“မုန့်လက်ဆောင်း....မုန့်လက်ဆောင်း၊ ဟောဒီက မုန့်လက်ဆောင်း”
ဟော....မသန်းမြင့်၏ အော်သံ။ ကျနော်သည် အိမ်အပေါ်ထပ်တွင် လဲလျောင်းလျက် စာအုပ်ဖတ်နေရာမှ အိမ်အောက်ထပ်သို့ ကပျာကယာ ပြေးဆင်းလာခဲ့သည်။ ပါးစပ်က “အမေရေ...အမေ” ဟု ခေါ်ရင်း မျက်စိကလည်း ကျီးကန်းတောင်းမှောက်နှင့် အိမ်အောက်ထပ်က သစ်သားကုတင်တွေ၊ စားပွဲတွေဆီမှာ အမေ့ကို တွေ့လေမလားရှာသည်။
“ငါဒီမှာဟေ့....ငါဒီမှာ။ တကတဲ....သန်းမြင့်အသံကြားတာနဲ့ဘဲ သူ့မယား လာတာ ကျနေတာဘဲ၊ ပျာယာခတ်နေတာဘဲ”
အိမ်နောက်ဖေး မီးဖိုကျင်းထဲတွင် မီးမွှေးနေသော အမေက အော်ပြောသည်။ ကျနော်သည် မသန်းမြင့် ခြံဝများရောက်နေပြီလား စိုးရိမ်စိတ်ဖြင့် နောက်သို့ လှည့်ကြည့်ရသေးသည်။
“ဟာဗျာ...အမေကလည်း၊ ဟိုက ကြားသွားမှဖြင့်” ကျနော်သည် မီးဖိုကျင်းနဖူးတွင် ထိုင်လိုက်ရင်းအမေ့ကို ပြောရသည်။
မသန်းမြင့်သည် ကလေးနှစ်ယောက်အမေ တခုလတ်ဖြစ်သည်။ သူ့ယောင်္ကျားနှင့် သူ့မတ်တော်စပ်သူသည် ရန်ကုန်သို့ လက်သမားအလုပ် လုပ်ကိုင်ရန်တက်သွားပြီးကတည်းက ရွာသို့ တခါမှ ပြန်မလာတော့ချေ။ ပထမတော့ မသန်းမြင့်သည် သူ့ယောင်္ကျားကို ပြန်လာနိုး တမျှော်မျှော်။ ပြန်မလာနိုင်လွန်းသည့်အဆုံး မနေနိုင်၍ ရန်ကုန်သို့ လိုက်သွားသည်။ ရှာလို့မတွေ့။ သတင်းအစအနမျှပင် မရခဲ့။ နောက်တော့မှ ရန်ကုန်က ပြန်လာသော တရွာတည်းသားများထံမှ သူ့ယောက်ျား ရန်ကုန်တွင် နောက်မိန်းမရနေသည်ဟု ကြားသည်။ ပထမတော့ မသန်းမြင့် မျက်ရည်တစမ်းစမ်း၊ တငိုငို တရယ်ရယ်၊ မစားနိုင်မသောက်နိုင်။ သို့သော် သူ့တွင် လူမမယ်ကလေးငယ်နှစ်ယောက်ရှိနေသေးသည့်အတွက် မသန်းမြင့်သည် ရေရှည်အလွမ်းဇာတ်မခင်းနိုင်ဘဲ ရာသီအလိုက် မုန့်မျိုးစုံလုပ်ကာ ရောင်းချရင်း အသက်မွေးဝမ်းကျောင်းသည်။ လူမမယ်ကလေးငယ်နှစ်ယောက်ကို ပြုစု ပျိုးထောင်သည်။
ယခုအချိန်မှာ နွေရာသီဖြစ်သည့်အတွက် မုန့်လက်ဆောင်းသည် သူမပြုလုပ်ရောင်းချသည့် ရာသီစာ။ မသန်းမြင့်၏ မုန့်လက်ဆောင်းမှာ အညာမုန့်လက်ဆောင်းပီပီ ထညက်ရည်ဖြင့် ပြုလုပ်သော အချိုရည်ကို သုံးသည်။ ရေခဲမရှိသည့်တောရွာဖြစ်၍ ထညက်ရည်ထည့်ထားသော စိမ့်မြေအိုးကလေးကို ရေစိုအ၀တ်ကလေးပတ်၍ အေးအောင် စီမံထားသည်။ သူမအိမ်တွင် ကိုယ်တိုင်ပြုလုပ်သော မုန့်လက်ဆောင်းဖတ်ကလေးများမှာ ဖြူဖွေးလှပြီး သန့်ရှင်းသပ်ရပ်သော ရေစိုအ၀တ်ပါးကလေးဖြင့် ဖုံးလွှမ်းထားသည်။ ဖန်ခွက်ထဲသို့ မုန့်လက်ဆောင်းထည့်ရန် အ၀တ်ပါးကလေးကို လှပ်လိုက်ပြီဆိုလျှင် အိထွေးနေသော မုန့်လက်ဆောင်းဖတ်ဖြူဖြူကလေးများကို စားချင်စဖွယ် မြင်ရသည်။
“နေဦး၊ ငါ့မှာ ပိုက်ဆံရော ကျန်သေးရဲ့လားမသိဘူး” အမေသည် မီးဖိုရှေ့တွင် ငုတ်တုတ်ထိုင်လျက်ကပင် ခါးကိုဆန့်၊ ကိုယ်ကိုယိမ်း၍ သူ့ချွေးခံအိတ်ထဲ လက်တဖက်ဖြင့်စမ်းသပ်၍ ပိုက်ဆံရှာနေသည်။
ခဏနေတော့ မီးဖိုထဲကတက်လာကာ အိမ်အောက်ရှိ ဆန်အိုးထဲမှ ဆန်နို့ဆီဗူးတလုံးအပြည့် ထည့်ယူလာသည်။ ထိုအချိန်မှာပင် မသန်းမြင့်ကလည်း ကျနော်တို့ ခြံဝန်းထဲ ဖြတ်လမ်းမှ အဖြတ် အိမ်နားသို့ ရောက်လာသည်။ အမေက လှမ်းခေါ်လိုက်သည့်အခါ အိမ်အောက်သို့ ၀င်လာပြီး သူ့ခေါင်းတွင် ရွက်ထားသော တောင်းကို အိမ်အောက်က ရေဖျန်းထား၍ သိပ်သည်းနေသော မြေကြီးပေါ်သို့ ချလိုက်သည်။
“ဒီနေ့တော့ ဆန်ဘဲယူအေ...” အမေ့ထံမှ အသံနှင့် မသန်းမြင့်ထံမှ “ရတယ်၊ ဒေါ်ကြီး” ဟူသော အသံသည် ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာသည်။
ဘေးကပ်လျက်အိမ်မှ မအမာဝေနဲ့ ကလေးတသိုက် ခြံစည်းရိုး တံခါးငယ်မှဖြတ်၍ အိမ်ဘက်ကို ကူးလာသည်။ မုန်လက်ဆောင်း အားပေးနေကျ အမာခံ ပရိသတ်များ။ မအမာဝေသည် အငယ်ဆုံးကလေးကို ခါးထစ်ခွင် ချီလာရင်း သူ့ယောက်ျား ကြက်ဝိုင်းသွားသည့်ကိစ္စကို မပြီးနိုင်မစီးနိုင် မြည်တွန်တောက်တီးရင်း ပြောနေသည်။
မသန်းမြင့်သည် အ၀တ်ဖြူစကို လှန်၍ မုန့်လက်ဆောင်းဖတ်များကို ဖန်ခွက်များထဲသို့ အနေတော်ထည့်သည်။ သည့်နောက် အရိုးရှည် သစ်သားမှုတ်ကလေးဖြင့် ထညက်ရည်လောင်းထည့်ပေးသည်။ ထန်းညက်ရည်ထဲတွင် အုန်းသီးမှုန့်တွေ ပါသည်။ နံ့သာဖူးဆီ(ငှက်ပျောဆီ) အနံ့ ပါလေကာမျှ ထည့်ထားသည်။ ထညက်ရည်လောင်းထည့်ပြီး ဖန်ခွက်ထဲသို့ ဇွန်းတချောင်း စိုက်ထည့်ပေးလိုက်သည့်အခါတွင်တော့ မွှေးမွှေး အေးအေး ချိုချိုမြမြ အရသာရှိသော မသန်းမြင့်၏လက်ရာ မုန့်လက်ဆောင်းသည် ကျနော်တို့ အမာခံ ဖောက်သည်များ သောက်သုံးရန် အသင့်ဖြစ်လာသည်။ ကျနော်သည် ဘယ်တော့မှ မုန်လက်ဆောင်း တခွက်နှင့် မ၀။ နှစ်ခွက်လောက် သောက်လိုက်ရမှ တင်းတိမ်သည်။
မုန့်လက်ဆောင်းရောင်းသူ မသန်းမြင့်သည် မည်သည့်အခါ ကြည့်ကြည့်၊ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းကျံကာ၊ ဆံပင်ကို အသေအချာထုံးဖွဲ့ထားပြီး အ၀တ်အစားမှာလည်း သေသေသပ်သပ်နှင့်။ ရွာထဲက အတင်းပြောတတ်သူတချို့က သူမသည် တခုလပ်၊ နောက် ယောက်ျားလိုချင်၍ သည်မျှ ပြုပြုပြင်ပြင်နေသည်ဟု ကွယ်ရာတွင် စကားတင်းဆိုကြသည်။
ကျနော်ကတော့ မုန့်လက်ဆောင်းနှစ်ခွက်ကုန်၍ ဗိုက်ဝသည်နှင့် အိမ်အပေါ်ထပ်ပြန်တက်ကာ ဖျာပေါ်တွင် လဲလျောင်းရင်း ဖတ်လက်စ စာအုပ်ကို ပြန်ကိုင်သည်။ ဟိုဘက်အိမ်က ဘုစုခရုများနှင့်အတူ ကလေးအမေ မအမာဝေလည်း ဆူညံဆူညံဖြင့် သူတို့အိမ်ဘက်သို့ ပြန်ကူးသွားလေပြီ။
ကျနော်သည် မသန်းမြင့်၏ “မုန့်လက်ဆောင်း...မုန့်လက်ဆောင်း...ဟောဒီက မုန့်လက်ဆောင်း” အော်သံ မကြာခင် ကြားရတော့မည်ကို စာဖတ်ရင်းတဖက်က အလိုအလျောက် နားစွင့်နေမိသည်။
သို့သော် သည်တခါ အော်သံက ခါတိုင်းကဲ့သို့ ခဏနှင့် ပြန်ထွက်မလာ၍ ကျနော်သည် မှောက်လျက်အနေအထားသို့ ပြောင်းကာ ဖျာနှစ်ချပ်အကြားလွတ်နေသော ကြမ်းပေါက်မှတဆင့် အိမ်အောက်ကို ချောင်းကြည့်လိုက်သည့်အခါ.....
မသန်းမြင့်သည် ခုတင်စွန်းတွင် ထိုင်လျက် တသိမ့်သိမ့်ရှိုက်ကာ ငိုနေသည်။ သူမ၏ ခန္ဓာကိုယ်သည် သူမ၏ ရှိုက်သံနှင့်အတူ လှုပ်ရမ်းတုန်ခါလျက်ရှိ၏။ အမေက သူမဘေးတွင် ထိုင်လျက် လက်တဖက်ဖြင့် သူမ ပုခုံးစွန်းကို ပွေ့ဖက်လျက် ချော့မော့နေဟန်ရှိသည်။
“ကျမ သူ့ကို စိတ်မပြတ်နိုင်ဘူး ဒေါ်ကြီးရယ်။ သူကတော့ ကျမနဲ့ ကလေးနှစ်ယောက်ကို လုံးလုံးထည့်တွက်ဖော် မရဘူး” မသန်းမြင့်က ငိုရှိုက်ရင်း ဗလုံးဗထွေး ပြောနေသည်။
“သန်းမြင့်ရယ်.....ဘယ်တတ်နိုင်ပါ့မလဲအေ။ ချင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်ပေါ့။ ပြီးခဲ့တာတွေလဲ ပြီးခဲ့ပြီ။ ညည်းမလဲ အရွယ်ကောင်းတုန်း ရှိသေးတာဘဲ။ ဒီလိုဘဲ... နောက်တော့ ကိုယ့်အပေါ် ကြင်နာတဲ့လူ၊ ကောင်းတဲ့လူ တွေ့ဦးမှာပေါ့။ တိတ်ပါအေ၊ ငိုမနေပါနဲ့တော့...”
သို့သော်...ငိုမနေပါနှင့် ပြောနေသော အမေ၏ အသံသည်လည်း ငိုသံပါကြီးနှင့်ပင်ဖြစ်သည်။
တဖြည်းဖြည်းနှင့် မသန်းမြင့် အငိုလျော့သွားချေပြီ။ နောက်ဆုံးတွင် သူမသည် မျက်ရည်များကို သုတ်ကာ အိမ်အောက်ထပ် သောက်ရေအိုးစင်အနီးရှိ တိုင်တွင် ချိတ်ထားသော ကြည့်မှန်တွင်ရှေ့တွင် ရပ်လျက် မျက်ရည်ကွက်သွားသောနေရာများမှ သနပ်ခါးများကို ခေါင်းမုလုပ်ထားသော ပုဆိုးစဖြုတ်၍ ပွတ်ညှိကာ မုန့်လက်ဆောင်း တောင်း ခေါင်းပေါ်ရွက်ပြီး အိမ်အောက်မှ ထွက်သွားလေသည်။
ခဏအကြာတွင်.... “မုန့်လက်ဆောင်း....မုန့်လက်ဆောင်း....ဟောဒီက မုန့်လက်ဆောင်း” ဟူသော မသန်းမြင့်၏ အသံသည် ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာသည်။
ဖက်လက်စစာအုပ်ကို ပြန်ဖတ်ရန် ပက်လက်လှန်လိုက်သည့်အခါတွင်မတော့ ကျနော့်မျက်စိ ထောင့်စွန်းမှ မျက်ရည်တစသည် နားဘက်ဆီသို့ အတန်းလိုက် စီးဆင်းသွားလေသည်။
21 comments:
ဖိတ်ကြားချက်အရ မုန့်လက်ဆောင်း လာသောက်သွားပါသည်..ပေါ့။ :D
ရသလည်းပါ၊ ခေတ်ကိုလည်းထင်ဟပ်သည့် ရိုးရှင်းလှပသော ၀တ္ထုတိုတပုဒ်ဟု ကျေးဇူးစကား ဆိုပါရစေ။
ဖတ်လို့ကောင်းတယ်ဗျ။ ကိုပေါ မျက်ရည်ကျတဲ့အထိ ဖြစ်တာကတော့ နည်းနည်း မျက်ခုံးပင့်သွားမိတယ်။
အပေါ်ကပုံကို ကြိုက်တယ်။ မျဉ်းတွန့်လေးတွေနဲ့။ အနော်ဖြင့် လက်နဲ့ဆွဲတာကို ခုမှ စကျင့်တုန်း။
မုန်.လက်ဆောင်းစားပြီးပြန်သွားပါတယ်
မုန်.လက်ဆောင်းစားပြီးပြန်သွားပါတယ်
မုန်.လက်ဆောင်းစားပြီးပြန်သွားပါတယ်
မုန့်လက်ဆောင်းကို မျက်ရည်ကျပြီး သောက်သွားပါတယ်
ကပေါ....မုန့်လက်ဆောင်းကြောင့်ဗိုက်လေးပြီး ကျောခင်းရင်း ၊စာအုပ်လေးကလဲဖတ်ရင်းဆိုတော့..အင်း...မျက်ရည်စီးကျသွားတာ ငိုက်မြည်းလာလို့ထင်ပါရဲ့....ဟဲဟဲ.ဒီလိုမှမဟုတ်ရင်တော့....:D:D:D
ကိုပေါ.. တကယ်ပဲ ကျမတောင် မျက်ရည်လည်တယ်။ ကျမကတော့ ခံစားတတ်လွန်းသူကြီးလေ ..ဟဲဟဲ ..။ ပန်ဒိုရာခမျာကတော့ သိပ်မခံစားတတ်ဘူးထင်ပါရဲ့ :))....
မုန့် လက်ဆောင်း သောက်ချင်တယ်
မုန့် လက်ဆောင်း သောက်ချင်တယ်
မုန့်လက်ဆောင်းကြိုက်လို့ထက် သနားစိတ်ကပိုနေသည် ဟု မြင်မိသည်။
မုန့်လုပ်ဆောင်း ဆိုတဲ့ ရိုးရာ မုန့်ကလေး ကို မေ့တောင် မေ့နေပြီ။ ကိုပေါပြောမှ သတိရပြီး သောက်ချင်လာတယ်။ ကျွန်တော် ငယ်ငယ်က အရမ်းကြိုက် တယ်ဗျာ။ အခုနေ သောက်ရင် ကြိုက်နေဥိးမလား မသိဘူး။ ရိုးရာမုန့် ကလေးတွေ အကြောင်း ရေးပါဦးဗျာ။
အညာမှာ နွေရာသီရောက်ရင် လိုက်ပြီးရောင်းတဲ့ မုန်လက်ဆောင်၊ ရွှေရင်အေး၊ မန်ကျည်းဖျော်ရည်… အကုန်လွမ်းစရာပေပဲ…
ဘ၀ ဆိုတာ အခက်အခဲမျိုးစုံရှိတာပဲလေ… တချို့မှာကျတော့ အခက်အခဲပိုများတာပေါ့… ဇာတ်လမ်းလေးကလည်း လွမ်းစရာလေးပါ…
မသန်းမြင့်ဘ၀က သူရောင်းတဲ့မုန့် လက်ဆောင်းလေးလို မအေးမြပါလားကိုပေါရယ်… ရိုးရိုးလေးနဲ့ ရင်ကို ထိရှတဲ့ post လေးပါ…
ဒီ Post အတွက် comment ရယ်လို့တော့ မဟုတ်ဘူးပေါ့။ အမ blog မှာ comment လေးတွေ သေသေချာချာ လာရေးတတ်တဲ့ အတွက် ကျေးဇူးတင်ကြောင်းလေး ပြောချင်တဲ့ အတွက်ရယ် ( ဘယ်နေရာမှာပဲ ရေးရေး ကိုပေါက လေးလေးစားစား ရေးတာတွေ့ရပါတယ်)။ post တစ်ခုမှာတွေ့လိုက်ရတဲ့ ဓါတ်ပုံအရ သိပ်ဝနေပြီ။ မဒမ်ပေါကို လက်စွမ်းတွေ သိပ်မပြနဲ့၊ ပစ်သာထားလိုက်လို့ အကြံပြုချင်တာရယ်။ အဟမ်း ဟမ်း နိဂုံးချုပ် အနေနဲ့ကတော့ ဘီယာတွေ ..မသောက်နဲ့ .. ဗိုက်ကြီးပူမှာ စိုးလို့..
ဘာလို့မျက်ရည်ကျရတာလဲဟင်..
တကယ်နားမလည်လို့မေးတာပါ..:P
Post အသစ်တွေလဲမြန်မြန်တင်ပါဗျို့..
မျော်နေပါတယ်..
ကိုပေါရဲ့Blog ကိုနေ့တိုင်းဝင်ကြည့်ဖြစ်ပါတယ်..
စ လုံးအကြောင်းဖတ်ရတာစိတ်မကောင်းပါဘူး။
မြန်မာပြည်လည်းပြန်မရ ၊ စ လုံးကနေ မထွက်မနေရ ထွက်ရတော့မယ်ဆိုရင် ထိုင်းနိုင်ငံ ၊ ကိုးရီးယား ၊ မလေးရှား
လိုနိုင်ငံတွေကို ထွက်ရမှာပေါ့။အဲဒီမှာ ဒုက္ခသည်ခိုလှုံခွင့်
လျှောက်ရင်ရော။ အချို့ တော်တော်များများကိုးရီးယားကနေ
အဆက်အသွယ်ရှာပြီးတရားမ၀င်ရေလမ်း ( သင်္ဘောခိုးစီး )
ကနေ ဂျပန်ကိုသွားကြတယ်။ ဂျပန်ရောက်တော့]ဒုက္ခသယ်
ထပ်လျှောက်ကြတယ်။ တော်တော်များများအဆင်ပြေတာ
တွေ့ ရတယ်။
အဆက်အသွယ်ဆိုတာနိုင်ငံတကာရောက်ဗမာအသိုင်း
အ၀ိုင်းနဲ့ဆက်သွယ်ရမှာပေါ့နော်။
ခိုင် က မုန့်လက်ဆောင်းသုံးခွက်ဆက်တိုက် စားသွားတယ်ဗျာ၊ ကျနော့်ကိုလည်း သုံးခွက်ပေးပါကိုပေါ.. :P
အမှန်အကန်ရေးတတ်တယ်၊ ဒီက မုန့်ဖတ်မြင်ယောင်ပြီး တံတွေးမျိုချနေရတာ..
ဟယ် ကျနော်က တော့ ခိုင်ပါ khine မဟုတ်ဘူး ဟုတ်တယ်နော် ကို/မ khine
ခိုင်
မုန့်လက်ဆောင်းသည်ကြီး ပုံကို ယူသုံးခွင့်ပြုပါလား အစ်ကိုကြီး။
ကိုကျော်ညိုသွေး....
သုံးပါခင်ဗျာ။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Post a Comment