အမေရိကန် ဂီတပညာရှင် ဂျော့ဂါရွှင် (George Gershwin)ရဲ့ "An American in Paris" တေးသွားခေါင်းစဉ် ကို မှီငြမ်းပြီး ကျနော့်ပို့စ်ခေါင်းစဉ်ကို အထက်ပါအတိုင်း ပေးလိုက်သည်။ ဂါရွှင်ရဲ့ နာမည်ကျော် "Rhapsody in Blue" က ကျနော်အင်မတန်နှစ်သက်တဲ့ တေးသွားတခုဘဲပေါ့။ ဝေါ့ဒစ္စနေကနေ နာမည်ကျော်ဂီတတေးသွား တွေကို Fantasia 2000 မှာ ကာတွန်းသရုပ်ဖော်တွေနဲ့တွဲပြီး ထုတ်လုပ်လိုက်တဲ့အခါ “Rhapsody in Blue” ကို နယူးယောက် မြို့ပြနောက်ခံသရုပ်နဲ့ စိတ်ကူးစိတ်သန်းကောင်းကောင်း၊ ဟာသဆန်ဆန် တင်ပြထားတာ အင်မတန်ကြည့်လို့ကောင်းလှပါတယ်။ မကြည့်ဘူးသူများအတွက် Fantasia 2000 ကို ညွှန်းလိုက်ပါတယ်။
ဒီဇင်ဘာလထဲမှာ သြစတေးလျနိုင်ငံတောင်ဘက်စွန်းအကျဆုံး မဲလ်ဘုန်း ဆိုသည့် မြို့ကလေးသို့ ရောက်ဖြစ်သည်။ ကမ္ဘာမြောက်ခြမ်းမှာ ရှိတဲ့ မြို့ကြီးတွေမှာ နှင်းတွေ တဖွေးဖွေးနဲ့ ခရစ်စမတ်ပွဲတော်အတွက် ပြင်ဆင်နေကြတုန်း ကမ္ဘာတောင်ခြမ်းက မဲလ်ဘုန်းမြို့ကတော့ “နွေလယ်ခေါင် (High Summer)” ပါတဲ့ ခင်ဗျား။ မဲလ်ဘုန်းကို သွားရောက်လည်ပတ်ဘို့ အကောင်းဆုံးအချိန်လို့လည်း ပြောကြသည်။ ကျနော်ကတော့ အနွေးထည်ဘိုး သက်သာသွားသည့်အတွက် အထူးဘဲ ၀မ်းမြောက်မိပါသည်။
မဲလ်ဘုန်းလေဆိပ်မှာ ကျနော့်မြန်မာပတ်စ်ပို့စ်ကြောင့်လား၊ ကျနော့်ရဲ့ ခန့်ညားတဲ့ ဥပတိရုပ် ကြောင့်လား မသိ။ ကျနော့်နိုင်ငံကူးလက်မှတ်ကို ရုံးခန်းလေးထဲ ယူသွားပြီး စစ်ဆေးတာကို အပြင်မှာ ၅ မိနစ်လောက် ထိုင်စောင့်လိုက်ရပါတယ်။ တခြားပြဿနာတော့ မကြုံလိုက်ရ ပါဘူး။
လေဆိပ်အပြင်ဘက်ကိုထွက်လိုက်ရင်ဘဲ မနက် ဆယ်နာရီခန့် တောက်ပတဲ့နေရောင်ခြည် အောက်မှာ လေက ထူးထူးကဲကဲ အေးမြနေတာကို ခံစားရပါတယ်။ နောက်ရက်တွေမှာတော့ အဲသည်လောက် မအေးတော့ပါဘူး။ မဲလ်ဘုန်းရဲ့ အပူအအေး အပြောင်းအလဲမြန်တတ်ပုံကို ကိုယ်တွေ့ကြုံလိုက်ရတော့တာပါဘဲ။
လေဆိပ်ကနေ မြို့လယ်ခေါင် ဟိုတယ်ကို အသွား တက္ကစီပေါ်ကနေ ဘေးက ကျယ်ပြောလှတဲ့ ကွင်းပြင်ကြီးတွေ၊ လမ်းမပေါ်က ကားတွေကို ငေးကြည့်ရင်းလိုက်ပါသွားပါတယ်။ သူတို့ဆီမှာ စင်ကာပူမှာလို COE ဆယ်နှစ်သက်တမ်းကန့်သတ်ချက်မရှိလို့လားမသိ။ ဟောင်းနွမ်းလှတဲ့ ကားတွေလည်း ကားအသစ်တွေနဲ့အပြိုင် လမ်းမပေါ်မှာ ဥဒဟိုသွားလာနေတာကို တွေ့ရပါတယ်။ ဟိုတယ်ရောက်လို့ ကားခရှင်းလိုက်တော့ ၂၅ မိနစ်ခန့် ကြာတဲ့ခရီးကို ၄၆ ဒေါ်လာကျပါတယ်။ စင်ကာပူက တက္ကစီတွေ ဈေးသက်သာပေတယ်လို့ ကြံဖန် အမှတ်ပေးလိုက်ပါတယ်။
ဟိုတယ်မှာ ရေမိုးချိုး၊ အ၀တ်လဲ။ ပြီးတော့ ကင်မရာလေးဆွဲပြီး နေ့လည်စာ စားဘို့ ထွက် ကြတယ်။ (အများကိန်းသုံးလိုက်ရတာက ကျနော့်အလုပ်က လုပ်ဖော်ကိုင်ဖက်တယောက်နဲ့ အတူသွားရတာမို့ပါ။) ကျနော်တည်းတဲ့ဟိုတယ်က Central Business District ဧရိယာ အတွင်းမှာဘဲ။ ပြီးတော့ တနင်္လာနေ့ အလုပ်ဖွင့်ရက် နေ့လည်စာစားချိန်လည်းဖြစ်တဲ့အတွက် အလုပ်ကနေ ထွက်လာပြီး နေ့လည်စာ စားသူတွေနဲ့ ပျားပန်းခတ်နေပါတော့တယ်။ လူတွေရဲ့လက်ထဲမှာ ဆူရှီဘူးလေးတွေကို နေ့လည်စာအဖြစ် ၀ယ်ပြီး ပြန်သွားတာကိုလည်း တွေ့ရတယ်။ လူတွေကလည်း စင်ကာပူမှာလိုပါဘဲ။ သုတ်ခြေတင်လျှောက်နေကြတာ များတယ်။ တချို့လည်း နေ့လည်စာကို ၀ယ်သွားပြီး မြို့ထဲပန်းခြံက မြက်ခင်းတွေမှာ စားသောက်လိုက်၊ နေခြည်အောက်မှာ လှဲလျောင်းစကားပြောလိုက်။
စားသောက်ပြီးတော့ မြို့ပတ်ပြီး အလကားစီးရတဲ့ မြို့ပတ်ဓါတ်ရထားစီးကြပါတယ်။ ထင်ရှားတဲ့ နေရာ၊ လှပတဲ့ နေရာရှုခင်းတွေတွေ့ရင် ဆင်းပြီး ကြည့်ကြ။ ဓါတ်ပုံရိုက်ကြ။ လမ်းလျှောက်သွားကြ။ မောရင် ခဏထိုင်နားလိုက်။ ဓါတ်ရထားကို ပြန်စီးလိုက်နဲ့။ တနေကုန်သွားပါတယ်။ (ကျနော့်ပုံကလွဲလို့ ကျန်ပုံတွေပေါ်မှာ ကလစ်ခေါက်ကြည့်ရင် ပုံကြီးချဲ့ မြင်ရပါတယ်။)

ကျနော်ရောက်ခဲ့တဲ့နေရာတွေထဲမှာ စိန့်ပက်ထရစ် ကက်သီးဒရယ် လို့ခေါ်တဲ့ ကက်သလစ် ဘုရားရှိခိုးကျောင်းကြီးကို အင်မတန်သဘောကျပါတယ်။ စောစောကပြောခဲ့သလို မြို့ထဲမှာ လျှောက်သွားနေရင်းက အဲသည်ဘုရားကျောင်းက စုလစ်မွန်းချွန်ကြီးကို သစ်ပင်တွေအပေါ်က တိုးထွက်နေတာမြင်လိုက်ရတော့ သွားကြည့်မယ်ဆိုပြီး သွားကြည့် ဖြစ်ပါတယ်။ အစကတော့ ဘုရားကျောင်းအပြင်ဘက်ကနေ ဓါတ်ပုံတွေ ရိုက်ယူ နေတာပေါ့လေ။ အဲသည်အချိန်မှာ ဘေးက ဖြတ်လျှောက်သွားတဲ့ လူဖြူအမျိုးသမီးတယောက် က ခဏရပ်တန့်ပြီး ....နောက်ဘက်မှာရော သွားရိုက်ပြီးပြီလား။ အင်မတန်လှတယ်။ ၀င်သွားလိုက်.....ဆိုပြီး လမ်းညွှန်တာနဲ့ ဘုရားကျောင်းနောက်ဘက်မှာရော၊ ဘုရာကျောင်း အတွင်းရော ၀င်ကြည့်ပြီး ဓါတ်ပုံတွေ ရိုက်ယူခဲ့ပါတယ်။ ဘုရားကျောင်းကြီး အတွင်းမှာ အင်မတန်တိတ်ဆိတ်ပြီး အေးချမ်းတဲ့ အရသာကို ခံစားရပါတယ်။ ကျနော် ဓါတ်ပုံ တချို့ရိုက်ယူခဲ့ပေမယ့် Indoor mode နဲ့ ရိုက်မိသွားလို့ တကယ်ရှိတဲ့ အလင်းရောင်ထက် ဓါတ်ပုံထဲမှာ ပိုလင်းနေတာကို တွေ့ရပါတယ်။ နောက် ဘုရားကျောင်းနံရံရဲ့ ဟိုးအမြင့်ဘက်မှာရှိတဲ့ အလင်းဝင်ပေါက်မှန်ချပ်ကြီးတွေမှာ လီယိုနာဒိုဒါဗင်ချီရဲ့ နောက်ဆုံးညစာ စတဲ့ နာမည်ကျော် ပန်းချီကားတွေက ပုံတွေကို မှန်ချပ်ပေါ်မှာ ဆေးရောင်စုံနဲ့ ရေးဆွဲထားတာကိုလည်း တွေ့ခဲ့ရပါတယ်။
နောက်တရက်မှာတော့ ကျနော်တို့ ဒီဇိုင်းပြုထုတ်လုပ်တဲ့ ပါဝါဆပ်ပလိုင်းစ်တွေကို နှစ်ရှည်လများ ၀ယ်ယူအားပေးနေတဲ့ ကုမ္ပဏီကြီးကို ပထမဦးဆုံးအကြိမ် သွားရောက် လည်ပတ်ဖြစ်ပါတယ်။ အဲသည်မှာ ဆွေးနွေးပွဲတွေနဲ့ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုတာနဲ့ နေ့တ၀က်ကုန်။ ညဘက်မှာတော့ သူတို့အားလုံးကို သူတို့စိတ်ကြိုက်ရွေးချယ်တဲ့ စားသောက် ဆိုင်မှာ လိုက်လံပြီး ကျနော်က ညစာနဲ့ ဧည့်ခံဖြစ်ပါတယ်။ သူတို့ရွေးလိုက်တာက ဂျပန်စားဆောက်ဆိုင်တခုပါ။ ယမကာကတော့ ၀ိုင်အနီနဲ့ တချို့ ၀ိုင်မကြိုက်တဲ့သူက ဘီယာမှာသောက်ကြတာပေါ့။ ဟိုတယ်အပြန်ခရီးကို ကျနော့်ဖောက်သည်ကဘဲ ကားမောင်း လိုက်ပို့ပါတယ်။ အဲသည်ကလူတွေ အင်မတန်ယဉ်ကျေးဖော်ရွေကြတာကို သတိပြုမိပါတယ်။ ကျနော်သူတို့နဲ့ ဆက်ဆံခဲ့ရတဲ့ နှစ်ပေါင်း ရှစ်နှစ်တာ ကာလအတွင်း ဒီလူတွေရဲ့ ယဉ်ကျေးမှု၊ စိတ်ကောင်းရှိမှုတွေကို အသိအမှတ်ပြုမိပါတယ်။ အံသြစရာကောင်းတာက သည်လူတွေနဲ့ နှစ်ပေါင်းများစွာ၊ ပရော့ဂျက်ပေါင်းများစွာ အတူလုပ်လာကြပေမယ့် ကျနော်တို့အားလုံး တယောက်နဲ့ တယောက် အခုမှ စပြီး မြင်ဘူးကြတာပါဘဲ။ သာမန်အားဖြင့်တော့ အီးမေးလ်တွေ။ တယ်လီဖုန်းတွေ ပေါ်ကတဆင့်ဘဲ ဆက်သွယ်ကြတယ်လေ။
နောက်ရက်တွေမှာတော့ အားလပ်သွားပြီဖြစ်တဲ့အတွက် မဲလဘုန်းတ၀ိုက်က နာမည်ကျော် လည်ပတ်စရာနေရာတွေကို လျှောက်သွားဖြစ်ပါတယ်။ အဲသည်မှာ Penguin Parade ဆိုတဲ့ ကမ္ဘာ့အသေးဆုံး ပင်ဂွင်းလေးတွေ အိပ်တန်းပြန်လာတာကို သွားရောက်ကြည့်ရတာ စိတ်ဝင်စားစရာအကောင်းဆုံးပါဘဲ။ ဓါတ်ပုံပေးမရိုက်တဲ့အတွက် ဓါတ်ပုံတော့ မရိုက်ခဲ့ရဘူး။ ပင်ဂွင်းငှက်ကလေးတွေဟာ အင်မတန်သေးကွေးပြီး ချစ်စရာကောင်းတာကို တွေ့ရပါတယ်။

အဲ...ကိုဝါးလားတို့၊ သားပိုက်ကောင်တို့ကိုလည်း သွားရောက်ကြည့်ရှုခဲ့ပေမယ့် သိပ်ပြီး ထူးခြားလှတယ်လို့ မခံစားခဲ့ရပါဘူး။ ကိုဝါးလားဆိုတဲ့ အကောင်ဟာ အင်မတန် အပျင်းထူတာဘဲ။ အများစုက သစ်ပင်ခွကြားမှာဘဲ ထိုင်ငိုက်နေကြတာများတယ်။ ကျနော်ကြည့်နေတုန်းမှာ တစ်ကောင်က သစ်ကိုင်းအပေါ်ဘက်ကို တက်သွားတာတော့ ရှားရှားပါးပါး မြင်ခဲ့ရ ပါသေးတယ်။
မြို့ထဲမှာ တမနက်ထပ်လည်ပြီး မဒမ်နဲ့ သမီးအတွက်လည်း လက်ဆောင်လေးတွေ ထွက်ဝယ်ဖြစ်သေးတယ်။ ခရစ်စမတ်ကာလဆိုတော့ အဲသည်က ကုန်တိုက်ကြီးတွေ ရှေ့မှာ အရုပ်တွေ၊ ပြခန်းတွေ လုပ်ပြီးပြနေတာကို ကလေးတွေ တရုန်းရုန်းဖြစ်မလာခင် ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ နောက် လူဖြူမတွေ အင်ဒီယန်းလို ၀တ်ဆင်ပြီး အင်ဒီးယန်းအကနဲ့ မြို့ထဲမှာ လျှောက်က၊ ပျော်ရွှင်နေကြတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။ သူတို့ အပျော်တွေက ကိုယ့်ဆီတောင် ကူးစက်လာသလိုဘဲ။ နောက် ဆန်တာကလော့နဲ့ တွဲပြီး ဓါတ်ပုံရိုက်တော့ ဆန်တာက ချော့ကလက်အသေးလေးတတောင့် လက်ဆောင်ပေးတယ်။ စားကြည့်တော့ အရသာက မဆိုးလှ။
အပြန်ခရီးမှာ ဂျူတီဖရီးကနေ ၀ိုင်နဲ့ယမကာ ၀ယ်ဘို့ မဲလဘုန်းလေဆိပ်ကို တနာရီခွဲခန့် ကြိုတင်ရောက်အောင်သွားပေမယ့် ချက်အင် ကောင်တာမှာ တန်းစီရတာ အင်မတန်ကြာတဲ့အတွက် အထဲလည်းရောက်ရော လေယာဉ်ပေါ်တက်ဘို့ လောဆော်တာ နဲ့ဘဲ စင်ကာပူလေဆိပ်က အထွက်မှာမှ ၀ယ်ဖြစ်ပါတော့တယ်။ အခုတော့ နှစ်သစ်မှာ ဖွင့်ဖို့ သြစတေးလျဝိုင်တလုံးလည်း အသင့်ရှိနေပြီ။
အပြန်မှာ နာမည်ကျော် အက်စ်အိုင်အေ လေကြောင်းလိုင်းက ကျနော်တို့ ထိုင်တဲ့ ခုံတန်းမှာ ရီမုတ်ကွန်ထရိုးအလုပ်မလုပ်လို့ သတင်းနဲ့ ရုပ်ရှင်လိုင်း ၉၇ လိုင်းကနေပြနေတာကို မကြည့်ခဲ့ရဘဲ နစ်နာကြေးအဖြစ် အမေရိကန်ဒေါ်လာ ၇၅ တန်တဲ့ လက်ဆောင်ဘောက်ချာ တခုရခဲ့ပါတယ်။ ကျနော်က တောင်းမလို့ မောင်းတင်ထားတုန်းမှာ သူတို့က အလိုအလျောက် ပေးလာတဲ့အတွက် ကျေနပ်သွားပါတယ်။ အပြန်ခရီးမှာ ဆည်းဆာချိန် တိမ်တွေ တောက်နေတာကို လေယာဉ်ပျံ ပြူတင်းပေါက်ကနေ ဓါတ်ပုံရိုက်ယူခဲ့မိပါသေးတယ်။

သြော်....ပြောဘို့မေ့တော့မလို့။ မဲလ်ဘုန်းမြို့ရဲ့ အမှတ်တရ များစွာထဲမှာ များပြားလှစွာသော ယင်ကောင်တွေကို ချန်ထားလို့ မဖြစ်ချေဘူး။ မြို့ထဲရော မြို့ပြင်မှာပါ မနက် ၁၁ နာရီလောက်က စပြီး ယင်ကောင်တွေ အင်မတန်ထူပြောပါတယ်။ လမ်းသွားရင်း မျက်နှာတွေ၊ ဦးခေါင်းတွေ အပေါ်မှာ ၀ိုင်းအုံပြီး လိုက်လို့ လက်က တချိန်လုံး ယင်မောင်းနေရပါတယ်။ လက်ရပ်လိုက်တာနဲ့ အနည်းဆုံး ယင်ခြောက်ကောင်လောက် သင့်ခေါင်းပေါ်၊ သင့်မျက်နှာပေါ် လာနားပါလိမ့်မယ်။ ယင်တွေကတော့ လူဖြူလူမဲ မခွဲခြားပါဘူး။ အားလုံးကို သာတူညီမျှဘဲ နှောင့်ယှက်ပါတယ်။ ဒါကြောင့် လည်ပတ်ကြည့်ရှုတဲ့ ခရီးစဉ်တချို့မှာ လူတချို့ ပျားဂေဟာက လူတွေလို အင်းဆက်ကာကွယ်ရေးမျက်နှာဖုံးတွေ တပ်ထားတာကိုလည်း တွေ့ခဲ့ရကြောင်း။.........
8 comments:
ပိုက်ဆံမကုန်ပဲ မဲလ်ဘုန်းကို ဒီpostလေးနဲ့ အလည်ခေါ်သွားတဲ့အတွက် ကျေးဇူးပါကိုပေါရေ...
ဟိတ်ကောင် ဂိန်တို
မင်း ဘာတွေလျှောက်ရေးနေတာလည်း
ဒီမိုကရေစီ အကြောင်း လေးရေးပါအုံး
အပေါ်က မြဲခိုင်ဆိုတဲ့သူက သာကီနွယ်ပေါ့ဗျ ကိုပေါ တီးရှော့ထဲက မောင်ဆန်တို့နဲ့ အပေါင်းပါတွေပေါ့..
စကားမစပ် ကိုပေါ မဲဘုန်းသွားတာ ကဗျာလေး တပုဒ် လုပ်စမ်းပါဦး ဟိ (မြှောက်ပေးတယ် ခေါ်တယ်)
ပိုက်ဆံရှိရင် တန်ခူးတို့ မိသားစုကိုပါ ဖိတ်ပြီး နယူးဇီလန်ကို သွားလည်ဦးမယ် တန်ခူးရေ...(မစားရ ၀ခမန်းလည်း ဒီလိုဒီလို ပြောတတ်တယ်..ဟိ)
ကိုကဒေါင်းရေ.....တို့က ဘယ်သူမြှောက်မြှောက် မမြောက်ပေါင် (တကယ်က မြှောက်ပေးရင် ကွေးနေအောင် ကတတ်တယ်။)
ကိုပေါကို မမြင်ဖူးလို့ အကြီးချဲ့ပြီး ကြည့်မလို့ဟာကို .... ကြည့်လို့မရဘူး ဖြစ်သွားတယ်။
ကိုရင်ပေါ...
ဝိတ်တွေသိတ်တိုးနေတယ်နော...
မတွေရတာ ဆယ်စုနှစ် ၂ခုလောက်ရှိတော့မယ်
ထင်တယ်..
:D
......ကိုဇင်ကိုလတ်ရေ.....ဘဲရီးဆောရီး တောကြီးမြိုင်လည်...ဘဲဗျာ။ သိတယ်မှုတ်လား။ High Resolution နဲ့ တင်လိုက်ရင် အခုခေတ်မှာ ပြက္ခဒိန် ထုတ်စားချင်တဲ့လူတွေကလည်း အများသားဗျာ။ စိတ်ချရ၀ူး။
......မိတ်ဆွေဟောင်း အတွင်းရေးမှူးကြီးရေ....ကျနော်တွေးတာမမှားရင် (ကိုသားကြီး)ရေ...
အသက်ကြီးပြီး အချိန်မစီးဘူး အပြောခံရမှာ ကြောက်လို့ မွေးယူထားတဲ့ ပိဿာချိန်လေးတွေ ပါဗျာ...ဘယ့်နှယ့်လဲ ကြည့်ရတာ မခန့်ဘူးလား....ဟဲ..ဟဲ....
မဲလ်ဘုန်းလာတာ ၀င်တောင် လည်မသွားဘူးဗျာ :P
Post a Comment