“ဆန့်ကျင်ဖက်လှိုင်းများ”

Share |
ပြီးခဲ့တဲ့ တပို့စ်ကျော်တုန်းက ယက်တောကိစ္စမှာ နအဖရဲ့ လုပ်ရပ်ကို ရဟန်းမစားရသော ဆွမ်းတနပ်ထဲက ကျောက်သွေးဆရာရဲ့ ယုတ်ကန်းတဲ့ လုပ်ရပ်နဲ့ ဒီလိုပဲ အမှတ်မထင် သာမန်ကာလျှံကာ နှိုင်းယှဉ်ခဲ့တယ်။ အခုမှ ထပ်တွေးမိတာ ရှိသေးတယ်။ တကယ့်ကိုမှ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အခုစက်တင်ဘာလ ရောက်ပြီလေ။ ရွှေဝါရောင်တော်လှန်ရေးကြီးရဲ့ နှစ်ပတ်လည်တောင် နီးလာပြီပဲ။

စက်တင်ဘာတော်လှန်ရေးကြီးအတွင်းမှာ ရဟန်းတော်တွေရဲ့ ဦးပြည်းစိမ်းစိမ်းတွေကို ဝါးရင်းတုတ်တွေနဲ့ မညှာမတာ ရိုက်နှက်ရုံမက ရဟန်းတော်တွေကို ညှင်းပန်းသတ်ဖြတ်ခဲ့တဲ့ နအဖ လုပ်ရပ်တွေကို ပြန်လည်မြင်ယောင်မိတယ်။ ဘုရား…ဘုရား….. ရဟန်းမစားရသော ဆွမ်းတနပ် ဇာတ်ကားထဲက ကျောက်သွေးဆရာရဲ့ လုပ်ရပ်ထက်တောင် ပိုမိုရက်စက်ကြမ်းကြုပ်သော နအဖ အစိုးရရဲ့ လုပ်ရပ်ပါတကား။

ကြည့်စမ်းပါဦး။ အဲဒီ သံဃာတော်တွေ၊ ရဟန်းတော်တွေဆိုတာ တိုင်းပြည်ကောင်းရာကောင်းကျိုးအတွက်၊ တိုင်းပြည်အေးချမ်းစေလိုတဲ့အတွက် လမ်းမပေါ်မှာ အေးအေးချမ်းချမ်း မေတ္တာပို့ပြီး ဆုတောင်းပြီး ဒကာဒကာမတွေ၊ ပြည်သူတွေကိုယ်စား အစိုးရကို သာယာညှင်းပြောင်းစွာ နားချဖို့ ကြိုးစားခဲ့ကြတာမဟုတ်လား။ ဒါကို နအဖ အစိုးရက ဘယ်လို တုန့်ပြန်ပါသလဲ။

သင်္ကန်းဝတ်တွေ၊ ရဟန်းတုတွေလို့ မတော်မတရား စွတ်စွဲပြီး ဝါးရင်းတုတ်နဲ့ ရိုက်နှက်တယ်၊ ဖမ်းဆီးတယ်၊ အကျဉ်းချတယ်။ အတင်းလူဝတ်လဲခိုင်းတယ်။ ပြီးတော့ ညှင်းပမ်းနှိပ်စက်သေးတယ်။ ရိုင်းစိုင်းရက်စက်ပုံကတော့ ကမ်းကုန်ပါပေတယ်။ ဦးပုညစကားနဲ့ ပြောရရင်တော့….

အမိုက်တကာ့ ဗိုလ်မင်း
အဖျင်းတကာ့ ဗိုလ်ချုပ်
အပယ်လေးလီ မြစ်နဒီမှာ
ပလုံစီအောင် ငုပ်မယ့်
လူယုတ်ကြီးတွေ….. ပေါ့။

တကယ်တော့ ဒီသံဃာတော်တွေဆိုတာ ရန်ကုန်က ကျောင်းတိုက်ကြီးတွေမှာ ပရိယတ္တိကို သင်ကြားနေကြတဲ့ သံဃာတွေ။ ဗုဒ္ဓသာသနာ ပျံ့ပွားစည်ပင်အောင်၊ အဓွန့်ရှည်အောင် ကြိုးပမ်းကြမယ့် မျိုးဆက်သွေးတွေ။

သူတို့တတွေ ဘာကြောင့် လမ်းပေါ်ထွက်ရသလဲ။ ဆွမ်းကွမ်း၊ ဝေယျာဝစ္စ အစစကို တာဝန်ယူကြရတဲ့ ဒကာ၊ ဒကာမတွေရဲ့ ဒုက္ခ (တနည်း) ပြည်သူလူထုရဲ့ ဒုက္ခအကြပ်အတည်းတွေကို မကြည့်ရက် မမြင်ရက်လို့ ဒီစစ်အစိုးရ ရက်စက်မယ်မှန်းသိသိနဲ့ လမ်းမပေါ်ထွက်ခဲ့ကြတဲ့ အာဇာနည်တွေပါ။ ဒီစစ်အစိုးရဟာ ရဟန်းသော၊ သံဃာသော နားမလည်ဘူးဆိုတာ ၁၉၈၈-၁၉၉၀ ခုနှစ်တွေ ကတည်းက သူတို့ သဘောပေါက်ကြပြီးသားပါ။ ပခုက္ကူမှာ သံဃာတွေကို နအဖ လက်ပါးစေတွေက ဘယ်လို ဆက်ဆံတယ်ဆိုတာ သံဃာတော်တွေ မသိမဟုတ် သိကြပါတယ်။

ဒါပေမယ့် ဗုဒ္ဓရဲ့သားတော်တွေပီပီ အထူးဖြောင့်မတ်သော အကျင့်ကို ကျင့်ကြတယ်။ မှန်သောဖက်မှာပဲ ရပ်တည်ကြတယ်။ မေတ္တာတရားကို ရင်ဝယ်ပိုက်လို့ လမ်းမပေါ်မှာ ငြိမ်းချမ်းစွာဆုတောင်းရင်း ပြည်သူ့ရဲ့ ဆန္ဒကို ပြည်သူ့ကိုယ်စားဖွင့်ဟကြတယ်။ သံဃာတော်တွေရဲ့ အကြမ်းမဖက် ငြိမ်းချမ်းသော ဆန္ဒထုတ်ဖော်ပွဲကို တကမ္ဘာလုံးက လေးစားအံ့သြကြရတယ်။

ဒါပေမယ့် ဒါရိုက်တာကြီး ဦးသုခရဲ့ ရဟန်းမစားရသော ဆွမ်းတနပ်ထဲက ဇာတ်ရှိန်အမြင့်ဆုံးအခန်းလိုပဲ…. သူယုတ်နေရာက သရုပ်ဆောင်တဲ့ နအဖအစိုးရဟာ ဘီလူးဆိုင်း တီးပြီးထွက်လာတယ်။ တဖက်မှာက အေးချမ်းတဲ့ မေတ္တာပို့ ရွတ်ဖတ်သံတွေ။ တဖက်မှာတော့ ဘီလူးဆိုင်းနဲ့ ဘီလူးစိတ်ဝင်နေတဲ့ လုပ်ရပ်။

ဦးသုခရဲ့ ဇာတ်လမ်းထဲမှာ ကျောက်သွေးဆရာရဲ့ ရိုက်ပုတ်မှုကြောင့် ရဟန်းတော်ရဲ့ ဦးပြည်းစိမ်းစိမ်းကနေ သွေးတွေ ရဲပြီး ဖြာကျလာသလို…. နအဖ စစ်အစိုးရရဲ့ အကြမ်းဖက်မှုကြောင့် သံဃာတော်ပေါင်းများစွာ ဦးခေါင်း၊ လက်မောင်း၊ ပုခုံးတို့မှာ ဒဏ်ရာတွေရကြရှာသလို အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ရတယ်။ စက်တင်ဘာတော်လှန်ရေးကို နအဖက ရက်ရက်စက်စက် နှိပ်ကွပ်အပြီးမှာ ရန်ကုန်မြို့အနီးအပါးက ချောင်းတွေထဲမှာ သံဃာတော်အလောင်းတွေ ပုပ်ပွပြီး မျောလာတာကို ကမ္ဘာတလွှားက မီဒီယာတွေမှာ မြင်ကြတွေ့ကြရတဲ့အခါ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေသာမက၊ ကမ္ဘာသူကမ္ဘာသား အားလုံးလိုလို နအဖရဲ့ ရက်စက်ယုတ်မာမှုကို အကြီးအကျယ် ထိတ်လန့်ကြတယ်။ အော့နှလုံးနာကြတယ်။ ရွံရှာစက်ဆုပ်ကြတယ်။

မေတ္တာနဲ့ ဒေါသ…။
ဓမ္မနဲ့ အဓမ္မ…..။
ငြိမ်းချမ်းမှုနဲ့ အကြမ်းဖက်မှု…..။
ရဲဝံ့ခြင်းနဲ့ သူရဲဘောကြောင်မှု…..။
မတူညီတဲ့ ဆန့်ကျင်ဖက်လှိုင်းတွေကို အဖြူနဲ့အမဲလို ပြက်ပြက်ထင်ထင် မြင်တွေ့လိုက်ကြရတယ်။

ဓမ္မနဲ့ အဓမ္မတွေ့ကြတဲ့အခါ ဓမ္မဖက်က ရပ်တည်ကြတဲ့ စစ်သည်တော်တွေ၊ သူရဲကောင်းတွေ အထိုက်အလျောက် သေကျေပျက်စီးဆုံရှုံးတာတော့ ရှိပါတယ်။ ဒါပေမယ့် ဓမ္မကိုယ်၌က ကျဆုံးသွားတာ၊ အရေးနိမ့်သွားတာတော့မဟုတ်ပါဘူး။ ဓမ္မကသာ ရေရှည်မှာ အောင်လံထူပါလိမ့်မယ်။

အလားတူ အဓမ္မကို လက်ကိုင်ကျင့်သုံးသူတွေအနေနဲ့လည်း အနှေးနဲ့အမြန်ဆိုသလို ကျဆုံးရမှာပါ။ သူတို့ဟာ အာဏာလက်ရှိကိုင်ထားသူတွေမို့ အသာစီးက ရနေသယောင် ထင်မှတ်မှားနေကြပေမယ့် တကယ်တော့ သူတို့ဟာ ရှုံးနိမ့်နေတဲ့ စစ်ပွဲတရပ်ကို ခြေကန်တိုက်နေကြရသူတွေပါ။ သူတို့မှာ နေ့စဉ်နဲ့အမျှ အကြောက်တရားတွေ၊ မလုံခြုံမှုတွေ ပတ်လည်ဝိုင်းနေတယ်။ လောဘ၊ ဒေါသ၊ မောဟမီးတွေ အစဉ်သဖြင့် လောင်မြိုက်နေတယ်။ မမြဲတဲ့ သဘောတွေကို မြဲတယ်လို့ထင်မှတ်ပြီး ထာဝရ ဆုပ်ကိုင်ထားနိုင်ဖို့ တပင်တပန်း ကြိုးပမ်းနေကြရရှာတယ်။ ပတ်ဝန်းကျင်မှာ မိတ်ဆွေစစ်တွေထက် အကျိုးလိုလို့ ညောင်ရေလောင်းသူတွေ၊ မြှောက်ပင့်သူတွေ၊ လိမ်ညာသူတွေ ပတ်လည်ဝိုင်းနေတယ်။ မိမိအာဏာရှိနေတုန်းမှာသာ အနားမှာ ခစားနေကြပေမယ့် အာဏာမရှိတော့တာနဲ့ ခြေစုံကန်သွားကြမယ့်လူတွေသာ ဝန်းရံနေတယ်ဆိုရင် မမှားပါဘူး။ တချက်ခြေလှမ်းမှားတာနဲ့ မိမိရော၊ မိသားစုပါ ဒုက္ခရောက်သွားနိုင်တဲ့ အခြေအနေကြီးထဲမှာ ပိတ်မိနေကြသူတွေလို့ မြင်ပါတယ်။

စက်တင်ဘာတော်လှန်ရေးကြီးဟာ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံလူတန်းစားနှစ်ရပ်ကြားမှာ ခေတ်ရဲ့ တောင်းဆိုချက်၊ လိုအပ်ချက်အရ ထွက်ပေါ်လာတဲ့ တိုက်ပွဲကြီးဆိုရင်လည်း ဟုတ်တယ်။ ဓမ္မနဲ့ အဓမ္မအကြားက အားပြိုင်မှုကြီး တခု ဆိုရင်လည်း မမှားဘူး။ ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်မှု ဝါဒလမ်းစဉ်နှစ်ရပ်အကြား အစပျိုး ပဋိပက္ခလို့လည်း ပြောလို့ရတယ်။

အခုဆိုရင် နအဖကတော့ ဆင်ကန်းတောတိုး ဆိုသလို သူသဘောကျရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ ၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲကို သွားနေပြီ။ သူ့အနေနဲ့က ပေါက်တဲ့နဖူး မထူးတော့ပြီ ဆိုတာလို မထူးဇာတ်ကို ဘယ်သူပါပါမပါပါ သူ့တကိုယ်တော် ကပြတော့မှာပဲ။
ကပါစေ။ အားရပါးရ ကပါစေ။ နအဖအတွက် ဇာတ်သိမ်းခန်းက ရောက်တော့မှာပါ။ မကြာခင် အပူတိုက်ခန်းတွေ ဘာတွေ ကြားရကိန်းရှိတယ်။

သင်ခန်းစာက ပြည်သူထောက်ခံမှုမရတဲ့ အစိုးရတရပ်ဟာ ဘယ်အရာကို လုပ်လုပ် မအောင်မြင်နိုင်ဘူးဆိုတာ လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး နအဖလုပ်ခဲ့တဲ့ အမှုတွေကို ပြန်ကြည့်ရင် တွေ့နိုင်ပါတယ်။ ဈေးကွက်စီးပွားရေး။ မအောင်မြင်ပါဘူး။ မြန်မာ့ခရီးသွားနှစ်။ မအောင်မြင်ပါဘူး။ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်။ မအောင်မြင်ပါဘူး။ ပညာရေးစနစ်။ မအောင်မြင်ပါဘူး။ နွေစပါး။ မအောင်မြင်။ ကြက်ဆူ။ မအောင်မြင်။ ဘာဆိုဘာမှ အောင်အောင်မြင်မြင် မလုပ်နိုင်ခဲ့တဲ့ အစိုးရတရပ်ပါ။ အခု လုပ်နေတဲ့ လမ်းပြမြေပုံကလည်း မည်ကာမတ္တနဲ့သာ ပြီးသွားတော့မယ်။ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ မလုပ်ခင်ကတည်းက အဖြေထွက်နေပြီးသား။ နအဖ လုပ်တတ်တာ တခုပဲရှိတယ်။ တိုင်းပြည်မှာ ထွက်သမျှ သယံဇာတတွေကို လက်ညိုးထိုး ရောင်းစားပြီး ရတဲ့ငွေကို ကိုယ့်အိတ်ကပ်ထဲထည့်တာမျိုးလောက်ပဲ လုပ်တတ်တယ်။ အဲဒါကလည်း မရှက်တတ်ရင် ဘယ်သူမဆို လုပ်တတ်တဲ့ အလုပ်မျိုးကလား။

အာဏာရှင်စနစ်ရဲ့ မကောင်းဆုံးအချက်က…. အဲသည်လို မကောင်းတဲ့အစိုးရ အာဏာရနေပြီဆိုရင် ဖြုတ်ချရ ခက်ခဲတတ်တာ၊ ကြန့်ကြာတတ်တာပါပဲ။ ဘယ်လိုပဲ ခက်ခဲပါစေ၊ ကြန့်ကြာပါစေ…. စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ဖို့ဆိုရင်တော့ အဲသည်အဆင့်ကို ကျော်ဖြတ်ကြရမှာပါ။ ဇွဲ၊ လုံ့လ နဲ့ စိတ်ဓါတ်ခွန်အားတွေ၊ ရေရှည်ကျိတ်ကြရမယ့် အင်အားတွေ လိုပါမယ်။ ပြည်သူအများစု ပူးပေါင်းပါဝင်ကြပြီဆိုရင် နအဖရဲ့ ဇာတ်သိမ်းခန်းက မဝေးတော့ဘူးဆိုတဲ့အကြောင်း ထပ်လောင်းရေးသားလိုက်ပါတယ်။

8 comments:

Anonymous said...

တစ် ခု ကျန် သေး တယ် ။ သစ် ဆိမ့် ။

Okkala Thar said...

အယုတ်တကာ့ အယုတ်ဆုံးထဲမှာ ငွေကြာရံကျောင်းကို သူပုန်စခန်းလို ၀င်ဆီးတာပါပဲ ခင်ဗျာ.. န.အ.ဖ ရဲ့  ယုတ်မာပက်စက်မှု့ ကိုမခံရပ်နိုင်လွန်းလို့ တမြို့ လုံးပြည်သူတွေ တောက် တခေါက်ခေါက် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရတယ်..

စိမ်း... said...

ပြန်တွေးရင် မနေ့တနေ့က အတိုင်းပဲ... ကြက်သီးဖြန်းဖြန်းထရတယ်.. သံဃာတော်တွေရဲ့ အာဇာနည်စိတ်ဓါတ်နဲ့ ကြီးမားတဲ့ဂရုဏာတရားကို...

ဧပရယ်လ်ပူး@ပူးတေ said...

ဖတ်နေရင်းနဲ့ ရွှေဝါရောင်တော်လှန်ရေးကဟာတွေ မျက်လုံးထဲပြန်မြင်လာပြီး ကြက်သီးတဖြန်းဖြန်းထပါတယ်။ ရွှေဝါရောင်တော်လှန်ရေးကို ဆူးလေလမ်းဆုံ၊ ဗိုလ်တထောင်ဘုရားလမ်းနဲ့ ပန်းဆိုးတန်း ကုန်းကျော်တံတားတို့မှာ ကိုယ်တိုင်သွားကြည့်ပြီး ငိုငိုပြီး ထွက်ပြေးလာတာကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ ခုပြန်တွေးရင် ပြန်ပြီးငိုချင်တုန်း။ ဖုန်းဖုန်းတို့ကို သနားလို့။

Thargyi(Gyobingauk) said...

ဖတ်နေရင်း.. 2007 စက်တင်ဘာက မနေ့တနေ့တုန်း ကလိုခံစားလိုက်ရတယ်.. ကြက်သီးထသွားတယ်.. ကျွန်ဒီစင်ကာပူကိုရောက်ပီးရက်ပိုင်းလေးမှာဖြစ်သွား ခဲ့တာလေ.. အဲဒီရက်တွေတုန်းက သတင်းတွေကိုဖတ်ရင်းမျက်ရည်ဝဲခဲ့ရတယ်.. ခံပြင်းဒေါသထွက်ခဲ့ရတယ်.. ဘာပဲဖြစ်ဖြစ်ပါ.. ဓမ္မနဲ့ အဓမ္မ မှာ ဓမ္မသည်သာအောင်ပွဲခံမှာပါ.... ခုခဏလေးကိုကြည့်ရင်တော့ အဓမ္မက အောင်မြင်နေသလိုပါ.. အဓမ္မဟာ အကြောက်တရား နဲ့ မီးကုန်ရမ်းနေတာပါ.. သူတို့လမ်းမကြာခင်ဆုံးမှာပါ..

Anonymous said...

Shweaung
သူတို့လမ်းမကြာခင်ဆုံးမှာပါ
.......................
ဟိ ဟိ နှစ်နှစ်ဆယ်ကျော်ပြီ
ဘယ်တော့လမ်းဆုံးမှာလဲ
အခုနောက်မျိုးဆက်သစ်လေးကလည်း
လက်စွမ်းပြနေတယ်
နေရွေသွေးအောင်တဲ့
လမ်းဆုံးဖို့တော့မမြင်

တစ်နေ့တော့လမ်းဆုံးဖို့ကိုတွေးပြီး
နေလာတာ နှစ်နှစ်ဆယ်ကျော်ပြီ
အသက်တွေလည်းကြီးလာပြီ
ဟိ ဟိ

Anonymous said...

စိတ်ကူးယဉ် အတွေးကမ္ဘာထဲ........

KKL said...

န.အ.ဖ အထင်ကြီး အဆိုးမမြင်ဝါဒီများအားဆန့် ကျင်ကြ..
နေရွှေသွေးအောင် မျှော်မှန်းလူလောက်လန်း များအား တိုက်ထုတ်ကြ..

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs