“ဖဲရိုက်သူများနဲ့ တညနေ”


သေခြင်းတရားဟာ
မွေးဖွားချိန်ကစလို့
နောက်ကွယ်က ကပ်ပါလာခဲ့တော့
ဘ၀ရဲ့ နေ့ရက်တိုင်းဟာ
ဆည်းဆာတွေချည်းသာ ဖြစ်ခဲ့ရပြီ။

ကိုယ်တိုင် အပြစ်မကင်းတဲ့ ဘ၀မှာ
စင်းလုံးချောတွေကိုလည်း မတောင့်တချင်တော့။

ရွှေခဲလေးရေ…လာ..လာ…
ဟောသည်မှာ ငှက်ပျောသီး…
မာလကာသီး
ငရုတ်သီးတောင့်နဲ့ နေကြာစေ့…
တွေ့တယ်မို့လား၊ လိုလေသေးမရှိ…
ဒါပေမယ့်…အတောင်အနားသတ်ကလေးမှာ
ကပ်ကြေးညှပ်ခံထားရတယ်နော်
ချည်ကြိုးတန်းလန်းနဲ့ဘဝ
မင်းပျော်လို့ ရမယ်မထင်…
လေတွင် ပျံဝဲချင်ပေမပေါ့။

(ဒီတသက်
ငှက်မမွေးချင်ပါနဲ့တော့ အချစ်ရေ…..။)

ကိုယ်မနှစ်သက်တဲ့အမှုကို
သူများအပေါ်လည်း မပြုပါရစေနဲ့တော့။

ပုထုဇဉ်အချင်းချင်း
သံသရာ ခရီးသည်အချင်းချင်း
လက်ငင်းတဘဝ
ဆုံရစဉ် ခဏလေးမှာ
အာဃာတတွေနဲ့
သတ်ကြဖြတ်ကြ
ညစ်ကြပတ်ကြ
ဖိကြ နှိပ်ကြ….
သြော် ဆည်းဆာရဲ့ ထောင့်ချိုးတွေမှာ
လှိုင်းတံပိုး ထန်လှချည်လားကွယ်။

နေရစ်ခဲ့တော့ နှစ်ဟောင်းရေ။
လောကကို အလှဆင်တဲ့သူ
လောကကို အကျည်းတန်စေတဲ့သူ
ဖျံကျတဲ့လူ၊ မာန်ထတဲ့လူ
တရားနဲ့လူ၊ တရားမဲ့လူ
ပေါ့ဆတဲ့သူ၊ တိကျတဲ့သူ
လူကောင်းလူဆိုး၊ လူရိုးလူဖြောင့်
အားလုံးကို သိမ်းကြုံးမှတ်တမ်းတင်ပြီး
ရာဇ၀င်ထဲမှာ မင်းနေရစ်တော့။

နှစ်သစ်ကတော့
ဘုမသိ ဘမသိနဲ့
အပေါက်ဝက တိုးဝင်လာတော့မယ်။

သည်မှာ… အခန်းနဲ့မဆံ့အောင်
မျှော်လင့်ခြင်းတွေနဲ့
မျှော်လင့်နေကျ လူသားတွေ
အိပ်မက်ဖဲတွေ ဝေမလို့ ကုလားဖန်ထိုးနေကြတယ်။
ဖဲချိုးမှာက ဘယ်သူလဲ
??????

တမိုးသောက်ရင် လိုရာရောက်အောင်
စွမ်းဆောင်နေ….
ပြည်သူတွေ….ပြည်သူတွေ….
ချစ်သောပြည်သူတွေ……တဲ့။

ရေဒီယိုကတေးသံကိုဘဲ
ပြန်လည်ကြားယောင်ရင်းနဲ့
နှစ်သစ်အပျိုမလေးရဲ့ နှုတ်ခမ်းကို
ဖွဖွလေး နမ်းလိုက်ပါတယ်။
Read more

"A Burmese in Melbourne"

အမေရိကန် ဂီတပညာရှင် ဂျော့ဂါရွှင် (George Gershwin)ရဲ့ "An American in Paris" တေးသွားခေါင်းစဉ် ကို မှီငြမ်းပြီး ကျနော့်ပို့စ်ခေါင်းစဉ်ကို အထက်ပါအတိုင်း ပေးလိုက်သည်။ ဂါရွှင်ရဲ့ နာမည်ကျော် "Rhapsody in Blue" က ကျနော်အင်မတန်နှစ်သက်တဲ့ တေးသွားတခုဘဲပေါ့။ ဝေါ့ဒစ္စနေကနေ နာမည်ကျော်ဂီတတေးသွား တွေကို Fantasia 2000 မှာ ကာတွန်းသရုပ်ဖော်တွေနဲ့တွဲပြီး ထုတ်လုပ်လိုက်တဲ့အခါ “Rhapsody in Blue” ကို နယူးယောက် မြို့ပြနောက်ခံသရုပ်နဲ့ စိတ်ကူးစိတ်သန်းကောင်းကောင်း၊ ဟာသဆန်ဆန် တင်ပြထားတာ အင်မတန်ကြည့်လို့ကောင်းလှပါတယ်။ မကြည့်ဘူးသူများအတွက် Fantasia 2000 ကို ညွှန်းလိုက်ပါတယ်။

ဒီဇင်ဘာလထဲမှာ သြစတေးလျနိုင်ငံတောင်ဘက်စွန်းအကျဆုံး မဲလ်ဘုန်း ဆိုသည့် မြို့ကလေးသို့ ရောက်ဖြစ်သည်။ ကမ္ဘာမြောက်ခြမ်းမှာ ရှိတဲ့ မြို့ကြီးတွေမှာ နှင်းတွေ တဖွေးဖွေးနဲ့ ခရစ်စမတ်ပွဲတော်အတွက် ပြင်ဆင်နေကြတုန်း ကမ္ဘာတောင်ခြမ်းက မဲလ်ဘုန်းမြို့ကတော့ “နွေလယ်ခေါင် (High Summer)” ပါတဲ့ ခင်ဗျား။ မဲလ်ဘုန်းကို သွားရောက်လည်ပတ်ဘို့ အကောင်းဆုံးအချိန်လို့လည်း ပြောကြသည်။ ကျနော်ကတော့ အနွေးထည်ဘိုး သက်သာသွားသည့်အတွက် အထူးဘဲ ၀မ်းမြောက်မိပါသည်။

မဲလ်ဘုန်းလေဆိပ်မှာ ကျနော့်မြန်မာပတ်စ်ပို့စ်ကြောင့်လား၊ ကျနော့်ရဲ့ ခန့်ညားတဲ့ ဥပတိရုပ် ကြောင့်လား မသိ။ ကျနော့်နိုင်ငံကူးလက်မှတ်ကို ရုံးခန်းလေးထဲ ယူသွားပြီး စစ်ဆေးတာကို အပြင်မှာ ၅ မိနစ်လောက် ထိုင်စောင့်လိုက်ရပါတယ်။ တခြားပြဿနာတော့ မကြုံလိုက်ရ ပါဘူး။

လေဆိပ်အပြင်ဘက်ကိုထွက်လိုက်ရင်ဘဲ မနက် ဆယ်နာရီခန့် တောက်ပတဲ့နေရောင်ခြည် အောက်မှာ လေက ထူးထူးကဲကဲ အေးမြနေတာကို ခံစားရပါတယ်။ နောက်ရက်တွေမှာတော့ အဲသည်လောက် မအေးတော့ပါဘူး။ မဲလ်ဘုန်းရဲ့ အပူအအေး အပြောင်းအလဲမြန်တတ်ပုံကို ကိုယ်တွေ့ကြုံလိုက်ရတော့တာပါဘဲ။

လေဆိပ်ကနေ မြို့လယ်ခေါင် ဟိုတယ်ကို အသွား တက္ကစီပေါ်ကနေ ဘေးက ကျယ်ပြောလှတဲ့ ကွင်းပြင်ကြီးတွေ၊ လမ်းမပေါ်က ကားတွေကို ငေးကြည့်ရင်းလိုက်ပါသွားပါတယ်။ သူတို့ဆီမှာ စင်ကာပူမှာလို COE ဆယ်နှစ်သက်တမ်းကန့်သတ်ချက်မရှိလို့လားမသိ။ ဟောင်းနွမ်းလှတဲ့ ကားတွေလည်း ကားအသစ်တွေနဲ့အပြိုင် လမ်းမပေါ်မှာ ဥဒဟိုသွားလာနေတာကို တွေ့ရပါတယ်။ ဟိုတယ်ရောက်လို့ ကားခရှင်းလိုက်တော့ ၂၅ မိနစ်ခန့် ကြာတဲ့ခရီးကို ၄၆ ဒေါ်လာကျပါတယ်။ စင်ကာပူက တက္ကစီတွေ ဈေးသက်သာပေတယ်လို့ ကြံဖန် အမှတ်ပေးလိုက်ပါတယ်။

ဟိုတယ်မှာ ရေမိုးချိုး၊ အ၀တ်လဲ။ ပြီးတော့ ကင်မရာလေးဆွဲပြီး နေ့လည်စာ စားဘို့ ထွက် ကြတယ်။ (အများကိန်းသုံးလိုက်ရတာက ကျနော့်အလုပ်က လုပ်ဖော်ကိုင်ဖက်တယောက်နဲ့ အတူသွားရတာမို့ပါ။) ကျနော်တည်းတဲ့ဟိုတယ်က Central Business District ဧရိယာ အတွင်းမှာဘဲ။ ပြီးတော့ တနင်္လာနေ့ အလုပ်ဖွင့်ရက် နေ့လည်စာစားချိန်လည်းဖြစ်တဲ့အတွက် အလုပ်ကနေ ထွက်လာပြီး နေ့လည်စာ စားသူတွေနဲ့ ပျားပန်းခတ်နေပါတော့တယ်။ လူတွေရဲ့လက်ထဲမှာ ဆူရှီဘူးလေးတွေကို နေ့လည်စာအဖြစ် ၀ယ်ပြီး ပြန်သွားတာကိုလည်း တွေ့ရတယ်။ လူတွေကလည်း စင်ကာပူမှာလိုပါဘဲ။ သုတ်ခြေတင်လျှောက်နေကြတာ များတယ်။ တချို့လည်း နေ့လည်စာကို ၀ယ်သွားပြီး မြို့ထဲပန်းခြံက မြက်ခင်းတွေမှာ စားသောက်လိုက်၊ နေခြည်အောက်မှာ လှဲလျောင်းစကားပြောလိုက်။

စားသောက်ပြီးတော့ မြို့ပတ်ပြီး အလကားစီးရတဲ့ မြို့ပတ်ဓါတ်ရထားစီးကြပါတယ်။ ထင်ရှားတဲ့ နေရာ၊ လှပတဲ့ နေရာရှုခင်းတွေတွေ့ရင် ဆင်းပြီး ကြည့်ကြ။ ဓါတ်ပုံရိုက်ကြ။ လမ်းလျှောက်သွားကြ။ မောရင် ခဏထိုင်နားလိုက်။ ဓါတ်ရထားကို ပြန်စီးလိုက်နဲ့။ တနေကုန်သွားပါတယ်။ (ကျနော့်ပုံကလွဲလို့ ကျန်ပုံတွေပေါ်မှာ ကလစ်ခေါက်ကြည့်ရင် ပုံကြီးချဲ့ မြင်ရပါတယ်။)



ကျနော်ရောက်ခဲ့တဲ့နေရာတွေထဲမှာ စိန့်ပက်ထရစ် ကက်သီးဒရယ် လို့ခေါ်တဲ့ ကက်သလစ် ဘုရားရှိခိုးကျောင်းကြီးကို အင်မတန်သဘောကျပါတယ်။ စောစောကပြောခဲ့သလို မြို့ထဲမှာ လျှောက်သွားနေရင်းက အဲသည်ဘုရားကျောင်းက စုလစ်မွန်းချွန်ကြီးကို သစ်ပင်တွေအပေါ်က တိုးထွက်နေတာမြင်လိုက်ရတော့ သွားကြည့်မယ်ဆိုပြီး သွားကြည့် ဖြစ်ပါတယ်။ အစကတော့ ဘုရားကျောင်းအပြင်ဘက်ကနေ ဓါတ်ပုံတွေ ရိုက်ယူ နေတာပေါ့လေ။ အဲသည်အချိန်မှာ ဘေးက ဖြတ်လျှောက်သွားတဲ့ လူဖြူအမျိုးသမီးတယောက် က ခဏရပ်တန့်ပြီး ....နောက်ဘက်မှာရော သွားရိုက်ပြီးပြီလား။ အင်မတန်လှတယ်။ ၀င်သွားလိုက်.....ဆိုပြီး လမ်းညွှန်တာနဲ့ ဘုရားကျောင်းနောက်ဘက်မှာရော၊ ဘုရာကျောင်း အတွင်းရော ၀င်ကြည့်ပြီး ဓါတ်ပုံတွေ ရိုက်ယူခဲ့ပါတယ်။ ဘုရားကျောင်းကြီး အတွင်းမှာ အင်မတန်တိတ်ဆိတ်ပြီး အေးချမ်းတဲ့ အရသာကို ခံစားရပါတယ်။ ကျနော် ဓါတ်ပုံ တချို့ရိုက်ယူခဲ့ပေမယ့် Indoor mode နဲ့ ရိုက်မိသွားလို့ တကယ်ရှိတဲ့ အလင်းရောင်ထက် ဓါတ်ပုံထဲမှာ ပိုလင်းနေတာကို တွေ့ရပါတယ်။ နောက် ဘုရားကျောင်းနံရံရဲ့ ဟိုးအမြင့်ဘက်မှာရှိတဲ့ အလင်းဝင်ပေါက်မှန်ချပ်ကြီးတွေမှာ လီယိုနာဒိုဒါဗင်ချီရဲ့ နောက်ဆုံးညစာ စတဲ့ နာမည်ကျော် ပန်းချီကားတွေက ပုံတွေကို မှန်ချပ်ပေါ်မှာ ဆေးရောင်စုံနဲ့ ရေးဆွဲထားတာကိုလည်း တွေ့ခဲ့ရပါတယ်။



နောက်တရက်မှာတော့ ကျနော်တို့ ဒီဇိုင်းပြုထုတ်လုပ်တဲ့ ပါဝါဆပ်ပလိုင်းစ်တွေကို နှစ်ရှည်လများ ၀ယ်ယူအားပေးနေတဲ့ ကုမ္ပဏီကြီးကို ပထမဦးဆုံးအကြိမ် သွားရောက် လည်ပတ်ဖြစ်ပါတယ်။ အဲသည်မှာ ဆွေးနွေးပွဲတွေနဲ့ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုတာနဲ့ နေ့တ၀က်ကုန်။ ညဘက်မှာတော့ သူတို့အားလုံးကို သူတို့စိတ်ကြိုက်ရွေးချယ်တဲ့ စားသောက် ဆိုင်မှာ လိုက်လံပြီး ကျနော်က ညစာနဲ့ ဧည့်ခံဖြစ်ပါတယ်။ သူတို့ရွေးလိုက်တာက ဂျပန်စားဆောက်ဆိုင်တခုပါ။ ယမကာကတော့ ၀ိုင်အနီနဲ့ တချို့ ၀ိုင်မကြိုက်တဲ့သူက ဘီယာမှာသောက်ကြတာပေါ့။ ဟိုတယ်အပြန်ခရီးကို ကျနော့်ဖောက်သည်ကဘဲ ကားမောင်း လိုက်ပို့ပါတယ်။ အဲသည်ကလူတွေ အင်မတန်ယဉ်ကျေးဖော်ရွေကြတာကို သတိပြုမိပါတယ်။ ကျနော်သူတို့နဲ့ ဆက်ဆံခဲ့ရတဲ့ နှစ်ပေါင်း ရှစ်နှစ်တာ ကာလအတွင်း ဒီလူတွေရဲ့ ယဉ်ကျေးမှု၊ စိတ်ကောင်းရှိမှုတွေကို အသိအမှတ်ပြုမိပါတယ်။ အံသြစရာကောင်းတာက သည်လူတွေနဲ့ နှစ်ပေါင်းများစွာ၊ ပရော့ဂျက်ပေါင်းများစွာ အတူလုပ်လာကြပေမယ့် ကျနော်တို့အားလုံး တယောက်နဲ့ တယောက် အခုမှ စပြီး မြင်ဘူးကြတာပါဘဲ။ သာမန်အားဖြင့်တော့ အီးမေးလ်တွေ။ တယ်လီဖုန်းတွေ ပေါ်ကတဆင့်ဘဲ ဆက်သွယ်ကြတယ်လေ။

နောက်ရက်တွေမှာတော့ အားလပ်သွားပြီဖြစ်တဲ့အတွက် မဲလဘုန်းတ၀ိုက်က နာမည်ကျော် လည်ပတ်စရာနေရာတွေကို လျှောက်သွားဖြစ်ပါတယ်။ အဲသည်မှာ Penguin Parade ဆိုတဲ့ ကမ္ဘာ့အသေးဆုံး ပင်ဂွင်းလေးတွေ အိပ်တန်းပြန်လာတာကို သွားရောက်ကြည့်ရတာ စိတ်ဝင်စားစရာအကောင်းဆုံးပါဘဲ။ ဓါတ်ပုံပေးမရိုက်တဲ့အတွက် ဓါတ်ပုံတော့ မရိုက်ခဲ့ရဘူး။ ပင်ဂွင်းငှက်ကလေးတွေဟာ အင်မတန်သေးကွေးပြီး ချစ်စရာကောင်းတာကို တွေ့ရပါတယ်။


အဲ...ကိုဝါးလားတို့၊ သားပိုက်ကောင်တို့ကိုလည်း သွားရောက်ကြည့်ရှုခဲ့ပေမယ့် သိပ်ပြီး ထူးခြားလှတယ်လို့ မခံစားခဲ့ရပါဘူး။ ကိုဝါးလားဆိုတဲ့ အကောင်ဟာ အင်မတန် အပျင်းထူတာဘဲ။ အများစုက သစ်ပင်ခွကြားမှာဘဲ ထိုင်ငိုက်နေကြတာများတယ်။ ကျနော်ကြည့်နေတုန်းမှာ တစ်ကောင်က သစ်ကိုင်းအပေါ်ဘက်ကို တက်သွားတာတော့ ရှားရှားပါးပါး မြင်ခဲ့ရ ပါသေးတယ်။


မြို့ထဲမှာ တမနက်ထပ်လည်ပြီး မဒမ်နဲ့ သမီးအတွက်လည်း လက်ဆောင်လေးတွေ ထွက်ဝယ်ဖြစ်သေးတယ်။ ခရစ်စမတ်ကာလဆိုတော့ အဲသည်က ကုန်တိုက်ကြီးတွေ ရှေ့မှာ အရုပ်တွေ၊ ပြခန်းတွေ လုပ်ပြီးပြနေတာကို ကလေးတွေ တရုန်းရုန်းဖြစ်မလာခင် ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ နောက် လူဖြူမတွေ အင်ဒီယန်းလို ၀တ်ဆင်ပြီး အင်ဒီးယန်းအကနဲ့ မြို့ထဲမှာ လျှောက်က၊ ပျော်ရွှင်နေကြတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။ သူတို့ အပျော်တွေက ကိုယ့်ဆီတောင် ကူးစက်လာသလိုဘဲ။ နောက် ဆန်တာကလော့နဲ့ တွဲပြီး ဓါတ်ပုံရိုက်တော့ ဆန်တာက ချော့ကလက်အသေးလေးတတောင့် လက်ဆောင်ပေးတယ်။ စားကြည့်တော့ အရသာက မဆိုးလှ။



အပြန်ခရီးမှာ ဂျူတီဖရီးကနေ ၀ိုင်နဲ့ယမကာ ၀ယ်ဘို့ မဲလဘုန်းလေဆိပ်ကို တနာရီခွဲခန့် ကြိုတင်ရောက်အောင်သွားပေမယ့် ချက်အင် ကောင်တာမှာ တန်းစီရတာ အင်မတန်ကြာတဲ့အတွက် အထဲလည်းရောက်ရော လေယာဉ်ပေါ်တက်ဘို့ လောဆော်တာ နဲ့ဘဲ စင်ကာပူလေဆိပ်က အထွက်မှာမှ ၀ယ်ဖြစ်ပါတော့တယ်။ အခုတော့ နှစ်သစ်မှာ ဖွင့်ဖို့ သြစတေးလျဝိုင်တလုံးလည်း အသင့်ရှိနေပြီ။

အပြန်မှာ နာမည်ကျော် အက်စ်အိုင်အေ လေကြောင်းလိုင်းက ကျနော်တို့ ထိုင်တဲ့ ခုံတန်းမှာ ရီမုတ်ကွန်ထရိုးအလုပ်မလုပ်လို့ သတင်းနဲ့ ရုပ်ရှင်လိုင်း ၉၇ လိုင်းကနေပြနေတာကို မကြည့်ခဲ့ရဘဲ နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၇၅ တန်တဲ့ လက်ဆောင်ဘောက်ချာ တခုရခဲ့ပါတယ်။ ကျနော်က တောင်းမလို့ မောင်းတင်ထားတုန်းမှာ သူတို့က အလိုအလျောက် ပေးလာတဲ့အတွက် ကျေနပ်သွားပါတယ်။ အပြန်ခရီးမှာ ဆည်းဆာချိန် တိမ်တွေ တောက်နေတာကို လေယာဉ်ပျံ ပြူတင်းပေါက်ကနေ ဓါတ်ပုံရိုက်ယူခဲ့မိပါသေးတယ်။


သြော်....ပြောဘို့မေ့တော့မလို့။ မဲလ်ဘုန်းမြို့ရဲ့ အမှတ်တရ များစွာထဲမှာ များပြားလှစွာသော ယင်ကောင်တွေကို ချန်ထားလို့ မဖြစ်ချေဘူး။ မြို့ထဲရော မြို့ပြင်မှာပါ မနက် ၁၁ နာရီလောက်က စပြီး ယင်ကောင်တွေ အင်မတန်ထူပြောပါတယ်။ လမ်းသွားရင်း မျက်နှာတွေ၊ ဦးခေါင်းတွေ အပေါ်မှာ ၀ိုင်းအုံပြီး လိုက်လို့ လက်က တချိန်လုံး ယင်မောင်းနေရပါတယ်။ လက်ရပ်လိုက်တာနဲ့ အနည်းဆုံး ယင်ခြောက်ကောင်လောက် သင့်ခေါင်းပေါ်၊ သင့်မျက်နှာပေါ် လာနားပါလိမ့်မယ်။ ယင်တွေကတော့ လူဖြူလူမဲ မခွဲခြားပါဘူး။ အားလုံးကို သာတူညီမျှဘဲ နှောင့်ယှက်ပါတယ်။ ဒါကြောင့် လည်ပတ်ကြည့်ရှုတဲ့ ခရီးစဉ်တချို့မှာ လူတချို့ ပျားဂေဟာက လူတွေလို အင်းဆက်ကာကွယ်ရေးမျက်နှာဖုံးတွေ တပ်ထားတာကိုလည်း တွေ့ခဲ့ရကြောင်း။.........
Read more

"Burma On My Mind"

အခုတလော အလုပ်အရမ်းရှုပ်နေတဲ့အတွက် ပို့စ်အသစ်မတင်နိုင်ဖြစ်နေပါတယ်။ လောလောဆယ် ပြီးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြိုနေ့က စင်္ကာပူမှာ ကျနော်တို့ လှုပ်ရှားဖြစ်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလေးတခုကို တင်ပေးလိုက်ပါတယ်။


http://www.youtube.com/watch?v=w53aYaGYWus&feature=related
Read more

"SAVE BURMA"

ပြည်ပရောက် မြန်မာပြည်သား ညီအကို၊ မောင်နှမအပေါင်းတို့....

ဒီကနေ့ ငါတို့မြန်မာနိုင်ငံမှာ ဘယ်ခေတ်ဘယ်အခါတုန်းကနဲ့မှ မတူအောင် ကပ်ဘေးဒုက္ခအမျိုးမျိုး ကျရောက်နေခဲ့ပြီ။ ငါတို့ရဲ့ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေနေထိုင်ကြရာ ငါတို့ တိုင်းပြည်မှာ ဆင်းရဲမွဲတေမှုတွေ၊ အစာရေစာ ငတ်မှုခေါင်းပါးမှုတွေ၊ အလုပ်အကိုင် ရှားပါးမှုတွေ၊ ပညာရေး၊ လူမှုရေး၊ စီးပွား ရေး အထွေထွေ နိမ့်ကျမှုတွေနဲ့အတူ အေအိုင်ဒီအက်စ် အစရှိတဲ့ ကြောက်မက်ဘွယ် ကူးစက်ရောဂါ အမျိုးမျိုးကို ကြုံတွေ့ခံစားနေကြရပြီ။

ငါတို့ ကိုယ်တိုင်လည်း ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမှုတွေ၊ အထွေထွေ ကြပ်တည်းမှုတွေကြောင့် ငါတို့ ချစ်ခင်တဲ့ မိဘဆွေမျိုး၊ မိသားစုတွေနဲ့ ခွဲခွာပြီး၊ ငါတို့ ဇာတိမွေးရပ်မြေနဲ့ ခွဲခွာပြီး ပြည်ပမှာ လာရောက် အလုပ် လုပ်ကိုင် နေကြရတာ မဟုတ်ပါလား။

တကယ်တော့ မြစ်ချောင်းအင်းအိုင်တွေ၊ လယ်ယာကိုင်းကျွန်းတွေ၊ မြေပေါ်မြေအောက် သယံဇာတတွေ ပေါကြွယ်ဝ လှတဲ့ ငါတို့ တိုင်းပြည်ဟာ ဘာကြောင့် ဒီလောက်ဆိုးရွားတဲ့ အခြေအနေကို ဆိုက်ရောက်သွား ရလေသလဲ။ အကြောင်းရင်းကတော့ ငါတို့ရဲ့ နိုင်ငံမှာ မှန်ကန်တဲ့ နိုင်ငံရေး စနစ် နဲ့ လူထုကို ကိုယ်စားပြုတဲ့ လူထုအစိုးရတရပ် မရှိလို့ဘဲ။

ညီအကိုတို့...... ၁၉၈၈ ခုနှစ်က စတင်ရေတွက်ရင် ငါတို့တိုင်းပြည်ကို စစ်တပ်ကနေပြီး စစ်အာဏာရှင်စနစ်နဲ့ အဓမ္မ ဖိနှိပ်အုပ်ချုပ်လာခဲ့တာ ယခုဆိုရင် ၁၉ နှစ်ကျော်ခဲ့ပြီ။ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတုန်းက ငါတို့ပြည်သူ လူထုတရပ်လုံးက တခဲနက် ထောက်ခံမဲပေးခဲ့တဲ့ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖစစ်အစိုးရက အာဏာလွှဲမပေးခဲ့ဘူး။ သိက္ခာမဲ့တဲ့ စစ်အစိုးရဟာ သူ့ကတိစကားကို သူပြန်မျိုချပြီး နိုင်ငံတော်အုပ်ချုပ်ရေး အာဏာကို လက်နက်အားကိုးနဲ့ အရှက်မဲ့စွာ အရူးအမူးဖက်တွယ်ထားခဲ့တယ်။ လာမယ့် အနာဂတ်မှာလည်း အာဏာလွှဲပေးဘို့ အရိပ်အယောင်မမြင်ရဘူး။

တိုင်းပြည်ရဲ့ သယံဇာတတွေ၊ ထုတ်ကုန်တွေ၊ အဆီအနှစ်တွေ အားလုံးကို စစ်ဗိုလ်ချုပ်ကြီးများနဲ့ သင်းတို့ရဲ့ ဆွေမျိုး သားချင်း လူတစုကသာ လက်ဝါးကြီးအုပ် သွေးစုတ်ခြယ်လှယ် ၀ါးမြိုနေခဲ့ကြတယ်။ ငါတို့ ပြည်သူလူထု မှာတော့ ဆင်းရဲတွင်းမှာ နစ်သထက်နစ်ရင်း၊ အစားအစာကို နပ်မှန်အောင် မစားကြရတဲ့သူတွေ၊ ထမင်းရေ သောက် ဗိုက်မှောက် နေကြရ တဲ့သူတွေ၊ ပညာမသင်ကြားရတဲ့သူတွေ၊ ဆေးဝါးမကုသနိုင်တဲ့သူတွေ စသဖြင့် ဒုက္ခပေါင်းစုံ ပင်လယ်ဝေ နေခဲ့ ကြရတယ်။

ဒီဒုက္ခတွေကို မကြည့်ရက်လို့ သံဃာတော်အရှင်သူမြတ်များက ဦးဆောင်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ဘို့ နအဖ စစ်အစိုးရကို ငြိမ်းချမ်းစွာ တိုက်တွန်း တောင်းဆိုခဲ့ပြန်တော့လည်း သံဃာကို သံဃာမှန်းမသိ၊ ရက်စက်စွာ ရိုက်နှက်တာတွေ၊ လမ်းမပေါ်မှာ သေနတ် နဲ့ ပစ်သတ်တာတွေ၊ သံဃာတော်တွေကို ထောင်သွင်းအကျဉ်းချ နှိပ်စက်တာတွေ စစ်အစိုးရနဲ့ သူတို့ရဲ့ လက်ပါးစေတွေက ပြုလုပ်ခဲ့ကြတယ်။ အခုတော့ ငါတို့နိုင်ငံဟာ အဖက်ဖက်က ချွတ်ချုံကျရုံမျှမက သာသနာ တော် ကွယ်ပျောက်မယ့်အရေးကိုတောင် ရင်ဆိုင်ကြုံတွေ့ နေရပြီ။

ညီအကိုတို့.... ငါတို့ မြန်မာနိုင်ငံသားတွေဟာ လူမျိုးခြားတိုင်းတပါးကျွန်ခံဘို့ လူဖြစ်လာတာ မဟုတ်သလို အသားထဲကလောက်ထွက်တဲ့ ဒီစစ်ဗိုလ်ချုပ်တစုရဲ့ ထင်ရာစိုင်း အုပ်ချုပ်မှုအောက်မှာ စစ်ကျွန်ဘ၀နဲ့ ခေါင်းငုံ့ခံ ကြဘို့ လူဖြစ်လာတာ မဟုတ်ဘူး။ ငါတို့ဟာ ငါတို့မွေးဖွားရာ တိုင်းပြည်မှာ ဘယ်စစ်ဗိုလ်ချုပ်၊ ဘယ်အဖွဲ့ အစည်း၊ ဘယ်အစိုးရကိုမှ မကြောက် ရွံ့ရဘဲ လွတ်လပ်ခွင့်၊ အသက်ရှင်ပိုင်ခွင့်၊ အသက်မွေးဝမ်းကျောင်းပိုင် ခွင့်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်တွေကို ခံစားနိုင်ကြရမယ်။ မြန်မာပြည် တိုင်းတပါး လက်အောက် ကျရောက်စဉ်တုန်းက ငါတို့အဘိုးတွေ အဘေးတွေ လွတ်လပ် ရေးအတွက် တာဝန်ကျေခဲ့သလို ငါတို့ လက်ထက်မှာလည်း ငါတို့ တာဝန်ကျေကြရမယ်။ ဒါမှ ငါတို့ကိုယ်တိုင်အတွက်ရော ငါတို့ရဲ့ နောင်လာ နောက်သားများအတွက်ပါ တို့တိုင်းပြည်ဟာ နေချင့်စဖွယ် လွတ်လပ်တဲ့ တိုင်းပြည်တပြည် ဖြစ်လာမယ်။ ဒါမှ တို့တိုင်းပြည်ဟာ ကမ္ဘာအလယ်မှာ သိက္ခာရှိတဲ့ တိုင်းပြည်ဖြစ်လာမယ်။ ဒါမှ ငါတို့နိုင်ငံသားတွေ ဘယ်နိုင်ငံကို ဘဲရောက်ရောက် မျက်နှာမငယ်ရဘဲ ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူဝံ့ကြွားနိုင်ကြမယ်။

ဒီကနေ့ မြန်မာပြည်တွင်းမှာ ပြန်ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တိုင်းရင်း သားခေါင်းဆောင်တွေ၊ သံဃာ တော်အရှင်သူမြတ်တွေ အားလုံးဟာ ငါတို့ တမျိုးသားလုံးရဲ့ လွတ်မြောက် ရေးအတွက် ဒုက္ခဆင်းရဲတွေကြားက ကိုယ်ကျိုးစွန့်ကာ ဒီမိုကရေစီစနစ်ထွန်းကားရေးကို ဦးတည်ကြိုး ပမ်းနေကြတယ်။ တချို့ဆိုရင် အသက်ကိုတောင် ပေးလှူသွားကြရတယ်။ တချို့ဆိုရင်လည်း နှစ်ရှည်လများ ထောင်ဒဏ်တွေကို ကျခံနေကြရတယ်။ ဒါပေမယ့် ငါတို့ရဲ့ ဒီမိုကရေစီဘက်တော်သားတွေဟာ ဒီလိုအခြေ အနေဆိုးတွေ၊ အဖမ်းအဆီးတွေ၊ နှိပ်ကွပ်မှုတွေကြားက မြန်မာ့ဒီမို ကရေစီအရေးနဲ့ တမျိုးသားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် ဆက်လက်လှုပ်ရှားနေကြတယ်။

ဒီနေရာမှာ ငါတို့ ပြည်ပရောက်မြန်မာတွေအနေနဲ့ အထိရောက်ဆုံးလုပ်ဆောင်နိုင်တာက မိမိရဲ့ ချွေးနှဲစာထဲက နေ ဖဲ့စုပြီး ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေကို ငွေကြေးအားဖြင့် ထောက်ပံ့ပေးခြင်းဘဲ။ ပြည်တွင်း မှာ ငါတို့အားလုံးအတွက် ကြိုးပမ်းရင်း မတရားအကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိတယ်။ အပြင် မှာ ကျန်ခဲ့တဲ့ သူတို့ရဲ့မိသားစုတွေ၊လူမမယ်ရင်သွေးတွေကို ငါတို့က ကူညီထောက်ပံ့ခြင်းဖြင့် ဒီနိုင်ငံရေး အကျဉ်းသားတွေကို အထိရောက်ဆုံး အားပေးရာ၊ ဂုဏ်ပြုရာရောက်တယ်။ ပြည်တွင်းမှာ ဒီမိုကရေစီရေးလုပ် လို့ အသက်မွေးဝမ်း ကျောင်းပိုင်ခွင့် ပိတ်ပစ်ခံရတဲ့ အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ ရှိတယ်။ သူတို့ကို လည်း ငါတို့က နိုင်ငံရေး အသိစိတ်အပြည့်နဲ့ ငွေကြေးထောက်ကူကြရမယ်။

နောက်တခါ နအဖ လက်ကိုင်တုတ်တွေဖြစ်တဲ့ ကြံဖွံ့တွေ၊ စွမ်းအားရှင်တွေရဲ့ စောင့်ကြည့်နှောက်ယှက်မှု တွေကြားကဘဲ ရဲရဲဝံ့ဝံ့ စွမ်းစွမ်းတမံ ဆက်လက်လှုပ်ရှားနေတဲ့ ဒီမိုကရေစီအင်အားစုတွေ မြန်မာပြည်အနှံ့မှာ ရှိနေကြတယ်။ သူတို့တ တွေ စာရွက်စာတမ်းတွေ ဖြန့်ဝေနိုင်ဘို့၊ ပိုစတာတိုက်ပွဲတွေ ဆင်နွှဲနိုင်ဘို့၊ စည်းရုံးရေး ခရီးထွက်နိုင်ဘို့၊ အချင်းချင်း ကြားမှာ ထိထိရောက်ရောက် ဆက်သွယ်နိုင်ကြဘို့၊ တရားရုံးမှာ ရင်ဆိုင်ရတဲ့အခါ ကုန်ကျစရိတ်ကာမိဘို့၊ ထောင်ကျတဲ့ အခါ ထောင်ဝင်စာတွေ့ဘို့၊ ရှောင်ရ တိမ်းရတဲ့အခါ အိမ်တွေ ငှားရမ်း နိုင်ဘို့ စတဲ့ ကျန်ကျစားရိတ်တွေကို ငါတို့ ပြည်ပရောက် မြန်မာတွေ အနေနဲ့ ထိထိရောက်ရောက် ကူညီ ထောက်ပံ့ကြဘို့ လိုတယ်။

သူတို့တတွေက အသက်တွေ၊ ဘ၀တွေ ပေးပြီး စွန့်စားလုပ်ဆောင်နေတဲ့အချိန်မှာ ငါတို့တတွေက ငါတို့ အသုံး စားရိတ် ငွေထဲက နည်းနည်းလျှော့သုံးပြီး ဘာကြောင့်မထောက်ပံ့နိုင်ကြရမလဲ။

ညီအကိုတို့......ငါတို့လူမျိုးဟာ လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့လူမျိုး၊ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့လူမျိုး၊ စည်း ကမ်းရှိတဲ့ လူမျိုး၊ စိတ်ဓါတ်အဆင့်အတန်းမြင့်မားတဲ့လူမျိုး ဆိုတာ ကမ္ဘာကို ပြဘို့ အချိန်တန်ပြီ။

ညီအကိုတို့......ငါတို့ဟာ ငါတို့တိုင်းပြည်လွတ်လပ်ရေးကို ငါတို့ မြန်မာတွေကိုယ်တိုင် ရယူနိုင်တယ်ဆိုတာ ကမ္ဘာကို ပြကြရအောင်။

ဒီနေ့ကစလို့ ငါတို့အားလုံး ရုပ်ရှင်ကြည့်နေကျလူဆိုရင် ခါတိုင်း ကြည့်နေကျထက် လျှော့ကြည့်မယ်။ အအေးကို ခါတိုင်းသောက်နေကျထက် လျှော့သောက်မယ်။ အ၀တ်အစားကို ခါတိုင်းဝတ်နေကျထက် ခြိုးခြံဝတ်မယ်။ ငါတို့ အသုံး စားရိတ်ကို လျှော့ပြီး ဗမာပြည် ကယ်တင်ရေးအတွက် ငွေကြေးထည့်ဝင်ကြခြင်းနဲ့ ကိုယ်ထူကိုယ်ထ ကြိုးစားကြစို့။ ငါတို့ရဲ့ ဒီဗမာပြည်ကယ်တင်ရေး လှုပ်ရှားမှုကြီးမှာ တခဲနက် ပါဝင်ပူးပေါင်းဆောင်ရွက်ကြပါစို့။

ငါတို့အားလုံးညီညွတ်ရင် ဘယ်အာဏာရှင်မှ မခံနိုင်ဘူး။ ငါတို့ရဲ့ လွတ်လပ်ရေးကို မလွဲမသွေ ရမှာ ဧကန် မုချဘဲ။

မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့

အခြေခံ လုပ်ငန်းစဉ်များ။

(၁) မိမိတို့ ရောက်ရှိနေရာ နိုင်ငံများတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများ ပူးပေါင်း၍ မြန်မာနိုင်ငံသားများ
ကူညီစောင့်ရှောက်ရေး အဖွဲ့များကို ကိုယ်ထူကိုယ်ထ ဖွဲ့စည်းကြပါ။

(၂) SAVE BURMA ဟု အမည်ပေးထားသော စုဘူးများကို ထောက်ခံသူများ အကြား ဖြန့်ဝေကာ ပုံမှန် ငွေကြေး စုဆောင်းခြင်း ပြုလုပ်ကြပါ။ တလတခါ ဖြစ်စေ၊ နှစ်လ တခါ ဖြစ်စေ စုဘူးများကို သက်ဆိုင်ရာ စုရပ်တွင် စုပေါင်းကာ စုဆောင်းရငွေကို ရေတွက်ကြပါ။

(၃) ငွေစာရင်း၊ ငွေကိုင်၊ ငွေစာရင်းစစ်ဆေးသူများကို အဖွဲ့ဖွဲ့၍ လေးလတခါဖြစ်စေ ပြောင်းလဲ ခန့်အပ်ပါ။

(၄) စုဆောင်းရငွေများကို မြန်မာပြည်တွင်းမှ အကျဉ်းသားမိသားစုများ၊ ဒီမိုကရေစီအင်အားစုများထံ မိမိတို့ လမ်းကြောင်းဖြင့် မိမိတို့ လျို့ဝှက်စွာ ပို့ဆောင်ကြပါ။ (မြန်မာပြည်ဘက်မှ လက်ခံရယူသူ၏ အမည်အား ၄င်း၏ လုံခြုံရေးအတွက် အထူးလျို့ဝှက်ထားရန်လိုအပ်ပါသည်။)

(၅) မိမိတို့ လုပ်ဆောင်သည့် လုပ်ငန်းတွင် နအဖမှ တန်ပြန် အဖျက်အမှောင့်များ ပြုလုပ်လာနိုင်သည်ကို သတိ ဖြင့် ကာကွယ်ကြပါ။(ဥပမာ…ငွေကြေးလိမ်လည်သည်ဆိုကာ အဖွဲ့နာမည်ပျက်အောင် နအဖသူလျှိုဒလံများမှ ၀ါဒ ဖြန့်ခြင်း၊ တိုင်တန်းခြင်းများ)

ဤသည်မှာ အခြေခံ ပြုလုပ်ရမယ့် လုပ်ငန်းစဉ်များဖြစ်ပါသည်။ မိမိတို့ ရောက်ရှိရာနိုင်ငံ၊ ဥပဒေတို့နှင့် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်သတ်မှတ်လုပ်ဆောင်နိုင်ကြပါသည်။ (ရံပုံငွေ ဈေးရောင်းပွဲများ၊ စုပေါင်း စီးပွားရေး လုပ်ငန်းများကို အချိန်ပိုင်း လုပ်ကိုင်ခြင်းဖြင့် ငွေရှာနိုင်ပါသေးသည်။)

ဤငွေများသည် နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာတွေ့ရာတွင်လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသား မိသားစု များကို ထောက်ပံ့ရာတွင်လည်းကောင်း၊ လက်ရှိ နိုင်ငံရေးလှုပ်ရှားမှုများ၊ စည်းရုံးရေးများတွင် အသုံးပြုနိုင်သည်။ မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့တွင် ပြည်တွင်းပြည်ပရောက် မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံသော မြန်မာနိုင်ငံသား(ဟောင်း)များ အားလုံးပါဝင် သည်။

Read more

“စက်တင်ဘာလေနှင့်အတူ”

ပြီးခဲ့သော စက်တင်ဘာလက ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ အားလုံး ပူးပေါင်းပါဝင်ခဲ့သော လူထုလှုပ်ရှားမှုကြီးကို နအဖ အစိုးရက သူ့ထုံးစံအတိုင်း အကြမ်းဖက် ဖြိုခွဲသည်။ လမ်းမပေါ်မှ လှုပ်ရှားမှုများ အခိုက်အတန့်အားဖြင့် ငြိမ်သက်သွားသည်။

ဤဆန္ဒပြပွဲအပြီး အချို့လည်း စိတ်ဓါတ်တွေ တက်ကြွကြသည်။ အချို့လည်း စိတ်ဓါတ်တွေ ကျဆင်းကြသည်။

“အစကတည်းက သိနေတာဘဲလေ။ လူတွေလမ်းပေါ်ထွက်လာရင် အစိုးရက အကြမ်းဖက် နှိမ်နင်းမယ်။ ဒါဆိုလူတွေ အိမ်ထဲပြန်ဝင်သွားပြီး ငြိမ်သွားမှာဘဲ။ အခြေအနေကတော့ ဒုံရင်း ဒုံရင်းဘဲ။ ရဘို့မလွယ်ပါဘူး”

သည်လိုပြောသံတွေလည်း ညံနေအောင်ကြားရသည်။

သည်အတွေးအခေါ်က အင်မတန်ရိုးစင်းလှပါသည်။ ရုတ်တရက်ကြည့်လျှင် ဟုတ်မယောင်နှင့် တကယ်တော့ အခြေအနေတရပ်လုံးကို မခြုံငုံမစေ့ငုမိသော၊ ထဲထဲဝင်ဝင်မတွေးဘဲ အပေါ်ယံ ရှပ်တွေးသော တွေးခေါ်ပုံမျိုးဖြစ်သည်။

ပထမဦးဆုံးအနေဖြင့် သည်ဆန္ဒပြပွဲဖြစ်ပေါ်လာရခြင်းအကြောင်းရင်းကို သိဘို့လိုသည်။ လောင်စာဆီဈေးနှုန်းတွေ မြှင့်တင်လိုက်၍လော။ မဟုတ်။ ယခင်ကလည်း လောင်စာဆီဈေး အကြိမ်ကြိမ်မြှင့်ခဲ့ဘူးသည်။ ပခုက္ကူမှာ ဘုန်းကြီးတွေကို ရိုက်လိုက်၍လော။ မဟုတ်ပြန်။ ၁၉၉၀ခုနှစ်ကဆိုလျှင် ဘုန်းတော်ကြီးတွေကို ပစ်ခတ်၊ ထောင်ချ။ သည်ထက်ပင် ဆိုးသေးသည်။

တကယ်တော့ ဤအဖြစ်အပျက်များသည် မီးပွားကလေးများသာဖြစ်သည်။ သည့်မတိုင်ခင်ကတည်းက လူထုကြီးတရပ်လုံး ခံစားခဲ့ရသော အထွေထွေကြပ်တည်းမှုများ၊ အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုများသည်သာ အဓိက လောင်စာစင်စစ်ဖြစ်သည်။ ထိုလောင်စာနှင့် အထက်က မီးပွားကလေးများ ကြုံကြိုက်သွားခြင်း။ ရလာဒ်က စက်တင်ဘာ ပေါက်ကွဲမှုကြီး။

ယခုလောလောဆယ် လမ်းမများပေါ်တွင် ငြိမ်သက်သွားသဖြင့် ပြဿနာများ ပြေလည် သွားပြီဟု ယူဆရတော့မည်လော။ မဟုတ်ချေ။

နအဖသည် ပြီးခဲ့သော လူထုဆန္ဒပြပွဲအတွင်း တောင်းဆိုချက် ၄ ချက်အနက် မည်သည့်အချက်ကိုမျှ ဟုတ်တိပတ်တိ ဖြေရှင်းပေးခြင်းမရှိ။ ယခု စေ့စပ်ဆွေးနွေးပွဲအတွက် လေသံပစ်ထားသော်လည်း ၄င်းတို့ဘက်မှ သဘောရိုးနှင့် ရှေ့ဆက်လိုသော အရိပ် အယောင်ကို မမြင်ရသေး။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အများအပြားကို လွှတ်မပေးသေးရုံမျှမက၊ နောက်ထပ် ဖမ်းဆီးမှုများကိုပင် ဆက်လက်ပြုလုပ် ဆဲဖြစ်သည်။

သို့သော် ဤဖြစ်ရပ်များကို ကြည့်၍ စိတ်ပျက်ရမည်လော။ မအောင်မြင်တော့ဟု သဘောပိုက်ရတော့ မည်လော။

ကျနော်တို့သည် ဤစက်တင်ဘာတော်လှန်ရေးမှ ရလိုက်သော အကျိုးရလာဒ်များကို ကောင်းကောင်းသိမြင်ခဲ့ လျှင် စိတ်ပျက်စရာမရှိ။ တက်ကြွဘွယ်အတိသာ ရှိချေသည်။ ၄င်းအကျိုးရလာဒ်များမှာ….

(၁) ဒီမိုကရေစီစနစ်ကူးပြောင်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန် အရေးတကြီး လိုအပ်နေသော လူငယ်မျိုးဆက်သစ်တရပ်ကို အောင်မြင်စွာ မွေးဖွားစုစည်းပေးလိုက်နိုင်ခြင်း။

(၂) နအဖ၏ သာသနာ့အရေခြုံ ကွာကျသွားခြင်း။

(၃) ပြည်သူလူထု၏ နိုင်ငံရေးအသိစိတ်နှင့် စိတ်ဓါတ်ရေချိန် မြင့်မားလာခြင်း

(၄) ပြည်ပအင်အားစုများမှ ပြည်တွင်းအင်အားစုများအပေါ် အဓိက အာရုံထား၍ ဆောင်ရွက် လာကြခြင်း
တို့ဖြစ်သည်။

အသက် ၂၅ နှစ်အောက် လူငယ်များသည် ၈၈၈၈ အရေးတော်ပုံအခါက ငယ်ရွယ်နုနယ်သေး၍၊ အချို့မှာ ၈၈ နောက်ပိုင်းမှ ဖွားမြင်သူတိုင်းဖြစ်၍ ၈၈၈၈ အရေးတော်ပုံအကြောင်းကို သေချာစွာ မသိကြ။ အရေးတော်ပုံအတွင်း စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်ပုံကို စာတွေ့နှင့်သာ ထိတွေ့လာကြရပြီး ယခု စက်တင်ဘာတော်လှန်ရေးတွင်မှ ၄င်းတို့ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရခြင်း ဖြစ်သည်။ ထိုအခါ မတရားမှုကို မနှစ်မြို့သော လူငယ်တို့၏ စရိုက်သဘာဝအတိုင်း ဖိနှိပ်မှုကို တော်လှန်လိုစိတ်အပြည့်အ၀ဖြင့် ဒီမိုကရေစီစနစ်ကူးပြောင်းရေးတွင် အင်တိုက်အားတိုက် ပါဝင်လာကြသည်ကို တွေ့ရသည်။ တဖက်တွင်လည်း နအဖ အနေဖြင့် ၄င်းတို့ အာဏာသိမ်းပြီးချိန်မှစ၍ ဘုရားဒကာ၊ ကျောင်းဒကာ၊ ပစ္စည်းလေးပါဒါယိကာ စသဖြင့် သာသနာ့အရေကို အပေါ်ယံတွင် ခြုံလွှမ်းပြီး ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ပြည်သူလူထုအား နားမျက်စိ လှည့်စားရန် ကြိုးပမ်း အားထုတ်မှုမှာ စက်တင်ဘာလေနှင့်အတူ လွင့်မျောသွားတော့သည်။ နအဖ စစ်အစိုးရ အဖို့ ယခုအချိန်လောက် ပြည်သူလူထုတရပ်လုံး၏ ရွံရှာစက်ဆုပ်ခံရသော အဖြစ်သည် ရှိခဲ့မည်မထင်။

ပြည်သူလူထုသည် စားဝတ်နေရေးကြပ်တည်းမှု သက်သက်အတွက်ကြောင့်သာမဟုတ်။ သူတို့၏ အခြေခံအခွင့်အရေးများအတွက်ပါ စစ်အာဏာရှင်စနစ်ကို တော်လှန်ပစ်ရမည်ဆို သည်ကို ကောင်းကောင်းနားလည်သဘောပေါက်လာကြသည်။ သည့်အတွက်ကြောင့်ပင် စစ်အစိုးရလက်ပါးစေများ၏ ဖိနှိပ်မှုအောက်မှပင် လမ်းမပေါ်သို့ မကြောက်မရွံ့ ထွက်ကာ ဆန္ဒပြသော ပြည်သူများ၊ ၄င်းတို့၏ မကြေနပ်မှုများကို သတင်းဌာနများသို့ ပွင့်ပွင့်လင်းလင်း ပြောလာကြသော ပြည်သူများ တနေ့တခြား များပြားလို့လာပေသည်။ နောင်တချိန် စက်တင်ဘာတော်လှန်ရေးကဲ့သို့ လူထုအုံကြွမှုများ ဖြစ်ပွားလာပါက ပါဝင်ပူးပေါင်းသော လူထုအရေအတွက်သည် ယခုထက်ပင် ပိုမို၍ များပြားလာဦးမည်မှာ အမှန်ပင်ဖြစ်ပေသည်။ တချိန်တွင်မူကား နအဖအနေဖြင့် တားဆီးပိတ်ပင်၍ မရအောင်ပင် များပြားကာ နောက်ဆုံး အစိုးရ တရပ် ပြုတ်ကျသွားသည်အထိပင် တွန်းပို့ပေလိမ့်မည်။

ပြည်တွင်းတွင် ပြည်သူများ၏ နိုင်ငံရေးအသိစိတ်များနိုးကြားနေချိန်တွင် ပြည်ပရောက် မြန်မာအင်အားစုများအနေဖြင့်လည်း ပြည်တွင်းမှ ဒီမိုကရေစီဘက်တော်သားများကို နည်းလမ်းပေါင်းစုံဖြင့် ထောက်ပံ့ရန် ကြိုးပမ်းလာကြသည်ကို တွေ့ရသည်။ အချို့က အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရများကို ချဉ်းကပ်၍ မြန်မာအစိုးရအား ဘေးကြပ်နံကြပ်ဖြစ်အောင် ဆောင်ရွက်လာသည့်နည်းတူ အချို့ကလည်း ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားမိသားစုများ၊ နိုင်ငံရေးသမားများ၊ ကျောင်းသားများ၊ ဒီမိုကရေစီအင်အား စုများကို နည်းပေါင်းစုံဖြင့် ကူညီထောက်ပံ့လာသည်ကို အားရစဖွယ်တွေ့ရချေသည်။

ခြုံ၍ပြောရလျှင် စက်တင်ဘာတော်လှန်ရေးသည် မြန်မာပြည် စစ်အာဏာရှင်တော်လှန်ရေး ခရီးစဉ်ကို မြေကြောရှုံ့ပေးလိုက်သည်နှင့် အလားသဏ္ဍာန်တူပေသည်။ ခဏအတွင်းဝယ် မိုင်ပေါင်းများစွာ ခရီးရောက်သွားခြင်းဖြစ်သည်။

တကယ်တမ်းတွင်မူ နအဖ စစ်အစိုးရသည် ၄င်းတို့၏ အမှားကို ၄င်းတို့ ကောင်းကောင်းကြီး သိမြင်ခဲ့ပြီဖြစ်သည်။ သူတို့သည် အာဏာလက်မလွှတ်ရရေး တခုတည်းကို ကြည့်၍ မှားမှန်းသိသိနှင့် မနိုင်သောတိုက်ပွဲကို ခေါင်းမာစွာ ဆက်လက်ဆင်နွှဲနေခြင်းဖြစ်သည်။ ပြည်သူလူထုနှင့် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများမှ ၁၉ နှစ်လုံးလုံး သဘောထားကြီးစွာ ဖွင့်ပေးထားသော “စေ့စပ်ညှိနှိုင်းရေး ထွက်ရပ်လမ်း”ကို အသာတကြည် မရွေးချယ်ဘဲ ၄င်းတို့၏ သေတွင်းကို ၄င်းတို့ဘာသာ မိုက်မဲစွာ ဆက်လက်တူးနေခြင်းဖြစ်သည်။ ၄င်းတို့၏ ကျဆုံးခန်းသည် အနှေးနှင့် အမြန်သာကွာသည်။ နအဖ စစ်အစိုးရသည် တနေ့တွင် မသွေမုချ ကျဆုံးရမည်သာဖြစ်သည်။

တခုဘဲ ရှိသည်။ ကျွန်ုပ်တို့ ပြည်သူများဘက်က အချိန်ကြာရှည်သဖြင့် မစောင့်နိုင်တော့ချေ။ သည်စစ်အစိုးရ အမြန်ပြုတ်ကျလေ၊ တိုင်းပြည်ထူထောင်ရေးကို မြန်မြန် လုပ်ဆောင်နိုင်လေ ဖြစ်သည်။ သည်တော့ ကျွန်ုပ်တို့ ပြည်တွင်းပြည်ပမှ မြန်မာများအနေဖြင့် စစ်အစိုးရ အမြန်ဆုံးပြုတ်ကျရေးအတွက် အောက်ပါလုပ်ရပ်တို့ကို စတင်လုပ်ဆောင်သင့်ပေသည်။

(၁) မိမိ၏ ပတ်ဝန်းကျင်ရှိ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေများကို မိမိတို့၏ အခြေခံ လူ့အခွင့်အရေးများကို သိရှိလာအောင် ပြောပြပညာပေးခြင်း

(၂) စစ်အာဏာရှင်စနစ်၏ ဆိုးယုတ်ပုံများကို မီးမောင်းထိုးပြခြင်း

(၃) နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် ဒီမိုကရေစီ အင်အားစုများကို ငွေအား၊ လူအား၊ စိတ်ဓါတ်အားတို့ဖြင့် လှိုက်လှဲစွာ အကူအညီပေးခြင်း

(၄) စစ်အာဏာရှင်တို့နှင့် ၄င်းတို့၏အပေါင်းပါများကို ရှောင်ကြဉ်ခြင်း၊ ၄င်းတို့၏ စီးပွားရေး လုပ်ငန်းများကို သပိတ်မှောက်ခြင်း၊ နှောင့်ယှက်ဖျက်ဆီးခြင်း။

စသည့်အခြေခံ လုပ်ငန်းဆောင်တာများကို အမျိုးသားရေးတာဝန်တရပ်အနေဖြင့် မပျက်မကွက် ထမ်းဆောင်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ပါသည်။

Read more

လူ့အခွင့်အရေးလှုပ်ရှားမှု မှတ်တမ်း

ဒီနေ့တော့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ စင်ကာပူက လူ့အခွင့်အရေးလှုပ်ရှားမှု မှတ်တမ်းတခုကို ဂုဏ်ပြုတင်ဆက်လိုက်ပါတယ်။
Read more
မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs