Showing posts with label anniversary. Show all posts
Showing posts with label anniversary. Show all posts

ပေါက်ကရ လေးချိုးကြီး

ရှစ်လေးလုံးနှစ်ပတ်လည်အခါသမယမှာ
မြန်မာအရေးဆိုတာကြီးကို
ပြန်ကာတွေး ဆွေးမိပြန်တော့
အာရုံထဲမှာ ကွေးကွေးကြီးမြင်လာရပြန်တာက....

သံသရာဘေးအထိ မလန့်မရွံ့ရှာပြီဘု
ဆန်သာပေးကြည့် နန့်နန့်ထွန့်ပါမည် ထင်နေပုံရတဲ့
(အိုကွယ်) မမှန်တာတွေးသည့် ကြံဖွံ့ပါတီ။

သြော်...လမ်းမှားမပြင်ခဲ့
ရမ်းကားချင်တဲ့
စွမ်းအားရှင်အဖွဲ့ဆိုတာကလည်း ခြံထဲမှာ တစီစီ။

သူခိုးကြီးဘေးမှာဆို ကျုပ်ပျော်သည်တဲ့
အဖိုးနည်းခွေးပမာ နဂိုအဟုတ်လော်လီကြပေရဲ့
အရိုးချည်းလွေးကာ ဗိုလ်စုတ် အဲလေ ဗိုလ်ချုပ်ကတော်ပီပီ
(ဟိုလေ များတို့က)....အမျိုးသမီးရေးရာရဲ့ ဗဟိုအလုပ်ကော်မတီ။

အင်း...အမွှေးလက်တောက်တဆုံးသာ မြော်မြင်နိုင်ကြလို့ (မျက်တောင်မွှေးနော်.. မျက်တောင်မွှေး... လျှောက်မတွေးနဲ့)
လေးဘက်ထောက် ကုန်းကာ အော်ချင်နေရှာတဲ့
ခွေးနောက်ဆွဲ အဖော်မင်သူတစုအတွက်
ရွေးကောက်ပွဲ ကော်မရှင်တခုလည်း ပေါ်လာရပြန်သည်။

တရားမှန်တာ အလေးမမူကြလေတော့
နဖားသန်ရာ ပြေးသူ ငအတွေမှာဖြင့်
အမှားအဖန်တရာ အပေးအယူ မလှချေမှ
နွားကန်တာ ခွေးအူပြသလိုပ
အသနားခံစာ ရေးသူဘဝကိုလည်း ရောက်ခဲ့ပြီ။

ပိတောက်ရိပ်ဆို ဘလော့ဂ်ပေါ်မှာလည်း
တယောက်စိတ်တို အသော့ကော်ကာ ဆဲလေတော့
(ဘာလဲဟ... ဒီငနဲက.... ဟိုလူ့ကော်ဆဲ ဒီလူ့ကော်ဆဲနဲ့)
အတော့်အတော်ကို အာပြဲလို့ မောလှချေပြီ။
အင်း.... ညနေကျရင် ဘီယာထွက်သောက်တာပဲ ကောင်းတော့မည်။

ဟာ....ဘာမှလည်း မဆိုင်ဘူး၊ ကဗျာဖွဲ့ပုံနည်းစနစ်လည်း မညီဘူး လာမပြောကြနဲ့။ ဒါပို့စ်မော်ဒန်လေးချိုးကြီးလို့ခေါ်တယ်။ ငါ့ကဗျာငါရေး ကြပ်ပြေးရောက်ရောက်။ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အမှတ်တရအဖြစ် ဒီနေ့ မြန်မာ့အရေးမှာ ဖြစ်ပျက်နေသမျှ ပေါက်ကရတွေကို ကပေါက်တိကပေါက်ချာ ကဗျာတခုအနေနဲ့ ရေးချလိုက်ပါတယ်။

ကိုပေါ
၈-၈-၂၀၁၀
Read more

“ကျောက်ခဲ မဟုတ်ပါ”

ကျောက်ခဲတလုံးကို ရေထဲသို့ ပစ်ချလိုက်သည်။ ပလုံကနဲ အသံကိုပြုလျက် ချက်ချင်းပင် နစ်မြုတ်သွားသည်။ ရေကူးဖို့ နည်းနည်းလေးမှ မကြိုးစား။ ရုန်းကန်ဖို့လည်း မကြိုးစား။ ကျောက်ခဲပီသစွာပင် ပစ်ချလိုက်ရာ နေရာ၌ သစ္စာရှိရှိ နစ်မြုတ်သွားလေတော့သည်။

ရေမကူးရကောင်းလားဟု ကျောက်ခဲကို အပြစ်မတင်ပါနှင့်။ ကျောက်တုံးကျောက်ခဲတွင် အသက်ဝိဉာဉ်မရှိပါ။ အသိဉာဏ်လည်းမရှိပါ။ ထို့ပြင် ရေကူးရန် ခြေလက်များလည်း မပါပါ။

ဂဝံကျောက်များ၊ ကျောက်စရစ်ခဲများကို လမ်းခင်းသည့်နေရာ၌ အသုံးပြုကြသည်။ ၄င်းတို့အပေါ်မှ လူများ အကြိမ်ကြိမ် အထပ်ထပ် နင်းကျော် ဖြတ်လျှောက်ကြသည်။ ထိုမျှမက “လမ်းခင်းတဲ့ကျောက်ခဲကတော့ အသွေးအရောင် မပြောင်မွဲ၊ တန်ဘိုးမှာလည်းနည်း” ဟု သီချင်းလုပ်ပြီးတောင် အဆိုခံလိုက်ရရှာသေးသည်။ သို့စင်လျက် သမိုင်းကာလ တလျှောက်လုံးတွင် အနင်းခံ၊ အဖိနှိပ်ခံ ကျောက်တုံးကျောက်ခဲများက မခံမရပ်နိုင်ဖြစ်ကာ တော်လှန်ထကြွသည်ဟု မကြားစဖူး။ ကျောက်ခဲထုကြီးတရပ်လုံး လွတ်မြောက်ရေးအတွက် တခဲနက် ဆန္ဒပြတောင်းဆိုသည်ဟုလည်း မရှိခဲ့စဖူး။

ကျောက်ခဲများ ငုံ့ခံနိုင်လွန်းရန်ကောဟု အပြစ်မတင်ပါနှင့်။ ကျောက်ခဲတွင် ခံစားချက် မရှိပါ။ လက်သီးလက်မောင်းတန်းစရာ လက်နှစ်ဖက် ပါမလာပါ။ မကျေနပ်ကြောင်း အော်ဟစ် ဖော်ပြစရာ ပါးစပ်ပေါက် ပါမလာပါ။ အံကြိတ်ပြစရာ အံသွားများ ပါမလာပါ။

သည့်အတွက် ကျောက်ခဲများခမြာ လူပြုသမျှ နုရရှာလေသည်။ လမ်းအခင်းခံရသည့် ကျောက်ခဲများရှိသည်။ ဘိလပ်မြေနှင့်ရောကာ အင်္ဂတေအလုပ်ခံရသည့် ကျောက်ခဲများရှိသည်။ ဆင်းတုအဖြစ် ထုဆစ်ကာ ဘုရားစင်တွင် တင်၍ အကိုးကွယ်ခံရသည်လည်းရှိသည်။ ပါးလျစွာ ခွဲစိတ်၊ ဖြတ်တောက်၊ အချောကိုင် ခံရပြီးသကာလ အိမ်သာကြမ်းပြင်အဖြစ် အသုံးခံရသည်လည်းရှိသည်။ ထုနှက်သတ်ဖြတ်စရာ လက်နက်အဖြစ် အသုံးတော်ခံရသည့် (သွေးစွန်းပေလျက်ရှိသော) ကျောက်ခဲများလည်း လောကတွင်ရှိသည်။

ရောက်ရာဘဝတွင် ဒေါင်ကျကျ ပြားကျကျ မငြီးမငြူနေနိုင်သည့်အတွက် ကျောက်ခဲများကို ချီးမွမ်းစရာမလိုသလို လူပြုသမျှ နုရသည့်အတွက်လည်း အပြစ်တင်ရန် အကြောင်းမရှိ။ ဆိုခဲ့သည့်အတိုင်း ကျောက်ခဲတွင် အသက်မရှိပါ။ ခံစားချက်မရှိပါ။ အသိဉာဏ်လည်း မရှိပါ။

သို့သော်…. လူဆိုသည်ကတော့ ကျောက်ခဲလိုမဟုတ်။ အသက်လည်းရှိသည်။ ခံစားချက်လည်းရှိသည်။ အသိဉာဏ်လည်းရှိသည်။

လူသည် ဖိနှိပ်မှုနှင့် ကြုံကြိုက်လာလျှင် ကျောက်တုံးကဲ့သို့ ငုံ့မခံ။ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန် လမ်းကို ကြိုးစားရှာဖွေသည်။

ကျနော်တို့၏ ဘိုးဘွားဘီဘင်များ ကျောက်တုံးကဲ့သို့ မကျင့်ကြံခဲ့သဖြင့် ကျနော်တို့နိုင်ငံသည် တိုင်းတပါးသားတို့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှ လွန်ခဲ့သော ၆၂နှစ်က ဤနေ့ဤရက်တွင် လွတ်လပ်ရေးရခဲ့သည်။

ယခုအခါ ကျနော်တို့ မျိုးဆက်လက်ထက်တွင် စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုကို ကြုံတွေ့နေရပြန်သည်။ သို့သော် မြန်မာနိုင်ငံသားများသည် အသက်မဲ့၊ ခံစားချက်မဲ့၊ အသိဉာဏ်မဲ့ ကျောက်တုံးကျောက်ခဲများ မဟုတ်ကြဖြစ်သဖြင့် ဖိနှိပ်မှုကို သည်အတိုင်း ငုံ့ခံနေကြမည် မဟုတ်ပါ။ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရန် လူပီသစွာ ကြိုးပမ်းကြမည်သာ ဖြစ်သည်။
Read more

“ဆန့်ကျင်ဖက်လှိုင်းများ”

ပြီးခဲ့တဲ့ တပို့စ်ကျော်တုန်းက ယက်တောကိစ္စမှာ နအဖရဲ့ လုပ်ရပ်ကို ရဟန်းမစားရသော ဆွမ်းတနပ်ထဲက ကျောက်သွေးဆရာရဲ့ ယုတ်ကန်းတဲ့ လုပ်ရပ်နဲ့ ဒီလိုပဲ အမှတ်မထင် သာမန်ကာလျှံကာ နှိုင်းယှဉ်ခဲ့တယ်။ အခုမှ ထပ်တွေးမိတာ ရှိသေးတယ်။ တကယ့်ကိုမှ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အခုစက်တင်ဘာလ ရောက်ပြီလေ။ ရွှေဝါရောင်တော်လှန်ရေးကြီးရဲ့ နှစ်ပတ်လည်တောင် နီးလာပြီပဲ။

စက်တင်ဘာတော်လှန်ရေးကြီးအတွင်းမှာ ရဟန်းတော်တွေရဲ့ ဦးပြည်းစိမ်းစိမ်းတွေကို ဝါးရင်းတုတ်တွေနဲ့ မညှာမတာ ရိုက်နှက်ရုံမက ရဟန်းတော်တွေကို ညှင်းပန်းသတ်ဖြတ်ခဲ့တဲ့ နအဖ လုပ်ရပ်တွေကို ပြန်လည်မြင်ယောင်မိတယ်။ ဘုရား…ဘုရား….. ရဟန်းမစားရသော ဆွမ်းတနပ် ဇာတ်ကားထဲက ကျောက်သွေးဆရာရဲ့ လုပ်ရပ်ထက်တောင် ပိုမိုရက်စက်ကြမ်းကြုပ်သော နအဖ အစိုးရရဲ့ လုပ်ရပ်ပါတကား။

ကြည့်စမ်းပါဦး။ အဲဒီ သံဃာတော်တွေ၊ ရဟန်းတော်တွေဆိုတာ တိုင်းပြည်ကောင်းရာကောင်းကျိုးအတွက်၊ တိုင်းပြည်အေးချမ်းစေလိုတဲ့အတွက် လမ်းမပေါ်မှာ အေးအေးချမ်းချမ်း မေတ္တာပို့ပြီး ဆုတောင်းပြီး ဒကာဒကာမတွေ၊ ပြည်သူတွေကိုယ်စား အစိုးရကို သာယာညှင်းပြောင်းစွာ နားချဖို့ ကြိုးစားခဲ့ကြတာမဟုတ်လား။ ဒါကို နအဖ အစိုးရက ဘယ်လို တုန့်ပြန်ပါသလဲ။

သင်္ကန်းဝတ်တွေ၊ ရဟန်းတုတွေလို့ မတော်မတရား စွတ်စွဲပြီး ဝါးရင်းတုတ်နဲ့ ရိုက်နှက်တယ်၊ ဖမ်းဆီးတယ်၊ အကျဉ်းချတယ်။ အတင်းလူဝတ်လဲခိုင်းတယ်။ ပြီးတော့ ညှင်းပမ်းနှိပ်စက်သေးတယ်။ ရိုင်းစိုင်းရက်စက်ပုံကတော့ ကမ်းကုန်ပါပေတယ်။ ဦးပုညစကားနဲ့ ပြောရရင်တော့….

အမိုက်တကာ့ ဗိုလ်မင်း
အဖျင်းတကာ့ ဗိုလ်ချုပ်
အပယ်လေးလီ မြစ်နဒီမှာ
ပလုံစီအောင် ငုပ်မယ့်
လူယုတ်ကြီးတွေ….. ပေါ့။

တကယ်တော့ ဒီသံဃာတော်တွေဆိုတာ ရန်ကုန်က ကျောင်းတိုက်ကြီးတွေမှာ ပရိယတ္တိကို သင်ကြားနေကြတဲ့ သံဃာတွေ။ ဗုဒ္ဓသာသနာ ပျံ့ပွားစည်ပင်အောင်၊ အဓွန့်ရှည်အောင် ကြိုးပမ်းကြမယ့် မျိုးဆက်သွေးတွေ။

သူတို့တတွေ ဘာကြောင့် လမ်းပေါ်ထွက်ရသလဲ။ ဆွမ်းကွမ်း၊ ဝေယျာဝစ္စ အစစကို တာဝန်ယူကြရတဲ့ ဒကာ၊ ဒကာမတွေရဲ့ ဒုက္ခ (တနည်း) ပြည်သူလူထုရဲ့ ဒုက္ခအကြပ်အတည်းတွေကို မကြည့်ရက် မမြင်ရက်လို့ ဒီစစ်အစိုးရ ရက်စက်မယ်မှန်းသိသိနဲ့ လမ်းမပေါ်ထွက်ခဲ့ကြတဲ့ အာဇာနည်တွေပါ။ ဒီစစ်အစိုးရဟာ ရဟန်းသော၊ သံဃာသော နားမလည်ဘူးဆိုတာ ၁၉၈၈-၁၉၉၀ ခုနှစ်တွေ ကတည်းက သူတို့ သဘောပေါက်ကြပြီးသားပါ။ ပခုက္ကူမှာ သံဃာတွေကို နအဖ လက်ပါးစေတွေက ဘယ်လို ဆက်ဆံတယ်ဆိုတာ သံဃာတော်တွေ မသိမဟုတ် သိကြပါတယ်။

ဒါပေမယ့် ဗုဒ္ဓရဲ့သားတော်တွေပီပီ အထူးဖြောင့်မတ်သော အကျင့်ကို ကျင့်ကြတယ်။ မှန်သောဖက်မှာပဲ ရပ်တည်ကြတယ်။ မေတ္တာတရားကို ရင်ဝယ်ပိုက်လို့ လမ်းမပေါ်မှာ ငြိမ်းချမ်းစွာဆုတောင်းရင်း ပြည်သူ့ရဲ့ ဆန္ဒကို ပြည်သူ့ကိုယ်စားဖွင့်ဟကြတယ်။ သံဃာတော်တွေရဲ့ အကြမ်းမဖက် ငြိမ်းချမ်းသော ဆန္ဒထုတ်ဖော်ပွဲကို တကမ္ဘာလုံးက လေးစားအံ့သြကြရတယ်။

ဒါပေမယ့် ဒါရိုက်တာကြီး ဦးသုခရဲ့ ရဟန်းမစားရသော ဆွမ်းတနပ်ထဲက ဇာတ်ရှိန်အမြင့်ဆုံးအခန်းလိုပဲ…. သူယုတ်နေရာက သရုပ်ဆောင်တဲ့ နအဖအစိုးရဟာ ဘီလူးဆိုင်း တီးပြီးထွက်လာတယ်။ တဖက်မှာက အေးချမ်းတဲ့ မေတ္တာပို့ ရွတ်ဖတ်သံတွေ။ တဖက်မှာတော့ ဘီလူးဆိုင်းနဲ့ ဘီလူးစိတ်ဝင်နေတဲ့ လုပ်ရပ်။

ဦးသုခရဲ့ ဇာတ်လမ်းထဲမှာ ကျောက်သွေးဆရာရဲ့ ရိုက်ပုတ်မှုကြောင့် ရဟန်းတော်ရဲ့ ဦးပြည်းစိမ်းစိမ်းကနေ သွေးတွေ ရဲပြီး ဖြာကျလာသလို…. နအဖ စစ်အစိုးရရဲ့ အကြမ်းဖက်မှုကြောင့် သံဃာတော်ပေါင်းများစွာ ဦးခေါင်း၊ လက်မောင်း၊ ပုခုံးတို့မှာ ဒဏ်ရာတွေရကြရှာသလို အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ရတယ်။ စက်တင်ဘာတော်လှန်ရေးကို နအဖက ရက်ရက်စက်စက် နှိပ်ကွပ်အပြီးမှာ ရန်ကုန်မြို့အနီးအပါးက ချောင်းတွေထဲမှာ သံဃာတော်အလောင်းတွေ ပုပ်ပွပြီး မျောလာတာကို ကမ္ဘာတလွှားက မီဒီယာတွေမှာ မြင်ကြတွေ့ကြရတဲ့အခါ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေသာမက၊ ကမ္ဘာသူကမ္ဘာသား အားလုံးလိုလို နအဖရဲ့ ရက်စက်ယုတ်မာမှုကို အကြီးအကျယ် ထိတ်လန့်ကြတယ်။ အော့နှလုံးနာကြတယ်။ ရွံရှာစက်ဆုပ်ကြတယ်။

မေတ္တာနဲ့ ဒေါသ…။
ဓမ္မနဲ့ အဓမ္မ…..။
ငြိမ်းချမ်းမှုနဲ့ အကြမ်းဖက်မှု…..။
ရဲဝံ့ခြင်းနဲ့ သူရဲဘောကြောင်မှု…..။
မတူညီတဲ့ ဆန့်ကျင်ဖက်လှိုင်းတွေကို အဖြူနဲ့အမဲလို ပြက်ပြက်ထင်ထင် မြင်တွေ့လိုက်ကြရတယ်။

ဓမ္မနဲ့ အဓမ္မတွေ့ကြတဲ့အခါ ဓမ္မဖက်က ရပ်တည်ကြတဲ့ စစ်သည်တော်တွေ၊ သူရဲကောင်းတွေ အထိုက်အလျောက် သေကျေပျက်စီးဆုံရှုံးတာတော့ ရှိပါတယ်။ ဒါပေမယ့် ဓမ္မကိုယ်၌က ကျဆုံးသွားတာ၊ အရေးနိမ့်သွားတာတော့မဟုတ်ပါဘူး။ ဓမ္မကသာ ရေရှည်မှာ အောင်လံထူပါလိမ့်မယ်။

အလားတူ အဓမ္မကို လက်ကိုင်ကျင့်သုံးသူတွေအနေနဲ့လည်း အနှေးနဲ့အမြန်ဆိုသလို ကျဆုံးရမှာပါ။ သူတို့ဟာ အာဏာလက်ရှိကိုင်ထားသူတွေမို့ အသာစီးက ရနေသယောင် ထင်မှတ်မှားနေကြပေမယ့် တကယ်တော့ သူတို့ဟာ ရှုံးနိမ့်နေတဲ့ စစ်ပွဲတရပ်ကို ခြေကန်တိုက်နေကြရသူတွေပါ။ သူတို့မှာ နေ့စဉ်နဲ့အမျှ အကြောက်တရားတွေ၊ မလုံခြုံမှုတွေ ပတ်လည်ဝိုင်းနေတယ်။ လောဘ၊ ဒေါသ၊ မောဟမီးတွေ အစဉ်သဖြင့် လောင်မြိုက်နေတယ်။ မမြဲတဲ့ သဘောတွေကို မြဲတယ်လို့ထင်မှတ်ပြီး ထာဝရ ဆုပ်ကိုင်ထားနိုင်ဖို့ တပင်တပန်း ကြိုးပမ်းနေကြရရှာတယ်။ ပတ်ဝန်းကျင်မှာ မိတ်ဆွေစစ်တွေထက် အကျိုးလိုလို့ ညောင်ရေလောင်းသူတွေ၊ မြှောက်ပင့်သူတွေ၊ လိမ်ညာသူတွေ ပတ်လည်ဝိုင်းနေတယ်။ မိမိအာဏာရှိနေတုန်းမှာသာ အနားမှာ ခစားနေကြပေမယ့် အာဏာမရှိတော့တာနဲ့ ခြေစုံကန်သွားကြမယ့်လူတွေသာ ဝန်းရံနေတယ်ဆိုရင် မမှားပါဘူး။ တချက်ခြေလှမ်းမှားတာနဲ့ မိမိရော၊ မိသားစုပါ ဒုက္ခရောက်သွားနိုင်တဲ့ အခြေအနေကြီးထဲမှာ ပိတ်မိနေကြသူတွေလို့ မြင်ပါတယ်။

စက်တင်ဘာတော်လှန်ရေးကြီးဟာ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံလူတန်းစားနှစ်ရပ်ကြားမှာ ခေတ်ရဲ့ တောင်းဆိုချက်၊ လိုအပ်ချက်အရ ထွက်ပေါ်လာတဲ့ တိုက်ပွဲကြီးဆိုရင်လည်း ဟုတ်တယ်။ ဓမ္မနဲ့ အဓမ္မအကြားက အားပြိုင်မှုကြီး တခု ဆိုရင်လည်း မမှားဘူး။ ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်မှု ဝါဒလမ်းစဉ်နှစ်ရပ်အကြား အစပျိုး ပဋိပက္ခလို့လည်း ပြောလို့ရတယ်။

အခုဆိုရင် နအဖကတော့ ဆင်ကန်းတောတိုး ဆိုသလို သူသဘောကျရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ ၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲကို သွားနေပြီ။ သူ့အနေနဲ့က ပေါက်တဲ့နဖူး မထူးတော့ပြီ ဆိုတာလို မထူးဇာတ်ကို ဘယ်သူပါပါမပါပါ သူ့တကိုယ်တော် ကပြတော့မှာပဲ။
ကပါစေ။ အားရပါးရ ကပါစေ။ နအဖအတွက် ဇာတ်သိမ်းခန်းက ရောက်တော့မှာပါ။ မကြာခင် အပူတိုက်ခန်းတွေ ဘာတွေ ကြားရကိန်းရှိတယ်။

သင်ခန်းစာက ပြည်သူထောက်ခံမှုမရတဲ့ အစိုးရတရပ်ဟာ ဘယ်အရာကို လုပ်လုပ် မအောင်မြင်နိုင်ဘူးဆိုတာ လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး နအဖလုပ်ခဲ့တဲ့ အမှုတွေကို ပြန်ကြည့်ရင် တွေ့နိုင်ပါတယ်။ ဈေးကွက်စီးပွားရေး။ မအောင်မြင်ပါဘူး။ မြန်မာ့ခရီးသွားနှစ်။ မအောင်မြင်ပါဘူး။ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်။ မအောင်မြင်ပါဘူး။ ပညာရေးစနစ်။ မအောင်မြင်ပါဘူး။ နွေစပါး။ မအောင်မြင်။ ကြက်ဆူ။ မအောင်မြင်။ ဘာဆိုဘာမှ အောင်အောင်မြင်မြင် မလုပ်နိုင်ခဲ့တဲ့ အစိုးရတရပ်ပါ။ အခု လုပ်နေတဲ့ လမ်းပြမြေပုံကလည်း မည်ကာမတ္တနဲ့သာ ပြီးသွားတော့မယ်။ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ မလုပ်ခင်ကတည်းက အဖြေထွက်နေပြီးသား။ နအဖ လုပ်တတ်တာ တခုပဲရှိတယ်။ တိုင်းပြည်မှာ ထွက်သမျှ သယံဇာတတွေကို လက်ညိုးထိုး ရောင်းစားပြီး ရတဲ့ငွေကို ကိုယ့်အိတ်ကပ်ထဲထည့်တာမျိုးလောက်ပဲ လုပ်တတ်တယ်။ အဲဒါကလည်း မရှက်တတ်ရင် ဘယ်သူမဆို လုပ်တတ်တဲ့ အလုပ်မျိုးကလား။

အာဏာရှင်စနစ်ရဲ့ မကောင်းဆုံးအချက်က…. အဲသည်လို မကောင်းတဲ့အစိုးရ အာဏာရနေပြီဆိုရင် ဖြုတ်ချရ ခက်ခဲတတ်တာ၊ ကြန့်ကြာတတ်တာပါပဲ။ ဘယ်လိုပဲ ခက်ခဲပါစေ၊ ကြန့်ကြာပါစေ…. စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ဖို့ဆိုရင်တော့ အဲသည်အဆင့်ကို ကျော်ဖြတ်ကြရမှာပါ။ ဇွဲ၊ လုံ့လ နဲ့ စိတ်ဓါတ်ခွန်အားတွေ၊ ရေရှည်ကျိတ်ကြရမယ့် အင်အားတွေ လိုပါမယ်။ ပြည်သူအများစု ပူးပေါင်းပါဝင်ကြပြီဆိုရင် နအဖရဲ့ ဇာတ်သိမ်းခန်းက မဝေးတော့ဘူးဆိုတဲ့အကြောင်း ထပ်လောင်းရေးသားလိုက်ပါတယ်။
Read more

“နောက်ဆုံးခံတပ်”


မြန်မာ့နိုင်ငံသမိုင်းမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အခန်းကဏ္ဍကို မေ့ပျောက်လို့မရဘူး။ ဆရာ ဒဂုန်တာရာစကားကို (ကျနော်မှတ်မိသလို) ပြန်ကိုးကားရရင်….

“၁၃၀၀ပြည့် အရေးတော်ပုံကြီးကြောင့် မြန်မာ့လွတ်လပ်ရေးကို ချက်ချင်း မရယူနိုင်ခဲ့သော်လည်း လွတ်လပ်ရေးကို အရယူပေးမယ့် မျိုးဆက်တခုကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ အလားတူပဲ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ဒီမိုကရေစီကို ချက်ချင်းမရခဲ့သော်လည်း ဒီမိုကရေစီကို ဆောင်ကျဉ်းပေးမယ့် မျိုးဆက်သစ်တရပ်ကို မွေးဖွားပေးခဲ့ပါသတဲ့”

အလားတူပဲ မကြာခင်ကမှ ခေတ်ပြိုင်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဦးဝင်းတင်နဲ့ အင်တာဗျူးမှာ ရှစ်လေးလုံးအရေးအခင်းကြီးနဲ့ ပတ်သက်လို့ ဦးဝင်းတင် ပြောကြားသွားတာ ရှိပါသေးတယ်။

“အဲဒီကာလအတွင်းမှာ အထင်ရှားဆုံးနဲ့ အကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်ဆိုသော နိုင်ငံရေးခေါင်းဆောင်တဦး ပြည်သူကြားက၊ လှုပ်ရှားမှုကြားက ပေါ်ထွက်လာတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ဟာသူ နဂိုကတည်းက ခေါင်းဆောင်ဖြစ်နေတာမဟုတ်ဘူး။ ဒီလှုပ်ရှားမှုက မွေးထုတ်လိုက်တာ။ အရေးတော်ပုံက မွေးထုတ်တဲ့ခေါင်းဆောင်။”

“ဒီမိုကရေစီအကျိုးတွေကို မရလိုက်သော်ငြားလည်း ဒီနေ့ထိ ရှစ်လေးလုံးစိတ်ဓာတ်က မကွယ်ပျောက်ဘူး ရှိနေတယ်။ နိုင်ငံရေးပါတီကြား၊ ကျောင်းသားလူငယ်ကြားထဲမှာ ရှိနေတယ်။ ဒီနေ့ အန်အယ်လ်ဒီလို ဒီမိုကရေစီနိုင်ငံရေးရှင်သန်နေတာ၊ ရဟန်းသံဃာ၊ ပြည်သူ၊ ကျောင်းသားတွေထဲမှာ ရှင်သန်နေတာတွေ အားလုံး ဒီနေ့နိုင်ငံရေးဖြစ်ပေါ်မှုတွေအားလုံးဟာ ရှစ်လေးလုံးကနေ အခြေခံခဲ့တဲ့ ရှစ်လေးလုံးစိတ်ဓာတ်ရဲ့ အသီးအပွင့်တချို့ပေါ့ဗျာ။”

နိုင်ငံတခုမှာ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံရသူ လူတန်းစားနှစ်ရပ်ပေါ်ပေါက်လာရင် ဖိနှိပ်ခံရသူတွေဟာ အဖိနှိပ်ခံဘ၀က လွတ်မြောက်အောင် ကြိုးစားတတ်ကြတာ သဘာဝပါ။ အဖိနှိပ်ခံလူတန်းစား မထကြွလာရဲအောင် အာဏာရှင်ကလည်း ပိုမို ဖိနှိပ်တတ်တဲ့ သဘောသဘာဝ ရှိပါတယ်။ ဒါပေမယ့် အာဏာရှင်က ပိုမို ဖိနှိပ်လေလေ၊ ပြည်သူကလည်း မခံမရပ်နိုင်ဖြစ်လေလေပါပဲ။

၂၆ နှစ်လုံးလုံး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဆိုပြီး အရပ်သား မျက်နှာဖုံးစွပ်ထားတဲ့ စစ်အစိုးရဟာ ပြည်သူလူထုကို တုတ်တုတ်မျှ မလှုပ်အောင် ချုပ်ထားနိုင်တယ် ထင်ခဲ့ရတယ်။ ဒါပေမယ့် ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် မဆလအစိုးရပြုတ်ကျသွားတဲ့အတွက် စစ်အစိုးရအနေနဲ့ အရပ်သားမျက်နှာဖုံး လုံးဝကွာကျခဲ့ရပါတယ်။ တခါ နအဖ စစ်အစိုးရက အာဏာသိမ်းပြီး အစိုးရဖြစ်လာပြန်တော့ လူထုကို ဆထက်တံပိုးတိုးလို့ ဖိနှိပ်အုပ်ချုပ်ပြန်တယ်။ စစ်အစိုးရတက်လာကာစ သာသနာရေးကို အားပေးသယောင်ယောင်နဲ့ ဘုရားတွေတည်၊ ကျောင်းတွေဆောက်ပြီး ဘုရားဒကာ၊ ကျောင်းဒကာ၊ သာသနာ့ဒါယိကာ အချိုးချိုးလာတဲ့ နအဖဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ဘုန်းတော်ကြီးတွေကို ရက်ရက်စက်စက် ရိုက်နှက်ပစ်သတ်ခဲ့လို့ ဘုရားဒကာ မျက်နှာဖုံးပါ လုံးလုံးလွင့်စဉ် သွားရပါတော့တယ်။

ဒါတွင်မက နာဂစ် မုန်တိုင်းအတွင်းမှာတော့ နိုင်ငံတကာက ကမ်းလှမ်းလာတဲ့ လူသားဆန်တဲ့ အကူအညီပေးမှုတွေကိုပါ ကဖျက်ယဖျက် လုပ်လိုက်ပြန်တဲ့အခါ စစ်အစိုးရရဲ့ လူသားမျက်နှာဖုံးပါ မုန်တိုင်းနဲ့အတူ လွင့်ပါသွားတယ်လို့ ဆိုနိုင်ပါတယ်။ အခုဆိုရင် နအဖရဲ့ မူလအသွင်သဏ္ဍန်အစစ်ဖြစ်တဲ့ စစ်ဘီလူးကြန်အင်လက္ခဏာတွေကို အထူးတလည် မှန်းဆကြည့်စရာမလိုလောက်အောင် အတိုင်းသားမြင်နေကြရပါပြီ။

ဒါဟာ စစ်အာဏာရှင်ရဲ့ မျက်နှာဖုံးတွေ တလွှာပြီး တလွှာကျွတ်ကျနေတာဖြစ်သလို စစ်အာဏာရှင်ရဲ့ ခံတပ်တွေ တတပ်ပြီး တတပ်ပြိုကျနေတာလို့လည်း ပြောလို့ရပါတယ်။ စစ်အာဏာရှင်ဟာ နောက်ကို တလက်မချင်း ရွှေ့ပေးနေရတဲ့သဘောပါ။ လမ်းပြမြေပုံ ၇ ချက်နဲ့ နောက်ကို နောက်ပြန်တလှမ်းချင်း ရွှေ့နေတဲ့ နအဖ စစ်အစိုးရပါ။ အခုဆိုရင် ချောက်ကမ်းပါးကို ကျောပေးလျက်သား အနေအထားကို ရောက်နေပါပြီ။

ပြည်သူတွေအနေနဲ့ကလည်း စီးပွားရေးအကြပ်အတည်းကြောင့်ရယ်၊ နအဖရဲ့ ရက်ရက်စက်စက် ခြေမှုန်းမှုရယ်ကြောင့်သာ အပေါ်ယံမှာ ငြိမ်သက်နေရတာပါ။ နအဖ မကောင်းမှန်းကို ပြည်သူတိုင်းသိသလို အပြောင်းအလဲကိုလည်း ပြည်သူတိုင်းက တောင့်တနေပါပြီ။ ဘယ်ခေတ်အခါကနဲ့မှမတူအောင် ပြည်သူတွေမှာ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ အဖက်ဖက်က ချွတ်ခြုံကျနေချိန်ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ ဗိုလ်ကျသောင်းကျန်းမှုကို ပြည်သူတရပ်လုံးက မခံမရပ်နိုင်ဖြစ်နေကြတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။ အခုဆိုရင် လူငယ်လူရွယ်တွေကအစ ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပြီး ပြည်တွင်းပြည်ပမှာ အင်နဲ့အားနဲ့ လှုပ်ရှားနေကြတဲ့ ခေတ်အခါကို ရောက်နေပါပြီ။

စစ်အာဏာရှင်အနေနဲ့လည်း နောက်ဆုံးခံတပ်မှာ ပိတ်မိနေပါပြီ။ သူ့မှာ သည့်ထက်နောက်ဆုတ်စရာ မြေမကျန်တော့ပါဘူး။ ဒီတခါ ခံတပ်ပြိုပြီဆိုရင် ပြည်သူတွေရဲ့ အောင်ပွဲဆိုတာ အသေအချာပါပဲ။ ကျနော်တို့အားလုံးက ညီညီညာညာ ခွန်အားစုစည်းပြီး ရှေ့ကို လှမ်းတက်ကြဖို့ပဲ လိုပါတော့တယ်။
Read more

“တို့ခေတ်တွင်မှ...”

ပြည်ထောင်စုနေ့ရောက်ခဲ့ပေပြီ။

ငါတို့ ပြည်ထောင်စုသား တိုင်းရင်းသား ညီအကိုမောင်နှမများအားလုံး ဥမကွဲသိုက်မပျက်ဖြင့် ကာက၀လ္လိယဇာတ် (လူဆင်းရဲဇာတ်)ကို မမောတမ်းကပြလျက်ရှိကြကုန်၏။

ငါ့တို့၏ ညီညွတ်ခြင်းသည်…..
ကြောက်ရွံ့ခြင်းကို အခြေခံသော ညီညွတ်ခြင်းပေတည်း။

ငါတို့၏ ညီညွတ်ခြင်းသည်….
မတရားမှုကို ပြန်မလှန်ဝံ့ဘဲ ခေါင်းငုံ့ခံနေကြသော ညီညွတ်ခြင်းပေတည်း။

ငါတို့၏ ညီညွတ်ခြင်းသည်….
လွတ်လပ်စွာ မပြောဝံ့၍ နှုတ်ပိတ်နေကြရသော ညီညွတ်ခြင်းပေတည်း။

ငါတို့၏ ညီညွတ်ခြင်းသည်….
လွတ်လပ်စွာ မပြုမူဝံ့၍ အိမ်တွင်းပုန်းကာ အမြီးကုပ်နေရသော ညီညွတ်ခြင်းပေတည်း။

ထို့ကြောင့်.....
ငါတို့၏ ညီညွတ်ခြင်းသည်….
ပညာဉာဏ်ဖြင့်ယှဉ်သော ညီညွတ်ခြင်းမျိုးမဟုတ်။

ငါတို့၏ ညီညွတ်ခြင်းသည်….
မိမိကိုယ်ကို ယုံကြည်သော၊ အချင်းချင်း အပြန်အလှန် ယုံကြည်မှုရှိသော ညီညွတ်ခြင်းမျိုးမဟုတ်။

ငါတို့၏ ညီညွတ်ခြင်းသည်….
လွတ်လပ်သော လူမျိုးတမျိုး၏ ညီညွတ်ခြင်းမျိုးမဟုတ်။

လွန်ခဲ့သော ၆၂ နှစ်က ငါတို့အဖိုးအဖွားတို့သည် လွတ်လပ်သော လူမျိုးတမျိုးဘ၀ကို တောင့်တသည်ဖြစ်၍ ဤနေ့ဤရက်တွင်….

ပညာဉာဏ်နှင့်ယှဉ်သော ညီညွတ်ခြင်းကို ပြခဲ့ကြသည်။

မိမိကိုယ်ကို ယုံကြည်သော၊ အချင်းချင်း အပြန်အလှန်ယုံကြည်မှုရှိသော ညီညွတ်ခြင်းကို ပြခဲ့ကြသည်။

လွတ်လပ်သော လူမျိုးတမျိုး၏ ညီညွတ်ခြင်းမျိုးကို ပြသခဲ့ကြသည်။

ငါတို့သည် ငါတို့ခေတ်တွင်မှ ညံ့ကြတော့မှာလားဟု မေးခွန်းထုတ်သင့်သည်။

ငါတို့သည် ငါတို့ လွတ်လပ်မှုအတွက်၊ ငါတို့ သားစဉ်မြေးဆက် လွတ်လပ်မှုအတွက်……

ပညာဉာဏ်နှင့်ယှဉ်သော၊
မိမိကိုယ်ကို ယုံကြည်သော၊
အချင်းချင်း အပြန်အလှန်ယုံကြည်မှုရှိသော၊ လွတ်လပ်သောလူမျိုးတမျိုး၏ ညီညွတ်မှုမျိုးကို ပြသရန် အချိန်ရောက်နေပေပြီ။

ငါတို့တိုင်းပြည် လွတ်မြောက်ရေးအတွက် သင့်မှာလည်း တာဝန်ရှိသည်။ ငါ့မှာလည်း တာဝန်ရှိသည်။ ငါတို့ နိုင်ငံသားအားလုံးတွင် တန်းတူရည်တူ တာဝန်ရှိသည်။ ကိုယ့်တာဝန်ကိုယ်ကျေရန် ကြိုးစားအားထုတ်ကြပါစို့။
Read more

“တကယ့်ထောင်”

စွတ်စိုထိုင်းမှိုင်းတဲ့
စိတ်ညစ်ညူးဖွယ်အကျဉ်းခန်းငယ်ထဲက
ရေယိုကျနေတဲ့ ခေါင်မိုးကို
ဆိုလိုတာမဟုတ်။
တ၀ီဝီ အနားကပ် ပျံသန်းရင်း
သီချင်းဆိုနေကြတဲ့ ခြင်တွေကို
ဆိုလိုတာလည်း မဟုတ်။

ထောင်စောင့်က သင့်ကို
အခန်းတံခါးပိတ်
သော့နှိပ်လိုက်စဉ်
တချွင်ချွင်မြည်သွားတဲ့
သော့တွဲဆီက အသံတွေကို
ဆိုလိုတာမဟုတ်။

လူအတွက်ဖြစ်ဖြစ်
တိရိစ္ဆာန်အတွက်ပဲဖြစ်ဖြစ်
ဘယ်နည်းနဲ့မှ
မမျှတ မလုံလောက်တဲ့
ဝေပုံကျ အစားအသောက်ကို
ဆိုလိုတာမဟုတ်။

ဟာလာဟင်းလင်း
ညမှောင်တွင်းကို
နစ်ဆင်းသွားရှာတဲ့
နေ့တာတွေရဲ့
အနှစ်မဲ့တဲ့ အဖြစ်ကို
ဆိုလိုတာလည်း မဟုတ်။
မဟုတ်…
မဟုတ်…
မဟုတ်ရေးချ မဟုတ်။

မျိုးဆက်တခုစာ
သင့်နားအတွင်းကို
ရိုက်သွင်းခံခဲ့ရတဲ့
မုသားတွေကသာ…

သွေးအေးအေးနဲ့ ပေးလာတဲ့
သွေးပျက်ဖွယ်အမိန့်တွေကို
ရက်စက်ကြမ်းကြုပ်စွာ
လိုက်နာအကောင်အထည်ဖော်ကြတဲ့
လုံထိန်းတွေကသာ…

တနပ်စာနဲ့ လှဲလှယ်ဖို့အတွက်
မထိုက်မတန် အပြစ်ဒဏ်မှန်း
သိလျက်နဲ့
အမိန့်စာထက်တွင်
ရေးကာတင်သွားတဲ့
တရားသူကြီးတွေကသာ…

ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ချို့တဲ့မှု….
စိတ်ဓါတ်ရေးရာ ဟောင်းနွမ်းပြိုပျက်မှု….
အာဏာရှင်တွေကို
တရားဝင်ပါတယ်လို့
အငှားထောက်ခံပေးနိုင်ဖို့
ကျိုးနွံနာခံခြင်းကို တောင်းဆိုခဲ့တဲ့
သူရဲဘောကြောင်မှုတွေကသာ….

ငါတို့ရဲ့ ညစ်ထေးနေတဲ့ နှလုံးသားအတွင်း
ချဉ်းနင်းနားခိုနေတဲ့….။
ငါတို့ရဲ့ ဘောင်းဘီတထည်လုံးကို ရွှဲသွားစေပြီးတဲ့နောက်
ငါတို့သေးကိုတောင် ငါတို့မလျှော်ဖွပ်ဝံ့တဲ့….။
ငါတို့ရဲ့ စိတ်ထဲက
အကြောက်တရားတွေကသာ…..

အဲဒါတွေကမှ....
အဲဒါတွေကမှ….
အဲဒါတွေကမှ…. သူငယ်ချင်း
မင်းတို့ ငါတို့ရဲ့
လွတ်လပ်တဲ့ ကမ္ဘာကြီးကို
ပျင်းရိငြီးငွေ့ဖွယ် အကျဉ်းထောင်ကြီးအဖြစ်
ပြောင်းလဲပစ်တဲ့ အရာတွေဖြစ်တယ်။

(ကဗျာဆရာ Ken Saro-Wiwa ရေးဖွဲ့သော The True Prison ကဗျာကို ယနေ့ကျရောက်သော ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်း အနှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ဘာသာပြန်ပါသည်။ အမှားအယွင်းပါသွားက ဘာသာပြန်သူ ကျနော်၏ ညံ့ဖျင်းချက်သာ ဖြစ်ပါကြောင်း။)
Read more

“ဘွတ်ရှ်မေကမ်းမ် အင်န် ဘွတ်ရှ်မေဂိုး”



ယနေ့မှစ၍ နောက်ပြန်ရေတွက်သော် လွန်ခဲ့သော ရှစ်နှစ်တိတိကာလ အခါသမယက ကျနော် မောင်ကိုပေါနှင့် မဒမ်ပေါတို့ စုလျားရစ်ပတ် လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်။ အဲသည်တုန်းကတော့ ကိုပေါတို့ဆိုတာ နှုတ်ခမ်းနီ ပါးနီလေးတွေအသည်းစွဲ အင်မတန်ကြည့်ကောင်းတဲ့ လူတယောက်ဆိုဘဲ။ (ဟင့်အင်း...ဘယ်သူမှ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ဘာသာ ပြောကြည့်တာ...ဟီး)

အမှတ်တရဖြစ်စရာကတော့ ကျနော်တို့ဟာ မစ္စတာ ဘွတ်ရှ် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်လာတဲ့ နှစ်မှာ လက်ထပ်ခဲ့ပြီး အခုဆိုရင် သက်တမ်း ရှစ်နှစ်ပြည့်လို့ မစ္စတာ ဘွတ်ရှ်ခမြာသာ အိမ်ဖြူတော်က ထွက်ခွာရတော့မယ်။ ကျနော်တို့ရဲ့ အိမ်ထောင်ရေးခရီးကတော့ အချိန်တွေ ကုန်မှန်းမသိ အကုန်မြန်လွန်လွန်းလို့ အခုအချိန်အထိ ချစ်စခင်စကြင်နာစလို့ဘဲ ထင်မိပါသေးတယ်။ (ယူလိုက်ဦးမယ် တမှတ်...ဟိ။ နောက်မှာ မဒမ်ပေါ ယောင်းမ ကိုင်စောင့်နေတယ်။ မှားရင်...ဂေါက်ခံရမယ်။ ဟုတ်တယ်လေဂျာ....လျှာနဲ့သွား ဇာတ်လမ်းတွေကိုတော့ ဒီအချိန်မှာ ထည့်ရေးလို့ ဘယ်ဖြစ်ပါ့မလဲ။)

ဆယ်တန်းတုန်းက အင်္ဂလိပ်ကဗျာလေးကိုတောင် အခုလို ဖျက်ပြီး ဆိုလိုက်ချင်သေးရဲ့။

"Bush may come and Bush may go,
But we go on forever."


Read more

အချိုးအကွေ့

၆ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ်။
နံနက် ၅ နာရီ….

မနက်စောစောမှာ အစ်မနှစ်ယောက်က ခြင်းတောင်းကိုယ်စီရွက်လို့ ကျနော်က သားရေအိတ်တလုံးကို စလွယ်သိုင်း လွယ်ထားပြီး သုံးယောက်သား လှေဆိပ်ဆီကို ခပ်သွက်သွက် လျှောက်နေကြတယ်။ အစ်မတွေက ကျနော့်ကို လှေဆိပ်လိုက်ပို့တာပါ။ သည်တုန်းက ကျနော့်အသက်က ဆယ့်ခုနှစ်နှစ်အရွယ်။ ဆယ်တန်းအောင်ပြီးကာစ။

မှတ်မှတ်ရရ အဲသည်နှစ်က ဧရာဝတီမြစ်ရေကြီးလို့ လယ်တွေကို ရေဖုံးပြီး ရွာထိပ်က ရေပေးမြောင်းဘောင်ကြီးအနီးအထိ မြစ်ရေရောက်တယ်။ ရေပေးမြောင်းခွဲတခုရဲ့ တာဘောင်အခြေမှာ ရွက်လှေကြီးတစင်းရပ်ထားတယ်။ ကျနော် စီးဖူးခဲ့သမျှသော လှေများထဲမှာ အကြီးမားဆုံးလှေကြီးတစင်းလို့ ဆိုရမယ်။

ကျနော်လှေပေါ်တက်ပြီး မကြာခင်မှာဘဲ အဲဒီလှေကြီးဟာ အရင်က လယ်ကွင်းနေရာများ၊ အဲဒီအချိန်မှာတော့ ရေပြင်ကြီးဖြစ်နေပြီဖြစ်တဲ့ လယ်ကွင်းပြင်ကျယ်ကြီးဖြတ်ကာ ရွက်လွှင့်ထွက်ခွာလာပါတော့တယ်။

တကယ့် ဧရာဝတီမြစ်ရိုးကို ရောက်တော့ လေက ရုတ်တရက် ထန်လာတယ်။ လှိုင်းတွေကလည်း အရမ်းကြီးလာတယ်။ လှေကြီးလို့သာ တော်တော့တယ်။ သာမန်လှေဆိုရင် အဲဒီလို လှိုင်းကြီးတာနဲ့ဘဲ တိမ်းမှောက်သွားနိုင်တယ်။

လှိုင်းလုံးကြီးတလုံး ပြေးဆောင့်လာတိုင်း လှေဦးဟာ မြောက်တက်သွားပြီး ရွက်တိုင်ရှေ့မှာ ထိုင်နေတဲ့ ကျနော့် မျက်နှာကို ရေမှုန်ရေမွှားတွေ လာစင်တယ်။ ကျနော်နှင့် အတူပါလာတဲ့ အထည်သည် အပျိုကြီးကတော့ လှေမှောက်မှာကို ပူပန်ပြီး ဘုရားစာတွေ တတွတ်တွတ်ရွတ်နေလေရဲ့။

ကျနော်ကတော့ ဒီလို ရင်တလှပ်လှပ်၊ အသည်းတအေးအေး စွန့်စားရတဲ့အဖြစ်ကို ကြိုက်တယ်လို့ အဲသည်တုန်းက ကိုယ့်ဟာကိုယ် အထင်ရောက်နေတယ်။ ပြီးတော့ ကျနော့် အနာဂတ်ကလည်း သည်လိုဘဲ စွန့်စားခန်းတွေနဲ့ ပြည့်နှက်နေတော့မယ်လို့ စိတ်ကူးယဉ်ပြီးတော့ ကျိတ်ပြီးတောင် ပီတိတွေ ဖြာနေလိုက်သေးတယ်။ ဘာကြောင့်လဲဆိုတော့ အခုထွက်ခွာလာတဲ့ ခရီးဟာ ရန်ကုန်ကို သွားပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းဖြေဘို့ ထွက်လာတဲ့ ခရီးစဉ်ဖြစ်နေတဲ့အတွက်ကြောင့်ပါ။

ဧရာဝတီမြစ်ပြင်မှာ အဲသည်နေ့က လှိုင်းတံပိုးတွေ သည်းထန်လှပါတယ်။ ဒါပေမယ့် ကျနော့်ဘ၀နဲ့အတူ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းဟာလည်း မကြာခင်မှာ အဲသည်လိုဘဲ လှိုင်းတံပိုးတွေ ထန်တော့မယ့်ဆိုတာကို ကျနော် စိုးစဉ်းမျှ ရိပ်စားမိခဲ့ခြင်းမရှိပါဘူး။

နေ့လည် ဆယ်နာရီလောက်မှာ ရေနံချောင်းကို ရောက်တယ်။ အဝေးပြေးကားဂိတ်မှာ အိတ်တွေ ခြင်းတွေ သွားအပ်ထားလိုက်ပြီး ရေနံချောင်းဈေးထဲမှာ မုန့်ဟင်းခါးလက်သုပ်ကို ပြေးစားလိုက်သေးတယ်။ သည့်နောက်တော့ ကားဂိတ်ကို ပြန်လာပြီး ညဦးပိုင်းမှာ ထွက်မယ့် ကားထွက်ချိန်ကို ပျင်းရိစွာ ထိုင်စောင့်နေတုန်းမှာ ကားဂိတ်ကို သတင်းတွေ ၀င်လာတယ်။

ရေနံချောင်း အထက ကို ရန်ကုန်က ကျောင်းသားတွေ ရောက်လာပြီ စည်းရုံးနေပြီတဲ့။း အခုကျောင်းသားတွေ ဆန္ဒပြနေကြပြီတဲ့။ နောက် လူတွေလည်း ပါလာကြပြီတဲ့။ ကားဂိတ်မှာဆိုတော့ သတင်းတွေ ဆက်ပြီးဝင်နေတယ်။ ညနေပိုင်းမှာတော့ မကွေးဘက်အထွက် ကားလမ်းမှာ ဓါတ်ဆီတင်ကားတစီးကို မီးတင်ရှို့လိုက်တယ်လို့ ကြားရပြီး မကွေးဘက်ကို သွားလို့မရတော့ဘူး၊ လမ်းပိတ်လိုက်ပြီလို့ ကြားရတယ်။

သည်တော့ ကားဂိတ်က ပြောတယ်။ မကွေးဘက်အထွက်လမ်းကို ပိတ်ရင် ပြည်လမ်းကနေ ရန်ကုန်ကို သွားလို့မရတော့ဘူး။ သည်တော့ မိတ္ထိလာဘက် လမ်းကနေ သွားမယ်။ ရန်ကုန်အထိ တိုက်ရိုက်သွားမယ့် ခရီးသည်များဘဲ တက်ကြပါဆိုတော့ ကျနော်ပျော်သွားတယ်။ ကိုယ်က အဲသည်လမ်းက တခါမှ မသွားဘူးဘဲကိုး။ အခုရောက်ဘူးတော့မယ်ဆို ပျော်နေတာ။

ဒါပေမယ့် နောက်တော့ အစီအစဉ်ပြောင်းသွားပြီး ကားက ချောက်မှာ တညသွားအိပ်တယ်။ ချောက်မြို့ကားဂိတ်ရောက်တော့ ကိုယ့်ခုံဘေးကပ်ရက် အန်ကယ်ကြီးမှာ အိပ်ဆောင် ရေဒီယိုလေးပါလာတဲ့အတွက် မြန်မာသတင်း၊ ဘီဘီစီသတင်း စတဲ့ သတင်းတွေကို ဖွင့်ပြီး နောက်ဆုံးရသတင်းတွေကို အားလုံးဝိုင်းဝန်းနားထောင်ကြတယ်။ ညဘက် ရပ်ထားတဲ့ကားပေါ်မှာလည်း မအိပ်ချင်တော့ အဲဒီနားက လက်ဘက်ရည်ဆိုင်လေးမှာဘဲ စကားတပြောပြောနဲ့ မိုးလင်းသွားတော့တယ်။

၇ ရက်၊ ၈ လ၊ ၁၉၈၈ ခု။

ချောက်ကနေ မနက်ပိုင်းမှာ ကားစထွက်တယ်။ လမ်းမှာ ဘေးခုံက အန်ကယ်လ်ကြီးနဲ့အတူ ရေဒီယို အင်တင်နာကို ကားပြူတင်းပေါက်ကနေ အပြင်ထုတ်ပြီး ဘီဘီစီ မရမက နားအထောင်ကောင်းလို့ လမ်းဘေးက ချုံနဲ့ငြိပြီး အင်တင်နာကလေး ကျိုးသွားတယ်။

အရင်နေ့က ဆန္ဒပြတဲ့ဆိုတဲ့ ပြည်တို့ဘာတို့ကို ဖြတ်လာတော့ အဲဒီနေ့ကတော့ အေးအေးဆေးဆေးဘဲ။ ဘာမှ ထူးထူးခြားခြား မမြင်ခဲ့ရဘူး။
ဒီလိုနဲ့ တနေကုန် မောင်းလိုက်တာ ကုန်ဈေးတန်းလမ်းမှာရှိတဲ့ အဝေးပြေးဂိတ်ကို ညဥ့်တော်တော်နက်မှ ရောက်တော့တယ်။ အင်းစိန်ဘက်ကို သွားတဲ့ ဘတ်စ်ကားတွေလည်း မရှိတော့ ကားဂိတ်မှာဘဲ ကားပေါ်မှာဘဲ ခွေခွေခေါက်ခေါက်နဲ့ အိပ်ဖို့ကြိုးစားရတော့တယ်။

၈ ရက်၊ ၈ လ၊ ၁၉၈၈။

မနက်အစောဆုံးထွက်တဲ့ ဘတ်စ်ကားနဲ့ အင်းစိန်က အိမ်ကို အရောက်သွား။ ရေမိုးချိုး၊ စကားစမြည်ပြောပြီး ထိုးအိပ်လိုက်တာ နေ့လည် ၃ နာရီလောက်မှာ ရွာမဘက်က ကြွေးကြော်သံတွေကြောင့် အိပ်ယာက နိုးလာပြီး ကပျာကယာ ရေမိုးချိုး၊ အ၀တ်အစားလဲပြီး ဆန္ဒပြသူတွေနဲ့ သွားရောက်ပူးပေါင်း။

အဲသည်က စလို့ ရှစ်လေးလုံး အရေးတော်ပုံအတွင်းမှာ ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့အတူ နေ့စဉ်ရက်ဆက် ဆန္ဒပြတယ်။ အင်းစိန်ကနေ မြို့ထဲ၊ မြို့ထဲကနေ အင်းစိန် ခြေကျင် လျှောက်ခဲ့ရတဲ့ မိုင်တွေ တနေ့တနေ့ မနည်းလှဘူး။ မိုးရေထဲမှာ မတ်တတ်ရပ်ရင်း လမ်းဘေးက လှည်းကလေးနဲ့ မုန့်ဟင်းခါးသည်ဆီမှာ မုန့်ဟင်းခါးဝယ်စားကြကို သတိရမိတယ်။

သမ္မတတွေ တယောက်ပြီး တယောက် ပြောင်းလဲသွားကြ။ အင်းစိန်ထောင်ကြီးဘက်ကလည်း ညတိုင်းလိုလို ပစ်သံခတ်သံတွေကို ကြားရတယ်။ အံမယ်… ရပ်ကွက်ထဲမှာ ကင်းစောင့်တော့ ကျနော်လည်း ဓားတလက်ကိုင်ပြီး လေးဂွကို ခါးကြားထိုးလို့ ကင်းပုန်းတွေ ဘာတွေ ၀ပ်ရသေးတယ်။

ဗိုလ်သင်တန်းဖြေဘို့ ခေါ်စာလာတော့ ကျနော်က သွားဖြေဘို့လုပ်သေးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ရန်ကုန်မှာ ရောက်နှင့်နေတဲ့ ကျနော့်အဖေက မှတ်လောက်သားလောက် စကားတခွန်းပြောတယ်။

“မင်းဟာက ဘာလဲကွ။ မင်း…သူတို့ကို မကြိုက်လို့မှ နေ့စဉ်ဆန္ဒသွားပြနေတာ။ အခု စစ်ထဲ ၀င်ဦးမယ်ဆိုတော့ မင်းစိတ်က နှစ်ခွဖြစ်မနေဘူးလား။ မင်းသွားမဖြေနဲ့တော့။ ငါမသိအောင် အုပ်ထိန်းသူလက်မှတ်အတုထိုးပြီး သွားဖြေလို့ကတော့ ဒီတသက် သေခန်းပြတ်ဘဲ။ ငါ့အိမ်ရိပ်တောင် မနင်းနဲ့တော့”…..တဲ့။

အခုပြန်တွေးကြည့်ရင် ရယ်စရာကြီး။

အဲသည်တုန်းကတော့ ကျနော့် ငယ်ငယ်ကတည်းက စိတ်ကူးယဉ်အိပ်မက် မက်ခဲ့ရတဲ့ စစ်တက္ကသိုလ်တက်ရေး ရည်မှန်းချက်ကြီး ပျက်သုဉ်းရပြီကောဆိုပြီး ကျနော့်မှာ ပုလဲတွေ ဘာတွေ လူမသိသူမသိ ကျိတ်ပြီး ခ လိုက်ရသေးတယ်။ တကယ်တော့ ကျနော်ကိုယ်တိုင်ကလည်း ထူအ တာပါ။ ကျနော်ထင်တာက စစ်တပ်ဆိုတာ ပရောဖက်ရှင်နယ် စစ်တပ်။ ပါတီနိုင်ငံရေးကင်းရှင်းတယ်လို့ ထင်တာကိုးဗျ။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့ နိုင်ငံတော် ကောင်စီတို့ဆိုတာ ကိုယ့်ရှေ့မှောက်မှာတင် ပါတီဝင်တွေ၊ ကောင်စီဝင်တွေ မဟုတ်တာလုပ်နေတာ၊ အကျင့်ပျက်လာဘ်စားနေတာ တွေ့ရတော့ မကြိုက်ဘူး။ ဒါပေမယ့် မဆလ ပါတီဟာ စစ်အာဏာရှင်အစိုးရရဲ့ အရပ်သား မျက်နှာဖုံးဆိုတာကို အဲသည်တုန်းက ကောင်းကောင်းသဘောမပေါက်ဘူး။

အဖေကသာ လူကြီးဆိုတော့၊ နိုင်ငံရေးလည်း စိတ်ဝင်စားတော့ ကောင်းကောင်းသိလို့ ကျနော့်ကို တားတာ။ ကျနော်ကလည်း အဲသည်တုန်းက အဖေ ပြတ်သားသလို မပြတ်သားရဲတော့ ဗိုလ်လောင်းသွားမဖြေဖြစ်တော့ဘူး ပေါ့ဗျာ။

တော်ပါသေးရဲ့။ အဖေ့ကျေးဇူးကြောင့်ပေါ့။ နို့်မဟုတ်ရင် ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာ ရဟန်းရှင်လူတွေကို စစ်သားတွေက ၀ါးရင်းတုတ်နဲ့ရိုက်တော့ ကွမ်းဝါးရင်း ပြုံးကြည့်နေတဲ့ ပြည်သူ့ချဉ်ဖတ် စစ်ဗိုလ်ဟာ ကျနော်ဖြစ်မနေဘူးလို့ ဘယ်သူပြောနိုင်မလဲ။

အခုပြန်စဉ်းစားကြည့်တော့….အဲသည် ၈-၈-၁၉၈၈ နေ့ဟာ ကျနော့်ဘ၀ရဲ့ တဆစ်ချိုး အလှည့်အပြောင်းဖြစ်သလို ကျနော်တို့ မြန်မာနိုင်ငံရဲ့ သမိုင်းအချိုးအကွေ့ တခုလည်း ဖြစ်ပါတယ်။

အခုဆိုရင် အနှစ် ၂၀ တင်းတင်းပြည့်ခဲ့ပြီ။ ကျနော်တို့ ပြည်သူတွေဟာ စစ်အာဏာရှင်အစိုးရလက်အောက်မှာ လွတ်မြောက်မှုအတွက် ရုန်းကန်နေကြရဆဲ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မျိုးချစ်သူရဲကောင်းများစွာဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် မလျော့သော လုံ့လဖြင့် ဆက်လက်တိုက်ပွဲဝင်နေဆဲ။

ဇွဲစိတ်သန်သူတွေအတွက်၊ ယုံကြည်ချက်ပြင်းထန်သူတွေအတွက် မျှော်လင့်ချက်ပန်းဟာ ဘယ်တော့မှ မညှိုးနွမ်းပါဘူး။ တနေ့မှာ အောင်ပန်းကို ဆင်နွှဲရမှာ မလွဲမသွေပါဘဲ။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs