"ကျွန်းပေါ်မှာရေးတဲ့မှတ်တမ်း"

Share |
ကိုလှိုင်မိုး။

“ASEAN summit မှာဆန္ဒပြကြတုန်းက လူတွေကို စီတန်းလိုက်ပြီး လက်ချင်းယှက်လိုက်တော့ ကျနော်က အကို့ နံဘေးမှာလေ”

လွန်ခဲ့တဲ့ တစ်ပတ်လောက်က တညချမ်းမှာ ကွင်းပြင်ကြီးထဲ ၀ိုင်းဖွဲ့ထိုင်ရင်း စကားပြောဖြစ်ကြတော့ ကိုလှိုင်မိုးက ကျနော့်ကို ပြောလိုက်ခြင်းဖြစ်သည်။ ကျနော်က မှတ်ဉာဏ်မကောင်းလှတော့ လူနဲ့ နာမည်နဲ့ တွဲမသိခဲ့သဖြင့် ဇဝေဇ၀ါ။ သေချာတာကတော့ အော့ချာ့ဒ်ဆန္ဒပြပွဲ နောက်ပိုင်းမှာ သူနဲ့ ကျနော်နဲ့ လှုပ်ရှားမှုပေါင်းများစွာမှာ အတူတွဲလုပ်လာ၍ မျက်နှာကျက်မိနေတာ ကြာခဲ့ပြီ။

ဒီနေ့တော့ SDP ၀က်ဘ်ဆိုက်မှာ တင်ထားတဲ့ ဓါတ်ပုံကိုကြည့်တော့မှ ဟုတ်ပါရဲ့....အဲဒီတုန်းက သူနဲ့ ကျနော်က ဘေးချင်းကပ်လျက် လက်တွဲထားတာမို့လား။

အခုတော့ ကိုလှိုင်မိုးဟာ သူ့ရဲ့ S-pass ကို သက်တမ်းတိုးမရတော့ပြီ ဖြစ်လို့ စင်္ကာပူက ထွက်ခွာသွားခဲ့လေပြီ။ အထွက်မှာ သူ့ကို အဖွဲ့သားများက လိုက်လံပို့ဆောင်ကြတော့ ဘလော့ဂါ အမျိုးသမီးငယ်က ရုတ်တရက် ၀မ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုချလိုက်သည်။ အားလုံးရင်ထဲမှာ ရဲဘော်တယောက်နဲ့ ဝေးကွာရခြင်းအတွက် ကြေကွဲမှုကိုယ်စီနှင့်။

------------------------------

ကိုမျိုးထွန်း။

ကိုမျိုးထွန်းကိုကျတော့ နာမည်နဲ့ လူပါ တွဲမှတ်မိနေသည်။

စင်္ကာပူမြန်မာသံရုံးရှေ့က Vote No campaign မှာ ရေဘူးတွေ၊ အအေးဘူးတွေ၊ သစ်သီးတွေ မ ယူသယ်ဆောင်လာပုံ၊ အင်္ကျီအနီတွေ ဝေငှပေးနေပုံ၊ ရေဘူး၊ အအေးဘူးတွေ လိုက်ဝေနေပုံ၊ သောက်ပြီး ဗူးခွံများကို ပလပ်စတစ်အိတ်အမဲကြီးနဲ့ လိုက်လံ သိမ်းဆည်းပေးနေပုံ။ “နိုး” အဖွဲ့ အဆိုတော်မလေးများပုံပါသော နိုး စတစ်ကာလေးတွေကို လက်သိပ်ထိုး ဝေငှပေးနေပုံ။

ဟော...မြန်မာပြည်မှာ နာဂစ်ဆိုင်ကလုံး တိုက်ခတ်သွားပြန်တော့ မျိုးချစ်မြန်မာများအဖွဲ့ အလှူငွေ ကောက်ခံနေတဲ့နေရာမှာ သူ့ကို အစဉ်လိုလို တွေ့နေရပုံ၊ ဧရာဝတီတိုင်း လပွတ္တာဘက်မှာ သွားရောက်ကူညီကယ်ဆယ်ရာက ပြန်ရောက်လာတော့ သူ့အတွေ့အကြုံတွေကို စင်္ကာပူနိုင်ငံ အမျိုးသား စာကြည့်တိုက်အောက်က အုတ်ခုံမှာ ၀ိုင်းထိုင်ရင်း စိတ်ဝင်စားဘွယ် ပြောပြနေပုံ။

အဖြစ်အပျက်တွေက မနေ့တနေ့ကလိုပင် ကျနော့်အတွေးထဲတွင် ပြက်ပြက်ထင်ထင် ရှိနေသေးသည်။ ယခုတော့ ကိုမျိုးထွန်းသည်လည်း သူ့ WP ကို အလုပ်က သက်တမ်းတိုးပေးသော်ငြား စင်္ကာပူအစိုးရက သက်တမ်းတိုးမပေးတော့၍ စင်္ကာပူက ထွက်ခွာသွားခဲ့လေပြီ။


-------------------------------------------

စိုးသီဟ။

ကျနော့်ကို မျိုးမြင့်မောင်နဲ့ မိတ်ဆက်ပေးတော့ မျိုးမြင့်မောင်ဘေးမှာ စိုးသီဟလည်း ပါသည်။ သူတို့ နှစ်ဦးက အီကြာကွေးလို တပူးပူးတတွဲတွဲ။ မျိုးမြင့်မောင်က နှုတ်သွက်သလောက် စိုးသီဟက စကားနည်းသည်။ လူပုံက အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး။ အမြဲလိုလို ကတုံးဆံပင်လို ဆံပင်တိုတို နှင့်။

ဘုန်းကြီးကျောင်းလမ်းထိပ်က ကော်ဖီဆိုင်မှာ၊ ကလင်မင်းတီးက ကော်ဖီဆိုင်မှာ ည ၂ နာရီ၊ ၃ နာရီ ထိုးတဲ့အထိ စကားဝိုင်းတွေ ဖွဲ့ခဲ့တာတွေကို သတိရမိသည်။ သူနဲ့နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းက သူ စင်္ကာပူကနေ သည်လောက်မြန်မြန်ဆန်ဆန် ထွက်ခွာသွားရမည်ဆိုတာကို မရိပ်မိခဲ့ကြသေး။ SMU အောက်က ခုံတန်းရှည်တွေမှာ သူကထိုင်လျက် ကျနော်က မိုးတိုးမတ်တတ် စကားပြောခဲ့ပုံကို သတိရမိသည်။ အဲသည်ညက ညဥ့်က အတော်နက်နေပြီ။ သူတို့အဖွဲ့မှာ နာဂစ်အလှူငွေခံရာက ရလာသည့် ငွေအကြွေဘူးတွေကို သွန်ချပြီး ရေတွက်နေခဲ့ကြသည်။ ကျနော်က “အချိန်ကုန်ပင်ပန်းလိုက်တာကွာ၊ အကြွေရေတွက်တဲ့ စက်မှာ သွားရေတွက်ပါတော့လား” ဟုပြောတော့ “အဲဒါက ပိုက်ဆံပေးရတယ် အကိုရ၊ ကျနော်တို့က အပိုမကုန်စေချင်လို့ လူအားနဲ့ ရေတွက်လိုက်တာပါ” လို့ ပြန်ပြောသည်။

တကယ်က သူသည် နိုင်ငံရေးထက် လူမှုရေးကိစ္စများကို အားသန်သူ။ နာဂစ်မုန်တိုင်းအတွင်းမှာ စင်္ကာပူရှိ တက္ကသိုလ်မှ မြန်မာကျောင်းသားပေါင်းစုံကို စုစည်း၍ “ပရော့ဂျက် နာဂစ်” ကို တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားခဲ့သူထဲက တဦး ဖြစ်သည်။

လွန်ခဲ့သည့် သုံးနှစ်... ဒေါ်အောင်ဆန်းစုကြည် အသက် ၆၀ ပြည့်မွေးနေ့မှာ တီရှပ်တွေ (ပင်နင်ဆူးလား ဆိုင်တဆိုင်မှ တဆင့်) အလကားဝေသည်မှာ သူတို့သူငယ်ချင်းတစု၏ အားထုတ်မှုဖြစ်သည်။ စက်တင်ဘာတော်လှန်ရေးအပြီး မြန်မာတွေ စင်္ကာပူမှာ အ၀တ်များလာတဲ့ တီရှပ်မှာ လက်ချင်းဆက်ထားသော ပုံတွေကလည်း သူ့တို့သူငယ်ချင်းတစုရဲ့ စိတ်ကူးစိတ်သန်းနဲ့ ရေးဆွဲခဲ့သော ဒီဇိုင်းဖြစ်ကြောင်းသိရသည်။

ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ပထမဦးဆုံးအကြိမ် ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲကိုလည်း တက္ကသိုလ်ဝင်းအတွင်း ကျင်းပခွင့်ရအောင် အာဏာပိုင်တွေ တားဆီးသည့်ကြားက ဖြစ်မြောက်အောင် သူဘဲ ကြိုးစားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်က အင်ဂျင်နီယာ ဘွဲ့ရပြီး အလုပ်ရှာတော့ ပရော့ဂျက်မန်နေဂျာ ရာထူးကို လစာကောင်းကောင်းဖြင့် ရသည်။ ဒါပေမယ့် သူ့အတွက် အီးပီ လျှောက်တော့ Pending ဖြစ်နေသည်။ သူ့အတွက် နေထိုင်ခွင့်ကို တိုးမပေး၍ စင်္ကာပူကနေ ကမ္ဘောဒီးယားကို ထွက်ခွာဘို့လုပ်ရသည်။

သူ့ဗီဇာ သက်တမ်းကုန်ဆုံးသည့်နေ့တွင် လေဆိပ်ကို သွားတော့ စင်္ကာပူလူဝင်မှုကြီးကြပ်ရေးမှာ သူ့ပတ်စ်ပို့တ်ကို စစ်ဆေးပြီး ဘေးဘက်ရှိ အထူးနေရာကို ခေါ်သွားကာ အရာရှိက တနေရာကို ဖုန်းဆက်သည်။ တဖက်မှ ပြောသည့်အတိုင်း လိုက်နာဆောင်ရွက်နေရဟန်ရှိသည်။ မည်သည့်အတွက်ကြောင့် ကြန့်ကြာနေသည်ကိုလည်း ရှင်းမပြ။ တမင်သက်သက် အချိန်ဆွဲကာ နှောက်ယှက်သည်ဟုသာ ယူဆစရာရှိသည်။ သည်လိုနှင့် မိနစ်များစွာ ကြာလာပြီး လေယာဉ်ထွက်ချိန်နီးလာ၍ လေကြောင်းလိုင်းက လေယာဉ်ပေါ်တက်ဘို့ နောက်ဆုံးအကြိမ် ကြေညာလာသည်။ စိုးသီဟက လူဝင်မှု အရာရှိကို ပြောပြတော့ ထိုသူက တာဝန်ခံကို ဖုန်းဆက်ပေးမည်ဆိုကာ တနေရာသို့ ဖုန်းဆက်သည်။

သို့နှင့် နောက်ဆုံး ပတ်စ်ပို့တ်ကို ပြန်ပေးလိုက်သည့်အချိန်မှာတော့ လေယာဉ်ပျံက ထွက်ခွာသွားချေပြီ။ စိုးသီဟသည် လေယာဉ်လက်မှတ်ခ ပြန်အအမ်းယူရာတွင် ထောက်ခံချက်လိုသည့်အတွက် လူဝင်မှုအရာရှိကို ထောက်ခံစာပေးဘို့ ပြောတော့ ဘယ်သူမှ တာဝန်မခံ။ စိုးသီဟ၏ နိုင်ငံကူးလက်မှတ်မှာ မည်သည့်ပြဿနာမျှ မရှိပါဘဲ အင်မီဂရေးရှင်းမှ သက်သက် အချိန်ဆွဲသည့်အတွက် လေယာဉ်လွတ်သွားရခြင်းဖြစ်ကြောင်း စိုးသီဟက ပြင်းပြင်းထန်ထန်ပြောပါမှာ မတတ်သာ၍ အထူးနေထိုင်ခွင့်ဖြင့် နောက်ထပ်နေထိုင်ခွင့် တရက်သက်တမ်းထပ်တိုးပေးသည်။ သို့သော်လေယာဉ်လက်မှတ်တစောင်ဖိုးတော့ အကြောင်းမဲ့ ဆုံးရှုံးသွားရချေပြီဖြစ်သည်။ နောက်တရက်တွင် လေယာဉ်လက်မှတ်တစောင် အသစ်ဝယ်၍ သွားရသည်။

ရာဇ၀တ်မှု ကျူးလွန်ထားဘူးခြင်းမရှိသော ကျောင်းသားလူငယ်တယောက်အား နေထိုင်ခွင့်သက်တမ်းတိုးမပေးခြင်းမှာ ထူးဆန်းသည့်ကိစ္စဖြစ်သော်လည်း အင်မီဂရေးရှင်းတွင် ထိုသို့ ဆုံးဖြတ်နိုင်သော အခွင့်အာဏာရှိ၍ တိုးမပေးခြင်းကား ရှိစေတော့။ သို့သော် ထိုဆုံးဖြတ်ချက်ကို မဖီဆန်ဘဲ နိုင်ငံမှ ထွက်ခွာသွားသည့် အပြစ်မဲ့ လူငယ်တယောက်အား တမင်သက်သက် ဒုက္ခပိုစေရန် လေယာဉ်လွတ်သွားသည်အထိ အကြောင်းပြချက်မယ်မယ်ရရ မပေးဘဲ ဟန့်တားခြင်းကို ကြားသိရသည့်အခါ ပထမတန်းစားနိုင်ငံတခုဟု ကြွေးကြော်ထားသော စင်္ကာပူအာဏာပိုင်တို့၏ လုပ်ရပ်မှာ မြန်မာစစ်အစိုးရ၏ လုပ်ရပ်နှင့် ထပ်တူထပ်မျှ တူညီနေပုံကို အံ့သြမကုန်အောင် ဖြစ်ရပါသည်။

---------------------------------

ကျနော်နှင့် သူတို့တတွေ သိကျွမ်းခဲ့ရသည့် ကာလမှာ တနှစ်ပင် မကြာလိုက်။ သူတို့ဘ၀၊ သူတို့ အလုပ်အကိုင်အကြောင်းတွေလည်း ကျနော် ထဲထဲဝင်ဝင်မသိလှ။ တချို့ဆိုလျှင် လူနှင့် နာမည်နှင့် တွဲ၍ မှတ်မိသည်မှာလည်း မကြာသေး။

သို့သော် သူတို့ကို ကျနော့် နှလုံးသားက မေ့နိုင်မည်မထင်။ အဘယ့်ကြောင့်ဆိုသော်....သူတို့သည် မိမိအကျိုးစီးပွားကို ထိခိုက်လာမည်ကို သိသိနှင့်ပင် မိမိတိုင်းပြည် ကောင်းစားစေလိုသော စိတ်ဓါတ်ဖြင့် မိမိယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲလျက် မည်သူမျှ မတိုက်တွန်းရဘဲ မှန်ကန်သည်ထင်သောအမှုကို ရဲဝံ့စွာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။

သူတို့သည် မြန်မာ့ဒီမိုကရေစီအရေးတွင် လူသိများခြင်းမရှိ၊ ထင်ပေါ်ကျော်ကြားခြင်းမရှိသည့်တိုင် ကျနော်၏ အသည်းနှလုံးတွင်တော့ မေ့ပျောက်၍ မရနိုင်တော့သော သူရဲကောင်းများအဖြစ် ရာသက်ပန် စွဲထင်ကျန်ရစ်တော့မည်ဖြစ်ပါသည်။

(အောက်တွင် သူတို့ကို ဂုဏ်ပြုသည့်အနေဖြင့် ကျနော့်ဇနီးရေးဖွဲ့ထားသော ကဗျာလေးကို တင်ပေးလိုက်ပါသည်။)


"ကျွန်းပေါ်မှာရေးတဲ့မှတ်တမ်း"



ဘယ်သူရယ် ဘယ်ဝါရယ်လို့
နာမည်တွေတောင်တွဲမသိ၊
သူဘယ်သူလဲ..ဘာလုပ်သလဲလို့
စကားတွေလဲမစပ်မိ..၊
ဒါပေမယ့်....
သူ..ဘာယုံကြည်သလဲ..
ငါ..ဘာယုံကြည်သလဲတော့
ဖွင့်ပြောစရာမလိုဘဲသိခဲ့ကြတယ်..။

ရေစက်လို့ဘဲဆိုဆို
ကာလတိုတိုအတွင်း
သွေးသားအရင်းတွေလိုနီးခဲ့ကြ၊
မတူတဲ့အမြင်တွေကြား
လက်ချင်း ဆက်တွဲထားချင်လို့
အဖြေရှာခဲ့ရတဲ့ညများ၊
တချိန်မှာတော့...
ကလေးတွေကိုပြန်ပြောဖို့
အိပ်ရာဝင်ပုံပြင်ဖြစ်လေမလား...၊
ဘာတွေဘဲဖြစ်ဖြစ်
စိတ်တူကိုယ်တူ
ဒီလမ်းကို ယုံကြည်စွာရွေးခဲ့သူတွေချင်းမို့...
အခြေအနေမပေး
တနေရာစီဝေးလည်း
ဆုံမှတ်ရောက်တဲ့အထိ..တို့ဆက်လျှောက်ကြမယ်..။

-ထနောင်း
ဒီအကြောင်းနဲ့ ပတ်သက်တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

21 comments:

ခင်မင်းဇော် said...

သူတို့တွေ ဒိပြင့်နိုင်ငံမှာရော အဆင်ပြေကြရဲ့လား။ မျိုးမြင့်မောင်ရော ပါသေးလား။ စုစုပေါင်း ဘယ်နှစ်ယောက် ခုလို ဖြစ်တာလဲ ။ ပေဖြစ်တဲ့ နေ့ကတော့ ကုန်ရမှာပါနော်။ အမတို့ တူဖြစ်တဲ့ တနေ့အတွက် ခုကတည်းက စာရင်း ပြုစုထားမှ... ဖြစ်နိုင်ရင် သူတို့ကို ဆက်သွယ်ချင်ပါတယ်။ ကျမမေးလ်ကို အကြောင်းပြန်ပါနော်...။

kay said...

ဒါတွေကို..တယောက်ယောက်..အပြင်နေ့စဉ်သတင်းစာတွေမှာ..ရေးသားဖော်ထုပ် နိုင် ရင်..ကောင်းမှာပဲ။

Unknown said...

အသားလွတ် သောက်ကျင့်ယုတ် ခံရတဲ့ သူများ အတွက် သောက်ကျင့်ယုတ်သူများ ကို အရမ်းပဲ ဒေါသဖြစ်တယ်။ singapore ဟာ တကယ်တော့ နအဖ နဲ့ ပုလင်းတူ ဘူးဆို့ သာသာ အဆင့်ပါ။ ယုတ်မာတာ ကောက်ကျစ်တာ ချင်း သိတ်မကွာပါ။

ကိုပေါ said...

အမှန်ကတော့ သူတို့ သုံးယောက်သာမကပါ။ အခုလောလောဆယ် ရှစ်ယောက်ခန့် ကြုံတွေ့နေရပါတယ်။ ဒါပေမယ့် စင်္ကာပူက ထွက်ခွာသွားရတာကတော့ အခုအချိန်အထိ ၃ ယောက်ပါ။ ကျန်တဲ့ ငါးယောက်က ပီအာရ်တွေဖြစ်တဲ့အတွက် Re-entry ပါမစ်ကို သက်တမ်းတိုးမပေးဘဲ Pending လုပ်ထားပါတယ်။ ပီအာရ်ဖြစ်တဲ့အတွက် သူတို့က ဆက်လက်နေချင်ရင် နေလို့ရပါတယ်။ ဒါပေမယ့် အစိုးရက နှင်ထုတ်တဲ့အဆင့်အထိ အရေးယူရင်တော့ ထွက်ခွာသွားရမှာဖြစ်ပါတယ်။

အောက်က သတင်းလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

http://in.reuters.com/article/southAsiaNews/idINIndia-34889920080808

ကျနော်တို့မှာ မှတ်တမ်းနဲ့ စနစ်တကျ စာရင်းပြုစုထားတာ ရှိပါတယ်။ အေအက်ဖ်ပီ၊ အဆာဟိရှင်ဘွန်းနဲ့ ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ စထရိတ်စ်တိုင်းမ်စ်၊ တူဒေးသတင်းစာတွေကိုပါ သတင်းစာ ရှင်းလင်းပွဲလုပ်ထားပါတယ်။

Myo Win Zaw said...

ကိုယ်နဲ့မဆိုင်သလိုနေလို့ရတဲ့သူတွေ ကိုယ့်ရဲ့သာယာဘ၀တွေတောင်အထိအခိုက်ခံကာ ကိုယ်စွမ်းသလို အမှန်တရားအတွက် ထုတ်ဖော်ဝံ့သူတွေ ဒီလူတွေဟာ မြန်မာနိုင်ငံရဲ့သားကောင်းတွေဆိုတာ သံသယရှိစရာမလိုဘူး ရှေ့သွားမယ့်လမ်းခရီး သာယာပါစေ...

မသက်ဇင် said...

စာဖတ်သွားပါတယ်။ link လုပ်ထားတဲ့ အကြောင်းလဲ ပြောချင် လို့ပါ။ကွန်မန့် တွေ နောက်မှ ရေးတော့မယ်
အားရင်လည်းလာလည်ပါနော်

http://mathetzin.blogspot.com/2008/08/blog-post.html#links

Anonymous said...

I think you have not controlled your scope of operations and fought other people's war as foot soldiers of SDP.

Lun Lunn said...

ရွှေညီအစ်ကိုမောင်နှမများ ...

စင်္ကာပူရောက် ရဲဘော်ရဲဘက်တွေအတွက် ခံစားအားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ... ကျွန်တော်တို့ အနေနဲ့ ခံစားပေး၊ ဒေါသထွက်နေရုံနဲ့ မပြီးသေးပါဘူး ...
အခုဆို စင်္ကာပူအစိုးရရဲ့ လုပ်ရပ်ကို ပွင့်လင်းစွာ ထုတ်ဖေါ်လိုက်ပြီ ဖြစ်တဲ့အတွက် သူတို့ရဲ့ တန်ပြန်မှုတွေ ရှိလာမှာပါ ...
အဲ့ဒါတွေအတွက် ဘာလုပ်သင့်သလဲဆိုတာ ၀ိုင်းဝန်း ကူညီ စဉ်းစားပေးကြဖို့ လိုအပ်သလို စင်္ကာပူအစိုးရရဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေကို နည်းလမ်းမကျစွာ ဖြိုခွဲနေခြင်းကို ဆက်လက် မလုပ်နိုင်အောင် ပြည်တွင်းနဲ့ နိုင်ငံတကာက ကောင်းမွန်စွာ ကိုင်တွယ်ပေးနိုင်အောင် ကြိုးစား လုပ်ဆောင်ပေးကြဖို့ အရေးပေါ် လိုအပ်နေပါတယ် ...
နောက်ဆုံး နိုင်ငံတကာအနေနဲ့ ၀င်ရောက် စွပ်ဖက်နိုင်ခြင်း မရှိခဲ့ရင်တောင် သူတို့ရဲ့ တရားမျှတမှု မရှိတဲ့ လုပ်ရပ်အတွက် စင်္ကာပူနိုင်ငံကနေ ထွက်ခွာသွားခဲ့ရတဲ့၊ စင်္ကာပူနိုင်ငံမှာ နေနိုင်သေးသော်လည်း အများနည်းတူ တန်းတူ ရရှိရမယ့် အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေ ခံစား ဆုံးရှုံးရသလို သူတို့ကိုလည်း နိုင်ငံတကာရဲ့ ယုံကြည်မှုတွေ ဆုံးရှုံးရအောင် တတ်နိုင်သလောက် ဖော်ထုတ်ပေးကြပါ ...

ခင်မင်းဇော် said...

သူတို့ အဆိုင်လမ်လျှောက်လို့ရတဲ့ နိုင်ငံတနီုင်ငံကို သွားကိုသွားရမယ် ၊ အဲဒီ သက်ဆိုင်ရာ နိုင်ငံက လူတွေနဲ့ ဆက်သွယ်ပေးချင်လို့ ပါ။ ကြိုက်တဲ့ နိုင်ငံကို သေချာစဉ်းစားပြီး သေချာ လုပ်ရမယ်။ ဗမာပြည်ကိုတော့ ပြန်လို့မရနိုင်တော့ဘူး။
ကျမတို့ နိုင်သလောက် သူတို့ကို ၀ိုင်းကူရမယ်လေ။

ATN said...

ဟုတ်ပါ့ ကိုပေါရေ မခင်မင်းဇော် ပြောတာမှန်တယ် သူတို့ကို ၀ိုင်းကူပေးရမှာပေါ့

Moe Cho Thinn said...

ကျမလည်း လုပ်ပေးနိုင်တာ ရှိရင် ပြောပြပေးပါ။
အခုအချိန်မှာတော့ ကာယကံရှင်တွေထက် မလျော့တဲ့ ခံစားချက်တွေနဲ့ပါ လို့။
အာဏာရှင်ချင်းကတော့ ကုလားကြီးနဲ့ အရာကြီးပဲ ကွာကြတာပါလေ။

စူး said...

ယုတ်မာတဲ့ ပုလင်းတူဘူးဆို့အစိုးရပဲ
အားလုံးသိအောင် ဖော်ထုတ်ကြပါ.
လွပ်လင်ခွင့်ဆိုတာ အဲဒီတိုင်းပြည်မှာလဲ မရှိဘူးကိုး

TZA said...

သူတို့ဒိပြင်နိုင်ငံကို အေးအေးချမ်းချမ်းရောက်သွားဖို့ အရေးကြီးပါတယ်၊ အစ်မခင်မင်းဇော်တို့ အကူအညီပေးနိုင်ရင် သိပ်ကောင်းမှာပါ။

သူရဲကောင်းအစစ်တွေပါပဲ၊ လေးစားပါတယ်။

Anonymous said...

ရှေ့မှာသနပ်ခါးအဖွေးသားနဲ့ပြုံးနေပြီးနောက်ကြောဓါးနဲ့ထိုးထားတတ်တဲ့ကောက်ကျစ်ယုတ်မာမှုကခုတော့ဗူးပေါ်သလိုပေါ်ခဲ့ပြီပေါ့

Unknown said...

it'll be good to hold a interview with news media like VOA... if there's anyone who's willing to do it, i have VOA contact person.. my email is jjthing@gmail.com... good luck my brothers..

Anonymous said...

စစ်အစိုးရဟာ ချစားမှုတွေရှိတယ် တိုင်းပြည်ကိုဖျက်လို့ဖျက်ဆီးလုပ်တယ်လို့ အတော်များများကပြောဆိုကြပါတယ် အဲ့ဒီ့ထဲမှာ ဦးကုလားလည်းပါတယ် ဒါပေမယ့် ပြန်စဉ်းစားကြည့်ရင် နအဖတစ်ယောက်တည်းလုပ်တာမဟုတ်ပါဘူး လူတိုင်းလုပ်တာပါဘဲ တစ်ကမ္ဘာလုံးကိုအုပ်ချုပ်တဲ့ ကုလ အတွင်းရေးမှုတောင် ချစားမှုတွေမရှိဘူးလို့ ဘယ်သူအာမခံရဲလည်း အဲ့သလိုဘဲ မြန်မာ့နိုင်ငံရေးကိုဗန်းပြပြီး ချစားမှုတွေမရှိဘူးလို့ ဘယ်သူပြောမလဲ .... မြန်မာနိုင်ငံကို စေတနာထားတဲ့ဆိုတဲ့သူတွေက သူတို့လက်ရှိရောက်နေတဲ့နေရာ လက်ရှိခံစားနေရတဲ့အခွင့်အရေး လက်ရှိပစ္စည်းဥစ္စာတွေနဲ့ စေတနာရှိတယ်လို့ပြောနေတာ ချီးစားပြောရင်ချီးကြိုက်လို့ဖြစ်မယ် သူတို့လိုမျိုးစေတနာမျိုး လူတိုင်းထားတတ်တာပေါ့ဗျာ... ဦးကုလားမပေါက်ကွဲချင်ပါဘူ.... စကားတစ်ခွန်းတော့ပြောချင်တယ်

ဘုရားမကြိုက် တရားမကြိုက် မဟုတ်တာ မမှန်တာ မလုပ်ကြပါနဲ့
ရုတ်မာတဲ့လူတစ်ချို့က အပုပ်မစား အကောင်းစားတယ် သူတောင်းစားတိုင်း တောင်းမစားဘူး......

Anonymous said...

ရဲရင့်ငယ် http://www.yeyintnge.blogspot.com/ ဘလောက်ကို တချက်လောက်ဝင်ကြည့်လိုက်ပါ ကိုပေါ။ သူ့ ဆီပုံး မှာသူ့အနေနဲ့ ဘာအကူအညီပေးနိုင်ကြောင်းရေးထားတယ်။
စင်ကာပူရောက်ရွှေ

AungNN said...

စမှာနေခဲ့ဘူးတော့ခံစားတတ်ပါတယ်။ တိုင်းပြည်အတွက်အနစ်နာခံသွားသူုများကို ချီးချူးဂုဏ်ပြုပါတယ်၊ ကျနော်လဲတတ်နိုင် သလောက်အကူအညီပေးပါရစေ၊ ဘယ်ကိုဘယ်လိုပို့ရမယ်သိပါရစေ။

အရေးတော်ပုံအောင်ရမည်။

လင်းလက်ကြယ်စင် said...

ယုံကြည်ချက်နဲ့ ရှေ့ဆက်နေကြတဲ့ ရဲဘော်တွေကို လေးစားပါတယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက် ၊ နောက်မတွန့်တဲ့ ဇွဲသတ္တိ ၊ ပေးဆပ်လိုက်ရတဲ့ ဘ၀အချိုးအကွေ့တွေအတွက် အားပေးဂုဏ်ယူမိရင်း မှန်ကန်သော စေတနာ ၊ အသိပညာများဖြင့် အောင်ပွဲဆီရောက်အောင် အတူတကွ ရှေ့ဆက်ကြပါစို့။

မသက်ဇင် said...

စ လုံးအကြောင်းဖတ်ရတာစိတ်မကောင်းပါဘူး။
မြန်မာပြည်လည်းပြန်မရ ၊ စ လုံးကနေ မထွက်မနေရ ထွက်ရတော့မယ်ဆိုရင် ထိုင်းနိုင်ငံ ၊ ကိုးရီးယား ၊ မလေးရှား
လိုနိုင်ငံတွေကို ထွက်ရမှာပေါ့။အဲဒီမှာ ဒုက္ခသည်ခိုလှုံခွင့်
လျှောက်ရင်ရော။ အချို့ တော်တော်များများကိုးရီးယားကနေ
အဆက်အသွယ်ရှာပြီးတရားမ၀င်ရေလမ်း ( သင်္ဘောခိုးစီး )
ကနေ ဂျပန်ကိုသွားကြတယ်။ ဂျပန်ရောက်တော့]ဒုက္ခသယ်
ထပ်လျှောက်ကြတယ်။ တော်တော်များများအဆင်ပြေတာ
တွေ့ ရတယ်။
အဆက်အသွယ်ဆိုတာနိုင်ငံတကာရောက်ဗမာအသိုင်း
အ၀ိုင်းနဲ့ဆက်သွယ်ရမှာပေါ့နော်။

Anonymous said...

တစုံတခု လက်တုံ့ ပြန်သင့်သည်ထင်ပါသည်။

ဥပမာ။ ။ နိုင်ငံတကာကိုသိစေချင်းဖြင့်..
နံမည်ပျက်အောင်ဖျက်ခြင်း

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs