“မျိုးချစ်မြန်မာများနှင့် ဗလောင်းဗလဲ စင်္ကာပူ”

Share |
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက စင်္ကာပူနိုင်ငံ အော့ချာ့ဒ်လမ်းမပေါ်မှာ မြန်မာတွေ ဆန္ဒပြတော့ စင်္ကာပူအစိုးရအာဘော် စထရိတ်စ်တိုင်းမ်စ် သတင်းစာကြီးရဲ့ ခေါင်းကြီးသတင်းမှာ စာလုံးမဲကြီးတွေနဲ့ ဖော်ပြပုံက “စင်္ကာပူမှာ မြန်မာ့အရေးလှုပ်ရှားသူတွေဟာ အင်မတန် စည်းကမ်းသေ၀ပ်ပြီး ဥပဒေ လိုက်နာတယ်” ဆိုဘဲ။ ပုံ(၁) ကိုကြည့်ပါ။ အကြီးချဲ့မြင်ချင်ရင် ပုံပေါ်မှာ ကလစ်ခေါက်ပါ။

ပုံ (၁)

စင်္ကာပူအာဏာပိုင်တွေအဖို့ ဒီလိုပြောရခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒေါက်တာချီးတို့ အတိုက်အခံပါတီ ဆန္ဒပြတာကိုတော့ “ငြိမ်းချမ်းမှုမရှိဘူး၊ ဥပဒေ မလိုက်နာဘူး”လို့ အပုပ်ချချင်ဇောကြီးနေခဲ့တာကိုး။ စင်္ကာပူရဲက အဲဒီတုန်းက ဟောသလိုတောင် ထုတ်ပြန်ချက်ထဲမှာ ထည့်ရေးလိုက်သေးတယ်။ "...in contrast to Chee's acts of civil disobedience, Singaporeans and Myanmar nationals in Singapore have organised themselves to express their sentiments and concerns for the Myanmar situation in a lawful manner." နောက်ပြီး အဲဒီတုန်းက မြန်မာ့အရေးက အပြည်ပြည်ဆိုင်ရာမှာ ရေရေလည်လည် အာရုံစိုက်ခံနေရတဲ့အချိန်။ စင်္ကာပူက အာဆီယံရဲ့ ဥက္ကဋ္ဌလည်း ဖြစ်နေတုန်းအချိန်။ (ဒါတောင်မှ စင်္ကာပူရဲတွေက ဆန္ဒပြပွဲမှာ ပါတဲ့ မြန်မာတွေကို အိုင်စီတွေ ထုတ်ပြခိုင်းပြီး နာမည်မှတ်ပြီး ရဲစခန်းကို ဆင့်ခေါ်စစ်မေးမှုတွေ လုပ်ခဲ့သေးတာ။)

ဟော....အခု တနှစ်လောက်ကြာလို့ စင်္ကာပူက အာဆီယံဥက္ကဋ္ဌရာထူးကို လွှဲပြောင်းပေးပြီးချိန်လဲရောက်ရော၊ ဒေါက်တာချီးကို အပုပ်ချစရာအထူးတလည် အကြောင်းမရှိတော့တဲ့အခါ မြန်မာ့အရေးလှုပ်ရှားသူတွေကို နှိပ်ကွပ်ဘို့ အလှည့်ရောက်လာခဲ့ပါတယ်။ အဲဒီအခါမှာ အရင်က ပြောခဲ့တဲ့ စကားတွေကို ပြန်မျိုပြီး စထရိတ်စ်တိုင်းမ် သတင်းစာမှာဘဲ ဟောသည်လို ဗလောင်းဗလဲ ပြောပြန်တယ်ခင်ဗျ။
“မြန်မာ့အရေးလှုပ်ရှားသူတွေဟာ ဥပဒေအထက်မှာ နေချင်တိုင်း နေလို့မရဘူး” လို့ ဆိုလာပြန်တယ်။ ပုံ(၂) ကို ရှုစားပါ။ ကွယ်....အမျိုးမျိုးဘဲ။ စိတ်ညစ်ရပါလားနော်။

ပုံ (၂)

အံမယ်....စင်္ကာပူအစိုးရက ဗီဇာလက်နက်ကို ကိုင်ပြီး မြန်မာ့အရေးလှုပ်ရှားသူတွေကို နှိပ်ကွပ်ဘို့ ကြိုးစားတယ်ခင်ဗျ။ အဲဒါကို မြန်မာ့အရေးလှုပ်ရှားသူတွေက ငြိမ်မခံဘဲ ပြီးခဲ့တဲ့ သောကြာနေ့ (သြဂုတ်လ ၂၂ ရက်နေ့က) သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး စင်္ကာပူအစိုးရရဲ့ မသမာတဲ့လုပ်ရပ်ကို ဖော်ထုတ်ခဲ့ကြတယ်။ အဲဒီနေ့က စထရိတ်စ်တိုင်းမ်စ် နဲ့ တူးဒေး သတင်းစာတွေက သတင်းထောက်တွေလည်း လာတက်ပါတယ်။ မေးခွန်းတွေလည်း အများကြီးမေးသွားတယ်။ ဒါပေမယ့် နောက်တနေ့ သတင်းစာထဲမှာတော့ သတင်းစာရှင်းလင်းပွဲက အကြောင်းအရာတွေ အမြင်တွေ တလုံးတပါဒမှ မဖော်ပြဘဲ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက အမြင်နဲ့ သဘောထားတွေကိုဘဲ တဖက်သတ်ဖော်ပြခဲ့တယ်။ အံမယ်မယ်....သတင်းဋ္ဌာနတွေ တခုမှ လာမတက်သယောင်လဲ ရေးလိုက်သေးတယ်။ စထရိတ်စ်တိုင်းမ်စ်နဲ့ တူဒေးက သတင်းဌာနမဟုတ်လို့ ဘာလဲကွယ်။ ကိုယ့်ကိုယ်ကို မီဒီယာလို့တောင် မသတ်မှတ်တော့ဘူးထင်ပါရဲ့။ မီဒီယာမဟုတ်လို့ အစိုးရလက်ပါးစေ၊ လက်ကိုင်တုတ်တွေလားဟင်လို့တောင် မေးချင်လာပြီနော်။

အဲဒီ...ပြည်ထဲရေးဝန်ကြီးဌာနက ပြောတာတခုရှိသေးသဗျ။ မြန်မာ့အရေးလှုပ်ရှားသူတွေကို ရဲတွေက အကြိမ်ကြိမ် သတိပေးပေမယ့် ဥပဒေကို ချိုးဖောက်မြဲ ချိုးဖောက်တယ်ဆိုတဲ့ သဘောမျိုးပြောသေးတယ်။ ရဲက တရားဝင် စာနဲ့ ပေနဲ့ သတိပေးတာ တခါဘဲ ရှိပါတယ် အရပ်ကတို့ရေ။ နောက်ပြီး အဲသည်လို သက်ညှာစွာ သတိပေးတာကိုဘဲ မြန်မာ့အရေးလှုပ်ရှားသူတွေက ကျေးဇူးတင်ရကောင်းမှန်းမသိဘူးဆိုတဲ့ လေသံမျိုးပြောသေးတယ်။ သတိပေးပြီးတဲ့နောက် ဘာမှလည်း ထပ်ပြီးမချိုးဖောက်ရသေးဘဲနဲ့ ဗီဇာလက်နက်ကို ထုတ်သုံးတာ သွေးရိုးသားရိုးသက်ညှာတာလို့ ယူဆရမယ်လားကွယ်။ လူတွေကို ဥပဒေ ချိုးဖောက်လို့မဟုတ်ဘဲ၊ အရည်အချင်းမပြည့်မီလို့မဟုတ်ဘဲ၊ တခြားဘာအကြောင်းမှ မဟုတ်ဘဲ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်ကြောင့် စင်္ကာပူအစိုးရက အရေးယူတယ်ဆိုတာ ဘွားဘွားကြီးပေါ်လာတဲ့အခါမှာ သူတို့ နိုင်ငံသားတွေကိုယ်၌က မခံနိုင်ပြီး ဘလော့ဂ်တွေမှာ အွန်လိုင်းမီဒီယာတွေမှာ ရေးလာ ဝေဖန်လာကြတယ်။ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာလည်း မြန်မာ့အရေးလှုပ်ရှားသူတွေအပေါ် စင်္ကာပူအစိုးရရဲ့ ကိုင်တွယ်ပုံဟာ ထောက်ပြစရာ၊ ဝေဖန်စရာဖြစ်လာတယ်။

အရင်တုန်းကဆိုရင် စင်္ကာပူအစိုးရရဲ့ လက်သုံးစကားက ဗီဇာကို စဉ်းစားရာမှာ တဦးချင်း အရည်အချင်းအလိုက် စဉ်းစားတယ်ဆိုတာမျိုး ပြောလေ့ရှိတယ်။ အခုတော့ နောက်ဆုံးဖြေကြားချက်မှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် နှိပ်ကွပ်တယ်ဆိုတာ အထင်းသားပေါ်လာတော့တယ်။ ကျနော်တို့ရဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်း ရည်ရွယ်ချက်က အထမြောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဖော်ထုတ်ချင်တာကို ဘူးပေါ်သလိုပေါ်အောင် ဖော်ထုတ်လိုက်နိုင်လို့ဘဲ။ ကျနော်တို့ရဲ့ မီဒီယာထုတ်ပြန်ချက်ကို ဒီမှာ ကြည့်နိုင်ပါတယ်။

သြော်....စကားစပ်မိလို့ ပြောရရင်...... ဒီလို မီဒီယာမှာ ဖွင့်ချပြီး တိုက်မယ်လုပ်တော့ တက်ကြွစွာလှုပ်ရှားသူတွေထဲမှာကို တချို့တလေလည်း နောက်ကို ဆုတ်သွားရှာတယ်ခင်ဗျ။ သူတို့ရဲ့ သဘောက စင်္ကာပူအစိုးရကို လူသိရှင်ကြား ခြေသလုံးဖက်တောင်းပန်ချင်တာ မျိုးပေါ့ဗျာ။ ဒါပေမယ့် အမာခံအများစုရဲ့ သွေးကနီလို့ တော်ပါပေရဲ့။ သူတို့ဟာ သတင်းစာရှင်းလင်းပွဲ လုပ်လိုက်ခြင်းဖြင့် စင်္ကာပူအစိုးရရဲ့ မျက်မာန်တော်ရှတာကို ခံရပြီး အမြန်ဆုံးတိုင်းပြည်က ထွက်သွားနိုင်တာကို သိသိနဲ့ မိမိတို့ လုပ်သင့်လုပ်ထိုက်တဲ့အတိုင်း အဖြစ်မှန်ကို ဖော်ချပြီး တိုက်ခဲ့ကြတာဘဲ။ ဒီလိုတိုက်ရတာက နောင်လာနောက်သားတွေကို ဗမာ့သွေးဆိုတာ ရဲရဲနီတယ်။ နေထိုင်ခွင့်သက်တမ်းလေးတခုကျဘို့အတွက်၊ ဘ၀မှာ သက်တောင့်သက်သာနေနိုင်ရုံလေးအတွက် မတရားမှုကို ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓါတ်ကို နောင်မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းချင်လို့ဘဲ ဖြစ်ပါတယ်။ အခုတော့ ကံအားလျော်စွာဘဲဖြစ်ဖြစ်၊ စင်္ကာပူအစိုးရရဲ့ ကစားကွက်ကြောင့်ဘဲဖြစ်ဖြစ်၊ သတင်းစာရှင်းလင်းပွဲရဲ့ အကျိုးဆက်ကြောင့်ဘဲဖြစ်ဖြစ် တချို့သော လှုပ်ရှားသူတွေရဲ့ ဗီဇာတွေ ပြန်ကျတယ်လို့ သိရတယ်။ မတရားမှုကို ဒူးမထောက်ဘဲ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့တဲ့ ညီအကိုတွေ၊ ညီမတွေကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ဒီပို့စ်ကနေ ပြောလိုက်ပါရစေ။

သတင်းစာရှင်းလင်းပွဲမှာ မျိုးမြင့်မောင်ကို အောက်က သတင်းထောက်တွေက မေးတယ်။ လုပ်ခဲ့သမျှကို နောင်တ ရမိသလား ဆိုတဲ့မေးခွန်း။ အဲဒီမေးခွန်းကို မျိုးမြင့်မောင် ပြန်ဖြေပုံအရမ်းကောင်းတယ်။ နားထောင်နေတဲ့ စင်္ကာပူလူမျိုးတွေ အရမ်းသဘောကျပြီး သူတို့ရဲ့ ဆောင်းပါးတွေမှာ အခုလို စာလုံးမဲနဲ့တောင် ဖော်ပြကြတယ်။

Then asked if the Burmese regretted their actions, Marc replied on behalf of those affected that if they ever regretted what they did, they would be sitting quietly at home repenting rather than going public with their difficulties.

ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲကို စထရိတ်စ်တိုင်းမ်စ်နဲ့ တူဒေးမှာ ဖော်ပြပေးခြင်းမရှိတော့ မှတ်တမ်းတင် ရုပ်ရှင်ကို အပြည်ပြည်ဆိုင်ရာက ကျနော်တို့ မိတ်ဆွေများကတဆင့် ယူကျုမှာ တင်ပေးပါလိမ့်မယ်။ နောက်တော့ ကျနော် လင့်ခ် ပေးပါမယ်။

အခုလို လှုပ်ရှားသူအချို့ကို ဗီဇာချပေးလိုက်ရုံနဲ့ ဒီတိုက်ပွဲဟာ ပြီးဆုံးသွားပြီလို့ ကျနော်တို့မယူဆပါဘူး။ ဒီလောက်လည်း မရိုးရှင်းပါဘူး။ ကျနော်တို့အားလုံး သတိအပြည့်နဲ့ စည်းစည်းလုံးလုံး ဆက်တိုက်ရမယ့် ပွဲဆိုတာကို အားလုံးနားလည်သဘောပေါက်ထားကြပါတယ်။ စင်္ကာပူမှာ ကျနော်တို့ ရှိနေသရွေ့ မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့ ပြုလုပ်မြဲ လှုပ်ရှားမှုတွေကိုလည်း နောက်မတွန့်ဘဲ ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။

အခုလောလောဆယ်တော့ ရဲရဲတောက် တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ ရဲဘော်တွေ ရဲမေတွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ မိုဃ်းဇော်ရဲ့ ကဗျာတပုဒ်ကို ကူးယူဖော်ပြလိုက်ပါတယ်။ ကဗျာဖတ်ရန် ပုံပေါ်မှာ ကလစ်ခေါက်ပါ။


ပူးတွဲဖတ်ရှုသင့်သော အင်္ဂလိပ်ဘာသာဆောင်းပါးများ
(၁) Flip flop by the police: Are Burmese activists in Singapore keeping within the law or not?
(၂) When the police become politicians...

20 comments:

Anonymous said...

တကယ်အားရတယ်ဗျာ။
မတရားမှုကို ခေါင်းငုံ့ လည်စင်းပေးရိုးထုံးစံမရှိ
ဘူးဆိုတဲ့ အစဉ်အလာကောင်းကို
ဆက်လက်သယ်ဆောင် ထိန်းသိမ်း
သွားကြပါ။
လေးစားဂုဏ်ယူမိပါကြောင်း။

ZMT said...

စင်္ကာပူက ရဲရဲတောက် မျိုးချစ်မြန်မာ များကို လေးစားဂုဏ်ယူပါတယ်။ ဘယ်လိုအခက်အခဲ တွေ အတားအဆီးတွေ ခြိမ်းခြောက်မှုတွေ နဲ့ပဲ ရင်ဆိုင်ရင်ဆိုင် မကြောက်မရွံ့ နောက်မဆုတ်ပဲ ဆက်လက်လုပ်ဆောင်မယ်လို့ ကြားရတဲ့အတွက် ပိုပြီး လေးစားမိပါတယ်။ အညံ့ခံ အရှုံးပေးသွားတဲ့ လူတွေအတွက်တော့ တကယ်ကို စိတ်မကောင်းစရာပါပဲ။ သူတို့လည်း သူတို့အကြောင်းနဲ့ သူတို့ မို့လို့ ဘာမှ တော့ မပြောနေတော့ပါဘူး။

Moe Cho Thinn said...

Carry on!!!

Anonymous said...

အခုတစ်လော စင်္ကာပူက မြန်မာအများကြားမှာ လည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး သဘောထား တော်တော်များများကွဲနေကြတယ် သူတို့ရဲ့ ပို့စ်တွေနဲ့ comment တွေကို ဖတ်ရင်အထင်းသားသိနိုင်တယ်။ ကျွန်တော်ထင်တယ် ခုတစ်လော စလုံးအစိုးရက မြန်မာတွေအားလုံးကို တော်တော်လေး တင်းကြပ်လာတယ် ဒါကြောင့် တစ်ချို့ မြန်မာတွေက မျိုးချစ်မြန်မာတွေ ရဲ့လုပ်ရပ်ကို မြင့်မိုရ်တောင် ဇီးစေ့နဲ့ပေါက်တယ်လို့ ဘာတို့ပြောနေကြတယ်။ ဘာလို့လဲဆို သူတို့ တွေလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး အထိအခိုက်ရှိလာမှာကို ဆိုးကြောက်လို့လို့ ထင်ပါတယ်။ ကျွန်တော့်ထင်မြင်ချက်ပါ မည်သူ့ကိုမှမရည်ရွယ်ပါ။

Anonymous said...

ကိုပေါ
တစ်ခါမှတော့ မရေးဘူးပါဘူး ဒါပေမဲ့ စလုံးကို ချည်လာလို့ ထရေးတာပါ၊ ရေတောင် မထွက်တဲ့နိုင်ငံကို သေတောင်မလာပါဘူး၊ ကျတော် ကတော့နေနှင့်ဦးလို့ဘဲ ကြိမ်းထားမယ်၊ ငါတို့ တိုင်းပြည် ကောင်းစားမှ စလုံးက နွားတွေကို ခိုင်းစားပြမယ်၊ ခေါင်းငုံခံတဲ့ အထဲမှာ မြန်မာ မပါဘူးဆိုတာ သိလောက်ပါပြီ၊ ကျေးဇူးမသိတဲ့ စလုံး။ သူများ တိုင်းသူပြည်သားတွေရဲ့ လုပ်အားနဲ့ အသက်ဆက်နေတာများ ဒီကောင် ကျတော်တို့ တိုင်းပြည် သိပ်ဖွံ့ဖြိုး သွားမှာ အရမ်းကြောက်တယ်၊ အမေစု ဦးစီးတဲ့ ကျတော်တို့ တိုင်းပြည် တိုးတက်လာရင် စလုံးဆိုတာ ခွက်စွဲ ရမှာလေ.. အရှေ့တောင်အာရှမှာ စာရင်းတောင် ပျောက်သွားဦးမှာ နေနှင့်ဦးပေါ့ကွာ..

Myo Win Zaw said...

ဟုတ်တယ်ကိုပေါရေ ကျွန်တော်တို့ ယုံကြည်ရာကို လုပ်သူတွေ အလှံမလဲတိုက်သူတွေအတွက် ဂုဏ်ယူပါတယ် အခွင့်အရေးဆိုတာ တိုက်ယူမှရတယ် ဆိုတာ မြန်မာတွေရဲရဲကြီးသဘောပေါက်ဖို့ လိုနေပြီ

Anonymous said...

နင်တို့ လို အကောင်တွေ နှင်ထုတ်ခံရတာတောင် နဲသေးတယ်....

JulyDream said...

အပေါ်မှာ ရေးထားတဲ့... (အမည်မသိ) ခင်ဗျာ။

နင်တို့လို အကောင်တွေ နှင်ထုတ်ခံရတာ နည်းတောင် နည်းသေးတယ်လို့တော့ မပြောသင့်ပါဘူးဗျာ။

ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ လုပ်သွားတဲ့ အတွက် အပြစ်တင်စရာ မရှိပါဘူး။ အမြင်မတူတိုင်း ရန်သူ မဟုတ်ပါဘူး။

ကိုယ် မလုပ်ချင်ရင် မလုပ်ပါနဲ့။ မလုပ်နိုင်ရင် မလုပ်ပါနဲ့။ ဒါပေမယ့် ဘေးထိုင်ပြီး ဘုပြောနေရင် အတော်လေးကို ရှက်ဖို့ကောင်းပါတယ် လို့ ပြောချင်ပါတယ်။

Anonymous said...

လေးစားဂုဏ်ယူမိပါတယ်။

mg kyi poae said...

ရဲရင့် ပြတ်သားမှု ကို လွန်စွာဂုဏ်ယူကြောင်းပါခင်ဗျား..
ကြောက်အောင် ခြောက်မယ်၊ ခြောက်လို့မကြောက်ရင် ညစ်မယ်၊ ညစ်ရုံနဲ့မရရင် ထပ်ပြီးကောက်ကျစ်ကြပါဦးမယ်။ ဒီတော့ ရှေ့ဆက်ပြီး သတိကြီးစွာနဲ့ ဆက်လှုပ်ရျားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Anonymous said...

Don't let it happen.

"တယောက်ကိုသတ်လိုက်ရုံနဲ့
တမြို့လုံးသေဆုံးသွားခဲ့တဲ့အကြောင်း၊"

From လူသတ်သမားရဲ့ ညစာ by နှင်းခါးမိုး.

weik.zar said...

ပိုက်ဆံလေးချမ်းသာလာတော့နိင်ငံတကာမှာဝင်ဆံ့ချင်တယ်၊ဒါပေမဲ့နောက်ကွယ်ကယုတ်ပတ်တဲ့အကျင့်ရှိတယ်။သူတို့ကြောက်တာကသူတို့ယုတ်တာကိုPublicize အလုပ်ခံရမှာသိပ်ကြောက်တယ်၊Singapore နှင့်Japan ဟာတူတူဘဲ။

Anonymous said...

ကျေးဇူးပြီး စင်ကာပူ မှာ ဆန်ဒပြပွဲ ရှိလာလျှင် ဒီ blog မှာဖော်ပြပေးပါနော်။ Thanks a lot.

Anonymous said...

ကိုဂျေရေ...
အမြင်မတူတိုင်း ရန်သူ လုပ်တာ မဟုတ်ပါဘူး။ နားတွေကလော၊ မျက်စေ့တွေနောက် လွန်းလို့ ပါ။
စလုံး မကောင်းကြောင်းတွေ ဒီလောက် ပြောနေကြလွန်းသူတွေ သူတို့ ရဲ့  ရည်ရွယ်ချက်က ဘာလဲဆိုတာ သူတို့ မိတ်ဆွေတွေ တော်တော်များများက သိနေကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရေးလား ဟိုကိုသွားရရေးလား... သိနေကြတယ်နော်...။

Anonymous said...

ကျုပ်တို့ကတော့ စလုံး မကောင်းကြောင်းလည်းပြောတယ်၊ ဟိုဟို ဒီဒီ လည်း သွားဖို့လည်း စိတ်ကူးဖို့တောင် မတွေးမိဘူး။ အခြေအနေအရပ်ရပ်ကြောင့် အမိနိုင်ငံက ထွက်လာရတဲ့ ဗမာ (တရုပ်၊ မွန်၊ ရှမ်း အဆက်တော့ ပါတယ်)။ မကောင်းတာကို အကောင်းလုပ်မပြောနိုင်ပေါင်။
စင်ကာပူရောက်ရွှေ

Anonymous said...

အမည်မသိ ... သို့

စင်္ကာပူနိုင်ငံမှာ မြန်မာ့အရေးကို လှုပ်ရှားဆောင်ရွက်သူတွေ အများစုဟာ PR ၊ EP & S Pass ဖြစ်ကြပြီး WP တွေကတော့ သူတို့ရဲ့ အလုပ်၊ လုပ်ရတဲ့ အနေအထားအရ အချိန်တိုင်း ပါဝင်ဆောင်ရွက်နိုင်မှု မလုပ်နိုင်တာကြောင့် အရေအတွက် နည်းပါးသော်လည်း မျိုးချစ်စိတ်ထက်သန်တာကို Referendum အပါအ၀င် လှုပ်ရှားမှုတွေမှာ ကောင်းကောင်း ပြသခဲ့ကြပါတယ်။

PR ၊ EP & S Pass တွေဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် အရည်အချင်း၊ ပညာအဆင့်အတန်းတို့ကြောင့် ရလာကြတာဖြစ်တဲ့အတွက် တစ်ခြားနိုင်ငံကို သွားချင်ရင် ဒီကနေ ပိုက်ဆံ အတော်အတင့် သုံးနိုင်ရင် တရားဝင် သွားလို့ ရပါတယ်။

အမည်မသိ ပြောတဲ့ပုံစံမျိုးနဲ့ သွားစရာ မလိုပါ။ အထူးသဖြင့် PR သမားတွေဆိုရင် ဒီမှာ ၄၊ ၅နှစ် နဲ့ အထက် နေထိုင်လာကြသူတွေချည်းပါပဲ။ အဲ့ဒီလို တစ်ခြားနိုင်ငံ သွားချင်ရင် Singapore Citizen ခံပြီးပဲ ဖြစ်ဖြစ်၊ PR အနေနဲ့ပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပညာအရည်အချင်း၊ လုပ်ငန်း အတွေ့အကြုံအရ အဆင့်အတန်း ရှိရှိ သွားလို့ရနိုင်တာကို နားလည် သဘောပေါက်သင့်ပါတယ်။

မိမိစိတ်ကို မိမိ အားမနာတမ်း မေးမြန်းကြည့်ပါ။ ဘယ်ဆီနေမှန်းမသိနဲ့ အခွင့်ထူးကြီး (အမည်မသိ ခံယူထားတယ်လို့ ယူဆထားရတဲ့) ကို မျှော်မှန်းပြီး လောလောဆယ်မှာ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ လွပ်လပ်မှုတွေ၊ ကိုယ့်အိတ်ထဲက ကိုယ်ထူကိုယ်ထ စိုက်ထုတ်ခဲ့တဲ့ ငွေကြေးတွေ၊ ကိုယ့်ရဲ့ လုံခြုံမှုတွေကို ရင်းနှီးပြီး မျိုးချစ်စိတ် အတုအယောင်လေးနဲ့ လုပ်ဆောင်နိုင်မလားလို့။

အဲ့ဒီတော့ ကိုယ်မသိနားမလည်ပဲနဲ့ ထင်ရာလျှောက်ပြောနေခြင်းဟာ ဘယ်လိုမှ သင့်တော် လျှော်ကန်ခြင်း မရှိပါဘူး။ အရာရာကို ဆင်ခြင်တိုင်းထွာနိုင်ဖို့ မိမိကိုယ်တိုင် ၀င်ရောက်လေ့လာ လုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။

Anonymous said...

To Anonymous,
"အမြင်မတူတိုင်း ရန်သူ လုပ်တာ မဟုတ်ပါဘူး။ နားတွေကလော၊ မျက်စေ့တွေနောက် လွန်းလို့ ပါ။
စလုံး မကောင်းကြောင်းတွေ ဒီလောက် ပြောနေကြလွန်းသူတွေ သူတို့ ရဲ့  ရည်ရွယ်ချက်က ဘာလဲဆိုတာ သူတို့ မိတ်ဆွေတွေ တော်တော်များများက သိနေကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရေးလား ဟိုကိုသွားရရေးလား...
သိနေကြတယ်နော်...။"

I mind you.... be carful with your words ! if you know well about their education level and their professions, I believe you won't be accusing them in such a way. They are already out of Burma and have a good status in Singapore.There's nothing to worry for them to go to other countries with their professional skills and education.

Burmese in SG

Anonymous said...

ဟုတ်သည်ရှိ မဟုတ်သည်ရှိ...
စ လုံး အစိုးရက Speaker Corner မှာ တရားဝင် ဆန္ဒပြခွင်.ပြူ ရတဲ. အထိ ဖြစ်လာတာဟာ...ဘာကြောင်.လဲဆိုတာ....စဉ်းစားကြည်.ကြပါ......
ဘာဘဲဖြစ်ဖြစ် စင်္ကာပူ နိုင်ငံမှာ ဒီမိုကရေစီ မျိုးစေ.ကို မျိုးချစ် မြန်မာတွေက ချပေးလိုက်တယ်လို. ပြောခင်ပါတယ်....
ဂုဏ်ယူပါတယ်....ရဲဘော်တို.
မြန်မာပြည်အတွက်လဲ ဆက်လက်ပြီး ညီညီ ညွတ်ညွတ်နဲ. တိုက်ပွဲ ၀င်ကြပါ။။
ရန်သူကို ရန်သူလို သဘောထားကြပါ။လျှော.မတွက်ကြပါနဲ.။မယုံစားကြပါနဲ.။။။
တော်လှန်ရေးသတိ ရှိကြပါ...

pkw said...

(အများအားဖြင့်)အတ္တကြီးမားလွန်းလှသော ပတ်ဝန်းကျင်တွင် ကိုယ်ကျိုးကိုအတိုင်းအတာတစ်ခုအတွက်စွန့်လွှတ်ထားသော မျိုးချစ်မြန်မာများရဲ့  ခံယူချက်နဲ့ ဆောင်ရွက်ချက်များအတွက် (မည်သူမည်မျှပုတ်ခတ်ကြသည်ဖြစ်စေ)များစွာ ဂုဏ်ယူလေးစားမိပါသည်.

pkw said...

(အများအားဖြင့်)အတ္တကြီးမားလွန်းလှသော ပတ်ဝန်းကျင်တွင် ကိုယ်ကျိုးကိုအတိုင်းအတာတစ်ခုအတွက်စွန့်လွှတ်ထားသော မျိုးချစ်မြန်မာများရဲ့  ခံယူချက်နဲ့ ဆောင်ရွက်ချက်များအတွက် (မည်သူမည်မျှပုတ်ခတ်ကြသည်ဖြစ်စေ)များစွာ ဂုဏ်ယူလေးစားမိပါသည်.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs