ရုံးကပြန်လာရင် အိမ်မှာ ရေမိုးချိုး၊ လုပ်စရာရှိတာ လုပ်ပြီးတာနဲ့ အပင်စိုက်ပြီ။ အိမ်က သမီးကလည်း အသီးတွေ ကူခူးဖို့၊ ကူပြီး ရိတ်ဖို့သိမ်းဖို့ သူ့အမေ ပြန်အလာကို မျှော်နေတတ်တယ်။ သူတို့သားအမိနှစ်ယောက် အတူ သီးပင်စားပင်တွေ စိုက်ကြ၊ ရိတ်ကြ၊ သိမ်းကြ၊ လယ်ယာအတွက် ပစ္စည်းပစ္စယတွေ ၀ယ်ကြခြမ်းကြ။ လယ်ထဲမှာ ထားဖို့ သိုး၊နွား၊ ကြက်၊ ၀က်တွေ ၀ယ်ကြ။
ဟုတ်ကဲ့။ စင်္ကာပူမှာ ဘယ်ကမြေကွက်ရှိလို့ လယ်စိုက်သလဲ မမေးပါနဲ့။ Face Book ထဲမှာ အလကားမတ်တင်း ကစားလို့ရတဲ့ FarmVille ဆိုတာမှာ ဆော့တာပါခင်ဗျား။

မဒမ်ပေါတင်လားဆိုတော့…. မဟုတ်ဘူးခင်ဗျ။ ဘလော့ဂါရင့်မကြီးတွေ ဖြစ်ကြတဲ့ ဒေါ်ခင်မင်းဇော်တို့၊ ဒေါ်တန်ခူးတို့လည်း ဆော့ကြရှာလေတယ်။ ဒေါ်ခင်မင်းဇော်ဆိုရင် လယ်တွင်သာမက၊ စားသောက်ဆိုင်တွေ ဘာတွေလည်း ဖွင့်ထားပြီး အကြီးအကျယ် စီးပွားရေးသောင်းကျန်းနေတယ်လို့ ကြားရပါတယ်။ ဘလော့ဂါမဟုတ်တဲ့ ကျနော့်မိတ်ဆွေတွေလည်း အသည်းအသန်ဆော့နေကြတယ်။ လူတိုင်းကို မေးလိုက်ရင် အဲသည်ဂိမ်းကို မဆော့တဲ့လူ မရှိသလောက်ပဲ။ ကျနော့် Face Book account မှာတောင် ကျနော့်သမီးဆော့ဖို့ လယ်တကွက် ဖန်တီးပေးထားရတယ်။
မိတ်ဆွေ တယောက်က သူ့မိတ်ဆွေတယောက်နဲ့ ဖုန်းပြောကြရင်း ဖုန်းပေါ်မှာ သူအိမ်ဝယ်လိုက်ပြီ၊ သုံးသိန်းပေးရတဲ့အကြောင်းပြောပြလိုက်တော့ တဖက်က ပြန်မေးတယ်။ ဘယ်ဖက်မှာ ၀ယ်လိုက်တာလဲပေါ့….။ အွန်လိုင်းဂိမ်းမှာ ၀ယ်တာပါဗျာလို့ ပြန်ဖြေလိုက်တော့ တဖက်ကလူ တော်တော် စိတ်ပိန်သွားပုံရတယ်။
အဲဒီမိတ်ဆွေဆိုရင်…. လင်ရော မယားရောပါ အိမ်ရောက်တာနဲ့ ကွန်ပြူတာတလုံးစီရှေ့မှာ ထိုင်ပြီး သဲကြီးမဲကြီး ဆော့ကြတယ်ဆိုပဲ။
ကျနော်က မဒမ်ပေါကို ပြောရတယ်။ “မင်း… ဒီလောက် စိုက်ပျိုးရတာ ၀ါသနာပါရင်…ကမ္ဘောဒီယားမှာဖြစ်ဖြစ်၊ ထိုင်းမှာဖြစ်ဖြစ် မြေကွက်တကွက် ၀ယ်ပေးမယ်ကွာ။ သွားစိုက်မလား” ဆိုတော့…. အဲသည်လိုတော့ မစိုက်ချင်ဘူးတဲ့။ တကယ်အပြင်မှာ ပင်ပင်ပန်းပန်း လုပ်ရမှာတော့ ကြောက်တယ်ထင်ပါ့။
နေ့စဉ် ရုံးသွားရုံးပြန် ပုံမှန်အလုပ်ကြီးကို လုပ်နေကြရတာ ကြာတော့ လူတွေဟာ ပျင်းရိငြီးငွေ့လာကြတယ်ထင်ပါရဲ့။ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ စိတ်ချမ်းသာရာရကြောင်း စိတ်ကူးထဲမှာ ဖြစ်ချင်တဲ့အတိုင်း အမြန်ဆုံးအကောင်အထည်ဖော်လို့ရတဲ့ အဲဒီ FarmVille ဂိမ်းကို ကစားကြရင်း အသည်းစွဲသွားတာဖြစ်မယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က စီအင်အင်န် ဗီဒီယိုသတင်းတခုကို ကြည့်လိုက်ရတယ်။ အမေရိကန်ပြည်ထောင်စုမှာ အခု စီးပွားပျက်ကပ်အတွင်း အိမ်ထောင်စုတွေဟာ အိမ်နောက်ဖေးမှာ စားသုံးပင်တွေကို စိုက်လာကြတယ်တဲ့။ Recession Gardening ခေါ်တာပေါ့။ စိုက်ပျိုးတဲ့ အရေအတွက်က မနည်းဘူး။ National Gardening Association ရဲ့ ခန့်မှန်းချက်အရ ဒီနှစ်ထဲမှာ အဲသည်လို အိမ်နောက်ဖေးမှာ ဥယျာဉ်စိုက်တဲ့ မိသားစုပေါင်း ၃၄ သန်းအထိ (အမေရိကန်ပြည်ထောင်စုအတွင်းမှာ) ရှိလာနိုင်တယ်ဆိုပဲ။ မျိုးစေ့ရောင်းတဲ့ ဆိုင်တွေမှာ အရင်ကထက် ၃၀ ရာခိုင်နှုန်းလောက် ပိုရောင်းရတယ်တဲ့။ ကိုယ့်အိမ်နောက်ဖေး မြေကွက်လပ်မှာ ခရမ်းချဉ်သီး၊ ကြက်ဟင်းခါးသီး စတဲ့ အသီးအနှံတွေ စိုက်ပျိုးထားတဲ့အတွက် စူပါမားကက်က ၀ယ်စားတာထက် ပိုက်ဆံအကုန်အကျလည်း သက်သာတယ်၊ လတ်လည်း လတ်ဆတ်တယ် ဆိုပြီး စိုက်ပျိုးကြသူတွေ တနေ့တခြား များပြားလာတာဆိုပဲ။ ဒါဟာ လူတွေရဲ့ Life Style တပတ်ပြန်လည်လာခြင်းလို့ ဆိုရမယ်။
ကျနော်ကိုယ်တိုင်လည်း အသက်ကြီးလာရင် မြန်မာပြည်မှာ ပြန်ပြီး အေးအေးလူလူ ခြံစိုက်စားမယ် စိတ်ကူးတယ်။ မြေဈေး သိပ်မကြီးလှတဲ့ နယ်ဖက်မှာပေါ့။
လေရဟတ်အသေးစားတခု ကိုယ့်ဖာသာကိုယ်ဆောက်ပြီး အ၀ီစိတွင်းက ရေကိုတင်မယ်။ လေလာလို့ရှိရင် ရဟတ်ကလည်ပြီး ရေကန်ထဲကို ရေတွေ အလိုအလျောက်တင်မယ်။ နေသာတဲ့နေရာမှာ ဆိုလာဆဲလ်တွေ တပ်ထားပြီး ကိုယ့်အိမ်အတွက် လျှပ်စစ်ပါဝါကို ကိုယ့်ဘာသာကိုယ် ထုတ်ယူမယ်။ နေ့ဖက်မှာ အ၀တ်လျှော်စက်တို့၊ ထမင်းဟင်းချက်တာတို့မှာ လျှပ်စစ်မီးသုံးဖို့ပေါ့။ ညဖက်အတွက်တော့ ဘက်ထရီကို အားသွင်းထားပြီး အင်ဗာတာနဲ့ ပြန်မောင်းပေါ့။ (ကျနော့် အခု အလုပ်က အင်ဗာတာ ဒီဇိုင်းလုပ်နေရပါတယ်။) အခုဆိုရင် ဆိုလာဆဲလ်တွေက ထုတ်လုပ်မှုနည်းပညာမြင့်တက်လာတဲ့အတွက် ဈေးနှုန်းသက်သာစ ပြုပြီ။ မီးလုံးတွေနေရာမှာ လျှပ်စစ်ကို အဆွဲနည်းတဲ့ LED lighting ကို သုံးမယ်။
ကျနော်တို့ ပွင့်ဖြူဖက်မှာဆိုရင် မြေက ဘာစိုက်စိုက်ပေါက်တယ်။ ကျနော်တို့ ငယ်ငယ်က ခြံထဲမှာ ချဉ်ပေါင်၊ ရုံးပတီ၊ ဘူး၊ ဖရုံ၊ ပဲရှည်သီး (ဗုံလုံသီး)၊ တိုင်ထောင်ပဲ (ပဲသီးရှည်) စတာတွေ စိုက်ထားရင် အကုန်ပေါက်တာပဲ။ နှင်းဆီပင်တို့၊ စံပယ်ပင်တို့လည်း အစ်မတွေ စိုက်ထားတာ ပေါက်နေတာပဲ။ ပန်းတောင် ရောင်းစားလို့ရတယ်။ အပင်ကြီးတွေ အနေနဲ့ဆိုရင် လဲမှို့ပင်၊ မန်ကျည်းပင်၊ ကုက္ကိုပင်၊ မဲဇလီပင်၊ ဒန့်သလွန်ပင် အကုန်ပေါက်တယ်ခင်ဗျ။ အဲဒီတုန်းက ဘူးသီးတို့၊ ဘူးညွန့်တို့၊ ချဉ်ပေါင်တို့၊ ရုံးပတီတို့ဆိုတာ အိမ်နီးချင်းတွေကို အမြဲ ဝေငှလို့ရတယ်။
ညနေပိုင်းမှာ အိမ်ကို ကျနေမထိုးအောင် အနောက်ဖက် ခြံစည်းရိုးမှာ သစ်ပင်ကြီးတွေကို စီပြီး စိုက်ထားရမယ်။ ဆိုလာဆဲလ်တွေကိုတော့ မကွယ်စေနဲ့ပေါ့။
အသက်ကြီးလာတဲ့အခါ လိုအပ်ချက်တွေ နည်းလာမယ်။ သားသမီးကလည်း လက်လွတ်သွားပြီဆိုရင် အချိန်ပိုတွေ ထွက်လာမယ်။ အဲသည်အချိန်မျိုးမှာ အေးအေးလူလူရှိတဲ့ အရပ်မှာ ခြံကလေး တနိုင်တပိုင်စိုက်ရင်း အချိန်ကို ကုန်လွန်စေရမယ်။ မြို့ပြနဲ့ ဝေးတဲ့အရပ်ဖြစ်တဲ့အတွက် လတ်ဆတ်တဲ့ လေကို ရှူရှိက်ရမယ်။ ရွာအပြင်ထွက်လိုက်ရင် သဘာဝရှုခင်းတွေကို ငေးမောနိုင်သေးတယ်။ ညဖက်ကျရင် စာလေး ဘာလေးဖတ်မယ်။ ရေဒီယို နားထောင်မယ်။ ဒါမှမဟုတ် ရွာထဲက အဖိုးကြီးတွေနဲ့ အာရိုက်မယ်။
နောင်ဆယ်နှစ်လောက်နေလို့ ကိုယ်လည်း မသေသေးဘူးဆိုရင် အဲသည်ဘ၀မျိုးနဲ့ နေသွားဖို့ စိတ်ကူးထားပါတယ်။ ကိုယ့်ရဲ့ စုဆောင်းငွေ၊ ပိုငွေလေးတွေကို ဒီက စီးပွားရေးလုပ်ငန်းတွေမှာ မြုတ်နှံထားခဲ့ပြီး ကိုယ်က Dividends လေးကို ထိုင်စား။ တွက်ရေးနဲ့ စက်သူဌေးလုပ်ကြည့်နေတာပါ။
ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ကျရင် ပြည်သူ့အချစ်တော် နအဖ ကြီးတော့ မရှိတော့ဘူးလို့ ယုံကြည်ပါတယ်။ သူတို့ရှိလို့ မဖြစ်ဘူး။ တော်ကြာ…. အဖိုးကြီး၊ အဖွားကြီး နှစ်ယောက်ပဲရှိတာ… တအိမ်တယောက် လမ်းပြင်လုပ်အားပေးလိုက်ရမယ်၊ မလိုက်မနေရ… ထွက်ကြ ဆိုရင် မချောင်ဘူး။
အဲဒါကြောင့် အခုလောလောဆယ် နအဖ ပြုတ်ကျဖို့ကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အားထုတ်ရပေဦးမပေါ့။

18 comments:
Nice idea.
ဝါသနာတော့တူတယ်။ ဒါပေမယ့် ဘာစိုက်စိုက် တခါမှ မဖြစ်ထွန်းဘူး။ ကျန်တာတော့ ဘာပြောရမှန်းမသိတော့ဘူး။ :) Thanks for your visiting to my blog. :D
်အကြံတူတယ်...ဒါပေမဲ့ မိတ်ဆွေပါ။
အသက်ကြီးရင် အဲလိုအေးအေးချမ်းချမ်းနေချင်တယ်။
ခုတော့ farmville မှာပဲ စိုက်နေရတယ်။ ခုထဲက ကျင့်ထားတာ နောင်တစ်ကယ်စိုက်ပျိုးရေးလုပ်တဲ့ခါ အထောက်ကူများပြုတန်ကောင်းပါရဲ့။
အိုအေ လယ်က တခုတည်းထင်လို့လား။ ၃ ခုတောင်စိုက်တာ။ စားသောက်ဆိုင်ကလဲ ၂ ဆိုင်။ အဲလို စီးပွားရေးသောင်းကျန်းနေတာ ကိုပေါရေ..
ဟဟ
ကိုပေါလိုပဲ ကိုယ့်မွေးမြေ ပုသိမ်မှာပဲ ဘ၀နေ၀င်ချိန်တွေကို ကုန်ဆုံးချင်ပါတယ်။
ိကိုပေါပင်စင်ယူပီး မြေအကွက်ချ အပင်စိုက်ပီး လောက်တဲ့အချိန် ဆို လာလည်ဖို့ ဖိတ်ပါ။ မရောက်ရောက်အောင်လာလည်ပါ့မယ်.. အခုတော့ Farm town ထဲမှာဘဲ... စိတ်အဆာ ဖြေလိုက်ပါအုံးမယ်.. ဟီးးးးး
kg ei
ထင်သလိုမဟုတ်ပဲ တခြားစီ ဆိုရင်ကောဗျာ....
ဒီအလုပ်မျိုးတွေကတော့ တွေးကြည့်လိုက် ပျော်ကြည့်လိုက်ကြီးဗျနော်.... ဟားဟား
ကျနော်က ဖန်းတောင်း စိုက်နေတား) တချိန်ချိန်တော့ မွေးမြေရပ်ကိုပြန်ပြီး အေးဆေး နေချင်ပါတယ် အကိုရေ
လေးစားလျက်
တောင်ပေါ်သား
ဘလော့ဂ်ဆက်ရေးမယ့်အစီအစဉ်ကျန်နေခဲ့သလားလို့ :)
မနေ့က မစ္စတာ လီရှန်းလွန်း NTU မှာ ပြောသွားတဲ့အကြောင်း ပို့စ်တင်မယ်ထင်နေတာ...
ဒါလည်း ဖတ်လို့ကောင်းပါတယ်... အိမ်က အဖေနဲ့ အမေလည်း ကိုပေါနဲ့ အကြံတူတယ်... သွားမယ်ဆိုပြောနော်... အဖေလည်း နိုင်ငံရေး စီးပွားရေး လူမှုရေး ဘာရေး ညာရေး တော်တော်စုံတယ် .. လေပေါဖော်ရတာပေါ့.. :P
ခြံနီးချင်း ဖြစ်ချင်လို့ပါ ။ :P
မဒမ်ပေါ အိမ်က လှလိုက်တာ
အနော့်အိမ်ကတော့ အကောင်တွေ သစ်ပင်တွေ နေရာမချနိုင်ပဲ ပွရှုပ်နေတာပဲ.. သွားလည်း မသွားဖြစ်တော့ဘူး..။
အနော်တို့ တော့ ပင်စင်ယူပြီးမှ နိုင်ငံခြားထွက်နိုင်မှာ။ ပြောင်းပြန်ပဲနော်။
ကိုပေါ ...
သူကိုယ်တိုင်ကျ ၀ါသနာ မပါသယောင် ရေးသွားတာ ဖတ်ရတော့ အသည်းက ကျလိကျလိနဲ့ ...
Farmville ထက်စာရင် Farm Town က ပိုပြီး စိတ်ဝင်စားစရာ ကောင်းသလို လက်တွေ့ ပိုကျတယ်။
ကိုယ့်လယ်မှာ ဘာမှ လုပ်စရာ မရှိရင် သူများလယ်မှာ လုပ်အားခရအောင် သွားလုပ်လို့ ရသလို ကိုယ့်လယ်မှာ ခိုင်းစရာရှိတာကိုလည်း သူများကို တပြားမှ မပေးရဘဲ ခိုင်းလို့ ရတယ်။ သူများလည်း ပိုက်ဆံရ၊ ကိုယ်လည်း အလုပ်ရှုပ်သက်သာ။ အလုပ်လိုချင်၊ အလုပ်သမား ငှားချင်ရင် ဈေးသွားရုံပဲ။
ကျွန်တော်တော့ နည်းနည်းစွဲချင်နေလို့ ပြန်လျှော့နေရတယ်။
လယ်စိုက်ရင်း စိတ်ပျော်ကြပါစေ ...
သစ်ပင်စိုက်ချင်တာများ ကိုပေါရာ စင်္ကာပူမှာ နေရောပေါ့။ ကိုယ့်အခန်းနှင်. အိုးမကွာ အခန်းမကွာ စိုက်လို့ ရတယ်လေ။ အပင်အိုးထဲ ရေ၀ပ်တာတော့ သတိထားပေါ့။ တော်ကြာ ဒဏ်ရိုက်ခံရအုံးမယ်။
တသက်လုံးပျော်ချင်ရင်သစ်ပင်စိုက်တဲ့..
အခုလောလောဆယ်တော့တလပဲပျော်ချင်သေးတယ်..
:D
အပင်စိုက်ရင်ခြံချင်းကပ်ရပ်ဝယ်မယ်နော်.. အတွေ့အကြုံရှိတဲ့လူနားနေတော့ကောင်းတာပေါ့.. တော်တော်စိုက်တတ်ပျိုးတတ်နေပီလား.. Facebook ထဲမှာ..:D
ွှအဟေဟေ့.... ငဒို့ရွာစားတွေကတော့ ပင်စင်ယူရလောက်အောင် အသက်မကြီးသေးပေမယ့် ကိုယ့်ဘာသာ ပင်စင်ပေးပြီး အထဲပြန်ပြီး အပင်စိုက်နေတယ် ကိုပေါရေ... ခရမ်းချဉ် ၊ ခရမ်း ၊ တိုင်ထောင်ပဲ ၊ ရုံးပတီ ၊ ချဉ်ပေါင် ၊ ငြုပ် ၊ ပင်စိမ်း ၊ ရွှေဖယုံ ၊ ဘူး စုံလို့ပဲ ဗျို့ ။ စားတန် စား ၊ အိမ်နီးပါးချင်း လက်ဆောင်ပေးတန်ပေး ၊ ရောင်းတန် ရောင်းပေါ့ဗျာ ။ ပိုက်ဆံ သိပ်မရ ပေမယ့် ကိုယ်စိုက်ပျိုးတဲ့ အပင်က အသီးအပွင့်တွေ မြင်ရတာနဲ့တင် အတော် စိတ်ချမ်းသာတယ်ဗျို့.... ဒါပေမယ့် အပင်စိုက်တယ်ဆိုတာ နည်းနည်းတော့ အညစ်အပေ ၊ အပင်အပန်းခံနိုင်မှ ရတာမျိုးနော် ။ အွန်လိုင်းမှာ စိုက်သလိုတော့ လွယ်မယ် မထင်နဲ့ ကိုပေါရေ... ကျန်းမာ ပါစေဗျာ ....
ရလွတ်ပလွတ်ရွာစားကြီး
please can i add u in farm ville ?? need more neighbour .. lol :P
Post a Comment