“လေသေနတ်ပစ်ခြင်း နှင့် အပေါက်ဖာခြင်း”

Share |
ရေးသူ- စိုးသီဟ

(ကိုပေါ၏မှတ်ချက်။ ။မြန်မာ့အရေးလှုပ်ရှားသူများအပေါ် စင်္ကာပူအစိုးရ မျက်မာန်ရှလေသည့်အတွက် ကမ္ဘောဒီးယားတွင် အခိုက်အတန့် တည်းခိုနေရသော မျိုးချစ်မြန်မာတယောက်ဖြစ်သူ ကိုစိုးသီဟ ရေးသားသည့် ဆောင်းပါးအား ကျနော်၏ ဘလော့ဂ်တွင် အပြည့်အစုံ မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။)

ကျွန်တော်သည် ကိုပေါ ပြောခဲ့ဘူးတဲ့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ လူတစ်ယောက်ပါ။ အခုတော့ ဆံပင်ညှပ်ဖို့ ချွေတာရင်းနဲ့ သူပြောသလို ကတုံးဆံပင်ပေါက် မဟုတ်တော့ပါဘူး။

စကားနည်းနည်းပြောချင်တာနဲ့ ပိတောက်ရိပ်အောက် လေလာပွားခြင်းဖြစ်ပါသည်။ ကျွန်တော့်ကို လေသေနတ်ပစ်တယ်လို့ ပြောလည်း စိတ်မဆိုးပါဘူး။ သို့ပေမယ့် လေသေနတ်ကိုတော့ မိုးပေါ်သို့ ထောင်ပစ်ခွင့်ပြုပါလို့ တောင်းဆိုချင်ပါတယ်။

ဆက်မရေးခင် ဗိုလ်ချုပ်ပြောတာလေး နားဆင်ပေးပါ။

(ပေါ့ပ်အပ်တွေ ပေါ်နေလို့ အသံဖိုင်ကို ဖြုတ်လိုက်ရပါတယ်။ ဘောလုံးပွဲမှာ ဗမာတွေ လူချတဲ့ အကြောင်း၊ ဗမာဗမာချင်းချချင်နေတဲ့အကြောင်း၊ တလွဲဆံပင်ကောင်းတဲ့ မိန့်ခွန်းပါ။..........ကိုပေါ)

ကျနော်ပြောချင်တာ တိုလိုရင်းပြောပါဆိုရင်တော့ ဖျာလိပ်ပြန်လို့ ရပါပြီ။ ပြီးသွားပါပြီ။ လေကြောရှည်ပြောပါဆိုရင်တော့ ဆက်၍ ဖတ်ပါ။ (ဘိုမူးတန်းနှင့် မှောင်ခိုတန်းတွေတော့ လူပြည့်သွားပါပြီ။ ငါးမူးတန်းတော့ လွတ်ပါသေးတယ်။)

ဆက်ရေးမှာက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပါဘဲ။ အမှန်က မဟုတ်ပါဘူး။ ပုဆိုးက ဖာဖာနေတာ မပြီးနိုင်သေးလို့ ပေါင်က ပေါ်နေတာပါ။ ပုဆိုးကို တစ်နေ့ ၃ ခါ လှည့်ဝတ်ပါသည်။

သို့သော်……..
ဖာနေရဆဲ။

ဆိုတော့ကာ…..
ဟိုတလောက ဟိုပြောပြော ဒီပြောပြောတွေ တွေ့ပြီး ကျနော် စိတ်ထိတယ်ဗျာ။ အားမရဘူးပေါ့ဗျာ။ ကိုယ့်အမြင် သူ့အမြင် ဖလှယ်တာ ကောင်းပါတယ်။ ခေါင်းစုံတော့ အမြင်စုံတာပေါ့ဗျာ။ သို့သော်ငြား ကျနော်တို့ သည့်ထက်ဘာကြောင့်များ ခြေလှမ်းများများ မလှမ်းနိုင်ရသေးတာလဲ။ ရှင်းပါတယ်၊ လေသေနတ်ပစ်ပြီး လေကုန်သွားတယ်။ ပြီးတော့ ညှိနှိုင်းပြီး ကိုယ်မှန်တယ်ထင်တာကို စုစုစည်းစည်းနဲ့ ရုပ်လုံးပေါ်အောင် မလုပ်နိုင်ကြဘူး။

ဆရာကြီးတွေများပြီး ခေါင်းရှောင်တာတွေ များနေတယ်။ ခေါင်းဆောင်တွေ ရှားပြီး၊ နောက်လိုက်သူတွေလည်း ပျောက်နေတယ်။ အပြောများပြီး အဖြစ်နည်းနေတယ်။

လေသေနတ်ပစ်ပွဲမှာ ကျနော် ကြိုက်တာကတော့ သမိုင်းကို မှီငြမ်းခြင်းဘဲ ဖြစ်ပါတယ်။ ကောင်းပါတယ်။ ကျနော်လည်း သမိုင်းဖြစ်ရပ်များမှ ကိုယ်နားလည်သလောက် ပညာယူပါတယ်။

သို့ပေမယ့် သမိုင်းနဲ့ ပတ်သက်ပြီး တွေးစရာလေး တခုတော့ ရှိတယ်။

ဥပမာဗျာ။ ကျောင်းသားတွေ ဦးဆောင်ခဲ့တဲ့ တော်လှန်ရေးတွေကို ဗိုလ်ချုပ်တို့ ကျောင်းသားခေတ်ကစလို့ပေါ့၊ လက်နက်တွေနဲ့ အာဏာစိုးတွေက ဖြိုခွင်းခဲ့ပါတယ်။ ဗိုလ်ချုပ်တို့နှောင်းပိုင်း ကျောင်းသားတော်လှန်ရေးတွေ ဘယ်တစ်ခုကမှ လွတ်လပ်ရေးရသည်အထိ အောင်မြင်မှုမရခဲ့ပါဘူး။ ဒါကို အမှီးပြုပြီး ကျောင်းသားတွေ မင်းတို့ ဆက်တော်လှန်နေလည်း အလကားဘဲလို့ ကောက်ချက်ချလို့ ရပါသလား။ သမိုင်းတစ်ခေတ်ပြောင်းခဲ့တာတွေ အများကြီးပါ။ ဂရိဘောလုံးအသင်းတောင် ယူရို ၂၀၀၄ မှာ ဖလားရသွားသေးတာဘဲ။

ဆိုတော့ကာ….
သမိုင်းကို သမိုင်းဖတ်သူတွေက နည်းအဖုံဖုံ၊ ဒေါင့်အဖုံဖုံနှင့် မှတ်ယူလို့ ရပါတယ်။ သမိုင်းကိုလည်း သမိုင်းပြုစုသူတွေက နည်းအဖုံဖုံ၊ ဒေါင့်အဖုံဖုံနဲ့ ရေးသားလို့ ရပါတယ်။

ဒီတော့…..
ဘာအရေးကြီးလဲဆိုတော့ ကိုယ်ဘဲမဟုတ်လား။ ကိုယ်ဘဲ လက်ရှိသမိုင်းတွေနဲ့ အနာဂတ်သမိုင်းတွေကို ကိုယ်ဘဲရေးမှာ မဟုတ်ဘူးလား။ ကိုယ်ရေးတဲ့ သမိုင်းဟာ အဓိက အကျဆုံးဖြစ်မှာပါ။

ဒီတော့……
ကိုယ့်ကိုယ်ကို မေးပါ။ ကိုယ်က ဘာလုပ်မှာလဲ။ ကိုယ်ဖြစ်ချင်တာကို သူများတွေ ယုံကြည်ပြီး လိုက်လုပ်အောင် ကိုယ်က အရင်ဆုံး ဦးဆောင်လုပ်ပြဘို့ လိုပါတယ်။ ဒီလိုမှဘဲ ခေါင်းဆောင်ကောင်းဖြစ်ပြီး နောက်လိုက်ကောင်းတွေလည်း များလာမှာပါ။ ကိုယ်က ခေါင်းဆောင်လည်း မလုပ်ချင်ဘူး။ နောက်လိုက်လည်း မလုပ်ချင်ဘူးဆိုရင်တော့ အကြံပေးလုပ်လို့တော့ ရနိုင်ပါသေးတယ်။

အကြံပေးဆိုတာကတော့ နည်းပြပေါ့ဗျာ။ ဘေးထိုင်ပြီးတော့ “ဘေးထိုင်နေတော့ ငါပိုမြင်တယ်၊ ငါအကြံပေးနိုင်တယ်”လို့ ပြောဖို့မသင့်ပါဘူး။ ဖတ်ဖူး၊ မှတ်ဖူးလေးတွေနဲ့ အကြံပေးကောင်းတယောက်လည်း မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အကြံပေးကောင်းတယောက်ဖြစ်ဘို့ သမ္ဘာရင့်ပြီး၊ ကိုယ်အကြံပေးမယ့်အဖွဲ့ရဲ့ လေးစားမှု၊ ယုံကြည်မှုတွေ အများကြီးလိုမယ်ထင်ပါတယ်။ ပြီးတော့ အဖွဲ့နှင့် အကြံပေး ကံကြမ္မာ အနည်းဆုံး ထပ်တူထပ်မျှပေါ့ဗျာ။

ဥပမာဗျာ။ ဘောလုံးအသင်းနည်းပြ တစ်ယောက်ဖြစ်ဘို့ ရှိသင့်ရှိထိုက်တဲ့ နည်းပြလက်မှတ်လိုသလိုပေါ့။ ထိုနည်းတူ နည်းပြတစ်ယောက်က ဘောလုံးအသင်းရဲ့ လေးစားမှု၊ ယုံကြည်မှုတို့ လိုတာပေါ့။ ပြီးတော့ ကိုယ့်ရဲ့ နည်းဗျူဟာအတိုင်း ကစားတဲ့ အသင်းရဲ့ အနိုင်၊ အရှုံးကို တာဝန်ယူရဲရမှာပေါ့။ အသင်းကို နည်းပြတာဝန်မယူဘဲနဲ့ ဟိုလို ကစားသင့်တယ်၊ ဒီလိုကစားသင့်တယ် လို့ ၀ိုင်းပြောနေရင်တော့ ဝေဖန်ရေးသမားဘဲ ဖြစ်သွားမှာပေါ့၊ ဝေဖန်တဲ့အထဲမှာ ကောင်းတာလေးတွေတော့ ရှိပါတယ်။ သို့သော်ငြား ပွဲပြီးမှ ဝေဖန်တာထက် ပွဲမပြီးခင် ဝေဖန်အကြံပေးတာဆို ပိုကောင်းလေမလားလို့။ ကြိုတင်ဝေဖန် အကြံပေးတာတွေသာ ဆက်တိုက်များ မှန်လိုက်လို့ကတော့ အဲသည်လူကို နည်းပြကိုယ်တိုင်က သူ့ရဲ့အကြံပေးလုပ်ခိုင်းလောက်ပါတယ်။

ဆိုတော့ကာ….
လေသေနတ်ပစ်ချင်လည်း ပွဲမစခင်ပစ်ပြီး၊ ကိုယ်နှင့် သဘောထားတိုက်ဆိုင်သူများ စုစည်းပြီး ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်ချက်အပြည့်နဲ့ တိုင်းပြည်လွတ်လပ်ရေးအတွက်ဖြစ်စေ၊ တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက်ဖြစ်စေ ပြုလုပ်သင့်ပါတယ်။ နောက်လိုက်ကောင်းအဖြစ်သော်လည်းကောင်း၊ ခေါင်းဆောင်ကောင်းအဖြစ်သော်လည်းကောင်း၊ အကြံပေးအဖြစ်သော်လည်းကောင်း ညီညီညွတ်ညွတ် ကိုယ့်ရည်မှန်းချက်ပန်းတိုင်သို့ ရောက်အောင် လုပ်သင့်ပါတယ်။

ထိုသို့လုပ်မှသာလျှင် ကိုယ်နှင့် နည်းဗျူဟာမတူသော်ငြား ရည်မှန်းချက်ပန်းတိုင်တူသည့် အဖွဲ့များအား နားလည် လေးစားနိုင်ပါမယ်။ ဤနားလည်လေးစားမှုတို့ဖြင့် နည်းဗျူဟာမတူ အဖွဲ့များကြား အချင်းချင်း ရိုင်းပင်းကူညီပြီး အတူတူ လက်တွဲပြီး ရည်မှန်းချက် ပန်းတိုင်သို့ ချီတက်နိုင်ပါမည်။

မည်သည့်နည်းဗျူဟာသည် အကောင်းဆုံးလဲဟု သည်အချိန်မှာ မည်သူမျှ မပြောနိုင်ကြပါ။ သို့သော် ကိုယ့်နည်းဗျူဟာ၊ ကိုယ့်ခံယူချက်နှင့်အတူ ယုံကြည်ချက်အပြည့်ဖြင့် ဗိုလ်ချုပ်ပြောခဲ့သည့်အတိုင်း ရှုံးမည်ထင်သည်ဖြစ်စေ၊ နိုင်မည်ထင်သည်ဖြစ်စေ၊ မလျှော့တမ်း ဇွဲနဲ့ သွားသင့်ပါသည်။ အကောင်းဆုံးသည် နည်းဗျူဟာပေါင်းစုံဖြင့် အချင်းချင်းနားလည်လေးစားပြီး စည်းစည်းရုံးရုံး မလျှော့တမ်း ဇွဲနှင့် သွားခြင်းဘဲလို့ ယုံကြည်ပါသည်။

အဆုံးအဖြတ် တိုက်ပွဲကြီးဆိုသည်မှာ ရှေ့တိုက်ပွဲလေးပေါင်းများစွာမှ အင်အားများ၊ အတွေ့အကြုံများ စုပြီးမှ မလျှော့တမ်း ဇွဲနှင့် ဆက်တိုက်မှသာလျှင် ဖြစ်နိုင်သည်ဟု ယုံကြည်ပါသည်။ အဆုံးအဖြတ် တိုက်ပွဲကြီးတွင်လည်း မလျှော့တမ်းဇွဲနှင့် တိုက်မှသာလျှင် အောင်နိုင်မည်ဟု ယုံကြည်ပါသည်။

ဘာမှမလုပ်ဘဲ ဟိုပြော၊ ဒီပြော ဆိုလျှင်တော့ ဘာမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။ အဆုံးအဖြတ်တိုက်ပွဲကြီးလည်း အလိုလို ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပါ။ တစ်ဦးတစ်ယောက်တည်းနှင့် လုပ်လို့မရပါ။ အဖွဲ့တစ်ဖွဲ့တည်းနှင့် လုပ်လည်း မဖြစ်နိုင်ပါ။ နည်းဗျူဟာပေါင်းစုံ အဖွဲ့ပေါင်းစုံ စည်းစည်းလုံးလုံး လုပ်မှသာ ဖြစ်နိုင်မည်ဟု ယုံကြည်ပါသည်။

ဆိုတော့ကာ….
တိုင်းပြည်လွတ်လပ်ရေးအတွက်ဖြစ်စေ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက်ဖြစ်စေ၊ လေထဲ တိုက်အိမ်ဆောက်နေမည့်အစား နောက်လိုက်ကောင်းအဖြစ်သော်လည်းကောင်း၊ ခေါင်းဆောင်ကောင်းအဖြစ်သော်လည်းကောင်း၊ အကြံပေးကောင်းအဖြစ်သော်လည်းကောင်း၊ ထိထိရောက်ရောက်လုပ်ကြည့်ပါ။ လုပ်ကြည့်မှ သဘောပေါက်မည်။ သဘောပေါက်မှ နားလည်ပေးနိုင်မည်။ နားလည်ပေးနိုင်မှ ပူးတွဲပြိး စည်းစည်းလုံးလုံး လုပ်နိုင်မည်။ စည်းစည်းလုံးလုံး လုပ်နိုင်မှ အမှန်အကျိုးရှိမည်။

သို့မှသာ….
အပေါက်ဖာလို့ ပြီးမည်ဟု ယုံကြည်ပါသည်။

နိဂုံးအနေဖြင့် တိုင်းပြည်လွတ်လပ်ရေးအတွက်ဖြစ်စေ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက်ဖြစ်စေ၊ နိုင်ငံရေးအရသော်လည်းကောင်း၊ အမျိုးသားရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း၊ အမျိုးမျိုးအဖုံဖုံ ပင်ပန်းအနစ်နာခံကာ ကိုယ့်ဘ၀ကို စတေးပြီး ကြိုးစားနေသူအားလုံးကို အလေးပြုပါသည်။ မလျှော့တမ်း ဇွဲနှင့်ဆက်၍ လုပ်ကြမည်ဟု ယုံကြည်ပါသည်။

အချိန်ရှိသေးရင်တော့ ဗိုလ်ချုပ်ပြောခဲ့တာလေးတွေနဲ့ ရောထားတဲ့ အနာဂတ် မျိုးဆက်သစ်များ၏ သီချင်းအား နားဆင်ခံစားပေးပါ။

(အနာဂတ်မျိုးဆက်သစ်များရဲ့ သီချင်းစာမျက်နှာမှာ သွားရောက်နားဆင်ပါရန်)

စာရေးသူမှတ်တမ်း။ ။ စင်္ကာပူရှိ မျိုးချစ်မြန်မာများအနေဖြင့် ရှုံးမည်ထင်သည်ဖြစ်စေ၊ နိုင်မည်ထင်သည်ဖြစ်စေ၊ ယခုအချိန်အထိ တစ်သွေးတည်း ယုံကြည်ချက်အတွက် မားမားမတ်မတ် ရပ်တည်နေခြင်းအား အထူးလေးစားကြောင်း အမှတ်ပြုပါသည်။

အဓမ္မသည် အနိစ္စ၊ ဓမ္မသည် အနန္တ။

စိုးသီဟ

16 comments:

Anonymous said...

I do respect you, Ko Soe Thiha, and all Overseas Burmese Patriots. Your article gives us strength. Many thanks.

Anonymous said...

ကိုစိုးသီဟ နဲ့ ပြည်ပရောက်မျိုးချစ်မြန်မာများ အားလုံး ကျေးဇူးပါ။

Doughnut IO said...

နိုင်ဖို့ကို အဓိကထား လုပ်ကြရမဲ့ အချိန်မှာ ကိုယ်စိတ်ချမ်းသာပြီးရော အော်ချင်တာ အော်၊ ဆော်ချင်တာ ဆော်၊ ငါ့ဘ၀ငါ ရင်းပြီးလုပ်တာ၊ ဘာပဲဖြစ်ဖြစ် လျှာလာမရှည်နဲ့၊ မင်းတို့လုပ်ရဲလားဆိုတာမျိုး လုပ်မဲ့/တဲ့လူတွေကို ရှုံ့ချပါတယ်။ အဲဒါလုပ်သွားတော့ သူတို့ကတော့ ငါတာဝန်ကျေပြီဆိုပြီး စိတ်ကလေးတွေ ချမ်းသာလို့၊ နောက်လူတွေက ပိုမိုကျပ်တည်းပြီး လှုပ်မရ ရှားမရ ဖြစ်ကုန်ရော။ စစ်ကျမ်းတွေကို ဖတ်ကြည့်ပါ။ နပိုလီယံ ရုရှားမှာ ဘယ်လို ကမ္ဘာပျက်သွားလဲ၊ ဟစ်တလာကြီးရော ရုရှားမှာ ဘယ်လို ဂိသွားလဲ။ စစ်မျက်နှာ ၂ ဖက်ဖွင့်တဲ့လူတိုင်း ဂိကုန်ကြတာချည်းပဲ။ အစကတည်းက အားကမမျှချင်ပါဘူးဆိုတာကို ကိုယ့်ကို နှိပ်ကွပ်မဲ့ ရန်သူအသစ်ကို ရှာတာကတော့ အရမ်းအရမ်းကို ချာတူးလန်တဲ့ မဟာဗျူဟာပါပဲ။ ဆွန်ဇုကို ဖတ်ကြစမ်းပါ။

Anonymous said...

1) ကျနော်ငယ်စဉ်က ဦးလေးအရင်း တိမွေးကုတက္ကသိုလ်ကျောင်းသားဟာ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်ခဲ့လို့ ထောင်ထဲမှာ ငါးနှစ်နေခဲ့ရပါတယ်။ (1974 ပတ်ဝန်းကျင်ပေါ့)

2) ဦးလေး ထောင်ကလွတ်လာတော့ တက္ကသိုလ်လဲ ပြန်တက်ခွင့်မရဘူး။ တခြားအလုပ်အကိုင်တွေလဲ အဆင်မပြေရှာဘူး။ ဦးလေးရဲ့ချစ်သူကလဲ အိမ်ထောင်ပြုသွားပြီ။

3) ပြောရမယ်ဆိုရင် စစ်အာဏာရှင်ကို အံတုခဲ့တဲ့ ပုံပြင်တွေထဲက မြင်နေတွေ့နေကျ ဆင်တူယိုးမှားဇာတ်လမ်းခွဲ တခုပါ။

4) 1988 မှာ ကျနော်က ရန်ကုန်တက္ကသိုလ် တတိယနှစ်ကျောင်းသားပေါ့။ ကျနော်တို့ရှေ့မှာ ဘ၀နဲ့ရင်းခဲ့ကြရတဲ့ သာဓကတွေအများကြီးကို မသိမဟုတ်၊ သိခဲ့ပါတယ်။

5) သိသိချည်းနဲ့ မတရားမှုကို ခေါင်းငုံ့မခံခဲ့ပဲ စစ်အာဏာရှင်ကို အံတုခဲ့ကြပါတယ်။ ဇွန်လကျောင်းတွေပြန်အဖွင့်မှာ တောင်းဆိုချက်တွေ၊ ကြွေးကြော်ချက်တွေနဲ့ တိုက်ပွဲကိုပြင်ဆင်ပြီးမှ တိုက်ခဲ့တာပါ။

6) ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ သိခဲ့သလို၊ အဖမ်းခံခဲ့ရတယ်၊ ရေကြည်အိုင် စစ်ကြောရေးထဲရောက်ခဲ့တယ်၊ အနည်းဆုံးထောင်ဆယ်နှစ်ကနေ နှစ်နှစ်ဆယ်အထိကျသွားနိုင်တာလဲ သိခဲ့တာပါပဲ။ ကျနော်တို့ရဲ့ ပျိုရွယ်မှုတွေ အနာဂတ်တွေဟာ လမ်းဆုံးကို ရောက်သွားနိုင်တာလဲ တွေးထားပြီးသားပဲ၊ ကျနော်တို့တတွေဟာ သူရဲကောင်းတွေမဟုတ်ပါ။ ဒါပေမယ့် ကိုယ့်သမိုင်းကို ကိုယ်အရိုင်းမခံခဲ့ပါဘူး။ အဲဒီအချိန်က အဲဒီဆုံးဖြတ်ချက်တွေ၊ ဆောင်ရွက်ချက်တွေကို ပြန်တွေးတိုင်း ကျေနပ် အားရမိခဲ့တာချည်းပါ။ အဲဒီတုန်းက အဲဒီလို မလုပ်မိရင်သာ တွေးမိတိုင်း ကိုယ့်ကိုကိုယ်ရှက်နေရမှာ။

7) ဒါတွေဟာ ကျနော့်ဦးလေးအပါအ၀င် ကျနော်တို့ရှေ့ က လမ်းပြကြယ်တာရာ တွေကြောင့်ပါ။ သူတို့သာ မိမိရဲ့ အခွင့်အရေးတွေ ဆုံးရှံးနစ်နာမှာတွေကို တွေးကြောက်ခဲ့ပြီး၊ မတရားမှုကို သူရဲဘောကြောင်စွာ နှုတ်ပိတ်ခေါင်းငုံ့ ခံခဲ့မယ်ဆိုရင် …………………

8) တိုက်ပွဲတွေဟာ အချည်းနှီးမဖြစ်ခဲ့ပါဘူး။ ခွန်အား၊သတ္တိတွေ၊ မတရားမှုကို စက်ဆုပ်ရွံရှာစိတ်တွေကိုသာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းနေရင်း၊ ရှင်သန်နေထိုင်မှုအတွက် မရိုးနိုင်တဲ့ မေးခွန်းတွေကို အမြဲမေးနေပါလိမ့်မယ်။

Anonymous said...

HI KO PAW, I THINK YOU MENTIONED THIS POST FOR SOMEONE WHO DISAGREE WITH YOUR IDEAS.
I DO NOT LIKE THIS KIND OF MANNER. PEASE BE GENTLEMAN.
BY THE WAY, ARE YOU REALLY PERTICIPATE IN SINGAPORE?

soe said...

to "law shay":

i agree with you that strategy matters. i am a fan of Sun Tzu.

in life, there are many choices and there are many ways of doing. it is easy to criticize others who are not same as you. but it takes your understanding to empathize others.

my aim for writing above post is to encourage embracing of diversity and cooperating and collaborating on common ground.

let's say, if there were two or more groups advocating for Burmese causes at that time but with two or more different strategies, interested person would have more options and could choose to join the one he believe.

that is my purpose of writing this post. do something that you believe by leading. do something that you believe by following. do something that you believe by advising/helping.

i am not addressing to your concern about the issue of stricter condition aftermath as it really depends.

we have no intention at all to open another battle front.

to "anonymous":

i requested Ko Paw to help me post what my writing on his blog. if you think, my article is offensive to anyone, then i am offensive to both sides. from the very start, i have requested to allow me to aim my verbal shooting up the sky.

i humbly meant to provoke readers to stand up and do something that he/she believes in for the benefits of his/her country. and be open to diversity, be generous to collaborate and cooperate.

Anonymous said...

ရှင်းရှင်း ပြောရရင်....
တော်တော် များများ က ဝေးဝေး ကနေပြီး....ပွဲပြီးမှ ဟိုလို လုပ်တာမှားတယ် ဒီလိုက မှားတယ်....ဘယ်စာအုပ် ထဲမှာ သမိုင်းထဲက ဘယ်လို ဆိုပြီး ဆရာကြီး လေသံ တွေများနေလို. နအဖ အစိုးရ သက်ဆိုး ရှေနေသလို...ပြည်ပက တိုင်းပြည်တွေ ကလည်း မြန်မာ လူမျိုးဆို လုပ်ချင် သလို လုပ်နေတာ...
ဆရာကြီး များခင်ဗျား....စ လုံး အစိုးရက Speaker corner မှာတရားဝင် ဆန္ဒပြခွင်. 1st -Sept-08..ကစပြီး ရပြီတဲ....
ခင်ဗျား တို. လေ သက်သက် မဟုတ်ဘဲ...လက်တွေ. သက်သေပြကြရအောင်။။။

Anonymous said...

To Mr. P

It is good to hear such stories, but let me tell you some stories back. When I grew up, I grew up with some leftist books and I was sympathetic to communists and revolutionaries, Che, En Lai, Mao (not much as I hate that sucker since kid), Ho and list go on. I thought one day, I will be a revolutionary, reading Tha Khin Than Htun's last days I, II did not tarnish my admiration for BCP, I thought I will even join north east military region. I thrilled when I talked with some colonels, majors, captains, NCOs, who fought wars in those areas. Looking back, I was crazy, I was young, naive, and vulnerable for manipulation. Fast forward to 2000s, I am a bit matured and not only exposed to leftist's agenda but been tasted some rightists' receipe and now I know all are full of BULL SHITS or HORSE DUNGS. Here I am not saying anything bad to Ko Soe Thiha, if I were not wrong, I know him he played soccer and he surely is a guy who knows what he is doing. But I am a bit pissed off and disagree with you Mr.P is that while your uncle did, you did and so on is good. Where are the m..ther f..kers who are begging money as exile, where are those c..k s..kers who are exploiting Burmese woes to accumulate their wealth. Where are our pathetic old farts who called themselves freaking exile government, where are so called xxx. I am sick of everyone both government and exile politician c..k suckers. I am sure some of bums outside country may be counting towards the day our Daw Su passed away so that they can try to get her place. Good luck for you, Ko Soe Thi Ha and take care. I know you are a helpful guy, keep up with good work. Take care.

Doughnut IO said...

နိုင်ငံခြားသားတွေ မပါဘူး။ ရပ်ကြည့်ရုံပဲ ကြည့်ရမယ်။
တချီကောင်း တခါကောင်း အပြုတ်တိုက်ရင်တိုက်၊ မတိုက်ရင်လဲ မတိုက်နဲ့။ တိုက်မှာလိုလို၊ နိုင်မှာလိုလို၊ ရှုံးမှာလိုလို လာမလုပ်နဲ့။ အဲလိုလုပ်ရင် ကိုယ့်ဘက်ကပဲ အကျအဆုံးများတယ်။ ဒီပွဲမှာဆိုကြည့်။ ကိုယ့်ရန်သူနဲ့တောင် နဖူးတွေ့ ဒူးတွေ့ မတွေ့လိုက်ရဘူး။ ကိုယ့်ဘာသာကိုယ် ထပ်မွေးလိုက်တဲ့ ရန်သူက ဆော်တာ အလဲလဲ အကွဲကွဲ။ ကိုယ့်ဘက်ကလူတချို့တောင် မှားပါတယ် အော်သွားသေးတယ်။ ဗျူဟာအရ လုံးဝတလွဲကြီးပဲ။ (မှားတာမှန်တာနောက်ထား) လွဲတာက လွဲတာပဲ။
ကိုယ့်ဘာသာကိုယ်ပေးဆပ်တယ်ပြော၊ အပျော်ကြီးပျော်လို့။ ငါတာဝန်ကျေပြီဆိုပြီး စိတ်အေးလို့။ စိတ်ချမ်းသာဖို့ဆို မလုပ်ပါနဲ့။ လုပ်မနေပဲ ငြိမ်ငြိမ်နေပါ။ တကယ်လုပ်မယ်ဆိုရင်တော့ အစကနေအဆုံး သေချာစီစဉ်ပြီးမှလုပ်ပါ။ အော်ရုံ၊ ဟစ်ရုံ စေတနာရှိတာ သိရဲ့လား လုပ်ရုံဆိုရင်တော့ အလကားနေရင်း တကယ်ချမဲ့လူတွေအတွက် ရန်များအောင် အော်မနေနဲ့။ ပါးစပ်ပိတ်နေလို့ပဲ ပြောချင်ပါတယ်။

ကိုပေါ said...

အောက်ဆုံးတွင် အမည်မသိ မှတ်ချက်ပေးသူတဦး၏ လောရှည်အား ဆဲရေးတိုင်းထွာထားသော ကွန်မင့်ကို ဖျက်လိုက်ပါသည်။ ဤဘလော့တွင် ညစ်ညမ်းသော စကားလုံးများဖြင့် မဆဲရေးသရွေ့ အမြင်ပေါင်းစုံသော ကွန်မင့်များကို ခွင့်ပြုထားပါသည်။

Doughnut IO said...

ကျွန်တော်ပြောတာ ကရုဏာဒေါသောနဲ့ နည်းနည်းကြမ်းသွားတယ်။ အဓိကပြောချင်တာက ကိုယ့်ကိုကူညီမဲ့ မိတ်ဆွေတွေများလာအောင် တတ်နိုင်သလောက်လုပ်၊ ကိုယ့်ကို ရန်ပြုမဲ့ ရန်သူတွေ နည်းသွားအောင် (ပေါ်မလာအောင်) တတ်နိုင်သလောက်လုပ်သင့်တယ်လို့ ပြောချင်တာပါ။ မိတ်ဆွေ မတိုးနိုင်ဘူး (အကြောင်းကြောင်းကြောင့်) ဆိုရင်တောင် ရန်သူအသစ် ပေါ်ထွက်မလာသင့်ပါဘူး။

ဘေးကရပ်ကြည့်မဲ့သူတွေအတွက်ကတော့ ရန်သူတိုးလာတာ မဟာ့မဟာ အဆိုးကြီးပဲပေါ့။ ဘာလို့လဲဆိုတော့ သူတို့က ငါတို့ဘာမှ မတတ်နိုင်ဘူးဆိုပြီး အပြင်ကိုထွက် မိသားစုကိုလုပ်ကျွေးနေရာမှာ ထွက်လာတဲ့ အပြင်ဆိုတာကြီးကပါ နင်တို့လဲ ပြန်တော့ဆိုရင် သူတို့မိသားစုတွေ ငတ်သွားမှာ။ ဒါဆို ရပ်ကြည့်မဲ့လူက ရပ်မကြည့်တော့ပဲ ရန်သူဖြစ်သွားမဲ့ အပြင်ဆိုတာကြီးကို ကပ်ဖားပြီး အချင်းချင်းကို ထုတော့မှာမို့လို့ပါပဲ။ ဒါဆိုရင် မူလရန်သူ၊ ထပ်မွေးထားတဲ့ ရန်သူ၊ ထပ်မွေးထားတဲ့ ရန်သူက ကိုယ့်အကျိုးစီးပွားကို ဖျက်ဆီးမှာကြောက်လို့ သူ့ကိုမဟာမိတ်ဖွဲ့လိုက်တဲ့ ကိုယ့်ဘက်က ဖြစ်သင့်တဲ့ ရန်သူ ၃ ယောက်ပေါင်းလဲ တီးရော ပိုပြီး အလဲလဲ အကွဲကွဲ ဖြစ်ပါလိမ့်မယ်။

အခုလက်ရှိတောင် တချို့တချို့ဆီက ကြားနေရတာ ဒီကောင်တွေ အမေရိကားမှာ နိုင်ငံရေး ခိုလှုံလို့ရဖို့ အသံကောင်းဟစ်နေတာလို့ ဝေဖန်နေသံတွေ ကြားနေရပါတယ်။

Anonymous said...

“ ထာဝရ ပွင့်လန်းနေသော" ကိုဆက်ရေးဦးဗျို့..
မျှော်နေပါတယ်..

Anonymous said...

"အခုလက်ရှိတောင် တချို့တချို့ဆီက ကြားနေရတာ ဒီကောင်တွေ အမေရိကားမှာ နိုင်ငံရေး ခိုလှုံလို့ရဖို့ အသံကောင်းဟစ်နေတာလို့ ဝေဖန်နေသံတွေ ကြားနေရပါတယ်။"

ဟုတ်ပါတယ်။ ကိုလောရှည်ပြောတဲ့အတိုင်းပါဘဲ။
သူတို့ နဲ့  နီးစပ် ရင်းနှီးတဲ့ သူတွေဆီက ထွက်နေတဲ့ စကားတွေပါ။ ဟုတ်ရင်ကျော်၊ ပုတ်ရင်ပေါ် ဆိုတဲ့ မြန်မာစကားပုံလေးကို သတိရစေချင်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ပိုစ့်မှာ အမည်မသိ က ရေးခဲ့တာပေါ့။
ဘာမှန်းမသိ ညာမှန်းမသိ ထင်ရာမြင်ရာကို ပြောရပြီးရော အကြောက်အကန်ငြင်းနေတဲ့
Lun Lunn နဲ့  "I mind you.... be carful with your words..! " လို့ ဆိုလာတဲ့ Burmese in SG တို့  ကိုလောရှည် ရေးထားတာကို သေသေချာချာ ဖတ်ကြည့်ကြစေချင်ပါတယ်..။

Anonymous said...

စာဖတ်သူ သို့ ...

ကျွန်တော် ရေးထားခဲ့တဲ့ အကြောင်းအရာကို သေသေချာချာ နားလည်အောင် ဖတ်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

အကြောင်းအရာထဲမှာ “တစ်ခြားနိုင်ငံကို သွားဖို့ ဒီလှုပ်ရှားမှုတွေကို လုပ်နေသယောင် အပြုသဘော ကင်းမဲ့စွာ ပြောဆိုတဲ့” ကိစ္စကို လက်မခံနိုင်တဲ့အတွက် စာနာ နားလည်စေရန် အကျိုးသင့် အကြောင်းသင့် ရှင်းပြ ရေးသားခဲ့ခြင်းတာ ဖြစ်ပါတယ်။

ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတစ်ခုကို ပြောဆိုရာမှာ မိမိ ယုံကြည်ရာ၊ ခံယူချက်အရ ပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် အပြုသဘောဆောင်သော ပြောဆိုတင်ပြမှုသာ ဖြစ်သင့်ပြီး သူတစ်ဖက်သား ထိခိုက်နစ်နာအောင် ပုတ်ခတ်ပြောဆိုခြင်းဟာ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် မသင့်တော်ပါဘူး။

ကျွန်တော်တို့နိုင်ငံ တိုးတက်ပြောင်းလဲဖို့အတွက် တည်ငြိမ် ရင့်ကျက်တဲ့ လူငယ်တွေ အများကြီး လိုအပ်ပါတယ်။

အဲ့ဒီလို ပြုပြင်ပြောင်းလဲဖို့ ဆောင်ရွက်ရာမှာ အယူအဆ၊ ရပ်တည်ချက်၊ စွန့်လွှတ်နိုင်မှု အစရှိသည်တို့ပေါ် မှုတည်ပြီး သဘောထား ကွဲလွဲမှုတွေ အမြဲရှိနေမှာပါပဲ။

ဒါကြောင့် ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို သွားတဲ့ လမ်းကြောင်းမှာ တူတာတွေ စုလုပ်ကြပြီး မတူတာတွေကို ငြင်းခုန်ပြီး စိတ်ဝမ်းကွဲအောင် ပြုမှုနေမယ့်အစား အပြုသဘောနဲ့ ညှိ့နှိုင်း ဆောင်ရွက်သွားဖို့ ဆန္ဒပြုလိုက်ပါတယ်။

Anonymous said...

လွန်လွန်း နဲ.စင်္ကာပူက မျိုးချစ်များ.....
အတုကအတု နေရာမှာ ရှိသလို အမှန်အကန်ကလည်း အမှန်အကန် နေရာမှာ ရှိပါတယ်။။။။
လူပေါင်းစုံ ဆိုတော. ကြွက်ချေး ကတော.ပါမှာဘဲ။။။
အဲဒီတော....ယုံကြည်ချက် အတိုင်းဆက်လုပ်ကြပါ။။
တော်လှန်ရေးသတိလေးနဲ.ပေါ.....
စင်္ကာပူက ကျဉ်းပါတယ်....ဘယ်သူတွေကဘာလဲဆိုတာ သိနေရမှတော.
ဘေးက လေသနပ်ပြစ်နေကြတာကို အချိန်ကုန်ခံပြီး ဖြေရှင်းမနေပါနဲ....
အကြောက်တရားတွေ မကင်းသေးတဲ.သူများကတော. ဘေးကနေဘဲ လေသနပ်ပစ်နေကြအုံးမှာ..
အဲဒီလူမျိုးတွေ များနေလို. နအဖ သက်ဆိုးရှေ နေတာပေါ.....

Anonymous said...

Soe Thiha,

Thx for ur post..and thx for ur efforts for our country..
but i guess some ppl still dun understand wat u really mean...
Anyway, pls move forward...
~cheers~

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs