ကျနော်ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာတယ်။ အဲဒီနောက် စစ်အစိုးရ က တက္ကသိုလ်၊ ကောလိပ်တွေကို ၃ နှစ်တိတိ ပိတ်ပစ်လိုက်တဲ့အတွက် ကျနော်လည်း အလကားထိုင်မနေလိုတဲ့အတွက် အဲဒီအချိန်က အလုပ် လုပ်ဖြစ်ပါတယ်။ အလုပ်ကြမ်းလုပ်ရတာပါ။
အိမ်ဆောက်ပစ္စည်းရောင်းတဲ့ဆိုင်မှာ ခြံစည်းရိုးကာတဲ့ ၀ါးကပ်တွေ ရက်ရတယ်။ ပထမဦးဆုံး ၀ါးပုံထဲကနေ ၀ါးလုံးကောင်းကောင်း ဖြောင့်ဖြောင့်တွေကို ရွေးထုတ်တယ်။ ပြီးတော့ သံဖြတ်လွှနဲ့ ၀ါးကပ်အမြင့်လောက်ရှိတဲ့ အပိုင်းတွေအဖြစ် ဖြတ်တောက်ရတယ်။ အဲသည်နောက် မတ်တတ်ရပ်ပြီး ၀ါးလုံးကို လက်တဖက်ကိုင်၊ အခြားလက်တဖက်က ဓါးထက်ထက်နဲ့ ခွဲချရင်း ကလန့်လိုက်တဲ့အခါ ၀ါးကပ်ရက်ဖို့ ၀ါးခြမ်းတွေ ရပါတယ်။
ပြီးရင် ရက်ပေတော့။ တချပ်ကို ငါးကျပ်နှုန်းရပါတယ်။ ကျနော်က အလုပ်လုပ်တာ နည်းနည်းနှေးတဲ့အတွက် တရက်ကို ငါးချပ်လောက်ပဲ ပြီးအောင် ရက်နိုင်တော့ တရက်ကို နှစ်ဆယ့်ငါးကျပ်။ တလဆိုရင် ၇၅၀ ကျပ်။ အဲဒီခေတ်က အောက်တန်းစာရေးလစာနဲ့ ညီမျှပါတယ်။
တခါတလေတော့ ကြားဖောက်အလုပ်တွေ ပေါ်လာတတ်တယ်။ အိမ်ဆောက်ပစ္စည်းလာဝယ်သူတွေက ထုံးအိတ်၊ သဲအိတ်၊ ဘိလပ်မြေ စတာတွေကို လက်တွန်းလှည်းနဲ့တင်ပြီး အိမ်တိုင်ယာရောက် လိုက်ပို့ပေးပါဆိုရင် အဲသည်လို လှည်းတွန်းခက ၄၀ ကျပ်၊ ၅၀ ကျပ်လောက် ဆိုတော့ အဲဒီလို နေ့မျိုးဆိုရင် မြိုးမြိုးမြက်မြက်ကလေး ရတာပေါ့။ ဒီတော့ ကျနော့်မှာ တနေ့တနေ့ အဲသည်လို ကြားဖောက်အလုပ်ကလေးတွေကိုလည်း လည်ပင်းရှည်အောင် မျှော်ရပါတယ်။
တခါတလေကျတော့ အုတ်ကားလိုက်ရတယ်။ အုတ်ခဲတွေ သယ်တဲ့ကားနဲ့ လိုက်ပြီး အုတ်ခဲတွေကို အတင်အချ လုပ်ရတာပါ။ အင်မတန် အီစလန်ဝေသော အလုပ်ပါ။ အလုပ်ကြမ်း လုပ်နေကျသူတွေကတော့ အေးဆေးပါပဲ။ အုတ်ပုံထဲကနေ အုတ်ခဲလေးလုံးလောက်ကို အပူးလိုက်ဆွဲထုတ်လိုက်ပြီး ကား အပေါ်နဲ့အောက် အပူးလိုက် တင်ပေးတာ၊ မယူတာ အင်မတန် ကျွမ်းကျင်ကြပါတယ်။ ကျနော်က တကြိမ်ကို အုတ်ခဲ နှစ်လုံးစာပဲ ဆွဲနိုင်တာ။ ကျနော်ပါရင် အလုပ်မတွင်လှပါဘူး။ ဒါပေမယ့် အဲဒီအလုပ်သမားကြီးတွေက မတွက်ကပ်ကြရှာပါဘူး။
အုတ်ခဲရဲ့ မျက်နှာပြင်ဟာ အင်မတန်ကြမ်းရှတဲ့အတွက် ဆယ်တန်းရောက်တဲ့အထိ မိဘလုပ်စာကို အမြိုင့်သား ထိုင်စားခဲ့တဲ့ ကျနော့်အတွက်တော့ အုတ်ပုံထဲမှာ စီထားတဲ့ အုတ်ခဲတွေကို လက်ဖျားလေးတွေနဲ့ ဆွဲထုတ်ရတဲ့အခါ လက်တွေပေါက်ပြဲဖူးယောင်ကုန်တဲ့အထိ ပင်ပန်းကြမ်းတမ်းတဲ့ အလုပ်ကြီးပေါ့။ ကားဆရာက အသိမိတ်ဆွေဆိုတော့ ကျနော်တို့ ပင်ပန်းမှန်းသိတဲ့အတွက် နေ့လည်စာတွေ ဘာတွေ ထမင်းဆိုင်မှာ လိုက်ပြီး ကျွေးဖော်ရပါတယ်။
ကျနော့်ဘော်ဒါတယောက်လည်း ဆိုက်ကားနင်းပြီး ငွေရှာရတယ်။ သူလည်း ကျနော့်လိုပဲ။ ပုံမှန်ဆိုက်ကားနင်းရာက ရတဲ့ငွေက နည်းတယ်။ အုံနာကြေးနဲ့ဘာနဲ့ သိပ်မကျန်ဘူး။ ဒီတော့ ကြားဖောက်ကလေးတွေ မျှော်တတ်တယ်။ သူ့ကြားဖောက်က ဘယ်လိုမျိုးလည်းဆိုတော့ ရပ်ကွက်ထဲက ပြည့်တန်ဆာအိမ်တွေကို လမ်းမသိလို့ လိုက်ပို့ပေးပါဆိုတဲ့ ဖောက်သည်တွေ ပေါ်လာရင် လိုက်ပို့ပေးရတာမျိုး။ အဲဒါမျိုးဆိုရင် ဆိုက်ကားခအပြင် သက်ဆိုင်ရာအိမ်က ကော်မရှင်လည်း ရတယ်ဆိုပဲ။ သူက ပြောရှာပါတယ်။ “သူငယ်ချင်းရာ… ငါ့မှာလည်း ခေါင်းတပိုင်း ဖြစ်နေပါပြီ”…တဲ့။ (ဒီစာကိုရေးရင်း ဘလော့ဂါ ကိုနဗန ကိုတောင် သတိရမိတယ်)။ အခုတော့ အဲဒီမိတ်ဆွေလည်း သင်္ဘောအင်ဂျင်နီယာဖြစ်ပြီး စင်္ကာပူကို မကြာမကြာ ရောက်လာတတ်ရဲ့။
အဲသည်တုန်းက အလုပ်လုပ်ရတာ ပင်ပန်းတာတော့ ပင်ပန်းပါရဲ့။ ၀င်ငွေကလည်း နည်းပါးလှပါရဲ့။ ဒါပေမယ့် ငယ်သေးလို့လားမသိ။ အဲဒီ ပင်ပန်းမှုဒဏ်ကိုလည်း ခံနိုင်တယ်။ နောက်ပြီးတော့ အမြဲတစေ စိတ်ပျော်ရွှင်နေတယ်။ တက်ကြွနေတယ်။ သောကဆိုတာလည်း မရှိသလောက်ပဲ။
အခုတော့ ၀င်ငွေလည်း ဟိုတုန်းကထက်စာရင် များလာပါပေရဲ့။ အဲယားကွန်းခန်းထဲမှာ ထိုင်ပြီး ကွန်ပြူတာရှေ့မှာ သက်တောင့်သက်သာ အလုပ်လုပ်နေရတာလည်း မှန်ပါရဲ့။ ဒါပေမယ့် ငယ်တုန်းက ပျော်ရွှင်တက်ကြွမှုမျိုးတော့ မရှိတော့ဘူး။
ငယ်ငယ်က ဘ၀ကိုတော့ လွမ်းဆွတ် တမ်းတမိတာ အမှန်ပဲ။ ဒါပေမယ့် ပြန်မရနိုင်တော့ဘူးလေ။

12 comments:
ဟုတ်လိုက်တာ မှန်လိုက်တာ
ဘ၀ရဲ့ အစမှာကြိုးစားခဲ့လို့သာ အခုလိုအောင်မြင်ခဲ့ရတာပါ။ ဂုဏ်ပြုပါတယ်။
အကိုရေ ငယ်ကတည်းက ရုန်းလာရတော့ ခုလိုအောင်မြင်လဲ ငယ်ဘ၀ကို မမေ့ဘူးပေါ့။ လေးစားပါတယ်
လေးစားလျက်
တောင်ပေါ်သား
ဘာပဲဖြစ်ဖြစ် ရိုးရိုးသားသား အသက်မွေးဝမ်းကျောင်းခဲ့တာဟာ ဂုဏ်ယူစရာပါ ကိုပေါ့ရေ့...
nice post!
နည်းနည်း အကြံပေးချင်တယ်...
ပို့ စ် ခေါင်းစဉ်လေးတွေကို နှိပ်လိုက်ရင် ဝင်းဒိုးအသစ်နဲ့  ထွက်လာရင် ဖတ်တဲ့လူအတွက် ပိုကောင်းမယ် ထင်တယ်နော်.. ပိတောက်ရိပ်က ကိုပေါ ဘယ်လို ထင်ပါသလဲ..
ခုက ဖတ်ပြီးရင် လိုက်ပြီး ကလစ်နေရလို့ ပါ..
ကျွန်တော်တို့ရဲ့ ဘ၀တွေကတော့ အချိန်နဲ့အမျှ ပြောင်းလဲနေရတယ်။ ပျော်ရွှင်မှုရယ် နုပျိုမှုရယ် အချိန်တွေရယ်... ငွေကြေးဓန အဆင့်အတန်း တစ်ခုအတွက် လဲလိုက်ရသလိုပဲ။ ပြန်မရတော့ပေမယ့် ပြန်တော့ လွမ်းနေမိတယ်။ ဟိုအရင်က အချိန်တွေကိုပေါ့...ဗျာ။
မေ့သမီး…
ကြိုးစားကြည့်ပါမယ်။ အင်တာနက်စာမျက်နှာ ဒီဇိုင်းမှာ စမ်းတ၀ါးဝါးပဲ ရှိနေသေးလို့ပါ။
ကိုပေါရေ ...
ကျမတို့လဲ အရေးအခင်းတုန်းက လက်ဘက်ရည်ဆိုင် ဖွင့်ဘူးသေးတယ်။ အိမ်နားက ချောင်ကျကျ နေရာလေးမှာ အဖေက လက်ဘက်ရည်ဆိုင်ဖွင့် ကျမတို့ ညီအမတတွေက မုန့်တွေလုပ်ပြီးတင်၊ ကိုယ့်အမျိုးအချင်းချင်း ပြန်အားပေးကြတာ လက်ကိုမလည်ဘူး။ မုန့်က မနက်အစောကြီး ထလုပ်ရတော့ ပင်ပန်းတယ်။ ဒါပေမဲ့ ပိုက်ဆံတွေဝင်နေတော့ ပျော်ကြတာပဲ။ ပြန်မရနိုင်တော့တဲ့ အတွေ့အကြုံလေးတွေပါ။
ဘဝမှာ အဆင်ပြေအောင်မြင်မှုတွေ ရှိလာတဲ့သူတွေက တစ်ချိန်က ကိုယ်ပင်ပန်းခဲ့တဲ့ကာလ နဲ့ ကိုယ့်ရုန်းကန်ရပ်တည်ခဲ့တာ ကို မှတ်တိုင်တစ်ခုအနေနဲ့ ပြောပြလို့ ရတယ်။
ဦးပေါ ကိုတော့ ချီးကျူးပါတယ်။ :)
ဘ၀ဟာ တည်ငြိမ်လာလေလေ..ဘာမှမဟုတ်တော့သလိုလိုခံစားလာရလေလေပါပဲ။
ဒါကြောင့်စိန်ခေါ်မှုတွေအမြဲရှိနေရတာကိုတော့ နှစ်သက်ပါတယ်။
သြော် ကိုပေါ နဲ့  ကျွန်တော်နဲ့ လည်း တူနေပြန်တယ်။
ကျွန်တော် အရေးအခင်းပြီးတော့ ၁၀ တန်းဗျ။ လျှပ်စစ်ဌာန မှာနေ့စားလုပ်ရတယ်။ တစ်နေ့ ၁၅ ကျပ်ပေါ့ဗျာ။ မီးကြိုးမြုပ်ဖို့  မြေကြီးတူးဆိုလဲ တူးခဲ့ရပါတယ်။
နောက် ၁၀ တန်းအောင်တော့ တက္ကသိုလ်ပိတ်ထားတုန်း
ကားမောင်းသမားလုပ်နေသေးတယ်ဗျာ။
ကိုပေါ ရေးထားတဲ့ ငယ်ငယ်က ဘ၀ ကိုဖတ်မိတော့ ကိုယ့် ဘ၀ နဲ့ ခပ်ဆင်ဆင်ပဲ ဆိုတာ သွားသတိရမိတယ်။
ဒီပိုစ့်လေး အတွက် ကျေးဇူးတင်ပါတယ်ကိုပေါရေ။
Post a Comment