“ကလူသစ် ဖတ်ဘို့စာ...”

Share |
ကလူသစ်ရေ...

သခင်အောင်ဆန်းက ကျောင်းသားဘ၀တုန်းက အိုးဝေမဂ္ဂဇင်းမှာ ညိုမြရဲ့ ငရဲခွေးကြီး လွတ်နေသည် ဆောင်းပါးကို ကျောင်းအထုတ်ခံပြီး ဘာကြောင့်ထည့်ခဲ့သလဲ။ ဘာကြောင့် ဘယ်သူရေးတယ်ဆိုတာ မဖော်ခဲ့သလဲ။

ဗိုလ်အောင်ကျော်ဟာ ခေါင်းအကွဲခံပြီး အသက်အဆုံးခံပြီး အတွင်းဝန် ရုံးရှေ့မှာ ဘာကြောင့် သွားဆန္ဒပြခဲ့သလဲ။

ကလူသစ်ရဲ့ ပို့စ်တခုထဲမှာပါတဲ့ ဆရာတော် ဦးဝိစာရကရော ဘာကြောင့်အသက်ဆုံးပါးခံပြီး ထောင်ထဲအစာငတ်ခံ ဆန္ဒပြခဲ့သလဲ။

သူတို့တွေ အဲသည်လို လုပ်လိုက်လို့ရော မြန်မာ့လွတ်လပ်ရေး ချက်ခြင်းရသွားခဲ့ပါသလား။

စနစ်တခုကို တိုက်ဖျက်တဲ့နေရာမှာ တချို့သော အဖြစ်အပျက်တွေကြောင့် “ခုရေတွင်းတူး ခုရေကြည်သောက်သလို” ချက်ချင်းကြီး အကျိုးပေးတာမျိုး ကြုံချင်မှလည်း ကြုံမှာပါ။ ဒါပေမယ့် ဒီအကြောင်းတွေဟာ ကျနော်တို့သွားနေတဲ့ ပန်းတိုင်ကို တနည်းတဖုံ အထောက်အကူပြုတာကတော့ မငြင်းနိုင်ပါဘူး။

ကျနော်တို့ စင်္ကာပူမှာ လှုပ်ရှားရခြင်း အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းအင်အားစုများကို ထောက်ကူနိုင်ရေး၊ အဲသည်လို ထောက်ကူရာမှာ အဓိကအင်အားဖြစ်တဲ့ စင်္ကာပူရောက်မြန်မာများအကြား နိုင်ငံရေးအသိစိတ် ပိုမိုနိုးကြားလာစေရေးနဲ့၊ မြန်မာ့ဒီမိုကရေစီအရေးမှာ မြန်မာတွေ သည့်ထက်ပိုပြီး ပူးပေါင်းပါဝင်လာဘို့ကိုလည်း အဓိက ရည်ရွယ်ပါတယ်။ အဲဒီလို လုပ်ရာမှာ မိမိကိုယ်တိုင်ကစပြီး ရှေ့ကနေ စံပြ ခြေလှမ်းလှမ်းမပြဘဲ ဘယ်တော့မှ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။

လူတိုင်းအားလုံးပါဝင်နိုင်တဲ့ လှုပ်ရှားမှုမျိုး လုပ်ကြဘို့ အချို့ကဆိုပါတယ်။ ဘယ်လို လှုပ်ရှားမှုမျိုးလဲ မိမိမှာ အကြံရှိရင်၊ ကိုယ့်မှာ ပါးနပ်တဲ့ ပရိယာယ် ရှိတယ်လို့ ယူဆရင် ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပါတယ်။ ကိုယ်ကစပြီးလည်း ဦးဆောင်လုပ်လို့ရပါတယ်။ ဒါပေမယ့်အခုအချိန်အထိ အဲလိုပြောနေသူတွေရဲ့ ဖြစ်ဖြစ်မြောက်မြောက် လှုပ်ရှားမှု ဘာတခုမှ မတွေ့ရသေးပါဘူး။

ဒီ လူတိုင်းပါဝင်နိုင်မယ့် လှုပ်ရှားမှုမျိုး ဆိုတဲ့ စကားကို ကြားတော့ ကျနော်မိတ်ဆွေတယောက်ကတော့ ရယ်ပြီးပြောသဗျ။ ဒီအချိန်မှာ လူတိုင်းပါဝင်နိုင်တဲ့ လှုပ်ရှားမှုဆိုတာ “ဘာမှ မလုပ်ဘဲ နေတာဘဲ”တဲ့။ ဟုတ်တယ်၊ ဘာမှ မလုပ်ဘဲ နေတဲ့ ကိစ္စမျိုးမှာ လူတိုင်းပါဝင်နိုင်ပါတယ်။ မိမိ အိမ်မှာဘဲ တီဗီရှေ့မှာ၊ ကွန်ပြူတာရှေ့မှာ ကုပ်နေလို့ ရနိုင်ပါတယ်။

နောက်တခုက ဒီလို စွန့်စားပြီး လှုပ်ရှားကြရတာကို မပါးနပ်လို့၊ ရေရှည်အတွက် တွေးခေါ်နိုင်စွမ်းမရှိတဲ့အတွက် လုပ်ကြတာဘဲ လို့ တွေးထင်ယူဆနေသူတွေ ရှိပါတယ်။ ၀မ်းနည်းပါတယ်။ ဒီလောက်တွေးတတ်ဘို့တော့ ပီအိပ်ခ်ျဒီ ဦးနှောက်တွေ၊ စစ်ဗျူဟာမှူး ဦးနှောက်မျိုးတွေ ရှိဘို့ မလိုပါဘူး။ သာမန်လူတယောက်အဖို့ တကိုယ်ကောင်းဆန်တဲ့စိတ် အသင့်အတင့်နဲ့ ကြောက်စိတ်အနည်းငယ် ရှိရင်ဘဲ ဒီလိုတွေးတတ်ဘို့အတွက် လုံလောက်ပါတယ်။

ဗိုလ်မင်းရောင် (ခေါင်းဖြတ်အသတ်ခံလိုက်ရမယ့်အရေးကို မမှုဘဲ) စွန့်စားပြီး တိုက်ပွဲဝင်ခဲ့လို့၊ ဆရာစံနဲ့ လယ်သမားသူပုန်တွေ (ကြိုးအပေးခံလိုက်မယ့်အရေးကို ဂရုမထားဘဲ)စွန့်စားပြီး တိုက်ပွဲဝင်ခဲ့လို့ မြန်မာပြည်ကြီး လွတ်လပ်ရေး ချက်ချင်းရမသွားသလို၊ စင်္ကာပူက တက်ကြွစွာ လှုပ်ရှားသူအချို့ အရေးယူခံရမယ်မှန်းသိသိနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားခဲ့လို့ မြန်မာ့ ဒီမိုကရေစီအရေး ချက်ချင်းအောင်မြင်သွားမယ် မဟုတ်မှန်း ကျနော်တို့ မသိမဟုတ် သိပါတယ်။

ဒါပေမယ့် ကျနော်တို့ဟာ Result Oriented သမားတွေ မဟုတ်။ ကျနော်တို့ တသက်မှာတော့ ဒီမိုကရေစီပန်းတိုင်ကို ရောက်ချင်မှလည်း ရောက်မယ်ဆိုတာကို လက်ခံထားပြီးသား။ သို့သော် ကိုယ်လုပ်ဆောင်စရာရှိတာကိုတော့ ယုံကြည်တဲ့အတိုင်း လုပ်ဆောင်သွားရမှာပါဘဲ။ Result Oriented သမားတွေကတော့ အရေးသာမယ်ထင်တဲ့အချိန်မှာ အလှူငွေ လူအား စတာတွေကို ပုံအောပြီး ထောက်ပံ့တတ်ကြပါတယ်။ ဒါပေမယ့် ရေရှည်ကျိတ်ရမယ့်အခါမျိုးကျရင် အလျှိုလျှို နောက်ကွယ်ကို ဆုတ်သွားတတ်ကြပါတယ်။

အဲသည်လို လုပ်ကိုင်တဲ့ နေရာမှာ ကိုယ်တိုင်လည်း ပါဝင်လုပ်ဆောင်ဘို့ အသင့်မရှိသလို ထောက်ခံဘို့လည်း ၀န်လေးတဲ့ Bystander (ရပ်ကြည့်သူ) တွေလည်း ရှိမှာပါဘဲ။ ဒါပေမယ့် သူတို့တတွေဟာ ဘယ်အချိန်ကာလမဆို အားသာမယ်ထင်တဲ့ဘက်မှာ အချိန်မရွေး ရပ်ကြမယ့်လူတွေဖြစ်လို့ သူတို့ကို ယုံကြည်အားထားလောက်တဲ့ အင်အားတရပ်အနေနဲ့ ထည့်တွက်နေလို့ မရပါဘူး။

တက်ကြွစွာ ပါဝင်လှုပ်ရှားကြတဲ့လူတွေထဲမှာတောင် တကယ်အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ပဲ့စင်ပြီး ထွက်သွားတဲ့လူတွေ၊ နောက်ဆုတ်သွားတဲ့လူတွေ တပုံကြီးပါ။ ဒါပေမယ့် မဖိတ်မစဉ်ဘဲ၊ နောက်မတွန့်ဘဲ ကျန်ခဲ့တဲ့သူတွေကတော့ အသားကျပြီး သံမဏိလို ဒေါင်ဒေါင်မြည်တွေ ဖြစ်လာတော့တာပါဘဲ။ အဲသည်လိုလူမျိုး တယောက်ဟာ ခုနင်ကလို ဘာမှ ထိထိရောက်ရောက်မလုပ်ဘဲ ဘေးကနေ အခြေအနေကြည့်ဝေဖန်နေတဲ့ Bystander (ဘေးကရပ်ကြည့်သူ) အယောက် ၁၀၀၀ လောက်နဲ့ ခွန်အားတူညီပါတယ်။ ကျနော်တို့မှာ အဲသည်လို လူမျိုးတွေ အများစု မြန်မာ့ဒီမိုကရေစီအရေးအတွက် လိုအပ်နေပါတယ်။ သူတို့တွေဟာ ဘယ်နေရာ ဘယ်ဒေသကို ရောက်ရောက် ဦးဆောင်နိုင်မယ့် လူမျိုးတွေ ဖြစ်ပါတယ်။ ဦးမဆောင်နိုင်တောင် အဖိုးမဖြတ်နိုင်တဲ့ နောက်လိုက်ကောင်းတွေ ဖြစ်လာမှာ မလွဲမသွေပါဘဲ။

ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ ဦးဝင်းတင်တို့ ကိုမင်းကိုနိုင်တို့ မတိမ်းမရှောင်ဘဲ အကျယ်ချုပ် အကျဉ်းချုပ် ကျခံကာ ဆက်လက်ကြံ့ကြံ့ခံနေတာဟာ စဉ်းစားဆင်ခြင်ဉာဏ်မရှိလို့မဟုတ်၊ ပရိယာယ်အရာမှာ မပါးနပ်လို့လည်းမဟုတ်။ ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာ ဒါဟာ အခြေခံကျတဲ့ တိုက်ပွဲတခုလို့ ယူဆတဲ့အတွက် နောက်မတွန့်ဘဲ ကြံ့ကြံ့ခံနေခြင်းဖြစ်ပါတယ်။

ရိုစာပါ့ခ်ဟာ အရေးယူခံရမယ်မှန်းသိသိနဲ့ အဲဒီနေ့က ဘတ်စ်ကားပေါ်မှာ လူဖြူတွေအတွက် သတ်မှတ်ထားတဲ့ ထိုင်ခုံမှာသာ စပြီး ရဲရဲဝံ့ဝံ့ မထိုင်ခဲ့ဘူးဆိုရင် ဒီကနေ့အထိ လူမည်းတွေဟာ အမေရိကားမှာ အနှိမ်ခံဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။

အလားတူဘဲ...မခင်မင်းဇော်တို့ ကျောင်းသူဘ၀က အန္တရာယ်များလှတဲ့ ကျောင်းသားလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တာ ပရိယာယ်မရှိလို့၊ စဉ်းစားဉာဏ်မရှိလို့ မဟုတ်။ သမိုင်းက ပေးအပ်လာတဲ့ တာဝန်ကို ကျေကျပွန်ပွန် ရဲရဲဝံ့ဝံ့ ထမ်းဆောင်ခဲ့ခြင်းသာဖြစ်တယ်။


ကိုထင်ကျော်တို့ အဖမ်းခံရမယ်မှန်းသိသိနဲ့ ဆန္ဒထွက်ပြတာ....
မမီးမီး၊ မနီလာသိန်း၊ မစုစုနွေးတို့ အဖမ်းခံရမယ်မှန်းသိသိနဲ့ သူတို့မရှိတော့ရင် အပြင်မှာ ခေါင်းဆောင်မယ့်လူအင်အားလျော့ပါးသွားမယ်သိသိနဲ့ ဆန္ဒထွက်ပြကြတာ...တွေကိုရော မစဉ်းစား မတွေးခေါ်တတ်လို့ လုပ်တယ်လို့ ထင်ပါသလားဗျာ။

နောက်ပြီး နယ်စပ်မှာ ကျန်ရှိနေသေးတဲ့ အေဘီအက်စ်ဒီအက်ဖ်က ကျောင်းသားတွေ ငှက်ဖျားတောထဲမှာ ဆက်လက်နေထိုင်ပြီး ယုံကြည်ရာကို ဆက်လက်တိုက်ပွဲဝင်နေတာဟာ ဦးနှောက်မရှိလို့မဟုတ်။ နံရံကို ခေါင်းနဲ့ တိုက်နေခြင်းလည်းမဟုတ်။ သမိုင်းပေးတာဝန်ကို မိမိယုံကြည်တဲ့အတိုင်း ရဲရဲဝံ့ဝံ့ ပေးဆပ်နေခြင်းသာဖြစ်တယ်။ တကယ်တော့ ထွက်ပေါက်ဟာ အရေးသိပ်မကြီးလှပါဘူး။ စိတ်ဓါတ်ခိုင်မာနေဘို့နဲ့ စိတ်ဓါတ်ရေးရာ အဆင်သင့်ဖြစ်မှုသာ ပဓာန ကျလှပါတယ်။

ဒီတော့ အာဏာရှင်နဲ့ တိုက်ပွဲဝင်နေတဲ့နေရာမှာ ရှေ့စစ်ဦးကနေ တိုက်ရတဲ့သူတွေအဖို့ အထိနာမှာ၊ အကျအဆုံး များမှာကတော့ အမှန်ပါ။ ဒါပေမယ့် ဒီပေးဆပ်မှုတွေဟာ အလဟဿမဟုတ်၊ အချည်းနှီးမဟုတ်။

ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့ရဲ့ ပေးဆပ်မှုကြောင့် ကျနော်တို့လို သာမန်လူပေါင်းများစွာကို သတ္တိအင်အားတွေ၊ စိတ်ဓါတ်ခွန်အားတွေ ကူးစက်ပေးနိုင်ခဲ့သလို ခုနက ပေးဆပ်သွားခဲ့သူအပေါင်းဟာ နောက်လူပေါင်းများစွာကို အဲသည်လိုဘဲ သတ္တိအင်အား၊ စိတ်ဓါတ်ခွန်အားတွေ လက်ဆင့်ကမ်းသွားပါလိမ့်မယ်။ ဆဲဗင်းဂျူလိုင်အရေးအခင်း၊ ရှစ်လေးလုံးအရေးအခင်း၊ ရွှေဝါရောင်တော်လှန်ရေးတွေမှာ အဲသည်လို စိတ်ဓါတ်ခွန်အားတွေကို တော်လှန်ရေးမျိုးဆက်မပြတ်စေဘို့ နောက်လူတွေကို ရှေ့လူတွေက လက်ဆင့်ကမ်းခဲ့ပါတယ်။ ကလူသစ်ကိုယ်တိုင်လည်း တချိန်မှာ အဲသည်လို စိတ်ဓါတ်ခွန်အားမျိုး ၀င်လာခဲ့ပြီဆိုရင် အဲသလိုဘဲ ပေးဆပ်ရမယ်မှန်းသိသိနဲ့ စွန့်စားလာပါလိမ့်မယ်။

ကလူသစ်ရဲ့ စေတနာကို နားလည်ပေမယ့် ထောက်ပြတဲ့အချက်က မှန်ကန်မှုရှိတယ်မထင်လို့ ဒီကွန်မင့်ကို ရေးလိုက်ပါတယ်။

ဲဖြည့်စွက်ချက်။ ။ စင်္ကာပူမှာ ရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ အင်အားလျော့နည်းသွားမှာကို စိုးရိမ်သည်ဟု ဆိုသူများ..... ကျနော်တို့ရဲ့ လျော့သွားသောနေရာတွေမှာ လာရောက်ပူးပေါင်းပါဝင်ခြင်းဖြင့် ကွက်လပ်ဖြည့်နိုင်ပါတယ်။ ကျနော်တို့ လှုပ်ရှားမှုမှန်သမျှဟာ အများသဘောတူ ဆုံးဖြတ်ပြီးမှ လှုပ်ရှားတာမျိုးဖြစ်တဲ့အတွက် ဘယ်သူတဦးတယောက်ကိုမျှ အတင်းအကြပ် စေခိုင်းခြင်း၊ တာဝန်ပေးခြင်းမရှိပါ။ မိမိတို့မှာ သာလွန်ကောင်းမွန်သော စိတ်ကူးစိတ်သန်းများ၊ ဗျူဟာများ၊ ပါးနပ်မှုများ ရှိသည်ဟု ယူဆပါက အချိန်မရွေး ကျနော်တို့နှင့် လာရောက်ပူးပေါင်းပြီး မိမိအယူအဆများကို ဆွေးနွေးလှည့်ပါ။ မိမိ အယူအဆများကို အများလက်ခံလာအောင် ဦးဆောင်နိုင်သော အရည်အသွေး ရှိသူများဖြစ်ပါက ကျနော်တို့ ၀မ်းမြောက်ဝမ်းသာ နောက်က လိုက်ရန်အသင့်ပါ။ ဤနည်းဖြင့်သာ ကျနော်တို့၏ မြန်မာ့ဒီမိုကရေစီအရေး ရေရှည်တည်တံ့မည်ဖြစ်ပါသည်။

သစ္စာဖြင့်...
ကိုပေါ။


(ကလူသစ်ဘလော့ဂ်က နောက်ဆုံးပို့စ်ကို ရည်ညွှန်းရေးသားပါသည်။)

21 comments:

Anonymous said...

I think this post is not only for Lu Thit but also for Pandora, TZA and many other Burmese like them. Very good post indeed, Ko Paw. :D

Anonymous said...

ကိုပေါရဲ့ ပို့စ်ကို ဖတ်ရင်း လူသစ်ရဲ့ မူရင်းပို့စ်ကိုပါ ဖတ်မိသွားတယ်။
ကိုပေါရဲ့ စင်္ကာပူနိုင်ငံရောက် ရွှေမြန်မာများရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ခံယူချက်နဲ့ သဘောထားကို လေးစားမိခြင်းနှင့်အတူ လေးနက်စွာ ထောက်ခံပါတယ်။
ရယူလိုတဲ့ အရာဝတ္ထု တန်ဖိုးကြီးမားလေလေ ပေးဆပ်ရတာ ပိုများလေလေပါပဲ။ ဘာမှ မပေးဆပ်နိုင်ရင် ဘာမှ မရပါဘူး။
လူသစ်အပါအ၀င် တခြားသော မျိုးချစ်မြန်မာတို့ရဲ့ လှုပ်ရှားမှုတွေအတွက် ဆွေးနွေး အကြံပြုသူတွေကို နွေးထွေးစွာ ကြိုဆိုသလို မိမိကိုယ်တိုင်လည်း ကောင်းမွန်သော ရေတို၊ ရေရှည် အကြံကောင်းများနဲ့ မိမိတိုင်းပြည်အတွက် ကိုယ်တိုင်ကိုယ်ကျ စွန့်လွှတ်စွန့်စား ပါဝင် လှုပ်ရှားလာမယ့်အချိန်ကို စောင့်ကြိုနေပါတယ်။
မတရားသော စစ်အာဏာရှင် မှန်သမျှ ကျဆုံးရမည်။

ATN said...

တခါမှ ဒီလိုမျိုး ကျနော် ၀င်မပါခဲ့ဖူးဘူး။ ခုတော့ ၀င်ပါသင့်တယ်ထင်လို့ ၀င်ပါတာပါ။ သို့သော်လည်း လေးလေးနက်နက် စဉ်းစားပြီး ၀င်ပါတာပါ။
ကျနော်က ကိုယ့်ကို အများမြင်အောင် တိုင်ဖက်တက်နေတာ မဟုတ်ဖူးဆိုတာတော့ အရင် ပြောချင်ပါတယ်။
ကိုပေါကိုလည်း လေးစားတယ်၊ ကလူသစ်ကိုလည်း လေးစားတယ်။ လူချင်း မသိဘူး။ လူကိုယ်တိုင်လည်း မဆူံဖူးဘူး။ ဒါပေသည့် စာတွေကို ဖတ်ရတော့ လူတွေကို မြင်နေရပါတယ်။ နှလုံးသားတွေကို မြင်ရတယ်။ စေတနာတွေကို မြင်ရတယ်။ နိုင်ငံအပေါ် ချစ်တဲ့ ကိုယ့် ပြည်သူလူထုအပေါ်ချစ်တဲ့ အချစ်တွေကို မြင်နေရ ခံစားနေရတယ်။
တခါတခါ ကျနော့်အတွက်တော့ နှလုံးသားတူသူတွေ စေတနာတူသူတွေ ဘာကြောင့် ကွဲလွဲနေတာလည်း ကျနော် နားမလည်ဘူး။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။
ကျနော့် တမျိုးလုံးက သူပုန်တွေချည်း(အစိုးရအပြော) တကယ်ကတော့ တော်လှန်ရေးသမားတွေပါ။ ဂုဏ်ဖော်နေတာ မဟုတ်ပါဘူး။ ကျနော် ပြောနေတာကို နားလည်စေချင်လို့ပါ။
လေးလေးနက်နက် ပြောရရင် အဆုံးအဖြတ် ကျတဲ့ တိုက်ပွဲတွေမှာ အင်အားကို သုံးရမှာပါ။ ရှိနိုင်သမျှသော ရနိင်သမျှသော အင်အားတွေကို သုံးပြီး တိုက်ရမှာပါ။
အဆုံး အဖြတ် မကျတဲ့ တိုက်ပွဲတွေကို တိုက်ရင်တော့ ကိုယ့်အင်အားတွေကို ချွေတာရမှာ ပါပဲ။ အလဟသ ဆုံးရှုံးလို့ မဖြစ်ဘူး။
ကျနော် နားလည် မိသမျှကတော့ ကလူသစ် ပြောနေတာက ကျနော် အထက်က ပြောသလို အဆုံး အဖြတ် မကျတဲ့ တိုက်ပွဲတွေအတွက် စေတနာနဲ့ ပြောနေတာလို့ ယူဆပါတယ်။
ကျနော့် ဘလော့မှာ ကျနော့် အီးမေးလ်ကို ကိုပေါတွေ့မှာ ပါ ကျနော် ပြောတာကို မကျေလည်ခဲ့ရင် အီးမေးလ်ထဲမှာ ဖြစ်ဖြစ် ဂျီတော့ခ်မှာ ဖြစ်ဖြစ် ပြောကြတာပေါ့။
ဒီမှာ ကျနော့် အီးမေးလ် augustine1703@gmail.com
ချမ်းမြေ့ပါစေ ကိုပေါ။

Anonymous said...

အခုလိုရေးလိုက်တာ ကောင်းတယ် ကိုပေါရေ…..

ကလူသစ် ဘလော့ဂ်ကိုလည်း သွားဖတ်ပြီးပြီ။ ကလူသစ်အနေနဲ့ သူအနိုင်ပြောနိုင်ဘို့ သမိုင်းကို တလွဲကောက်ချက်ချတယ်လို့ ကျမ ခံစားရတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်အစိုးရက အမိန့်မထုတ်ခင်အထိ ကလူသစ်တို့လို ဘာမှ မလှုပ်ရှားဘဲ ထိုင်နေခဲ့တာ မဟုတ်ပါဘူး။ ဒို့ဗမာအစည်းအရုံးမှာ တက်တက်ကြွကြွ လှုပ်ရှားခဲ့လို့သာ အင်္ဂလိပ်က ဖမ်းဝရမ်းထုတ်တာပါ။ အမွိုင်ကို ရောက်တော့လည်း နိုင်ငံခြားအချိတ်အဆက် မရလို့ အကြာကြီး သောင်တင်နေခဲ့တယ်လို့ ဖတ်ခဲ့ရတယ်။ တကယ်ဆိုရင် အခု ကိုစိုးသီဟတို့ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ တထပ်တည်းကျပါတယ်။

ကျမအမြင်တော့ ကလူသစ်တို့ဟာ သူတို့ပါဝင်သင့်တဲ့ အရေးတခုမှာ မပါဝင်ခဲ့ဘဲ အရေးကြုံတဲ့ကျတော့မှ မြေနိမ့်ရာလှံစိုက် လုပ်နေကြသလို ကျမ ခံစားရတယ်။ ကိုယ့်လိပ်ပြာကိုယ်မလုံလဲတာကို ကုစားဘို့အတွက် သူရဲဘောကြောင်မှုကို အတင်းဆွဲကာနေတယ်လို့ဘဲ မြင်ပါတယ်။

စိတ်မပျက်ပါနဲ့ ကိုပေါရေ…. ကျမတို့ နိုင်ငံမှာ အဲလို လူမျိုးတွေ များနေသေးလို့ ဒီမိုကရေစီမရနိုင်သေးတာပါ။ ဒီအခက်အခဲတွေကို အချိန်ယူ ကျော်လွှားရဦးမှာပါ။

Anonymous said...

ကိုပေါရေ နောက်ထပ် ထွက်လာမည့်သူတွေ အတွက် တွန့်သွားတာတော့ ငြင်းမရတဲ့ အမှန်တရားပါ.. ဒါ ကို ရလဒ် တစ်ခူ outcome တစ်ခု အဖြစ် ထညိ့သွင် စဉ်းစားသင့်ပါတယ်..

positive outcome နဲ့ negative outcome ဏ္ဍျွှစ်ခု အနက် positive outcome က ပို သာနေမယ်ဆိုရင်တော့ ဘလိုပဲဆိုဆို အနေထားတွေ ပိုကောင်းလာမယ်လို့ ယုံကြည်မိပါတယ်

ဒီနေရာမှာ ကိုယ်ကျိုး တို့ အတ္တ တို့ ဆိုတဲ့ စကားလုံးတွေ ခေတ္တ ခဏ ဘေးဖယ် ထားကြရအောင်နော်

လက်တွေ့မှာ ရှိနေတဲ့ ပြည်သူလူထုရဲ့ စိုးရိမ်မှုကို မျက်ကွယ်ပြုနေမယ်ဆိုရင် သူတို့ရဲ့ အားကို ဘယ်လို စည်းရုံး လို့ရ ပါ့မလဲ

ဒါဟာလဲ အရေးကြီးဆုံး အချက်ဆိုတာ မမေ့စေချင်ပါဘူး။

နောက်ပီး အခုလို အခြေအတင်ပြောကြတာဟာ သဘောထားသေးသိမ်သူတွေ အတွက်တော့ ကွဲလွဲတယ်ထင်ရပေမယ့် ကျမတို့ကတော့ နှစ်သက်ပါတယ်
ခင်မင်မှုနဲ့ မဆိုင်ပါဘူးနော်
လက်ခုတ်တီးကြလဲ ဘာအရေးလဲ ရှင့်
ဒါမှ အမှန်တွေ ထွက်လာမှာ
အရွယ်ရောက်ပီးရင့်ကျက်တဲ့သူတွေပဲ i hope you won't put it into the heart.
ကိုယ့် အမြင်ကို ပွင့်လင်းစွာ ဆက်လက် ဆွေးနွေးကြပါရှင့်
ဒါမှ မိတ်ဆွေ တစ်ဦးရဲ့ အနှစ်သာရတွေပါ
ကိုယ်နဲ့ မတူ ရန်သူဆိုတဲ့ စိတ်ျွှစ်ဦး စလုံးမှာ မရှိဘူးဆိုတာ ကျမတို့ ယုံကြည်ပြီးသားပါ


ခင်မင်လေးစားစွာနှင့်
ခိုင်

Anonymous said...

"You must be the change you want to see in the world."
- Mahatma Gandhi

Anonymous said...

ဒီပို့စ်အတွက်ကျေးဇူးပါဘဲ..ကိုပေါ

ကျနော့စိတ်ထဲမှာပြောချင်နေတာလေးတခုလဲဖြည့်စွက်ပြောသွားပါရစေ။ ကျနော်တို့ရွှေတွေသုံးနေကျစကားတခွန်းရှိတယ်။ "နှမ်းစေ့လေးတွေ အများကြီးပေါင်းရင်ဆီထွက်နိုင်တယ်"ဆိုတာလေ။ပြီးတော့ ကိုယ်တိုင်လဲတိုင်းပြည်အတွက်နှမ်းတစေ့လောက်တော့ဖြစ်ချင်တယ်ဆိုတာမျိုး။အဲဒါလေးနဲ့ပတ်သက်လို့အခုကျနော့ခေါင်းထဲအတွေးတခုရောက်တယ်ဗျာ။ကျနော်တို့ဒီစကားတွေကိုတကယ်သေသေချာယုံကြည်ပြီးပြောခဲ့ကြတာမှဟုတ်ရဲ့လား။

စာသင်ကျောင်းဆောက်မယ်။မိဘမဲ့လှူမယ်၊ဆေးလှူမယ်...ဒီလိုနှမ်းစေ့လေးတွေအများကြီးရှိပါတယ်။အဲဒီလိုလုပ်ဖို့ကလဲလူတိုင်းနီးပါးလုပ်ချင်စိတ်ရှိရင်တတ်နိုင်တဲ့အလုပ်မဟုတ်လားဗျာ။တဘက်မှာလဲစနစ်တခုပြောင်းလဲဖို့အတွက် ယုံကြည်ချက်တခုနဲ့ risk ယူပြီးလုပ်နေကြတဲ့နှမ်းစေ့တွေလဲရှိတယ်။ risk ဆိုတာပါလာပြီဆိုတော့...ရှင်းပါတယ်ဗျာ..ပေးဆပ်ဖို့အဆင်သင့်ဖြစ်သူတွေလောက်သာလုပ်နိုင်ကြမှာပေါ့၊ ကျနော့အမြင် မြန်မာပြည်ပြောင်းလဲဖို့အရေးမှာ အဲဒီစောစောက အနည်းစုနှမ်းစေ့တွေဟာတကယ်အရေးပါပါတယ်။အဲဒီတော့ risk factor နဲတဲ့အလုပ်တွေလုပ်နေတဲ့အများစုနှမ်းစေ့တွေက...ယုံကြည်ချက်ခိုင်မာမာနဲ့ အများမလုပ်နိုင်တဲ့ risk ယူရတဲ့အလုပ်တွေလုပ်နေတဲ့နှမ်းစေ့တွေကို အရေးနိမ့်နေချိန်မှာ ထိုးနှက်နေမယ့်အစား (စေတနာအရဘဲဖြစ်ဖြစ်)..အထူးသဖြင့် တနိုင်ငံထဲမှာအတူရောက်နေကြသူများက စည်းစည်းလုံးလုံးနဲ့ပိုပြီးအကူအညီပေးသင့်ပါတယ်ဗျာ။အနည်းဆုံးတော့ moral supportပေါ့ဗျာ။
နောက်တခုက..ကျနော့အမြင်ပါ။
တကယ်တော့ဗျာ...အဆုံးအဖြတ်ပေးမယ့်တိုက်ပွဲ ဟုတ်မဟုတ်ဆိုတာပစ္စုပ္ပန်အခြေအနေမှာအကဲဖြတ်ဖို့ခက်ပါတယ်။မဆလပြုတ်မကျခင်အစောပိုင်းတိုက်ပွဲတွေတုန်းက တိုက်ခဲ့ကြသူတွေဟာတပါတီစနစ်ပြုတ်ကျသွားစေနိုင်တဲ့အဆုံးအဖြတ်ကျတဲ့တိုက်ပွဲလို့မသိခဲ့ကြပါဘူး...ပြုတ်အောင်တိုက်မယ်ဆိုတဲ့ပြင်းထန်တဲ့ယုံကြည်မှူနဲ့တိုက်ခဲ့ကြတာဗျ။ ဒါပေမယ့်သေချာတာကတော့..လူထုရဲ့အကြောက်တရားထုထည်ကြီးမားလာတော့..စက်တင်ဘာသံဃာအရေးအခင်းမှာ..အဆုံးအဖြတ်ကျမယ့်တိုက်ပွဲဟုတ်မဟုတ်..အများစုကဘေးကရပ်၊အခြေအနေကြည့်၊စမ်းစစ်နေခဲ့ကြလို့ ကျနော်တို့ဘဲပြန်ရှုံးနိမ့်သွားခဲ့ရတယ်။ အကျိုးဆက်က ဒီအစိုးရဆက်လက်တည်မြဲသွားတဲ့အတွက် လမ်းမပေါ်သွေးမြေအကျနည်းခဲ့ပေမယ့် နာဂစ်မှာ အစိုးရလက်ချက်ကြောင့် ပြည်သူတွေသိန်းနဲ့ချီအသက်ပေးခဲ့ရတာတွေ ကျနော်တို့သေချာပြန်တွေးမိကြဖို့လိုပြီဗျာ။

Anonymous said...

"I wanted you to see what real courage is, instead of getting the idea that courage is a man with a gun in his hand. It's when you know you're licked before you begin but you begin anyway and you see it through no matter what."
- Harper Lee (1926 - ), To Kill a Mockingbird, 1960

Doughnut IO said...

ဘာပဲလုပ်လုပ်၊ နိုင်ဖို့က အရေးကြီးပါတယ်။ Bystander တွေ ရှိနေကြတာဟာ ဘာကြောင့်လဲ ဆိုတော့ အနိုင်အရှုံးသေချာအောင် မလုပ်ပြနိုင်လို့ဖြစ်ပါတယ်။ ဒီလို ဒီလို ဒီလို အဆင့်ဆင့်လုပ်မယ်။ ဘယ်လိုဖြစ်ရင် ဘာဆက်လုပ်မယ်။ အဲဒီလို မဖြစ်ရင် ဟိုလို ဆက်လုပ်မယ် ... ဆိုတဲ့ တကယ့်ကို ပြည့်စုံတဲ့ လမ်းစဉ်ကြီး ရှိခဲ့ရင် ဘေးထွက်ကြည့်နေတဲ့ လူအများအပြား ပါဝင်လာနိုင်ပါတယ်။ ဘေးထွက်နေကြတယ်ဆိုကတည်းက မစွန့်ရဲလို့၊ မစွန့်ရဲဘူးဆိုတာက ဘာလို့လဲဆိုတော့ ကိုယ်က စွန့်ပါပြီတဲ့။ စွန့်လိုက်တာအတွက် အကျိုးရလဒ်ရှိ/မရှိ သေချာ မသိလို့ပါပဲ။ ကိုယ်က စွန့်လိုက်ပါပြီ။ ကိုယ်သေပြီး (ဒါမှမဟုတ် ကိုယ်ကျိုးကို စွန့်ခဲ့ပြီး) နောက် ၅ နှစ်မှာ အကျိုးကျေးဇူးရမလား။ ၁၀ နှစ်လား။ သေချာ မသိရလို့ကတော့ ဘယ်သူမှ လာရောက် စွန့်စားမှာ မဟုတ်ပါဘူး။ ကိုယ်က စွန့်ခဲ့ပြီ။ နောက်မှာ ကိုယ့်လိုစွန့်ဖို့ လူရှိ/မရှိကလဲ မသေချာ၊ နောက်တခါ ကျန်ခဲ့တဲ့လူတွေကလဲ လမ်းကို ဖြောင့်ဖြောင့်လျှောက်မလျှောက် မသေချာ၊ မယုံကြည်ရရင်တော့ ဘယ်သူမှ ပါလာမှာမဟုတ်ပါဘူး။ ယုံကြည်မှုရဖို့ကလဲ ယုံကြပါ အော်နေလို့ မရ၊ ယုံအောင်လို့ လမ်းစဉ်ချပြမှ ဖြစ်မှာပါ။

ကိုပေါ said...

ကိုလောရှည်…. ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို လိုချင်လို့ရှိရင် ဘယ်သူ့ဆီကမှ လက်ဖြန့်တောင်းနေစရာမလိုပါဘူး။ မိမိကိုယ်တိုင် စတင်ကျင့်သုံးပြလိုက်တာဟာ အကောင်းဆုံး လမ်းကြောင်းကို ချပြလိုက်တာပါဘဲ။ လူအများစု ကျင့်သုံးလာတဲ့တနေ့ဟာ ဒီမိုကရေစီ ရတဲ့နေ့ပေါ့။ ဒါအရှင်းဆုံးနဲ့ အတိုဆုံးပြောတာပါဘဲ။ ကျနော်တို့ အဲဒီအချက်ကို လက်ခံယုံကြည်သက်ဝင်တဲ့လူ အနည်းစုဘဲရှိသေးတယ်။ ဒါကြောင့်လည်း ကျနော်တို့ဘက်က အရေးနိမ့်နေသေးတာပါ။

တခါက ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အပြင်ဘက်ကို ခရီးသွားတော့ အစိုးရက လမ်းမှာ ဖြတ်တားတဲ့အတွက် ဒေါ်စု ကားထဲမှာ ရက်ပေါင်းများစွာ နေခဲ့ရတာကို မှတ်မိတယ်မို့လား။ ဒေါ်စုနောက်ကြောင်းပြန်လှည့်ရင် အချိန်မရွေး ပြန်လှည့်လို့ရပါတယ်။ ဒါပေမယ့် ဒေါ်စု ပြန်မလှည့်ဘူး။ နေပူကျဲကျဲအောက်မှာ ဆီးချုပ်ဝမ်းချုပ်ခံပြီးနေတယ်။

အဲသည်လိုနေလိုက်လို့ နောက်ပိုင်းမှာ ကိုလောရှည်ပြောသလို ၅ နှစ် ၁၀ နှစ်အတွင်း မြန်မာပြည်ဒီမိုကရေစီ ရသွားသလား၊ အစိုးရပြုတ်ကျသွားသလားဆိုတော့ ဒီမိုကရေစီလည်း အခုထိမရသေး၊ အစိုးရလည်း ပြုတ်ကျမသွားသေးပါဘူး။ ဒါဖြင့် ဒေါ်စု ဘာရည်ရွယ်ချက်နဲ့ သက်သက် ဒုက္ခခံပြီး လုပ်ခဲ့သလဲဆိုတာ နည်းနည်းလောက် စဉ်းစားကြည့်ရင်ကောင်းမယ်ထင်တယ်။

အမှန်အတိုင်းပြောရရင် ၈၈၈၈ ကစလို့ ဒေါ်စု နိုင်ငံရေးထဲ ၀င်ရောက်လာတော့မှသာ ကျနော်တို့ မြန်မာလူထုဟာ လူ့အခွင့်အရေးအကြောင်း၊ ဒီမိုကရေစီအကြောင်းတွေကို နားရည်ဝလာတာ။ ဒေါ်စုဟာ အခွင့်အခါပေးတိုင်း ကြုံတိုင်းမှာ လူထုကို စံနမူနာပြ တိုက်ပွဲဝင်ပြတယ်။ အဲသည်တိုက်ပွဲတွေဟာ ပွဲသိမ်းတိုက်ပွဲတွေတော့ မဟုတ်ဘူး။ ဒါပေမယ့် တချိန်မှာ တိုက်ပွဲကြီးဖြစ်လာရင် ကိုယ့်ဘက်က လူထုကို အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ပေးတဲ့တိုက်ပွဲတွေဆိုတာ နားလည်ရမယ်။

အလားတူဘဲ။ ကျနော်တို့ ဒီမိုကရေစီဘက်တော်သားတွေကလည်း လူ့အခွင့်အရေး ပေးဟေ့ပေး လို့သာ ဘလော့ဂ်ပေါ်မှာ လိပ်ခေါင်းထွက်မတတ် အော်နေကြတာ။ တကယ်တမ်း ကိုယ့်အခွင့်အရေးကို ပိတ်ပင်လာတော့ အမြီးတောင်မလှုပ်ရဲဘဲ ချောင်ထဲမှာချည်း ကုပ်နေကြရင် လူထု စိတ်ထဲကို ဘယ်လိုနည်းနဲ့ လူ့အခွင့်အရေးအပေါ် ယုံကြည်လာအောင်၊ စွဲထင်လာအောင် လုပ်နိုင်မလဲ။

အထက်က “ရဲ” ပြောခဲ့သလို ပွဲသိမ်းတိုက်ပွဲကို လူတိုင်းကသာ ထိုင်စောင့်နေခဲ့ရင် ကျနော်တို့ တော်လှန်ရေးမျိုးဆက်ဘဲ ပွဲသိမ်းသွားမယ်။ အာဏာရှင်စနစ်ကတော့ ပန်းပန်လျက် ကျန်ရစ်မယ်။ တချို့လူတွေ ပြောတာရှိပါတယ်။ “နိုင်မယ်ဆိုတာ သေချာပြီဆိုရင် ငါလည်း ၀င်ပါဘို့ ၀န်မလေးပါဘူး”….တဲ့။ ဘယ့်နှယ်စကားပါလဲ။ နိုင်မယ်သေချာနေပြီဆိုမှတော့ သူမပါလည်း သိပ်တော့ ကိစ္စမရှိလှတော့ပါဘူး။ အဓိကက အခုလို အင်အားတောင့်ဘို့ လိုအပ်နေတဲ့အချိန်မှာ လတ်တလောရလဒ်ကို မမျှော်ကိုးဘဲ လုပ်သင့်လုပ်ထိုက်တာမို့ ကိုယ့်တာဝန်တရပ်အနေနဲ့ လုပ်မယ်ဆိုတဲ့ စိတ်မျိုး၊ ကိုယ့်အခွင့်အရေးကို ထိပါးလို့ ကိုယ်ကာကွယ်တယ်ဆိုတဲ့ စိတ်ထားမျိုးဘဲ မွေးသင့်ပါတယ်။

အဲသည်လို မဟုတ်ဘဲ နိုင်မယ်ထင်လို့ ရွှေဝါရောင်တော်လှန်ရေးမှာ တလွှားလွှား ရှေ့ထွက်လာတဲ့သူတွေ ဟော…မနိုင်ပုံလည်းပေါက်ရော အလျှိုလျှိုပျောက်သွားလိုက်ကြတာ။
ကြက်ပျောက်ငှက်ပျောက်။

သူတပါးက ကိုယ့်ကို ယုံစေဘို့အတွက်ဆိုရင် ကိုယ်က ယုံကြည်လောက်အောင် ရှေ့ကလုပ်ပြရမယ်။ လူတွေကို သတ္တိရှိစေချင်ရင် ကိုယ်ကလည်း ရှေ့က သတ္တိရှိပြကြရမှာပေါ့။ ဟေ့…မင်းတို့ မကြောက်ကြနဲ့ကွလို့ ဘလော့ဂ်ပေါ်က အမည်ဝှက်နဲ့ ကုန်းအော်နေပြီး ကိုယ်ကတော့ အိမ်ထဲမှာ ခေါင်းမြီးခြုံပြီး ပုန်းနေတယ်ဆိုရင် ဘယ်သူက ကိုယ့်ကို ယုံမလဲ။ လူအခွင့်အရေးအတွက် တိုက်ကြကွ ဆိုပြီး ကိုယ်က လောလောဆယ် ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ကိစ္စမှာ မသိလိုက်မသိဘာသာ နေမယ်ဆိုရင် ဘယ်သူက ကိုယ့်ကို ယုံကြည်ပါ့မလဲ။

ကျနော်ပြောပြမယ်။ ဘလော့ဂ်ပေါ်ကနေ ရုရှားကစစ်ဗိုလ်တွေနဲ့ လေသေနတ်ပစ်နေရတာ ဘာမှ အပန်းမကြီးပါဘူး။ မြန်မာစာရိုက်တတ်သူတိုင်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲသည် လေသေနတ်တိုက်ပွဲတွေကရော ဒီစစ်ဗိုလ်တွေရဲ့ ခံယူချက်ကို ပြောင်းလဲစေနိုင်သလား။ ဖတ်ရှုနေတဲ့ မြန်မာပရိသတ်ကိုရော လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအပေါ်မှာ စွဲစွဲမြဲမြဲ ယုံကြည်သက်ဝင်လာအောင် တတ်နိုင်ပါသလား။

ကိုယ့်အခွင့်အရေးကို ထိပါးလာရင် ကိုယ်မခံဘူးဆိုတာကို ကိုယ်က စံနမူနာပြ ရှေ့ကနေ တိုက်ပြရဲသလား။ တိုက်ပြလိုက်တဲ့အခါ ကိုယ့်ကို အနှိပ်ကွပ်ခံရမှာကတော့ အသေအချာပါ။ ဒါပေမယ့် ကိုယ့်နောက်မှာ ကိုယ့်တိုက်ပွဲကို ထောက်ခံယုံကြည်တဲ့ လူတွေ နောက်ထပ် ထပ်ထွက်လာလိမ့်မယ်။ ကျနော်တို့ကိုယ်တိုင်လည်း ဒေါ်စုတို့ ကိုမင်းကိုနိုင်တို့ဆီကနေတဆင့် သွေးကူးယူခဲ့တာဘဲ။

ကြောက်သွားမယ့်လူ၊ နောက်ဆုတ်သွားမယ့်လူတွေလည်း အပုံအပင် ရှိမှာဘဲ။ ဒီလူတွေကတော့ ကိုယ်ရှေ့က တိုက်မပြလဲ၊ သူ့ဟာသူ အလကားနေရင်းလဲ ကြောက်နေကြမှာဘဲ။ ကိုယ်လုပ်ပြမှမဟုတ်။

ရှေ့မှာ ဆဲဗင်းဂျူလိုင်တို့ ရှစ်လေးလုံးတို့မှာ စွန့်လွှတ်သွားခဲ့သူတွေ ရှိတယ်။ အဲသည်လူတွေရဲ့ စွန့်လွှတ်မှု အချည်းနှီးမဖြစ်ဘူး။ ကိုထင်ကျော်လိုလူမျိုး တယောက်အဖမ်းခံရတိုင်းမှာ နောက်ထပ် အလားအလာရှိတဲ့ လူငယ်ပေါင်း များစွာကို မွေးဖွားပေးတယ်။ ဒေါ်အောင်ဆန်းစုကြည် တခါ အချုပ်အနှောင်ခံရတိုင်းမှာ လူပေါင်းမျာားစွာရဲ့ စိတ်ဓါတ်အနှောင်အဖွဲ့ကို ဖြေပေးတယ်။

အဲသည်လို ရှုထောင့်က ရှုမြင်တတ်တဲ့လူတွေ၊ လက်ခံကျင့်သုံးသူတွေ အများစု ဖြစ်လာတဲ့တနေ့ ကျနော်တို့ ဒီမိုကရေစီအရေး မုချအောင်မြင်မှာဘဲ။

ကိုယ့်အခွင့်အရေး ဆုံးရှုံးနေတာကို ကျေကျေနပ်နပ်ကြီးနဲ့ အိမ်ထဲမှာ ကုပ်ရင်း “လောလောဆယ် ငါ့အလုပ်အကိုင် အဆင်ပြေနေပါတယ်၊ ငါနဲ့အနေသားကြီးပါ” လို့တွေးရင်း အင်တာနက်ပေါ်မှာဘဲ လေသေနတ်တိုက်ပွဲဆင်နွှဲနေသူတွေများနေသေးရင် မြန်မာပြည်ဒီမိုကရေစီရဘို့ ဝေးနေဦးမှာပါဘဲ။ ဒါက ကျနော်တို့ကိုယ်တိုင် လက်ခံရမယ့် အရှိတရားပါ။

Anonymous said...

လောကကြီးမှာ ကိုယ် ဘာကိုပဲ လိုချင်လိုချင် ကြိုးစားအားထုတ်မှု၊ စွန့်လွှတ်ဆုံးရှုံးမှုဆိုတာ ရှိစမြဲပါ။
စာမေးပွဲအောင်ဖို့ စာကျက်ရမယ်။ အဲ့ဒီအတွက် မိမိရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အသုံးချသလို ထိုက်သင့်တဲ့ ငွေကြေးလို သုံးစွဲရတယ်။ ဘာမှ လုပ်ဆောင်မှု မရှိပဲ အောင်မှ ၀င်ဖြေမယ်လို့ ပြောနေတာဟာ လက်တွေ့ မကျပါဘူး။
ဒါ လူတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ ကိစ္စလေးကို ဥပမာ အနေနဲ့ ပြောပြတာ။
အခုကိစ္စက တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ကိစ္စဆိုတော့ ကျွန်တော်တို့ လိုချင်တဲ့ အရာရဲ့ တန်ဖိုးက အင်မတန် ကြီးမားပါတယ်။ ဒါကြောင့် တော်ရုံပေးဆပ်မှု၊ စွန့်လွှတ်မှု၊ ကြိုးပမ်းအားထုတ်မှုနဲ့ မရနိုင်သလို လူနည်းစုနဲ့ လုပ်ဆောင်လို့ မရနိုင်ပါဘူး။ အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ လူတိုင်း အခန်းကဏ္ဍ အသီးသီးက ပါဝင်လုပ်ဆောင်မှသာ ရရှိမှာပါ။
အဲ့ဒီလို လူတိုင်း မိမိနဲ့ မသက်ဆိုင်သလို မနေပဲ မိမိရဲ့ အတ္တ၊ အကြောက်တရားတွေကို ဖယ်ရှားပြီး ပါဝင်လာစေဖို့ ရှေ့ကနေ စွန့်လွှတ် အနစ်နာခံပြီး လုပ်နေကြတာပါ။ တိုင်းပြည်ရဲ့ စနစ်တစ်ခု၊ အထူးသဖြင့် မိမိ လူမျိုး စစ်အာဏာရှင်တွေကို ဖြုတ်ချရာမှာ တစ်ကြိမ်တည်းနဲ့ သေချာပေါက်နိုင်အောင် အစီအစဉ် ရှိရမယ်ဆိုတဲ့ ပြောဆိုချက်ဟာ အင်မတန် ဖြစ်နိုင်ချေ နည်းပါးတဲ့ တွေးခေါ်မှု တစ်ခုလို့ ထင်ပါတယ်။
ကိုယ်စွန့်လွှတ်ကြိုးစားတိုင်း အကောင်အထည် ထင်ထင်ရှားရှား ဖြစ်လာဖို့ဆိုတာ အခြားသော စီးပွားရေး၊ ပညာရေးတွေမှာ ဖြစ်နိုင်ပါတယ်။ ဒါတောင် နှစ်အကြာကြီး မြှပ်နှံပြီးမှ အောင်မြင်ရတာတွေ ရှိပါတယ်။ နိုင်ငံရေးမှာတော့ လူနည်းစုနဲ့ လုပ်နေသမျှကာလပတ်လုံး ဘယ်လောက်ပဲ အစီအစဉ်တွေ ရေးဆွဲ ရေးဆွဲ မဖြစ်နိုင်ပါဘူး။ အခုလို မစွန့်ပဲ စားချင်သူတွေ၊ အကြောက်တရား ကြီးမားနေသူတွေ များပြားနေသမျှ ကာလပတ်လုံးပါပဲ။
ဒီတော့ ကိုယ်ကျိုးစွန့်၊ မိမိ အသက်အန္တရာယ်ကိုတောင် မကြောက်ပဲ လုပ်နေတဲ့ သူတွေ ပြုန်းတီးသွားမှာကို အမှန်တကယ် မလိုလားဘူးဆိုရင် မိမိ အပါအ၀င် မိမိနှင့် ပတ်သက်ဆက်နွယ်နေသော လူ့အသိုင်းအ၀ိုင်းကို သူများနည်းတူ မစွန့်နိုင်ရင်တောင် ဘေးကနေ ရပ်ကြည့်မနေပဲ တတ်အားသရွေ့ ပါဝင်ဆောင်ရွက်လာအောင် စည်းရုံးပြီး ၀ိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် ကောင်းမွန် မှန်ကန်သော နိုင်ငံ့သားကောင်းများ ဖြစ်နိုင်အောင် ကြိုးစားစေချင်ပါတယ်။

Anonymous said...

ဟီး.. အခု တွေ့ ရသမျှမှာတော့ လောလောဆယ် အင်တာနက်ပေါ်မှာ လေသေနတ်တိုက်ပွဲ ဆင်နွှဲနေသူ ကတော့ ကိုပေါ ပါဘဲ ဗျာ...
နာမည်နဲ့ လိုက်အောင် လေတွေ လေတွေ ပေါပါဘိ... ဟီဟိ။

Anonymous said...

Please stop fighting! We all are same until we do not dare to go back burma and fight spdc. unity is strength. Just do what u believed. this is the right of everyone.

Anonymous said...

Yeah, only Ko Paw and the Practical Man are talking now. Others? Don't even dare to talk - cowards! heehee...haha...helhel...hoehoe... :D

Anonymous said...

Hey bsf, don't generalize too much lah. I don't think you are the same with the Burmese activists in Singapore like Ko Paw and others. Come on, don't pretend lah.

Anonymous said...

ကိုပေါရေ...

စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီးရဲ.အဆုံး
အမကိုသတိရမိတယ်ဗျာ။
အများအကျိုးရွက်သယ်ပိုးက၊ခနိုးခနဲ.ဆိုကဲ.ရဲ.
လည်း၊မရွဲ.မစောင်းကိုယ်.လမ်းကြောင်းကို၊စိတှ်ကောင်းဖြင်.ပင်၊ရှေှးရှုနှင်လော.။ တဲ.ဗျာ။

အလေးမပြိုင်ပွဲလိုပေါ.ဗျာ။ ကီလို ၁၀၀ နိုင်တဲ.
သူက ၁၀၀ မ မှာပေါ.။ ကီလို ၆၀ ပဲ နိုင်တဲ.သူက
၆၀ ပဲ မ နိုင်မှာပေါ.ဗျာ။ဒီသဘောပါပဲ။

အားမလိုအားမရဖြစ်တတ်တာကတော.
ကြည်.တဲ.ရှုထောင်.ချင်းကွဲယင်ဖြစ်တတ်တဲ.သဘာ
ဝပါ။

ချမ်းမြေ.ပါစေ။
စာကြွင်း။
မလေးရှားကဒါတွတ်အန်ဝါကတော.ပွဲသိမ်း
တိုက်ပွဲစတော.မယ်လို.ကြုံးဝါးနေပြီဗျို.။

Anonymous said...

Everyone huh,

You all have the right to do what you believe. Really, you can do one. Like the right to talk Singlish as I do and many others, e.g., the right to pretend in the name of freedom, the right to be a coward in the name of wisdom, and so on lah. Understand or not? Anyway huh, can do what you believe already. No need feel bad because others do what you dare not do. I also do nothing because I have the right and I am very smart. So, don't talk cock lah. You know, I know we are what we are lah. Ah la mak!

Pretentiously,
Burmese Ah Beng

Anonymous said...

ကိုပေါရေ
1) အခုလိုအခြေအနေမျိုးတွေမှာ ရဲရဲရင့်ရင့် တိုက်ပွဲ
ဝင်နေကြတဲ့ စင်ကာပူက သူရဲကောင်းတွေကို ဦးညွှတ်လိုက်ပါတယ်။
2) ကျနော်ကိုယ်တိုင်က 88 ဇွန်လ အရေးတော်ပုံနဲ့ သြဂုတ်လ 8လေးလုံးတွေမှာ ထိပ်ဆုံးက ပါခဲ့သူ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း တဦးပါ။
3) ကိုပေါရဲ့ ခံစားချက်တွေကို နားလည်ပါတယ်။ ကိုပေါ လုပ်နေတာတွေကိုလဲ ထောက်ခံပါတယ်။
4) 88ကို ဖြတ်သန်းဖူးသူတိုင်းဟာ တပ်ဦးကျွံသွားမယ် ဆိုတဲ့စကားကို ကြားဖူးနားဝရှိကြပါလိမ့်မယ်။ နောက်ဆုံးတော့ အဲဒီစကားကို ခပ်မိန့်မိန့်ကြီး ပြောတတ်ကြသူတွေဟာ ဘာဆိုဘာမှ လုပ်ရဲကိုင်ရဲ ရှိကြသူတွေမဟုတ်ဘူးဆိုတာ ၀မ်းနည်းစွာ တွေ့မြင်ကြရပါတယ်။ ကိုယ်ကိုယ်တိုင်လဲ လုပ်နေ၊ မိမိ ပတ်ဝန်းကျင်မှ လူတွေကိုလဲ စည်းရုံးနေ၊ မိမိနဲ့ အယူအဆ မတူသူများကိုလဲ ဆွေးနွေးနေနိုင်တဲ့ ကိုပေါကို လေးစားမိပါတယ်။
5) မတူညီတဲ့အမြင်တွေဟာ နေရာတကာမှာ ရှိကြပါတယ်။ ဘာမှလက်တွေ့ မပါတဲ့ အတွေးသက်သက် နဲ့တော့ ကျုပ်တို့ ရောက်ချင်တဲ့ နေရာကို တသက် မရောက်နိုင်ပါဘူးလို့ ပြောခဲ့ချင် ပါတယ်။
6) ဆက်လက်တိုက်ပွဲဝင်ပါဦး ကိုပေါ။

လင်းလက်ကြယ်စင် said...

အလွန်အမင်း လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းများထဲမှ ကိုပေါဘလော့ခ်မှာ တွေ့လိုက်ရတဲ့ ဒီကောက်နှုတ်ချက် မိန့်ခွန်းလေးကို သိပ်သဘောကျတဲ့အတွက် ဒါလေးကိုပဲ ပြန်လည် highlight လုပ်လိုက်ပါတယ်။

“A most insidious form of fear is that which masquerades as common sense or even wisdom, condemning as foolish, reckless, insignificant or futile the small, daily acts of courage which help to preserve man's self-respect and inherent human dignity.”

Aung San Suu Kyi

“အကြောက်တရားရဲ့ တဖြည်းဖြည်းနဲ့ မသိမသာ အန္တရာယ်အပေးဆုံး အသွင်သဏ္ဍန်တမျိုးကတော့.....

လူ့တန်ဘိုးနဲ့ လူ့ဂုဏ်သိက္ခာမညှိုးနွမ်းရလေအောင် ထိန်းသိမ်းစောင့်ရှောက်ဘို့အတွက် သတ္တိစွမ်းပြတဲ့ နေ့စဉ် စွမ်းဆောင်ချက်ကလေးတွေကို မိုက်မဲတဲ့လုပ်ရပ်၊ မဆင်မခြင်လုပ်ရပ်၊ မပြောပလောက်တဲ့လုပ်ရပ် (ဒါမှမဟုတ်) အကျိုးမဲ့တဲ့လုပ်ရပ်ရယ်လို့ ပြစ်တင်ရှုတ်ချပြောဆိုတတ်ပြီး ကျိုးကြောင်းဆင်ခြင်ဉာဏ်ဖြစ်လေသယောင်(သို့မဟုတ်) ပညာဉာဏ်ပင်ဖြစ်လေသယောင် အရေခြုံဟန်ဆောင်တတ်တဲ့ အကြောက်တရားမျိုးဘဲ ဖြစ်ပါတယ်။”

-ဒေါ်အောင်ဆန်းစုကြည်-

ကိုကိုကြောင်ချေး said...

ကိုပေါ

ခင်ဗျားတို.လုပ်တာက နအဖ ကိုထိခိုက်လားဘာလား

တော.မသိဘူး။ကျုပ်တို. သမာအာဇီဝကျကျ

ငါးရောင်းစား နေရတဲ.လူတွေကိုတော. တိုက်ရိုက်ထိ

ခိုက်တယ်ခင်ဗျ။ အရင်လို ဇိမ်လေးနဲ. ငါးရောင်းလို.မ၇

တော.ဘူးဗျို.။ ယ ပြောင်းပီး ဂွင် အသစ်လေးဘာလေး

ရှာနေရပီခင်ဗျ။ သာဓု သာဓု သာဓု ပါခင်ဗျာ။။။

Anonymous said...

ကိုပေါ..

လူချင်းလည်း မတွေ့ ဖူးပါ.. နေရာဒေသချင်းလည်း မတူပါ..

သို့ သော် ကျွန်တော့်ကို နိုင်ငံရေး ခံယူချက်များ အများကြီး ပြောင်းလဲစေသူ...

အထူးလေးစားတယ်ဗျာ..

ကိုထွဋ်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs