“ကိုယ့်ရှူးကိုယ့်ပတ်”

Share |


သမီးငယ်ငယ်က စူပါမားကက်တွေဘာတွေ ခေါ်သွားရင် အရုပ် ပူဆာတတ်တယ်။ အဲသည်လို ပူဆာတဲ့အခါမျိုးမှာ ကျနော်က တဟီးဟီး ငိုချလိုက်ပြီး “သွားပါပြီ၊ ဒီလို ပူဆာပုံနဲ့ဆိုရင်တော့ ငါ့ငွေတွေတော့ ကုန်ပါပြီ၊ မွဲပါပြီ” လို့ ပြောလိုက်ရင် သူ အင်မတန်သဘောကျတယ်။ သူက မိန်းကလေးမို့လားမသိ။ ဇွတ်တော့ မပူဆာဘူး။ ခဏ အရုပ်ကို ဖက်ကြည့်လိုက်ရတယ်၊ ကိုင်ကြည့်လိုက်ရတယ် ဆိုရင် ကျေနပ်သွားရော။ အခုအချိန်အထိ သူ့အဖွားက သူ့ကို ကွယ်ရာမှာ အရုပ်ဝယ်ပေးတယ်ဆိုရင် ကျနော့်ဆီကို ၀မ်းသာအားရ ယူလာပြပြီး “ဒီမှာတွေ့လား။ ဖေ့ဖေ့ငွေတွေ မီး ဖြုန်းပစ်လိုက်ပြီ” လို့ ပြောတတ်သေးတယ်။

အိမ်မှာကျတော့လည်း သားအဖ နှစ်ယောက်ဟာ တယောက်ရဲ့ မကောင်းတဲ့ အမူအကျင့်တွေကို တယောက် List အပြိုင်အဆိုင် ပြုစုတတ်ပါသေးတယ်။

ဥပမာ… ကျနော်က “သမီးရဲ့ မကောင်းတဲ့ အမူအကျင့်က ဗိုက်ဆာပြီဆိုရင် ဆာတယ်လို့ မပြောဘဲ တခြားကိစ္စတခုခုမှာ ဂျီးကျတတ်တဲ့ အကျင့်ရှိတယ်” ဆိုရင် သမီးကလည်း ချက်ချင်းဆိုသလို “ဖေဖေ့ရဲ့ မကောင်းတဲ့အမူအကျင့်ကလည်း မေမေက ခေါက်ဆွဲကြော် ကြော်ပေးတယ်ဆို ခေါက်ဆွဲကြော်မစားချင်ဘူး။ ထမင်းကြော်ပဲ စားချင်တယ်လို့ ဂျီကျတတ်တယ်” လို့ ပြန်ပြောတတ်တယ်။

တခါကျနော်က “သမီးရဲ့ မကောင်းတဲ့ အမူအကျင့်က သူများ ကွန်ပြူတာကိုင်နေပြီဆိုရင် ဂိမ်းကစားချင်လို့ လာပူဆာတတ်တယ်”…။

အဲဒီမှာ သမီးကလည်း “ဖေဖေရဲ့ မကောင်းတဲ့ အမူအကျင့်က သူများ တီဗီကြည့်နေပြီဆိုရင် ဘီဘီစီ သတင်းကြည့်မယ်၊ ဒစ္စကာဗာရီ ကြည့်မယ်နဲ့ လာလုတတ်တယ်”….။

အဲသည်လို အပြန်အလှန်ပြောကြရင်းနဲ့ ကျနော့်ရဲ့ မကောင်းတဲ့ အကျင့်တွေ ထွက်လာလိုက်တာဆိုတာ အများကြီးပဲ။ သမီးကလည်း စေ့စေ့စပ်စပ် မြင်တတ်သလား မမေးနဲ့။ မဒမ်ပေါတောင် ကျနော့်ရဲ့ မကောင်းတဲ့ အမူအကျင့်ကို သမီးလောက် လုံးစေ့ပတ်စေ့ ပြန်မပြောပြနိုင်ဘူး။

ရှိသေးတယ်။ တရက်မှာ သမီးက… “ဖေဖေတို့ မီး ကို ဘလော့ဂ်စပေါ့လေး တခုလောက် လုပ်ပေးပါ” တဲ့။ ကျနော်တို့က “ဘလော့ဂ် ဘာလုပ်ဖို့လဲ” လို့ ပြန်မေးတော့…. “ဖေဖေ့ရဲ့ မကောင်းတဲ့ အကျင့်လေးတွေကို ဖေဖေ့သူငယ်ချင်းတွေသိအောင် ဘလော့ဂ်ပေါ်မှာ ရေးပြချင်လို့” တဲ့။ ဟူး…. မလွယ်ပါလား။

ကျနော်က သမီးကို အခွင့်သာတိုင်း စတတ်နောက်တတ်သေးတယ်။ ဥပမာ သမီးတို့ ကျောင်းကို မိဘအနေနဲ့ အတူလိုက်ရတော့မယ့် အခါမျိုးဆိုရင် “သမီး… ဘာမှ မပူနဲ့သိလား။ သမီးသူငယ်ချင်းတွေကိုတွေ့ရင် ဖေဖေ အင်ဒီးယန်းအက ကပြမယ်” လို့ ကြိုပြောထားနှင့် တတ်သေးတယ်။ အဲဒီတော့ သမီးက ကျောင်းရောက်တဲ့အခါ ကျနော်တကယ် ထဖောက်လေမလားဆိုပြီး သူ့မှာ စိုးတထင့်ထင့်နဲ့။ ကျောင်းမှာ သူက တနေရာသတ်သတ်။ ကျနော်တို့က တနေရာသတ်သတ် ထိုင်ရတာမျိုးဆိုရင် သမီးနဲ့ အကြည့်ချင်းဆုံတဲ့အခါ ဘယ်သူမှ မသိအောင် မသိမသာ အင်ဒီယန်းအက ကသလို တွန့်ပြတာမျိုး ကျနော် လုပ်ပြလေ့ရှိပါတယ်။ သမီးက အဲဒီအခါကျရင် မမြင်ချင်ယောင် ဆောင်နေတတ်တယ်။

သမီး စပြီး ရှက်တတ်တာကို သတိထားမိတာကတော့ တညနေမှာ သမီးရယ်… ကျနော်ရယ်… မဒမ်ပေါရယ်… မှောင်ရီပျိုးပျမှာ လမ်းလျှောက်ပြီး ပြန်လာတယ်။ အိမ်နားက ဘတ်စကက်ဘောကွင်းကိုရောက်တော့ ကျနော်က လက်ထဲမှာ ဘာဘောလုံးမှ မပါဘဲနဲ့ ဘောလုံးရှိသယောင် ဟန်ရေးအမျိုးမျိုးနဲ့ ဘတ်စကက်ဘော ကစားပြတယ်။ ဘောလုံးကို ခုန်ပြီး ခြင်းထဲ သွင်းတဲ့ ပုံစံမျိုး လုပ်ပြတယ်။

အဲဒီအချိန်မှာ သမီးဆီကနေ…. “ဖေဖေ… သူများတွေ ကြည့်နေတယ်” ဆိုတဲ့ အသံထွက်လာတော့ မဒမ်ပေါနဲ့ ကျနော့်မှာ ရယ်လိုက်ရတာလေ။ ကျနော်ပေါက်ကရလုပ်ရင် သူရှက်တတ်လာပြီ ဆိုတဲ့သဘော။ သမီးရဲ့ ပျော့ကွက်ကို ကျနော်သိလိုက်တာမို့ သူ့ကို နောက်စရာ တကွက်တိုးလာတဲ့သဘော။

ဒါတွင်ပဲလား။ ဘယ်ဟုတ်ဦးမလဲ။ ကျောင်းမှာ စာမေးပွဲအမှတ်တွေသိရတဲ့အခါ သမီးလာပြောတယ်ဆို ချက်ချင်းဆိုသလိုတော့ အတည်ပေါက် ချီးမွမ်းလိုက်ပါတယ်။ ဒါပေမယ့် တော်တော်လေးနေမှ “ဖေဖေ ငယ်ငယ်ကဆိုရင် ၁၀၀ ပေးရင် တရာအပြည့်ရတာ သိလား” လို့ သမီးမခံချင်အောင် ပြောတတ်တယ်။ သမီးကလည်း ကျနော်ပြောတာကို ယုံမယ်ထင်လို့လား။ ဝေးသေးတယ်။ သူ့အမေ (သို့မဟုတ်) သူ့အဖွားကို “အဲဒါ ဟုတ်သလားဟင်” လို့ သေချာအောင် လှမ်းမေးတတ်တယ်။ ဟိုက မျက်နှာကို ရှုံ့မဲ့ပြပြီး လက်ခါပြလိုက်ပြီဆိုရင် သူအရမ်းသဘောကျတယ်။

မနေ့ကလည်း ညဖက်မှာ အခန်းထဲကို ၀င်လာပြီး “မီးလေ… တရုတ်စာ(ဘာသာ)မှာ အမှတ် ၅၀ ပေးတာ ဖော်တီနိုင်းအင်ဟတ်လ်ဖ် (49.5) ရတယ်” လို့ လာပြောတယ်။

ကျနော်လည်း ထုံးစံအတိုင်း “ဖေဖေ ငယ်ငယ်ကဆိုရင် ၅၀ ပေးရင် ၅၀ အပြည့်ရတယ်” လို့ သမီးကို နောက်ပြောမလို့ စိတ်ကူးလိုက်သေးတယ်။ ဒါပေမယ့် သမီးမျက်နှာလေးက တည်တည်လေးဆိုတော့ ငါနောက်လိုက်ရင် ငါ့သမီး ကိုယ့်ကိုယ်ကိုယုံကြည်မှု လျော့သွားပါလိမ့်မယ်လေ ဆိုပြီး စိတ်ကောင်းလေး ၀င်လာတာနဲ့…..

“ဟား… သမီးတော်တာပေါ့။ ၅၀ ပေးတာ 49 and half ရတယ်ဆိုတော့…” လို့ အတည်ပေါက် ချီးကျူးစကားဆိုလိုက်တယ်။

အဲဒီမှာ သမီးက ကျနော့်မျက်နှာကို စေ့စေ့ကြည့်ပြီး ခွက်ထိုးခွက်လန်ရယ်မောရင်းက “နောက်ပြောတာ။ တရုတ်စာအမှတ်က မသိရသေးဘူး”……..တဲ့။

ကြည့်စမ်း။ ကိုယ့်ရှူးကိုယ့်ပတ်ဆိုတာ ဒါပဲ။ ဟင်း… ဒင်းကို ချီးကျူးတာ နည်းနည်း စောသွားတယ်။

38 comments:

Nay Nay Naing said...

ကိုပေါသမီးက အဖေတူ သမီးပေါ့။
ကိုပေါရေးထားတာတွေ ဖတ်ပြီး အဖေ့ကို သတိရသွားတယ်။ :-)

May Flower said...

ကိုပေါ သမီးလေးက သိပ်တော်တာပဲ
သွက်လက် ချက်ချာပြီး ချစ်စရာကောင်းမယ့် ကလေး လေးပဲ
ပိုစ့်လေးဖတ်ပြီး သဘောကျပြီး ပြုံးမိတယ်

Myagreen said...

Your daughter is very cute. I never forget about “ပုစိညှောက်ကျယ်”. :D

Su said...

i agree with Myagreen.
your daughter very adorable. :)

မမိုး said...

ကိုပေါသမီးလေးက ချစ်ဖို့ကောင်းလိုက်တာ၊ သူ့ပုံက တည်တည်ကြည်ကြည်နဲ့ ထက်ထက်မြက်မြက်ရှိမဲ့ပုံပဲ။
ကိုပေါတို့သားအဖကိုကြည့်ပြီး ကျမငယ်ငယ်က အဖေနဲ့
နေခဲ့ရတာလေး ပြန်အောက်မေ့မိပါရဲ့။ ကျမလဲ မိဘကိုဇွတ်ပူဆာလေ့ မရှိခဲ့လို့ မိဘတွေချီးကျူးတာ မကြာခဏခံရဖူးခဲ့တယ်။ကျမအဖေလဲ အလွန်အနောက်သန်တာ၊ ကျမကတော့ လူတွေရှေ့ အဖေနောက်ရင် လက်ကိုဆွဲဆိတ်တာပဲ။

Nge Naing said...

ကိုပေါသမီးလေးက ချစ်စရာလေးပဲ။ ကိုပေါနဲ့တော့ သိပ်မတူဘူး အမေတူသမီးထင်တယ်။ အရုပ်တွေကို လိုချင်ပေမယ့် မပူဆာဘူးဆိုတော့ လိမ်လည်းသိပ်လိမ္မာတာပဲ။ ကျွန်မသားနဲ့တော့ ကွာပါ့။ ကျွန်မသားကတော့ အစားမကြွးပဲထားလို့ ရရင်ရမယ် သူလိုတဲ့ကစားစရာကတော့ မ၀ယ်ပေးလို့တော့ ကုန်တိုက်ထဲက ထွက်မှာမဟုတ်ဘူး။

Nge Naing said...

ကိုပေါသမီးလေးက ချစ်စရာလေးပဲ။ ကိုပေါနဲ့တော့ သိပ်မတူဘူး အမေတူသမီးထင်တယ်။ အရုပ်တွေကို လိုချင်ပေမယ့် မပူဆာဘူးဆိုတော့ လိမ်လည်းသိပ်လိမ္မာတာပဲ။ ကျွန်မသားနဲ့တော့ ကွာပါ့။ ကျွန်မသားကတော့ အစားမကြွးပဲထားလို့ ရရင်ရမယ် သူလိုတဲ့ကစားစရာကတော့ မ၀ယ်ပေးလို့တော့ ကုန်တိုက်ထဲက ထွက်မှာမဟုတ်ဘူး။

Anonymous said...

Hi KP,

She is very cute & adorable. She has very good personality. Sorry, but it is not like father like daughter.

It is "Like mother like daughter".

Anonymous said...

How old is she?

Thant said...

အရုပ်ကြိုက်တဲ့သမီးလေး .. သူကိုယ်တိုင်က အရုပ်လေးလိုပါပဲလား..။ ချစ်ဖို့ကောင်းလိုက်တာ ။

:P said...

သမီးပုံပဲ မမြင်ဖူးသေးတာလေ.... သမီးလေးရဲ့ပုံက အပေါ်ကလူတွေ ပြောသွားတာ ပြည့်စုံနေပြီ...
ချစ်စရာ နဲ့ ထက်မြက်တဲ့ပုံလေး....။
ကျွန်မလည်း ကျွန်မ အဖေကို သတိရသွားတယ်...။

Rita said...

တဟားဟား အော်ရီနေမိရပြီး မျက်ရည်တွေလည်း လည်လာတယ်။

Anonymous said...

so cute!

Anonymous said...

ဦးလေးပေါ

အဖေတစ်ယောက်ရဲ့ ချစ်မေတ္တာကို ရယ်စရာတွေရဲ့ နောက်မှာ ခံစားလို့ ရတယ်။
အဖေ့ကို သတိရလိုက်တာ။

သမီးလေးက ထက်မြက်မယ့်ရုပ်လေးလို့ပြောတာ တကယ်ပါဘဲ။ တကယ်အဲဒီပုံလေး ထွက်နေတယ်

သန့်စင် said...

သမီးလေးက
ချစ်စရာလေး
ပျော်စရာကောင်းမဲ့ မိသားစုဘ၀လေး....
နောက်တခါ သမီးလေးက မပူဆာလဲ ၀ယ်ပေးလိုက်ပါဗျာ
ဒီလောက် လိမ္မာတဲ့ သမီးလေးကို...

Andy Myint said...

မတန်းခူး ပြောပြထားလို့ ကိုပေါ်သမီးလေး တော်တဲ့ အကြောင်း ကြားထားပြီး ဒီလို ချစ်စရာ ကောင်းတဲ့ အကြောင်းတွေပါ ဖတ်ရတာ ကောင်းတယ်။ သားသမီး တစ်ယောက်တည်း ဆိုတော့လည်း Do one thing. Do it better ဆိုသလိုပါပဲလား။

MrDBA said...

ချစ်စရာကောင်းလိုက်တာ။ ကျွန်တော်လဲ သမီးလေး တစ်ယောက်လောက် လိုချင်သဗျာ။ ခက်ထှာ။

Anonymous said...

ချစ်စရာကောင်းလိုက်တာ ဒီလိုညီမလေးမျိုး
လိုချင်လိုက်တာ

kay said...

သမီးလေးက..ချစ်စရာလေး.. ( မဒမ်ပေါ နဲ့ တူတာဖြစ်မယ်..)း)

တောင်ပေါ်သား said...

အကိုရေ ချစ်စရာလေး မိဘနဲ့ သားသမီးကြားက သံယောဇဉ်လေးကို ဖတ်ရတော့ ရင်မှာ အတိုင်းမသိ ကြည်နူးမိပါတယ်။ သမီးငယ်လေးက ချစ်စရာလေးပဲ တကယ်ပဲ မဒမ်ပေါနဲ့ တူတယ် ထင်တယ်း)) စတာ အကိုရေ တကယ်တော့ အတည်ပါး) ၀င်နောက်သွားတာပါ အာ ရှုပ်ကုန်ပြီ အဟီးးး


လေးစားလျက်
တောင်ပေါ်သား

တန်ခူး said...

အန်တီတို့ မင်္ဂလာဆောင်ကို မေမေ့ ဗိုက်ထဲကနေ တက်တဲ့သမီးလေး…
ပန်းနုရောင်အသားလေးက မေမေနဲ့ တူသလို မျက်နှာပြည့်ပြည့်လေးက ဖေဖေနဲ့ တူတယ်…
ကိုပေါကို အပြိုင်စာရင်းပြုစုနိုင်တယ်ဆိုကတည်းက ဖေဖေကြီးလို ဖြတ်ထိုးဥာဏ်ကောင်းတယ်ဆိုတာ သက်သေပြနေတာပေါ့…
မေမေလို့  ၀ိရိယကောင်းကောင်းနဲ့ ထက်ထက်မြက်မြက်ကြိုးစားတော့ အမြဲထိပ်ဆုံးကနော်…
ဖေဖေနဲ့ မေမေရဲ့ကောင်းတာလေးတွေစုထားတဲ့ သမီးလေး မိုးသီရီကောင်းစုလို့  အန်တီက နာမည်အသစ်လေးပေးလိုက်ပြီ….
သမီးပို့ စ်လေးတွေ မကြာမကြာရေးပါကိုပေါရေ… ကြည်နူးစရာကောင်းလွန်းလို့ …

Anonymous said...

I love this post very much.....I do miss my father after reading this post.

မေဓာဝီ said...

ကိုပေါကို နိုင်တဲ့သူ ပေါ်လာပြီပေါ့။ :)
ကိုပေါသမီးလေးက ချစ်စရာကောင်းလိုက်တာ။ ထူးချွန် ထက်မြက် သွက်လက်တဲ့ကလေးပဲ။
ဒီပို့စ်ဖတ်ရတာ ကြည်နူးစရာ ပျော်စရာကောင်းတယ်။
သားအဖကြားမှာ မပြောရဲ မဆိုရဲ မရှိဘဲ အခုလိုဆက်ဆံရေးရှိတာ သဘောကျမိတယ်။

မောင် said...

သမီးလေးက ချစ်စ၇ာလေး...so cute

Thargyi(Gyobingauk) said...

ကိုပေါရေ..

ကိုပေါတို့ သားအဖရဲ့ ဆက်ဆံရေးပုံစံလေးကို အရမ်းသဘောကျတယ်.. မြန်မာမိသားစု တော်တော်များများက ခလေးတွေကိုကြောက်စိတ် တွေမသိမသာ သွင်းမိမှန်းမသိသွင်းပေးပီး ထိန်းကျောင်းနေကြတဲ့ ပုံစံတွေပြင်သင့်နေပီ.. ကိုပေါအဲဒါနဲ့ပတ်သက်တဲ့ Post တပိုဒ်လောက်တော့ ရေးပါအုံးလို့တိုက်တွန်းလိုက်ပါတယ်..

ချစ်သမီး said...

အိုးးး
ချစ်ဖို့ ကောင်းတဲ့ ကလေးလေးပါလားး
လိမ္မာလိုက်တာ..
သူများတွေ ပြောနေတုန်းက သိပ်မထင်ဘူး..
ခု ဒီစာဖတ်ရမှပဲ
အဖေနဲ့  အမေကို ကျော်တက်မယ့်
ထူးချွန်ထက်မြက်မယ့် သမီးလေးကို
ပိုင်ဆိုင်တယ်ဆိုတာ
လက်ခံလိုက်ပြီ...
ပျော်ရွှင်ငြိမ်းချမ်းတဲ့ မိသားစုလေး ဖြစ်ပါစေ..
ပျော်စရာနတ္တိ ကျွန်းပိစိမှာ ချစ်ဖို့ ကောင်းတဲ့ မိသားစုနဲ့ 
ပျော်ရွှင်ပါစေ...
သမီးလေးနဲ့  နွေးထွေးတဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါစေလို့ ...

Anonymous said...

Yes Ko Paw. I agree with this.
"ကိုပေါတို့ သားအဖရဲ့ ဆက်ဆံရေးပုံစံလေးကို အရမ်းသဘောကျတယ်.. မြန်မာမိသားစု တော်တော်များများက ခလေးတွေကိုကြောက်စိတ် တွေမသိမသာ သွင်းမိမှန်းမသိသွင်းပေးပီး ထိန်းကျောင်းနေကြတဲ့ ပုံစံတွေပြင်သင့်နေပီ.. ကိုပေါအဲဒါနဲ့ပတ်သက်တဲ့ Post တပိုဒ်လောက်တော့ ရေးပါအုံးလို့တိုက်တွန်းလိုက်ပါတယ်.."
Thank you.

JuneOne said...

ချစ်စရာသမီးလေး။

win said...

ကိုပေါရေ....
အရမ်းကြည်နူးရပါတယ်။
ဒီလိုသမီးမျိုးလိုချင်သလို ကိုပေါလို အဖေမျိုးဖြစ်အောင်လည်းကြိုးစားရပါအုံးမယ်။

win said...

ကိုပေါရေ....
အရမ်းကြည်နူးရပါတယ်။
ဒီလိုသမီးမျိုးလိုချင်သလို ကိုပေါလို အဖေမျိုးဖြစ်အောင်လည်းကြိုးစားရပါအုံးမယ်။

ခင်မင်းဇော် said...

အမ်မလေး ဘလော့တရက်မရောက်လိုက်တာနဲ့ နောက်ကျသွားပါပကော....
ကိုပေါ သမီးလေးက တော်တော်ချစ်ဖို့ကောင်းတာပဲ ...
ဟမ်းးးး သားရှင်မှ လာရောက်နှုတ်ဆက်သွားပါတယ် ရှင်...

Anonymous said...

ဖေဖေ ငယ်ငယ်ကဆိုရင် ၅၀ ပေးရင် ၅၀ အပြည့်ရတယ် လို့ဘယ်လိုပြောမလဲ? ကိုပေါကတရုတ်စကား မတတ်ဘူးဆို၊ သူသိမှာပဲ၊ သူ့အမေကရော သူ့ကိုဘယ်လို ဆက်ဆံလဲ? ကြောက်ရလား? ကိုပေါလိုပဲ ရင်းနှီးလား? ပြည့်တာကရော ဘယ်သူနဲ့တူတာလဲ?

Steve Evergreen said...

I think the best post ever in your blog history.

ငွေဇင်ယော် said...

မိဘနဲ့သားသမီးကြားက စာဖွဲ့လို့မကုန်နိုင်မယ့် ကြည်နူးစရာ အဖြစ်လေးတွေနော်။ ကျွန်မငယ်စဉ်ကလဲ အဲလိုစနောက်တတ်တဲ့ ဖေဖေကြောင့် ခဏခဏ ရှက်စိတ်ဝင်ခဲ့ဖူးတယ်။ ပြီတော့ လူပုံအလယ်မှာ တကယ်များ ထလုပ်မလားလို့ပေါ့။

Anonymous said...

ကိုပေါ

သမီးလေးက ချစ်စရာလေးဗျ။ ချက်ချာတာလည်း ပေါ်လွင်ပါပေ့။ သားအဖတွေ အပြန်အလှန် စနိုင် နောက်နိုင်တဲ့ ပတ်ဝန်းကျင်လေး ဖန်တီးထားနိုင်တာလည်း ကြားရတာ ကြည်နူးရပါတယ်။

KZ

ဂျစ်တူး ( မုံရွာ ) said...

ကိုပေါသမီးသမီးကလေးသွက်လက်တာကတော့မပြောပါနဲ့တော့---လက်တွေ့ ပါခင်ဗျာ-သူနဲ့တွေ့တိုင်းသူကိုဖက်ပြီးညီးကချောလိုက်တာအေ-ချစ်စရာကောင်းလိုက်တာလို့တိုးတိုးကလေးကပ်ပြောရင်၊
ညီးကလည်းချောတာပါဘဲအေ---လိုပြန်ပြောတယ်-
မချောတဲ့သူကိုချောတယ်ပြောလို့---ဝမ်းသာလုံးတွေဆို့သွား
တာသမီးကလေးမသိလိုက်ဘူး---သမီးကလေးကျန်းမာပါစေ---
အဖေတွေအမေတွေထက်စာတွေပိုတော်ပါစေ---တွေ့ရင်ဓါတ်ပုံရိုက်ပေးအုံးမယ်-နောက်ပြီးတော့မပေးဘူးလေ(နာမည်ကြီးဓါတ်ပုံဆရာ-ဓါတ်ပုံတွေရိုက်ရိုက်ပြီးမပေးတဲ့အမည်ကြီးတာပါ)

Anonymous said...

သမီးက ချစ်စရာကောင်းတယ်.. မိသားစုက ပျော်စရာကောင်းသားပဲ...

Andrew said...

KP>>your daughter is really cute....

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs