျူးလွန်ခဲ့သော တခုတည်းသော ပြစ်မှုမှာ (ပြစ်မှုဟု ဆိုနိုင်ခဲ့လျှင်) ၄င်းတို့တိုင်းပြည်အား ချစ်သည့်စိတ်၊ ၄င်းတို့ တိုင်းသူပြည်သားများနှင့် တိုင်းသူပြည်သားများ၏ ဒုက္ခကို ထပ်တူထပ်မျှ စာနာ၍ တသွေးတသားထဲရှိမှု တို့ကို ထုတ်ဖော်ပြသခဲ့မိခြင်းသာ ဖြစ်သည်။

စင်္ကာပူအာဏာပိုင်တို့၏ ယခု လုပ်ရပ်သည် လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ တက်ကြွသူများနှင့် ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၏ ရှုတ်ချခြင်းကို ဖိတ်ခေါ်နေသကဲ့သို့ ရှိချေသည်။

ကျွန်ုပ်တို့တိုင်းပြည်သည် မြန်မာစစ်အစိုးရအား ထောက်ခံအားပေးနေပါသည်ဆိုခြင်းကို တကမ္ဘာလုံးအား တနည်းတဖုံ ပြသရာ ရောက်မနေပါသလော။

ကျွန်ုပ်တို့တိုင်းပြည်သည် မြန်မာလူမျိုးဆန္ဒပြသူများကို နှိပ်ကွပ်ရာ တခုတည်းသော တိုင်းပြည် ဖြစ်မနေပါပြီလော။

ဤလုပ်ရပ်ကြောင့် စင်္ကာပူ၏ ပထမတန်းစား နိုင်ငံဟူသော ဂုဏ်ပုဒ်သည် ကမ္ဘာ့အလယ်တွင် ၀င့်ထည်နိုင်ပါဦးမည်လော။

အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအစည်းအရုံး (IBA)က ထုတ်ပြန်သည့် စင်္ကာပူ၏ လူ့အခွင့်အရေးနှင့် တရားဥပဒေဆိုင်ရာ အစီရင်ခံစာတွင်ပါရှိသော စွတ်စွဲချက်များအား မှန်ကန်သည်ဟု ဖြည့်ဆည်းပေးရာ ရောက်မနေပါသလော။

စင်္ကာပူ၏ ၄၃နှစ်ပြည့် မွေးနေ့တွင် ကျွန်ုပ်ဂုဏ်ယူပါသည်။ မက်စ်ဆီလာမက်လွတ်မြောက်ထွက်ပြေးခြင်းသည် စိတ်အနှောက်အယှက်ဖြစ်စဖွယ် ရှိသော်လည်း ကျွန်ုပ်တို့ ဘာမျှ မတတ်နိုင်သော ကိစ္စဖြစ်သည့်အတွက် ရှိစေတော့။ ယခုကဲ့သို့ မြန်မာများအား အရေးယူခြင်းမှာမူ ဘယ်သူမပြုမိမိမှုဆိုသကဲ့သို့ ကျွန်ုပ်တို့ အရှက်အိုးကို ကျွန်ုပ်တို့ဘာသာ ခွဲရာ ရောက်နေသည်။

အနောက်ဒီမိုကရေစီနိုင်ငံများသည် စင်္ကာပူနိုင်ငံအား မနှစ်ခြိုက်ကြဆိုသော ပြောကြားချက်များအား (စထရိတ်တိုင်းမ်းစ်၊ သြဂုတ် ၉) ကျွန်ုပ်မထောက်ခံသော်ငြား၊ ယခုလုပ်ရပ်ကြောင့်မူ ကမ္ဘာတလွှားမှ လူများ စင်္ကာပူအပေါ် ကြိုက်နှစ်သက်မှု ပိုမိုနည်းပါးသွားစေတော့မည်မှာ အမှန်ပင်ဖြစ်သည်။

ဤအကြောင်းနှင့် စပ်လျဉ်း၍ စထရိတ်စ်တိုင်းမ်စ် သတင်းစာပါ သတင်းထောက် ကိုးခံဘင်း၏ (“Patriotism wilts in apathy’s harsh glare”, ST, Aug 8) ကို ကျွန်ုပ်တို့အားလုံး ဖတ်ရှုသင့်ကြပေသည်။ ဆောင်းပါးတွင် လျော်ကန်သင့်မြတ်စွာ မေးထားသည်မှာ....

“စင်္ကာပူနိုင်ငံသည် နိုင်ငံရေးမတည်မငြိမ်မှုကြောင့် ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်တွေ့နေရပြီဆိုပါက ယခု မျိုးချစ်မြန်မာလူမျိုးများ ပြုမူသကဲ့သို့ စင်္ကာပူနိုင်ငံသားအလုံအလောက်က ပြုမူကြပါမည်လော” ဟူ၍ပင်ဖြစ်သည်။

စင်္ကာပူအစိုးရအနေဖြင့် သြဂုတ်လဆန်းပိုင်းတွင် အာဆီယံဥက္ကဋ္ဌရာထူးကို ထိုင်းနိုင်ငံလက်သို့ လွှဲပြောင်းပေးပြီးသည့်အချိန်တိုင်အောင် စောင့်ဆိုင်းနေပြီးမှ ယခုကဲ့သို့ အရေးယူခြင်းကို ပြုလုပ်သလောဟု မစဉ်းစားဘဲမနေနိုင်အောင်ရှိသည်။

အကယ်၍ ထိုအတိုင်းသာ မှန်ပါက ဤဖြစ်ရပ်သည် အလွန်တရာ ၀မ်းနည်းဘွယ်ကောင်းသည့် ကိစ္စဖြစ်သည်။

အဘယ့်အကြောင့်ဆိုသော် အာဆီယံလူ့အခွင့်အရေးကော်မတီအတွက် အစိုးရ၏ ထောက်ခံမှုသည် အစစ်အမှန်ထောက်ခံမှုမဟုတ်ဘဲ သင်္ကြန်အမြောက်ကဲ့သို့ လူကြားကောင်းရုံ ဟန်ပြသက်သက်သာဖြစ်နေသည့် အတွက်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် မြန်မာစစ်အစိုးရ အာဏာရနေစဉ်အတွင်း မြန်မာ့မြေပေါ်သို့ မြန်မာ့အရေးလှုပ်ရှားသူများပြန်လည် ခြေချလိုက်ပါက ကြောက်မက်ဘွယ်အကျိုးဆက်များ ရှိလာမည်ကို သိသိနှင့် ကျွန်ုပ်တို့သည် သူတို့၏ ဗီဇာများကို တိုးမပေးခဲ့ခြင်းကြောင့်ဖြစ်သည်။

ဤသို့ဆိုရင် အခြားနိုင်ငံသားတွေက ကျွန်ုပ်တို့အား အမြဲတစေ မုန်းတီးနေခြင်းအတွက်ကို ဘာများ အထူးတလည် အံ့သြနေစရာ ရှိပါသေးသနည်း။

ကျွန်ုတို့ မေးခွန်းထုတ်ရမည်မှာ ကျွန်ုပ်တို့အစိုးရသည် အဘယ်ကြောင့် မြန်မာစစ်ဗိုလ်ချုပ်များ ဆေးဝါးကုသခွင့်တောင်းခံလာသည့်အခါ ခွင့်ပြုလေ့ရှိပြီး၊ ထိုစစ်ဗိုလ်ချုပ်များက သူတို့၏ ပြည်သူများအပေါ် မတရားသတ်ဖြတ်နှိပ်စက်ညှင်းပန်းမှုကို ထုတ်ဖော်ပြောကြားလာသည့် မြန်မာကျောင်းသားများ၊ မြန်မာ့အရေးတက်ကြွသူများကိုမူကား အဘယ်ကြောင့် နှိပ်ကွပ်ရသနည်း ဆိုသည့် မေးခွန်းများပင်ဖြစ်ပါတော့သည်။

မူရင်းကို ဖတ်ရှုရန်.....
Read more

“အရေးကြီးတာက”

“ဒက်ဒီ၊ ဆရာမက ပြောတယ်၊ ရုပ်လှဘို့ထက် စိတ်လှဘို့က ပိုအရေးကြီးသတဲ့”

“သားရယ်….အဲဒါ အရုပ်ဆိုးတဲ့လူတွေရဲ့ လက်သုံးစကားပါ”

“Liar Liar” ဇာတ်ကားထဲမှာ ဇာတ်လိုက် သားအဖ အချီအချ ပြောနေကြပုံပါ။

အေးလေ…တွေးကြည့်တော့လည်း.... သူပြောတာ မှန်သားဘဲဗျ။ အရုပ်ဆိုးတဲ့လူတွေများ အဲသည်စကားကို တယ်လဲ ရေလဲနဲ့ သုံးကြသကိုး။ ကျနော်တို့တော့ ကိုယ့်အတွက်ဖြင့် အဲသည်စကားမျိုး သုံးခဲ့ရဘူးတယ်မှတ်ပေါင်။ သုံးချင်ရင်လည်း ကိုယ့်လောက် ဘ၀ပေးကုသိုလ် မကောင်းတဲ့သူတွေကို နှစ်သိမ့်တဲ့နေရာမှာဘဲ သုံးတယ်။ ကိုယ့်လို ရှေးဆုတောင်းမကောင်းတဲ့လူတွေကို နှစ်သိမ့်တဲ့ နေရာမှာ ဆိုပါတော့ဗျာ။

စာရှုသူမိတ်ဆွေ….သင်သည် အထက်ပါ စာပိုဒ်ကို ဖတ်ရှုရင်း သင်၏ နှုတ်ခမ်းထောင့်စွန်းကို အောက်သို့ကွေး၍ မသိမသာ မဲ့မိသည်ဆိုငြား….(သို့တည်းမဟုတ်) “အမယ်လေးဟဲ့….သူ့ရုပ်သူ့ရည်နဲ့ သူကဘဲ ပြောရတယ်ရှိသေး” ဟု ရယ်မောမိသည်ဆိုငြား…..ယခု လာမည့် နှစ်အတွင်း မိတ်ဆွေ ထီမပေါက်ပါစေနှင့်ဟု ကျနော် တိတ်တိတ်ကလေး မေတ္တာပို့ထားပါသည်။ နောက်တာပါဗျာ….လန့်မသွားပါနဲ့ဦး…တကတဲ။

ဒီကနေ့ ကျနော့်မိတ်ဆွေ တန်ခူးရဲ့ ဘလော့ဂ်မှာ “ကျမ မြင်ဘူးသော စာရေးဆရာများ” ဆိုပြီး ပို့စ်တခုတင်ထားတယ်။ အဲဒါကို ဖတ်ပြီးတော့ ကျနော်လည်း ပို့စ်တခု ရေးချင်လာတယ်။

ကျနော်ပထမဆုံး မြင်ဘူးတဲ့ စာရေးဆရာကြီးက တက္ကသိုလ်နေ၀င်း ပါတဲ့ဗျား။ အရင်တုန်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိပေါ့။ ၁၉၈၅ ခုနှစ်က ဆရာကြီးဟာ အခြားစာရေးဆရာများဖြစ်ကြတဲ့ ကောက်လှိုင်း၊ နွမ်ဂျာသိုင်း၊ သီရိ တို့နဲ့အတူ ကျနော်တို့ အလယ်တန်းကျောင်းကို စာပေဟောပြောပွဲ လာဟောတယ်။ ရှေ့တပို့စ်ကျော်မှာ ကြွားခဲ့သလို….အဲလေ….ရေးခဲ့သလို ကျနော်ဟာ အဲသည် အလယ်တန်းကျောင်းမှာ အင်မတန်ထူးချွန်တဲ့ ကျောင်းသားတယောက်ပေါ့ဗျာ။ စာရေးဆရာကြီးတွေကျောင်းကိုလာတော့ ကျောင်းအုပ်ဆရာကြီးက သူ့ရဲ့ ထူးချွန်လှတဲ့ တပည့်ကို မဟာအခွင့်အရေးကြီး တရပ်ပေးပါတယ်။ “ကိုပေါကြီး….ဆရာကြီး တက္ကသိုလ်နေ၀င်း ကို အိမ်သာလိုက်ပြလိုက်ကွာ…” တဲ့။

အညာကျောင်းက အိမ်သာတွေဆိုတာကလည်း တမျှော်တခေါ် ကွင်းပြင်ကြီးကို ဖြတ်ပြီးမှ ရောက်တာမို့လား။ ဆရာကြီးတက္ကသိုလ်နေ၀င်းက ဆရာတွေအတွက် သီးသန့်အိမ်သာကို အသွားလမ်းမှာ ကျနော့်ကို ဟိုမေးသည်မေးပေါ့ဗျာ။ “ဒါက ဘာစိုက်ခင်းလဲ၊ ကျောင်းက ပိုင်တာလား”…ဘာညာပေါ့။

တော်သေးတယ်။ ကျနော့်အနေနဲ့ အဲဒီတုန်းက သိန်းဖေမြင့်ရဲ့ “အမေ”ကို ကျောင်းမှာ မသင်ရပေမယ့်လည်း အစ်မတွေ စာအုပ်ထဲက ယူဖတ်ထားမိပေလို့သာပေါ့။ နို့မဟုတ်ရင် နာမည်ကျော် စာရေးဆရာကြီးရဲ့ “ချေး”ဟာ ဘယ်လိုရှိသလဲ မြင်ဘူးတယ်ရှိအောင် ၀င်ကြည့်ချင် ကြည့်နေမိဦးမှာ။

ဟော…. ဆယ်တန်းကျောင်းသားဘ၀မှာကျတော့ နောက်ထပ် နာမည်ကျော်စာရေးဆရာကြီး တဦးနဲ့ ထပ်တွေ့ခွင့်ရပြန်ပါတယ်။ ဆရာအောင်သင်းပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲသည်တုန်းကလည်း အိမ်သာအသွားမှာ တွေ့တာဘဲဗျာ။ တိုက်ဘဲတိုက်ဆိုင်လွန်းတယ် ဆိုရမယ်။ အဝေးပြေးကားကြီး စီးပြီး အညာပြန်တုန်းမှာ “ပြလို့” လို့ခေါ်တဲ့ ရွာကလေးမှာ “ကျန်းမာရေးအတွက်” ကားခဏရပ်တော့ အိမ်သာအသွား ဆရာအောင်သင်းက အိမ်သာက ပြန်အလာ ပက်ပက်တိုးတာကိုး။ ဆရာက မဂ္ဂဇင်းအင်တာဗျူးဓါတ်ပုံတွေမှာပါတဲ့ စစ်ရောင်ဂျာကင်ကလေးနဲ့ပါဘဲ။ ကျနော်က “ဆရာဦးအောင်သင်းလားခင်ဗျ” လို့ နှုတ်ဆက်လိုက်ပါတယ်။ ဆရာက “ဟုတ်ပါတယ်။ ကျနော် အောင်သင်းပါ” တဲ့။ ပြီးတော့ မျက်မှန်အောက်ကနေ စိတ်ဝင်တစားကျနော့်ကို စိုက်ကြည့်ပြီး အကဲခတ်နေတယ်။ ကျနော်ကလည်း ၀မ်းသာအားရသာ နှုတ်ဆက်လိုက်တာ။ တကယ်တမ်းကျ ဘာပြောရမှန်း သိတာမဟုတ်ဘူး။ အဲဒါနဲ့ “ကျနော်က ဆရာ့စာဖတ်ပရိတ်သတ်ပါ။ ဆရာ့ကို မဂ္ဂဇင်းတွေထဲမှာ မြင်ဘူးလို့ပါ…” ဆိုပြီး စကားဝိုင်းက ဂွတီးဂွကျနဲ့ ပြီးသွားတယ်။ ကားပေါ်မှာ ဆရာနဲ့အတူ ပိုင်စိုးဝေနဲ့ အခြားစာရေးဆရာတချို့ပါလာတယ်။ တောင်တွင်းကြီးကို လွန်လို့ မိကျောင်းရဲ လမ်းခွဲမရောက်ခင်လေးမှာ ဆရာတို့ကို ကားတစီးလာကြိုတဲ့အတွက် ဆရာတို့ အဝေးပြေး ကားပေါ်က ဆင်းသွားလေရဲ့။

စင်္ကာပူ ရောက်ပြီးတော့… နာမည်ကြီး စာရေးဆရာ၊ ဆရာမ တချို့ကို စတင်တွေ့ခွင့် ညစာအတူစားခွင့်ရပါတယ်။ ကျနော်လည်း တန်ခူးလိုဘဲ စာရေးဆရာ၊ ဆရာမတွေဆိုရင် အင်မတန် လေးစားအထင်ကြီးတာဘဲ။ ကျနော်ကြိုက်တဲ့ ဆရာတွေဆိုရင် သူတို့ရဲ့ စာတွေကိုလည်း မှတ်မိနေတတ်တယ်။

ဒီနေရာမှာ ကျနော်အခြောက်တိုက် ဘ၀င်ကိုင်ပုံကို ကြုံလို့ ရေးပြရဦးမယ်။ ကျနော်က ဆရာကြီးရွှေဥဒေါင်းတသက်တာမှတ်တမ်းကိုဖတ်တော့ ခွန်အားရှိသောစာတွေဘာတွေအကြောင်းလဲ ဖတ်ရတာကိုး။ မြန်မာစာလောက်တော့ ဖြစ်ဖြစ်မြောက်မြောက် ရေးတတ်ပါတယ်လို့ စိတ်ထဲက ကိုယ့်ဟာကိုယ် ထင်နေခဲ့တယ်။နောက်ပြီး….သူများတွေတော့ ငါ့လောက် ရေးနိုင်မယ်မထင်ပါဘူးကွာလို့လည်း ကိုယ့်ဘာသာ စိတ်ထဲမှာ ကျိတ်ပြီး ထင်လိုက်သေးတယ်။ ဒါပေမယ့် တကယ် ဘလော့ဂ်ရေးတော့မှ အထင်နဲ့ လက်တွေ့ဟာ ပါစင်အောင်လွဲတော့တာဘဲ။ သူများဘလော့ဂ်တွေ သွားဖတ်ကြည့်တော့မှ…. ဟယ်၊ လက်စသတ်တော့ ငါအများကြီးလိုသေးပါကလား….ဆိုပြီး အမြင်မှန် ၀င်လာတော့တာကိုး။ စိတ်ကူးယဉ် ဆပ်ပြာပူပေါင်းလေးတော့ ပေါက်သွားတယ်ပေါ့ဗျာ။

ကျနော့်မိတ်ဆွေ တန်ခူးကတော့ အားပေးဖော်ရပါတယ်။ နင့်အရေးအသားက သုမောင် အတိုင်းဘဲတဲ့…အဟိ။ ငယ်ငယ်က သုမောင်ရဲ့ လုံးချင်းတွေကို အကြိုက်ကြီးကြိုက်ခဲ့ပြီး အခုအထိ ကွမ်းစကား ကို ဖတ်နေသေးတဲ့ ကျနော်အဖို့ တန်ခူးရဲ့ မှတ်ချက်ကြောင့် နှလုံးကို ဆီစိမ်ထားသလို ပီတိတွေ အဖြစ်ကြီး ဖြစ်နေတော့တာပေါ့။

အခုတော့ တန်ခူးပို့စ်မှာ စာရေးဆရာသုမောင်တို့ ညီအကိုတတွေရုပ်ရည်ကို သူ့အမေက မှတ်ချက်ချပုံဖတ်ရတော့မှ…. အင်း…. ငါ့ကို သုမောင်အတိုင်းဘဲ ဆိုတာ အရေးအသားကို ပြောချင်တာမှ ဟုတ်ပါလေစ…ဆိုပြီး သံသယ၀င်လာတော့တယ်။ သုမောင် ရုပ်ရှင်စရိုက်ဖြစ်ပုံအကြောင်း သူကိုယ်တိုင်ရေးထားတာ ဖတ်ဘူးတယ်မို့လား။ သူ့အဖေ ဒါရိုက်တာသာဓုက သူရိုက်မယ့် ဇာတ်ကားအတွက် မင်းသားအဆင်မပြေလို့ စိတ်ညစ်နေတုန်း သုမောင်ကို မြင်တော့…..“ငါ့သား၊ ရော့…ပိုက်ဆံ၊ ဆံပင်သွားညှပ်ချေစမ်း၊ မင်းကို ဒီကားမှာ မင်းသား တင်ရိုက်မယ်” လို့ ပြောသတဲ့။ သုမောင်ကလည်း သူ့အရည်အချင်းကို မယုံနိုင်ဘူးလေ။ “အဖေ၊ ဖြစ်ပါ့မလား” ဆိုတော့…. သာဓုက “ဘာလို့ မဖြစ်ရမှာလဲကွ။ မင်းကောင်းကောင်းလုပ်နိုင်ပါတယ်။ ဒီဇာတ်ကားထဲက ဇာတ်ရုပ်ဟာ မင်းနဲ့ အလိုက်ဖက်ဆုံးဘဲ။ ဘာကြောင့်လဲဆိုတော့…ငါ့သား…ဒီမယ် မင်းရုပ်ဟာ တကယ့်ကို မုန့်ဟင်းခါးသည် ရုပ်ကွ။”….တဲ့။

အဲဒါနဲ့ မနေနိုင်ဘဲ တန်ခူးဆီကို ဖုန်းဆက်တော့…. တန်ခူးက သူ့မျက်စိထဲမှာ စာရေးဆရာတိုင်းက ကြည့်ကောင်းတယ်တဲ့။ ဆင်ဝှေ့ရန်ရှောင် ၀ိနည်း လွတ်ဖြေတယ်။ တတ်လည်း တတ်နိုင်တဲ့ တန်ခူး။ ဒါပေမယ့် ကျနော့်မှာတော့ ကိုယ့်ကိုယ်ကို ကြည့်ကောင်းတယ်လို့ ထင်လာတဲ့ နောက်ထပ် စိတ်ကူးယဉ် ဆပ်ပြာပူပေါင်းကလေးတခု ထပ်ပေါက်သွားတာပေါ့ဗျာ။

ဘာဘဲဖြစ်ဖြစ်လေ……တကယ်တမ်းကျတော့ လောကကြီးမှာ ရုပ်လှဘို့ထက်၊ စိတ်လှဘို့က ပိုအရေးကြီးတာဘဲ….မဟုတ်ဘူးလားဗျာ။
Read more

“မုန့်လက်ဆောင်း”



“မုန့်လက်ဆောင်း....မုန့်လက်ဆောင်း၊ ဟောဒီက မုန့်လက်ဆောင်း”

ဟော....မသန်းမြင့်၏ အော်သံ။ ကျနော်သည် အိမ်အပေါ်ထပ်တွင် လဲလျောင်းလျက် စာအုပ်ဖတ်နေရာမှ အိမ်အောက်ထပ်သို့ ကပျာကယာ ပြေးဆင်းလာခဲ့သည်။ ပါးစပ်က “အမေရေ...အမေ” ဟု ခေါ်ရင်း မျက်စိကလည်း ကျီးကန်းတောင်းမှောက်နှင့် အိမ်အောက်ထပ်က သစ်သားကုတင်တွေ၊ စားပွဲတွေဆီမှာ အမေ့ကို တွေ့လေမလားရှာသည်။

“ငါဒီမှာဟေ့....ငါဒီမှာ။ တကတဲ....သန်းမြင့်အသံကြားတာနဲ့ဘဲ သူ့မယား လာတာ ကျနေတာဘဲ၊ ပျာယာခတ်နေတာဘဲ”

အိမ်နောက်ဖေး မီးဖိုကျင်းထဲတွင် မီးမွှေးနေသော အမေက အော်ပြောသည်။ ကျနော်သည် မသန်းမြင့် ခြံဝများရောက်နေပြီလား စိုးရိမ်စိတ်ဖြင့် နောက်သို့ လှည့်ကြည့်ရသေးသည်။

“ဟာဗျာ...အမေကလည်း၊ ဟိုက ကြားသွားမှဖြင့်” ကျနော်သည် မီးဖိုကျင်းနဖူးတွင် ထိုင်လိုက်ရင်းအမေ့ကို ပြောရသည်။

မသန်းမြင့်သည် ကလေးနှစ်ယောက်အမေ တခုလတ်ဖြစ်သည်။ သူ့ယောင်္ကျားနှင့် သူ့မတ်တော်စပ်သူသည် ရန်ကုန်သို့ လက်သမားအလုပ် လုပ်ကိုင်ရန်တက်သွားပြီးကတည်းက ရွာသို့ တခါမှ ပြန်မလာတော့ချေ။ ပထမတော့ မသန်းမြင့်သည် သူ့ယောင်္ကျားကို ပြန်လာနိုး တမျှော်မျှော်။ ပြန်မလာနိုင်လွန်းသည့်အဆုံး မနေနိုင်၍ ရန်ကုန်သို့ လိုက်သွားသည်။ ရှာလို့မတွေ့။ သတင်းအစအနမျှပင် မရခဲ့။ နောက်တော့မှ ရန်ကုန်က ပြန်လာသော တရွာတည်းသားများထံမှ သူ့ယောက်ျား ရန်ကုန်တွင် နောက်မိန်းမရနေသည်ဟု ကြားသည်။ ပထမတော့ မသန်းမြင့် မျက်ရည်တစမ်းစမ်း၊ တငိုငို တရယ်ရယ်၊ မစားနိုင်မသောက်နိုင်။ သို့သော် သူ့တွင် လူမမယ်ကလေးငယ်နှစ်ယောက်ရှိနေသေးသည့်အတွက် မသန်းမြင့်သည် ရေရှည်အလွမ်းဇာတ်မခင်းနိုင်ဘဲ ရာသီအလိုက် မုန့်မျိုးစုံလုပ်ကာ ရောင်းချရင်း အသက်မွေးဝမ်းကျောင်းသည်။ လူမမယ်ကလေးငယ်နှစ်ယောက်ကို ပြုစု ပျိုးထောင်သည်။

ယခုအချိန်မှာ နွေရာသီဖြစ်သည့်အတွက် မုန့်လက်ဆောင်းသည် သူမပြုလုပ်ရောင်းချသည့် ရာသီစာ။ မသန်းမြင့်၏ မုန့်လက်ဆောင်းမှာ အညာမုန့်လက်ဆောင်းပီပီ ထညက်ရည်ဖြင့် ပြုလုပ်သော အချိုရည်ကို သုံးသည်။ ရေခဲမရှိသည့်တောရွာဖြစ်၍ ထညက်ရည်ထည့်ထားသော စိမ့်မြေအိုးကလေးကို ရေစိုအ၀တ်ကလေးပတ်၍ အေးအောင် စီမံထားသည်။ သူမအိမ်တွင် ကိုယ်တိုင်ပြုလုပ်သော မုန့်လက်ဆောင်းဖတ်ကလေးများမှာ ဖြူဖွေးလှပြီး သန့်ရှင်းသပ်ရပ်သော ရေစိုအ၀တ်ပါးကလေးဖြင့် ဖုံးလွှမ်းထားသည်။ ဖန်ခွက်ထဲသို့ မုန့်လက်ဆောင်းထည့်ရန် အ၀တ်ပါးကလေးကို လှပ်လိုက်ပြီဆိုလျှင် အိထွေးနေသော မုန့်လက်ဆောင်းဖတ်ဖြူဖြူကလေးများကို စားချင်စဖွယ် မြင်ရသည်။

“နေဦး၊ ငါ့မှာ ပိုက်ဆံရော ကျန်သေးရဲ့လားမသိဘူး” အမေသည် မီးဖိုရှေ့တွင် ငုတ်တုတ်ထိုင်လျက်ကပင် ခါးကိုဆန့်၊ ကိုယ်ကိုယိမ်း၍ သူ့ချွေးခံအိတ်ထဲ လက်တဖက်ဖြင့်စမ်းသပ်၍ ပိုက်ဆံရှာနေသည်။

ခဏနေတော့ မီးဖိုထဲကတက်လာကာ အိမ်အောက်ရှိ ဆန်အိုးထဲမှ ဆန်နို့ဆီဗူးတလုံးအပြည့် ထည့်ယူလာသည်။ ထိုအချိန်မှာပင် မသန်းမြင့်ကလည်း ကျနော်တို့ ခြံဝန်းထဲ ဖြတ်လမ်းမှ အဖြတ် အိမ်နားသို့ ရောက်လာသည်။ အမေက လှမ်းခေါ်လိုက်သည့်အခါ အိမ်အောက်သို့ ၀င်လာပြီး သူ့ခေါင်းတွင် ရွက်ထားသော တောင်းကို အိမ်အောက်က ရေဖျန်းထား၍ သိပ်သည်းနေသော မြေကြီးပေါ်သို့ ချလိုက်သည်။

“ဒီနေ့တော့ ဆန်ဘဲယူအေ...” အမေ့ထံမှ အသံနှင့် မသန်းမြင့်ထံမှ “ရတယ်၊ ဒေါ်ကြီး” ဟူသော အသံသည် ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာသည်။

ဘေးကပ်လျက်အိမ်မှ မအမာဝေနဲ့ ကလေးတသိုက် ခြံစည်းရိုး တံခါးငယ်မှဖြတ်၍ အိမ်ဘက်ကို ကူးလာသည်။ မုန်လက်ဆောင်း အားပေးနေကျ အမာခံ ပရိသတ်များ။ မအမာဝေသည် အငယ်ဆုံးကလေးကို ခါးထစ်ခွင် ချီလာရင်း သူ့ယောက်ျား ကြက်ဝိုင်းသွားသည့်ကိစ္စကို မပြီးနိုင်မစီးနိုင် မြည်တွန်တောက်တီးရင်း ပြောနေသည်။

မသန်းမြင့်သည် အ၀တ်ဖြူစကို လှန်၍ မုန့်လက်ဆောင်းဖတ်များကို ဖန်ခွက်များထဲသို့ အနေတော်ထည့်သည်။ သည့်နောက် အရိုးရှည် သစ်သားမှုတ်ကလေးဖြင့် ထညက်ရည်လောင်းထည့်ပေးသည်။ ထန်းညက်ရည်ထဲတွင် အုန်းသီးမှုန့်တွေ ပါသည်။ နံ့သာဖူးဆီ(ငှက်ပျောဆီ) အနံ့ ပါလေကာမျှ ထည့်ထားသည်။ ထညက်ရည်လောင်းထည့်ပြီး ဖန်ခွက်ထဲသို့ ဇွန်းတချောင်း စိုက်ထည့်ပေးလိုက်သည့်အခါတွင်တော့ မွှေးမွှေး အေးအေး ချိုချိုမြမြ အရသာရှိသော မသန်းမြင့်၏လက်ရာ မုန့်လက်ဆောင်းသည် ကျနော်တို့ အမာခံ ဖောက်သည်များ သောက်သုံးရန် အသင့်ဖြစ်လာသည်။ ကျနော်သည် ဘယ်တော့မှ မုန်လက်ဆောင်း တခွက်နှင့် မ၀။ နှစ်ခွက်လောက် သောက်လိုက်ရမှ တင်းတိမ်သည်။

မုန့်လက်ဆောင်းရောင်းသူ မသန်းမြင့်သည် မည်သည့်အခါ ကြည့်ကြည့်၊ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းကျံကာ၊ ဆံပင်ကို အသေအချာထုံးဖွဲ့ထားပြီး အ၀တ်အစားမှာလည်း သေသေသပ်သပ်နှင့်။ ရွာထဲက အတင်းပြောတတ်သူတချို့က သူမသည် တခုလပ်၊ နောက် ယောက်ျားလိုချင်၍ သည်မျှ ပြုပြုပြင်ပြင်နေသည်ဟု ကွယ်ရာတွင် စကားတင်းဆိုကြသည်။

ကျနော်ကတော့ မုန့်လက်ဆောင်းနှစ်ခွက်ကုန်၍ ဗိုက်ဝသည်နှင့် အိမ်အပေါ်ထပ်ပြန်တက်ကာ ဖျာပေါ်တွင် လဲလျောင်းရင်း ဖတ်လက်စ စာအုပ်ကို ပြန်ကိုင်သည်။ ဟိုဘက်အိမ်က ဘုစုခရုများနှင့်အတူ ကလေးအမေ မအမာဝေလည်း ဆူညံဆူညံဖြင့် သူတို့အိမ်ဘက်သို့ ပြန်ကူးသွားလေပြီ။

ကျနော်သည် မသန်းမြင့်၏ “မုန့်လက်ဆောင်း...မုန့်လက်ဆောင်း...ဟောဒီက မုန့်လက်ဆောင်း” အော်သံ မကြာခင် ကြားရတော့မည်ကို စာဖတ်ရင်းတဖက်က အလိုအလျောက် နားစွင့်နေမိသည်။

သို့သော် သည်တခါ အော်သံက ခါတိုင်းကဲ့သို့ ခဏနှင့် ပြန်ထွက်မလာ၍ ကျနော်သည် မှောက်လျက်အနေအထားသို့ ပြောင်းကာ ဖျာနှစ်ချပ်အကြားလွတ်နေသော ကြမ်းပေါက်မှတဆင့် အိမ်အောက်ကို ချောင်းကြည့်လိုက်သည့်အခါ.....

မသန်းမြင့်သည် ခုတင်စွန်းတွင် ထိုင်လျက် တသိမ့်သိမ့်ရှိုက်ကာ ငိုနေသည်။ သူမ၏ ခန္ဓာကိုယ်သည် သူမ၏ ရှိုက်သံနှင့်အတူ လှုပ်ရမ်းတုန်ခါလျက်ရှိ၏။ အမေက သူမဘေးတွင် ထိုင်လျက် လက်တဖက်ဖြင့် သူမ ပုခုံးစွန်းကို ပွေ့ဖက်လျက် ချော့မော့နေဟန်ရှိသည်။

“ကျမ သူ့ကို စိတ်မပြတ်နိုင်ဘူး ဒေါ်ကြီးရယ်။ သူကတော့ ကျမနဲ့ ကလေးနှစ်ယောက်ကို လုံးလုံးထည့်တွက်ဖော် မရဘူး” မသန်းမြင့်က ငိုရှိုက်ရင်း ဗလုံးဗထွေး ပြောနေသည်။

“သန်းမြင့်ရယ်.....ဘယ်တတ်နိုင်ပါ့မလဲအေ။ ချင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်ပေါ့။ ပြီးခဲ့တာတွေလဲ ပြီးခဲ့ပြီ။ ညည်းမလဲ အရွယ်ကောင်းတုန်း ရှိသေးတာဘဲ။ ဒီလိုဘဲ... နောက်တော့ ကိုယ့်အပေါ် ကြင်နာတဲ့လူ၊ ကောင်းတဲ့လူ တွေ့ဦးမှာပေါ့။ တိတ်ပါအေ၊ ငိုမနေပါနဲ့တော့...”

သို့သော်...ငိုမနေပါနှင့် ပြောနေသော အမေ၏ အသံသည်လည်း ငိုသံပါကြီးနှင့်ပင်ဖြစ်သည်။

တဖြည်းဖြည်းနှင့် မသန်းမြင့် အငိုလျော့သွားချေပြီ။ နောက်ဆုံးတွင် သူမသည် မျက်ရည်များကို သုတ်ကာ အိမ်အောက်ထပ် သောက်ရေအိုးစင်အနီးရှိ တိုင်တွင် ချိတ်ထားသော ကြည့်မှန်တွင်ရှေ့တွင် ရပ်လျက် မျက်ရည်ကွက်သွားသောနေရာများမှ သနပ်ခါးများကို ခေါင်းမုလုပ်ထားသော ပုဆိုးစဖြုတ်၍ ပွတ်ညှိကာ မုန့်လက်ဆောင်း တောင်း ခေါင်းပေါ်ရွက်ပြီး အိမ်အောက်မှ ထွက်သွားလေသည်။

ခဏအကြာတွင်.... “မုန့်လက်ဆောင်း....မုန့်လက်ဆောင်း....ဟောဒီက မုန့်လက်ဆောင်း” ဟူသော မသန်းမြင့်၏ အသံသည် ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာသည်။

ဖက်လက်စစာအုပ်ကို ပြန်ဖတ်ရန် ပက်လက်လှန်လိုက်သည့်အခါတွင်မတော့ ကျနော့်မျက်စိ ထောင့်စွန်းမှ မျက်ရည်တစသည် နားဘက်ဆီသို့ အတန်းလိုက် စီးဆင်းသွားလေသည်။
Read more

“ဆရာ”

“ကိုပေါ၊ နိုးပြီးလား။ လာကွ၊ မီးလှုံရင်း ရေနွေးကြမ်းသောက်လှည့်ဦး။”

ကျနော်အိပ်ယာမှ နိုးထလာသည်နှင့် လှမ်းခေါ်လိုက်သော ဆရာ့အသံ။ အချိန်က မနက် ၄ လေးနာရီ။ အစောကြီးရှိသေးသည်။

အသံလာရာကို လှမ်းကြည့်လိုက်တော့ အိမ်နောက်ဖေး မန်ကျည်းပင်အောက်က အုတ်ခဲသုံးလုံး ဖိုခနောက်ဆိုင်မီးဖိုမှာ ထမင်းအိုးတည်ရင်း မီးလှုံကာ မီးဖိုမှ မီးအလင်းရောင်ဖြင့် စာဖတ်လျက်ရှိသော ဆရာ့ကို တွေ့ရသည်။ ဆရာကိုယ်ပေါ်မှာ စောင်တထည်ပတ်လျက်။ ခေါင်းမှာကလည်း သိုးမွှေးဦးထုတ်ကို နားရွက်ပါဖုံးအောင် စွပ်လျက်။

ကျနော်လည်း အိပ်ယာမှ ကပျာကယာ လူးလဲထ။ သွားတိုက် မျက်နှာသစ်ပြီး မီးဖိုအနီးမှာ သွားထိုင်သည်။ ကျနော်လက်ထဲမှာလည်း စာအုပ်တအုပ်သယ်သွားရသည်။ ဆရာက စာဖတ်ရင်း ရေနွေးကြမ်းသောက်လိုက်၊ မီးဖိုထဲ ထင်းထည့်လိုက်။ ကျနော်ကလည်း အသာငြိမ်ပြီး စာအုပ်ဖတ်ရသည်။

ကျနော့်ဆရာမှာ အဲသည်အချိန်က သားသမီး ဘုစုခရု သုံးယောက်ရှိသည်။ ဆရာ့ဇနီးမှာ အလွန်ချော၏။ ဆရာက သူ့ဇနီးနှင့် သားသမီးတွေကို အရမ်းချစ်သည်။ ကျနော်သူ့အိမ်မှာ သွားနေစဉ်အတွင်း ဆရာသည် မနက်တိုင်းအစောကြီးထကာ ရေနွေးအိုးတည်၊ ထမင်းချက်ထားနှင့်ရင်း စာဖတ်နေတတ်သည်။ ဇနီးနှင့်ကလေးတွေ နိုးလာရင် ထမင်းပူပူနွေးနွေးကို ရွာထိပ်အကြော်ဖိုက မိုးလင်းကာနီး ဆရာသွားဝယ်လာသော အကြော်မျိုးစုံနှင့် နံနက်စာ အဆင်သင့်စားရုံပါဘဲ။ အဲသည်ကတည်းက ကျနော်က ဆရာ့ကို အားကျ၍ တနေ့ငါမိန်းမယူလျှင် ဆရာထက်မနည်း မိန်းမကို ချစ်မည်၊ ပြုစုမည်ဟု စိတ်ကူးခဲ့ဘူးသည်။ သို့သော် လက်တွေ့တွင်တော့ ဆရာ့ခြေဖျားကိုတောင် မမှီခဲ့ပါ။

အဲသည်တုန်းက ကျနော်က ခုနစ်တန်းကျောင်းသားအရွယ်။ လူရည်ချွန်ဖြေရန်အတွက် ဆရာ့အိမ်မှာ သွားအိပ်ရင်း ဗဟုသုတအတွက် စာအုပ်များ၊ သတင်းစာများကို ဖတ်ရှုလေ့လာရသည်။ အားကစားအတွက် လေ့ကျင့်ရသည်။ လေ့လာရသည်။ ဆရာက ကျောင်းမှာ ဘာသာရပ်ဆရာအဖြစ်သာမက အားကစားအတွက်ပါ တာဝန်တွဲဖက်ယူရပေသကိုး။

ကျနော့်ဘ၀ကို ထုဆစ်သောလူများထဲတွင် ဆရာသည်လည်း တယောက်အပါအ၀င်။

ကျနော်ခြောက်တန်းမှာ တစ်နှစ် ကျပြီးသည့်အခါ နောက်တနှစ်တွင် အတန်းထဲမှာ သူများထက် အစစ တပန်းသာနေသည်။ ကိုယ်က စာတွေကို သူများအရင် တနှစ်စောပြီး သင်ခဲ့ဘူးပြီးသားကိုး။

ဒါပေမယ့် ဆရာက ကျနော့်ကိုယ်ကျနော် ယုံကြည်မှုတွေ တိုးတက်လာအောင် အများကြီး စွမ်းဆောင်နိုင်သည်။ ကျနော်သည် နှစ်ကျတယောက်ဖြစ်သည့်အတွက်ကြောင့်မဟုတ်ဘဲ တကယ်အရည်အချင်းရှိသည့်အတွက်သာ အတန်းထဲတွင် ထိပ်ဆုံးက ရောက်နေသည်ဟု ကျနော့်ဘာသာ ယုံကြည်လာအောင် ပြုပြင်ပေးနိုင်စွမ်းရှိသည်။ သူလုပ်ပုံလုပ်နည်းမှာ ကျနော်အစမ်းစာမေးပွဲများတွင် အမှတ်အများဆုံးရနေပါက အတန်းထဲတွင် နှုတ်က ထုတ်ဖော်ချီးမွမ်းယုံမက ကျောင်းဝန်းအတွင်း သူနှင့် အခြားဆရာများ စကားပြောနေကြသည့်နေရာအနီးမှ ကျနော်ဖြတ်သွားလျှင်လည်း ကျနော့်ကို သူတို့အနီးသို့ ခေါ်၍....“ဒါ ကျနော့်အတန်းက ကိုပေါလေ။ ဒီကောင်တော်တယ်။ အရည်အချင်းရှိတယ်” စသဖြင့် တခြားဆရာတွေကို ပြောပြတတ်သည်။ ထိုအဖြစ်အပျက်သည် အသေးအဖွဲဟု ထင်ရသော်လည်း သချာင်္မဖြေနိုင်သဖြင့် ၆ တန်းတွင် တနှစ်ကျရှုံးဘူးသော ကျနော့်အား စိတ်ဓါတ်ကို ကျဆင်းမသွားစေဘဲ အမြင့်ဆုံးကို မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ ရလာဒ်မှာ ကျနော်သည် ထိုအလယ်တန်းကျောင်းတွင် နေစဉ်တလျှောက်လုံး အမြဲတစေ နံပါတ် တစ် နေရာမှ တပြားသားမျှ မဆင်းတော့ချင်းဖြစ်သည်။

ဆရာက ကျောင်းစာကိုသာ ကျနော့်ကို လေ့ကျင့်ပေးသည်မဟုတ်။ အကျင့်စာရိတ္တကိုလည်း ပြုပြင်ပေးသည်။ တခါက မကွေးမြို့တွင်ပြုလုပ်သော မြို့နယ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲသို့ ကျနော်တို့ မြို့နယ်ကလည်း သွားပြိုင်ကြသည်။ မင်းဘူးမှ မကွေးဘက်သို့ မြစ်အကူးတွင် လက်ထောက်မြို့နယ်ပညာရေးမှူး (ကျနော့်ယောက်ဖ) ၏ စက်ဘီးကို ကျနော်က မျက်နှာလိုအားရဖြင့် စက်လှေပေါ်မှ ထမ်း၍ ချပေးလိုက်သည်။

ဆရာက အသာကြည့်နေကာ...ညဘက် ထမင်းစားချိန် ရောက်တော့မှ....“ဟေ့၊ ကိုပေါ။ လက်ထောက်ပညာရေးမှူးစက်ဘီးကို ထမ်းချပေးတဲ့ လုပ်ရပ်က တကယ်တော့ မလိုအပ်ပါဘူးကွ။ မင်းက သူ့အခိုင်းအစေလည်း မဟုတ်ဘူး။ သူက မင်းထက် လူကောင်ကြီးပြီး သန်လည်း သန်မာပါတယ်။ မစွမ်းမသန်တဲ့ လူကို ကူညီတာဆိုရင်တော့ ကောင်းတာပေါ့ကွာ။ ဒီကိစ္စမှာတော့ မင်းက မလိုအပ်ဘဲ အောက်ကျို့လွန်းတယ်လို့ ဆရာ ထင်တယ်။ မင်းကျို့တာက ကိစ္စမရှိဘူး။ ဟိုပုဂ္ဂိုလ်က မင်းအောက်ကျို့ဆက်ဆံတာကို အရသာတွေ့ပြီး နောက်လူတွေဆီက အဲသည်လို ဆက်ဆံမှုမျိုးကို မျှော်လင့်လာရင် တခြားလူတွေအတွက် ကိစ္စရှိတယ်ကွ။ ” ....။

ကျနော့်ဆရာက အဲသည်လို။

ကျနော်တွေ့ဘူးသမျှတွင် ဆရာသည် ကျောင်းသားတွေကို ကျောင်းစာနှင့် မသက်ဆိုင်သော ပုံပြင်တွေ၊ သမိုင်းတွေ အကြောင်းကို အပြောဆုံးဆရာတဦးဖြစ်သည်။

အာဇာနည်နေ့ ဟောပြောပွဲလိုမျိုးမှာ ဗိုလ်ချုပ်တို့ အလုပ်ကြံခံရပုံကို တဆင့်ချင်း၊ တကွက်ချင်း လေယူလေသိမ်းဖြင့် ဆရာမို့ ဟောပြောပြီဆိုလျှင် ကျောင်းသားတွေရော၊ ဆရာတွေပါ ငြိမ်သက်ပြီး နားထောင်ရလောက်အောင် ဆရာက အပြောလည်းကောင်းသည်။

အမျိုးသားနေ့ အကြိုဟောပြောပွဲမျိုးဆိုရင် လက်ရွေးစင်ကျောင်းသားအချို့ကို ရွေးထုတ်ကာ “တကောင်းအဘိရာဇာ ဒို့ဗမာ သာကီမျိုးဟာ...မညှိုးဂုဏ်တေဇာ” အစချီတဲ့ သခင်ဘသောင်းရေးတဲ့ ဒို့ဗမာ သီချင်းကို အကျအန သင်ပေးကာ “မီးဒုတ် မီးဒုတ် ရှို့ရှို့....သခင်မျိုးဟေ့ ဒို့ဗမာ” စတဲ့ သီချင်းတွေ ကြွေးကြော်သံတွေကို ကြက်သီးမွေးညှင်းထလောက်အောင် လက်သီးလက်မောင်းတန်း ရွတ်ဆိုစေခဲ့သော၊ မာန်ပါပါနဲ့ ဟောပြောနိုင်ခဲ့သော ဆရာ။

သူ့အိမ်မှာ အင်္ဂလိပ်လိုနဲ့ မြန်မာလို ပူးတွဲပါသော ဂါးဒီယန်းစာအုပ်တွေ တထပ်ကြီးချပေးကာ အင်္ဂလိပ်စာ ဖတ်အားကောင်းအောင် လေ့ကျင့်ပေးပုံတွေ၊ ကျနော် အားကစားအတွက် ဘောလုံးကွင်းကို ပတ်ပြေးနေတော့ နာရီတလုံးနဲ့ စံချိန်မှတ်ပေးနေပုံတွေ၊ ကျနော် လူရည်ချွန်ရလို့ နွေရာသီအပန်းဖြေစခန်းကအပြန် အမှတ်တရ လက်ဆောင်တွေ ဆရာ့ဘို့ ၀ယ်သွားပေးတော့ သူ့တပည့်အတွက် ကျေနပ်ဂုဏ်ယူတဲ့ အကြည့်နဲ့ ပီတိဖြစ်နေပုံတွေ၊ ကျနော်တို့ ကျောင်းသားငယ်တွေနဲ့အတူ ခြင်းတ၀ိုင်းထဲ ခတ်ကာ “မဟာဒူး၊ ဖ၀ါး၊ ဖနောင့်၊ စလွယ်” စတဲ့ ခတ်ပုံခတ်နည်းတွေကို လှလှပပ ခတ်ပြခဲ့တာတွေ မျက်စိထဲမှာ မြင်ယောင်နေမိသည်။

ကျနော် ဘွဲ့ရအပြီး မလေးရှားက အလုပ်တခုမှ အရွေးချယ်ခံရ၍ နိုင်ငံခြားသို့ မထွက်မီ မိဘတွေရှိတဲ့ မွေးရပ်မြေကို ခဏပြန်တော့ လမ်းခုလပ် မြို့ကလေးတခုက ထမင်းဆိုင်မှာ ဆရာနဲ့ ဆရာကတော်ကို ဗြုန်းကနဲ သွားတွေ့သည်။ ဆရာက အဲသည်မြို့ကလေးမှာ အထက်တန်းကျောင်းအုပ်ဖြစ်နေသည်။ ဒါပေမယ့် ဆရာပုံက နွမ်းနွမ်းပါးပါး။ ကျနော်ကလည်း ထိုစဉ်တုန်းက ဘိုင်ကောင်ပီပီ ဆရာကို လက်အုပ်ချီကာ (လက်ချည်းသက်သက်) ထိုင်ကန်တော့ခဲ့ရသည်။ ဆရာ၏ ဆုပေးသံမှာ တုန်ခါနေပြီး တချိန်တည်းမှာ သူ့တပည့်နိုင်ငံခြားထွက်တော့မှာ၊ ကြီးပွားတော့မှာကို ၀မ်းသာအားရဖြစ်နေပုံရသည်။ ပြီးတော့ တခုမှာလိုက်သေးသည်။ “ငါတပည့်၊ မင်း နိုင်ငံခြားသူနဲ့တော့ အိမ်ထောင်မပြုပါနဲ့ကွာ။ မြန်မာလူမျိုးနဲ့ဘဲ အိမ်ထောင်ပြုပါ” တဲ့။ ဆရာ ဘာရည်ရွက်ချက်နဲ့ ပြောသလဲတော့ ကျနော် မေးမကြည့်ခဲ့တော့ပါ။

တနေ့က အစ်မနဲ့ ဖုန်းပြောရင်း ဆရာ့ကို အထူးသတိရ၍ ကျနော် ပို့ပေးထားသည့်ငွေဖြင့် ကျနော့်ကိုယ်စား ဆရာ့ကို သွားကန်တော့ပေးပါဟုပြောတော့....အစ်မက “ဆရာ လေဖြတ်ထား၍ အိပ်ယာထဲ လဲနေကြောင်း၊ တခါတရံ တချို့လူတွေကို သတိမရတော့ကြောင်း၊ ကျနော်တို့ မောင်နှမတတွေကိုတော့ မှတ်မိနေသေးကြောင်း၊ ဆက်ဆက် သွားကန်တော့ပေးမည်ဖြစ်ကြောင်း”တွေ ပြောပြသည်။ သည်အကြောင်းသိရတော့ ကျနော့်ရင်ထဲမကောင်း။ ဒါပေမယ့် ဆရာ့သားသမီးတွေ လိမ္မာပြီး မိဘအပေါ်သိတတ်ကြောင်း ကြားရတော့ ဆရာ့အတွက် ၀မ်းသာမိသည်။

ဆရာသည် ကျနော့်ဘ၀ကို မြှင့်တင်ပေးခဲ့သူ၊ ကျနော့်စာရိတ္တကို ပြုပြင်ပေးခဲ့သူ၊ ကျနော့်ကိုယ်ကျနော် ယုံကြည်မှု ရှိလာအောင် မြေတောင်မြှောက်ပေးခဲ့သူ။

ကျနော့်ဘ၀၀ယ် အကောင်းဘက်သို့ရောက်အောင် တွန်းပို့ပေးသူများအကြောင်းကို စဉ်းစားလိုက်တိုင်း ကျနော့်၏ အလယ်တန်းပြဆရာကို သတိရမိတော့သည်။
Read more

“ကလူသစ် ဖတ်ဘို့စာ...”

ကလူသစ်ရေ...

သခင်အောင်ဆန်းက ကျောင်းသားဘ၀တုန်းက အိုးဝေမဂ္ဂဇင်းမှာ ညိုမြရဲ့ ငရဲခွေးကြီး လွတ်နေသည် ဆောင်းပါးကို ကျောင်းအထုတ်ခံပြီး ဘာကြောင့်ထည့်ခဲ့သလဲ။ ဘာကြောင့် ဘယ်သူရေးတယ်ဆိုတာ မဖော်ခဲ့သလဲ။

ဗိုလ်အောင်ကျော်ဟာ ခေါင်းအကွဲခံပြီး အသက်အဆုံးခံပြီး အတွင်းဝန် ရုံးရှေ့မှာ ဘာကြောင့် သွားဆန္ဒပြခဲ့သလဲ။

ကလူသစ်ရဲ့ ပို့စ်တခုထဲမှာပါတဲ့ ဆရာတော် ဦးဝိစာရကရော ဘာကြောင့်အသက်ဆုံးပါးခံပြီး ထောင်ထဲအစာငတ်ခံ ဆန္ဒပြခဲ့သလဲ။

သူတို့တွေ အဲသည်လို လုပ်လိုက်လို့ရော မြန်မာ့လွတ်လပ်ရေး ချက်ခြင်းရသွားခဲ့ပါသလား။

စနစ်တခုကို တိုက်ဖျက်တဲ့နေရာမှာ တချို့သော အဖြစ်အပျက်တွေကြောင့် “ခုရေတွင်းတူး ခုရေကြည်သောက်သလို” ချက်ချင်းကြီး အကျိုးပေးတာမျိုး ကြုံချင်မှလည်း ကြုံမှာပါ။ ဒါပေမယ့် ဒီအကြောင်းတွေဟာ ကျနော်တို့သွားနေတဲ့ ပန်းတိုင်ကို တနည်းတဖုံ အထောက်အကူပြုတာကတော့ မငြင်းနိုင်ပါဘူး။

ကျနော်တို့ စင်္ကာပူမှာ လှုပ်ရှားရခြင်း အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းအင်အားစုများကို ထောက်ကူနိုင်ရေး၊ အဲသည်လို ထောက်ကူရာမှာ အဓိကအင်အားဖြစ်တဲ့ စင်္ကာပူရောက်မြန်မာများအကြား နိုင်ငံရေးအသိစိတ် ပိုမိုနိုးကြားလာစေရေးနဲ့၊ မြန်မာ့ဒီမိုကရေစီအရေးမှာ မြန်မာတွေ သည့်ထက်ပိုပြီး ပူးပေါင်းပါဝင်လာဘို့ကိုလည်း အဓိက ရည်ရွယ်ပါတယ်။ အဲဒီလို လုပ်ရာမှာ မိမိကိုယ်တိုင်ကစပြီး ရှေ့ကနေ စံပြ ခြေလှမ်းလှမ်းမပြဘဲ ဘယ်တော့မှ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။

လူတိုင်းအားလုံးပါဝင်နိုင်တဲ့ လှုပ်ရှားမှုမျိုး လုပ်ကြဘို့ အချို့ကဆိုပါတယ်။ ဘယ်လို လှုပ်ရှားမှုမျိုးလဲ မိမိမှာ အကြံရှိရင်၊ ကိုယ့်မှာ ပါးနပ်တဲ့ ပရိယာယ် ရှိတယ်လို့ ယူဆရင် ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပါတယ်။ ကိုယ်ကစပြီးလည်း ဦးဆောင်လုပ်လို့ရပါတယ်။ ဒါပေမယ့်အခုအချိန်အထိ အဲလိုပြောနေသူတွေရဲ့ ဖြစ်ဖြစ်မြောက်မြောက် လှုပ်ရှားမှု ဘာတခုမှ မတွေ့ရသေးပါဘူး။

ဒီ လူတိုင်းပါဝင်နိုင်မယ့် လှုပ်ရှားမှုမျိုး ဆိုတဲ့ စကားကို ကြားတော့ ကျနော်မိတ်ဆွေတယောက်ကတော့ ရယ်ပြီးပြောသဗျ။ ဒီအချိန်မှာ လူတိုင်းပါဝင်နိုင်တဲ့ လှုပ်ရှားမှုဆိုတာ “ဘာမှ မလုပ်ဘဲ နေတာဘဲ”တဲ့။ ဟုတ်တယ်၊ ဘာမှ မလုပ်ဘဲ နေတဲ့ ကိစ္စမျိုးမှာ လူတိုင်းပါဝင်နိုင်ပါတယ်။ မိမိ အိမ်မှာဘဲ တီဗီရှေ့မှာ၊ ကွန်ပြူတာရှေ့မှာ ကုပ်နေလို့ ရနိုင်ပါတယ်။

နောက်တခုက ဒီလို စွန့်စားပြီး လှုပ်ရှားကြရတာကို မပါးနပ်လို့၊ ရေရှည်အတွက် တွေးခေါ်နိုင်စွမ်းမရှိတဲ့အတွက် လုပ်ကြတာဘဲ လို့ တွေးထင်ယူဆနေသူတွေ ရှိပါတယ်။ ၀မ်းနည်းပါတယ်။ ဒီလောက်တွေးတတ်ဘို့တော့ ပီအိပ်ခ်ျဒီ ဦးနှောက်တွေ၊ စစ်ဗျူဟာမှူး ဦးနှောက်မျိုးတွေ ရှိဘို့ မလိုပါဘူး။ သာမန်လူတယောက်အဖို့ တကိုယ်ကောင်းဆန်တဲ့စိတ် အသင့်အတင့်နဲ့ ကြောက်စိတ်အနည်းငယ် ရှိရင်ဘဲ ဒီလိုတွေးတတ်ဘို့အတွက် လုံလောက်ပါတယ်။

ဗိုလ်မင်းရောင် (ခေါင်းဖြတ်အသတ်ခံလိုက်ရမယ့်အရေးကို မမှုဘဲ) စွန့်စားပြီး တိုက်ပွဲဝင်ခဲ့လို့၊ ဆရာစံနဲ့ လယ်သမားသူပုန်တွေ (ကြိုးအပေးခံလိုက်မယ့်အရေးကို ဂရုမထားဘဲ)စွန့်စားပြီး တိုက်ပွဲဝင်ခဲ့လို့ မြန်မာပြည်ကြီး လွတ်လပ်ရေး ချက်ချင်းရမသွားသလို၊ စင်္ကာပူက တက်ကြွစွာ လှုပ်ရှားသူအချို့ အရေးယူခံရမယ်မှန်းသိသိနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားခဲ့လို့ မြန်မာ့ ဒီမိုကရေစီအရေး ချက်ချင်းအောင်မြင်သွားမယ် မဟုတ်မှန်း ကျနော်တို့ မသိမဟုတ် သိပါတယ်။

ဒါပေမယ့် ကျနော်တို့ဟာ Result Oriented သမားတွေ မဟုတ်။ ကျနော်တို့ တသက်မှာတော့ ဒီမိုကရေစီပန်းတိုင်ကို ရောက်ချင်မှလည်း ရောက်မယ်ဆိုတာကို လက်ခံထားပြီးသား။ သို့သော် ကိုယ်လုပ်ဆောင်စရာရှိတာကိုတော့ ယုံကြည်တဲ့အတိုင်း လုပ်ဆောင်သွားရမှာပါဘဲ။ Result Oriented သမားတွေကတော့ အရေးသာမယ်ထင်တဲ့အချိန်မှာ အလှူငွေ လူအား စတာတွေကို ပုံအောပြီး ထောက်ပံ့တတ်ကြပါတယ်။ ဒါပေမယ့် ရေရှည်ကျိတ်ရမယ့်အခါမျိုးကျရင် အလျှိုလျှို နောက်ကွယ်ကို ဆုတ်သွားတတ်ကြပါတယ်။

အဲသည်လို လုပ်ကိုင်တဲ့ နေရာမှာ ကိုယ်တိုင်လည်း ပါဝင်လုပ်ဆောင်ဘို့ အသင့်မရှိသလို ထောက်ခံဘို့လည်း ၀န်လေးတဲ့ Bystander (ရပ်ကြည့်သူ) တွေလည်း ရှိမှာပါဘဲ။ ဒါပေမယ့် သူတို့တတွေဟာ ဘယ်အချိန်ကာလမဆို အားသာမယ်ထင်တဲ့ဘက်မှာ အချိန်မရွေး ရပ်ကြမယ့်လူတွေဖြစ်လို့ သူတို့ကို ယုံကြည်အားထားလောက်တဲ့ အင်အားတရပ်အနေနဲ့ ထည့်တွက်နေလို့ မရပါဘူး။

တက်ကြွစွာ ပါဝင်လှုပ်ရှားကြတဲ့လူတွေထဲမှာတောင် တကယ်အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ပဲ့စင်ပြီး ထွက်သွားတဲ့လူတွေ၊ နောက်ဆုတ်သွားတဲ့လူတွေ တပုံကြီးပါ။ ဒါပေမယ့် မဖိတ်မစဉ်ဘဲ၊ နောက်မတွန့်ဘဲ ကျန်ခဲ့တဲ့သူတွေကတော့ အသားကျပြီး သံမဏိလို ဒေါင်ဒေါင်မြည်တွေ ဖြစ်လာတော့တာပါဘဲ။ အဲသည်လိုလူမျိုး တယောက်ဟာ ခုနင်ကလို ဘာမှ ထိထိရောက်ရောက်မလုပ်ဘဲ ဘေးကနေ အခြေအနေကြည့်ဝေဖန်နေတဲ့ Bystander (ဘေးကရပ်ကြည့်သူ) အယောက် ၁၀၀၀ လောက်နဲ့ ခွန်အားတူညီပါတယ်။ ကျနော်တို့မှာ အဲသည်လို လူမျိုးတွေ အများစု မြန်မာ့ဒီမိုကရေစီအရေးအတွက် လိုအပ်နေပါတယ်။ သူတို့တွေဟာ ဘယ်နေရာ ဘယ်ဒေသကို ရောက်ရောက် ဦးဆောင်နိုင်မယ့် လူမျိုးတွေ ဖြစ်ပါတယ်။ ဦးမဆောင်နိုင်တောင် အဖိုးမဖြတ်နိုင်တဲ့ နောက်လိုက်ကောင်းတွေ ဖြစ်လာမှာ မလွဲမသွေပါဘဲ။

ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ ဦးဝင်းတင်တို့ ကိုမင်းကိုနိုင်တို့ မတိမ်းမရှောင်ဘဲ အကျယ်ချုပ် အကျဉ်းချုပ် ကျခံကာ ဆက်လက်ကြံ့ကြံ့ခံနေတာဟာ စဉ်းစားဆင်ခြင်ဉာဏ်မရှိလို့မဟုတ်၊ ပရိယာယ်အရာမှာ မပါးနပ်လို့လည်းမဟုတ်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာ ဒါဟာ အခြေခံကျတဲ့ တိုက်ပွဲတခုလို့ ယူဆတဲ့အတွက် နောက်မတွန့်ဘဲ ကြံ့ကြံ့ခံနေခြင်းဖြစ်ပါတယ်။

ရိုစာပါ့ခ်ဟာ အရေးယူခံရမယ်မှန်းသိသိနဲ့ အဲဒီနေ့က ဘတ်စ်ကားပေါ်မှာ လူဖြူတွေအတွက် သတ်မှတ်ထားတဲ့ ထိုင်ခုံမှာသာ စပြီး ရဲရဲဝံ့ဝံ့ မထိုင်ခဲ့ဘူးဆိုရင် ဒီကနေ့အထိ လူမည်းတွေဟာ အမေရိကားမှာ အနှိမ်ခံဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။

အလားတူဘဲ...မခင်မင်းဇော်တို့ ကျောင်းသူဘ၀က အန္တရာယ်များလှတဲ့ ကျောင်းသားလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တာ ပရိယာယ်မရှိလို့၊ စဉ်းစားဉာဏ်မရှိလို့ မဟုတ်။ သမိုင်းက ပေးအပ်လာတဲ့ တာဝန်ကို ကျေကျပွန်ပွန် ရဲရဲဝံ့ဝံ့ ထမ်းဆောင်ခဲ့ခြင်းသာဖြစ်တယ်။


ကိုထင်ကျော်တို့ အဖမ်းခံရမယ်မှန်းသိသိနဲ့ ဆန္ဒထွက်ပြတာ....
မမီးမီး၊ မနီလာသိန်း၊ မစုစုနွေးတို့ အဖမ်းခံရမယ်မှန်းသိသိနဲ့ သူတို့မရှိတော့ရင် အပြင်မှာ ခေါင်းဆောင်မယ့်လူအင်အားလျော့ပါးသွားမယ်သိသိနဲ့ ဆန္ဒထွက်ပြကြတာ...တွေကိုရော မစဉ်းစား မတွေးခေါ်တတ်လို့ လုပ်တယ်လို့ ထင်ပါသလားဗျာ။

နောက်ပြီး နယ်စပ်မှာ ကျန်ရှိနေသေးတဲ့ အေဘီအက်စ်ဒီအက်ဖ်က ကျောင်းသားတွေ ငှက်ဖျားတောထဲမှာ ဆက်လက်နေထိုင်ပြီး ယုံကြည်ရာကို ဆက်လက်တိုက်ပွဲဝင်နေတာဟာ ဦးနှောက်မရှိလို့မဟုတ်။ နံရံကို ခေါင်းနဲ့ တိုက်နေခြင်းလည်းမဟုတ်။ သမိုင်းပေးတာဝန်ကို မိမိယုံကြည်တဲ့အတိုင်း ရဲရဲဝံ့ဝံ့ ပေးဆပ်နေခြင်းသာဖြစ်တယ်။ တကယ်တော့ ထွက်ပေါက်ဟာ အရေးသိပ်မကြီးလှပါဘူး။ စိတ်ဓါတ်ခိုင်မာနေဘို့နဲ့ စိတ်ဓါတ်ရေးရာ အဆင်သင့်ဖြစ်မှုသာ ပဓာန ကျလှပါတယ်။

ဒီတော့ အာဏာရှင်နဲ့ တိုက်ပွဲဝင်နေတဲ့နေရာမှာ ရှေ့စစ်ဦးကနေ တိုက်ရတဲ့သူတွေအဖို့ အထိနာမှာ၊ အကျအဆုံး များမှာကတော့ အမှန်ပါ။ ဒါပေမယ့် ဒီပေးဆပ်မှုတွေဟာ အလဟဿမဟုတ်၊ အချည်းနှီးမဟုတ်။

ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့ရဲ့ ပေးဆပ်မှုကြောင့် ကျနော်တို့လို သာမန်လူပေါင်းများစွာကို သတ္တိအင်အားတွေ၊ စိတ်ဓါတ်ခွန်အားတွေ ကူးစက်ပေးနိုင်ခဲ့သလို ခုနက ပေးဆပ်သွားခဲ့သူအပေါင်းဟာ နောက်လူပေါင်းများစွာကို အဲသည်လိုဘဲ သတ္တိအင်အား၊ စိတ်ဓါတ်ခွန်အားတွေ လက်ဆင့်ကမ်းသွားပါလိမ့်မယ်။ ဆဲဗင်းဂျူလိုင်အရေးအခင်း၊ ရှစ်လေးလုံးအရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေးတွေမှာ အဲသည်လို စိတ်ဓါတ်ခွန်အားတွေကို တော်လှန်ရေးမျိုးဆက်မပြတ်စေဘို့ နောက်လူတွေကို ရှေ့လူတွေက လက်ဆင့်ကမ်းခဲ့ပါတယ်။ ကလူသစ်ကိုယ်တိုင်လည်း တချိန်မှာ အဲသည်လို စိတ်ဓါတ်ခွန်အားမျိုး ၀င်လာခဲ့ပြီဆိုရင် အဲသလိုဘဲ ပေးဆပ်ရမယ်မှန်းသိသိနဲ့ စွန့်စားလာပါလိမ့်မယ်။

ကလူသစ်ရဲ့ စေတနာကို နားလည်ပေမယ့် ထောက်ပြတဲ့အချက်က မှန်ကန်မှုရှိတယ်မထင်လို့ ဒီကွန်မင့်ကို ရေးလိုက်ပါတယ်။

ဲဖြည့်စွက်ချက်။ ။ စင်္ကာပူမှာ ရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ အင်အားလျော့နည်းသွားမှာကို စိုးရိမ်သည်ဟု ဆိုသူများ..... ကျနော်တို့ရဲ့ လျော့သွားသောနေရာတွေမှာ လာရောက်ပူးပေါင်းပါဝင်ခြင်းဖြင့် ကွက်လပ်ဖြည့်နိုင်ပါတယ်။ ကျနော်တို့ လှုပ်ရှားမှုမှန်သမျှဟာ အများသဘောတူ ဆုံးဖြတ်ပြီးမှ လှုပ်ရှားတာမျိုးဖြစ်တဲ့အတွက် ဘယ်သူတဦးတယောက်ကိုမျှ အတင်းအကြပ် စေခိုင်းခြင်း၊ တာဝန်ပေးခြင်းမရှိပါ။ မိမိတို့မှာ သာလွန်ကောင်းမွန်သော စိတ်ကူးစိတ်သန်းများ၊ ဗျူဟာများ၊ ပါးနပ်မှုများ ရှိသည်ဟု ယူဆပါက အချိန်မရွေး ကျနော်တို့နှင့် လာရောက်ပူးပေါင်းပြီး မိမိအယူအဆများကို ဆွေးနွေးလှည့်ပါ။ မိမိ အယူအဆများကို အများလက်ခံလာအောင် ဦးဆောင်နိုင်သော အရည်အသွေး ရှိသူများဖြစ်ပါက ကျနော်တို့ ၀မ်းမြောက်ဝမ်းသာ နောက်က လိုက်ရန်အသင့်ပါ။ ဤနည်းဖြင့်သာ ကျနော်တို့၏ မြန်မာ့ဒီမိုကရေစီအရေး ရေရှည်တည်တံ့မည်ဖြစ်ပါသည်။

သစ္စာဖြင့်...
ကိုပေါ။


(ကလူသစ်ဘလော့ဂ်က နောက်ဆုံးပို့စ်ကို ရည်ညွှန်းရေးသားပါသည်။)

Read more

"ကျွန်းပေါ်မှာရေးတဲ့မှတ်တမ်း"

ကိုလှိုင်မိုး။

“ASEAN summit မှာဆန္ဒပြကြတုန်းက လူတွေကို စီတန်းလိုက်ပြီး လက်ချင်းယှက်လိုက်တော့ ကျနော်က အကို့ နံဘေးမှာလေ”

လွန်ခဲ့တဲ့ တစ်ပတ်လောက်က တညချမ်းမှာ ကွင်းပြင်ကြီးထဲ ၀ိုင်းဖွဲ့ထိုင်ရင်း စကားပြောဖြစ်ကြတော့ ကိုလှိုင်မိုးက ကျနော့်ကို ပြောလိုက်ခြင်းဖြစ်သည်။ ကျနော်က မှတ်ဉာဏ်မကောင်းလှတော့ လူနဲ့ နာမည်နဲ့ တွဲမသိခဲ့သဖြင့် ဇဝေဇ၀ါ။ သေချာတာကတော့ အော့ချာ့ဒ်ဆန္ဒပြပွဲ နောက်ပိုင်းမှာ သူနဲ့ ကျနော်နဲ့ လှုပ်ရှားမှုပေါင်းများစွာမှာ အတူတွဲလုပ်လာ၍ မျက်နှာကျက်မိနေတာ ကြာခဲ့ပြီ။

ဒီနေ့တော့ SDP ၀က်ဘ်ဆိုက်မှာ တင်ထားတဲ့ ဓါတ်ပုံကိုကြည့်တော့မှ ဟုတ်ပါရဲ့....အဲဒီတုန်းက သူနဲ့ ကျနော်က ဘေးချင်းကပ်လျက် လက်တွဲထားတာမို့လား။

အခုတော့ ကိုလှိုင်မိုးဟာ သူ့ရဲ့ S-pass ကို သက်တမ်းတိုးမရတော့ပြီ ဖြစ်လို့ စင်္ကာပူက ထွက်ခွာသွားခဲ့လေပြီ။ အထွက်မှာ သူ့ကို အဖွဲ့သားများက လိုက်လံပို့ဆောင်ကြတော့ ဘလော့ဂါ အမျိုးသမီးငယ်က ရုတ်တရက် ၀မ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုချလိုက်သည်။ အားလုံးရင်ထဲမှာ ရဲဘော်တယောက်နဲ့ ဝေးကွာရခြင်းအတွက် ကြေကွဲမှုကိုယ်စီနှင့်။

------------------------------

ကိုမျိုးထွန်း။

ကိုမျိုးထွန်းကိုကျတော့ နာမည်နဲ့ လူပါ တွဲမှတ်မိနေသည်။

စင်္ကာပူမြန်မာသံရုံးရှေ့က Vote No campaign မှာ ရေဘူးတွေ၊ အအေးဘူးတွေ၊ သစ်သီးတွေ မ ယူသယ်ဆောင်လာပုံ၊ အင်္ကျီအနီတွေ ဝေငှပေးနေပုံ၊ ရေဘူး၊ အအေးဘူးတွေ လိုက်ဝေနေပုံ၊ သောက်ပြီး ဗူးခွံများကို ပလပ်စတစ်အိတ်အမဲကြီးနဲ့ လိုက်လံ သိမ်းဆည်းပေးနေပုံ။ “နိုး” အဖွဲ့ အဆိုတော်မလေးများပုံပါသော နိုး စတစ်ကာလေးတွေကို လက်သိပ်ထိုး ဝေငှပေးနေပုံ။

ဟော...မြန်မာပြည်မှာ နာဂစ်ဆိုင်ကလုံး တိုက်ခတ်သွားပြန်တော့ မျိုးချစ်မြန်မာများအဖွဲ့ အလှူငွေ ကောက်ခံနေတဲ့နေရာမှာ သူ့ကို အစဉ်လိုလို တွေ့နေရပုံ၊ ဧရာဝတီတိုင်း လပွတ္တာဘက်မှာ သွားရောက်ကူညီကယ်ဆယ်ရာက ပြန်ရောက်လာတော့ သူ့အတွေ့အကြုံတွေကို စင်္ကာပူနိုင်ငံ အမျိုးသား စာကြည့်တိုက်အောက်က အုတ်ခုံမှာ ၀ိုင်းထိုင်ရင်း စိတ်ဝင်စားဘွယ် ပြောပြနေပုံ။

အဖြစ်အပျက်တွေက မနေ့တနေ့ကလိုပင် ကျနော့်အတွေးထဲတွင် ပြက်ပြက်ထင်ထင် ရှိနေသေးသည်။ ယခုတော့ ကိုမျိုးထွန်းသည်လည်း သူ့ WP ကို အလုပ်က သက်တမ်းတိုးပေးသော်ငြား စင်္ကာပူအစိုးရက သက်တမ်းတိုးမပေးတော့၍ စင်္ကာပူက ထွက်ခွာသွားခဲ့လေပြီ။


-------------------------------------------

စိုးသီဟ။

ကျနော့်ကို မျိုးမြင့်မောင်နဲ့ မိတ်ဆက်ပေးတော့ မျိုးမြင့်မောင်ဘေးမှာ စိုးသီဟလည်း ပါသည်။ သူတို့ နှစ်ဦးက အီကြာကွေးလို တပူးပူးတတွဲတွဲ။ မျိုးမြင့်မောင်က နှုတ်သွက်သလောက် စိုးသီဟက စကားနည်းသည်။ လူပုံက အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး။ အမြဲလိုလို ကတုံးဆံပင်လို ဆံပင်တိုတို နှင့်။

ဘုန်းကြီးကျောင်းလမ်းထိပ်က ကော်ဖီဆိုင်မှာ၊ ကလင်မင်းတီးက ကော်ဖီဆိုင်မှာ ည ၂ နာရီ၊ ၃ နာရီ ထိုးတဲ့အထိ စကားဝိုင်းတွေ ဖွဲ့ခဲ့တာတွေကို သတိရမိသည်။ သူနဲ့နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းက သူ စင်္ကာပူကနေ သည်လောက်မြန်မြန်ဆန်ဆန် ထွက်ခွာသွားရမည်ဆိုတာကို မရိပ်မိခဲ့ကြသေး။ SMU အောက်က ခုံတန်းရှည်တွေမှာ သူကထိုင်လျက် ကျနော်က မိုးတိုးမတ်တတ် စကားပြောခဲ့ပုံကို သတိရမိသည်။ အဲသည်ညက ညဥ့်က အတော်နက်နေပြီ။ သူတို့အဖွဲ့မှာ နာဂစ်အလှူငွေခံရာက ရလာသည့် ငွေအကြွေဘူးတွေကို သွန်ချပြီး ရေတွက်နေခဲ့ကြသည်။ ကျနော်က “အချိန်ကုန်ပင်ပန်းလိုက်တာကွာ၊ အကြွေရေတွက်တဲ့ စက်မှာ သွားရေတွက်ပါတော့လား” ဟုပြောတော့ “အဲဒါက ပိုက်ဆံပေးရတယ် အကိုရ၊ ကျနော်တို့က အပိုမကုန်စေချင်လို့ လူအားနဲ့ ရေတွက်လိုက်တာပါ” လို့ ပြန်ပြောသည်။

တကယ်က သူသည် နိုင်ငံရေးထက် လူမှုရေးကိစ္စများကို အားသန်သူ။ နာဂစ်မုန်တိုင်းအတွင်းမှာ စင်္ကာပူရှိ တက္ကသိုလ်မှ မြန်မာကျောင်းသားပေါင်းစုံကို စုစည်း၍ “ပရော့ဂျက် နာဂစ်” ကို တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားခဲ့သူထဲက တဦး ဖြစ်သည်။

လွန်ခဲ့သည့် သုံးနှစ်... ဒေါ်အောင်ဆန်းစုကြည် အသက် ၆၀ ပြည့်မွေးနေ့မှာ တီရှပ်တွေ (ပင်နင်ဆူးလား ဆိုင်တဆိုင်မှ တဆင့်) အလကားဝေသည်မှာ သူတို့သူငယ်ချင်းတစု၏ အားထုတ်မှုဖြစ်သည်။ စက်တင်ဘာတော်လှန်ရေးအပြီး မြန်မာတွေ စင်္ကာပူမှာ အ၀တ်များလာတဲ့ တီရှပ်မှာ လက်ချင်းဆက်ထားသော ပုံတွေကလည်း သူ့တို့သူငယ်ချင်းတစုရဲ့ စိတ်ကူးစိတ်သန်းနဲ့ ရေးဆွဲခဲ့သော ဒီဇိုင်းဖြစ်ကြောင်းသိရသည်။

ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ပထမဦးဆုံးအကြိမ် ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲကိုလည်း တက္ကသိုလ်ဝင်းအတွင်း ကျင်းပခွင့်ရအောင် အာဏာပိုင်တွေ တားဆီးသည့်ကြားက ဖြစ်မြောက်အောင် သူဘဲ ကြိုးစားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်က အင်ဂျင်နီယာ ဘွဲ့ရပြီး အလုပ်ရှာတော့ ပရော့ဂျက်မန်နေဂျာ ရာထူးကို လစာကောင်းကောင်းဖြင့် ရသည်။ ဒါပေမယ့် သူ့အတွက် အီးပီ လျှောက်တော့ Pending ဖြစ်နေသည်။ သူ့အတွက် နေထိုင်ခွင့်ကို တိုးမပေး၍ စင်္ကာပူကနေ ကမ္ဘောဒီးယားကို ထွက်ခွာဘို့လုပ်ရသည်။

သူ့ဗီဇာ သက်တမ်းကုန်ဆုံးသည့်နေ့တွင် လေဆိပ်ကို သွားတော့ စင်္ကာပူလူဝင်မှုကြီးကြပ်ရေးမှာ သူ့ပတ်စ်ပို့တ်ကို စစ်ဆေးပြီး ဘေးဘက်ရှိ အထူးနေရာကို ခေါ်သွားကာ အရာရှိက တနေရာကို ဖုန်းဆက်သည်။ တဖက်မှ ပြောသည့်အတိုင်း လိုက်နာဆောင်ရွက်နေရဟန်ရှိသည်။ မည်သည့်အတွက်ကြောင့် ကြန့်ကြာနေသည်ကိုလည်း ရှင်းမပြ။ တမင်သက်သက် အချိန်ဆွဲကာ နှောက်ယှက်သည်ဟုသာ ယူဆစရာရှိသည်။ သည်လိုနှင့် မိနစ်များစွာ ကြာလာပြီး လေယာဉ်ထွက်ချိန်နီးလာ၍ လေကြောင်းလိုင်းက လေယာဉ်ပေါ်တက်ဘို့ နောက်ဆုံးအကြိမ် ကြေညာလာသည်။ စိုးသီဟက လူဝင်မှု အရာရှိကို ပြောပြတော့ ထိုသူက တာဝန်ခံကို ဖုန်းဆက်ပေးမည်ဆိုကာ တနေရာသို့ ဖုန်းဆက်သည်။

သို့နှင့် နောက်ဆုံး ပတ်စ်ပို့တ်ကို ပြန်ပေးလိုက်သည့်အချိန်မှာတော့ လေယာဉ်ပျံက ထွက်ခွာသွားချေပြီ။ စိုးသီဟသည် လေယာဉ်လက်မှတ်ခ ပြန်အအမ်းယူရာတွင် ထောက်ခံချက်လိုသည့်အတွက် လူဝင်မှုအရာရှိကို ထောက်ခံစာပေးဘို့ ပြောတော့ ဘယ်သူမှ တာဝန်မခံ။ စိုးသီဟ၏ နိုင်ငံကူးလက်မှတ်မှာ မည်သည့်ပြဿနာမျှ မရှိပါဘဲ အင်မီဂရေးရှင်းမှ သက်သက် အချိန်ဆွဲသည့်အတွက် လေယာဉ်လွတ်သွားရခြင်းဖြစ်ကြောင်း စိုးသီဟက ပြင်းပြင်းထန်ထန်ပြောပါမှာ မတတ်သာ၍ အထူးနေထိုင်ခွင့်ဖြင့် နောက်ထပ်နေထိုင်ခွင့် တရက်သက်တမ်းထပ်တိုးပေးသည်။ သို့သော်လေယာဉ်လက်မှတ်တစောင်ဖိုးတော့ အကြောင်းမဲ့ ဆုံးရှုံးသွားရချေပြီဖြစ်သည်။ နောက်တရက်တွင် လေယာဉ်လက်မှတ်တစောင် အသစ်ဝယ်၍ သွားရသည်။

ရာဇ၀တ်မှု ကျူးလွန်ထားဘူးခြင်းမရှိသော ကျောင်းသားလူငယ်တယောက်အား နေထိုင်ခွင့်သက်တမ်းတိုးမပေးခြင်းမှာ ထူးဆန်းသည့်ကိစ္စဖြစ်သော်လည်း အင်မီဂရေးရှင်းတွင် ထိုသို့ ဆုံးဖြတ်နိုင်သော အခွင့်အာဏာရှိ၍ တိုးမပေးခြင်းကား ရှိစေတော့။ သို့သော် ထိုဆုံးဖြတ်ချက်ကို မဖီဆန်ဘဲ နိုင်ငံမှ ထွက်ခွာသွားသည့် အပြစ်မဲ့ လူငယ်တယောက်အား တမင်သက်သက် ဒုက္ခပိုစေရန် လေယာဉ်လွတ်သွားသည်အထိ အကြောင်းပြချက်မယ်မယ်ရရ မပေးဘဲ ဟန့်တားခြင်းကို ကြားသိရသည့်အခါ ပထမတန်းစားနိုင်ငံတခုဟု ကြွေးကြော်ထားသော စင်္ကာပူအာဏာပိုင်တို့၏ လုပ်ရပ်မှာ မြန်မာစစ်အစိုးရ၏ လုပ်ရပ်နှင့် ထပ်တူထပ်မျှ တူညီနေပုံကို အံ့သြမကုန်အောင် ဖြစ်ရပါသည်။

---------------------------------

ကျနော်နှင့် သူတို့တတွေ သိကျွမ်းခဲ့ရသည့် ကာလမှာ တနှစ်ပင် မကြာလိုက်။ သူတို့ဘ၀၊ သူတို့ အလုပ်အကိုင်အကြောင်းတွေလည်း ကျနော် ထဲထဲဝင်ဝင်မသိလှ။ တချို့ဆိုလျှင် လူနှင့် နာမည်နှင့် တွဲ၍ မှတ်မိသည်မှာလည်း မကြာသေး။

သို့သော် သူတို့ကို ကျနော့် နှလုံးသားက မေ့နိုင်မည်မထင်။ အဘယ့်ကြောင့်ဆိုသော်....သူတို့သည် မိမိအကျိုးစီးပွားကို ထိခိုက်လာမည်ကို သိသိနှင့်ပင် မိမိတိုင်းပြည် ကောင်းစားစေလိုသော စိတ်ဓါတ်ဖြင့် မိမိယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲလျက် မည်သူမျှ မတိုက်တွန်းရဘဲ မှန်ကန်သည်ထင်သောအမှုကို ရဲဝံ့စွာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။

သူတို့သည် မြန်မာ့ဒီမိုကရေစီအရေးတွင် လူသိများခြင်းမရှိ၊ ထင်ပေါ်ကျော်ကြားခြင်းမရှိသည့်တိုင် ကျနော်၏ အသည်းနှလုံးတွင်တော့ မေ့ပျောက်၍ မရနိုင်တော့သော သူရဲကောင်းများအဖြစ် ရာသက်ပန် စွဲထင်ကျန်ရစ်တော့မည်ဖြစ်ပါသည်။

(အောက်တွင် သူတို့ကို ဂုဏ်ပြုသည့်အနေဖြင့် ကျနော့်ဇနီးရေးဖွဲ့ထားသော ကဗျာလေးကို တင်ပေးလိုက်ပါသည်။)


"ကျွန်းပေါ်မှာရေးတဲ့မှတ်တမ်း"



ဘယ်သူရယ် ဘယ်ဝါရယ်လို့
နာမည်တွေတောင်တွဲမသိ၊
သူဘယ်သူလဲ..ဘာလုပ်သလဲလို့
စကားတွေလဲမစပ်မိ..၊
ဒါပေမယ့်....
သူ..ဘာယုံကြည်သလဲ..
ငါ..ဘာယုံကြည်သလဲတော့
ဖွင့်ပြောစရာမလိုဘဲသိခဲ့ကြတယ်..။

ရေစက်လို့ဘဲဆိုဆို
ကာလတိုတိုအတွင်း
သွေးသားအရင်းတွေလိုနီးခဲ့ကြ၊
မတူတဲ့အမြင်တွေကြား
လက်ချင်း ဆက်တွဲထားချင်လို့
အဖြေရှာခဲ့ရတဲ့ညများ၊
တချိန်မှာတော့...
ကလေးတွေကိုပြန်ပြောဖို့
အိပ်ရာဝင်ပုံပြင်ဖြစ်လေမလား...၊
ဘာတွေဘဲဖြစ်ဖြစ်
စိတ်တူကိုယ်တူ
ဒီလမ်းကို ယုံကြည်စွာရွေးခဲ့သူတွေချင်းမို့...
အခြေအနေမပေး
တနေရာစီဝေးလည်း
ဆုံမှတ်ရောက်တဲ့အထိ..တို့ဆက်လျှောက်ကြမယ်..။

-ထနောင်း
ဒီအကြောင်းနဲ့ ပတ်သက်တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

Read more

အချိုးအကွေ့

၆ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ်။
နံနက် ၅ နာရီ….

မနက်စောစောမှာ အစ်မနှစ်ယောက်က ခြင်းတောင်းကိုယ်စီရွက်လို့ ကျနော်က သားရေအိတ်တလုံးကို စလွယ်သိုင်း လွယ်ထားပြီး သုံးယောက်သား လှေဆိပ်ဆီကို ခပ်သွက်သွက် လျှောက်နေကြတယ်။ အစ်မတွေက ကျနော့်ကို လှေဆိပ်လိုက်ပို့တာပါ။ သည်တုန်းက ကျနော့်အသက်က ဆယ့်ခုနှစ်နှစ်အရွယ်။ ဆယ်တန်းအောင်ပြီးကာစ။

မှတ်မှတ်ရရ အဲသည်နှစ်က ဧရာဝတီမြစ်ရေကြီးလို့ လယ်တွေကို ရေဖုံးပြီး ရွာထိပ်က ရေပေးမြောင်းဘောင်ကြီးအနီးအထိ မြစ်ရေရောက်တယ်။ ရေပေးမြောင်းခွဲတခုရဲ့ တာဘောင်အခြေမှာ ရွက်လှေကြီးတစင်းရပ်ထားတယ်။ ကျနော် စီးဖူးခဲ့သမျှသော လှေများထဲမှာ အကြီးမားဆုံးလှေကြီးတစင်းလို့ ဆိုရမယ်။

ကျနော်လှေပေါ်တက်ပြီး မကြာခင်မှာဘဲ အဲဒီလှေကြီးဟာ အရင်က လယ်ကွင်းနေရာများ၊ အဲဒီအချိန်မှာတော့ ရေပြင်ကြီးဖြစ်နေပြီဖြစ်တဲ့ လယ်ကွင်းပြင်ကျယ်ကြီးဖြတ်ကာ ရွက်လွှင့်ထွက်ခွာလာပါတော့တယ်။

တကယ့် ဧရာဝတီမြစ်ရိုးကို ရောက်တော့ လေက ရုတ်တရက် ထန်လာတယ်။ လှိုင်းတွေကလည်း အရမ်းကြီးလာတယ်။ လှေကြီးလို့သာ တော်တော့တယ်။ သာမန်လှေဆိုရင် အဲဒီလို လှိုင်းကြီးတာနဲ့ဘဲ တိမ်းမှောက်သွားနိုင်တယ်။

လှိုင်းလုံးကြီးတလုံး ပြေးဆောင့်လာတိုင်း လှေဦးဟာ မြောက်တက်သွားပြီး ရွက်တိုင်ရှေ့မှာ ထိုင်နေတဲ့ ကျနော့် မျက်နှာကို ရေမှုန်ရေမွှားတွေ လာစင်တယ်။ ကျနော်နှင့် အတူပါလာတဲ့ အထည်သည် အပျိုကြီးကတော့ လှေမှောက်မှာကို ပူပန်ပြီး ဘုရားစာတွေ တတွတ်တွတ်ရွတ်နေလေရဲ့။

ကျနော်ကတော့ ဒီလို ရင်တလှပ်လှပ်၊ အသည်းတအေးအေး စွန့်စားရတဲ့အဖြစ်ကို ကြိုက်တယ်လို့ အဲသည်တုန်းက ကိုယ့်ဟာကိုယ် အထင်ရောက်နေတယ်။ ပြီးတော့ ကျနော့် အနာဂတ်ကလည်း သည်လိုဘဲ စွန့်စားခန်းတွေနဲ့ ပြည့်နှက်နေတော့မယ်လို့ စိတ်ကူးယဉ်ပြီးတော့ ကျိတ်ပြီးတောင် ပီတိတွေ ဖြာနေလိုက်သေးတယ်။ ဘာကြောင့်လဲဆိုတော့ အခုထွက်ခွာလာတဲ့ ခရီးဟာ ရန်ကုန်ကို သွားပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းဖြေဘို့ ထွက်လာတဲ့ ခရီးစဉ်ဖြစ်နေတဲ့အတွက်ကြောင့်ပါ။

ဧရာဝတီမြစ်ပြင်မှာ အဲသည်နေ့က လှိုင်းတံပိုးတွေ သည်းထန်လှပါတယ်။ ဒါပေမယ့် ကျနော့်ဘ၀နဲ့အတူ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းဟာလည်း မကြာခင်မှာ အဲသည်လိုဘဲ လှိုင်းတံပိုးတွေ ထန်တော့မယ့်ဆိုတာကို ကျနော် စိုးစဉ်းမျှ ရိပ်စားမိခဲ့ခြင်းမရှိပါဘူး။

နေ့လည် ဆယ်နာရီလောက်မှာ ရေနံချောင်းကို ရောက်တယ်။ အဝေးပြေးကားဂိတ်မှာ အိတ်တွေ ခြင်းတွေ သွားအပ်ထားလိုက်ပြီး ရေနံချောင်းဈေးထဲမှာ မုန့်ဟင်းခါးလက်သုပ်ကို ပြေးစားလိုက်သေးတယ်။ သည့်နောက်တော့ ကားဂိတ်ကို ပြန်လာပြီး ညဦးပိုင်းမှာ ထွက်မယ့် ကားထွက်ချိန်ကို ပျင်းရိစွာ ထိုင်စောင့်နေတုန်းမှာ ကားဂိတ်ကို သတင်းတွေ ၀င်လာတယ်။

ရေနံချောင်း အထက ကို ရန်ကုန်က ကျောင်းသားတွေ ရောက်လာပြီ စည်းရုံးနေပြီတဲ့။း အခုကျောင်းသားတွေ ဆန္ဒပြနေကြပြီတဲ့။ နောက် လူတွေလည်း ပါလာကြပြီတဲ့။ ကားဂိတ်မှာဆိုတော့ သတင်းတွေ ဆက်ပြီးဝင်နေတယ်။ ညနေပိုင်းမှာတော့ မကွေးဘက်အထွက် ကားလမ်းမှာ ဓါတ်ဆီတင်ကားတစီးကို မီးတင်ရှို့လိုက်တယ်လို့ ကြားရပြီး မကွေးဘက်ကို သွားလို့မရတော့ဘူး၊ လမ်းပိတ်လိုက်ပြီလို့ ကြားရတယ်။

သည်တော့ ကားဂိတ်က ပြောတယ်။ မကွေးဘက်အထွက်လမ်းကို ပိတ်ရင် ပြည်လမ်းကနေ ရန်ကုန်ကို သွားလို့မရတော့ဘူး။ သည်တော့ မိတ္ထိလာဘက် လမ်းကနေ သွားမယ်။ ရန်ကုန်အထိ တိုက်ရိုက်သွားမယ့် ခရီးသည်များဘဲ တက်ကြပါဆိုတော့ ကျနော်ပျော်သွားတယ်။ ကိုယ်က အဲသည်လမ်းက တခါမှ မသွားဘူးဘဲကိုး။ အခုရောက်ဘူးတော့မယ်ဆို ပျော်နေတာ။

ဒါပေမယ့် နောက်တော့ အစီအစဉ်ပြောင်းသွားပြီး ကားက ချောက်မှာ တညသွားအိပ်တယ်။ ချောက်မြို့ကားဂိတ်ရောက်တော့ ကိုယ့်ခုံဘေးကပ်ရက် အန်ကယ်ကြီးမှာ အိပ်ဆောင် ရေဒီယိုလေးပါလာတဲ့အတွက် မြန်မာသတင်း၊ ဘီဘီစီသတင်း စတဲ့ သတင်းတွေကို ဖွင့်ပြီး နောက်ဆုံးရသတင်းတွေကို အားလုံးဝိုင်းဝန်းနားထောင်ကြတယ်။ ညဘက် ရပ်ထားတဲ့ကားပေါ်မှာလည်း မအိပ်ချင်တော့ အဲဒီနားက လက်ဘက်ရည်ဆိုင်လေးမှာဘဲ စကားတပြောပြောနဲ့ မိုးလင်းသွားတော့တယ်။

၇ ရက်၊ ၈ လ၊ ၁၉၈၈ ခု။

ချောက်ကနေ မနက်ပိုင်းမှာ ကားစထွက်တယ်။ လမ်းမှာ ဘေးခုံက အန်ကယ်လ်ကြီးနဲ့အတူ ရေဒီယို အင်တင်နာကို ကားပြူတင်းပေါက်ကနေ အပြင်ထုတ်ပြီး ဘီဘီစီ မရမက နားအထောင်ကောင်းလို့ လမ်းဘေးက ချုံနဲ့ငြိပြီး အင်တင်နာကလေး ကျိုးသွားတယ်။

အရင်နေ့က ဆန္ဒပြတဲ့ဆိုတဲ့ ပြည်တို့ဘာတို့ကို ဖြတ်လာတော့ အဲဒီနေ့ကတော့ အေးအေးဆေးဆေးဘဲ။ ဘာမှ ထူးထူးခြားခြား မမြင်ခဲ့ရဘူး။
ဒီလိုနဲ့ တနေကုန် မောင်းလိုက်တာ ကုန်ဈေးတန်းလမ်းမှာရှိတဲ့ အဝေးပြေးဂိတ်ကို ညဥ့်တော်တော်နက်မှ ရောက်တော့တယ်။ အင်းစိန်ဘက်ကို သွားတဲ့ ဘတ်စ်ကားတွေလည်း မရှိတော့ ကားဂိတ်မှာဘဲ ကားပေါ်မှာဘဲ ခွေခွေခေါက်ခေါက်နဲ့ အိပ်ဖို့ကြိုးစားရတော့တယ်။

၈ ရက်၊ ၈ လ၊ ၁၉၈၈။

မနက်အစောဆုံးထွက်တဲ့ ဘတ်စ်ကားနဲ့ အင်းစိန်က အိမ်ကို အရောက်သွား။ ရေမိုးချိုး၊ စကားစမြည်ပြောပြီး ထိုးအိပ်လိုက်တာ နေ့လည် ၃ နာရီလောက်မှာ ရွာမဘက်က ကြွေးကြော်သံတွေကြောင့် အိပ်ယာက နိုးလာပြီး ကပျာကယာ ရေမိုးချိုး၊ အ၀တ်အစားလဲပြီး ဆန္ဒပြသူတွေနဲ့ သွားရောက်ပူးပေါင်း။

အဲသည်က စလို့ ရှစ်လေးလုံး အရေးတော်ပုံအတွင်းမှာ ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့အတူ နေ့စဉ်ရက်ဆက် ဆန္ဒပြတယ်။ အင်းစိန်ကနေ မြို့ထဲ၊ မြို့ထဲကနေ အင်းစိန် ခြေကျင် လျှောက်ခဲ့ရတဲ့ မိုင်တွေ တနေ့တနေ့ မနည်းလှဘူး။ မိုးရေထဲမှာ မတ်တတ်ရပ်ရင်း လမ်းဘေးက လှည်းကလေးနဲ့ မုန့်ဟင်းခါးသည်ဆီမှာ မုန့်ဟင်းခါးဝယ်စားကြကို သတိရမိတယ်။

သမ္မတတွေ တယောက်ပြီး တယောက် ပြောင်းလဲသွားကြ။ အင်းစိန်ထောင်ကြီးဘက်ကလည်း ညတိုင်းလိုလို ပစ်သံခတ်သံတွေကို ကြားရတယ်။ အံမယ်… ရပ်ကွက်ထဲမှာ ကင်းစောင့်တော့ ကျနော်လည်း ဓားတလက်ကိုင်ပြီး လေးဂွကို ခါးကြားထိုးလို့ ကင်းပုန်းတွေ ဘာတွေ ၀ပ်ရသေးတယ်။

ဗိုလ်သင်တန်းဖြေဘို့ ခေါ်စာလာတော့ ကျနော်က သွားဖြေဘို့လုပ်သေးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ရန်ကုန်မှာ ရောက်နှင့်နေတဲ့ ကျနော့်အဖေက မှတ်လောက်သားလောက် စကားတခွန်းပြောတယ်။

“မင်းဟာက ဘာလဲကွ။ မင်း…သူတို့ကို မကြိုက်လို့မှ နေ့စဉ်ဆန္ဒသွားပြနေတာ။ အခု စစ်ထဲ ၀င်ဦးမယ်ဆိုတော့ မင်းစိတ်က နှစ်ခွဖြစ်မနေဘူးလား။ မင်းသွားမဖြေနဲ့တော့။ ငါမသိအောင် အုပ်ထိန်းသူလက်မှတ်အတုထိုးပြီး သွားဖြေလို့ကတော့ ဒီတသက် သေခန်းပြတ်ဘဲ။ ငါ့အိမ်ရိပ်တောင် မနင်းနဲ့တော့”…..တဲ့။

အခုပြန်တွေးကြည့်ရင် ရယ်စရာကြီး။

အဲသည်တုန်းကတော့ ကျနော့် ငယ်ငယ်ကတည်းက စိတ်ကူးယဉ်အိပ်မက် မက်ခဲ့ရတဲ့ စစ်တက္ကသိုလ်တက်ရေး ရည်မှန်းချက်ကြီး ပျက်သုဉ်းရပြီကောဆိုပြီး ကျနော့်မှာ ပုလဲတွေ ဘာတွေ လူမသိသူမသိ ကျိတ်ပြီး ခ လိုက်ရသေးတယ်။ တကယ်တော့ ကျနော်ကိုယ်တိုင်ကလည်း ထူအ တာပါ။ ကျနော်ထင်တာက စစ်တပ်ဆိုတာ ပရောဖက်ရှင်နယ် စစ်တပ်။ ပါတီနိုင်ငံရေးကင်းရှင်းတယ်လို့ ထင်တာကိုးဗျ။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့ နိုင်ငံတော် ကောင်စီတို့ဆိုတာ ကိုယ့်ရှေ့မှောက်မှာတင် ပါတီဝင်တွေ၊ ကောင်စီဝင်တွေ မဟုတ်တာလုပ်နေတာ၊ အကျင့်ပျက်လာဘ်စားနေတာ တွေ့ရတော့ မကြိုက်ဘူး။ ဒါပေမယ့် မဆလ ပါတီဟာ စစ်အာဏာရှင်အစိုးရရဲ့ အရပ်သား မျက်နှာဖုံးဆိုတာကို အဲသည်တုန်းက ကောင်းကောင်းသဘောမပေါက်ဘူး။

အဖေကသာ လူကြီးဆိုတော့၊ နိုင်ငံရေးလည်း စိတ်ဝင်စားတော့ ကောင်းကောင်းသိလို့ ကျနော့်ကို တားတာ။ ကျနော်ကလည်း အဲသည်တုန်းက အဖေ ပြတ်သားသလို မပြတ်သားရဲတော့ ဗိုလ်လောင်းသွားမဖြေဖြစ်တော့ဘူး ပေါ့ဗျာ။

တော်ပါသေးရဲ့။ အဖေ့ကျေးဇူးကြောင့်ပေါ့။ နို့်မဟုတ်ရင် ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာ ရဟန်းရှင်လူတွေကို စစ်သားတွေက ၀ါးရင်းတုတ်နဲ့ရိုက်တော့ ကွမ်းဝါးရင်း ပြုံးကြည့်နေတဲ့ ပြည်သူ့ချဉ်ဖတ် စစ်ဗိုလ်ဟာ ကျနော်ဖြစ်မနေဘူးလို့ ဘယ်သူပြောနိုင်မလဲ။

အခုပြန်စဉ်းစားကြည့်တော့….အဲသည် ၈-၈-၁၉၈၈ နေ့ဟာ ကျနော့်ဘ၀ရဲ့ တဆစ်ချိုး အလှည့်အပြောင်းဖြစ်သလို ကျနော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းအချိုးအကွေ့ တခုလည်း ဖြစ်ပါတယ်။

အခုဆိုရင် အနှစ် ၂၀ တင်းတင်းပြည့်ခဲ့ပြီ။ ကျနော်တို့ ပြည်သူတွေဟာ စစ်အာဏာရှင်အစိုးရလက်အောက်မှာ လွတ်မြောက်မှုအတွက် ရုန်းကန်နေကြရဆဲ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မျိုးချစ်သူရဲကောင်းများစွာဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် မလျော့သော လုံ့လဖြင့် ဆက်လက်တိုက်ပွဲဝင်နေဆဲ။

ဇွဲစိတ်သန်သူတွေအတွက်၊ ယုံကြည်ချက်ပြင်းထန်သူတွေအတွက် မျှော်လင့်ချက်ပန်းဟာ ဘယ်တော့မှ မညှိုးနွမ်းပါဘူး။ တနေ့မှာ အောင်ပန်းကို ဆင်နွှဲရမှာ မလွဲမသွေပါဘဲ။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs