မြန်မာဆိုရိုးက “မသာတခေါက် ကျောင်းဆယ်ခေါက်” တဲ့။
အဲဒီဆိုရိုးကို ကျနော်နားလည်မိပုံကတော့ ဘုန်းကြီးကျောင်းကို အကြိမ်ကြိမ်ရောက်နေပေမယ့် မသာတခေါက်လိုက်ပို့တာနဲ့ သံဝေဂ ရပုံချင်း မတူနိုင်ဘူး။ အသုဘ လိုက်ပို့တဲ့အခါ လူတွေ နေ့စဉ်နဲ့အမျှ မေ့ပျောက်ဖို့ ကြိုးစားနေကြတဲ့ သေခြင်းတရား၊ မမြဲသောတရားတွေကို ရုတ်တရက်သိမြင်သွားနိုင်ဖို့ အခြေအနေ ပိုပေးတယ်လို့ ဆိုလိုချင်ဟန်တူရဲ့။
ဒါပေမယ့် များသောအားဖြင့်တော့ တရားရခဲကြပါတယ်။ ဒီလိုပဲ… သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတွေ ပူဆွေးသောကရောက်နေတာကို တခဏတာ ဝေမျှခံစားပြီး သေခြင်းတရားကို ကိုယ်နဲ့ မဆိုင်သလိုဘဲ နေတတ်ကြတာပါ။ ဟုတ်တယ်လေ။ ကိုယ်သေတာမှ မဟုတ်တာ…..။ သူများသေတာပဲ။ ငါ့အသက်လမ်းကြောင်းကြီးက အရှည်ကြီး၊ လက်ကောက်ဝတ်အထိရောက်တယ်… ဘာညာနဲ့…. ကိုယ့်ကိုယ်ကို ကြံဖန် ဖြေသိမ့်လိုက်ကြတာပါပဲ။
ကျနော်ကတော့ အဲဒီ မြန်မာဆိုရိုးကို နည်းနည်းလောက် ထပ်ဖြည့်စွက်ချင်ပါတယ်။
“မသာဆယ်ခေါက် ဆေးရုံတခေါက်လို့လေ”….။
ဟုတ်တယ်။ ဆေးရုံတက်ရတာ အသုဘ လိုက်ပို့ရတာထက် သံဝေဂ ပိုရစရာကောင်းတယ်။ ကွာခြားချက်တွေ ရှိနေတယ်။
ပထမဆုံးအချက်ကတော့ စောစောက ပြောခဲ့သလို အသုဘပို့တယ်ဆိုတာက သူများသေတာ၊ ကိုယ်သေတာမဟုတ်။ ဆေးရုံတက်တာကျတော့ ကိုယ်တိုင်လည်း နာမကျန်းလို့ တက်ရတဲ့ အနေအထားမို့လား။ အိုခြင်း၊နာခြင်း၊သေခြင်း ဆိုတဲ့အထဲက နာခြင်းတရားကို ကိုယ်တိုင်ကိုယ်ကျ သိသိသာသာကြီး ခံစားရပြီလေ။
ကျနော်ဆေးရုံတက်တော့ ပထမ သုံးရက် ရောဂါအမည်မဖော်နိုင်ခင်မှာ… ကာကွယ်တဲ့အနေနဲ့ ကျနော့်ကို Isolation room လို့ ခေါ်တဲ့ သီးသန့်ခန်းမှာ ထားပါတယ်။ အခန်းထဲမှာ ကိုယ်တယောက်တည်း။ ရေချိုးခန်း၊ အိမ်သာ တွဲလျက်။ ဟိုတယ်ခန်းလိုလို ဘာလိုလိုနဲ့။ အခန်းမှန် ပြူတင်းပေါက်က လှမ်းကြည့်လိုက်ရင် တောအုပ်စိမ်းစိမ်းကလေးတွေနဲ့ အဝေးမှာ အသစ်ဆောက်ပြီးကာစ Fusionopolis လို့ ခေါ်တဲ့ အဆောက်အဦးကြီးကို မြင်ရတယ်။ အခန်းထဲက တီဗီမှာ ဒစ္စကာဗာရီတို့၊ HBO တို့ရတယ်။ ပျင်းရင် တီဗီကြည့်ပေါ့။
အဲဒီလို တယောက်တည်းနေတုန်းမှာ ကိုယ့်ဝေဒနာကို သတိထားမိတယ်။ ယားရင် ယားတယ်မှတ်။ ကုတ်ရင် ကုတ်တယ်မှတ်။ ချမ်းရင် ချမ်းတယ်မှတ်။ တုန်ရင်တုန်တယ်မှတ်။ ဟဲ..ဟဲ… နောက်တာပါ။ ကိုယ့်ခန္ဓာကိုယ်ကြီးကို ကိုယ်အစိုးမရပုံကို သတိထားမိတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆေးရုံမတက်ခင်ကလေးကမှ ဗုဒ္ဓကိုယ်တိုင် ဖြေကြားတော်မူသော မေးခွန်းများ ဆိုတဲ့ စာလေးကို အင်တာနက်ကနေ တပိုင်းတစ ဖတ်ဖြစ်ခဲ့တယ်။ အဲဒီထဲမှာ သစ္စက ပရဗိုဇ် နဲ့ အမေးအဖြေ လုပ်တဲ့နေရာမှာ ဗုဒ္ဓက “ သစ္စက… သင်သည်၊ သင့်ခန္ဓာကိုယ်ကို အစိုးရသည်ဆိုလျှင် မအိုအောင်၊ နုပျိုအောင် သင်တတ်နိုင်သလော၊ လုပ်၍ ရသလော”…. ဆိုတဲ့သဘောမျိုး ပြန်လှန်မေးခွန်း ထုတ်တာကို မှတ်မိနေတယ်။ အဲဒီမှာ ဟိုပုဂ္ဂိုလ်က သူမှားသွားပြီဆိုတာကို သိပေမယ့် ညစ်တွန်းတွန်းပြီး ပြန်မဖြေဘဲ မရိုးမသား ငြိမ်နေခဲ့တာလေ။
အဲဒါကို ပြန်သတိရတော့ ဟုတ်သားပဲ။ ဒီခန္ဓာကိုယ်ကြီးဟာ ငါမဟုတ်ပါလား။ ငါမပိုင်ပါလား။ သည်ခန္ဓာကိုယ်ကြီးကို ငါအစိုးမရပါလား ဆိုတာမျိုးလေး ဆင်ခြင်မိတယ်။
နောက် အဖျားနည်းနည်းသက်သာလာတော့ ကုတင် ရှစ်လုံးရှိတဲ့ စီကလပ်စ် ဝါ့ဒ်ထဲကို ပြောင်းရတယ်။ အဲဒီမှာ နှစ်ရက်လောက် နေလိုက်တော့မှ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်လိုပဲ ဝေဒနာခံစားနေရတဲ့ တခြားလူနာတွေကို အချိန်နဲ့ အမျှ မြင်ရတော့တာကလား။ ဒါတောင်မှ အဲဒီလူနာဆောင်က ဆေးရုံက ဆင်းရတော့မယ့် လူတွေကို ထားတာ။ ကျနော့် ကုတင်ဘေးက မလေးကောင်လေးဆိုရင် သူ့ပါးမှာ ဘာဖြစ်သလဲတော့မသိဘူး။ နာကျင်လွန်းလို့ အော်ငိုညည်းနေရတာကို မြင်ရတယ်။ သူ့ဝေဒနာခံစားရပုံကို ဘေးကနေ အတိုင်းသား မြင်နေရတာပေါ့။ အလားတူပဲ… တခြားလူနာအဖိုးကြီးတွေ တုန်ချိ…တုန်ချိနဲ့ လမ်းလျှောက်သွားတာတွေ၊ ဝေဒနာခံစားနေရတာတွေကို မြင်ရသေးတယ်။
တကြိမ်မှာတော့ အိမ်သာခန်းထဲက အမျိုးသမီးအော်သံ၊ ငိုသံတွေ ကြားရပြီး နာ့စ်တွေ ပြေးဝင်သွားကြတယ်။ နောက်မှသိရတာက အဲသည်အမျိုးသမီးက ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင် စိတ်ကျရောဂါရှိနေသူ။ ရေချိုးခန်းတံခါးကို အထဲက ဂျက်ထိုးထားပြီး အော်ငိုနေတာ။
ဒါတွေမြင်ရတော့ ကျနော်တို့ တချိန်လုံး မေ့နေတဲ့ အရာတွေကို သတိရလာတယ်။
ကျနော်တို့ မွေးကတည်းက အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားတွေဆိုတာ အတူတူ ပူးတွဲပါလာပြီးသား။ အိုခြင်းတရားကို အချိန်နဲ့အမျှ တွေ့ကြုံနေရမယ်။ နာခြင်းတရားကိုလည်း ဘယ်သူမဆို မလွဲမသွေ ခံစားရမယ်။ သေခြင်းတရားကိုလည်း လူတိုင်း မုချကြုံတွေ့ကြရမယ်။ ဒါပေမယ့် ကျန်းမာနုပျိုနေစဉ် အချိန်တုန်းဆိုရင်တော့ ဒီအကြောင်းတွေကို ကျနော်တို့ မေ့လျော့နေကြတာများတယ်။
ဒီကိုယ်မပိုင်တဲ့ ရုပ်ခန္ဓာကြီးကိုပဲ ငါလို့ ထင်ပြီး ကျနော်တို့မှာ ၀တ်ကြ၊ ဆင်ကြ၊ သကြ၊ ထုံကြ၊ မွှမ်းကြ။ လှပအောင်၊ နုပျိုအောင်၊ ကြည့်ကောင်းအောင် ကြိုးစားကြ။
တဖန် သေခြင်းတရားကို မေ့ပျောက်ပြီး ဘယ်တော့မှ မသေတော့မှာလိုဘဲ ရွှေငွေဥစ္စာပစ္စည်းနဲ့ ဂုဏ်ဒြပ်တွေနောက်ကို ဖတ်ဖတ်မောအောင် လိုက်ကြ။ ကိုယ်သေရင် ကိုယ့်နောက်ကို ပါမလာမယ့် အရာတွေအတွက် ကျနော်တို့ အချိန်တွေ အများကြီးပေးနေကြတာပါလား။
တကယ်တော့ ကံသာလျှင် မိမိဥစ္စာရှိ၏တဲ့။ ကံသာလျှင် အကြောင်းရှိ၏တဲ့။ ကံသာလျှင် အမိအဖ ဖြစ်၏တဲ့။ သေရင် မိမိနောက်ကို တကယ်ပါမှာက ကံ။ ကံကောင်းဖို့၊ ကုသိုလ်ကံဖြစ်ဖို့ရော တူမျှတဲ့ အချိန်ကို ကျနော်တို့တွေ ပေးခဲ့ကြပါသလား။
လူ့ဘ၀ဆိုတာ ရခဲလှတယ်တဲ့။ ရခဲလှတဲ့ လူ့ဘ၀ကလည်း တကယ်တော့ လူ့သမိုင်းနဲ့ နှိုင်းစာကြည့်ရင်တောင် တဒင်္ဂပါ။ လက်ဖျစ်တတွက်ကလေးပါ။ အဲဒီ တဒင်္ဂကို ထာဝရထင်ပြီး တချို့လည်း လောဘနောက်ကို ကောက်ကောက်ပါအောင်လိုက်ကြ။ တချို့လည်း မတရားသဖြင့် အသက်မွေးကြ။ လူလူချင်း နှိပ်စက်ကြ။ နည်းမျိုးစုံနဲ့ အကုသိုလ်ကံတွေကိုပဲ အစဉ်သဖြင့် စိုက်ပျိုးနေတတ်ကြတယ်။
တကယ်လို့သာ ကိုယ့်မှာ အိုခြင်းသဘောရှိတယ်၊ နာခြင်းသဘောရှိတယ်၊ သေခြင်းသဘောရှိတယ်၊ မိမိချစ်မြတ်နိုးအပ်သူတွေနဲ့ သေကွဲသော်လည်းကောင်း၊ ရှင်ကွဲသော်လည်းကောင်း တချိန်မဟုတ် တချိန်မှာ ကွဲရမယ်။ ကံသာလျှင် မိမိဥစ္စာရှိတယ်… ဆိုတဲ့ အချက်တွေကို နေ့နေ့ညည နှလုံးသွင်းနိုင်မယ်ဆိုရင် လူတွေဟာ အခုထက်လည်း စိတ်ဓါတ်ရေးရာအရ ပိုမိုကြံ့ခိုင်လာမယ်။ လောကကြီးလည်း အထိုက်အလောက် ပိုမို အေးချမ်းသာယာလာမယ်လို့ တွေးမိပါတယ်။

17 comments:
အရမ်းကောင်းတဲ့ ပို့စ် လေးပါ ကိုပေါရေ၊
သေသေချာချာဖတ်သွားပါတယ်...။
ဒါမျိုးလေးတွေလည်း ရေးပါဦး ကိုပေါရေ...။
sdl
ဟိုဟာမျိုးတွေ မရေးပါနဲ့။
ကိုပေါရေ..ဆေးရုံတက်တာ အမြတ်ထွက်လာတယ်နော်။ ဘယ်အရာမဆို ကြည့်တတ်မှ မြင်တာပါ။ နဂိုအခံလေးရှိထားလို့ပါ။
ဆေးရုံတက်ရတာ တန်တာပေါ့နော်
:)
တန်ဖိုးရှိသော ဆေးရုံတက်ခြင်းပေါ့ အကိုရေ
အကိုပြောမှ ပြန်စဉ်းစားမိတယ် မသေခင်တော့ ကောင်းတာလေးတွေ လုပ်သွားဖြစ်အောင် ကြိုးစားရမယ်ဗျာ ကျေးဇူး အကိုရေ
လေးစားလျက်
တောင်ပေါ်သား
သိတယ် .. အသိခေါက်ခက် အ၀င်နက်နေတာက ပိုဆိုးတာ... ဟီး
ဝိဇ္ဇာနဲ့စရဏမညီတာက အဓိက ရှော့...
နိမိတ်ကြီး ၃ ပါးလား ငါ့ညီ...
ကိုပေါရေ..
ဒီပို့ စ်အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ..အမတန်မှ မှန်ကန်တဲ့ အတွေးအမြင်လေးပါ.. ဆရာတော်ကြီးတပါး ဟောထားတာနာဖူးပါတယ်.. မသာတခေါက် ကျောင်းဆယ်ခေါက် ဆိုတဲ့နေရာမှာ အသုဘပို့ တဲ့လူက သေခြင်းတရားကို ဆင်ခြင်ပြီး ငါလဲဒီလိုတနေ့ သေရမှာပါလား ငါတို့ တကယ်သေရင်မပါမယ့် အလုပ်တွေနဲ့ ပဲ အချိန်တွေကုန်နေပါလား သေခြင်းတရားကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်မယ့် သံသရာဆင်းရဲကတကယ် လွတ်နိုင်မယ့် တရားအားထုတ်မရသေးပါလား. အမြန်ဒီကုသိုလ်တရားတွေ ပွားများအောင် ကြိုးစားမှပဲဆိုပြီး စိတ်ဖြစ်မှ သာ..ကျောင်းဆယ်ခေါက်ထက် မက တဲ့ ကုသိုလ်ဖြစ်ပါမယ်..်.. ဒီလိုမဟုတ်ပဲ.. မတွေ့ တာကြာတဲ့ မိတ်ဆွေတွေနဲ့  picnic ထွက်သလို စကားတပြောပြော တောင်ကြည့် မြောက်ကြည့် နဲ့  သွားမယ်ဆိုရင်ဖြင့် ကျောင်းတခေါက်သွားပြီးကုသိုလ် လုပ်သလောက်တောင် ကုသိုလ်မဖြစ်မှာတော့ အသေအချာပေါ့ဗျာ..
ဘာသာရေးစာလဲ များများရေးဖို့ တောင်းဆိုပါတယ်..
သင်္ခါရာ ပြုပြင်ခြင်းတရားကြောင့်ပေါ်လာသောတရားများသည်
အနိစ္စမမြဲကြလေကုန်
ကြည့်စမ်း ကိုပေါ လိမ်မာလာပြီ..
ဟုတ်တယ် ကိုပေါရေ.. အဲဒီလို တွေးလိုက်ရင် အရာရာ ခွင့်လွှတ်လို့ ရသွားတယ်.. မလိမ်မိုးမလိမ်မာ ကြီးမိုက်ကြီးတွေကို တောင် သနားစိတ်ဝင်သွားတယ်. အသိဥာဏ် မရှိလို့ မိုက်နေကြတာပါလားလို့.ဆိုပြီးတော့
လူ့ဘဝဆိုတာ တကယ်တမ်း တိုတိုလေးပါ.. မကောင်းသူပယ် ကောင်းသူကယ်ချင်ပေမဲ့. သူတို့ကံက ရှိသေးတယ်လေ.. ကိုယ့်ဖာသာကိုယ်တောင် မပိုင်တာ. ဆိုတော့လဲ.......ကျန်တာ ပိုဆိုးတော့မှာပေါ့..
'...ကံသာလျှင် အမိအဖ ဖြစ်၏တဲ့။...'
ဦးဦး ညာနေပြီ..
သားသားတို့ကျောင်းမှာ ဒီလို မသင်ရပါဘူး..
လမ်းဆုံ လမ်းထောင့်တွေက ဆိုင်းဘုတ်နီနီကြီးတွေမှာလည်း အဲ့လို မရေးထားပါဘူး..။
ကိုပေါ
ဆေးရုံမှာ တရားသဘောတော်တော် ဆင်ခြင်မိသွားတယ်ထင်တယ်။ ဆေးရုံဆင်းပြီးမှ ရေးတဲ့ ပို့စ်နှစ်ခုမှာ တရားသဘော သုံးသပ်ချက်လေးတွေနဲ့။
တရားရှာကိုယ်မှာတွေ့ဆိုသလိုပေါ့။
စိတ်နှလုံးအေးချမ်း ကျန်းမာပါစေ။
တီတီအယ်လ်
ကိုပေါ
သေချာဖတ်ပြီးမှတ်သွားပါတယ်။ ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။ ကိုပေါစာကို ဖတ်မိတော့မှပဲ မေ့ချင်ချင်ဖြစ်နေတဲ့ အရာတခု ခေါင်းထဲပြန်ရောက်လာပါတယ်။ ဟုတ်တယ်။ ကိုယ်သေရင် ကိုယ့်နောက်ပါမယ့် ဒါန၊ သီလ၊ ဘာဝနာ များများပြန်လုပ်ရမယ်။ ဒါနတော့ နေ့တိုင်းလုပ်ဖြစ်ပါတယ်။ (ထမင်း၊ဟင်းပိုချက်ပြီး အိမ်က ကောင်လေးတွေကို ကျွေးတယ်လေ။:D)သီလတော့ ၅ပါးသီလကို လုံအောင်ထိမ်းဖြစ်တယ်။ ဘာဝနာအားနည်းနေတယ်။ ဘာဝနာကတော့ ညဆို ဘုရားရှိခိုးပြီးတာနဲ့ မျက်စိက မရတော့ဘူး။ မျက်စိက ဖွင့်လို့ရနေတော့လဲ စိတ်က ဘလော့ဆီရောက်နေပြီ။ :(
ကျွန်မကတော့ လူအိုတွေကိုမြင်တိုင်း ထိတ်လန့်တုန်လှုပ်မိတယ် ။ ပြီးတော့ လူတွေကိုလည်း အပေါ်ယံအရေပြားတစ်လွှာခွာပြီး ကြည့် ကြည့်တယ် ။ အင်း ချစ်လှပါချည်ရဲ့ဆိုတဲ့သူတွေ ချစ်နိုင်ပါတော့မလားလို့ ။ ငါစွဲ စွဲနေတာတွေ ၊ လောဘ ဒေါသ မောဟ မာန တွေရယ်က ဘာဆို ဘာအတွက်မှ အသုံးမဝင်ပါဘူးလေ...။
ကိုယ်တွေ့တရားတွေပါလား ကိုပေါရေ... ဒီလို မမြဲခြင်းတွေရှိနေတဲ့ လောကကြီးမှာ တရားရပြီးတော့ တောထွက်မသွားပါနဲ့ဦး။ ပစ္စုပ္ပန်အတွက် လုပ်စရာတွေ ရှိပါသေးတယ်နော်။
အမခင်မင်းဇော်
ကိုပေါဆေးရုံတတ်တာ တော်တော်အမြတ်ထွက်သွား တယ်.. အလှူအတန်းလေးလုပ်ရင်ဖိတ်ပါဗျာ... :D
Post a Comment