၆ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ်။
နံနက် ၅ နာရီ….
မနက်စောစောမှာ အစ်မနှစ်ယောက်က ခြင်းတောင်းကိုယ်စီရွက်လို့ ကျနော်က သားရေအိတ်တလုံးကို စလွယ်သိုင်း လွယ်ထားပြီး သုံးယောက်သား လှေဆိပ်ဆီကို ခပ်သွက်သွက် လျှောက်နေကြတယ်။ အစ်မတွေက ကျနော့်ကို လှေဆိပ်လိုက်ပို့တာပါ။ သည်တုန်းက ကျနော့်အသက်က ဆယ့်ခုနှစ်နှစ်အရွယ်။ ဆယ်တန်းအောင်ပြီးကာစ။
မှတ်မှတ်ရရ အဲသည်နှစ်က ဧရာဝတီမြစ်ရေကြီးလို့ လယ်တွေကို ရေဖုံးပြီး ရွာထိပ်က ရေပေးမြောင်းဘောင်ကြီးအနီးအထိ မြစ်ရေရောက်တယ်။ ရေပေးမြောင်းခွဲတခုရဲ့ တာဘောင်အခြေမှာ ရွက်လှေကြီးတစင်းရပ်ထားတယ်။ ကျနော် စီးဖူးခဲ့သမျှသော လှေများထဲမှာ အကြီးမားဆုံးလှေကြီးတစင်းလို့ ဆိုရမယ်။
ကျနော်လှေပေါ်တက်ပြီး မကြာခင်မှာဘဲ အဲဒီလှေကြီးဟာ အရင်က လယ်ကွင်းနေရာများ၊ အဲဒီအချိန်မှာတော့ ရေပြင်ကြီးဖြစ်နေပြီဖြစ်တဲ့ လယ်ကွင်းပြင်ကျယ်ကြီးဖြတ်ကာ ရွက်လွှင့်ထွက်ခွာလာပါတော့တယ်။
တကယ့် ဧရာဝတီမြစ်ရိုးကို ရောက်တော့ လေက ရုတ်တရက် ထန်လာတယ်။ လှိုင်းတွေကလည်း အရမ်းကြီးလာတယ်။ လှေကြီးလို့သာ တော်တော့တယ်။ သာမန်လှေဆိုရင် အဲဒီလို လှိုင်းကြီးတာနဲ့ဘဲ တိမ်းမှောက်သွားနိုင်တယ်။
လှိုင်းလုံးကြီးတလုံး ပြေးဆောင့်လာတိုင်း လှေဦးဟာ မြောက်တက်သွားပြီး ရွက်တိုင်ရှေ့မှာ ထိုင်နေတဲ့ ကျနော့် မျက်နှာကို ရေမှုန်ရေမွှားတွေ လာစင်တယ်။ ကျနော်နှင့် အတူပါလာတဲ့ အထည်သည် အပျိုကြီးကတော့ လှေမှောက်မှာကို ပူပန်ပြီး ဘုရားစာတွေ တတွတ်တွတ်ရွတ်နေလေရဲ့။
ကျနော်ကတော့ ဒီလို ရင်တလှပ်လှပ်၊ အသည်းတအေးအေး စွန့်စားရတဲ့အဖြစ်ကို ကြိုက်တယ်လို့ အဲသည်တုန်းက ကိုယ့်ဟာကိုယ် အထင်ရောက်နေတယ်။ ပြီးတော့ ကျနော့် အနာဂတ်ကလည်း သည်လိုဘဲ စွန့်စားခန်းတွေနဲ့ ပြည့်နှက်နေတော့မယ်လို့ စိတ်ကူးယဉ်ပြီးတော့ ကျိတ်ပြီးတောင် ပီတိတွေ ဖြာနေလိုက်သေးတယ်။ ဘာကြောင့်လဲဆိုတော့ အခုထွက်ခွာလာတဲ့ ခရီးဟာ ရန်ကုန်ကို သွားပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းဖြေဘို့ ထွက်လာတဲ့ ခရီးစဉ်ဖြစ်နေတဲ့အတွက်ကြောင့်ပါ။
ဧရာဝတီမြစ်ပြင်မှာ အဲသည်နေ့က လှိုင်းတံပိုးတွေ သည်းထန်လှပါတယ်။ ဒါပေမယ့် ကျနော့်ဘ၀နဲ့အတူ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းဟာလည်း မကြာခင်မှာ အဲသည်လိုဘဲ လှိုင်းတံပိုးတွေ ထန်တော့မယ့်ဆိုတာကို ကျနော် စိုးစဉ်းမျှ ရိပ်စားမိခဲ့ခြင်းမရှိပါဘူး။
နေ့လည် ဆယ်နာရီလောက်မှာ ရေနံချောင်းကို ရောက်တယ်။ အဝေးပြေးကားဂိတ်မှာ အိတ်တွေ ခြင်းတွေ သွားအပ်ထားလိုက်ပြီး ရေနံချောင်းဈေးထဲမှာ မုန့်ဟင်းခါးလက်သုပ်ကို ပြေးစားလိုက်သေးတယ်။ သည့်နောက်တော့ ကားဂိတ်ကို ပြန်လာပြီး ညဦးပိုင်းမှာ ထွက်မယ့် ကားထွက်ချိန်ကို ပျင်းရိစွာ ထိုင်စောင့်နေတုန်းမှာ ကားဂိတ်ကို သတင်းတွေ ၀င်လာတယ်။
ရေနံချောင်း အထက ကို ရန်ကုန်က ကျောင်းသားတွေ ရောက်လာပြီ စည်းရုံးနေပြီတဲ့။း အခုကျောင်းသားတွေ ဆန္ဒပြနေကြပြီတဲ့။ နောက် လူတွေလည်း ပါလာကြပြီတဲ့။ ကားဂိတ်မှာဆိုတော့ သတင်းတွေ ဆက်ပြီးဝင်နေတယ်။ ညနေပိုင်းမှာတော့ မကွေးဘက်အထွက် ကားလမ်းမှာ ဓါတ်ဆီတင်ကားတစီးကို မီးတင်ရှို့လိုက်တယ်လို့ ကြားရပြီး မကွေးဘက်ကို သွားလို့မရတော့ဘူး၊ လမ်းပိတ်လိုက်ပြီလို့ ကြားရတယ်။
သည်တော့ ကားဂိတ်က ပြောတယ်။ မကွေးဘက်အထွက်လမ်းကို ပိတ်ရင် ပြည်လမ်းကနေ ရန်ကုန်ကို သွားလို့မရတော့ဘူး။ သည်တော့ မိတ္ထိလာဘက် လမ်းကနေ သွားမယ်။ ရန်ကုန်အထိ တိုက်ရိုက်သွားမယ့် ခရီးသည်များဘဲ တက်ကြပါဆိုတော့ ကျနော်ပျော်သွားတယ်။ ကိုယ်က အဲသည်လမ်းက တခါမှ မသွားဘူးဘဲကိုး။ အခုရောက်ဘူးတော့မယ်ဆို ပျော်နေတာ။
ဒါပေမယ့် နောက်တော့ အစီအစဉ်ပြောင်းသွားပြီး ကားက ချောက်မှာ တညသွားအိပ်တယ်။ ချောက်မြို့ကားဂိတ်ရောက်တော့ ကိုယ့်ခုံဘေးကပ်ရက် အန်ကယ်ကြီးမှာ အိပ်ဆောင် ရေဒီယိုလေးပါလာတဲ့အတွက် မြန်မာသတင်း၊ ဘီဘီစီသတင်း စတဲ့ သတင်းတွေကို ဖွင့်ပြီး နောက်ဆုံးရသတင်းတွေကို အားလုံးဝိုင်းဝန်းနားထောင်ကြတယ်။ ညဘက် ရပ်ထားတဲ့ကားပေါ်မှာလည်း မအိပ်ချင်တော့ အဲဒီနားက လက်ဘက်ရည်ဆိုင်လေးမှာဘဲ စကားတပြောပြောနဲ့ မိုးလင်းသွားတော့တယ်။
၇ ရက်၊ ၈ လ၊ ၁၉၈၈ ခု။
ချောက်ကနေ မနက်ပိုင်းမှာ ကားစထွက်တယ်။ လမ်းမှာ ဘေးခုံက အန်ကယ်လ်ကြီးနဲ့အတူ ရေဒီယို အင်တင်နာကို ကားပြူတင်းပေါက်ကနေ အပြင်ထုတ်ပြီး ဘီဘီစီ မရမက နားအထောင်ကောင်းလို့ လမ်းဘေးက ချုံနဲ့ငြိပြီး အင်တင်နာကလေး ကျိုးသွားတယ်။
အရင်နေ့က ဆန္ဒပြတဲ့ဆိုတဲ့ ပြည်တို့ဘာတို့ကို ဖြတ်လာတော့ အဲဒီနေ့ကတော့ အေးအေးဆေးဆေးဘဲ။ ဘာမှ ထူးထူးခြားခြား မမြင်ခဲ့ရဘူး။
ဒီလိုနဲ့ တနေကုန် မောင်းလိုက်တာ ကုန်ဈေးတန်းလမ်းမှာရှိတဲ့ အဝေးပြေးဂိတ်ကို ညဥ့်တော်တော်နက်မှ ရောက်တော့တယ်။ အင်းစိန်ဘက်ကို သွားတဲ့ ဘတ်စ်ကားတွေလည်း မရှိတော့ ကားဂိတ်မှာဘဲ ကားပေါ်မှာဘဲ ခွေခွေခေါက်ခေါက်နဲ့ အိပ်ဖို့ကြိုးစားရတော့တယ်။
၈ ရက်၊ ၈ လ၊ ၁၉၈၈။
မနက်အစောဆုံးထွက်တဲ့ ဘတ်စ်ကားနဲ့ အင်းစိန်က အိမ်ကို အရောက်သွား။ ရေမိုးချိုး၊ စကားစမြည်ပြောပြီး ထိုးအိပ်လိုက်တာ နေ့လည် ၃ နာရီလောက်မှာ ရွာမဘက်က ကြွေးကြော်သံတွေကြောင့် အိပ်ယာက နိုးလာပြီး ကပျာကယာ ရေမိုးချိုး၊ အ၀တ်အစားလဲပြီး ဆန္ဒပြသူတွေနဲ့ သွားရောက်ပူးပေါင်း။
အဲသည်က စလို့ ရှစ်လေးလုံး အရေးတော်ပုံအတွင်းမှာ ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့အတူ နေ့စဉ်ရက်ဆက် ဆန္ဒပြတယ်။ အင်းစိန်ကနေ မြို့ထဲ၊ မြို့ထဲကနေ အင်းစိန် ခြေကျင် လျှောက်ခဲ့ရတဲ့ မိုင်တွေ တနေ့တနေ့ မနည်းလှဘူး။ မိုးရေထဲမှာ မတ်တတ်ရပ်ရင်း လမ်းဘေးက လှည်းကလေးနဲ့ မုန့်ဟင်းခါးသည်ဆီမှာ မုန့်ဟင်းခါးဝယ်စားကြကို သတိရမိတယ်။
သမ္မတတွေ တယောက်ပြီး တယောက် ပြောင်းလဲသွားကြ။ အင်းစိန်ထောင်ကြီးဘက်ကလည်း ညတိုင်းလိုလို ပစ်သံခတ်သံတွေကို ကြားရတယ်။ အံမယ်… ရပ်ကွက်ထဲမှာ ကင်းစောင့်တော့ ကျနော်လည်း ဓားတလက်ကိုင်ပြီး လေးဂွကို ခါးကြားထိုးလို့ ကင်းပုန်းတွေ ဘာတွေ ၀ပ်ရသေးတယ်။
ဗိုလ်သင်တန်းဖြေဘို့ ခေါ်စာလာတော့ ကျနော်က သွားဖြေဘို့လုပ်သေးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ရန်ကုန်မှာ ရောက်နှင့်နေတဲ့ ကျနော့်အဖေက မှတ်လောက်သားလောက် စကားတခွန်းပြောတယ်။
“မင်းဟာက ဘာလဲကွ။ မင်း…သူတို့ကို မကြိုက်လို့မှ နေ့စဉ်ဆန္ဒသွားပြနေတာ။ အခု စစ်ထဲ ၀င်ဦးမယ်ဆိုတော့ မင်းစိတ်က နှစ်ခွဖြစ်မနေဘူးလား။ မင်းသွားမဖြေနဲ့တော့။ ငါမသိအောင် အုပ်ထိန်းသူလက်မှတ်အတုထိုးပြီး သွားဖြေလို့ကတော့ ဒီတသက် သေခန်းပြတ်ဘဲ။ ငါ့အိမ်ရိပ်တောင် မနင်းနဲ့တော့”…..တဲ့။
အခုပြန်တွေးကြည့်ရင် ရယ်စရာကြီး။
အဲသည်တုန်းကတော့ ကျနော့် ငယ်ငယ်ကတည်းက စိတ်ကူးယဉ်အိပ်မက် မက်ခဲ့ရတဲ့ စစ်တက္ကသိုလ်တက်ရေး ရည်မှန်းချက်ကြီး ပျက်သုဉ်းရပြီကောဆိုပြီး ကျနော့်မှာ ပုလဲတွေ ဘာတွေ လူမသိသူမသိ ကျိတ်ပြီး ခ လိုက်ရသေးတယ်။ တကယ်တော့ ကျနော်ကိုယ်တိုင်ကလည်း ထူအ တာပါ။ ကျနော်ထင်တာက စစ်တပ်ဆိုတာ ပရောဖက်ရှင်နယ် စစ်တပ်။ ပါတီနိုင်ငံရေးကင်းရှင်းတယ်လို့ ထင်တာကိုးဗျ။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့ နိုင်ငံတော် ကောင်စီတို့ဆိုတာ ကိုယ့်ရှေ့မှောက်မှာတင် ပါတီဝင်တွေ၊ ကောင်စီဝင်တွေ မဟုတ်တာလုပ်နေတာ၊ အကျင့်ပျက်လာဘ်စားနေတာ တွေ့ရတော့ မကြိုက်ဘူး။ ဒါပေမယ့် မဆလ ပါတီဟာ စစ်အာဏာရှင်အစိုးရရဲ့ အရပ်သား မျက်နှာဖုံးဆိုတာကို အဲသည်တုန်းက ကောင်းကောင်းသဘောမပေါက်ဘူး။
အဖေကသာ လူကြီးဆိုတော့၊ နိုင်ငံရေးလည်း စိတ်ဝင်စားတော့ ကောင်းကောင်းသိလို့ ကျနော့်ကို တားတာ။ ကျနော်ကလည်း အဲသည်တုန်းက အဖေ ပြတ်သားသလို မပြတ်သားရဲတော့ ဗိုလ်လောင်းသွားမဖြေဖြစ်တော့ဘူး ပေါ့ဗျာ။
တော်ပါသေးရဲ့။ အဖေ့ကျေးဇူးကြောင့်ပေါ့။ နို့်မဟုတ်ရင် ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာ ရဟန်းရှင်လူတွေကို စစ်သားတွေက ၀ါးရင်းတုတ်နဲ့ရိုက်တော့ ကွမ်းဝါးရင်း ပြုံးကြည့်နေတဲ့ ပြည်သူ့ချဉ်ဖတ် စစ်ဗိုလ်ဟာ ကျနော်ဖြစ်မနေဘူးလို့ ဘယ်သူပြောနိုင်မလဲ။
အခုပြန်စဉ်းစားကြည့်တော့….အဲသည် ၈-၈-၁၉၈၈ နေ့ဟာ ကျနော့်ဘ၀ရဲ့ တဆစ်ချိုး အလှည့်အပြောင်းဖြစ်သလို ကျနော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းအချိုးအကွေ့ တခုလည်း ဖြစ်ပါတယ်။
အခုဆိုရင် အနှစ် ၂၀ တင်းတင်းပြည့်ခဲ့ပြီ။ ကျနော်တို့ ပြည်သူတွေဟာ စစ်အာဏာရှင်အစိုးရလက်အောက်မှာ လွတ်မြောက်မှုအတွက် ရုန်းကန်နေကြရဆဲ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မျိုးချစ်သူရဲကောင်းများစွာဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် မလျော့သော လုံ့လဖြင့် ဆက်လက်တိုက်ပွဲဝင်နေဆဲ။
ဇွဲစိတ်သန်သူတွေအတွက်၊ ယုံကြည်ချက်ပြင်းထန်သူတွေအတွက် မျှော်လင့်ချက်ပန်းဟာ ဘယ်တော့မှ မညှိုးနွမ်းပါဘူး။ တနေ့မှာ အောင်ပန်းကို ဆင်နွှဲရမှာ မလွဲမသွေပါဘဲ။

15 comments:
ကိုပေါရေ
ကိုပေါ အဖေကို ကျေးဇူးကြီး အထပ်ထပ် တင်လိုက်ပါရဲ့၊ နို့မို့ဆို ကိုပေါ က ကျမတို့ခင်တဲ့ စလုံးကဘလော့ဂါ မဟုတ်ဘဲ ရုရှားက ဘလော့ဂါ ဖြစ်နေမှာ။ တော်ပါသေးရဲ့နော်။
ခင်မင်တဲ့
မိုးချိုသင်း
အင်း… ကိုပေါသာ မချိုးမကွေ့ ပဲ တည့်တည့်သွားခဲ့ရင်… ~!@#$%^&*()
ဂလိုကိုး
ကျနော်တို့ ကံကောင်းသွားတာပေါ့
မဟုတ်ရင် မမိုးချိုသင်းပြောသလို --
အောင်သာငယ်
ဟင်း....တော်သေးတာပေါ့..
စာရေးကောင်းတဲ့ကိုပေါသာ
ရုရှားဘလော့ဂါဖြစ်လို့ကတော့
သူ့အလိုကိုမသိမသာဆွဲယူသွားမှာ
မြင်ယောင်မိသေးပေါ့..
ကိုပေါ အဖေကို ကျေးဇူး တင်လိုက်ပါရဲ့၊
ကျွန်တော်တို့ တိုင်းပြည်မှာ ဗိုယ်ချုပ်အောင်ဆန်းလို ရိုးသားတဲ့ သူရဲကောင်းဆွေလိုသလို ကိုပေါအဖေလို အမှားအမှန် သိတယ်လူတွေလိုတယ် လူငယ်ဆိုတာ တော့ အထင်ကြီးစိတ်ဝင်ပြီးတော့ စစ်တပ်ဆိုတာဘာမှန်းမသိ ၀င်ချင်ကြတာဘဲ ဗိုလ်လောင်းဆိုတက်ချင်တာဘဲ ပြီးမှ ခိုင်းစားတာခံရတာ ၁၀တန်းအောင်စဆိုတော့ အမှန်ပြောရင်ဘာမှမသိသေး ဘူးဗျ အဲဒီရောက်ရင် ခေါင်းဆောင်ငယ်ဘာညာ နဲ့ ဦးနှောက်ဆေးလိုက်တော့ ကိုပေါပြောတဲ့ စစ်ဗိုလ်လိုကောင်တွေ ဖြစ်ကုန်တာ အဲဒီစစ်ဗိုလ်က ငါ CNN ထဲ ပါတာဘဲ မင်းသားကွဆိုပြီး ကွမ်းစားပြီးပြုံးနေအုံးမယ် ထင်တာဘဲဗျာ
ကိုပေါလိုပဲ ကျွန်တော်လဲ စစ်တပ်ထဲဝင်ဖို့ကြိုးစားခဲ့ဖူး တယ်။ ကိုပေါလိုပဲ ကျွန်တော်လဲ ကံကောင်းထောက်မစွာနဲ့ မ၀င်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ မြန်မာပြည်ကြီးကတော့ ဘယ်တော့မှကံကောင်းမလဲ မသိဘူး.......
ကျွန်တော်ငယ်ငယ်ကဆို ကြီးလာရင်ဘာလုပ်မလဲ မေးလို့ဖြေရင် စစ်သားမှစစ်သားပဲ။ ၈၈ နောက်ပိုင်းတော့ စစ်တပ်က လက်ကိုင်တုတ်ဖြစ်နေတာကို သိလိုက်ရတော့… စစ်သားမလုပ်မိတာ တော်သေးတယ် ငါဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အသက်ရှင်ခွင့်ရတဲ့လူဆိုပြီး ကျေနပ်မိပါတယ်။
ကိုပေါသာ စစ်ထဲဝင်မိရင် … ဘယ်လိုနေမှာပါလိမ့်နော်…
ဘာလို့များ တပ်ထဲမဝင်လိုက်တာလဲကွယ်...
ခုလောက်ဆို စိန်စီသောညထဲက
မင်းသားလေးဟာ ကိုပေါဖြစ်ချင်ဖြစ်နေမှာ..
:D :D :D
စိန်စီသော ကိုပေါ မဖြစ်လိုက်တာ
နာတယ်ကွာ။
ကိုပေါရေ နင်ငါ့နဲ့ အသက်တူတယ်ကွ
မှတ်မိသေးတယ် ငါတို့ငယ်ငယ်က လူငယ်တိုင်းဆီမှာ စစ်အကီင်္ျ တယောက် တထည် တော့ရှိခဲ့ကြတယ်နော်..
အရမ်းကြိုက်ခဲ့တဲ့ ရှေးဦးဖက်ရှင်ပဲ..
မြတ်မြတ်နိုးနိုးကို ၀တ်ခဲ့ကြတာ
အဲတာဝတ်လိုက်ရင်ပဲ ကိုယ့် ဖက်ရှင်ကပြည့်စုံလုံခြုံသွားပီး အရမ်းမိုက်တဲ့ ၀ှီးလင်( feeling)ရတွားခဲ့တာနော်...
ကျနော် ကိုပေါတယောက် အကြောင်းမညီညွတ်လို့ ဘောင်းဘီမ၀တ်လိုက်ရတဲ့ ဇာတ်လမ်းကို စိတ်ဝင်တစား လာဖတ်သွားကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အံမယ်လေး....တချို့ကွန်မင့်လေးတွေကလည်း ရက်စက်လိုက်တာဗျာ။ ရုရှားက ဘလော့ဂါလေးဖြစ်ရတဲ့အထိကတော့ ကိစ္စမရှိလှသေးပါဘူး။ ဒါပေမယ့် စိန်စီသောညဗီဒီယိုထဲက မင်းသားလေး ဆိုတာကတော့....အဟင့်ဟင့်...ဟိုသီချင်းထဲကလို “တကယ်မုန်းရင်...အဆုံးသာ စီရင်လိုက်တော့ကွယ်” လို့သာ ငိုချင်းချလိုက်မိချင်တော့ရဲ့။
ကိုပေါရေ.. ဒီနေ့မှ ဘလော့လည်ဖြစ်တယ်... စိန်စီသော ကိုပေါ ဖြစ်တော့လဲ အကြောင်းလားကွယ်.. အဆစ်လေးပါ အလကားရတာပဲဟာ ကို.... ဟိဟိ
ကိုပေါရေ ...
စကားတွေ ခဏခဏ ပြောဖြစ်ပေမယ့် အဲ့ဒီကိစ္စ မပြောဖြစ်ခဲ့ဘူး ...
ကျွန်တော်လည်း အဲဒီတုန်းက ဆယ်တန်းအောင်စ ဗိုလ်လောင်းဖြေဖို့ သူငယ်ချင်း တစ်စုနဲ့ အားကစားတွေလုပ်၊ ဗဟုသုတပြည့်ဝဖို့ စာတွေဖတ်နဲ့ တော်တော်ရူးခဲ့သေးတယ် ...
၈၈၈၈ ကြောင့် စစ်တပ်ကို စိတ်နာပြီး မလျှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ...
ကိုပေါ အဲဒီတုန်းက ၀င်လျှောက်ဖြစ်ခဲ့လို့ စစ်ဗိုလ် ဖြစ်ခဲ့လည်း မူလစိတ်ဓါတ်အခံက ခိုင်မာကောင်းမွန်ပြီးသားမို့ မှိုင်းမိခံရလည်း ခဏတာပဲ ဖြစ်ပြီး မှန်ကန်တဲ့ လမ်းကြောင်းကို ပြန်လျှောက်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ် ...
်ုကို ပေါ ဘလော့ကို ခု မှ ဖတ် ဖူးတယ် ကြိုက် သွား ပြီး
Post a Comment