လေယာဉ်ပျံပေါ်မှာ.... ကျနော့်ရှေ့က အဘိုးကြီး အဘွားကြီး စုံတွဲကို လေယာဉ်မယ်က စကားစမြည်ပြောနေတာ နားစွန်နားဖျားကြားရတယ်။ ဒီခရီးစဉ်ဟာ အဘိုးကြီးအဘွားကြီးရဲ့ နှစ်ငါးဆယ်မြောက် မင်္ဂလာရွှေရတုသဘင်အမှတ်တရ ဖြစ်ကြောင်းကို လေယာဉ်မယ်က သိသွားတော့ ကွန်ဂရက်ကျူလေးရှင်းတွေ ဘာတွေလုပ်ပြီး ဒီလောက်နှစ်တွေအများကြီး ဘယ်လိုများဖြတ်သန်းခဲ့ပါသလဲလို့ စူးစမ်းတယ်။
“ဒီအနှစ်ငါးဆယ်ဆိုတဲ့အချိန်ဟာ ကျနော့်အဖို့တော့ ငါးမိနစ်လောက်ဘဲ ကြာတယ် ထင်ရပါတယ်” ...ဆိုပြီး အဘိုးကြီးက ဖြေးဖြေးလေးလေးဘဲ ပြန်ဖြေတယ်ခင်ဗျ။
အဲဒီစကားကြားတော့ လေယာဉ်မယ်က အင်မတန်လှပတဲ့ ဖော်ညွှန်းချက်ပါဘဲလို့ ချီးမွန်းအံ့ဆဲဆဲမှာဘဲ အဘိုးကြီးဆီက နောက်ဆက်တွဲ အဆုံးသတ် စကားလုံးတချို့ ထပ်ထွက်လာတယ်။ အဲဒီအတွက် ဆုကြေးအဖြစ် အဘွားကြီးလက်သံ “ဂေါက်” ကနဲ တချက်လည်း ခံလိုက်ရပါတယ်။
သူပြောလိုက်တာက “ရေအောက်မှာ နေရတဲ့ ငါးမိနစ်ပါ (five minutes underwater)” ပါတဲ့ ခင်ဗျား။ ဘယ်လောက် မွန်းကြပ်ခဲ့ရသလဲဆိုတာကို ထိထိမိမိ ဖော်ကျူးလိုက်တာဘဲ။
ဘာရယ်မဟုတ်ပါဘူး။ ထုံးစံအတိုင်း ကိုအင်ဒီဘလော့ဂ်မှာ သွား သွားဖတ်ပြီး သူနောက်ဆုံးတင်ထားတဲ့ “မတောက်လိုက်ရသော Old Frame များ” တနည်း “မိန်းမပိုးနည်း နိဿရည်း” ကိုဖတ်ရတဲ့အခါ “ဂေါက်ခံရဦးမယ်” ဆိုတဲ့နေရာရောက်တော့ မဆီမဆိုင် ရီးဒါးစ်ဒိုင်ဂျက်စ်အဟောင်းတအုပ်မှာပါတဲ့ အထက်က ပုံပြင်လေးကို သွားသတိရမိလို့ပါ။
အခု ကျနော်ကိုပေါလည်း အိမ်ထောင်ကျတာ ရှစ်နှစ်နီးပါးရှိပြီဆိုတော့ “ဒီရှစ်နှစ်တာ ကာလဟာ 8 minutes underwater” လို့ ဆိုရမယ်ထင်တယ်။ အောက်ဆီဂျင်အပြည့်နဲ့ ရေအောက်ကမ္ဘာကို ပျော်ပျော်ရွှင်ရွှင် စကူးဘားဒိုက်ဗင် ငုပ်ကြည့်နေတယ်လို့ အောက်မေ့ပါ။ ခင်ညားတို့ကလဲ။ (ဤသို့လျှင် ဆရာအင်ဒီ့နည်းတူ “ဂေါက်” ခံရမည့်ဘေးမှ လွတ်အောင် ကြံဖန်ရေးရပါသည်။)
ဒီလိုပါဘဲ၊ တွေးကြည့်ရင် မြန်မာပြည်ကြီးလည်း အာဏာရှင်လက်အောက်မှာ (မဆလခေတ်ကို ထည့်မတွက်ရင်တောင်) ကျရောက်နေတာ အနှစ်နှစ်ဆယ်ပြည့်ခဲ့ပြီးပြီ။ ကျနော့်တို့ ပြည်သူတွေအဖို့တော့ အောက်ဆီဂျင်မပါဘဲ ရေအောက်မှာ မွန်းကြပ်နေရတာ ကြာခဲ့ပြီပေါ့။ အားလုံးလည်း အင်အားကုန်ခန်း နွမ်းလျလို့ နေမှာ အသေအချာပါဘဲ။
ဒါပေမယ့် အားမရှိလို့ မတွန်းလှန်ရတော့ဘူးလား။ အဲသည်လို နွမ်းလျ၊ မွန်းကြပ်နေခြင်းသည်ပင် အာဏာရှင်ကို ဆန့်ကျင်လိုစိတ်တွေ တဖွားဖွားပေါ်ပေါက်လာစေဘို့ အခြေခံတွန်းအားပါဘဲ။
စကားပုံတခုရှိတယ်။
"A journey of a thousand miles starts with a single step"
မိုင်တထောင်ချီတဲ့ခရီးကို ခြေတလှမ်းနဲ့ အမြဲစရတယ်...ဆိုတဲ့ စကားပုံပါ။ ခြေတလှမ်းမှ စမလှမ်းဘဲနဲ့တော့ အိမ်ထဲက အိမ်ပြင်တောင် ရောက်မယ်မထင်ဘူး။
တချို့လည်း အချီကြီးကြံရင်းနဲ့ မိုးစုန်းစုန်းချုပ်သွားတာမျိုးတွေရှိမယ်။ အနှစ်နှစ်ဆယ်ကြာလို့လည်း အားမလျော့လိုက်ပါနဲ့။ ဒီလိုသာ ဈေးတွက်တွက်ကြကြေးဆိုရင် လေးအသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့ရတဲ့ ကျနော်တို့ကိုးကွယ်နေတဲ့ ဗုဒ္ဓကို အားနာဘို့ အရမ်းကောင်းနေပါပြီ။
တကယ်တော့ အနှစ်နှစ်ဆယ်ဆိုတာ စနစ်တခုပြောင်းလဲဘို့ ကြိုးစားရာမှာ ကြာလှတယ်လို့ မဆိုနိုင်ပါဘူး။ အစဦးပိုင်းမှာ ကြိုးစားသူတွေအနေနဲ့ ပေးဆပ်ရတာတွေတော့လည်း ရှိမှာပေါ့။
ဒီတော့ အာဏာရှင်စနစ်အောက်မှာ မွန်းကြပ်စွာ မနေချင်ဘူးဆိုရင်၊ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်ဘို့ဆိုရင် မိမိတို့ကိုယ်တိုင်က မိမိတို့ကို ရစ်နှောင်နေတဲ့ အကြောက်တရားရဲ့ နှောင်ဖွဲ့မှုအောက်ကနေ ပထမဦးခြေလှမ်းအနေနဲ့ ရုန်းထွက်လိုက်ကြစို့လား။

6 comments:
ဟီးဟီး ကျွန်တော့် အတွက်လည်း လေးမိနစ်သာပါပဲ။
ကိုပေါရေ........
ကျွန်တော်တို့အားလုံးကျွန်တော်တို့ ဘိုးဘွားတွေကို နမူနာယူရပါမယ်... သူတို့တွေ နယ်ချဲ့လက်အောက် နှစ်တရာကျော်နေရပေမယ့် နောက်မျိုးဆက်အတွက် လွတ်လပ်ရေးကိုတိုက်ယူပေးသွားခဲ့တယ်... ငါတော့လွတ်လပ်ရေးကိုမှီမှာ မဟုတ်ပါဘူးလေဆိုပြီး နေခဲ့ရင်....
(ဟီး....ကျွန်တော်တို့ဒီထက်များလူလို သူလိုနေရမလားဘဲ:Dဲ)
ဟုတ်ကဲ့..ဗုဒ္ဓကို အရမ်းပဲ အားနာဖို့ ကောင်းနေပြီဆိုတဲ့ စကားလေးကို အကြိုက်ဆုံးပဲ ကိုပေါရေ..။
တကယ့်တကယ်..အနှစ် ၂၀ မှ- မ က တော့တာ။း(
ကိုပေါရေ… လူတပိုင်း ငါးတပိုင်းပေါ့…
အားလျှော့လို့မဖြစ်ဘူး အစ်ကိုရေ..။ ကျနော်ကတော့ အခုမှ ရေထဲ ဒိုင်ဗင် ပစ်တော့မလို့း-)
၊အစ်ကိုဘလော့ကို အခုမှ တွေ့တယ်။ သရော်စာ အရေးကောင်းတယ်နော်။ ခဏခဏ လာဖတ်မယ်ဗျာ။
Post a Comment